အခန်း (၃၁၆-၃၁၈)
Vol. 22 Ch. 316-318
အခန်း (၃၁၆) နတ်ဆိုး၏ ဇာစ်မြစ်နှင့် ဟူဖေးဖေး၏ အဆင့်တက်ခြင်း
~မြေအောက်ခန်းမဆောင်ကြီးသည် အလွန် ကျယ်ဝန်းလှပေသည်။
နေရာအနှံ့တွင် နတ်ဆိုး မြူထုများ ပြည့်နှက်နေလေသည်။
အလယ်ဗဟိုတွင် အစိမ်းရောင် သံမဏိ ပလ္လင်တစ်ခု ရှိပြီး ၎င်း၏ အထက်တွင် (၃) မီတာခန့် မြင့်မားသော နတ်ဆိုးတစ်ကောင် ထိုင်နေလေသည်။ ထိုနတ်ဆိုး၏ ဦးခေါင်းတွင် ဂျိုတစ်ခု ပါရှိပြီး ဂျိုတစ်ခုတည်းသော နတ်ဆိုး နှင့် ဆင်တူသော်လည်း ဂျိုမှာ အလွန် တိုတောင်းလှ၏။
ကြည့်လိုက်လျှင် အဖုတစ်ခု ထွက်နေသည်နှင့် ပိုတူလေသည်။
“သောက်ကျိုးနည်း မြူခိုးဂိုဏ်း... မင်းတို့ပဲလား...”
အစိမ်းရောင် နတ်ဆိုးကြီးသည် မတ်တတ်ရပ်လိုက်ပြီး ရက်စက်ကြမ်းကြုတ်သော မျက်နှာထားဖြင့် ဓားသွားနှစ်ဖက်ပါ ဓားကြီးကို ကိုင်ကာ အစ်ကိုကြီး ခေါင်းပြားကို အေးစက်စွာ စိုက်ကြည့်လိုက်လေသည်။
ဤနေရာရှိ နတ်ဆိုးများသည် သဘာဝအလျောက် ဖြစ်တည်လာခြင်း မဟုတ်ပေ။
လွန်ခဲ့သော အချိန်ကာလ တစ်ခုက ဂျိုတစ်ခုတည်းသော နတ်ဆိုး၏ အစိမ်းရောင် အမြုတေ ကွဲကြေသွားပြီးနောက် ကျန်ရစ်ခဲ့သော ဝိညာဉ်အကြွင်းအကျန် အနည်းငယ်သည် အနီးနားရှိ သားရဲများနှင့် ပေါင်းစပ်သွားကာ နတ်ဆိုးများအဖြစ် ပြောင်းလဲသွားခြင်း ဖြစ်သည်။ သူတို့သည် လက်ရှိ အဆင့်အတန်းသို့ ရောက်ရှိရန် တစ်လကျော်ခန့် ကြိုးစားခဲ့ရသည်။
ထို့ကြောင့် ဤအစိမ်းရောင် နတ်ဆိုးကြီးသည် ယဲ့ဖုန်း၊ ဟူဖေးဖေးနှင့် အစ်ကိုကြီး ခေါင်းပြားတို့ကဲ့သို့သော မြူခိုးဂိုဏ်းသားများအပေါ် နက်ရှိုင်းသော အငြိုးအတေး ထားရှိလေသည်။
“ဟေ...”
အစ်ကိုကြီး ခေါင်းပြားသည် နည်းဗျူဟာအရ နောက်သို့ အနည်းငယ် ဆုတ်လိုက်ပြီး ဤအစိမ်းရောင် နတ်ဆိုးကြီးကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။ လွန်ခဲ့သော တစ်ခေါက်က သူ ရိုက်နှက်ခဲ့သော ဂျိုတစ်ခုတည်းသော နတ်ဆိုးနှင့် အတော်ကြီး တူနေသည် မဟုတ်ပါလော။
“အိုး... သူ့ရဲ့ ဒေါသအရှိန်အဝါက ကောင်းကင်ကို ထိုးဖောက်တော့မယ့် အတိုင်းပဲဟ...”
“ဘာလို့ ဒီလောက်တောင် နာကြည်းချက်တွေ ပြင်းထန်နေရတာလဲ...”
အစိမ်းရောင် နတ်ဆိုးကြီး ဇဝေဇဝါ ဖြစ်သွား၏။
သူကိုယ်တိုင်က အစ်ကိုကြီး ခေါင်းပြားကို အပိုင်းပိုင်း ခုတ်ထစ်ပစ်ချင်နေသော်လည်း အစ်ကိုကြီး ခေါင်းပြား၏ မျက်လုံးထဲရှိ ပြင်းထန်သော အမုန်းတရားများကို မြင်လိုက်ရသောအခါ အလွန် ထူးဆန်းနေသလို ခံစားလိုက်ရသည်။
"ဘုန်း.."
သို့သော် အစိမ်းရောင် နတ်ဆိုးကြီး အဖြေရှာမရသေးခင်မှာပင် ဒေါသထွက်နေသော ပုံရိပ်တစ်ခု၏ လက်သီးချက်ကြောင့် လွင့်စဉ်သွားပြီး မီတာရာချီ အကွာသို့ ရောက်ရှိကာ ကျောက်နံရံနှင့် ဝင်ဆောင့်မိသွားလေတော့၏။
"ဂွပ်..."
ကြီးမားသော ကျောက်တုံးကြီးများသည် အက်ကွဲသွားပြီး ကျောက်မှုန့်များအဖြစ် ပြောင်းလဲသွားကြလေသည်။
“သေချင်နေတာလား...”
အစိမ်းရောင် နတ်ဆိုးကြီးသည်လည်း အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် ဖြစ်ပြီး မကြာသေးမီကမှ အဆင့်တက်ထားသော အစ်ကိုကြီး ခေါင်းပြားနှင့် ခွန်အားချင်း ယှဉ်နိုင်သူ ဖြစ်သည်။
နတ်ဆိုးများ၏ သဘာဝအလျောက် ခံနိုင်ရည်စွမ်းအား မြင့်မားသဖြင့် ထိုလက်သီးချက်သည် တစ်ကိုယ်လုံးကို ထုံကျင်သွားစေသော်လည်း ကြီးကြီးမားမား ဒဏ်ရာတော့ မရရှိခဲ့ပေ။
“ကောင်းကင်ခွဲ မြေခွင်း ဓားချက်...”
အစိမ်းရောင် နတ်ဆိုးကြီးသည် ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး ပြင်းထန်သော တွန်းကန်အားကို အသုံးပြု၍ တိုက်ခိုက်လိုက်လေသည်။
အေးစက်သော အရှိန်အဝါများ ထွက်ပေါ်နေသည့် ဓားသွားနှစ်ဖက်ပါ ဓားကြီးသည် အစ်ကိုကြီး ခေါင်းပြား၏ ခေါင်းပေါ်သို့ ကျဆင်းလာတော့၏။
“ဝေါ...”
အစ်ကိုကြီး ခေါင်းပြားသည် လက်သည်းများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ လျင်မြန်သော အရှိန်ဖြင့် ဓားချက်ကို ကာကွယ်လိုက်၏။ ထို့နောက် လေထဲသို့ ခုန်တက်လိုက်ပြီး တောင်ကြီးတစ်လုံးပမာ လေးလံသော ညာလက်သီးဖြင့် အစိမ်းရောင် နတ်ဆိုးကြီး၏ နှာခေါင်းရိုးကို ထိုးချလိုက်လေသည်။
“အား...”
အစိမ်းရောင် နတ်ဆိုးကြီးသည် နာကျင်စွာဖြင့် နောက်သို့ ဆုတ်ခွာသွား၏။
အစ်ကိုကြီး ခေါင်းပြားသည် လက်သီးကို ပြင်းထန်စွာ ဝှေ့ယမ်းလိုက်ပြီး ဓားကြီးကို ရိုက်ထုတ်လိုက်ကာ သူ၏ ထက်ရှသော လက်သည်းများဖြင့် အစိမ်းရောင် နတ်ဆိုးကြီးကို အရူးအမူး ကုတ်ခြစ်လိုက်ရာ အစိမ်းရောင် ချပ်ဝတ် အပိုင်းအစများ ကွာကျကုန်လေတော့၏။
“နတ်ဆိုး အသွင်ပြောင်းလဲခြင်း...”
မယှဉ်နိုင်မှန်း သိလိုက်သောအခါ အစိမ်းရောင် နတ်ဆိုးကြီးသည် သူ၏ မူလစွမ်းအားကို လောင်ကျွမ်းစေလိုက်ပြီး (၂) မီတာခန့်သာ ရှိသော အရွယ်အစားသို့ ကျုံ့ဝင်သွားလေသည်။ သူ၏ ချပ်ဝတ်သည် ပိုမို မာကျောလာပြီး နောက်ဆုံးတွင် အစ်ကိုကြီး ခေါင်းပြား၏ ကြမ်းတမ်းသော တိုက်ခိုက်မှုများကို ခံနိုင်ရည် ရှိသွားတော့၏။
“ဟီးဟီး... သာမန် သားရဲလေးပါကွာ... ထူးခြားတဲ့ သွေးမျိုးဆက် စွမ်းအားလည်း မရှိဘဲနဲ့ ဒီဗိုလ်ချုပ်ကို ယှဉ်ချင်သေးတယ်ပေါ့...”
အစိမ်းရောင် နတ်ဆိုးကြီးသည် လက်သီးတစ်ချက် ပစ်သွင်းလိုက်ရာ အစ်ကိုကြီး ခေါင်းပြား လွင့်စဉ်သွားလေသည်။ ထို့နောက် သူသည် အမီလိုက်ကာ အမြီးကို ဖမ်းဆွဲလိုက်ပြီး မြေကြီးပေါ်သို့ အားကုန် ရိုက်ချလိုက်လေတော့၏။
"ဘုန်း... ဘုန်း... ဘုန်း.."
အစ်ကိုကြီး ခေါင်းပြားမှာ မျက်လုံးထဲတွင် ကြယ်တွေ လတွေ မြင်သွားပြီး အရှိန်အဝါများ တဖြည်းဖြည်း ကျဆင်းလာရာ ယဲ့ဖုန်းပင် သတိထားမိလိုက်၏။
“ဟေ... အစ်ကိုကြီး ခေါင်းပြား အနှိပ်စက်ခံနေရပါလား...”
ယဲ့ဖုန်း တစ်ခုခုကို အာရုံခံမိလိုက်ပြီး ကောင်းကင်မေးမြန်းကြေးမုံကို ဖွင့်ကြည့်လိုက်ရာ အစ်ကိုကြီး ခေါင်းပြားကို အမြီးမှ ဆွဲကိုင်၍ မြေကြီးနှင့် ဆက်တိုက် ရိုက်နှက်ခံနေရသည်ကို တွေ့လိုက်ရသည်။
မြေခွေးတာ့ဟုန်နှင့် အခြားသော နတ်ဆိုးသားရဲများကမူ လိုဏ်ဂူလမ်းကြောင်းထဲတွင် နတ်ဆိုး ချပ်ဝတ် စစ်သည်တော်များနှင့် အကြိတ်အနယ် တိုက်ခိုက်နေကြဆဲပင်။
“ကြေးစားနဲ့ ဘုရင်အဆင့် ကွာခြားချက်က ဒီနေရာမှာ ပေါ်တာပဲ... အစ်ကိုကြီး ခေါင်းပြားက ဆရာကြီးနဲ့ တစ်ယောက်ချင်း ချနေချိန်မှာ မြေခွေးတာ့ဟုန်တို့က အခုထိ လက်ပါးစေတွေနဲ့ လုံးပန်းနေရတုန်း...”
ယဲ့ဖုန်းသည် သူ့ဘာသာသူ မှတ်ချက်ချလိုက်မိလေသည်။
"ဘုန်း... ဘုန်း... ဘုန်း.."
အစ်ကိုကြီး ခေါင်းပြားသည် ရက်ရက်စက်စက် အတွယ်ခံနေရဆဲပင်။
သို့သော် သူ၏ မျက်လုံးထဲရှိ ဒေါသများမှာ ပိုမို ပြင်းထန်လာပြီး အရှိန်အဝါသည်လည်း တစ်ဟုန်ထိုး မြင့်တက်လာလေသည်။
“ဝုန်း…”
ရုတ်တရက် အစ်ကိုကြီး ခေါင်းပြား၏ ခန္ဓာကိုယ်သည် အဆပေါင်းများစွာ ကြီးထွားလာပြီး အစိမ်းရောင် နတ်ဆိုးကြီးကို လက်သီးဖြင့် ထိုးလိုက်ရာ မီတာရာချီ လွင့်စဉ်သွားလေသည်။
ထို့နောက် အစ်ကိုကြီး ခေါင်းပြား မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
ယခုအချိန်တွင် အစ်ကိုကြီး ခေါင်းပြား၏ ပုံပန်းသဏ္ဌာန်သည် သိသိသာသာ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
သူသည် (၂) မီတာခန့် မြင့်မားလာပြီး တစ်ကိုယ်လုံးတွင် ကြွက်သားများ အဖုအထစ်များနှင့် ထူထဲသော သားရေချပ်ဝတ်တန်ဆာ ဖုံးလွှမ်းထားကာ ကျောဘက်တွင် မာကျောသော ဆူးတောင်များ ပေါက်ရောက်နေလေသည်။ မျက်လုံးများမှ အပြာရောင် အလင်းတန်းများ ထွက်ပေါ်နေပြီး ကြည့်ရသည်မှာ ဂေါ်ဇီလာနှင့်ပင် တူနေတော့၏။
သို့သော် ထူးခြားသည်မှာ သူ၏ ပါးစပ်မှ ဓားသွားသကဲ့သို့ ထက်ရှသော အစွယ်နှစ်ချောင်း ထွက်ပေါ်နေပြီး တစ်ချောင်းလျှင် ပေဝက်ခန့် ရှည်လျားကာ ဓားစွယ်ကျား ၏ အစွယ်များနှင့် ဆင်တူနေခြင်းပင်။
“စောစောက စုပ်ယူထားတဲ့ ရူးသွပ်ဝက်ကြီးရဲ့ ဝိညာဉ်သွေးစက်ကို သုံးပြီး တိုက်ခိုက်ရေးစွမ်းအားကို မြှင့်တင်လိုက်တာပဲ...”
ယဲ့ဖုန်းသည် ထိုမြင်ကွင်းကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွားမိသည်။
အစိမ်းရောင် နတ်ဆိုးကြီးမှာမူ ပို၍ပင် ထိတ်လန့်သွားလေသည်။
အစ်ကိုကြီး ခေါင်းပြား၏ တိုက်ခိုက်ရေးစွမ်းအားသည် အဆမတန် မြင့်တက်လာပြီး ယခုအခါ 'နတ်ဆိုး အသွင်ပြောင်းလဲခြင်း' အခြေအနေသို့ ရောက်ရှိနေသော သူ့ကိုပင် လုံးဝ လွှမ်းမိုးထားနိုင်ကြောင်း ခံစားလိုက်ရသည်။
“ဝေါင်း...”
အစ်ကိုကြီး ခေါင်းပြားသည် လေးနက်သော ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်၏။ သူ၏ ခြေထောက်များသည် မြေကြီးကို အားကုန် ဆောင့်နင်းလိုက်ရာ ကျောက်ပြားများပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။
တဆက်တည်း၌၊ ပြင်းထန်သည့် တွန်းကန်အားဖြင့် မီတာရာချီ အကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ဖြတ်ကျော်ကာ အစိမ်းရောင် နတ်ဆိုးကြီး၏ ရင်ဘတ်ကို သူ၏ ရှည်လျားသော အစွယ်များဖြင့် ထိုးဖောက်လိုက်လေတော့၏။
“အား...”
အစိမ်းရောင် နတ်ဆိုးကြီးသည် သွေးတစ်လုပ် အန်ထုတ်လိုက်ပြီး မျက်လုံးများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေရသည်။
အစ်ကိုကြီး ခေါင်းပြားသည် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားမျိုးကို ထုတ်ဖော်ပြသနိုင်လိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။ လွန်ခဲ့သော တစ်ခေါက်ကနှင့် လုံးဝ ကွာခြားနေသည်။
အဆုံးမဲ့သော နောင်တများနှင့်အတူ…
၊ အစိမ်းရောင် နတ်ဆိုးကြီး လဲကျသွားတော့သည်။
“ဝေါ...”
အစ်ကိုကြီး ခေါင်းပြားသည် အစိမ်းရောင် နတ်ဆိုးကြီး၏ အလောင်းပေါ်တွင် တက်နင်းပြီး ကောင်းကင်ကို မော့ကာ ဟိန်းဟောက်လိုက်လေသည်။ သူ၏ ရင်ထဲရှိ ဒေါသများနှင့် နာကြည်းချက်များကို ဖွင့်ထုတ်လိုက်ခြင်းပင်။
*
လိုဏ်ဂူလမ်းကြောင်းထဲမှာတော့...
မြေခွေးတာ့ဟုန်နှင့် အခြားသော နတ်ဆိုးသားရဲများသည် ခက်ခဲသော တိုက်ပွဲကို ဆင်နွှဲနေကြဆဲပင်။
သို့သော် အစိမ်းရောင် နတ်ဆိုးကြီး ကျဆုံးသွားသည်နှင့် တပြိုင်နက် လမ်းကြောင်းထဲရှိ နတ်ဆိုး ချပ်ဝတ် စစ်သည်တော်များ အားလုံးသည် ကွဲကြေပျက်စီးသွားပြီး မီးခိုးငွေ့များအဖြစ် ပျောက်ကွယ်သွားကြလေသည်။
မြေအောက်ခန်းမဆောင်ကြီး တစ်ခုလုံးရှိ နတ်ဆိုး အရှိန်အဝါများလည်း စတင် အငွေ့ပျံသွားတော့၏။
"ဝရော..."
နတ်ဆိုး အရှိန်အဝါ၏ ထောက်ပံ့မှု မရှိတော့သောအခါ လိုဏ်ဂူသည် ယခင်တိုက်ပွဲ၏ အကျိုးဆက်များကို မခံနိုင်တော့ဘဲ စတင် ပြိုကျလာလေသည်။ ကြီးမားသော ကျောက်တုံးကြီးများသည် လမ်းကြောင်းထဲသို့ ပြုတ်ကျလာရာ နတ်ဆိုးသားရဲများ ထိတ်လန့်သွားကြသည်။
“ဘာဖြစ်တာလဲဟ...”
ဖရုံသီးဝူကွားသည် နောက်သို့ အမြန်ဆုတ်လိုက်ပြီး နားမလည်နိုင်စွာ မေးလိုက်၏။
“ဒီနေရာ ပြိုတော့မယ်... အရင်ဆုံး ထွက်ပြေးကြစို့...”
မြေခွေးတာ့ဟုန်သည် ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး နတ်ဆိုးသားရဲ အချို့ကို ဆွဲကာ အပြင်သို့ ပြေးထွက်လိုက်လေသည်။
"ဝှီး…"
သို့သော် ပုံရိပ်နှစ်ခုသည် လေထဲတွင် လျင်မြန်စွာ ဖြတ်သန်းသွားပြီး သူတို့ထက် ဦးစွာ အပြင်ဘက်သို့ ရောက်ရှိသွားကြသည်။
“အဲဒါ... အစ်ကိုကြီး ခေါင်းပြားလား...”
နတ်ဆိုးသားရဲများသည် လိုဏ်ဂူထဲမှ ပြေးထွက်လာကြပြီး မြေပြင်ပေါ်ရှိ ပုံရိပ်နှစ်ခုကို တွေ့လိုက်ကြရသည်။
တစ်ခုမှာ ကျဆုံးသွားသော အစိမ်းရောင် နတ်ဆိုးကြီး ဖြစ်သည်။ ဒဏ်ရာများမှ သွေးများ ယိုစီးနေကာ မျက်နှာမှာ ရစရာမရှိအောင် ပျက်စီးနေလေသည်။
နောက်တစ်ခုမှာမူ အစ်ကိုကြီး ခေါင်းပြား ဖြစ်ပြီး သူသည် အစိမ်းရောင် နတ်ဆိုးကြီး၏ အလောင်းပေါ်တွင် မတ်တတ်ရပ်ကာ လောကကြီးကို သူ၏ တည်ရှိမှုကို ကြေညာနေသကဲ့သို့ ကောင်းကင်ကို မော့ကာ ဟိန်းဟောက်နေလေသည်။
“အစ်ကိုကြီး ခေါင်းပြား... ဘယ်လိုဖြစ်ပြီး ဒီပုံစံ ဖြစ်သွားတာလဲ...”
မြေခွေးတာ့ဟုန်သည် အစ်ကိုကြီး ခေါင်းပြား ရှေ့သို့ ခုန်သွားပြီး ရေလည်နေသော မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်ကာ မျက်တောင် တဖျတ်ဖျတ် ခတ်နေလေသည်။
“ဒါ.. ရှဲ့ကွမ်းတောင်က နတ်ဆိုးလား... ကြောက်စရာကြီးဟ... ငါတို့အားလုံး ဝိုင်းတိုက်ရင်တောင် နိုင်မှာ မဟုတ်ဘူး...”
ဖားစစ်ချူက မျက်လုံးအပြူးသားဖြင့် အံ့သြတကြီး ပြောလိုက်၏။
“ဝေါ...”
အစ်ကိုကြီး ခေါင်းပြားသည် တစ်ချက် ဟိန်းဟောက်လိုက်ပြီး မူလအရွယ်အစားသို့ ပြန်လည် ကျုံ့ဝင်သွားကာ ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားလေသည်။
သူသည် အစိမ်းရောင် နတ်ဆိုးကြီး၏ အလောင်းပေါ်တွင် ထိုင်လိုက်ပြီး လေပေါ်သို့ ပျံတက်လိုက်၏။
မြေခွေးတာ့ဟုန်နှင့် အခြားသော နတ်ဆိုးသားရဲများသည် အလျင်အမြန် ခုန်တက်လိုက်ကြပြီး မြူခိုးဂိုဏ်းသို့ အတူတကွ ပြန်လာခဲ့ကြလေသည်။
မြူခိုးနယ်မြေမှ ထွက်ခွာလာသည်နှင့် တပြိုင်နက် နတ်ဆိုးသားရဲ အချို့သည် ကောင်းကင်ကို မော့ကြည့်လိုက်ကြရာ လေးလံသော ဖိအားကို ပေးစွမ်းနေသည့် ကပ်ဘေးတိမ်တိုက်ကြီးကို သတိထားမိလိုက်ကြသည်။
“ဘာလို့ ကပ်ဘေးတိမ်တိုက်ကြီး ရှိနေတာလဲ...”
“ဟိုမှာ ကြည့်... စောင့်ရှောက်သူ ဟူဖေးဖေးက ကပ်ဘေးတိမ်တိုက်ကို ရင်ဆိုင်နေတယ်... သူ ကပ်ဘေး ခံယူတော့မယ် ထင်တယ်...”
နတ်ဆိုးသားရဲများသည် ကောင်းကင်ကို လက်ညှိုးထိုးပြကာ ပြောဆိုနေကြသည်။
အစ်ကိုကြီး ခေါင်းပြားသည် ကပ်ဘေးတိမ်တိုက်ကို လေးနက်သော မျက်နှာထားဖြင့် ငေးကြည့်နေမိလေသည်။
မြူခိုးတောင်ထိပ်...
ယဲ့ဖုန်းသည် အစ်ကိုကြီး ခေါင်းပြားနှင့် အဖွဲ့သားများ တာဝန်ပြီးဆုံးကြောင်း အတည်ပြုလိုက်ပြီးနောက် ကောင်းကင်မေးမြန်းကြေးမုံကို သိမ်းဆည်းကာ ကောင်းကင်ကို မော့ကြည့်လိုက်၏။
အချိန်အတန်ကြာ စုစည်းပြီးနောက် ကောင်းကင်ရှိ ကပ်ဘေးတိမ်တိုက်သည် နောက်ဆုံးတွင် အဆင်သင့် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ လှိုင်းလုံးများပမာ လိမ့်တက်နေသော တိမ်တိုက်မည်းကြီးများကြားမှ ရင်တုန်ဖွယ်ကောင်းသော လျှပ်စီးကြောင်းများ သဲ့သဲ့ ထွက်ပေါ်နေလေသည်။
"ဂျိန်း..ဂျုန်း"နက်ရှိုင်းသော မိုးခြိမ်းသံကြီး စတင် ထွက်ပေါ်လာလေသည်။
ကိုးလွှာမိုးကြိုး ကပ်ဘေး စတင်တော့မည် ဖြစ်ကြောင်း အားလုံး သိလိုက်ကြသည်။
"ဂျိန်း..ဂျုန်း"ပထမဆုံးသော ကောင်းကင်မိုးကြိုးသည် ရေပုံးခန့် ထူထဲပြီး ရွှေရောင် တောက်ပလျက် ကျဆင်းလာတော့၏။ ၎င်း၏ ထိုးဖောက်ဝင်ရောက်နိုင်သော အရှိန်အဝါကြောင့် မိုင်တစ်ရာ ပတ်လည်ရှိ သားရဲများနှင့် သစ်ပင်များသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ခွေခေါက်သွားကြလေသည်။
ဟူဖေးဖေးသည် ခုခံခြင်း မပြုပေ။
သူမသည် ကောင်းကင်ယံတွင် ရပ်လျက် မိုးကြိုးပစ်ခတ်မှုကို ခံယူလိုက်ရာ သူမ၏ ခန္ဓာကိုယ်မှ ပန်းရောင် အလင်းတန်းများသည် ပိုမို တောက်ပလာတော့၏။
“မိုးကြိုးကို ဝါးမြိုနေတာလား...”
“ဒါ ကိုးလွှာမိုးကြိုး ကပ်ဘေးပဲ...”
“မြူခိုးဂိုဏ်းရဲ့ စောင့်ရှောက်သူ ဆိုတဲ့အတိုင်း တကယ်ကို ကြောက်စရာ ကောင်းတာပဲ...”
ဟူဖေးဖေးက ကောင်းကင်မိုးကြိုးကို ဝါးမြိုနေသည်ကို မြင်လိုက်ရသော ကုန်းချင်းချိုး၊ ရေပေါ်ဖြူမြို့တော် မြို့စားမင်းဟောင်းနှင့် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ အားလုံးသည် ဒူးထောက်မကျရုံတမယ် ဖြစ်သွားကြလေသည်။
ဒုတိယမျိုးဆက် တပည့်များမှာမူ နေရာမှာပင် ကြက်သေသေကာ မှင်သက်နေကြတော့၏။
အခန်း (၃၁၇) မြူခိုးဂိုဏ်း ငြိမ်သက်သွားခြင်း၊ ဧည့်သည်များ ရောက်ရှိလာခြင်း
~ကောင်းကင်မိုးကြိုးကို ဝါးမြိုခြင်း...
ဤစွမ်းဆောင်ရည်က မရေမတွက်နိုင်သော ကျင့်ကြံသူများ အိပ်မက်ထဲတွင်ပင် ထည့်မမက်ရဲသော အရာ ဖြစ်ချေသည်။
ကောင်းကင်မိုးကြိုးနှင့် ရင်ဆိုင်ရသောအခါ ကျင့်ကြံသူများသည် ပုံမှန်အားဖြင့် ဝင်္ကပါများ၊ မိုးကြိုးကာထီးများ၊ မိုးကြိုးကာ အမိုးအကာများနှင့် အခြား ဝိညာဉ်လက်နက်များကို အသုံးပြု၍ ခုခံကာကွယ်လေ့ ရှိကြသည်။
စုပ်ယူဝါးမြိုဖို့ ဆိုသည်မှာကား...
သီးသန့် မိုးကြိုးကျင့်ကြံသူများပင် ထိုမျှ ရဲတင်းခြင်း မရှိကြပေ။ အများဆုံး လုပ်နိုင်သည်မှာ ကောင်းကင်မိုးကြိုး၏ တစ်စိတ်တစ်ဒေသကို စုပ်ယူပြီး မိမိတို့၏ ခန္ဓာကိုယ်ထဲရှိ မိုးကြိုးမူလစွမ်းအင်ကို အားဖြည့်ခြင်းသာ ဖြစ်သည်။
သို့သော် မင်းသမီးလေး ဟူဖေးဖေးကမူ အလွန် ကြမ်းတမ်းလှပေသည်။
သူမက အကုန်လုံးကို လိုချင်နေခြင်း ဖြစ်၏။
“ဟား... ကောင်းလိုက်တဲ့ ခံစားမှု...”
ပထမဆုံး မိုးကြိုးကို စုပ်ယူပြီးနောက် ဟူဖေးဖေးသည် သူမ၏ ဝိညာဉ်အတွင်းပိုင်း အနက်ရှိုင်းဆုံးနေရာမှ ကြည်နူးဖွယ်ရာ ခံစားမှုတစ်ခုကို ရရှိလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်မိတော့၏။
"ဂျိန်း..ဂျုန်း"ကပ်ဘေးတိမ်တိုက်သည် ဟူဖေးဖေး၏ ရဲတင်းမှုကို ဒေါသထွက်သွားပုံရပြီး ကန့်ကွက်သည့်အနေဖြင့် ဟိန်းဟောက်လိုက်လေသည်။
"ဂျိန်း..ဂျုန်း"ဒုတိယအကြိမ် မိုးကြိုးလှိုင်း ကျဆင်းလာပြန်သည်။
ယခုတစ်ကြိမ်တွင် မိုးကြိုးတန်း နှစ်ခု ပါဝင်လေသည်။
သို့သော် ဟူဖေးဖေးသည် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး နှစ်ခုစလုံးကို ဝါးမြိုပစ်လိုက်လေသည်။
ထို့နောက် သူမသည် ကျေနပ်စွာဖြင့် လေတက်လိုက်၏။
ဝုန်း...
ကပ်ဘေးတိမ်တိုက်သည် ပိုမို ဒေါသထွက်လာလေသည်။
တတိယလှိုင်း၊ စတုတ္ထလှိုင်း...
မိုးကြိုးတန်းပေါင်းများစွာ ကျဆင်းလာပြီး လှိုင်းတစ်လှိုင်းစီတွင် မိုးကြိုးတစ်တန်းစီ တိုးလာလေသည်။ သို့သော် နဝမမြောက် လှိုင်းသို့ ရောက်ရှိပြီး မိုးကြိုးတန်း (၉) ခု ပြိုင်တူ ကျဆင်းလာသည့်တိုင်အောင် ဟူဖေးဖေးက အကုန်လုံးကို စုပ်ယူဝါးမြိုပစ်လိုက်လေသည်။
ထိုအချိန်မှစ၍ ကိုးလွှာမိုးကြိုး ကပ်ဘေးသည် ပျောက်ကွယ်သွားလေတော့၏။
ကပ်ဘေးတိမ်တိုက်သည် မည်မျှပင် မကျေမနပ် ဖြစ်နေပါစေ... ပျောက်ကွယ်သွားရုံမှတပါး အခြား ရွေးချယ်စရာ မရှိတော့ချေ။
"ဝှီး..."ကောင်းကင်မိုးကြိုး အားလုံးကို စုပ်ယူပြီးနောက် ဟူဖေးဖေးသည် စတင် ပြောင်းလဲလာလေသည်။ ပထမဆုံးအနေဖြင့် သူမ၏ အရပ်အမောင်း ပိုရှည်လာပြီး ခန္ဓာကိုယ် အချိုးအစားသည် ပိုမို ဖွံ့ထွားလာကာ ဆွဲဆောင်မှုများ ပိုမို ပြင်းထန်လာလေသည်။
သူမ၏ အပြုံးတစ်ချက်၊ မျက်မှောင်ကြုတ်မှု တစ်ချက်တိုင်းသည် မြင်သူတိုင်း၏ သွေးသားများကို ဆူပွက်သွားစေနိုင်စွမ်း ရှိလေသည်။
သူမ၏ အရှိန်အဝါမှာမူ သာမန်အတိုင်းပင် ဖြစ်နေပြီး သာမန် မြေခွေးမလေး တစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ထင်ယောင်ထင်မှား ဖြစ်စေလေသည်။
"တီ..တီ.. မင်းသမီးလေး ဟူဖေးဖေးက ထိပ်တန်း အဆင့်မြင့် ဝိညာဉ်လက်နက် အဆင့်ကို အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပါပြီ။ ပုံမှန်အခြေအနေမှာဆိုရင် ဝိညာဉ်ပင်လယ်အဆင့် (၈) နဲ့ ညီမျှတဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်ထားပါတယ်..."
စနစ်က ကြေညာလာလေသည်။
“ထိပ်တန်း အဆင့်မြင့် ဝိညာဉ်လက်နက် အဆင့်က ဝိညာဉ်ပင်လယ်အဆင့် (၈) ပဲ ရှိတယ် ဟုတ်လား...”
ယဲ့ဖုန်း အနည်းငယ် စိတ်ပျက်သွားမိသည်။
သို့သော်၊ပြန်စဉ်းစားကြည့်လိုက်သော
အခါမှာတော့၊ သူ နားလည်သွားလေသည်။
ပုံမှန်အခြေအနေတွင် ဟူဖေးဖေးသည် ဝိညာဉ်ပင်လယ်အဆင့် (၈) သာ ရှိသော်လည်း ပထမအဆင့် တိုက်ခိုက်ရေးပုံစံသို့ ဝင်ရောက်လိုက်ပါက ဝိညာဉ်ပင်လယ်အဆင့် (၉) သို့ သေချာပေါက် ရောက်ရှိနိုင်မည် ဖြစ်သည်။
ဒုတိယအဆင့် တိုက်ခိုက်ရေးပုံစံတွင် ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
တတိယအဆင့် တိုက်ခိုက်ရေးပုံစံတွင် မည်သည့်အဆင့်ထိ ရောက်နိုင်မည်ကို ယဲ့ဖုန်း သေချာ မသိသော်လည်း အနည်းဆုံး မူလနတ်ဘုရား အဆင့်နှင့် အနီးစပ်ဆုံးသို့ ရောက်ရှိနိုင်လိမ့်မည်ဟု ခံစားမိလေသည်။
“နောက်ဆုံးတော့ မင်းသမီးလေး ဟူဖေးဖေးက ထိပ်တန်း အဆင့်မြင့် ဝိညာဉ်လက်နက် တစ်ခုပဲလေ... ဝိညာဉ်ပင်လယ်အဆင့်ရဲ့ ကန့်သတ်ချက်ကို ကျော်လွန်ဖို့ မဖြစ်နိုင်ဘူး... ဒါပေမဲ့ ဝိညာဉ်လက်နက်အထက်က ဝိညာဉ်ရတနာ အဆင့်ကို တက်လှမ်းနိုင်ရင်တော့ မူလနတ်ဘုရား အဆင့် စွမ်းအားကို သေချာပေါက် အသုံးပြုနိုင်မှာပဲ...”
ယဲ့ဖုန်း တီးတိုး တွက်ချက်လိုက်လေသည်။
ထိုအချိန်တွင် ဟူဖေးဖေးသည် ကောင်းကင်မှ ပြန်လည် ဆင်းသက်လာလေသည်။
သူမသည် ယဲ့ဖုန်း၏ ရှေ့တွင် ရပ်လိုက်ရာ ယခင်ကကဲ့သို့ ချစ်စရာကောင်းသော အရပ်အမောင်း ကွာခြားချက် မရှိတော့ဘဲ (၁) မီတာ (၇၅) စင်တီမီတာခန့် မြင့်မားလာပြီး ပိုမို ဖွံ့ထွားသော ခန္ဓာကိုယ်နှင့် ဆွဲဆောင်မှုများကို ပိုင်ဆိုင်ထားလေသည်။
သူမ၏ မျက်ဝန်းများထဲတွင် ဉာဏ်ပညာ အလင်းရောင်များ တောက်ပနေလေသည်။
“မင်း ပိုပြီး ဉာဏ်ကောင်းလာတယ်...”
ယဲ့ဖုန်းက တီးတိုး ပြောလိုက်၏။
“သမီးက အမြဲတမ်း ဉာဏ်ကောင်းပြီးသားပါ...”
ဟူဖေးဖေးက ပြုံး၍ ပြန်ဖြေလေသည်။ သူမ၏ အပြုံးသည် ယခင်က ကလေးဆန်သော ချစ်စရာကောင်းမှုနှင့် နှိုင်းယှဉ်ပါက ရင့်ကျက်မှုနှင့် ဆွဲဆောင်မှု အရိပ်အယောင်များ ပါဝင်နေပြီး ပိုမို ဖမ်းစားနိုင်စွမ်း ရှိလေသည်။
“စောင့်ရှောက်သူ... မူလနတ်ဘုရား အဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်ရှင်...”
ကုန်းချင်းချိုးသည် တောင်ထိပ်သို့ ရောက်လာပြီး လက်နှစ်ဖက်ကို ဆုပ်ငယကာ နှုတ်ဆက်လိုက်လေသည်။
“ကျွန်မ မူလနတ်ဘုရား အဆင့်ကို မရောက်သေးပါဘူး...” ဟူဖေးဖေးက ခေါင်းခါလိုက်၏။ “ကျင့်ကြံဆင့် အနေနဲ့ ပြောရရင် အခုမှ ဝိညာဉ်ပင်လယ်အဆင့် (၈) အဆင့်မီမီပဲ ရှိပါသေးတယ်...”
“ရှင်…မူလနတ်ဘုရား အဆင့် မရောက်သေးဘူး...”
ကုန်းချင်းချိုး အံ့သြတကြီး ဖြစ်သွား၏။
ခုနက ကြုံတွေ့ခဲ့ရသည်မှာ ကြောက်မက်ဖွယ်ကောင်းသော ကိုးလွှာမိုးကြိုး ကပ်ဘေး မဟုတ်ပါလော။ ပုံမှန်အားဖြင့် မူလနတ်ဘုရား အဆင့်ကို ချိုးဖောက်မှသာ ထိုကပ်ဘေးနှင့် ကြုံတွေ့ရလေ့ ရှိသည်။
သို့သော် ယခုအခါတွင် မိုးကြိုးကပ်ဘေးသည် ဟူဖေးဖေး၏ မူလနတ်ဘုရား အဆင့် တက်လှမ်းမှုကြောင့် မဟုတ်ဘဲ ဝိညာဉ်ပင်လယ်အဆင့် (၈) သို့ ရောက်ရှိမှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်နေသည်။
နေပါဦး...
ဝိညာဉ်ပင်လယ်အဆင့် (၈) ဟုတ်လား...
ဟူဖေးဖေးက အဲဒီလောက်တောင် စွမ်းအားကြီးတာလား...
ကုန်းချင်းချိုးသည် ထိုအချက်ကို လျင်မြန်စွာ သဘောပေါက်သွားပြီး သူမ၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။
သူမသည် ဟူဖေးဖေးကို ဝိညာဉ်ပင်လယ်အဆင့် (၃) ခန့်သာ ရှိမည်ဟု အမြဲ ထင်မှတ်ခဲ့သည်။
မည်သူက ထင်ပါမည်နည်း။ ဤမျှ တိုတောင်းသော အချိန်အတွင်း တစ်ဖက်လူသည် လူအများရှေ့တွင် ကပ်ဘေးကို ရင်ဆိုင်ပြီး ဝိညာဉ်ပင်လယ်အဆင့် (၈) သို့ တက်လှမ်းသွားလိမ့်မည်ဟု...
တောင်ပိုင်းမြစ်ဝှမ်း ဒေသတစ်ခုလုံးကို ကြည့်လိုက်လျှင် ထိုကဲ့သို့သော ကျင့်ကြံဆင့်မျိုးသည် ထိပ်တန်းအဆင့်တွင် ပါဝင်နေပြီး လက်ချိုးရေတွက်၍ပင် ရနိုင်ပေသည်။
ဟူဖေးဖေး ရှိနေသမျှ မြူခိုးဂိုဏ်းသည် ရွှေတိုက်ကဲ့သို့ ခိုင်ခံ့နေမည် ဖြစ်သည်။
ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့် သို့မဟုတ် မူလနတ်ဘုရား အဆင့် ကျင့်ကြံသူများနှင့် မရင်ဆိုင်ရသရွေ့ မည်သူကမှ ဤနေရာတွင် ပြဿနာ လာရှာရဲမည် မဟုတ်ပေ။
ထိုစဥ်၊ ယဲ့ဖုန်းက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
“မင်းသမီးလေးက မူလနတ်ဘုရား အဆင့်ကို မရောက်သေးပေမယ့် သူ့ရဲ့ စွမ်းအားက အဲဒီအဆင့်အောက်မှာ အသန်မာဆုံး ဖြစ်နေပြီ... မဟာမိတ်ခေါင်းဆောင် မိုထျန်းလုံ၊ မြင့်မြတ်သော လေဓားဂိုဏ်းချုပ် ဒါမှမဟုတ် ခရိုင်ဘုရင်မြို့တော်ရဲ့ မြို့စားမင်းနဲ့ ရင်ဆိုင်ရရင်တောင် ယှဉ်နိုင်တဲ့ စွမ်းအား ရှိပါတယ်...”
သူသည် ဟူဖေးဖေး၏ စစ်မှန်သော စွမ်းအားကို မသိပေ။
သို့သော် သူမ၏ တတိယအဆင့် တိုက်ခိုက်ရေးပုံစံကို အသုံးပြုစဉ်က ထုတ်ဖော်ပြသခဲ့သော ကြောက်မက်ဖွယ် စွမ်းအားကို သူ မြင်တွေ့ခဲ့ဖူးသည်။ ဝိညာဉ်ပင်လယ်အဆင့် (၈) ဟူသော အခြေခံအုတ်မြစ် ပါရှိနေပြီ ဖြစ်ရာ မူလနတ်ဘုရား အဆင့်အောက် မည်သည့် ရန်သူကိုမဆို ရင်ဆိုင်ရန် ပြဿနာ မရှိနိုင်ပေ။
ထို့ကြောင့် သူသည် ယခုလို ပြောရဲခြင်း ဖြစ်ပါသည်။
ထိုစကားကို ကြားသောအခါ ကုန်းချင်းချိုး ပို၍ပင် အံ့အားသင့်သွားရပြန်တော့၏။
ဟူဖေးဖေးသည် ထိပ်တန်း ကြယ်နှစ်ပွင့် အင်အားစုများ၏ ခေါင်းဆောင်အဆင့်ထိ ရောက်ရှိသွားပြီ ဖြစ်သည်။
ဒါက... သိပ်ကို စွမ်းအားကြီးလွန်းတယ်...
ကုန်းချင်းချိုးသည် ဟူဖေးဖေးကို ကြည့်လိုက်ရာ သူမက ငြင်းဆန်ခြင်း မရှိဘဲ လျစ်လျူရှုထားသည်ကို တွေ့လိုက်ရသဖြင့် ယဲ့ဖုန်း ပြောသည့်စကား မှန်ကန်ကြောင်း ချက်ချင်း သိလိုက်လေသည်။
“စောင့်ရှောက်သူ ရှိနေတာက ကျွန်မတို့ မြူခိုးဂိုဏ်းအတွက် တကယ့် ကံကောင်းခြင်းပါပဲ...”
ကုန်းချင်းချိုးသည် စိတ်လှုပ်ရှားစွာ ရေရွတ်လိုက်လေသည်။
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
“အခု စောင့်ရှောက်သူက ကပ်ဘေး ပြီးသွားပြီ ဆိုတော့ ဂိုဏ်းကို ပုံမှန်အတိုင်း ပြန်လည်ပတ်ဖို့ အချိန်တန်ပြီ... အကြီးအကဲကုန်း... ဒီနေ့ကစပြီး ခင်ဗျားက ဒုတိယမျိုးဆက် တပည့်တွေကို ဦးဆောင်ပြီး ကျင့်ကြံခိုင်းပါ... သူတို့အတွက် ခိုင်မာတဲ့ အုတ်မြစ် ချပေးရမယ်...”
“ဟုတ်ကဲ့ပါ...”
ကုန်းချင်းချိုးသည် ဦးညွှတ်ပြီး ပြန်ဖြေလိုက်လေသည်။
ယဲ့ဖုန်းသည် ဤအပြင်စည်း အကြီးအကဲအပေါ် အလွန် စိတ်ချလေသည်။
ထို့အပြင် ယဲ့ဖုန်းသည် ကုန်းချင်းချိုးအား ဝိညာဉ်ကျောက်တုံး သောင်းချီ ပေးအပ်ထားပြီး ဖြစ်သဖြင့် ဂိုဏ်း၏ ဘဏ္ဍာရေးအတွက် လောလောဆယ် ပူပန်စရာ မလိုပေ။
“ဝိညာဉ်ကျောက်တုံး သောင်းချီဆိုရင် ဂိုဏ်းကို အချိန်အတိုင်းအတာ တစ်ခုအထိ ကောင်းကောင်း လည်ပတ်နိုင်လောက်ပါတယ်...”
ယဲ့ဖုန်းသည် တကိုယ်တည်း တွက်ချက်လိုက်လေသည်။
ထိုဝိညာဉ်ကျောက်တုံးများဖြင့် ဆေးလုံးများ၊ ဝိညာဉ်ဆေးပင်များ၊ ဝိညာဉ်မျက်လုံးဆေးရည်များ၊ အထောက်အကူပြု ကျင့်စဉ်များ၊ သိုင်းနည်းစနစ်များနှင့် ဝိညာဉ်ပစ္စည်းများကို ဝယ်ယူရန် အခက်အခဲ မရှိနိုင်ပေ။
နေ့လယ်ခင်း...
မြူခိုးတောင်ထိပ် မြောက်ဘက်ခြမ်းရှိ ဒုတိယမျိုးဆက် တပည့်များ၏ နေအိမ်...
“ဟေး... ငါ ဝိညာဉ်မျက်လုံး ဖွင့်လို့ရသွားပြီ...”
“ငါရောပဲ...”
“ဝိညာဉ်စွမ်းအင် ဝဲကတော့ ဆိုတာ ဒါမျိုးကိုး... ဝိုး... နတ်ဆိုးသားရဲတောင်ထိပ်နဲ့ ငါတို့ မြူခိုးတောင်ထိပ်ပေါ်က ဝဲကတော့တွေက အကြီးကြီးတွေပဲဟ...”
ဒုတိယမျိုးဆက် တပည့်များသည် သူတို့၏ ဝိညာဉ်မျက်လုံးများကို ဆက်တိုက် ဖွင့်လှစ်နိုင်ခဲ့ကြသည်။
တကယ်တော့ သူတို့ မြူခိုးဂိုဏ်းသို့ ရောက်ရှိသော ညကတည်းက ကုန်းချင်းချိုးသည် ကြိုတင် ပြင်ဆင်ထားသော ဝိညာဉ်မျက်လုံးဆေးရည်များကို ထုတ်ပေးခဲ့ပြီး ကျင့်ကြံခြင်း မစတင်ရသေးသော တပည့်များကို မျက်လုံးဆေးကြောခိုင်းခဲ့ခြင်း ဖြစ်သည်။
“ဒီနေ့ ငါတို့ ပထမဆုံး ကျင့်ကြံခြင်း သင်ခန်းစာကို စတင်ကြမယ်...”
ကုန်းချင်းချိုးက ဦးဆောင်ကာ ပြောလိုက်၏။
“ကဲ... ဖေးလိုင်တောင်ထိပ်က အကြီးအကဲများ ခန်းမဆောင်ကို လိုက်ခဲ့ကြ...”
“ဟုတ်ကဲ့...”
ရွှီတာလေ့နှင့် အခြား တပည့်များသည် လျင်မြန်စွာ နောက်မှ လိုက်ပါသွားကြတော့၏။
*
အကြီးအကဲများ ခန်းမဆောင် ရှေ့...
ဤနေရာကို ကျောက်တုံးများ အသုံးပြု၍ တောင်ကမ်းပါးတစ်လျှောက် မီတာ (၁၀) ဂဏန်းခန့် ရှည်လျားပြီး မီတာအနည်းငယ် ကျယ်ဝန်းသော စင်မြင့်ကြီးအဖြစ် ချဲ့ထွင်ထားလေသည်။
ကုန်းချင်းချိုးသည် ကူရှင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ တပည့်များကို သင်ကြားပြသပေးနေလေသည်။
“ငါတို့ မြူခိုးဂိုဏ်းမှာ အခြေခံ ကျင့်စဉ် (၂) ခု ရှိတယ်... ‘ချီငါးပါး ပေါင်းစည်းခြင်း’ နဲ့ ‘ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်’ တို့ပဲ... ပထမတစ်ခုကတော့ မင်းတို့နဲ့ ရင်းနှီးပြီးသား ဖြစ်မှာပါ... ရှန်ကျိုးတိုက်ကြီးမှာ အသုံးများတဲ့ ချီကျင့်ကြံခြင်း နည်းစနစ် တစ်ခုပဲ...”
“ဒုတိယတစ်ခုကတော့ ဝိညာဉ်အာရုံခံနိုင်စွမ်းကို အထူးပြု ကျင့်ကြံတဲ့ နည်းစနစ် ဖြစ်တယ်...”
“ဒါပေမဲ့ ‘ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်’ ကို ကျင့်ကြံဖို့က အရမ်း ခက်ခဲတယ်... ထူးခြားတဲ့ ဉာဏ်ရည်ဉာဏ်သွေး ရှိမှ ဒါမှမဟုတ် သဘာဝအလျောက် ကိုက်ညီမှု ရှိမှသာ အဆင်ပြေလိမ့်မယ်... ဒါကြောင့် မင်းတို့အနေနဲ့ ‘ချီငါးပါး ပေါင်းစည်းခြင်း’ ကိုပဲ အဓိကထား ကျင့်ကြံတာ ပိုကောင်းမယ်...”
ထိုသို့ ပြောပြီးနောက် ကုန်းချင်းချိုးသည် ရှေးဟောင်း ကျင့်စဉ်စာအုပ်များကို ထုတ်ယူလိုက်လေသည်။
‘ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်’ ကို မြင်လိုက်ရသောအခါ တပည့်များ၏ မျက်လုံးများ အရောင်လက်သွားကြသည်။
ပါရမီအကောင်းဆုံး တပည့်ဖြစ်သော မူစီစီသည် လက်ထောင်လိုက်ပြီး မေးလိုက်၏။
“အကြီးအကဲ... သမီး စမ်းကြည့်လို့ ရမလား...”
“ရတာပေါ့... ဒါပေမဲ့ ငါ ပြောတာ အရင်ဆုံးကြပါဦး...” ကုန်းချင်းချိုးက ခေါင်းညိတ်လိုက်၏။ “လက်ရှိမှာ ‘ကိုးဆင့် ကောင်းကင်ဘုံ နတ်ဘုရား ကျင့်စဉ်’ က မပြည့်စုံသေးဘူး... ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်နဲ့ ညီမျှတဲ့ ဆဋ္ဌမအဆင့် အထွတ်အထိပ် အထိပဲ ကျင့်ကြံလို့ ရနိုင်တယ်... ဒါကြောင့် အထောက်အကူပြု ကျင့်စဉ် အနေနဲ့ပဲ အသုံးပြုသင့်တယ်...”
ပြောပြီးသည်နှင့် သူမသည် ရှေးဟောင်းစာအုပ်ကို လှန်လိုက်လေသည်။
“ဝုန်း…”
ရွှေရောင် အလင်းတန်း တစ်ချက်သည် စာအုပ်ထဲမှ ထွက်ပေါ်လာပြီး လေထဲတွင် စာလုံးများအဖြစ် စုစည်းသွားလေသည်။ တစ်ချိန်တည်းမှာပင် ကုန်းချင်းချိုးသည် ကျင့်ကြံခြင်း မစတင်ရသေးသော တပည့်များကို သင်ကြားပေးရန်အတွက် ‘ချီငါးပါး ပေါင်းစည်းခြင်း’ စာအုပ်၏ ပထမစာမျက်နှာကိုလည်း ဖွင့်လှစ်လိုက်လေသည်။
မြူခိုးတောင်ထိပ်မှတစ်ဆင့် ဒုတိယမျိုးဆက် တပည့်များ ကျင့်ကြံခြင်း လမ်းကြောင်းပေါ်သို့ တရားဝင် လျှောက်လှမ်းနေကြသည်ကို ကြည့်ပြီး ယဲ့ဖုန်း ကျေနပ်အားရနေမိလေသည်။
“ကြိုးကြိုးစားစား ကျင့်ကြံကြစမ်းပါ... မင်းတို့ ပိုစွမ်းအားကြီးလာလေ... ငါလည်း ပိုစွမ်းအားကြီးလာလေပဲ...”
ယဲ့ဖုန်းသည် ခပ်ဖွဖွ ရေရွတ်လိုက်ပြီး နှုတ်ခမ်းထောင့်များ ကွေးညွတ်ကာ ပြုံးလိုက်လေသည်။
“ဂိုဏ်းချုပ်ယဲ့... ကျွန်မ ရောက်လာပြန်ပြီ...”
ထိုအခိုက်အတန့်၌၊ ချွဲနွဲ့သော အသံတစ်သံသည် အဝေးမှ ပျံ့လွင့်လာလေသည်။
နောက်သို့ လှည့်မကြည့်ဘဲနှင့်ပင် ယဲ့ဖုန်းသည် မည်သူမှန်း သိလိုက်ပြီး ပြောလိုက်၏။
“တာအိုရောင်းရင်းရှဲ့... ဘယ်လိုဖြစ်ပြီး ဒီကို လာဖို့ အချိန်ရနေတာလဲ...”
နောက်သို့ လှည့်ကြည့်လိုက်သောအခါ ယဲ့ဖုန်းသည် ရှဲ့ကျားရင်ကို တွေ့လိုက်ရလေသည်။
ထို့နောက် သူ ကြောင်သွား၏။
အကြောင်းမှာ ရှဲ့ကျားရင် တစ်ယောက်တည်း မဟုတ်သောကြောင့်ပင်။
သူမနှင့်အတူ နောက်ထပ် လူတစ်ယောက် ပါလာလေသည်။ ထူးခြားသော အရှိန်အဝါ ပိုင်ဆိုင်ထားသည့် အဖြူရောင် ဝတ်စုံနှင့် ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသော မိန်းကလေး တစ်ဦး...
မြင့်မြတ်သော လေဓားဂိုဏ်း၏ ဓားကလေး... မူရူရွှဲ့
အခန်း (၃၁၈) စိတ်လှုပ်ရှားနေသော ရှဲ့ကျားရင်၊ မူရူရွှဲ့၏ ပုံပြင်
~ယဲ့ဖုန်းသည် အလွန်အံ့ဩသွားလေသည်။
မူရူရွှဲ့က ဒီမှာ ဘာလာလုပ်တာလဲ...
လက်ဖက်ရည်လာသောက်တာတော့ မဖြစ်နိုင်ဘူး...
သံသယများ ပြည့်နှက်နေသော စိတ်ဖြင့် ယဲ့ဖုန်းသည် ကာကွယ်ရေး အလွှာကို ပိတ်လိုက်ပြီး ရှဲ့ကျားရင်နှင့် မူရူရွှဲ့ကို ဝင်ခွင့်ပြုလိုက်၏။ သူတို့နှစ်ဦးသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲသို့ အတူတကွ ဝင်ရောက်လာကြလေသည်။
“မင်းတို့ နှစ်ယောက်က အဝေးကြီးကနေ ဘာကိစ္စ ရှိလို့ ရောက်လာ
ကြတာပါလိမ့်...”
ယဲ့ဖုန်းသည် ဂိုဏ်းချုပ်ပလ္လင်ပေါ်တွင် ထိုင်နေပြီး မူရူရွှဲ့နှင့် ရှဲ့ကျားရင်တို့သည် ဧည့်သည်ခုံများတွင် နေရာယူလိုက်ကြလေသည်။ ဟူဖေးဖေးကမူ သူတို့ဘေးတွင် လက်ဖက်ရည် ဖျော်ပေးနေလေသည်။
ရှဲ့ကျားရင်သည် သိုလှောင်လက်စွပ်ကို ဖွင့်လိုက်ပြီး မွှေးကြိုင်နေသော ဝိညာဉ်သားရဲအစာ စည်ပိုင်းတစ်ပိုင်းကို ထုတ်ယူကာ ကြမ်းပြင်ပေါ်တွင် ချလိုက်လေသည်။
“ဒါတွေက ရူးသွပ်ဝက်ကြီးရဲ့ အသားနဲ့ ဖော်စပ်ထားတဲ့ ဝိညာဉ်သားရဲအစာတွေလေ... အရင်က အစာတွေအားလုံးထက် အဆင့်ပိုမြင့်တယ်... ဒါကြောင့် ဒီအစာကို ‘ထိပ်တန်း ဝိညာဉ်သားရဲအစာ’ လို့ နာမည်ပေးထားတယ်...”
ပြောပြီးသည်နှင့် သူမသည် နှုတ်ခမ်းဆူလိုက်ပြီး ဂုဏ်ယူဝင့်ကြွားနေသော ပုံစံဖြင့် နေလိုက်လေသည်။
“ပေးပါဦး... ကြည့်ရအောင်...”
ယဲ့ဖုန်းသည် ထိပ်တန်း ဝိညာဉ်သားရဲအစာ တစ်တုံးကို ကောက်ယူလိုက်ပြီး သူ၏ စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်လိုက်ရာ ၎င်းတွင် ပါဝင်သော ဝိညာဉ်စွမ်းအင်နှင့် အသက်စွမ်းအင်များသည် ယခင် အစာများထက် များစွာ သာလွန်ကြောင်း တွေ့ရှိလိုက်ရသည်။
“မဆိုးဘူး...”
ယဲ့ဖုန်းက ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
ရှဲ့ကျားရင်သည် လက်ခုပ်တီးလိုက်ပြီး အောင်နိုင်သူအလား ပြောလိုက်လေသည်။
“ဟွန်း... ဘယ်လိုလဲ... သမီး လုပ်နိုင်ပါတယ်လို့ ပြောသားပဲ...”
စကားဆုံးသည်နှင့် သူမသည် ယဲ့ဖုန်းထံသို့ လက်ဖြန့်တောင်းလိုက်လေသည်။
“ဘာလုပ်တာလဲ...”
ယဲ့ဖုန်း ကြောင်သွား၏။
ရှဲ့ကျားရင်၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားလေသည်။
“ဂိုဏ်းချုပ်ပဲ ပြီးခဲ့တဲ့တစ်ခေါက်က ပြောခဲ့တာလေ... ရူးသွပ်ဝက်ကြီးရဲ့ အသားတွေကို ဝိညာဉ်သားရဲအစာ လုပ်ကြည့်ပါ... တကယ်လို့ အောင်မြင်ရင် ကျန်တဲ့ အသားတွေပါ ပေးမယ်... ပြီးတော့ အမြတ်ကို ခွဲယူမယ် ဆို...”
ယဲ့ဖုန်းသည် နဖူးကို ရိုက်လိုက်မိသည်။
“မေ့တော့မလို့... ရော့... ဒီမှာ...”
သူသည် သိုလှောင်လက်စွပ် တစ်ကွင်းကို ကမ်းပေးလိုက်ပြီး ပြောလိုက်၏။
“အထဲမှာ ရူးသွပ်ဝက်ကြီးရဲ့ အသား ပိဿာချိန် (၃၀၀၀) လောက် ပါတယ်... အကုန်ယူသွားပြီး အစာလုပ်လိုက်... ဒါပေမဲ့ မှတ်ထားနော်... ငါတို့ (၆၀-၄၀) ခွဲရမယ်... ငါက (၆၀)၊ မင်းက (၄၀)...”
“အရင်တုန်းက ပြောတုန်းက ဒီလို မဟုတ်ပါဘူး...”
ရှဲ့ကျားရင်က နှုတ်ခမ်းဆူလိုက်၏။
ယဲ့ဖုန်းသည် အပြင်ဘက်သို့ လက်ညှိုးထိုးပြပြီး ပြောလိုက်လေသည်။
“မင်းသာ ကောင်းကောင်း လုပ်နိုင်မယ် ဆိုရင် ငါတို့ ဒီထက်ပိုပြီး နက်နက်ရှိုင်းရှိုင်း ပူးပေါင်းလို့ ရနိုင်တယ်... ဥပမာ... နတ်ဆိုးဘုရင်ရဲ့ အသားတွေကို မင်းကို ပေးတာမျိုးပေါ့...”
“နတ်ဆိုးဘုရင်...”
ရှဲ့ကျားရင်နှင့် မူရူရွှဲ့တို့ နှစ်ဦးစလုံး တုန်လှုပ်သွားကြပြီး ယဲ့ဖုန်းကို ပြိုင်တူ ကြည့်လိုက်ကြလေသည်။
“လိုက်ခဲ့ပါ...”
ယဲ့ဖုန်းသည် အပြင်သို့ ထွက်ခွာသွားလေသည်။
မိန်းကလေးနှစ်ဦးသည် စိတ်ရှုပ်ထွေးမှုများစွာဖြင့် သူ့နောက်မှ လိုက်ပါသွားကြသည်။ ထို့နောက်မှာတော့၊ မြူခိုးတောင်ထိပ်၏ ကမ်းပါးစွန်းမှတစ်ဆင့် ဂိုဏ်းရင်ပြင်ကျယ်ကြီးဆီသို့ ငုံ့ကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းများ ကျဉ်းမြောင်းသွားကြတော့၏။
ရင်ပြင်ကျယ်ကြီးပေါ်တွင် ဧရာမ အလောင်းကောင်ကြီး နှစ်ခု ငြိမ်သက်စွာ လဲလျောင်းနေလေသတည်း။
ကြီးမားသော အမည်းရောင် ကင်းမြီးကောက်ကြီး တစ်ကောင်...။
ကြေးခွံများ ကွာကျနေသော ဧရာမ မြွေကြီး တစ်ကောင်...။
သူတို့၏ ဝိညာဉ်သွေးများကို ထုတ်ယူထားပြီး ဖြစ်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားများကို ထုတ်လွှတ်နေဆဲပင်။ မြွေဟောက်ရူးဘုရင်၏ မျက်လုံးများနှင့် အကြည့်ချင်း ဆုံမိရုံဖြင့် ထိုမိန်းကလေးနှစ်ဦးသည် မွေးရာပါ ကြောက်ရွံ့မှုကို ခံစားလိုက်ရလေသည်။
“ဒါတွေက... တောင်ပိုင်း သဲကန္တာရက မြွေဟောက်ရူးဘုရင်နဲ့ အဆိပ်ကင်းမြီးကောက်ဘုရင်တို့ မဟုတ်လား...”
မြင့်မြတ်သော လေဓားဂိုဏ်း၏ ဓားကလေး ဖြစ်သည့် မူရူရွှဲ့သည် နတ်ဆိုးဘုရင် အလောင်းကောင် နှစ်ခု၏ မူရင်းဇာစ်မြစ်ကို ချက်ချင်း မှတ်မိလိုက်ပြီး သူမ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုများ ပြည့်နှက်သွားလေသည်။
“မှန်တယ်... လွန်ခဲ့တဲ့ ရက်ပိုင်းက ဒီဂိုဏ်းချုပ် တောင်မင်နိုင်ငံကို သွားတုန်း မတရားတာ တွေ့လို့ စောင့်ရှောက်သူကို သတ်ခိုင်းလိုက်တာပါ...”
ယဲ့ဖုန်းက အတိုချုံး ရှင်းပြလိုက်၏။
ထိုစကားကို ကြားသောအခါ မူရူရွှဲ့သည် ပို၍ပင် အံ့အားသင့်သွားရပြန်သည်။
ဟူဖေးဖေးက မြွေဟောက်ရူးဘုရင်နဲ့ အဆိပ်ကင်းမြီးကောက်ဘုရင်ကို နိုင်တယ် ဟုတ်လား...
ဒါဆို သူ့ရဲ့ စွမ်းအားက ဝိညာဉ်ပင်လယ် အဆင့်မြင့်ကို ရောက်နေပြီလား...
ထိုသို့ တွေးမိရင်း မူရူရွှဲ့၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး သူမ၏ ဆုံးဖြတ်ချက်များ ပိုမို ခိုင်မာလာကာ ယဲ့ဖုန်းကို တစ်စုံတစ်ခု ပြောရန် ပြင်ဆင်လိုက်လေသည်။
သို့သော် ရှဲ့ကျားရင်သည် စိတ်လှုပ်ရှားစွာ ခုန်ပေါက်လိုက်ပြီး ယဲ့ဖုန်း၏ ခါးကို ဖက်လိုက်ကာ သနားစဖွယ် မျက်နှာပေးဖြင့် ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်ယဲ့... ရှင် ကျွန်မကို တာဝန်ယူရမယ်နော်...”
“ဘာ... ဘာလုပ်တာလဲဟ...”
ယဲ့ဖုန်းသည် ရှဲ့ကျားရင်၏ လက်ကို အလျင်အမြန် ဆွဲခွာလိုက်ပြီး ဘေးဘီဝဲယာကို ကြောက်လန့်တကြား ကြည့်ရှုကာ တီးတိုး ပြောလိုက်၏။
“ဒါ ဘယ်လို အပြုအမူလဲ... သူများတွေ အထင်လွဲကုန်ရင် ဘယ်လိုလုပ်မလဲ... ဒီဂိုဏ်းချုပ် မျက်နှာ ဘယ်နား သွားထားရမလဲ...”
ချက်ချင်းပင် ရှဲ့ကျားရင်သည် ယဲ့ဖုန်း၏ ခြေထောက်ကို ဖက်လိုက်ပြန်သည်။
“ဂိုဏ်းချုပ်ယဲ့... ဒီနတ်ဆိုးဘုရင် အသားတွေကို ကျွန်မကို ပေးမှ ဖြစ်မယ်နော်...”
“မင်း ပုံမှန်အတိုင်း မနေတတ်ဘူးလား...”
ယဲ့ဖုန်းသည် သူမ၏ လက်များကို အတင်း ဆွဲခွာလိုက်ရပြန်သည်။
မူရူရွှဲ့သည် ဘေးမှ ရပ်ကြည့်နေရင်း ထူးဆန်းသော မျက်နှာထား ဖြစ်နေလေသည်။
သို့သော် ရှဲ့ကျားရင်သည် အမြဲတမ်း ညစ်ပတ်ပြီး ပုံမှန်အတိုင်း မလုပ်တတ်သော အကျင့်ရှိသည်ကို တွေးမိလိုက်သဖြင့် သူမသည် ခေါင်းသာ ခါလိုက်မိတော့၏။
“ရူးသွပ်ဝက်ကြီးရဲ့ အသားတွေကို အရင်ဆုံး ထိပ်တန်း ဝိညာဉ်သားရဲအစာ ဖြစ်အောင် လုပ်လိုက်စမ်းပါ...”
ယဲ့ဖုန်းက တိုက်တွန်းလိုက်၏။
“အဲဒါတွေ ဈေးကောင်းကောင်း ရပြီဆိုရင် နတ်ဆိုးဘုရင် အသားတွေကို မင်းကို သေချာပေါက် ပေးပါ့မယ်...”
“ကတိနော်...”
ရှဲ့ကျားရင်သည် ချက်ချင်းပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီး ယဲ့ဖုန်း၏ ဘေးတွင် မတ်တတ်ရပ်ကာ နှာခေါင်းကို ပွတ်သပ်ရင်း စိတ်လှုပ်ရှားသော အမူအရာကို ပြသလိုက်လေသည်။
“ကျွန်မ ဆုံးဖြတ်လိုက်ပြီ... ဒီနေ့ကစပြီး (၇၀-၃၀) ခွဲကြမယ်... ကျွန်မက (၇၀)၊ ဂိုဏ်းချုပ်ယဲ့က (၃၀)... အာ... စကားမှားသွားလို့... တကယ်တော့ ဂိုဏ်းချုပ်ယဲ့က (၇၀)၊ ကျွန်မက (၃၀) ယူမယ်လို့ ပြောမလို့ပါ... ဟီးဟီး...”
စကားပြောနေရင်းတန်းလန်း ရှဲ့ကျားရင်သည် ယဲ့ဖုန်း၏ စူးရှသော အကြည့်ကို သတိထားမိလိုက်သဖြင့် ချက်ချင်း ပြင်ပြောလိုက်ကာ မျက်နှာတွင် အူကြောင်ကြောင် အပြုံးတစ်ခု ပေါ်လာလေသည်။
ယဲ့ဖုန်းသည် ရယ်မောလိုက်ပြီး သူမနှင့် ဆက်လက် ငြင်းခုံမနေတော့ပေ။
သူသည် မူရူရွှဲ့ဘက်သို့ လှည့်ကာ မေးလိုက်၏။
“ဓားကလေးက စကားပြောဖို့ တွေဝေနေပုံ ရတယ်... ဆွေးနွေးစရာ ရှိလို့လား...”
မူရူရွှဲ့သည် ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ဘက်သို့ ညွှန်ပြကာ ပြောလိုက်၏။
“ဒါက လျှို့ဝှက်ကိစ္စ တစ်ခုမို့လို့ ကျွန်မတို့ နှစ်ယောက်တည်း ပြောလို့ ရမလား...”
“ကောင်းပြီလေ...”
ယဲ့ဖုန်းက သဘောတူ ခေါင်းညိတ်လိုက်၏။
“ဝမ်းကွဲအစ်မ... အစ်မမှာ ကျွန်မ မသိရမယ့် ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ...”
ရှဲ့ကျားရင်သည် မူရူရွှဲ့၏ ပခုံးကို ဖက်လိုက်ပြီး ကပ်သီးကပ်သပ် ပြုံးကာ မေးလိုက်လေသည်။
“မင်း အပြင်မှာ စောင့်နေ...”
ယဲ့ဖုန်းသည် လက်ဝှေ့ယမ်းလိုက်ရာ သူနှင့် မူရူရွှဲ့တို့သည် ငွေရောင်အလင်းတန်း တစ်ချက်အဖြစ် ပြောင်းလဲသွားပြီး ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြလေသည်။
"ဂျိန်း..ဂျုန်း"နောက်တစ်ခဏတွင် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး၏ တံခါးများသည် ဝုန်းခနဲ ပိတ်သွားတော့၏။
ရှဲ့ကျားရင်သည် လျှာတစ်ချက် သပ်လိုက်ပြီး မြူခိုးတောင်ထိပ် ပတ်လည်တွင် ရည်ရွယ်ချက်မရှိ လျှောက်သွားနေလေသည်။ ထို့နောက် ကြိုးတံတားကို ဖြတ်ကျော်ကာ ဖေးလိုင်တောင်ထိပ်သို့ ကူးသွားပြီး ဟိုဟိုဒီဒီ လျှောက်ကြည့်နေတော့၏။
ဂိုဏ်းချုပ် ခန်းမဆောင်ကြီး အတွင်း၌...
ယဲ့ဖုန်းသည် သူ၏ ထိုင်ခုံတွင် ဝင်ထိုင်လိုက်၏။
မူရူရွှဲ့သည် ဧည့်သည်ခုံတွင် ဝင်ထိုင်လိုက်ပြီး သူမ၏ ပတ်လည်တွင် ပျောက်ကွယ်သွားသော ငွေရောင်အလင်းစများကို ကြည့်ကာ မျက်ဝန်းများ ကျဉ်းမြောင်းသွားလေသည်။
‘ဒါက နေရာရွှေ့ပြောင်းခြင်း မဟာစွမ်းရည် ပဲ…’
သူမ၏ စိတ်ထဲတွင် လှိုင်းထန်သွားလေသည်။
မဟာစွမ်းရည်များသည် နဝမအဆင့် သိုင်းနည်းစနစ်များထက် သာလွန်သော အစွမ်းထက် နည်းလမ်းများ ဖြစ်ကြသည်။
မဟာစွမ်းရည်ကို အသုံးပြုနိုင်ရန်အတွက် အနည်းဆုံး မူလနတ်ဘုရား အဆင့်သို့ ရောက်ရှိနေသော 'မဟာတန်ခိုးရှင်' ဖြစ်မှသာလျှင် အသုံးပြုနိုင်မည် ဖြစ်သည်။
ယခု ယဲ့ဖုန်းက နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်သည် မဟုတ်ပါလော။
‘သူက မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် များလား…’
မူရူရွှဲ့ မတွေးဘဲ မနေနိုင်တော့ပေ။
“ငါက မူလနတ်ဘုရား အဆင့် မဟုတ်ပါဘူး...”
ယဲ့ဖုန်းသည် မူရူရွှဲ့၏ အတွေးများကို ခန့်မှန်းမိသဖြင့် ဝင်ပြောလိုက်၏။
“ပြောပါ... ဘာကိစ္စမို့လို့ ဒီလောက်တောင် လျှို့ဝှက်နေရတာလဲ...”
မူရူရွှဲ့သည် တုန်လှုပ်မှုမှ ပြန်လည် တည်ငြိမ်လာပြီး ရိုသေစွာ ပြောလိုက်လေသည်။
“ဂိုဏ်းချုပ်ယဲ့ အနေနဲ့ နတ်ဆိုးချုပ်နှောင်မျှော်စင် အကြောင်း ကြားဖူးပါသလား...”
ယဲ့ဖုန်းက ခေါင်းညိတ်လိုက်ကာ၊
“ကြားဖူးရုံတင် မကဘူး... မြင်တောင် မြင်ဖူးပါတယ်...”
ထိုအခါ ၊မူရူရွှဲ့.. ခေါင်းညိတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။
“ဒါဆိုရင် ဂိုဏ်းချုပ်ယဲ့က နတ်ဆိုးချုပ်နှောင်မျှော်စင်ကို ဘယ်လို မြင်ပါသလဲ...”
ယဲ့ဖုန်း၏ မျက်လုံးများ အရောင်လက်သွားပြီး ပြန်ဖြေလိုက်၏။
“မျက်လုံးနဲ့ပဲ ကြည့်တာပေါ့...”
မူရူရွှဲ့သည် အစပိုင်းတွင် ကြောင်သွားသော်လည်း ယဲ့ဖုန်းက သူမကို နောက်ပြောင်နေမှန်း လျင်မြန်စွာ သဘောပေါက်သွား၏။ သူမ၏ မျက်နှာထားသည် တည်ကြည်လေးနက်သွားလေသည်။
“ဂိုဏ်းချုပ်ယဲ့... ပုံပြင်တစ်ပုဒ် နားထောင်ချင်ပါသလား...”
“ပြောပါ...”
ယဲ့ဖုန်း ခေါင်းညိတ်ပြလိုက်၏။
“တစ်ခါတုန်းက ပါရမီ အရမ်းကောင်းပြီး လူတိုင်း အားကျရတဲ့ လူငယ်လေး တစ်ယောက် ရှိခဲ့တယ်... ဒါပေမဲ့ နောက်ပိုင်းမှာ မျှော်စင်တစ်ခု ပျက်စီးသွားပြီး အဲဒီထဲက မိစ္ဆာသားရဲ ထွက်လာပြီးတော့.. လူငယ်လေးကို သတ်ဖြတ် ဝါးမြိုလိုက်တယ်... လူငယ်လေးမှာ အစ်မတစ်ယောက် ရှိတယ်... သူက ကလဲ့စား ချေချင်ပေမယ့် အဲဒီနောက်ကွယ်က အမှန်တရားကို ပိုပြီး ဖော်ထုတ်ချင်ခဲ့တယ်...”
မူရူရွှဲ့၏ အသံသည် အနည်းငယ် အေးစက်လာလေသည်။
“ဒါပေမဲ့ အမှန်တရားက ပေါ်မလာသေးဘူး... သူ့ရဲ့ ကလဲ့စားချေမယ့် အစီအစဉ်ကလည်း အနှောင့်အယှက်တွေ ကြုံနေရတယ်... ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီမျှော်စင်ရဲ့ နောက်ကွယ်က လူတွေက အင်အားကြီးလွန်းလို့ ဖြိုဖျက်ဖို့ ခက်ခဲနေတာကြောင့်ပဲ...”
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းသည် မူရူရွှဲ့ကို သိနားလည်သော အကြည့်ဖြင့် ကြည့်လိုက်လေသည်။
ပုံပြင်ထဲက ‘မျှော်စင်’ ဆိုသည်မှာ နတ်ဆိုးချုပ်နှောင်မျှော်စင်ကို ရည်ညွှန်းကြောင်း ခန့်မှန်းရန် မခက်ခဲလှပေ။
ပုံပြင်ထဲက ‘အစ်မ’ ဆိုသူမှာ မူရူရွှဲ့ ကိုယ်တိုင်ပင် ဖြစ်ပေလိမ့်မည်။
နတ်ဆိုးချုပ်နှောင်မျှော်စင်ထဲမှ ထွက်လာသော မိစ္ဆာသားရဲ၏ သတ်ဖြတ်ဝါးမြိုခြင်းကို ခံလိုက်ရသော လူငယ်လေးမှာ မူရူရွှဲ့၏ မောင်အရင်း ဖြစ်တန်ရာ၏။
သူမ ဘာကြောင့် ကလဲ့စား မချေနိုင်ရသနည်း ဆိုလျှင်... မူရူရွှဲ့သည် နတ်ဆိုးချုပ်နှောင်မျှော်စင်၏ နောက်ကွယ်ရှိ လူပုဂ္ဂိုလ်ကို ကြောက်ရွံ့နေပုံ ရသည်။
ယဲ့ဖုန်း သိသလောက် ဆိုလျှင် ထိုလူပုဂ္ဂိုလ်မှာ မြင့်မြတ်သော လေဓားဂိုဏ်း၏ မဟာအကြီးအကဲပင် ဖြစ်ချေသည်။
ပိုပြီး တိတိကျကျ ပြောရလျှင် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲနှင့် ဆက်နွယ်နေသော ကျင့်ကြံသူ အဖွဲ့အစည်း တစ်ခုလုံးပင် ဖြစ်သည်။ သူတို့၏ စုစုပေါင်း အင်အားကို မသိရသော်လည်း ဓားကလေး မူရူရွှဲ့ပင် လက်မြှောက်ထားရသည် ဆိုလျှင် သေချာပေါက် ကြောက်မက်ဖွယ် ကောင်းပေလိမ့်မည်။
ထိုအချက်ကို တွေးမိရင်း ယဲ့ဖုန်းက မေးလိုက်၏။
“အဲဒီတော့...”
မူရူရွှဲ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမသည် ပုံပြင်ထဲက ‘အစ်မ’ ဖြစ်ကြောင်း ဝန်ခံလိုက်လေသည်။ သူမ၏ ကလဲ့စားအတွက် နတ်ဆိုးချုပ်နှောင်မျှော်စင် အားလုံးကို ဖျက်ဆီးပစ်ရန် ဆုံးဖြတ်ထားကြောင်း ပြောပြလိုက်၏။
မျှော်စင်နောက်ကွယ်မှ မဟာအကြီးအကဲကိုလည်း အပြစ်ပေးရမည် ဖြစ်သည်။
စကားပြောနေစဉ် သူမ၏ လှပသော မျက်ဝန်းများထဲတွင် အေးစက်သော အလင်းရောင်များ ပြည့်နှက်နေသော်လည်း မျက်နှာထားမှာ တွေဝေနေပုံ ရလေသည်။
“အနာဂတ်မှာ နတ်ဆိုးချုပ်နှောင်မျှော်စင်က ကြီးမားတဲ့ ခြိမ်းခြောက်မှုကြီး ဖြစ်လာမှာ သေချာတယ်... ဒါကြောင့် ဖျက်ဆီးပစ်ရမယ်... ပြီးတော့ နောက်ကွယ်က မဟာအကြီးအကဲကလည်း လူကောင်း မဟုတ်ဘူး... ဒါကြောင့် ဂိုဏ်းချုပ်ယဲ့ရဲ့ အကူအညီကို တောင်းခံချင်ပါတယ်...”
“ကျွန်တော်က ဘာလို့ ကူညီရမှာလဲ...”
ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်၏။
“အဲဒါက မြင့်မြတ်သော လေဓားဂိုဏ်းရဲ့ မဟာအကြီးအကဲ ထိန်းသိမ်းထားတဲ့ မျှော်စင်လေ... ခင်ဗျားတို့ ဂိုဏ်းရဲ့ အတွင်းရေး ကိစ္စပဲ...ကျွန်တော်က တခြားဂိုဏ်းရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့ ဝင်ပါဖို့ မသင့်တော်ဘူး...”
မြင့်မြတ်သော လေဓားဂိုဏ်း၏ မဟာအကြီးအကဲသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်သာ ရှိသေးသည်။
ထိုမျှ စွမ်းအားလောက်ကို ယဲ့ဖုန်း လုံးဝ မမှုပေ။
သို့သော် ပြဿနာက တစ်ဖက်လူသည် မြင့်မြတ်သော လေဓားဂိုဏ်းမှ ဖြစ်နေခြင်းပင်။ မဟာအကြီးအကဲ၏ နောက်ကွယ်တွင် ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်ရှိသော ကျင့်ကြံသူများ ပုန်းအောင်းနေခြင်း ရှိမရှိ မည်သူက အာမခံနိုင်မည်နည်း။
ထို့အပြင် ဤကိစ္စသည် ပိုမို ကြောက်မက်ဖွယ်ကောင်းသော လျှို့ဝှက်ချက်များနှင့် ဆက်နွယ်နေနိုင်သည်။
ထိုအချက်များကို တွေးမိရင်း ယဲ့ဖုန်း၏ မျက်နှာထားသည် လေးနက်တည်ကြည်သွားတော့၏။