အခန်း (၁၉၁-၁၉၂)
Vol. 20 Ch. 191-192
အခန်း (၁၉၁) - လူပုံသဏ္ဌာန်ရှိသော မိစ္ဆာ
"ဒီ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေမှာ အရင်က တကယ်ပဲ ဘာတွေ ဖြစ်ပျက်ခဲ့တာလဲ "
လီယန်ချူ စိတ်ထဲတွင် တွေးလိုက်သည်။
"ဘာလို့များ ဒီလောက်ကြီးမားတဲ့ နတ်ဘုရားနယ်မြေ တစ်ခုက အပျက်အစီးတွေ ဖြစ်သွားရတာလဲ "
"ဒီလို လူပုံသဏ္ဌာန်ရှိတဲ့ ရုပ်တုတွေကကော ဘယ်ကနေ ရောက်လာတာလဲ "
"ဒါမှမဟုတ် ဒီနတ်ဘုရားနယ်မြေက အစကတည်းက မိစ္ဆာတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတာလား "
လီယန်ချူ စိတ်ထဲတွင် အတွေးများ လှိုင်းထန်နေသည်။
မှော်ပစ္စည်းတစ်ခုသည် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်သော်လည်း နတ်ဘုရားစွမ်းအားကို ဆက်လက်ထိန်းထားနိုင်သည်။
စပျစ်သီးတစ်လုံးသည်ပင် အားကောင်းသော အသက်စွမ်းအင်ကို သိုလှောင်ထားပြီး စွမ်းအားကို တိုးတက်စေကာ ခန္ဓာကိုယ်ကို သန်မာစေနိုင်ပြီး ဆေးလုံးများနှင့် နှိုင်းယှဉ်နိုင်သည်။
ဇူဂို တစ်လုံးသည်ပင် လူတစ်ယောက်၏ စွမ်းအားကို အဆမတန် တိုးတက်စေပြီး ဒုတိယအဆင့်၏ အထွတ်အထိပ်သို့ ရောက်ရှိစေနိုင်သည်။
ထိုအရာများသည် ဤနတ်ဘုရားနယ်မြေတွင် ကျန်ရှိနေသည့် အမှတ်အသား အနည်းငယ်မျှသာ ဖြစ်သည်။
အစောပိုင်းက ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေ၏ ကြီးမားသန်စွမ်းမှုကို မှန်းဆကြည့်နိုင်သည်။
ဘာလိုမျိုး မိစ္ဆာတွေကများ ထိုကဲ့သို့သော နတ်ဘုရားနယ်မြေကို ဖျက်ဆီးနိုင်ခဲ့တာလဲ
လီယန်ချူ၏ စိတ်ထဲတွင် အလွန်ပင် အံ့အားသင့်မိသည်။
ဓားကို ကိုင်ဆောင်ထားသော နတ်ဘုရားအား အရိုအသေပေးပြီးမှသာ အတွင်းသို့ ဝင်သွားခဲ့သည်။
သူသည် စိတ်ကို စုစည်းပြီး ဤနန်းတော်ကို စူးစမ်းလေ့လာရန် စတင်သည်။
ထိုနန်းတော်သည် သူအရင်က တွေ့ခဲ့ရသည်များနှင့် မတူဘဲ ဧရိယာ ပိုမိုကြီးမားသဖြင့် မမျှော်လင့်ထားသော ရလဒ်များ ရှိနိုင်ပေသည်။
လီယန်ချူသည် ထိုနန်းတော် အပျက်အစီးများတွင် စူးစမ်းလေ့လာသော်လည်း အလောင်းကောင်များ သို့မဟုတ် အရိုးစုများကဲ့သို့သော အရာများကို ရှာမတွေ့ခဲ့ပေ။
ကောင်းကင်မှာ တဖြည်းဖြည်း မှောင်လာပြီ
ထူးဆန်းသည်မှာ လီယန်ချူ၏ နားထဲတွင် ကလေးငယ်များ ငိုကြွေးသံကို တိုးတိုးလေး ကြားလိုက်ရခြင်းပင်။
သို့သော်။
သူ သေချာနားထောင်သည့်အခါတွင်မူ ထိုငိုသံများမှာ ပျောက်ကွယ်သွားသည်။
လေတိုးသံကဲ့သို့ပင် ဖြစ်နေသည်။
လီယန်ချူသည် ခြေလှမ်းရပ်လိုက်ပြီး သေချာနားထောင်ကြည့်သည်။
"ထူးဆန်းလိုက်တာ၊ ဒီ ကျန်းထင်ရှန်း အပျက်အစီးတွေထဲမှာ ကလေးငယ် ဘယ်လိုလုပ် ရှိနေရတာလဲ "
လီယန်ချူသည် ထိုတိုးလျသော အသံမှာ ကလေးငိုသံ ဖြစ်ကြောင်း အတည်ပြုလိုက်သည်။
သို့သော် နေရာအနှံ့မှ ထွက်ပေါ်နေသကဲ့သို့ ဖြစ်နေသဖြင့် မည်သည့်နေရာမှန်း ခွဲခြား၍ မရပေ။
သူ၏ စိတ်ထဲတွင် သတိထားမှုများ တိုးလာသည်။
နတ်ဘုရားနယ်မြေ အပျက်အစီးများထဲတွင် မိစ္ဆာများစွာ ပုန်းအောင်းနေပြီး အန္တရာယ်များလှသည်။
အမျိုးမျိုးသော မိစ္ဆာအသံများဖြင့် နှောင့်ယှက်ခြင်းမှာလည်း ပုံမှန်ပင် ဖြစ်သည်။
သို့သော် ယနေ့မှာမူ ပုံမှန်မဟုတ်ဘဲ ထူးခြားနေသည်။
လီယန်ချူသည် အန္တရာယ်တစ်ခု၏ အနံ့ကို ရလိုက်သည်။
သူသည် နန်းတော်ထဲတွင် နတ်ဘုရားစွမ်းအား ပါဝင်သော မှော်ပစ္စည်း တစ်ခုမျှ ရှာမတွေ့ခဲ့ပါ၊ တစ်ခုမှ မရှိပေ
ထို့ပြင် အတွင်းတွင် လူတစ်ယောက်ယောက် လာရောက်ခဲ့သည့် အမှတ်အသားအသစ်အချို့ကို တွေ့လိုက်ရသည်။
ကြီးမားလှသော နန်းတော်ကြီးမှာ အကုန်အစင် ရှာဖွေခံထားရသည်။
လီယန်ချူသည် မဆဲဘဲ မနေနိုင်တော့ပေ
"ဘယ်သူ့လက်ချက်လဲ ဒီလောက်တောင် သန့်ရှင်းအောင် ရှင်းသွားတာ ငလူးတဲ့မှ..."
သူသည် စိတ်အနှောင့်အယှက် ဖြစ်စွာဖြင့် နန်းတော်ထဲသို့ ပြန်ရောက်လာခဲ့သည်။
မူလက ကြီးမားပြီး အပျက်အစီးအသစ်တစ်ခုဟု ထင်ခဲ့သော်လည်း အခြားသူများ ရှာဖွေပြီးသား ဖြစ်နေသည်။
နန်းတော်ထဲသို့ ပြန်ရောက်သောအခါ လီယန်ချူသည် စပျစ်သီးကို သိုလှောင်အိတ်ထဲမှ ထုတ်ယူပြီး တရားထိုင်ရန် ပြင်ဆင်လိုက်သည်။
အသီးထဲမှ သန့်စင်သော စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ထဲသို့ လျင်မြန်စွာ စုပ်ယူသွားပြီး ခန္ဓာကိုယ်တစ်ခုလုံး လည်ပတ်ကာ အသက်သွေးကြောထဲသို့ စီးဝင်သွားသည်။
အသီး သုံးလုံးဆက်တိုက် စားသုံးပြီးနောက် ကျင့်ကြံမှုမှာ အလွန်ပင် လျင်မြန်သည်။
အချိန်မှာ နောက်ဆုံးတော့ လုံးဝ မှောင်မည်းသွားပြီ။
အမှောင်ထုသည် လှိုင်းလုံးကဲ့သို့ အပြင်ဘက်ရှိ အလင်းရောင်အားလုံးကို မျိုချလိုက်သည်။
ထိုအချိန်တွင် အပြင်ဘက်၌ လှုပ်ရှားရန်အတွက် နန်းတော်ထဲရှိ မှော်ပစ္စည်းများကို မှီခိုရမည်ဖြစ်သည်။
မှော်ပစ္စည်းများတွင် ထူးခြားသော နတ်ဘုရားအလင်းရောင်များ ရှိသည်။
ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေထဲသို့ ဝင်ရောက်လာသော သူများကို အပြင်ဘက်မှ မိစ္ဆာများ၏ နှောင့်ယှက်မှုမှ ကာကွယ်ပေးနိုင်သည်။
လီယန်ချူသည် ထယံတာအိုဆရာနှင့် ရှန်တာအမျိုးသားထံမှ ရရှိထားသော မှော်ပစ္စည်း နှစ်ခုရှိသည်။
၎င်းမှာ ကျောက်လုံးတစ်လုံးနှင့် ကျောက်ပြားတစ်ခု ဖြစ်သည်။
ရှေးဟောင်းဆန်ပြီး နတ်ဘုရားစွမ်းအားများ ပါဝင်သည်။
ထယံတာအိုဆရာ၏ အလံငယ်နှင့် အခြားသော အောက်လမ်းပစ္စည်းများကိုမူ လီယန်ချူ၏ ကျောက်တျန်းတံဆိပ်မှ မီးလျှံများဖြင့် လောင်ကျွမ်းစေခဲ့သည်။
ရှန်တာအမျိုးသားသည် ရှန်တာအဆောင်တစ်ခုကို ချန်ထားခဲ့သော်လည်း လီယန်ချူအတွက်မူ အသုံးမဝင်ပေ။
သူသည် ပစ္စည်းကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်သည်။
ထိုအရာသည် ရှားပါးသော်လည်း မည်သည့်အရာမျိုးကို ပင့်ဖိတ်မိမလဲဆိုတာ ဘယ်သူသိမလဲ
လီယန်ချူသည် ၎င်းကို လုံးဝ အသုံးမပြုပေ။
သူတို့နှစ်ဦးကို သတ်ဖြတ်ပြီးနောက် လီယန်ချူသည် ကုသိုလ်အမှတ် ၈၀၀၀ ရရှိခဲ့သည်။
အဓိကအားဖြင့် ထယံတာအိုဆရာ၏ ဝိညာဉ်ငါးကောင်အတတ်က ကုသိုလ်အမှတ် ၅၀၀၀ ကို တစ်ချက်တည်းနှင့် ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ဒုန်း
ဒိုင်း ဒိုင်း
နန်းတော်အပြင်ဘက်မှ ပြင်းထန်သော အသံများနှင့်အတူ လေးလံသော ခြေလှမ်းသံများကို ကြားလိုက်ရသည်။
လီယန်ချူသည် ရုတ်တရက် ထရပ်လိုက်သည်။
နန်းတော်အပြင်ဘက်သို့ အကြည့်ပို့လိုက်ပြီး လျင်မြန်စွာ လျှောက်သွားလိုက်သည်။
မှောင်မည်းနေသော ညဉ့်နက်တွင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးသည် ဤနေရာသို့ ပျံသန်းလာသည်။
လက်ထဲတွင် မြင်းမြီးယပ်ကို ကိုင်ထားပြီး အေးစက်သော အငွေ့အသက် ရှိသည်။
သို့သော် ယခုအချိန်တွင် သူမ၏ ထိတ်လန့်မှုကို ဖုံးကွယ်မရ ဖြစ်နေသည်။
သူမ၏ နောက်တွင် လူအများအပြား ရှိနေပြီး ညအမှောင်ထုကြောင့် မျက်နှာကို မမြင်ရပေ။
ဟိန်း
အရိပ်တစ်ခုသည် အရှိန်အဟုန်ဖြင့် အမျိုးသမီးဆီသို့ တိုးကပ်လာသည်။
အမျိုးသမီး၏ ခန္ဓာကိုယ်ပေါ်တွင် နူးညံ့သော နတ်ဘုရားအလင်းရောင်များ တောက်ပနေပြီး သူမ၏ လက်ကောက်ဝတ်ပေါ်ရှိ ပုတီးစေ့များမှ ရရှိခြင်းဖြစ်သည်။
အရိပ်သည် အမျိုးသမီးနှင့် နီးကပ်လာသောအခါ နတ်ဘုရားအလင်းရောင်ကြောင့် နောက်သို့ ဆုတ်သွားသည်။
သို့သော် နောက်ဆုံးတော့ မျက်နှာကို မြင်လိုက်ရသည်။
၎င်းမှာ လူအစစ်မဟုတ်ပေ
၎င်းမှာ လူပုံသဏ္ဌာန်ရှိသော မိစ္ဆာတစ်ကောင် ဖြစ်ပြီး ခန္ဓာကိုယ်ပေါ်တွင် အဝတ်အစား မရှိဘဲ သတ္တုကဲ့သို့ တောက်ပသော အကြေးခွံများ ရှိသည်။
မျက်နှာမှာ ထူးဆန်းစွာ တွန့်လိမ်နေပြီး အတူတူ ပေါင်းစပ်ထားသကဲ့သို့ ဖြစ်နေသည်။
ကိုယ်ခန္ဓာတစ်ခုလုံးမှာ မကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ထိုမိစ္ဆာများသည် အမျိုးသမီးကို တိုက်ခိုက်တိုင်း အမျိုးသမီး၏ နတ်ဘုရားအလင်းရောင်မှာ လျော့နည်းသွားသည်။
ကံမကောင်းစွာဖြင့်။
အခြားတစ်ဖက်မှလည်း ပင်ပန်းနွမ်းနယ်နေသော အရိပ်တစ်ခု ပြေးလာသည်။
၎င်းမှာ ခန္ဓာကိုယ်ဝဝဖြိုးဖြိုးရှိသော အမျိုးသားတစ်ဦး ဖြစ်ပြီး အလွန်အမင်း ဝလွန်းသော်လည်း လှုပ်ရှားမှုမှာ အလွန်ပင် ပေါ့ပါးလှသည်။
ပြီးတော့ လေးဖက်ထောက်ပြီး ပြေးနေတာကြောင့် အရှိန်ပြင်းလှသည်။
ဖုန်မှုန့်များကို လွင့်စဉ်စေသည်။
သူ၏ လည်ပင်းတွင် နတ်ဘုရားအလင်းရောင် ထွက်ပေါ်နေသော ဆွဲပြားတစ်ခု ရှိပြီး နောက်တွင်လည်း လူပုံသဏ္ဌာန်ရှိသော မိစ္ဆာများ လိုက်လံသတ်ဖြတ်နေသည်။
"အမေရေး ဒါတွေက ဘာတွေလဲဟ"
အမျိုးသားမှာ ပြေးရင်း အော်ဟစ်နေသည်။
ကြောက်လန့်နေသော တောဝက်တစ်ကောင်နှင့် တူနေသည်။
သူ့နောက်မှ လူပုံသဏ္ဌာန်ရှိသော မိစ္ဆာ ၁၀ ကောင်ကျော်မှာလည်း အကြေးခွံများဖြင့် ပြည့်နှက်နေပြီး မကောင်းသော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။
နန်းတော်အပြင်ဘက်တွင် သူတွေ့ခဲ့သော ဝါးနေသော အရိပ်များမှာ ထိုလူပုံသဏ္ဌာန်ရှိသော မိစ္ဆာများ ဖြစ်ပုံရသည်။
သို့သော် ဤမိစ္ဆာများ၏ ပုံစံမှာ နန်းတော်အပြင်ဘက်ရှိ ထူးဆန်းသော ရုပ်တုများနှင့် အနည်းငယ် ကွဲပြားသည်။
ရုပ်တုများတွင် အကြေးခွံများ မရှိဘဲ သားရဲနှင့် ပိုတူသည်။
သို့သော် ဤမိစ္ဆာများသည် အကြေးခွံများ ရှိသော်လည်း ရုတ်တရက်ကြည့်လျှင် လူနှင့် ပိုတူသည်။
"ရုပ်တုထုလုပ်တဲ့ လက်ရာကြောင့်လား၊ ဒါမှမဟုတ် ဒီနယ်မြေထဲမှာ မိစ္ဆာ အမျိုးအစား အမျိုးမျိုး ရှိတာလား "
လီယန်ချူ စိတ်ထဲတွင် တွေးလိုက်သည်။
"အား"
အမျိုးသမီးက အော်ဟစ်လိုက်သည်။
နန်းတော်နှင့် အနီးဆုံး ဖြစ်သော်လည်း သူမ၏ နတ်ဘုရားအလင်းရောင်မှာ အရင်ဆုံး ပျက်စီးသွားသည်။
ယခင်က ပျက်စီးနေသော ပုတီးစေ့များမှာ ကွဲကြေသွားသည်။
မှုန့်များ ဖြစ်သွားသည်။
လူပုံသဏ္ဌာန်ရှိသော မိစ္ဆာတစ်ကောင်သည် အမျိုးသမီး၏ အကာအကွယ်ကျောက်စိမ်းကို အလွယ်တကူ ဖျက်ဆီးလိုက်သည်။
ဤအမျိုးသမီးမှာ အသားစိုင်များ ပျက်စီးပြီး အရိုးစု ဖြစ်သွားတော့မည့် အခြေအနေ ဖြစ်သည်။
သို့သော် ဓားအလင်းရောင်တစ်ခု ရုတ်တရက် တောက်ပလာသည်။
အလွန်ပူပြင်းလှသည်
အလွန်ခိုင်မာသည်ဟု ထင်ရသော လူပုံသဏ္ဌာန်ရှိသော မိစ္ဆာသည် ဓားအလင်းရောင်ကြောင့် ဖျက်ဆီးခံလိုက်ရသည်။
ပေါက်ကွဲသွားသည်
မျက်စိဖြင့် မမြင်နိုင်သော မည်းမှောင်သော အငွေ့အသက်များ ဖြစ်သွားသည်။
ထို့နောက်မှ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားသည်။
ပျောက်ကွယ်သွားသည့် ပုံစံမှာလည်း ထူးဆန်းလှပြီး ကောင်းကင်နှင့် မြေကြီးက မလိုလားသကဲ့သို့ အတင်းအကျပ် ဖယ်ရှားခံလိုက်ရသည့်ပုံ ဖြစ်သည်။
"နောက်ကို ဆုတ်ခွာ "
အော်ဟစ်သံတစ်ခု အမျိုးသမီး၏ နားထဲသို့ ရောက်သွားသည်။
တာအိုဝတ်ရုံ ဝတ်ဆင်ထားသော လူငယ်အမျိုးသမီးသည် နန်းတော်ထဲသို့ အလောတကြီး ပြေးဝင်သွားသည်။
နောက်မှ လိုက်လံတိုက်ခိုက်နေသော မိစ္ဆာများမှာလည်း အလျှော့မပေး။
ဒုန်း
အလွန်ပင် ပြင်းထန်သော လက်ဝါးစွမ်းအားသည် တောင်တန်းတစ်ခုပမာ ရောက်ရှိလာသည်။
ချက်ချင်းပင် အမြန်ဆုံး ပြေးလာသော လူပုံသဏ္ဌာန်ရှိသော မိစ္ဆာကို ဖျက်ဆီးလိုက်သည်။
အခန်း (၁၉၂) - ပရမ်းပတာဖြစ်မှု
တစ်ချိန်တည်းမှာပင်။
အမျိုးသမီးသည် နန်းတော်ဘက်မှ ဖြူစင်ရိုးသားခန့်ညားချောမော သော အရိပ်တစ်ခု လျင်မြန်စွာ ပြေးထွက်လာသည်ကို မြင်လိုက်ရသည်။
ထိုအရိပ်မှာ လူပုံသဏ္ဌာန်ရှိသော မိစ္ဆာအုပ်စုဆီသို့ တိုက်ရိုက် သွားရောက်တိုက်ခိုက်လိုက်သည်။
ထိုလူပုံသဏ္ဌာန်ရှိသော မိစ္ဆာတို့မှာ အလွန်ပင် ထူးဆန်းပြီး မောပန်းခြင်းမရှိကာ တိုက်ခိုက်ပုံမှာလည်း အလွန်ပင် ယုတ်ညံ့လှသည်။
အကာအကွယ်ကျောက်စိမ်းကို အနည်းငယ်မျှ ထိတွေ့ရုံဖြင့် ဖျက်ဆီးပစ်နိုင်သည်။
တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးသည် သူမတစ်ခါမျှ မကြုံဖူးသော ကြောက်မက်ဖွယ်အကောင်းဆုံး အခြေအနေကို ခံစားလိုက်ရသည်။
သို့သော် လီယန်ချူရှေ့တွင်မူ ဤမိစ္ဆာတို့မှာ အားနည်းလွန်းနေပုံရသည်။
ပြင်းထန်သော ဓားအလင်းရောင်တို့မှာ တရစပ် ဖြစ်ပေါ်နေသည်။
မြေပြင်ကို လေဆင်နှာမောင်း ဖြတ်သန်းသွားသကဲ့သို့ပင်
ထိုမိစ္ဆာတို့မှာ တစ်ကောင်ပြီးတစ်ကောင် အသတ်ခံလိုက်ရသည်။
လုံးဝ ပျက်စီးသွားပြီး မည်းမှောင်သော အငွေ့အသက်များအဖြစ် ပြောင်းလဲသွားကာ ဤလောကဓါတ်တို့က အတင်းအကျပ် ဖယ်ရှားပစ်လိုက်သည်။
"အမလေး "
"တာအိုဆရာ ခင်ဗျားက တကယ်ကို ကြမ်းတာပဲ ကျွန်တော့်ကို ကယ်ပါဦး "
အဝေးမှ ကြမ်းတမ်းပြီး ထိတ်လန့်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
လူပုံသဏ္ဌာန်ရှိသော မိစ္ဆာတစ်ဒါဇင်ကျော်၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံနေရသူမှာ ထိုလူပင် ဖြစ်သည်။
လီယန်ချူသည် တာအိုဝတ်ရုံဝတ် အမျိုးသမီးကို ဆွဲကိုင်လိုက်ပြီး နန်းတော်အတွင်းသို့ ပစ်သွင်းလိုက်သည်။
အမျိုးသမီးသည် ခါးနေရာမှ အားကောင်းသော တွန်းကန်မှုကို ခံလိုက်ရပြီး လူတစ်ခုလုံး လွင့်ထွက်သွားသည်။
တုံ့ပြန်ရန်ပင် အချိန်မရလိုက်ပေ။
အမျိုးသမီးမှာ အလွန်တုန်လှုပ်သွားသည်။
ထိုအရှိန်ဖြင့် တိုင်ကို တိုက်မိလျှင် သို့မဟုတ် မြေကြီးပေါ် ပြုတ်ကျလျှင် အရိုးအကြောများ ကျိုးကြေသွားလိမ့်မည်ဟု သူမ စိတ်ထဲတွင် တွေးလိုက်မိသည်။
နားထဲတွင် လေတိုးသံများ ကြားနေရသည်။
သို့သော် အနည်းငယ်သာ အလှမ်းဝေးသော နေရာမှ တာအိုဝတ်ရုံ ဝတ်ဆင်ထားသည့် အမျိုးသမီးမှာ နန်းတော်ထဲသို့ အမှားအယွင်းမရှိ အတိအကျ ပစ်သွင်းခြင်း ခံလိုက်ရသည်။
မြို့ရိုးကို တိုက်ခိုက်သည့် မြားကဲ့သို့ ပစ်လွှတ်ခံရသော်လည်း၊ မြေပြင်သို့ မကျခင်မှာပင် နူးညံ့သော အားတစ်ခု ပေါ်ပေါက်လာသည်။
အမျိုးသမီးမှာ တုံ့ပြန်ချိန် မရသော်လည်း မြေပြင်ပေါ်သို့ အသာအယာ ကျရောက်သွားသည်။
ထိုမျက်စိအမြင်နှင့် ပစ်အားမှာ အံ့ဩမဆုံး ဖြစ်ရသည်။
လီယန်ချူသည် ခွဲခြားဆက်ဆံခြင်း မရှိဘဲ ဝဝဖြိုးဖြိုး အမျိုးသားဆီသို့ လျင်မြန်စွာ ပျံသန်းသွားသည်။
"ညိုကီ သတိထားပါ "
လီယန်ချူက အော်ပြောလိုက်သည်။
ထို့နောက် ကျောက်တျန်းတံဆိပ် ကို ပင့်ဆောင်လိုက်သည်။
ရှေးဟောင်းနန်းဆန်သော တံဆိပ်ငယ်သည် ကောင်းကင်သို့ ပျံတက်သွားပြီး ကြီးမားသွားသည်။
နေမင်းကြီးကဲ့သို့ တောက်ပနေသည်။
တံဆိပ်မှ ထွက်ပေါ်လာသော သန့်စင်သည့် မီးလျှံများသည် ဝဝဖြိုးဖြိုး အမျိုးသားနောက်မှ လူပုံသဏ္ဌာန် မိစ္ဆာများကို ချက်ချင်းပင် ဝါးမြိုသွားသည်။
ခဏအတွင်းမှာပင် မိစ္ဆာများမှာ ပြာအဖြစ် ပြောင်းလဲသွားသည်။
"အမလေး "
ဝဝဖြိုးဖြိုး အမျိုးသားမှာ နာကျင်စွာ အော်ဟစ်လိုက်သည်။
ကြောက်လန့်သွားပုံရသည်။
သူ၏ ပြေးနှုန်းမှာလည်း ရုတ်တရက် အဆမတန် မြန်ဆန်လာသည်။
ချက်ချင်းပင် မြေငလျင်လှုပ်သကဲ့သို့ ခံစားရစေသည်။
လူတစ်ယောက် ပြေးနေသည့် အသံဟု မယုံနိုင်စရာ ဖြစ်သည်။
တောထဲတွင် အကြီးဆုံးနှင့် အကြမ်းဆုံး တောဝက်ပင် ထိုမျှ မဖြစ်နိုင်ပေ။
သူ့ကိုယ်ပေါ်တွင် နန်းတော်မှ မှော်ပစ္စည်းများ ရှိနေသဖြင့် အော်ဟစ်ရင်း နန်းတော်ထဲသို့ ပြေးဝင်သွားသည်။
လီယန်ချူက နောက်မှ လိုက်သွားသည်။
ဝဝဖြိုးဖြိုး အမျိုးသားမှာ ကြောက်လန့်နေဆဲပင်။
"လွတ်ပြီ လွတ်ပြီ "
မိစ္ဆာများကြောင့် ကြောက်သည်လား၊ လီယန်ချူ၏ တံဆိပ်ကြောင့် ကြောက်သည်လား မသိနိုင်ပေ။
"တာအိုဆရာ အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
တာအိုဝတ်ရုံနှင့် အမျိုးသမီးက လီယန်ချူကို အရိုအသေပေးသည်။
လီယန်ချူက ခေါင်းညိတ်ကာ လက်ခံလိုက်သည်။
"တာအိုဆရာ ကျွန်မတို့ ထပ်တွေ့ပြန်ပြီ တစ်ရက်တည်းနဲ့ နှစ်ကြိမ်တောင် ကယ်တင်ပေးတာမို့ ကျေးဇူးတင်ရမည့် စကားလုံးတောင် မရှိတော့ပါဘူး "
တာအိုဝတ်ရုံနှင့် အမျိုးသမီးမှာ လီယန်ချူ အရင်က ကယ်တင်ခဲ့ဖူးသည့် တင်းရုံ ဖြစ်နေသည်။
မင်းက တကယ်ကို ကံဆိုးတဲ့သူပါလား...လီယန်ချူက ပြုံးလျက်
"သာမန်ကူညီပေးရုံပါ၊ စိတ်ထဲ မထားပါနဲ့"
"ဟာ... အလန်းလေးပါလား ဒါပေမဲ့ ဘုန်းကြီးကျောင်းမှာပဲ နေရစ်ခဲ့ရတော့မှာပေါ့"
ဟု ကြမ်းတမ်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
လီယန်ချူ ကြည့်လိုက်ရာ ထိုဝဝဖြိုးဖြိုး အမျိုးသားက သူ့ကို လက်ယှက်၍
"တာအိုဆရာ အသက်ကယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် မဟုတ်ရင် ကျွန်တော့်အသက်က ဒီမှာပဲ ကျန်ခဲ့တော့မှာ နောင်အခွင့်ရေးရှိရင် ကျေးဇူးဆပ်ပါ့မယ် "
လီယန်ချူက
"ရပါတယ် ကျေးဇူးတင်စရာ မလိုပါဘူး ဒီလောက် က ဘာမှ မဟုတ်ပါဘူး "
ဝဝဖြိုးဖြိုး အမျိုးသားမှာ အံ့ဩသွားပြီး
"ကျွန်တော်က ဇူဖူကွေ့ ပါ တာအိုဆရာ ကို ဘယ်လို ခေါ်ရမလဲ "
တင်းရုံကလည်း စိတ်ဝင်တစား ကြည့်နေသည်။
လီယန်ချူက သူ၏ နာမည်မှန်ကိုပင် ပြောပြလိုက်သည်။
ဇူဖူကွေ့က လီယန်ချူကို ချီးကျူးစကားများ ပြောနေသည်။
လီယန်ချူက ပြုံးရုံသာ ပြုံးသည်။
ထို့နောက် ဇူဖူကွေ့သည် တင်းရုံနှင့် စကားပြောရန် ကြိုးစားသည်။
သူ၏ အလွန်အမင်း တက်ကြွမှုကြောင့် တင်းရုံ မျက်မှောင်ကြုတ်သွားသည်။
သို့သော် သူမ၏ အေးစက်စက် အမူအရာက ဇူဖူကွေ့ကို ပို၍ စိတ်ဝင်စားသွားစေသည်။
လီယန်ချူက ဘေးမှကြည့်ရင်း ရယ်ချင်နေသည်။
ဇူဖူကွေ့မှာ သေဘေးမှ လွတ်လာပြီးချင်း တင်းရုံကို လိုက်ဖွန်ကြောင် နေခြင်းမှာ တကယ့်လူစွမ်းကောင်းပင် ဖြစ်သည်။
သူ၏ ကိုယ်ခန္ဓာကြီးသလို နှလုံးသားကလည်း ကြီးမားပုံရသည်။
ဇူဖူကွေ့သည် တင်းရုံကို စေ့စေ့ကြည့်သည်။
ကြည့်လေ ပိုလှလေပင်။ တောက်....
အသားရေ နုပျိုပြီး မျက်ဝန်းလေးက ရွှမ်းစိုလှပနေကာ ပါးပြင်မှာလည်း နီရောင်သန်းနေကာ အချောလေးတစ်ဦး ဖြစ်ပြီး တာအိုဝတ်ရုံနှင့် ပို၍ ပေါ်လွင်နေသည်။
တင်းရုံမှာ မျက်မှောင် ပို၍ ကြုတ်လာသည်။
လီယန်ချူက
"ခုနက လူပုံသဏ္ဌာန်ရှိတဲ့ မိစ္ဆာတွေက ဘာလဲ"
ဟု မေးလိုက်သည်။
တင်းရုံက ဇူဖူကွေ့ကို ရှောင်ဖယ်ရင်း
"ကျွန်မ အပျက်အစီးတွေကြားက ဖြတ်လာတော့ ရုတ်တရက် အဲဒီမိစ္ဆာတွေ ပေါ်လာတာပဲ မှော်ပစ္စည်းနဲ့တောင် မကာကွယ်နိုင်ဘူး "
အပျက်အစီးတွေလား...လီယန်ချူ မျက်မှောင်ကြုတ်လိုက်သည်။
အပျက်အစီးတွေအောက်မှာ ဒီမိစ္ဆာတွေ ပုန်းနေတာလား
ဇူဖူကွေ့ကလည်း
"ကျွန်တော်ကတော့ လမ်းလျှောက်နေရင်းကနေ မြေကြီးအောက်ကနေ မိစ္ဆာတွေ ထွက်လာပြီး ကျွန်တော့်ကို မြင်တာနဲ့ မျက်လုံးတွေ တောက်ပပြီး ပျော်နေတာပဲ "
"ကျွန်တော့် မှော်ပစ္စည်း နှစ်ခုတောင် ပျက်စီးသွားတယ် တာအိုဆရာ သာ မကယ်ရင် အရှင်လတ်လတ် အစားခံရမှာ "
ဇူဖူကွေ့၏ စကားကို ကြားပြီး လီယန်ချူနှင့် တင်းရုံတို့ တိတ်ဆိတ်သွားသည်။
အတိအကျ ပေါ်လာမည့် အချိန် မရှိဘူးလား
ဒါက မတော်တဆ ဖြစ်တာလား
လီယန်ချူ စိတ်ထဲတွင် တွေးလိုက်သည်။
သာမန်ဆိုလျှင် မိစ္ဆာတစ်ကောင်မှ မတွေ့ရဘဲ ဘာကြောင့် ခုမှ ပေါ်လာရသလဲ။
ဒီမိစ္ဆာတွေက လူ့အသားကို လိုချင်တာဆိုလျှင် လူများများ ရှိလေ ပိုမို အန္တရာယ်များလေ မဟုတ်ဘူးလား။
လီယန်ချူသည် ထိုနှစ်ဦးကို ကြည့်ပြီး နန်းတော်အပြင်ဘက်ကို ကြည့်လိုက်သည်။
"ဒီ ကျန်းထင်ရှန်း နတ်ဘုရားနယ်မြေက ပိုပိုပြီး အန္တရာယ်များလာပြီ "
လီယန်ချူ စိတ်ထဲတွင် တွေးလိုက်သည်။
ဖြစ်နိုင်သည်မှာ နယ်မြေအတွင်းမှ မိစ္ဆာများမှာ ကြုံရာပစ်ခတ် တိုက်ခိုက်ခြင်း ဖြစ်နိုင်သည်။
သို့မဟုတ် ကျန်းထင်ရှန်းနှင့် နီးကပ်လာသောကြောင့် မိစ္ဆာများ ပိုမိုလှုပ်ရှားလာခြင်း ဖြစ်နိုင်သည်။
မည်သို့ပင် ဖြစ်စေ၊ သူတို့၏ အခြေအနေမှာ ပိုမို အန္တရာယ်များလာသည်။
နဂိုက မှတ်ယူထားသည့် အချက်များမှာ ယခု ပြောင်းလဲသွားနိုင်သည်။
ဥပမာအားဖြင့်။
နန်းတော်ထဲတွင် နေထိုင်လျှင် လုံခြုံသည် ဆိုသည့်အချက်ပင်။
လီယန်ချူ၏ အတွေးကို အတည်ပြုသကဲ့သို့ နန်းတော်အပြင်ဘက်တွင် ပြင်းထန်သော မိစ္ဆာအငွေ့အသက်များ ပေါ်လာသည်။
ဇူဖူကွေ့နှင့် တင်းရုံတို့လည်း ခံစားမိပြီး သတိထားလိုက်ကြသည်။
ဒီခံစားချက်မျိုး။
ဇူဖူကွေ့ မျက်မှောင်ကြုတ်သည်။
မိစ္ဆာတွေ
အရိပ်ပေါင်းများစွာ ရုတ်တရက် ပေါ်လာသည်။
ငရဲမှ လွတ်မြောက်လာသော ဝိညာဉ်များကဲ့သို့ပင်
လိမ်လည်တွန့်လိမ်နေသော လူပုံသဏ္ဌာန်ရှိသည့် မိစ္ဆာများ မြေကြီးအောက်မှ ထွက်လာကြသည်။
ပြီးနောက် ငြိမ်သက်စွာ ရပ်နေကြသည်။
မိစ္ဆာအငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။
လေထုထဲတွင် မခံမရပ်နိုင်လောက်အောင် လေးလံသော ဖိအားများ ဖြစ်ပေါ်လာသည်။
လူတိုင်း၏ အရေပြားပင် ထူပူလာရသည်။