အခန်း (၃၁၉-၃၂၁)
Vol. 22 Ch. 319-321
အခန်း (၃၁၉) နတ်ဆိုးချုပ်နှောင်မျှော်စင်၏ လျှို့ဝှက်ချက်၊ ယဲ့ဖုန်း၏ အစီအစဉ်
~ယဲ့ဖုန်း၏ စကားကို ကြားသောအခါ မူရူရွှဲ့သည် စိတ်ပျက်ခြင်းမရှိဘဲ သက်သောင့်သက်သာ ဖြစ်သွားသော အမူအရာကို ပြသလိုက်လေသည်။
“ကျွန်မ ထင်ထားတဲ့အတိုင်းပဲ... ဂိုဏ်းချုပ်ယဲ့က ချက်ချင်း ဝင်မပါဘဲ ဘေးကနေ ရပ်ကြည့်နေမှာပဲ... ဒါမှမဟုတ်ရင်လည်း စောင့်ကြည့်နေမှာပေါ့...”
ဂိတ်တံခါးကို ငေးကြည့်ရင်း မူရူရွှဲ့က ဆက်ပြောလာလေသည်။
“တကယ်တော့ ဒါက မြင့်မြတ်သော လေဓားဂိုဏ်းရဲ့ အတွင်းရေး သက်သက်ပဲ ဆိုရင် ကျွန်မအနေနဲ့ ဂိုဏ်းချုပ်ယဲ့ရဲ့ အကူအညီကို တောင်းစရာ မလိုပါဘူး... ဒါပေမဲ့ လက်တွေ့မှာ အဲဒီလို မဟုတ်နေဘူး...”
သူမသည် မြေပုံတစ်ခုကို ထုတ်ယူလိုက်ပြီး စားပွဲပေါ်တွင် ဖြန့်ခင်းလိုက်လေသည်။
ယဲ့ဖုန်း တစ်ချက် ကြည့်လိုက်ရာ အနီရောင် မျှော်စင်ပုံစံ သင်္ကေတ အများအပြားကို တွေ့လိုက်ရသည်။ ဤမြေပုံသည် မြင့်မြတ်သော လေဓားဂိုဏ်းကို ဗဟိုပြု၍ မိုင် (၈၀၀၀) ပတ်လည် နယ်မြေကို ပုံဖော်ထားခြင်း ဖြစ်သည်။
ယွင်ဟွာတောင်တန်း၊ ရေပေါ်ဖြူမြို့တော်၊ မြူခိုးတောင်ထိပ်နှင့် လုံဝူမြို့တော် တို့သည် ထိုအဝန်းအဝိုင်း အတွင်း၌ ပါဝင်နေကြသည်။
“ဒါတွေက နတ်ဆိုးချုပ်နှောင်မျှော်စင်တွေ တည်ရှိတဲ့ နေရာတွေပဲ... စုစုပေါင်း ရာဂဏန်းလောက် ရှိတယ်...”
မူရူရွှဲ့က လိုရင်းကို တည့်တည့် ပြောလိုက်၏။
“စဉ်းစားကြည့်ပါ... မိုင် (၈၀၀၀) ပတ်လည်မှာ နတ်ဆိုးချုပ်နှောင်မျှော်စင်တွေ တည်ဆောက်ထားတယ် ဆိုတာက မြင့်မြတ်သော လေဓားဂိုဏ်းရဲ့ နယ်မြေကို ကျော်လွန်နေပြီလေ... ဂိုဏ်းချုပ်ယဲ့... ဒါက ပြဿနာ မရှိဘူးလို့ ထင်လား...”
သူမသည် စီးဆင်းနေသော ရေ မြစ် ရှိရာ အရပ်သို့ လက်ညှိုးထိုးပြလိုက်၏။
“ကျွန်မ သိသလောက် ဆိုရင် ဒီနားတစ်ဝိုက်မှာ အသစ်ဆောက်ထားတဲ့ နတ်ဆိုးချုပ်နှောင်မျှော်စင်တွေ အများကြီး ရှိတယ်... ဂိုဏ်းချုပ်ယဲ့ မယုံရင် ကိုယ်တိုင် သွားကြည့်လို့ ရပါတယ်...”
ထိုအခါ၊ ယဲ့ဖုန်းသည် မြေပုံကို ကြည့်ပြီး ပြောလိုက်၏။
“ခင်ဗျား ဆိုလိုတာက နတ်ဆိုးချုပ်နှောင်မျှော်စင်တွေမှာ ပိုပြီး နက်နဲတဲ့ ရည်ရွယ်ချက် ဒါမှမဟုတ် ထောင်ချောက်တစ်ခု ရှိနေပြီး အနာဂတ်မှာ အန္တရာယ် ဖြစ်လာနိုင်တယ် ဆိုတဲ့ သဘောလား...”
“အတိအကျပဲ...”
မူရူရွှဲ့က ခေါင်းညိတ်လိုက်၏။
“ဒါပေမဲ့ လောလောဆယ် ကျွန်တော်တို့မှာ နတ်ဆိုးချုပ်နှောင်မျှော်စင်တွေနဲ့ ပတ်သက်ပြီး ပြဿနာ ရှိကြောင်း သက်သေပြဖို့ အထောက်အထား မလုံလောက်သေးဘူး...ကျွန်တော်.. သံသယ ဝင်နေရင်တောင်မှ သက်သေ မရှိသေးဘူး...”
“ဟုတ်ပါတယ်... သက်သေ မလုံလောက်ပါဘူး... ကျွန်မ ဂိုဏ်းချုပ်ကို အကြိမ်ကြိမ် တင်ပြခဲ့ပေမယ့် သူက နားမထောင်ဘဲ မူလနတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ သီးသန့် ကျင့်ကြံနေတာပဲ စိတ်ဝင်စားနေတယ်...”
မူရူရွှဲ့သည် သက်ပြင်းချကာ ပြောလိုက်လေသည်။
ဂိုဏ်းချုပ် ကိုယ်တိုင်က မဟာအကြီးအကဲဘက်မှ ရပ်တည်နေမှတော့ သူမလို ဓားကလေး တစ်ယောက်အနေဖြင့် ဘာတတ်နိုင်ဦးမည်နည်း။
“အနာဂတ်မှာ ခင်ဗျား.. မြင့်မြတ်သော လေဓားဂိုဏ်းရဲ့ ဂိုဏ်းချုပ် ဖြစ်လာရင် ဒီကိစ္စကို ဖြေရှင်းလို့ မရဘူးလား...”
ဟု ယဲ့ဖုန်းက မေးလိုက်၏။
ထိုအခါ၊ မူရူရွှဲ့က ပြန်လည် မေးခွန်းထုတ်လိုက်၏။
“ကျွန်မရဲ့ ပါရမီကို ကျွန်မ ယုံကြည်ပါတယ်... နှစ်အနည်းငယ် အတွင်းမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့်... ဒါမှမဟုတ် ဝိညာဉ်ပင်လယ် အဆင့်ကို သေချာပေါက် ရောက်နိုင်တယ်... ဂိုဏ်းချုပ် ဖြစ်လာဖို့က မဖြစ်နိုင်တာ မဟုတ်ဘူး... ဒါပေမဲ့ အချိန်မီပါ့မလား...”
သူမ အိမ်မက်ဆိုးတွေ အများကြီး မက်ခဲ့ဖူးသည်။
ထိုအိပ်မက်များထဲတွင် သူမ၏ မောင်လေးသည် သွေးသံရဲရဲဖြင့် သူမကို အကူအညီ တောင်းခံနေလေ့ရှိပြီး သူမကို အပြစ်ရှိသလို ခံစားရစေကာ အချိန်မရှိတော့သလို ခံစားရစေသည်။
နတ်ဆိုးချုပ်နှောင်မျှော်စင်များ၏ အစီအစဉ် ပြီးပြည့်စုံသွားရန် အချိန် သိပ်မလိုတော့ဟု သူမ ယုံကြည်နေ၏။
ထိုအချိန်ရောက်လျှင် မိုင်သောင်းချီ ပတ်လည်ရှိ နယ်မြေများသည် မိစ္ဆာသားရဲများ၏ ဝါးမြိုခြင်းကို ခံရပေလိမ့်မည်။
ထိုအိပ်မက်များ မက်ပြီးနောက်ပိုင်း မူရူရွှဲ့သည် အချိန်၏ အရေးတကြီး လိုအပ်မှုကို ပိုမို ခံစားလာရသည်။
“အခြေအနေကို စောင့်ကြည့်ကြတာပေါ့...” ယဲ့ဖုန်းက ခေါင်းခါလိုက်၏။
“လောလောဆယ် ဘာမှ မမြင်ရသေးဘူး... ပြီးတော့ ကျွန်တော်က နတ်ဆိုးချုပ်နှောင်မျှော်စင် အကြောင်း သိပ်မသိသေးဘူး... နည်းနည်းလောက် ထပ်စဉ်းစားဦးမယ်...”
ထိုအခါ၊ မူရူရွှဲ့သည် မြေပုံကို စားပွဲပေါ်တွင် ထားခဲ့ပြီး ပြောလိုက်၏။
“နတ်ဆိုးချုပ်နှောင်မျှော်စင်ရဲ့ ဇာစ်မြစ်နဲ့ ပတ်သက်ရင်တော့ ရှင်တို့ဂိုဏ်းက အကြီးအကဲ ကုန်းချင်းချိုး ကောင်းကောင်း သိမှာပါ... သူက ပီယွဲ့စံအိမ်ကို တပည့်တွေ ခေါ်ပြီး သွားဖူးတယ်လေ...”
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း ခေတ္တမျှ ကြောင်သွား၏။
နှစ်သစ်ကူးပွဲတော် ကာလအတွင်း ကုန်းချင်းချိုးက တပည့်များကို ဦးဆောင်ပြီး ပီယွဲ့စံအိမ်သို့ သွားရောက်ခဲ့သည်ကို သူ ရုတ်တရက် သတိရလိုက်၏။ သူတို့ ပြန်ရောက်လာကြသော်လည်း အသေးစိတ် အစီရင်ခံခြင်း မရှိခဲ့ပေ။
“ဂိုဏ်းချုပ်ယဲ့... တကယ်လို့ နတ်ဆိုးချုပ်နှောင်မျှော်စင်တွေက ကပ်ဘေး တစ်ခု ဖြစ်လာရင် ရှင် လျစ်လျူရှုထားမှာလား...”
မူရူရွှဲ့သည် ရုတ်တရက် မေးလိုက်ပြီး သူမ၏ မျက်နှာတွင် မကြုံစဖူး လေးနက်မှုများ ပေါ်လာလေသည်။
ထိုသို့မေးမြန်းသည်ကို ကြားရသောအခါ ယဲ့ဖုန်း မျက်ခုံးပင့်လိုက်၏။
‘မေးနေစရာ လိုသေးလို့လား... သေချာပေါက် အရေးယူမှာပေါ့...
ဒါက သူရဲကောင်း ဝိညာဉ်စွမ်းအင်ကို မြှင့်တင်ဖို့နဲ့ ဂိုဏ်းရဲ့ ဂုဏ်သတင်းကို မြှင့်တင်ဖို့ အကောင်းဆုံး အခွင့်အရေးပဲလေ... ဘယ်လိုလုပ် လက်ပိုက် ကြည့်နေလို့ ရမှာလဲ…’
ထိုသို့ တွေးလိုက်ပြီး ယဲ့ဖုန်းသည် လက်များကို နောက်သို့ ပစ်ကာ လေးနက်စွာ ပြောလိုက်၏။
“ဘယ်သူမဆို ဝရုန်းသုန်းကား ဖြစ်အောင် လုပ်ရဲရင် ကျွန်တော်က ပထမဆုံး သနားညှာတာမှု မရှိဘဲ နှိမ်နင်းမယ့်သူပါ...”
ထိုစကားကို ကြားသောအခါ မူရူရွှဲ့ ပြုံးလိုက်လေသည်။
ယဲ့ဖုန်းသည် သူမဘက်မှ ရပ်တည်လိမ့်မည်ဟု သူမ ယုံကြည်လိုက်၏။
ဒါဆို လုံလောက်ပါပြီ။
အဘယ်ကြောင့်ဆိုသော် နတ်ဆိုးချုပ်နှောင်မျှော်စင်များသည် ခြိမ်းခြောက်မှုကြီး တစ်ခု ဖြစ်ကြောင်း သူမ အခိုင်အမာ ယုံကြည်ထားသောကြောင့်ပင်။
ကပ်ဘေး ဆိုက်ရောက်လာသောအခါ ယဲ့ဖုန်းသည် နောက်ဆုံးတွင် သူမဘက်မှ ရပ်တည်ပြီး အတူတကွ တိုက်ပွဲဝင်မည့်သူ ဖြစ်လာပေလိမ့်မည်။
“ဂိုဏ်းချုပ်ယဲ့ဆီက ဒီစကား ကြားရတာ စိတ်အေးရပါတယ်... ဒီမြေပုံကို ထားခဲ့မယ်... သေချာ စဉ်းစားကြည့်ပါ... နှောင့်ယှက်မိတဲ့အတွက် တောင်းပန်ပါတယ်... ကျွန်မ ပြန်ခွင့်ပြုပါဦး...”
မူရူရွှဲ့သည် နှုတ်ဆက်ပြီး ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲမှ ထွက်ခွာသွားလေသည်။
“ဝမ်းကွဲညီမလေး... သွားကြစို့...”
“နေပါဦး... ကျွန်မ ကစားလို့ မဝသေးဘူး...”
မူရူရွှဲ့သည် ရှဉ့်ကလေးများနှင့်အတူ ထင်းရှူးသီး ပစ်တမ်း ကစားနေသော ရှဲ့ကျားရင်ကို အတင်းဆွဲခေါ်ပြီး မြူခိုးဂိုဏ်းမှ ပျံသန်း ထွက်ခွာသွားကြလေတော့၏။
ထိုအချိန်တွင် အကြီးအကဲ ကုန်းချင်းချိုးသည် စာသင်ကြားခြင်း ပြီးဆုံးသွားပြီ ဖြစ်သည်။
သူမသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ဆီသို့ လျှောက်လာပြီး မူရူရွှဲ့နှင့် ရှဲ့ကျားရင် ထွက်ခွာသွားသည်ကို ကြည့်နေမိသည်။ စိတ်ထဲတွင် သံသယများ ရှိနေသော်လည်း ဘာမှ ထုတ်မပြောပေ။
“အကြီးအကဲကုန်း... ခင်ဗျားကို မေးစရာ ရှိလို့...”
“မေးပါ ဂိုဏ်းချုပ်...”
“ပီယွဲ့စံအိမ်မှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေကို ပြောပြပါဦး... အထူးသဖြင့် နတ်ဆိုးချုပ်နှောင်မျှော်စင်ရဲ့ ဇာစ်မြစ်နဲ့ အသေးစိတ် အချက်အလက်တွေကိုပေါ့...”
“ဂိုဏ်းချုပ်... ကျွန်မလည်း အဲဒီကိစ္စကို လာတင်ပြမလို့ပါပဲ...”
ကုန်းချင်းချိုးသည် ရှေးဟောင်း စာအုပ် (၃) အုပ်ကို ထုတ်ယူလိုက်၏။ ၎င်းတို့မှာ ပဉ္စမအဆင့် သိုင်းနည်းစနစ် ‘ချီခြေရာခံခြင်း နည်းစနစ်’၊ အထောက်အကူပြု ကျင့်စဉ် ‘တောက်ပသော ပိုးလက်အိတ်သိုင်း’ နှင့် ဝင်္ကပါငယ် ‘နတ်ဆိုးသတ် ဓားဝင်္ကပါ’ ပုံစာအုပ်တို့ ဖြစ်ကြ၏။
“ဒါတွေက ဒီခရီးစဉ်က ရလာတဲ့ အကျိုးအမြတ်တွေပါ... အသေးစိတ် အချက်အလက်တွေ ကတော့ ဂိုဏ်းချုပ်များစွာ ပူးပေါင်းပြီး ကိုးလွှာ နတ်ဆိုးချုပ်နှောင်မျှော်စင်ကို ထိုးဖောက်ဝင်ရောက်ခဲ့တာ၊ နှစ်တစ်ထောင် ကြာအောင် ချုပ်နှောင်ခံထားရတဲ့ ဂျိုကွေး နတ်ဆိုးဗိုလ်ချုပ်ကို ခေါင်းဖြတ်သတ်ခဲ့တာ၊ နောက်ပိုင်းမှာ မိစ္ဆာချီတွေ ပြောင်းလဲပြီး မျှော်စင်စောင့်ရှောက်သူနဲ့ ပေါင်းစပ်ကာ ကမ္ဘာမြေ နတ်ဆိုးဘုရင် အဖြစ် ပြောင်းလဲသွားတာတွေ ပါဝင်ပါတယ်...”
ကုန်းချင်းချိုးက အသေးစိတ် ရှင်းပြလေသည်။
ယဲ့ဖုန်းသည် နားထောင်ရင်း ခေါင်းညိတ်လိုက်၏။
“ဒါဆို အပြင်က နတ်ဆိုးချုပ်နှောင်မျှော်စင်တွေက ပီယွဲ့စံအိမ်ကနေ မူလ ဆင်းသက်လာတာပေါ့... ဒါပေမဲ့ ကိုးလွှာ နတ်ဆိုးချုပ်နှောင်မျှော်စင် ဘယ်က ရောက်လာသလဲ ဆိုတာကိုတော့ ပီယွဲ့စံအိမ် သခင်တောင် မသိဘူး...”
“ကြည့်ရတာ ဒီကိစ္စရဲ့ နောက်ကွယ်က ကြိုးကိုင်မှုတွေက သေးငယ်မယ့်ပုံ မပေါ်ဘူး...”
ယဲ့ဖုန်းသည် မျက်မှောင်ကြုတ်လျက် တီးတိုး ကောက်ချက်ချ
လိုက်လေသည်။
“ဂိုဏ်းချုပ်... ပြဿနာ ရှိလို့လား...”
သူ မျက်မှောင်ကြုတ်နေသည်ကို မြင်သောအခါ ကုန်းချင်းချိုးက စိုးရိမ်တကြီး မေးလိုက်၏။
“သေချာပေါက် ရှိတာပေါ့...”
ယဲ့ဖုန်းသည် နန်လုတောင်တန်း ရှိရာဘက်သို့ လှမ်းမျှော်ကြည့်လိုက်ပြီး ပြောလိုက်၏။
“နတ်ဆိုးချုပ်နှောင်မျှော်စင်တွေ အများကြီး တည်ဆောက်ထားတယ်... နတ်ဆိုးတွေကို မသတ်ဘဲ ဖမ်းချုပ်ထားတယ်... သူတို့တွေက ကမ္ဘာမြေ နတ်ဆိုးဘုရင်ထက် အဆပေါင်းများစွာ ပိုကြောက်စရာကောင်းတဲ့ မိစ္ဆာသားရဲကြီး တစ်ကောင် ဖြစ်လာအောင် ပေါင်းစပ်ဖို့ ပြင်ဆင်နေကြတာများလား...”
ထိုစကားကို ကြားသောအခါ ကုန်းချင်းချိုး၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွား၏။
အကယ်၍ ဒါသာ အမှန်ဆိုလျှင် မြင့်မြတ်သော လေဓားဂိုဏ်း မဟာအကြီးအကဲ၏ မဟာဗျူဟာသည် အလွန် ကြောက်မက်ဖွယ် ကောင်းလှပြီး တောင်ပိုင်းမြစ်ဝှမ်း ဒေသတစ်ခုလုံးအတွက် ကပ်ဘေးကြီး ဖြစ်လာမှာ သေချာသည်။
“ဂိုဏ်းချုပ်... ကျွန်မတို့ ဘယ်လို ကိုင်တွယ်ကြမလဲ...”
“မလောပါနဲ့... အရင်ဆုံး လူလွှတ်ပြီး အခြေအနေကို စုံစမ်းခိုင်းလိုက်မယ်...”
ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ အစ်ကိုကြီး ခေါင်းပြားနှင့် အခြား နတ်ဆိုးသားရဲများ နတ်ဆိုးသားရဲစင်မြင့်သို့ ပြန်ရောက်နေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ထိုအချိန်တွင် အစ်ကိုကြီး ခေါင်းပြားသည် အစိမ်းရောင် နတ်ဆိုးကြီး၏ အလောင်းကို နင်းလျက် ရှိနေ၏။
"တီ..တီ.. အစ်ကိုကြီး ခေါင်းပြားနဲ့ တခြား နတ်ဆိုးသားရဲ (၈) ကောင်တို့က အလယ်အလတ်အဆင့် အခက်အခဲရှိတဲ့ ‘ရှဲ့ကွမ်းတောင်က နတ်ဆိုးတွေကို ရှင်းလင်းခြင်း’ တာဝန်ကို ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... ဆုလက်ဆောင်တွေ ထုတ်ပေးလိုက်ပါပြီ…”
စနစ်က အသိပေးလာလေခြင်းပါ။
“သွားကြစို့... နတ်ဆိုးသားရဲစင်မြင့်ကို အရင် သွားကြည့်ရအောင်ပါ...”
ယဲ့ဖုန်းသည် ကုန်းချင်းချိုးကို ခေါ်ဆောင်ပြီး ပျံသန်းသွားကာ နတ်ဆိုးသားရဲစင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ပြီး အစ်ကိုကြီး ခေါင်းပြားနှင့် အခြား နတ်ဆိုးသားရဲများ ရှေ့တွင် ရပ်လိုက်၏။
ထိုအချိန်တွင် နတ်ဆိုးသားရဲစင်မြင့်၏ မျက်နှာပြင်ပေါ်၌ ရတနာသေတ္တာ (၈) လုံး လေထဲမှ ပေါ်ထွက်လာပြီး အလိုအလျောက် ပွင့်သွားကာ တစ်လုံးစီတွင် အစ်ကိုကြီး ခေါင်းပြား၊ မြေခွေးတာ့ဟုန်နှင့် အခြား နတ်ဆိုးသားရဲများ၏ အမည်များ ပါရှိလေသည်။
သံလက်သည်း နဂါးလင်းယုန်မှာမူ တာဝန်တွင် မပါဝင်ခဲ့သဖြင့် ဆုလက်ဆောင် မရရှိရှာပေ။
၎င်းသည် မြေပြင်ပေါ်ရှိ ရတနာသေတ္တာများကို ငေးကြည့်ရင်း ခေါင်းငိုက်စိုက် ကျနေရှာသည်။
“အူး... ဒါ ငါ့ရဲ့ ဆုလက်ဆောင်ပဲ...”
မြေခွေးတာ့ဟုန်သည် သေတ္တာထဲမှ အထူးပြုလုပ်ထားသော သံဂေါ်ပြားကြီး တစ်လက်ကို ထုတ်ယူလိုက်ပြီး ဝှေ့ယမ်းလိုက်ရာ လေပြင်းများ တိုက်ခတ်သွားလေသည်။
ဖရုံသီးဝူကွားလည်း စိတ်လှုပ်ရှားသွား၏။
“ငါ့မှာလည်း ဆုလက်ဆောင် ရှိပါလား...”
ဖရုံသီးဝူကွား၏ ဆုလက်ဆောင်မှာ အရောင်စုံ ဝိညာဉ်သဲများ ပြည့်နေသော သစ်သားဇလုံ တစ်ခု ဖြစ်သည်။ သူသည် ထိုအထဲသို့ ဝင်ရောက် မြှုပ်နှံလိုက်ရာ ကျင့်ကြံနှုန်း သိသိသာသာ တိုးတက်လာကြောင်း တွေ့ရှိလိုက်ရသည်။
ခွေးအားဟာသည် ကြေးခေါင်းလောင်း တစ်လုံး ရရှိပြီး လည်ပင်းတွင် ဆွဲထားလိုက်ရာ လှုပ်ရှားတိုင်း တချွင်ချွင် မြည်နေလေသည်။
ဝက်စန်းဖန်သည် သွားကိုးချောင်းပါသော ထွန်ခြစ်တစ်ခု ရရှိလေသည်။
ဖားစစ်ချူသည် ရတနာပုလဲတစ်လုံး ရရှိပြီး ပါးစပ်ထဲတွင် ငုံထားလိုက်၏။ လိုအပ်သောအချိန်တွင် ၎င်းကို ထွေးထုတ်လိုက်ပါက ရန်သူကို ဖမ်းချုပ်နိုင်သော ပိုက်ကွန်ကြီးအဖြစ် ပြောင်းလဲသွားမည် ဖြစ်သည်။
ရွှေရောင်ရှဉ့်လေးသည် သတ္တုလက်အိတ် တစ်စုံ ရရှိလေသည်။
မြေခွေးဖြူလေးသည် ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းပြီး ပြုစုပျိုးထောင်နိုင်သော လခြမ်းကွေး ဓားတစ်လက် ရရှိလေသည်။
အစ်ကိုကြီး ခေါင်းပြားမှာမူ သစ်သားသေတ္တာထဲရှိ အသစ်စက်စက် တိုက်ပွဲဝင် ဝတ်စုံနှင့် ဝတ်စုံပေါ်တွင် တင်ထားသော သစ်သားဘီး တစ်ချောင်းကို ကြည့်ပြီး သွားစွယ်များ ပေါ်အောင် ပြုံးလိုက်လေသည်။
ဝတ်ရုံပါဝင်သော တိုက်ပွဲဝင် ဝတ်စုံသစ်ကို ဝတ်ဆင်ပြီးနောက် အစ်ကိုကြီး ခေါင်းပြားသည် သစ်သားဘီးကို ကောက်ယူလိုက်ပြီး ဆံပင်ကို သေသပ်စွာ ခွဲလိုက်လေတော့၏။
ကုန်းချင်းချိုးသည် ထိုမြင်ကွင်းကို ကြည့်ပြီး ပါးစပ်အဟောင်းသား ဖြစ်နေရရှာသည်။
“မအံ့သြပါနဲ့... နတ်ဆိုးသားရဲစင်မြင့် ဆိုတာ နတ်ဆိုးသားရဲတွေ ကျင့်ကြံဖို့နဲ့ တိုက်ခိုက်ဖို့ သီးသန့် ဒီဇိုင်းဆွဲထားတာလေ... ဂိုဏ်းချုပ်က ရံဖန်ရံခါ သူတို့ကို တာဝန်တွေ ပေးတယ်... ပြီးမြောက်ရင် ဆုလက်ဆောင်တွေ ရတာ သဘာဝပါပဲ...”
ယဲ့ဖုန်းက ရှင်းပြလိုက်၏။
“ဪ... ဒါကြောင့်ကိုး... နတ်ဆိုးသားရဲတွေမှာတောင် တာဝန်တွေ ရှိတယ်... နတ်ဆိုးသားရဲစင်မြင့်ရဲ့ လုပ်ဆောင်ချက်တွေက တကယ် ပြည့်စုံတာပဲ...”
ကုန်းချင်းချိုး မှတ်ချက်ချလိုက်၏။
“အကြီးအကဲကုန်း... ဂိုဏ်းကို ခင်ဗျားလက်ထဲ ခဏ အပ်ထားခဲ့မယ်... ကျွန်တော် အပြင် ခဏ သွားစရာ ရှိလို့ပါ...”
ပြောပြီးသည်နှင့် ယဲ့ဖုန်းသည် ကောင်းကင်ယံသို့ ပျံတက်သွားပြီး တိမ်တိုက်များကြားသို့ တိုးဝင်ကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေတော့၏။
အခန်း (၃၂၀) မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ တာဝန်အသစ်၊ မျှော်စင်တွင် ကျင့်ကြံခြင်း
~“နန်လုတောင်တန်းကို သွားပြန်ပြီလား...”
ကုန်းချင်းချိုးသည် ယဲ့ဖုန်း ထွက်ခွာသွားရာ အရပ်ကို ငေးမောကြည့်ရှုရင်း စိတ်ထဲတွင် ရှုပ်ထွေးနေလေသည်။
ယဲ့ဖုန်းသည် နန်လုတောင်တန်းဘက်သို့ မကြာခဏ လှမ်းကြည့်တတ်သလို ရံဖန်ရံခါလည်း ထိုဘက်သို့ ထွက်ခွာသွားလေ့ ရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ ဤအချက်က သူမ၏ စူးစမ်းလိုစိတ်ကို နိုးဆွလာစေခဲ့သည်။
“ထားလိုက်ပါတော့... ဒါက ဂိုဏ်းချုပ်ရဲ့ ကိစ္စပဲ... အပြင်စည်း အကြီးအကဲ တစ်ယောက် အနေနဲ့ ကိုယ့်အလုပ် ကိုယ်ကောင်းကောင်း လုပ်ရင် လုံလောက်ပါပြီ...”
ကုန်းချင်းချိုးသည် အကြီးအကဲများ ခန်းမဆောင်သို့ ပြန်လာပြီး ကျင့်ကြံခြင်း လုက်ငန်းစဉ်ကို စတင်လိုက်လေသည်။
နန်လုတောင်တန်း...
နတ်ဆိုးသခင်၏ ဗိမာန် အတွင်း၌...
ယဲ့ဖုန်းသည် ထိုင်ခုံပေါ်တွင် ထိုင်နေပြီး အလှမယ်လေးများကို ပွေ့ဖက်ထားသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို ကြည့်ကာ ချောင်းဟန့်လိုက်တော့၏။
“ဟေ... ဂိုဏ်းချုပ်...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် လန့်ဖျပ်သွားပြီး ထိုင်ခုံပေါ်မှ ပြုတ်ကျတော့မတတ် ဖြစ်သွား၏။
သူသည် အလှမယ်လေးများကို အလျင်အမြန် မောင်းထုတ်လိုက်ပြီး မျက်နှာချိုသွေးကာ မေးလိုက်လေသည်။
“ဂိုဏ်းချုပ်... အကြောင်းမရှိဘဲ ရတနာသုံးပါး ကျောင်းဆောင်ကို လာလေ့ မရှိပါဘူး... ကျွန်တော့်ကို ခိုင်းစရာ ရှိလို့လား...”
“မင်းကတော့ စကားပြော ကောင်းတုန်းပဲ...”
ယဲ့ဖုန်းက ရယ်မောရင်း ဆူပူလိုက်၏။
“ဂိုဏ်းချုပ်... ခိုင်းစရာ ရှိရင် ခိုင်းပါ... လုပ်နိုင်သရွေ့တော့ ကျွန်တော် သေချာပေါက် ကြိုးစားမှာပါ... ဆုလက်ဆောင် အနေနဲ့ ဝိညာဉ်သွေး (၁၀) စက်၊ (၈) စက်လောက် ဆိုရင် လုံလောက်ပါတယ်...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က တဟီးဟီး ရယ်မောရင်း ပြောလိုက်၏။
“ဟား... မင်းကတော့ လိုချင်တာ များနေပြီ...”
ယဲ့ဖုန်းသည် မျက်လုံးလှန်ပြလိုက်ပြီး လက်ကို မြှောက်ကာ လက်ဝါးပေါ်တွင် ဝိညာဉ်သွေး (၂) စက်နှင့် သွေးကြောသန့်စင်ဆေးလုံး (၁၀) လုံးကို ပြသလိုက်လေသည်။
“ဒါတွေက မင်းအတွက် ကြိုတင်ပေးထားတဲ့ ဆုလက်ဆောင်တွေပဲ... ဒါပေမဲ့ တာဝန်ကို သေချာ မလုပ်ဘူး ဆိုရင်တော့... ဟဲဟဲ... မင်းကို ဝိညာဉ်သွေး အဖြစ် ကျိုချက်ပစ်မယ်...”
ယဲ့ဖုန်းက ခြိမ်းခြောက်လိုက်၏။
“အမလေး...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး အလျင်အမြန် ကတိပေးလိုက်လေသည်။
“ဂိုဏ်းချုပ်... စိတ်ချပါ... ကျွန်တော်က အလုပ်ဆိုရင် ပြီးမြောက်အောင် လုပ်တဲ့ ကောင်ပါ...”
ယဲ့ဖုန်းသည် ဝိညာဉ်သွေးများကို မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်ထဲသို့ လွှဲပြောင်းပေးလိုက်ပြီး ကျောက်စိမ်းဖြူ စားပွဲပေါ်တွင် မြေပုံတစ်ချပ် ဖြန့်ခင်းလိုက်လေသည်။
“ဒါက နတ်ဆိုးချုပ်နှောင်မျှော်စင်နဲ့ ပတ်သက်တဲ့ မြေပုံပဲ... မင်း အပြင်ထွက်ပြီး စစ်ဆေးကြည့်... တောင်ပိုင်းမြစ်ဝှမ်း ဒေသတစ်ခုလုံးမှာ နတ်ဆိုးချုပ်နှောင်မျှော်စင် ဘယ်လောက် ကျန်သေးလဲ ဆိုတာ ရှာဖွေပြီး သူတို့ရဲ့ တည်နေရာတွေကို မှတ်တမ်းတင်ခဲ့...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် မြေပုံကို ကြည့်လိုက်ပြီး ခေါင်းညိတ်ကာ စီးဆင်းနေသော ရေမြစ် ရှိရာ အရပ်သို့ လက်ညှိုးထိုးပြလိုက်သည်။
“ကျွန်တော်တို့ အနီးနား မိုင် (၁၀၀) ပတ်လည်မှာတင် နတ်ဆိုးချုပ်နှောင်မျှော်စင် အများကြီး ရှိနေပြီ... တချို့ဆိုရင် အသစ်ဆောက်ထားတာ...”
“ဟေ...”
ယဲ့ဖုန်း စိတ်ဝင်စားသွား၏။
“ဟုတ်တယ်... မကြာသေးခင်က ကျွန်တော် အဖော်မလေးတွေနဲ့ အပြင်ထွက် လမ်းလျှောက်ရင်း နတ်ဆိုးချုပ်နှောင်မျှော်စင်ကို တွေ့ခဲ့တယ်... ဪ... ပြီးတော့ လီဟန်ရှောင်နဲ့ ဝူတယ် ဆိုတဲ့ ကောင်စုတ်လေး နှစ်ကောင်ကိုလည်း တွေ့ခဲ့သေးတယ်... သူတို့က မျှော်စင်ကို စောင့်ကြပ်နေတာ ထင်တယ်... သူတို့ ကြည့်ရတာ အရင်ကထက် ပိုပြီး မြူးကြွနေသလိုပဲ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က အရေးကြီးသော သတင်းတစ်ခုကို ထုတ်ဖော်ပြောကြားလိုက်လေသည်။
ထိုစကားကို ကြားသောအခါ ယဲ့ဖုန်းသည် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်လေသည်။
“လီဟန်ရှောင်... ဝူတယ်... ဒီကောင်နှစ်ကောင်ကတော့ ပြဿနာ ရှာတတ်တုန်းပဲ... နှမြောစရာ ကောင်းတာက သူတို့က လမ်းမှားပေါ် ရောက်နေတာပဲ... ဘယ်လောက် ကြိုးစားကြိုးစား အချည်းနှီး ဖြစ်မှာ သေချာတယ်...”
ယဲ့ဖုန်းသည် တွေးတောဆင်ခြင်စွာ ပြောလိုက်ပြီး မြေပုံကို ထားခဲ့ကာ ငွေရောင်အလင်းတန်း တစ်ချက်အဖြစ် ပျောက်ကွယ်သွားလေသည်။ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်မှာ လန့်ဖျပ်သွားရရှာသည်။
“ဘုရားရေ... ချက်ချင်း ပျောက်သွားတာပဲ...”
“ဂိုဏ်းချုပ် ဆိုတဲ့အတိုင်း တကယ်ကို ခန့်မှန်းရ ခက်တာပဲ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် မြေပုံကို သိမ်းဆည်းလိုက်ပြီး သူ၏ အဖော်မလေးများ ရှိရာ အခန်းသို့ လှမ်းကြည့်လိုက်လေသည်။ အရင်ဆုံး ပျော်ပါးလိုက်ဦးမည်။ ပြီးမှ တာဝန်ထမ်းဆောင်ရန် ထွက်ခွာတော့မည်ဟု ဆုံးဖြတ်လိုက်၏။
အဘယ်ကြောင့်ဆိုသော် တာဝန်ထွက်သွားပြီးလျှင် မည်သည့်အချိန်မှ ပြန်လာရမည်ကို မသိနိုင်သောကြောင့်ပင်။
...
ယဲ့ဖုန်းသည် လေဝိညာဉ်ပုလဲကို ထုတ်ယူလိုက်၏။
ဤပစ္စည်းသည် သူရဲကောင်း ဝိညာဉ်စွမ်းအင်အတွက် သိုလှောင်ရာနေရာ ဖြစ်သည်။ သူရဲကောင်း ဝိညာဉ်စွမ်းအင်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဋ္ဌမအဆင့်သို့ ရောက်ရှိလာပြီ ဖြစ်သဖြင့် လေဝိညာဉ်ပုလဲ၏ စွမ်းရည်များသည်လည်း များစွာ တိုးတက်လာခဲ့ပြီး အတွင်းရှိ လေဓာတ် ဝိညာဉ်စွမ်းအင်များသည် ပိုမို အားကောင်းလာလေသည်။
"ဝှီး..."လေဓာတ် ဝိညာဉ်စွမ်းအင် တစ်စွန်းတစ်စ ပျောက်ကွယ်သွား၏။
ယဲ့ဖုန်းလည်း အတူတကွ ပျောက်ကွယ်သွားတော့သည်။
သူ့တွင် ဝိညာဉ်စွမ်းအား မရှိသဖြင့် သိုင်းနည်းစနစ်များကို အသုံးမပြုနိုင်ပေ။
သို့သော် လေဓာတ် ဝိညာဉ်စွမ်းအင်သည် ဘက်စုံသုံး ကိရိယာတစ်ခုနှင့် တူပြီး နည်းလမ်းအမျိုးမျိုးဖြင့် အသုံးပြုနိုင်သည်။ ဥပမာအားဖြင့် ယခုအချိန်တွင် ၎င်းသည် ယဲ့ဖုန်းကို ကိုယ်ပျောက်အခြေအနေသို့ ရောက်ရှိစေရန် ကူညီပေးနိုင်ပြီး (၆) နာရီတိတိ ကြာရှည်ခံပါ၏။
တောင်ကြားတစ်ခု အတွင်း...
ယဲ့ဖုန်း မြေပြင်ပေါ်သို့ ဆင်းသက်လိုက်၏။
မော့ကြည့်လိုက်ရာ တောင်ကြားထဲတွင် ကျောက်မျှော်စင် တစ်ခုကို တွေ့လိုက်ရသည်။ ထိုမျှော်စင်ကို သံကြိုး (၅) ချောင်းဖြင့် ရစ်ပတ်ထားပြီး အတွင်းတွင် အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အဆင့်ရှိသော နတ်ဆိုးသားရဲ တစ်ကောင်ကို ချုပ်နှောင်ထားလေသည်။
ဒါက နတ်ဆိုးချုပ်နှောင်မျှော်စင်ပင်...။
ကျောက်မျှော်စင် အနီးတွင် အခြားသော အဆောက်အအုံများစွာ ရှိလေသည်။ လီဟန်ရှောင်နှင့် ဝူတယ်တို့သည် ထိုအထဲမှ တစ်ခုတွင် နေထိုင်ကြသည်။ ခြံဝန်းထဲတွင် သူတို့ ငွေပေးငှားရမ်းထားသော အစေခံမလေးများနှင့် အစောင့်များစွာ ရှိနေလေသည်။
“အဟေး... ဒီနေ့ကစပြီး ငါတို့က ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ အဖွဲ့ဝင်တွေ ဖြစ်သွားပြီကွ... စောင့်ရှောက်သူ ဘယ်တော့ လာစစ်ဆေးမလဲ မသိဘူး...”
လီဟန်ရှောင်သည် ကုလားထိုင်ပေါ်တွင် ထိုင်လျက် အချောအလှ အစေခံမလေးများ၏ ပြုစုမှုကို ခံယူရင်း ပြောလိုက်လေသည်။
ဘေးခန်းရှိ နေပူခံ ကုလားထိုင်ပေါ်တွင် လဲလျောင်းနေသော ဝူတယ်က ဝိညာဉ်သစ်သီး တစ်လုံးကို စားရင်း ပြန်ပြောလိုက်၏။
“စောင့်ရှောက်သူ မလာတာ အကောင်းဆုံးပဲဟ... ကြည့်စမ်း... အခုဆိုရင် ငါတို့က ဒီနေရာရဲ့ ဘုရင်တွေ ဖြစ်နေပြီ... ဘယ်လောက် လွတ်လပ်လိုက်သလဲ...”
“ဟုတ်ပါ့ကွာ...”
လီဟန်ရှောင်က တခွီးခွီး ရယ်ချလိုက်လေသည်။
သူတို့နှစ်ဦး၏ ပြောစကားများကို နားထောင်ရင်း ယဲ့ဖုန်း အတွေးနက်သွားရသည်။
ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း...
စောင့်ရှောက်သူ...
ကြည့်ရတာ နတ်ဆိုးချုပ်နှောင်မျှော်စင်ရဲ့ နောက်ကွယ်က ကိစ္စတွေက သာမန် မဟုတ်ဘူးပဲ...
ပီယွဲ့စံအိမ်တွင် မြေကမ္ဘာ နတ်ဆိုးဘုရင် သောင်းကျန်းခဲ့ပုံနှင့် မူရူရွှဲ့၏ စကားများကို ပေါင်းစပ် စဉ်းစားကြည့်လိုက်သောအခါ မြင့်မြတ်သော လေဓားဂိုဏ်း၏ မဟာအကြီးအကဲနှင့် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း စောင့်ရှောက်သူတို့ကြားတွင် ဆက်နွယ်မှု ရှိနေမည်ဟု ယဲ့ဖုန်း ယုံကြည်လိုက်၏။
ထို့အပြင် နတ်ဆိုးချုပ်နှောင်မျှော်စင်၏ နောက်ကွယ်တွင် ကြီးမားသော လျှို့ဝှက်ချက်များ ရှိနေဦးမည် ဖြစ်သည်။
သို့သော် ပိုမို နက်ရှိုင်းစွာ တွေးတောလေ ယဲ့ဖုန်း ပိုမို ဇဝေဇဝါ ဖြစ်လေလေပင်။
“တကယ်လို့ နတ်ဆိုးချုပ်နှောင်မျှော်စင်ရဲ့ နောက်ကွယ်မှာ အကြီးစား အန္တရာယ်ကြီး ရှိနေတယ် ဆိုရင် မြင့်မြတ်သော လေဓားဂိုဏ်းချုပ်၊ မဟာအကြီးအကဲနဲ့ အခြားသော ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်တွေက သတိမထားမိဘဲ နေမှာ မဟုတ်ဘူး...”
“ဒါပေမဲ့ အခုထိ သူတို့ ဘာမှ မလှုပ်ရှားကြသေးဘူး... ကြည့်ရတာ ကိစ္စတွေက မူရူရွှဲ့ ပြောသလောက် ရိုးရှင်းမယ့်ပုံ မပေါ်ဘူး...”
ထိုသို့ တွေးတောရင်း ယဲ့ဖုန်းသည် တောင်ကြားမှ ထွက်ခွာသွားလေသည်။
နေ့ဝက်ခန့် ကြာပြီးနောက်...
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ရေချိုးပြီး အဝတ်အစားသစ်များ လဲလှယ်ကာ နတ်ဆိုးသခင် ဗိမာန်အတွင်းရှိ အဖော်မလေးများကို ကျေနပ်အားရစွာ ကြည့်ရှုလိုက်လေသည်။ ထို့နောက် သူသည် ကောက်ကျစ်စွာ ရယ်မောလိုက်ပြီး မြေပုံကို ယူကာ အလင်းငွေ့တစ်တန်းအဖြစ် ပြောင်းလဲပြီး လွင့်မျော ထွက်ခွာသွားလေတော့၏။
ယဲ့ဖုန်း ပေးအပ်ထားသော တာဝန်ကို ပေါ့ပေါ့တန်တန် သဘောထားရဲခြင်း မရှိပေ။
ကောင်းကင်ယံ၌...
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တိမ်ဖြူတစ်စ အဖြစ် ပြောင်းလဲလိုက်ပြီး လေနှင့်အတူ လွင့်မျောကာ အောက်ဘက်ရှိ မြေပြင်ကို စိတ်အားထက်သန်စွာ စူးစမ်းလေ့လာနေလေသည်။ သူ တွေ့ရှိသမျှ နတ်ဆိုးချုပ်နှောင်မျှော်စင်များကို မြေပုံပေါ်တွင် မှတ်သားထားပြီး အကြမ်းဖျင်း အခြေအနေများကို မှတ်တမ်းတင်ထားလေသည်။
“ဒီနတ်ဆိုးချုပ်နှောင်မျှော်စင်ထဲမှာ အဆင့်မြင့် နတ်ဆိုးစစ်သည်တော် တစ်ကောင် ရှိတယ်...”
“ဒီမျှော်စင်ကို ကျင့်ကြံသူ (၃) ယောက် စောင့်ကြပ်နေတယ်...”
“ဒီမျှော်စင်နားမှာ အပျော်အိမ် တစ်ခု ရှိတယ်... အချိန်ရရင် သွားလည်ဦးမှ...”
“...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် မရပ်မနား မှတ်တမ်းတင်နေလေသည်။
ရက်အနည်းငယ် ကြာပြီးနောက်...
မြူခိုးတောင်ထိပ်...
ကုန်းချင်းချိုးသည် ရှေးဟောင်းစာအုပ်များကို ချထားလိုက်ပြီး ချီကျင့်ကြံခြင်း အဆင့်သို့ ရောက်ရှိလာကြသော ဒုတိယမျိုးဆက် တပည့်များကို ကြည့်ကာ ပြုံးလိုက်လေသည်။
“မင်းတို့ရဲ့ ကျင့်ကြံဆင့်တွေက အနည်းဆုံး ချီကျင့်ကြံခြင်း ပထမအဆင့်ကို ရောက်နေကြပြီ... အများစုက ဒုတိယ သို့မဟုတ် တတိယအဆင့်တွေ ဖြစ်နေကြပြီး တချို့ဆိုရင် ပဉ္စမအဆင့် အထွတ်အထိပ်ကိုတောင် ရောက်နေကြပြီ... မဆိုးဘူး...”
“ကဲ... မင်းတို့ လွတ်လွတ်လပ်လပ် ဆက်ပြီး ကျင့်ကြံကြပေတော့...”
ပြောပြီးသည်နှင့် ကုန်းချင်းချိုးသည် ဖြည်းညှင်းစွာ ထွက်ခွာသွားလေသည်။
ရွှီတာလေ့ မတ်တတ်ရပ်လိုက်၏။ သူ၏ ခန္ဓာကိုယ်ထဲတွင် ချီကျင့်ကြံခြင်း စတုတ္ထအဆင့် အထွတ်အထိပ် စွမ်းအားများကို ခံစားလိုက်ရပြီး လက်သီးကို မဆုပ်ဘဲ မနေနိုင်အောင် ဖြစ်သွားလေသည်။
သူ့ဘေးတွင် မူစီစီ ရှိလေသည်။ သူမသည် ချီကျင့်ကြံခြင်း ပဉ္စမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသော ဒုတိယမျိုးဆက် တပည့် ဖြစ်သည်။
သူတို့နှစ်ဦးစလုံးသည် ကျင့်ကြံရေးတောင်ထိပ်ရှိ ကျင့်ကြံရေးမျှော်စင်ကို လှမ်းမျှော်ကြည့်လိုက်ကြပြီး ထိုနေရာသို့ သွားရောက်ရန် ဆန္ဒပြင်းပြနေကြတော့သည်။
“အကြီးအကဲက ပြောတယ်... ချီကျင့်ကြံခြင်း စတုတ္ထအဆင့် ရောက်ရင် ကျင့်ကြံရေးမျှော်စင်ကို သွားလို့ ရပြီတဲ့... ဂျူနီယာညီမမူ... ငါတို့ သွားကြည့်ကြမလား...”
ဟု ရွှီတာလေ့က မေးလိုက်၏။
“သွားတာပေါ့...”
မူစီစီလည်း ထိုရည်ရွယ်ချက် ရှိနေလေသည်။
"ဝှစ်..."
သူတို့နှစ်ဦးသည် အစပျိုးအဆင့် ‘ကိုယ်ဖော့ပညာ’ ကို ပြိုင်တူ အသုံးပြုလိုက်ကြပြီး ကျင့်ကြံရေးတောင်ထိပ်ဆီသို့ ခုန်ပျံကျော်လွှား သွားရောက်ကြလေသည်။
မျှော်စင်အောက်ခြေသို့ ရောက်သောအခါ သူတို့ မော့ကြည့်လိုက်ကြသည်။ ကျင့်ကြံရေးမျှော်စင်သည် အဝေးက မြင်ရသည်ထက် ပိုမို ခမ်းနားထည်ဝါပြီး လွှမ်းမိုးနိုင်စွမ်း ရှိလေသည်။
ရှေးဟောင်းဆန်ပြီး နက်ရှိုင်းသော အရှိန်အဝါသည် ရင်ဆိုင်ရသူကို တောင့်တစိတ် ဖြစ်ပေါ်စေလေသည်။
မကြာမီ သူတို့နှစ်ဦး ပထမထပ်သို့ ဝင်ရောက်သွားကြသည်။
"ဘုန်း.."
“အား... နာလိုက်တာ...”
အမည်းရောင် ဒယ်အိုးကြီးကို ကျောပိုးထားသော ပုံရိပ်တစ်ခုသည် ကျင့်ကြံရေးမျှော်စင် ဒုတိယထပ်မှ လိမ့်ကျလာပြီး ကြမ်းပြင်ပေါ်သို့ အရှိန်ပြင်းပြင်း ပြုတ်ကျသွားကာ နာကျင်စွာ အော်ဟစ်လိုက်လေသည်။
“စီနီယာအစ်ကိုဝမ်...”
မူစီစီနှင့် ရွှီတာလေ့တို့သည် ဝမ်ဖင်းအန်းကို အလျင်အမြန် ထူပေးလိုက်ကြသည်။
“ဘာဖြစ်တာလဲ... ဟေ... စီနီယာအစ်ကိုက မတွေ့တာ ရက်ပိုင်းပဲ ရှိသေးတယ်... ချီကျင့်ကြံခြင်း ဆဋ္ဌမအဆင့် ရောက်သွားပြီလား...”
သူတို့နှစ်ဦး အံ့သြသွားကြသည်။
လွန်ခဲ့သော ရက်အနည်းငယ်က ဝမ်ဖင်းအန်းသည် ချီကျင့်ကြံခြင်း တတိယအဆင့်သာ ရှိသေးသည်။
ထိုအချိန်က သူတို့သည် ဒုတိယမျိုးဆက် တပည့်များ ဖြစ်သော်လည်း နောက်ဆုံးအဆင့် ပထမမျိုးဆက် တပည့်များနှင့် ယှဉ်ပြိုင်နိုင်သေးသည်ဟု ခံစားခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ သူတို့ ပါးစပ်အဟောင်းသား ဖြစ်သွားကြရတော့၏။
တစ်ချိန်က အဆင့်အနိမ့်ဆုံး ပထမမျိုးဆက် တပည့်ဖြစ်ခဲ့သော ဝမ်ဖင်းအန်းသည် ချီကျင့်ကြံခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်ကာ သူတို့ကို ကျော်တက်သွားခဲ့တော့၏။
“စီနီယာအစ်ကို... ကျင့်ကြံရေးမျှော်စင်ထဲမှာ ဘာတွေများ ဖြစ်ခဲ့လို့လဲ...”
ရွှီတာလေ့နှင့် မူစီစီ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေလေတော့၏။
အခန်း (၃၂၁) ဆက်တိုက်အဆင့်တက်ခြင်းနှင့် ကျင့်ကြံရေးမျှော်စင်၏ အစွမ်း
~“ဟေ...”
ဝမ်ဖင်းအန်းသည် တင်ပါးကို ပွတ်သပ်ရင်း ခေါင်းမော့ကြည့်လိုက်ရာ ဒုတိယမျိုးဆက် ဂျူနီယာညီနှင့် ဂျူနီယာညီမ နှစ်ဦးကို တွေ့လိုက်ရသည်။
“ဘာမေးလိုက်တာလဲ...”
“စီနီယာအစ်ကိုကြီး... အစ်ကိုကြီးရဲ့ ကျင့်ကြံဆင့်က ဘာလို့ ဒီလောက်တောင် မြန်မြန် တိုးတက်လာတာလဲလို့ မေးနေတာပါ...”
ရွှီတာလေ့က လေးနက်စွာ မေးမြန်းလိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ် အတွင်းတွင် သူသည် ချီကျင့်ကြံခြင်း စတုတ္ထအဆင့်မှ စတုတ္ထအဆင့် အထွတ်အထိပ်သို့သာ တက်လှမ်းနိုင်ခဲ့သည်။ သို့သော် ဝမ်ဖင်းအန်းသည် တတိယအဆင့်မှ ဆဋ္ဌမအဆင့်သို့ ခုန်ပျံကျော်လွှား ရောက်ရှိသွားသည်မှာ လုံးဝ မယုံနိုင်စရာပင်။
မူစီစီလည်း အလွန်အမင်း တုန်လှုပ်နေမိလေသည်။
“ဟာ... ငါ ဒီလောက်တောင် အဆင့်တက်သွားတာလား...”
ဝမ်ဖင်းအန်း ခေတ္တမျှ ကြောင်သွားပြီး သူ၏ ကျင့်ကြံဆင့်ကို အလျင်အမြန် စစ်ဆေးကြည့်လိုက်ရာ ချီကျင့်ကြံခြင်း ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားတော့၏။
ထိုစကားကို ကြားသောအခါ ဒုတိယမျိုးဆက် တပည့်နှစ်ဦးမှာ ပို၍ပင် ပါးစပ်အဟောင်းသား ဖြစ်သွားကြရသည်။
ဝမ်ဖင်းအန်း ကိုယ်တိုင်တောင် သူ အဆင့်တက်သွားမှန်း မသိဘူးတဲ့လား...
ဒါဆို သူ ဘာတွေများ ကြုံတွေ့ခဲ့ရတာလဲ...
ကျင့်ကြံရေးမျှော်စင်ကြောင့်များလား...
ထိုအတွေး ဝင်လာသည်နှင့် တပြိုင်နက် သူတို့နှစ်ဦးသည် ကျင့်ကြံရေးမျှော်စင် အတွင်းသို့ ဝင်ရောက်လိုစိတ်များ ပိုမို ပြင်းပြလာတော့၏။
“စီနီယာအစ်ကိုကြီး... ကျင့်ကြံရေးမျှော်စင်ရဲ့ အဓိက လုပ်ဆောင်ချက်တွေနဲ့ အကျိုးသက်ရောက်မှုတွေကို ပြောပြပေးပါလား...”
ရွှီတာလေ့က တောင်းဆိုလိုက်၏။
“ကျင့်ကြံရေးမျှော်စင်မှာ အထပ် (၇) ထပ် ရှိတယ်... ပထမထပ်မှာ ဝိညာဉ်စုစည်းခြင်း ဝင်္ကပါ ရှိလို့ ကျင့်ကြံနှုန်း အရမ်းမြန်တယ်... ဒါပေမဲ့ အဲဒါက အဓိက အချက် မဟုတ်သေးဘူး...”
ဝမ်ဖင်းအန်းက စတင် ရှင်းပြလေသည်။
“ကျင့်ကြံနှုန်း မြန်တာတောင် အဓိက မဟုတ်သေးဘူး ဟုတ်လား... ဒါဆို ဒုတိယထပ်နဲ့ အပေါ်ထပ်တွေမှာ ပိုပြီး အံ့ဖွယ်ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေသေးတာလား...”
ရွှီတာလေ့ ပိုပြီး အံ့သြသွားလေသည်။
ဝမ်ဖင်းအန်းက ခေါင်းညိတ်လိုက်ကာ၊
“အစ်ကို မှတ်မိသလောက် ဂိုဏ်းချုပ်ဦးလေး ပြောဖူးတာက ကျင့်ကြံရေးမျှော်စင်ရဲ့ ဒုတိယထပ်ကနေ ဆဋ္ဌမထပ် အထိ ဆွဲငင်အားနယ်မြေ၊ ဉာဏ်အလင်းပွင့်နယ်မြေ၊ တိုက်ခိုက်ရေးနယ်မြေ၊ စိတ်ကူးယဉ်ကမ္ဘာနယ်မြေနဲ့ အခွင့်အရေးနယ်မြေ ဆိုပြီး နယ်ပယ်ကြီး (၅) ခု ရှိတယ်တဲ့...”
“အဲဒါတော့ ကျွန်တော်တို့ သိပါတယ်... ဒါပေမဲ့ ဘယ်လို အသုံးပြုရမလဲ ဆိုတာ မသိဘူး ဖြစ်နေတာပါ...”
ရွှီတာလေ့က စိတ်ဝင်တစား ထပ်မေးလိုက်၏။
ဝမ်ဖင်းအန်းသည် အတွေးများကို စုစည်းလိုက်ပြီး ရှင်းပြလေသည်။
“ဆွဲငင်အားနယ်မြေမှာ ကွင်း (၁၀) ကွင်း ရှိတယ်... ဆွဲငင်အားက တစ်ဆ၊ နှစ်ဆ ကနေ အဆတစ်ရာ အထိ တိုးသွားတယ်...”
“ဆွဲငင်အားနယ်မြေမှာ ကျင့်ကြံတဲ့အခါ ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုနှုန်းက အရမ်းမြန်တယ်... စွမ်းအင် ကုန်သွားတာနဲ့ မမြင်ရတဲ့ စွမ်းအားတစ်ခုက မင်းကို ပထမထပ်ဆီ တွန်းချလိုက်လိမ့်မယ်...”
“ဝိညာဉ်စွမ်းအင် ပေါကြွယ်ဝတဲ့ ပထမထပ်မှာ စွမ်းအင် ပြန်ဖြည့်ပြီးတာနဲ့ ဆွဲငင်အားနယ်မြေကို ပြန်တက်ပြီး လေ့ကျင့်လို့ ရတယ်...”
“ဒီလုပ်ငန်းစဉ်ကို ထပ်ခါထပ်ခါ လုပ်ခြင်းအားဖြင့် ကျင့်ကြံနှုန်းက အပြင်မှာထက် အများကြီး ပိုမြန်လာတာပေါ့... ငါတောင် မသိလိုက်ဘဲ ချီကျင့်ကြံခြင်း ဆဋ္ဌမအဆင့် ရောက်သွားတာ...”
“ဒါပေမဲ့ ပထမမျိုးဆက် ဂိုဏ်းသားတွေထဲမှာ ငါ့ရဲ့ ကျင့်ကြံဆင့်က အနိမ့်ဆုံး ဖြစ်နေတုန်းပါပဲကွာ...”
ထိုအကြောင်း ပြောလိုက်သောအခါ ဝမ်ဖင်းအန်း စိတ်မကောင်း ဖြစ်သွားမိသည်။
အရင်တုန်းက ယွီဆုနှင့် ယွီဝေတို့သည်လည်း ချီကျင့်ကြံခြင်း တတိယအဆင့်သာ ရှိခဲ့သော်လည်း ယခုအခါ ထိုညီအစ်မနှစ်ယောက်သည် ဆဋ္ဌမအဆင့်ကို ချိုးဖောက်ပြီး သတ္တမအဆင့်သို့ပင် နီးကပ်နေကြပြီ ဖြစ်သည်။
“ဪ... ဒါကြောင့်ကိုး... ကျင့်ကြံရေးမျှော်စင်ရဲ့ အကူအညီနဲ့ ဆိုရင် အမြန် အဆင့်တက်နိုင်တာပဲနော်...”
မူစီစီသည် လက်သီး ကလေးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စမ်းသပ်ကြည့်ချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာလေသည်။
ပိုမို တည်ငြိမ်သော ရွှီတာလေ့က “ဒါဆို အပေါ်ထပ်က ဉာဏ်အလင်းပွင့်နယ်မြေကရော ဘယ်လိုမျိုးလဲ...”
ဟု ထပ်မံ တီးခေါက်လိုက်သည်။
“အဲဒါတော့ ငါလည်း နားမလည်ဘူး... ငါ ဒုတိယထပ်တောင် မရောက်ဖူးသေးဘူးလေ... ပြီးတော့ ဒုတိယထပ်ကို ရောက်သွားတဲ့ စီနီယာအစ်ကို၊ အစ်မတွေကလည်း ပြန်မဆင်းလာကြသေးတော့ ဘာတွေ ဖြစ်ပျက်နေလဲ ဆိုတာ ငါ မသိဘူး...”
ဝမ်ဖင်းအန်း ခေါင်းခါလိုက်၏။
“ဘာလို့ ဒုတိယထပ်ကို မသွားတာလဲ...”
သူတို့နှစ်ဦး စပ်စုလိုက်ကြသည်။
“ဘာလို့လဲ ဆိုတော့ ဆယ်ဆ ဆွဲငင်အားနယ်မြေထဲမှာ နာရီဝက်လောက် တောင့်ခံနိုင်မှ ဒုတိယထပ်ကို တက်ခွင့် ရမှာမို့လို့လေ... ပြောရရင် အသွင်တစ်ဝက်ပြောင်း နတ်ဆိုးသားရဲလောက် ခွန်အား ရှိမှ ဒုတိယထပ်ကို တက်လို့ ရမှာ...”
အသွင်တစ်ဝက်ပြောင်း နတ်ဆိုးသားရဲ အဆင့်လောက် ရှိမှ ဒုတိယထပ်ကို တက်လို့ရမယ် တဲ့လား...
ဝမ်ဖင်းအန်း၏ ရှင်းပြချက်သည် သူတို့နှစ်ဦး၏ စိတ်ကူးယဉ် အိပ်မက်များကို ရိုက်ချိုးလိုက်သကဲ့သို့ ဖြစ်သွားစေသည်။
“ထားလိုက်ပါတော့... ငါ ဝိညာဉ်စွမ်းအင် ပြန်ဖြည့်ပြီး ဆွဲငင်အားနယ်မြေကို ပြန်သွားဦးမယ်...”
ဝမ်ဖင်းအန်းသည် လျင်မြန်စွာ တင်ပျဉ်ခွေထိုင်ပြီး ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။
သူသည် ဤကဲ့သို့ မြန်ဆန်စွာ ကျင့်ကြံရသော ခံစားမှုကို နှစ်သက်လာခဲ့ပြီ ဖြစ်သည်။
ဆေးဖော်ရန်အတွက် ကျင့်ကြံဆင့် မြင့်မားရန် မလိုအပ်ဟု ခံယူထားသော်လည်း အရမ်းကြီး အားနည်းနေလျှင်လည်း မကောင်း မဟုတ်ပါလော။
သို့မဟုတ်ပါက ရန်သူနှင့် တွေ့လျှင် သူ၏ 'နို့ထိန်းကျိန်စာ' စွမ်းရည်ကိုပင် အသုံးမပြုနိုင်မီ အသတ်ခံလိုက်ရပေလိမ့်မည်။
ထိုစဉ်၊ ရွှီတာလေ့နှင့် မူစီစီတို့သည် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်လိုက်ကြပြီး လက်သီးကို ဆုပ်ကာ ဒုတိယထပ်သို့ တက်လှမ်းလိုက်ကြသည်။
ထိုအချိန်တွင် ရှီလေ့၊ လီကျောက်ကျောက်၊ ကျားယွိလန်နှင့် အခြား ပထမမျိုးဆက် တပည့်များသည် ဆယ်ဆ ဆွဲငင်အားနယ်မြေ အတွင်း၌ တင်ပျဉ်ခွေထိုင်နေကြပြီး သူတို့၏ အရှိန်အဝါများသည် အလွန် အားနည်းနေကြလေသည်။
သို့သော် သူတို့၏ သွေးကြောများ အတွင်း၌ ဝိညာဉ်စွမ်းအင် စီးဆင်းမှုနှုန်းမှာမူ အလွန် လျင်မြန်လှပေသည်။
ဤနှုန်းထားအတိုင်း ဆိုလျှင် သူတို့၏ ဝိညာဉ်စွမ်းအင် ကုန်ခမ်းရန် အချိန် သိပ်မလိုတော့ပေ။
“ဝုန်း…”
ရုတ်တရက် ရှီလေ့၏ အရှိန်အဝါ လှုပ်ခါသွားပြီး ချီကျင့်ကြံခြင်း နဝမအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားလေသည်။
“ဝုန်း…”
ကျားယွိလန်၏ အရှိန်အဝါသည်လည်း တုန်ခါသွားပြီး ချီကျင့်ကြံခြင်း နဝမအဆင့်မှ အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားလေသည်။
‘ငါက ပထမမျိုးဆက် တပည့်တွေထဲမှာ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရည်မှန်းနိုင်မယ့် တတိယမြောက်လူ ဖြစ်လာမယ် ထင်တယ်…’
ကျားယွိလန်သည် မျက်လုံးများကို မှိတ်ထားသော်လည်း နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေသည်။
အခြား ပထမမျိုးဆက် တပည့်များသည်လည်း ဆက်လက် ကျင့်ကြံနေကြသည်။
ရက်အနည်းငယ်ကြာ အသားကျပြီးနောက် သူတို့သည် လှုပ်ရှားရန် ခက်ခဲသော အခြေအနေမှ သက်သောင့်သက်သာ ရှိသော အခြေအနေသို့ ရောက်ရှိလာကြပြီ ဖြစ်ပါသည်။
ယခုဆိုလျှင် ဆွဲငင်အားနယ်မြေ အတွင်း၌ပင် ကျင့်ကြံနိုင်နေကြလေပြီ။
“လာ၊ ငါတို့လည်း ဝင်ကြည့်ကြစို့...”
ရွှီတာလေ့သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး နှစ်ဆ ဆွဲငင်အားနယ်မြေ အတွင်းသို့ ဝင်ရောက်လိုက်ရာ ခန္ဓာကိုယ် လေးလံသွားသည်ကို ခံစားလိုက်ရသည်။ သူသည် အလိုအလျောက် ကျင့်စဉ်ကို လည်ပတ်လိုက်ပြီး ဝိညာဉ်ဖိအားကို အသုံးပြု၍ ခန္ဓာကိုယ်ကို တည်ငြိမ်အောင် ထိန်းလိုက်လေသည်။
“နှစ်ဆ ဆွဲငင်အားနယ်မြေက ခံနိုင်ရည် ရှိပါသေးတယ်... ပိုနက်တဲ့ နေရာကို သွားကြည့်ရအောင်...”
ရွှီတာလေ့သည် ဖိအားကို ချိန်ညှိလိုက်ပြီး အတွင်းဘက်သို့ ဆက်လက် တိုးဝင်လိုက်သည်။
လေးဆ၊ ခြောက်ဆ၊ ရှစ်ဆ၊ ဆယ်ဆ...
သူသည်လည်း ဆယ်ဆနယ်မြေ အတွင်းသို့ ရောက်ရှိသွားသော်လည်း လှုပ်ရှားရန် အလွန် ခက်ခဲနေကြောင်း တွေ့ရှိလိုက်ရသည်။ ကျင့်စဉ်ကို အစွမ်းကုန် လည်ပတ်ထားလျှင်ပင် သွားကို တင်းတင်းစည်းပြီး တောင့်ခံထားရုံသာ တတ်နိုင်လေသည်။
ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုနှုန်းသည် ပုံမှန်ထက် (၁၀) ဆကျော် ပိုမြန်လာရသည်။
“တောင့်ခံဖို့ အရမ်း ခက်တယ်...”
မူစီစီသည်လည်း ဆယ်ဆနယ်မြေ အတွင်းသို့ ဝင်ရောက်လာပြီး တစ်ကိုယ်လုံး တုန်ယင်နေရှာသည်။ အဆ (၂၀) နယ်မြေ အတွင်းသို့ ဝင်ရောက် စူးစမ်းချင်သော်လည်း အင်အား မရှိတော့ကြောင်း တွေ့ရှိလိုက်ရ၏။
ဆယ်ဆ ဆွဲငင်အားနယ်မြေ...
ကျီဇီလင်း၊ အိုးယန်ဖုန်း၊ အိုးယန်ယွီနှင့် အခြားသူများ၏ ကျင့်ကြံဆင့်များသည်လည်း ယခင်ကထက် များစွာ တိုးတက်လာခဲ့ပြီး အားအနည်းဆုံးသူပင်လျှင် ချီကျင့်ကြံခြင်း သတ္တမအဆင့်သို့ ရောက်ရှိနေကြပြီ ဖြစ်သည်။
ကျီဇီလင်း ဆိုလျှင် သူမ၏ ဝိညာဉ်အာရုံခံနိုင်စွမ်းကို တတိယအဆင့်အထိပင် တိုးမြှင့်ထားနိုင်ခဲ့သည်။
လီကျောက်ကျောက်ကတော့ ချီကျင့်ကြံခြင်း အဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
"ဝီ..."
နို့ထိန်း ယန်ရူယွီ၏ ခန္ဓာကိုယ် တုန်ခါသွားပြီး အံ့သြဖွယ် ကောင်းလောက်အောင်ပင် ချီကျင့်ကြံခြင်း နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားကာ ကျားယွိလန်နှင့် တန်းတူ ဖြစ်သွားလေသည်။
“နို့ထိန်း ဆိုတဲ့အတိုင်းပဲ... ပါရမီက ကောင်းလိုက်တာ... ငါ့ကိုတောင် မီလာပြီ...”
ကျားယွိလန်သည် ယန်ရူယွီ အဆင့်တက်လာသည်ကို မြင်သောအခါ ဖိအားများ ခံစားလိုက်ရပြီး ရေရွတ်လိုက်မိလေသည်။
ပထမမျိုးဆက် တပည့်များ အပြိုင်အဆိုင် အဆင့်တက်နေကြသည်ကို မြင်သောအခါ ရွှီတာလေ့နှင့် မူစီစီတို့သည် ကြီးမားသော ကွာဟချက်ကို ခံစားလိုက်ကြရသည်။
“စီနီယာအစ်ကို၊ အစ်မတွေက ဆယ်ဆ ဆွဲငင်အားနယ်မြေထဲမှာ သက်သောင့်သက်သာ ရှိနေကြတယ် ဆိုရင်... မမြင်ရတော့တဲ့ သူတွေက တတိယထပ်ကို ရောက်နေကြပြီပေါ့...”
ရွှီတာလေ့သည် ခေါင်းကို မနည်း မော့လိုက်ပြီး တတိယထပ်သို့ တက်သော ဝက်အူရစ် လှေကားကို ကြည့်ကာ စိတ်ထဲတွင် အားကျမှုများ ပြည့်နှက်နေလေသည်။
ထိုအချိန်တွင် တတိယထပ်၌...
မိုယင် မျက်လုံးဖွင့်လိုက်၏။
ပြင်းထန်သော ဓားစိတ်ဆန္ဒ တစ်ခုသည် သူမ၏ ကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး လေထုကို တုန်ခါသွားစေရာ ဘေးရှိ လူသုံးဦးမှာ မှင်သက်သွားကြလေသည်။
“ဓားစိတ်ဆန္ဒ တစ်စွန်းတစ်စကို သဘောပေါက်သွားတဲ့ ဂျူနီယာညီမ မိုယင်ကို ဂုဏ်ပြုပါတယ်...”
ဟိုယွင်ကျဲက လက်သီးဆုပ်ကာ ဂုဏ်ပြုစကား ဆိုလိုက်၏။
“ဂုဏ်ပြုပါတယ် နော်..စီနီယာအစ်မ...”
လုံထျန်းရှင်းနှင့် ချောင်ကျားရှီး တို့ကလည်း ဂုဏ်ပြုလိုက်ကြသည်။
ထိုအခါ၊ မိုယင်သည် ဓားကို ပြန်သိမ်းလိုက်ပြီး ပြောလိုက်၏။
“ဉာဏ်အလင်းပွင့်နယ်မြေက တကယ် စွမ်းတာပဲ... ရက်အနည်းငယ် အတွင်းမှာတင် ‘တောက်ပသော ဓားအလင်း’ သိုင်းကွက်ရဲ့ အထွတ်အထိပ် အဆင့်ကို ချိုးဖောက်နိုင်ခဲ့ပြီး ‘လျင်မြန်ခြင်း ဓားစိတ်ဆန္ဒ’ တစ်စွန်းတစ်စကို သဘောပေါက်ခဲ့တယ်...”
ဤဓားစိတ်ဆန္ဒသည် သူမ၏ ဓားအရှိန်အဝါကို အံ့သြဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရွေ့လျားစေနိုင်လေသည်။
ထို့အပြင် ဖမ်းဆုပ်ရ ခက်ခဲစေ၏။
ဓားစိတ်ဆန္ဒ တစ်စွန်းတစ်စသည် သူမ၏ တိုက်ခိုက်ရေးစွမ်းအားကို အဆင့်တစ်ဆင့် တိုးမြှင့်ပေးလိုက်သည်ဟု ဆိုနိုင်ပေသည်။
“ငါက ဓားစိတ်ဆန္ဒကို သဘောပေါက်ခဲ့တယ် ဆိုပေမယ့် နင်တို့လည်း အကျိုးအမြတ်တွေ အများကြီး ရခဲ့ကြတာပါပဲ...”
မိုယင်သည် ကျန်သုံးဦးကို ကြည့်လိုက်၏။
ဉာဏ်အလင်းပွင့်ခဲ့သော ရက်များအတွင်း လူတိုင်းသည် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ကြသည်။
မိုယင်သည် လျင်မြန်ခြင်း ဓားစိတ်ဆန္ဒ တစ်စွန်းတစ်စကို သဘောပေါက်ခဲ့သည်။
ဟိုယွင်ကျဲ၏ ဓားဆွဲထုတ်ခြင်း နည်းစနစ်သည် တစ်ဟုန်ထိုး တိုးတက်လာခဲ့သည်။
လုံထျန်းရှင်းသည် နဂါးအသွင်ပြောင်းလဲခြင်း ပုံစံသို့ ဝင်ရောက်ပြီးနောက် သူ၏ လက်သည်းများမှ ထွက်ပေါ်သော အေးစက်သည့် အလင်းရောင်များသည် ပိုမို တောက်ပလာပြီး ဒုတိယအဆင့်သို့ ဝင်ရောက်ရန် ကန့်သတ်ချက်ကို ချိုးဖောက်မတတ် ဖြစ်နေတော့၏။
ချောင်ကျားရှီး ဆိုလျှင် ကိုယ်ခန္ဓာကျင့်ကြံခြင်းနှင့် ပတ်သက်၍ ပိုမို နက်ရှိုင်းစွာ နားလည်သဘောပေါက်လာခဲ့သည်။
ပြန်ထွက်သွားပြီးလျှင် သူ၏ အဆင့်တက်နှုန်းသည် ပိုမို မြန်ဆန်လာပေလိမ့်မည်။
“ကျင့်ကြံရေးမျှော်စင်က တကယ့်ကို အံ့သြစရာကောင်းတဲ့ နေရာပဲ... ဂိုဏ်းချုပ်က လုပ်ဆောင်ချက်တွေ အများကြီး ပါဝင်တဲ့ ဒီဝိညာဉ်လက်နက်ကြီးကို ဘယ်ကနေ ရလာတာပါလိမ့်…”
ဟိုယွင်ကျဲ.. အသံထွက်၍ စဉ်းစားမိလေသည်။
“ဒါက တတိယထပ်ပဲ ရှိသေးတယ်... ရှေ့ဆက်သွားရင် ပိုပြီး စွမ်းအားကြီးပြီး စိန်ခေါ်မှုများတဲ့ အရာတွေ စောင့်ကြိုနေမှာ သေချာတယ်...”
ဟု မိုယင်က ပြောပြလိုက်၏။
“ကျွန်တော်တို့ အားလုံး တစ်ခုခု ရရှိခဲ့ကြပြီးပြီ... စတုတ္ထထပ်ကို တက်ဖို့ လိုအပ်ချက်တွေလည်း ပြည့်မီနေပြီ ဆိုတော့... ဉာဏ်အလင်းပွင့် ခရီးစဉ်ကို ခဏရပ်ပြီး စတုတ္ထထပ်က တိုက်ခိုက်ရေးနယ်မြေကို သွားကြည့်ကြမလား...”
ချောင်ကျားရှီးက အကြံပြုလာခြင်းပါ။
မူလက သူတို့ စတုတ္ထထပ်သို့ တက်၍ မရခဲ့ပေ။
အကြောင်းမှာ ဉာဏ်အလင်းပွင့်နယ်မြေတွင် တစ်စုံတစ်ခုကို သဘောပေါက် နားလည်မှသာ ကန့်သတ်ချက် ပျက်ပြယ်သွားမည် ဖြစ်သောကြောင့်ပင်။ ယခုအခါ လူတိုင်းသည် တစ်စုံတစ်ခုကို သဘောပေါက်ထားကြပြီ ဖြစ်သဖြင့် အခြေခံ လိုအပ်ချက်များ ပြည့်မီသွားကြပြီ ဖြစ်၏။
“ကောင်းတဲ့ အကြံပဲ...”
လုံထျန်းရှင်းက ချက်ချင်း သဘောတူလိုက်လေသည်။
“ဒါဆိုရင် စတုတ္ထထပ်ကို သွားကြစို့...”
လေးဦးသား မတ်တတ်ရပ်လိုက်ကြပြီး ဝက်အူရစ် လှေကားအတိုင်း တက်လှမ်းသွားကြလေသည်။
*
ကျင့်ကြံရေးမျှော်စင်၊ စတုတ္ထထပ်...
ဤနေရာသည် တိုက်ခိုက်ရေးနယ်မြေ ဖြစ်သည်။
တိုက်ပွဲအတွက် ဖန်တီးထားသော နယ်မြေတည်း...။
ဝင်ရောက်လိုက်သည်နှင့် တပြိုင်နက် တံခါးများ ပွင့်နေသော အခန်းပေါင်း (၃၆) ခန်းကို တွေ့လိုက်ကြရသည်။
တံခါးများ ရှေ့ရှိ ကျောက်တိုင်များပေါ်တွင် စာများ ရေးထိုးထားလေသည်။
“ဒါတွေက ဘာတွေလဲ... ဪ... လူတစ်ယောက်ချင်းစီ အခန်းတစ်ခန်း ရွေးပြီး အထဲမှာ တိုက်ခိုက်ရမယ်တဲ့...”
“အခန်းက ဒီလောက် သေးတာ... အထဲမှာ တိုက်လို့ ရပါ့မလား...”
သံသယများဖြင့် သူတို့သည် ရွေးချယ်ထားသော အခန်းတံခါးများကို တွန်းဖွင့်လိုက်ကြလေတော့၏။