အိမ်အရောက်လာပို့တဲ့ဟင်းပွဲများ
Vol. 26 Ch. 256
ခွဲခွာရမည့်အချိန်မှာ နှစ်ပေါင်းများစွာကြာမြင့်နိုင်သည်ဟု ကြားလိုက်ရသောအခါ တပည့်များမှာ ပို၍ကျယ်လောင်စွာ ငိုကြွေးကြတော့သည်။
"တပည့်တို့ ဂိုဏ်းချုပ်နဲ့မခွဲနိုင်ပါဘူး"
"စိတ်မပူကြနဲ့... ငါ့ဒဏ်ရာတွေပျောက်တာနဲ့ ငါ့ရဲ့နာမည်က တစ်ကျော့ပြန်ထင်ရှားလာစေရမယ်"
တပည့်များမှာ မျက်ရည်စက်လက်ဖြင့်ခေါင်းညိတ်ကြ၏။ အစ်ကိုကြီးချန်သည် တက်လှမ်းခြင်းစင်မြင့်သို့ ပြန်သွားသည်။ အားဟွမ်နှင့် ရှောင်ပိုင်တို့မှာ အိပ်ပျော်နေဆဲပင်။ နောက်ထပ်အင်မော်တယ်ဧကရာဇ်တစ်ပါး ထပ်ရောက်လာပါက ကလေးများအတွက် အန္တရာယ်ရှိနိုင်သဖြင့် ၎င်းတို့ကို ရွှမ်ကျီရုပ်ပုံအတွင်းထည့်လိုက်သည်။
ထို့နောက် အားလုံးသည် စိတ်မကောင်းခြင်းများစွာဖြင့် စတင်ထွက်ခွာကြတော့သည်။ သို့သော် ကောင်းကင်သို့ပျံတက်လိုက်သည်နှင့် အရပ်မျက်နှာအနှံ့မှ လေပြင်းများနှင့် မိုးခြိမ်းသံများထွက်ပေါ်လာပြီး မည်းမှောင်နေသောတိမ်တိုက်ကြီးများ မြို့ပေါ်သို့ဖိနှိပ်ကျဆင်းလာ၏။
"ဘာဖြစ်တာလဲ"
"နောက်ထပ် အင်မော်တယ်ဧကရာဇ်တစ်ပါး ထပ်ရောက်လာပြန်ပြီလား"
အစ်ကိုကြီးချန်မှာတော့ စိတ်ညစ်သွားရသည်။
ဘယ်သူကများ မျက်စိမရှိဘဲ ငါဟန်ထုတ်နေတာကို လာနှောင့်ယှက်နေတာလဲ...
ရန်သူများပေါ်လာသောအခါမှသာ လူတိုင်းအထင်မှားသွားကြောင်း သိလိုက်ရသည်။ ရှေ့တည့်တည့်မှ လာနေသူများမှာ ဝူဟိုင်မြို့မှမြို့စားနှင့် ထောင်သောင်းချီသော အင်မော်တယ်စစ်တပ်ဖြစ်နေ၏။ ၎င်းတို့၏ ဘေးတွင်လည်း ပိထောင်မြို့၊ လဲ့ဟောင်မြို့၊ ဖန်မြို့၊ ယင်ယွဲ့မြို့ စသည့် အခြားမြို့ကိုးမြို့မှ စစ်တပ်များအားလုံး စုရုံးရောက်ရှိနေကြသည်။
"ငါတို့ ဒီလောက်မြန်မြန်ပြန်တွေ့ကြမယ်လို့ မထင်ထားဘူးမဟုတ်လား"
"အရင်တစ်ခါ ငါသတိပေးခဲ့သားပဲ... ဒီပထမနေရာကိုရဖို့ ဒီလောက်မလွယ်ဘူးဆိုတာ"
ဝူဟိုင်မြို့စားက သူ၏အင်မော်တယ်ဓားကို ဖြည်းဖြည်းချင်းဆွဲထုတ်ကာ လှောင်ပြုံးပြုံးလိုက်သည်။ တခြားမြို့စားများမှာလည်း ရက်စက်သောအမူအရာများဖြင့် ဝိုင်းရံကြ၏။ ၎င်းတို့သည် စစ်ပွဲပြီးကတည်းက တစ်မြို့နှင့်တစ်မြို့ဆက်သွယ်ကာ တင့်ထျန်းမြို့ကိုလက်စားချေရန် အင်အားစုခဲ့ကြခြင်းဖြစ်သည်။
ကွေ့ချန်းက ရှေ့တိုးလိုက်သော်လည်း ရန်သူများက ရယ်မောလှောင်ပြောင်ကြ၏။
"စစ်ပွဲတုန်းကတော့ မင်းတို့တိုက်စရာမလိုဘဲနိုင်ခဲ့လို့ ဟန်ကျနေတာပေါ့။ အခုတော့ စည်းမျဉ်းတွေလည်းမရှိတော့ဘူး... မင်းတို့ ဘယ်လိုနိုင်ဦးမလဲ ကြည့်ကြသေးတာပေါ့"
ကွေ့ချန်းနှင့်အခြားသူများ မျက်နှာပျက်သွား၏။ ယခုအခြေအနေမှာ စစ်ပွဲတုန်းကနှင့်မတူပေ။ ရန်သူ့အင်အားမှာ သုံးသိန်းကျော်ရှိပြီး ရွှေအင်မော်တယ် ၁၀၀ ခန့်နှင့် မြင့်မြတ်အင်မော်တယ် ၇,၀၀၀ ကျော် ပါဝင်နေသည်။
အင်မော်တယ်ဧကရာဇ်လောက် ကြောက်စရာမကောင်းသော်လည်း ဤမျှများပြားသောစစ်တပ်ကို ရင်ဆိုင်ရန်မလွယ်ပေ။ အထူးသဖြင့် ဂိုဏ်းချုပ်ကျန်းက ဒဏ်ရာပြင်းထန်နေသည်ဟု သူတို့ထင်နေကြသဖြင့် လူစုခွဲရန်ကြိုးစားလျှင်ပင် အကျဆုံးများပြားပေလိမ့်မည်။
အစ်ကိုကြီးချန်ကတော့ စနစ်ပိတ်ရန်ရေတွက်နေသည့်အချိန်ကိုကြည့်ကာ အချိန်မရှိတော့ကြောင်း သိလိုက်သည်။ ဤရန်သူများကိုအပြတ်မရှင်းခဲ့ပါက သူအိပ်ပျော်နေစဉ် တပည့်များဒုက္ခရောက်မည်ဖြစ်သည့်အတွက် သူရှေ့တစ်လှမ်းတိုးလိုက်၏။
သူထွက်လာသည်နှင့် ရန်သူ့စစ်တပ်ကြီးမှာ ကြောက်လန့်တကြား နောက်ဆုတ်သွားကြသည်။ ကျန်းချန်ဟူသောအမည်၏ အရှိန်အဝါမှာ သေးငယ်သည်မဟုတ်။
"ဂိုဏ်းချုပ်ကျန်း"
ကွေ့ချန်းနှင့် အခြားသူများမှာ စိုးရိမ်တကြီးကြည့်နေကြသည်။
"ဒီတစ်ခါတော့ ကျွန်တော်တို့ကိုလုပ်ခွင့်ပေးပါ... ဂိုဏ်းချုပ်က ကျွန်တော်တို့အတွက် အများကြီးလုပ်ပေးပြီးပြီ..."
မင်းတို့ကလည်း ဘာလို့ဒီလောက်သစ္စာရှိနေကြတာလဲ။ ငါက ဘာမှမဖြစ်ပါဘူးဆိုမှ။ ငါ့ရဲ့ နောက်ဆုံး ဟန်ထုတ်ခွင့်လေးကိုတော့ လာမလုကြပါနဲ့ဦး...
"အဟွတ်.. အဟွတ်"
သူသည် အားရပါးရ သွေးအန်ပြလိုက်သည်။ သူတို့စိတ်လှုပ်ရှားနေသည်ကို ပိုပြီးစိတ်လှုပ်ရှားသွားအောင် သရုပ်ဆောင်လိုက်ခြင်းပင်။
"အားလုံးအတွက်... ငါ့ရဲ့ နောက်ဆုံးအားအင်လေးကိုလောင်မြိုက်ပြီး ကာကွယ်ပေးပါ့မယ်"
သူသည် ဆယ်ဆတိုက်ခိုက်မှုကို အသက်သွင်းလိုက်သည်။ စနစ်ကပိတ်တော့မည်ဖြစ်ရာ သေသွားလျှင် အသက်ပြန်ရှင်နိုင်မလားမသေချာသဖြင့် သူတတ်ကျွမ်းသမျှအစွမ်းများကိုသုံးရန် ဆုံးဖြတ်လိုက်၏။
ဝူဟိုင်မြို့စားနှင့် အခြားသူများမှာမူ ကျန်းချန် ဒဏ်ရာအပြင်းအထန်ရနေသည်ကိုမြင်သောအခါ အားတက်သွားကြသည်။
"ဟားဟား... မင်း တကယ်ကြီး ဒဏ်ရာရနေတာပဲ။ ကျန်းချန်... ဒါက မင်းရဲ့ကံကြမ္မာပဲ။ အားလုံး... တိုက်ကြစမ်း"
ရောင်စုံလက်နက်များနှင့် အင်မော်တယ်ပညာရပ်များမှာ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး တင့်ထျန်းမြို့ကိုဖျက်ဆီးရန် ကျရောက်လာတော့သည်။ ထိုအချိန်တွင် တစ်ဦးတည်းသောပုံရိပ်သည် သူ့လက်ထဲမှ အဆင့် ၉ အင်မော်တယ်ဓား ဟုန်းကျွယ်ကို မြှောက်လိုက်သည်။
"ဂိုဏ်းချုပ်ကျန်း"
တပည့်များနှင့် မဟာမိတ်များမှာ သူတို့၏ဂိုဏ်းချုပ်ကိုကာကွယ်ရန် အသည်းအသန်ပြေးထွက်လာကြသော်လည်း ကျန်းချန်၏ဓားအရင်ကျသွားသည်။
လက်မြောက်တက်သွားသည်.... ဓားချက်ကျဆင်းသွားသည်...
ကောင်းကင်တစ်ခုလုံးသည် သေခြင်းတရား၏အလင်းတန်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။ ဓားအရှိန်အဝါသက်ရောက်ရာနယ်ပယ်အတွင်းရှိ ရန်သူအားလုံးမှာ အရိပ်များအဖြစ်ပြောင်းလဲသွားပြီး မျက်စိရှေ့တင် အစိတ်စိတ်အမြွှာမြွှာကွဲအက်ပျောက်ကွယ်သွား၏။
ဟင်းလင်းပြင်ကြီးထဲတွင် ကြီးမားသောအက်ကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့ပြီး ထိုနေရာတွင်ရှိနေခဲ့သော ရန်သူသုံးသိန်းကျော်အနက် သက်ရှိတစ်ဦးတစ်လေမျှပင်မကျန်တော့ဘဲ အားလုံးပြာဖြစ်သွားလေ၏...