နောက်ဆုံးအဆင့်ဘော့စ်လား
Vol. 26 Ch. 258
ကံတရားအမှတ် ၅၃၅ မှတ်ကို ကိုင်ဆောင်ထားပြီး ကျန်းချန်သည် ပထမဦးစွာ စနစ်ကိုအဆင့်မြှင့်တင်လိုက်သည်။
အဆင့် - ၁၁
ကံတရားအမှတ် - ၀/၁၀၀၀ဝ
လက်ရှိကံတရားအမှတ် - ၄၃၅
လက်ရှိစွမ်းရည် - လက်ခံသူသည် သက်မဲ့ပစ္စည်းများကိုအဆင့်မြှင့်တင်ရန် ကံတရားအမှတ်များကို အသုံးပြုနိုင်သည်။
မှတ်ချက် - ပစ်မှတ်၏တန်ဖိုးမြင့်မားလေ ကံတရားအမှတ်ပိုကုန်လေဖြစ်သည်။
နောက်တစ်ဆင့်စွမ်းရည် - လက်ခံသူသည် မည်သည့်ပစ်မှတ်၏စွမ်းရည်ကိုမဆို ခေတ္တငှားယူရန် ကံတရားအမှတ်များကို အသုံးပြုနိုင်သည်။
မှတ်ချက် - ငှားယူသည့် စွမ်းရည်ပြင်းထန်လေ ကံတရားအမှတ်ပိုကုန်လေဖြစ်သည်။
"ငှားတာလား..."
ဤအရာသည် နောင်တွင် သူသာ ကံတရားအမှတ်လုံလောက်ပါက ရွှေနဂါးဘုရင်ကဲ့သို့ နဂါးသက်ပြင်းမှုတ်နိုင်ပြီး ကွေ့ချန်းဓားအင်မော်တယ်ကဲ့သို့ ဓားနှလုံးသားကိုအသုံးပြုနိုင်မည်ဟု ဆိုလိုခြင်းလော။ သေချာစဉ်းစားကြည့်လျှင် ၎င်းမှာ ကြွားဝါရန်အတွက် အလွန်ကောင်းမွန်သော လက်နက်တစ်ခုပင်။
"စနစ်... မြန်မြန်ထွက်လာခဲ့စမ်း။ နောက်တစ်ဆင့်အတွက် ဘာလို့ အဆတစ်ရာတောင် တိုးသွားရတာလဲဆိုတာ ရှင်းပြစမ်းပါဦး"
သူက မေးမြန်းလိုက်သည်။
"လက်ရှိတွင် မေးခွန်းများမေးမြန်းခြင်းမှာ အမှတ် သို့မဟုတ် ကံတရားအမှတ်များ ကုန်ကျခြင်းမရှိသဖြင့် စနစ်အနေဖြင့် ကိုယ်ရေးကိုယ်တာမေးခွန်းများကို မဖြေကြားရန်ရွေးချယ်နိုင်သည်"
စနစ်ကအကြောင်းပြန်သည်။
"ဘာ... အခုကျမှ ဒီလိုလှည့်ကွက်သုံးတာလား။ ဘာလို့မဖြေတာလဲ။ ငါ့ကိုရင်ဆိုင်ဖို့ မင်းမှာ မျက်နှာမရှိဘူး မဟုတ်လား။ မင်းကလူလိမ်ပဲ။ ငါအမှတ်တွေမြန်မြန်ရနေတာကို မနာလိုဖြစ်နေတာမလား"
ဤသို့ ကျိန်ဆဲခံရသော်လည်း စနစ်ကငြိမ်သက်နေ၏။ အစ်ကိုကြီးချန်သည် စနစ်ကိုဆွဲထုတ်ကာ ရိုက်နှက်ချင်စိတ်များပေါက်နေသည်။ ထို့နောက်တွင် ရွှမ်ကျီရုပ်ပုံအတွင်း၌ ရှိနေသေးသော သူ၏ကလေးနှစ်ယောက်ကိုသတိရကာ သူတို့ကိုအပြင်ထုတ်လိုက်သည်။
"မေမေ... ဒါကဘယ်နေရာလဲ"
"ဖေဖေ... ဒီနေရာကအရမ်းခြောက်ကပ်နေတာပဲ"
ကလေးနှစ်ယောက်ထွက်လာသည်နှင့် ပတ်ဝန်းကျင်ကိုကြည့်ကာ သူ့ကိုပတ်၍ပြေးလွှားနေကြသည်။ ပတ်ဝန်းကျင်မှာ တကယ်ပင် ခြောက်သွေ့သောမြေရိုင်းလွင်ပြင်ကြီးဖြစ်နေ၏။ သူသည် အင်မော်တယ်ဝိညာဉ်ဖြင့် ပတ်ဝန်းကျင်ကိုစစ်ဆေးကြည့်သော်လည်း လူရိပ်လူယောင်မတွေ့ရချေ။ ကိစ္စမရှိ... သူ၏အစွမ်းမှာ အပြည့်အဝရှိနေသေးသဖြင့် ဤအခွင့်အရေးကိုအသုံးချကာ ကလေးနှစ်ယောက်ကိုဆုံးမရန် ဆုံးဖြတ်လိုက်သည်။
"မင်းတို့နှစ်ယောက် နောက်ဆုံးတော့ နိုးလာကြပြီပေါ့။ နောက်ဆုံးတက်လှမ်းခြင်းစစ်ပွဲမှာ ရှုံးတော့မလို့ဖြစ်သွားတာကို သိရဲ့လား။ အရင်တုန်းကတော့ ငါ့ကိုလာလာပြီး စိန်ခေါ်ဖို့ တိုက်တွန်းနေကြတာ။ အခုကျတော့ ဘာစကားမှမပြောဘဲ ရုတ်တရက်ကြီး မတိုက်နိုင်တော့ဘူးတဲ့လား။ ဒါက စစ်မြေပြင်မှာဆိုရင် စစ်ပြေးလို့ခေါ်တယ်၊ သေနတ်နဲ့ အပစ်ခံရမှာ သိလား"
သူသည် လက်ကိုဝှေ့ယမ်းကာ ဒေါသတကြီး ပြောဆိုနေတော့သည်။
"ငါက မင်းတို့ကိုအားကိုးလို့ရမလားလို့ စဉ်းစားခဲ့တာ၊ နောက်ဆုံးကျမှ မင်းတို့က အိပ်ပျော်သွားကြတယ်ပေါ့။ ငါသာတစ်ယောက်တည်း အခြေအနေကိုမထိန်းနိုင်ခဲ့ရင် ငါတို့သာတကယ်ရှုံးသွားခဲ့ရင် ငါဘယ်လိုမျက်နှာပြရမလဲ"
ကလေးနှစ်ယောက်မှာ ဆူခံရသဖြင့် မှင်တက်သွားကြသည်။ အဖြူလေးမှာ လိမ္မာစွာဖြင့် ခေါင်းငုံ့ကာ အမှားဆင်ခြင်နေသကဲ့သို့ ရှိနေသော်လည်း အဝါလေးမှာ လူလည်ကျလေ၏။
"အလို... ဒီနားမှာ ဝိညာဉ်သွေးကြောတောင်မရှိပါလား"
သူကထိုသို့ဆိုကာ နဖူးကိုကိုင်လျက် ဟန်ဆောင်၍ယိုင်လဲပြသည်။
"မေမေ... သမီးတို့ အပြင်မှာနေရတာ အရမ်းနေလို့မကောင်းဘူး၊ အထဲပဲပြန်ဝင်တော့မယ်"
စကားဆုံးသည်နှင့် အစ်ကိုကြီးချန်ကိုပင် ဂရုမစိုက်တော့ဘဲ အဖြူလေးကိုဆွဲကာ ရွှမ်ကျီရုပ်ပုံထဲသို့ ပြန်ဝင်သွားတော့သည်။ ဂိုဏ်းချုပ်ကျန်းမှာမူ ကြောင်အမ်းအမ်းဖြစ်ကျန်ခဲ့၏။ သူသည် ဤရုပ်ပုံ၏ပိုင်ရှင်ဖြစ်ပါလျက်နှင့် သူ၏ခွင့်ပြုချက်မပါဘဲ မည်သို့ဝင်သွားနိုင်သနည်း။
၎င်းကို ဘတ်စ်ကားတစ်စီးကဲ့သို့ သဘောထားကာ စိတ်ကြိုက်အဝင်အထွက်ပြုလုပ်နေကြသည် မဟုတ်ပါလား။ သို့သော် ဤကလေးနှစ်ယောက်မှာ သာမန်သက်ရှိများမဟုတ်သဖြင့် သူလည်း ဆက်မစဉ်းစားတော့ပေ။
သူသည် စိတ်ကိုတည်ငြိမ်အောင်ထားကာ ပတ်ဝန်းကျင်ကိုကြည့်ပြီးနောက် လမ်းကြောင်းတစ်ခုကိုရွေးချယ်ကာ ပျံသန်းထွက်ခွာလာခဲ့သည်။ ခရီးမဝေးလှသောနေရာသို့ ရောက်သောအခါ ဝက်ဝံခေါင်း၊ အတောင်ပံနှစ်ခုနှင့် ခြေထောက်တစ်ရာပါသည့် ထူးဆန်းသောသားရဲတစ်ကောင် သူ့ရှေ့တွင်ပေါ်လာသည်။ ၎င်းသားရဲမှာ မကြီးမားလှသော်လည်း အလွန်လျင်မြန်၏။
ကျန်းချန်သည် ပေါ့ပေါ့ပါးပါးပင် တိုက်ခိုက်လိုက်သော်လည်း ၎င်းကရှောင်နိုင်ခဲ့သည်။ ထို့နောက်တွင် သူသည် လေဓားလှိုင်းများ၏ဝန်းရံခြင်းကို ခံလိုက်ရ၏။ ၎င်းတိုက်ခိုက်မှုမှာ အဆင့် ၁ မြင့်မြတ်အင်မော်တယ်တစ်ဦး၏အဆင့်နှင့် ညီမျှသဖြင့် သူ့ကိုမည်သို့မျှမထိခိုက်နိုင်ချေ။
"တိုက်လို့ဝပြီလား"
သူစိတ်မရှည်စွာဖြင့် အင်မော်တယ်ဓားကိုထုတ်ကာ ခုတ်ပိုင်းလိုက်သည်။ ဓားချက်နှင့်အတူ ပြင်းထန်သောမုန်တိုင်းတစ်ခုထွက်ပေါ်လာပြီး ရှေ့ရှိလေဓားလှိုင်းများမှာ စက္ကူစများကဲ့သို့ လွင့်စင်ပျက်စီးသွားပြီး ၎င်းသားရဲမှာလည်း ခုခံနိုင်စွမ်းမရှိဘဲ ချက်ချင်းသေဆုံးသွား၏။
"တကယ်ပါပဲ၊ အဆုံးကိုမရှိဘူး"
အစ်ကိုကြီးချန်သည် စ္စည်းများရနိုင်မလားဟုကြည့်လိုက်သည်။ သားရဲများ၏ အရိုး၊ သွေးနှင့် အမွှေးအမျှင်များမှာ ဆေးဖော်စပ်ရန် သို့မဟုတ် မှော်လက်နက်များပြုလုပ်ရန် အသုံးဝင်ပြီး သားရဲအနှစ်သာရမှာမူ ပို၍တန်ဖိုးရှိသည်။ သူသည် အင်အားကိုထိန်းညှိ၍တိုက်ခိုက်ခဲ့သော်လည်း စစ်မြေပြင်ကိုရှင်းလင်းသည့်အခါ မည်သည့်အရာမျှရှာမတွေ့ပေ။ သားရဲ၏အလောင်းမှာလည်း ပျောက်ကွယ်သွားလေပြီ။
"ဘာလဲဟ... ငါ့မျက်စိရှေ့တင် ဘယ်လိုပျောက်သွားတာလဲ"
မကျေမနပ်ဖြင့် ရှာဖွေကြည့်သော်လည်း ဘာမှမတွေ့သဖြင့် ဆက်လက်ပျံသန်းလာခဲ့သည်။ ခဏအကြာတွင် နောက်ထပ်သားရဲတစ်ကောင်ထပ်ပေါ်လာပြီး တွေ့သည်နှင့်ရန်မူလေ၏။ ၎င်း၏အစွမ်းမှာလည်း ယခင်သားရဲနှင့်တူညီပြီး တိုက်ခိုက်ပုံသာကွဲပြားခြင်းဖြစ်သည်။
ကျန်းချန်သည် ဓားပင်မထုတ်တော့ဘဲ လက်ကိုဝှေ့ယမ်းကာ အလွယ်တကူသုတ်သင်လိုက်၏။ ယခုတစ်ကြိမ်တွင် သူသေချာကြည့်လိုက်ရာ သားရဲသေဆုံးသွားပြီးနောက် ၎င်းမှာ ပုံရိပ်ယောင်တစ်ခုအဖြစ်ပြောင်းလဲကာ ကောင်းကင်နှင့် မြေကြီးကြားတွင် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရလေသည်။
"ဒါက..."
ဤအရာမှာ သားရဲအစစ်မဟုတ်ဘဲ လူသားများဖန်တီးထားသော တိုက်ခိုက်ရေးစက်ရုပ်တစ်ခုနှင့်တူ၏။ လမ်းတစ်လျှောက်တွင် ထိုကဲ့သို့သောသားရဲဆယ်ကောင်ခန့်သုတ်သင်ပြီးနောက် သူ၏သံသယမှာ အတည်ဖြစ်သွားသည်။
သားရဲတစ်ကောင်ကိုသုတ်သင်ပြီးနောက် ၎င်းမှာ ပျောက်ကွယ်သွားရုံသာမက ကျောက်စိမ်းပြားတစ်ခုကိုပါချန်ထားခဲ့၏။ ၎င်းကျောက်စိမ်းပြားမှာ အစီရင်ပုံစံများရေးထွင်းထားသော ကျောက်စိမ်းပြားတစ်ခုသာဖြစ်ပြီး အမှတ်အသားတစ်ခုခုဖြစ်ဟန်တူသည်။
"ငါ အခု စမ်းသပ်မှု လျှို့ဝှက်နယ်မြေထဲ ရောက်နေတာလား။ စနစ်... ဒါ မင်းငါ့ကိုစမ်းသပ်နေတာလား"
ဤနေရာရှိအရာအားလုံးမှာ အသိဉာဏ်မရှိသောသက်မဲ့များဖြစ်သဖြင့် ၎င်းတို့ကိုသတ်ဖြတ်ခြင်းမှာ အံ့အားသင့်မှုတန်ဖိုးကိုမရရှိနိုင်သလို စ္စည်းများလည်းမရရှိသဖြင့် သူမကျေမနပ်ဖြစ်နေသည်။
"မဟုတ်ပါဘူး"
စနစ်က အကျဉ်းချုံးပြန်ဖြေသည်။
"ထူးဆန်းတာပဲ"
အစ်ကိုကြီးချန်လည်း ဆက်လက်စူးစမ်းရှာဖွေခဲ့ပြီး သားရဲအကောင် ၃၀ ကျော်ကို သုတ်သင်ပြီးနောက် ကျောက်စိမ်းပြားလေးခုရရှိခဲ့သည်။ ထိုအချိန်တွင် ခရမ်းရောင်ငှက်သားရဲတစ်ကောင်ပေါ်လာပြီး အတောင်ပံကိုဖြန့်လိုက်သည်နှင့် ဟိုးအဝေးမှ လေနှင့် မိုးကြိုးသံများထွက်ပေါ်လာပြီး ယခင်သားရဲများထက် များစွာကြီးမားခန့်ညား၏။
"ဒါ နောက်ဆုံးအဆင့်ကဘော့စ်လား။ ဘော့စ်ကိုသတ်ရင်တော့ တစ်ခုခုရမှာပဲ"
သူစိတ်အားတက်ကြွသွားပြီး အင်မော်တယ်ဓားကိုထုတ်ကာ ၎င်းမနီးကပ်မီမှာပင် ခုတ်ပိုင်းလိုက်သည်။ ကောင်းကင်နှင့်မြေကြီးကိုဆက်သွယ်ထားသော ကြည်လင်တောက်ပသည့်မျဉ်းတစ်ကြောင်း ပေါ်ထွက်လာပြီး ၎င်းငှက်၏နှုတ်သီးမှအမြီးအထိ အလယ်တည့်တည့်မှပိုင်းဖြတ်သွား၏။
ရွှပ်...
ခရမ်းရောင်ငှက်မှာ နှစ်ပိုင်းကွဲသွားပြီး သွေးမိုးရွာသွန်းလာသည်။ အစ်ကိုကြီးချန်မှာ သူ၏ဓားကို ဓားအိမ်ထဲပြန်ထည့်လိုက်၏။ ဤဘော့စ်မှာ ယခင်အကောင်များနှင့်ကွဲပြားပြီး အသွေး အသားရှိသည့် သက်ရှိတစ်ကောင်ဖြစ်နေသည်။ သေခါနီးတွင်လည်း အော်ဟစ်သွားခဲ့၏။ ၎င်းမှာ သက်ရှိမှန်းသိလျှင် အလောင်းကိုအကောင်းအတိုင်း ချန်ထားပေးခဲ့ပေလိမ့်မည်။ ယခုမူ သူ၏ဓားချက်ကြောင့် အရိုးနှင့် အနှစ်သာရပါ ပျက်စီးသွားခဲ့လေပြီ။
သူသည် အသုံးဝင်မည့်ပစ္စည်းများရနိုင်မလားဟု ကြည့်ရန်ပြင်ဆင်နေစဉ် ကောင်းကင်ယံထက်မှ ဝမ်းနည်းကြေကွဲစွာအော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
"ခရမ်းလေး... အား..."
နှစ်ပိုင်းကွဲနေသောအလောင်းကျဆင်းသွားချိန်တွင် ၎င်း၏ကျောပေါ်မှ အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးငယ်တစ်ဦး ပေါ်လာသည်။ ထိုအမျိုးသမီး၏အသားအရေမှာ နှင်းကဲ့သို့ဖြူစင်ပြီး လှပလွန်းလှသော်လည်း ယခုအခါ သူမ၏မျက်လုံးများတွင် ဝမ်းနည်းမှုနှင့် ရန်လိုမှုများသာ ပြည့်နှက်နေ၏။ သူမသည် အစ်ကိုကြီးချန်ကို ဖခင်ကိုသတ်သွားသော လူသတ်သမားကိုကြည့်သကဲ့သို့ မုန်းတီးစွာကြည့်နေပြီး လက်ထဲရှိအင်မော်တယ်ဓားမှာလည်း ပိုမိုတောက်ပလာတော့သည်။