← Chapters

အခန်း (၂၃၇၃-၂၃၇၄)

Vol. 178 Ch. 2373-2374

အခန်း (၂၃၇၃-၂၃၇၄)

Vol. 178 Ch. 2373-2374

အခန်း(၂၃၇၃)

“ဒါက ထုံရှန်းတောင်ကြားရဲ့ ဝင်ပေါက်ပဲ.. အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး”

ကျန်းချန်က ထုံရှန်တောင်ကြား၏ ဝင်ပေါက်နှင့် ပေသုံးရာခန့် အကွာအဝေးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ထုံရှန်းတောင်ကြား၏ ဝင်ပေါက်ကနေ နေရာလွတ် လှိုင်းလုံးနှစ်ခု ရုတ်တရက် ပျံ့နှံ့လာခဲ့သည်။

မကြာမီမှာပင် ထူးခြားသော အရှိန်အဝါများရှိသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူနှစ်ဦးသည် ကျန်းချန်၏ ရှေ့တွင် ပေါ်လာခဲ့သည်။

ထိုနှစ်ဦးသည် အားနည်းသူများ မဟုတ်ဘဲ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။

“ကျွန်တော်က ရွှမ်ယန်ဂိုဏ်းရဲ့လက်အောက်ကပါ.. ရွှမ်ယန်ဂိုဏ်းကနေတစ်ဆင့် ထာဝရသက်ရှည်တောင်တန်းရဲ့ ဝင်ခွင့်နေရာ တစ်နေရာကို ရရှိခဲ့ပါတယ်”

ထိုစကားကိုပြောပြီးသည်နှင့် ကျန်းချန်သည် ရွှမ်ယန်ဂိုဏ်းတွင် သူရရှိခဲ့သည့် တံဆိပ်ပြားကို ထုတ်ပြလိုက်သည်။

ကျန်းချန်၏ စကားကိုကြားလျှင် လူလတ်ပိုင်းအရွယ်ကျင့်ကြံသူနှစ်ဦး၏ မျက်ဝန်းထဲတွင် အလင်းတန်း တစ်ခု ဖျတ်ခနဲ လက်သွားခဲ့၏။

“မင်းဆီမှာ ဝင်ခွင့်တံဆိပ်ပြား ရှိတဲ့ အတွက် ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ခွင့်ရှိပါတယ်.. ကြွပါ”

လူလတ်ပိုင်းအရွယ် ကျင့်ကြံသူနှစ်ဦးက စကားများစွာ ပြောမနေဘဲ ကျန်းချန်အတွက် လမ်းဖယ်ပေးလိုက်သည်။

“ကျေးဇူးတင်ပါတယ်”

ကျန်းချန်က ထိုနှစ်ဦးကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီးနောက် ထာဝရသက်ရှည်တောင်တန်း ထဲသို့ တိုက်ရိုက်ပင် လှမ်းဝင်သွားခဲ့၏။

ကျန်းချန်၏ ပုံရိပ်က သူတို့၏ မြင်ကွင်းထဲကနေ ပျောက်ကွယ်သွားသည်အထိ ငေးကြည့်နေပြီးနောက်တွင် ဘယ်ဘက်မှကျင့်ကြံသူသည် မယုံကြည်နိုင်သော လေသံဖြင့် ပြောလိုက်သည်။

“အင်မော်တယ်ကျင့်ကြံခြင်းလောကကို ရုတ်ရုတ်သဲသဲ ဖြစ်သွားစေခဲ့တာ ဒီကောင်လေးလား”

“ရွှမ်ယန်ဂိုဏ်းရဲ့ တံဆိပ်ပြားကို ကိုင်ပြီး တစ်ယောက်ထဲ ရောက်လာပုံထောက်ရင် သူပဲ ဖြစ်ဖို့များတယ်”

နံဘေးရှိ ကျင့်ကြံသူက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်ကာ ပြောလိုက်သည်။

“နောက်မကျခင် အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းက လူတွေကို ချက်ချင်းအကြောင်းကြားရမယ်”

သူတို့နှစ်ဦးသည် အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် မည်သည့်အရာများ ဖြစ်ပျက်ခဲ့သည်ကို သိရှိထားခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကကို အပြင်းအထန် ထိုးနှက်ခဲ့သည့် လျှို့ဝှက်ဆန်းကြယ်သော ပါရမီရှင်၏ နောက်ထပ် ပန်းတိုင်သည် ထာဝရသက်ရှည်တောင်တန်းဖြစ်ကြောင်းလည်း သိရှိထားကြ၏။

ရန်သူလန့်ပြီး ထွက်မပြေးစေရန် အတွက် အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းသည် ရွှမ်ယန်ဂိုဏ်း ဆီသို့ ပေးအပ်ထားသော ဝင်ခွင့်နေရာကို ဖျက်သိမ်းခြင်း မပြုခဲ့ပေ။

ယခု ထိုလူငယ်က ထုံရှန်တောင်ကြားသို့ ဝင်ရောက်သွားပြီ ဖြစ်ရာ သူတို့သည် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း ထံသို့ အမြန်ဆုံး သတင်းပေးပို့ရလိမ့်မည် မဟုတ်ပါလား။

ကျန်းချန်က ထုံရှန်းတောင်ကြားထဲသို့ ဝင်ရောက်ပြီးနောက်တွင် တောင်ကြားတစ်လျှောက် ဖြည်းညင်းစွာ လျှောက်လှမ်းသွားခဲ့သည်။

မကြာမီမှာပင် ကျန်းချန်သည် ထုံရှန်းတောင်ကြားရှိ မိုင်ပေါင်းထောင်ချီသော လွင်ပြင်ဧရိယာတစ်ခု ဆီသို့ ရောက်ရှိလာခဲ့သည်။

ဤနေရာတွင် အင်မော်တယ် ကျင့်ကြံသူများသည် အံ့ဩစရာကောင်းလောက်အောင်ပင် အများအပြား စုဝေးနေကြ၏။

ကျန်းချန်က ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ရာ အလွန်ကြီးမားသော အစီအရင် တစ်ခုသည် ဟင်းလင်းပြင်ကို ချိတ်ပိတ်ထားကြောင်း ခံစားမိလိုက်သည်။

ထို့ကြောင့် သူ့ရှေ့မှ နေရာသည် ထာဝရသက်ရှည်တောင်တန်း၏ စစ်မှန်သော ဝင်ပေါက် ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။

ဤနေရာကို အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှ အထွတ်အထိပ် ပုဂ္ဂိုလ်များသည် အစီအရင်ဖြင့် ပိတ်ဆို့ထားခြင်းဖြစ်ပြီး ၎င်းတို့ ကိုယ်တိုင် လာရောက်၍ အစီအရင်ကို မဖွင့်လှစ်သရွေ့ ကပ်ဘေးအဆင့် ကျင့်ကြံသူများပင်လျှင် ထာဝရသက်ရှည်တောင်တန်း ထဲသို့ အတင်းအကျပ် ဝင်ရောက်နိုင်မည်မဟုတ်ပေ။

ကျန်းချန်က ပတ်ဝန်းကျင်ရှိ အစီအရင် စွမ်းအားကို အာရုံကို ခံကြည့်လိုက်ရာ ဤနေရာတွင် အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်း ခင်းကျင်းထားသည့် အစီအရင်သည် အမှန်တကယ်ပင် ဆန်းပြားသည်ကို တွေ့ရှိခဲ့ရသည်။

ထိုအစီအရင်ကို သူ၏ လက်ရှိ အစီအရင် စွမ်းရည်ဖြင့်ပင် ချိုးဖျက်နိုင်ရန် မသေချာပေ။

သူ့တွင် အဆတစ်ရာစနစ် ရှိ၍ စနစ်၏ အကူအညီဖြင့် ဤအစီအရင်ကို အပြည့်အဝ နားလည်နိုင်သော်လည်း ယင်းအတွက် အချိန်အတိုင်းအတာ တစ်ခု ယူရပေလိမ့်မည်။

မည်သို့ပင် ဖြစ်စေကာမူ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းမှလူများသည် အစီအရင်ကို ဖွင့်လှစ်ရန် မကြာခင် ရောက်ရှိလာတော့မည် ဖြစ်ရာ ကျန်းချန်သည် အစီအရင်နှင့် ပတ်သက်၍ ခေါင်းစား ခံမနေခဲ့ပေ။

သူက တိတ်ဆိတ်သော နေရာတစ်ခုကို ရှာဖွေလိုက်ပြီး တင်ပျဥ်ခွေ၍ ထိုင်ကာ ကျင့်ကြံရင်းဖြင့် တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

ထိုသို့ စောင့်ဆိုင်းနေရင်း ဤနေရာတွင် အင်‌မော်တယ်ကျင့်ကြံသူများ ပို၍ပင် များပြားလာခဲ့၏။

သုံးရက်ခန့် ကြာသောအခါတွင် ကျင့်ကြံသူ ရာပေါင်းများစွာသည် ဤနေရာတွင် စုဝေးမိသွားကြသည်။

ထိုလူများထဲတွင် ကျန်းချန် တွေ့ဖူးသောသူ အချို့လည်း ပါဝင်၏။

ဥပမာအားဖြင့် ယန်ရွှမ် ဦးဆောင်သော ရွှမ်ယန်ဂိုဏ်းမှ တပည့်များနှင့် မြူခိုးအင်‌မော်တယ်ဂိုဏ်းမှ နတ်မိမယ်ကျိယွင်တို့အားလုံးသည် ဤနေရာသို့ ရောက်ရှိနေခဲ့ကြသည်။

ယန်ရွှမ်နှင့် အခြားသူများသည် ထောင့်တစ်နေရာတွင် တင်ပျဥ်ခွေ၍ ထိုင်နေသော ကျန်းချန်ကို သိပ်မကြာခင် တွေ့ရှိသွားခဲ့ပြီး သူတို့၏ မျက်နှာထက်တွင် လှောင်ပြုံးတစ်ခု ရုတ်တရက် ပေါ်လာခဲ့သည်။

“ဒီကောင်က ငါတို့ ရွှမ်ယန်ဂိုဏ်းက ဝင်ခွင့်ကို ရတာနဲ့ပဲ ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်နိုင်မယ်လို့ တကယ်ပဲ ထင်နေလား မသိဘူး.. သူ့ရဲ့ သိုင်းပညာကျင့်ကြံသူ ဆိုတဲ့အထောက်အထား ပေါ်သွားတာနဲ့ ဒီနေရာက သူ့ရဲ့ မြေမြုပ်စရာ နေရာ ဖြစ်သွားလိမ့်မယ်”

“သူက ထာဝရ သက်ရှည်တောင်တန်းဆီကိုတောင် လာဝံ့ပါလား”

နတ်မိမယ်ကျိယွင်သည် တင်ပျဥ်ခွေ၍ မျက်လုံးမှိတ်ကာ ထိုင်နေသော ကျန်းချန်ကို မြင်လျှင် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

ထိုခဏဝယ် ကျန်းချန်၏ နက်ရှိုင်းသော စွမ်းရည်ကို ခံစားမိပြီး နတ်မိမယ်ကျိယွင်၏ စိတ်နှလုံးထဲတွင် မကောင်းသောခံစားချက် တစ်ခုကို ပင်ကိုသိစိတ်အရ ခံစားမိလိုက်သည်။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းသည် ဤတစ်ကြိမ်တွင် ကျန်းချန်ကို ကိုင်တွယ်ရန် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း၏ အမာခံ အင်အားများကို စုစည်းထားသော်လည်း သူမ စိုးရိမ်နေမိသည်။

“ဝုန်း.”

“ဝုန်း..”

နတ်မိမယ်ကျိယွင်နှင့် အခြားသူများက ကျန်းချန်ကို ကြည့်နေစဥ်မှာပင် လေထုထဲတွင် ဆန်းကြယ်သော နေရာလွတ်လှိုင်းလုံးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

မကြာမီမှာပင် လေထုထဲတွင် နေရာလွတ်အက်ကြောင်းတစ်ခု ဖြစ်ပေါ်လာပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူများသည် ထိုအက်ကြောင်းထဲကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ခေါင်းဆောင်လာသူမှာ ထိုက်ယီ အင်မော်တယ်ဂိုဏ်း၏ ခေါင်းဆောင် မုချင်းစန်း ဖြစ်၏။

ကျန်လေးဦးကမူ ထိုနေ့က ထိုက်ယီအင်မော်တယ်ဂိုဏ်းသို့ သွားရောက် ဆွေးနွေးခဲ့သောသူများ ဖြစ်သည်။

မုချင်းစန်းတို့ ငါးဦးသည် ဤနေရာသို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ခြေချိတ်၍ ထိုင်နေသော ကျန်းချန်ကို ဗဟိုပြုကာ ချက်ချင်းပင် ဝိုင်းရံလိုက်ကြသည်။

ပတ်ဝန်းကျင် အခြေအနေကို ခံစားမိလျှင် ကျန်းချန်သည် မျက်လုံးများကို ဖွင့်လိုက်ပြီး မုချင်းစန်းတို့ ငါးဦးကို ဝေ့ကြည့်လိုက်သည်။

“စီနီယာငါးဦး.. ဒါက ဘာသဘောလဲ”

“ဟားဟား ကောင်လေး.. ငါတို့ လူအိုကြီးတွေက မင်းရဲ့ စီနီယာအဖြစ် အခေါ်ခံဖို့ မထိုက်တန်ပါဘူး”

မုချင်းစန်းက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။

“မင်းက ငါတို့ အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းက ကပ်ဘေးအဆင့် ကျင့်ကြံသူခြောက်ပါးကို သတ်ဖြတ်ခဲ့တဲ့အပြင် နံပါတ်တစ်မိသားစု ဖြစ်တဲ့ တန်မိသားစုကိုလည်း ဖျက်ဆီးခဲ့တယ်.. ဒါတောင် မင်းက ထာဝရ သက်ရှည်တောင်တန်း ဆီကို လာရဲသေးတယ်လား”

ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။

သူ ရွှမ်ယန်ဂိုဏ်းတွင် ထာဝရသက်ရှည်တောင်တန်း၏ ဝင်ခွင့်နေရာကို လုယူခဲ့စဥ်ကနှင့် တန်ယန်မြို့ကို ချေမှုန်းပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးပါးကို သတ်ဖြတ်ခဲ့စဥ်က သူပြသခဲ့သော တိုက်ခိုက်ရေး စွမ်းရည်သည် မိုးနှင့်မြေလို ကွာခြား၏။

အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း အနေဖြင့် ဤဖြစ်ရပ်အကြားမှ ဆက်စပ်မှုကို ဤမျှအထိ မြန်မြန်ဆန်ဆန် ရှာတွေ့လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ယခုကြည့်ရသည်မှာ သူသည် အင်မော်တယ် ကျင့်ကြံခြင်းလောက အပေါ် အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်း၏ ထိန်းချုပ်မှုကို လျှော့တွက်မိခဲ့ပုံရသည်။

သို့ရာတွင် ကျန်းချန်သည် သူ၏ အထောက်အထား ပေါ်သွားသော်လည်း အလွန်အမင်း ထိတ်လန့်ခြင်း ရှိမနေခဲ့ပေ။

သူက မုချင်းစန်းကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

“အင်မော်တယ် ကျင့်ကြံခြင်းလောကက အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းက တကယ်ကို စွမ်းဆောင်ရည်အချို့ ရှိသားပဲ.. ငါ့ရဲ့ အထောက်အထားကို ခင်ဗျားတို့ ဒီလောက်အထိ မြန်မြန်ရှာတွေ့လိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ကြည့်ရတာ ခင်ဗျားတို့က ကျုပ်ကို ထာဝရသက်ရှည်တောင်တန်းထဲ ဝင်ခွင့်မပေးချင်ပုံပဲ”

“ကောင်လေး.. မင်းရဲ့သေခြင်းတရားက နီးကပ်နေတာတောင် ထာဝရသက်ရှည်တောင်တန်း အကြောင်းကို စဥ်းစားရဲသေးတယ်လား.. ထာဝရသက်ရှည်တောင်တန်းဆိုတာက ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက ထိန်းချုပ်ထားတဲ့ နယ်မြေပဲ.. မင်းတို့ သိုင်းပညာကျင့်ကြံသူတွေကို ဘာလို့ ငါတို့ ဝင်ခွင့်ပေးရမှာလဲ.. မင်းက ငါတို့ မြူခိုးအင်မော်တယ်ဂိုဏ်းက ကပ်ဘေးအဆင့် ကျင့်ကြံသူ နှစ်ပါးကို သတ်ဖြတ်ခဲ့တယ်.. ဒီနေ့တော့ ဒီအမုန်းတရားတွေကို ဖြေဖျောက်ဖို့ အတွက် မင်းကို ငါကိုယ်တိုင် သတ်ပစ်မယ်”

ဤအခိုက်အတန့်တွင် မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးထျန်းယွမ်သည် ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်လိုက်ရာ ဧရာမလက်ဖဝါးတစ်ဖက်သည် ကျန်းချန်ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်က လူသားဧကရာဇ် စည်းတံဆိပ် ဖြစ်သည့် ကျူးရှန်းစည်းတံဆိပ်ကို ထုတ်ဖော်ကာ ထိုဧရာမလက်ဖဝါးကို တိုက်ခိုက်လိုက်သည်။

“ဝုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာပြီးနောက်တွင် ကျူးရှန်းစည်းတံဆိပ်သည် ဘိုးဘေးထျန်းယွမ်၏ ဧရာမလက်ဖဝါးကို လေထုထဲတွင် ဖျက်ဆီးပစ်လိုက်၏။

ဤမြင်ကွင်းကိုမြင်လျှင် မုချင်းစန်းတို့၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို ကြည့်နေသည့် သူတို့၏ အကြည့်သည်လည်း ပို၍ပင် လေးနက်လာခဲ့သည်။

အခန်း(၂၃၇၃)ပြီး၏။

အခန်း(၂၃၇၄)

ထျန်းယွမ်ဘိုးဘေးသည် ကပ်ဘေးနှောင်းပိုင်း အဆင့်သို့‌ ရောက်ရှိနေသည့် အဘိုးအိုတစ်ဦး ဖြစ်ပြီး အင်မော်တယ်တိုက်ရှိ အင်မော်တယ်ကျင့်ကြံခြင်း လောက၏ အစွမ်းထက်ဆုံးပုဂ္ဂိုလ်ငါးဦးထဲမှ တစ်ဦးလည်း ဖြစ်သည်။

ထျန်းယွမ်ဘိုးဘေး၏ စွမ်းရည်ဖြင့်ပင် ထိုလူငယ်၏ လက်ထဲတွင် မည်သည့်အားသာချက်မှ မရှိခဲ့ပေ။

သူတို့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ စွမ်းရည်သည် သူတို့ထင်ထားသည်ထက်ပင် အဆပေါင်းများစွာ သာလွန်နေခဲ့သည်။

အခြေအနေကို မသိရှိကြသေးသော အင်မော်တယ် ကျင့်ကြံသူတချို့ကမူ သူတို့ရှေ့မှ မြင်ကွင်းကို ကြည့်ကာ အံ့အားသင့်နေခဲ့ကြသည်။

“အနက်ရောင်ဝတ်စုံဝတ် လူငယ်က ဘယ်သူလဲ.. အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းရဲ့ ကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးပါးက ဘာလို့ အဲဒီကောင်လေးကို ဝိုင်းတိုက်နေကြတာလဲ”

“မင်းမသိသေးဘူးလား.. သိပ်မကြာခင်ကပဲ သိုင်းပညာကျင့်ကြံခြင်းလောကမှာ အစွမ်းထက်ပုဂ္ဂိုလ် တစ်ပါး ပေါ်ထွက်လာခဲ့တယ်.. အဲဒီပါရမီရှင်က ဂိုဏ်းကြီးငါးဂိုဏ်းက ကပ်ဘေးအဆင့် ကျင့်ကြံသူခြောက်ပါးကို သတ်ဖြတ်ခဲ့တယ်.. ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် အဲဒီပါရမီရှင်က အဲဒီအနက်ရောင်ဝတ်စုံဝတ် ကောင်လေးပဲ ဖြစ်ရမယ်”

“ဒါ.. ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

“...........”

ကျန်းချန်၏ အထောက်အထားကို သိလိုက်ရသောအခါတွင် အင်မော်တယ် ကျင့်ကြံသူများ၏ မျက်ဝန်းထဲ၌ ထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

ဤနှစ်များတစ်လျှောက်တွင် မြောက်ဘက်ဒေသရှိ သိုင်းပညာကျင့်ကြံခြင်းလောကသည် သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောက၏ ဖိနှိပ်ခြင်းကို ခံခဲ့ရပြီး ထာဝရသက်ရှည်တောင်တန်းကို အမှီပြုကာ မြောက်ဘက်ဒေသတွင်သာ ပုန်းအောင်း၍ ရှင်သန်နိုင်ခဲ့ကြသည်။

မြောက်ဘက်ဒေသတွင် အင်မော်တယ် ကျင့်ကြံခြင်းလောကထဲသို့ ကျူးကျော်ဝင်ရောက်ပြီး အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်းမှ ကပ်ဘေးအဆင့် ကျင့်ကြံသူများကို သတ်ဖြတ်ဝံ့သည်အထိ အစွမ်းထက်သော ပုဂ္ဂိုလ်ရှိနေလိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ပေ။

သူတို့ကို အံ့ဩမဆုံး ဖြစ်စေခဲ့သည်မှာ အင်မော်တယ်ဂိုဏ်းကြီး ငါးဂိုဏ်းကို လှုပ်ခတ်စေခဲ့သူသည် အလွန်တရာ ငယ်ရွယ်သော အသွင်အပြင်ရှိသည့် လူငယ်လေးတစ်ဦး ဖြစ်နေခြင်းပင်။

“ကောင်လေး.. မြောက်ဘက်ဒေသရဲ့ သိုင်းပညာကျင့်ကြံခြင်းလောကမှာ မင်းလိုလူ လုံးဝမရှိဘူး.. မင်းက မြောက်ဘက်ဒေသကလူ မဟုတ်ဘူးမလား”

ထျန်းယွမ်ဘိုးဘေးက ကျန်းချန်ကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။

“ငါ့အထင် မင်းက နတ်ဘုရားနယ်မြေက သိုင်းပညာကျင့်ကြံသူပဲ ဖြစ်လိမ့်မယ်”

ထျန်းယွမ်ဘိုးဘေး၏ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သည့် အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။

အင်မော်တယ်တိုက်ရှိ အင်မော်တယ် ကျင့်ကြံခြင်းလောကမှ လူများသည် သူ၏ ဇာစ်မြစ်ကို ဤမျှအထိ မြန်မြန်ဆန်ဆန် မှန်းဆမိလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

“ငါ့ရဲ့ဇာစ်မြစ်ကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် ခန့်မှန်းမိတယ် ဆိုတော့ ဘယ်ဆိုးလို့လဲ”

ကျန်းချန်က ဘိုးဘေးထျန်းယွမ် အပါအဝင် ကပ်ဘေးအဆင့်ကျင့်ကြံသူ ငါးပါးကို တည်ငြိမ်စွာကြည့်၍ အေးစက်စက် ပြောလိုက်သည်။

“ငါ့ရဲ့ ခန့်မှန်းချက်မမှားဘူးဆိုရင် မင်းတို့တွေက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ကြတဲ့ အင်မော်တယ်ကျင့်ကြံသူတွေရဲ့ အကြွင်းအကျန်တွေ မဟုတ်လား”

“နတ်ဘုရားနယ်မြေရဲ့ ကျင့်ကြံသူက အင်မော်တယ်တိုက်ဆီ လာနိုင်မယ်လို့ ငါတို့ မထင်ထားခဲ့ဘူး”

ထျန်းယွမ်ဘိုးဘေးက ကျန်းချန်ကို ခက်ထန်စွာ စိုက်ကြည့်၍ ပြောလိုက်သည်။

“ကောင်လေး အခြေအနေကို နားလည်တယ်ဆိုရင် အင်မော်တယ်တိုက်ဆီ မင်းဘယ်လိုရောက်လာလဲဆိုတာ ငါတို့ကို ပြောပြပါ.. ဒါဆို မင်းရဲ့အလောင်းကို အကောင်းပကတိအတိုင်း ထားပေးဖို့ ငါတို့ စဥ်းစားပေးမယ်”

ကျန်းချန်က ထျန်းယွမ်ဘိုးဘေးကို မထီမဲ့မြင် ကြည့်လိုက်သည်။

“အဘိုးကြီး ဒီစကားကို ပြောရအောင် မင်းမှာ ငါ့ကို သတ်ဖို့ အရည်အချင်း မရှိဘူး”

“ကောင်လေး မာန်တက်မနေနဲ့.. ဒီနေ့ ဒီထုံရှန်းတောင်ကြားက မင်းရဲ့ မြေမြှုပ်စရာနေရာ ဖြစ်လာစေရမယ်”

ကျန်းချန်၏ အထက်စီးဆန်သော စကားကိုကြားလျှင် ကပ်ဘေးအဆင့် အလယ်အလတ် ကျင့်ကြံသူ တစ်ဦးသည် ဆက်လက် သည်းမခံနိုင်တော့ဘဲ လက်ထဲရှိ ပုဆိန်ကြီးကို ဝှေ့ယမ်းကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

“အင်မော်တယ် ကျင့်ကြံခြင်းလောကရဲ့ အထွတ်အထိပ် မှော်လက်နက် ဆယ်ခုထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ ထျန်းကန်းအင်မော်တယ်ဂိုဏ်းရဲ့ ထျန်းကန်း ပုဆိန်ပါလား”

ကပ်ဘေးအလယ်အလတ်အဆင့် ကျင့်ကြံသူ၏ တိုက်ခိုက်မှုကို မြင်လျှင် ဗဟုသုတကြွယ်ဝသော ကျင့်ကြံသူ အချို့သည် ရေရွတ်လိုက်ကြသည်။

ထျန်းကန်းအင်မော်တယ်ဂိုဏ်း၏ ထျန်းကန်းပုဆိန်သည် အင်မော်တယ်တိုက်တွင် အလွန်တရာ ကျော်ကြား‌သော လက်နက်တစ်ခု ဖြစ်သည်။

ကျင်းထျန်းဟုန်၏ ကပ်ဘေး အလယ်အလတ် ကျင့်ကြံမှုဖြင့်သာ ထျန်းကန်းပုဆိန်ကို အစွမ်းကုန် အသုံးပြုလိုက်လျှင် ကမ္ဘာကြီးကိုပင် ပိုင်းဖြတ်နိုင်ပြီး ကြယ်တာရာများကို အမှုန့်ချေပစ်နိုင်သည်ဟု ဆိုကြသည်။

သို့သော်လည်း ကျင်းထျန်းဟုန်၏ ပုဆိန်တိုက်ကွက်နှင့် ရင်ဆိုင်ရချိန်တွင် ကျန်းချန်၏ အမူအရာသည် ထူးထူးခြားခြားပင် တည်ငြိမ်နေခဲ့သည်။

သူက နေရာမှာပင် မလှုပ်မယှက် ရပ်နေခဲ့၏။

ကျင်းထျန်းဟုန်၏ ပုဆိန်ခုတ်သည့်အခါ သက်ရောက်လာသော ပုဆိန်စွမ်းအားများသည် ကျန်းချန်၏ ခန္ဓာကိုယ်နှင့်ပေသုံးရာအကွာသို့ ရောက်ရှိလာသောအခါတွင် ဖန်သားပြင်တစ်ခုက သံမဏိကို ရိုက်မိသကဲ့သို့ လေထဲတွင် အစိတ်စိတ် အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။

ထိုအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များသည် အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားခဲ့ပြီး လေထုအလွှာများကိုပင် တစ်လွှာပြီးတစ်လွှာ ထိုးဖောက်သွားခဲ့၏။

ပတ်ဝန်းကျင်ရှိ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် ထိုကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအင်များ၏ ရိုက်ခတ်မှုအောက်တွင် ပျာပျာသလဲ နောက်ဆုတ်လိုက်ကြရသည်။

အချို့သော အားနည်းသူများကမူ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ထိုကြောက်မက်ဖွယ်ရာကောင်းသော စွမ်းအားအောက်တွင် ဝိညာဥ်ပါမကျန် ချေမှုန်းခံလိုက်ရ၏။

ကျင့်ကြံသူများသည် မိုင်ပေါင်းရာချီ အကွာအဝေးအထိ နောက်ဆုတ်လိုက်ကြရပြီးနောက်တွင် လေထဲတွင် ဝင့်ကြွားစွာရပ်နေသော ပုံရိပ်ကို မော့ကြည့်လိုက်ကြသည်။

သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်နေခဲ့၏။

ထျန်းကန်း အင်မော်တယ်ဂိုဏ်း၏ ဂိုဏ်းချုပ် ကျင်းထျန်းဟုန်၏ ကပ်ဘေး အလယ်အလတ်အဆင့် စွမ်းအားဖြင့် အစွမ်းကုန်အသုံးပြုထားသော ပုဆိန်တိုက်ကွက်သည် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အနားသို့ပင် မချဥ်းကပ်နိုင်ခဲ့ပါသလော။

“ပုရွက်ဆိတ်လေးက သစ်ပင်ကြီးကို လှုပ်ခါနေသလိုပဲ.. မင်းရဲ့ တိုက်ကွက်က ငါ့အတွက် အယားတောင် မပြေဘူး”

ကျန်းချန်က ကောင်းကင်ယံတွင် လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါရပ်နေရင်း ကျင်းထျန်းဟုန်ကို စူးစိုက်၍ ကြည့်လိုက်သည်။

ဤကပ်ဘေးအဆင့် ကျင့်ကြံသူ ငါးဦးထဲတွင် အစွမ်းအထက်ဆုံးမှာ မြူခိုးအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေး ဖြစ်သည်။

ထိုအဘိုးကြီးသည် ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်ပြီး ၎င်း၏ စွမ်းရည်သည် နတ်ဘုရင် သတ္တမအဆင့်ထက်ပင် မနိမ့်ကျပေ။

“မင်းက အတော် လေလုံးထွားတာပဲ.. ကောင်းပြီလေ ငါ ကျောက်စိမ်းဓားအဘိုးကြီးက မင်းနဲ့ ရင်ဆိုင်ရတာပေါ့”

ဤအခိုက်အတန့်တွင် ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်းမှ အဘိုးအိုသည် အေးစက်စက် ရေရွတ်လိုက်သည်။

သူ၏ လက်ထဲတွင် အပြာရောင် ဓားတစ်လက် ပေါ်လာခဲ့၏။

မကြာမီမှာပင် သူ၏ ခန္ဓာကိုယ်ထဲတွင် အပြာရောင်အလင်းတန်းများ တောက်ပလာခဲ့ပြီး ကြောက်မက်ဖွယ်စွမ်းအားများသည် လက်ထဲရှိ အပြာရောင်ဓား ထဲတွင် စုစည်းသွားခဲ့သည်။

“ချင်းမင်ဓားသိုင်း”

ကျောက်စိမ်းဓားအဘိုးအိုက ကျယ်လောင်စွာ ကြုံးဝါးလိုက်ပြီး ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်မြေကြီးသည် အရောင်မှိန်သွားခဲ့ပြီး နေနှင့်လပင်လျှင် ဗြောင်းဆန်သွားခဲ့သည်။

ထုံရှန်းတောင်ကြား၏ အထက်ကောင်းကင်ယံတွင် ထိုဓားချက်သည် ကျန်းချန်ကို ဖျက်ဆီးပစ်တော့မည့်အလား တောက်ပစွာ ရှိနေခဲ့သည်။

“ကောင်းလိုက်တဲ့ ဓားကွက်ပါလား”

ကျောက်စိမ်းဓားအဘိုးအို ထုတ်ဖော်လိုက်သော ဓားကွက်ကို ကြည့်ကာ ကျန်းချန်က ချီးကျူးလိုက်သည်။

သူ၏ရှေ့မှ လူသည် ကပ်ဘေး အလယ်အလတ်အဆင့်ကို ရောက်ရှိနေသည့် ဓားကျင့်ကြံသူတစ်ဦး ဖြစ်သည်။

သူ၏ အပြာရောင်ဧကရာဇ်သက်ရှည်ကျင့်စဥ်ဓားကွက်ကို ဖယ်ထားလိုက်လျှင် ထိုကျောက်စိမ်းဓား အဘိုးအို၏ တိုက်ကွက်ကို ကျန်းချန် မြင်ဖူးသမျှ မည်သည့်ဓားပညာနှင့်မျှ နှိုင်းယှဥ်၍ ရမည်မဟုတ်ပေ။

“တကယ်လို့ ခင်ဗျားရဲ့ ကျင့်ကြံခြင်း အဆင့်သာ ကပ်ဘေးနှောင်းပိုင်းအဆင့်ကို ရောက်နေမယ်ဆိုရင် ဒီဓားကွက်က ကျုပ်ကို ပြဿနာအနည်းငယ် ပေးကောင်းပေးနိုင်လိမ့်မယ်.. နှမြောဖို့ကောင်းတာက ခင်ဗျားရဲ့ ကပ်ဘေးအလယ်အလတ် အဆင့်လောက်နဲ့တော့ ဒီဓားကွက်ကို ကျုပ်ကို ဒုက္ခပေးဖို့ မလုံလောက်သေးဘူး”

စကားဆုံးသည်နှင့် ကျန်းချန်က လက်ချောင်းကို ခပ်ဖွဖွ တောက်ထုတ်လိုက်သည်။

“ဝုန်း..”

သူ၏ လက်ချောင်းတောက်ချက်က ကျောက်စိမ်းဓား အဘိုးအို၏ ဓားအလင်းပေါ်သို့ ကျရောက်သွားပြီးနောက်တွင် ဓားအလင်းသည် ချက်ချင်းဆိုသလိုပင် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားခဲ့သည်။

ထို့နောက် ချက်ချင်းဆိုသလို ကျန်းချန်သည် နောက်ထပ်လက်ချောင်း တောက်ချက်ကို ထပ်မံ ထုတ်ဖော်လိုက်ရာ ကျောက်စိမ်းဓားအဘိုးအိုသည် တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ ပေပေါင်းထောင်ချီ အကွာအဝေးအထိ ချက်ချင်းဆိုသလို လွင့်စင်သွားခဲ့သည်။

အနက်ရောင်ဝတ်စုံဝတ် ကောင်လေး၏ သာမန် လက်ချောင်းတောက်ချက် နှစ်ချက်ဖြင့်ပင် ခရမ်းရောင် အင်မော်တယ်ဓားဂိုဏ်းမှ ကျောက်စိမ်းဓားအဘိုးအိုသည် ရှုံးနိမ့်သွားခဲ့ချေပြီ။

အခန်း(၂၃၇၄)ပြီး၏။

All Chapters