အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အခန်း (၃၂၂) တိုက်ခိုက်ရေး နေရာလပ်၊ ဂိုဏ်းသားများ၏ စိန်ခေါ်မှု
~မိုယင်သည် သူမ၏ လျှို့ဝှက်ခန်းထဲသို့ ဝင်ရောက်လိုက်လေသည်။
ကျောက်တံခါးသည် အလိုအလျောက် ပိတ်သွားတော့၏။
အခန်းတွင်း နေရာလပ်သည် မကျယ်ဝန်းလှပေ။ အချင်း (၅) မီတာခန့် ရှိသော စက်ဝိုင်းပုံစံ ဖြစ်သည်။ နံရံများသည် အပြာရောင်နှင့် အဖြူရောင် ရောယှက်နေပြီး ကျောက်မျက်ရတနာ အများအပြားဖြင့် စီခြယ်ထားလေသည်။
“တိုက်ခိုက်ရေး နေရာလပ်ကနေ ကြိုဆိုပါတယ်...”
“မင်းရဲ့ အသိစိတ်အာရုံက တိုက်ပွဲကမ္ဘာထဲကို ဝင်ရောက်သွားမှာဖြစ်ပြီး အနိမ့်၊ အလယ်၊ အမြင့် ဆိုတဲ့ တိုက်ခိုက်ရေး အခက်အခဲ အဆင့် (၃) ခုထဲက တစ်ခုကို ရွေးပြီး ပြိုင်ဘက်တွေနဲ့ တိုက်ခိုက်ရမှာပါ...”
“အခု အမှောင်ထု ကျရောက်လာတာနဲ့ မျက်လုံးတွေကို မှိတ်ပြီး ရွေးချယ်လိုက်ပါ…”
အေးစက်သော စက်ရုပ်အသံသည် အခန်းတွင်း ပဲ့တင်ထပ်သွားရာ မိုယင် အံ့သြသွားလေသည်။
အသံတိတ်သွားသည်နှင့် တပြိုင်နက် အခန်းသည် ရုတ်တရက် အမှောင်ဖုံးလွှမ်းသွားတော့၏။
မိုယင်သည် သူမ၏ မြင်ကွင်းရှေ့တွင် ‘အနိမ့်’၊ ‘အလယ်’ နှင့် ‘အမြင့်’ ဟူသော စာလုံးများ ရေးထိုးထားသည့် အလင်းကွင်း (၃) ခု ပေါ်လာသည်ကို သတိထားမိလိုက်ပြီး မျက်နှာထား တင်းမာသွားလေသည်။
ခေတ္တမျှ စဉ်းစားပြီးနောက် သူမသည် ‘အနိမ့်’ ဟူသော စာလုံးကို နှိပ်လိုက်၏။
“သင်ဟာ လွယ်ကူတဲ့ အဆင့်ကို ရွေးချယ်လိုက်ပါပြီ...”
စက်ရုပ်အသံက ဆက်လက် ထွက်ပေါ်လာလေသည်။
“ဝူး…”
တောက်ပသော အလင်းရောင်များ ဖြာထွက်လာသည်။
မိုယင်သည် သူမကိုယ်သူမ တောင်ကြားတစ်ခု၏ အလယ်တွင် ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။
ဘေးတစ်ဖက်တစ်ချက်စီတွင် မိုးမျှော်နေသော ကျောက်ကမ်းပါးကြီးများ ရှိပြီး မြူခိုးများ ဖုံးလွှမ်းနေသဖြင့် နတ်ဘုံနတ်နန်းနှင့် တူနေလေသည်။ တောင်ကြား၏ တစ်ဖက်တွင် မြင့်မားသော စင်မြင့် တစ်ခု ရှိလေသည်။
“စင်မြင့်ပေါ်က ကြည်လင်ကျောက်တုံးကို ဖျက်ဆီးလိုက်ရင် ဒီစမ်းသပ်မှု ပြီးဆုံးပါမယ်...”
“ဒါမှမဟုတ် တိုက်ခိုက်ရေး နေရာလပ်မှာ သင် ကျဆုံးသွားရင်လည်း ဒီစမ်းသပ်မှုမှ ထွက်ခွာရမှာ ဖြစ်တယ်...”
“တကယ်လို့.. သင် အောင်မြင်စွာ ဖြတ်ကျော်နိုင်ရင် ဝိညာဉ်စွမ်းအင် ဆုလာဘ် ရရှိမှာ ဖြစ်တယ်...”
“ကျေးဇူးပြု၍ သင့်ရဲ့ စွမ်းဆောင်ရည်ကို စတင် ပြသပါ…”
စက်ရုပ်အသံသည် ညွှန်ကြားချက်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်လေသည်။
မိုယင်သည် စိတ်ကို စုစည်းလိုက်ပြီး သူမကိုယ်သူမ ပြန်ကြည့်လိုက်ရာ ခန္ဓာကိုယ်မှာ ထိတွေ့ကိုင်တွယ်၍ ရသယောင် ရှိသော်လည်း အလင်းရောင်များ ထွက်ပေါ်နေသဖြင့် ဝိညာဉ်သဏ္ဌာန် ဖြစ်နေကြောင်း သတိထားမိလိုက်၏။
ထို့ကြောင့် သူမသည် တိုက်ခိုက်ရေး နေရာလပ် အတွင်း ရောက်ရှိနေကြောင်း သိလိုက်ရသည်။
“ဒီလို အသက်ဝင်တဲ့ လျှို့ဝှက်နယ်မြေကို ဖန်တီးနိုင်တယ် ဆိုတော့... အံ့သြစရာ ကောင်းလိုက်တဲ့ ဝိညာဉ်လက်နက်ပဲ... အနည်းဆုံးတော့ ဝိညာဉ်ရတနာ အဆင့် ဖြစ်ရမယ်...”
မိုယင် ခပ်တိုးတိုး တွက်ဆလိုက်လေသည်။
“ဂျွတ်…”
တောင်ကြားအဆုံးရှိ စင်မြင့်မြင့်ကြီးမှ အက်ကွဲကြောင်းများ ပွင့်ဟလာပြီး ကြည်လင်ကျောက်တုံးများဖြင့် ပြုလုပ်ထားသော သတ္တဝါတစ်အုပ် ပြေးထွက်လာကြလေသည်။
စုစုပေါင်း (၁၅) ကောင်ပင်...။
“အဆင့်နိမ့် နတ်ဆိုးစစ်သည်တော် အဆင့်တွေလား...”
မိုယင်သည် ခေါင်းခါလိုက်ပြီး လေညှင်းစီး ဓားပျံကို ဝှေ့ယမ်းလိုက်၏။ လျှပ်တပြက်ပင်၊ တောက်ပသော ဓားအလင်းတန်း တစ်ချက်က ကျောက်တုံးသတ္တဝါများကို ဖြတ်သန်းသွားပြီး အားလုံးကို နှစ်ပိုင်း ပိုင်းပစ်လိုက်လေသည်။
"ဘုန်း... ဘုန်း... ဘုန်း.."
၎င်းတို့သည် ရေခဲရုပ်တုများ ကွဲကြေသွားသကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြပြီး အလင်းစများ အဖြစ် ပြောင်းလဲကာ စင်မြင့်ပေါ်သို့ စုစည်းသွားကြပြီး ဂဏန်းတစ်ခုကို ဖော်ပြလေသည်။
“ဆယ့်ငါး...”
မိုယင်သည် ထိုဂဏန်းကို ကြည့်လိုက်၏။
“ဒါက အနိမ့်ဆုံး အခက်အခဲ အဆင့်မို့လို့ ကျောက်တုံးသတ္တဝါတွေက အဆင့်နိမ့် နတ်ဆိုးစစ်သည်တော် အဆင့်ပဲ ရှိတာလား... တကယ်လို့ ငါက အမြင့်ဆုံး အခက်အခဲကို ရွေးလိုက်ရင် အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အဆင့် သတ္တဝါတွေ ပေါ်လာမလား...”
“ဒါဆိုရင် အခက်အခဲက နိမ့်လွန်းနေမလား...”
မိုယင် စိတ်ဝင်စားမှု လျော့နည်းသွားသလို ခံစားလိုက်ရ၏။
သို့သော် စင်မြင့်ရှိ အက်ကွဲကြောင်းများမှ နောက်ထပ် ကျောက်တုံးသတ္တဝါများ ထွက်ပေါ်လာပြန်သည်။ ယခုတစ်ကြိမ်တွင် အကောင် (၃၀) ပေါ်လာပြီး အားလုံးသည် အဆင့်နိမ့်များသာ ဖြစ်ကြလေသည်။
“ပျင်းစရာ ကောင်းလိုက်တာ... စင်မြင့်ပေါ် တက်ပြီး ကြည်လင်ကျောက်တုံးကို ရိုက်ခွဲလိုက်တာပဲ ကောင်းမယ်...”
မိုယင်သည် ‘ကိုယ်ဖော့ပညာ’ ကို အသုံးပြု၍ အရှိန်မြှင့်တင်လိုက်လေသည်။
တောင်ကြားတစ်ခုလုံးသည် (၁၀) မိုင်သာ ရှည်လျားလေသည်။
တိုတောင်းသည်ဟု ထင်ရသော်လည်း မိုယင် ခရီးမတွင်ခင်မှာပင် အဆင့်နိမ့် နတ်ဆိုးစစ်သည်တော် (၃၀) နှင့် ရင်ဆိုင်လိုက်ရသည်။
“ရွစ်…”
ဓားချက် တစ်ချက်တည်းသာ လိုအပ်သည်။
ကျောက်တုံးသတ္တဝါ အားလုံး နှစ်ပိုင်းပြတ်သွားပြီး နေရာမှာတင် လဲကျသွားကြသည်။
စင်မြင့်ပေါ်ရှိ ဂဏန်းသည် ‘လေးဆယ့်ငါး’ သို့ တိုးသွားလေသည်။
"ဝှီး…"
မကြာမီ စင်မြင့်ရှိ အက်ကွဲကြောင်းများမှ ကျောက်တုံးသတ္တဝါ အမြောက်အမြား ထွက်ပေါ်လာပြန်ရာ အရေအတွက် (၅၅) ကောင်အထိ ရှိသွားလေသည်။
“လူအုပ်လှိုင်းလုံး ဗျူဟာကို သုံးနေတာလား...”
“ကံဆိုးတာက ဒီနည်းလမ်းက ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်နေတဲ့ ငါ့အတွက် အရာမဝင်ဘူး...”
မိုယင်သည် ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး လေညှင်းစီး ဓားပျံကို ကိုင်ကာ ဓားအရှိန်အဝါ သုံးချက် ဆက်တိုက် ထုတ်လွှတ်လိုက်ရာ ကျောက်တုံးသတ္တဝါ အားလုံး အပိုင်းပိုင်းအစစ ဖြစ်သွားကြလေသည်။
စင်မြင့်ပေါ်ရှိ ဂဏန်းသည် ‘တစ်ရာ’ သို့ ပြောင်းလဲသွား၏။
ထိုအချိန်တွင် ဂဏန်းတန်းများသည် ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး စင်မြင့်ပေါ်မှ လှမ်းထွက်လာသည်။ လေးလံသော ဖိအားများကို ထုတ်လွှတ်နေသည့် အပြာရောင် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်အဖြစ် ဖွဲ့စည်းလိုက်၏။ ၎င်းသည် သားရဲပုံသဏ္ဌာန် ရှိပြီး ကျောပေါ်တွင် ဆူးတောင်များ ပါရှိလေသည်။
“အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်... စိတ်ဝင်စားစရာပဲ...”
မိုယင်၏ နှုတ်ခမ်းထောင့်များတွင် အပြုံးတစ်ခု ပေါ်လာတော့၏။
ကြည့်ရတာ ခုနက ကြုံတွေ့ခဲ့ရတာတွေ အကုန်လုံးက အမြည်းသဘောပဲ ရှိသေးတယ်...
အခုမှ ပွဲကောင်း စတော့မှာပဲ...
"ဝှီး..."
ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ်သည် မျက်စိတစ်မှိတ်အတွင်း ခရီးဝက်ကို ဖြတ်ကျော်လာပြီး ထက်ရှသော လက်သည်းများကို ဝှေ့ယမ်းကာ မိုယင်ကို ညှပ်၍ တိုက်ခိုက်လာသည်။
“ချွင်…”
လေညှင်းစီး ဓားပျံသည် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ်၏ လက်သည်းများကို ကာကွယ်လိုက်ပြီးနောက် မိုယင်သည် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသော ‘တောက်ပသော ဓားအလင်း’ သိုင်းကွက်ကို အသုံးပြုကာ ဓားချက်တစ်ချက်တည်းဖြင့် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ်ကို နှစ်ပိုင်း ပိုင်းပစ်လိုက်လေတော့၏။
"ဂျွတ်..."
၎င်းသည် ကြီးမားသော အလင်းစက် အဖြစ် ပြောင်းလဲသွားလေသည်။
စင်မြင့်ပေါ်တွင်...
ယခင်က အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်နှင့် ဆင်တူသော ကျောက်တုံးဝိညာဉ် တစ်ကောင် ထွက်ပေါ်လာသည်။ ၎င်း၏ မျက်လုံးများတွင် ခံစားချက် ကင်းမဲ့နေပြီး လျှို့ဝှက်ဆန်းကြယ်သော အင်အားတစ်ခု၏ ထိန်းချုပ်မှုကို ခံထားရသကဲ့သို့ မိုယင်ဆီသို့ ပြေးဝင်လာ၏။
၎င်း၏ ခွန်အားကို လျှော့တွက်၍ မရပေ။
သို့သော် ‘ကျောဘက်မှ ဓားထိုးခြင်း’ သိုင်းကွက် တစ်ကွက်တည်းဖြင့် မိုယင်သည် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ်၏ ကျောဘက်သို့ ရောက်ရှိသွားပြီး ဓားရှည်ဖြင့် ခုတ်ပိုင်းကာ ရှင်းလင်းပစ်လိုက်လေသည်။
စင်မြင့်ပေါ်ရှိ ဂဏန်းသည် ‘နှစ်’ သို့ ပြောင်းလဲသွား၏။
“စိတ်ဝင်စားစရာပဲ... ငါ သတ်လေလေ... ဝိညာဉ်တွေ ပိုထွက်လာလေ... ပိုသန်မာလာလေ ဖြစ်မယ့်ပုံပဲ... ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းလာပြီ...”
မိုယင် အသံထွက်၍ ရယ်လိုက်၏။
ထို့နောက် တတိယ၊ စတုတ္ထ... ဒသမမြောက် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ်ကို မိုယင် ခုတ်ပိုင်းလိုက်သောအခါ ကောင်းကင်ယံရှိ ဂဏန်း ‘ဆယ်’ သည် နောက်ဆုံးတွင် ပြောင်းလဲသွားပြီး (၃) မီတာခန့် မြင့်မားသော အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်ကြီး တစ်ကောင် ဖြစ်လာလေတော့၏။
“ထင်တဲ့အတိုင်းပဲ...”
မိုယင်၏ မျက်နှာထား သုန်မှုန်သွားရသည်။
သူမသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း ပထမအဆင့်သာ ရှိသေးသူ ဖြစ်သည်။ ဝိညာဉ်လက်နက်နှင့် သိုင်းနည်းစနစ်များ၏ အထောက်အပံ့ကြောင့်သာ သူမနှင့် အဆင့်တူညီသော အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အများအပြားကို ဆက်တိုက် သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ယခုအခါ ဤမျှ စွမ်းအားကြီးမားသော အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်နှင့် ရင်ဆိုင်ရသောအခါ ပထမဆုံးအကြိမ်အဖြစ် ကြီးမားသော ဖိအားကို ခံစားလိုက်ရလေသည်။
“ချွင်…”
အလယ်အလတ်အဆင့် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ်သည် မိုယင်ကို အသက်ရှူချိန်ပင် မပေးဘဲ ပုံဖော်ပြီးသည်နှင့် တပြိုင်နက် ခုန်အုပ်တိုက်ခိုက်လိုက်လေသည်။
မိုယင်သည် ဓားကို ဝှေ့ယမ်းကာ ကာကွယ်လိုက်သော်လည်း အရှိန်ကြောင့် နောက်သို့ လွင့်စဉ်သွားလေသည်။
ခွန်အားချင်း ယှဉ်ပြိုင်မှုတွင် သူမ အနည်းငယ် အားနည်းနေလေသည်။
“လျင်မြန်ခြင်း ဓားစိတ်ဆန္ဒ...”
မိုယင်သည် လျင်မြန်ခြင်း ဓားစိတ်ဆန္ဒ အစအနကို ထုတ်သုံးလိုက်ရာ သူမ၏ လှုပ်ရှားမှုများသည် ပိုမို သိမ်မွေ့လာပြီး အမြန်နှုန်းမှာလည်း သိသိသာသာ တိုးတက်လာလေသည်။
မျက်စိတစ်မှိတ် အတွင်းမှာပင် သူမသည် ဓားချက်ပေါင်း (၁၀) ဂဏန်းခန့် ထုတ်လွှတ်လိုက်ရာ အလယ်အလတ်အဆင့် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ်သည် နောက်သို့ အရှိန်ပြင်းပြင်း ဆုတ်ခွာသွားရလေသည်။ ထို့နောက် သူမသည် ‘အသက်စွမ်းအင် ကျည်ဆန်’ ဖြင့် ပစ်ခတ်လိုက်ရာ နောက်ဆုံးတွင် ကွဲကြေသွားပြီး စင်မြင့်ပေါ်တွင် ဂဏန်း ‘တစ်’ အဖြစ် ပြောင်းလဲသွားလေတော့၏။
“နောက်ထပ် လာဦးမှာလား...”
မိုယင် အံ့သြသွား၏။
ဂဏန်း ‘ဆယ်’ ရောက်လျှင် အဆင့်မြင့် နတ်ဆိုးဗိုလ်ချုပ် အဆင့် ကျောက်တုံးဝိညာဉ် ထွက်ပေါ်လာမည့်ပုံ ရသည်။
ထိုအချိန်ရောက်လျှင် သူမ အသက်နှင့်ရင်းပြီး တိုက်ခိုက်လျှင်တောင် ယှဉ်နိုင်မည် မဟုတ်ပေ။
“ဝှီး…”
သူမသည် လျင်မြန်စွာ ပျံသန်းသွားပြီး နောက်ဆုံးတွင် စင်မြင့်ပေါ်သို့ ဆင်းသက်လိုက်ရာ လေထဲတွင် တွဲလောင်းကျနေသော အပြာရင့်ရောင် ကြည်လင်ကျောက်တုံး တစ်တုံးကို တွေ့လိုက်ရသည်။
မိုယင်သည် ဓားကို အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး ထိုကျောက်တုံးကို ခုတ်ပိုင်းလိုက်၏။
ထိုအခိုက်အတန့်မှာ ၊ စက်ရုပ်အသံ ထွက်ပေါ်လာသည်။
“အနိမ့်ဆုံး အခက်အခဲအဆင့် တိုက်ခိုက်ရေး စမ်းသပ်မှုကို ပြီးမြောက်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်... သင့်ရဲ့ ရမှတ်မှာ (၁၁၁) မှတ် ဖြစ်ပြီး လက်ရှိ..ပထမ နေရာမှာ ရှိနေပါတယ်...”
“မှတ်ချက် - ဒီရမှတ်ဟာ သတ်ဖြတ်ခဲ့တဲ့ ကျောက်တုံးဝိညာဉ် အရေအတွက်အပေါ် အခြေခံပြီး တစ်ကောင်ကို တစ်မှတ်နှုန်း ဖြစ်ပါတယ်... ကျင့်ကြံဆင့် အနိမ့်အမြင့် မခွဲခြားပါ...”
နောက်တစ်ခဏတွင် မိုယင်သည် ကမ္ဘာကြီး လည်ပတ်သွားသလို ခံစားလိုက်ရပြီး နောက်ဆုံးတွင် တောက်ပသော လျှို့ဝှက်ခန်းထဲသို့ ပြန်ရောက်သွားလေတော့၏။
မိုယင် ဆက်လက် မတိုက်ခိုက်တော့ပေ။
အဘယ်ကြောင့်ဆိုသော် သူမသည် တကယ်ပင် မောပန်းနွမ်းနယ်နေပြီး ဝိညာဉ်စွမ်းအင်များလည်း အကြီးအကျယ် ကုန်ခမ်းသွားကြောင်း သတိထားမိလိုက်သောကြောင့်ပင်။ တိုက်ခိုက်ရေး နေရာလပ်ထဲတွင် တကယ် တိုက်ခိုက်ခဲ့ရသကဲ့သို့ပင်။
“ဒါက ထူးဆန်းတယ်...”
မိုယင် ညည်းတွားလိုက်၏။
အတုအယောင် တိုက်ပွဲ ဖြစ်သော်လည်း သူမသည် ခုနက ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အစစ်အမှန်ကဲ့သို့ ခံစားနေရပြီး ခန္ဓာကိုယ်တွင်လည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသည်။
သူမသည် ကျောက်တံခါးကို တွန်းဖွင့်လိုက်ပြီး စတုတ္ထထပ်သို့ ထွက်လာခဲ့လေသည်။
“ဟာ... မောလိုက်တာ...”
“မင်းတို့ ဘယ်နှမှတ် ရလဲ...”
“ငါ (၁၀၀) ရတယ်...”
“ငါလည်း အတူတူပဲ... ဒါပေမဲ့ ခုနက ပြင်းပြင်းထန်ထန် တိုက်ခိုက်လိုက်ရလို့ ကိုယ်ခန္ဓာကျင့်ကြံခြင်း အဋ္ဌမအဆင့်ကို အောင်မြင်စွာ ချိုးဖောက်နိုင်ခဲ့တယ်... မထင်မှတ်ထားတဲ့ ပျော်ရွှင်စရာပါပဲကွာ...”
လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့သည် ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြပြီး အသက်ပြင်းပြင်း ရှူကာ အခြေအနေကို ထိန်းညှိရင်း သူတို့၏ အတွေ့အကြုံများကို ဝေမျှနေကြလေသည်။
“ဟေး... စီနီယာအစ်မကြီး မိုယင်... အစ်မ ဘယ်နှမှတ် ရလဲ...”
“တစ်ရာ့တစ်ဆယ့်တစ်...”
မိုယင်၏ အသံကို ကြားသောအခါ အားလုံး မတ်တတ်ရပ်လိုက်ကြသည်။
ထိုသို့ ကြားလိုက်ရသောအခါ၊ ဟိုယွင်ကျဲသည် အေးစက် အလင်းဓားကို ကျောပိုးထားရင်း မသိမသာ ညည်းညူလိုက်လေသည်။
“စောစောကသာ သိရင် အမြန်နှုန်းကို ဦးစားမပေးခဲ့ပါဘူး... ပိုတိုက်ခိုက်ပြီး အမှတ်များများ ယူခဲ့ပါတယ်...”
စောစောက သူက (၀) မှတ်သာ ရခဲ့လေသည်။
အဘယ်ကြောင့်ဆိုသော် ဟိုယွင်ကျဲသည် လုံးဝ တိုက်ခိုက်ခြင်း မပြုဘဲ ကျောက်တုံးဝိညာဉ် တစ်ကောင်ကိုမျှ မဖျက်ဆီးခဲ့သောကြောင့် ဖြစ်သည်။ သူသည် ကြည်လင်ကျောက်တုံး ရှိရာသို့ အမြန်ဆုံး အရှိန်ဖြင့် သွားရောက်ပြီး လက်သီးဖြင့် ထိုးခွဲကာ စမ်းသပ်မှုကို အဆုံးသတ်ခဲ့ခြင်း ဖြစ်သည်။
“နင်တို့ အားလုံး အနိမ့်ဆုံး အခက်အခဲအဆင့်ကို ရွေးခဲ့ကြတာ မဟုတ်လား...”
မိုယင်က မေးလိုက်သည်။
“ဟုတ်ပါတယ်...”
လုံထျန်းရှင်းက ခေါင်းညိတ်လိုက်၏။
“ကံကောင်းလို့ အနိမ့်ဆုံး အဆင့် ဖြစ်နေတာ... ဒါပေမဲ့ အဆင့်နိမ့် နတ်ဆိုးစစ်သည်တော် အဆင့် ကျောက်တုံးဝိညာဉ် (၁၀၀) ကို ဆက်တိုက် တိုက်ခိုက်ရတာ တော်တော် မောတာပဲ... ကံဆိုးတာက နောက်ပိုင်းမှာ ကျွန်တော် ဒဏ်ရာအပြင်းအထန် ရပြီး အဆင့်နိမ့် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ်ရဲ့ တိုက်ခိုက်မှုကို မနည်းကာကွယ်ပြီးတော့ ကြည်လင်ကျောက်တုံးကို ရိုက်ခွဲပြီး အောင်မြင်ခဲ့တာ...”
“မင်းက ငါ့ထက် တော်သေးတာပေါ့... ငါကတော့ အဆင့်နိမ့် ကျောက်တုံး နတ်ဆိုးဗိုလ်ချုပ် လက်ချက်နဲ့ သေပြီး စမ်းသပ်မှု မအောင်မြင်ခဲ့ဘူး... ဒါပေမဲ့ အဲဒါကြောင့်ပဲ ငါ့ရဲ့ ကျင့်ကြံဆင့်ကို ချိုးဖောက်နိုင်ခဲ့တာ...”
ချောင်ကျားရှီး နည်းနည်းတော့ နှမြောမိသည်။
“ခဏလောက် နားပြီးရင် အလယ်အလတ် ဒါမှမဟုတ် အမြင့်ဆုံး အခက်အခဲ အဆင့်ကို စမ်းကြည့်ရအောင်... ဘယ်လိုနေမလဲ သိချင်လို့...”
“ပြီးတော့ ငါတို့ စတုတ္ထထပ်က တိုက်ခိုက်ရေးနယ်မြေရဲ့ စမ်းသပ်မှုကို ဘယ်လို ဖြတ်ကျော်ရမလဲ ဆိုတာ မသိသေးဘူးလေ...”
“ငါ ထင်တာကတော့ အလယ်အလတ် ဒါမှမဟုတ် အမြင့်ဆုံး အဆင့်မှာ အောင်မြင်မှ ရမယ် ထင်တယ်...”
“အမှတ်နဲ့များ ဆိုင်နေမလား...”
“...”
ဂိုဏ်းသားများသည် စိတ်ဝင်တစား..စတင် ဆွေးနွေးနေကြတော့သည်။
သူတို့ ကြိုးကြိုးစားစား ကျင့်ကြံနေကြစဉ် အခြားတစ်နေရာတွင် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်မှာ တိမ်တိုက်ပုံသဏ္ဌာန် ပြောင်းလဲထားပြီး သူ၏ တာဝန်ကို လေးလေးနက်နက် ထမ်းဆောင်နေပါ၏။
အခန်း (၃၂၃) မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် အန္တရာယ်ကြုံခြင်း၊ အစ်ကိုကြီး ခေါင်းပြား ကယ်တင်ခြင်း
~ကောင်းကင်သည် အမှောင်ထု၏ လွှမ်းခြုံမှုကို ခံနေရလေသည်။
ယနေ့ညတွင် လမင်း ပုန်းကွယ်နေပြီး ကြယ်တာရာများလည်း မမြင်ရသဖြင့် ကောင်းကင်တစ်ခုလုံး အမည်းရောင် ပိတ်ကားစ ချထားသကဲ့သို့ ဖြစ်နေကာ အလွန် ထူးဆန်းနေလေသည်။
“ဟူး... ဘဝက ခက်ခဲလိုက်တာကွာ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တိမ်ဖြူပုံသဏ္ဌာန်ကို ထိန်းသိမ်းထားရင်း ညည်းတွားလိုက်၏။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ယဲ့ဖုန်းထံမှ ကြိုတင်ဆုလက်ဆောင် အဖြစ် သွေးကြောသန့်စင်ဆေးလုံး (၁၀) လုံး ရရှိခဲ့ပြီး နတ်ဆိုးဗိုလ်ချုပ်အဆင့် ဝိညာဉ်သွေးများဖြင့် ပေါင်းစပ်လိုက်သောအခါ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့သည်။
အခွင့်အရေးသာ သင့်မည် ဆိုလျှင် သူ ဒီထက်မက ခရီးဆက်နိုင်ပေလိမ့်မည်။
“တကယ်လို့သာ တာဝန်ထမ်းဆောင်ဖို့ အပြင်ထွက်မလာရဘူး ဆိုရင် အခုလောက်ဆို ငါ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် ဖြစ်ဖို့ ကြိုးစားနေလောက်ပြီ...”
“ဒါပေမဲ့ တာဝန် မထမ်းဆောင်ရင်လည်း သွေးကြောသန့်စင်ဆေးလုံးတွေ၊ ဝိညာဉ်သွေးတွေ ဘယ်ရနိုင်မလဲ...”
“ဟာ... တကယ့် သံသရာပဲ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ဆက်လက် ညည်းတွားနေမိသည်။
ထိုအချိန်တွင် သူသည် မြူခိုးဂိုဏ်းနှင့် မိုင်ထောင်ချီ ဝေးကွာသော နေရာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး တောင်ပိုင်းမြစ်ကန်ကြီးနှင့် မိုင်နှစ်ထောင်ခန့်သာ ဝေးကွာတော့ကြောင်း တွေ့ရှိလိုက်ရသည်။
“တောင်ပိုင်းမြစ်ကန်ကြီး... ကုန်းတွင်းပင်လယ်လို့လည်း ခေါ်ကြတဲ့ နေရာ... အရင်းအမြစ်တွေ ပေါကြွယ်ဝတယ်လို့ ကြားဖူးတယ်... ငါ လုယက်လို့ရမယ့် ကောင်းကင်နဲ့ မြေကြီး ရတနာတွေများ ရှိနေမလား မသိဘူး...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် တဟီးဟီး ရယ်မောလိုက်လေသည်။
“ဟေ... ဒါ ဘာကြီးလဲ...”
ရုတ်တရက် အောက်ဘက်ရှိ တောင်တန်းတစ်ခုကို သူ သတိထားမိလိုက်၏။ ထိုတောင်တန်းသည် တစ်နှစ်ပတ်လုံး မြူခိုးများ ဖုံးလွှမ်းနေပြီး အတွင်းပိုင်းကို မြင်ရခြင်း မရှိပေ။
“ဆင်းကြည့်မှ ဖြစ်မယ်... ရှုပ်ရှုပ်ရှက်ရှက်တွေ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် မျက်မှောင်တွန့်ချိုးလိုက်၏။
သူသည် ငှက်တစ်ကောင် အဖြစ် ပြောင်းလဲလိုက်ပြီး တောင်ပံခတ်ကာ အောက်သို့ ပျံဆင်းသွားလိုက်၏။ မိုင်ရာချီ ရှည်လျားသော တောင်တန်းကြီး အတွင်း၌ လိုက်လံ ရှာဖွေလိုက်လေသည်။
တစ်နာရီခန့် ကြာသောအခါ...
ရှုခင်းသာယာလှပသော တောင်ကြားတစ်ခု အတွင်း၌ ကြီးမားခမ်းနားသော ရှေးဟောင်း နတ်ဆိုးချုပ်နှောင်မျှော်စင် တစ်ခုကို သူ တွေ့ရှိလိုက်ရသည်။
“ဂါး...”
နားကွဲမတတ် ဟိန်းဟောက်သံကြီး တစ်ခုသည် မျှော်စင်ထဲမှ ရံဖန်ရံခါ ထွက်ပေါ်လာပြီး လေးလံသော ဖိအားကို ပေးစွမ်းနေလေသည်။ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်ကို ချုပ်နှောင်ထားခြင်း ဖြစ်သည်။
“နတ်ဆိုးဗိုလ်ချုပ်ကို ချုပ်နှောင်ထားတဲ့ မျှော်စင်မျိုး ပထမဆုံး တွေ့ဖူးတာပဲ... ဒါကို မှတ်တမ်းတင်ထားမှ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် သူ့ကိုယ်သူ ခပ်ပျပ်ပျပ် လူကလေး တစ်ယောက် အဖြစ် ပြောင်းလဲလိုက်ပြီး စာရွက်နှင့် စုတ်တံကို ထုတ်ကာ မြေပုံအသေးစားလေးပေါ်တွင် ပုံဆွဲမှတ်တမ်းတင်လိုက်လေသည်။
ထိုအချိန်တွင် ကျောချမ်းဖွယ်ရာ အရှိန်အဝါတစ်ခုကို သူ ခံစားလိုက်ရ၏။
နောက်သို့ လှည့်ကြည့်လိုက်ရာ မလှမ်းမကမ်းတွင် မျက်နှာဖုံးစွပ်ထားသော ဝတ်ရုံနက်ဝတ် လူတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရပြီး ထိုလူသည် သူ့ကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်နေလေသည်။
အကယ်၍ လီဟန်ရှောင်နှင့် ဝူတယ်သာ ဒီနေရာတွင် ရှိနေမည် ဆိုလျှင် ထိုလူကို ကောင်းကောင်း မှတ်မိကြပေလိမ့်မည်။
သူသည် ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်း၏ စောင့်ရှောက်သူပင် ဖြစ်ချေသည်။
“ဘယ်ကောင်လဲဟ... သေးသေးကွေးကွေးလေးနဲ့ ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းရဲ့ နယ်မြေထဲ လာပြီး သတင်းလာခိုးရဲတယ်ပေါ့... သေစမ်း...”
စောင့်ရှောက်သူသည် ဓာတ်ကြီးငါးပါး စုစည်းခြင်း စတုတ္ထအဆင့် အရှိန်အဝါကို ထုတ်လွှတ်လိုက်ပြီး မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို လက်ဖြင့် လှမ်းဖမ်းလိုက်လေသည်။
“ငါ့ကို သေးသေးကွေးကွေးလို့ ခေါ်ရဲတယ်ပေါ့...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင် ဒေါသထွက်သွား၏။ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ် အဆင့် အရှိန်အဝါများ ပေါက်ကွဲထွက်လာတော့၏။ တဆက်တည်း၌၊ သူ၏ ခန္ဓာကိုယ်သည် (၁၀) မီတာခန့် မြင့်မားသော ဧရာမ လူ့ဘီလူးကြီး တစ်ယောက် အဖြစ် ပြောင်းလဲသွားကာ စောင့်ရှောက်သူကို လက်သီးဖြင့် ပစ်ထိုးလိုက်
လေတော့သည်။
“ဓမ္မ ရွှေကိုယ်ခန္ဓာ ပဲ...”
စောင့်ရှောက်သူ၏ မျက်ဝန်းများ ကျဉ်းမြောင်းသွား၏။
“ဟားဟားဟား၊ ဟုတ်တယ်... မင်းအဘိုးက ဓမ္မ ကိုယ်ခန္ဓာ ပိုင်ဆိုင်ထားတယ်ကွ... ငါ့ကို ထပ်ပြီး ရန်စရဲရင် ကြက်ကလေး တစ်ကောင်လို ဖမ်းပြီး အပြင် လွှင့်ပစ်လိုက်မယ်၊ ဟွန့်...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် မောက်မာသော လေသံဖြင့် ရယ်မောလိုက်လေသည်။
“အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် အထွတ်အထိပ်လေး ဖြစ်ပြီးတော့များ... သေချင်နေတာပဲ...”
စောင့်ရှောက်သူသည် အလွယ်တကူ အလိမ်ခံရမည့်သူ မဟုတ်ပေ။
စောစောက သူ လွင့်စဉ်သွားရခြင်းမှာ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က အရွယ်အစား ပြောင်းလဲနိုင်သည်ကို ကြိုတင် မသိရှိခဲ့သောကြောင့်သာ ဖြစ်သည်။
ယခုအခါ သူသည် အစွမ်းကုန် တိုက်ခိုက်လိုက်၏။ လက်ဝါးကို ရိုက်ချလိုက်ရာ ရွှေရောင် စွမ်းအင်များ လက်ချောင်းထိပ်များမှ ထွက်ပေါ်လာပြီး မီတာ (၁၀) ဂဏန်းခန့် ကျယ်ဝန်းသော ပိုက်ကွန်ကြီး တစ်ခုအဖြစ် ပြောင်းလဲကာ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို ဖမ်းချုပ်လိုက်လေတော့၏။
“ကြမ်းလိုက်တာ... သတ္တဝါဆန်းကြီးပါလား...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် နေရာမှာတင် ကြောက်လန့်သွားပြီး ချက်ချင်း ကျုံ့ဝင်ကာ မီးခိုးဖြူတစ်စ အဖြစ် ပြောင်းလဲ၍ ပိုက်ကွန်ကြားမှ လျှောထွက်သွားလေသည်။
ထို့နောက် သူသည် မြေကြီးထဲသို့ တိုးဝင်သွားပြီး တီကောင်တစ်ကောင် အဖြစ် ပြောင်းလဲကာ လျင်မြန်စွာ ထွက်ပြေးလေသည်။ သူ၏ အမြန်နှုန်းမှာ စောင့်ရှောက်သူကိုပင် အံ့သြသွားစေခဲ့သည်။
“ဒါ ဘာနတ်ဆိုးသားရဲလဲ...”
စောင့်ရှောက်သူသည် ရွှေရောင် အဆောင်လက်ဖွဲ့ စာရွက်တစ်ရွက်ကို ထုတ်ယူလိုက်ပြီး ရင်ဘတ်ပေါ်တွင် ကပ်လိုက်ကာ မြေကြီးထဲသို့ တိုးဝင်ပြီး ထပ်ကြပ်မကွာ လိုက်ပါသွားလေတော့၏။
“သွားပြီ...”
စောင့်ရှောက်သူ၏ နည်းလမ်းများသည် အဆုံးမဲ့နေသည်ကို မြင်သောအခါ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အရှိန်မြှင့်လိုက်ပြီး နတ်ဆိုးသားရဲဆောင် မှတစ်ဆင့် ယဲ့ဖုန်းထံသို့ အကူအညီတောင်းခံသည့် အချက်ပြချက်ကို တိတ်တဆိတ် ပေးပို့လိုက်လေသည်။
မြူခိုးတောင်ထိပ်...
ယဲ့ဖုန်းသည် ညလုံးပေါက် စာဖတ်နေလေသည်။
‘ဒါက နေ့စဉ် မနောအလိုကျ..ဆုတောင်းခြင်းကနေ ရရှိထားတဲ့ ဝတ္ထုစာအုပ်လေ... တွဲ (၃၀) တောင် ရှိတာပေါ့…’
အခြားကမ္ဘာသို့ ရောက်ရှိသွားသော လူငယ်လေး တစ်ယောက်က နဂါးဝိညာဉ် ပါရမီကို နှိုးဆွနိုင်ခဲ့ပြီး အစွမ်းထက်ဆုံး ပုဂ္ဂိုလ်ကြီး ဖြစ်လာပုံကို ရေးဖွဲ့ထားခြင်း ဖြစ်သည်။
“ကောင်းတယ်... ဖတ်လို့ ကောင်းလိုက်တာ၊ ဟင်းဟင်း...”
ယဲ့ဖုန်းသည် သဘောကျစွာ ရယ်မောလိုက်လေသည်။
အချိန်ခရီးသွားခဲ့သည်မှာ တစ်နှစ်နီးပါး ရှိပြီ ဖြစ်သော်လည်း ယခုမှသာ စာအုပ်ကောင်းကောင်း ဖတ်ခွင့်ရတော့၏။ သူ အလွန် ပျော်ရွှင်ပြီး စိတ်သက်သာရာ ရနေလေသည်။
ရုတ်တရက်၊
“ဂိုဏ်းချုပ်... ကယ်ပါဦး...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ အကူအညီ တောင်းသံကို သူ..ကြားလိုက်ရသည်။
“အပြင်ထွက်တာ ရက်ပိုင်းပဲ ရှိသေးတယ်... ပြဿနာ တက်ပြန်ပြီ... တကယ်ကို စိတ်အေးလက်အေး နေခွင့် မပေးဘူးကွာ...”
ယဲ့ဖုန်းသည် စာအုပ်ကို ပိတ်လိုက်ပြီး ကယ်တင်ရန် ထွက်ခွာတော့မည့်ဟန် ပြင်လိုက်၏။
သို့သော် ထိုအချိန်တွင် စနစ်၏ အသိပေးသံ ထွက်ပေါ်လာလေသည်။
(တီ..တီ.. အစ်ကိုကြီး ခေါင်းပြားဟာ အလယ်အလတ်အဆင့် အခက်အခဲရှိတဲ့ ‘မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်အား ကယ်တင်ခြင်း’ တာဝန်ကို လက်ခံလိုက်ပါပြီ... အခင်းဖြစ်ပွားရာကို ထွက်ခွာသွားပါပြီ...)
ယဲ့ဖုန်း လှည့်ကြည့်လိုက်ရာ သစ်သားဘီးကို ကိုင်လျက် အသစ်စက်စက် ကာကွယ်ရေး ဝတ်စုံကို ဝတ်ဆင်ထားသော အစ်ကိုကြီး ခေါင်းပြားသည် အရှေ့ဘက်သို့ ‘ဝှီး’ ခနဲ ပျံသန်း ထွက်ခွာသွားသည်ကို တွေ့လိုက်ရတော့သည်။
“အစ်ကိုကြီး ခေါင်းပြားက တာဝန်ယူလိုက်ပြီ ဆိုတော့ ငါ သွားစရာ မလိုတော့ဘူးပေါ့...”
ယဲ့ဖုန်းသည် ကောင်းကင်မေးမြန်းကြေးမုံကို လေထဲမှ ထုတ်ယူလိုက်ပြီး တိုက်ပွဲကို စောင့်ကြည့်လိုက်တော့၏။
*
မြေအောက်တွင်...
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အသက်လုပြီး ပြေးနေရရှာသည်။
“ဟိတ်..သတ္တဝါဆန်းကြီး... အနားမလာနဲ့...”
သူသည် နောက်လှည့်ကြည့်ပြီး စောင့်ရှောက်သူကို လှမ်းအော်လိုက်လေသည်။
“သေစမ်း...”
တီကောင် အဖြစ် ပြောင်းလဲထားသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို ကြည့်ပြီး စောင့်ရှောက်သူ၏ မျက်လုံးများသည် လူသေ တစ်ယောက်ကို ကြည့်နေသကဲ့သို့ အေးစက်သွားလေသည်။
“သောက်ကျိုးနည်း...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ကျိန်ဆဲလိုက်ပြီး မြေကြီးထဲမှ ခုန်ထွက်တော့သည်။ လူအဖြစ် ပြောင်းလဲလိုက်ပြီး မြေပြင်ပေါ်တွင် သည်းကြီးမည်းကြီး ပြေးလွှားလေတော့၏။
သို့သော် မလွတ်နိုင်မှန်း သိလိုက်သောအခါ သူသည် ချီတာကျားသစ် တစ်ကောင် အဖြစ် ပြောင်းလဲလိုက်ရာ အမြန်နှုန်း တစ်ဟုန်ထိုး မြင့်တက်သွားလေသည်။
သို့ရာတွင် ‘မြေလျှိုး အဆောင်လက်ဖွဲ့’ကို အသုံးပြုထားသော စောင့်ရှောက်သူသည် ပိုမို မြန်ဆန်နေပြီး သူတို့ကြားမှ အကွာအဝေးကို တဖြည်းဖြည်း ကျဉ်းမြောင်းလာစေသည်။
“သေစမ်းကွာ...”
စိတ်ဓာတ်ကျနေသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ခြေခြောက်ချောင်းပါ ပုရွက်ဆိတ်ကြီး တစ်ကောင် အဖြစ် ရုတ်ချည်းပင်၊ ပြောင်းလဲလိုက်ပြန်သည်။
ထို့နောက် ခြေရှစ်ချောင်းပါ ပင့်ကူကြီး တစ်ကောင်...။
နောက်ဆုံးတွင် ခြေထောက် အများအပြားပါသော ကင်းခြေများ တစ်ကောင် အဖြစ် ပြောင်းလဲလိုက်ရာ အလွန် လျင်မြန်သွားပြီး အကွာအဝေးကို အနည်းငယ် ပြန်လည် ဆွဲဆန့်နိုင်ခဲ့သည်။
“ဟားဟား... မင်း ငါ့ကို မမီပါဘူးကွ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်က ကျယ်လောင်စွာ အော်၍ လှောင်လိုက်၏။
“ငါ့လက်ထဲ မိလို့ကတော့ မင်းကို အပိုင်းပိုင်း ဆွဲဖြဲပစ်မယ်...” စောင့်ရှောက်သူလည်း ဒေါသထွက်ပြီး ဆဲဆိုကြိမ်းမောင်းလိုက်လေသည်။
“ဒုန်း…”
ရုတ်တရက် ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် အရှိန်လွန်ပြီး အကွေ့တွင် မကွေ့နိုင်ဘဲ ရှေ့ရှိ ကျောက်ကမ်းပါးကို ခေါင်းနှင့် ဝင်ဆောင့်မိသွားလေတော့၏။
ကျောက်တုံးများ ကွဲကြေကုန်ပြီး မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ဖူးရောင်နေသော ခေါင်းကို ပွတ်သပ်ရင်း လေအေးတစ်ချက် ရှူသွင်းလိုက်မိသည်။
ထိုစဉ်၊
“ဟီးဟီး... မင်း သွားပြီ...”
စောင့်ရှောက်သူသည် အခွင့်ကောင်းကို အသုံးချပြီး အမီလိုက်လာကာ မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ကျောကို လက်ဝါးဖြင့် ရိုက်ချလိုက်ရာ သွေးများ အန်ထွက်သွားတော့၏။
“ငါ့ကို ရိုက်ရဲတယ်ပေါ့... မင်းကို နှစ်ပိုင်းပိုင်းပစ်မယ်...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် မီတာ (၄၀) ရှည်သော ဓားကြီးတစ်လက် အဖြစ် ပြောင်းလဲလိုက်ပြီး စောင့်ရှောက်သူ၏ ခေါင်းကို ခုတ်ပိုင်းလိုက်လေသည်။
“ကလေးအထာတွေ...”
စောင့်ရှောက်သူ၏ လက်များသည် နီရွှေရောင် အဖြစ် ပြောင်းလဲသွားပြီး ဓားကြီးကို တင်းကျပ်စွာ ဖမ်းဆုပ်လိုက်ကာ အားကုန် ညှစ်လိုက်လေသည်။
"ဂျွတ်..."
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ ခန္ဓာကိုယ်မှ အသားတစ်တုံး ပြတ်ထွက်သွားရာ နာကျင်လွန်းသဖြင့် လူပုံစံ ပြန်ပြောင်းသွားပြီး သွားကို တင်းတင်းစည်းကာ မျက်နှာမဲ့နေရရှာ၏။
“အခု ဘယ်ပြေးဦးမလဲ...”
စောင့်ရှောက်သူသည် အောင်နိုင်သူ အပြုံးကို ဆင်မြန်းလျက်၊ ထက်ရှသော ဓားရှည်ကို မိုးပေါ် ထောင်လိုက်ပြီး လူပုံစံ ဖြစ်နေသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်ကို နှစ်ပိုင်းပိုင်းရန် ပြင်လိုက်လေသည်။
“ရွှေရောင်အလင်း အဆောင်လက်ဖွဲ့...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ရွှေရောင် အဆောင်လက်ဖွဲ့ စာရွက်တစ်ရွက်ကို ထွေးထုတ်လိုက်ရာ လေထဲတွင် ရွှေရောင်အလင်းတန်း တစ်ချက် အဖြစ် ပြောင်းလဲသွားပြီး သေစေနိုင်သော ဓားချက်ကို ကာကွယ်လိုက်လေသည်။
ဒါက ယဲ့ဖုန်း ပေးထားသော အသက်ကယ် အဆောင်လက်ဖွဲ့ ဖြစ်ပြီး ကုန်းချင်းချိုး ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။
မိန်းမပျိုလေး၏ ရနံ့ ပါဝင်နေသဖြင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ပါးစပ်ထဲတွင် အမြဲ ငုံထားပြီး အသုံးပြုရန် နှမြောနေခဲ့ခြင်း ဖြစ်၏။
ယနေ့ကဲ့သို့ အသက်အန္တရာယ် ကြုံနေရသည့် အချိန်မျိုး မဟုတ်လျှင် သူ လုံးဝ သုံးမည် မဟုတ်ပေ။
သို့သော် ‘ဂျွတ်’ ခနဲ အသံနှင့်အတူ ရွှေရောင်အလင်းတန်းသည်လည်း ကွဲကြေသွားလေသည်။ တစ်ကြိမ်သာ ကာကွယ်ပေးနိုင်ခဲ့သဖြင့် မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ မျက်နှာ သွေးဆုတ်သွားရတော့၏။
“အလယ်အလတ်အဆင့် အဆောင်လက်ဖွဲ့လေး တစ်ခုနဲ့ အသက်ရှင်မယ် ထင်နေတာလား... သေစမ်း...”
စောင့်ရှောက်သူသည် ဓားကြီးကို ဝှေ့ယမ်းကာ ဆက်လက် တိုက်ခိုက်လိုက်လေသည်။
“သွားပြီဟ...”
ကြောက်မက်ဖွယ် ကောင်းသော ဖိအားနှင့် ရင်ဆိုင်နေရပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသော မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် ရှောင်တိမ်းရန် အချိန်မရှိတော့ဘဲ ဓားချက်အောက်တွင် အသက်ပျောက်တော့မည့်ဟန် ရှိနေလေသည်။
ထိုအခိုက်အတန့်၌၊
“ဝေါ...”
အပြာရင့်ရောင် တိုက်ပွဲဝင် ဝတ်စုံကျပ်နှင့် အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ဆံပင်ကို နောက်လှန်ဖီးထားသော ပုံရိပ်တစ်ခု ချက်ချင်း ပေါ်လာကာ ‘ချွင်’ ခနဲ အသံနှင့်အတူ သံခေါင်းကို အသုံးပြု၍ ဓားချက်ကို တားဆီးလိုက်လေသည်။
“ဒါ ဘယ်သူလဲ...”
စောင့်ရှောက်သူ၏ မျက်ခွံများ လှုပ်ခါသွား၏။
“အစ်ကိုကြီး ခေါင်းပြား...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်၏ မျက်လုံးများ ပြူးကျယ်သွားပြီး ဝမ်းသာလွန်းသဖြင့် မျက်ရည်များ စီးကျလာလေသည်။ ဂိုဏ်းချုပ်က ကယ်တင်ရှင် လွှတ်လိုက်ပြီ ဖြစ်ကြောင်း တိတ်တဆိတ် ကျေးဇူးတင်လိုက်မိ၏။
“အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်ကိုး... ခေါင်းမာတာ မဆန်းပါဘူး...”
စောင့်ရှောက်သူ၏ မျက်နှာထား လေးနက်သွားပြီး အလယ်အလတ်အဆင့် ‘တည်ငြိမ်စေခြင်း အဆောင်လက်ဖွဲ့’ တစ်ခုကို ချက်ချင်း ထုတ်ယူကာ အစ်ကိုကြီး ခေါင်းပြား၏ နဖူးပေါ်တွင် ကပ်ရန် ပြင်လိုက်လေသည်။
"ဝှီး..."
အစ်ကိုကြီး ခေါင်းပြားသည် အချိန်ဖြုန်းမနေပေ။ လက်သည်းတစ်ဖက်ဖြင့် ဓားကြီးကို ရိုက်ချလိုက်ပြီး ကျန်တစ်ဖက်ဖြင့် အဆောင်လက်ဖွဲ့ကို ဆွဲဖြဲပစ်လိုက်ကာ သူ၏ သံခေါင်းဖြင့် စောင့်ရှောက်သူ၏ ရင်ဘတ်ကို အားကုန် ဆောင့်တိုက်လိုက်ရာ သွေးများ အန်ထွက်သွားစေတော့၏။
အစ်ကိုကြီး ခေါင်းပြားသည် ဆက်လက် ဇွတ်တရွတ် တိုက်ခိုက်လိုက်သည်။
လှုပ်ရှားမှု အနည်းငယ် အတွင်းမှာပင် ထက်ရှသော လက်သည်းများသည် စောင့်ရှောက်သူ၏ ရင်ဘတ်ကို ထိုးဖောက်သွားပြီး နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားစေတော့၏။
“အစ်ကိုကြီး ခေါင်းပြားက တကယ် စွမ်းတာပဲ...”
မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်သည် စိတ်သက်သာရာ ရသွားသလို စိတ်လှုပ်ရှားသွားပြီး မြေပြင်ပေါ်တွင် ဒူးထောက်ချလိုက်ကာ အစ်ကိုကြီး ခေါင်းပြား၏ ခြေထောက်ကို ဖက်ပြီး ငိုကြွေးလိုက်လေတော့၏။