← Chapters

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅-၂၃၇)

Vol. 16 Ch. 235-237

အခန်း (၂၃၅)- ဧည့်သည်ကို တားဆီးခြင်း (၃)

~ဆုမို၏ မျက်ခွံများ ဆတ်ခနဲ တုန်သွား၏။

"သခင်ကြီးလီ... ဒါက ဘာကို ဆိုလိုတာလဲဗျ၊ ခင်ဗျား ကျွန်တော့်အဖေကို သိလို့လား"

"သူက တကယ့်ကို သူရဲကောင်းတစ်ယောက်ပါကွ... မင်းလို ကောက်ကျစ်စဉ်းလဲတဲ့ ကောင်လေးကို ကိုင်တွယ်ရတာကတော့... တခြားကိစ္စ တစ်ခုပေါ့လေ"

စကားမဆုံးခင်မှာပင် သူ၏ ပခုံးပေါ်သို့ လက်သီးတစ်လုံး ကျရောက်လာသဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ရသည်။

ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။

မန်ဒရင်းဘဲ စာရင်းကို ယန်ရီဇီဆီ ပေးခိုင်းတာ... အခုကျတော့ ဆုမိုရဲ့ အဖေကို သိတယ်တဲ့လား။

ဆုမို၏ မျက်ဝန်းထဲတွင် အတွေးများ ဖြတ်ပြေးသွားပြီး ယန်ရှောင်ယွင်ကို လှည့်ပြောလိုက်၏။

"အစ်မရှောင်ယွင်... ဒီဘုန်းကြီးတွေက အခွင့်အရေးယူပြီး လူကယ်ဖို့ ကြိုးစားကြလိမ့်မယ်၊ သတိထားနော်... ကျွန်တော် ခဏနေရင် ပြန်လာခဲ့မယ်"

"ကောင်းပြီ"

ယန်ရှောင်ယွင် ခေါင်းညိတ်လိုက်ပြီး နဂါးနက် လှံတံကို လှည့်ကာ မြေကြီးပေါ်သို့ ချိန်ရွယ်လိုက်၏။ 'တာ့ရှန် ရွှမ်ထင်း သိုင်းကျမ်း' ကို တိတ်တဆိတ် လည်ပတ်စေရင်း အရပ်မျက်နှာ အားလုံးကို သတိထား စောင့်ကြည့်နေလိုက်၏။

စောစောက ဆုမို အလုပ်ရှုပ်နေချိန်တွင် ဘုန်းကြီးများ ဝင်ရောက်မလာခဲ့ခြင်းမှာ လီစစ်ယွင်၏ သိုင်းပညာ ကောင်းမွန်လွန်း၍ သူတို့ကို ထိန်းချုပ်ထားနိုင်သောကြောင့် တစ်ခုတည်းတော့ မဟုတ်ပေ။

အဓိက အချက်မှာ ဆုမို ရှိနေသောကြောင့်ပင် ဖြစ်၏။ တစ်ယောက်ချင်း ဝင်တိုက်လျှင် သေလမ်းရှာသလို ဖြစ်နေမည်ကို သိကြသောကြောင့် ဖြစ်၏။

ယခု အရေးကြီးသော အချိန်တွင် သူတို့၏ ဗျူဟာများ ပျက်စီးသွားပြီ ဖြစ်ရာ... တစ်ခုတည်းသော ထွက်ပေါက်မှာ နည်းဗျူဟာကျကျ ဆုတ်ခွာခြင်းသာ ဖြစ်တော့သည်။

ထို့ကြောင့် ရုတ်တရက် အော်ဟစ်လိုက်ခြင်းသည် ရှုပ်ထွေးမှုများ ဖန်တီးပြီး ရေနောက် ငါးဖမ်းရန် ကြိုးစားခြင်းသာ ဖြစ်ပေသည်။

သို့သော် ကျူးကော့ချန်ထျန်က အခွင့်အရေးကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်သဖြင့် သူတို့၏ အစီအစဉ် ပျက်ပြားသွားခဲ့ရသည်။

လူအင်အား သာလွန်နေသော အခြေအနေတွင် လီစစ်ယွင်ကို ဖမ်းဆီးနိုင်လျှင် ညှိနှိုင်းရန် အခွင့်အရေး ရှိလာနိုင်သေးသည်။ အဘယ်ကြောင့်ဆိုသော် ဆုမိုသည် ဘေးဖယ်နေမည့်ပုံ ပေါက်နေသောကြောင့် ဖြစ်၏။

သို့သော် မမျှော်လင့်ဘဲ စကားအနည်းငယ် ပြောပြီးသည်နှင့် ဆုမိုသည်လည်း တိုက်ပွဲထဲ ဝင်ပါလာတော့သည်။

တကယ့်ကို စိတ်ပျက်စရာ ကောင်းလှ၏။

"ပြေးနိုင်ရင် ပြေးကြ... မတိုက်နဲ့တော့.."

ဦးဆောင်သူ ဘုန်းကြီးက ဟိန်းဟောက်လိုက်၏။ သူ၏ လက်ဝါးများသည် ပွင့်လိုက် ပိတ်လိုက် လုပ်နေပြီး ကောင်းကင်ယံမှ တိမ်တိုက်များကို ရွှေ့ပြောင်းနေသကဲ့သို့ ဖြစ်နေသည်။

မရည်ရွယ်ဘဲ လီစစ်ယွင်၏ ရှေ့သို့ ရောက်ရှိသွားသည်။

ထိုအခါ၊

လီစစ်ယွင်၏ မျက်နှာထား ပြောင်းလဲသွားပြီး တောင်ဝှေးကို ဝှေ့ယမ်းကာ ထိုးစိုက်လိုက်ရာ ဘုန်းကြီး၏ လက်ဝါးနှင့် 'ဘုန်း' ခနဲ ထိမိသွားသည်။

ဘုန်းကြီးသည် ခြေလှမ်း (၃) လှမ်း နောက်ဆုတ်လိုက်ရပြီး လှည့်ထွက်ပြေးရန် ပြင်လိုက်၏။

သို့သော် လှည့်ကြည့်လိုက်သောအခါ တံခါးဝတွင် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရပြီး လက်သီးဖြင့် ထိုးနှက်ရန် ပြင်နေသည်။

ဘုန်းကြီး သတိပြန်ဝင်လာချိန်တွင် လက်သီးသည် သူ့မျက်နှာရှေ့သို့ ရောက်နေပြီ ဖြစ်၏။

ရှောင်တိမ်းရန် အချိန်မရှိတော့သဖြင့် လက်နှစ်ဖက်ကို ကြက်ခြေခတ် ပုံစံပြုလုပ်ကာ ရင်ဘတ်ကို ကာကွယ်လိုက်ရသည်။

'ဘုန်း' ခနဲ အသံနှင့်အတူ ဘုန်းကြီးသည် နေရာတွင်ပင် အမြစ်တွယ်သွားသကဲ့သို့ မလှုပ်မယှက် ဖြစ်သွားတော့သည်။

ဆုမိုသည် ထိုဘုန်းကြီးကို တစ်ချက်လေးပင် လှည့်မကြည့်ဘဲ ဘေးမှ ဖြတ်သွားကာ အခြားဘုန်းကြီး တစ်ပါး၏ ရှေ့သို့ ရောက်ရှိသွားပြီး ပေါ့ပေါ့ပါးပါး လက်ဝါးရိုက်ချက် တစ်ချက် ထုတ်သုံးလိုက်၏။ ထိုဘုန်းကြီးသည် ခြေကွက်ကို (၃) ကြိမ်တိုင်တိုင် ပြောင်းလဲခဲ့သော်လည်း ဆုမို၏ လက်ဝါးသည် ကောင်းကင်နှင့် မြေကြီးကို လွှမ်းခြုံထားသကဲ့သို့ ဖြစ်နေသဖြင့် မည်သို့မျှ လွတ်မြောက်နိုင်ခြင်း မရှိပေ။

ဘုန်းကြီးသည် သွားကို တင်းတင်းစေ့ကာ ခြေဆောင့်လိုက်ပြီး အတွင်းအား အကုန်သုံး၍ ဆုမို၏ လက်ဝါးကို ပြန်လည် ခုခံလိုက်၏။

ခဏချင်းမှာပင် ဘုန်းကြီးသည် မြှားတစ်စင်းအလား နောက်သို့ လွင့်စင်သွားပြီး လေထဲတွင် သွေးများ ဖြာကျလာသည်။ မြေကြီးပေါ် ကျသောအခါ အသက်မရှိတော့ချေ။

ထိုအချိန်တွင် ဆုမို၏ လက်သီးချက် မိထားသော ဦးဆောင်သူ ဘုန်းကြီးသည် မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် (၇) ပေါက်စလုံးမှ သွေးများ ယိုစီးလာပြီး ဘုန်းခနဲ လဲကျ သေဆုံးသွားတော့သည်။

ဆုမို၏ ခြေလှမ်းများသည် မရပ်တန့်ဘဲ လူအုပ်ကြားထဲသို့ တိုးဝင်သွားကာ တခါတရံ လက်သီးဖြင့် ထိုးလိုက်၊ တခါတရံ လက်ဝါးဖြင့် ရိုက်လိုက် ပြုလုပ်နေသည်။

ဤဘုန်းကြီးများသည် သာမန် မဟုတ်ကြဘဲ တစ်ပါးစီတိုင်းသည် ရေတပ်စခန်း ခေါင်းဆောင် တစ်ယောက် ဖြစ်နိုင်လောက်အောင် စွမ်းရည်ရှိကြသော်လည်း... ဆုမို၏ တိုက်ကွက် တစ်ကွက်ကိုပင် ခံနိုင်ရည် မရှိကြပေ။

ပိုပြီး ပြင်းပြင်းထန်ထန် ပြန်တိုက်လေ... ပိုပြီး မြန်မြန် သေလေ ဖြစ်နေသည်။

ပြန်မတိုက်ဘဲ လက်မောင်းတို့ ခြေထောက်တို့လောက်သာ အထိခံရသူများမှာမူ အသက်ရှင်ကျန်ရစ်ရန် အခွင့်အရေး ရရှိခဲ့ကြသည်။

ဤကဲ့သို့သော သိုင်းပညာမျိုးကို ကျူးကော့ချန်ထျန်နှင့် အခြားသူများ တစ်ခါမှ မမြင်ဖူးရုံမက ကြားပင် မကြားဖူးခဲ့ကြပေ။

ရေအကျဉ်းထောင်ထဲတွင် သံကြိုးများကို အလွယ်တကူ ဆွဲဖြတ်ခဲ့စဉ်က ဆုမို၏ သိုင်းပညာသည် ခန့်မှန်းရခက်လောက်အောင် မြင့်မားကြောင်း သူတို့ သိခဲ့ကြ၏။

နောက်ပိုင်းတွင် အရိပ်တမန်နှင့် တိုက်ခိုက်စဉ်ကလည်း အကွက်အနည်းငယ်မျှဖြင့် အနိုင်ယူခဲ့သဖြင့် ဆုမို၏ စွမ်းရည်ကို ရိပ်စားမိခဲ့ကြသည်။

သို့သော် ယခုအချိန်တွင်မူ... သူ၏ ကြောက်မက်ဖွယ်ရာ စွမ်းအား အစစ်အမှန်ကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရပြီ ဖြစ်၏။

ကျူးကော့ချန်ထျန် ဖြစ်စေ၊ ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင် ဖြစ်စေ၊ မောက်မာသော ရွှမ်လုံ ခေါင်းဆောင်ကြီး ဖြစ်စေ၊ လန်ယွဲ့နန်းတော်မှ သိုင်းမိမယ်များ ဖြစ်စေ...၊

အားလုံး ပါးစပ်အဟောင်းသားဖြင့် အံ့ဩမှင်သက်နေကြသည်။

ကိုယ့်ကိုယ်ကို ပြန်မေးကြည့်လိုက်ကြသည်။ အကယ်၍ ဆုမိုနှင့် ရင်ဆိုင်ရလျှင်... ထိုဘုန်းကြီးများထက် သာလွန်နိုင်ပါမည်လော။ သို့မဟုတ် ပိုဆိုးသွားနိုင်မလား။

ထိုအထဲတွင် လီစစ်ယွင်၏ မျက်ခွံများ တဆတ်ဆတ် တုန်နေ၏။

ကျူးကော့ချန်ထျန်တို့က ဒီဘုန်းကြီးတွေနဲ့ မတိုက်ခိုက်ဖူးတော့ သူတို့၏ စွမ်းရည်ကို သေချာ မသိကြပေ။

လီစစ်ယွင်ကတော့ သူတို့နှင့် အကြာကြီး တိုက်ခိုက်ခဲ့ရသည်။

တစ်ယောက်ချင်း ဆိုလျှင်တော့ သူ နိုင်မှာ သေချာသည်။

သို့သော် သူတို့ ပေါင်းစည်းလိုက်သည်နှင့် စွမ်းအားမှာ အဆမတန် ကြီးမားလှသဖြင့် သူပင်လျှင် မနည်း တောင့်ခံနေခဲ့ရသည်။

ယခုမူကား ဆုမို၏ လက်ချက်ကြောင့် ဤဘုန်းကြီးများမှာ ပြန်လည်တိုက်ခိုက်ရန်ပင် မစွမ်းသာတော့။ လူကြီးတစ်ဦးနှင့် ရင်ဆိုင်နေရသည့် ပုခက်တွင်းမှ ကလေးငယ်များသဖွယ် ဖြစ်နေကြသည်။

"ဒီကောင်လေးက ဒီလို သိုင်းပညာမျိုးကို ဘယ်လိုများ တတ်မြောက်ထားတာပါလိမ့်"

တွေးမိရုံနှင့်တင် စိတ်မသက်မသာ ဖြစ်လာရသည်။

ခဏတာ အတွင်းမှာပင် ဘုန်းကြီးများ အားလုံး သေသူ‌ သေ၊ ဒဏ်ရာရသူ ရကာ လဲကျကုန်ကြသည်။ လီစစ်ယွင်သည် တောင်ဝှေးကို ထောက်ကာ မတ်တပ်ရပ်လိုက်သော်လည်း ဆုမိုသည် သူ၏ ဘေးသို့ ရောက်ရှိနေပြီ ဖြစ်၏။

ဆုမိုက ခပ်ရေးရေး ပြုံးလိုက်၏။

"သခင်ကြီးလီ... မတွေ့တာ ကြာပြီနော်"

"..."

လီစစ်ယွင်က ခြောက်ကပ်ကပ် ရယ်လိုက်၏။

"ခေါင်းဆောင်ဆု ရဲ့ သိုင်းပညာက တကယ့်ကို ပြိုင်ဘက်ကင်းပါပဲ... လေးစားပါတယ်"

"ဆုမိုက အတွေ့အကြုံ နုနယ်လို့ မျက်စိကန်းနေတာပါ... စစ်မှန်တဲ့ ပါရမီရှင်ကို မမှတ်မိခဲ့ပါဘူး"

ဆုမို လက်ကာပြလိုက်၏။

"သခင်ကြီးလီ က ဒီခေတ်ရဲ့ လေးစားစရာ ကောင်းတဲ့ ပညာရှိတစ်ဆူပါ... ကျွန်တော့်ကို နောက်ပြောင်မနေပါနဲ့ဗျာ"

"မဟုတ်ပါဘူးဗျာ..."

လီစစ်ယွင် ကပျာကယာ ငြင်းလိုက်၏။

"ဒီနေ့ကိစ္စတွေလည်း ပြီးပြီ ဆိုတော့...ငါ့မှာ အရေးကြီးကိစ္စလေးတွေ ရှိနေသေးလို့ ခွင့်ပြုပါဦး"

ပြောပြီးသည်နှင့် သူသည် လှည့်ထွက်ရန် ပြင်လိုက်၏။

သို့သော် ခြေတစ်လှမ်း လှမ်းပြီးသည်နှင့် နေရာတွင်ပင် တောင့်တင်းသွားရသည်။

အေးစက်သော ဓားအရှိန်အဝါ တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်နေပြီး မကောင်းဆိုးဝါးဆန်သော ဓားချီ တစ်ခုက သူ၏ လည်ဂုတ်ကို ခပ်သာသာ.. ထိကပ်နေသည်။

ဤဓားအရှိန်အဝါသည် 'နတ်ဘုရားသက်တံ နှလုံးသားရှာဓား' လောက် ခမ်းနားကြီးကျယ်ခြင်း မရှိသလို ပုံသဏ္ဌာန် ပြောင်းလဲခြင်းလည်း မရှိပေ။

သို့သော် နက်ရှိုင်းပြီး အစွန်းရောက်အောင် ထိန်းချုပ်ထားသော စွမ်းအားတစ်ခု ဖြစ်ပြီး အနည်းငယ် လှုပ်ရှားလိုက်ရုံဖြင့် ပေါက်ကွဲထွက်လာမည့် အနေအထား ရှိနေသည်။

လီစစ်ယွင် အတွက်... လှုပ်ရှားမှု တစ်ခု ပြုလုပ်လိုက်လျှင် ရလဒ် တစ်ခုသာ ရှိပေမည်။

အဲဒါကတော့... သေခြင်းတရားပင်။

"သခင်ကြီးလီ... ဘယ်သွားမလို့လဲဗျ၊ တွေ့ရခဲတဲ့ မိတ်ဆွေတွေ တွေ့တုန်း စကားလေး ဘာလေး ပြောသွားရင် မကောင်းဘူးလား"

ဆုမို၏ အသံသည် အနောက်ဘက်မှ ထွက်ပေါ်လာပြီး စကားလုံးတိုင်းသည် လီစစ်ယွင်၏ နှလုံးသားကို ထိုးဖောက်သွားသကဲ့သို့ ခံစားရစေသည်။

လီစစ်ယွင် သက်ပြင်းချလိုက်ပြီး ဆုမိုကို လှည့်ကြည့်လိုက်၏။

"မင်း ငါ့ကို သတ်ရက်မယ် မထင်ပါဘူး"

"ဒီနေ့ ဒီတံခါးကနေ ခင်ဗျား ထွက်သွားလို့ မရဘူး ဆိုတာရော ယုံလား"

"... ယုံတယ်"

လီစစ်ယွင် ပြန်ဖြေပြီးနောက် မြေကြီးပေါ်သို့ ဘုန်းခနဲ ထိုင်ချလိုက်တော့သည်။

"ကောင်းပြီလေ... ကောင်းပြီလေ... မင်း ပေးမသွားရင်လည်း ဒီအဘိုးကြီး မသွားတော့ပါဘူး၊ ဟွန့်... ဒီခေတ် လူငယ်တွေက ကျေးဇူးတရားကို နားမလည်ကြတော့ဘူး... စောစောကမှ ငါ မင်းအသက်ကို ကယ်ခဲ့တာ... အခုကျတော့ ငါ့စေတနာကို အခွင့်ကောင်းယူပြီး ငါ့ကို မျှားခေါ်တယ်... ပြီးတော့ ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံတယ်... ဟူး... ကောင်းသော အချိန်တွေ ကုန်ဆုံးသွားခဲ့ပါပြီကော... ကုန်ဆုံးသွားခဲ့ပါပြီကော…”

အခန်း (၂၃၆)- မသင်္ကာစရာ ကောင်းသော အရာ တစ်ခု

~ဆုမို၏ နှုတ်ခမ်းထောင့်စွန်းများ တွန့်ကွေးသွား၏။

အဘိုးကြီးက သူ့ကို လှည့်စားလိုက်ပြန်ပြီပင်။

လမ်းငါးသွယ်ဆုံရပ်သာ မရှိခဲ့လျှင် မန်ဒရင်းဘဲ စာရင်းရော၊ 'ကျေးဇူးတင်လက်ဆောင်' ဆိုတာရော သူ လက်ခံမိမှာ မဟုတ်ပေ။

သူက ပစ္စည်းတွေကို ပို့ဆောင်ပေးဖို့ လက်ခံလိုက်မှ ဘာကြောင့်များ ဒီလောက် ပြဿနာတွေ တက်လာရသလဲ။

ယခု ကြည့်ရတာ... သူကပဲ မတရားခံရသူ ဖြစ်နေသလိုပင်။

ဆုမို ခေါင်းကို ခါလိုက်ပြီး အခြား ခေါင်းဆောင်များ ရှိရာဘက်သို့ ပြန်လှည့်ကြည့်လိုက်၏။

မြွေစိမ်း ခေါင်းဆောင်သည် ပါးစပ်ထောင့်မှ သွေးများ စီးကျလျက် မြေကြီးပေါ်တွင် မလှုပ်မယှက် လဲလျောင်းနေ၏။ ဆုမို လျှောက်လာသည်ကို မြင်သောအခါ သူ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်မဲ့ခြင်း အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားသည်။

ဆုမို သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပါးစပ်ထဲမှ အဝတ်စကို ဆွဲထုတ်ပေးလိုက်၏။

"ခေါင်းဆောင်... ဘာလို့ ဒီအဆင့်ထိ ရောက်အောင် လုပ်ရတာလဲဗျာ... ကျွန်တော် လိုချင်တာကို ပေးလိုက်ရင် ပြီးရော... ဒါဆို အားလုံး အေးအေးဆေးဆေး ထိုင်ဆွေးနွေးလို့ ရနေပြီပဲ"

ဆုမို ဆက်ပြောသည်။

"ပြီးတော့ အခု အခြေအနေက ထိန်းချုပ်ပြီးသား ဖြစ်နေပြီ... အဓိက လိုတာက ဖြေဆေးပဲ၊ ခင်ဗျား မပေးရင်လည်း ကျွန်တော်တို့ ရှာလို့ ရပါတယ်... တစ်ခုချင်းစီ စမ်းသပ်ကြည့်လိုက်ရုံပေါ့၊ ဘာလို့ အလကားနေရင်း ခေါင်းမာနေဦးမှာလဲ"

မြွေစိမ်း ခေါင်းဆောင် ပါးစပ်ဟပြီး ပြောရန် ကြိုးစားလိုက်သော်လည်း သွားများ မရှိတော့သဖြင့် သူ၏ အသံမှာ ထူးဆန်းနေ၏။

ဝူးဝါးဝူးဝါး အသံအချို့ ထွက်ပေါ်လာပြီးနောက် သူ ဆက်မပြောတော့ဘဲ နှာခေါင်းရှုံ့ကာ တိတ်ဆိတ်နေလိုက်တော့သည်။

ဆုမို သက်ပြင်းချလိုက်၏။

"ဆရာတော် ဟုန်ယွင် က ဒီနည်းလမ်းတွေကို လူဆိုးတွေကို ဆုံးမဖို့ သင်ပေးခဲ့တာပါ... အခုတော့ ဝန်ခံချက် ရယူဖို့ သုံးရတော့မယ် ဆိုတော့... ဆရာတော်ရဲ့ မွန်မြတ်တဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီပါ့မလား မသိဘူး"

ဆရာတော် ဟုန်ယွင်က လက်အုပ်ချီလိုက်ပြီး တိုးညှင်းစွာ ပြောလိုက်၏။

"ခေါင်းဆောင်ဆု... စကားလုံးတွေက ကြမ်းတမ်းလွန်းပါတယ်၊ သိုင်းပညာရဲ့ သဘောသဘာဝ ဆိုတာ အကောင်းလား အဆိုးလား ဆိုတာ ကျင့်ကြံသူရဲ့ စိတ်နှလုံးအပေါ်မှာ မူတည်ပါတယ်... ကြမ်းတမ်းတဲ့ စစ်ဆေးမေးမြန်းနည်းကို သုံးတာ နားထောင်ရတာ မကောင်းပေမဲ့... လူ့အသက်တွေကို ကယ်တင်ဖို့ အတွက် ဆိုရင် ဘာလို့ မသုံးဘဲ နေရမှာလဲ"

"ဆုံးမပေးတာ ကျေးဇူးတင်ပါတယ် ဆရာတော်"

ဆုမိုက ဆရာတော် ဟုန်ယွင်ကို အနည်းငယ် ဦးညွှတ်လိုက်ပြီး မြွေစိမ်း ခေါင်းဆောင်၏ အခြားလက် တစ်ဖက်ကို ဆွဲယူကာ 'ရှန်မန်' သွေးကြောကွက် ပေါ်သို့ လျင်မြန်စွာ ပွတ်ဆွဲလိုက်၏။

နောက်တစ်စက္ကန့်တွင် မြွေစိမ်း ခေါင်းဆောင်၏ မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားတော့သည်။

စူးရှပြီး ပြင်းထန်သော အော်ဟစ်သံကြီး တစ်ခု ထွက်ပေါ်လာကာ သူ၏ ခန္ဓာကိုယ်သည် မြေကြီးပေါ်တွင် ထိန်းချုပ်မရအောင် လူးလိမ့်နေ၏။

ဤမြင်ကွင်းကို ကြည့်ပြီး ကျူးကော့ချန်ထျန်နှင့် အခြားသူများ အသက်ရှူမှားသွားကြသည်။

မြွေစိမ်း ခေါင်းဆောင်သည် စိတ်ဓာတ်မာကျောသူ တစ်ဦး ဖြစ်ကြောင်း အားလုံး သိထားကြ၏။ စောစောက ဆုမို သူ့လက်မောင်းကို ချိုးလိုက်တုန်းကတောင် မျက်မှောင်တစ်ချက် မကြုတ်ခဲ့ပေ။

သို့သော် ယခု အနည်းငယ် ပွတ်ဆွဲလိုက်ရုံဖြင့် ဤမျှ ပြင်းထန်စွာ နာကျင်ခံစားနေရသည်မှာ မယုံနိုင်စရာပင်။

ရှန်မန် သွေးကြောကွက်ကို ပွတ်ဆွဲလိုက်ရုံဖြင့် ဘာများ ဒီလောက် ထူးခြားနေလို့လဲ။

ကျောက်လုံ ရေတပ်စခန်း အပြင်ဘက်တွင် ဘုန်းကြီး တစ်ပါးကို ဆရာတော် ဟုန်ယွင်က ရှန်မန် သွေးကြောကွက် ပွတ်ဆွဲပြီး ဆုံးမခဲ့သည်ကို ပြန်လည် သတိရလိုက်ကြသည်။

ထိုဘုန်းကြီးသည် ပဲစေ့ခန့် ချွေးသီးများ ကျဆင်းလာပြီး တစ်ကိုယ်လုံး တုန်ခါကာ မပီမသ ရေရွတ်နေခဲ့သည် မဟုတ်ပါလော။

ခဏတာမျှ အားလုံးသည် ဆရာတော် ဟုန်ယွင်ကို ကြောက်ရွံ့စွာ ကြည့်လိုက်မိကြ၏။

ဤဘုန်းကြီးအိုကြီးသည် ကရုဏာတရားနှင့် ပြည့်စုံပြီး ဉာဏ်ပညာ ကြီးမားပုံ ပေါက်သော်လည်း... တစ်ခါတလေ ရက်စက်တတ်ကြောင်း မေ့နေခဲ့ကြသည်။

ရေတပ်စခန်း အပြင်ဘက်မှ ခန်းမဆောင်ကြီးထဲအထိ လမ်းလျှောက်လာရင်း... သူသည် လူဆိုးများစွာကို ဒူးထောက်စေခဲ့သော 'ဟုန်ယွင် မိစ္ဆာဘုန်းကြီး' ဖြစ်ကြောင်း မေ့လျော့နေခဲ့ကြသည်။

ဆုမိုသည် မြေကြီးပေါ်တွင် ထိုင်ချလိုက်ပြီး မြွေစိမ်း ခေါင်းဆောင်ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေ၏။ ထို့နောက် ပြောလိုက်၏။

"ကျွန်တော် အရင်က စမ်းဖူးတယ်... ဒီလောက် ပြင်းပြင်းထန်ထန် နာကျင်နေရင် စကားပြောဖို့ ခက်ခဲလိမ့်မယ်"

"တကယ်လို့ ခေါင်းဆောင် ကျွန်တော့်ကို ပြောစရာ ရှိရင်... ခေါင်းလေးပဲ ညိတ်ပြလိုက်ပါ..."

စကားမဆုံးခင်မှာပင် မြွေစိမ်း ခေါင်းဆောင်သည် ခေါင်းကို တဆတ်ဆတ် ညိတ်ပြလိုက်တော့သည်။

"... မြန်လိုက်တာ"

ဆုမို ပြောစရာ စကားမဲ့သွားသော်လည်း နာကျင်မှုကို သက်သာစေရန် ပြုလုပ်ပေးလိုက်၏။

"ကဲ... ခေါင်းဆောင်၊ ဘာပြောမလို့လဲ"

"သတ်... ကျွန်တော့်ကို သတ်ပေးပါ"

မြွေစိမ်း ခေါင်းဆောင်က မပီမသ ရေရွတ်လိုက်သည်။

"ကျေးဇူးပြုပြီး... ကျွန်တော့်ကို သတ်လိုက်ပါတော့"

ဆုမို ခေါင်းခါလိုက်၏။

"အဲဒါတော့ မဖြစ်နိုင်ဘူးဗျ... ကျွန်တော်က လူသတ်ရတာ နှစ်သက်တဲ့သူ မဟုတ်ဘူးလေ"

မြွေစိမ်း ခေါင်းဆောင် မျက်လုံး ပြူးသွားသည်။

ဒီလူက တကယ်ပဲ လူစိတ်မရှိတော့ဘူးလား။

ဒီလောက် နှိပ်စက်နေမှတော့... သတ်လိုက်တာကမှ သက်သာရာ ရဦးမယ်။

ဆုမိုက သက်ပြင်းချလိုက်၏။

"ကျွန်တော့်မှာ နည်းလမ်း (၃) ခု ရှိတယ်... အခု ရှန်မန် သွေးကြောကွက် နည်းလမ်းက အနုဆုံးပဲ ရှိသေးတယ်၊ နောက်ထပ် (၂) ခုက တစ်ခုထက် တစ်ခု ပိုပြင်းထန်တယ်... ခင်ဗျား ဆက်ပြီး ခေါင်းမာနေမယ် ဆိုရင် ဒုတိယ နည်းလမ်းကို သုံးရလိမ့်မယ်၊ မရရင် တတိယ နည်းလမ်းပေါ့... အဲဒါမှ မရသေးရင်တော့... အင်း... နည်းလမ်း (၂) ခု ခံပြီးတဲ့ လူတစ်ယောက်ရဲ့ နာကျင်မှုကို ကျွန်တော် မြင်ဖူးတယ်... ခေါင်းဆောင် ဘယ်လောက် ခံနိုင်မလဲတော့ မသိဘူး"

ပြောပြီးသည်နှင့် သူ လှုပ်ရှားရန် ပြင်လိုက်၏။

မြွေစိမ်း ခေါင်းဆောင် အလျင်အမြန် တားလိုက်၏။

"ရပ်... ရပ်ပါ.. ကျွန်တော်... ကျွန်တော် ပြောပါ့မယ်... ဖြေဆေးက အညိုရောင် အိတ်ထဲမှာ ရှိတယ်"

ဆုမို ခေါင်းညိတ်လိုက်ပြီး အညိုရောင် အဝတ်အိတ်ထဲမှ ဖယောင်းဆေးလုံးများကို ထုတ်ယူလိုက်၏။

အခန်းထဲရှိ အဆိပ်မိနေသူများ အားလုံး မျှော်လင့်ချက် မျက်လုံးများဖြင့် ဆုမိုကို ကြည့်လိုက်ကြသည်။ သို့သော် ဆုမိုက ခေါင်းခါပြလိုက်၏။

ထို့နောက် သူသည် အသက်ရှင်ကျန်ရစ်သော ဘုန်းကြီး တစ်ပါးကို ဆွဲခေါ်လာခဲ့သည်။

အားလုံး ကြည့်နေစဉ်မှာပင် ဆုမိုသည် သူ၏ ဝတ်ရုံလက်ကို လှန်လိုက်၏။

ဝတ်ရုံလက်အတွင်း၌ လျှို့ဝှက်ချက် တစ်ခု ရှိနေသည်။ ဆီစိမ်ထားသော အဝတ်ဖြင့် ပြုလုပ်ထားသော အိတ်ကပ်လေး တစ်ခု။

ယန်ရှောင်ယွင်က လက်ဖက်ရည်ခွက် တစ်လုံးကို ဆုမိုထံ ပစ်ပေးလိုက်၏။ ဆုမိုသည် အိတ်ကပ်လေးထဲမှ အရည်များကို လက်ဖက်ရည်ခွက်ထဲသို့ သတိထားပြီး လောင်းထည့်လိုက်၏။

အဲဒါက သူ သောက်ရမည့် လက်ဖက်ရည်တွေပါပင်။

မြွေစိမ်း ခေါင်းဆောင် ကမ်းပေးသော လက်ဖက်ရည်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိထားမိကတည်းက ဆုမိုသည် ယန်ရှောင်ယွင်ကို အချက်ပြခဲ့သည်။

တစ်ချက်ကြည့်ရုံဖြင့် နားလည်သွားကြပြီး သူတို့၏ အစီအစဉ်ကို အကောင်အထည် ဖော်ခဲ့ကြသည်။

တခြားလူတွေ သောက်နေကြသည့် အချိန်မှာ သူတို့က သောက်ချင်ယောင်ဆောင်ပြီး ဝတ်ရုံလက်ထဲက ဆီစိမ်အိတ်ကပ်ထဲကို လောင်းထည့်လိုက်ကြခြင်းပါ။

ဤလှည့်ကွက်ကို ယန်ရှောင်ယွင် သင်ကြားပေးထားခြင်း ဖြစ်သည်။

သိုင်းလောက၌ မိမိ ဆန္ဒမရှိသော်ငြား မသောက်မဖြစ် သောက်သုံးရမည့် အခြေအနေများစွာ ရှိတတ်သည်။

တောင်ပေါ်စခန်း တစ်ခု သို့မဟုတ် ရဲတိုက် တစ်ခုကို ဖြတ်သန်းသွားလာရာ၌ ဒေသခံ ခေါင်းဆောင်က လက်ဖက်ရည်၊ အရက်တို့ဖြင့် ဧည့်ခံလာပါက မည်သို့ ငြင်းပယ်နိုင်ပါမည်နည်း။

လက်ခံသောက်သုံးလိုက်ပါက မိတ်ဆွေဖွဲ့သကဲ့သို့ ဖြစ်သွားပြီး နွေးထွေးစွာ ကြိုဆိုခံရနိုင်သလို၊ နောင်တစ်ခေါက် ပြန်လည် ရောက်ရှိလာလျှင်လည်း အကူအညီ ရယူနိုင်မည် ဖြစ်သည်။

အခန်း (၂၃၇)- မသင်္ကာစရာ ကောင်းသော အရာ တစ်ခု (၂)

~လက်ဖက်ရည် မသောက်လျှင် ခင်မင်မှုတွေ ပျက်စီးနိုင်သည်။ နောက်တစ်ခါ ကိုယ်တိုင် မလာနိုင်ရင် လက်အောက်ငယ်သားတွေ ဒုက္ခရောက်နိုင်၏။

သို့တိုင်၊ မျက်နှာပျက်အောင် လုပ်တာက ဘယ်သူ့အတွက်မှ အကျိုးမရှိချေ။

ဒီလို အခြေအနေမျိုးမှာ လူသတ်စရာ မလို။ လက်ဖက်ရည် သောက်ဖို့ကလည်း တစ်ဖက်လူက မကောင်းသည့် ရည်ရွယ်ချက် ရှိနေနိုင်တော့ ပြဿနာ ရှိ၏။

သို့ကြောင့် အကောင်းဆုံး နည်းလမ်းကတော့... သောက်သလိုလို ဟန်ဆောင်ပြီး တကယ်တမ်း မသောက်ဘဲ နေလိုက်ခြင်းပါပဲ။

အကယ်၍ တစ်ဖက်လူက မကောင်းကြံလျှင် သူတို့ တိုက်ခိုက်လာသော အချိန်ကျမှ ကိုယ်က အဆိပ်မမိထားဘူး ဆိုတာ ပြလိုက်လျှင် ပြီးရော။ သူတို့ကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာ တွေးနေစရာ မလိုတော့ချေ။

တကယ်လို့ တစ်ဖက်လူက ရိုးသားစွာ ခင်မင်ချင်တာ ဆိုလျှင်တော့... နောက်တစ်ခါ ပြန်တွေ့သောအခါ၊ မိတ်ဆွေတွေအဖြစ် ဆက်လက် တည်ရှိနေမည်ပင်။

ယန်ရှောင်ယွင်၏ ဤအကြံဉာဏ်ကို ဆုမို အလွန် သဘောကျခဲ့သည်။

သို့တိုင်၊ ဒီနည်းလမ်းကို ပထမဆုံး အသုံးပြုရမည့် နေရာက ကျောက်လုံ ရေတပ်စခန်း ဖြစ်နေလိမ့်မည်ဟုတော့ သူ ထင်မထားခဲ့မိပေ။

ယခုအချိန်တွင် ဆုမိုသည် ဆီစိမ်အိတ်ကပ်ထဲမှ လက်ဖက်ရည်များကို ဘုန်းကြီး၏ ပါးစပ်ထဲသို့ လောင်းထည့်လိုက်၏။

ဘုန်းကြီးသည် ပြင်းပြင်းထန်ထန် ရုန်းကန်နေသော်လည်း ဆုမို၏ လက်ဝါးအောက်တွင် နဂါးတစ်ကောင် ဖြစ်နေလျှင်ပင် ပါးစပ်ဟပေးရမည်သာ။

ခဏချင်းမှာပင် လက်ဖက်ရည် တစ်ခွက်ဝက်ခန့် လည်ချောင်းထဲသို့ စီးဝင်သွားတော့သည်။

ဘုန်းကြီး၏ မျက်လုံးထဲတွင် မျှော်လင့်ချက်မဲ့ခြင်းများ ပြည့်နှက်နေသည်။

ဆုမိုက ပြုံးလိုက်၏။

"ဆရာတော်... ဘာလို့ ဒီလောက် ကြောက်နေရတာလဲ၊ မြွေစိမ်း ခေါင်းဆောင် ပြောတာသာ မှန်ရင်... ခဏနေရင် ပျောက်သွားမှာပဲလေ"

မြွေစိမ်း ခေါင်းဆောင်၏ မျက်နှာ မည်းမှောင်သွားသော်လည်း တိတ်ဆိတ်နေဆဲပင်။

ဆုမို ဂရုမစိုက်ဘဲ စောင့်ကြည့်နေလိုက်၏။ ဘုန်းကြီးထံတွင် အဆိပ်လက္ခဏာများ ပြလာသောအခါ ဖယောင်းဆေးလုံးများကို ချေပြီး ပါးစပ်ထဲ ထည့်ပေးလိုက်၏။

ဘုန်းကြီးက မစားဘဲ ငြင်းဆန်နေသော်လည်း ဆုမိုက ခွင့်မပြုပေ။

မေးရိုးကို ညှစ်လိုက်ပြီး ဖြေဆေးကို ပါးစပ်ထဲ ထိုးထည့်လိုက်၏။ ပါးစပ်ကို ပိတ်ပြီး မေးစေ့ကို တစ်ချက် ပုတ်လိုက်ကာ အတွင်းအားဖြင့် ဆေးလုံးများကို အစာအိမ်ထဲသို့ ရောက်အောင် ပို့ဆောင်ပေးလိုက်၏။

ထို့နောက် သူ အေးအေးဆေးဆေး စောင့်ကြည့်နေလိုက်၏။

မထင်မှတ်ဘဲ (၄၅) မိနစ်ခန့် အကြာတွင် ဘုန်းကြီးသည် ရုတ်တရက် မြေကြီးပေါ် လဲကျသွားပြီး လူးလိမ့်နေတော့သည်။ မျက်နှာ တစ်ခုလုံး မည်းနက်နေ၏။

ရုတ်တရက် ထခုန်လိုက်ပြီး ဒဏ်ရာများကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မြေကြီးပေါ်တွင် လှိမ့်ကာ အဆက်မပြတ် အော်ဟစ်နေတော့သည်။

လက်သည်းများဖြင့် ကုတ်ခြစ်နေပြီး သွေးများ ထွက်လာသည်အထိ မရပ်တန့်ပေ။ လက်သည်းများသည် အသားထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ကျိုးပဲ့ ကောက်ကွေးကုန်ကြသည်။ ခန္ဓာကိုယ်ပေါ်တွင် အရိုးထိအောင် နက်ရှိုင်းသော ဒဏ်ရာများ ဖြစ်ပေါ်လာတော့သည်။

နောက်ဆုံးတွင် နာကျင်မှုကို မခံနိုင်တော့သည့်အလား ခန်းမဆောင်တိုင်လုံးကြီး တစ်ခုဆီသို့ ပြေးသွားပြီး ခေါင်းဖြင့် ဆောင့်လိုက်၏။

ဦးခေါင်းခွံ ကွဲကြေသွားပြီး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

ဆုမို ခေါင်းညိတ်လိုက်ပြီး မြွေစိမ်း ခေါင်းဆောင်ကို လှမ်းကြည့်လိုက်၏။

"ဒါ မှားနေတယ်... နောက်ထပ် ရှိသေးလား"

သူ့လေသံက အေးဆေးတည်ငြိမ်နေပြီး လှည့်စားခံလိုက်ရသည့်အတွက် ဒေါသထွက်သည့် အရိပ်အယောင် လုံးဝ မပြပေ။

ဒီလောက် တည်ငြိမ်နေတာကို မြင်တော့ မြွေစိမ်း ခေါင်းဆောင် ကျောချမ်းသွားသည်။

သူ အလွယ်တကူ သေရမှာ မဟုတ်တော့ဘူး ဆိုတာ သိလိုက်ပါသည်။

‘ဗြောင်ကျကျ လိမ်ညာခံလိုက်ရတာတောင် ဆုမိုက မျက်နှာပျက်တာ၊ ဒေါသထွက်တာ လုံးဝ မရှိဘူး။

ဒီလိုလူမျိုးက တကယ့်ကို ကြောက်စရာ ကောင်းလိုက်တာ။’

ကျူးကော့ချန်ထျန်ကမူ အကြံရသွားပြီး အလျင်အမြန် ပြောလိုက်၏။

"ခေါင်းဆောင်ဆု... ဒီနည်းလမ်း ကောင်းတယ်ဗျ၊ တကယ်လို့ အဆင်မပြေရင် ရေတပ်စခန်းထဲက သစ္စာဖောက်တွေကို သုံးပြီး ဖြေဆေး စမ်းသပ်လို့ ရတယ်"

ဆုမို သူ့ကို တစ်ချက် ကြည့်လိုက်၏။

"သခင်ကြီး... ခင်ဗျား ဘယ်လိုလုပ် ဒီလောက် ရက်စက်ရတာလဲ"

"..."

ကျူးကော့ချန်ထျန် ပြောစရာ စကားမဲ့သွားသည်။

မင်းကရော ငါ့ကို ပြောဖို့ တကယ်ပဲ ထိုက်တန်ရဲ့လား။

ဆုမို သူ့ကို ဂရုမစိုက်တော့ဘဲ မြွေစိမ်း ခေါင်းဆောင်ဆီ သွားကာ 'ဖုန်းရှီ' သွေးကြောကွက် ကို ပေါ့ပါးစွာ ထိုးလိုက်၏။

ပြီးတော့ တိတ်တဆိတ် စောင့်ကြည့်နေလိုက်၏။

ဒီတစ်ခါတော့ (၁၅) မိနစ်တိတိ စောင့်ကြည့်ပြီးမှ စကားပြန်ပြောသည်။

မြွေစိမ်း ခေါင်းဆောင်က တကယ်ကို ဇွဲကောင်းလှ၏။

နောက်တစ်ကြိမ် ညွှန်ပြတာလည်း မှားနေပြန်သည်။

အဆိပ်ရဲ့ အာနိသင်သာ ကွာခြားသွားတာ... နာကျင်မှုကတော့ အတူတူပါပင်။

နှစ်ကြိမ်လောက် စမ်းသပ်ပြီးသည့်နောက် ကျန် ဘုန်းကြီးတွေက သူတို့ ဘာဖြစ်မလဲ ဆိုတာ သိကုန်ကြလေပြီ။ ဆုမို စကားမပြောခင်မှာပဲ သူတို့က မြွေစိမ်း ခေါင်းဆောင်ကို ဝိုင်းဆဲကြတော့သည်။

ဆဲဆိုသံတွေကြောင့် မြွေစိမ်း ခေါင်းဆောင် ဒေါသထွက်လွန်း၍ မျက်နှာ သွေးရောင် ပျောက်ပြီး သေချင်စိတ် ပေါက်သွားသည်။

ဒါ့အပြင် ဆုမိုက ပိုပြီး ရက်စက်လာသည်။ ရှန်မန်နှင့် ဖုန်းရှီ သွေးကြောကွက် နှစ်ခုစလုံးကို ပြိုင်တူ နှိပ်လိုက်၏။

ပြီးတော့ အမွှေးတိုင် တစ်တိုင် ကုန်အောင် တိတ်တဆိတ် စောင့်နေလိုက်ပြန်သည်။

ဒီလောက် ကြာမြင့်သည့် အချိန်အတောအတွင်းမှာ မြွေစိမ်း ခေါင်းဆောင်ဟာ သေမင်းတံခါးဝကို အကြိမ်ကြိမ် အခေါက်ခေါက် သွားလိုက်ပြန်လိုက် ဖြစ်နေသလို ခံစားနေရရှာသည်။

နောက်ဆုံးတော့ သူ့စိတ်ဓာတ် ကြံ့ခိုင်မှု ကျိုးပျက်သွားတော့သည်။ အစိမ်းရောင် အဝတ်အိတ်ကို လက်ညှိုးထိုးပြလိုက်ပြီး စကားတစ်ခွန်းမှ မပြောနိုင်တော့ပေ။

ဆုမို စမ်းသပ်ကြည့်လိုက်ရာ ဖြေဆေးအစစ် ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ဘုန်းကြီးတစ်ပါးကို လက်ဖက်ရည် တိုက်ပြီး ဆေးကျွေးလိုက်ရာ ဘာမှ မဖြစ်သလို ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ နောက်ထပ် (၁၅) မိနစ်လောက် စောင့်ကြည့်ပြီးမှ ကျူးကော့ချန်ထျန်နဲ့ တခြားလူတွေကို တစ်ယောက်ချင်းစီ ဖြေဆေး တိုက်ကျွေးလိုက်၏။

ဒီလူတွေက အတွင်းအား ကောင်းကြသူတွေ ဆိုတော့... ဖြေဆေး ဝင်သွားပြီး အတွင်းအားနှင့် ပေါင်းစပ်လိုက်တာနှင့် ခဏလေးအတွင်း ပြန်လည် သက်သာလာကြသည်။

"ကျေးဇူးတင်ပါတယ် ခေါင်းဆောင်ဆု"

"ခေါင်းဆောင်ဆု ကို နောက်ထပ် အသက်တစ်ချောင်း အကြွေးတင်သွားပြန်ပြီ"

"ခေါင်းဆောင်ဆု မှာ ဇနီး ရှိပြီလား... ဟုန်ရွက်နီ ဂိုဏ်းမှာ အလှကလေးတွေ အများကြီး ရှိတယ်နော်"

ကျူးကော့ချန်ထျန်နှင့် တခြားလူတွေက တစ်လှည့်စီ ကျေးဇူးတင်စကား ပြောကြသည်။ ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်ရဲ့ စကားကြောင့် ဆုမို ရယ်ရခက် ငိုရခက် ဖြစ်သွားရသည်။

သို့သော်၊ ယန်ရှောင်ယွင်၏ စူးစမ်းချင်စိတ်ကိုတော့ အကြီးအကျယ် နှိုးဆွလိုက်သလို ဖြစ်သွားသည်။ သူမသည် ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်ကို ဘေးတစ်ဖက်သို့ ဆွဲခေါ်သွားပြီး တိုးတိုးတိုးတိုး ပြောနေကြသည်။ ဘာတွေ ပြောနေကြမှန်းတော့ မသိ။

ချူချိုယွီနှင့် လန်ယွဲ့နန်းတော်က တပည့်တွေကတော့ ထုံပေပေ ဖြစ်နေကြတော့၏။

ဆုမိုနဲ့ စတွေ့ကတည်းက သူတို့တွေ ဒုက္ခရောက်လိုက်၊ ဆုမို ကယ်လိုက်နဲ့... ရက်ပိုင်းလေး အတွင်းမှာတင် အသက်ကယ်တဲ့ အကြွေးတွေ တောင်ပုံရာပုံ ဖြစ်နေပြီလေ။

သူတို့ လုပ်နိုင်တာကတော့ လက်နှစ်ဖက် ဆုပ်ကိုင်ပြီး ကတိပေးရုံပါပဲ။

"ကျေးဇူးတရားက ကြီးမားလွန်းလို့ စကားလုံးနဲ့တောင် မပြောပြတတ်တော့ပါဘူး... ခေါင်းဆောင်ဆု လိုအပ်ရင် အချိန်မရွေး အကြောင်းကြားလိုက်ပါ၊ တောင်တွေ ဘယ်လောက်မြင့်မြင့်၊ ပင်လယ်တွေ ဘယ်လောက်နက်နက်၊ မီးတွေ ဓားတွေ ကြားထဲ ဖြတ်ရ ဖြတ်ရ... ကျွန်မတို့ ညီအစ်မတွေ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူးရှင်"

"ရပါတယ်ဗျာ... ရပါတယ်"

ဆုမို လက်ကာပြလိုက်၏။

"သိုင်းလောကရဲ့ လမ်းစဉ်မှာ သူရဲကောင်းစိတ်ဓာတ် ဆိုတာ မယိမ်းယိုင်သင့်ပါဘူး... ကျွန်တော် ကူညီနိုင်တာ ကူညီပေးတာပါ၊ သိုင်းမိမယ်ချူ အားနာစရာ မလိုပါဘူး"

ပြောပြီးသည်နှင့် ကျူးကော့ချန်ထျန်ကို လှည့်ကြည့်လိုက်သည်။

"သခင်ကြီး... ရေတပ်စခန်းထဲမှာ ကျွန်တော် နားလို့ရမယ့် အခန်းလွတ် တစ်ခန်းလောက် ရှိမလားဗျာ"

"ရှိတာပေါ့ဗျာ”

All Chapters