စီနီယာ... ကျွန်တော် မှားသွားပါတယ်
Vol. 26 Ch. 259
အလို... ဒါက ဘယ်လိုလဲ။
အစ်ကိုကြီးချန် အနည်းငယ်အနေရခက်သွားသည်။ ဤခရမ်းရောင်ငှက်မှာ ပိုင်ရှင်ရှိနေသည် မဟုတ်ပါလား။ သူသည် တစ်စုံတစ်ယောက်၏စီးတော်ယာဉ်ကို ဓားတစ်ချက်တည်းဖြင့် သတ်လိုက်မိလေပြီ။
"အဟမ်း... တောင်းပန်ပါတယ် မိန်းကလေး၊ အထင်မှားသွားလို့ပါ။ ဒါက စမ်းသပ်မှုထဲက သားရဲတစ်ကောင်လို့ ထင်နေတာ"
သူသည် ဂိုဏ်းပေါင်းစုံကို အမြစ်ပြတ်သုတ်သင်နိုင်သော ကျွမ်းကျင်သူဟု လူသိများသော်လည်း အမှန်တကယ် သူ၏အမှားဖြစ်ပါက ကျန်းချန်သည် အမှန်တရားကို လိမ်လည်လှည့်ဖြားမည့်သူ မဟုတ်။ သို့သော် ဤအဖြေမှာ အစိမ်းရောင်ဝတ်စုံနှင့်အလှလေးကို ကျေနပ်စေခြင်းမရှိခဲ့သည်မှာ ထင်ရှားလှသည်။
"ရှင်... ခရမ်းလေးကို သတ်လိုက်ပြီ"
" လူဆိုးကောင်၊ ကျွန်မရဲ့ခရမ်းလေးကို သတ်လိုက်ပြီ"
သူမ၏ဒေါသထွက်နေသော မျက်လုံးများမှာ နီရဲနေပြီး ပုလဲကဲ့သို့သောမျက်ရည်များစီးကျလာ၏။ သူမ၏ခံစားချက်နှင့်အတူ လက်ထဲရှိအင်မော်တယ်ဓားမှာလည်း ပိုမိုတောက်ပလာတော့သည်။
မိန်းကလေးငယ်၏ ကြေကွဲဝမ်းနည်းနေသောပုံစံကို မြင်ရသောအခါ အစ်ကိုကြီးချန်မှာ ရှားရှားပါးပါး အားနာစိတ်ဖြစ်ပေါ်လာမိသည်။ မည်သို့ပင်ဆိုစေ သူသည် တစ်စုံတစ်ယောက်၏ အမြတ်တနိုးထားသောရတနာကို ဖျက်ဆီးလိုက်မိသည်မဟုတ်ပါလား။
"ဒီလိုလုပ်ပါ မိန်းကလေး၊ ဆက်သွယ်လို့ရမယ့် နည်းလမ်းတစ်ခုခုထားခဲ့ပါ။ နောင်ကျရင် ဒီထက်ပိုအစွမ်းထက်တဲ့ အကောင်တစ်ကောင်ကိုဖမ်းပြီး လျော်ကြေးပေးပါ့မယ်"
"လျော်ကြေးပေးမယ် ဟုတ်လား"
လှပသောသွားလေးများကို တင်းတင်းကြိတ်ထားသဖြင့် ကွဲအက်လုမတတ်ဖြစ်နေပြီး သူမ၏အသံမှာ သွားကြားထဲမှ ထွက်ပေါ်လာသည်။
"ဒီလောကမှာ ဒုတိယမြောက်ခရမ်းလေးဆိုတာ ရှိလာမှာမဟုတ်တော့ဘူး။ ရှင့်အသက်နဲ့ပဲ လျော်ကြေးပေးလိုက်တော့"
"မဖြစ်နိုင်တာလည်း မဟုတ်ပါဘူး"
အစ်ကိုကြီးချန်သည် သူ့တွင် အသက်ပြန်ရှင်စေသည့်စွမ်းရည်ရှိသည်ကို ရုတ်တရက် သတိရလိုက်သည်။ သူသည် ပြဿနာမတက်လိုသဖြင့် ၎င်းခရမ်းရောင်ငှက်ကို အသက်ပြန်သွင်းပေးရန် ကြံရွယ်လိုက်၏။ သို့သော် စွမ်းရည်ကိုအသုံးပြုရန်နှိပ်လိုက်သောအခါ အသိပေးချက်တစ်ခုပေါ်လာ၏။
"လက်ခံသူကိုယ်တိုင်သတ်ဖြတ်ထားသော ပစ်မှတ်များကို အသက်ပြန်သွင်း၍မရပါ"
ဒါကတော့...
"အခုတော့ စကားမပြောနိုင်တော့ဘူးမဟုတ်လား"
"ရှင်ကလူသတ်သမားပဲ"
အလှလေးသည် သူမ၏အင်မော်တယ်ဓားကို ကြိုးကိုင်လိုက်သလို မှော်ရတနာတစ်ခုမှာလည်း ကျန်းချန်၏ဦးခေါင်းထက်တွင် လည်ပတ်ပျံသန်းလာပြီး သူ့ကိုပိတ်လှောင်လိုက်သည်။
"မိန်းကလေး... ကိစ္စတွေကို အေးအေးဆေးဆေးပြောကြရအောင်။ ပါးစပ်ဖွင့်လိုက်တာနဲ့ သတ်မယ်ဖြတ်မယ် မလုပ်ပါနဲ့ဦး"
သူ့ဘက်ကအမှားဖြစ်နေသည့်အခါ အင်မော်တယ်အမြောက်အမြားကိုသတ်ဖြတ်ခဲ့ဖူးသော ဟန်ထုတ်ဘုရင်မှာ ချက်ချင်းပင် ငြိမ်းချမ်းရေးသမားတစ်ဦးအဖြစ် ပြောင်းလဲသွား၏။
"ငြိမ်းချမ်းရေးက တန်ဖိုးရှိပါတယ်။ လောကမှာ မဖြေရှင်းနိုင်တဲ့ရန်ငြိုးရယ်လို့ မရှိပါဘူး"
အစ်ကိုကြီးချန်မှာ ဓားမထုတ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူမ၏သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသောဖိအားမှာ သူ့အတွက် ဘာမှမဟုတ်သောကြောင့်ပင်။
"တကယ်တော့ ငါ့မှာမေးစရာလေးတွေ ရှိလို့ပါ။ ဥပမာ ဒါကဘယ်နေရာလဲ ဆိုတာမျိုး..."
အလှလေးမှာ ဤစကားကိုကြားရသောအခါ သတ်ဖြတ်လိုစိတ် လျော့နည်းမသွားသည့်အပြင် ပို၍ပင်ပြင်းထန်လာခဲ့သည်။
"ငါ မေ့သွားလို့၊ နင်က ငါတို့ဂိုဏ်းကလူတောင်မဟုတ်ဘူးပဲ"
"ငါတို့ဂိုဏ်းရဲ့ နတ်ဆိုးသုတ်သင်ရေးမျှော်စင်ထဲကို မကောင်းတဲ့ရည်ရွယ်ချက်နဲ့ခိုးဝင်လာတာပေါ့။ နင်သာ ခရမ်းလေးကိုမသတ်ခဲ့ရင်တောင် ငါနင့်ကိုလွှတ်ပေးမှာမဟုတ်ဘူး"
"နတ်ဆိုးသုတ်သင်ရေးမျှော်စင်ဆိုတာဘာလဲ"
ကျန်းချန်မေးမြန်းရန်ပြင်လိုက်စဉ်မှာပင် အလှလေး၏တိုက်ခိုက်မှု ကျဆင်းလာ၏။ အင်မော်တယ်ဓားစွမ်းအင်များဖြင့်ဖွဲ့စည်းထားသော ရွှေရောင်မြစ်ကြီးတစ်ခု သူ့ကိုဝါးမြိုသွားတော့သည်။ ၎င်းနှင့်အတူ အနှံ့အပြားသို့ ပြန့်နှံ့သွားသော အင်မော်တယ်ဝိညာဉ် တိုက်ခိုက်မှုလည်း ပါဝင်၏။
အစ်ကိုကြီးချန်အာရုံခံကြည့်လိုက်ရာ ဤမိန်းကလေးမှာ အမှန်တကယ်ပင် ရွှေအင်မော်တယ်တစ်ဦးဖြစ်ပြီး အဆင့် ၂ ရွှေအင်မော်တယ်ဖြစ်ပြီး သူမ၏အစွမ်းမှာမဆိုးလှဘဲ သာမန်အဆင့် ၃ ရွှေအင်မော်တယ်တစ်ဦးထက်ပင် ပိုမိုသန်မာဟန်ရှိသည်။
သူမ၏ခရမ်းရောင်ငှက်မှာ မြင့်မြတ်အင်မော်တယ်အဆင့်ရှိသော အင်မော်တယ်သားရဲဖြစ်သည်။ ဤလူမှာ ၎င်းကို ဓားတစ်ချက်တည်းဖြင့်သတ်နိုင်ခဲ့သလို သူမအနေဖြင့်လည်း အချိန်မီမကယ်တင်နိုင်ခဲ့ခြင်းက သူ၏အစွမ်းအလွန်ကြီးမားကြောင်းပြသနေ၏။ သူမသာ ဒေါသမထွက်ခဲ့ပါက အနည်းဆုံးတော့ သူမနိုင်နိုင်မလားဆိုသည်ကို အရင်ဆုံးစမ်းသပ်ကြည့်ပေလိမ့်မည်။
ယခုမူ ကျန်းချန်မှာ သူမ၏တိုက်ခိုက်မှုအတွင်းပိတ်မိနေပြီး ခန္ဓာကိုယ်မှာလည်း မှော်ရတနာ၏ထိန်းချုပ်မှုကိုခံထားရကာ အင်မော်တယ်ဝိညာဉ်မှာလည်း တိုက်ရိုက်ဝင်ရောက်သွားပြီဖြစ်ရာ စိတ်အေးသွားတော့သည်။ ဤအခြေအနေမှာ သေချာပေါက် သေဆုံးမည့်အခြေအနေဖြစ်ပြီး ဤလူလွတ်မြောက်နိုင်ရန် နည်းလမ်းမရှိချေ။
ထိုသို့တွေးလိုက်စဉ်မှာပင် ကျန်းချန်၏အသံမှာ သူမ၏နောက်ကျောဘက်မှ ထွက်ပေါ်လာသည်။
"မင်းရဲ့ အစွမ်းက ဒါပဲလား"
"ရှင်..."
သူမ ရုတ်တရက်ထိတ်လန့်သွား၏။
ဒါကဘယ်လိုဖြစ်နိုင်မှာလဲ။ သူက မှော်ရတနာထဲကနေ ဘယ်လိုလွတ်လာတာလဲ။
သူမ၏ အင်မော်တယ်ဝိညာဉ်မှာလည်း သူ၏အသိစိတ်ပင်လယ်ကို တိုက်ခိုက်ခဲ့သည်မှာ ထင်ရှားလှသည်၊ သူမ ဘာလို့မသိလိုက်ရတာလဲ။
သူမ လှည့်၍တိုက်ခိုက်ရန်ပြင်လိုက်သော်လည်း ဂိုဏ်းချုပ်ကျန်းက နောက်ထပ်အခွင့်အရေးမပေးချေ။ အခြားသူများက သူ့ကိုဓားနှင့်ခုတ်သည်ကို ကြည့်နေတတ်သည့်ဝါသနာမရှိချေ။ လက်ကိုအသာအယာဝှေ့ယမ်းလိုက်ရုံဖြင့် အဆင့် ၂ ရွှေအင်မော်တယ်အလှလေးကို ဖိနှိပ်လိုက်တော့သည်။
ထို့နောက်တွင် သူမ၏အင်မော်တယ်ဓားနှင့် မှော်ရတနာများကို သိမ်းဆည်းလိုက်၏။ ၎င်းတို့မှာ အဆင့် ၄ အင်မော်တယ်ဓားနှင့် အဆင့်မြင့်မှော်ရတနာများသာဖြစ်သည်ကို မြင်သောအခါ သူစိတ်မဝင်စားတော့ချေ။
"ကိစ္စတွေကို အေးအေးဆေးဆေးပြောကြရအောင်လို့ ပြောသားပဲ။ မင်းက ဘာလို့ဒီလိုလုပ်ရတာလဲ"
အလှလေးမှာ ပစ်ချခံလိုက်ရသဖြင့် မြေပြင်ပေါ်ကျသွားကာ မူးဝေနောက်ကျိသွားပြီး လုံးဝမလှုပ်ရှားနိုင်တော့ချေ။ သူမ၏မျက်နှာပေါ်ရှိ ဒေါသနှင့် မုန်းတီးမှုများမှာ ခဏချင်းပျောက်ကွယ်သွားပြီး သနားစဖွယ်အားနည်းသောပုံစံတစ်ခု ပေါ်ထွက်လာကာ အပြုံးလေးတစ်ခုကိုပင် ဖန်တီးလိုက်သေးသည်။
"ကျွန်မ စီနီယာရဲ့ကြီးမြတ်မှုကိုမသိဘဲ မျက်စိကန်းခဲ့မိပါတယ်။ စီနီယာ... ကျွန်မရဲ့အသက်ကို ချမ်းသာပေးပါ"
ဟာ... ဒါကဘာလဲ။
အစ်ကိုကြီးချန်မှာ အတွေ့အကြုံများလှသော်လည်း ဤမြင်ကွင်းကြောင့် ခဏမျှမှင်တက်သွားရသည်။ မိန်းကလေး... မျက်နှာအပြောင်းအလဲက နည်းနည်းမြန်လွန်းနေသလား။ ခုဏတုန်းကပဲ မင်းက ငါ့ကို အပိုင်းပိုင်းခုတ်ပစ်ချင်နေတဲ့အထိ ရန်ငြိုးတွေကြီးနေတာမဟုတ်လား။ အခု မျက်စိတစ်မှိတ်အတွင်းမှာပဲ အသက်ချမ်းသာပေးဖို့ တောင်းပန်နေပြီလား။
ပညာရှိဟူသည် အခွင့်အရေးကိုကြည့်တတ်ရမည်ဆိုသောစကားကို သူနားလည်သော်လည်း ဤသို့ပုံစံပြောင်းလဲသွားခြင်းကို လက်ခံရန်ခက်ခဲနေသေးသည်။ ၎င်းမှာ ရုတ်တရက်ဆန်လွန်း၏။
"မင်း ကလဲ့စားမချေတော့ဘူးလား"
အလှလေးမှာ ချက်ချင်းပင် ချိုသာစွာပြုံးလိုက်သည်။
"စီနီယာနဲ့ ကျွန်မကြားမှာ ဘာရန်ငြိုးမှမရှိပါဘူး။ ဒါက နားလည်မှုလွဲတာသက်သက်ပါ။ စီနီယာအနေနဲ့ ကျွန်မလို အောက်ခြေလူတန်းစားတစ်ယောက်ကို အပြစ်မယူဘူးလို့ မျှော်လင့်ပါတယ်"
ဂိုဏ်းချုပ်ကျန်းမှာ သူမ၏စကားများကြောင့် ဆွံ့အသွား၏။ သူသည် အံကြိတ်ကာ တမင်တကာ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းဘက်ကမှန်နေတာပဲလေ။ မင်းရဲ့ အင်မော်တယ်သားရဲကိုသတ်မိတာက တကယ်ပဲငါ့အမှားပါ"
အမျိုးသမီးငယ်မှာ ချက်ချင်းပင် ကျယ်လောင်စွာပြန်ပြောလိုက်သည်။
"စီနီယာက နောက်နေတာပဲ။ အင်မော်တယ်သားရဲလေးတစ်ကောင်ပဲဟာ၊ စီနီယာ့လက်နဲ့အသတ်ခံရတာက သူ့အတွက်ကံကောင်းခြင်းတစ်ခုပါပဲ"
ကျန်းချန် သွားများပင်ကျိန်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ ဤကဲ့သို့သောပုံစံရှိသည့် အမျိုးသမီးတစ်ဦးနှင့်ဆုံရသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်သည်။ မင်းရဲ့ အခြေအနေကိုလိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်တဲ့စွမ်းရည်က နည်းနည်းတော့လွန်မနေဘူးလား။ ဤသရုပ်ဆောင်မှုနှင့်ဆိုလျှင် အော်စကာဆုဆယ်ဆုလောက်မပေးလျှင် ဒိုင်လူကြီးများ မျက်စိကန်းနေခြင်းသာဖြစ်ပေလိမ့်မည်။
ဤအလှလေးမှာ လက်လျှော့လိုက်ခြင်း မဟုတ်သည်ကို သူမြင်နိုင်ပါသည်။ သူမဖိနှိပ်ခံထားရစဉ်က ပေါ်ထွက်လာသောရန်ငြိုးမှာ အရိုးထဲအထိစွဲနေ၏။ ယခုအချိန်တွင် သူမစိတ်ထဲ၌ ရန်ငြိုးကို အေးအေးဆေးဆေးမှ လက်စားချေရမည်ဆိုသောအတွေးများဖြင့် ပြည့်နှက်နေပေလိမ့်မည်။
သို့သော် အသက်ပေါင်းသန်းတစ်ရာကို ပိုင်ဆိုင်ထားသူအတွက်မူ ဂရုစိုက်စရာမလိုချေ။ သူမ ပိုမိုသန်မာလာပြီး သူ့ကိုနောက်ထပ်အကြိမ်အနည်းငယ်လောက်သတ်ပေးရန်ပင် ဆုတောင်းနေမိသေးသည်။
ထို့ကြောင့် သူသည် စိတ်ဝင်တစားပြုံးလိုက်သည်။
"အခုတော့ မင်းမှားမှန်းသိပြီလား"
"အင်း... ကျွန်မမှားသွားပါပြီ။ စီနီယာ့ရဲ့ခွင့်လွှတ်မှုကို တောင်းခံပါတယ်"
"ခွင့်လွှတ်တာကိုတော့ ခဏထားဦး။ မင်းမှားသွားပြီဆိုမှတော့ ပြစ်ဒဏ်ရှိရမယ်မဟုတ်လား"
အစ်ကိုကြီးချန်သည် အလှလေးကသဘောတူသည်အထိမစောင့်တော့ဘဲ သူမ၏အတွင်းခံဝတ်စုံနှင့် အပေါ်ဝတ်ရုံအပါးလေးသာကျန်တော့သည်အထိချွတ်ယူလိုက်ပြီး အင်မော်တယ်ဓားနှင့် မှော်ရတနာများအပါအဝင် အားလုံးကို သူ့အိတ်ထဲသို့ထည့်လိုက်တော့သည်။ တိုက်ပွဲတစ်ခုဖြစ်လျှင် ပစ္စည်းရရှိရမည်မှာ အစ်ကိုကြီးချန်၏ပုံစံပင်။
"စီနီယာ... ရှင်..."
အလှလေး၏မျက်လုံးများထဲတွင် ရန်ငြိုးများ ထပ်မံထွက်ပေါ်လာပြန်သော်လည်း ထို့နောက်တွင် ဤလူက ကြောက်စရာကောင်းသောအရာတစ်ခုခုလုပ်လိမ့်မည်ဟုစိုးရိမ်ကာ တုန်ယင်လာတော့သည်။ သို့သော် သူမ တကယ်ပင်အထင်မှားသွားခဲ့၏။
အစ်ကိုကြီးချန်မှာ သူမ၏လက်ကလေးကိုဆွဲကာ နောက်ဆုံးကျန်ရှိနေသော သိုလှောင်လက်စွပ်ကို ချွတ်ယူလိုက်ခြင်းသာ။ သူသည် ထိုအတိုင်းထွက်သွားရန်ကြံရွယ်လိုက်စဉ်မှာပင် အလှလေး၏ပုံရိပ်မှာ ဝေဝါးလာပြီး ထိုနေရာမှပျောက်ကွယ်သွားသည်ကို သတိပြုမိလိုက်သည်။
"ဒါကဘာလဲ"
"သူမက နတ်ဆိုးသုတ်သင်ရေးမျှော်စင်ထဲကနေ အလိုအလျောက် အပြင်ကိုပို့ဆောင်ခံလိုက်ရတာလား"
သူသည် မျက်မှောင်ကြုတ်ကာ သိုလှောင်လက်စွပ်ကို စစ်ဆေးကြည့်လိုက်၏။ အင်မော်တယ်ကျောက်တုံးများ၊ ဆေးလုံးများ၊ အင်မော်တယ်ကျောက်စိမ်းပြားများနှင့် အခြားပစ္စည်းများအပြင် အစောပိုင်းကသူရရှိခဲ့သောကျောက်စိမ်းပြားနှင့်တူညီသည့် ကျောက်စိမ်းပြားရှစ်ခုကို တွေ့လိုက်ရသည်။
ဤကျောက်စိမ်းပြားများမှာ နတ်ဆိုးသုတ်သင်ရေးမျှော်စင်ထဲတွင်ဆက်ရှိနေနိုင်ရန် လိုအပ်သောသက်သေများဖြစ်နေမလား။ ၎င်းတို့မရှိလျှင် အထဲတွင်ဆက်နေ၍မရနိုင်ခြင်းလော။ သို့သော် သူသည် စမ်းသပ်မှုထဲက သားရဲတစ်ကောင်နှင့် တွေ့ပြီးမှသာ ၎င်းကျောက်စိမ်းပြားကို ရရှိခဲ့ခြင်းဖြစ်ပြီး အစကတည်းက သူ့တွင်မရှိခဲ့ပေ။ ထိုစဉ်က သူသည် အလိုအလျောက် အပြင်သို့ပို့ဆောင်ခြင်းမခံရပေ။
ထိုအချိန်တွင် သူ့ကိုအပြင်သို့ဆွဲထုတ်နေသော ပို့ဆောင်ခြင်းစွမ်းအားတစ်ခုကို အဆက်မပြတ်ခံစားနေရတော့သည်။