အခန်း (၆၆၁-၆၆၃)
Vol. 45 Ch. 661-663
အပိုင်း ( 661 )
နိယာမခုနစ်ခု၏ ဖန်ဆင်းခြင်း
ကြယ်တာရာ T-Rex နတ်ဘုရားသည် အသစ်မွေးဖွားလာသည့် စွမ်းအားအသစ်တစ်ခုနှင့်အတူ အဆုံးမဲ့ ရောင်ခြည်များကို ထုတ်လွှတ်လာခဲ့သည်။
ကောင်းကင်ဘုံနှင့် ကမ္ဘာမြေမှာ ပြင်းပြင်းထန်ထန် လှုပ်ခါသွားခဲ့ပြီး၊ မျက်လုံးသုံးလုံးဘုရင် ပြုလုပ်ထားသည့် နယ်မြေကပင် ပြိုကျတော့မည့် လက္ခဏာရပ်များ ပြသလာခဲ့သည်။
“ ဘာကြီး။ အဲ့တာက ……. “
မျက်လုံးသုံးလုံးဘုရင်၏ မျက်လုံးများ လှုပ်ခတ်သွားကာ၊ သူ၏အမူအရာမှာလည်း ပထမဦးဆုံးအကြိမ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ခန္ဓာကိုယ်ထံမှ နိယာမတို့၏ စွမ်းအားများ ပေါက်ထွက်လာခဲ့သည်၊ အဆိုပါ ပြည့်ဝအဆင့် မူလနိယာမ ခုနစ်ခုသည် သံသရာစက်ဝန်းတစ်ခုကို ဖွဲ့စည်းလာခဲ့သည်။
ဟင်းလင်းပြင် နိယာမ …..
လေဟာနယ် ကွဲထွက်သွားပြီး၊ ကြီးမားသော ကမ္ဘာတစ်ခုသည် ဤဟင်းလင်းပြင်အတွင်းတွင် ဖန်ဆင်းခံလိုက်ရသည်။
ထို့နောက်တွင် ဓာတ်ကြီးငါးပါး နိယာမ ဆင်းသက်လာခဲ့ပြီး၊ သက်ရှိအားလုံးကို ပျိုးထောင်ပေးနိုင်မည့် အသက်ဓာတ်အဖြစ် ပြောင်းလဲသွားခဲ့သည်။
ဒုတိယအနေဖြင့် ဘဝ/ကံကြမ္မာနိယာမ ပေါင်းစည်းလာခဲ့ပြီး၊ သက်ရှိအားလုံးအတွက် လမ်းကြောင်းများကို တွယ်ဆက်လိုက်သည်။
ထို့နောက်တွင် အသက်နှင့် မရဏ နိယာမ ဝင်ပါလာခဲ့ပြီး၊ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကို ဟန်ချက်ညီစေကာ၊ လောကနိယာမကို ထိန်းသိမ်းထားခဲ့သည်။
သူသည် အစီအရင်အဆောင် နိယာမကို ချည်တန်းနှင့် ချည်ဖြတ်အဖြစ် အသုံးပြုကာ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေတို့၏ နိယာမများကို ပေါင်းစည်းကာ ကမ္ဘာတစ်ခုလုံးတွင် ရှုပ်ထွေးသော ပုံစံကွက်များ ပေါ်ထွက်လာစေခဲ့သည်။
ထို့နောက်တွင် လက်နက်နိယာမသည် ဤကမ္ဘာကြီးအတွင်းသို့ ပေါင်းစည်းလာခဲ့သည်၊ ဓားချီသည် တောင်များအဖြစ် ပြောင်းလဲသွားကာ၊ ပုဆိန်ကြီးများမှာ ကမ္ဘာမြေ၏ အလိုဆန္ဒဖြစ်လာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေ ဟင်းလင်းပြင်ကို စောင့်ကြပ်လာခဲ့သည်။
အဆုံးတွင် အချိန်နိယာမသည် ချည်မျှင်ကဲ့သို့သော စွမ်းအင်လှိုင်းတို့ဖြင့် ဆင်းသက်လာခဲ့သည်၊ ချက်ချင်းဆိုသလိုပင် အချိန်ကုန်ဆုံးသွားသည့်အလား ဖြစ်နေသည့် လက္ခဏာရပ်တို့မှာ ဤကမ္ဘာကြီးထဲတွင် ပေါ်ပေါက်လာခဲ့သည်။
နိယာမ ခုနစ်ခု၏ ဖန်ဆင်းခြင်း
မျက်စိတစ်မှိတ်အတွင်းမှာပင်
ပြည့်ဝအဆင့် မူလနိယာမ ခုနစ်ခုသည် နယ်မြေတစ်ခုကို ဖွဲ့စည်းခဲ့ပြီး၊ ၎င်းမှာလည်း လျင်မြန်စွာ ကြီးမားကျယ်ပြန့်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် ဤနေရာတွင် ရှိနေကြသည့် လူတိုင်းမှာ ကမ္ဘာငယ်တစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့သည်။
၎င်းမှာ ကြယ်တာရာ T-Rex နတ်ဘုရား ဖန်ဆင်းထားသည့် ကမ္ဘာဖြစ်သည်။
“ အဲ့တာ၊ အဲ့တာက ………. “
“ သူက ကမ္ဘာတစ်ခုကို တကယ်ကြီး ဖန်တီးနိုင်ခဲ့တာလား “
ဆံနက် အမျိုးသမီး အထွတ်အထိပ် ပညာရှင်သည် အံ့ဩတကြီး ဖြစ်သွားခဲ့သည်။
ဆံနီအထွတ်အထိပ် ပညာရှင်မှာလည်း ထပ်တူထပ်မျှ အံ့အားသင့်သွားခဲ့သည်။
နဝမအဆင့်က ကမ္ဘာတစ်ခု ဖန်တီးနေတာလား
အံ့ဖွယ်
မကြုံစဖူး ဖြစ်ရပ်ထူး
ဘုရင်သုံးပါးကပင် ကမ္ဘာတစ်ခု ဖန်ဆင်းနိုင်သည့် ထိုကဲ့သို့သော စွမ်းရည်မျိုး မပိုင်ဆိုင်ထားဘူးဆိုသည်ကို သိကြရမည် ဖြစ်သည်။
အန္တိမအဆင့်နှင့် အန္တိမတစ်ပိုင်း ပညာရှင်တို့ကသာ ထိုကဲ့သို့ ပြုလုပ်နိုင်ကြသည်။
သို့သော် ယခုတွင်ကား နဝမအဆင့်တွင် ရှိနေသည့် ကြယ်တာရာ T-Rex နတ်ဘုရားမှာ ၎င်းကို အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
အကယ်၍ အဆင့်နိမ့် သိုင်းပညာရှင်များ(သို့) သာမန်လူများက ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ သူတို့သည် ဒူးထောက်ရှိခိုးလာကြမည် ဖြစ်သည်။
ထိုစဥ် မျက်လုံးသုံးလုံးဘုရင်၏ အမူအရာမှာလည်း အနည်းငယ် မည်းမှောင်သွားခဲ့သည်။
“ ပြည့်ဝအဆင့် နိယာမ ခုနစ်ခုလား ………… အဲ့တာတွေထဲမှာ အန္တိမ နိယာမတစ်ခုပါ ရှိနေတယ်ပေါ့ “
ငါ့ကို ပြောကြစမ်းပါဦး၊ ဒီသောက်ကျိုးနည်း ငကြောင်ကောင်က နဝမအဆင့်လားဟ
အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည့် သူကပင် နိယာမ ခုနစ်ခု နားမလည်ထားဘူးဆိုသည်ကို သိကြရမည် ဖြစ်သည်။
အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များအနက် လူအများစုသည် နိယာမ ငါးခုကိုသာ နားလည်ထားကြသည်။
ယခု သူနှင့် ကြယ်တာရာ T-Rex နတ်ဘုရားကြားတွင် ရှိနေသည့် အကြီးမားဆုံး ကွာခြားချက်မှာ သူက သူ၏ နိယာမငါးခုကို ပြီးပြည့်စုံသည်အထိ ကျင့်ကြံထားခဲ့ခြင်းပင် ဖြစ်သည်။
သို့သော် ပြီးပြည့်စုံသော နိယာမ ခုနစ်ခုကို ပိုင်ဆိုင်ထားခြင်းကပင် ကမ္ဘာတစ်ခုကို ဖန်ဆင်းရန် လုံလောက်မနေခဲ့ပေ။
ထိုအဆင့်သို့ ရောက်ရှိရန်အတွက်၊ လူတစ်ဦးသည် ကမ္ဘာတစ်ခု၏ အခြေခံ နိယာမ စည်းမျဥ်းများနှင့် ဒြပ်စင်များကို တည်ဆောက်ရန်အတွက် အဆိုပါ နိယာမ ခုနစ်ခုကို ထပ်ခါတလဲလဲ လည်ပတ်ပေးရမည် ဖြစ်သည်။
ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက ကမ္ဘာသည် မပြည့်မစုံဖြစ်ကာ၊ လျင်မြန်စွာ ပြိုကွဲပျက်စီးသွားမည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ အစစ်အမှန် ကမ္ဘာတစ်ခုကို ဖန်တီးထားခဲ့သည်။
၎င်းမှာ ကြောက်မက်ဖွယ်အကောင်းဆုံး အပိုင်းဖြစ်သည်။
၎င်းသည် နိယာမများအပေါ်တွင် ရှိနေသည့် ပြိုင်ဘက်၏ နားလည်မှုက အံ့ဖွယ်ကောင်းသော အဆင့်တစ်ခုအထိ ရောက်ရှိနေပြီဖြစ်ပြီး၊ သူက အထွတ်အထိပ်နယ်ပယ်သို့ တက်လှမ်းလာသည်နှင့်တစ်ပြိုင်နက် အဆင့်မြင့် အထွတ်အထိပ်အဆင့်တွင် ပြိုင်ဘက်ကင်းမည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။
“ ဒီလောက်တောင် ပြဿနာများတဲ့ကောင်က ကြယ်ပြာဂြိုဟ်ပေါ်မှာ ဘယ်လိုလုပ် ပေါ်လာရတာလဲဟ “
မျက်လုံးသုံးလုံးဘုရင်၏ အမူအရာမှာ အလွန်တရာ မည်းမှောင်နေလျက်ရှိသည်။
သို့သော် ယခုလက်ရှိ အချိန်မှာ ၎င်းတို့ကို တွေးတောစဥ်းစားနေရမည့် အချိန် မဟုတ်ပေ။
အဘယ့်ကြောင့်ဆိုသော် သူသည် ထိုကမ္ဘာ၏ ဖိနှိပ်မှုကို အာရုံခံမိနေသောကြောင့် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ဦးခေါင်းကို မော့ကာ၊ ကီလိုမီတာ အနည်းငယ် အကွာရှိ မျက်လုံးသုံးလုံးဘုရင်ကို အေးစက်စွာ စိုက်ကြည့်လာခဲ့သည်။
သူသည် အေးစက်စွာ ပြောဆိုလာခဲ့သည် “ ဒူးထောက် “
ထိုစကားလုံးများ ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ရုတ်တရက် ပေါက်ထွက်လာခဲ့သည်။
၎င်းသည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်ဖြစ်သည့် မျက်လုံးသုံးလုံးဘုရင်အပေါ်ကိုပင် ကြီးမားသော ဖိအားတစ်ခု သက်ရောက်သွားစေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် ဤကမ္ဘာကြီး၏ အရှင်သခင်ပင် ဖြစ်သည်။
အဘယ့်ကြောင့်ဆိုသော် ဤကမ္ဘာက သူ၏ဖန်တီးမှုဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် သူသည် ဤကမ္ဘာ၏ နိယာမစည်းမျဥ်းများကို စိတ်ကြိုက်ပြောင်းလဲနိုင်ပေသည်။
မျက်လုံးသုံးလုံးဘုရင်ကဲ့သို့သော အပြင်လူ/ကျူးကျော်သူများထံသို့ အဆတစ်ထောင်၊ အဆတစ်သောင်းရှိသည့် ဖိအားများ ပို့လွှတ်နေခဲ့သည်။
ကမ္ဘာတစ်ခုလုံးကို မျက်လုံးသုံးလုံးဘုရင်အပေါ်သို့ ဖိချလိုက်သည့်အလား ဖြစ်နေခဲ့သည်။
ဤကမ္ဘာကြီးအတွင်း၌ ကြယ်တာရာ T-Rex နတ်ဘုရားသည် မျက်လုံးသုံးလုံးဘုရင်ကို အဆုံးစွန်ဆုံးသော အခြေအနေအထိ ဖိနှိပ်နိုင်သည့် အကြွင်းမဲ့အာဏာကို ပိုင်ဆိုင်ထားခဲ့သည်။
“ ဟမ့် “
အေးစက်စက် နှာခေါင်းရှုံ့သံတစ်သံ ပေါ်ထွက်လာခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်၏ အရှိန်အဝါမှာ ပြင်းပြင်းထန်ထန် ပေါက်ထွက်လာခဲ့သည်၊ သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်နေခဲ့ပြီး၊ ဖိနှိပ်မှုကို မခံရသည့်အလား ဖြစ်နေခဲ့သည်။
“ ဒါက ကမ္ဘာပျက်တစ်ခုကလွဲပြီးတော့ ဘာမှမဟုတ်ဘူး၊ မင်းကိုယ်မင်း နတ်ဘုရားတစ်ပါးလို့ ထင်နေတာလား “
မျက်လုံးသုံးလုံးဘုရင်သည် လှောင်ပြောင်ပြောဆိုလာခဲ့ပြီး၊ သူ့ပတ်ပတ်လည်တွင် ရှိနေသည့် ကမ္ဘာကြီးကို လှည့်ပတ်ကြည့်ရှုနေခဲ့သည်။
ချက်ချင်းဆိုသလိုပင် သူသည် ဤကမ္ဘာကြီး၏ အနှစ်သာရကို မြင်တွေ့သွားခဲ့သည်။
၎င်းက အစစ်အမှန် ကမ္ဘာတစ်ခုဖြစ်သော်လည်း၊ ချို့ယွင်းချက်များ ပါဝင်ကာ၊ မပြည့်မစုံ ဖြစ်နေခဲ့သည်။
ကြယ်တာရာ T-Rex နတ်ဘုရားက နဝမအဆင့်တွင်သာ ရှိနေသေးသည့်အတွက်၊ ကမ္ဘာတစ်ခုကို ဖန်ဆင်းခြင်းကပင် အလွန်တရာ ခက်ခဲနေပြီဖြစ်ပြီး၊ ၎င်းကို ပြီးပြည့်စုံအောင် ပြုလုပ်ရန်မှာ ယခုလက်ရှိအချိန်တွင် မည်သို့မျှ မဖြစ်နိုင်သေးပေ။
မျက်လုံးသုံးလုံးဘုရင်သည် ချို့ယွင်းချက်များ ရှိနေသည့် နေရာများကို ချက်ချင်းမြင်တွေ့သွားခဲ့သည်။
“ အဲ့တာက မင်းကို ဖိနှိပ်ဖို့ လုံလောက်တယ် “
ကြယ်တာရာ T-Rex နတ်ဘုရားမှ အေးစက်စွာ ပြောဆိုလိုက်သည်။
ထို့နောက်တွင် သူသည် ထပ်မံ၍ လှုပ်ရှားလာခဲ့သည်။
ပြည့်ဝအဆင့် နိယာမ ခုနစ်ခုဖြင့် ဖွဲ့စည်းထားသော ကမ္ဘာစွမ်းအားသည် မျက်လုံးသုံးလုံးဘုရင်ကို ဖိနှိပ်ရန် ရွေ့လျားလာခဲ့သည်။
ကမ္ဘာ့စွမ်းအားနှင့် နိယာမ နတ်စွမ်းအားတို့ကြားရှိ အခြေခံကွာခြားချက်မှာ ကမ္ဘာစွမ်းအားက နိယာမ စွမ်းအားများ ပါဝင်သည့် လွတ်လပ်သော စနစ်တစ်ခုဖြစ်ပြီး၊ စကြာဝဠာအပြင်ဘက်တွင် အမှီအခိုကင်းကင်း တည်ရှိနိုင်သကဲ့သို့၊ ရှိနေပြီးသား နိယာမတို့က ၎င်းကို မဖျက်စီးနိုင်သည့် အရာတစ်ခုဖြစ်နေဖြင်းပင် ဖြစ်သည်။
နယ်ပယ်များကြားတွင် သိသာထင်ရှားသော ကွာခြားချက် မရှိဘူးဆိုပါက၊ ကမ္ဘာစွမ်းအားသည် အဆင့်တူမှ အရာအားလုံးကို ဖိနှိပ်နိုင်ပေသည်။
“ ချို့ယွင်းချက်ရှိတဲ့ နိယာမတွေနဲ့ တည်ဆောက်ထားတဲ့ ကမ္ဘာမှာ ချို့ယွင်းချက်တွေ ရှိနေမှာပဲ “
မျက်လုံးသုံးလုံးဘုရင်သည် အေးစက်စွာ လှောင်ပြောင်ပြောဆိုလာခဲ့သည် “ တကယ်လို့ ငါက ကမ္ဘာစွမ်းအားလို့ခေါ်တဲ့ဟာရဲ့ ဖိနှိပ်မှုကို ခံရမယ်ဆိုရင်တောင်မှ၊ မင်းကို အသေသတ်ဖို့ လွယ်ကူနေတုန်းပဲ “
ထိုစကားနှင့်အတူ သူသည် ကမ္ဘာစွမ်းအား ဖိနှိပ်မှုကို ရင်ဆိုင်ကာ၊ လက်နှစ်ဖက်စလုံးဖြင့် စည်းတံဆိပ်များ ရေးဆွဲနေတော့သည်။
သူ၏ခါးတွင် အလင်းတန်းတစ်ခု ပေါ်ထွက်လာခဲ့သည် “ ဗွီ “
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ထူးဆန်းသော ပုံသဏ္ဍာန်ရှိသည့် အနက်ရောင် အရိုးချပ်ဝတ်တန်ဆာတစ်ခု ဖြစ်တည်လာခဲ့သည်။
၎င်းသာလျှင်မဟုတ်ဘဲ၊ သူ၏လက်ကို ဝေ့ရမ်းလိုက်ရာ၊ အနီရောင် ရွှေလှံတစ်ချောင်း ပေါ်ထွက်လာခဲ့သည်။
……………………………………………………………………………………………………………………………
အပိုင်း ( 662 )
နိယာမခုနစ်ခု၏ ဖန်ဆင်းခြင်း ၂
“ အထွတ်အထိပ်အဆင့် ရတနာ - နဂါးနတ်ဘုရား အဆင်တန်ဆာ “
ဆံနီအထွတ်အထိပ် ပညာရှင်၏ မျက်လုံးများထဲတွင် မနာလိုအားကျမှုတို့ဖြင့် ပြည့်နှက်သွားခဲ့သည် “ အဲ့ဒီလက်နက်က နဂါးမျိုးနွယ်စုရဲ့ အဆင့်၉ အထွတ်အထိပ် ပညာရှင် အယောက်တစ်ရာနဲ့ အထွတ်အထိပ် ပညာရှင်တစ်ယောက်ရဲ့ အလောင်းတွေနဲ့ လုပ်ထားပြီးတော့၊ အန္တိမ အထွတ်အထိပ်ရဲ့ တိုက်ကွက်ကို ခုခံနိုင်တယ်လို့ ပြောကြတယ် ”
ကမ္ဘာ့ကြယ်သည် ထိုကဲ့သို့သော အဆင့်မြင့် ရတနာကို မပိုင်ဆိုင်ထားခဲ့ပေ။
၎င်းမှာ အမှောင်နယ်မြေ တော်ဝင်မိသားစုမှ မျက်လုံးသုံးလုံးဘုရင်ကို လက်ဆောင်ပေးထားခြင်း ဖြစ်ပြီး၊ သူ၏ တစ်ခုတည်းသော အထွတ်အထိပ်အဆင့် ရတနာတစ်ခုလည်း ဖြစ်သည်။
“ အထွတ်အထိပ်အဆင့် ရတနာလား။ မဟုတ်ဘူး၊ အဲ့တာက အန္တိမနယ်ပယ်နဲ့တောင် နီးစပ်နေနိုင်တယ် “
ထိုရတနာကို မြင်လိုက်ရသောအခါတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ နှုတ်ခမ်းတသပ်သပ် ဖြစ်သွားခဲ့သည်။
ပကတိ အထွတ်အထိပ်နယ်ပယ်တွင် လက်နက်များကို သုံးခဲလှသည်။
နဂါးနတ်ဘုရား အဆင်တန်ဆာကို ဝတ်ဆင်ခဲ့ပြီးသည့်နောက်၌၊ မျက်လုံးသုံးလုံးဘုရင်၏ အရှိန်အဝါမှာ လုံးဝပြောင်းလဲသွားခဲ့ပြီး၊ ကမ္ဘာစွမ်းအား၏ ဖိနှိပ်မှုကို မခံရတော့သည့်ပုံပင်။
သူသည် ကြယ်တာရာ T-Rex နတ်ဘုရားကို အေးစက်စက် စိုက်ကြည့်လာခဲ့သည် “ သေဖို့ ပြင်ဆင်ထားလိုက်တော့ “
ဘုမ်းးး
ထိုစကားလုံးများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသည့် သတ်ဖြတ်လိုစိတ်ကပါ အဖော်ပြု လိုက်ပါလာခဲ့သည်။
အနက်ရောင် အရိုး ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားကာ၊ အနီရောင် ရွှေလှံကို ကိုင်ဆောင်ထားသည့် မျက်လုံးသုံးလုံးဘုရင်သည် ကြယ်တာရာ T-Rex နတ်ဘုရားထံသို့ ကမူးရှူးထိုး ပြေးတက်လာခဲ့သည်။
ဤမျှနီးကပ်လွန်းလှသော အကွာအဝေးသည် အထွတ်အထိပ် ပညာရှင်က မျက်စိတစ်မှိတ်အတွင်းမှာပင် ကျော်ဖြတ်နိုင်သည့် အကွာအဝေးဖြစ်သည်။
ကြယ်တာရာ T-Rex နတ်ဘုရားသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး၊ မျက်လုံးသုံးလုံးဘုရင်ထံသို့ သူ၏လက်ဝါးကို မကြောက်မလန့် ဆန့်ထုတ်လိုက်သည်။
နေဖမ်းဆုပ်ခြင်း လက် ….
သူသည် ကြီးမားသော လက်ကြီးသည် မျက်လုံးသုံးလုံးဘုရင်ကို ဖုံးလွှမ်းသွားပြီး၊ အနီရောင် ရွှေလှံနှင့် အရင်ဦးဆုံး ထိတွေ့သွားခဲ့သည်။
ဝရုန်းးး
အဆုံးမဲ့ ကမ္ဘာစွမ်းအားများ ဒလဟော စီးဆင်းလာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား၏ လက်ဝါးနှင့် ပေါင်းစည်းသွားကာ၊ သူ၏ နတ်စွမ်းအားကို မြင့်တက်သွားစေခဲ့သည်။
ကမ္ဘာစွမ်းအား မြင့်တက်လာခြင်းနှင့်အတူ၊ အံ့ဖွယ်ကောင်းသည့် စွမ်းအားတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
“ ဟမ့် “
ကြယ်တာရာ T-Rex နတ်ဘုရား၏ နေဖမ်းဆုပ်ခြင်း လက်က ထိုကဲ့သို့သော စွမ်းအားမျိုး ပိုင်ဆိုင်ထားသည်ကို မြင်လိုက်ရသောအခါတွင် မျက်လုံးသုံးလုံးဘုရင်၏ မျက်ဝန်းများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်၊ သို့သော် ထို့နောက်၌ ချက်ချင်းဆိုသလိုပင် သူ၏ အကြည့်များ အလွန်တရာ အေးစက်သွားခဲ့သည် “ ချိုးဖျက် “
သူ၏ အနီရောင် ရွှေလှံသည် နဂါးဟိန်းသံ ခပ်ဖျော့ဖျော့ပါဝင်နေသည့် အသံတစ်ခုကို ထုတ်လွှတ်လာခဲ့သည်။
ထိုအချိန်၌ နဂါးဝိညာဥ် အခုတစ်ရာကျော်မှာ တစ်ပြိုင်နက် ဟိန်းဟောက်လာခဲ့သည်။
“ ဝေါင်းးးးး “
အနီရောင် ရွှေလှံသည် တောက်ပလွန်းသော အလင်းတန်းတစ်ခုကို ထုတ်လွှတ်လာခဲ့သည်၊ ၎င်းသည် ကမ္ဘာတစ်ခုလုံးနီးပါးကို ဖုံးလွှမ်းသွားခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ချက်ချင်း ဖိနှိပ်လာခဲ့သည်။
“ မျက်လုံးသုံးလုံးဘုရင်က မျှော်လင့်ထားတဲ့အတိုင်းပဲ “
“ နဂါးနတ်ဘုရား အဆင်တန်ဆာရဲ့ အားဖြည့်ပေးမှုနဲ့ဆိုရင် ကြယ်ပြာသားရဲကောင်တော့ လုံးဝသွားပြီ “
ဆံနီ အထွတ်အထိပ် ပညာရှင်သည် ထိုမြင်ကွင်းကို စောင့်ကြည့်နေရင်းဖြင့် ပျော်ရွှင်သွားခဲ့သည်။
အနီရောင် ရွှေလှံသည် ကမ္ဘာဖျက် မုန်တိုင်းတစ်ခုသဖွယ် ဖြစ်နေသည့် စွမ်းအားများကို ထုတ်လွှတ်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ချက်ချင်းဝါးမြိုသွားခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအချိန်၌၊ မျက်လုံးသုံးလုံးဘုရင်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ဖြစ်တည်လာခဲ့သည်။
သို့သော် တစ်ခဏအကြာတွင် သူ၏ မျက်ဝန်းများ ကျဥ်းမြောင်းသွားခဲ့ရသည်။
မုန်တိုင်း၏ အလည်ဗဟိုမှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။
အဆိုပါ ရွှေရောင် အလင်းတန်းသည် အံ့ဖွယ်ကောင်းသည့် အမြန်နှုန်းဖြင့် လျင်မြန်စွာ ကြီးမားလာခဲ့သည်။
၎င်းသည် အနီရောင် ရွှေလှံက ဖွဲ့စည်းထားသည့် နယ်မြေကို မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုံးလွှမ်းသွားခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်ကို ပို၍ အံ့ဩသွားစေခဲ့သည့်အရာမှာ သူ၏ အနီရောင် ရွှေလှံမှ တုန်ခါမှုတစ်ခု ထွက်ပေါ်လာခဲ့ပြီး၊ အဆိုပါ တုန်ခါမှုလှိုင်းလုံးထဲတွင် အကြောက်တရား၏ အရိပ်အငွေ့များ ပါဝင်နေသည်ကို အာရုံခံမိခဲ့ခြင်းပင် ဖြစ်သည်။
၎င်းသည် အရှေ့ဘက်တွင် ရှိနေသည့် တစ်စုံတစ်ခုကို ကြောက်ရွံ့နေပုံရပြီး၊ သူ၏ ချပ်ဝတ်တန်ဆာကိုပင် တုန်ခါသွားစေခဲ့သည်။
“ အဲ့တာက ……… “
မီးခိုးများ လွင့်ပျယ်သွားသည့် အချိန်၌ ကြယ်တာရာ T-Rex နတ်ဘုရားမှာ ထိုနေရာတွင်သာ အေးအေးလူလူ ရပ်နေသေးသည်။
သူ၏လက်ထဲတွင်မူ ရွှေရောင်ဓားရှည်တစ်လက် ရှိနေခဲ့သည်။
အနီရောင် ရွှေလှံ ကြောက်ရွံ့နေသည့် အရာမှာ အဆိုပါဓားရှည်ပင် ဖြစ်သည်။
“ ဘုမ်းးး “
ရုတ်တရက်ဆိုသလိုပင် အဆိုပါ ရွှေရောင် ဓားရှည်ထံမှ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားတစ်ခု ပေါက်ထွက်လာခဲ့သည်။
အဆိုပါ ဖိအားသည် မျက်လုံးသုံးလုံးဘုရင်ကို အမူအရာ ပြောင်းလဲသွားစေခဲ့သည်။
အစတွင် သူသည် ထိုဓားကို မမှတ်မိသေးဘဲ၊ ၎င်းက သူကဲ့သို့ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်တစ်ဦးအား စိတ်လေးလံသွားစေသည်ဟုသာ ခံစားနေခဲ့ရသည်။
“ လူသားဧကရာဇ်ရဲ့ဓားလား “
ထိုမြင်ကွင်းကို စောင့်ကြည့်နေသည့် လူများအနက် မြေအောက်လောကဘုရင် တစ်ဦးတည်းကသာလျှင် ရုတ်တရက် မှင်သက်သွားခဲ့သည်။
ကမ္ဘာ့ကြယ်၏ ခေါင်းဆောင်တစ်ဦးဖြစ်သည့်အလျောက်၊ သူသည် မျက်လုံးသုံးလုံးဘုရင်ထပ် အဆင့်ပိုမြင့်ပိုကာ၊ သတင်းအချက်အလက်များကို ပိုမိုသိရှိနေခဲ့သည်။
သူ့အရှေ့တွင် ရှိနေသည့် ဓားသည် သူ့အား တစ်စုံတစ်ခုကို အမှတ်ရသွားစေခဲ့ပြီး၊ သူ့အား ဤကိစ္စ၏ အတိမ်အနက်ကို နားလည်သွားစေခဲ့သည်။
…
ကြယ်တာရာ T-Rex နတ်ဘုရားသည် သူ၏ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်ထဲတွင် ရှိနေသည့် လူသားဧကရာဇ် ဓားကို ထုတ်ယူလိုက်သည်၊ ယခု၌ သူသည် အဆိုပါ အန္တိမ နတ်လက်နက်ကို ကိုင်ဆောင်ရုံသာ ကိုင်ဆောင်ထားနိုင်ခဲ့သည်။
လူသားဧကရာဇ်၏ ဓားအား ကြယ်အူတိုင် အခုတစ်ရာကျော်ကို အသုံးပြု၍ ထုလုပ်ခဲ့ပြီး၊ တည်ရှိမှုတစ်ခုအဖြစ် ပုံသွင်းထားခဲ့သည်။ အဆိုပါ ဓားကို သွန်းလုပ်ရန်အတွက် လူသားဧကရာဇ်သည် ငြှိမ်းသက်၍ မရသော ကြယ်အဖွဲ့အစည်း အခုတစ်ရာကျော်အား ဖျက်စီးသိမ်းပိုက်ခဲ့ပြီး၊ ၎င်းကို သန့်စင်ရန်အတွက် ရာစုနှစ်တစ်ခုတိတိ အချိန်ယူခဲ့ရသည်ဟု ဆိုကြသည်။
ကြယ်တာရာ T-Rex နတ်ဘုရားက ၎င်း၏ စွမ်းအားကို မစမ်းသပ်ရသော်လည်း၊ အန္တိမအဆင့် လက်နက်ဖြစ်သည့် ၎င်းက အထွတ်အထိပ် ရတနာများထပ် အဆပေါင်းများစွာ သာလွန်နေမည်မှာ မြေကြီးလက်ခတ်မလွဲပင်။
ကြယ်တာရာ T-Rex နတ်ဘုရား၏ ယခုလက်ရှိ နဝမအဆင့် အထွတ်အထိပ် စွမ်းအားဖြင့်ပင် ၎င်းကို ကိုင်ဆောင်ရန် အလွန်တရာ ခဲယဥ်းနေခဲ့သည်။
“ ဝှစ် ဝှစ် “
အဆုံးမဲ့ ကမ္ဘာစွမ်းအားများသည် ပင်လယ်ရေများကဲ့သို့ တိုးဝင်လာကြသော်လည်း၊ ရွှေရောင်ဓားကို မည်သို့မျှ စိတ်မကျေနပ်သွားစေခဲ့ပေ။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကမ္ဘာငယ်၏ စွမ်းအားအားလုံးနီးပါးသည် ရွှေရောင်ဓားရှည်၏ စုပ်ယူခြင်းကို ခံလိုက်ရသည်။
သို့သော် ၎င်းသည် ဓားရှည်၏ အပုံတစ်သောင်းပုံတစ်ပုံသာ ရှိသော စွမ်းအားကို ထုတ်လွှတ်ရန်အတွက်ပင် လုံလောက်မနေခဲ့ပေ။
သို့ရာတွင် ထိုကဲ့သို့ ဖြစ်နေခဲ့သော်လည်း၊ ၎င်းသည် သူ့အရှေ့တွင် ရှိနေသည့် မျက်လုံးသုံးလုံးဘုရင်ကို ဖိနှိပ်နေနိုင်သေးသည်။
“ သေ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် ထိုဓားကို သူ၏လက်နှစ်ဖက်စလုံးဖြင့် ဆုပ်ကိုင်ကာ၊ အားပါပြင်းထန်စွာ ခုတ်ပိုင်းလာခဲ့သည်။
ဘုမ်းးးးး
ဓားအလင်းတန်းသည် ကြယ်မြစ်တစ်စင်းအလား ဖြစ်နေခဲ့ပြီး၊ ရာနှင့်ချီသော ကြယ်များက တစ်ပြိုင်နက် ပေါက်ကွဲသွားသကဲ့သို့ ဖြစ်နေသည့် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို ထုတ်လွှတ်လာခဲ့သည်။
ခမ်းနားထည်ဝါသည့် အလင်းတန်းတစ်ခု ပေါက်ထွက်လာခဲ့ပြီး၊ ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ဆုတ်ဖြဲကာ၊ မျက်လုံးသုံးလုံးဘုရင်ကို တိုက်ခိုက်နေတော့သည်။
မျက်လုံးသုံးလုံးဘုရင် လက်ထဲတွင် ရှိနေသည့် အနီရောင် ရွှေလှံသည် ထိုဖိအားအောက်တွင် ချက်ချင်း ကျိုးပဲ့ပျက်စီးသွားကာ၊ အပိုင်းပိုင်း အစစ ဖြစ်သွားခဲ့သည်။
ဝုန်းးး
အလင်းတန်းများသည် မိုးသဖွယ် သည်းထန်စွာ ရွာသွန်းလာခဲ့ပြီး၊ မျက်လုံးသုံးလုံးဘုရင်ကို ခေါင်းငုံ့သွားအောင် ဖိအားပေးလာခဲ့ကာ၊ သူ၏ ခန္ဓာကိုယ်ကို ကွေးညွတ်စေခဲ့သည်။
ထိုအခိုက်အတန့်တွင် သူသည် မျက်လုံးများ ပြူးကျယ်သွားကာ ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။
“ မြေအောက်လောကဘုရင်၊ ကျွန်တော့်ကို ကယ်ပါဦး “
ဘုမ်းးး
ထို့နောက်၌ ချက်ချင်းဆိုသလိုပင် အလင်းတန်းနှစ်ခုသည် အရှေ့သို့ တဟုန်ထိုး ပြေးတက်လာခဲ့သည်။
၎င်းတို့မှာ မြေအောက်လောကဘုရင်နှင့် မင်ကျိတို့ပင် ဖြစ်သည်။
သူတို့နှစ်ဦးသည် မျက်လုံးသုံးလုံးဘုရင်၏ အရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားကို တားဆီးလိုက်ကြသည်။
ကမ္ဘာ့ကြယ်၏ ခေါင်းဆောင်ဖြစ်သည့် မြေအောက်လောကဘုရင်သည် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များအနက် အစွမ်းထက်ဆုံးလူဖြစ်သည့်အလျောက်၊ အံ့ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေခဲ့ပြီး၊ ပြီးပြည့်စုံသော နိယာမသုံးခုကို နားလည်ထားခဲ့သည်။
ဤအချိန်၌ မြေအောက်လောကဘုရင်သည် သူ၏စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ကာ၊ ရွှေရောင်ဓားကို တန်ပြန်တိုက်ခိုက်နေခဲ့သည်။
မင်ကျိမှာလည်း ဆိုးရွားသွားသည့် သူမ၏ အသွင်အပြင်ကို လျစ်လျူရှုထားခဲ့သည်၊ ကြောက်မက်ဖွယ်ရာ ဖိအားသည် သူမ၏အဝတ်များကို ချေမွသွားကာ၊ သူမ၏ ကျောက်စိမ်းရောင် အသားအရည်နှင့် အဖုအထစ်များကို လှစ်ဟပြသနေခဲ့သည်၊ သူမသည် ၎င်းတို့အားလုံးကို လျစ်လျူရှုထားကာ ဓားကို ပိတ်ဆို့တားဆီးရန်သာ အာရုံစိုက်နေခဲ့သည်။
ထိုအချိန်၌ ၎င်းသည် အန္တိမနယ်ပယ်မှ ပညာရှင်တစ်ဦးက တိုက်ခိုက်လာသည့်အလား ဖြစ်နေခဲ့ပြီး၊ ဓားချက်တစ်ချက်သည် အထွတ်အထိပ် ပညာရှင်သုံးဦးကို ဖိနှိပ်နေခဲ့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် ဆံနီအထွတ်အထိပ် ပညာရှင်၊ ဆံနက် အမျိုးသမီးနှင့် တစ်ခြား အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်နှစ်ဦးတို့မှာလည်း လျင်မြန်စွာ သတိဝင်လာပြီး၊ ချက်ချင်း ကူညီလာခဲ့သည်။
အထွတ်အထိပ် ပညာရှင်များသည် သူတို့၏ ပုံရိပ်များကိုပင် ဂရုမစိုက်ဘဲ၊ အတူတကွ ရှေ့တက်လာခဲ့သည်။
အဆိုပါ ဓားမှာ အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းနေခဲ့သည်။
၎င်းမှာ အန္တိမအဆင့် စွမ်းအားကို သယ်ဆောင်ထားသည့် ကြယ်တာရာ T-Rex နတ်ဘုရား၏ အစွမ်းအထက်ဆုံး တိုက်ခိုက်မှုဖြစ်နေခဲ့ပြီး၊ အကယ်၍ ၎င်းကိုသာ အပြင်ကမ္ဘာတွင် ထုတ်လွှတ်လိုက်မည်ဆိုပါက၊ ၎င်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကို ချက်ချင်း ဖျက်စီးသွားမည် ဖြစ်သည်။
“ ဝေါင်းးး “
ဆံနီ အထွတ်အထိပ် ပညာရှင်မှ ဟိန်းဟောက်လာခဲ့သည်၊ သူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။
အဆိုပါ ဓားတစ်ချက်တည်းကိုပင် သူမခုခံနိုင်ခဲ့ပေ၊ စက္ကန့်ပိုင်းမျှအကြာတွင် သူ၏ခရမ်းရောင် နန်းတော် ပြိုကွဲသွားကာ၊ ရှေးဦးဝိညာဥ် ပေါက်ကွဲသွားပြီး၊ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားခဲ့သည်။
ထို့နောက် တစ်ခဏအကြာတွင် ဆံနက် အမျိုးသမီးမှာလည်း ဓားအလင်းတန်း၏ ထိုးဖောက်ခြင်းကို ခံလိုက်ရကာ၊ ချက်ချင်း သေဆုံးသွားခဲ့သည်။
တစ်ခြား အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်နှစ်ဦးကမူ ဒဏ်ရာအပြင်းအထန် ရရှိကာ၊ နောက်သို့ လွင့်ထွက်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ဓားအလင်းတန်းသည် မျက်လုံးသုံးလုံးဘုရင်၏ နှလုံးကို ထိုးဖောက်သွားကာ၊ သူ၏ အသွေးအသားများကို ပေါက်ကွဲလုမတတ် ဖြစ်သွားစေခဲ့သည်။
ကြောက်မက်ဖွယ်ကောင်းသည့် ဓားအလင်းတန်းသည် ကောင်းကင်ဘုံနှင့် ကမ္ဘာမြေကိုပင် ခုတ်ပိုင်းသွားပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရား ဖန်တီးထားသည့် ကမ္ဘာငယ်ကိုပါ ဖျက်စီးသွားခဲ့သည်။
ဓားအလင်းတန်းသည် ထိုအချိန်မှသာလျှင် ၎င်း၏ စွမ်းအားကို ဆုံးရှုံးသွားခဲ့ကာ၊ ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားခဲ့သည်။
“ ဟူးးး ……. “
မြေအောက်လောကဘုရင်နှင့် မင်ကျိတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု အရိပ်အငွေ့များ စွန်းထင်းနေခဲ့ကာ၊ သူတို့သည် အံ့ဩတကြီး ဖြစ်နေသော အမူအရာများဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို ထပ်ကြည့်လိုက်ကြသည်။
သူသည် ဤကဲ့သို့ တစ်ကြိမ်တစ်ခါမှ အရှက်မကွဲခဲ့ဖူးချေ။
ပြိုင်ဘက်သည် နဝမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေခဲ့သော်လည်း၊ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်ထားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ယခုတွင် အရာအားလုံး ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။
မျက်လုံးသုံးလုံးဘုရင်က ဒဏ်ရာ အပြင်းအထန် ရရှိသွားခဲ့သော်လည်း၊ အထွတ်အထိပ်အဆင့်တွင် ရှိနေသည့် ပညာရှင်တစ်ဦးအနေဖြင့် သူ့ကိုယ်သူ လျင်မြန်စွာ ကုသနိုင်ပေသည်။
ဓားအလင်းတန်းထဲတွင် ပါဝင်နေသည့် နိယာမစွမ်းအားများက အနည်းငယ် ပြဿနာများသော်လည်း၊ ၎င်းမှာ သူ၏အသက်ကို ခြိမ်းခြောက်နိုင်ရန် မလုံလောက်သေးပေ။
မျက်လုံးသုံးလုံးဘုရင်သည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားကို မော့ကြည့်လာခဲ့သည်။
“ အန္တိမ လက်နက် “
သူသည် ကြယ်တာရာ T-Rex နတ်ဘုရား ကိုင်ဆောင်ထားသည့် အရာက အန္တိမအဆင့် လက်နက်တစ်ခုဆိုသည်ကို မှတ်မိနေခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်၏ မျက်လုံးများထဲတွင် တောင့်တမှုနှင့် လောဘတို့ဖြင့် ပြည့်နှက်သွားခဲ့သည်၊ သို့သော် သူသည် ပို၍ စိတ်သက်သာရာရသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ကြယ်တာရာ T-Rex နတ်ဘုရားမှာ နဝမအဆင့် အထွတ်အထိပ်တွင်သာ ရှိနေခဲ့သည်၊ အကယ်၍ သူကသာ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့မည်ဆိုပါက၊ သူတို့သည် ယနေ့တွင် မြေကြီးအောက်သို့ ရောက်ရှိသွားရလိမ့်မည် ဖြစ်သည်။
မျက်လုံးသုံးလုံးဘုရင်သည် ကြယ်တာရာ T-Rex နတ်ဘုရားကို ကြည့်ရှုနေခဲ့ပြီး၊ ပြိုင်ဘက်၏ နတ်စွမ်းအား အကုန်လုံးက အစောပိုင်း အချိန်က ဓားချက်နှင့်အတူ ကုန်ခမ်းသွားပြီဆိုသည်ကို သတိပြုမိနေခဲ့သည်။
“ မင်းက တော်တော်ကြီးကို အထင်ကြီးဖို့ကောင်းပါတယ်၊ ဒါပင်မဲ့ မင်းရဲ့ နယ်ပယ်ကတော့ တော်တော်ကြီးကို အားနည်းနေခဲ့တယ်၊ ဒီကိစ္စကို အဆုံးသတ်ရမဲ့ အချိန်ရောက်ပြီ “
မျက်လုံးသုံးလုံးဘုရင်သည် ဖြည်းဖြည်းချင်း မတ်တပ်ထရပ်လာခဲ့ပြီး၊ သူ၏ဒဏ်ရာများမှာ လျင်မြန်စွာ သက်သာ ပျောက်ကင်းသွားခဲ့သည်။
“ ပြီးသွားပြီ “
မျက်လုံးသုံးလုံးဘုရင်သည် လက်ဆန့်တန်းလာခဲ့ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ဖမ်းဆုပ်လာခဲ့သည်။
သို့သော် ထိုအချိန်၌ သူ၏ အမူအရာမှာ မမျှော်လင့်ထားသော တစ်စုံတစ်ခုကို အာရုံခံမိသွားသကဲ့သို့ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
“ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ “
မျက်လုံးသုံးလုံးဘုရင်သည် သူ၏ဦးခေါင်းကို ဆတ်ခနဲ ငုံ့ကာ၊ သူ့အောက်တွင် ရှိနေသည့် မြေပြင်ကျယ်ကို ငေးကြည့်ကာ၊ အထိတ်တလန့် ဖြစ်သွားခဲ့သည်။
……………………………………………………………………………………………………………………………………
အပိုင်း ( 663 )
ဘုရင်အဆင့် ပြိုင်ဘက်ကို သတ်ဖြတ်ခြင်း၊ ကြီးမားသော ရိတ်သိမ်းမှု
ကမ္ဘာမြေ လှုပ်ခါသွားခဲ့သည်။
မမြင်တွေ့ရသော စွမ်းအင်လှိုင်းတစ်ခုသည် အပြင်သို့ ပေါက်ထွက်လာခဲ့သည်။
အဆိုပါ စွမ်းအင်လှိုင်းအောက်တွင်၊ မိုင်ပေါင်းများစွာ အတွင်းရှိ နယ်မြေမှာ စွမ်းအင်များ ကုန်ဆုံးသွားပုံရကာ၊ တောင်တန်းများဖြစ်စေ၊ ပင်လယ်များဖြစ်စေ၊ အရာအားလုံးမှာ လျင်မြန်စွာ ညှိုးနွမ်းခြောက်သွေ့သွားခဲ့သည်။
ထိုအခိုက်အတန့်တွင် များပြားလွန်းလှသည့် သက်ရှိသတ္တဝါများသည် ပြာမှုန်များအဖြစ် ချက်ချင်း ပြောင်းလဲသွားကာ၊ လျင်မြန်စွာ လူသူကင်းမဲ့သွားခဲ့သည်။
နဝမအဆင့် သက်ရှိသတ္တဝါများကပင် ၎င်းကို မခုခံနိုင်ခဲ့ဘဲ၊ စက္ကန့်ပိုင်းအတွင်းမှာပင် ပြာမှုန်များအဖြစ် ဘဝပြောင်းသွားခဲ့သည်။
အဆိုပါ စွမ်းအင်လှိုင်းသည် ကြောက်ခမမ်းလိလိ မြန်ဆန်နေခဲ့ပြီး၊ ဘုရင်သုံးပါးကပင် ၎င်းကို မတားဆီးနိုင်ခဲ့ပေ။
တိတိကျကျ ပြောရမည်ဆိုပါက သူတို့သည် ၎င်းအား မည်ကဲ့သို့ တားဆီးရမလဲဆိုသည်ကို မသိကြခြင်း ဖြစ်သည်၊ သူတို့သည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို လုံးဝနားမလည်ခဲ့ကြပေ။
မီလီစက္ကန့်မပြည့်ခင် အချိန်မှာပင် မိုင်သိန်းနှင့်ချီ၍ ကျယ်ဝန်းသော မြေပြင်မှာ မြေပြန့်စွန့်ပစ်နယ်မြေ တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် မျက်လုံးသုံးလုံးဘုရင်သည် နတ်စွမ်းအား ကုန်ခမ်းသွားခဲ့သည့် ကြယ်တာရာ T-Rex နတ်ဘုရားက အရှိန်အဟုန်ဖြင့် ရုတ်တရက် အားကောင်းလာသည်ကို မြင်တွေ့သွားကာ၊ အံ့ဩတုန်လှုပ်သွားခဲ့သည်။
“ မကောင်းတော့ဘူး “
မျက်လုံးသုံးလုံးဘုရင်သည် မည်သည့်အရာများ ဖြစ်ပျက်နေလဲဆိုသည်ကို နားမလည်သော်လည်း ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက၊ ဆိုးရွားသော အခြေအနေတစ်ခုခု ဖြစ်ပေါ်လာမည်ဆိုသည်ကို သိနေခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်၏ အကြည့်များ စူးရှသွားကာ၊ ပြီးပြည့်စုံသော နိယာမတစ်ခု၏ စွမ်းအင်အမျှင်တန်းများသည် သူ၏ လက်ဝါးထဲတွင် လင်းလက်တောက်ပလာခဲ့ပြီး၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ရိုက်ချလိုက်သည်။
ဘုမ်းးးး
အဆိုပါ တိုက်ကွက်သည် ကောင်းကင်ကို ပိုင်းဖြတ်ကာ၊ ကြယ်တာရာ T-Rex နတ်ဘုရားကို ဖုံးလွှမ်းသွားခဲ့သည်။
၎င်းမှာ အဆင့်မြင့် အထွတ်အထိပ် ပညာရှင်၏ အင်အားအပြည့် တိုက်ခိုက်မှုဖြစ်သည်။
မည်သည့် အဆင့်နိမ့် အထွတ်အထိပ် ပညာရှင်ကမှ အဆိုပါ တိုက်ကွက်ကို ခုခံနိုင်လိမ့်မည် မဟုတ်ပေ။
“ သေ “
မျက်လုံးသုံးလုံးဘုရင်၏ အကြည့်များ အေးစက်နေခဲ့ကာ၊ သူ၏လက်ဝါးကို ဖိချလိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင်
“ ဘုမ်းးးးး “
အားကောင်း ပြင်းထန်သော ဖိအားတစ်ခု ပေါက်ထွက်လာခဲ့ကာ၊ ၎င်းနှင့်အတူ တောက်လောင်နေသည့် ရွှေရောင်အလင်းတန်းတစ်ခု အဖော်ပြု လိုက်ပါလာခဲ့ပြီး၊ မျက်လုံးသုံးလုံးဘုရင်၏ လက်ဝါးကို ချက်ချင်းဖြိုခွဲသွားခဲ့သည်။
ထို့နောက်တွင် အံ့ဖွယ်ကောင်းသည် ဓားအလင်းတန်းတစ်ခု တောက်ပလာခဲ့သည်၊ အရာအားလုံးကို ဖိနှိပ်နေတော့သည်။
“ ဘာကြီး။ သူက အဲ့အကွက်ကို ထပ်သုံးနိုင်သေးတာလား “
မြေအောက်လောကဘုရင်နှင့် မင်ကျိတို့၏ အမူအရာများ ပြောင်းလဲသွားကာ၊ အလိုအလျောက် နောက်ဆုတ်သွားကြသည်။
သူတို့မှာလည်း ယခင်က ဓားတိုက်ကွက်ကို ခုခံကာကွယ်ရန်အတွက် သူတို့၏ စွမ်းအားအကုန်လုံးကို အသုံးပြုခဲ့သည်။
ယခုတွင် ထပ်မံရောက်ရှိလာသည့် တိုက်ကွက်ကို အတင်းအကြပ် ခုခံကာကွယ်လိုက်မည်ဆိုပါက၊ သူတို့မှာလည်း ဒဏ်ရာအပြင်းအထန် ရရှိသွားမည်ဖြစ်သည်။
“ သေ “
ကြယ်တာရာ T-Rex နတ်ဘုရား၏ အရှိန်အဝါမှာ ပြိုင်ဘက်ကင်းနေခဲ့ပြီး၊ ချက်ချင်း မြင့်တက်လာခဲ့ကာ၊ သူ၏ အထွတ်အထိပ် အခြေအနေထပ်ပင် သာလွန်သွားခဲ့သည်။
သူသည် လူသားဧကရာဇ်ဓားကို ကိုင်ဆောင်၍ နောက်ထပ်ခုတ်ချက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
အဆိုပါ ဓား၏ စွမ်းအားသည် ယခင်က ကမ္ဘာအသေးစားလေးကို ဖျက်စီးခဲ့သည့် ဓားချက်ထပ်ပင် ပိုမိုအားကောင်းနေခဲ့သည်။
တိုက်ကွက်တစ်ခုတည်းဖြင့် ကမ္ဘာကြီးမှာပင် အရောင်ပြောင်းလဲသွားခဲ့ရသည်။
“ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ “
မျက်လုံးသုံးလုံးဘုရင်သည် သူ့ဆီသို့ လာနေသည့် ဓားချက်ကို အံ့ဩတုန်လှုပ်မှုများနှင့် မလိုလားမှုများ ပြည့်နှက်နေသော အမူအရာမျိုးဖြင့် ကြည့်ရှုနေခဲ့သည်။
သူသည် စွမ်းအင် ကုန်ခမ်းသွားသည့် ကြယ်တာရာ T-Rex နတ်ဘုရားက သူ၏ အထွတ်အထိပ် အခြေအနေသို့ မည်ကဲ့သို့ ပြန်လည်ရောက်ရှိသွားလဲဆိုသည်ကို နားမလည်နိုင် ဖြစ်နေခဲ့သည်။
နယ်ပယ်ပိုမြင့်လေလေ၊ နတ်စွမ်းအား ကုန်ခမ်းသွားသည့်နောက်တွင် ပြန်လည်ဖြည့်တင်းရန် ပိုခက်လေလေ ဖြစ်သည်။
အဆင့်မြင့် အထွတ်အထိပ်နယ်ပယ်တွင် ရှိနေသည့် သူကဲ့သို့ တစ်စုံတစ်ဦးအတွက်မူ အပြည့်အဝ ပြန်လည်ဖြည့်တင်းနိုင်ရန်အတွက် လပေါင်းစွာ(သို့) တစ်နှစ်တိတိ တံခါးပိတ်ကျင့်ကြံရမည် ဖြစ်သည်။
သို့သော် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ချက်ချင်းပြန်လည်ဖြည့်တင်းနိုင်ခဲ့ပြီး၊ ၎င်းမှာ သူ၏အထွတ်အထိပ် အခြေအနေကထပ်ပင် ပိုမိုအားကောင်းနေခဲ့သည်၊ ၎င်းမှာ လောကနိယာမအားလုံးကို ဆန့်ကျင်နေခြင်းပင် ဖြစ်သည်။
သို့သော် မျက်လုံးသုံးလုံးဘုရင်သည် ကမ္ဘာမြေကိုပင် ပိုင်းဖြတ်နိုင်သည့် ဓားချက်နှင့် ရင်ဆိုင်နေရသောကြောင့် များများစားစား တွေးတောမနေဘဲ၊ သူ၏ နိယာမစွမ်းအားကို စုစည်းကာ ခုခံနေတော့သည်။
ခရက် ခရက်
ထို့နောက် စက္ကန့်ပိုင်းမျှအကြာတွင် အံ့ဖွယ်ကောင်းသည့် ဓားအလင်းတန်းသည် သူ၏ခံစစ် အကုန်လုံးကို ထိုးဖောက်သွားပြီး၊ နဂါးနတ်ဘုရား အရိုးချပ်ဝတ်တန်ဆာအပေါ်သို့ ဆင်းသက်လာခဲ့ကာ၊ အဆိုပါ အန္တိမ အထွတ်အထိပ် ရတနာကို အော်ဟစ်ညီးညူသွားရစေခဲ့သည်၊ ၎င်း၏မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ဖြစ်တည်လာခဲ့သည်။
ထို့နောက်၌ အက်ကွဲကြောင်း တစ်ခုတည်းဖြင့် ပေါက်ကွဲထွက်သွားခဲ့သည်။
“ ဝှစ် “
ကောင်းကင်ထက်သို့ ဦးခေါင်းတစ်လုံး ပျံတက်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဓားအလင်းတန်းသည် မျက်လုံးသုံးလုံးဘုရင်၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားပြီး၊ ၎င်းကို လေထုထဲမှာပင် အပိုင်းပိုင်း အစစ ဖြစ်သွားစေခဲ့သည်။
သို့သော် အဆင့်မြင့် အထွတ်အထိပ် ပညာရှင်များသည် ရုပ်ခန္ဓာကို ဆုံးရှုံးသွားရမည်ဆိုလျှင်တောင်မှ၊ ရှေးဦးဝိညာဥ်သာ ကျန်နေသရွေ့၊ အထွတ်အထိပ် အခြေအနေသို့ တဖန်ပြန်၍ ရောက်ရှိလာနိုင်ဦးမည် ဖြစ်သည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားကမူ ထိုအခွင့်အရေးမျိုး ပေးမည် မဟုတ်ပေ။
“ ဖျက်စီးခြင်း “
သူ၏ လက်ညှိုးကို ညွှန်လိုက်ရာ၊ မမြင်ရသော လှိုင်းတစ်ခု ပျံ့လွင့်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် မျက်လုံးသုံးလုံးဘုရင်၏ ရှေးဦးဝိညာဥ်သည် နတ်ဘုရားတစ်ပါး၏ အပြစ်ပေးခြင်းကို ခံလိုက်ရသည့်အလား အံ့ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ညှိုးနွမ်းသွားခဲ့သည်။
မီလီစက္ကန့်မပြည့်ခင် အချိန်မှာပင် မျက်လုံးသုံးလုံးဘုရင်၏ ရှေးဦးဝိညာဥ်မှာ ပြာလုံးလုံး ဖြစ်သွားခဲ့သည်။
ကမ္ဘာ့ကြယ်ပေါ်တွင် နှစ်ပေါင်းများစွာကြာရှည်သည်အထိ ရပ်တည်နေခဲ့သည့် ပညာရှင်တစ်ဦးသည် ယခုတွင် လုံးဝကျဆုံးသွားခဲ့သည်။
“ ဖျက်စီးခြင်း နိယာမလား “
မြေအောက်လောကဘုရင်သည် တစ်စုံတစ်ခုကို မှတ်မိသွားပုံရကာ၊ ကြောက်လန့်တကြား ဖြစ်သွားခဲ့သည်။
မျက်လုံးသုံးလုံးဘုရင်ကို သတ်ဖြတ်ခဲ့ပြီးသည့်နောက်တွင် ကြယ်တာရာ T-Rex နတ်ဘုရား၏ အကြည့်သည် မြေအောက်လောကဘုရင်နှင့် မင်ကျိတို့ထံသို့ ရောက်ရှိသွားခဲ့သည်။
“ ထပ်လာ “
ကြယ်တာရာ T-Rex နတ်ဘုရားသည် လူသားဧကရာဇ်ဓားကို ထပ်မြှောက်လိုက်ကာ၊ နောက်တစ်ကြိမ် ထပ်တိုက်ရန် ပြင်လိုက်သည်။
မြေအောက်လောကဘုရင်နှင့် မင်ကျိတို့၏ အမူအရာများ ပြောင်းလဲသွားကာ၊ လျင်မြန်စွာ နောက်ဆုတ်သွားတော့သည်။
အကယ်၍ တစ်ခြားလူများကသာ ဤမြင်ကွင်းကို မြင်တွေ့သွားမည်ဆိုပါက၊ အံ့ဩလွန်းသဖြင့် မျက်လုံးများပင် ကျွတ်ထွတ်သွားမည် ဖြစ်သည်။
ဂုဏ်သိက္ခာကြီးမားသော အဆင့်မြင့် အထွတ်အထိပ် ပညာရှင်နှစ်ဦးသည် နဝမအဆင့် ပညာရှင်လေးတစ်ဦးကြောင့် မိုင်တစ်ထောင်အထိ နောက်ဆုတ်သွားခဲ့ကြသည်။
သို့ရာတွင် ကြယ်တာရာ T-Rex နတ်ဘုရားမှာ အမှန်တကယ် မတိုက်ခိုက်လာခဲ့ပေ။
ထို့အစား သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲကာ၊ သူ၏ ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ်အတွင်းသို့ တိုးဝင်ပျောက်ကွယ်သွားတော့သည်။
တစ်ချိန်တည်းမှာပင် မြေအောက်လောကဘုရင်နှင့် မင်ကျိတို့သည် ပြိုင်ဘက်၏ ရည်ရွယ်ချက်ကို နားလည်သွားကြသည်။
အဆင့်၉က သတ္တဝါလေးက ဒီလို စွမ်းအားမျိုးကို အများဆုံးအနေနဲ့မှ နှစ်ခါလောက်ပဲ အသုံးပြုနိုင်မှာ မဟုတ်လား။ သူက ဘယ်လိုလုပ် ဆက်သုံးနိုင်မှာလဲ
အခု သူ့ရဲ့ အကန့်အသတ်ကို ရောက်သွားပြီ
“ ဒီနေ့မှာ ဘာကိုပဲ ပေးဆပ်ရပါစေ၊ သူ့ကို ရအောင် ဖမ်းရမယ် “
မြေအောက်လောကဘုရင်သည် အေးစက်စွာ နှာခေါင်းရှုံ့လာခဲ့သည်၊ သူသည် ထိုကဲ့သို့သော ပါရမီရှင်အား ကြယ်ပြာဂြိုဟ်သို့ ပြန်သွားခွင့်ပေးကာ၊ အထွတ်အထိပ်အဆင့်သို့ တက်ရောက်ခွင့်ပေးလိုက်မည်ဆိုပါက၊ အန္တရာယ်ကြီးတစ်ခု ဖြစ်ပေါ်လာမည်ဆိုသည်ကို ကောင်းစွာသိရှိနေခဲ့သည်။
ပို၍ အရေးကြီးသော အရာမှာ ……..
မြေအောက်လောကဘုရင်၏ မျက်လုံးများသည် လောဘတို့ဖြင့် တောက်ပနေလျက်ရှိသည်။
ကြယ်တာရာ T-Rex နတ်ဘုရား ကိုင်ဆောင်ထားသည့် အန္တိမအထွတ်အထိပ် နည်းစနစ်နှင့် အန္တိမအဆင့် လက်နက်တို့သည် သူ့အတွက် အလွန်တရာ စွဲမက်ဖွယ်ကောင်းနေခဲ့သည်။
သို့သော် မြေအောက်လောကဘုရင်နှင့် မင်ကျိတို့ တိုက်ခိုက်ကြတော့မည့် အချိန်တွင် ……..
ဇွီ
ကြီးမားသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခု ရုတ်တရက် ပွင့်ထွက်လာခဲ့သည်။