← Chapters

ငါ့ကို မျှားခေါ်တာ

Vol. 9 Ch. 819

ငါ့ကို မျှားခေါ်တာ

Vol. 9 Ch. 819

ထိုလူငယ်သည်ကား...... ကုန်းစွန်းဝမ်အာက လွဲ၍ တခြားသူမဟုတ်ပေ။ သူမသည် ပိုင်ရှောင်ချန်းအယောင်ဆောင်ထားသဖြင့် သူမနှင့်မတူပေ။ သို့သော် ပိုင်ရှောင်ချန်းက သူမအပေါ် အကြည့်ရောက်သွားသည်နှင့် တစ်ပြိုင်နက် သူမကို မှတ်မိလိုက်သည်။

သူမ၏အပြုံး၊ နှုတ်ခမ်းသပ်ပုံနှင့် သူမ ဗိုက်ဆာနေကြောင်း ပြောနေသည်များကြောင့် ဖြစ်သည်။ ထိုအရာများအားလုံး၏ ဆိုးဝါးခြင်းက သူ့ခေါင်းကို မိုးကြိုးများ ပစ်ခတ်နေသည့်အလား ဖြစ်သွားစေတော့သည်။

သူက ရုတ်တရက် ဝင်္ကပါနှင့် ထိုဝင်္ကပါထဲတွင် သူမြင်ခဲ့ရသည့် မဖော်ပြနိုင်လောက်အောင် ကြောက်စရာကောင်းသော အရာများအားလုံးအကြောင်း ပြန်တွေးမိလိုက်သည်။

" သရဲ "

သူ ထိန်းမနိုင်သိမ်းမရ တုန်ရီသွားကာ တွေးလိုက်မိသည်။ တကယ်တမ်းပြောရလျှင် အော်ဟစ်မိမတတ်ပင်။ ဝင်္ကပါထဲမှာတုန်းက ကုန်းစွန်းဝမ်အာသည် မြေခဓားကမ္ဘာချောက်မှ ဝက်ဝံရုပ်ကလေးနှင့် ကလေးမလေးဖြစ်ကြောင်း အခိုင်အမာ ဖော်ပြခဲ့သည်။

" လဲ့ရှန် ဘယ်မှာလဲ " သူတွေးလိုက်သည်။

ထိုအခိုက်အတန့်မှာပင် ကုန်းစွန်းဝမ်အာ၏နောက်တွင် အရပ်မြင့်မြင်ထွားကြိုင်းသော လူတစ်ယောက် ပေါ်လာ၏။

သို့သော် သူ့ခန္ဓာကိုယ်ပေါ်တွင် အရေပြားမရှိသောကြောင့် ရဲရဲနီနေသည်။ သူ၏မျက်နှာသည်ကား နာကျင်မှုကိုပင် မခံစားရသည့်အလား ခံစားချက်ကင်းမဲ့နေသည်။ သူက ကြောက်လန့်ဖွယ်အကောင်းဆုံး အရှိန်အဝါများကို ထုတ်ရင်း ကုန်းစွန်းဝမ်အာ ဘေးရပ်နေ၏။

သူသည် မြေခဓားကမ္ဘာချောက်တွင် ထိုကလေးမ၏ အဖမ်းခံခဲ့ရပြီး အရှင်လတ်တလ် အရေခွံဆုတ်ခံခဲ့ရသည့် လဲ့ရှန်ပင်။

ပိုင်ရှောင်ချန်း၏ နှလုံးသားမှာ ပို၍ပင် တဒိန်းဒိန်းခုန်လာတော့သည်။ သူသည် ကုန်းစွန်းဝမ်အာမည်မျှ ကြောက်စရာကောင်းကြောင်းသိထားပြီး သခင်မလေးဟုန်ချိန်က သူမအတွက် ပြိုင်ဘက်တစ်ယောက် မဟုတ်ကြောင်း သေချာနေသည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူက စာတစ်စောင်ပို့ရန် ကျောက်စိမ်းပေလွှာကို ထုတ်လိုက်ပါသော်လည်း အလုပ်မလုပ်သည်ကိုသာ တွေ့လိုက်ရ၏။

သူ၏ ဝင်သက်ထွက်သက်မှာ လည်ချောင်းဝတွင် တစ်ဆို့သွားပြီး သူက ထွက်ပြေးသင့်၊ ထွက်မပြေးသင့် စဥ်းစားလိုက်သည်။ သူပြောနိုင်သည်မှာ ကုန်းစွန်းဝမ်အာ သူ့ကို မမှတ်မိသောကြောင့် သူ ထွက်ပြေးပြီး သရဲကြီးဘုရင်ထံ သတင်းပို့ခြင်းက ဤအချိန်တွင် အကောင်းဆုံးအစီအစဥ်သာ ဖြစ်လိမ့်မည်။

သို့သော် သူထွက်ပင် မပြေးနိုင်မီ သခင်မလေးဟုန်ချိန်က မျက်လုံးများ ကျဥ်းမြောင်းလိုက်ပြီး ဖမ်းဆုပ်သည့် လှုပ်ရှားမှုတစ်ခု ပြုကာ အနီရောင်ကြာပန်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။

" နောက်ဆုံးတော့ မျက်နှာပြပြီပေါ့လေ ပိုင်ရှောင်ချန်း။ သေဖို့သာ ပြင်ပေတော့ "

သခင်မလေးဟုန်ချိန်သည် အနှီပိုင်ရှောင်ချန်းနှင့် ပတ်သက်၍ ယခင်နှင့် ကွဲပြားနေကြောင်း သိလိုက်သော်လည်း သူမတွင် ထိုအကြောင်းစဥ်းစားရန် အချိန်မရှိပေ။ သူမက မန္တန်လက်ကွက်တစ်ကွက်ကို အလျင်အမြန် ဖော်လိုက်ရာ နတ်အဆင့်အခိုးအငွေ့များ တလိပ်လိပ်ထွက်ပေါ်လာတော့သည်။ ထို့နောက် သူမ၏ လက်ချောင်းကို ဝှေ့ယမ်းလိုက်ရာ ဧရာမလက်ချောင်းပုံရိပ်ယောင်ကြီး ပေါ်ပေါက်လာပြီး ဝူယုံတောင်ထံ ပြေးဝင်သွားသည့်အတွက် လေထဲတွင် လှိုင်းဂယက်များ ထသွားတော့သည်။

လက်ချောင်းပေါ်လာသည့် အခိုက်အတန့်တွင် လဲ့ရှန်က မော့ကြည့်လိုက်ပြီး သူ့မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်သော အလင်းတစ်ခု ဖျက်ခနဲ လက်သွား၏။ သူက ခေါင်းနောက်လှန်ရင်း ဟိန်းဟောက်လိုက်ရာ ကောင်းကင်ပြိုကွဲ၍ မြေပြင်တို့ အက်ကွဲသွားစေနိုင်သော အသံလှိုင်းများ တလိပ်လိပ် ပျံ့နှံ့သွားသည်။ ထို့နောက် သူက ခြေကို ဆောင့်နင်းကာ လေထဲ တဟုန်ထိုးတက်သွားသဖြင့် ဝူယုံတောင်၏ တတိယမြောက်တောင်ထိပ် ပြိုကျပျက်စီးသွားတော့သည်။

မိုးကောင်းကင်ကြီးမှေးမှိန်လာပြီး ပြင်းထန်သော ထစ်ခြုန်းသံများ ပဲ့တင်ထပ်လာတော့သည်။ လေပြင်းများ၏ အလယ်တွင် သခင်မလေးဟုန်ချိန်၏မျက်လုံးအိမ်များ ကျဥ်းမြောင်းသွားပြီး နောက်ထပ် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။

" တပ်ဖြန့် နေရာယူ "

ချက်ချင်းပင် သရဲကြီးတပ်ဖွဲ့၏ တပ်သား တစ်သောင်းကျော်က ဝူယုံတောင်ပတ်လည်တွင် တပ်ဖြန့်လိုက်ကာ မန္တန်ဝင်္ကပါကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။

ပိုင်ရှောင်ချန်းမှာ အာရုံစိုက်ခံရမည်ကို ရှောင်တိမ်းစေရန်အလို့ငှာ ဝိညာဥ်ကျင့်ကြံသူတပ်သားတစ်ယောက်နား ကပ်ရန် ကြိုးစားလိုက်သည်။ သို့သော် တတိယမြောက်တောင်ထိပ် မြေပြင်ပေါ် ပြိုကျနေဆဲ အခိုက်အတန့်တွင် ကုန်းစွန်းဝမ်အာ ပျောက်ကွယ်သွား၏။ သူမ ပြန်ပေါ်လာသောအခါ သခင်မလေးဟုန်ချိန်အနား မဟုတ်တော့ဘဲ မန္တန်ဝင်္ကပါကို အားဖြည့်ပေးနေသည့် အမြုတေအဆင့် ဝိညာဥ်ကျင့်ကြံသူ တပ်သားဘေးတွင် ဖြစ်သည်။

သူမက ထိုသို့ အံသြတုန်လှုပ်ဖွယ် အမြန်နှုန်းနှင့် ရွေ့လျားလိုက်သည့်အတွက် အမြုတေအဆင့်ဝိညာဥ်ကျင့်ကြံသူ တပ်သားမှာ မတုံ့ပြန်နိုင်လိုက်ပေ။ ကုန်းစွန်းဝမ်အာက အသက်ရှူသွင်းလိုက်၍ ဝိညာဥ်ကျင့်ကြံသူမှာ တုန်ရီသွားတော့သည်။ အချိန်တိုလေးအတွင်း သူ၏ ခန္ဓာကိုယ်သည် ခြောက်ကပ်သွားပြီး သူ၏မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်များထံမှ ဝိညာဥ်အလင်းများ ထွက်ပေါ်လာလေသည်။ ထို့နောက် သူက ခြောက်ကပ်နေသော အလောင်းတစ်လောင်း ဖြစ်သွားတော့သည်။

သူ၏ သက်စောင့်အား၊ ဝိညာဥ်နှင့် သူနှင့်ပတ်သက်သည့်အရာအားလုံးကို ကုန်းစွန်းဝမ်အာ စုပ်ယူသွားလေပြီ။ ထိုအခိုက်အတန့်တွင် ချောက်ချားဖွယ် ရယ်မောသံကြီးသည် တိုက်ပွဲကွင်းပြင်မှာ ထွက်ပေါ်လာရာ လူအားလုံး တုန်လှုပ်သွားကြတော့သည်။

ပိုင်ရှောင်ချန်းမှာ ကြောက်လွန်း၍ ရူးတော့မတတ်ခံစားနေရပြီး စိတ်ထဲတွင် အော်ဟစ်ငိုကြွေးနေတော့သည်။ သခင်မလေးဟုန်ချိန်မှာမူ မျက်နှာပျက်သွားပြီး နတ်စွမ်းအားများ ထုတ်လွှတ်ရင်း နောက်ထပ်မန္တန်လက်ကွက်တစ်ခု ဖော်ကာ ကုန်းစွန်းဝမ်အာကို တိုက်ခိုက်ရန်ပြင်လိုက်သည်။

ထိုစဥ် လဲ့ရှန်က လှစ်ခနဲ ရွေ့လျားလာကာ သူမထံသို့ အားပြင်းသော လက်သီးတစ်လုံး ထိုးသွင်းလိုက်သည်။

လဲ့ရှန်နှင့် သခင်မလေးဟုန်ချိန်တို့ တိုက်ခိုက်လိုက်ကြသဖြင့် ပေါက်ကွဲသံများ ဆူညံနေတော့သည်။ လဲ့ရှန်မှာ ဖျက်ဆီး၍မရနိုင်လောက်အောင် ဖြစ်နေသည်။ သခင်မလေးဟုန်ချိန်၏ မှော်ပစ္စည်းများက သူ့ကို ထိမှန်နေသည့်တိုင် သူ၏ အမူအရာကား လုံးဝ မပြောင်းလဲသည့်အပြင် အနည်းငယ်မျှ အားပျော့သွားခြင်း မရှိဘဲ ဆက်လက်တိုက်ခိုက်နေလေသည်။

" ချီးပဲ "

သခင်မလေးဟုန်ချိန်က မျက်စိမျက်နှာပျက်နေလျက် ပြောလိုက်သည်။ ကုန်းစွန်းဝမ်အာက ဟိုဟိုသည်သည် လူးလာပျံသန်းရင်း ဝိညာဥ်ကျင့်ကြံသူ တစ်ယောက်ချင်းစီအား ခြောက်ကပ်သွားသော အလောင်းများအဖြစ် ပြောင်းနေစဥ် တိုက်ပွဲကွင်းပြင်မှာ သူမ၏ရယ်မောသံကြီး ဆက်လက်လွင့်ပျံလျက်ရှိသည်။

ထိုသို့လုပ်ဆောင်ေနစဥ် သူမ၏အရှိန်အဝါက အားကောင်းသထက် အားကောင်းလာတော့သည်။

ထိုစဥ်ကုန်းစွန်းဝမ်အာ၏ အသံ ထွက်ပေါ်လာ၏။

" မင်းတို့ကောင်တွေမှာ ငါလိုက်ရှာနေတဲ့ ချီတွေ၊ သွေးတွေ ရှိနေတာကိုး ။ ကျင့်ကြံခြင်းအခြေခံရောပဲ။ လူ့ဘီလူးမျိုးနွယ်စုတွေမှာ စိတ်စွမ်းအင်ကော ရုပ်စွမ်းအင်ကော မပြည့်ဝဘူး။ လူ့ဘီလူးအယောက်တစ်ရာပေါင်းရင်တောင်မှ မင်းတို့ထဲကတစ်ယောက်ကို မယှဥ်နိုင်ဘူး "

သရဲကြီးတပ်သားများမှာ သူတို့၏ မန္တန်ဝင်္ကပါက လုံးဝအသုံးမဝင်ကြောင်း သဘောပေါက်လိုက်သဖြင့် အံသြတုန်လှုပ်ကာ အမူအရာများ ပျက်သွားတော့သည်။ ထိုမျှသာမက သူတို့၏ နတ်ဘုရားစွမ်းရည်များက ကုန်းစွန်းဝမ်အာအပေါ် သက်ရောက်ချိန်တွင် သူမမှာ ထိခိုက်ဒဏ်ရာမရသည့်အပြင် အရှိန်လျှော့သွားခြင်းလည်း မရှိပေ။

မည်သူမှ သူမကို တန်ပြန် မတိုက်ခိုက်နိုင်ကြချေ။ တပ်သားများမှာ သူတို့၏ သွေးသောက်တပ်သားများ တစ်ယောက်ပြီးတစ်ယောက် အလောင်းများအဖြစ် ခြောက်ကပ်သွားကြပြီး စုပ်ယူခံရသည်ကို ကြည့်သာကြည့်နေနိုင်တော့သည်။

၄င်းမှာ ထိတ်လန့်ချောက်ချားဖွယ် မြင်ကွင်းကြီးပင်။ အလွန်တိုတောင်းသော အချိန်လေးအတွင်း လူရာပေါင်းများစွာ ခြောက်ကပ်နေသော အလောင်းများအဖြစ် ပြောင်းခံလိုက်ကြရလေပြီ။ ပို၍ ချောက်ချားစရာကောင်းသည်မှာ ဝိညာဥ်ကျင့်ကြံသူများစွာအား စုပ်ယူပြီးနောက် ကုန်းစွန်ဝမ်အာက အသွင်ပြောင်းနေသောကြောင့်ပင်။ သူမက ပါးစပ်ကြီးဖြဲကာ ရယ်မောနေရင်း ဟိုဟိုသည်သည် တည်နေရာမရွှေ့ပြောင်းတော့ဘဲ လူတစ်ထောင်နီးပါးအား တရစပ် တိုက်ခိုက်နေလျက် သူမ၏ ဆံပင်များကို အရပ်မျက်နှာတစ်ခွင် ပို့လွှတ်လိုက်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် မရေမတွက်နိုင်သော ဆံခြည်မျှင်များသည် ဝိညာဉ်ကျင့်ကြံသူများ၏ နဖူးများကို ထိုးစိုက်သွားပြီး သူတို့ကို ခြောက်ကပ်သွားသည်အထိ စုပ်ယူလာကြသည်။ နာကျင်စွာအော်ဟစ်သံများ ပွက်လောရိုက်သွားသော်လည်း မကြာမီ လူတိုင်းမှာ ခြောက်သွေ့သွားသော အလောင်းများ ဖြစ်သွားသောကြောင့် တိတ်ဆိတ်သွားတော့သည်။

ကုန်းစွန်းဝမ်အာ၏ မျက်နှာကား ယခင်ထက်ပို၍ ဝင်းပလာပြီး သူမ၏ မျက်လုံးများတွင် ထူးခြားဆန်းကြယ်သော အလင်းများ တောက်ပနေ၏။

" နည်းနည်းလောက် ဆာသေးတယ် "

ကျန်ရှိသော သရဲကြီးတပ်သားများမှာ သိသာစွာ တုန်လှုပ်သွားပြီး အနှီသတ္တဝါကြီးနှင့် လုံးဝမရင်ဆိုင်လိုသောကြောင့် နောက်ဆုတ်လိုက်ကြသည်။ ထိုအထဲတွင် ပိုင်ရှောင်ချန်းသည်လည်း ပါဝင်ပြီး သူ့နှလုံးသားမှာ အချက်ပေးသံများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။ သို့သော် ထိုအခိုက်အတန့်တွင် ကုန်းစွန်ဝမ်အာသည် သူ့ကို သတိပြုမိပုံမရသေးပေ။

ကုန်းစွန်းဝမ်အာက အလောင်း တစ်ထောင်နီးပါးထံမှ သူမ၏ ဆံပင်များကို ပြန်နုတ်လိုက်ပြီးနောက် အသက်တစ်ချက်ရှူလိုက်သည်။ ထိုအချိန်တွင် စူးရှသော အနီရောင်အလင်းများ တောက်ပနေသည့် မျက်ဝန်းများနှင့် သခင်မလေးဟုန်ချိန်က လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ကွက်ကို ဖော်လိုက်ကာ သူမ၏မျက်နှာပုံရှိသည့် ဓမ္မရုပ်တုတစ်ခုကို ဆင့်ခေါ်လိုက်သည်။

" ဒီနေရာက ထွက်သွားစမ်း "

သူမက အော်လိုက်သည်။ ဓမ္မရုပ်တုကြီးက သတ်ဖြတ်လိုသော အငွေ့အသက်များ ထုတ်လွှတ်နေလျက် မန္တန်လက်ကွက်တစ်ကွက်ကို ဖော်လိုက်ရာ အလင်းများ ပြိုးပြိုးပြက်ပြက် လင်းလက်လာပြီးနောက် ဧရာမ အနီရောင်လှံကြီးအသွင် ပြောင်းလဲကာ လဲ့ရှန်ထံ ပြေးဝင်သွား၏။

လဲ့ရှန်ပင်လျှင် ထိုလှံကြီးအား မခုံခံနိုင်ဘဲ ၎င်းက သူ့ရင်ဘတ်ကို တန်းတန်းမတ်မတ် ထိုးစိုက်သွားပြီးနောက် ဝူယုံတောင်ဆီသို့ သူ့ကို ခေါ်ဆောင်သွားတော့သည်။

တခဏကြာသော် သူနှင့် လှံကြီးက တောင်ကို ထိမှန်သွားသည့်အချိန်တွင် မိုးကောင်းကင်တုန်လှုပ်၍ မြေပြင်တို့အက်ကွဲသွားစေသော ထစ်ခြုန်းသံများနှင့်အတူ တောင်ပစူးရှသော အနီရောင်အလင်းများ ဖြာထွက်လာတော့သည်။ တောင်၏ ကျန်ရှိသော တောင်ထိပ်လေးခုလုံး ကွဲကြေသွားကာ တုန်ခါလှိုင်းတစ်လှိုင်း လွင့်ပျံလာသောကြောင့် ပတ်ပတ်လည်ရှိ တောအုပ်ကြီးမှာ ပြာကျသွားတော့သည်။

တခဏကြာသော် ဖုန်မှုန့်များ ကင်းရှင်းသွားကာ ဧရာမ အက်ကွဲကြောင်းကြီး ပေါ်လာပြီး ၄င်း၏ အောက်ခြေတွင် ရင်ဘတ်မှာ ခေါင်းတစ်လုံးအရွယ်အစားရှိ အပေါက်ကြီးဖြင့် လဲ့ရှန်က လုံးဝလှုပ်ရှားခြင်းမရှိတော့ဘဲ လဲနေလေသည်။

သခင်မလေးဟုန်ချိန်မှာ ထိုနတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်ပြီးနောက် ခဲယဥ်းစွာ အသက်ရှူလိုက်ရင်း ဖြူဖပ်နေသော မျက်နှာနှင့် ကျန်ခဲ့လေသည်။ သို့သော် သူမ၏ ဖီးနစ်အလား မျက်လုံးလေးများမှာ သတ်ဖြတ်လိုစိတ်များဖြင့် စူးရှတောက်ပနေလျက် သူမက တုံ့ဆိုင်းမနေဘဲ ကုန်းစွန်းဝမ်အာထံ တဟုန်ထိုး ဦးတည်လာ၏။

ဝိုင်းထားကြသော တပ်သားများမှာ ထိုမြင်ကွင်းကြောင့် စိတ်အားတက်ကြွသွားသော်လည်း ပိုင်ရှောင်ချန်းမှာတော့ မဟုတ်ပေ။ လဲ့ရှန်သည် ရုပ်သေးရုပ်တစ်ရုပ်ထက် မပိုကြောင်း သူသိထားပြီး လဲ့ရှန်ကို သတ်ရန်အတွက် သခင်မလေးဟုန်ချိန်က ယခုကဲ့သို့ နတ်ဘုရားစွမ်းရည်မျိုးကို ထုတ်လွှတ်ခဲ့ရလျှင် ထိုသည်က ကုန်းစွန်းဝမ်အာကို ရှင်းရန် မည်မျှခက်ခဲမည်ဖြစ်ကြောင်း ပြသနေသည်။

" ကဲပါလေ ဘာဖြစ်မလဲ ကြည့်တာပေါ့ "

သူက ရင်တုန်တုန်နှင့် တွေးလိုက်သည်။

" သခင်မလေးဟုန်ချိန်သာ အသာစီးရရင် ငါဝင်ပြီး ကူမယ်။ မရရင်တော့ ငါ သူ့ကို ခေါ်ပြီး ထွက်ပြေးဖို့ ကြိုးစားမယ် "

ပိုင်ရှောင်ချန်းမှာ အချိန်အတော်ကြာကတည်းက တစ်ယောက်တည်း ထွက်ပြေးရန် စဥ်းစားနေခဲ့သည်။ သို့သော် အဖွဲ့နှင့် မပြေးလျှင် ကုန်းစွန်းဝမ်အာထံမှ မလိုချင်သော အာရုံစိုက်ခံရလိမ့်မည်ဟု ခံစားနေရသည်။

သူမက သူ့နောက်သို့ ယခုလို အချိန်အတော်ကြာ လိုက်နေခဲ့သည်သာမက သူ့အယောင်ဆောင်လာသည်မှာလည်း အလွန်သောကများစရာပင်။ သူသာ ထိုအကြောင်းကို နားမလည်ဘဲ ဖြစ်နေလျှင် နှစ်ပေါင်းများစွာ ကျင့်ကြံအားထုတ်လာခဲ့သည်က အလကားဖြစ်သွားပေလိမ့်မည်။

" ငါးစာချလိုက်တာ၊ ဒါ ငါ့ကို မျှားခေါ်ဖို့ပဲ "

ထိုအတွေးလေးကပင် သူ့ခေါင်းတစ်ခုလုံး ထူပူသွားပြီး သူ့နှလုံးသားမှာ နောင်တများဖြင့် တဒိန်းဒိန်းခုန်နေတော့သည်။

All Chapters