အခန်း (၂၃၈-၂၄၀)
Vol. 16 Ch. 238-240
အခန်း (၂၃၈)- မသင်္ကာစရာ ကောင်းသော အရာ တစ်ခု (၃)
~မြေပြင်ပေါ်တွင် လဲလျောင်းနေသော မြွေစိမ်း ခေါင်းဆောင်နှင့် ရုတ်တရက် ပေါ်ထွက်လာသော အဘိုးအိုတို့ကို ကြည့်ပြီး ကျူးကော့ချန်ထျန် သဘောပေါက်လိုက်၏။
ဆုမို၏ လျှို့ဝှက်ချက်များကို သိရှိရန်အတွက် လိုအပ်သော အစီအစဉ်များကို သူ ချက်ချင်း စီစဉ်ပေးလိုက်၏။
ဆုမိုက ဟုန်ရွက်နီ ဂိုဏ်းခေါင်းဆောင်နှင့် စကားလက်ဆုံကျနေသော ယန်ရှောင်ယွင်ကို အတင်း ဆွဲခေါ်လိုက်၏။ ထို့နောက် မြွေစိမ်း ခေါင်းဆောင်ကို အဝတ်စုတ်အိတ် တစ်လုံး သယ်ဆောင်သကဲ့သို့ တရွတ်တိုက် ဆွဲခေါ်ကာ အခန်းထဲမှ ထွက်ခွာခဲ့ကြသည်။
လီစစ်ယွင်၏ ဘေးမှ ဖြတ်သွားစဉ် ဆုမိုက ပြုံးလျက် ပြောလိုက်၏။
"သခင်ကြီးလီ... ရှေ့က ကြွပါဦး"
"ဟွန့်..."
လီစစ်ယွင်က နှာမှုတ်သံ ပေးလိုက်၏။
"မင်းရဲ့ နည်းလမ်းတွေက ရက်စက်ပေမဲ့... ဒီလိုလူစားမျိုးနဲ့တော့ တော်တော် သင့်လျော်ပါတယ်"
"ဒါ ချီးကျူးတာလား"
"အဆင့်မီရုံပါပဲ"
လီစစ်ယွင်က ဆက်ပြောသည်။
"တကယ်လို့ မင်းအဖေသာ ဆိုရင်... တခြားနည်းလမ်း သုံးမှာ သေချာတယ်"
"ဘယ်လို နည်းလမ်းလဲ"
ဆုမို စိတ်ဝင်စားသွားသည်။
လီစစ်ယွင် ခဏတာ စဉ်းစားလိုက်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်၏။
"သူဆိုရင် အဆိပ်ကို သူ့ကိုယ်ပေါ်မှာ စမ်းသပ်ကြည့်မှာ... သူများအပေါ် ဘယ်တော့မှ အဲဒီလို လုပ်မှာ မဟုတ်ဘူး"
"..."
ဆုမို မျက်ခုံးပင့်လိုက်၏။
သူ့အဖေ ဆိုသူ ဘယ်လို သေသွားသလဲ ဆိုတာ နည်းနည်းတော့ ရိပ်မိသလို ရှိလာရပြီ။
ကိုယ့်ကိုယ်ကို အဆိပ်ခတ် စမ်းသပ်တတ်တဲ့သူ ဆိုလျှင်တော့... သေဖို့လမ်းတွေ အများကြီး ရှိသည်ပေါ့။
ဆုမိုက သိုင်းလောက သစ္စာတရားကို ယုံကြည်ပြီး မှန်ကန်သော အလုပ်ကို မတွန့်ဆုတ်ဘဲ လုပ်ဆောင်တတ်သူပင်။
သို့တိုင်၊ ကိုယ့်အသက်အန္တရာယ်နှင့် ယှဉ်လာလျှင်တော့... ကိုယ့်လုံခြုံရေးကို ဦးစားပေးမှာ သေချာသည်။ သူများအတွက် ကိုယ့်ကိုယ်ကို စတေးတယ် ဆိုတာ လေးစားစရာ ကောင်းသော်လည်း... သူ လိုက်လုပ်ဖို့တော့ ခက်ခဲပါလိမ့်မည်။
ဘာမှ ဆက်မပြောကြတော့ဘဲ အားလုံးသည် ကျောက်လုံ ရေတပ်စခန်းမှ လူများ ခေါ်ဆောင်ရာ နောက်သို့ လိုက်ပါသွားကြသည်။
တိတ်ဆိတ်ငြိမ်သက်သော အခန်းတစ်ခန်းသို့ ရောက်သောအခါ လမ်းပြပေးသူ ထွက်ခွာသွားပြီး ဆုမိုသည် မြွေစိမ်း ခေါင်းဆောင်ကို ကြမ်းပြင်ပေါ် ပစ်ချလိုက်၏။
ထို့နောက် လီစစ်ယွင်ကို ကြည့်လိုက်သည်။
"ကဲ... သခင်ကြီးလီ ရဲ့ အလှည့် ရောက်ပြီ၊ ပြောပါဦး... မန်ဒရင်းဘဲ စာရင်း ဆိုတာ တကယ်တမ်း ဘာလဲ"
"မင်း တကယ် ဘာမှ မသိဘူးလား"
လီစစ်ယွင်က နားမလည်နိုင်သော စကားတစ်ခွန်းကို ဆိုလိုက်၏။
ဆုမို အံ့ဩသွားသည်။
"ကျွန်တော်က ဘာသိရမှာလဲ"
လီစစ်ယွင်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ တစ်စုံတစ်ခုကို နားလည်ရ ခက်ခဲနေသည့်အလား ခဏတာ စဉ်းစားပြီးနောက် ရုတ်တရက် မေးလိုက်၏။
"ချီစွမ်းအင်ကို အထက်သို့ ပို့ဆောင်၊ အလယ်ဗဟိုကို ရိုက်ခတ်၊ အစွန်းများကို ဆွဲယူ၊ ရန်-တူ
သွေးကြောမကြီးများဆီ ပြန်လည် စီးဆင်းစေ... နောက်တစ်ကြောင်းကို သိလား"
ယန်ရှောင်ယွင်က ဆုမိုကို အံ့ဩတကြီး ကြည့်လိုက်၏။
သို့သော် ဆုမို၏ မျက်နှာတွင် နားမလည်မှုများ အထင်းသား ပေါ်လွင်နေသည်။
"သခင်ကြီးလီ ပြောတာ နားထောင်ရသလောက်တော့... ချီစွမ်းအင် စီးဆင်းမှု လျှို့ဝှက်သိုင်းကျမ်း တစ်ခုခု ဖြစ်ပုံရတယ်... ဒါပေမဲ့ ဘယ်က လာမှန်းတော့ မသိဘူး"
"မင်း တကယ် မသိဘူးလား"
လီစစ်ယွင်၏ မျက်ခုံးများ ပိုမို တွန့်ချိုးသွားသည်။
"... ကျွန်တော် သိသင့်လို့လား"
ဆုမို၏ မျက်နှာထားသည် ဟန်ဆောင်နေတာ မဟုတ်ကြောင်း သိသာထင်ရှားလှသည်။
"မင်းအဖေက မင်းကို ဒီသိုင်းပညာ မသင်ပေးခဲ့ဘူးလား..."
လီစစ်ယွင် တစ်ကိုယ်တည်း ရေရွတ်နေလေသည်။
"ဒါပေမဲ့... ဒါပေမဲ့ အဲဒီလိုသာ ဆိုရင် မင်းမှာ ဒီလောက် သိုင်းစွမ်းအားတွေ ဘယ်က ရောက်လာတာလဲ"
စကားပြောနေရင်း သူသည် ဆုမို၏ လက်ကောက်ဝတ်ကို လှမ်းစမ်းလိုက်သည်။
ဆုမိုက ပြန်လည် ဖမ်းဆုပ်လိုက်ပြီး 'မဟာနေမင်း ဖြန့်ကျက်လက်ဝါး' ကို အသုံးပြုကာ လီစစ်ယွင်၏ လက်ကို တွန်းထုတ်လိုက်၏။
လက်ဝါးချင်း ထိမိသည့် အခိုက်အတန့်တွင် လီစစ်ယွင်သည် ဆုမိုထံမှ ပြင်းထန်သော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။
တောက်ပပြီး လွှမ်းခြုံနိုင်စွမ်း ရှိသော၊ မျှတပြီး အခြေခံ ခိုင်မာသော စွမ်းအားတစ်ခု။
သို့သော် သူ၏ မျက်နှာထားသည် ချက်ချင်း အမျိုးမျိုး ပြောင်းလဲသွားပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်တော့သည်။
"တကယ် မဟုတ်ဘူးပဲ...မင်းရဲ့ သိုင်းပညာက ဘယ်က ရတာလဲ"
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အကြည့်ချင်း ဖလှယ်လိုက်ကြသည်။
"သခင်ကြီးလီ က ကျွန်တော့် သိုင်းပညာရဲ့ အခြေခံကို သိချင်တာလား... အမှန်အတိုင်း ပြောရရင် အဖေက 'နေမင်းရောင်ခြည် နှလုံးသား သိုင်းကျမ်း'ကိုပဲ သင်ပေးခဲ့တာပါ... ကျန်တာတွေကိုတော့ ထူးဆန်းတဲ့ လူပုဂ္ဂိုလ်တွေဆီကနေ ရခဲ့တာ၊ ဘယ်က ရလဲ ဆိုတာတော့ ထုတ်ပြောလို့ မရပါဘူး"
"သခင်ကြီးလီ ပြောတဲ့ သိုင်းပညာ ဆိုတာကိုတော့ ကျွန်တော် တကယ် တစ်ခါမှ မကြားဖူးပါဘူး"
"... ငါ နားလည်ပါပြီ"
လီစစ်ယွင်၏ မျက်နှာထား ပိုမို တည်ငြိမ်လေးနက်သွားသည်။ ဆုမိုကို ကြည့်ပြီး ပြောလိုက်၏။
"တကယ်လို့ ငါက အကြောင်းရင်းကို မပြောပြဘူး ဆိုရင်... မင်း ငါ့ကို အဲဒီနည်းလမ်း သုံးမလား"
ဒီမေးခွန်းက တိုက်ရိုက်ဆန်လွန်း၍ ဆုမို ခဏတာ တွန့်ဆုတ်သွားမိသည်။
သို့သော် လီစစ်ယွင်က ရယ်လိုက်၏။
"မင်း တွန့်ဆုတ်သွားတာလေး နဲ့တင် တန်ဖိုး ရှိလှပါပြီ... နောက်ဆုံးတော့ မင်းက သူ့သားပဲလေ"
"ငါ ပေါ့ဆမိခဲ့တယ်... အခုတော့ အမှားတွေ ထပ်မလုပ်မိစေရတော့ဘူး"
"ခေါင်းဆောင်ဆု... မင်း ငါ့ကို ဘာပဲလုပ်လုပ်၊ ငါ အတွင်းရေးတွေကို ဖွင့်ပြောမှာ မဟုတ်ဘူး"
"ခေါင်းဆောင်ဆု ခွင့်လွှတ်ပေးပါ"
ပြောပြီးသည်နှင့် သူသည် ကြမ်းပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး တိတ်ဆိတ်နေလိုက်တော့သည်။
ထိုစဉ် မြွေစိမ်း ခေါင်းဆောင်က အေးစက်စွာ နှာမှုတ်လိုက်၏။
"ခင်ဗျား မပြောရင်... ကျုပ် ပြောမယ်"
"ဟင်..."
လီစစ်ယွင် မော့ကြည့်လိုက်ပြီး လှောင်ရယ် ရယ်လိုက်၏။
"ဪ... ပြောလေ၊ ငါ နားထောင်နေတယ်"
မြွေစိမ်း ခေါင်းဆောင် အံ့အားသင့်သွားသည်။ လီစစ်ယွင်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်ခုံးများ တွန့်ချိုးသွားသည်။ တစ်စုံတစ်ခုကို အထင်လွဲနေသကဲ့သို့ပင်။
သို့သော် သူ စတင် ပြောဆိုလိုက်၏။
"မန်ဒရင်းဘဲ စာရင်း ဆိုတာ... ရတနာသိုက် တစ်ခု ဝှက်ထားတဲ့ လျှို့ဝှက်နေရာ တစ်ခုနဲ့ ပတ်သက်နေတာ..."
စကားပြောနေရင်း သူသည် လီစစ်ယွင်ကို အကဲခတ်ကြည့်လိုက်ရာ လီစစ်ယွင်က အေးစက်စွာ ရယ်နေဆဲပင်။
ထိုစကားကို ကြားသောအခါ ဆုမို မျက်ခုံးပင့်သွားသည်။ လီစစ်ယွင်ကို ကြည့်ပြီး တိုးတိုးလေး မေးလိုက်၏။
"တာ့ရွှမ် လက်နက်တိုက်နဲ့များ ပတ်သက်နေမလား"
လီစစ်ယွင်၏ အမူအရာ ပြောင်းလဲခြင်း မရှိပေ။
သို့သော် မြွေစိမ်း ခေါင်းဆောင်၏ မျက်ခုံးများ တွန့်ချိုးသွားသည်။
"တာ့ရွှမ် လက်နက်တိုက်နဲ့ ဘယ်လို ပတ်သက်နိုင်မှာလဲ... နေပါဦး... တာ့ရွှမ် လက်နက်တိုက် ဟုတ်လား"
သူ ရုတ်တရက် ဆုမိုကို လှည့်ကြည့်လိုက်၏။ တစ်စုံတစ်ခုကို သဘောပေါက်သွားသကဲ့သို့ မျက်နှာထား ရှုပ်ထွေးသွားသည်။
မျက်လုံးထဲတွင် အလင်းရောင်များ တစ်ချက် ဖြတ်သန်းသွားပြီး တစ်ကိုယ်တည်း ပြောဆိုလိုက်၏။
"ဒီကိစ္စက အရေးကြီးတယ်..."
"တာ့ရွှမ် လက်နက်တိုက်..."
"ရွှေကျောက်စိမ်း .. မန်ဒရင်းဘဲ စာရင်း..."
"ဟာ... မဟုတ်သေးဘူး.."
မြွေစိမ်း ခေါင်းဆောင်၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ.. ပြည့်နှက်လာတော့သည်။ ဆုမို ပိတ်ထားသော သွေးကြောကွက်များပင် ပွင့်ထွက်သွားသကဲ့သို့ သူ ရုတ်တရက် မတ်တပ်ထရပ်လိုက်ပြီး ထွက်ပြေးရန် ပြင်လိုက်၏။
သို့သော် ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောကွက်များ ပေါက်ကွဲထွက်သွားပြီး သွေးများ ပန်းထွက်လာတော့သည်။
သို့တိုင်အောင် သူ မရပ်တန့်ဘဲ ရှေ့ဆက်သွားရန် ကြိုးစားသော်လည်း ခြေလှမ်း (၂) လှမ်းအကြာတွင် အားကုန်သွားတော့သည်။
ဒေါသအပြည့်ပါသော မျက်လုံးများဖြင့် တံခါးပေါက်ကို စိုက်ကြည့်ရင်း သွားကို တင်းတင်းစေ့ကာ မြွေစိမ်း ခေါင်းဆောင် ပြောလိုက်၏။
"ဂိုဏ်းချုပ်ကြီး... ခင်ဗျားရဲ့ နောက်ကျောမှာ သစ္စာဖောက် ရှိနေတယ်......"
ထိုစကားလုံးများကို ပြောပြီးနောက် မြွေစိမ်း ခေါင်းဆောင်သည် နောက်ပြန် လဲကျသွားပြီး သေဆုံးသွားတော့သည်။
လီစစ်ယွင်၏ မျက်ဝန်းထဲတွင် လှုပ်ရှားမှု အနည်းငယ် ဖြစ်ပေါ်လာပြီး နောက်ဆုံးတွင် သက်ပြင်းချလိုက်၏။
"သူ အကြံအစည် မစခင်ကတည်းက အဆိပ်သောက်ထားခဲ့တာ... ဒါကြောင့် မင်း သူ့ကို နှိပ်စက်တုန်းက နာကျင်မှုကို မခံနိုင်ပေမဲ့ ကြိတ်မှိတ် သည်းခံနိုင်ခဲ့တာပေါ့"
"တကယ် မခံနိုင်တော့တဲ့ အချိန်ကျမှ ဖြေဆေး ဘယ်မှာလဲ ဆိုတာ ပြောပြခဲ့တာ"
"ဟွန့်... ကောင်းကင်မှာ တံခါးမရှိ၊ မြေကြီးမှာ လမ်းမရှိ၊ လူ့လောကမှာ သနားကြင်နာမှု မရှိ... တကယ့် သုံးပါး အစွန်းရောက် ဂိုဏ်းပါလား"
"ကောင်းကင် မရှိ၊ မြေကြီး မရှိ၊ လူသား မရှိ..”
အခန်း (၂၃၉)- ခေါက်သိမ်းခြင်း
~"သုံးပါး အစွန်းရောက် ဂိုဏ်း …"
ဆုမိုသည် လီစစ်ယွင် ကို လှမ်းကြည့်လိုက်၏။
"သခင်ကြီးလီ က အဲဒီဂိုဏ်းအကြောင်းလည်း သိထားတယ်ပေါ့"
"ဟွန့်... ဟိုဘုန်းကြီး သုံးသွားတဲ့ သိုင်းပညာက 'တိမ်စီး လက်ဝါးသိုင်း'လေ... ကျွယ်ထျန်ဂိုဏ်းရဲ့ အခွဲတစ်ခုပဲ"
လီစစ်ယွင်သည် ဤကိစ္စနှင့် ပတ်သက်ပြီး ဖုံးကွယ်မထားပေ။
"အစပိုင်းမှာ သူက သူ့ဂိုဏ်းရဲ့ သိုင်းပညာကို ထုတ်မသုံးပေမဲ့... နောက်ဆုံး ထွက်ပြေးချင်တဲ့ အချိန်ကျတော့ မတတ်သာဘဲ ထုတ်သုံးလိုက်ရတာပေါ့"
"ဝိုးတဝါးနဲ့ လျင်မြန်တယ်... ရုတ်တရက် အဆုံးမဲ့ ဖြစ်သွားတယ်"
"ဒါက 'ကောင်းကင်ဂိုဏ်း'ရဲ့ လျှို့ဝှက်သိုင်းပဲ"
သူသည် ဆုမိုကို ကြည့်ပြီး ဆက်ရှင်းပြသည်။
"သုံးပါး အစွန်းရောက် ဂိုဏ်း ဆိုတာ ကောင်းကင်၊ မြေကြီး၊ လူသား ဆိုတဲ့ ဂိုဏ်းခွဲ (၃) ခု ပေါင်းစပ်ထားတာ... တစ်ခုချင်းစီက သူ့နည်းသူ့ဟန်နဲ့ အစွမ်းထက်ကြတယ်... ကောင်းကင်ဂိုဏ်းက ဖမ်းဆုပ်လို့မရအောင် နက်နဲတယ်... မြေကြီးဂိုဏ်းက 'ကွန်' စွမ်းအားကို အခြေခံတယ်... လူသားဂိုဏ်းကတော့ လောကီရေးရာ အဖုံဖုံကို ပုံဖော်ထားပြီး အားလုံးကို အသုံးချနိုင်စွမ်း ရှိတယ်"
"ဒီဂိုဏ်းက ဘယ်ဂိုဏ်း၊ ဘယ်အဖွဲ့အစည်းနဲ့မှ မပတ်သက်ဘဲ သီးခြား ရပ်တည်တယ်... လျှို့ဝှက်စွာ လှုပ်ရှားပြီး ခန့်မှန်းရ ခက်တယ်"
"သိုင်းလောကထဲမှာ သုံးပါး အစွန်းရောက် ဂိုဏ်း အကြောင်း သိတဲ့သူ ရှားတယ်"
"ထိုးဖောက်ဖို့ ခက်ခဲလွန်းတယ်လို့ ပြောလို့ရတယ်"
"ဟေး... အခု ကြည့်ရတာ ရွှေကျောက်စိမ်းကို ခိုးသွားတာ သူတို့ လက်ချက်ပဲ ဖြစ်လောက်တယ်"
"ဒါပေမဲ့ မူလက ငါထင်ထားတာ တစ်မျိုး... အခုတော့ တခြား အလှည့်အပြောင်း တစ်ခု ရှိနေပုံရတယ်"
ပြောရင်းနှင့် သူသည် မြေကြီးပေါ်တွင် လဲလျောင်းနေသော မြွေစိမ်း ခေါင်းဆောင်၏ အလောင်းကို တစ်ချက် ကြည့်လိုက်ပြီး ခေါင်းခါလိုက်၏။ သူ၏ မျက်နှာထားသည် ခန့်မှန်းရခက်နေ၏။
နားထောင်ပြီးနောက် ဆုမို မျက်မှောင်ကြုတ်သွားသည်။
"ရွှေကျောက်စိမ်း နဲ့ မန်ဒရင်းဘဲ စာရင်း... ဘာဆက်စပ်မှု ရှိလို့လဲ"
လီစစ်ယွင် ပြန်မဖြေလောက်ဘူးဟု ထင်ထားသော်ငြား မေးကြည့်လိုက်ပါသည်။
သို့သော် မထင်မှတ်ဘဲ လီစစ်ယွင်က ဘာမှ ဖုံးကွယ်မထားဘဲ ရှင်းပြလာ၏။
"စောစောက ဟိုမြွေ ပြောသွားတာ မမှားဘူး... ဒီကိစ္စက လျှို့ဝှက် ရတနာသိုက် တစ်ခုနဲ့ ပတ်သက်နေတယ်"
"လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရွှေကျောက်စိမ်းဟာ ကောင်းကင်ဓားဂိုဏ်း လက်ထဲ ရောက်နေခဲ့တာ"
"ဒီကိစ္စကို စိတ်ဝင်စားတဲ့ သူတွေအတွက်တော့... ဒါဟာ လျှို့ဝှက်ချက် မဟုတ်ခဲ့ပါဘူး"
"ဒါပေမဲ့ ဒီကိစ္စမှာ အချက် (၂) ချက် လိုနေသေးတယ်... အဲဒါတွေ မရှိရင်..."
"ရွှေကျောက်စိမ်း ရှိနေလည်း အလကားပါပဲ"
"အဲဒီ အချက် (၂) ချက်ထဲက တစ်ခုက မန်ဒရင်းဘဲ စာရင်းပဲ"
"နောက်တစ်ခုက မြေပုံ တစ်ချပ်"
"အဲဒီ မြေပုံက တခြားနေရာက ရတာ... ငါ့အတွက်တောင် လျှို့ဝှက်ချက် ဖြစ်နေတုန်းပဲ"
"ဒါပေမဲ့ ဒီ မန်ဒရင်းဘဲ စာရင်း ကတော့ ငါ့လက်ထဲမှာ ရှိနေတာ နှစ်ပေါင်း (၂၀) ကျော်ပြီ"
ထိုစကားကို ကြားသောအခါ ဆုမို ရုတ်တရက် သဘောပေါက်သွားရသည်။
"ရွှေကျောက်စိမ်း၊ မန်ဒရင်းဘဲ စာရင်း နဲ့ မြေပုံ"
"သုံးခုထဲက တစ်ခုကို ပိုင်ဆိုင်ထားရုံနဲ့... မြက်ခင်းထဲက မြွေကို ခြောက်လန့်သလိုပဲ ဖြစ်နေမှာပေါ့"
"ဒါကြောင့် နှစ်တွေ ကြာလာတာတောင် ရွှေကျောက်စိမ်းက ကောင်းကင်ဓားဂိုဏ်းထဲမှာ ဘေးကင်းနေခဲ့တာ... ဘယ်သူမှ မသိလို့ မဟုတ်ဘဲ ကျန်တဲ့ နှစ်ခု မရှိရင် အသုံးမဝင်လို့ ဖြစ်မယ်"
"ဒါဆို ရွှေကျောက်စိမ်း အခိုးခံရတုန်းက... မန်ဒရင်းဘဲ စာရင်းကိုလည်း သူတို့ ပစ်မှတ်ထားလာတော့မယ် ဆိုတာ ခင်ဗျား သိလိုက်တာပေါ့"
"အဲဒီ သဘောပါပဲ"
လီစစ်ယွင် ခေါင်းညိတ်လိုက်၏။
"ဒီလူတွေက ကောင်းကင်ဓားဂိုဏ်းကို ပစ်မှတ်ထားနေတာ ကြာပြီ... အမြစ်တွယ်နေလောက်ပြီ"
"အဆုံးမဲ့ဓား ထုန်းယွင် ပျောက်ဆုံးသွားကတည်းက ငါ လမ်းငါးသွယ်ဆုံရပ် ကို တန်းသွားခဲ့တာ... ဒါပေမဲ့ အဲဒီအချိန်မှာပဲ လမ်းငါးသွယ်ဆုံရပ်မှာ ပိတ်မိနေမှန်း ငါ့ကိုယ်ငါ သိလိုက်ရတယ်... တစ်လှမ်းမှ ခွာလို့ မရတော့ဘူး"
"ဘာလို့လဲဆိုတော့... ငါ့ကို တိတ်တဆိတ် စောင့်ကြည့်နေတဲ့ သူတွေ အမြဲ ရှိနေလို့ပဲ... ငါသာ လမ်းငါးသွယ်ဆုံရပ်ကနေ ထွက်သွားရင် မန်ဒရင်းဘဲ စာရင်းကို ချက်ချင်း လက်လွတ်လိုက်ရမှာ သေချာတယ်"
"ဒါကြောင့် တခြားနည်းလမ်းတွေ သုံးပြီး အခြေအနေကို စောင့်ကြည့်နေခဲ့ရတာ... ရန်သူ့ရဲ့ မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးခဲ့ဘူး"
ဆုမို မျက်ခုံးပင့်လိုက်၏။
"ဒါဆို သခင်ကြီးလီ က လမ်းငါးသွယ်ဆုံရပ်မှာ ဇီယန် အာမခံဌာနရဲ့ အလံကို မြင်လိုက်တော့... မန်ဒရင်းဘဲ စာရင်းကို ဆုမိုဆီ လွှဲပေးလိုက်ပြီး အာရုံလွှဲဖို့ စဉ်းစားလိုက်တာပေါ့"
"အဲဒီလိုနဲ့ ပေါ်တင်ကနေ လျှို့ဝှက် ဖြစ်သွားတယ်... ကျွန်တော်က အာရုံလွှဲပြီး အဝေးကို ခေါ်သွားပေးနေတုန်း ခင်ဗျားက နောက်ကနေ တိတ်တဆိတ် လိုက်လာပြီး မြွေကို မျှားခေါ်ဖို့ ကြံစည်တာပေါ့လေ"
လီစစ်ယွင် တိတ်ဆိတ်သွားသည်။ ခဏကြာမှ သက်ပြင်းချလိုက်ပြီး လေသံ ပြောင်းသွားသည်။
"သိုင်းလောကသားတွေက သုံးပါး အစွန်းရောက် ဂိုဏ်း အကြောင်း သိပ်မသိကြဘူး... ဒါပေမဲ့ ငါ နည်းနည်းတော့ သိထားတယ်"
"ပထမဆုံးက လူသားဂိုဏ်း... သူတို့က 'လောကီရေးရာ အဖုံဖုံ' ဆိုတဲ့ စကားစုကို ပိုင်ဆိုင်ထားတယ်... သူတို့ရဲ့ အဓိက သိုင်းပညာက 'ဖုန်မှုန့်နီ လမ်းမ (၃၀၀၀)'လို့ ခေါ်တယ်"
"လမ်းပေါင်းစုံ၊ နည်းပေါင်းစုံ ပါဝင်ပြီး လောကီအာရုံ အားလုံးကို လွှမ်းခြုံထားတယ်... ဒါကြောင့် ဒီသိုင်းပညာနဲ့ ဆိုရင် လောကထဲက ကြိုက်တဲ့ သိုင်းပညာကို အတုခိုးပြီး ကိုယ့်သိုင်းပညာအဖြစ် သုံးလို့ ရတယ်"
"ဒါပေမဲ့ စွမ်းအားအစစ်ကို ထုတ်သုံးဖို့တော့ မလွယ်ဘူး"
"ပုံစံကိုပဲ အတုခိုးတာက ကျားရုပ်ဆွဲသလိုပဲ... အစစ်တော့ မဖြစ်နိုင်ဘူး"
"နောက်တစ်ခုက မြေကြီးဂိုဏ်း..."
"မြေကြီးဂိုဏ်းရဲ့ သိုင်းပညာ အနှစ်သာရကို စကားလုံး (၄) လုံးနဲ့ အကျဉ်းချုံးလို့ ရတယ်... စောစောက ငါပြောခဲ့တဲ့ 'ကွန် ၌ တည်သော စွမ်းအား'ဆိုတာပဲ"
"အထက်မှာ ကောင်းကင်၊ အောက်မှာ မြေကြီး...ခွန် ဆိုတာ မြေကြီးကို ကိုယ်စားပြုတယ်... သူတို့ရဲ့ လျှို့ဝှက်သိုင်းက 'ကျိခွန် သိုင်း'တဲ့"
"ခြေထောက်က မြေကြီးပေါ်မှာ ခိုင်မြဲစွာ ရပ်တည်နေရင် စွမ်းအားတွေ အဆမတန် ကြီးမားလာတယ်... လျှို့ဝှက်စွမ်းအားကို အသုံးပြုပြီး မြေကြီးရဲ့ စွမ်းအင်ကို ဆွဲယူကာ နှလုံးသွေးကြောမကြီးကို ကာကွယ်ပေးနိုင်တယ်... သေစေလောက်တဲ့ ဒဏ်ရာ ရရင်တောင် အသက်ဆက်ရှင်နိုင်တယ်"
"နောက်ဆုံးကတော့ ကောင်းကင်..."
ဒီနေရာ ရောက်တော့ လီစစ်ယွင် မျက်မှောင်ကြုတ်လိုက်၏။
"ကောင်းကင်ဂိုဏ်းက အနက်နဲဆုံးပဲ"
"သူတို့ရဲ့ သိုင်းပညာတွေက ရှုပ်ထွေးပြီး များပြားတယ်... ဒီနေ့ထိ ဘယ်သူမှ အကုန်အစင် မသိကြသေးဘူး... ကောင်းကင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က ဘယ်သိုင်းပညာကို တတ်မြောက်ထားလဲ ဆိုတာလည်း ဘယ်သူမှ မသိကြဘူး"
"ကောင်းကင်၊ မြေကြီး၊ လူသား ဆိုတဲ့ အစွန်းရောက် (၃) ပါးထဲမှာ... ကောင်းကင်က ထိပ်ဆုံးပဲ... ဒါက သူ့ရဲ့ ထူးခြားမှုကို ပြသနေတာပါပဲ"
"ပြီးတော့ ကောင်းကင်ဂိုဏ်း ဂိုဏ်းချုပ်က နတ်နဂါး တစ်ကောင်လိုပဲ... ခေါင်းကိုပဲ မြင်ရပြီး အမြီးကို မမြင်ရဘူး၊ သိုင်းလောကထဲမှာ အစီအစဉ်တွေ အမြဲ ချမှတ်နေပေမဲ့ သူ့မျက်နှာအစစ်ကို မြင်ဖူးသူ ရှားတယ်"
"ဒါဟာ သုံးပါး အစွန်းရောက် ဂိုဏ်းရဲ့ လျှို့ဝှက်ဆန်းကြယ်ဆုံး ပုဂ္ဂိုလ်ပဲ"
"ကျောက်လုံအသင်းထဲက အရှုပ်အထွေးတွေကို ဒီလူကပဲ ကြိုးကိုင်ခဲ့တာ"
"သူက ဆရာတော် ဟုန်ယွင်ဆီက ဒုက္ခသည် သိုင်းကျမ်းကို လိုချင်နေတာ... ပြီးတော့ မန်ဒရင်းဘဲ စာရင်း ကိုလည်း လိုချင်တယ်"
"ဒီနှစ်ခုကို ပေါင်းစပ်လိုက်ရင်... ကျောက်လုံအသင်း၊ ရွှမ်လုံ ရေတပ်စခန်း နဲ့ ဟုန်ရွက်နီ ဂိုဏ်း ကို သိမ်းပိုက်နိုင်ရုံတင်မကဘူး... ထာဝရည တောင်ကြား ထဲကိုပါ ထိုးဖောက်ဝင်ရောက်နိုင်လိမ့်မယ်"
"ဒုက္ခိတသည်များ သိုင်းကျမ်း နဲ့ မန်ဒရင်းဘဲ စာရင်း ကိုပါ ထပ်လောင်းရင်... ဒီလူရဲ့ အကြံအစည်က တကယ့်ကို နက်ရှိုင်းလွန်းတယ်"
"ကံဆိုးတာက... ဘယ်လောက်ပဲ စေ့စပ်သေချာအောင် စီစဉ်ပါစေ... တစ်ဆင့် လိုနေသေးတာပဲ..."
လီစစ်ယွင်က ပြောရင်းနှင့်၊ အသက်ပြင်းပြင်း ရှူလိုက်ရာ ဆုမိုနှင့် ယန်ရှောင်ယွင်တို့ အံ့အားသင့်သွားကြသည်။
အခန်း (၂၄၀)- ခေါက်သိမ်းခြင်း (၂)
~ဤအချက်အလက်များကို သိရှိရန်အတွက် လှည့်ကွက် အနည်းငယ် သုံးရလိမ့်မည်ဟု ဆုမို တွေးထင်ထားခဲ့သည်။ သို့သော် မမျှော်လင့်ဘဲ အဘိုးအိုသည် ပဲလှော်ပေါက်ပေါက် စားနေသကဲ့သို့ တရစပ် ဖွင့်ဟပြောပြလာခဲ့သည်။
လီစစ်ယွင်သည် မြေကြီးပေါ်တွင် လဲလျောင်းနေသော မြွေစိမ်း ခေါင်းဆောင်၏ အလောင်းကို ကြည့်ရင်း တစ်စုံတစ်ခုကို သတိရသွားသည့်အလား မျက်လုံးများ ပြူးကျယ်သွားသည်။
"ဒါဆိုရင်..."
သူ စကား (၃) လုံးသာ ပြောရသေးပြီး ပါးစပ်ကို ချက်ချင်း ပြန်ပိတ်လိုက်၏။
ဆုမို၏ အကြည့်က သူ့အပေါ်သို့ ကျရောက်လာသည်။
"သခင်ကြီးလီ... တစ်ခုခု စဉ်းစားမိလို့လား"
လီစစ်ယွင်၏ မျက်ဝန်းများ လှုပ်ရှားသွားပြီး တိုးညှင်းစွာ ရယ်လိုက်၏။
"ခေါင်းဆောင်ဆု... ထာဝရည တောင်ကြား ကိစ္စက မင်းနဲ့ တိုက်ရိုက် မပတ်သက်သလို ထင်ရပေမဲ့... တကယ်လို့ သူတို့က ဇီယန်ဂိုဏ်းနဲ့ လန်ယွဲ့နန်းတော်ကို ပူးပေါင်းကြံစည်နေတာသာ မှန်ရင်... မင်း လက်ပိုက်ကြည့်နေလို့ မဖြစ်ဘူး"
"ဇီယန်ဂိုဏ်းက မင်းရဲ့ ဆုမိသားစု အတွက် ထူးခြားတဲ့ အဓိပ္ပာယ် ရှိတယ်... ဟိုတုန်းက မင်းရဲ့ ဘိုးဘေး ဆုချန်ယွီက ဇီယန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ရာထူး ဆက်ခံရမလို ဖြစ်ခဲ့ဖူးတယ်"
"ဒါပေမဲ့ ဒီအကြောင်း အသေးစိတ်ကိုတော့ မင်း ဇီယန်ဂိုဏ်း ရောက်မှ ကိုယ်တိုင် မေးမြန်းကြည့်ပါ"
"သူတို့ မင်းကို ဧည့်သည်တော် အဖြစ် ဆက်ဆံကြမှာ သေချာပါတယ်"
"ဒါပေမဲ့ ဒီ ထာဝရည တောင်ကြား... ဂိုဏ်းချုပ်ရဲ့ နာမည်ရင်းကို ဘယ်သူမှ မသိကြဘူး"
"လူတွေက သူ့ကို 'ညသခင်' လို့ပဲ ခေါ်ကြတယ်"
"ဒီလူက သူ့ခေတ်သူ့အခါမှာ ပါရမီရှင် တစ်ယောက်၊ အာဏာရှင် တစ်ယောက်ပဲ"
"ထာဝရည တောင်ကြားမှာ 'ဝူကျိုး ကောင်းကင်မိစ္ဆာ သိုင်းကျမ်း'ဆိုတဲ့ အစွမ်းထက် လျှို့ဝှက်သိုင်း တစ်ခု ရှိတယ်... သမိုင်းတစ်လျှောက်မှာ အဲဒီသိုင်းကျမ်းကို တတိယအဆင့် ရောက်အောင် ကျင့်ကြံနိုင်တဲ့သူ ဆိုတာ ဖီးနစ်ငှက် အမွေး၊ ကြံ့ဦးချို လိုပဲ ရှားပါးလှတယ်"
"ဒါပေမဲ့ ကောလဟာလတွေ အရတော့... ဒီလူက နည်းလမ်းပေါင်းစုံ သုံးပြီး မကြုံစဖူး သတ္တမအဆင့်အထိ ရောက်အောင် ကျင့်ကြံထားတယ်တဲ့"
"တချို့က ပြောကြတယ်... ညသခင် က လမ်းသစ်ထွင်ပြီး နောက်ဆုံး အဆင့် (၃) ဆင့်ကို ကိုယ်တိုင် ဖန်တီး၊ 'ဝူကျိုး ကောင်းကင်မိစ္ဆာ သိုင်းကျမ်း' ကို ဒသမအဆင့် အထိ တိုးချဲ့ဖို့ ကြိုးစားနေတယ်တဲ့"
"ဒါပေမဲ့ ဒီသတင်းတွေက အမှန်လား အမှားလား ဆိုတာ ပြောဖို့ ခက်ခဲလှပါတယ်"
"ဘာပဲဖြစ်ဖြစ် သတ္တမအဆင့် 'ဝူကျိုး ကောင်းကင်မိစ္ဆာ သိုင်းကျမ်း' နဲ့တင်... သူက နေဝင်ချိန်အောက်မှာ ပြိုင်ဘက်ကင်း ဆိုတဲ့ ဘွဲ့ကို ရရှိထားပြီးသား"
"အရင်တုန်းက တိုက်ပွဲတွေမှာ ညသခင် က တုန်းချန် ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ ခေါင်းဆောင်တွေကို တစ်ယောက်တည်း ရင်ဆိုင်ခဲ့တာတောင် အရေးနိမ့်ခြင်း မရှိခဲ့ဘူး"
"တိုက်ပွဲအပြီးမှာ နှစ်ဖက်စလုံး အထိနာခဲ့ကြတယ်... ဒါကို ကြည့်ရင် သူ့ရဲ့ စွမ်းအား ဘယ်လောက်ကြီးမားလဲ ဆိုတာ ခန့်မှန်းလို့ ရတယ်"
"မင်းရဲ့ သိုင်းပညာက စွမ်းအားကြီးပေမဲ့... တကယ်လို့ သူနဲ့ ရင်ဆိုင်ရရင် မှတ်ထားပါ... သေချာ မှတ်ထားပါ... ညအချိန်မှာ သူ့ကို မတိုက်ခိုက်ပါနဲ့..."
ဤသတိပေးစကား ကြားရသောအခါ ဆုမိုသည် မည်သို့ တုံ့ပြန်ရမည်ကို ခေတ္တမျှ ဝေခွဲမရ ဖြစ်နေမိသည်။
နောက်ဆုံးတွင် သူသည် လက်နှစ်ဖက် ဆုပ်ကိုင်ကာ အရိုအသေ ပြုလိုက်၏။
"အကြံဉာဏ်ပေးတာ ကျေးဇူးတင်ပါတယ် သခင်ကြီးလီ"
"ရပါတယ်ကွာ..."
လီစစ်ယွင် ခေါင်းခါလိုက်ပြီး ခါးသီးစွာ ပြုံးလိုက်၏။
"ခေါင်းဆောင်ဆု... ဒီခရီးစဉ်မှာ ငါက ကိုယ့်ကိုယ်ကို ဉာဏ်ကောင်းတယ် ထင်ပြီး လှုပ်ရှားခဲ့တာ... တကယ်တမ်းကျတော့ အမှားကြီး တစ်ခု ဖြစ်တော့မလို့"
"အခုတော့ ငါ နောက်ထပ် အမှား တစ်ခု ထပ်လုပ်လို့ မဖြစ်တော့ဘူး"
"ငါ ပြောခဲ့တာတွေကို မင်း နှလုံးသားထဲမှာ သေချာ မှတ်သားထားပါ"
"မင်းရဲ့ သိုင်းပညာနဲ့ ဉာဏ်ပညာ ပေါင်းစပ်လိုက်ရင်... ဒီအခက်အခဲတွေကို ကျော်ဖြတ်ဖို့ မခဲယဉ်ပါဘူး"
"... ဘာကို ဆိုလိုတာလဲ"
ဆုမို နားထောင်ရင်း တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရသည်။
ဒီစကားတွေက... သေတမ်းစာ မှာနေသလို ဖြစ်နေ၏။
ရုတ်တရက် လှမ်းကြည့်လိုက်သောအခါ ဆုမို၏ မျက်နှာထား ပြောင်းလဲသွားသည်။
လီစစ်ယွင်၏ မျက်နှာသည် သွေးမရှိတော့သကဲ့သို့ သွေးရောင် ပျောက်သွားပြီး ပါးစပ်ထောင့်မှ သွေးများ စီးကျလာသည်ကို တွေ့လိုက်ရသည်။
ဆုမိုနှင့် ယန်ရှောင်ယွင်တို့ ချက်ချင်း ပြေးသွားပြီး ဘယ်တစ်ဖက် ညာတစ်ဖက် လက်ကောက်ဝတ်များကို စမ်းသပ်ကြည့်လိုက်ရာ လန့်ဖျပ်သွားကြသည်။
"ဘာလို့ ဒီလောက်ထိ လုပ်ရတာလဲဗျာ"
ဆုမို၏ မျက်နှာထား လေးနက်တည်ငြိမ်သွားသည်။
အဘိုးအိုသည် စကားပြောနေရင်း ကိုယ့်သွေးကြောကိုယ် ဖြတ်တောက်လိုက်ခြင်း ဖြစ်၏။
အပြင်ပန်း ကြည့်ရင် ပုံမှန်အတိုင်း ထင်ရသော်လည်း... တကယ်တမ်းကျတော့ နှလုံးသွေးကြော ပြတ်တောက်သွားပြီ ဖြစ်ပြီး နောက်ဆုံးထွက်သက်ကို မနည်း ဆွဲဆန့်ထားရခြင်းသာ ဖြစ်၏။
လီစစ်ယွင် ဘာမှ ဆက်မပြောတော့ဘဲ ဆုမိုကို တိတ်ဆိတ်စွာ စိုက်ကြည့်နေသည်။ ခေါင်းကို အနည်းငယ် ညိတ်လိုက်၊ ခါလိုက် ပြုလုပ်နေသည်။
"ခေါင်းဆောင်ဆု... စိတ်ထဲ မထားပါနဲ့၊ ငါ မှားခဲ့ရင်... ပေးဆပ်ရမှာပဲလေ"
"ငါ ပြောပြနိုင်တာတွေက ဒီလောက်ပါပဲ"
"ကျန်တာတွေကိုတော့... ငါနဲ့အတူ မြှုပ်နှံလိုက်ပါတော့မယ်"
"ငါ့ဘဝက ကုန်ဆုံးသင့်တာ ကြာပါပြီ..."
"မင်း ကြီးပြင်းလာပြီး အောင်မြင်နေတာကို မြင်ရတာ... ငါ့ဘဝအတွက် ကျေနပ်စရာပါပဲ"
"ခေါင်းဆောင်ဆု... မင်း... မင်း..."
သူ့အသံက တိုးညှင်းပြီး ပျောက်ကွယ်လုနီးပါး ဖြစ်နေသည်။
"ဂရုစိုက်ပါ... ကောင်းကင်အောက်က သိုင်းလောကမှာ... ဘယ်သူမဆို... ငါ့မျက်စိထဲမှာ သေလို့ ရတယ်..."
"ဒါပေမဲ့ မင်း... မင်းတစ်ယောက်တည်းပဲ သေလို့ မဖြစ်ဘူး.."
"..."
ဆုမို ပြောစရာ စကားမဲ့သွားသည်။
လီစစ်ယွင်၏ ခေါင်း ငိုက်ကျသွားပြီး မျက်ဝန်းထဲမှ အရောင်များ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရသည်။
"ဒါက.. ရှောင်မို..."
ယန်ရှောင်ယွင် ဆုမိုကို ကြည့်လိုက်၏။ ဖော်မပြတတ်သော ခံစားချက်များ ရင်ထဲ လှိုက်တက်လာသည်။
လီစစ်ယွင်၏ သေဆုံးမှုက ရုတ်တရက် ဆန်လွန်းသည်။
ပြောမထွက်ခဲ့သော စကားများက တစ်စုံတစ်ခုနှင့် ဆက်စပ်နေသလား။
ဘာကြောင့် ကိုယ့်သေလမ်း ကိုယ်ရှာသွားရတာလဲ။
ပြီးတော့ အစတုန်းက မန်ဒရင်းဘဲ စာရင်းကို သူ့ဆီ ပေးပြီး မြွေကို မျှားခေါ်ဖို့ ကြံစည်ခဲ့တာ... အခု ရန်သူ ပေါ်လာတော့မှ ဘာလို့ သေလမ်းကို ရွေးချယ်လိုက်ရတာလဲ။ ဒီနောက်ကွယ်မှာ ဘာအဓိပ္ပာယ် ရှိနေတာလဲ။
ဆုမို အသက်ပြင်းပြင်း ရှူလိုက်၏။ အခြေအနေကို ပြန်လည် ဆန်းစစ်ကြည့်ပြီး နှလုံးသွေးကြော ပြတ်တောက်၍ သေဆုံးသွားကြောင်း အတည်ပြုလိုက်၏။ ထို့နောက် သက်ပြင်းချလိုက်၏။
"အရင်ဆုံး မန်ဒရင်းဘဲ စာရင်းကို ဦးလေးယန် လက်ထဲ အရောက်ပို့ရမယ်... ပြီးမှ ဘာဆက်လုပ်မလဲ ဆုံးဖြတ်ကြတာပေါ့"
"မြွေစိမ်း ခေါင်းဆောင် မသေခင် ပြောသွားတာ ရှိတယ်... ဒီကိစ္စ နောက်ကွယ်မှာ သစ္စာဖောက် ရှိတယ်တဲ့... ဒါပေမဲ့ ဘယ်ကနေ စပြောမှန်း မသိဘူး"
"လီစစ်ယွင် က စကားပြောနေရင်း တစ်ခုခုကို သတိထားမိသွားတဲ့ပုံပဲ... ကျွန်တော် မေးပေမဲ့ သူ မပြောပြဘဲ ထာဝရည တောင်ကြား အကြောင်းတွေ လျှောက်ပြောနေတယ်"
"သိသာတာကတော့... တစ်ခုခုကို ဖုံးကွယ်ချင်တဲ့ ရည်ရွယ်ချက် ရှိနေတာပဲ"
"အရေးအကြီးဆုံးကတော့..."
"သူနဲ့ ဦးလေးယန်၊ ပြီးတော့ ကျွန်တော့်အဖေ... ဘယ်လို ပတ်သက်မှုတွေ ရှိနေတာလဲ"
"သိုင်းလောကမှာ ဘယ်သူမဆို သေလို့ ရပေမဲ့... ကျွန်တော် တစ်ယောက်တည်း ဘာလို့ သေလို့ မရတာလဲ..."
သူ ယန်ရှောင်ယွင်ကို လှမ်းကြည့်လိုက်၏။ သူတို့နှစ်ဦး၏ မျက်ဝန်းထဲတွင် နားမလည်နိုင်မှုများ ပြည့်နှက်နေ၏။
"ဟိုတစ်ညက အနက်ရောင်ဝတ် လူနဲ့များ ပတ်သက်နေမလား"
ယန်ရှောင်ယွင်က မေးလိုက်သည်။
ဆုမို သက်ပြင်းချလိုက်၏။
"ဦးလေးယန် တစ်ခုခု သိထားမှာ သေချာတယ်"
"ဒါဆို အချိန်တန်ရင် ငါ မေးကြည့်မယ်"
ယန်ရှောင်ယွင် မှာ ချက်ချင်း တက်ကြွသွားတော့သည်။
ဆုမိုက ခါးသီးစွာ ပြုံးလိုက်၏။
"ဦးလေးယန်သာ ပြောချင်ရင်... ဒီနှစ်တွေ အတွင်း ပြောပြခဲ့မှာပေါ့... သူ မပြောဘူး ဆိုကတည်းက... လီစစ်ယွင် လိုပဲ ထုတ်ပြောမယ့်အစား သေလမ်းကို ရွေးချယ်မယ့် လူမျိုး ဖြစ်နေမှာ စိုးရတယ်”