← Chapters

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈-၃၃၀)

Vol. 22 Ch. 328-330

အခန်း (၃၂၈) ဂိုဏ်းချုပ်ယဲ့... ကျွန်တော် မခံနိုင်တော့ဘူး... ဂိုဏ်းက ထွက်ပါရစေ

~စာအုပ်ငယ်၏ မျက်နှာဖုံးပေါ်တွင် စာတန်း တစ်ကြောင်း ရေးသားထားလေသည်။

“လူတွေကို ဒုက္ခပေးနည်း ပေါင်းချုပ်”

ဒါက စာအုပ်ခေါင်းစဉ်ပင် ဖြစ်ချေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က ယဲ့ဖုန်းသည် နေ့စဉ်ဆုတောင်းခြင်း အစီအစဉ်မှတစ်ဆင့် ဤစာအုပ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် စာအုပ်ထဲမှ အကြောင်းအရာ အချို့ကို ကူးယူပြီး လီမိုဟွမ်အတွက် တာဝန်အဖြစ် သတ်မှတ်ပေးလိုက်ခြင်း ဖြစ်ပေသည်။

ရေပေါ်ဖြူမြို့တော် အနောက်ဘက်...

“အောက်.. အီးအီး... အွတ်...”

ကြက်ဖကြီး တစ်ကောင်သည် သစ်သားစင်ပေါ်သို့ ခုန်တက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ လည်ပင်းဆန့်၍ တွန်လိုက်လေသည်။

“ဖယ်စမ်း...”

စိတ်တိုနေသော လီမိုဟွမ်သည် ကောင်းကင်ယံမှ ဆင်းသက်လာပြီး ကြက်ဖကြီးကို ခြေထောက်ဖြင့် ကန်ချလိုက်ကာ သစ်သားစင်ပေါ်တွင် နေရာယူလိုက်၏။ ထို့နောက် အနီးနားရှိ အံ့အားသင့်နေသော လယ်သမားများကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

“ကျုပ်က မြူခိုးဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့်... အား...”

စကားပင် မဆုံးလိုက်ပေ။ သစ်သားစင်သည် အိုဟောင်းလွန်းနေပြီ ဖြစ်ရာ လီမိုဟွမ် တက်ရပ်လိုက်သည်နှင့် တပြိုင်နက် သူ့အလေးချိန်ကို မခံနိုင်တော့ဘဲ ‘ကျွီ’ ခနဲ မြည်သံနှင့်အတူ ကျိုးကျသွားတော့၏။

လီမိုဟွမ်သည် ကျင့်ကြံသူ တစ်ဦး ဖြစ်သဖြင့် ထိခိုက်ဒဏ်ရာ မရသော်လည်း သစ်သားစင်ပေါ်မှ လျှောကျပြီး ဖင်ထိုင်လျက်သား ဖြစ်သွားရသည်မှာ အတော်လေး အရှက်ရစရာ ကောင်းလှပေသည်။

‘ဘာသောက်နေရာကြီးလဲကွာ...’

လီမိုဟွမ် ဒေါသထွက်လွန်းသဖြင့် နဖူးကြောများပင် ထောင်ထလာသည်။

သူသည် အဝတ်အစားများကို အလျင်အမြန် ခါလိုက်ပြီး အသံကို နှိမ့်ကာ ပြောလိုက်၏။

“ကျုပ်က မြူခိုးဂိုဏ်းရဲ့ ဒုတိယမျိုးဆက် တပည့် လီမိုဟွမ် ပါ... တာဝန်ထမ်းဆောင်ဖို့ ရောက်လာတာ...”

ပြောပြီးသည်နှင့် သူသည် တာဝန်စာအုပ်ငယ်ကို ထုတ်ပြလိုက်လေသည်။

“ဪ... မြူခိုးဂိုဏ်းက အင်မော်တယ် ဆရာလေးကိုး...”

“အင်မော်တယ် ဆရာလေး... ဂါရဝပြုပါတယ်...”

ဘေးပတ်လည်ရှိ လယ်သမားများသည် ချက်ချင်း ဒူးထောက်လိုက်ကြပြီး လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်ရှုနေကြရာ လီမိုဟွမ် အနည်းငယ် ကျေနပ်သွားမိသည်။

မကြာမီ... ကြက်ခြံထဲတွင်...

ဝဖြိုးသော အဒေါ်ကြီး တစ်ယောက်သည် ဝါးခြင်းတောင်းကို ကိုင်ဆောင်လျက် ဘေးတစ်ဖက်တစ်ချက်စီရှိ ကြက်လှောင်အိမ်များကို ညွှန်ပြကာ ရှင်းပြလေသည်။

“တို့ကြက်ခြံမှာ ဥစားကြက်မ အကောင်ရေ တစ်သောင်းကျော် ရှိတယ်... နေ့တိုင်း အနည်းဆုံး ကြက်ဥ (၈၀၀၀) လောက် ရတယ်... အင်မော်တယ် ဆရာလေး... တို့ အရင် လုပ်ပြမယ်... ပြီးရင် လိုက်လုပ်နော်...”

“ခင်ဗျားက ကျွန်တော့်ကို သင်ပေးမယ် ဟုတ်လား...”

လီမိုဟွမ် မျက်လုံးပြူးကြည့်လိုက်ရာ ဝဖြိုးသော အဒေါ်ကြီး လန့်သွား၏။

“ဒါက အင်မော်တယ် ဆရာလေးရဲ့ တာဝန်မို့လို့ပါ...” အဒေါ်ကြီးက အလျင်အမြန် ရှင်းပြလေသည်။

“ကောင်းပြီလေ... သင်ပေး...” လီမိုဟွမ်သည် တာဝန်ကို တွေးပြီး စိတ်လျှော့လိုက်ရသည်။

‘ငါ လီမိုဟွမ်က ဒီလောက် အခက်အခဲလေးကို မကျော်ဖြတ်နိုင်စရာ အကြောင်း မရှိဘူး...’

သူ လက်သီးကို ဆုပ်လိုက်မိသည်။

ထိုအချိန်တွင် ဝဖြိုးသော အဒေါ်ကြီးသည် ကြက်လှောင်အိမ် တစ်ခုကို ဖွင့်လိုက်၏။ ထို့နောက် သစ်သားဇွန်း တစ်ချောင်းကို အသုံးပြုပြီး ကောက်ရိုးပုံပေါ်တွင် ဝပ်နေသော ကြက်မကို ဘေးသို့ တွန်းလိုက်၏။ ထို့နောက် ကြက်ဥတစ်လုံးကို ကော်ထုတ်ပြီး ဝါးခြင်းတောင်းထဲသို့ ညင်သာစွာ ထည့်လိုက်သည်။

“အင်မော်တယ် ဆရာလေး... ကြက်ဥတွေက ကွဲလွယ်တယ်နော်... ညင်ညင်သာသာ ကိုင်တွယ်ရမယ်...”

အဒေါ်ကြီးသည် ခြင်းတောင်းကို ချထားပြီး ထွက်ခွာသွားလေသည်။

လီမိုဟွမ်သည် ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ ကြက်မပေါင်း တစ်သောင်းကျော်၏ စူးစမ်းသော အကြည့်များနှင့် ရင်ဆိုင်လိုက်ရသဖြင့် အလွန်အမင်း စိတ်ပျက်သွားမိသည်။

‘ကျစ်..တာဝန်သာ မဟုတ်ရင် ဒီကြက်ခြံကြီးကို ဓားနဲ့ နှစ်ပိုင်းပိုင်းပစ်လိုက်ပြီ...’ သူ တီးတိုး ကဲ့ရဲ့လိုက်ပြီး ကြက်ဥ စကောက်ရန် ပြင်လိုက်၏။

“ငါက ကျင့်ကြံသူလေ... ကြက်ဥကောက်ဖို့ သစ်သားဇွန်း လိုလို့လား... ရယ်စရာပဲ...”

ပြောပြီးသည်နှင့် လီမိုဟွမ်သည် ‘ဝိညာဉ်လက်ဝါးကြီး’ သိုင်းနည်းစနစ်ကို ထုတ်သုံးလိုက်၏။ လေထဲတွင် တစ်မီတာခန့် ရှည်လျားသော လက်ဝါးကြီး ပေါ်လာပြီး ကြက်မများကို ဘေးသို့ လွှင့်ပစ်ကာ ကောက်ရိုးပေါ်မှ ကြက်ဥများကို ဆုပ်ကိုင်လိုက်လေသည်။

"ဖောက်..."

ကြက်ဥ ကွဲသွားလေသည်။

လီမိုဟွမ် ဒေါသထွက်သွားပြီး လက်ဖြင့်သာ ကောက်ယူတော့၏။

ထိုအခါတွင်မူ ကြက်မများ၏ ဆိတ်ခြင်းကို ခံရလေတော့၏။

“သောက်ကြက်စုတ်...”

လီမိုဟွမ် ဒေါသထွက်ပြီး ကြက်မ တစ်ကောင်ကို ညှစ်သတ်ပစ်လိုက်၏။ ကြက်မသည် စူးစူးဝါးဝါး အော်ဟစ်ပြီး သေဆုံးသွား၏။ သူ ဘေးဘီဝဲယာ ကြည့်လိုက်ရာ မည်သူမျှ သတိမထားမိသည်ကို တွေ့ရသဖြင့် သက်ပြင်းချလိုက်မိသည်။

လီမိုဟွမ် ကြက်ဥ (၃၀၀၀) ကောက်ယူပြီးချိန်တွင် ကြက်ခြံရှေ့ရှိ ဝါးခြင်းတောင်းများ အားလုံး ပြည့်သွားပြီ ဖြစ်သည်။

“ကျေးဇူးတင်ပါတယ် အင်မော်တယ် ဆရာလေး...”

“အင်မော်တယ် ဆရာလေး... ကျန်းမာချမ်းသာပါစေ...”

ကြက်ခြံပိုင်ရှင်များနှင့် ဝဖြိုးသော အဒေါ်ကြီးက ကျေးဇူးတင်စကားများ ပြောကြားနေကြသည်။

လီမိုဟွမ်သည် စကားပြန်ပြောရန် စိတ်မပါသဖြင့် ရေပေါ်ဖြူမြို့တော် တံတိုင်းကို ပတ်၍ ပျံသန်းသွားကာ မြို့အနောက်တောင်ဘက်ရှိ နွားခြံသို့ ရောက်ရှိသွားလေသည်။

“ကျွန်တော် နွားနို့ညှစ်ဖို့ လာတာပါ... ပုံးကြီး (၃) ပုံး...”

လီမိုဟွမ်က မိတ်ဆက်ပြီးနောက် ဘေးပတ်လည်ကို ကြည့်လိုက်၏။ “ပုံးတွေ ဘယ်မှာလဲ...”

ဝဖြိုးပြီး ဖြူဖပ်ဖြူရော် ဖြစ်နေသော နွားခြံပိုင်ရှင်က ပြေးလာပြီး သစ်သားစည်ပိုင်းကြီး တစ်ခုကို လက်ညှိုးထိုးပြလေသည်။

“အင်မော်တယ် ဆရာလေး လီ... ဒါက တို့တွေ နွားနို့ထည့်ဖို့ သုံးတဲ့ သစ်သားပုံးကြီးပါ...”

လီမိုဟွမ် ကြည့်လိုက်ရာ မျက်ခွံများ လှုပ်ခါသွား၏။

စည်ပိုင်းသည် အချင်းဝက် (၁) ပေခွဲခန့် ရှိပြီး (၃) ပေခန့် မြင့်မားလေသည်။ အလွန် ကြီးမားလှသည်။

ထို့အပြင် တာဝန်ပြီးမြောက်ရန်အတွက် ဤကဲ့သို့သော ပုံးကြီး (၃) ပုံး ပြည့်အောင် ညှစ်ရမည် ဟူ၏။

‘သောက်ကျိုးနည်း... ဒါ ပုံးလား... စည်ပိုင်းကြီးပါကွာ...’

လီမိုဟွမ် ဒေါသ ထပ်ထွက်လာပြန်သည်။

ငါ ဒီမှာ သန်းခေါင်ကျော်တဲ့အထိ နွားနို့ညှစ်နေရတော့မှာလား...

“အင်မော်တယ် ဆရာလေး လီ... နွားနို့ညှစ်တဲ့အခါ နည်းစနစ် ကျွမ်းကျင်ဖို့ လိုတယ်... ပြီးတော့ မညှစ်ခင် လက်ဆေးရမယ်... ပြီးရင်...”

နွားခြံပိုင်ရှင်က ရှင်းပြနေသည်။

လီမိုဟွမ်ကမူ နားထောင်ချင်စိတ် မရှိပေ။

သူ အလွန် စိတ်ဓာတ်ကျနေပြီး ထွက်ပြေးချင်နေမိပြီ ဖြစ်သည်။

“ကောင်းကင်ဝါးမြို နတ်ဆိုးဂိုဏ်းအတွက်... ငါ သည်းခံလို့ မရဘူးလား...”

နောက်ဆုံးတွင် လက်တွေ့ဘဝက လီမိုဟွမ်ကို အနိုင်ယူသွားလေသည်။

“ပိုင်ရှင်... နွားနို့ညှစ်တဲ့ လျှို့ဝှက်ချက်က ဘာလဲ...”

နွားခြံပိုင်ရှင် ကြောင်သွား၏။

‘ဒါ တကယ်ပဲ အင်မော်တယ် ဆရာလေး ဟုတ်ရဲ့လား... ခုနက ငါ ရှင်းပြနေတာ တစ်လုံးမှ နားမလည်ဘူး ထင်တယ်…’

ပြောစရာ စကားမရှိသော်လည်း နွားခြံပိုင်ရှင်က ဆက်လက် ရှင်းပြလိုက်၏။

တစ်နာရီ ကြာပြီးနောက်...

လီမိုဟွမ်သည် ခွေးခြေခုံပေါ်တွင် ထိုင်လျက် ရှေ့ရှိ နွားမဆီမှ နွားနို့ကို ကျွမ်းကျင်စွာ ညှစ်ယူနေလေသည်။

“အလိုလေး... အင်မော်တယ် ဆရာလေး ဆိုတဲ့အတိုင်းပဲ... သင်ယူတာ မြန်လိုက်တာ...”

“ဟုတ်ပါ့... ငါလည်း ကျင့်ကြံချင်လိုက်တာဟာ... ကျင့်ကြံပြီး ပြန်လာရင် နွားနို့ညှစ်တာ ပိုမြန်မှာပဲနော်...”

“တို့တွေမှာ ဝိညာဉ်အမြစ်မှ မရှိတာ... ဘယ်လိုလုပ် ကျင့်ကြံလို့ ရမှာလဲ...”

အနီးနားရှိ နွားခြံ အလုပ်သမား အမျိုးသမီးများသည် စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။

လီမိုဟွမ်ကမူ စိတ်ထဲမှ လှောင်ရယ်လိုက်မိသည်။

‘နွားနို့ညှစ်ဖို့အတွက် ကျင့်ကြံချင်တယ် ဟုတ်လား...

တကယ် ကျင့်ကြံပြီးရင် နွားနို့ညှစ်တာကို စိတ်ဝင်စားဦးမှာ မဟုတ်ပါဘူး... တကယ်ကို အမြင်ကျဉ်းမြောင်းလိုက်ကြတာ…’

လီမိုဟွမ် ပခုံးတွန့်လိုက်ပြီး နွားနို့ ဆက်ညှစ်နေလိုက်၏။

အချိန်များ ကုန်ဆုံးသွားပြီး နေဝင်ရီတရော အချိန် ရောက်ရှိလာပြီ ဖြစ်သည်။

ပထမ ပုံး ပြည့်သွားခဲ့ပြီ။

လီမိုဟွမ်သည် ဘေးရှိ အလွတ်ဖြစ်နေသော ပုံးနှစ်ပုံးကို ကြည့်ပြီး အတွေးနက်သွား၏။

‘အဟင့်ဟင့်... ဒီည ပြီးမှာ မဟုတ်တော့ဘူး...’

သူ ငိုချင်သော်လည်း မျက်ရည်မထွက်တော့ပေ။

...

မိုင် (၃၀၀၀) အကွာ၌...

မြင့်မြတ်သော လေဓားဂိုဏ်း၏ အကြီးအကဲများ တောင်ထိပ်တွင်...

မဟာအကြီးအကဲသည် ကျယ်ပြောလှသော နေဝင်ဆည်းဆာကို ကြည့်ပြီး မျက်နှာတွင် အပြုံးပန်းများ ဝေဆာနေလေသည်။

“ဒီအချိန်လောက် ဆိုရင် လီမိုဟွမ်က ယဲ့ဖုန်းရဲ့ ယုံကြည်မှုကို ရလောက်ပြီ... သတင်းအချက်အလက်တွေ အများကြီးတောင် ရနေလောက်ပြီကွာ...”

...

မြူခိုးတောင်ထိပ်...

ယဲ့ဖုန်းသည် ကြက်ပေါင် ကိုက်ရင်း ဘေးရှိ ကောင်းကင်မေးမြန်းကြေးမုံကို တစ်ချက် ကြည့်လိုက်ရာ လီမိုဟွမ် နွားနို့ညှစ်နေတုန်းပင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဒီနှုန်းအတိုင်း ဆိုရင် သူ သေချာပေါက် သန်းခေါင်ကျော်တဲ့အထိ လုပ်ရတော့မယ်...”

ယဲ့ဖုန်း တဟီးဟီး ရယ်မောလိုက်၏။

သူသည် ဤတာဝန်များကို အချိန်ကိုက် တွက်ချက်ထားခြင်း ဖြစ်သည်။ လီမိုဟွမ်၏ ချီကျင့်ကြံခြင်း အထွတ်အထိပ် ကျင့်ကြံဆင့်နှင့် ဆိုလျှင်တောင် မနားမနေ လုပ်မှ ပြီးနိုင်မည် ဖြစ်သည်။

ဤနည်းအားဖြင့် လီမိုဟွမ်တွင် အားလပ်ချိန် ဆိုသည်မှာ ရှိတော့မည် မဟုတ်ပေ။

အချိန်များ ကုန်ဆုံးသွားပြီး သန်းခေါင်ယံ ရောက်ရှိလာပြီ ဖြစ်သည်။

လီမိုဟွမ်သည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီး ဘေးရှိ နွားနို့ပုံးကြီး (၃) ပုံးကို ကြည့်ကာ သက်ပြင်းချလိုက်၏။

“အခု ဘယ်နှနာရီ ရှိပြီလဲ...”

“သန်းခေါင်ယံ တိတိ ရောက်ပြီ...”

“သန်းခေါင်ယံ ရောက်ပြီ ဟုတ်လား...”

လီမိုဟွမ် မျက်ခွံများ လှုပ်ခါသွား၏။ အချိန် နည်းနည်းတော့ ကျန်သေးသည်ဟု ထင်မှတ်ခဲ့မိသည်။ သူ အမြန်ဆုံး ဓားပေါ်တက်ပြီး မြူခိုးတောင်ထိပ်ဆီသို့ ပျံသန်းသွားလေတော့၏။

တောင်ခြေ ရောက်သောအခါ ဝင်္ကပါက သူ့ကို နောက်တစ်ကြိမ် ပိတ်ဆို့ထားပြန်သည်။

“ဘာလို့လဲကွ...” သူ ဒေါသတကြီး အော်ဟစ်လိုက်၏။

ကြက်ပေါင် ကိုက်နေသော မြေခွေးတာ့ဟုန်က မှင်သေသေပင် ပြောလိုက်သည်။

“အချိန်က ဒုတိယနေ့ထဲ ရောက်သွားပြီလေ... မင်း ပြန်လာတာ နောက်ကျသွားပြီ...”

“...”

လီမိုဟွမ် တိတ်ဆိတ်စွာဖြင့် တာဝန်စာအုပ်ငယ်ကို ဖွင့်လိုက်၏။

စာမျက်နှာ လှန်၍ ရနေပြီ ဖြစ်သည်။

“ဒုတိယနေ့ တာဝန် ပြီးဆုံးသည့်အတွက် ဂုဏ်ယူပါသည်... ယခု နေ့သစ်အတွက် တာဝန်များ စတင်ပါမည်...”

“တာဝန် (၁) - ဒုတိယတပ်မှူး ကျိုးကျားချိုင်ကို ရှာဖွေပြီး ညကင်းစောင့် အဖြစ် မိုးလင်းသည်အထိ ကြိုးစား လုပ်ကိုင်ပါ။”

“တာဝန် (၂) - ရောင်စုံငါးသွယ်မြို့ မြို့စားမင်းရဲ့ အဒေါ်ကို ကူညီပြီး သခင်လေးကို ထိန်းကျောင်းပေးပါ... တောင်တက်ခရီး ခေါ်သွားပြီး အဆင့်နိမ့် ဝိညာဉ်ဆေးပင် ‘ဝိညာဉ်တိမ်တိုက် မှို’ ကို ခူးယူပေးပါ။”

“တာဝန် (၃) - နန်လုတောင်တန်းသို့ သွားရောက်ပြီး အားနည်းသော နတ်ဆိုးသားရဲများကို ဖမ်းဆီးသတ်ဖြတ်ကာ စိုက်ခင်းများကို ဖျက်ဆီးနေသော ‘ပျံသန်းသော ကောင်းကင်ကြွက်’ ဟု ခေါ်သော မိစ္ဆာသားရဲကို သတ်ဖြတ်ပါ။”

အထက်ပါ တာဝန် (၃) ခုကို မြင်လိုက်ရသောအခါ လီမိုဟွမ်၏ မျက်နှာထား မဲမှောင်သွားလေသည်။ သူသည် မထီမဲ့မြင် ပြုံးလိုက်ပြီး ရှုံ့ချလိုက်၏။

“ယဲ့ဖုန်း... ခင်ဗျား တော်တော် ဉာဏ်များတာပဲ... ဒီအလုပ်ကြမ်းတွေ အကုန်လုံး ငါ့ကို ပုံပေးနေတာလား... ငါ မလုပ်နိုင်တော့ဘူး...”

သူ… ဧည့်တွေ့ ခေါင်းလောင်းကို တီးလိုက်၏။

“ငါ ဂိုဏ်းချုပ်နဲ့ တွေ့ချင်တယ်...”

လီမိုဟွမ် အော်ဟစ်လိုက်၏။

ကြက်ပေါင် ကိုက်ထားသော မြေခွေးတာ့ဟုန်သည် ကာကွယ်ရေး အလွှာကို ဖွင့်ပေးလိုက်ပြီး လီမိုဟွမ်ကို ဂိုဏ်းချုပ် ခန်းမဆောင်ကြီး ရှေ့သို့ ခေါ်ဆောင်သွားလေသည်။

ထိုအချိန်တွင် ယဲ့ဖုန်း လေ့ကျင့်နေလေသည်။

အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်နှင့် ညီမျှသော ချပ်ဝတ် စစ်သည်တော် (၃) ဦးက သူ့ကို တိုက်ခိုက်နေကြ၏။

"ဘုန်း... ဘုန်း... ဘုန်း.."

ယဲ့ဖုန်းသည် လက်သီး (၃) ချက် ဆက်တိုက် ပစ်သွင်းလိုက်ရာ စစ်သည်တော်များ ပေါက်ကွဲသွားကြလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော လီမိုဟွမ်သည် လည်ချောင်း ခြောက်ကပ်သွားပြီး ကြောက်လွန်းသဖြင့် သေးထွက်ကျမတတ် ဖြစ်သွားလေသည်။

‘ဒီစွမ်းအားက... တကယ်ကို ကြောက်စရာ ကောင်းလိုက်တာ...’

လီမိုဟွမ် အသက်အောင့်ထားပြီး တုန်ယင်နေမိသည်။

“ဪ... ရှောင်လီ... တာဝန်တွေ ပြီးပြီလား...”

ယဲ့ဖုန်းသည် လီမိုဟွမ်ကို ပြုံးပြီး မေးလိုက်၏။

“မ... မပြီးသေးပါဘူး...”

“ဒါဆို ဘာလို့ ပြန်လာတာလဲ... ဒါမှမဟုတ်... ငါ ဂိုဏ်းချုပ် ဖြစ်ပြီးနောက်ပိုင်း မြူခိုးဂိုဏ်းကနေ ထွက်ခွာတဲ့ ဒုတိယမြောက်လူ ဖြစ်ချင်လို့လား...”

ယဲ့ဖုန်း၏ စကားလုံးများသည် လီမိုဟွမ်၏ နှလုံးသားကို ထိုးဖောက်သွားလေသည်။ နတ်ဆိုးဂိုဏ်းချုပ် ပေးအပ်ထားသော အရေးကြီး တာဝန်ကို သတိရလိုက်ပြီး သူ အလျင်အမြန် ဒူးထောက်လိုက်၏။

“ဂိုဏ်းချုပ်... ကျွန်တော် ရေဆာလို့ပါ... ရေလေး တစ်ခွက်လောက် သောက်ခွင့် ပြုပါ...”

လီမိုဟွမ် ဖြုံသွားခဲ့လေပြီ။

ယဲ့ဖုန်း၏ လက်သီးတစ်ချက်ဖြင့် အမှုန့် ဖြစ်သွားမှာကို သူ အလွန် ကြောက်နေမိသည်။

“ဪ... ရေဆာလို့ကိုး...”

ယဲ့ဖုန်းသည် ပေါ့ပေါ့ပါးပါး လက်ဝှေ့ယမ်းလိုက်ရာ မြေခွေးတာ့ဟုန်သည် ဝိညာဉ်စမ်းရေ တစ်ခွက်ကို အလျင်အမြန် ယူလာပေးလေသည်။ ထိုရေသည် ဝက်စန်းဖန် ရေချိုးထားသော ရေဖြစ်ကြောင်းကိုမူ ထည့်ပြောစရာ မလိုတော့ပေ။

“ဂလု... ဂလု... ဂလု...”

အရသာ ထူးဆန်းပြီး အနည်းငယ် အနံ့နံနေသော်လည်း လီမိုဟွမ်သည် မျက်ရည်များ ဝဲလျက် ကုန်အောင် သောက်လိုက်ပြီး ပြောလိုက်၏။

“ဂိုဏ်းချုပ်... ကျွန်တော် တာဝန်တွေကို သေချာပေါက် ပြီးမြောက်အောင် လုပ်ပါ့မယ်...”

သူသည် ဝမ်းနည်းမှုများနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသော မျက်နှာထားဖြင့် တောင်အောက်သို့ ပြန်ဆင်းသွားပြီး အဆုံးမရှိသော တာဝန်သံသရာထဲသို့ ပြန်လည် ဝင်ရောက်သွားလေတော့၏။

အခန်း (၃၂၉) ရှစ်ဆ အရှိန်အဟုန်၊ ကျင့်ကြံရေးမျှော်စင် ပဉ္စမထပ်၊ အားယင်

~လီမိုဟွမ်သည် ဒုတိယတပ်မှူး ကျိုးကျားချိုင်ကို ရှာတွေ့လိုက်လေသည်။

“ကျွန်တော် ညကင်းစောင့် လုပ်ချင်ပါတယ်... မိုးလင်းတဲ့အထိ ကြိုးစားပါ့မယ်...”

လီမိုဟွမ်သည် တာဝန်၏ လိုအပ်ချက်ကို ပြောပြလိုက်ပြီးနောက် ညကင်းစောင့် ကိရိယာများကို ယူဆောင်ကာ လမ်းထောင့်တစ်နေရာတွင် ပုန်းအောင်းရင်း တိတ်တဆိတ် မျက်ရည်ကျနေရရှာသည်။

...

လီမိုဟွမ် တစ်ယောက် တာဝန်တစ်ခုပြီးတစ်ခု ထမ်းဆောင်နေစဉ် မြူခိုးဂိုဏ်းသားများ၏ ကျင့်ကြံမှုသည်လည်း ဆက်လက် ဖြစ်ပေါ်နေလေသည်။

ကျင့်ကြံရေးမျှော်စင် စတုတ္ထထပ်၊ တိုက်ခိုက်ရေးနယ်မြေ...

“အလယ်အလတ်အဆင့် အခက်အခဲ စမ်းသပ်မှုကို ပြီးမြောက်အောင်မြင်တဲ့ အတွက် ဂုဏ်ယူပါတယ်... သင့်ရမှတ်မှာ (၁၁) မှတ် ဖြစ်ပြီး လက်ရှိမှာ ပထမနေရာ၌ ရှိနေပါတယ်...”

စက်ရုပ်အသံသည် မိုယင်၏ နားထဲသို့ ဝင်ရောက်လာလေသည်။

“အလယ်အလတ်အဆင့် အခက်အခဲက ဒီလောက် ခက်နေရင်... အမြင့်ဆုံး အခက်အခဲမှာ တစ်မှတ်တောင် ရပါ့မလား...”

မိုယင်သည် လေညှင်းစီး ဓားပျံကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရင်း လေးနက်သော မျက်နှာထား ဖြစ်ပေါ်လာလေသည်။

အနိမ့်ဆုံး အခက်အခဲတွင် အဆင့်နိမ့် နတ်ဆိုးစစ်သည်တော် (၁၀၀) နှင့် စတင် ရင်ဆိုင်ရပြီးနောက် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် (၁၀) ကောင် ဆက်တိုက် ထွက်ပေါ်လာကာ နောက်ဆုံးတွင် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် ထွက်ပေါ်လာသည်။

သို့သော် အလယ်အလတ်အဆင့် အခက်အခဲမှာမူ ကြောက်မက်ဖွယ် ကောင်းလှပေ၏။

စတင်သည်နှင့် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင်နှင့် ရင်ဆိုင်ရသည်။

မိုယင်သည် (၁၀) ကောင် ဆက်တိုက် သတ်ဖြတ်ခဲ့သည်။ နောက်ဆုံးတွင် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် ထွက်ပေါ်လာသောအခါ သူမသည် လွယ်ကူစွာ ချေမှုန်းနိုင်ခဲ့သည့်အတွက်၊

(၁၁) မှတ် ရရှိခဲ့ပြီး ကြည်လင်ကျောက်တုံးကို ရိုက်ခွဲနိုင်ခဲ့၏။

အလယ်အလတ်အဆင့်နှင့် အနိမ့်ဆုံးအဆင့် အခက်အခဲတို့၏ ကွာခြားချက်မှာ အနိမ့်ဆုံး သတ်မှတ်ချက် မြင့်မားနေခြင်း ဖြစ်ပြီး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်အောက် ကျင့်ကြံသူများကို ထုတ်ပယ်လိုက်သကဲ့သို့ ဖြစ်နေသည်။

မိုယင်သည် တိုက်ခိုက်ရေးနယ်မြေမှ ထွက်ခွာလာခဲ့၏။

ထိုအချိန်တွင် ဟိုယွင်ကျဲသည်လည်း လျှို့ဝှက်ခန်းထဲမှ ထွက်လာခဲ့လေသည်။

“ငါ (၁၀) မှတ် ရခဲ့တယ်... ပြီးတော့ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် လက်ချက်နဲ့ မသေခင် ကြည်လင်ကျောက်တုံးကို ရိုက်ခွဲလိုက်နိုင်တယ်...”ဟု ဟိုယွင်ကျဲက သူ၏ အတွေ့အကြုံကို ဝေမျှလိုက်၏။

ထိုအခါ၊ လုံထျန်းရှင်းသည် ခေါင်းကို လက်ဖြင့် အုပ်ကိုင်ကာ အားနည်းစွာဖြင့်၊ ပြောလိုက်လေသည်။

“ကျွန်တော့် အတွက်တော့ ခက်ခဲတယ်ဗျာ... အကြာကြီး တိုက်ခိုက်ခဲ့ပေမယ့် အများဆုံး (၃) မှတ်ပဲ ရတယ်…

ကြည်လင်ကျောက်တုံးကိုတောင် မထိနိုင်ခဲ့ဘူး...”

ချောင်ကျားရှီးက စိတ်ပျက်လက်ပျက်ဖြင့်

“စီနီယာအစ်ကိုလုံ... ခင်ဗျားက တော်တော် သန်မာနေပါပြီ... ကျွန်တော်က ကိုယ်ခန္ဓာကျင့်ကြံခြင်း အဋ္ဌမအဆင့်ကို ရောက်နေပြီး ခန္ဓာကိုယ်ထဲက အလားအလာတွေကို နှိုးဆွနိုင်လို့ အရှိန်အဝါကို ခြောက်ဆအထိ မြှင့်တင်နိုင်ပေမယ့်... တတိယအဆင့် သိုင်းနည်းစနစ်တွေရဲ့ အဆင့်ကြီး အောင်မြင်မှုနဲ့ ယှဉ်နိုင်ရုံပဲ ရှိသေးတာပါ... ယေဘုယျ စွမ်းအားအရ အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်ကို ယှဉ်နိုင်ဖို့ လိုပါသေးတယ်...”

ဟု ပြန်ပြောလိုက်လေသည်။

ထိုအချိန်တွင် ချောင်ကျားရှီး၏ ခန္ဓာကိုယ်မှ ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများ ထွက်ပေါ်နေပြီး ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား သွေးမျိုးဆက်၏ အသက်စွမ်းအင်များ ပိုမို အားကောင်းလာလေသည်။

သူ၏ တိုက်ခိုက်ရေးစွမ်းအားသည် ပုံမှန်ထက် ခြောက်ဆအထိ ခေတ္တ မြင့်တက်လာနိုင်သည်။

သို့သော် ထိုသို့ ဖြစ်နေပါလျက် ကိုယ်ခန္ဓာကျင့်ကြံခြင်း အဋ္ဌမအဆင့် အခြေခံဖြင့် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်ကို အပြင်းအထန် ဒဏ်ရာရစေရုံသာ တတ်နိုင်ပြီး အသေကောင် ဖြစ်အောင် မသတ်ဖြတ်နိုင်ပေ။

ထို့ကြောင့် စမ်းသပ်မှုကို ဖြတ်ကျော်ရန် အလွန် ခက်ခဲနေခြင်း ဖြစ်သည်။

အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်၏ အစွမ်းကုန် တိုက်ခိုက်မှုအောက်တွင် ကြည်လင်ကျောက်တုံးကို ရိုက်ခွဲရန်မှာ အလွန် စိန်ခေါ်မှုများသော တာဝန် ဖြစ်နေပြီး ချောင်ကျားရှီးသည် ယခုထိ အလယ်အလတ်အဆင့် အခက်အခဲကို မဖြတ်ကျော်နိုင်သေးပေ။

“ငါတို့ အခု အလယ်အလတ်အဆင့် အခက်အခဲကို ဖြတ်ကျော်ပြီးပြီ ဆိုပေမယ့် ပဉ္စမထပ်က စိတ်ကူးယဉ်ကမ္ဘာနယ်မြေကို ဝင်ဖို့ လိုအပ်ချက်တွေ မပြည့်မီသေးဘူး...”

“ကြည့်ရတာ အမြင့်ဆုံး အခက်အခဲ အဆင့်မှာ ကံစမ်းကြည့်ရမယ် ထင်တယ်... ခဏလောက် နားပြီးရင် သွားကြတာပေါ့...”

ဟိုယွင်ကျဲနှင့် မိုယင်တို့သည် ဆက်လက် စိန်ခေါ်ရန် ရွေးချယ်လိုက်ကြသည်။

လုံထျန်းရှင်းသည် ခဏကြာ စဉ်းစားပြီးနောက် ဆုံးဖြတ်ချက် ချလိုက်၏။

“ငါလည်း အမြင့်ဆုံး အခက်အခဲကို စိန်ခေါ်ကြည့်မယ်...”

“ကျွန်တော်ကတော့ အဆင့်အရင် တက်လိုက်ဦးမယ်...” ချောင်ကျားရှီးက စိတ်မပါတပါ ပြောလိုက်၏။

သူသည် အလယ်အလတ်အဆင့် အခက်အခဲကိုပင် မဖြတ်ကျော်နိုင်သေးပေ။ အဓိက အကြောင်းရင်းမှာ ခွန်အား မလုံလောက်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူသည် ကိုယ်ခန္ဓာကျင့်ကြံခြင်း နဝမအဆင့်သို့ တက်လှမ်းရန်အတွက် အနိမ့်ဆုံး အခက်အခဲ အဆင့်ကို ဆက်လက် စိန်ခေါ်ရုံသာ ရှိတော့၏။

“ကိုယ်ခန္ဓာကျင့်ကြံခြင်း နဝမအဆင့်ကို တက်လှမ်းဖို့ ဆိုရင် ငါ့ရဲ့ အရှိန်အဝါက ရှစ်ဆအထိ တိုးလာဖို့ လိုတယ်... အဲဒါက တတိယအဆင့် သိုင်းနည်းစနစ်တွေရဲ့ အထွတ်အထိပ် အောင်မြင်မှုနဲ့ ညီမျှတယ်...”

“နည်းလမ်းကတော့ မရပ်မနား တိုက်ခိုက်ခြင်းပဲ...”

ချောင်ကျားရှီးသည် အသက်ပြင်းပြင်း ရှူလိုက်ပြီး တိုက်ခိုက်ရေးနယ်မြေ အတွင်းသို့ ဝင်ရောက်ကာ အနိမ့်ဆုံး စိန်ခေါ်မှုကို ရွေးချယ်လိုက်၏။

နောက်တစ်ခဏတွင် သူသည် တောင်ကြားတစ်ခု အတွင်းသို့ ရောက်ရှိသွား၏။

“ဝုန်း…”

အဆင့်နိမ့် နတ်ဆိုးစစ်သည်တော် (၁၅) ကောင်သည် သူ့ဆီသို့ ပြေးဝင်လာကြသည်။

“ခြောက်ဆ အရှိန်အဝါ...”

ချောင်ကျားရှီးသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ရွှေရောင်ဖျော့ဖျော့ အလင်းတန်းများ တောက်လောင်လာပြီး ဆံပင်များသည် လေမတိုက်ဘဲ လွင့်ပျံလာကာ ရွှေရောင် အဖြစ် ပြောင်းလဲသွားလေသည်။

သူ၏ မျက်လုံးများထဲတွင်ပင် ရွှေရောင် မီးပွားများ လက်နေသည်။

"ဝှီး..."သူသည် ရှေ့သို့ ပြေးဝင်သွားပြီး ကျောက်တုံးဝိညာဉ် တစ်ကောင်ချင်းစီကို လက်သီးဖြင့် ထိုးနှက်လိုက်တော့၏။

ချောင်ကျားရှီးသည် အရှိန်အဟုန်ဖြင့် တိုက်ခိုက်နေပြီး စိန်ခေါ်မှုကို လျင်မြန်စွာ ဖြတ်ကျော်နေသည်။ မကြာမီတွင် သူသည် အဆင့်နိမ့် နတ်ဆိုးစစ်သည်တော် (၁၀၀) ကို ရိုက်ခွဲပစ်လိုက်နိုင်ပြီး အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် တစ်ကောင် ပေါ်ထွက်လာစေခဲ့၏။

နှစ်ဦးသား လေထဲတွင် ထိပ်တိုက် တွေ့ကြသည်။

'ဘုန်း' ခနဲ မြည်သံနှင့်အတူ...

ချောင်ကျားရှီး လွင့်စဉ်သွားလေသည်။

သို့သော် သူ စိတ်ဓာတ်မကျပေ။ အရှိန်အဝါကို ဆက်လက် စုစည်းလိုက်ပြီး ‘နတ်ဘုရားလက်သီး’ ကို ‘ချီနှင့်သွေး ဓားသိုင်း’ နှင့် ပေါင်းစပ်ကာ ကျောက်တုံးဝိညာဉ်ကို ဆက်တိုက် တိုက်ခိုက်လိုက်ရာ အက်ကွဲကြောင်းများ ပေါ်လာစေခဲ့သည်။

"ဖောင်း..."

နောက်ဆုံးတွင် ချောင်ကျားရှီးသည် ကျောက်တုံးဝိညာဉ်၏ နောက်ကျောဘက်သို့ လျှောတိုက်သွားပြီး ရိုက်ခွဲပစ်လိုက်နိုင်ခဲ့သည်။

သူ၏ ရမှတ်သည် (၁၀၁) မှတ်သို့ ရောက်ရှိသွား၏။

“နောက်ဆုံးတော့ ငါ ရိုက်ခွဲနိုင်ခဲ့ပြီ...”

ချောင်ကျားရှီး ယုံကြည်မှုများ ပြည့်နှက်လာသော်လည်း မကြာမီတွင် ဒုတိယမြောက် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် ထွက်ပေါ်လာလေသည်။

သည်းကြီးမည်းကြီး တိုက်ပွဲတစ်ခု စတင် ဖြစ်ပွားတော့၏။

ရုပ်ပိုင်းဆိုင်ရာ ခွန်အားများ တဖြည်းဖြည်း ကျဆင်းလာသည်နှင့်အမျှ ချောင်ကျားရှီးသည် ခံစစ်အနေအထားသို့ ရောက်ရှိသွားပြီး ဦးခေါင်းခွံကို ကွဲကြေစေနိုင်သော လက်သီးချက် တစ်ချက် ကျရောက်လာတော့၏။ သေရေးရှင်ရေး အခိုက်အတန့်တွင် သူ၏ အရှိန်အဝါသည် ရုတ်တရက် မြင့်တက်လာ၏။ အံ့သြဖွယ်ကောင်းလောက်အောင် ခုနစ်ဆအထိ ရောက်ရှိသွားကာ တိုက်ခိုက်မှုကို ရှောင်တိမ်းနိုင်ခဲ့သည်။

ထို့နောက် သူသည် တန်ပြန်တိုက်ခိုက်မှုကို စတင်လိုက်လေသည်။

ကြွယ်ဝသော တိုက်ခိုက်ရေး အတွေ့အကြုံနှင့် သိမ်မွေ့သော တိုက်ကွက်များကို အသုံးပြုပြီး ဒုတိယမြောက် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်ကို ရိုက်ခွဲပစ်လိုက်လေသည်။

သူသည် ရဲရဲဝံ့ဝံ့ တိုက်ခိုက်ခဲ့သော်လည်း နောက်ဆုံးတွင် စတုတ္ထမြောက် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ရသည်။

နောက်တစ်ခဏတွင် ချောင်ကျားရှီးသည် တိုက်ခိုက်ရေးနယ်မြေသို့ ပြန်ရောက်လာ၏။

သူ့ပတ်လည်တွင် ပြန်လည်ပေါ်လာသော အပြာရောင်နှင့် အဖြူရောင် နံရံများကို ကြည့်လိုက်ပြီး ခန္ဓာကိုယ်တွင် ဒဏ်ရာမရှိသော်လည်း ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုမှာ အလွန် ကြီးမားကြောင်း တွေ့ရှိလိုက်ရသည်။ သူသည် ဗိုင်းခနဲ.. ကြမ်းပြင်ပေါ်သို့ လဲကျသွားပြီး လက်ချောင်းထိပ်လေး လှုပ်ဖို့ပင် အားမရှိတော့ပေ။

အချိန်အတော်ကြာပြီးနောက် သူသည် အင်အားပြန်လည် ပြည့်ဝလာပြီး တိုက်ပွဲကို ဆက်လက် ဆင်နွှဲလိုက်၏။

ဤလုပ်ငန်းစဉ်ကို (၁၀) ကြိမ်ကျော် ပြုလုပ်ပြီးနောက် ချောင်ကျားရှီးသည် သတ္တမမြောက် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်နှင့် ရင်ဆိုင်နေရသည်။

သူ၏ အရှိန်အဝါသည် အထွတ်အထိပ်သို့ ရောက်ရှိနေကာ ပိတ်ဆို့မှု တစ်ခုနှင့် ကြုံတွေ့နေရလေသည်။

ချောင်ကျားရှီး အားမလျှော့ဘဲ ဆက်လက် တိုက်ခိုက်နေသည်။

နောက်ဆုံးတွင် အပြင်းအထန် ဒဏ်ရာရရှိနေပြီး အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်နှင့် အတူတကွ ပျက်စီးမတတ် ဖြစ်နေချိန်တွင် ချောင်ကျားရှီးသည် ဉာဏ်အလင်း တစ်ချက် ရရှိလိုက်ပြီး ရှေးဟောင်း လူ့ဘီလူး နတ်ဘုရား သွေးမျိုးဆက်သည် ပြင်းထန်စွာ လှုပ်ရှားလာကာ ရှစ်ဆ အရှိန်အဝါသို့ ရောက်ရှိသွားလေသည်။

သူ၏ ကျင့်ကြံဆင့်သည်လည်း ကိုယ်ခန္ဓာကျင့်ကြံခြင်း နဝမအဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားပြီး အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ်၏ တိုက်ခိုက်မှုများကို အကြိမ်ကြိမ် ခံနိုင်ရည် ရှိလာလေသည်။

"ဂျွတ်..."

ဒဏ်ရာရနေသော်လည်း သူသည် အဆင့်နိမ့် နတ်ဆိုးဗိုလ်ချုပ် (၁၀) ကောင်ကို ရိုက်ခွဲပစ်လိုက်ပြီး နောက်ဆုံးတွင် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် မထွက်ပေါ်လာမီ ကျောက်တုံးဝိညာဉ်ကို ဖောက်ခွဲပစ်လိုက်လေသည်။

သူ၏ ရမှတ်သည် (၁၁၀) သို့ ရောက်ရှိသွား၏။

“ဟားဟား... ခံစားလို့ ကောင်းလိုက်တာ...”

တိုက်ခိုက်ရေး အခန်းထဲတွင်...

ချောင်ကျားရှီးသည် မောပန်းနွမ်းနယ်စွာဖြင့် ကြမ်းပြင်ပေါ်တွင် နောက်တစ်ကြိမ် လဲကျသွားပြန်သည်။

သူသည် လက်ရှိ ကန့်သတ်ချက်ကို ရောက်ရှိသွားပြီ ဖြစ်ပါ၏။

နတ်ဆိုးဗိုလ်ချုပ် အဆင့်သို့ မချိုးဖောက်နိုင်သရွေ့ အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်ကို ယှဉ်နိုင်မည် မဟုတ်ပေ။

သူတို့ကြားမှ ကွာဟချက်က ကြီးမားလွန်းသည် မဟုတ်ပါလော။

“အလယ်အလတ်အဆင့် အခက်အခဲကို စမ်းကြည့်ဖို့ အချိန်တန်ပြီ... တခြားသူတွေ ဘယ်လိုနေလဲ မသိဘူး...” ချောင်ကျားရှီး တကိုယ်တည်း မှန်းဆလိုက်၏။

*

ထိုအချိန်တွင် အခြား တိုက်ခိုက်ရေး အခန်းတစ်ခန်း၌...

“အမြင့်ဆုံး အခက်အခဲ စိန်ခေါ်မှုကို ပြီးမြောက် အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်... သင့်ရမှတ်မှာ (၃) မှတ် ဖြစ်ပြီး ပဉ္စမထပ်ရှိ စိတ်ကူးယဉ်ကမ္ဘာနယ်မြေကို တက်ရောက်ဖို့ အရည်အချင်း ပြည့်မီပါတယ်...”

မိုယင်၏ နားထဲတွင် အသံတစ်သံ ကြားလိုက်ရသည်။

“ဒါဆို ပဉ္စမထပ်ကို တက်ဖို့ အမြင့်ဆုံး အခက်အခဲကို ဖြတ်ကျော်ရမှာပေါ့... ဆိုလိုတာက ကြယ်တစ်ပွင့် ဂိုဏ်းချုပ် အဆင့် စွမ်းအား မရှိရင် ပဉ္စမထပ်ကို တက်ဖို့ အရည်အချင်း မရှိဘူး ဆိုတဲ့ သဘောပဲ...”

မိုယင် တီးတိုး ရေရွတ်လိုက်ပြီး တိုက်ခိုက်ရေးနယ်မြေမှ ထွက်ခွာလာခဲ့၏။

ဟိုယွင်ကျဲ၊ လုံထျန်းရှင်းနှင့် ချောင်ကျားရှီးတို့သည် တိုက်ခိုက်ရေး အခန်းများထဲတွင် ရှိနေသေးပြီး ပြန်ထွက်မလာကြသေးကြောင်း တွေ့ရှိလိုက်ရသည်။

ထို့ကြောင့်၊မိုယင်က ကြမ်းပြင်ပေါ်တွင် စာတစ်စောင် ထားခဲ့လိုက်တော့၏။

ထို့နောက် သူမသည် ပဉ္စမထပ်ရှိ စိတ်ကူးယဉ်ကမ္ဘာနယ်မြေသို့ တက်လှမ်းသွားလေသည်။

ပဉ္စမထပ်၏ ဖွဲ့စည်းပုံမှာ ရိုးရှင်းလှသည်။

ကျောက်စိမ်းဖြူဖြင့် ပြုလုပ်ထားသော ဂိတ်တံခါး (၃) ခု ရှိပြီး အမြင့်၊ ဒီဇိုင်း၊ အရောင်နှင့် ပုံစံတို့မှာ ထပ်တူညီမျှ ဖြစ်နေကြ၏။

“စိတ်ဝိညာဉ် သန့်စင်ခြင်း စိတ်ကူးယဉ်ကမ္ဘာ”

မိုယင် မော့ကြည့်လိုက်ပြီး ဂိတ်တံခါးထက်ရှိ စာသားများကို တိတ်တဆိတ် ဖတ်လိုက်ကာ ဂိတ်တံခါး တစ်ခုထဲသို့ ဖြည်းညှင်းစွာ ဝင်ရောက်သွားလေသည်။

နောက်တစ်ခဏတွင် သူမ၏ ပုံရိပ် ပျောက်ကွယ်သွားလေသည်။

ထူးခြားသော အလင်းရောင်များသည် ထိုဂိတ်တံခါးကို လွှမ်းခြုံထားလေသည်။ မိုယင် ပြန်မထွက်လာမချင်း ကျင့်ကြံရေးမျှော်စင် ပိုင်ရှင် ယဲ့ဖုန်းမှလွဲ၍ မည်သူမျှ ဖွင့်၍ ရနိုင်မည် မဟုတ်ပေ။

ဒါက ရင်းနှီးနေသော ကမ္ဘာ တစ်ခုပင်။

သူမ၏ ရှေ့တွင် ရှိနေသည်က ရှေးဟောင်း အရောင်ငါးမျိုး ယဇ်ပလ္လင် တစ်ခု ။

ယဇ်ပလ္လင် ပေါ်တွင်...

တောင်ဝှေးကို ကိုင်ဆောင်ထားသော အဘွားအို တစ်ဦးသည် အနက်ရောင် ဝတ်စုံ ဝတ်.. သိုးချိုပုံစံ ဆံပင်ကျစ်ထားသော မိန်းမပျိုလေး တစ်ဦး၏ မျက်နှာပေါ်တွင် ထူးဆန်းသော ခရမ်းရောင်နှင့် အနက်ရောင် ရှေးဟောင်း စာလုံးများကို ရေးထွင်းပေးနေလေသည်။

“အားယင်... ငါတို့ ရှေးဟောင်း မျိုးနွယ်စုရဲ့ သူတော်စင် မဟာအကြီးအကဲ ရာထူးကို မင်းဆီ လွှဲပြောင်းပေးလိုက်မယ်... မှတ်ထားနော်... ရှေးဟောင်း မျိုးနွယ်စုရဲ့ နယ်နိမိတ်ကို ဘယ်တော့မှ ကျော်မထွက်နဲ့... မဟုတ်ရင် မင်းမျက်နှာပေါ်က ရှေးဟောင်း စာလုံးတွေက မင်းရဲ့ ရုပ်ရည်ကို ဖျက်ဆီးပစ်လိမ့်မယ်... လပြည့်ည ရောက်မှသာ မူလအတိုင်း ပြန်ဖြစ်နိုင်လိမ့်မယ်...”

အဘွားအိုက ရေးထွင်းရင်း မှာကြားနေလေသည်။

‘အားယင်’ ဟု ခေါ်သော မိန်းကလေးသည် နူးညံ့သော မေးစေ့လေးကို လိမ္မာစွာ ခေါင်းညိတ်ပြလိုက်ပြီး ပြောလိုက်၏။

“သူတော်စင် မဟာအကြီးအကဲ... အားယင် နားလည်ပါပြီ...”

မိုယင်သည် မလှမ်းမကမ်းတွင် ရပ်နေပြီး တိတ်ဆိတ်စွာ ကြည့်ရှုနေမိသည်။

အနက်ရောင် မျက်နှာဖုံးအောက်တွင် ဖုံးကွယ်ထားသော မျက်လုံးများ၌ မျက်ရည်များ ပြည့်လျှံနေပြီး သူမ၏ အကြည့်များသည် အမြဲမပြတ် လှုပ်ခါနေလေသည်။

“စိတ်ကူးယဉ်ကမ္ဘာ ဆိုတာထက်... နှလုံးသား အောက်ခြေမှာ ဖုံးကွယ်ထားတဲ့ အမှတ်တရတွေကို ပြန်လည် နှိုးဆွပေးတဲ့ နေရာလို့ ပြောရင် ပိုမှန်လိမ့်မယ်...”

မိုယင် ရုတ်တရက် အသံတိမ်တိမ်ဖြင့် ပြောလိုက်၏။

သူမသည် မျက်ရည်များကို သုတ်လိုက်ပြီး ရင်ထဲရှိ အမှတ်တရများကို ဆက်လက် ထုတ်လွှတ်လိုက်လေသည်။

အမြင်အာရုံထဲတွင်...

မြေအောက် လိုဏ်ဂူကြီး ကွဲကြေသွားပြီး မျိုးနွယ်ခြား မျိုးနွယ်စုများ ထွက်ပေါ်လာကြသည်။

ရှေးဟောင်း မျိုးနွယ်စုသည် သူတော်စင် မဟာအကြီးအကဲဟောင်းနှင့်အတူ မျိုးနွယ်စု တစ်ခုလုံးကို စတေးပြီး မျိုးနွယ်ခြား မျိုးနွယ်စု ဘုရင်ကို ဖျက်ဆီးကာ မြေအောက် လိုဏ်ဂူ ဝင်ပေါက်ကို ပိတ်ဆို့လိုက်ကြသည်။

နောက်ဆုံးတွင် မိန်းမပျိုလေး အားယင်သည် အပျက်အစီးများပေါ်တွင် ရပ်လျက် ရင်ကွဲပက်လက် ငိုကြွေးနေလေသည်။

ဤနေရာတွင် စိတ်ကူးယဉ်ကမ္ဘာ၏ မြင်ကွင်း ပြီးဆုံးသွားလေသည်။

ဒါတွေက မိုယင်၏ အနက်ရှိုင်းဆုံး အမှတ်တရများ ဖြစ်သည်။

သူမ ပြန်မတွေးချင်ခဲ့ပေ။ တဖြည်းဖြည်း မေ့ပျောက်သွားရန် ရွေးချယ်ခဲ့သော်လည်း (၁၀) နှစ်နီးပါး ကြာပြီးနောက် ကျင့်ကြံရေးမျှော်စင် ပဉ္စမထပ်ရှိ စိတ်ကူးယဉ်ကမ္ဘာနယ်မြေတွင် အတိတ်ကို ပြန်ရောက်သွားသကဲ့သို့ ပြန်လည် သတိရလာခဲ့ရသည်။

“ငါ ဘာလို့ ဒီအကြောင်းတွေကို ပြန်တွေးနေမိတာလဲ...”

မိုယင်သည် အနက်ရောင် ဝတ်ရုံကို ချွတ်လိုက်ပြီး ဝိညာဉ်ပိုးမျှင်ဖြင့် ပြုလုပ်ထားသော မျက်နှာဖုံးကို ဖယ်ရှားလိုက်ရာ မီးလောင်ဒဏ်ရာများဖြင့် ပျက်စီးနေသော မျက်နှာ တစ်ခု ပေါ်ထွက်လာလေသည်။

နောက်တစ်ခဏတွင် မှန်တစ်ချပ်သည် မိုယင်၏ ရှေ့တွင် ပေါ်လာသည်။

မှန်ထဲရှိ လူသည် လှပလေသည်။

မိုးမခရွက်ကဲ့သို့ မျက်ခုံး၊ ချယ်ရီသီးကဲ့သို့ နှုတ်ခမ်း၊ နူးညံ့သော မေးစေ့၊ နှင်းကဲ့သို့ ဖြူဖွေးပြီး အပြစ်အနာအဆာ ကင်းသော အသားအရေ၊ အေးစက်သော အရှိန်အဝါနှင့် အထူးသဖြင့် လောကကြီး တစ်ခုလုံးကို ထိုးဖောက်မြင်နိုင်သကဲ့သို့ ကြည်လင်တောက်ပနေသော မျက်လုံးများ...။

ထိုလူသည် သူမ ဖြစ်သလို... သူမ မဟုတ်သလိုလည်း ခံစားနေရပါသည်။

အခန်း (၃၃၀) နှလုံးသား အောက်ခြေတွင် ဖုံးကွယ်ထားသော အမှတ်တရများ၊ မိန်းမပျိုလေး အားယင်

~မိုယင်သည် သူမ၏ မီးလောင်ဒဏ်ရာများဖြင့် ပြည့်နှက်နေသော မျက်နှာကို ညင်သာစွာ ပွတ်သပ်လိုက်လေသည်။

မှန်ထဲရှိ လူသည်လည်း ထပ်တူ ပြုလုပ်နေသည်။

သူမ မျက်တောင်ခတ်လိုက်သောအခါ မှန်ထဲရှိ လူသည်လည်း မျက်တောင်ခတ်လေ၏။

နောက်ဆုံးတွင် မိုယင်သည် အနက်ရောင် မျက်နှာဖုံးကို ပြန်စွပ်လိုက်ပြီး အနက်ရောင် ဝတ်ရုံကို ပြန်လည် ဝတ်ဆင်လိုက်သော်လည်း မှန်ထဲရှိ လူသည် လိုက်လုပ်ခြင်း မရှိပေ။ ထိုအစား သူမသည် မိုယင်ကို ခေါင်းခါပြလိုက်လေသည်။

“မင်းက မင်းပဲ... မူလအတိုင်း ပြန်နေလိုက်ပါ...”

မှန်ထဲရှိ လူသည် နူးညံ့သိမ်မွေ့သော အသံဖြင့် ပြောလိုက်ပြီးနောက် မှန်သည် ကွဲကြေသွားပြီး အရာအားလုံး ပျောက်ကွယ်သွားလေတော့၏။

မိုယင် သတိပြန်ဝင်လာသောအခါ သူမသည် ဂိတ်တံခါးရှေ့တွင် ရပ်နေကြောင်း တွေ့ရှိလိုက်ရသည်။ သူမ မော့ကြည့်လိုက်ရာ အရောင်စုံ စာတန်းတစ်ကြောင်းကို တွေ့လိုက်ရလေသည်။

“ဆဋ္ဌမထပ်သို့ တက်လှမ်းလိုပါက နှလုံးသားနတ်ဆိုးကို ချိုးဖျက်ရမည်...”

မကြာမီ ထိုစာတန်း ပျောက်ကွယ်သွား၏။

မိုယင်သည် ထိုနေရာတွင် အချိန်အကြာကြီး ငြိမ်သက်စွာ ရပ်နေမိသည်။

နှလုံးသားနတ်ဆိုး ဆိုတာ ဘာလဲဆိုတာ သူမ နားမလည်ပေ။

သို့သော် သူမ၏ မျက်နှာကို ထိတွေ့လိုက်သောအခါ တစ်စုံတစ်ခုကို သဘောပေါက်သွားလေသည်။

“ယဇ်ပလ္လင်ကနေ ထွက်ခွာလာပြီးနောက်ပိုင်း ငါ့မျက်နှာက ဒီလို ဖြစ်သွားတာ... ဒါက ကျိန်စာတစ်ခုပဲ... ဒါကို ချိုးဖျက်လိုက်ရင် ငါ့ရဲ့ နှလုံးသားနတ်ဆိုးကို အနိုင်ယူနိုင်မလား...”

မိုယင်သည် အဖြေရှာရန်အတွက် ဂိတ်တံခါးနောက်ဘက်ရှိ စိတ်ကူးယဉ်ကမ္ဘာထဲသို့ ဆက်လက် ဝင်ရောက်ရန် ကြိုးစားလိုက်၏။

သို့သော် ဂိတ်တံခါးအနီးသို့ ရောက်သောအခါ မမြင်ရသော စွမ်းအားတစ်ခု၏ တွန်းကန်မှုကို ခံလိုက်ရပြီး ဝင်ရောက်၍ မရနိုင်တော့ပေ။

လေထဲတွင် စာတန်းတစ်ကြောင်း ပေါ်လာသည်။

“နှလုံးသားနတ်ဆိုးကို အရင် ချိုးဖျက်ပါ...”

မိုယင် စာတန်းကို ဖတ်ပြီးသောအခါ ၎င်းသည် တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။

“ပြန်ရမယ့် အချိန် ရောက်ပြီ ထင်တယ်... မဟုတ်ရင် ငါ့ဘဝ တစ်သက်လုံး ကျင့်ကြံရေးမျှော်စင် ဆဋ္ဌမထပ်က အခွင့်အရေးနယ်မြေကို ဝင်ခွင့်ရမှာ မဟုတ်တော့ဘူး...”

မိုယင်သည် ဓားကို သိမ်းဆည်းလိုက်ပြီး စတုတ္ထထပ်သို့ ဆင်းသက်လာခဲ့သည်။

ထိုအချိန်တွင် ဟိုယွင်ကျဲသည် တိုက်ခိုက်ရေး အခန်းထဲမှ ယိုင်နဲ့နဲ့ ထွက်လာပြီး ကြမ်းပြင်ပေါ်သို့ လဲကျကာ ပြောလိုက်၏။

“ငါ မောလိုက်တာကွာ... အမြင့်ဆုံး အခက်အခဲ အဆင့်ကို ဘယ်လိုမှ မဖြတ်ကျော်နိုင်ဘူး... နည်းနည်းလေး လိုနေတာနဲ့ပဲ ရှုံးနေတာ...”

“ဟေ... ဂျူနီယာညီမလေးမို... ဘယ်သွားမလို့လဲ...”

ဟိုယွင်ကျဲသည် တတိယထပ်သို့ ဆင်းသွားသော မိုယင်ကို လှမ်းမြင်လိုက်ရသည်။

“ကျွန်မ.. သွားစရာ ကိစ္စလေး ရှိလို့...”

မိုယင်သည် ထိုစကားကို ထားရစ်ခဲ့ပြီး အလယ်အလတ်အဆင့် ဝိညာဉ်ဓားနှင့် လေညှင်းစီး ဓားပျံကို ကျောပိုးလျက် မျှော်စင်အောက်သို့ ဖြည်းညှင်းစွာ ဆင်းသက်သွားလေသည်။

“စာတစ်စောင် ကျန်ခဲ့ပါလား...”

ဟိုယွင်ကျဲသည် ကြမ်းပြင်ပေါ်တွင် စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။ စာရွက်ပေါ်တွင် မိုယင်၏ လက်ရေးဖြင့် သေသပ်စွာ ရေးသားထားလေသည်။

“ငါ ပဉ္စမထပ်က စိတ်ကူးယဉ်ကမ္ဘာနယ်မြေကို သွားမလို့...”

ဒါက စာရွက်ပေါ်တွင် ရေးထားသော စာသားပင် ဖြစ်သည်။

“သူ.. ပဉ္စမထပ်ကို တကယ်ကြီး ရောက်သွားတာပဲ... ဒါပေမဲ့ ဘာလို့ ရုတ်တရက်ကြီး ထွက်သွားရတာလဲ... ပဉ္စမထပ်က စိတ်ကူးယဉ်ကမ္ဘာနယ်မြေမှာ လျှို့ဝှက်ချက် တစ်ခုခု ရှိနေလို့လား... ဒါမှမဟုတ် တာဝန် တစ်ခုခုများလား...”

“ဒါမှမဟုတ် ငါ ခုနက မြင်လိုက်တာက စိတ်ကူးယဉ် အိပ်မက်များလား...”

ဟိုယွင်ကျဲသည် ပါးကို ရိုက်ကြည့်လိုက်ရာ နာကျင်မှုကို ခံစားလိုက်ရသဖြင့် ခုနက မြင်လိုက်သော မိုယင်သည် အစစ်အမှန် ဖြစ်ကြောင်း အတည်ပြုလိုက်နိုင်ပြီး ပိုမို ဇဝေဇဝါ ဖြစ်သွားရတော့၏။

တတိယထပ်၊ ဉာဏ်အလင်းပွင့်နယ်မြေ...

ဒီနေရာကို ဘယ်သူမှ မရောက်သေးပေ။

“ဆွဲငင်အားနယ်မြေကို ဘယ်သူမှ မဖြတ်ကျော်နိုင်ကြသေးဘူးလား... ဟေ... တစ်ယောက် လာနေတယ်... ဂျူနီယာညီမလေး ရူယွီပါလား...”

မိုယင် သတိထားမိလိုက်၏။

“စီနီယာအစ်မကြီးမို...”

ယန်ရူယွီသည် အပြေးအလွှား ရောက်လာပြီး မိုယင်၏ လက်မောင်းကို ကိုင်ကာ မေးလိုက်၏။

“စီနီယာအစ်မကြီး... ဘာလို့ တစ်ယောက်တည်း ဖြစ်နေတာလဲ... တခြား စီနီယာအစ်ကိုတွေရော...”

“သူတို့ စတုတ္ထထပ်က တိုက်ခိုက်ရေးနယ်မြေမှာလေ...” မိုယင်က ပြန်ဖြေလိုက်၏။

“ဒါဆို အစ်မကရော... ဘာလို့ စတုတ္ထထပ်ကို မသွားတာလဲ...”

“ငါ ကိစ္စလေး ရှိလို့ အပြင်ခဏ ထွက်ရဦးမယ်... ဒါနဲ့ ဉာဏ်အလင်းပွင့်နယ်မြေက ဉာဏ်အလင်းပွင့်တာကို ခဏတာ မြှင့်တင်ပေးနိုင်တယ်... အရောင်စုံ အလင်းလုံး တစ်လုံးကို ဖမ်းပြီး ကျင့်ကြံလိုက်ရုံပဲ...”

ပြောပြီးသည်နှင့် မိုယင်သည် ယန်ရူယွီ၏ ပခုံးကို ပုတ်လိုက်ပြီး ဒုတိယထပ်သို့ ဆက်လက် ဆင်းသက်သွားလေသည်။

“ကိစ္စ ရှိလို့တဲ့လား...”

ယန်ရူယွီသည် နှုတ်ခမ်းကို လက်ညှိုးဖြင့် ထိလိုက်ပြီး စဉ်းစားလိုက်သော်လည်း အဖြေရှာမရပေ။ သူမသည် လမ်းညွှန်ချက်အတိုင်း အလင်းလုံး တစ်လုံးကို အလျင်အမြန် ရှာဖွေပြီး ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ စတင် ကျင့်ကြံလေတော့၏။

ကျင့်ကြံရေးမျှော်စင် ဒုတိယထပ်...

“ဂျူနီယာညီမလေး... ဘာလို့ ပြန်ဆင်းလာတာလဲ...” ရှီလေ့က စပ်စုလိုက်၏။

“ကိစ္စလေး ရှိလို့ အပြင်ခဏ သွားမလို့ပါ...”

မိုယင် ဆက်လက် ဆင်းသက်သွားလေသည်။

အားလုံး အံ့သြသွားကြရ၏။

“လေးယောက်မြောက် စီနီယာအစ်မကြီးရဲ့ စွမ်းအားတွေ အများကြီး တိုးတက်လာသလိုပဲ...” ရွှီတာလေ့သည် ထွက်ခွာသွားသော မိုယင်၏ ကျောပြင်ကို ကြည့်ရင်း ပြောလိုက်၏။ သူမ၏ အေးစက်သော အမူအရာနှင့် မသိမသာ ထွက်ပေါ်နေသော ထက်ရှသည့် ဓားအရှိန်အဝါတို့သည် အတော်လေး ကြောက်မက်ဖွယ် ကောင်းနေလေသည်။

မူစီစီကလည်း တီးတိုး ကပ်ပြောလိုက်၏။

“လေးယောက်မြောက် စီနီယာအစ်မကြီး ဆိုတဲ့အတိုင်းပဲနော်... အသက်ငယ်ငယ်လေးနဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်ကို ရောက်နေပြီ... ပြီးတော့ သူ့ရဲ့ စွမ်းအားကလည်း တော်တော်ကြီးမားတယ်လို့ ထင်တယ်... ဓာတ်ကြီးငါးပါး စုစည်းခြင်း ဒုတိယ သို့မဟုတ် တတိယအဆင့်လောက်နဲ့ ယှဉ်တိုက်နိုင်မယ့် ပုံပဲ...”

“ဂျူနီယာညီလေးနဲ့ ဂျူနီယာညီမလေးတို့... ကောင်းကောင်း ဆက်ပြီး ကျင့်ကြံကြ... တစ်နေ့ကျရင် မင်းတို့လည်း လုပ်နိုင်လာမှာပါ...”

စီနီယာအစ်ကိုကြီး ဖြစ်သော ရှီလေ့သည် သူ့ဂိုဏ်းသားများကို မည်သို့ အားပေးရမည်ကို သိလေသည်။

“ကျေးဇူးတင်ပါတယ် စီနီယာအစ်ကိုကြီး...”

သူတို့ ခေါင်းညိတ်လိုက်ကြပြီး ဆွဲငင်အားနယ်မြေ အတွင်းသို့ ဆက်လက် ဝင်ရောက်သွားကြလေသည်။

*

မြူခိုးတောင်ထိပ်၌မူ...

“အပြင်ထွက်တော့မလို့လား... လမ်းခရီးမှာ ဂရုစိုက်နော်...”

ယဲ့ဖုန်းသည် လက်မအရွယ်အစားရှိသော ပုလဲလုံးတစ်လုံးကို မိုယင်အား ပေးလိုက်၏။

“ဒါကို ယူသွားပါ... တကယ်လို့ ရင်ဆိုင်လို့မရနိုင်လောက်အောင် ကြီးမားတဲ့ အန္တရာယ်နဲ့ ကြုံလာရင် ဒါကို ချေမွပစ်လိုက်...”

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်...”

မိုယင်သည် တောင်အောက်သို့ ဆင်းသွားလေသည်။ ထွက်ခွာခါနီးတွင် သူမ နောက်လှည့်ကြည့်ပြီး မေးလိုက်၏။

“ဂိုဏ်းချုပ်... လွန်ခဲ့တဲ့ ညတစ်ညတုန်းက ကျွန်မရဲ့ မျက်နှာကို မြင်ခဲ့ဖူးလားဟင်...”

“ဟေ...”

ယဲ့ဖုန်း၏ မျက်လုံးများ စူးရှသွား၏။ မိုယင် အိမ်ခေါင်မိုးပေါ်တွင် ထိုင်ပြီး ကျင့်ကြံနေသော ညတစ်ညကို သူ ပြန်သတိရလိုက်၏။ ထိုစဉ်က လေတိုက်ခတ်မှုကြောင့် အနက်ရောင် မျက်နှာဖုံး လွင့်တက်သွားပြီး အပြစ်အနာအဆာ ကင်းမဲ့သော မျက်နှာတစ်ခု ပေါ်ထွက်လာသည်ကို တွေ့လိုက်ရသည်။

ဒါကို မိုယင်က ရည်ညွှန်းနေတာများလား...

“ငါ မြင်...”

ယဲ့ဖုန်း ခေါင်းမော့လိုက်ပြီး တစ်စုံတစ်ခု ပြောရန် ပြင်လိုက်သော်လည်း မိုယင်သည် ဓားပျံစီးပြီး တိမ်တိုက်များကြားသို့ ပျောက်ကွယ်သွားပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

“ဒီကောင်မလေးကတော့... လျှပ်စီးလက်သလို မြန်ချက်ပဲ...”

ယဲ့ဖုန်း ပခုံးတွန့်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ထိုင်ကာ စာအုပ်ဆက်ဖတ်နေလိုက်၏။

“ဂိုဏ်းချုပ်... သမီး ပျင်းလိုက်တာ... အပြင်ထွက်ပြီး နတ်ဆိုးဘုရင် တစ်ကောင်လောက်နဲ့ သွားချချင်တယ်...”

ဟူဖေးဖေးသည် ယဲ့ဖုန်းဘေးတွင် လက်ဖက်ရည် ဖျော်ပေးရင်း ချွဲနွဲ့စွာ ပြောလိုက်၏။

“ချမယ် ဟုတ်လား...”

ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ လှုပ်ခါသွား၏။

“မင်းရဲ့ လက်ရှိ စွမ်းအားနဲ့ ဆိုရင် တောင်ပိုင်းမြစ်ဝှမ်း ဒေသတစ်ခုလုံးမှာ မင်းနဲ့ ယှဉ်နိုင်တဲ့ နတ်ဆိုးဘုရင် ဆိုလို့ ကျွန်းပေါင်းတစ်သောင်း မဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင် မိုထျန်းလုံ တစ်ယောက်ပဲ ရှိလောက်တယ်...”

ထိုစကားကို ကြားလိုက်ရသောအခါ၊ ဟူဖေးဖေး၏ မျက်လုံးများ အရောင်လက်သွား၏။

ယဲ့ဖုန်း.. ရုတ်တရက် မကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသည်။

“မသွားရဘူး... သူ့ကို သွားမလုပ်နဲ့... သူက မဟာမိတ်လေ...”

ယဲ့ဖုန်းသည် ဟူဖေးဖေး၏ မြေခွေးအမြီးကို အလျင်အမြန် လှမ်းဆွဲပြီး တားလိုက်ရသည်။

...

မိုင်ထောင်ချီ ဝေးကွာသော အရပ်၌...

ကျယ်ပြောလှသော တောင်တန်းကြီး၏ အနက်ရှိုင်းဆုံး နေရာတွင်...

မိုယင်သည် အဆင့်မြင့် နတ်ဆိုးစစ်သည်တော် အဆင့် နတ်ဆိုးသားရဲ တစ်ကောင်ကို နှစ်ပိုင်းပိုင်း ခုတ်ဖြတ်လိုက်သည်။ ထို့နောက်၊ ထာဝရ ခရမ်းညိုရောင် မြူခိုးများ ဖုံးလွှမ်းနေသော နေရာသို့ ဝင်ရောက်သွားရာ မြူခိုးများ ဝန်းရံထားသော ရေကန်ကြီး တစ်ကန်ကို တွေ့လိုက်ရတော့၏။

ရှေးဟောင်း သစ်သားဆိပ်ခံတံတား တစ်ခုတွင် လှေတစ်စင်း ရှိနေလေ၏။ လှေပေါ်သို့ ရောက်သောအခါ သူမသည် လက်ချောင်းကို ဓားဖြင့် ရှပ်လိုက်ပြီး လှေဦးရှိ ဝိညာဉ်ကျောက်တုံးပေါ်သို့ သွေးတစ်စက် ချပေးလိုက်လေသည်။

“ဝူး..ဝူး..”

သစ်သားလှေသည် သာမန်ရုပ်သွင်ကို ဖယ်ရှားလိုက်ပြီး ရေဘဝဲကြီး တစ်ကောင် အဖြစ် ပြောင်းလဲသွားလေသည်။ မိုယင်ကို ခေါင်းပေါ် တင်ကာ မိုင်တစ်ရာနီးပါး ရေကူးသွားပြီးနောက် အဝန်းအဝိုင်း မိုင် (၂၀)၊ (၃၀) ခန့် ကျယ်ဝန်းပြီး သာယာလှပသော ကျွန်းတစ်ကျွန်းသို့ ရောက်ရှိသွားလေသည်။

ကမ်းစပ်သို့ ပြန်ရောက်ပြီး ရွှေရောင် သဲသောင်ပြင်ပေါ်သို့ ခြေချလိုက်သောအခါ မိုယင်သည် အရာရာကို ရင်းနှီးနေသလို ခံစားလိုက်ရ၏။

“မင်း ပြန်ရောက်လာပြီလား...”

အိုမင်းပြီး အက်ကွဲနေသော အသံတစ်သံ ထွက်ပေါ်လာသည်။

မိုယင်သည် အသံလာရာသို့ ကြည့်လိုက်ရာ လေထဲတွင် ရပ်နေသော တောက်ပပြီး ဖောက်ထွင်းမြင်နိုင်သည့် အဘွားအို တစ်ဦးကို တွေ့လိုက်ရသည်။ သူမ၏ လက်ထဲတွင်လည်း ထပ်တူညီမျှ ဖောက်ထွင်းမြင်နိုင်သော တောင်ဝှေး တစ်ချောင်း ပါရှိလေသည်။ သူမ၏ မျက်နှာသည် ကြင်နာမှုများ ပြည့်နှက်နေပြီး မျက်လုံးများတွင် မျက်ရည်များ ဝဲနေလေသည်။

မိုယင်သည် မျက်နှာဖုံးကို ဆွဲခွာလိုက်ပြီး အနက်ရောင် ဦးထုပ်ကို လွှင့်ပစ်လိုက်၏။

သူမ၏ မျက်နှာပေါ်ရှိ အမာရွတ်များသည် ရှေးဟောင်း နတ်ဆိုး အမှတ်အသားများ အဖြစ် လျင်မြန်စွာ ပြောင်းလဲသွားသည်။ နောက်ဆုံးတွင် လက်သည်းခွံ အရွယ်အစားခန့် ရှိသော ခရမ်းနက်ရောင် ငါးရိုးပုံစံ အမှတ်အသား တစ်ခု အဖြစ် ကျုံ့ဝင်သွားကာ သူမ၏ နဖူးပြင်ပေါ်တွင် တည်ရှိနေလေသည်။

သူမ၏ နက်မှောင်သော ဆံနွယ်များသည် လေထဲတွင် လွင့်ပျံနေကြသည်။

မှန်ထဲတွင် တွေ့ခဲ့ရသော ရင်သပ်ရှုမောဖွယ် ကောင်းလောက်အောင် လှပသည့် မျက်နှာသည် အဘွားအို၏ မြင်ကွင်းထဲသို့ ရောက်ရှိလာတော့၏။

“အားယင်... မင်း ပိုလှလာပါလား...”

အဘွားအိုက ချီးကျူးလိုက်၏။

“သူတော်စင် အဘွား...”

တစ်ချိန်က ငယ်ရွယ်ခဲ့သော အားယင်သည် သူမဆီသို့ ပြေးဝင်သွားသော်လည်း အဘွားအို၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားပြီး ထိတွေ့၍ မရကြောင်း တွေ့ရှိလိုက်ရသည်။ ကမ္ဘာနှစ်ခုကို ခြားနားထားသော အတားအဆီး တစ်ခု ရှိနေသကဲ့သို့ပင်။

“အဘွားက ဝိညာဉ်အခြေအနေ မှာ ရှိနေတာလေ... ရုပ်ခန္ဓာ မရှိတော့ဘူး...”

သူတော်စင် အဘွားအိုသည် သက်ပြင်းချလိုက်ပြီး တောင်ဝှေးကို ဝှေ့ယမ်းလိုက်ရာ ရေကန်ထဲမှ ရေများသည် သူမ၏ ဘယ်ဘက်လက်ဝါးသို့ စုစည်းလာ၏။ လက်တစ်ဖက် ပုံစံ ဖန်တီးလိုက်ကာ မိုယင်၏ မျက်နှာကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။

“မင်း ပြန်လာတာ ဝမ်းသာပါတယ်ကွယ်...”

အဘွားအိုက ကြင်နာစွာ ပြုံးလိုက်၏။

“အမှန်အတိုင်း ပြောရရင် အရင်တုန်းက အဘွား.. မင်းအပေါ် တောင်းဆိုတာတွေ များလွန်းခဲ့တယ်... မင်းလို ငယ်ရွယ်တဲ့ ကလေးတစ်ယောက်ကို ဒီလောက် ဝန်ထုပ်ဝန်ပိုးတွေ ပေးခဲ့တာ မှားပါတယ်...”

“အားယင် အပြစ်ပါ ..အဘွား...”

မိုယင်သည် မျက်ရည်များကို ထိန်းချုပ်ရင်း ရေဖြင့် ပြုလုပ်ထားသော လက်ကို ဆုပ်ကိုင်ထားလိုက်၏။

“ဒီနှစ်တွေ အတွင်း အပြင်မှာ ဘယ်လို နေခဲ့ရလဲ...”

ဟု အဘွားအိုက တိုးညှင်းစွာ မေးလိုက်၏။

“သမီး မြူခိုးဂိုဏ်းကို ဝင်ခဲ့တယ်... ဂိုဏ်းချုပ်နဲ့ ဂိုဏ်းသားတွေ အားလုံးက သမီးအပေါ် အရမ်းကောင်းကြတယ်... သမီးကို ရင်းရင်းနှီးနှီး ကြိုဆိုကြတယ်...”

မိုယင်သည် သူမ၏ အတွေ့အကြုံများကို ပြောပြရင်း အဘွားအိုနှင့် လက်ချင်းချိတ်ကာ ကျွန်းအလယ်ဗဟိုသို့ လျှောက်သွားလိုက်လေသည်။

ကျွန်းအလယ်ဗဟိုတွင်...

ငှက်သံများ၊ ပန်းရနံ့များဖြင့် ပြည့်နှက်နေသော တောင်ကြားတစ်ခု ရှိလေသည်။

တောင်ကြားထဲတွင် ဝိညာဉ်စမ်းရေတွင်း၊ ဝိညာဉ်စိုက်ခင်းများနှင့် မိုင်ပေါင်းများစွာ ရှည်လျားသော ရှေးဟောင်း အမိုးချွန် အဆောက်အအုံများ ရှိသည်။ အဆောက်အအုံ တိုင်း၏ ထိပ်တွင် လူခေါင်းအရွယ်.. ရှိသော ပုလဲလုံးကြီး တစ်လုံးစီ တပ်ဆင်ထားလေသည်။

“အဘွား... မြေအောက် လိုဏ်ဂူက မျိုးနွယ်ခြား မျိုးနွယ်စုတွေ ဒီနှစ်တွေ အတွင်း တိုက်ခိုက်လာသေးလားဟင်...”

“မလာပါဘူးကွယ်... ပြီးခဲ့တဲ့ တစ်ခေါက်က တို့တွေ ပူးပေါင်းပြီး ထွက်ပေါက်ကို ပိတ်ဆို့ထားခဲ့တယ်လေ... သီအိုရီအရ ဆိုရင်တော့ သူတို့ ဖောက်ထွက်နိုင်မှာ မဟုတ်ဘူး...”

အဘွားအိုက ပြန်ဖြေလိုက်၏။

မကြာမီ သူတို့သည် အမိုးချွန် အဆောက်အအုံများကို ကျော်ဖြတ်ပြီး တောင်ကြား အလယ်ရှိ ပျက်စီးနေသော ဘုရားကျောင်း တစ်ခုထဲသို့ ဝင်ရောက်သွားကြကာ အက်ကွဲနေသော အရောင်ငါးမျိုး ယဇ်ပလ္လင်ကို ကြည့်ရှုလိုက်ကြသည်။

ထိုအချိန်တွင် ပြင်းထန်သော လေပြင်း တစ်ချက် တိုက်ခတ်လာလေသည်။

မရေမတွက်နိုင်သော ဖောက်ထွင်းမြင်နိုင်သည့် မြူခိုးများသည် လေထဲတွင် စုစည်းလာပြီး ထောင်ပေါင်းများစွာသော ပုံရိပ်များ အဖြစ် ပြောင်းလဲသွားကြလေသည်။ သူတို့အားလုံးသည် အဘွားအို ကဲ့သို့ပင် တစ်ပိုင်းတစ်စ ဖောက်ထွင်းမြင်နိုင်သော ဝိညာဉ်အခြေအနေတွင် ရှိနေကြ၏။

သူတို့သည် စွမ်းအားကြီးမားသော အရှိန်အဝါများကို ထုတ်လွှတ်နေကြပြီး အချို့ဆိုလျှင် ဝိညာဉ်ပင်လယ်အဆင့်သို့ပင် ရောက်ရှိနေကြသည်။

သို့သော် ထိုအချိန်တွင် သူတို့အားလုံးသည် မိုယင်ကို ရိုသေလေးစားစွာ ဦးညွှတ်လိုက်ကြလေသည်။

All Chapters