သူ ဘယ်သူလဲ
Vol. 9 Ch. 818
မည်သူက သူ့အယောင်ဆောင်နေသည်ကို သူ သွားကြည့်ချင်နေရသည့် အကြောင်းပြချက်များထဲမှ တစ်ခုမှာ ဒေါသထွက်နေသောကြောင့် ဖြစ်သည်။ နောက်တစ်ချက်က စိုးရိမ်သောကြောင့်ပင်။ သူစိုးရိမ်သရွေ့ သူ့အယောင်ဆောင်မည့်လူ နှစ်မျိုးနှစ်စားသာ ရှိသည်။ မိတ်ဆွေဖြစ်လျှင် ဖြစ်။ မဟုတ်လျှင် ရန်သူပင်။
မိတ်ဆွေတစ်ယောက်ဖြစ်လျှင် သူ ဒေါသထွက်ကောင်းထွက်နိုင်သေးသော်လည်း မည်သူဖြစ်ကြောင်းနှင့် မည်သည့်အတွက်ကြောင့် မိုက်မဲသောအရာတစ်ခုကို လုပ်နေကြောင်း အတည်ပြုဆုံးဖြတ်ရန် လိုအပ်သေးသည်။ ထိုလူက အသက်ရှိသေးပြီး ကယ်ရန် ထိုက်တန်လျှင်တော့ သူ ကယ်ရပေမည်။
ထိုလူက ရန်သူတစ်ယောက်ဆိုလျှင်.... မည်သူဖြစ်ကြောင်း သူ သိချင်သေးသည်။
ထိုမျှသာမက သူ၏မျက်နှာဖုံးက စိတ်စွမ်းအင်အဆင့်မြှင့်တင်ခြင်းများ ပြုလုပ်ထားပြီးဖြစ်၍ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ပင်လျှင် ၄င်းကို ဖြတ်၍ လုံးဝမြင်နိုင်မည် မဟုတ်ကြောင်း သူ ယုံကြည်ချက်ရှိသည်။ သူ မတော်တဆ မချွတ်ချော်သရွေ့ မည်သူမှ သူ၏သရုပ်မှန်ကို သိနိုင်မည် မဟုတ်ပေ။
ယခုအခိုက်အတန့်တွင် သူသည် မြေရိုင်းဒေသ၏ အလွန်အရေးပါသော လူတစ်ယောက်ဖြစ်နေလေပြီ။ သူက ဗဟိုဧကရာဇ် မြို့တော်၏ စစ်ဆေးရေးအရာရှိမင်းဟောင်းဖြစ်သည့်အပြင် လောကဓာတ်အောက်လမ်းဆရာလည်း ဖြစ်သည်။ ထိုရာထူးများထဲက တစ်ခုတည်းနှင့်ပင် မြေရိုင်းဒေသတစ်ခုလုံးကို သူ့ခြေထောက်ဖြင့် နင်းခြေပစ်နိုင်ပေသည်။
" ငါ တစ်ယောက်တည်းသွားလို့ မဖြစ်ဘူး။ အကောင်းဆုံးက သခင်မလေးဟုန်ချိန်ရယ် ၊ သရဲကြီးစစ်တပ်ရယ်နဲ့ အတူတူလိုက်သွားမှပဲ။ သူတို့နဲ့ အတူတူသွားရင် ငါအကာအကွယ်ရနိုင်တယ် "
သူက စိတ်ပိုင်းဖြတ်ရင်း သူ့ကိုယ်သူ တည်ငြိမ်အောင်လုပ်ပြီးနောက် မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာ တပ်ဖွဲ့၏ ကောင်းကင်လေသင်္ဘောကို ငှားကာ စုန့်ချွဲနှင့် ကျိုးရီရှင်းကို ခေါ်၍ ထွက်ခွာလိုက်သည်။
သူက လမ်းတစ်လျှောက်တွင် တခဏလေးပင် မရပ်နားပေ။ မြေအောက်ကမ္ဘာမြစ်တားမြစ်နေရာသည် အလယ်ပိုင်းမြေရိုင်းဒေသတွင် တည်ရှိပြီး အရှေ့ပိုင်းဒေသများနှင့် သိပ်မဝေးပေ။ သခင်မလေးဟုန်ချိန်က ထွက်ခွာရန်အတွက် နောက်ဆုံးပြင်ဆင်မှုများ ဆောက်ရွက်နေသည့် အခိုက်အတန့်တွင် သူက သူမဆီသို့ လမ်းတစ်လျှောက်စောင့်ရှောက်ပေးလိုကြောင်း ဖော်ပြထားသည့် ယဥ်ကျေးသော စာတစ်စောင်ပို့လိုက်သည်။
ပထမတွင် သူမက သူ့ကို ငြင်းပယ်လိုက်ချင်သည်။ သို့သော် သူမမှာ စစ်ဆေးရေးစံအိမ်တွင် သူမနှင့် ပိုင်ဟောက်ကြား ဖြစ်ပွားခဲ့သည်နှင့် ပတ်သက်ပြီး စိတ်ဆိုးနေသေးသောကြောင့် ဤသည်က သူ့ကို သင်ခန်းစာ တစ်ခု၊ နှစ်ခုပေးရန် အကောင်းဆုံးအခွင့်အရေးဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။
သူမက အေးစက်စက်ပြုံးရင်း တွေ့ရန် သဘောတူလိုက်သည်။ သို့နှင့် ရက်အနည်းငယ်ကြာသောအခါ ပိုင်ရှောင်ချန်းသည် သခင်မလေးဟုန်ချိန်နှင့် ချိန်းဆိုထားသော နေရာသို့ ရောက်ရှိလာ၏။
ထိုနေရာမှာ အစွမ်းထက် ဝိညာဥ်ကျင့်ကြံသူများ နှစ်ပတ်လည် စောင့်ကြပ်နေသည့်နေရာတစ်ခု၊ မြေရိုင်းဒေသတစ်လျှောက် ပြန့်ကြဲနေသည့် သာမန်တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်များထဲက တစ်ခုဖြစ်လေသည်။ ပိုင်ရှောင်ချန်း ရောက်သည်နှင့် လူတိုင်းက သူ့ကို သတိပြုမိသွားကြပြီး ရိုသေလေးစားစွာ ဂါဝရပြုလိုက်ကြသည်။
ပိုင်ရှောင်ချန်းမှာ မည်သူက သူ့အယောင်ဆောင်နေလဲဆိုသည့် အတွေးများတွင် စုန်းစုန်းနစ်မြုပ်နေသောကြောင့် အလ္လာပသလ္လာပပြောရန် စိတ်မပါပေ။ သူက တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်၏ အပြင်ဘက်တွင် စောင့်နေလိုက်ပြီး အချိန်အနည်းငယ်ကြာပြီးနောက် ၎င်းက တောက်ပစူးရှသောအလင်းများဖြင့် လင်းလက်လာလေသည်။ အချိန်အနည်းကြာသော် ၎င်းအတွင်းမှ မရေမတွက်နိုင်သော လူများ ထွက်လာ၏။ သူတို့သည်ကား သရဲကြီးစစ်တပ်၏ တပ်သားများက လွဲ၍ တခြားမဟုတ်ပေ။
သူတို့အားလုံးက ပိုင်ရှောင်ချန်းတို့ကို မြင်သည်နှင့် ဦးညွှတ်အရိုအသေပေးလိုက်ကြပြီးနောက် တပ်ဖြန့်လိုက်သည်။ နေရာတစ်ခုလုံးကို စောင့်ကြပ်ထားပြီးနောက် တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သည် ထပ်မံလင်းလက်လာပြီး ပို၍များပြားသော တပ်သားများ ထွက်လာ၏။ မကြာမီ လူတစ်သောင်းကျော်သွားလေပြီ။
နောက်ဆုံးထွက်လာသည်က သခင်မလေးဟုန်ချိန်နှင့် သူမ၏ သက်တော်စောင့်ပင်။ ပိုင်ရှောင်ချန်းက သခင်လေးဟုန်ချိန်ပေါ် အကြည့်ရောက်သွားသည်နှင့် စစ်ဆေးရေးစံအိမ်က အဖြစ်အပျက်ကို ပြန်တွေးလိုက်မိပြီး ချောင်းဟန့်လိုက်သည်။ အမှန်တကယ်တော့ ထိုစဥ်က သူသည် ယခုနှင့် မတူသော လူတစ်ယောက်ပင်။ ယခု သူက လောကဓာတ်အောက်လမ်းဆရာတစ်ယောက်ဖြစ်သည့်အတွက် သခင်မလေးဟုန်ချိန်ကို နှစ်လိုဖွယ် ပြုံးပြလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
သူမက သူ့ကို အေးတိအေးစက်ပြန်ကြည့်ပြီး ဟွန့်ခနဲ နှာမှုတ်လိုက်လေသည်။ သူမအနေဖြင့် သူ့ကို သင်ခန်းစာပေးချင်လျှင် စိတ်ရှည်ရမည်ဖြစ်ကြောင်း သူမ သိသည်။ ထိုမျှသာမက သူမ၏ အဓိကဦးစားပေးက ပိုင်ရှောင်ချန်းကို ရှာရန်ပင်။ ထို့ကြောင့် သူမက ပတ်ဝန်းကျင်အား နတ်ဘုရားအာရုံအနည်းငယ်ပို့လွှတ်လိုက်ကာ အရာအားလုံး အစဉ်တကျဖြစ်ကြောင်း အတည်ပြုပြီးနောက် လေပေါ်ပျံတက်လိုက်၏။
သရဲကြီးတပ်သား တစ်သောင်းကျော်က သူမနောက်မှ လိုက်ပါသွား၏။ ပုံမှန်အချိန်အခါဆိုလျှင် သူမက သူ့ကို မသိဟန်ဆောင်နေသည့်အချက်ကြောင့် သူက သူမကို အမျက်ထွက်မိမည် ဖြစ်သည်။ သို့သော် ယခုတွင် သူသည် အန္တရာယ်များသော နိုင်ငံရေးအခြေအနေတွင် ရှိနေသည်။ ထိုမျှသာမက သူက ပိုင်ရှောင်ချန်းအယောင်ဆောင်ကိစ္စနှင့်ပတ်သက်၍ အလွန်စိတ်စောနေသည်။ ထို့ကြောင့် သူက သည်းခံလိုက်ပြီး တပ်သားများနောက်မှ လိုက်ပါလာ၏။
သခင်မလေးဟုန်ချိန်က ဦးဆောင်ကာ တရိပ်ရိပ်သွားနေပြီး မည်သူမှ စကားမပြောကြပေ။ သူမက အဆက်မပြတ် သတင်းများ ပေးပို့နေသည့် ကျောက်စိမ်းပေလွှာတစ်ခုကို ကိုင်ဆောင်လျက် တဟုန်ထိုးသွားနေစဥ် သူမ၏ လှပသောမျက်ဝန်းကလေးများတွင် ဒေါသမီးများတောက်လောင်နေလေသည်။ အချိန်အနည်းငယ်ကြာသော် သူမက အဝေးကို ရုတ်တရက် လက်ညှိုးလှမ်းထိုးလိုက်သည်။
" သဲလွန်စတွေအကုန်လုံးအရ ပိုင်ရှောင်ချန်း အရှေ့ပိုင်းမြေရိုင်းဒေသထဲမှာ ရှိသေးတယ်။ သူ့ကို ဝူယုံတောင်ကနေ ကီလိုမီတာ ၅၀၀၀ လောက်မှာ နောက်ဆုံး တွေ့ခဲ့တယ်။ သူ့ နောက်ထပ် ပစ်မှတ်က အဲဒီတောင်က လွဲလို့ တခြားမဖြစ်နိုင်ဘူး "
ထို့နောက် သူမက အရှိန်တင်လိုက်သည်။ သူမ နောက်မှ တပ်သားများသည်လည်း ထိုနည်းတူပင်။ သူတို့က အလင်းတန်းများအသွင်ပြောင်းကာ လေဟုန်ခွင်း၍ အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုး သွားနေလေသည်။
" ဒီ ကျိုးကျစ်မိုက တပ်သားတွေ ဦးဆောင်တဲ့နေရာမှာ လုံးဝညံ့ဖျင်းတာပဲ "
ပိုင်ရှောင်ချန်းက တွေးလိုက်သည်။
" အယောင်ဆောင် ပိုင်ရှောင်ချန်းက အရူးဆိုရင်တောင်မှ သူ့နောက်လူတွေ လိုက်လာမှာကို ဘယ်နည်းနဲ့မှ ထိုင်စောင့်နေမှာ မဟုတ်ဘူး "
သူက သူ့အမြင်ကို ပြောရန်ပြင်လိုက်စဥ်မှာပင် သခင်မလေးဟုန်ချိန်က သူ့ကို သွေးအေးသော မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
" လူယုတ်မာ ပိုင်ရှောင်ချန်းက ဒီနေရာမှာ လဝက်တောင်ရှိနေပြီ" သူမက ပြောသည်။
" သူပေါ်လာတဲ့အခါတိုင်း ထွက်မသွားခင် တစ်နေရာတည်းမှာ အချိန်တစ်ခုထိ နေတတ်တယ်။ ဒါကြောင့် နင် ပြောမယ့်ဟာက ဘာပဲဖြစ်ဖြစ် မျိုသိပ်ထားလိုက်"
ပိုင်ရှောင်ချန်းမှာ အနေရခက်သွားသည်။ သခင်မလေးဟုန်ချိန်သည် စစ်ဆေးရေးစံအိမ်ကအဖြစ်အပျက်များနှင့်ပတ်သက်၍ ဒေါသထွက်နေဆဲဖြစ်ကြောင်း သိသာပေသည်။ သို့သော် သူ့ကို စောစောက ပြောခဲ့သောအရာကြောင့် သူ မတုန်လှုပ်မိဘဲ မနေနိုင်တော့ပေ။ ရွေးချယ်စရာမရှိသည့်အတွက် သူက သူမနှင့်နှစ်ယောက်တည်းစကားပြောရန် အပြေးအလွှားသွားလိုက်သည်။
" ဒီမှာ မူမမှန်တာ တစ်ခုခုရှိနေတယ် " သူက ပြောသည်။
" ဘာကြောင့် သူက တစ်နေရာတည်းမှာ အကြာကြီး နေမှာလဲ။ သူက ငါတို့ကို စောင့်နေတာဆိုရင်ရော။ ကျစ်မို၊ ဒါက ထောင်ချောက်နဲ့တူတယ်နော် " ထိုအကြောင်း တွေးမိသည်နှင့်အမျှ သူ့စိတ်ထဲ ပို၍ ထူးဆန်းပုံပေါ်လာတော့သည်။ ယခင်က သူ့ကို ပြောခဲ့သည်များအရ အယောင်ဆောင် ပိုင်ရှောင်ချန်းဆိုသူက ခြေဦးတည့်ရာ လျှောက်သွား၍ ပြစ်မှုများ ကျူးလွန်နေသည်ဟု ယူဆခဲ့သည်။ ထို့ကြောင့် ဤသတင်းအသစ်က အလွန်ကြောင်တောင်တောင်နိုင်လှသည်။
သခင်မလေးဟုန်ချိန်က အေးစက်စွာ နှာမှုတ်လိုက်သည်။
" ဟုတ်တာပေါ့။ ထောင်ချောက်လေ။ အဲဒါကြောင့် ငါတစ်ယောက်တည်း မလာခဲ့တာ။ ငါ့တပ်ကို ငါနဲ့ အတူ ခေါ်လာတယ်လေ "
ယခုတွင် ပိုင်ရှောင်ချန်းမှာ အခြေအနေ၏အသေးစိတ်ကို ကောင်းကောင်းသိလာသဖြင့် ပို၍ စိုးရိမ်ပူပန်လာတော့သည်။ သူက အသက်ပြင်းပြင်းရှူလိုက်ရင်း အနည်းငယ်အကြံထပ်ပေးရန် ဆုံးဖြတ်လိုက်သည်။
" နေဦး။ မဟုတ်သေးဘူး။ တကယ် တစ်ခုခု ထူးဆန်းနေတယ်။ ကျစ်မိုရယ် မင်း သည်းခံထားသင့်တယ် ထင်တယ်။ အရင်ဆုံးကွာ စစ်တပ်ကို ကင်းထောက်ဖို့ လွှတ်လိုက်။ ဒါမှမဟုတ် အရှင်မင်းကြီးကို လာဖို့ တောင်းဆိုလိုက်"
" ပိတ်ထားစမ်း " သခင်မလေးဟုန်ချိန်က စိတ်မရှည်စွာ လက်ကို ခါရင်း ပြောလိုက်သည်။
" ဘယ်သူမှ နင့်ကို လိုက်လာဖို့ တောင်းဆိုနေတာမဟုတ်ဘူး။ နင့်ဘာသာနင် လာတာလေ။ ပြီးတော့... ပိုင်ရှောင်ချန်း အကြောင်း ဘယ်သူ ပိုသိလဲ ။ နင်လား၊ ငါလား "
စိတ်ထဲတွင် ပိုင်ရှောင်ချန်းမှာ သက်ပြင်းအခါခါ ချနေမိတော့သည်။ “ အနှီကျိုးကျစ်မိုကို သူမက ပိုင်ရှောင်ချန်းကိုယ်တိုင်ထက် ပိုင်ရှောင်ချန်းအကြောင်း နားလည်မည် မဟုတ်ကြောင်း “ သူ ထုတ်ဖော်ပြောချင်နေတော့သည်။
သို့သော် ထိုကဲ့သို့ မည်သည်နည်းနှင့်မှ သူ ပြောနိုင်မည် မဟုတ်သဖြင့် သခင်မလေး ဟုန်ချိန်က ခပ်ဝေးဝေးသို့ ပျံထွက်သွားစဥ် သူ့ရင်ထဲတွင် အားမလိုအားမရဖြစ်ကာ ခံပြင်းခြင်းမီးတောက်များ လောင်မြိုက်လာသည်။
အမှန်ဆိုရလျှင် သခင်လေးဟုန်ချိန်သည် မည်သည့်ကြိုတင်ပြင်ဆင်မှု တစ်စုံတရာကိုမှ မပြုလုပ်ထားသည် မဟုတ်ချေ။ သူမကိုယ်သူမ လုံးဝပြင်ဆင်ထားပြီးဖြစ်ကြောင်း သူမ ခံစားနေရသည်။ ထို့ပြင် သူမသည် ပိုင်ရှောင်ချန်းကို ရိုးတွင်းခြင်ဆီထိတိုင်အောင် မုန်းတီးလှသောကြောင့် သူမ၏ရင်ထဲတွင် သူ့ကို သတ်ရန် စိတ်ဆန္ဒသာ ကိန်းအောင်းနေသည်။ ယခုအချိန်တွင် ပိုင်ရှောင်ချန်းက သူမ မသိနိုင်သော လျှို့ဝှက်စွမ်းအားများ ရှိနေလျှင်တောင်မှ သူမကိုယ်တိုင်က နတ်အဆင့်ကျင့်ကြံသူဖြစ်နေကြောင်း ထည့်တွက်လိုက်လျှင် သူ့ကို သေချာပေါက် နင်းခြေနိုင်မည်ဖြစ်ကြောင်း သူမ အခိုင်အမာ ယုံကြည်နေသည်။
" သူက ငါနဲ့အလှမ်းဝေးတဲ့နေရာကို ရောက်နေတယ်ဆိုရင်လဲ ထားတော့။ အခုက အရှေ့ပိုင်းမြေရိုင်းဒေသ။ ငါ့ခမည်းတော်ရဲ့ သရဲကြီးမြို့တော်နဲ့ လက်တစ်ကမ်းအလိုမှာ ရှိနေတာ။ တကယ်လို့ မထင်မှတ်ထားတာ တစ်ခုခု ဖြစ်ရင် ခမည်းတော်က ငါ့ကို ချက်ချင်းလာကူညီလိမ့်မယ် "
စိတ်ထဲတွင် သွေးအေးစွာ ရယ်မောရင်း သူမသည် ဖြစ်လာမည့်အရာများနှင့် ပတ်သက်ပြီး ပို၍ ယုံကြည်ချက်ရှိလာတော့သည်။ ပိုင်ရှောင်ချန်း၏ သတိပေးစကားလုံးများကို ဥပေက္ခါပြုရင်း သူမက ဝူယုံတောင်ဆီသို့ ဆက်သွားလိုက်သည်။
ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်လာသည်များနှင့်ပတ်သက်၍ နောင်တရနေပြီဖြစ်သည်။ အစောပိုင်းက သူ ရရှိထားခဲ့သော သတင်းများမှာ မတိကျခဲ့ရာ သူ စမ်းတဝါးဝါး ဖြစ်ခဲ့ရသည်။ သို့သော် ယခုတွင် သူပို၍ သိလာသည်နှင့်အမျှ သူ အလွန် ကံဆိုးသောနေရာသို့ ရောက်ရှိနေကြောင်း သိလာတော့သည်။ နောက်ဆုံးတွင် သူက ခံပြင်းဒေါသထွက်လျက် ခြေဆောင့်နင်းလိုက်ပြီး သတိအပြည့်ထားကာ သခင်မလေးဟုန်ချိန်နောက်သို့ လိုက်သွားလိုက်သည်။
" တစ်ခုခု ထူးဆန်းတာ ဖြစ်ရင် ဒီက ထွက်သွားမယ်ကွာ "
သူက စိတ်လှုပ်ရှားစွာ တွေးလိုက်သည်။ သူသည် ရှေ့ဆက်သွားနေရင်း သူ၏အမြင်အာရုံ၊ နတ်ဘုရားအာရုံနှစ်မျိုးလုံးဖြင့် ပတ်ဝန်းကျင်ကို အဆက်မပြတ် ကြည့်ရှုစစ်ဆေးနေလေသည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ အေးစိမ့်နေပုံရသည့်အတွက် သူ့နှလုံးသားထဲတွင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကြီးတစ်ခု ပေါက်ဖွားလာတော့သည်။
" အေးစက်နေတာပဲ။ ဒီအေးစိမ့်ချီတွေကို ငါ ရင်းနှီးသလိုပဲ "
ထိုအကြောင်း သူ စဥ်းစားနေစဥ် ဝူယုံတောင်က ရှေ့တွင် ပေါ်လာတော့သည်။
ဝူယုံတောင်တွင် တောင်ထိပ်ငါးလုံးရှိရာ လက်ကြီးတစ်ဖက်အလားပင်။ ၄င်းက တောနက်ကြီးမှ ထိုးထွက်လာပြီး ညနေခင်းကောင်းကင်ကြီးက နောက်ခံရှိနေရာ မြင်ရသူအပေါင်းကို အနိဋ္ဌာရုံများဖြင့် ပြည့်နှက်သွားစေနိုင်သည့် အရိပ်မည်းကြီးတစ်ခုအသွင် ဖြစ်နေတော့သည်။
သရဲကြီးတပ်ဖွဲ့ရောက်ပြီးနောက် တောကြီးက အလွန်တရာ တိတ်ဆိတ်ငြိမ်သက်နေသည်။ ပိုင်ရှောင်ချန်းမှာမူ ဘေးပတ်လည်ကို ကြည့်လိုက်ပြီး တောထဲရှိ အပင်များအားလုံး ခြောက်ကပ်ပြီး သေဆုံးနေသည်ကို သဘောပေါက်လိုက်သောအခါ ခေါင်းကျိန်းသွားတာ့သည်။
ထိုအပင်အားလုံး၏ သက်စောင့်အားများ လုံးဝ စုပ်ယူခံထားရသည့် အလား ဖြစ်နေသည်။
သခင်မလေးဟုန်ချိန်နှင့် သရဲကြီးတပ်ဖွဲ့သည်လည်း ထိုအချက်ကို သတိပြုပြီး သူတို့၏ အမူအရာများမှာ ယခင်ကထက်ပို၍ လေးနက်သွားတော့သည်။ သို့သော် သူတို့က အရှိန်မလျှော့ဘဲ ထိုအစား တောနက်ကြီးမှ ဝူယုံတောင်ဆီသို့ တဟုန်ထိုးပျံသန်းလိုက်သည်။
သို့သော် ဝူယုံတောင်သို့ သူတို့ မရောက်ခင်မှာပင် ဝူယုံတောင်၏ ထိုးထွက်နေသော တတိယမြောက် တောင်ထိပ်ထံမှ ေအးစက်စက်ရယ်မောသံကြီး ရုတ်တရက် ထွက်ပေါ်လာ၏။
" ဟီး ဟီး၊ မင်းတို့ကောင်တွေ တော်တော်ကြာတာပဲ။ နည်းလိုက်တာကွာ၊ ငါ ဗိုက်ဝမှာ မဟုတ်ဘူး "
ထိုအသံက ယောက်ျားသံလော၊ မိန်းမသံလော ပြောရန် ခက်ခဲသည်။ ၄င်းက စူးရှနေပြီး ယောကျာ်း၊မိန်းမနှင့် ကလေးအားလုံး တစ်ပြိုင်နက်တည်း ပြောနေသည့်အလား။ အသံထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် တတိယမြောက်တောင်ထိပ်ပေါ်တွင် ပုံရိပ်တစ်ခုပေါ်လာတော့သည်။
ယင်းက တလွင့်လွင့်ဖြစ်နေသော ဆံပင်ရှည်များနှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော လူငယ်လေးတစ်ယောက်ဖြစ်သည်။ အံသြတုန်လှုပ်ဖွယ်ကောင်းစွာ သူ၏မျက်လုံးတစ်လုံးစီတွင် သူငယ်အိမ်နှစ်ခုရှိပြီး သူ့နှုတ်ခမ်းက ကြောက်မက်ဖွယ်ရာ ပြုံးနေသည်။ ထို့နောက် သူက လျှာထုတ်ပြီး သူ့နှုတ်ခမ်းများအား သပ်လိုက်သည်။
သူ၏မျက်နှာပုံပန်းသွင်ပြင်သည်ကား ပိုင်ရှောင်ချန်းနှင့် တစ်ထေရာတည်း တူလှသည်။
သို့သော် ပိုင်ရှောင်ချန်းသည် ထိုလူငယ်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲတွင် တုန်လှုပ်ခြင်းလှိုင်းလုံးများ ဆောင့်တက်လာ၏။ သူ တုန်ရီသွားပြီး သူ၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားကာ ပင့်သက်ရှိုက်လိုက်တော့သည်။
" ကုန်းစွန်းဝမ်အာ "