← Chapters

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အခန်း (၂၃၂-၂၃၄)

Vol. 16 Ch. 232-234

အခန်း (၂၃၂) - အသက်သွေးကြောက ဘယ်နားမှာလဲ (၃)

~"မန်ဒရင်းဘဲ စာရင်းနဲ့ ဒီဘုန်းကြီးအိုကြီးကို ငါတို့ ယူသွားမယ်... မင်း လွတ်လွတ်လပ်လပ် ထွက်သွားလို့ ရတယ်"

"ဆုမိုနဲ့ ယန်ရှောင်ယွင်ကို သတ်လိုက်... ကျန်တဲ့ လူတွေကိုတော့ မင်းသဘောပဲ၊ ကြိုက်သလို လုပ်ပစ်လိုက်"

"ထာဝရည တောင်ကြား ဟုတ်လား... ဟွန့်၊ သူတို့က မကျေမနပ် ဖြစ်ပြီး ပြန်လာဦးမှာ သေချာတယ်... ဒီည သတင်းတွေက အပြင်မပေါက်ကြားသေးဘူး ဆိုတော့... ဟန်ဆောင်ပြီး လှည့်စားလို့ ရသေးတယ်"

"ညသခင် ဆိုတဲ့ ကောင်က ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းနေတဲ့ ငတုံးပဲ... နောက်ဆုံးကျတော့ ငါတို့ ဂိုဏ်းချုပ်ကြီးကို ဘယ်ယှဉ်နိုင်မှာလဲ"

ထိုစကားကို ကြားသောအခါ ဆုမိုသည် ဆရာတော် ဟုန်ယွင်ကို လှမ်းကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။

"ဆရာတော်... လင်းယုန်ငှက်ကို အစာကျွေးဖို့ ကိုယ့်ကိုယ်ကို စတေးတာက မြင့်မြတ်ပါတယ်... ဒါပေမဲ့ တစ်ဖက်လူက ဘယ်သူလဲ ဆိုတာတော့ ကြည့်ဦးမှပေါ့ဘုရား"

"..."

ဆရာတော် ဟုန်ယွင် ခဏတာ တိတ်ဆိတ်သွားသည်။

"ရဟန်းကြီး သေချာ စဉ်းစားခဲ့ပါတယ်... ဒကာလေးဆုနဲ့ တွေ့ပြီးမှသာ အခြေအနေ အရပ်ရပ်အတွက် ပြင်ဆင်ပြီး သူတို့ကို ဒီနေရာကို ခေါ်လာခဲ့တာပါ"

"..."

ဆုမို၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွားသည်။ ဒီဘုန်းကြီးအိုကြီးက ဘယ်ကနေများ သူ့အပေါ် ဒီလောက် ယုံကြည်မှုတွေ ရလာရတာလဲ။

မြွေစိမ်း ခေါင်းဆောင်က ရယ်လိုက်၏။

"ကဲ... ကဲ... ခေါင်းဆောင်ဆု၊ သေဖို့ အဆင်သင့် ဖြစ်ပြီလား"

စကားပြောနေရင်း သူ၏ ခန္ဓာကိုယ်သည် လေပွေတစ်ခုအလား လှုပ်ရှားသွားပြီး ဆုမို၏ ရှေ့သို့ ရောက်ရှိလာ၏။

လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ရာ အဆိပ်ပြင်း မြွေတစ်ကောင် ပေါက်လိုက်သကဲ့သို့ ဆုမို၏ အသက်သွေးကြောဆီသို့ တည့်တည့် ဦးတည်လာသည်။

ဆုမို မျက်လွှာချလိုက်ပြီး အတွင်းအားကို စုစည်းလိုက်၏။

သို့သော် ထိုအချိန်မှာပင်... တဘုန်းဘုန်း ခြေသံများ ထွက်ပေါ်လာ၏။

လှည့်ကြည့်လိုက်သောအခါ ကြီးမားထွားကျိုင်းသော ခန္ဓာကိုယ်ကြီး တစ်ခုသည် ဆုမို၏ ရှေ့သို့ တိုးဝင်လာပြီး ကာဆီးလိုက်သည်ကို တွေ့လိုက်ရသည်။

မြွေစိမ်း ခေါင်းဆောင်၏ လက်ချောင်းသည် ထိုခန္ဓာကိုယ်ကြီးကို တည့်တည့် ထိုးစိုက်လိုက်မိသည်။

ဆုမို၊ မြွေစိမ်း ခေါင်းဆောင်နှင့် ယန်ရှောင်ယွင်တို့ အပါအဝင် အားလုံး အံ့အားသင့်သွားကြသည်။

ထိုလူမှာ ဖက်တီး အမျိုးသမီးပင် ဖြစ်ချေသည်။

ထိုလက်ချောင်းချက်သည် သာမန် မဟုတ်ပေ။ ဖက်တီး၏ မျက်နှာ ရုတ်ချည်း ရှုံ့မဲ့သွားပြီး ခန္ဓာကိုယ် တစ်ခုလုံး တုန်ခါသွားကာ နောက်သို့ ပစ်လဲကျသွားတော့သည်။

"..."

မြွေစိမ်း ခေါင်းဆောင်၏ နှုတ်ခမ်းများ တွန့်ကွေးသွား၏။

"နှလုံးကို ထိသွားတာတောင် လှုပ်ရှားနိုင်သေးတယ်... တော်တော် ထူးခြားတဲ့ လူပဲ၊ ဒါပေမဲ့ ဒီလူက အရူးများလား... အစားအစာ လေးစားလောက်အတွက်နဲ့ ဒီလောက်ထိ လုပ်စရာ လိုလို့လား"

သူ ခေါင်းခါလိုက်ပြီး ဆုမိုကို ကြည့်လိုက်၏။

"ခေါင်းဆောင်ဆု က ကံကောင်းတတ်ပုံ ရတယ်... ဒါပေမဲ့ ကံဆိုးတာက... အချိန် ခဏလေးပဲ ဆွဲဆန့်နိုင်လိုက်တာပါပဲ"

"မပြောနိုင်ဘူးလေ... ခဏနေရင် တစ်ယောက်ယောက် လာကယ်ချင် ကယ်ဦးမှာပေါ့"

ဆုမိုက မဲ့ပြုံး ပြုံးလိုက်၏။

"ခေါင်းဆောင်ဆု က အမြဲတမ်း ဒီလို စိတ်ကူးယဉ် အိပ်မက်တွေ မက်လေ့ရှိတာလား"

မြွေစိမ်း ခေါင်းဆောင်က ဟားတိုက် ရယ်လိုက်၏။ လက်ချောင်းတစ်ချောင်းကို မြွေစွယ်ကဲ့သို့ ကွေးလိုက်ပြီး ဆုမို၏ ဦးခေါင်းထိပ်ရှိ 'ပိုင်ဟွေ'သွေးကြောကွက်ကို ချိန်ရွယ်လိုက်၏။

သို့သော် လက်ချောင်း ထိလုနီးပါး အချိန်တွင် လေပြင်းတစ်ချက် ရုတ်တရက် တိုက်ခတ်လာသည်။

မြွေစိမ်း ခေါင်းဆောင်၏ မျက်နှာ မည်းမှောင်သွားသည်။ ဆုမို ပြောတာ မှန်နေပြန်ပြီ။

သူ ရုတ်ခြည်း လှည့်ကြည့်လိုက်သောအခါ တောင်ဝှေးတစ်ချောင်း လေထဲတွင် ပျံဝဲလာသည်ကို တွေ့လိုက်ရသည်။

အကယ်၍ သူသာ ဆုမိုကို ဆက်လက် တိုက်ခိုက်နေမည် ဆိုလျှင် သူ့အသက်ပါ ပါသွားနိုင်ချေ ရှိသည်။

မတတ်သာဘဲ တိုက်ကွက်ကို ပြောင်းလဲလိုက်ရသည်။ အခြားလက်တစ်ဖက်ကို မြွေတစ်ကောင်အလား လှုပ်ရှားလိုက်ပြီး တောင်ဝှေးကို ရစ်ပတ်ကာ ဘေးသို့ ပစ်ထုတ်လိုက်၏။

သို့သော် တောင်ဝှေးသည် မြေကြီးပေါ်သို့ မကျဘဲ လေထဲတွင် လည်ပတ်နေသည်။

'ဝီ' ခနဲ အသံနှင့်အတူ တောင်ဝှေးသည် ဆုမို၏ အနောက်ဘက်သို့ ပျံသန်းသွားသည်။

ဆုမို မသိလိုက်မီမှာပင် သူ့အနောက်၌ လူတစ်ယောက် တိတ်တဆိတ် ရောက်ရှိနေခဲ့ပြီ ဖြစ်၏။ ထိုလူသည် တောင်ဝှေးကို ဖမ်းယူလိုက်ပြီး မြေကြီးပေါ်သို့ ထောက်လိုက်၏။

"ငါ့နောက်ကို ဒီလောက် အဝေးကြီး လိုက်လာပြီးမှ... အခုတော့ ကိုယ်ထင်ပြပြီပေါ့"

ထိုလူက တိုးညှင်းစွာ ပြောလိုက်၏။ အသံက အိုမင်းရင့်ရော်နေ၏။

ဆုမို လှည့်မကြည့်ဘဲ ဘယ်သူလဲ ဆိုတာ သိလိုက်၏။

"ဒီလောက် အကြာကြီး နောက်ယောင်ခံ လိုက်လာပြီးမှ... သခင်ကြီးလီ က လူလုံးထွက်ပြဖို့ စိတ်ကူးပေါက်သွားပြီလား"

"မင်းသာ ဒီလောက် မအူမလည် မလုပ်ဘဲ သူများ အကွက်ထဲ မဝင်ခဲ့ရင်... ဒီအဘိုးကြီး ကိုယ်တိုင် ဝင်ပါစရာ လိုပါ့မလား"

အနောက်မှ လူသည် 'သခင်ကြီးလီ' ပင် ဖြစ်၏။

လမ်းငါးသွယ်ဆုံရပ်မှ တာဝန်ပေးချက်အရ 'ကျေးဇူးတင်လက်ဆောင်' လာပေးသော လီစစ်ယွင် ပင် ဖြစ်ချေသည်။

သို့သော် ယခုအချိန်တွင် သူတစ်ယောက်တည်း ဖြစ်ပြီး ဝမ်အာကိုမူ မတွေ့ရပေ။

"ခင်ဗျားလား"

မြွေစိမ်း ခေါင်းဆောင်က ထိုလူကို ကြည့်ပြီး ရုတ်တရက် ရယ်လိုက်၏။

"ရှာနေတုန်း တွေ့ဆိုသလိုပါပဲလား... မပင်ပန်းရတော့ဘူးပေါ့"

ကျူးကော့ချန်ထျန်၊ ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်နှင့် ရွှမ်လုံ ရေတပ်စခန်း ခေါင်းဆောင်ကြီးတို့မှာမူ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ဘာပြောရမှန်း မသိ ဖြစ်နေကြသည်။

ဒါ ဘယ်သူကြီးလဲ။

ဒီညတော့ တစ်ယောက်ပြီး တစ်ယောက် ထွက်လာလိုက်ကြတာ... ဇာတ်လမ်းက ဘယ်လိုတောင် ရှုပ်ထွေးနေရတာလဲ။

"ဟွန့်..."

လီစစ်ယွင် ပြုံးလိုက်၏။

"ရေမြောင်းထဲ ပုန်းနေတဲ့ ပိုးကောင်တွေ... ဘယ်တုန်းကများ လူလုံးထွက်ပြရဲတဲ့ သတ္တိတွေ ရှိလာကြတာလဲ"

"ရွှေကျောက်စိမ်းကတော့ အခိုးခံရကတည်းက... မင်းတို့လူစု ငါ့ကို တိတ်တဆိတ် ပစ်မှတ်ထားနေမှန်း ငါ သိခဲ့တယ်"

"ဒါပေမဲ့ မင်းတို့ကို ရှာရတာ မလွယ်ဘူး"

"အခုတော့ ခေါင်းဆောင်ဆု ကို ကျေးဇူးတင်ရမှာပဲ... သူက အတွေ့အကြုံနုနယ်ပြီး လူ့စိတ်ကို နားမလည်လို့ မင်းတို့ကို မျှားခေါ်မိသလို ဖြစ်သွားပေမဲ့... ငါ့အတွက်တော့ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားတာပေါ့"

သူ့စကားကို ကြားရသောအခါ၊ ဆုမို နှာခေါင်းကို ပွတ်သပ်လိုက်၏။ သိပ်တော့ သဘောမတူချင်။

လီစစ်ယွင် စကားဆုံးသည်နှင့် တိုက်ခိုက်ရန် ပြေးဝင်သွားသည်။

သူ အသုံးပြုသော တောင်ဝှေးသိုင်းကွက်သည် ဆုမို တစ်ခါမှ မမြင်ဖူးသော ပညာရပ် ဖြစ်၏။

ထိုမျှမက၊ ဒီအဘိုးကြီးက တိုက်ခိုက်ပြီ ဆိုတာနှင့် အိုမင်းမစွမ်း ဖြစ်နေသည့် ပုံစံတွေ လုံးဝ ပျောက်ကွယ်သွားတော့သည်။

သူ၏ တောင်ဝှေးသည် ကောင်းကင်ယံ တစ်ခုလုံးကို လွှမ်းခြုံထားသော အရိပ်များအလား လှုပ်ရှားနေပြီး မြွေစိမ်း ခေါင်းဆောင်မှာ ခေတ္တမျှ ခုခံရန် ခက်ခဲနေ၏။

"မင်းတို့ ဘာလုပ်နေကြတာလဲ... မကူကြတော့ဘူးလား"

မြွေစိမ်း ခေါင်းဆောင် ဒေါသတကြီး အော်ဟစ်လိုက်၏။

ဘုန်းကြီး (၁၀) ပါးလောက် ရောက်လာသော်လည်း အခန်းထဲ ဝင်လာတာက (၅) ယောက် (၆) ယောက် လောက်ပဲ ရှိသည်။

ကျန်တဲ့လူတွေက အပြင်မှာ စောင့်နေကြ၏။ အခု အရေးကြီးသည့် အချိန်ကျမှ ဘယ်သူမှ ဝင်မလာကြချေ။

အခန်းထဲ ရောက်နေသော ဘုန်းကြီးတွေကတော့ လီစစ်ယွင်ကို ဝိုင်းဝန်း တိုက်ခိုက်ကြသည်။

သို့သော် အဘိုးကြီးကတော့ အေးဆေးတည်ငြိမ်နေသည်။ သူ့တောင်ဝှေးက အရှေ့ကို ထိုးသလိုလိုနှင့် အနောက်ကို ရိုက်သည်၊ ကိုယ်ဖော့ပညာကလည်း ဖမ်းဆုပ်၍ မရနိုင်အောင် လှုပ်ရှားနေ၏။

သူ့သိုင်းပညာက တကယ့်ကို ထိပ်တန်းအဆင့်ပါပင်။

မြွေစိမ်း ခေါင်းဆောင်နှင့် တခြားလူတွေကလည်း သိုင်းပညာ မညံ့ကြသော်လည်း.. ဒီအဘိုးကြီးကို ဖမ်းဖို့ကျတော့ မလွယ်ကူလှပေ။

ခဏတာမျှ အခြေအနေ တင်းမာနေကြသည်။

ထိုစဉ် ဆုမို၏ အသံ ထွက်ပေါ်လာသည်။

"အစ်မရှောင်ယွင်... သခင်ကြီးလီ သုံးနေတဲ့ တောင်ဝှေးသိုင်းကို ဘယ်လိုမြင်လဲ"

"ငါလည်း တစ်ခါမှ မမြင်ဖူးဘူး"

ယန်ရှောင်ယွင် သက်ပြင်းချလိုက်၏။

"သိုင်းလောကထဲ ခရီးသွားလေလေ... ကိုယ့်အမြင်ကျဉ်းမှန်း ပိုသိလာလေပဲ၊ အရင်တုန်းက ဒီမြွေစိမ်း ခေါင်းဆောင်ကို တွေ့ဖူးပေမဲ့ သူ့ရဲ့ သံယပ်တောင် ပညာကိုပဲ သိခဲ့တာ... လက်သီးသိုင်းမှာ ဒီလောက် ကျွမ်းကျင်လိမ့်မယ်လို့ ထင်မထားခဲ့ဘူး"

"ဒီလူရဲ့ သိုင်းပညာက ယုတ်မာကောက်ကျစ်တယ်... စွမ်းအားကြီးပေမဲ့ နောက်ဆုံးကျတော့ နိမ့်ကျတဲ့ လမ်းစဉ်ပါပဲ"

ဆုမို ပြုံးလျက် ပြောလိုက်၏။

ယန်ရှောင်ယွင်လည်း လေးလေးနက်နက် ခေါင်းညိတ်ထောက်ခံလိုက်၏။

ထိုစဉ် ၊ မြွေစိမ်း ခေါင်းဆောင်၏ မျက်နှာ မည်းမှောင်သွားသည်။ ...

အရာရာ အဆင်ပြေနေပြီလို့ ထင်ထားကာမှ မမျှော်လင့်တဲ့ အခက်အခဲတွေ ဘယ်ကနေ ရောက်လာရတာလဲ။

ယခု အခြေအနေ တင်းမာနေချိန်တွင် သူသည် အကြံထုတ်ရင်း ဆုမိုကို လှမ်းကြည့်လိုက်ရာ ဆုမိုက လက်တစ်ဖက်ဖြင့် ရင်ဘတ်ကို ကာထားသည်ကို တွေ့လိုက်ရသည်။

သူ့မျက်လုံးများ အရောင်လက်သွားသည်။

ချက်ချင်းပင် နောက်ဆုတ်လိုက်ပြီး ခြေလှမ်းနှစ်လှမ်းဖြင့် ဆုမို၏ ရှေ့သို့ ရောက်ရှိသွားသည်။

လက်ကို ဆန့်ထုတ်ပြီး ဆုမို၏ ရင်ဘတ်ကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်၏။

သို့သော်...

သူ့လက်ချောင်းများ ထိတွေ့လိုက်မိသည်မှာ ဆုမို၏ အဝတ်အစား မဟုတ်ဘဲ... ဆုမို၏ လက်ဖဝါး ဖြစ်နေသည်။

အံ့ဩတကြီး မော့ကြည့်လိုက်သောအခါ ဆုမိုက ခပ်ရေးရေး ပြုံးနေသည်ကို တွေ့လိုက်ရ၏။

"ခင်ဗျားရဲ့ အသက်သွေးကြောက ဘယ်နားမှာလဲ"

စကားဆုံးသည်နှင့် 'ဂျွတ်' ခနဲ အသံ ထွက်ပေါ်လာပြီး... မြွေစိမ်း ခေါင်းဆောင်၏ လက်မောင်းတစ်ဖက်သည် လိမ်ဖည်သွားတော့သည်။

"မင်း... မင်း အဆိပ်မမိဘူးလား”

အခန်း (၂၃၃) - ဧည့်သည်ကို တားဆီးခြင်း

~“ပါးစပ်ထဲ ထည့်မယ့်အရာဆိုတော့လည်း... သတိထားပြီး စားသောက်ရတာပေါ့ဗျာ။”

ဆုမိုသည် မြွေစိမ်းခေါင်းဆောင်၏ လက်မောင်းကို ဆုပ်ကိုင်ထားလျက်ပင် အေးအေးဆေးဆေး မတ်တပ်ရပ်လိုက်၏။

သူ့ဘေးတွင် ယန်ရှောင်ယွင်သည်လည်း ထရပ်လိုက်ပြီး သူမ၏ 'နဂါးနက်လှံ' ကို လျင်မြန်စွာ ဆက်သွယ်တပ်ဆင်လိုက်ကာ -

“ရှောင်မိုက လက်ဖက်ရည်ထဲမှာ တစ်ခုခု မှားနေတယ်လို့ သတိပေးတုန်းက ငါတောင် အံ့ဩသွားသေးတာ... တကယ်ပဲ ပြဿနာရှိနေလိမ့်မယ်လို့ မထင်ထားဘူး၊ မြွေစိမ်း ခေါင်းဆောင်ရဲ့ လှည့်ကွက်တွေက တကယ့်ကို ခန့်မှန်းရခက်တာပဲ... လေးစားမိပါတယ်ဗျာ။”

“မင်းက ဘယ်လိုလုပ်ပြီး သဲလွန်စကို ရှာတွေ့သွားတာလဲ။”

မြွေစိမ်းခေါင်းဆောင်၏ မျက်နှာတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေ၏။ သူ၏ လက်မောင်းမှ ပြင်းထန်သော ဝေဒနာကိုပင် ဂရုမစိုက်နိုင်တော့ပေ။

သူ၏ အစီအစဉ်မှာ အစအဆုံး စေ့စပ်သေချာလှသည်ဟု သူ ကိုယ့်ကိုယ်ကို ယုံကြည်ထားခဲ့သည်။ ဂိုဏ်းချုပ်ကိုယ်တိုင် ညွှန်ကြားထားခြင်း ဖြစ်သလို၊ သူ၏ သရုပ်ဆောင်မှုမှာလည်း အပြစ်ပြောစရာ မရှိခဲ့သည် မဟုတ်ပါလော။

“ခင်ဗျားရဲ့ အမှားက အများကြီး မဟုတ်ပါဘူး... ဟိုဖက်တီးက လက်ဖက်ရည်ခွက်ကို လုဖို့ ကြိုးစားတဲ့ အချိန်မှာ ခင်ဗျား ခဏလေး ပျာယာခတ်သွားတာကို မြင်လိုက်ရလို့ပါပဲ။”

ဆုမိုက ပြုံးလျက် ခေါင်းခါယမ်းလိုက်၏။

“အဲဒီ တစ်ချက်တည်းနဲ့လား။”

မြွေစိမ်းခေါင်းဆောင်မှာ နားနှင့်မဆံ့အောင် ဖြစ်သွားရရှာသည်။

ဟိုဖက်တီး လက်ဖက်ရည်ကို လှမ်းလုတုန်းက သူ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်မှာ အမှန်ပင်။ အဘယ်ကြောင့်ဆိုသော် ထိုလက်ဖက်ရည်သည် ယနေ့ အစီအစဉ် တစ်ခုလုံး၏ အသက်သွေးကြော ဖြစ်နေသောကြောင့်ပင်။

တကယ်လို့ တစ်ခုခု လွဲချော်သွားလျှင် ရှေ့က ကြိုးစားခဲ့သမျှ အကုန် အလကား ဖြစ်သွားပေလိမ့်မည်။

သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားသော်လည်း သူက အကျိုးအကြောင်းပြချက် ရှာထားပြီး ဖြစ်သဖြင့် သိသာထင်ရှားသော ဟာကွက် မရှိနိုင်ဟု ယူဆထားခဲ့ခြင်း ဖြစ်ချေသည်။

“အဲဒါနဲ့တင် လုံလောက်နေပါပြီ။”

ဆုမိုက ပြုံးလျက် ဆိုလိုက်၏။

“ကျွန်တော့်မှာ တခြား ထူးခြားတဲ့ အရည်အချင်း မရှိပါဘူး... သတိကြီးတာ တစ်ခုပဲ ရှိတာပါ၊ ပြီးတော့ မြွေစိမ်းအသင်းရဲ့ နာမည်ကလည်း သိပ်ကောင်းတာ မဟုတ်ဘူးလေ... ခင်ဗျား အဲဒီလို မတုံ့ပြန်ခဲ့ရင်တောင် ခင်ဗျား တိုက်တဲ့ လက်ဖက်ရည်ကို ကျွန်တော် မသောက်ရဲပါဘူး... အခုလို အဖြစ်အပျက်နဲ့ ကြုံရတော့ ပိုသေချာသွားတာပေါ့။”

“ဒါတင်မကသေးဘူး... ခေါင်းဆောင်က သရုပ်ဆောင်တာကို ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေပုံ ရပေမဲ့၊ ဟာကွက်တွေ ရှိနေသေးတယ်ဗျ။”

“ဆရာတော် ဟုန်ယွင် ရောက်လာတုန်းက ခင်ဗျားရဲ့ အကြည့်တွေက နည်းနည်း ပိုနေသလိုပဲ။”

“အဲဒီအချိန်တုန်းက ထူးဆန်းတယ်လို့ မထင်ရပေမဲ့... တခြား အချက်အလက်တွေနဲ့ ပေါင်းစပ်လိုက်တော့ ကျွန်တော့်ကို တစ်မျိုး တွေးမိသွားစေတာပေါ့။”

“ဒါကြောင့် အဲဒီ လက်ဖက်ရည်တစ်ခွက်ကတော့ လုံးဝ သောက်လို့ မဖြစ်ဘူးဆိုတာ သေချာသွားတာပဲ။”

မြွေစိမ်းခေါင်းဆောင်၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြစ်သွားတော့၏။

“မင်းမှာ သံသယရှိနေရင် ဘာလို့ အစောကြီးကတည်းက ထုတ်မပြောတာလဲ။”

“သက်သေမရှိဘဲနဲ့ သူတစ်ပါးရဲ့ ဂုဏ်သိက္ခာကို ညှိုးနွမ်းအောင် စွပ်စွဲတတ်တဲ့ အကျင့် ကျွန်တော့်မှာ မရှိဘူးဗျ... လက်ဖက်ရည် တစ်ခွက် မသောက်တာက ဆက်ဆံရေးကို မထိခိုက်နိုင်ပါဘူး။”

“ဒါပေမဲ့ ခင်ဗျားကို အဆိပ်ခတ်တယ်လို့ ဗြောင်စွပ်စွဲဖို့ကျတော့လည်း... နည်းနည်းတော့ မသင့်တော်ဘူးလေ။”

“အရေးကြီးဆုံး အချက်ကတော့... အဲဒီအချိန်မှာ ကျွန်တော်က ထုတ်ပြောလိုက်ရင်၊ အခုလို ခင်ဗျားကို အလွယ်တကူ ဘယ်ဖမ်းနိုင်ပါ့မလဲ။”

ဤစကား ဆုံးသည်နှင့် ဆုမို၏ လက်ချောင်းများက မြွေစိမ်းခေါင်းဆောင်၏ ကိုယ်ပေါ်ရှိ သွေးကြောကွက် အချို့ကို ဖျတ်ခနဲ ဖိနှိပ်လိုက်လေတော့သည်။

“ဘယ်လိုလဲ... အလကားနေရင်း ရုန်းကန်မနေပါနဲ့တော့၊ ဖြေဆေးကို ထုတ်ပေးပြီး အေးအေးဆေးဆေး ထိုင်ဆွေးနွေးကြတာပေါ့။”

“ဟဲဟဲ...”

မြွေစိမ်းခေါင်းဆောင်က ရှုံ့မဲ့မဲ့ ပြုံးလိုက်ပြီး သူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ဝင်းလက်သွားချေပြီ။

ဆုမိုက ထိုအကြည့်ကို မျက်တောင်တစ်ခတ်အတွင်း ဖမ်းဆွဲလိုက်နိုင်ပြီး... လက်တစ်ဖက်ဖြင့် ထိုသူ၏ မေးရိုးကို ဖမ်းညှစ်လိုက်သဖြင့် ပါးစပ်ပိတ်၍ မရတော့ပေ။

အတွင်းအားကို လှည့်ပတ်လိုက်ပြီး မြွေစိမ်းခေါင်းဆောင်၏ ခေါင်းကို လိမ်လိုက်ကာ အခြားလက်တစ်ဖက်ဖြင့် ဦးခေါင်းနောက်စိကို အသာအယာ ပုတ်လိုက်၏။

“ဂလောက်... ဂလောက်... ဂလောက်...” ဟူသော အသံများ ဆက်တိုက် ထွက်ပေါ်လာတော့သည်။

ဖြူဖွေးသော သွားများမှာ ပါးစပ်အတွင်းမှနေ၍ တဖွဲဖွဲ ကြွေကျလာချေပြီ။

ဆုမိုက အတွင်းအားကို တုန်ခါစေပြီး ထိုသူ၏ သွားများအားလုံးကို အမြစ်မှ ကျွတ်ထွက်သွားအောင် ပြုလုပ်လိုက်ခြင်း ဖြစ်တော့သည်။

“တောင်းပန်ပါတယ်ဗျာ... ကျွန်တော်က တစ်ချောင်းချင်း လိုက်ရှာမနေချင်လို့ပါ၊ အားလုံးကို ထွေးထုတ်လိုက်တာက ပိုပြီး ရှင်းလင်းသွားတာပေါ့။”

ပြောပြောဆိုဆိုနှင့် သူသည် မိမိ၏ အဝတ်အစားမှ အစအန တစ်ခုကို ဆွဲဖြတ်ကာ အလုံး ပြုလုပ်ပြီး ထိုသူ၏ ပါးစပ်အတွင်းသို့ အတင်းထိုးထည့်လိုက်၏။

ထိုသူအား လဲလျောင်းစေပြီးနောက် ဆုမိုသည် သူ၏ ခါးနှင့် ဝတ်ရုံလက်များကြားသို့ အသာအယာ စမ်းသပ်ကြည့်လိုက်သည်။

ရုတ်တရက် -

“ရွှီး... ရွှီး... ရွှီး..”

ငွေအပ် (၃) ချောင်းမှာ ထိုသူ၏ ခါးကြားမှ ထွက်ပေါ်လာပြီး ခေါင် အထက်ရှိ ထုပ်တန်းပေါ်သို့ တည့်တည့်မတ်မတ် စိုက်ဝင်သွားတော့၏။

ဆုမိုက အေးအေးဆေးဆေးပင် မော့ကြည့်လိုက်ရင်း လှောင်ရယ်လိုက်လေသည်။

“ဒီ အဆိပ်အပ် (၃) ချောင်းက ထာဝရညတောင်ကြားက လူတွေကို ဘာလို့ မသတ်နိုင်ခဲ့တာပါလိမ့်။”

“ဟွန့်...”

မြွေစိမ်းခေါင်းဆောင်မှာ မျက်နှာလွှဲလိုက်ပြီး လုံးဝ ပူးပေါင်းဆောင်ရွက်မည့်ပုံ မပြပေ။

ဆုမို နောက်ထပ် စုံစမ်းမနေတော့ဘဲ ဝတ်ရုံလက်နှင့် ခါးကြားတွင် အဆိပ်အပ်မှအပ တခြားအရာ မရှိကြောင်း အတည်ပြုလိုက်၏။

သို့သော် ဆုမိုက ထိုသူ၏ ခါးပတ်ကို ဖြုတ်ယူကာ အနောက်ဘက်သို့ လှန်ကြည့်လိုက်သောအခါ... ခါးပတ်အတွင်းဘက်တွင် အိတ်ကပ်ငယ်လေးများစွာ ချုပ်လုပ်ထားသည်ကို တွေ့လိုက်ရ၏။

ထိုအိတ်ကပ်လေးများအတွင်းရှိ ဆေးလုံးများကို ရေစိုခံအဝတ်များနှင့် ဖယောင်းများဖြင့် သေချာစွာ ပိတ်ဆို့ထားကြသည်။ ကြိုတင် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိသာလှပေသည်။

ဆုမို နှုတ်ခမ်းတွန့်သွားကာ -

“ဒီဆေးတွေက ဘာဆေးတွေလဲဆိုတာ ခင်ဗျားက စာလေးဘာလေး ကပ်မထားဘူးလားဗျ။”

“အရောင်နဲ့ ခွဲထားတာလေ” ဟု ယန်ရှောင်ယွင်က ဆုမိုကို မျက်စောင်းထိုးရင်း ပြန်ဖြေသည်။

“ဪ... အေးလေ၊ အဲဒါလည်း ဟုတ်တာပဲ။”

လောလောဆယ်တွင် ဆုမိုအနေဖြင့် မည်သည့်ဆေးလုံးက ဖြေဆေးဖြစ်ကြောင်း မခွဲခြားနိုင်သေးပေ။ မြွေစိမ်းခေါင်းဆောင်ကို ကြည့်ရသည်မှာလည်း နှိပ်စက်ပြီး ဝန်ခံချက်ရယူရန် အချိန်ကောင်း မဟုတ်သေးကြောင်း သူ သိလိုက်၏။

အရေးကြီးဆုံး အချက်မှာ အတင်းအကျပ် မေးမြန်းလျှင်တောင် ထိုသူပြောသော အချက်အလက်များက မှန်ကန်မည်ဟု အာမမခံနိုင်ခြင်းပင်။

ဤမြွေစိမ်းကောင်မှာ အဆိပ်ကို ဖြေဆေးအဖြစ် လိမ်ညာပြောဆိုပြီး အကွက်ဆင်သွားနိုင်သည် မဟုတ်ပါလော။

သူ မတတ်သာဘဲ ကျူးကော့ချန်ထျန်နှင့် အခြားသူများ၏ အခြေအနေကို အရင် စစ်ဆေးကြည့်လိုက်ရတော့သည်။

ကျူးကော့ချန်ထျန်မှာ မျက်နှာ ဖြူဖျော့ဖျာ့ ဖြစ်နေသော်လည်း... အဆိပ်မှာ သူ၏ ကိုယ်အတွင်း၌ နှေးကွေးစွာ ပျံ့နှံ့နေသဖြင့် အသက်အန္တရာယ်ဖြစ်စေမည့် အချက်အခြာနေရာသို့ ရောက်ရန် အချိန်အနည်းငယ် လိုသေးပုံရချေသည်။

ဆုမို ခဏတာ တွေးတောလိုက်ပြီးနောက် ကျူးကော့ချန်ထျန်၏ လက်ကောက်ဝတ်ကို ဆွဲယူကာ အတွင်းအား တစ်စွန်းတစ်စကို ပို့လွှတ်လိုက်၏။ ခဏအကြာတွင် ကျူးကော့ချန်ထျန်သည် သွေးမည်း တစ်လုပ်ကို ဝေါ့ခနဲ အန်ချလိုက်ရလေတော့သည်။

နေရထိုင်ရ ပိုမို သက်သာသွားသဖြင့် သူက အလျင်အမြန်ပင် ထုတ်ပြောလာ၏။

“ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု။”

“အလုပ်မပြီးသေးဘူးဗျ၊ ကျန်နေတဲ့ အဆိပ်ကြွင်းတွေကို အမြစ်ပြတ်ရှင်းဖို့ ဖြေဆေးအစစ်ကို ရှာရဦးမယ်... သခင်ကြီး ခဏစောင့်ပါ၊ ကျန်တဲ့လူတွေကို ကျွန်တော် သွားကူလိုက်ဦးမယ်။”

ထိုသို့ မှာကြားပြီးနောက် ဆုမိုသည် ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်ဆီသို့ သွားကာ တူညီသော နည်းလမ်းကို အသုံးပြုလိုက်ရာ ထိရောက်မှု ရှိသည်ကို တွေ့ရ၏။

မျက်တောင်တစ်ခတ်အတွင်းမှာပင် သူသည် အဆိပ်မိနေသူ အားလုံးကို တစ်ပတ်ပတ်ကာ ကူညီပေးနိုင်ခဲ့လေတော့သည်။

အခန်း (၂၃၄)- ဧည့်သည်ကို တားဆီးခြင်း (၂)

~ဖက်တီး၏ အနီးသို့ ရောက်ရှိသွားပြီး စမ်းသပ်ကြည့်လိုက်မှသာ ဆုမို သိလိုက်ရသည်မှာ ဤလူ၏ ခန္ဓာကိုယ်ထဲ၌ အဆိပ်ပြင်းအား သိပ်မရှိလှကြောင်းပင်။ တကယ်တော့ အားလုံးထဲတွင် အဆိပ်သင့်မှု အနည်းဆုံးမှာ သူပင် ဖြစ်နေ၏။

မြွေစိမ်း ခေါင်းဆောင်၏ လက်ချောင်းဖြင့် ထိုးစိုက်ခံရသော ဒဏ်ရာသည်လည်း ယခုအချိန်တွင် ကြီးကြီးမားမား ထိခိုက်မှု ရှိမနေတော့ပေ။

သူ သတိမေ့နေသည် ဆိုသည်မှာ... အမှန်စင်စစ် အိပ်ပျော်နေခြင်းသာ ဖြစ်ပေလိမ့်မည်။

"ဒီလူကတော့..."

ဆုမို ပြောစရာ စကားမဲ့သွားပြီး ခေါင်းခါရင်း တအံ့တဩ ဖြစ်သွားရသည်။

သူ၏ ကုသမှု ပြီးဆုံးသွားသောအခါ အားလုံးသည် မတ်တပ်ရပ်နိုင်သည့် အခြေအနေသို့ ရောက်ရှိလာကြသည်။

သူတို့သည် ဆုမိုကို အကြိမ်ကြိမ် ဦးညွှတ် ဂါရဝပြုကြရင်း ကျေးဇူးတင်စကား ဆိုကြသည်။

"ကဲ... အားလုံးပဲ၊ လောလောဆယ်တော့ အတွင်းအားကို သုံးပြီး နှလုံးဆီ အဆိပ်မရောက်အောင် ထိန်းထားကြပါ"

သူ မှာကြားပြီးနောက် သက်ပြင်းတစ်ချက် ချလိုက်၏။

ထို့နောက် ဖရိုဖရဲ ဖြစ်နေသော တိုက်ပွဲဆီသို့ လှမ်းကြည့်လိုက်သည်။

ယနေ့ည မြွေစိမ်း ခေါင်းဆောင်၏ အပြုအမူ မူမမှန်သည်ကို သတိထားမိကတည်းက ဤအခွင့်အရေးကို ဆုမို စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်၏။

'မန်ဒရင်းဘဲ စာရင်း' နှင့် ပတ်သက်ပြီး ဘယ်လို အရှုပ်အထွေးတွေ ရှိနေသလဲ ဆိုတာ အခုထိ သူ သေချာ မသိရသေးပေ။

သာမန် အချိန် ဆိုလျှင်တော့ နားမလည်လည်း ကိစ္စမရှိပါ။ သို့သော် ကောင်းကင်တံခါး အာမခံဌာန ပျက်စီးသွားရခြင်းနှင့် ယန်ရီဇီ၏ အခန်းကဏ္ဍ အရေးပါပုံကို တွေ့မြင်ခဲ့ရပြီးပြီ ဖြစ်လ၍... ဒီကိစ္စကို လျစ်လျူရှုထား၍ မဖြစ်တော့ပေ။

အနည်းဆုံးတော့ ဒီပစ္စည်းကို ဘယ်သူတွေ လိုချင်နေတာလဲ ဆိုတာ သိအောင် လုပ်ရမည်။

အရင်တုန်းက ဒီလူတွေက အရိပ်ထဲမှာ ပုန်းနေကြသည်။ ဖမ်းဆုပ်၍ မရပေ။ အခု သူတို့ကိုယ်တိုင် ထွက်ပြသလာပြီ ဆိုတော့... 'လျှာ' တစ်ချောင်းလောက် ဖမ်းပြီး စစ်မေးဖို့ အကောင်းဆုံး အခွင့်အရေးပင်။

သို့သော်၊ အတင်းအကျပ် စစ်မေးတာက ရလဒ်ကောင်း ထွက်ချင်မှ ထွက်မည်။

အမှန်နှင့် အမှားကို သူတို့က လိုလိုလားလား ပြောပြမည် မဟုတ်ပေ။

သို့တိုင်၊ ရန်သူက ကိုယ့်ကိုယ်ကို အထင်ကြီးပြီး ဝင့်ကြွားနေသည့် အချိန်မှာတော့... မသိစိတ်မှ အမှန်တရား တချို့ကို ထုတ်ပြောမိတတ်ကြသည်။ ထို အချက်အလက်တွေနှင့် တခြား သတင်းအချက်အလက်တွေကို ပေါင်းစပ်လိုက်လျှင်... အဖြေမှန်ကို ရှာတွေ့ဖို့ ပိုလွယ်ကူသွားပေလိမ့်မည်။

ထိုအချက်သည် ဆုမို အဆိပ်မိချင်ယောင် ဆောင်ပြီး ငြိမ်နေလိုက်ရခြင်း၏ အကြောင်းရင်း တစ်ခုလည်း ဖြစ်ပါ၏။

မူလက ဆုမို လှုပ်ရှားဖို့ ရည်ရွယ်ထားတာက မြွေစိမ်း ခေါင်းဆောင် သူ့ကို လုပ်ကြံဖို့ ကြိုးစားသော အချိန်တွင် ဖြစ်၏။

အငိုက်ဖမ်းပြီး တိုက်ခိုက်လိုက်လျှင် သိုင်းပညာ ကွာခြားချက် အရ သူ့လက်ထဲမှ ပြေးလွတ်ဖို့ လမ်းမရှိပေ။

သို့သော်၊ ဖက်တီး ရုတ်တရက် ဝင်ပါလာလိမ့်မည်ဟု ဆုမိုရော ယန်ရှောင်ယွင်ပါ ထင်မထားခဲ့ကြချေ။

သို့သော် ထိုအပြောင်းအလဲလေးကြောင့်ပင်... ပုန်းအောင်းနေသည့် လီစစ်ယွင် ကို ဆုမို သတိထားမိလိုက်ခြင်း ဖြစ်၏။

ဒါက နားလည်ဖို့ လွယ်ကူလှသည်။

လီစစ်ယွင်က မန်ဒရင်းဘဲ စာရင်းကို ယန်ရီဇီဆီ ပို့ပေးဖို့ ဆုမိုကို အပ်ခဲ့သည်။

တကယ်လို့ ဒီပစ္စည်းက အရေးကြီးတယ် ဆိုရင်... သူက ဘာလို့ ဒီလောက် လွယ်လွယ်ကူကူ ပေးလိုက်ရမည်လဲ။

မမျှော်လင့်သော အန္တရာယ်တွေ ရှိနိုင်တာကြောင့် သူက နောက်ယောင်ခံ လိုက်ကြည့်နေတာ သဘာဝပင်။

သူ့ရည်ရွယ်ချက်က ဆုမိုကို ရှေ့ထွက်ခိုင်းပြီး သူက နောက်ကွယ်ကနေ ရန်သူတွေ ထွက်လာမည့် အချိန်ကို စောင့်နေခြင်းပင်။

သို့သော်၊ ဆုမို အမြင်မှာတော့... လီစစ်ယွင်ရဲ့ ရည်ရွယ်ချက်က သူ့ကို အသုံးချဖို့ သက်သက် မဟုတ်လောက်ပေ။ ထို့ကြောင့် မြွေစိမ်း ခေါင်းဆောင် တိုက်ခိုက်တော့မည့် အချိန်မှာ လီစစ်ယွင်က ဆက်ပုန်းမနေနိုင်တော့ဘဲ ဝင်ကယ်ဖို့ ပြင်ဆင်လိုက်ခြင်း ဖြစ်၏။

ထို့ကြောင့် ဖက်တီး လဲကျသွားပြီးသည့်နောက် ဒုတိယ 'ဝင်ကယ်သူ' အဖြစ် လီစစ်ယွင် ထွက်ပေါ်လာခဲ့ရလေသည်။

ယခုအခါ၊ မန်ဒရင်းဘဲ စာရင်းနှင့် ပတ်သက်သော အဖွဲ့အစည်း နှစ်ဖက်စလုံး ဆုမိုရဲ့ ရှေ့မှောက်ကို ရောက်ရှိလာကြ၏။

ရှုပ်ထွေးနေသည့် အခြေအနေတွေက ဆုမိုရဲ့ မျက်စိထဲမှာ ရှင်းလင်းလာခဲ့လေပြီ။

"မောင်လေး... ငါတို့ ဘာဆက်လုပ်ကြမလဲ"

ယန်ရှောင်ယွင်က နဂါးနက် လှံတံကို တပ်ဆင်ပြီး အဆင်သင့် ဖြစ်နေပြီ။

ဆုမိုက ပြုံးလိုက်၏။

"သခင်ကြီးလီ က သိုင်းပညာ ထူးချွန်မှတော့... ရန်သူတွေရဲ့ ဗျူဟာကို ခဏလောက် စောင့်ကြည့်နေလိုက်ကြရအောင်"

ကြည့်နေရင်း သူ စဉ်းစားခန်း ဝင်သွားသည်။

‘ရှုလုပြောဖူးတာ ရှိတယ်။ 'သုံးပါး အစွန်းရောက် ဂိုဏ်း' ဆိုတဲ့ အဖွဲ့အစည်း တစ်ခု ရှိတယ်တဲ့။

'စန်းကျွယ် အဆိပ်မှုန့်' ဆိုတာ အဲဒီဂိုဏ်းရဲ့ သီးသန့် အဆိပ်ပဲ။

မြွေစိမ်း ခေါင်းဆောင်နဲ့ ဒီဘုန်းကြီးတွေကလည်း 'ဂိုဏ်းချုပ်' ဆိုတဲ့ စကားလုံးကို သုံးသွားကြတယ်။

ဒါပေမဲ့ ဒီ သုံးပါး အစွန်းရောက် ဂိုဏ်း ဆိုတာ ဘာလဲ၊ ဘယ်သိုင်းလောက အုပ်စုထဲမှာ ပါဝင်သလဲ ဆိုတာတော့ လောလောဆယ် မသိရသေးဘူး။

ပြီးတော့... လီစစ်ယွင် ဆိုတာကရော ဘယ်သူလဲ’

ရွှေကျောက်စိမ်း ပျောက်သွားကတည်းက တစ်ယောက်ယောက် သူ့ကို ပစ်မှတ်ထားနေမှန်း သူ သိခဲ့သည်။

‘ရွှေကျောက်စိမ်း နဲ့ မန်ဒရင်းဘဲ စာရင်း... ဘာများ ဆက်စပ်မှု ရှိနေသလဲ။

ပြီးတော့ ဟိုတုန်းက တွေ့ခဲ့တဲ့ ကောင်းကင်ဓားဂိုဏ်းက လူတွေကရော... လက်ရှိ အဖြစ်အပျက်တွေနဲ့ ပတ်သက်နေမလား။

ဒီလူတွေ တကယ်တမ်း ဘာလုပ်ချင်နေကြတာလဲ။’

အတွေးတွေ ခေါင်းထဲ ဖြတ်ပြေးနေစဉ်မှာပင်... ဦးဆောင်သူ ဘုန်းကြီးက အော်ဟစ်လိုက်သံကို ကြားလိုက်ရသည်။

"အားလုံး... ဝင်ခဲ့ကြစမ်း"

“ဝီ... ဝီ…”

အပြင်ဘက်တွင် စောင့်နေသော ဘုန်းကြီးများသည် ခန်းမဆောင်ထဲသို့ တရကြမ်း ပြေးဝင်လာကြသည်။

ဒါကို မြင်တော့ ကျောက်လုံ အသင်းသားတွေလည်း အထဲမှာ အပြောင်းအလဲ ဖြစ်နေပြီ ဆိုတာ သိလိုက်ပြီး ဝင်ကူဖို့ ပြင်လိုက်ကြသည်။

ကျူးကော့ချန်ထျန်က တစ်ချက် ကြည့်လိုက်ပြီး အသံကုန် အော်ဟစ် တားဆီးလိုက်၏။

"ဆုတ်ကြ"

သူ့အသံကို ကျောက်လုံအသင်းသားတွေ ကောင်းကောင်း မှတ်မိကြသည်။ ခဏတာမျှ အားလုံး ရပ်တန့်သွားကြသည်။

ကျူးကော့ချန်ထျန်က ဒေါသတကြီး ဆက်အော်လိုက်၏။

"ခန်းမဆောင်ကို ဝိုင်းထားကြ... တစ်ကောင်မှ အလွတ်မပေးနဲ့"

"ဟုတ်ကဲ့"

အပြင်ဘက်မှ ပြန်ထူးသံများသည် မိုးခြိမ်းသံအလား ဟိန်းထွက်လာသည်။

ထိုအခါမှ ကျူးကော့ချန်ထျန် သက်ပြင်းချနိုင်သွား၏။

အကယ်၍ သူသာ ကျောက်လုံအသင်းသားတွေကို ဝင်ခွင့်ပေးလိုက်လျှင် ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ပြီး ဟိုဘုန်းကြီးတွေ အခွင့်ကောင်း ယူသွားနိုင်သည်။

ဆုမိုက ကျူးကော့ချန်ထျန်ကို ကြည့်ပြီး လက်နှစ်ဖက် ဆုပ်ကိုင်ကာ ချီးကျူးလိုက်၏။

"သခင်ကြီးရဲ့ ဗျူဟာက တကယ့်ကို ပြောင်မြောက်လှပါတယ်"

"... ခေါင်းဆောင်ဆုရယ်၊ မနောက်ပါနဲ့ဗျာ... ဒီည ကျုပ်တို့ ထောင်ချောက်ထဲ မိသွားခဲ့တာပါ"

ကျူးကော့ချန်ထျန်က ခါးသီးစွာ ရယ်လိုက်သည်။

"ခေါင်းဆောင်ဆု သာ သူတို့ရဲ့ လှည့်ကွက်ကို ကြိုမမြင်ပြီး သတိမထားခဲ့ရင်... ကျုပ်တို့ ဒီနေ့ တကယ် သွားပြီ"

ဆုမိုက ဘာမှ ပြန်မပြောဘဲ ခန်းမဆောင်ထဲမှ အခြေအနေကိုသာ စောင့်ကြည့်နေလိုက်၏။

ဘုန်းကြီးအုပ်စု ဝင်ရောက်လာသောအခါ လီစစ်ယွင် အနည်းငယ် ဖိအားများလာပုံ ရသည်။

သူ၏ တောင်ဝှေးကွက်များသည် ထက်မြက်နေဆဲ ဖြစ်သော်လည်း ခံစစ်ပိုင်းတွင် ဟာကွက်များ ရှိလာသည်။

သူ အရေးနိမ့်တော့မည့် အခြေအနေ ရောက်နေတာတောင် ဆုမိုက လက်ပိုက် ကြည့်နေသည်ကို မြင်သောအခါ လီစစ်ယွင် ဒေါသထွက်သွားပြီး အော်ဟစ်လိုက်တော့သည်။

"ဟေ့ကောင်လေး... မင်း မကူညီတော့ဘူးလား"

"သခင်ကြီးလီ ရဲ့ သိုင်းပညာက ပြိုင်ဘက်ကင်းပါတယ်ဗျာ... ကျွန်တော်ကတော့ သိုင်းလောက အတွေ့အကြုံ နုနယ်ပြီး လူယုတ်မာတွေရဲ့ ရက်စက်မှုကို နားမလည်ပါဘူး... ပြီးတော့ ကျွန်တော့် သိုင်းပညာကလည်း သူများနဲ့ ယှဉ်ရင် ကလေးကစားစရာလောက်ပါပဲ... ရှေ့ထွက်ပြီး အရှက်ကွဲမခံရဲပါဘူး၊ ခွင့်လွှတ်ပေးပါခင်ဗျာ"

ထိုစကားကို ကြားလိုက်ရသောအခါ လီစစ်ယွင် ဒေါသထွက်လွန်း၍ သွေးအန်မတတ် ဖြစ်သွားရှာသည်။

"မင်းကွာ... မင်းအဖေနဲ့ လုံးဝ မတူဘူး၊ ဘယ်လိုလုပ် ဒီလောက် အငြိုးအတေး ကြီးရတာလဲ”

All Chapters