← Chapters

အခန်း (၂၃၇၉-၂၃၈၀)

Vol. 178 Ch. 2379-2380

အခန်း (၂၃၇၉-၂၃၈၀)

Vol. 178 Ch. 2379-2380

အခန်း(၂၃၇၉)

ထိုမြင်ကွင်းကိုမြင်လျှင် ကျန့်ရှန်းဘိုးဘေးသည် သူ၏ စွမ်းအားကို အနည်းငယ်မျှပင် ထိမ်ချန်ထားခြင်း မရှိတော့ပေ။

သူက ထျန်းကန်းအင်မော်တယ်ဂိုဏ်း၏ ထျန်းကန်းရွှေရောင်ခန္ဓာကိုယ်ကို တိုက်ရိုက်ပင် စုစည်းလိုက်ပြီး ကြောက်မက်ဖွယ်စွမ်းအားများကို ထုတ်ဖော်ကာ ကျန်းချန်ကို တိုက်ခိုက်လိုက်သည်။

ကပ်ဘေးနှောင်းပိုင်း အဆင့်ရှိ ကျင့်ကြံသူ နှစ်ဦးနှင့် ရင်ဆိုင်နေရသည့် ကျန်းချန်သည် အနည်းငယ်မျှပင် မပေါ့ဆဝံ့ပေ။

သူက ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကို ထုတ်ဖော်လိုက်ရာ သူ၏ ဦးခေါင်းအထက်ရှိ လေထုထဲတွင် ခုနစ်စဥ်ကြယ်ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင် ခုနစ်စဥ်ကြယ်မှ ကြယ်စွမ်းအားများသည် ဧရာမ ဓားတစ်လက် အဖြစ်သို့ စုစည်းသွားခဲ့ပြီး ကျန့်ရှန်းနှင့်လဲ့ယန်ဘိုးဘေးတို့ နှစ်ဦးထံသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်က ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးနှင့် တိုက်ခိုက်နေသည့် တစ်ချိန်တည်းမှာပင် မုချင်းစန်းသည် ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူ လေးဦးကို ဦးဆောင်ကာ သိုင်းပညာ ကျင့်ကြံခြင်းလောကမှ နတ်ဘုရင်ခြောက်ပါးနှင့် ရင်ဆိုင်ခဲ့သည်။

နတ်ဘုရင်ခြောက်ပါးထဲတွင် ထျန်းယွမ်ဘိုးဘေးနှင့် ရင်ဆိုင်နိုင်သည့် နတ်ဘုရင်သတ္တမအဆင့် ကျင့်ကြံသူမှ လွဲ၍ ကျန်ငါးဦးသည် မုချင်းစန်းထက်ပင် သိသိသာသာ အားနည်းနေခဲ့ကြ၏။

ထို့ကြောင့် သူတို့တွင် လူတစ်ယောက် ပိုနေသည့်တိုင် မည်သည့် အားသာချက်မှ မရှိခဲ့ဘဲ ထျန်းယွမ်ဘိုးဘေးတို့ လူစု၏ ဖိနှိပ်ခြင်းကို ခံခဲ့ရသည်။

အထူးသဖြင့် နတ်ဘုရင် စတုတ္ထအဆင့် ကျင့်ကြံသူ နှစ်ဦးသည် ကပ်ဘေး အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ဦးကို ပူးပေါင်း၍ ရင်ဆိုင်နေသည့်တိုင် အနည်းငယ် ရင်ဆိုင်ရ ခက်ခဲနေပုံရ၏။

ဤပုံအတိုင်းဆိုလျှင် နတ်ဘုရင်ခြောက်ပါးသည် ထျန်းယွမ်ဘိုးဘေး တို့၏ လက်ထဲတွင် ကြာရှည်စွာ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

“ဝူကျန့်ထျန်း.. မင်းတို့ သိုင်းပညာကျင့်ကြံခြင်းလောကက ဒီလောက်အထိ မြန်မြန်ဆန်ဆန် လှုပ်ရှားလာလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဘာပဲဖြစ်ဖြစ် ရောက်လာမှတော့ ဒီအဘိုးကြီးက မင်းတို့ အားလုံးကို ဖျက်ဆီးပြီး သိုင်းပညာ ကျင့်ကြံခြင်းလောကကို အင်မော်တယ်တိုက်ကနေ လုံးဝ ပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”

သူတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက အပြတ်အသတ် အသာစီးရနေသည်ကို မြင်လျှင် ထိုက်ချင်းဘိုးဘေးသည် ဝူကျန့်ထျန်းကို အထက်စီးဆန်သော လေသံဖြင့် ပြောလိုက်သည်။

“ထိုက်ချင်းဘိုးဘေး.. ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို ဖျက်ဆီးဖို့အထိ မင်းမှာ အရည်အချင်းရှိ မရှိ ကြည့်ရသေးတာပေါ့”

စကားဆုံးသည်နှင့် ဝူကျန့်ထျန်း၏ ခန္ဓာကိုယ်ကနေ နတ်ဘုရင်နဝမအဆင့် အရှိန်အဝါသည် ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာခဲ့သည်။

ထို့နောက်တွင် ဝူကျန့်ထျန်းသည် တုံ့ဆိုင်းမနေဘဲ ထိုက်ချင်းဘိုးဘေးနှင့် ကျန်းရှောင်ဘိုးဘေး တို့ကို တိုက်ခိုက်လိုက်သည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကတွင် ကပ်ဘေးအဆင့်ကျင့်ကြံသူ ခြောက်ဦး ကျဆုံးခဲ့သော်လည်း သူတို့ သိုင်းပညာကျင့်ကြံခြင်း လောကသည် အင်မော်တယ် ကျင့်ကြံခြင်းလောကနှင့် ယှဥ်ပြိုင်ရန် ခက်ခဲနေဆဲ ဖြစ်မှန်း ဝူကျန့်ထျန်း ကောင်းစွာ သိရှိထားခဲ့သည်။

သူ ယခုတစ်ကြိမ် ခေါ်ဆောင်လာသော နတ်ဘုရင်ခြောက်ပါးသည် ထျန်းယွမ် ဘိုးဘေးတို့ ကပ်ဘေးအဆင့် ကျင့်ကြံသူငါးပါးနှင့် ယှဥ်ပြိုင်ရန်ပင် အလွန်ခက်ခဲသည်။

နတ်ဘုရားနယ်မြေမှ ပါရမီရှင်မှာ အစွမ်းထက်သော်လည်း ကျင့်ကြံခြင်း အဆင့်ကမူ နတ်ဘုရင်ပဉ္စမအဆင့်သာ ရှိသေး၍ ကပ်ဘေး နှောင်းပိုင်းအဆင့် ကျင့်ကြံသူနှစ်ဦးကို တစ်ဦးတည်းကိုင်တွယ်ရန်မှာ မလွယ်ပေ။

ထိုအကြောင်းကြောင့်ပင် သူက ထိုက်ချင်းဘိုးဘေးနှင့် ကျန်းရှောင် ဘိုးဘေးတို့ကို အမြန်ဆုံး အနိုင်ယူရလိမ့်မည် ဖြစ်၏။

သို့မဟုတ်လျှင် ယနေ့တွင် သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကသည် အနိုင်ရရန် အခွင့်အရေး ရှိလိမ့်မည် မဟုတ်ပေ။

ဝူကျန့်ထျန်းက လက်ထဲရှိ ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် ဓားစွမ်းအင်သည် မိုင်ပေါင်းထောင်ချီဧရိယာကို မျက်စိတစ်မှိတ်အတွင်း လွှမ်းခြုံသွားခဲ့သည်။

ဓားစွမ်းအင် ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် အာကာပြင်သည် ချက်ချင်းဆိုသလို ပြိုကွဲသွားခဲ့ပြီး နေရာလွတ်အက်ကြောင်းထဲကနေ အနက်ရောင် မုန်တိုင်းတစ်ခု တိုက်ခိုက်လာခဲ့ကာ လောကရှိ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်အလား ဖြစ်နေခဲ့၏။

ဝူကျန့်ထျန်း၏ ကြောက်မက်ဖွယ်ရာကောင်းသော ဓားချက်နှင့် ရင်ဆိုင်ရလျှင် ထိုက်ချင်းဘိုးဘေးနှင့် ကျန်းရှောင်ဘိုးဘေးတို့သည် အနည်းငယ်မျှပင် မပေါ့ဆဝံ့ပေ။

“ဝုန်း..”

ထိုအခိုက်အတန့်တွင် တောင်များနှင့်မြစ်များက ပြိုကျသွားခဲ့ပြီး နေနှင့်လပင်လျှင် ဗြောင်းဆန်သွားခဲ့သည်။

ထိုက်ချင်းဘိုးဘေးနှင့် ကျန်းရှောင်ဘိုးဘေးတို့၏ ခန္ဓာကိုယ်များသည် အနည်းငယ် တုန်ယင်သွားခဲ့ပြီး နှစ်ဦးစလုံးသည် မိုင်ပေါင်းရာချီ အကွာအဝေးအထိ နောက်ဆုတ်သွားခဲ့ရသည်။

အထူးသဖြင့် ကပ်ဘေးနှောင်းပိုင်း အဆင့်သာ ရှိသော ကျန်းရှောင်ဘိုးဘေး၏ မျက်နှာထက်တွင် ဖြူဖျော့သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“ဒီလူရဲ့စွမ်းရည်က အရင်တိုက်ပွဲတုန်းကထက် အများကြီး ပိုအားကောင်းလာပုံပဲ”

ထိုက်ချင်းဘိုးဘေး၏ အိုမင်းသော မျက်နှာထက်တွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။

နောက်ဆုံးအကြိမ်က ဝူကျန့်ထျန်းနှင့် တိုက်ခိုက်စဥ်တွင် ထိုက်ချင်းဘိုးဘေးသည် သူတစ်ဦးတည်းဖြင့်ပင် ဝူကျန့်ထျန်းကို အကွက်ပေါင်းများစွာ ရင်ဆိုင်နိုင်ခဲ့သည်။

လူချင်း မတွေ့ရသည်မှာ အချိန်အတော်ကြာပြီးနောက်တွင် ဝူကျန့်ထျန်း၏ စွမ်းရည်သည် ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်ထိ ရောက်ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

သူနှင့် ကျန်းရှောင်ဘိုးဘေး တို့ကို တစ်ဦးတည်း ရင်ဆိုင်ရစေကာမူ ဝူကျန့်ထျန်းသည် အပြတ်အသတ် အသာစီးရနေခဲ့၏။

သိထားရမည့်အချက်မှာ ကျင့်ကြံခြင်းအဆင့်တွင် သူတို့၏ အဆင့်သို့ ရောက်ရှိသွားလျှင် ဆက်လက် တိုးတက်ရန်မှာ အလွန်တရာ ခက်ခဲသော အခြေအနေသို့ ရောက်ရှိသွားတတ်သည်။

ဥပမာအားဖြင့် သူက ကပ်ဘေး အထွတ်အထိပ်အဆင့သို့ ရောက်ရှိနေသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း တိုးတက်မှုကမူ အနည်းငယ်မျှသာ ရှိသည်။

သို့သော် သူ့ရှေ့မှ ဝူကျန့်ထျန်း၏ စွမ်းရည်ကမူ များစွာ တိုးတက်လာပုံ ရ၏။

ဤလူသည် တစ်ဆင့်ပြီး တစ်ဆင့် တိုးတက်လာခဲ့ပြီး အဆုံးသတ်တွင် သူနှင့် လက်ရည်တူပင် ရင်ဆိုင်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် သူ့ကိုပင် ဖိနှိပ်နိုင်ခဲ့ပြီး ယခုအခါတွင် သူနှင့် ကျန်းရှောင်ဘိုးဘေးတို့ ပူးပေါင်းလျှင်ပင် ထိုလူကို မယှဥ်ပြိုင်နိုင်တော့ပေ။

“ဟားဟား ထိုက်ချင်းဘိုးဘေး.. မတွေ့ရတာ အတော်ကြာပေမဲ့ မင်းရဲ့ စွမ်းရည်က သိပ်မတိုးတက်လာဘူးပဲ.. ငါ့ရဲ့ နောက်ထပ် တိုက်ကွက် တစ်ကွက်ကို ရင်ဆိုင်ကြည့်လိုက်”

ဝူကျန့်ထျန်းက ခနဲ့လိုက်ပြီး သူ၏ လက်ထဲရှိ ဓားရှည်ကို လေထဲတွင် ဝှေ့ယမ်းကာ ထိုက်ချင်းဘိုးဘေးတို့ နှစ်ဦးကို တိုက်ခိုက်လိုက်သည်။

ဤဓားချက်သည် ယခင် ဓားချက်ထက်ပင် ပို၍ စွမ်းအားကြီးမား၏။

အနက်ရောင် ဓားအလင်းသည် အာကာပြင်ကို ဆုတ်ပြဲစေခဲ့ပြီး လေထုတစ်ခုလုံးကို ဗရမ်းဗတာ ဖြစ်စေခဲ့သည်။

“ဝုန်း..”

ထိုအနက်ရောင် ဓားအလင်းသည် မိုင်ပေါင်းသိန်းချီသောဧရိယာကို ဖုံးလွှမ်းသွားခဲ့ပြီး ထိုက်ချင်းဘိုးဘေးတို့ နှစ်ဦး ရှိနေသည့် ပတ်ဝန်းကျင်နေရာလွတ်ကို ပိုင်းဖြတ်ပစ်တော့မည့်အလား ဖြစ်နေခဲ့သည်။

ထိုက်ချင်းဘိုးဘေးတို့ နှစ်ဦးသည်လည်း သူတို့၏ စွမ်းအားများကို အစွမ်းကုန် စုစည်းလိုက်ကြပြီး သူတို့၏ လက်ထဲရှိ မှော်လက်နက်များကို အသုံးပြုကာ ဝူကျန့်ထျန်း၏ ပြိုင်ဘက်ကင်း ဓားချက်ကို ရင်ဆိုင်လိုက်သည်။

“ဝုန်း..”

“ဝုန်း..”

“ဝုန်း..”

ကောင်းကင်ယံကိုပင် တုန်ခါစေသော ကျယ်လောင်သောပေါက်ကွဲသံသည် လောကတစ်ခွင် ပဲ့တင်ထပ်သွားခဲ့သည်။

ကြောက်မက်ဖွယ် အဖျက်စွမ်းအင်မုန်တိုင်းများသည် ထုံရှန်းတောင်ကြား အထက်ရှိ ကောင်းကင်ယံ တစ်ခုလုံးကို ပရမ်းပတာ ဖြစ်သွားစေခဲ့သည်။

အောက်ဘက်တွင် တိုက်ခိုက်နေသော ကျန်းချန်တို့ ပင်လျှင် ထိုအဖျက်စွမ်းအင်မုန်တိုင်း၏ သက်ရောက်မှုကို ခံလိုက်ရပြီး ပေပေါင်းထောင်ချီ အဆက်မပြတ် နောက်ဆုတ်သွားခဲ့ရသည်။

သူတို့အားလုံးက ခေါင်းမော့၍ ထိုက်ချင်းဘိုးဘေးတို့၏ တိုက်ပွဲကို လှမ်းကြည့်လိုက်ကြသည်။

ထိုက်ချင်းဘိုးဘေးတို့၏ အစွမ်းထက် တိုက်ကွက်သည် ဝူကျန့်ထျန်း၏ ကြောက်မက်ဖွယ် ဓားချက်ဖြင့် အစိတ်စိတ် အမြွှာမြွှာ ချေမှုန်းခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင် ထိုက်ချင်းဘိုးဘေးတို့ နှစ်ဦးသည် လေထုထဲတွင် မိုင်ပေါင်းရာချီ နောက်ဆုတ်သွားခဲ့ရ၏။

အထူးသဖြင့် ကျင့်ကြံခြင်းအဆင့် ပိုနိမ့်သော ကျန်းရှောင်ဘိုးဘေးသည် သွေးတစ်လုတ်ကိုပင် အန်ထုတ်လိုက်ရသည်။

“ဒီဝူကျန့်ထျန်းရဲ့ စွမ်းရည်က တကယ်ကို ကြောက်စရာပဲ”

ထိုတိုက်ပွဲကိုကြည့်ပြီး ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့ဩတုန်လှုပ်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။

ဝူကျန့်ထျန်းသည် နတ်ဘုရင်နဝမအဆင့် ဖြစ်၍ ကပ်ဘေးအထွတ်အထိပ် အဆင့်ထက် မနိမ့်ကျပေ။

သို့သော်လည်း ဝူကျန့်ထျန်းက ရန်သူနှစ်ဦးကို တစ်ဦးတည်းရင်ဆိုင်ခဲ့ပြီး ထိုက်ချင်းဘိုးဘေးတို့ နှစ်ဦးကို ဓားချက်နှစ်ချက်တည်းဖြင့်ပင် အနိုင်ယူနိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ချေ။

ဤကဲ့သို့သော စွမ်းရည်မျိုးသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။

ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

ဝူကျန့်ထျန်းက ထိုက်ချင်းဘိုးဘေးတို့ နှစ်ဦးကို အနိုင်ယူနိုင်ခဲ့ခြင်းသည် ကျန်းချန် မျှော်လင့်ထားသည်ကိုပင် ကျော်လွန်နေခဲ့သည်။

ဤပုံအတိုင်းဆိုလျှင် ယနေ့တွင် သူတို့သည် အင်မော်တယ် ကျင့်ကြံခြင်း လောကကို အပြင်းအထန် ထိုးနှက်နိုင်မည့်အခွင့်အရေးကို ရရှိနိုင်လောက်၏။

အခန်း(၂၃၇၉)ပြီး၏။

အခန်း(၂၃၈၀)

“ထိုက်ချင်း ဝူကျန့်ထျန်းရဲ့ စွမ်းရည်က ဘာလို့ ဒီလောက်အထိတောင် သန်မာနေရတာလဲ”

ကျန်းရှောင်က သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို အတင်းအကျပ် ဖိနှိပ်လိုက်ပြီးနောက်တွင် ထိုက်ချင်းဘိုးဘေးကို မေးလိုက်သည်။

သူက အလွန်တရာပင် အံ့ဩထိတ်လန့်နေခဲ့၏။

ဝူကျန့်ထျန်း၏ စွမ်းရည်က မည်မျှသန်မာမှန်း သူသိထားသော်လည်း ဤမျှအထိ သန်မာလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ယခုတစ်ကြိမ် ဝူကျန့်ထျန်း ထုတ်ဖော်လိုက်သော စွမ်းရည်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာကောင်း၏။

သူနှင့် ထိုက်ချင်းဘိုးဘေးတို့ ပူးပေါင်းခဲ့သည့်တိုင် ဝူကျန့်ထျန်းကို လုံးဝ မယှဥ်နိုင်ခဲ့ပေ။

ထိုက်ချင်းဘိုးဘေးသည် ကျန်းရှောင်၏ မေးခွန်းကို ပြန်မဖြေခဲ့ပေ။

သူက ဝင့်ကြွားစွာ ရပ်နေသော ဝူကျန့်ထျန်းကို စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။

“ဝူကျန့်ထျန်း.. ငါအထင် မမှားဘူးဆိုရင် မင်းက လျှို့ဝှက်နည်းစနစ်ကို အသုံးပြုပြီး မင်းရဲ့စွမ်းရည်ကို မြှင့်တင်ထားတယ် မဟုတ်လား.. ဒီလျှို့ဝှက်နည်းစနစ်ရဲ့ စွမ်းရည်က အချိန်အကြာကြီး ခံမှာမဟုတ်ဘူး”

ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် ထိုက်ချင်းဘိုးဘေး၏ မြင်နိုင်စွမ်းသည် အလွန်စူးရှသည်။

ဝူကျန့်ထျန်းနှင့် နှစ်ကြိမ်တိတိ ရင်ဆိုင်ပြီးနောက်တွင် ထိုက်ချင်းဘိုးဘေးသည် ဝူကျန့်ထျန်း၏ အခြေအနေကို သဘာဝကျစွာပင် သတိပြုမိသွားခဲ့၏။

ဝူကျန့်ထျန်းက ဤမျှ အစွမ်းထက်သည့် စွမ်းအားကို ထုတ်ဖော်နိုင်ရသည့် အကြောင်းအရင်းမှာ လျှို့ဝှက်နည်းစနစ်ကို အသုံးပြု၍ ပုံမှန် တိုက်ခိုက်ရေးစွမ်းအားထက် များစွာ သာလွန်သော စွမ်းအားကို ထုတ်ဖော်ထားခြင်းကြောင့်သာ ဖြစ်သည်။

လျှို့ဝှက်နည်းစနစ်၏ အချိန်ကုန်ဆုံးသွားသည်နှင့် အမျှ ဝူကျန့်ထျန်းသည် အားနည်းသော အချိန်ကာလသို့ ကျရောက်သွားမည်မှာ သေချာသလောက်ပင်။

ထိုအချိန်သို့ ရောက်လျှင် ဝူကျန့်ထျန်းကို ကိုင်တွယ်ရန်မှာ လွယ်ကူသွားလိမ့်မည် မဟုတ်ပါလား။

“ငါ့ရဲ့ လျှို့ဝှက်နည်းစနစ်က အချိန်အကြာကြီးမခံဘူး ဆိုတာ အမှန်ပဲ.. ဒါပေမဲ့ မင်းတို့နှစ်ယောက်ကို ရှင်းပစ်ဖို့က လုံလောက်တာထက် ပိုတယ်”

ဝူကျန့်ထျန်းက အေးစက်စက် ရေရွတ်လိုက်သည်။

သူ့တွင် အချိန်အကန့်အသတ် ရှိသဖြင့် ထိုက်ချင်းဘိုးဘေးတို့နှစ်ဦးနှင့် အချိန်ဖြုန်းရန် မလိုလားခဲ့ပေ။

သူက လက်ထဲရှိ ဓားရှည်ဖြင့် ဓားကွက် တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ပေပေါင်းသောင်းချီ ရှည်လျားသော ဓားအလင်းသည် ထုံရှန်းတောင်ကြား အထက်ရှိ ကောင်းကင်ယံတစ်ခုလုံးကို နှစ်ခြမ်း ခွဲပစ်လိုက်သည်။

ယင်းအခိုက်အတန့်တွင် လေထုတစ်ခုလုံး၌ တောက်ပပြီး အနှိုင်းမဲ့သည့် ထိုဓားအလင်းတစ်ခု သာလျှင် ကျန်ရှိနေသကဲ့သို့ ဖြစ်နေခဲ့သည်။

ဤဓားချက်သည် ရှေးဟောင်းနတ်ဘုရားများက လောကကြီးကို ဓားချက်တစ်ချက်တည်းဖြင့် ပိုင်းဖြတ်လိုက်သကဲ့သို့ပင်။

ဝူကျန့်ထျန်း၏ ကြောက်မက်ဖွယ်ဓားချက်ကို မြင်လျှင် ထိုက်ချင်းဘိုးဘေးသည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

ဝူကျန့်ထျန်း၏ တိုက်ခိုက်ရေးစွမ်းအားသည် လျှို့ဝှက်နည်းစနစ်ကြောင့် ဖြစ်မှန်း သူသိထား၍ ထိုလျှို့ဝှက်နည်းစနစ်၏ စွမ်းအားကုန်ဆုံးချိန် အထိ အချိန်ဆွဲထားလိုသော်လည်း ဝူကျန့်ထျန်း ထုတ်ဖော်လိုက်သော ဓားချက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။

သူက ကျန်းရှောင်ဘိုးဘေးနှင့် ပူးပေါင်း၍ ဝူကျန့်ထျန်း၏ လျှို့ဝှက်နည်းစနစ် အချိန်ကုန်ဆုံးသည်အထိ အချိန်ဆွဲရန် ကြိုးစားလျှင်ပင် ယင်းမှာ လွယ်ကူသောအလုပ် တစ်ခု မဟုတ်ပေ။

“ထိုက်ယီ အင်မော်တယ်ဂိုဏ်းရဲ့ အထွတ်အထိပ် မှော်လက်နက်ကို အသုံးပြုမှ ဖြစ်တော့မယ်”

ထိုက်ချင်းဘိုးဘေးက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ အလွန်တရာ ရှေးကျပုံရသော အပြာရောင်လက်ကောက် တစ်ကွင်းသည် သူ၏ လက်ဖဝါးတွင် ထွက်ပေါ်လာခဲ့သည်။

ထိုအပြာရောင်လက်ကောက်သည် အပေါ်ယံကြည့်လျှင် ရိုးရှင်းပြီး ထူးခြားမှုမရှိသလို ထင်ရ၏။

သို့သော်လည်း အနည်းငယ်မျှ မြင်နိုင်စွမ်းရှိသူ ဖြစ်လျှင်ပင် ထိုအပြာရောင်လက်ကောက်ထံမှ စိတ်နှလုံးကို တုန်လှုပ်စေသော‌ ကြောက်မက်ဖွယ်စွမ်းအားကို အာရုံခံမိလိမ့်မည်ဖြစ်၏။

“ထိုက်ယီလက်ကောက်”

ဤသည်မှာ ထိုက်ယီအင်မော်တယ်ဂိုဏ်းကို တည်ထောင်သူ၏ လက်စွဲတော်လက်နက် ဖြစ်သည်။

ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးသည် အင်မော်တယ်ကျင့်ကြံခြင်းစကြဝဠာရှိ ထိပ်သီးဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သော ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ဖြစ်၏။

ထို့ကြောင့် ဤထိုက်ယီလက်ကောက်သည် မဟာယာနအဆင့်ရှိ ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ကျင့်ကြံသူများ ဖန်တီးခဲ့သည့် အနှိုင်းမဲ့မှော်လက်နက်တစ်ခု ဖြစ်ပြီး မဟာယာနအဆင့်ရှိ ကျင့်ကြံသူများနှင့်ပင် ယှဥ်နိုင်သော စွမ်းအားကို ထုတ်လွှတ်နိုင်စွမ်း ရှိသည်။

ဆိုရလျှင် ဤမှော်လက်နက်သည် သူတို့ အင်မော်တယ်ကျင့်ကြံသူများ ဤနေရာတွင် ခြေကုပ်ယူရန်နှင့် အင်မော်တယ် ကျင့်ကြံခြင်းလောကကို တည်ထောင်ရန်အတွက် အခြေခံအုတ်မြစ် ဆိုလည်းမမှားပေ။

အင်မော်တယ် ကျင့်ကြံခြင်းလောကကို စတင် တည်ထောင်ကာစတွင် သူတို့၏ စွမ်းရည်သည် သိုင်းပညာ ကျင့်ကြံခြင်းလောကထက် များစွာ အားနည်းခဲ့သည်။

ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ ဘိုးဘေးသည် ထိုက်ယီလက်ကောက်ဖြင့် အင်မော်တယ်လောကကို အင်မော်တယ်တိုက်တွင် ခိုင်မာသောခြေကုပ် ရရှိစေခဲ့ပြီး လက်ရှိအခြေအနေအထိ ရောက်ရှိလာစေခဲ့ခြင်းပင်။

သို့ရာတွင် ထိုက်ယီလက်ကောက်သည် အစွမ်းထက်သော်လည်း ၎င်းကို အသုံးပြုရန်မှာ မလွယ်ကူပေ။

ကပ်ဘေး အထွတ်အထိပ်အဆင့် ဖြစ်သည့် ထိုက်ချင်းဘိုးဘေးပင်လျှင် ထိုက်ယီလက်ကောက်ကို တစ်ကြိမ် အသုံးပြုရန် အတွက် ကြီးမားသောအဖိုးအခကို ပေးဆပ်ရလိမ့်မည်ဖြစ်၏။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ထိုက်ချင်းဘိုးဘေးသည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ တပည့်တစ်ဦးသာ ဖြစ်နေသေးချိန်တွင် အင်မော်တယ် ကျင့်ကြံခြင်း လောကနှင့် သိုင်းပညာကျင့်ကြံခြင်းလောကတို့ ကြားတွင် တိုက်ပွဲတစ်ပွဲ ဖြစ်ပွားခဲ့သည်။

ထိုတိုက်ပွဲတွင် ထိုက်ယီအင်မော်တယ်ဂိုဏ်းမှ ဘို‌ဘေးတစ်ဦးသည် ထိုက်ယီလက်ကောက်ကို အသုံးပြု၍ နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ တစ်ဦးကို သတ်ဖြတ်ခဲ့သည်။

သို့သော်လည်း ထိုဘိုးဘေးသည် ထိုက်ယီလက်ကောက်ကို အသုံးပြုပြီးနောက်တွင် ကြီးမားသော အဖိုးအခကို ပေးဆပ်လိုက်ရပြီး မကြာမီမှာပင် ကျဆုံးသွားခဲ့ရသည်။

ထိုအကြောင်းကြောင့်ပင် ထိုက်ချင်းဘိုးဘေးသည် ထိုက်ယီအင်မော်တယ်ဂိုဏ်း၏ အထွတ်အထိပ် မှော်လက်နက်ကို ပိုင်ဆိုင်ထားသော်လည်း တစ်ခါမှ အသုံးမပြုခဲ့ချေ။

ယနေ့တွင်မူ လျှို့ဝှက်နည်းစနစ်ကို ထုတ်ဖော်ထားသည့် ဝူကျန့်ထျန်းနှင့် ရင်ဆိုင်ရာတွင် ထိုက်ချင်းဘိုးဘေးသည် လုံးဝ အသာမရခဲ့ပေ။

ထို့အပြင် သေရေးရှင်ရေး အခိုက်အတန့်သို့ ရောက်ရှိနေသဖြင့် ထိုက်ချင်းဘိုးဘေးသည် ထိုက်ယီလက်ကောက်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။

“ဝူကျန့်ထျန်း.. အဲဒီအချိန်က ငါတို့ အင်မော်တယ် ကျင့်ကြံခြင်းလောကက မင်းတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို အကြိမ်ကြိမ် တွန်းလှန်နိုင်ခဲ့ပြီး ဒီကမ္ဘာမှာ ခြေကုပ်ယူနိုင်ခဲ့တယ်.. အင်မော်တယ်တိုက်မှာ ဒီနေ့အထိ ရပ်တည်နိုင်ခဲ့မှတော့ ငါတို့လက်ထဲမှာ ဘာဝှက်ဖဲမှ မရှိဘဲ နေပါ့မလား.. မင်းအနေနဲ့ လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးရင်တောင် ငါ့ကို ဘယ်တော့မှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး”

စကားဆုံးသည်နှင့် ထိုက်ချင်းဘိုးဘေးသည် သူ၏ ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများကို သူ၏လက်ဖဝါးပေါ်ရှိ ထိုက်ယီလက်ကောက်ထဲသို့ တိုက်ရိုက်ပင် ထည့်သွင်းလိုက်သည်။

“ဝုန်း..”

ထိုက်ချင်းဘိုးဘေး လှုံ့ဆော်လိုက်သည်နှင့် ထိုက်ယီလက်ကောက်ကနေ အစိမ်းရောင်အလင်းများ အစွမ်းကုန် တောက်ပလာခဲ့ပြီး ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ စိတ်နှလုံးကို တုန်လှုပ်စေသော အရှိန်အဝါ တစ်ခုသည် ထုံရှန်းတောင်ကြား၏ အထက် ကောင်းကင်ယံကို လွှမ်းခြုံသွားခဲ့သည်။

နောက်ထပ်တစ်ခဏတွင် ထိုက်ယီလက်ကောက်သည် ထိုက်ချင်းဘိုးဘေး၏ ထိန်းချုပ်မှုအောက်တွင် ဝူကျန့်ထျန်း၏ ဓားချက်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်၏။

“ဝုန်း..”

ထိုက်ယီလက်ကောက်က ဝူကျန့်ထျန်း၏ အနှိုင်းမဲ့ ဓားအလင်းနှင့် ထိမှန်သွားပြီးနောက်တွင် ကျယ်လောင်သော ပေါက်ကွဲသံ ထွက်ပေါ်လာခဲ့ပြီး ဓားအလင်းသည် ပြိုကွဲသွားခဲ့သည်။

ဝူကျန့်ထျန်း၏ ခန္ဓာကိုယ်သည်လည်း တုန်ယင်သွားခဲ့ပြီး ခန္ဓာကိုယ် တစ်ခုလုံးသည် လေထုထဲတွင် ပေပေါင်းထောင်ချီ အကွာအဝေး အထိ လွင့်စင်သွားခဲ့၏။

ဝူကျန့်ထျန်းက သူ၏ ခန္ဓာကိုယ်ထဲမှ မတည်မငြိမ် ဖြစ်နေသော စွမ်းအားများကို ဖိနှိပ်လိုက်ပြီး ထိုက်ချင်းဘိုးဘေး လက်ထဲရှိ အပြာရောင်လက်ကောက်ကို စိုက်ကြည့်လိုက်သည်။

သူ၏ အမူအရာက အလွန်တရာပင်‌ လေးနက်နေခဲ့၏။

သိုင်းပညာ ကျင့်ကြံခြင်းလောက၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဝူကျန့်ထျန်းသည် အင်မော်တယ် ကျင့်ကြံခြင်းလောက၏ အသေးစိတ် အချက်အလက်များကို ရှင်းလင်းစွာ သိရှိထားခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်းလောကရှိ အင်မော်တယ်ဂိုဏ်းကြီးငါးဂိုဏ်း၏ နံပါတ်တစ် ဂိုဏ်းကြီး ဖြစ်သော ထိုက်ယီအင်မော်တယ်ဂိုဏ်းတွင် မဟာယာနအဆင့်ရှိ ကျင့်ကြံသူများ ချန်ထားရစ်ခဲ့သည့် အစွမ်းထက် မှော်လက်နက် ဖြစ်သော ထိုက်ယီလက်ကောက် ရှိမှန်း သဘာဝကျစွာပင် သိရှိထားခဲ့သည်။

ဆိုရလျှင် သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကမှ ဘိုးဘေးများသည် ဤမှော်လက်နက်၏ လက်ထဲတွင် ကျဆုံးခဲ့ရဖူးသည်။

ထိုက်ချင်းဘိုးဘေးသည် ဤမှော်လက်နက်ကိုပင် ထုတ်သုံးလာလိမ့်မည်ဟု ဝူကျန့်ထျန်း မထင်မှတ်ထားခဲ့ပေ။

ထိုက်ယီလက်ကောက်၏ စွမ်းအားသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်း၏။

ဆိုရလျှင် ဝူမိသားစု၏ ဘိုးဘွားမြေကနေ သူ ရရှိခဲ့သော လျှို့ဝှက်နည်းစနစ်ကို ထုတ်သုံးသည့်တိုင် ထိုက်ယီလက်ကောက်ကို ကိုင်ဆောင်ထားသော ထိုက်ချင်းဘိုးဘေးကို အနိုင်ယူရန်မှာ လွယ်ကူသော အလုပ်တစ်ခု မဟုတ်ပေ။

“ထိုက်ယီလက်ကောက်က နာမည်ကျော်ကြားသလောက် တကယ်ကို အစွမ်းထက်တာပဲ”

ဝူကျန့်ထျန်းက အေးစက်စက်ပြုံးကာ ပြောလိုက်သည်။

“ထိုက်ချင်း.. ထိုက်ယီလက်ကောက်ရဲ့ စွမ်းအားက အားကောင်းပေမဲ့ မင်းဒီလက်ကောက်ကို အသုံးပြုတိုင်းမှာ ကြီးမားတဲ့ အဖိုးအခကို ပေးဆပ်ရမှာပဲ”

“အဲဒီတော့ ဘာဖြစ်လဲ.. ဒီနေ့ ဘယ်လောက် ကြီးမားတဲ့ အဖိုးအခ ပေးဆပ်ရပါစေ.. ငါမင်းကို ဖျက်ဆီးပြီး မင်းရဲ့ သိုင်းပညာ ကျင့်ကြံခြင်းလောကကို မြေလှန်ပစ်မယ်”

ထိုက်ချင်းဘိုးဘေးက ဝူကျန့်ထျန်းကို သတ်ဖြတ်လိုစိတ်အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။

ထိုက်ယီအင်မော်တယ်ဂိုဏ်းကို တည်‌ထောင်သူ၏ မှော်လက်နက် ဖြစ်သည့် ထိုက်ယီလက်ကောက်သည် အလွန်တရာပင် အစွမ်းထက်သည်။

ကပ်ဘေး အထွတ်အထိပ်အဆင့် ရှိသည့် သူ၏ ကျင့်ကြံမှုဖြင့် ထိုက်ယီလက်ကောက်ကို အသုံးပြုလျှင်ပင် တစ်ခါ အသုံးပြုလိုက်တိုင်း အတိုင်းအတာတစ်ခု အထိ တန်ပြန် ထိခိုက်မှုကို ခံစားရလိမ့်မည် ဖြစ်၏။

သို့သော်လည်း အခြေအနေက ဤအဆင့်အထိ ရောက်ရှိနေပြီး မြားက လေးကြိုးပေါ်တွင်ပင် ရောက်ရှိနေပြီ ဖြစ်ရာ ပစ်လွှတ်ရန်မှ တစ်ပါး အခြား ရွေးချယ်စရာ မရှိတော့ပေ။

မည်သို့ပင်ဖြစ်စေကာမူ ဝူကျန့်ထျန်းကို အသာစီးရရန် အတွက် ထိုက်ယီလက်ကောက်၏ စွမ်းအားကို မဖြစ်မနေ အသုံးပြုရလိမ့်မည် မဟုတ်ပါလား။

သို့မဟုတ်လျှင် ယနေ့တွင် သူတို့အင်မော်တယ် ကျင့်ကြံခြင်းလောကသည် အခက်အခဲနှင့် ရင်ဆိုင်ရပေလိမ့်မည်။

အခန်း(၂၃၈၀)ပြီး၏။

All Chapters