အခန်း (၂၂၉-၂၃၁)
Vol. 16 Ch. 229-231
အခန်း (၂၂၉)- မမျှော်လင့်သော အမှားတစ်ခု
~ဆရာတော် ဟုန်ယွင်က တစ်ချက် လှည့်ကြည့်လိုက်သောအခါ ပန်ထျန်းခွမ် သည် နောက်ထပ် စကားတစ်ခွန်းမျှ မဆိုရဲတော့ဘဲ မြေကြီးပေါ်တွင် ဒူးထောက်ကာ လက်ကို ဆန့်ပေးလိုက်၏။
ဆရာတော် ဟုန်ယွင်သည် ထိုလူထွားကြီး၏ လက်ဖဝါးစောင်းရှိ 'ရှန်မန်' သွေးကြောကွက် ကို ဖွဖွလေး ပွတ်သပ်လိုက်၏။ ပန်ထျန်းခွမ်၏ ခန္ဓာကိုယ်သည် တစ်ချက်ချင်း တုန်ခါသွားပြီး မျက်နှာတွင် နာကျင်မှုကို အလူးအလဲ ခံစားနေရရှာသည်။
ဆရာတော် ဟုန်ယွင်က သူ့ကို လှည့်မကြည့်ဘဲ ဆက်ပြောလိုက်၏။
"ခေါင်းဆောင်ဆု... သခင်ကြီး ကျူးကော့ ပြောတဲ့ စကားတွေက အမှန်ပဲလား"
"အမှန်ပါပဲ ဘုရား"
ဆုမို ခေါင်းညိတ်လိုက်၏။
"တပည့်တော်လည်း ဒီနေရာကို ရေလမ်းပိတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရောက်လာတာပါ... ဒီည ရေတပ်စခန်းထဲမှာ နောက်ထပ် ပြဿနာ တစ်ခု ထပ်ဖြစ်နေတယ်... ဆရာတော် ဟုန်ယွင် အနေနဲ့ အထဲကို ကြွပြီး အသေးစိတ် ဆွေးနွေးရင် မကောင်းဘူးလား"
"ခေါင်းဆောင်ဆု ဖိတ်ခေါ်မှတော့... ရဟန်းကြီး ဘယ်ငြင်းရက်ပါ့မလဲ"
စကားပြောနေရင်း ဆရာတော် ဟုန်ယွင်သည် ရှေ့သို့ တိုးလာသည်။ ပန်ထျန်းခွမ်မှာမူ သင်္ဘောပေါ်သို့ ပြန်လည် ပို့ဆောင်ခံလိုက်ရ၏။
နောက်ထပ် ဘုန်းကြီးအိုတစ်ပါးက နောက်လိုက်ရဟန်း (၁၀) ပါးကျော်ကို ဦးဆောင်ကာ အနောက်မှ လိုက်ပါလာသည်။
ဆရာတော် ဟုန်ယွင်က သူတို့ကို တစ်ချက် လှည့်ကြည့်လိုက်ပြီး မျက်ဝန်းထဲတွင် နက်နဲသော အဓိပ္ပာယ်များ ကိန်းအောင်းနေသည်။
ထိုအချိန်ကျမှ သခင်ကြီး ကျူးကော့ချန်ထျန် သတိပြန်ဝင်လာပြီး ကပျာကယာ ဖိတ်ခေါ်လိုက်၏။
"ဆရာတော်... အထဲကို ကြွပါဘုရား"
"ကျေးဇူးတင်ပါတယ် ဒကာကြီး"
ဆရာတော် ဟုန်ယွင်က လက်အုပ်ချီကာ တုံ့ပြန်လိုက်ရာ လူတိုင်း၏ စိတ်ထဲတွင် လေးစားမှုများ ဖြစ်ပေါ်လာစေသည်။
‘ကောလဟာလတွေ အရဆိုရင် ဒီဘုန်းကြီးက လုံးဝ အကျိုးကြောင်း မကြည့်တဲ့သူ၊ တောင်ပေါ်တက်တာနဲ့ လူတွေကို အတင်းအကျပ် ရဟန်းဝတ်ခိုင်းပြီး ညှိနှိုင်းဖို့ လမ်းမဖွင့်ပေးဘူးလို့ ကြားထားတာ။
အခု ကြည့်ရတာတော့ သတင်းတွေက ချဲ့ကားလွန်းနေပုံပါပဲ။
အဘိုးအိုက နားလည်ရခက်တဲ့ ပုံစံရှိပေမဲ့ အပြုအမူတွေက စည်းစနစ်ကျပြီး ရမ်းကားမယ့်ပုံ မပေါက်ဘူး။’
ဒါကို သိလိုက်ရတော့ ကျူးကော့ချန်ထျန်နှင့် တခြားခေါင်းဆောင်တွေ သက်ပြင်းချနိုင်သွားကြသည်။
ချက်ချင်းပင် သူတို့အားလုံး ပူးပေါင်းပြီး အဘိုးအိုကို ရေတပ်စခန်း အတွင်းသို့ ဖိတ်ခေါ်လိုက်ကြသည်။
လမ်းတစ်လျှောက်လုံးတွင် ပျက်စီးနေသော အဆောက်အဦးများကို တွေ့မြင်ရပြီး ကျောက်လုံအသင်း အတွင်း၌ ကြီးမားသော ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သက်သေပြနေ၏။
လမ်းလျှောက်ရင်း ဆရာတော် ဟုန်ယွင်သည် အခြားကိစ္စများကို ဆုမိုအား ရင်းနှီးစွာ ပြောပြနေသည်။
မူလက ဆရာတော် ဟုန်ယွင်သည် ရဟန်းတစ်စုကို ဦးဆောင်ပြီး ဟုန်ယွင် ဘုရားကျောင်းမှ ထွက်ခွာလာခဲ့ခြင်း ဖြစ်၏။ ရည်ရွယ်ချက်မှာ ခရီးကြမ်းနှင်ရင်း စိတ်ဓာတ်ကို ခိုင်မာအောင် လေ့ကျင့်ရန်၊ လောကီဆင်းရဲဒုက္ခများကို တွေ့ကြုံခံစားရန်နှင့် အတိတ်က အမှားများကို ပြန်လည် ဆင်ခြင်သုံးသပ်ရန် ဖြစ်၏။
ခရီးလမ်းတစ်လျှောက် သတ်ဖြတ်မှု များလွန်းသော တောင်ပေါ်စခန်းများနှင့် ကြုံတွေ့ရပါက ဗုဒ္ဓလမ်းစဉ်သို့ ဝင်ရောက်ရန် ဖျောင်းဖျလေ့ ရှိသည်။
သို့သော် မည်သို့ ဖြစ်သွားသည် မသိ၊ သူတို့ ထွက်ခွာပြီး မကြာမီမှာပင် ကောလဟာလများ စတင် ပျံ့နှံ့လာခဲ့သည်။
သူတို့အဖွဲ့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ လူတိုင်းကို အတင်းအဓမ္မ ရဟန်းဝတ်ခိုင်းသည်၊ ငြင်းဆန်သူများကို ခေါင်းရိတ်ပြီး အနိုင်ကျင့်သည် ဟု သတင်းထွက်နေ၏။
ထိုသတင်းစကား ပျံ့နှံ့သွားသည်နှင့် တစ်ပြိုင်နက် သူ မည်သည့်အရပ်သို့ ခြေဦးလှည့်သည် ဖြစ်စေ မည်သူကမျှ သူ့စကားကို အလေးအနက် နားမထောင်ကြတော့။ လူတိုင်းကို အဓမ္မ ရဟန်းဝတ်ခိုင်းနေခြင်း မဟုတ်ကြောင်း၊ အပြစ်ကြီးလေးသူများကိုသာ ဗုဒ္ဓလမ်းစဉ် ပြသပေးခြင်း ဖြစ်ကြောင်း ရှင်းပြသော်လည်း အရာမထင်တော့ချေ။
သို့မဟုတ်ပါက တောင်ပေါ်ဓားပြ ခေါင်းဆောင် တစ်ဦးကို ဦးခေါင်းရိတ်ပေးလိုက်ရုံဖြင့် ကိစ္စပြီးသွားမည် မဟုတ်။
ဤခေတ်ကြီးတွင် ဘဝရပ်တည်ရေး ခက်ခဲကြမ်းတမ်းလွန်းလှသဖြင့် ဓားပြဘဝသို့ သက်ဆင်းသွားရသူများ ဒုနှင့်ဒေး ရှိနေကြသည်။ တောင်ပေါ်၌ နေထိုင်ရသော်လည်း အထက်တွင် မိဘ၊ အောက်တွင် သားသမီးများနှင့်မို့ လောကီစည်းစိမ်ကို စွန့်လွှတ်ရန်မှာ မည်သို့မျှ မလွယ်ကူလှ။
သို့သော် မည်သူကမျှ ထိုအချက်များကို ထည့်သွင်းစဉ်းစားခြင်း မရှိကြ။ သူ ရောက်ရှိလာသည်နှင့် လူတိုင်းက အသေအကြေ တိုက်ခိုက်ရန် ပြင်ဆင်ကြတော့သည်။ ဆရာတော် ဟုန်ယွင်က သူတို့ကို ရဟန်းမဝတ်ခိုင်းမချင်း မရပ်တန့်တော့မည့် ပုံစံမျိုးဖြင့် ထင်မှတ်နေကြခြင်း ဖြစ်သည်။
သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေသဖြင့် ဆရာတော် ဟုန်ယွင်ခမျာ မတတ်သာဘဲ သူတို့ကို လက်ခံလိုက်ရတော့သည်။ ရလဒ်အနေဖြင့် သူ၏ အဖွဲ့ကြီးမှာ တဖြည်းဖြည်း ကြီးထွားလာလေသည်။
သူ၏ မူလအစီအစဉ်မှာ တောင်ဘက်သို့ ဆင်းသက်ပြီး ဟွေမြစ်ကို ဖြတ်ကျော်ကာ လော့ဖုန်း မဟာမိတ်အဖွဲ့ထံ သွားရောက်ရန် ဖြစ်သည်။ မဟာမိတ်ခေါင်းဆောင် ဝေရူဟန်နှင့် တွေ့ဆုံပြီး အမှားအမှန် တရားအကြောင်း ဆွေးနွေးလိုရင်း ရှိခဲ့သည်။
သို့သော် အခြေအနေ အရပ်ရပ်ကြောင့် လမ်းကြောင်းပြောင်းကာ ဟွေမြစ်အတိုင်း စုန်ဆင်းလာခဲ့ရသည်။
သို့ရာတွင် မြစ်ကမ်းဘေးရှိ ရေတပ်စခန်းများက သူ၏ အဖွဲ့ကြီးကို မြင်သည်နှင့် ထိုကောလဟာလများကို သွားရောက်သတိရမိကြပြီး ပြဿနာဟောင်းများ ပြန်လည်ပေါ်ပေါက်လာပြန်သည်။
ခရီးသွားရင်း ဆရာတော် ဟုန်ယွင် ဝန်ခံခဲ့သည်မှာ အပြစ်ကြီးလေးပြီး အမှန်တကယ် နောင်တရ၍ ရဟန်းဝတ်လိုသူများ ပါဝင်သော်လည်း၊ အများစုမှာမူ အကြောင်းမဲ့သက်သက် ဦးခေါင်းရိတ်ခံလိုက်ရသူများ ဖြစ်နေခြင်းပင်။
"ကံကောင်းတာက ဒီလူတွေက မွေးရာပါ ဆိုးသွမ်းသူတွေ မဟုတ်ကြဘူး... လောကီအာရုံ (၃၀၀၀) ကို မဖြတ်တောက်နိုင်သေးရင်တောင် အတွေ့အကြုံလေး ရသွားရင် လူပြန်ထွက်လို့ ရတာပဲလေ"
ဆရာတော် ဟုန်ယွင်က ရယ်ရခက် ငိုရခက် လေသံဖြင့် ပြောသည်။
"ဒါကလည်း ဘုန်းကြီးရဲ့ မူလ ရည်ရွယ်ချက်နဲ့ မဆန့်ကျင်ဘူးလို့ပဲ မှတ်ယူရမှာပေါ့"
ဆုမိုနှင့် အခြား ခေါင်းဆောင်များ အားလုံး ပါးစပ်အဟောင်းသားဖြင့် နားထောင်နေကြသည်။
ကောလဟာလတွေထဲမှာတော့ ဒီဘုန်းကြီးက အရမ်း ကြမ်းတမ်းပြီး လူတွေကို အတင်း ဖမ်းခေါ်သွားတယ်လို့ ပြောကြတာ... နောက်ကွယ်မှာ ဒီလို ဇာတ်လမ်းတွေ ရှိနေမယ်လို့ ဘယ်သူက ထင်မှာလဲ။
ကျူးကော့ချန်ထျန်ခမျာ ထာဝရည တောင်ကြား ကိုတောင် ကျေးဇူးတင်ချင်စိတ် ပေါက်သွားသည်။
မူလက သူသည် ဤဘုန်းကြီးနှင့် အသေအကြေ တိုက်ခိုက်ရန် ပြင်ဆင်ထားခဲ့သည်လေ။ ဘက်ပေါင်းစုံမှ အသင့်ပြင်ထားပြီး ဘုန်းကြီး ရောက်လာသည်နှင့် တိုက်ပွဲ စတင်ရန် စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။
သို့သော်၊ ထာဝရည တောင်ကြားက ဝင်မွှေလိုက်တော့ သူ့အစီအစဉ်တွေ ပျက်စီးသွားခဲ့ရသည်။
ထိုအစား မမျှော်လင့်ဘဲ စကားပြောခွင့် ရလာသည်။ ဒီအကြောင်းတွေကို ကြားလိုက်ရတော့ သူ ရဟန်းဝတ်ရမည့် ဘေးကနေ လွတ်မြောက်နိုင်ချေ ရှိတသည် မဟုတ်ပါလော။
ချက်ချင်းပင် သူသည် ဆရာတော် ဟုန်ယွင်အပေါ် ပိုမို ရိုသေလေးစားစွာ ဆက်ဆံလိုက်၏။
စကားတပြောပြောဖြင့် လျှောက်လာကြရာ ကျောက်လုံအသင်း၏ ပင်မ ခန်းမဆောင်ကြီး အတွင်းသို့ ရောက်ရှိလာကြသည်။ နေရာထိုင်ခင်းများ နေရာချထားရာတွင် အိမ်ရှင်နှင့် ဧည့်သည် နှိမ့်ချစွာ ပြုမူကြရင်း နောက်ဆုံးတွင် ဆွေးနွေးမှုသည် ဆုမိုထံသို့ ရောက်ရှိလာပြီး မည်သူမျှ ထိပ်ဆုံးနေရာ တွင် မထိုင်ရဲကြပေ။
နောက်ဆုံးတွင် ထိပ်ဆုံးနေရာကို လွတ်ထားလိုက်ပြီး အားလုံး ကြုံသလို ဝင်ထိုင်လိုက်ကြသည်။
ကျူးကော့ချန်ထျန်က လက်ဖက်ရည် တည်ခင်းဧည့်ခံရန် လူလွှတ်လိုက်၏။
မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် လက်ဖက်ရည် လိုက်ငှဲ့ပေးလေသည်။
ဆုမို၏ အလှည့်သို့ ရောက်သောအခါ ဆုမို လက်လှမ်းမယူမီမှာပင် သူ့နောက်မှ လိုက်ပါလာသော ဖက်တီး အမျိုးသမီးက အလျင်အမြန် လှမ်းယူလိုက်၏။
"ငါ... ငါ... ရေငတ်လို့ သေတော့မယ်.."
မြွေစိမ်း ခေါင်းဆောင်က လက်ကို အလိုအလျောက် ပြန်ရုတ်လိုက်ပြီး ဆုမိုကို ကြည့်လိုက်၏။
ဆုမို ပြုံးလိုက်၏။
"သူ့ကို အရင် ပေးလိုက်ပါ"
"ဟူး... ယဉ်ကျေးမှု မရှိလိုက်တာ"
မြွေစိမ်း ခေါင်းဆောင် ခေါင်းခါလိုက်၏။
"ခေါင်းဆောင်ဆု... ခဏ စောင့်ပါဦး"
ပြောပြီးသည်နှင့် သူသည် အခြား ခွက်တစ်ခွက်ကို ယူကာ ဆုမိုထံ ကမ်းပေးလိုက်၏။
ဆုမို မျက်ခုံး အနည်းငယ် ပင့်သွားသည်။ လက်ဖက်ရည်ခွက်ကို ငုံ့ကြည့်ပြီး တိတ်ဆိတ်နေလိုက်၏။ ထိုစဉ် ကျူးကော့ချန်ထျန်၏ ရယ်သံ ထွက်ပေါ်လာသည်။
"တခြားနေ့တွေ ဆိုရင်တော့... အဆိပ်ပြင်း မြွေတစ်ကောင် ကိုယ်တိုင် ငှဲ့ပေးတဲ့ လက်ဖက်ရည်ကို ကျုပ် သောက်ရဲမှာ မဟုတ်ဘူး... ဒါပေမဲ့ ဒီနေ့တော့ ရန်သူကို အတူတကွ ရင်ဆိုင်နေကြတာ ဆိုတော့ အခြေအနေက မတူတော့ဘူးပေါ့ဗျာ"
"ဒီည အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့တာ သာမန် ကိစ္စ မဟုတ်ဘူး... ခေါင်းဆောင်ဆုသာ ကျုပ်တို့ကို ဒုက္ခတွင်းထဲက မကယ်တင်ခဲ့ရင်... ဒီကျောက်လုံ အသင်းကြီး ထာဝရည တောင်ကြား လက်ထဲ ရောက်သွားလောက်ပြီ"
"ဒီလက်ဖက်ရည်ကို အရက်လို့ သဘောထားပြီး အားလုံးကို ဂုဏ်ပြုလိုက်ကြရအောင်ဗျာ"
"သောက်ကြစို့"
အားလုံး ပြိုင်တူ ခွက်မြှောက်လိုက်ကြသည်။ ဆုမိုနှင့် ယန်ရှောင်ယွင်တို့သည်လည်း ဝတ်ရုံလက်ဖြင့် ကာပြီး ခွက်ကို နှုတ်ခမ်းနား တေ့လိုက်ကြသည်။
ဖြည်းဖြည်းချင်း သောက်နေခြင်း မဟုတ်ဘဲ တစ်ခါတည်း မော့ချလိုက်ကြခြင်း ဖြစ်၏။
ဆရာတော် ဟုန်ယွင် တစ်ပါးတည်းသာ လက်ဖက်ရည် မသောက်ဘဲ နေခဲ့သော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။
"ကဲ... အားလုံးကို မိတ်ဆက်ပေးပါရစေ"
ကျူးကော့ချန်ထျန်က ဆရာတော် ဟုန်ယွင်အား တစ်ယောက်ချင်းစီ မိတ်ဆက်ပေးရန် ပြင်လိုက်၏။
အခန်း (၂၃၀)- အသက်သွေးကြောက ဘယ်နားမှာလဲ
~ဆုမိုနှင့် ယန်ရှောင်ယွင်တို့အကြောင်းကိုတော့ သိပ်ပြီး ပြောစရာ မလိုတော့ပေ။
ချူချိုယွီကဲ့သို့သော လန်ယွဲ့နန်းတော်မှ အဖွဲ့ဝင်များသည်လည်း ဂုဏ်သိက္ခာရှိသော ဂိုဏ်းကြီးများမှ ဖြစ်ကြသဖြင့် ဆရာတော် ဟုန်ယွင် သည် သူတို့အား အလေးအနက်ထား ဆက်ဆံ၏။
ထို့နောက် ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးအကြောင်း ပြောဆိုကြပြန်သည်။
"ခေါင်းဆောင်ကြီးရဲ့ ဂုဏ်သတင်းက တော်တော် ကျော်ကြားတာပဲ... ရဟန်းကြီး ကြားဖူးတာ ကြာပါပြီ၊ မြစ်ကမ်းတစ်လျှောက်က ပြည်သူတွေကို စောင့်ရှောက်ပေးတာ ရှားပါးတဲ့ အရည်အချင်းပါ... လူတိုင်းရဲ့ လေးစားမှုကို ရထားတာလည်း ဂုဏ်ယူစရာပါပဲ"
"ဟား ဟား ဟား.."
ဆရာတော် ဟုန်ယွင်၏ စကားကို ကြားသောအခါ ရွှမ်လုံ ခေါင်းဆောင်ကြီးသည် လူတစ်ယောက်ကို ဝါးစားတော့မည့်အလား ကျယ်လောင်စွာ ရယ်လိုက်၏။
"တပည့်တော်က မြစ်ကမ်းတစ်လျှောက်မှာ မွေးဖွားကြီးပြင်းလာတဲ့ သားသမီးပါဗျာ... ကိုယ်တိုင် ချမ်းသာလာပြီ ဆိုမှတော့ ကိုယ့်ကို မွေးဖွားပေးခဲ့တဲ့ ပြည်သူတွေကို ဒုက္ခရောက်အောင် ဘယ်ကြည့်ရက်ပါ့မလဲ"
"အလုပ်သဘောသဘာဝ အရတော့ နည်းနည်း သိက္ခာကျစရာ ကောင်းပေမဲ့... ကျွန်တော့်ရဲ့ ရွှမ်လုံ ရေတပ်စခန်း မရှိရင် ရွှမ်ပင်း၊ ရွှမ်ကွေ၊ ရွှမ်ထျန် ဆိုတဲ့ တခြား ရေတပ်စခန်းတွေ ပေါ်လာဦးမှာပဲ... နောက်ဆုံးတော့ ဒီမြစ်ကြောင်းမှာ စီးပွားရေး လုပ်ပုံလုပ်နည်းက ဒီလိုပဲ ရှိတာလေ... ရှောင်လွှဲလို့ မရပါဘူး"
"ဒီလမ်းကို ရွေးချယ်ပြီးမှတော့ အနည်းဆုံး လူ့အသက်ကို အန္တရာယ် မပြုအောင်တော့ ကျွန်တော် ထိန်းသိမ်းပါတယ်... ကိုယ့်ဝမ်းစာ ရှာရင်း သူများကို ကူညီနိုင်တာက တခြားလူတွေထက်စာရင် တော်သေးတာပေါ့ဗျာ"
ပုံမှန်အားဖြင့် ဤစကားမျိုးကို သူ ပြောလေ့မရှိသော်လည်း နာမည်ဆိုးဖြင့် ကျော်ကြားသော ဆရာတော် ဟုန်ယွင်က သူ့ကို ချီးကျူးလိုက်သဖြင့် ဝမ်းသာလွန်း၍ မနေနိုင်တော့ဘဲ ထုတ်ပြောမိလိုက်ခြင်း ဖြစ်၏။
"တကယ့်ကို ရှားပါးတဲ့ စိတ်ဓာတ်ပါပဲ"
ဆရာတော် ဟုန်ယွင်က လေးလေးနက်နက် ပြောဆိုလိုက်ရာ ရွှမ်လုံ ခေါင်းဆောင်ကြီး၏ ရင်ထဲတွင် ပျော်ရွှင်မှုများ ပိုမို တိုးပွားလာတော့သည်။
"ဘုန်းကြီးကောင်း တစ်ပါးပါပဲဗျာ... နောင်ကျရင် ဘယ်သူမဆို ခင်ဗျားကို မိစ္ဆာဘုန်းကြီးလို့ လာခေါ်ရဲရင် ကျွန်တော် ပါးစပ်ကို ဆွဲဖြဲပစ်လိုက်မယ်"
ထို့နောက် စကားဝိုင်းသည် ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင် အမျိုးသမီးကြီးထံသို့ ရောက်ရှိသွားသည်။
ဆရာတော် ဟုန်ယွင်က သက်ပြင်းတစ်ချက် ဖွဖွလေး ချလိုက်၏။
"အထီးကျန်ရတာ ခက်ခဲလှပါတယ်... ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်က သူတို့အတွက် နားခိုရာ ပေးထားတာ လေးစားစရာ ကောင်းပါတယ်... ဒါပေမဲ့ ခင်ဗျားရဲ့ နည်းလမ်းတွေက နည်းနည်း ရက်စက်လွန်းနေတယ်၊ အဲဒါက ခင်ဗျားရဲ့ ကုသိုလ်အကျိုးကို နည်းနည်း ထိခိုက်စေနိုင်တယ်"
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ပြီး နှာခေါင်းရှုံ့လိုက်သော်လည်း ဘာမှ ပြန်မပြောပေ။
နောက်ဆုံးတွင် မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်၏ အလှည့်သို့ ရောက်ရှိလာသည်။
သို့သော် 'မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်' ဟု ပြောလိုက်သည်နှင့် တပြိုင်နက်... ယခင်က ကရုဏာသက်ဝင်ကာ ပြုံးရွှင်နေသော ဆရာတော် ဟုန်ယွင်၏ မျက်နှာထားသည် ရုတ်ချည်း မည်းမှောင်သွားတော့သည်။
"ဒကာကြီး... ခင်ဗျားက မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်လား"
မြွေစိမ်း ခေါင်းဆောင်၏ မျက်နှာတွင် အပြုံးများ ဝေဆာနေ၏။
"ဟုတ်ပါတယ် ဘုရား... ဟုတ်ပါတယ်၊ ဆရာတော် ဟုန်ယွင် က ကျွန်တော့်အကြောင်းလည်း ကြားဖူးတယ်ပေါ့"
"အင်း..."
ဆရာတော် ဟုန်ယွင်က ခေါင်းညိတ်လိုက်၏။
"မြွေစိမ်း မဟာမိတ်အဖွဲ့ ဆိုတာ တော်တော် နာမည်ကြီးတာပဲ... အထူးသဖြင့် မြစ်ကမ်းတစ်လျှောက်မှာ နာမည်ဆိုးနဲ့ ကျော်ကြားတယ်၊ ခင်ဗျားတို့ အဖွဲ့က အဆိပ်သုံးတာ ကျွမ်းကျင်တယ်လို့ ကြားတယ်... အဆိပ်ပြင်းအားကို စမ်းသပ်ဖို့ ရေလုပ်သားတွေ သောက်တဲ့ ရေကန်ထဲ အဆိပ်ခတ်ခဲ့ဖူးတယ် ဆို... ရွာတစ်ရွာလုံးက လူပေါင်း (၃၀၀) ကျော် မချိမဆံ့ အော်ဟစ်ပြီး သေဆုံးသွားခဲ့ရတယ်တဲ့"
"ဒါပေမဲ့ ရဟန်းကြီး သိချင်တာက... ဒီကိစ္စက အမှန်ပဲလား၊ အမှားလား"
သူ၏ မျက်လုံးများ မှေးစင်းသွားပြီး မျက်ဝန်းထဲတွင် ဒေါသအရိပ်အယောင်များ ထင်ဟပ်နေ၏။
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေကြောင့် အခန်းထဲရှိ လူအားလုံး ကြက်သေ သေသွားကြပြီး မြွေစိမ်း ခေါင်းဆောင်ကို ဝိုင်းကြည့်လိုက်ကြသည်။
ရွှမ်လုံ ခေါင်းဆောင်ကြီးက ပထမဆုံး စကားစပြောလိုက်၏။
"ဆရာတော် ဟုန်ယွင် အထင်လွဲနေတာများလား... ဒီမြွေက ရက်စက်တဲ့ နည်းလမ်းတွေ သုံးတတ်ပေမဲ့ သာမန် ပြည်သူတွေကိုတော့ ထိပါးလေ့ မရှိပါဘူး"
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်ကမူ တိတ်ဆိတ်နေသော်လည်း ဘာတွေ တွေးနေမှန်း မသိရပေ။
ကျူးကော့ချန်ထျန်က မြွေစိမ်း ခေါင်းဆောင်ကို စိုက်ကြည့်လိုက်၏။
"မင်း ပြောစမ်း... တကယ် ဘာတွေ ဖြစ်ခဲ့တာလဲ"
မြွေစိမ်း ခေါင်းဆောင် သက်ပြင်းချလိုက်၏။
"စောစောက ဆရာတော် ပြောသွားတဲ့ သူတို့ရဲ့ လုပ်ရပ်တွေ၊ ပုံစံတွေကို နားထောင်ကြည့်လိုက်တော့... အတိုချုံး ပြောလိုက်ပေမဲ့ အကုန်လုံးကို သေချာ သိနေသလိုပဲ... အဲဒီတော့မှ ကျုပ် ဒီနေရာမှာ ကြာကြာနေလို့ မဖြစ်တော့ဘူး ဆိုတာ သိလိုက်ရတာ"
"ဒါပေမဲ့ မျှော်လင့်ချက်လေး နည်းနည်းတော့ ထားမိသေးတယ်... အခုတော့ မှားသွားပြီ ထင်ပါရဲ့"
"ဆရာတော် ပြောတာတွေ အားလုံး အမှန်ပါပဲ... သူ ပြောသမျှ အချက်အလက်တွေ အကုန် မှန်ကန်ပါတယ်"
"ဘာပြောလိုက်တယ်"
ရွှမ်လုံ ခေါင်းဆောင်ကြီး ဒေါသအိုး ပေါက်ကွဲသွားပြီး စားပွဲကို လက်ဝါးဖြင့် ရိုက်ကာ မတ်တပ်ထရပ်ရန် ပြင်လိုက်၏။ သို့သော် အားစိုက်လိုက်သည်နှင့် တပြိုင်နက် ခန္ဓာကိုယ်က ပေါ့ပါးသွားသလို ခံစားလိုက်ရ၏။
သူ၏ အတွင်းအားများ လုံးဝ ပျောက်ဆုံးသွားပြီ ဖြစ်၏။ သူ မော့ကြည့်လိုက်ပြီး မေးလိုက်၏။
"မင်း...လက်ဖက်ရည်ထဲ အဆိပ်ခတ်လိုက်တာလား"
"ဘာ..."
"ပေါက်ကရတွေ.."
ကျူးကော့ချန်ထျန်နှင့် ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်တို့လည်း အတွင်းအားကို စမ်းသပ်ကြည့်လိုက်ကြသော်လည်း အမှန်တကယ်ပင် အတွင်းအား မရှိတော့ချေ။
ကျူးကော့ချန်ထျန်၏ မျက်နှာ သံမဏိတုံးကဲ့သို့ မည်းနက်သွားသည်။
"... မင်း... ငါ မင်းကို တစ်ခါ ယုံကြည်ခဲ့မိတာ မှားသွားပြီ... တကယ်ပဲ မြွေစိမ်းပါးစပ်နဲ့ ပျားအမြီး ရှိတဲ့ကောင်... ဘာအဆိပ် သုံးလိုက်တာလဲ"
"မြွေပါးစပ်နဲ့ ပျားအမြီး... နှစ်ခုစလုံးက အဆိပ်ပြင်းပါတယ်... ဒါပေမဲ့ အဆိပ်အပြင်းဆုံးကတော့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားပါပဲ... ကျုပ် လက်ဖက်ရည်ထဲ ခတ်လိုက်တဲ့ အဆိပ်က အဲဒါပါပဲ"
မြွေစိမ်း ခေါင်းဆောင်က ပြုံးလိုက်၏။
"ဒီအဆိပ်က အစပိုင်းမှာ ခါးသက်သက် ရှိပြီး နောက်ပိုင်းကျမှ ချိုသွားတာ... လက်ဖက်ရည်နဲ့ဆို အရမ်း လိုက်ဖက်တယ်လေ၊ ပုံမှန်ဆိုရင် ခင်ဗျားတို့ ကျွန်တော့်ကို ယုံပြီး ကျွန်တော့်လက်ထဲက လက်ဖက်ရည်ကို သောက်ဖို့ ခက်ခဲမှာပါ... ဒါပေမဲ့ ဒီနေ့က ရန်သူကို အတူတကွ တိုက်ထုတ်ပြီး ဘေးဒုက္ခကနေ လွတ်မြောက်လာကြတာ ဆိုတော့... သတိထားမှု လျော့နည်းသွားကြတာ သဘာဝပါပဲ"
"အချိန်ကိုက် ဖြစ်သွားတာပါ"
"ခေါင်းဆောင်ဆု... ခင်ဗျား ဘယ်လိုမြင်လဲ"
ဆုမိုသည်လည်း ကုလားထိုင်ပေါ်တွင် ခွေခေါက်နေပြီး မျက်နှာတွင် မယုံကြည်နိုင်မှုများ အထင်းသား ပေါ်လွင်နေ၏။
"ခင်ဗျား... ခင်ဗျား ဘာကို ဆိုလိုတာလဲ"
မြွေစိမ်း ခေါင်းဆောင်က ဆုမိုကို သေချာ အကဲခတ်ကြည့်လိုက်၏။ ဟန်ဆောင်နေခြင်း မဟုတ်ကြောင်း သေချာသောအခါ သက်ပြင်းချလိုက်၏။
"တကယ်ကို စိတ်ပျက်စရာ ကောင်းလိုက်တာ... ခေါင်းဆောင်ဆု၊ မင်းက ရွှမ်ကျီ တောင်ကြားမှာ ယူချွမ်ဂိုဏ်းကို ဖြိုခွင်းခဲ့တယ်၊ သိုင်းပညာလည်း ပြိုင်ဘက်ကင်းတယ်၊ ဉာဏ်ရည်လည်း ထက်မြက်တယ်၊ သတ္တိလည်း ရှိတယ်"
"ဒီအချိန်လောက်ဆို ငါ့ရဲ့ ရည်ရွယ်ချက်ကို ရိပ်မိလောက်ပြီ ထင်ခဲ့တာ"
"ဒါပေမဲ့ ကြည့်ရတာ... မင်း ဘာမှ မသိသေးတဲ့ပုံပဲ"
ဆုမို၏ မျက်နှာထား အမျိုးမျိုး ပြောင်းလဲသွားသည်။
ထိုစဉ် ဆရာတော် ဟုန်ယွင်က ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏။
"ဒကာကြီး... နောက်လှည့်ရင် ကမ်းပါ၊ အမှားတွေ ဆက်မလုပ်မိခင် ရပ်တန်းက ရပ်လိုက်ပါတော့"
ဆရာတော် ဟုန်ယွင်၏ စကားကို ကြားသောအခါမှ ကျူးကော့ချန်ထျန်နှင့် အခြားသူများ သတိပြန်ဝင်လာကြသည်။
ရွှမ်လုံ ခေါင်းဆောင်ကြီးက အလျင်စလို ပြောလိုက်၏။
"ဆရာတော် ဟုန်ယွင်... ဆရာတော်က လက်ဖက်ရည် မသောက်ခဲ့ဘူး မဟုတ်လား... အခု ကျွန်တော်တို့ကို ကယ်တင်ပေးပါဦးဘုရား"
"ဟုတ်တယ် ဆရာတော်... အခုချိန်မှာ ဆရာတော် တစ်ပါးတည်းပဲ လုပ်နိုင်တော့မှာ... ဒီလူရဲ့ သိုင်းပညာက အရမ်း မြင့်မားတယ်၊ ကျောက်လုံအသင်းက ညီအစ်ကိုတွေ သူ့ကို မယှဉ်နိုင်ပါဘူး..."
ကျူးကော့ချန်ထျန်လည်း အရေးတကြီး ဝင်ပြောလိုက်၏။
သို့သော် ဆရာတော် ဟုန်ယွင် ပြန်မပြောနိုင်မီမှာပင် အပြင်ဘက်မှ ခြေသံများ ဒရောသောပါး.. ပြေးဝင်လာသည်ကို ကြားလိုက်ရသည်။
ရုပ်ဆိုးအကျည်းတန်သော ဘုန်းကြီး (၁၀) ပါးကျော်သည် (၅) ယောက် (၆) ယောက် တစ်ဖွဲ့စီဖြင့် အခန်းထဲသို့ အတင်း ဝင်ရောက်လာကြသည်။
အခန်း (၂၃၁)- အသက်သွေးကြောက ဘယ်နားမှာလဲ (၂)
~"ဟား ဟား... ဟား ဟား ဟား..."
ကျူးကော့ချန်ထျန်၏ မျက်နှာတွင် မျှော်လင့်ချက် ရောင်ခြည်များ သန်းလာပြီး အလျင်အမြန် ပြောလိုက်၏။
"ဆရာတော်တို့... ဒီလူယုတ်မာကို ဖမ်းချုပ်ပေးကြပါဘုရား...."
သူသည် မြွေစိမ်း မဟာမိတ်အဖွဲ့ ခေါင်းဆောင်ကို လက်ညှိုးထိုးပြလိုက်၏။
သို့သော် မမျှော်လင့်ဘဲ ဘုန်းကြီးများသည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်နေကြရာမှ... ရုတ်တရက် မြွေစိမ်း ခေါင်းဆောင်နှင့်အတူ ကျယ်လောင်စွာ ရယ်လိုက်ကြတော့သည်။
ထိုရယ်သံသည် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်ပြီး ထိန်းချုပ်မှု ကင်းမဲ့နေသည်။
မျက်စိတစ်မှိတ်အတွင်း ကျူးကော့ချန်ထျန်၏ နှလုံးသားသည် ရေတွင်းနက်ထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
"မင်းတို့ကရော..."
ဘုန်းကြီးများသည် သူ့ကို လုံးဝ ဂရုမစိုက်ကြတော့ဘဲ မြွေစိမ်း ခေါင်းဆောင်ဘက်သို့ လှည့်ကာ ပြောလိုက်ကြသည်။
"ဒီခေါင်းဆောင်ဆု က တော်တော် သတ္တိကောင်းတာပဲ... ငါတို့ကို ဒီလောက် ဒုက္ခပေးခဲ့တာ၊ ဒီဘုန်းကြီးအိုရဲ့ လက်အောက်မှာ နေရတာ လွယ်တာ မဟုတ်ဘူး... ဒုက္ခသည် သိုင်းကျမ်းတဲ့... ဟွန့်၊ တကယ့်ကို နာကျင်စရာ ကောင်းလိုက်တာ၊ ငါတို့ စိတ်ဓာတ်သာ မခိုင်မာရင် ကြောက်လွန်းလို့ တကယ်ပဲ ရဟန်းဝတ်သွားလောက်တယ်"
"အခု ငါတို့ လိုချင်တာ ရပြီဆိုတော့... ဒီဘုန်းကြီးကို ခေါ်သွားရမယ်၊ ခေါင်းဆောင်ဆုနဲ့ သူ့လူတွေကိုတော့... အရှင်ထားလို့ မဖြစ်ဘူး"
"တစ်ယောက်တည်း တွေးပြီး ကိုယ့်ကိုယ်ကို အထင်ကြီးနေရတာ သနားစရာ မကောင်းဘူးလား"
မြွေစိမ်း ခေါင်းဆောင်က ရှေ့သို့ တစ်လှမ်းတိုးပြီး ဆုမိုကို ကြည့်ကာ မေးလိုက်၏။
"ခေါင်းဆောင်ဆု... အခုလောက်ဆို အကုန် နားလည်သွားလောက်ပြီ မဟုတ်လား"
"ခင်ဗျားတို့ ရောက်လာတာ 'မန်ဒရင်းဘဲ စာရင်း' အတွက်လား"
ဆုမို အသက်ပြင်းပြင်း ရှူလိုက်၏။
"ဒါဆို... ခင်ဗျားတို့ အားလုံးက ထာဝရည တောင်ကြား က လူတွေလား"
သူ့စကားကြောင့် အခန်းထဲရှိ လူအားလုံး အံ့အားသင့်သွားကြပြီး မြွေစိမ်း ခေါင်းဆောင်ကို ဝိုင်းကြည့်လိုက်ကြသည်။
သို့သော် မြွေစိမ်း ခေါင်းဆောင်က အေးစက်စွာ ရယ်လိုက်၏။
"ထာဝရည တောင်ကြား ဟုတ်လား... သူတို့က ငါတို့လက်ထဲက ဓားတစ်လက် သက်သက်ပါပဲ"
"သူတို့က ဒီရေလမ်းကြောင်းကို ပိတ်ဆို့ပြီး ရေသူခိုးတွေကို စုစည်းချင်ကြတာ... အနောက်တောင်ဘက်နဲ့ တိတ်တဆိတ် ဆက်သွယ်ပြီး တခြား အကြံအစည်တွေ ရှိနေတာလေ... တုန်းချန်က ဂိုဏ်းကြီးတွေကို မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားအောင် လုပ်ချင်နေကြတာ"
"ငါ့အမြင် ပြောရရင်တော့... အိပ်မက်မက်နေကြတာပါပဲ"
"တကယ့် အဖြစ်မှန်ကို မြင်ရခဲပြီး ထင်ကြေးတွေပဲ များနေရင်... အမှန်တရားကို ဘယ်လို ရှာတွေ့နိုင်မှာလဲ"
"ဒါပေမဲ့ သူတို့ရဲ့ မိုက်မဲတဲ့ စိတ်ကူးယဉ်မှုတွေကြောင့်ပဲ... ငါတို့အတွက် တစ်သက်မှာ တစ်ခါရခဲတဲ့ အခွင့်အရေးကို ရလာခဲ့တာပေါ့"
"ပူးပေါင်းဖို့ အခွင့်အရေး ဟုတ်လား"
ဆုမို သက်ပြင်းတစ်ချက် ဖွဖွလေး ချလိုက်ပြီး မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
"မန်ဒရင်းဘဲ စာရင်း.. ကျွန်တော့်လက်ထဲ ရောက်ကတည်းက... ကျွန်တော့်ကို စောင့်ကြည့်နေတဲ့ မျက်လုံးတွေ အမြဲ ရှိနေခဲ့တာ၊ ခင်ဗျားတို့ လှုပ်ရှားလာမယ့် အချိန်ကို စောင့်နေခဲ့တာပါ... ဒါပေမဲ့ ခင်ဗျားတို့ရဲ့ ခြေလှမ်းတိုင်းက ဒီလောက် ရက်စက်လိမ့်မယ်လို့တော့ မထင်ခဲ့မိဘူး"
"ခင်ဗျားတို့က ကျွန်တော့်ရဲ့ လှုပ်ရှားမှုတွေကို ခြေရာခံနေရင်း... တစ်ဖက်မှာလည်း ထာဝရည တောင်ကြားရဲ့ အစီအစဉ်တွေကို သိထားကြတယ်"
"ကျွန်တော် ဘယ်အချိန် ကျောက်လုံအသင်းကို ရောက်လာမလဲ ဆိုတာ တွက်ချက်ဖို့ မခက်ခဲပါဘူး"
"ကျွန်တော် မရောက်ခင်လေးမှာတင် ဒီပြဇာတ်ကို ကပြလိုက်တာ... ကျွန်တော် တကယ်ပဲ ယုံကြည်သွားခဲ့တယ်၊ ခင်ဗျားတို့က ကျောက်လုံအသင်း ကိစ္စကြောင့်ပဲ ရောက်လာကြတာပါ... တခြားရည်ရွယ်ချက် မရှိပါဘူးလို့ပေါ့"
ဆုမို၏ စကားကို ကြားသောအခါ ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင် အမျိုးသမီးကြီး ရုတ်တရက် သဘောပေါက်သွားသည်။
"ငါ ထင်သားပဲ... ဒီအဆိပ်ပြင်းတဲ့ မြွေက ဘာလို့ ရုတ်တရက်ကြီး ကျောက်လုံအသင်း ကိစ္စကို ဒီလောက် စိတ်ဝင်စားနေရတာလဲလို့"
"သူ့အကျိုးစီးပွားအတွက် စဉ်းစားတာ မဟုတ်ဘူးလား"
"အဲဒီလို တွေးလိုက်တော့ သူ့စရိုက်နဲ့ ကိုက်ညီသွားတာပေါ့"
ရွှမ်လုံ ခေါင်းဆောင်ကြီးက မှတ်ချက်ချလိုက်၏။
"အမှန်နဲ့ အမှား... ခွဲခြားရ ခက်လှတယ်၊ လူ့စိတ်ဆိုတာ သရဲအရိပ်လိုပဲ လှည့်စားတတ်တယ်... ဟူး... ငါတို့အားလုံး သူများလက်ထဲက ရုပ်သေးရုပ်တွေ ဖြစ်သွားခဲ့ရပြီပဲ"
ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင် သက်ပြင်းချလိုက်ပြီး မျက်ဝန်းထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ဖြတ်သန်းသွားသည်။
"တော်လိုက်တာ"
မြွေစိမ်း ခေါင်းဆောင် ခေါင်းညိတ်လိုက်၏။
ဆုမို ခပ်ဖွဖွ ရယ်လိုက်သည်။
"ခင်ဗျား ဒီလောက်ထိ တွေးမိတယ် ဆိုမှတော့... ယူချွမ်ဂိုဏ်း ခင်ဗျားလက်ထဲမှာ ပျက်စီးသွားရတာ မဆန်းပါဘူး... ကျွန်တော် ထာဝရည တောင်ကြားရဲ့ လက်ချက်မှန်း သိရက်နဲ့ ရေအကျဉ်းထောင်ထဲထိ လိုက်သွားပြီး ဒုက္ခခံခဲ့ရတာ အလကား မဖြစ်တော့ဘူးပေါ့"
"အဲဒီလိုမှ မလုပ်ရင် ကျွန်တော် ဘယ်ယုံမှာလဲ"
"ဒါပေမဲ့ ဒီကိစ္စ တစ်ခုလုံးမှာ ကျွန်တော် နားမလည်သေးတာ တစ်ခုတော့ ရှိသေးတယ်"
"အံ့ဩစရာ မရှိပါဘူး ခေါင်းဆောင်ဆု ရယ်... ဒါက ဂိုဏ်းချုပ်ကြီး ကိုယ်တိုင် စဉ်းစားထားတဲ့ အကြံအစည်လေ... ကောင်းကင်ဘုံက မြင်းပျံတစ်ကောင် ပျံသန်းနေသလိုပဲ ဆန်းကြယ်လွန်းတယ်၊ ရလဒ် ထွက်မလာမချင်း အစီအစဉ်ထဲမှာ ပါဝင်နေတဲ့ သူတောင် ရိပ်မိမှာ မဟုတ်ဘူး"
"ကျုပ် ဘာကို ဆိုလိုတာလဲ သိလား"
မြွေစိမ်း ခေါင်းဆောင်က မဖြေဘဲ ဆရာတော် ဟုန်ယွင်ဘက်သို့ လှည့်ကြည့်လိုက်၏။
ဆရာတော် ဟုန်ယွင်က သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ထိတ်လန့်ဖွယ်ရာ စကားတစ်ခွန်း ဆိုလိုက်၏။
"အခု ကြည့်ရတာ... ရဟန်းကြီး မိထားတဲ့ အဆိပ်ကလည်း ဒီ 'မိန်းမနှလုံးသား' အဆိပ်ပဲ ဖြစ်လောက်တယ်"
"ဟဲ ဟဲ..."
ဘုန်းကြီးအချို့ အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ရယ်လိုက်ကြသည်။
"ဆရာတော် ပြောတာ မှန်ပါတယ်... တကယ်ပဲ 'မိန်းမနှလုံးသား' အဆိပ်ပါပဲ၊ ဒါပေမဲ့ သူတို့နဲ့ မတူတာက ဆရာတော်ရဲ့ နေ့စဉ် ဆွမ်းထဲမှာ အဆိပ်ကို နည်းနည်းချင်းစီ ထည့်ထားတာပါ... ပမာဏ နည်းပေမဲ့ တဖြည်းဖြည်း စုပုံလာတာပေါ့"
"ပြီးတော့ လမ်းခရီးတစ်လျှောက်လုံးမှာ ဆရာတော် အနေနဲ့ ကိုယ်တိုင် တိုက်ခိုက်စရာ အကြောင်း မရှိခဲ့ဘူးလေ"
"အဆိပ်က ခန္ဓာကိုယ်ထဲမှာ ငြိမ်နေတော့ သတိမထားမိခဲ့ဘူး"
"ဒါပေမဲ့ ဒီည ရေတပ်စခန်းကို လာတုန်းက 'လှိုင်းနင်း ခြေလှမ်း' ကို သုံးလိုက်တော့... ခန္ဓာကိုယ်ထဲက အဆိပ်တွေ ပွက်ပွက်ဆူလာပြီး အစွမ်းပြတော့တာပဲ"
"ဒါကြောင့် အခု ဆရာတော် မလှုပ်ရှားနိုင်တော့တာပေါ့"
ယခု စကားပြောနေသူမှာ ဆရာတော် ဟုန်ယွင်နှင့်အတူ ရေတပ်စခန်းရှေ့သို့ ကိုယ်ဖော့ပညာဖြင့် ရောက်ရှိလာခဲ့သော ဘုန်းကြီး ဖြစ်၏။
သူသည် ရုပ်ဆိုးကြမ်းတမ်းသော်လည်း ဆုမိုတို့ မရင်းနှီးသော သူဖြစ်၏။
အခုမှ သေချာ ကြည့်လိုက်တော့... လမ်းခရီးမှာ ဖမ်းဆီး ခေါ်ဆောင်လာသည့် သူ ဖြစ်လောက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျူးကော့ချန်ထျန်၏ မျက်နှာသည် မျှော်လင့်ချက် ကင်းမဲ့သွားတော့သည်။
"ဆရာတော်... ဆရာတော်ပါ အဆိပ်မိနေတာလား"
ဆရာတော် ဟုန်ယွင်က တစ်ဖက်မှ ဘုန်းကြီးကို မော့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။
"မင်း သိလား... တခြားသူတွေ သင်္ဘောပေါ်မှာ ကျန်ခဲ့ပေမဲ့ ဘာလို့ မင်းတို့ လူနည်းစုကိုပဲ ဒီကျောက်လုံအသင်းထဲ အထူးတလည် ခေါ်လာခဲ့သလဲ ဆိုတာ"
"ဘာသဘောလဲ"
ထိုဘုန်းကြီး မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ဆရာတော် ဟုန်ယွင်ကို အကဲခတ်လိုက်သည်။
"ငါ မင်းကို ပုံပြင် တစ်ပုဒ် ပြောပြဖူးတယ်..."
"လင်းယုန်ငှက်ကို အစာကျွေးဖို့ ကိုယ်ကို စတေးခဲ့တဲ့ ဘုရားလောင်း ဇာတ်တော်လား"
ထိုဘုန်းကြီးက ဟားတိုက် ရယ်လိုက်၏။
"မိုက်မဲလိုက်တာဗျာ... ခင်ဗျားမှာ အဲဒီလို စေတနာ ရှိရင်တောင် ကျွန်တော်တို့က လိုချင်ရဲ့လား ဆိုတာ မေးဖူးလို့လား... ဒုက္ခသည် သိုင်းကျမ်းလို ထူးခြားတဲ့ သိုင်းပညာမျိုးက ခင်ဗျားလို ဘုန်းကြီးအို လက်ထဲမှာ နေရတာ နှမြောစရာပဲ... ကျွန်တော်တို့ လက်ထဲ ရောက်မှသာ သူ့တန်ဖိုး အစစ်အမှန်ကို ပြနိုင်မှာ... အခု ကျွန်တော်လည်း နည်းနည်းပါးပါး တတ်မြောက်ထားပြီ ဆိုတော့ ဆရာတော်အပေါ် စမ်းသပ်ကြည့်ချင်နေတာ"
ပြောပြီးသည်နှင့် ထိုဘုန်းကြီးသည် မြွေစိမ်း ခေါင်းဆောင်ကို လှမ်းကြည့်လိုက်၏။
"စကားပြောတာ တော်လောက်ပြီ... ဒီကိစ္စကို အဆုံးသတ်လိုက်ကြစို့”