အခန်း (၂၂၆-၂၂၈)
Vol. 16 Ch. 226-228
အခန်း (၂၂၆)- ဧည့်သည် (၃)
~ဖက်တီးသည် သူမ၏ ခန္ဓာကိုယ်ကို လက်နက်သဖွယ် အသုံးပြုကာ ရမ်းကားတိုက်ခိုက်နေ၏။
ရေသူခိုးဂိုဏ်း ခေါင်းဆောင်ကြီး (၃) ဦးသည်လည်း သူတို့၏ လျှို့ဝှက်သိုင်းကွက်များကို ထုတ်ဖော်ကာ တိုက်ခိုက်နေကြပြီး၊ ယန်ရှောင်ယွင်ကလည်း နဂါးနက်လှံတံဖြင့် ဝိုင်းဝန်း ကူညီနေသည်။
မူလက လန်ယွဲ့နန်းတော်မှ တပည့်များသည် ခံစစ်အနေအထားဖြင့်သာ တောင့်ခံနေရပြီး ထာဝရည တောင်ကြားမှ လူအုပ်ကြီးနှင့် အားပြိုင်နေရခြင်း ဖြစ်၏။
သို့သော် ယခုအချိန်တွင်မူ အခြေအနေများ ပြောင်းလဲသွားပြီ ဖြစ်၏။ အင်အားသာလွန်မှုသည် လန်ယွဲ့နန်းတော်ဘက်သို့ ရုတ်ခြည်း ယိမ်းယိုင်လာတော့သည်။
ချက်ချင်းပင် ချူချိုယွီက အမိန့်ပေးလိုက်၏။
"ပုံစံပြောင်းမယ်... လမင်းအေး ပျံဝဲပန်းပွင့်"
သူမ၏ အမိန့်သံအဆုံးတွင် လန်ယွဲ့နန်းတော်မှ တပည့် (၃) ဦး လေထဲသို့ ခုန်တက်လိုက်ကြသည်။ သူမတို့၏ ဓားသွားဖျားများ ညွှန်ရာ အရပ်တိုင်းတွင် ထာဝရည တောင်ကြားမှ တပည့်များ ဒဏ်ရာရကာ လဲကျကုန်ကြသည်။
လေပေါ်မှ ပြန်ဆင်းလာသည်နှင့် တစ်ပြိုင်နက် ချူချိုယွီနှင့် အခြားသူများက ရှေ့သို့ တိုးဝင်လာကြသည်။ ရန်သူများ တုံ့ပြန်ရန် ပြင်ဆင်နေချိန်တွင် လူအုပ်ကြားမှနေ၍ ဓားရှည် (၃) လက် ပြိုင်တူ ထိုးထွက်လာ၏။
မျက်စိတစ်မှိတ်အတွင်း တိုက်ကွက်ပုံစံ ပြောင်းလဲသွားပြီး ခံစစ်မှ တိုက်စစ်သို့ ကူးပြောင်းကာ ဓားသွားများသည် ရန်သူ၏ အသက်သွေးကြောများကို ရှာဖွေ တိုက်ခိုက်နေကြတော့သည်။
ဆုမိုသည် တိုက်ပွဲကို စောင့်ကြည့်ရင်း သူဝင်ပါစရာ မလိုတော့ကြောင်း သဘောပေါက်လိုက်၏။ ထို့ကြောင့် သူသည် ဘေးတစ်ဖက်တွင် ရပ်ကာ ဓားကို ကိုင်ထားပြီး ထွက်ပြေးရန် ကြိုးစားသော ထာဝရည တောင်ကြားမှ လူများကို ပြန်လှည့်၍ ဆက်တိုက်ကြရန် 'ဖျောင်းဖျ' နေလိုက်၏။
တကယ် နားမထောင်သော သူတွေကိုတော့... နေရာမှာတင် သတ်ပစ်လိုက်ရုံပါပင်။
လက်ဖက်ရည် တစ်အိုး ကုန်လောက်သည့် အချိန်အတွင်းမှာပင် ထာဝရည တောင်ကြားမှ မတ်တပ်ရပ်နိုင်သူဟူ၍ မရှိသလောက် ဖြစ်သွားတော့သည်။
အသက်ဝဝ ရှူလိုက်ပြီးနောက် ချူချိုယွီသည် သူမ၏ ဂိုဏ်းတူ ညီမငယ်များနှင့်အတူ ဆုမိုထံ လျှောက်လာပြီး လက်နှစ်ဖက် ဆုပ်ကိုင်ကာ အရိုအသေ ပြုလိုက်၏။
"ခေါင်းဆောင်ဆု..."
သူမ၏ မျက်နှာထားသည် ရှုပ်ထွေးနေသည်။
"နောက်တစ်ကြိမ် အသက်ကယ်ခဲ့ပြန်ပြီနော်... ကျေးဇူးတင်စကား ဘယ်လို ပြောရမှန်းတောင် မသိတော့ပါဘူးရှင်"
"ဟား ဟား... သိုင်းမိမယ်ချူ ရယ်၊ အားနာစရာ မလိုပါဘူး"
ဆုမို လက်ကာပြလိုက်၏။
"ကျွန်တော်က အချိန်အခါသင့်လို့ ရောက်လာမိရုံပါ... သိုင်းမိမယ်ချူ အနေနဲ့ စိတ်ထဲ ထားမနေပါနဲ့"
ချူချိုယွီသည် ပြောစရာ စကားမဲ့နေရှာသည်။ ခဏတာ တိတ်ဆိတ်သွားပြီးနောက် သူမနှင့်အတူ ပါလာသော လန်ယွဲ့နန်းတော်မှ မဟုတ်သည့် အခြားသော သိုင်းပညာရှင်များကို ဆုမိုနှင့် မိတ်ဆက်ပေးလိုက်၏။
ဤလူများသည်လည်း ကျောက်လုံအသင်း၏ သတင်းကို ကြားသိရသဖြင့် မြစ်သုံးစင်း ပင်လယ်အော်တွင် သောင်တင်နေခဲ့ကြသူများ ဖြစ်၏။ အခြေအနေကို စုံစမ်းရန် ရောက်ရှိလာကြသော်လည်း ထာဝရည တောင်ကြား၏ လှည့်ကွက်များကို မခံနိုင်ဘဲ ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်၏။
ချူချိုယွီ လာရောက် ကယ်တင်သောအခါ သူတို့ပါ လွတ်မြောက်လာခဲ့ကြခြင်းပင်။
မိတ်ဆက်ပြီးနောက် အပြန်အလှန် ချီးကျူးစကားများ ပြောဆိုကြလေသည်။ (ထိုချီးကျူးမှုများက အမှန်တကယ် ထိုက်တန်သလား ဆိုတာကတော့... တစ်ကြောင်းပေါ့လေ)
ခဏတာမျှ ဆူညံသွားပြီးနောက် ချူချိုယွီက ဆက်ပြောလိုက်၏။
"ခေါင်းဆောင်ဆု... ကျောက်လုံအသင်းထဲမှာ အခြေအနေတွေ တော်တော် ဆိုးရွားနေတယ်၊ ဒီလူတွေက ကျောက်လုံအသင်းက ရေသူခိုးတွေ မဟုတ်ဘူး... ထာဝရည တောင်ကြားက လူတွေပါ"
"ကျွန်တော် သိပြီးသားပါ"
ဆုမိုက ကျောက်လုံအသင်း အတွင်း၌ ဖြစ်ပျက်ခဲ့ပုံများကို အကျဉ်းချုပ် ရှင်းပြလိုက်၏။
"ဪ... ဒီလိုကိုး"
ထိုအခါမှ ချူချိုယွီ သဘောပေါက်သွားတော့သည်။
စောစောပိုင်းက သူတို့ ထွက်ခွာလာချိန်တွင် ကျောက်လုံအသင်းကို မွှေနှောက်ဖျက်ဆီးပစ်ရန် ရည်ရွယ်ခဲ့ကြသည်။
ရေသူခိုး တစ်သိုက်လောက်က သူတို့ကို မည်သို့ ယှဉ်နိုင်မည်နည်း။ အထူးသဖြင့် ကုန်းပေါ်တွင် ရောက်ရှိနေပြီး တတိယသခင်၏ ကွပ်ကဲမှုလည်း မရှိတော့သည့် အချိန်တွင် ထိုလူများမှာ ဖရိုဖရဲ ဖြစ်နေကြသည်။
ထို့ကြောင့် ချူချိုယွီတို့အဖွဲ့သည် စိတ်ကြိုက် သောင်းကျန်းကာ ကျောက်လုံ ရေတပ်စခန်း တစ်ခုလုံးကို မီးရှို့ပစ်ရန် ကြိုးစားခဲ့ကြ၏။ သို့သော် မထင်မှတ်ထားဘဲ အနက်ရောင်ဝတ် လူများ ထွက်ပေါ်လာကြ၏။
လန်ယွဲ့နန်းတော်သည် တုန်းချန် မိစ္ဆာဂိုဏ်းများနှင့် ကာလရှည်ကြာ ရန်ဘက်ဖြစ်ခဲ့ဖူးရာ ထာဝရည တောင်ကြားမှ လူများကို ချက်ချင်းပင် မှတ်မိလိုက်ကြ၏။
ထို့ကြောင့် သတိထားကာ တိုက်ကွက်ပုံစံ ပြောင်းလဲ၍ ရင်ဆိုင်ခဲ့ရသည်။ အခြေအနေ တင်းမာနေစဉ်မှာပင် ဖက်တီး ရောက်ရှိလာခဲ့၏။ အစပိုင်းတွင် မည်သည့်ဘက်မှ လာရောက်
ကူညီသည်ကို ဝေခွဲမရ ဖြစ်နေခဲ့သော်လည်း... ယန်ရှောင်ယွင်တို့ ဝင်ရောက်ပါဝင်လာတော့မှ ဆုမို ရောက်ရှိနေမှန်း သိလိုက်ရခြင်းပါ။
အကျဉ်းချုပ် ပြောဆိုပြီးနောက် အလျင်စလို ပြေးလာသော ခြေသံများကို ကြားလိုက်ရသည်။
လှည့်ကြည့်လိုက်သောအခါ သခင်ကြီး ကျူးကော့ချန်ထျန်နှင့် ကျောက်လုံအသင်းသားများ ရောက်ရှိလာကြသည်။
နေရာအနှံ့ ပြန့်ကျဲနေသော အလောင်းကောင်များကို ကြည့်ပြီးနောက် ဆုမိုတို့ အဖွဲ့သားများ ဘေးကင်းနေသည်ကို မြင်သောအခါ သူ ပြောလိုက်၏။
"ခင်ဗျားတို့ရဲ့ သိုင်းပညာက တကယ့်ကို အံ့မခန်းပါပဲဗျာ... ထာဝရည တောင်ကြားက သူခိုးတွေ ကျန်သေးလား"
"အကုန်နီးပါး သေကုန်ကြပါပြီ"
မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်က ပြောရင်း၊ ရယ်လိုက်၏။
"ကျန်တဲ့ ကောင်တွေ ရှိရင်တောင် လိုက်ရှာရမှာပေါ့"
"အရိပ်တမန်ရော"
"သူ့အလောင်းက ဒီမှာပါ"
ဆုမိုက မြေပြင်ပေါ်ရှိ အလောင်းကို ညွှန်ပြလိုက်၏။
ကျူးကော့ချန်ထျန် ဟားတိုက် ရယ်လိုက်သည်။
"ခေါင်းဆောင်ဆု က တကယ့်ကို ပြိုင်ဘက်ကင်းပါပဲဗျာ"
ထို့နောက် သူ မော့ကြည့်လိုက်သောအခါ မီးလောင်ကျွမ်းနေသော အဆောက်အဦးများကို တွေ့လိုက်ရသဖြင့် ခြေဆောင့်ကာ အော်ဟစ်လိုက်တော့သည်။
"မြန်မြန်... မြန်မြန် လုပ်ကြဟေ့.. မီးငြှိမ်းကြ......"
မျိုးဆက် (၃) ဆက်တိုင်တိုင် တည်ဆောက်ခဲ့သော ကျောက်လုံ ရေတပ်စခန်းကြီး ပြာကျသွားတာကို သူ ဘယ်လို လက်ပိုက်ကြည့်နေနိုင်
ပါ့မည်လဲ။
အားလုံး ဝိုင်းဝန်းပြီး မီးငြှိမ်းသတ်ကြသည်။ ကံကောင်းသည်မှာ မြစ်ကမ်းနားတွင် ရှိနေသဖြင့် ရေရရှိရန် မခက်ခဲပေ။
ချူချိုယွီ မျက်နှာရဲသွားပြီး သူမလည်း ဝင်ရောက် ကူညီငြှိမ်းသတ်ပေးလိုက်၏။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့လည်း လက်ပိုက် ကြည့်မနေနိုင်တော့ဘဲ ဝိုင်းကူကြရတော့သည်။
ဖက်တီး တစ်ယောက်တည်းသာ ဆုမို၏ အင်္ကျီစကို ဆွဲပြီး မေးနေ၏။
"ဘယ်တော့ စားရမှာလဲ"
"မီးငြိမ်းပြီးရင် စားရမယ်"
"ဟုတ်ပြီ"
ထိုစကား ကြားသည်နှင့် သူမ၏ မျက်နှာတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာသည်။ သူမသည် တခြားလူများထက် ပိုမြန်အောင် ပြေးပြီး၊ ရေပုံးတွေကို ပိုသယ်ကာ မီးငြှိမ်းသတ်လေတော့သည်။
ကျူးကော့ချန်ထျန် မျက်ရည်ကျမတတ် ဖြစ်သွားရှာသည်။
ဘယ်လောက် ကောင်းတဲ့ လူလဲ။
တရားမျှတမှုကို ဘယ်လောက်တောင် မြတ်နိုးလိုက်သလဲ။
သူရဲကောင်း ဆိုတာ ဒါမျိုးပါလား။
ခဏကြာ ရှုပ်ထွေးပြီးနောက် ချူချိုယွီတို့ ရှို့ခဲ့သော မီးသည် လုံးဝ ငြိမ်းသွားခဲ့လေပြီ။
မီးလောင်ထားသော အဆောက်အဦးများကို ကြည့်ပြီး ချူချိုယွီ အားနာသွားကာ ကျူးကော့ချန်ထျန်ကို သွားရောက် တောင်းပန်လိုက်၏။
ကျူးကော့ချန်ထျန်က တရားခံကို ကြည့်ပြီး ရယ်ရခက် ငိုရခက် ဖြစ်နေ၏။
"သိုင်းမိမယ်ချူ ရယ်... ဒေါသထွက်တာ နားလည်ပါတယ်... ဒေါသထွက်ရင် လူသတ်ပေါ့ဗျာ... ဘာလို့ မီးရှို့ရတာလဲ၊ အိမ်တွေက ခင်ဗျားကို ဘာလုပ်လို့လဲဗျ"
ချူချိုယွီ မျက်နှာ နီရဲသွားသည်။
"ဒါက... တကယ် တောင်းပန်ပါတယ်ရှင်"
"ထားလိုက်ပါတော့... ထားလိုက်ပါတော့"
ကျူးကော့ချန်ထျန် သက်ပြင်းချလိုက်၏။
"ကံကောင်းလို့ အုတ်မြစ်တွေ ကျန်သေးတယ်... ပြန်ဆောက်လို့ ရပါသေးတယ်လေ... အခုတော့ နောက်ထပ် ကိစ္စ တစ်ခု ရှိသေးတယ်"
သူသည် ရှိနေသူ အားလုံးကို ဝေ့ဝဲကြည့်လိုက်၏။
"ထာဝရည တောင်ကြားက ရေလမ်းကြောင်းကို ထိန်းချုပ်ဖို့ ကြိုးစားတာ သာမန်ကိစ္စ မဟုတ်ဘူးဗျ"
"ဒီနေ့ မိတ်ဆွေတို့ရဲ့ အကူအညီကြောင့် ကျောက်လုံအသင်း ဘေးကင်းသွားပေမဲ့... သူတို့က လက်စားချေဖို့ ပြန်လာရင် ဘယ်လိုလုပ်ကြမလဲ"
"မှန်တယ်"
မြွေစိမ်း ခေါင်းဆောင်ကလည်း ခေါင်းညိတ် ထောက်ခံလိုက်၏။
"ပြီးတော့ သူတို့ရဲ့ ပစ်မှတ်က ကျောက်လုံအသင်း တစ်ခုတည်း မဟုတ်ဘူး... ရေလမ်းကြောင်း တစ်လျှောက်လုံးကို သိမ်းပိုက်ဖို့ ကြံစည်နေကြတာ၊ သူတို့ရဲ့ အကြံအစည်က တော်တော် နက်ရှိုင်းတယ်"
"ဒါကြောင့်... ကျွန်တော် တစ်ညလုံး စဉ်းစားထားတာ တစ်ခု ရှိတယ်"
ကျူးကော့ချန်ထျန်က ဆက်ပြောသည်။
"ဒီနေ့ ခေါင်းဆောင်ဆု ရယ်၊ ဒုတိယခေါင်းဆောင် ယန် ရယ်၊ လန်ယွဲ့နန်းတော်က သိုင်းမိမယ်တွေရယ် ရှိနေကြတုန်း... ကျွန်တော် ကျူးကော့ချန်ထျန်က ခင်ဗျားတို့ကို သက်သေအဖြစ် ဖိတ်ခေါ်ချင်ပါတယ်"
"ကျွန်တော်တို့ ကျောက်လုံအသင်း အနေနဲ့ ရွှမ်လုံ ရေတပ်စခန်း၊ မြွေစိမ်း မဟာမိတ်အဖွဲ့၊ ဟုန်ရွက်နီ ဂိုဏ်းတို့နဲ့ ပူးပေါင်းပြီး မဟာမိတ်ဖွဲ့ချင်ပါတယ်... ဒီပြဿနာကို အတူတကွ ဖြေရှင်းကြဖို့ပေါ့"
"ခေါင်းဆောင် (၃) ဦး ဘယ်လို သဘောရသလဲဗျ"
သူ့စကား မဆုံးခင်မှာပင် ရေတပ်စခန်း အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏။
"အော်မိတော်ဖော်... ကျုပ်က ဘုန်းကြီး ဟုန်ယွင် ပါ၊ ကျောက်လုံအသင်းရဲ့ သခင်ကြီး ကျူးကော့ချန်ထျန် နဲ့ တွေ့ခွင့် တောင်းခံပါတယ်"
ချက်ချင်းပင် ကျူးကော့ချန်ထျန်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
အခန်း (၂၂၇)- အချိန်အခါ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသော အမှား
~"ဟုန်ယွင် မိစ္ဆာဘုန်းကြီးလား"
သခင်ကြီး ကျူးကော့ချန်ထျန်၏ မျက်နှာသည် သွေးမရှိတော့သကဲ့သို့ ဖြူရော်သွား၏။
"သူ ဘယ်လိုလုပ် ရောက်လာတာလဲ... ငါတို့ ဘာလုပ်ကြမလဲဟ"
ဆရာတော် ဟုန်ယွင် ၏ အရှေ့ဘက်ခရီးစဉ်တစ်လျှောက် ပြုမူခဲ့သော ကျော်ကြားလှသည့် အပြုအမူများသည် လူတိုင်း၏ နားထဲတွင် ပဲ့တင်ထပ်နေပြီး ဖြစ်ပေသည်။
ရေသူခိုးဂိုဏ်း ခေါင်းဆောင်ကြီး (၃) ဦးကို လှည့်ကြည့်လိုက်သောအခါ သူတို့လည်း မျက်နှာပျက်ကာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်က ဆုမိုကို တစ်ချက် အကဲခတ်ကြည့်လိုက်ပြီးနောက် ပြောလိုက်၏။
"အခြေအနေက ဒီလို ဖြစ်နေပြီ ဆိုတော့... သခင်ကြီး ကျူးကော့ပဲ အဆင်ပြေသလို ဖြေရှင်းလိုက်ပါတော့... ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးကို နောင်မှ ပြန်ဆပ်ပါ့မယ်၊ ကျွန်တော့် မဟာမိတ်အဖွဲ့မှာ အရေးကြီးကိစ္စလေး ရှိနေလို့ အရင် ပြန်နှင့်ပါရစေ"
ပြောပြောဆိုဆိုဖြင့် သူသည် ထွက်ခွာရန် ပြင်လိုက်၏။
"မင်း... မင်း.."
ကျူးကော့ချန်ထျန် ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားရှာသည်။
စောစောလေးကမှ သူတို့နှင့် မဟာမိတ်ဖွဲ့ရန် စီစဉ်နေခဲ့သော်လည်း ယခုကဲ့သို့ ဘေးဒုက္ခနှင့် ကြုံတွေ့ရသောအခါ ပထမဆုံး ထွက်ပြေးသူမှာ ထိုလူ.. ဖြစ်နေသည် မဟုတ်ပါလော။
သို့သော် လျင်မြန်သော လှုပ်ရှားမှု တစ်ခုနှင့်အတူ ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်က သူ၏ လမ်းကို ပိတ်ဆို့လိုက်၏။
"အသိဥာဏ်မရှိတဲ့ အဆိပ်ပြင်း မြွေတစ်ကောင်... နင့်သဘောနဲ့နင် ထွက်ပြေးလို့ ရမယ် ထင်နေတာလား"
"... ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်... ခင်ဗျား ဘာသဘောလဲ"
မြွေစိမ်း ခေါင်းဆောင်၏ မျက်နှာထား အနည်းငယ် မည်းမှောင်သွားသည်။
"ကျုပ်ကို အတင်းအဓမ္မ တားဆီးထားမလို့လား"
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်က ချက်ချင်း ခေါင်းခါလိုက်၏။
"ရှင် တကယ် ထွက်သွားချင်တယ် ဆိုရင် ကျွန်မ ဘာလို့ တားရမှာလဲ... ရှင့်ရဲ့ မြွေဦးနှောက်လေးနဲ့ သေချာ စဉ်းစားကြည့်ပါဦး၊ ဟုန်ယွင် မိစ္ဆာဘုန်းကြီးက ကျောက်လုံအသင်းကို ရောက်နေပြီလေ... ရှင့်ရဲ့ မြွေစိမ်း မဟာမိတ်အဖွဲ့ကရော သူ့လက်လှမ်းမမီတဲ့ နေရာမှာ ရှိနေလို့လား"
"ဒါက..."
မြွေစိမ်း ခေါင်းဆောင် မျက်မှောင်ကြုတ်သွားသည်။
"ဒါဆို ခင်ဗျား ဘာအကြံပြုချင်လို့လဲ"
"လောလောဆယ်တော့ ကျွန်မတို့အားလုံး ဒီနေရာမှာ စုဝေးနေကြတာပဲ... ကျွန်မတို့ အင်အားတွေကို စုစည်းပြီး ဒီ ဟုန်ယွင် မိစ္ဆာဘုန်းကြီးကို ထိပ်တိုက် ရင်ဆိုင်ကြည့်ကြရင် မကောင်းဘူးလား၊ ရေလမ်းတစ်လျှောက်က ညီအစ်ကိုတွေကို သူ့အမိန့်အောက် ရောက်သွားအောင် လုပ်နိုင်တဲ့ သူမှာ ဘယ်လို စွမ်းရည်မျိုး ရှိလဲ ဆိုတာ ကြည့်ကြသေးတာပေါ့"
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်သည် စိတ်ဓာတ်ခိုင်မာသူပီပီ ရဲရင့်စွာ ပြောဆိုလိုက်၏။
"မဟုတ်ရင်လည်း ပြဿနာက ကိုယ့်ဆီ ရောက်လာမှာပဲလေ... စောစော ရောက်တာနဲ့ နောက်ကျမှ ရောက်တာပဲ ကွာမှာပါ"
"ဒါလည်း ဟုတ်တာပဲ..."
မြွေစိမ်း ခေါင်းဆောင်သည် တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ ဆုမိုကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်၏။
"ဟား ဟား ဟား.."
ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးက အားရပါးရ ရယ်လိုက်၏။
"ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်က အမျိုးသမီး ဆိုပေမဲ့... သူ့စကားတွေက ငါ့ရင်ထဲကို ထိမှန်သွားစေတယ်ကွ"
"ဟို အဆိပ်ပြင်းတဲ့ မြွေတစ်ကောင်လို မိန်းမဆန်ဆန် တွန့်ဆုတ်နေတာမျိုး မဟုတ်ဘူး"
"ဟုန်ယွင် မိစ္ဆာဘုန်းကြီးရဲ့ ဂုဏ်သတင်းက ကြီးမားတယ် ဆိုတော့... သူ ဘယ်လို လူစားမျိုးလဲ ဆိုတာ သွားတွေ့ပြီး ကြည့်ရမယ့် အချိန်တန်ပြီ"
သူ၏ စကားတစ်ခွန်းတည်းဖြင့် မြွေစိမ်း ခေါင်းဆောင်နှင့် ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင် နှစ်ဦးစလုံး၏ မျက်နှာများကို မည်းမှောင်သွားစေခဲ့သည်။
ကျူးကော့ချန်ထျန်က သက်ပြင်းချလိုက်၏။
"ထာဝရည တောင်ကြားက ငါ့ကို လှည့်စားသွားခဲ့တာပဲ... ဟုန်ယွင် မိစ္ဆာဘုန်းကြီး လာမယ်ဆိုတာ ငါ ကြားထားလို့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားခဲ့တာ၊ ဒါပေမဲ့ ထာဝရည တောင်ကြားက ရုတ်တရက် သစ္စာဖောက်လိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... အဲဒါကြောင့် ငါ့ရဲ့ မဟာဗျူဟာတွေ အားလုံး ရေထဲမျောပါသွားရတာ"
"အခုတော့... ငါ မင်းတို့အားလုံးကိုပဲ အားကိုးရတော့မယ်"
သူ ပြောနေစဉ်မှာပင် ဆရာတော် ဟုန်ယွင်၏ အသံ ထပ်မံ ထွက်ပေါ်လာပြန်သည်။
"အော်မိတော်ဖော်... ကျုပ်က ဘုန်းကြီး ဟုန်ယွင် ပါ၊ ကျောက်လုံအသင်းရဲ့ သခင်ကြီး ကျူးကော့ချန်ထျန် နဲ့ တွေ့ခွင့် တောင်းခံပါတယ်"
ဆရာတော် ဟုန်ယွင်၏ အသံသည် တည်ငြိမ်ပြီး အလျင်လိုခြင်း မရှိဘဲ လောကီရေးရာ ကင်းစင်နေသည့်အလား ခံစားရစေသည်။
"ဘုန်းကြီးက စိတ်မရှည်တော့ဘူးနဲ့ တူတယ်"
ရွှမ်လုံ ခေါင်းဆောင်ကြီးက ရယ်လိုက်၏။
"သွားကြစို့... ငါ အရင် သွားကြည့်လိုက်မယ်"
ပြောပြောဆိုဆိုဖြင့် သူသည် ရှေ့ဆောင်လမ်းပြအဖြစ် ထွက်ခွာသွား၏။
အခြားသူများလည်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး အနောက်မှ လိုက်ပါသွားကြသည်။ ကျူးကော့ချန်ထျန် လိုက်သွားရန် ပြင်လိုက်စဉ်မှာပင် ဆုမိုက သူ့ကို ဆွဲထားလိုက်၏။
"ခေါင်းဆောင်ဆု... ဘာလိုချင်လို့လဲ"
ကျူးကော့ချန်ထျန်က ကပျာကယာ မေးလိုက်၏။
"မင်းမှာ အမိန့်တစ်ခုခု ရှိရင် ကျုပ် မငြင်းဆန်ရဲပါဘူး"
"ဘာမှ မဟုတ်ပါဘူး... ဒါပေမဲ့..."
ဆုမိုက ဖက်တီး အမျိုးသမီးကို လှမ်းကြည့်လိုက်၏။
"ဒီမှာ စားစရာ တစ်ခုခု ရှိမလားဗျ"
"ဟား ..ဟား .. ဟား"
ကျူးကော့ချန်ထျန် ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်၏။
"ကျုပ် ချက်ချင်း သွားယူခိုင်းလိုက်ပါ့မယ်"
"ဒါဆို ကျေးဇူးတင်ပါတယ်ဗျာ"
ဆုမိုက ပြုံးလျက် ပြောလိုက်၏။
"စောစောက ဒီရှုပ်ထွေးမှုတွေ ပြီးသွားရင် သူ့ကို အစာကျွေးမယ်လို့ ကတိပေးထားတာ... ကတိဖျက်လို့ မရဘူးလေ"
"နားလည်ပါတယ်... နားလည်ပါတယ်"
ကျူးကော့ချန်ထျန်က မီးဖိုချောင်မှ စားစရာများ အမြန်ဆုံး ယူလာရန် အမိန့်ပေးလိုက်ပြီးနောက် ဆက်ပြောသည်။
"ဒီပုဂ္ဂိုလ်က တကယ့်ကို သတ္တိရှိတာပဲ... အမှန်အတိုင်း ပြောရရင် ကျုပ် ဒီမြစ်ကြောင်းမှာ ကျင်လည်လာတာ နှစ်ဝက်လောက် ရှိပြီ... လူပေါင်းစုံ မြင်ဖူးတယ်၊ ဒီလို ရဲရင့်တဲ့ သူရဲကောင်းမျိုးက ရှားမှရှားပဲ... အဲ... ခေါင်းဆောင်ဆု ခဏလောက် စောင့်ပေးပါဦး၊ ကျုပ်မှာ ဖြေရှင်းစရာ ကိစ္စလေးတွေ ရှိနေသေးလို့ ခွင့်ပြုပါဦးဗျာ"
ပြောပြီးသည်နှင့် သူသည် လက်နှစ်ဖက် ဆုပ်ကိုင်ကာ နှုတ်ဆက်လိုက်ပြီး သူ၏ လူအုပ်ကြီးကို ဦးဆောင်ကာ ဆရာတော် ဟုန်ယွင်ကို ကြိုဆိုရန် ခမ်းနားစွာ ထွက်ခွာသွားတော့သည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"ငါတို့ရော သွားတွေ့ကြမလား"
"ဟုန်ယွင် ဘုရားကျောင်း မှာတုန်းက လူမတွေ့ခဲ့ရဘူးလေ... အခု တွေ့နေပြီဆိုတော့ သွားတွေ့သင့်တာပေါ့"
ယန်ရှောင်ယွင်က ချက်ချင်း ခေါင်းညိတ်လိုက်၏။
ချူချိုယွီက နားထောင်ရင်း အံ့အားသင့်သွားသည်။
"ရှင်တို့ ပြောနေတာ အဲဒီ ဆရာတော် ဟုန်ယွင် ကိုလား... အရင်ကတည်းက သိကျွမ်းခဲ့တာလား"
"ဟုတ်ကဲ့... အရင်က သိခဲ့ဖူးတဲ့ မိတ်ဆွေဟောင်း တစ်ယောက်ပါ"
ဆုမိုက ပြုံးလျက် ပြန်ဖြေလိုက်၏။
"ဒီဘုန်းကြီးက သာမန်လူ မဟုတ်ဘူးဗျ... တကယ့်ကို ထူးခြားတဲ့ ပုဂ္ဂိုလ်ပဲ"
"မြစ်ကမ်းနှစ်ဖက်လုံးက သူခိုးတွေကို ရဟန်းဝတ်ခိုင်းပြီး သူ့အမိန့်အောက် ရောက်အောင် လုပ်နိုင်တယ် ဆိုကတည်းက... သူက သာမန် မဟုတ်တာ သေချာပါတယ်"
ချူချိုယွီလည်း ခေါင်းညိတ်ထောက်ခံလိုက်၏။
"သိုင်းမိမယ်ချူ... လိုက်မလား"
ယန်ရှောင်ယွင်က မေးလိုက်၏။
"ကျွန်မလည်း ရှင်တို့နှစ်ယောက်ကို မိတ်ဆက်ပေးခိုင်းမလို့ စဉ်းစားနေတာ... ဒီလောက် စိတ်ဝင်စားစရာ ကောင်းတဲ့ လူတစ်ယောက် ကိုယ့်ရှေ့ ရောက်နေပါလျက်နဲ့ မတွေ့ဘဲ နေလိုက်ရရင် နှမြောစရာကြီးလေ"
"ဒါဆို သွားကြပါစို့"
ဆုမိုက လက်ကမ်းပေးလိုက်၏။
"ကြွပါ"
"ကြွပါ.."
ချူချိုယွီကလည်း ပြန်လည် ဖိတ်ခေါ်လိုက်၏။
သူတို့အားလုံး အတူတကွ ထွက်ခွာသွားကြသည်။ စောစောက ရဲရဲတောက် သတ္တိရှိခဲ့သော ဖက်တီး အမျိုးသမီးမှာမူ အခုချိန်တွင် သူတို့အနောက်၌ ကပ်လိုက်လာပြီး အသက်ထွက်လုမတတ် ဖြစ်နေရှာသည်။
ကျောက်လုံအသင်းသား တစ်ယောက်က ဝက်ပေါင်ကင် တစ်ခု လာပေးမှသာ သူမ၏ မျက်လုံးများ အရောင်လက်သွားပြီး အငမ်းမရ ဆွဲယူကာ ကိုက်ဝါးစားသောက်တော့သည်။ ပါးစပ်တွင် ဆီများ ရွှဲနစ်နေ၏။
ကျောက်လုံ ရေတပ်စခန်း အတွင်း၌ ယခုအချိန်တွင် ငြိမ်းချမ်းမှု ပြန်လည် ရရှိနေပြီ ဖြစ်၏။
လမ်းတစ်လျှောက်တွင် သစ္စာဖောက်များကို ခြေလက်များ ကြိုးတုပ်ကာ ဘေးတစ်ဖက်တွင် ပစ်ထားသည်ကို တွေ့မြင်ရပြီး နောက်မှ အရေးယူရန် စောင့်ဆိုင်းနေကြသည်။
ရေတပ်စခန်း၏ တံခါးမကြီး အနီးသို့ ရောက်သောအခါ ကျူးကော့ချန်ထျန်၏ အသံကို အဝေးကပင် ကြားလိုက်ရသည်။
"ဘယ်သူက ဆရာတော် ဟုန်ယွင် လဲ ဆိုတာ သိခွင့်ရမလားဗျာ... ကျွန်တော်က ကျူးကော့ချန်ထျန် ပါ၊ အဝေးကနေ ကြိုမနှုတ်ဆက်မိတာ ခွင့်လွှတ်ပါဗျာ"
သူတို့သည် ဆုမိုတို့၏ ခြေရာအတိုင်း ရောက်ရှိလာကြပြီး စကားစမြည် ပြောဆိုရန် စတင်နေကြပြီ ဖြစ်၏။
အခန်း (၂၂၈)- အချိန်အခါ မှားယွင်းမှုကြောင့် ဖြစ်ပေါ်လာသော အမှား (၂)
~ဆုမိုနှင့် သူ့အဖော်များသည် လူအုပ်ကြားမှ လျှောက်လာကြရာ ကျောက်လုံအသင်းသားများက လေးစားစွာ လမ်းဖယ်ပေးကြ၏။
ရေတပ်စခန်း၏ တံခါးဝသို့ ရောက်သောအခါ အဝေးမှ လှမ်းကြည့်လိုက်လျှင် မြစ်လယ်တွင် သင်္ဘောကြီးတစ်စင်း ပိတ်ဆို့ထားသည်ကို တွေ့မြင်နိုင်သည်။
သင်္ဘောရွက်ပေါ်တွင် ပုံများ ရေးဆွဲမထားဘဲ စာလုံးကြီး တစ်လုံးတည်းသာ ရေးထိုးထားသည်။
'ဆင်းရဲဒုက္ခ'
သင်္ဘောဦးတွင် ရုပ်ဆိုးအကျည်းတန်ပြီး ကြမ်းတမ်းခက်ထန်သော မျက်နှာထားရှိသည့် ဘုန်းကြီးတစ်သိုက် မတ်တပ်ရပ်နေကြသည်။ အချို့က လက်အုပ်ချီလျက် တိတ်ဆိတ်ငြိမ်သက်နေပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိကြပေ။
အချို့ကမူ ကမ်းခြေဘက်သို့ လှမ်းကြည့်နေကြပြီး မျက်ဝန်းထဲတွင် 'ကရုဏာ' များ ပြည့်လျှံနေသည်။
သင်္ဘောဦး၏ ထိပ်ဆုံးတွင်မူ ကိုရင်လေးတစ်ပါး ထိုင်နေ၏။ သူသည် ဘယ်က ရလာမှန်းမသိသော ပေသီးတွက်စက်လေးကို ကိုင်ကာ တဂျောက်ဂျောက် တွက်ချက်နေသည်။ သို့သော် မျက်နှာတွင် စိုးရိမ်ပူပန်မှုများ အထင်းသား ပေါ်လွင်နေသည်။
ထိုကိုရင်လေးသည် ဟုန်ယွင် ဘုရားကျောင်း ၏ ဂိတ်တံခါးဝတွင် ဧည့်ကြိုလုပ်နေသော ကိုရင်လေးပင် ဖြစ်ချေသည်။
ကျူးကော့ချန်ထျန် စကားပြောပြီးသည်နှင့် တစ်ပြိုင်နက် သင်္ဘောပေါ်မှ လူရိပ်များသည် လှုပ်ရှားလာကြသည်။ သူတို့သည် လေကို နင်းကာ ကောင်းကင်ယံကို ဖြတ်သန်းလာကြပြီး ခြေလှမ်းအနည်းငယ် အတွင်းမှာပင် ကျောက်လုံ ရေတပ်စခန်း၏ အရှေ့သို့ ရောက်ရှိလာကြသည်။
ခေါင်းဆောင်ဖြစ်သူမှာ ဆရာတော် ဟုန်ယွင်ပင် ဖြစ်၏။
သူ၏ ဘယ်ဘက်တွင် ခန္ဓာကိုယ် ကြီးမားထွားကျိုင်းပြီး မျက်နှာထား ကြမ်းတမ်းသော လူတစ်ယောက် ရပ်နေသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ သူ့ကို မြင်လိုက်သောအခါ ရင်းနှီးနေသလို ခံစားလိုက်ရသည်။
ခဏတာ စဉ်းစားပြီးနောက် သူတို့ သတိရသွားကြသည်။
"ပန်ထျန်းခွမ်လား"
ယန်ရှောင်ယွင်က ဆုမိုကို တိုးတိုးလေး ပြောလိုက်၏။
"ခေါင်းရိတ်လိုက်တော့ သူ့ကို မနည်း မှတ်မိအောင် ကြည့်ရတယ်... သူ ရဟန်းဝတ်သွားပြီလား"
ဆုမိုသည် ကိုရင်လေး ပြောပြခဲ့သော စကားကို ပြန်သတိရသွားသည်။
ပန်ထျန်းခွမ်ကို ကိုရင်လေး၏ ဆရာတူအစ်ကိုက တာဝန်ယူ ဖြေရှင်းပေးမည်ဟု ပြောကြားခဲ့ဖူး၏။ သို့သော် ပန်ထျန်းခွမ်က ပြင်းထန်စွာ ပြန်လည်ခုခံတိုက်ခိုက်လာသဖြင့် ဆရာတူအစ်ကိုမှာ လက်မြှောက်အရှုံးပေးလိုက်ရပြီး ဆရာတော် ဟုန်ယွင်ထံ အကူအညီ တောင်းခံခဲ့ရသည်။
ထိုစဉ်က ကိုရင်လေး ပြောကြားခဲ့သည်မှာ "ဒီကောင်တော့ ကံဆိုးပြီ" ဟူ၍ ဖြစ်၏။
ဆရာတော် ဟုန်ယွင်သည် ဒုက္ခသည် သိုင်းကျမ်းကို ကျင့်ကြံအားထုတ်ထားပြီး ခေါင်းမာသူများကို ဆုံးမသွန်သင်ရာတွင် အထူး ကျွမ်းကျင်သည်ဟု ကျော်ကြားသည်။
ယခု အခြေအနေကို ကြည့်ရသည်မှာ... ထိုဂုဏ်သတင်းက အမှန်တကယ်ပင် ဖြစ်လောက်၏။ သို့သော် ဒုက္ခသည် သိုင်းကျမ်း၏ ကြောက်မက်ဖွယ် ကောင်းပုံကို တွေးကြည့်လိုက်လျှင် ပန်ထျန်းခွမ် ရဟန်းဝတ်သွားခြင်းမှာ သိပ်ပြီး ထူးဆန်းသော ကိစ္စရပ်တော့ မဟုတ်ပါချေ။
ဆရာတော် ဟုန်ယွင်၏ အခြားတစ်ဖက်တွင်လည်း မျက်နှာထား ကြမ်းတမ်းသော ဘုန်းကြီးတစ်ပါး ရပ်နေသေးသည်။
သို့သော် ဆုမိုနှင့် ယန်ရှောင်ယွင်တို့ သူ့ကို မသိကြပေ။ လမ်းခရီးတွင် ဖမ်းဆီးပြီး ရဟန်းဝတ်ခိုင်းထားသော လူသစ်တစ်ယောက် ဖြစ်နိုင်သည်။
ဆရာတော် ဟုန်ယွင်ကမူ ပိန်ပါးသော ခန္ဓာကိုယ်နှင့် အေးချမ်းသော မျက်နှာထားကို ထိန်းသိမ်းထားဆဲပင်။ သူ၏ သင်္ကန်းသည် လေအေးထဲတွင် တလွင့်လွင့် ဖြစ်နေသည်။
ဘေးတစ်ဖက်တစ်ချက်စီတွင် ကြမ်းတမ်းခက်ထန်သော လူနှစ်ယောက် ခြံရံထားသဖြင့် ကြည့်ရသည်မှာ... လူဆိုးတွေ ဖမ်းဆီးခေါ်ဆောင်လာသော ဓားစာခံ တစ်ယောက်လို ဖြစ်နေသည်။
သို့သော် ကျူးကော့ချန်ထျန် ဖြစ်စေ၊ ရေသူခိုးဂိုဏ်း ခေါင်းဆောင် (၃) ဦး ဖြစ်စေ... မည်သူမျှ ဤအဘိုးအိုကို လျှော့မတွက်ရဲကြပေ။
အဘိုးအိုသည် လက်အုပ်ချီလိုက်ပြီး 'အော်မိတော်ဖော်' ဟု ရေရွတ်ကာ စကားပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ရပ်တန့်သွားသည်။
"ခေါင်းဆောင်ဆု ပါလား"
ထိုစကားကို ကြားသောအခါ ကျူးကော့ချန်ထျန်နှင့် အခြားသူများ ကြောင်အမ်းအမ်း ဖြစ်သွားကြသည်။
သူတို့သည် ဆုမိုကို အလိုအလျောက် လှည့်ကြည့်လိုက်ကြသည်။
ဆုမိုသည် ရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ပြုံးလျက် နှုတ်ဆက်လိုက်သည်ကို တွေ့လိုက်ရ၏။
"ဆရာတော် ဟုန်ယွင်... မတွေ့တာ လတော်တော် ကြာသွားပြီနော်... ဆရာတော်ကတော့ နဂိုအတိုင်း ကျန်းမာရွှင်လန်းနေတုန်းပါပဲ"
ကျူးကော့ချန်ထျန်နှင့် အပေါင်းပါများ မျက်လုံးပြာသွားကြသည်။
ဆုမိုက ဒီဟုန်ယွင် မိစ္ဆာဘုန်းကြီးနဲ့ မိတ်ဆွေဟောင်းတွေ ဖြစ်နေတာလား။
တင်းမာနေပြီးသား အခြေအနေက ပိုပြီး တင်းမာသွားတော့သည်။
ဆုမို၏ အကွာအဝေးကို ခေတ္တ ထားလိုက်ဦး... ရေအကျဉ်းထောင်ထဲ၌ သံကြိုးများကို လက်ဖဝါး သက်သက်ဖြင့် ဆွဲဖြတ်ပြခဲ့သည့် အတွင်းအားနှင့် ခွန်အားကပင် သူတို့အားလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။
ထို့ပြင် ယူချွမ်ဂိုဏ်းကို တစ်ကိုယ်တော် ဖြိုခွင်းခဲ့သည့် မှတ်တမ်းကလည်း ရှိနေသေး၏။
ကျူးကော့ချန်ထျန်သည် ဖက်တီး ကိုက်ဝါးနေသော ဝက်ပေါင်ကိုတောင် ပြန်လုချင်စိတ် ပေါက်သွားသည်။
စားနိုင်တာက ပြဿနာ မဟုတ်ပေမဲ့... အခုလို အခြေအနေမျိုးမှာ ပလပ် ပလပ် မြည်အောင် စားနေတာကတော့... သိပ်ကြည့်မကောင်းလှပေ။
သို့သော်၊ စိတ်ထဲ ဘယ်လိုပဲ ဖြစ်နေပါစေ... အပြင်ပန်းမှာတော့ ဟန်မပျက် ထိန်းထားရမည်။ သူသည် အပြုံးအတု တစ်ခုကို မနည်း ဖန်တီးလိုက်ရသည်။
ဆရာတော် ဟုန်ယွင်က ပြုံးလျက် ပြောလိုက်၏။
"ဆင်းရဲဒုက္ခ ပင်လယ်ဝေထဲမှာ... ငြိမ်းချမ်းတဲ့ စိတ်နှလုံး ရှိမှသာ ပျော်ရွှင်မှုကို ရနိုင်မှာပါ... ခေါင်းဆောင်ဆု နေကောင်းရဲ့လား"
"ဂရုစိုက်ပေးတာ ကျေးဇူးပါပဲဘုရား"
ဆုမိုက ပြန်ဖြေလိုက်၏။
"တပည့်တော်.. အေးအေးဆေးဆေးပါပဲ"
"ကောင်းပါတယ်"
ဆရာတော် ဟုန်ယွင် ခေါင်းညိတ်လိုက်၏။
ထို့နောက် ဆုမိုက မေးလိုက်၏။
"ဆရာတော်... အခုလို အချိန်မျိုးမှာ ဘာကိစ္စ ရှိလို့ ကျောက်လုံအသင်းကို ကြွလာရတာလဲဘုရား"
"ခေါင်းဆောင်ဆု မသိသေးဘူး ထင်တယ်..."
ဆရာတော် ဟုန်ယွင်က ရှင်းပြသည်။
"ရဟန်းတို့တစ်တွေ တပည့်များစွာကို ဦးဆောင်ပြီး မြစ်ကြောင်းတစ်လျှောက် ဒုက္ခခံ ကျင့်ကြံလာခဲ့တာ... မြစ်သုံးစင်း ရေပြင်ပိုင်နက်ကို ရောက်တော့ လှေနဲ့ ဆက်သွားရမယ့် အခြေအနေ ဖြစ်လာတယ်"
"ဒါပေမဲ့ ကြားလိုက်ရတာက... ကျောက်လုံအသင်းရဲ့ သခင်ကြီး ကျူးကော့ချန်ထျန်က ဘာအကြောင်းပြချက်မှ မရှိဘဲ ရေလမ်းကြောင်းကို ပိတ်ဆို့ထားတယ် ဆိုပဲ... ဒါကြောင့် ကုန်သည်တွေ၊ ခရီးသည်တွေ အများကြီး မြစ်သုံးစင်း ပင်လယ်အော်မှာ သောင်တင်နေကြရတယ်"
"ဒါကြောင့် ရဟန်းတို့အနေနဲ့ ညဉ့်နက်သန်းခေါင်ကြီး မဖိတ်ခေါ်ဘဲ လာရောက်ရတာပါ... သခင်ကြီး ကျူးကော့ကို မေတ္တာရပ်ခံချင်လို့ပါ၊ သက်ညှာပေးပါ... အမှားတစ်ခုအပေါ် နောက်ထပ် အမှားတစ်ခု ထပ်မဆင့်ပါနဲ့လို့ ပြောချင်ပါတယ်"
ကျူးကော့ချန်ထျန်၏ မျက်နှာ မည်းမှောင်သွားပြီး ကပျာကယာ ရှင်းပြလိုက်၏။
"ဆရာတော်.. ရေလမ်းကို ပိတ်ဆို့တာ ကျွန်တော် လုပ်တာ မဟုတ်ရပါဘူးဗျာ"
"ဪ..."
ဆရာတော် ဟုန်ယွင်က ကျူးကော့ချန်ထျန်ကို တစ်ချက် ကြည့်လိုက်၏။
"ဒါဆိုရင် အသေးစိတ် ရှင်းပြပါလား"
ကျူးကော့ချန်ထျန်သည် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားရဲပေ။
သူသည် ထာဝရည တောင်ကြား၏ ကျောက်လုံအသင်းအပေါ် ကြံစည်မှုများနှင့် ရေလမ်းကြောင်း တစ်ခုလုံးကို ထိန်းချုပ်ရန် ရည်ရွယ်ချက်များကို အကုန်အစင် ရှင်းပြလိုက်၏။
နားထောင်ပြီးနောက် ဆရာတော် ဟုန်ယွင်သည် ခဏမျှ တိတ်ဆိတ်နေသည်။ ထိုစဉ် ပန်ထျန်းခွမ်၊ သို့မဟုတ် ဟွေပြန့်က အေးစက်စွာ ရယ်လိုက်၏။
"ဆရာတော်... သူတို့ ပြောတာတွေကို အကုန် အဟုတ်မှတ်လို့ မဖြစ်ဘူးနော်... ထာဝရည တောင်ကြား ဆိုတာ ဘာကောင်လဲ တပည့်တော်တို့မှ မသိတာ... သူတို့က ပါးစပ်ဖျားလေး ကစားပြီး ဆင်ခြေပေးနေတာ၊ အမှန်လား အမှားလား ဘယ်သူ သိနိုင်မှာလဲ"
ထိုစကားကို ကြားသောအခါ ကျူးကော့ချန်ထျန် ဒေါသတကြီး စိုက်ကြည့်လိုက်၏။
"ရယ်စရာ ကောင်းလိုက်တာ... ငါ ကျူးကော့ချန်ထျန်က အရည်အချင်း မရှိဘူး ဆိုရင်တောင် အသက်ရှင်ဖို့အတွက် သူများ ဒူးအောက်မှာ ခစားမယ့်ကောင် မဟုတ်ဘူးကွ"
"ငါ ဘာကိစ္စ မင်းတို့ကို လိမ်ရမှာလဲ"
"မင်းတို့ရဲ့ ဂုဏ်သတင်းကိုလည်း ငါ ကြားနေတာ ကြာပြီ... မြစ်ကမ်းတစ်လျှောက်က လူတွေကို အတင်းအဓမ္မ ဖမ်းပြီး ရဟန်းဝတ်ခိုင်းတာတွေက သိပ်ပြီး ဂုဏ်ယူစရာ ကောင်းတဲ့ ကိစ္စတော့ မဟုတ်ဘူးနော်"
"ဒါတောင် ငါက မင်းတို့ကို လေးလေးစားစား ဆက်ဆံနေသေးတာ"
"ဘုန်းကြီး... သက်သေမရှိဘဲ သူများ ဂုဏ်သိက္ခာကို ထိပါးတာက တရားမျှတမှု မရှိဘူးနော်"
ထိုအခါ၊ ပန်ထျန်းခွမ်က လှောင်ရယ် ရယ်လိုက်ပြီး ပြန်ပြောရန် ပြင်လိုက်၏။
သို့သော် ဆရာတော် ဟုန်ယွင်က တိုးညှင်းစွာ ပြောလိုက်၏။
"ဟွေပြန့်... တိတ်စမ်း"
"ဆရာတော်..."
ပန်ထျန်းခွမ်၏ မျက်နှာထား ပြောင်းလဲသွားသည်။
ဆရာတော် ဟုန်ယွင်က ဆက်ပြောလာ၏။
"မင်းရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ဖုံးလွှမ်းနေတုန်းပဲ... မင်း အမှန်တရားကို မမြင်နိုင်သေးဘူး၊ ဒီနေ့ကိစ္စမှာ မင်းရဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေက အမှားကြီး မဟုတ်ဘူးလား... တော်ပြီ၊ တော်ပြီ... လက်ကို ဆန့်လိုက်စမ်း"
"ဆရာတော်.."
ပန်ထျန်းခွမ်၏ မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားရသည်။
"ကျွန်တော် မှားပါတယ်... တပည့် တကယ် မှားသွားပါပြီ..”