ငါမရှိတဲ့နေ့တွေ
Vol. 26 Ch. 255
ပစ္စည်းများကိုသိမ်းဆည်းပြီးနောက် ကျန်သူများမှာ ကျန်းချန်၏ဘေးတွင် စုရုံးလာကြသည်။ ထုံးစံအတိုင်းပင် ချီးကျူးသံများဆူညံသွား၏။ ကွေ့ချန်းနှင့် အခြားသူများမှာမူ အင်မော်တယ်ဧကရာဇ်ကိုသတ်နိုင်သော ဂိုဏ်းချုပ်ကျန်းနှင့် တစ်တန်းတည်းပျံသန်းရန်ပင် တွန့်ဆုတ်နေကြသည်။
“ဂိုဏ်းချုပ်ကျန်း... ခင်ဗျားက လောကမှာ အနှိုင်းမဲ့ဖြစ်သွားပြီလား”
“ငါတို့ကိုကယ်ဖို့အတွက် အောက်လောကကို တမင်သက်သက်ဆင်းလာခဲ့တာလား”
အစ်ကိုကြီးချန်ကပြုံးလျက် လက်ဝှေ့ယမ်းကာ အင်မော်တယ်ဧကရာဇ်ဆိုတာအေးဆေးပါဟု ကြွားလုံးထုတ်ရန် ပြင်လိုက်စဉ်မှာပင် စနစ်အချက်ပေးသံ ထွက်ပေါ်လာသည်။
“ဒင်... လက်ရှိလောကနှင့် ကိုက်ညီမှုမရှိဘဲ စွမ်းအားများကို အလွန်အမင်းသုံးစွဲခဲ့သဖြင့် စနစ်မတည်မငြိမ်ဖြစ်နေပြီး အသစ်ပြင်ဆင်ရန် အတင်းအဓမ္မပြန်လည်စတင်ပါမည်။”
“ပြန်လည်စတင်ရန် လက်ကျန်အချိန်- ၅၉ မိနစ်၊ ၅၉ စက္ကန့်”
တစ်နာရီအတွင်း ပြန်စတော့မှာလား...
“စနစ်... ပြန်စနေတုန်း ငါဘာဖြစ်သွားမှာလဲ”
“လက်ခံသူသည် ဟင်းလင်းပြင်နယ်မြေသို့ ဝင်ရောက်သွားပြီး နှစ်ခြိုက်စွာအိပ်ပျော်သွားပါမည်။ မည်သူမျှ ရှာဖွေ၍မရနိုင်ပါ။”
ဒါကတော့ မဆိုးလှပေ။ တစ်မျိုးပြောရလျှင် အဆင့်မြင့်ကိုယ်ယောင်ဖျောက်ခြင်းပင်။ အနည်းဆုံးတော့ ထိုအချိန်အတွင်း ဘေးကင်းမည်ဖြစ်သည်။
“ဘယ်လောက်ကြာမှာလဲ”
“မသိရသေးပါ”
“သေချာပြောစမ်း... တစ်နှစ်လောက် ကြာမလား”
“ဖြစ်နိုင်ပါသည်”
အစ်ကိုကြီးချန် အကြမ်းဖျင်းသိလိုက်ပြီဖြစ်သည်။ သူခဏတဖြုတ်တော့ ဂူအောင်းရပေဦးမည်။ သို့သော် သူ၏ဂုဏ်သတင်းကတော့ လောကအနှံ့ကျန်ရစ်ခဲ့မည်မဟုတ်ပါလား။ သူပျောက်ကွယ်သွားမည့် အကြောင်းပြချက်ကိုဖန်တီးရန် အင်မော်တယ်စွမ်းအားကိုသုံးကာ မျက်နှာကိုစက္ကူကဲ့သို့ဖြူလျော့သွားအောင်လုပ်လိုက်ပြီး သွေးအနည်းငယ်အန်ထုတ်လိုက်၏။
၎င်းကိုမြင်လိုက်ရသောအခါ လူတိုင်းထိတ်လန့်သွားကြသည်။
“ဂိုဏ်းချုပ်ကျန်း”
“ဘာဖြစ်တာလဲ... အင်မော်တယ်ဧကရာဇ်နဲ့တိုက်ပွဲက အကျိုးဆက်တွေလား”
လူတိုင်း၏ မျက်လုံးများနီမြန်းလာကြသည်။ ဂိုဏ်းချုပ်ကျန်းမှာ ၎င်းတို့ကိုကာကွယ်ရန် အလွန်အမင်းစတေးခဲ့ရသည်ဟုထင်ကုန်၏။ လန်ယီနှင့် ကျိလင်းဟန်တို့မှာ အစ်ကိုကြီးချန်ကို ပြေးဖက်ကြသည်။ ချောမောလှပသော မိန်းကလေးနှစ်ဦး၏ရင်ခွင်ထဲတွင် ခေါင်းနှစ်ထားရသော အစ်ကိုကြီးချန်မှာတော့ ‘ဒီလိုသနားစရာကောင်းအောင်လုပ်ရတာ ဒီလောက်ထိရောက်မှန်းသိရင် အရင်ကတည်းကလုပ်ပါတယ်’ ဟုတွေးကာ ကျေနပ်နေ၏။
သို့သော် သူတို့၏မျက်ရည်များ သူ့မျက်နှာပေါ် ကျလာသောအခါ အနည်းငယ်တော့ စိတ်မကောင်းဖြစ်သွားမိသည်။
“စိတ်မပူကြနဲ့... ငါနည်းနည်းပင်ပန်းသွားလို့ ခဏလောက် တရားထိုင်အနားယူဖို့လိုအပ်တယ်”
ထိုအချိန်တွင် တင့်ထျန်းမြို့လည်း အပြင်လောကသို့ ပြန်လည်ပေါ်ထွက်လာပြီး ကျန်းချန်သည် နောက်နောင်အတွက် စီစဉ်စရာရှိသည်များကို မှာကြားတော့သည်။
“ကျိုယန်အင်မော်တယ်ဧကရာဇ် သေဆုံးသွားတာက အထက်လောကရဲ့အာရုံစိုက်မှုကို ခံရလိမ့်မယ်။ နောက်ထပ်ဧကရာဇ်တွေ ထပ်လာဦးမှာပဲ။ ငါကလည်းဒဏ်ရာကြောင့် ရန်သူတွေကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး”
သူ့စကားကြောင့် လူတိုင်းမှာ ပို၍စိတ်မကောင်းဖြစ်သွား၏။ သူတို့အတွက်ကြောင့် ဂိုဏ်းချုပ်မှာ ဒဏ်ရာပြင်းထန်နေသော်လည်း သူတို့၏လုံခြုံရေးကို စိုးရိမ်နေဆဲဖြစ်သည်။
“ဒါကြောင့် တင့်ထျန်းမြို့က အခုမလုံခြုံတော့ဘူး။ ငါတို့ ခဏလောက် လူစုခွဲဖို့လိုအပ်မယ်”
ကွေ့ချန်းက ကျန်းချန်ကို သူ၏ဓားနယ်မြေသို့ခေါ်ဆောင်ကာ ကာကွယ်ပေးချင်သော်လည်း ပိချန်းနှင့် ရွှီယွမ်တို့ကလည်း ၎င်းတို့၏နယ်မြေများသို့ခေါ်ဆောင်ရန် အပြိုင်အဆိုင်ငြင်းခုံကြ၏။ ဖေးရှန်ဂိုဏ်းမှ တပည့်များမှာလည်း ဂိုဏ်းချုပ်ကို သူတို့နှင့်အတူလိုက်ပါရန် ပြောကြသော်လည်း အတွေ့အကြုံနုနယ်သဖြင့် အခြားသူများ၏လှောင်ပြောင်ခြင်းကို ခံလိုက်ရသည်။
အစ်ကိုကြီးချန်က လက်မြှောက်ကာ အားလုံးကိုတိတ်စေလိုက်သည်။
“ငြင်းမနေကြနဲ့တော့။ ငါ့ရဲ့လုံခြုံရေးကိုတော့ ငါကိုယ်တိုင်တာဝန်ယူနိုင်ပါတယ်။ မင်းတို့အားလုံးကတော့ အလယ်အင်မော်တယ်လောကအနှံ့ကို လူစုခွဲပြီးသွားကြပါ”
အလယ်အင်မော်တယ်လောကမှာ အောက်လောကထက် အဆပေါင်းရာချီ၍ကြီးမားသဖြင့် လူစုခွဲလိုက်ပါက ရန်သူများရှာတွေ့ရန်မဖြစ်နိုင်တော့ပေ။ ထို့နောက် သူ၏တပည့်များကို လှည့်ကြည့်ကာ မှာကြားလိုက်သည်။
“မင်းတို့လည်း အပြင်လောကမှာ အတွေ့အကြုံသွားယူကြဦး။ ငါက မင်းတို့ကို တစ်သက်လုံးကာကွယ်ပေးထားလို့မရဘူး”
သူသည် နှုတ်ဆက်ပွဲကို ပို၍လွမ်းစရာကောင်းအောင် ဟန်ထုတ်ကာပြောလိုက်ပြန်သည်။
“ငါမရှိတဲ့နေ့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ်ဂရုစိုက်ကြ။ ဖေးရှန်ဂိုဏ်းရဲ့ ဟန်ထုတ်တဲ့ယဉ်ကျေးမှုကိုတော့ ဆက်လက်ထိန်းသိမ်းပြီး တိုးတက်အောင်လုပ်ကြဦး...”
ကျန်းချန်၏ သရုပ်ဆောင်မှုမှာ အထွတ်အထိပ်သို့ရောက်သွားပြီး တပည့်များမှာလည်း ငိုယိုကာနှုတ်ဆက်ကြတော့သည်။
နောက်တစ်နှစ်ကြာလို့ စနစ်ပြန်ပွင့်လာတဲ့အခါ ငါ့ရဲ့နာမည်က အင်မော်တယ်လောကမှာ တစ်ကျော့ပြန် ကြီးကျယ်လာဦးမှာပါ...
သို့သော် သူသည် သရုပ်ဆောင်ကောင်းလွန်းသွားသဖြင့် အချိန်ပိုကြာနိုင်ကြောင်းပြောလိုက်မိသည်။
“နှစ်ပေါင်း တစ်ရာ၊ ဒါမှမဟုတ် တစ်ထောင်၊ တစ်သောင်းလောက် ကြာနိုင်တယ်...”
တစ်နှစ်တည်းခွဲခွာရမှာကို အပိုတွေပြောနေလျှင် သိက္ခာကျမည်စိုးသောကြောင့် အစ်ကိုကြီးချန်မှာ အချိန်ကိုချဲ့ကားပြောလိုက်မိခြင်းပင်။