← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 13 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 13 Ch. 181-182

အခန်း ၁၈၁

- အပိုင်း ၃၄ - စားသုံး၍မရနိုင်သော (၃)

ငါ့ရဲ့ ဝိသေသ လက္ခဏာ ဇယားကို မြင်နေရတာလား။

ယခင်က နားမလည်နိုင်ခဲ့တဲ့ အချက်အချို့ကို နောက်ဆုံးတော့ ကျနော် သဘောပေါက်သွားခဲ့သည်။

ကျနော်၏ ဝိသေသ လက္ခဏာ ဇယားကို မမြင်နိုင်ခဲ့ရခြင်းမှာ Fourth Wall ကြောင့် ဖြစ်သည်။ Fourth Wall သည် ကျနော့်ကို အခြားသော တည်ရှိမှုများထံမှ ကာကွယ်ပေးထားသည့် အပြင် တစ်ချိန်တည်းမှာပင်ကျနော့်ကိုယ်ကျနော်ပါ သီးခြားခွဲထုတ်ထားသည့် စွမ်းရည်တစ်ခုလည်း ဖြစ်နေခဲ့၏။

[ဝိသေသ လက္ခဏာ ဇယားကို စစ်ဆေးနေပါသည်။]

[စနစ်ဖွဲ့စည်းပုံမှာ မတည်မငြိမ် ဖြစ်နေပါသည်။ စွမ်းရည်အမည် အချို့နှင့် အဆင့်များကို ကန့်သတ်ထားပါသည်။]

ထို့နောက် ပထမဆုံးအကြိမ်အဖြစ် ကျနော်၏ ဝိသေသ လက္ခဏာ ဇယားကို မြင်လိုက်ရသည်။

[ကိုယ်ရေးအချက်အလက်]

အမည်

ကင်ဒေါ့ဂျာ

အသက်

၂၈ နှစ်

ထောက်ပံ့သူ

မရှိပါ

ဘွဲ့အမည်

ရုပ်အဆိုးဆုံးဘုရင် (ယာယီ)

သီးသန့် ဝိသေသ လက္ခဏာ

အသက်ရှစ်ပါး (သူရဲကောင်း)၊ ဇာတ်ဝင်ခန်း...

ဝိသေသ လက္ခဏာ ဇယား အပြည့်အစုံ မပေါ်လာသေးမီမှာပင် မျက်နှာပြင်မှာ ပျက်စီးသွားပြီး ရုတ်တရက် မက်ဆေ့ချ်များ ထွက်ပေါ်လာသည်။

[နက္ခတ်အချို့သည် သင်၏ စိတ်အကာအရံထံသို့ ချဉ်းကပ်နေကြပါသည်။]

ဒီအချိန်မှာတော့ "ဒုက္ခပဲ" ဟု ကျနော် ပြောလိုက်ချင်တော့သည်။ နက္ခတ်များသည် ကျနော့်အချက်အလက်တွေ တစ်ကမ္ဘာလုံးထံ ပေါ်ထွက်လာမည့် ယနေ့ကဲ့သို့ အခွင့်အရေးမျိုးကို စောင့်ဆိုင်းနေခဲ့ကြပုံရသည်။

['ဝေဒ' နက်ဗျူလာ၏ နက္ခတ်များသည် သင့်ထံသို့ ချဉ်းကပ်နေကြပါသည်။]

['အိုလံပတ်စ်' နက်ဗျူလာ၏ နက္ခတ်များသည် သင့်ထံသို့ ချဉ်းကပ်နေကြပါသည်။]

['ပါပီရပ်စ်' နက်ဗျူလာ၏ နက္ခတ်များသည် သင့်ထံသို့ ချဉ်းကပ်နေကြပါသည်။]

ကျနော့်ဖြစ်တည်မှုကို သိရှိလိုကြသည့် နက္ခတ်များသည် ကျနော့်စိတ်အာရုံကို အတင်းအဓမ္မ ဖွင့်လှစ်ရန် ကြိုးစားလာကြသည်။ ထိုစဉ်မှာပင်—

[သီးသန့်စွမ်းရည် 'Fourth Wall' သည် သင်၏ဆန္ဒနှင့်မသက်ဆိုင်ဘဲ အလိုအလျောက် ပြန်လည်အသက်ဝင်လာပါပြီ။]

သီးသန့်စွမ်းရည်များ

အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့် အဆင့် ?၊ စာမှတ် အဆင့် ?၊ ဇာတ်ကောင်စာရင်း အဆင့် ?၊ Fourth Wall အဆင့် ?၊ ■■■ အဆင့်?၊

■■■■...

.

.

ခြုံငုံအကဲဖြတ်ချက်

...

အချက်အလက် အများအပြားမှာ လျှို့ဝှက်ချက်များဖြင့် ဖုံးကွယ်ခြင်း ခံလိုက်ရသည်။

အုတ်ခဲပုံများစွာ စီရီလာသည်နှင့်အမျှ ကျနော့်အချက်အလက်များကို ဖုံးကွယ်ပေးမည့် ပြင်းထန်သော လျှပ်စစ်မီးစများ ပေါ်ထွက်လာသည်။

['လူသားမျိုးနွယ်ကို တည်ထောင်သူ' နက္ခတ်သည် ညည်းညူနေပါသည်။]

['ကိုယ့်မျက်လုံးကို ပြန်ထိုးဖောက်သူ' နက္ခတ်သည် သူ၏မျက်လုံးကို အုပ်ကာ နောက်သို့ ဆုတ်သွားပါသည်။]

['ကင်းမြီးကောက် နတ်ဘုရားမ' နက္ခတ်သည် သူ၏အမြီးကို ကာကွယ်ရင်း နောက်သို့ ဆုတ်သွားပါသည်။]

.

.

[သင့်ထံ ချဉ်းကပ်လာသည့် နက္ခတ်အချို့မှာ ထိခိုက်မှုရှိခဲ့ပြီး ဆုတ်ခွာသွားကြပါပြီ။]

ရေတွက်မရနိုင်သော စာလုံးများသည် စနစ်တကျ လည်ပတ်နေကြလေသည်။

Fourth Wall ၏ ပြင်းထန်သော လျှပ်စစ်မီးစများသည် နက္ခတ်များရန်မှ ကျနော့်ကို ကာကွယ်ပေးနေသည်။ သိပ်မကြာသေးခင်က ကျနော့်ကို တိုက်ခိုက်နေသည့် Fourth Wallသည် ယခုအခါတွင်မူ နက္ခတ်များထံသို့ ပြင်းထန်သော အရှိန်အဝါများကို ထုတ်လွှတ်နေတော့သည်။

[Fourth Wall သည် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထံသို့ ၎င်း၏ အစွယ်များကို ဖြဲပြနေပါသည်။]

Fourth Wall ကို ကျနော်စိုက်ကြည့်နေမိသည်။ နောက်ဆုံး ကြားလိုက်ရသည်မှာ လူသိများသည့် နက္ခတ်တစ်ပါးထံမှ မက်ဆေ့ချ်ပင် ဖြစ်သည်။

['လျှို့ဝှက်ကြံစည်သူ' နက္ခတ်သည် သင့်ကိုကြည့်ကာ ပြုံးနေပါသည်။]

ထိုမက်ဆေ့ချ်မှာ အခြားသော နက္ခတ်များနှင့် သိသိသာသာ ကွဲပြားနေ၏။

...မဟုတ်မှလွဲရော သူက ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ ငါ့အချက်အလက်တွေကို မြင်သွားတာလား။

မြင်သွားခဲ့လျှင်တောင် အကုန်လုံးကို စစ်ဆေးနိုင်ခဲ့မည် မဟုတ်ပေ။ ကျနော်ကိုယ်တိုင်ပင် ဝိသေသ လက္ခဏာ ဇယားကို ဖွင့်ထားသော်လည်း အချက်အလက်အားလုံးကို အတည်မပြုနိုင်ခဲ့ချေ။

လျှပ်စစ်မီးစများ ငြိမ်သက်သွားပြီး တံတိုင်းကြီးက ကျနော့်ဘက်သို့ ပြန်လှည့်လာသည်။

[Fourth Wall သည် သင့်အပေါ် ဒေါသထွက်နေပါသည်။]

ကျနော် တံတိုင်းကြီးကို စိုက်ကြည့်နေမိသည်။

အချိန်အတော်ကြာအောင်ပင် ဤတံတိုင်းသည် ဝတ္ထုနှင့် လက်တွေ့ကမ္ဘာကြားက နယ်နိမိတ်ဟု ကျနော် ထင်ခဲ့သည်။ ဤတံတိုင်းက ကျနော့်ကို ကမ္ဘာသစ်တွင် အသားကျစေခဲ့ပြီး ဆိုးရွားလှသော အခြေအနေများတွင် ပုံမှန်မဟုတ်သည့် ချင့်ချိန်နိုင်စွမ်းများကို ပေးစွမ်းခဲ့သည်။

သို့သော်လည်း 'တံတိုင်း' ၏ ဖြစ်တည်မှု အစစ်အမှန်ကို ကျနော် မေးခွန်းထုတ်ကြည့်သည့်အခါတွင်မူ မည်သည့် ကောက်ချက်ကိုမျှ မချနိုင်ခဲ့ပေ။ ကျနော် သေချာပေါက် သိနိုင်သည့် တစ်ခုတည်းသော အချက်မှာ ဤတံတိုင်းသည် ကျနော့်ကို အချိန်အတော်ကြာအောင် ကာကွယ်ပေးခဲ့ခြင်းသာ ဖြစ်သည်။

အကြပ်အတည်းတချို့ ရှိခဲ့သော်လည်း ဤတံတိုင်း ရှိနေခြင်းကြောင့် ကျနော် ကျော်လွှားနိုင်ခဲ့သည်။ ဤနေရာသို့ ကျနော် ရောက်ရှိလာနိုင်ခြင်းမှာလည်း ဤတံတိုင်းကြောင့်ပင် ဖြစ်၏။

တံတိုင်းကို တည်ဆောက်ထားသည့် စာလုံးများဆီသို့ ကျနော် လက်လှမ်းလိုက်မိသည်။

"တောင်းပန်ပါတယ်"

[Fourth Wall သည် တုန်ခါနေပါသည်။]

စာလုံးများ၏ ထူးဆန်းသော အထိအတွေ့က ကျနော့်လက်ချောင်းများကို ရစ်ပတ်လာသည်။ Fourth Wall ၏ ခံစားချက်မှာ ဤသို့ပင် ဖြစ်သည်။

တံတိုင်း၏ စာလုံးများသည် ငါးလေးများကဲ့သို့ ကျနော့်လက်ကို ကပ်တွယ်လာကြသည်။ ထိုစာလုံးတို့က ကျနော့်ကို လျက်နေကြသလိုလို ကိုက်နေကြသလိုလိုပင်။ ထိုခံစားချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြရန် ခက်ခဲလှသည်။ မည်သည့်အရာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။ Fourth Wall သည် စိုစွတ်နေသည့် ခွေးပေါက်လေးတစ်ကောင်၊ စွန့်ပစ်ခံထားရသည့် ကလေးငယ်တစ်ဦး၊ စကားနားမထောင်သည့် ဆယ်ကျော်သက်လေးတစ်ယောက် စသဖြင့် ပုံစံအမျိုးမျိုးနှင့် တူနေခဲ့သည်။

Fourth Wall... Fourth Wall သည် ကျနော့်ကိုယ်တိုင်နှင့်ပင် တူနေခဲ့သည်။

ထို့နောက် တံတိုင်းပေါ်တွင် ဝါကျတစ်ခု ပေါ်လာသည်။

「 ကင် ဒေါ့ ဂျာ က င တုံး ကြီး 」

ထိုဝါကျမှာ ဟန်းဂု (ကိုရီးယားစာလုံး) ကို စတင်သင်ယူခါစ ကလေးတစ်ဦး ရေးထားသည့်ပုံစံနှင့် တူနေသည်။ ထိုစာလုံးမှာ ကျနော်နှင့်ဖြစ်စေ၊ ကမ္ဘာကြီးနှင့်ဖြစ်စေ သက်ဆိုင်သည့် ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပေ။ Fourth Wall ၏ စကားလုံးများသာ ဖြစ်သည်။

ကျနော် တံတိုင်းကိုကြည့်ကာ ပြုံးလိုက်မိသည်။

「…$#^#$^#$%@#$… 」

Fourth Wall သည် ခေတ္တမျှ ဇဝေဇဝါ ဖြစ်သွားပုံရပြီး နားမလည်နိုင်သည့် သင်္ကေတများကို ရေးသားနေသည်။ ခဏအကြာတွင်မူ ဝါကျတစ်ခုကို ပြန်လည်ရေးသားလိုက်သည်။

「 Fourth Wall ဆိုတာကလည်း သူ့ကိုယ်ပိုင်ဆန္ဒနဲ့သူ ရှိနေတဲ့ တည်ရှိမှုတစ်ခုပဲလို့ ကင်ဒေါ့ဂျာက တွေးနေသည်။ 」

...ပြန်စပြန်ပြီ။

「 ဒါဆိုရင် လက်သည်းကွင်းတွေနဲ့ ရေးထားတဲ့ စကားလုံးတွေက Fourth Wall ဆီကလား။ ဒါပေမဲ့ Fourth Wall ရဲ့ လေသံက အဲဒီစကားလုံးတွေနဲ့ ယှဉ်ရင် အရမ်းကို တည်ငြိမ်လွန်းနေတယ်... ဒါဆိုရင် အဲဒီစကားလုံးတွေကို ဘယ်သူက ရေးခဲ့တာလဲ။ ဒါက တကယ်ပဲ တံတိုင်းတစ်ခုဆိုရင်၊ တံတိုင်းထဲမှာ တခြားတစ်ခုခု ရှိနေသေးတာလား... 」

"တခြားလူရဲ့ အတွေးတွေကို ဖတ်နေတာ ရပ်လိုက်စမ်း"

[Fourth Wall သည် မျက်နှာလွှဲသွားပါသည်။]

[Fourth Wall က သူ့ကို အတင်းအဓမ္မ ထပ်ပြီး ပိတ်မပစ်ဖို့ သင့်ကို ပြောနေပါသည်။]

ကျနော် Fourth Wall ကို ထိတွေ့ရင်း ဆက်ပြောလိုက်သည်။

"ငါသိပါတယ်။ အဲဒီအစား ငါ့မှာ တောင်းဆိုစရာတစ်ခု ရှိတယ်"

[Fourth Wall သည် သင့်ကို စိုက်ကြည့်နေပါသည်။]

ကျနော် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ပြောလိုက်သည်။

"ငါ့အမေကို ငါ့ဆီ ပြန်ပေးပါ"

ကျနော့်စကားက အမှန်တကယ် ဟုတ်မဟုတ် ဆုံးဖြတ်နေသည့်အလား တံတိုင်းမှာ ခေတ္တမျှ တုန်ခါသွားသည်။ ထို့နောက် တံတိုင်းပေါ်တွင် ဝါကျတစ်ခု ပေါ်လာပြန်သည်။

「 ကင်ဒေါ့ဂျာက သူ့အမေကို မုန်းတယ် 」

"မှန်တယ်"

「 ကင်ဒေါ့ဂျာက သူ့အမေနဲ့ပတ်သက်ပြီး ဘာတွေဖြစ်ခဲ့လဲဆိုတာ သိတယ်။ သူ့အမေ ဘာတွေရင်ဆိုင်ခဲ့ရလဲ၊ ဘယ်လိုဘဝမျိုးနဲ့ နေထိုင်ခဲ့ရလဲ၊ ဘာတွေကို ဖုံးကွယ်ထားလဲဆိုတာကို သူသိတယ်။ သူသိရုံနဲ့တင် အရာအားလုံးကို နားလည်သွားပြီလို့ မဆိုလိုဘူး 」

"...ဟုတ်တယ်"

「 ဒါကြောင့်လည်း ကင်ဒေါ့ဂျာက သူ့အမေကို အခုထိ မုန်းနေတုန်းပဲ။ လူသားတွေရဲ့ ခံစားချက်ဆိုတာ ဒီလိုမျိုးပဲ။ နက်ရှိုင်းတဲ့ ကိုယ့်ရဲ့ဒဏ်ရာတွေ အကုန်ပျောက်ကင်းသွားစေမယ့် မှော်အတတ်ဆိုတာ မရှိဘူး 」

"မင်းရဲ့ ထိုးထွင်းသိမြင်မှုက တော်တော်လေး ကောင်းတာပဲ။ ငါသဘောတူပါတယ်"

「 ဒါဆိုရင် ကင်ဒေါ့ဂျာကိုယ်တိုင်တောင် နားမလည်နိုင်တာတစ်ခု ရှိတယ်။ သူက ဘာဖြစ်လို့ သူ့အမေကို ကယ်ဖို့ ကြိုးစားနေရတာလဲ 」

"အဲဒါကို ငါမရှင်းပြတတ်ဘူး"

「······ 」

"အရာအားလုံးကို စာကြောင်းတွေနဲ့ ဖော်ပြလို့ မရနိုင်ဘူးလေ"

ကျနော် တံတိုင်းကို တည်ငြိမ်စွာ စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ငါ့မှာ စွမ်းအင်တွေ သိပ်မကျန်တော့ဘူး။ ကျေးဇူးပြုပြီး ငါ့ကို ကူညီပေးပါ။ ငါ မင်းကို တောင်းဆိုနေတာပါ"

Fourth Wall သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် အောက်ပါဝါကျကို ဖော်ပြလိုက်သည်။

「 ကင်ဒေါ့ဂျာ... 」

တံတိုင်းထဲကို ရောက်သွားပြီးသား တည်ရှိမှုတစ်ခုက ပြန်ထွက်လာနိုင်ပါ့မလား။ အဲဒါက ဖြစ်နိုင်မလား၊ မဖြစ်နိုင်ဘူးလားဆိုတာ ကျနော် မသိပေ။ သို့သော်လည်း ကျနော် ကြိုးစားကြည့်ရမည်။

ထို့နောက် တံတိုင်းကြီးမှာ စတင်လှုပ်ရှားလာသည်။ တံတိုင်းထဲမှ တစ်ခုခုကို ပြန်အန်ထုတ်လိုက်သည့်အလားပင်။

စာလုံးများစွာ ပေါ်ထွက်လာသည်။ ထိုစာလုံးများ စုစည်းကာ စကားလုံးများ ဖြစ်လာပြီး၊ ထိုစကားလုံးများ စုစည်းကာ ဝါကျများ ဖြစ်လာသည်။ ဝါကျများ စုစည်းကာ စာပိုဒ်များ ဖြစ်လာပြီး၊ ထိုစာပိုဒ်များက တစ်ဖန် စုစည်းကာ ဇာတ်လမ်းတစ်ပုဒ် ဖြစ်လာသည်။

ထိုဇာတ်လမ်းသည် မကြာမီမှာပင် လူတစ်ယောက်အဖြစ် ပုံပေါ်လာသည်။

စာလုံးများကြားတွင် လဲလျောင်းနေသည့် ကျနော့်အမေကို ကျနော် ပွေ့ပိုက်လိုက်မိသည်။ ထို့နောက် Fourth Wall ကို ကျနော် ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်"

Fourth Wall သည် တုန်ခါသွားပြီးနောက် တဖြည်းဖြည်း ပြန့်ကျဲစပြုလာသည်။

「 အိပ်၊ ချင်၊ တယ် 」

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်မှာ တဖြည်းဖြည်း ပြိုကွဲသွားသည်။

[‘လျှို့ဝှက်ကြံစည်သူ’နက္ခတ်သည် သင့်ကို ချောင်းကြည့်နေသည့် ‘ရှေးဟောင်းအရှင်သခင်ကြီးများ’ကို ငေါက်နေပါသည်။]

ပြင်ပစကြဝဠာ၏ အမှောင်ထုမှာ ကင်းစင်သွားသည်။

အချိန်နှင့် ဟင်းလင်းပြင်တို့မှာ ပြိုကွဲသွားပြီး ပတ်ဝန်းကျင်မြင်ကွင်းမှာ မဟူရာရဲတိုက် ၏ ဒုတိယထပ်သို့ ပြောင်းလဲသွားသည်။

ထို့နောက် နောက်ဆက်တွဲ မက်ဆေ့ချ်များ ပေါ်လာသည်။

[သင်၏ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက် ပြောင်းလဲသွားပါပြီ။]

[သင်၏ လက်ရှိ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်မှာ နံပါတ် ၂ ဖြစ်ပါသည်။]

.

.

[သင်သည် အဓိကဇာတ်ဝင်ခန်း၏ ဝှက်ထားသော ရည်မှန်းချက်ကို ပြည့်မီသွားပါပြီ။]

[သင်သည် မဟူရာရဲတိုက်၏ နောက်ဆုံးဇာတ်ဝင်ခန်းတွင် ပါဝင်ခွင့် ရရှိပါပြီ။]

…………………………………………………………………………………………..

အသူတစ်ရာလွင်ပြင် တိုက်ပွဲပြီးကတည်းကဆိုလျှင် နှစ်ရက်ခန့် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ နတ်ဘုရားတစ်ပါး၏ ရှေ့မှောက်တွင် သာမန်လူသားအားလုံးမှာ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးကုန်ကြရသည်။

လေလွင့်သူများ၏ တပ်ဖွဲ့နှင့် သုခဘုံ၏ တပ်ဖွဲ့များ။ တစ်နည်းအားဖြင့်ဆိုရသော် ပြင်းထန်လှသော စိတ်ပျက် အားငယ်မှုကြီးက သူတို့အားလုံးထံသို့ ငြိမ်းချမ်းရေးကို ယူဆောင်လာပေးခဲ့သည်။

လေလွင့်သူများနှင့် သုခဘုံမှ ခေါင်းဆောင်များသည် သေဆုံးသူများအတွက် စီစဉ်ရှိတာစီစဉ်ပေးပြီး အခြေအနေများကို ရှင်းလင်းလိုက်ကြသည်။ မလိုအပ်သော ဆူပူမှုများ ပျောက်ကွယ်သွားကာ မဟူရာရဲတိုက်၏ ဒုတိယထပ်မှာ တဖြည်းဖြည်း တည်ငြိမ်မှု ရရှိလာခဲ့သည်။ နောက်တစ်ထပ်သို့ တက်လှမ်းရန် အဆင့်သတ်မှတ်ချက် မြင့်မားသူများကို တဖြည်းဖြည်း ရွေးချယ်ခဲ့ကြပြီး လူများကလည်း မဟူရာရဲတိုက်၏ အနာဂတ်ကို ထိုသူများထံ အပ်နှံရန် သဘောတူခဲ့ကြသည်။

အဆင့်သတ်မှတ်ချက် မြင့်မားသူ အများစုမှာ ခေါင်းတလားငယ်တစ်ခု၏ ရှေ့တွင် စုဝေးနေကြသည်။

“သူကတော့ အမြဲတမ်း သေနေတာပဲ”

ပြင်ပနတ်ဘုရားများကို အနိုင်ယူပြီး ပြန်လာသည်နှင့် ကင်ဒေါ့ဂျာ သေဆုံးသွားခဲ့သည်။

ကင်ဒေါ့ဂျာသည် အလွန်အမင်း အစွမ်းထက်သော တည်ရှိမှုကြီးကို ရင်ဆိုင်တိုက်ခိုက်ခဲ့ရခြင်းဖြစ်၍ အပေါင်းအဖော်များကလည်း ဤသည်ကို သဘာဝကျသည်ဟုသာ ယူဆကြသည်။ ယောင်ဟီဝန်က ပြောလိုက်သည်။

“နင်က မနက်ဖြန်ဆို ပြန်ရှင်လာမှာမလား။ ပြီးခဲ့တဲ့တစ်ခေါက်ကလည်း သုံးရက်ကြာခဲ့တာပဲ”

အဖွဲ့သားများမှာ ကင်ဒေါ့ဂျာ သေဆုံးခြင်းကို နေသားကျနေကြပြီဖြစ်၍ အရင်ကလောက် မအံ့ဩကြတော့ပေ။ ယူဆန်းအာက နှုတ်ခမ်းကို ဖိကိုက်ရင်း အတွေးလွန်နေ၏။ ယောင်ဟီဝန်ကပြောသည်။

“…ဒါနဲ့ သူ့ကို ခေါင်းတလားထဲ ထည့်ထားဖို့ တကယ်လိုအပ်လို့လား”

“တကယ်သေတဲ့သူကိုတောင် ကုတင်ပေါ်မှာ ထားသင့်တာပဲလေ…”

ယောင်ဟီဝန်က ဆင်ခြေပေးလိုက်သည်။

အဖွဲ့ဝင်များသည် ကင်ဒေါ့ဂျာ၏ ခေါင်းတလားကို အဓိပ္ပာယ်အမျိုးမျိုးဖြင့် စိုက်ကြည့်နေကြသည်။ လီဟန်းဆောင်က ရိုသေလေးစားသော အကြည့်ဖြင့် ကြည့်နေပြီး ရှင်ယူဆောင်းမှာမူ အပြစ်ရှိသကဲ့သို့ ခံစားနေရကာ ယူဆန်းအာကတော့ ဇဝေဇဝါ ဖြစ်နေသည်။ ထိုစဉ်…

“ဒါနဲ့ ဆရာ။ ကျမ ထင်တာက ဆရာက ဝှက်ထားတဲ့ ပစ္စည်းတွေ သွားရှာနေမယ် ထင်တာ…”

လီဂျီဟယ်၏ စကားကြောင့် အဖွဲ့ဝင်အားလုံး ခေါင်းတလားကို ကြည့်နေရာကနေ တစ်စုံတစ်ယောက်ရှိရာသို့ လှည့်ကြည့်လိုက်ကြသည်။

ယူဂျွန်ဟော့က ထိုအကြည့်များကို မျက်မှောင်ကြုတ်ကာ ပြန်ဖြေသည်။

“အခု မဟူရာရဲတိုက်ထဲမှာ ကျန်နေတဲ့ ဝှက်ထားတဲ့ ပစ္စည်းတွေက တန်ဖိုးမရှိတော့ဘူး”

“ဒါဆို ဆရာ ဒီကိုဘာလို့လာတာလဲ”

“နောက်တစ်ထပ်ကို တက်ဖို့ ကင်ဒေါ့ဂျာ လိုအပ်လို့ ငါဒီကိုရောက်လာတာ”

“ဟွန်း… ဒီရက်ပိုင်း ဆရာတို့နှစ်ယောက်က တော်တော် ရင်းနှီးနေကြတာပဲနော်။ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကဆိုရင် ကျမ တွေ့လိုက်တာက…”

ယူဂျွန်ဟော့၏ မျက်နှာပေးမှာ ခက်ထန်သွားသဖြင့် ကြောက်တတ်သော လီဂျီဟယ်မှာ ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

ယောင်ဟီဝန်က လီဂျီဟယ်ကို ပုတ်ကာ ဆူပူလိုက်သည်။

“ယူဂျွန်ဟော့ကို အဲ့ဒါနဲ့ မစပါနဲ့တော့။ သူတို့နှစ်ယောက်ကို အနှောင့်အယှက် မပေးစမ်းနဲ့”

“…အင်းပါ၊ ဟုတ်ပါပြီ”

“နောက်ပြီး သူ ဒီကို လာရတဲ့ အကြောင်းရင်းကို မမေးလည်း သိကြတာပဲ။ လူတိုင်းအတွက်လည်း အတူတူပဲ မဟုတ်လား”

ထိုစကားကြောင့် အဖွဲ့ဝင်အားလုံး၏ မျက်နှာများမှာ တည်ကြည်လေးနက်သွားသည်။ သူတို့အားလုံး ကင်ဒေါ့ဂျာ၏ ခေါင်းတလားကို ငုံ့ကြည့်လိုက်ကြသည်။

ယောင်ဟီဝန်က ထပ်မံ၍ စကားဆိုပြန်သည်။

“သူက ပြန်ရှင်လာမှာမို့လို့ သေရမှာကို မကြောက်တာ”

သူ့မှာ အသက်အများကြီး ရှိနေရုံနှင့် သူတစ်ပါးအတွက် အမြဲတမ်း အနစ်နာခံနေရမည်ဟု မဆိုလိုပေ။ ရှင်ယူဆောင်းက ခေါင်းတလား၏ မျက်နှာပြင်ကို လက်ဖြင့် ထိတွေ့လိုက်သည်။

“ဦးလေးဒေါ့ဂျာသာ မရှိရင် ကျမတို့ ခုလောက်ဆို သေနေလောက်ပြီ”

ဤစကားကို မည်သူမျှ မသံသယမဖြစ်ကြပေ။ လီဟန်းဆောင်၊ ယောင်ဟီဝန်၊ လီဂီယောင် နှင့် လီဂျီဟယ်တို့ အားလုံးမှာလည်း ထပ်တူပင်ဖြစ်သည်။ သူတို့အားလုံးမှာ ကင်ဒေါ့ဂျာ၏ ကယ်တင်ခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။

လီဂျီဟယ်က သက်ပြင်းချလိုက်ပြီး ပြောသည်။

“ဒါက အပိုပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျမမှာသာ အသက်နှစ်ချောင်းရှိရင် တစ်ချောင်းကို ဦးလေးကြီးကို ပေးလိုက်မိမှာပဲ”

“နင့်ရဲ့ သံယောဇဉ်ရမှတ်က ၆ မှတ်ပဲ ရှိတာဆိုတော့ သူက လက်ခံမှာ မဟုတ်ဘူးထင်တယ်”

“ဒီကလေးကတော့လေ… ဘာပဲဖြစ်ဖြစ် Garter belt (အတွင်းခံနဲ့ခြေအိတ်ကို တွဲဝတ်သောကြိုး)ကို ဝတ်လိုက်ရင် ဦးလေးကြီးအမြင်မှာ ငါတို့အားလုံးက အတူတူပဲ ဖြစ်သွားမှာပဲလေ”

လီဂျီဟယ်နှင့် လီဂီယောင်တို့ အချေအတင် ဖြစ်နေသည်ကို ကြည့်ပြီး အဖွဲ့သားများ ပြုံးမိကြသည်။ လွန်ခဲ့သော နှစ်ရက်က သွေးချောင်းစီးနေသည့် စစ်မြေပြင်တွင် စိတ်ပျက်အားငယ်စွာ ငိုကြွေးနေခဲ့ကြသူများဟုပင် မယုံနိုင်စရာ မြင်ကွင်းမျိုး ဖြစ်သည်။ ယူဂျွန်ဟော့ကမူ သူတို့အား အကွာအဝေးတစ်ခုမှ လှမ်းကြည့်နေခဲ့သည်။

ကင်ဒေါ့ဂျာ ပေါ်လာပြီးနောက် သူ၏ အစီအစဉ်များစွာ ပြောင်းလဲသွားခဲ့သည်။ လွယ်ကူသော ဇာတ်ဝင်ခန်းများမှာ ခက်ခဲလာပြီး ရိုးရှင်းသော ဇာတ်လမ်းများမှာလည်း ရှုပ်ထွေးလာခဲ့သည်။ သေသင့်သည့်သူများမှာလည်း အသက်ရှင်ကျန်ရစ်ခဲ့ကြသည်။

ယူဂျွန်ဟော့သည် မိမိ၏ လက်ဖဝါးများကို ငုံ့ကြည့်လိုက်သည်။ မဟုတ်မှလွဲရော သေသင့်သည့်သူများထဲတွင် ယူဂျွန်ဟော့ ကိုယ်တိုင်လည်း ပါဝင်နေနိုင်ပေသည်။

ယူဂျွန်ဟော့သည် ဤအရာမှာ အလွန်ထူးဆန်းသည်ဟု တွေးမိသည်။ ဤကဲ့သို့သော အခင်းအကျင်းမျိုးကို နောက်ပြန်ဆုတ်သူ မဟုတ်သော လူတစ်ယောက်က ဖန်တီးနိုင်ခဲ့ခြင်း ဖြစ်သည်။ ဤတစ်ကြိမ် နောက်ပြန်ဆုတ်ခြင်းမှာ သူ ဖြတ်သန်းခဲ့ဖူးသော မည်သည့်ဘဝထက်မဆို ပို၍ ကောင်းမွန်နေနိုင်ပေသည်။ ယူဂျွန်ဟော့၏ စိတ်ထဲတွင် အလွန်တရာ ရှုပ်ထွေးနေခဲ့သည်။

“ဒါနဲ့ အဲ့ဒီ ကံကြမ္မာက ပြီးသွားပြီ မဟုတ်ဘူးလား။ ဦးလေးဒေါ့ဂျာ သေသွားပြီလေ”

လီဂျီဟယ်က မေးလိုက်ရာ အပေါင်းအဖော်အချို့က ပြန်လည်ဖြေကြားကြသည်။

“အာ… ဟုတ်သားပဲ။ အခုမှသတိရတယ်…”

“သူက ချစ်ရသူတစ်ယောက်ကြောင့် သေရမယ့် ကံကြမ္မာရှိတာဆိုတော့ အခု ကံကြမ္မာက ပြည့်စုံသွားပြီ မဟုတ်လား။ သူက သူ့အမေကြောင့် သေခဲ့တာဆိုတော့…”

“ဟုတ်တယ်။ ငါ ဘာလို့ သူ့အမေအကြောင်းကို မစဉ်းစားမိပါလိမ့်”

အသံများမှာ ဆူညံနေကာ အုတ်အော်သောင်းနင်း ဖြစ်နေသည်။ ယူဆန်းအာကမူ အဝေးတွင် ရပ်နေသည့် ယူဂျွန်ဟော့ကို ရှုပ်ထွေးသော မျက်နှာပေးဖြင့် ကြည့်နေမိသည်။ ယူဂျွန်ဟော့မှာလည်း ထိုအကြည့်များကို ရင်ဆိုင်ရင်း အတွေးတစ်ခု ဝင်လာခဲ့သည်။

‘ကံကြမ္မာက မပြီးသေးဘူး’

ချောက်ဂျွန်ဂယောင်း ဆိုသည့် အပြောင်းအလဲဖြစ်အောင် ဝင်ပါသူ ရှိနေသော်လည်း နက်ဗျူလာများမှာ ထိုမျှအထိ မရိုးရှင်းကြပေ။

နက်ဗျူလာများသည် ကင်ဒေါ့ဂျာ၏ ပြန်လည်ရှင်သန်ခြင်း အကြောင်းကို သိထားကြသည်။ ထို့ကြောင့် ကံကြမ္မာမှာ ဤနည်းဖြင့် မည်သည့်အခါမျှ အဆုံးသတ်သွားမည် မဟုတ်ပေ။ ထို့အပြင် နက်ဗျူလာများသည် ကင်ဒေါ့ဂျာအပေါ် ဒေါသထွက်နေကြပြီး ထိုကံကြမ္မာကို ဖြစ်မြောက်လာစေရန် မသမာသော နည်းလမ်းများဖြင့် ပါဝင်ပတ်သက်လာကြပေလိမ့်မည်။

အားလုံးထက် ပို၍ ကြီးမားသော အတားအဆီးဖြစ်သည့် နောက်ထပ် ဇာတ်ဝင်ခန်းမှာ မကြာမီ ရောက်ရှိလာတော့မည် ဖြစ်သည်။

ထို့ကြောင့် ယူဂျွန်ဟော့ ရွေးချယ်မှုတစ်ခု လုပ်ရန် လိုအပ်လာသည်။

သူသည် ကောင်းကင်ယံကို တိတ်ဆိတ်စွာ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလားပင်။ ခေတ္တအကြာတွင် သူ၏ အကြည့်များ ပြန်လည်ကျရောက်လာသည်။

[‘???’ နက္ခတ်က သူ၏ ကိုယ်စားလှယ်ကို ကြည့်နေပါသည်။]

‘???’ နက္ခတ်။ ဤသည်မှာ တတိယအကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်း ဖြစ်သော်လည်း ယူဂျွန်ဟော့မှာ သူ၏ ထောက်ပံ့သူမှာ မည်သူဖြစ်ကြောင်း ယခုတိုင် မသိရသေးပေ။ ထိုသူမှာ နောက်ပြန်ဆုတ်ခြင်း၏ အရင်းအမြစ်ဖြစ်သလို ယူဂျွန်ဟော့အား ကြောက်မက်ဖွယ်ကောင်းသော ကြေကွဲစရာ ဖြစ်ရပ်များကို ခံစားရအောင် ပြုလုပ်ခဲ့သူလည်း ဖြစ်သည်။

ယူဂျွန်ဟော့သည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ပြောလိုက်သည်။

‘ထောက်ပံ့သူ။ ကျုပ် ခင်ဗျားကို တစ်ခု မေးစရာရှိတယ်’

အခန်း ၁၈၂

- အပိုင်း ၃၅ - ၇၃ ပါးမြောက် မိစ္ဆာဘုရင် (၁)

[သင် သေဆုံးသွားပါပြီ။]

နောက်ဆက်တွဲ အကျိုးဆက်မှာ သေဆုံးခြင်းပင် ဖြစ်သည်။ ‘အိမ်မက်များကို ဝါးမြိုသူ’ ၏ စားသောက်ခြင်းကို ခံလိုက်ရသောကြောင့် ကျနော်၏ ဇာတ်လမ်းများ ပျက်စီးသွားသည့် ဒဏ်ရာမှာ အလွန်ပြင်းထန်လှသည်။ 'Fourth Wall' ၏ စွမ်းရည်ဖြင့် လျင်မြန်စွာ ပြန်လည်ပြုပြင်ခဲ့သော်လည်း မပျက်စီးခင်ကကဲ့သို့ ပြည့်စုံရန်မှာမူ ခက်ခဲနေဆဲ ဖြစ်သည်။

‘ခေါင်းထဲမှာ…’

ကျနော်သည် သုံးရက်တိုင်တိုင် တပိုင်းတစ နိုးတစ်ဝက် အခြေအနေတွင် ရှိနေခဲ့သည်။ ကျနော်၏ အသိစိတ်မှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေခဲ့သည်။ အသိစိတ် ပြန်ဝင်လာသည့် အခါတိုင်းတွင် ဖြစ်ပျက်ခဲ့သမျှကို ပြန်လည်ဆင်ခြင်နေမိ၏။

‘ဒီဇာတ်ဝင်ခန်း ပြီးသွားရင်တော့ ဇာတ်လမ်းရဲ့ စီးဆင်းမှုက ပုံမှန်ပြန်ဖြစ်သွားမှာပဲ’

ပထမ ဇာတ်ဝင်ခန်း ၉ ခုကို ဖြတ်သန်းစဉ်အတွင်း ကျနော်သည် မူရင်းဝတ္ထု၏ စီးဆင်းမှုကို အတော်အတန် ထိခိုက်စေခဲ့သည်။ လူအချို့ကို ကယ်တင်ခြင်းမှသည် ဇာတ်ဝင်ခန်းများကို အကြီးအကျယ် ပြောင်းလဲပစ်ခြင်းအထိ ပါဝင်သည်။

ဇာတ်ဝင်ခန်းများကို ပြောင်းလဲပစ်လိုက်ခြင်းမှာ မူရင်းအချက်အလက်များ အသုံးမဝင်တော့ဟု မဆိုလိုပေ။ ယူဂျွန်ဟော့သည် ဘဝပေါင်း ၁၀၀ ကျော်ကို ဖြတ်သန်းခဲ့သူ ဖြစ်သည်။ ဇာတ်ဝင်ခန်းများ ပြောင်းလဲသွားလျှင်ပင် ကျနော် အသုံးပြုနိုင်သည့် အချက်အလက်များစွာ ရှိနေသေးသည်။

သို့သော်လည်း ဇာတ်လမ်း၏ ပင်မရေစီးကြောင်းကြီးကို အခွင့်ကောင်းယူနိုင်ရန်အတွက် ရှိရင်းစွဲ ဇာတ်ဝင်ခန်းအတိုင်း စီးဆင်းရမည့် အစိတ်အပိုင်းများလည်း ရှိသင့်ပေသည်။

ကံကောင်းထောက်မစွာဖြင့် ‘ဆိုးလ်ဒေသ’ ဇာတ်ဝင်ခန်းမှာ သီးခြားကန့်သတ်ထားသော ဇာတ်ဝင်ခန်းတစ်ခု ဖြစ်သည်။

စိုးရိမ်ရသည့် ‘ရွေးချယ်မှုကြောင့်အကျိုးသက်ရောက်မှု’ (Butterfly Effect) အချို့ ရှိနေသော်လည်း ‘ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု’ ၏ စီးဆင်းမှုမှာ ကျနော် မှတ်မိနေသည့်အတိုင်းပင် ဖြစ်သည်။

ထို့အပြင် ဇာတ်ကောင်အချို့မှာ ကျနော် ထင်ထားသည်ထက် ပိုမို တိုးတက်လာခဲ့ကြသည်။ အနာဂတ်တွင် ဇာတ်လမ်းစီးဆင်းမှုကို ထိန်းကျောင်းနိုင်ရန် လုံလောက်သော အင်အား ကျနော့်တွင် ရှိနေပြီဖြစ်သည်။

ကျနော်သည် အပြင်လူ၏ ရှုထောင့်မှတစ်ဆင့် ဇာတ်ကောင်များကို တစ်ယောက်ချင်းစီ လေ့လာကြည့်မိသည်။ ပထမဆုံး စစ်ဆေးကြည့်သည်မှာ ဖျက်ဆီးခြင်း၏ တရားသူကြီး ‘ယောင်ဟီဝန်’ ဖြစ်သည်။

“ထိန်းချုပ်ဖို့က မလွယ်သေးဘူး။ ဒီစွမ်းရည်ကိုသာ အပြည့်အဝ သုံးနိုင်ရင် အဲ့ဒီ လက်တံသားရဲကြီးကို ရင်ဆိုင်နိုင်မယ်လို့ ငါ့ရဲ့ ထောက်ပံ့သူက ပြောတယ်… ဒါပေမဲ့ ဘယ်တော့ ဖြစ်လာမလဲတော့ မသိဘူး”

ယောင်ဟီဝန်သည် အဖြူရောင် မီးလျှံများကို ထုတ်လွှတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်သည်။

ယောင်ဟီဝန်မှာ မူရင်းဝတ္ထုတွင် အရေးမပါသလောက် ဖြစ်ခဲ့သော်လည်း ကျနော် ရွေးချယ်ခဲ့သည့် ဇာတ်ကောင်များထဲတွင် အစွမ်းထက်ဆုံး ဖြစ်လာခဲ့သည်။

ယောင်ဟီဝန်သည် ‘Ways of Survival’ ဝတ္ထုထဲမှ ‘ဖျက်ဆီးခြင်း၏ တရားသူကြီး’ ဝိသေသလက္ခဏာကို ရရှိထားပြီး ယူရီအယ်၏ ‘ငရဲမီးလျှံ တောက်လောင်ခြင်း’ ကိုလည်း ရရှိခဲ့သည်။ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် ယောင်ဟီဝန်သည် ‘Ways of Survival’ ၏ အသန်မာဆုံး လူ ၁၀၀ စာရင်းတွင် ပါဝင်လာရန် မခဲယဉ်းသလို ထိပ်တန်း ၁၀ ယောက်ထဲတွင်ပင် ပါဝင်သွားနိုင်ပေသည်။

ယောင်ဟီဝန်နှင့် လေ့ကျင့်နေသော လီဟန်းဆောင်က ပြောလိုက်သည်။

“နင့်အရည်အချင်းက ဖြည်းဖြည်းချင်း ပိုတိုးတက်လာတာပဲ၊ ဟီဝန်”

“ဟန်းဆောင်လည်း အများကြီး တိုးတက်လာတယ်လို့ ကျမ ထင်ပါတယ်။ အခုဆို တစ်ကိုယ်လုံးကို သံမဏိနဲ့ ဖုံးအုပ်နိုင်နေပြီပဲလေ”

ယောင်ဟီဝန်သည် အသေအချာ မသိဘဲ ပြောလိုက်ခြင်း ဖြစ်သော်လည်း သူ့အပြောက မှားမနေပေ။ ဆိုးလ်ဒေသ ဇာတ်ဝင်ခန်း မပြီးဆုံးခင်မှာပင် လီဟန်းဆောင်သည် ‘သံမဏိအသွင်ပြောင်းခြင်း’ ကို စတင်ဆက်ခံနိုင်ခဲ့သည်။ သို့သော် လီဟန်းဆောင်မှာမူ မိမိ၏ အောင်မြင်မှုကို အားရကျေနပ်ခြင်း မရှိသေးပေ။

“ကျုပ် ကြိုးစားနေတာပါပဲ… ဒါပေမဲ့ ဒေါ့ဂျာကို ကူညီနိုင်ဖို့ဆိုရင် အဝေးကြီး လိုပါသေးတယ်”

ချီးကျူးစကားများကြားလျှင် ပို၍ ကြိုးစားတတ်သည့် လူမျိုးများ ရှိသည်။ လီဟန်းဆောင်မှာ ထိုကဲ့သို့သော လူမျိုးဖြစ်သည်။

[အမည်မရှိသေးသော နက္ခတ်က ကိုယ်စားလှယ် လီဟန်းဆောင်ကို ဒင်္ဂါး ၁၀၀ ထောက်ပံ့လိုက်ပါပြီ။]

“ဒေါ့… ဒေါ့ဂျာလား”

အံ့အားသင့်သွားသော လီဟန်းဆောင်သည် မျက်လုံးများ ပြူးသွားကာ စကားများ ထစ်ကုန်တော့သည်။

ယောင်ဟီဝန်က နှာခေါင်းရှုံ့လိုက်သည်။

“ဝိုး… သူ တကယ်ကြီး စောင့်ကြည့်နေတာပဲ။ ချောင်းကြည့်တတ်တဲ့ ဝါသနာတော့ ရှိသား… ဒါပေမဲ့ ဒင်္ဂါး ၁၀၀ ကတော့ အရမ်း ကပ်စေးနှဲလွန်းတာ မဟုတ်ဘူးလား”

ကျနော်သည် ‘ယဉ်ပါးစေခြင်း’ လေ့ကျင့်နေသည့် ကလေးနှစ်ယောက်ဘက်သို့ အကြည့်လွှဲလိုက်သည်။ ကလေးများသည် အစွမ်းထက်သော နဂါးကြီးကို ဆက်တိုက် အမိန့်ပေးနေကြလေသည်။ရှင်ယူဆောင်းသည် ကျနော်၏ အကြည့်ကို ခံစားမိသွားပြီး လေဟာနယ်ဆီသို့ ဦးတည်ကာ ပြုံးပြလိုက်သည်။

[အမည်မရှိသေးသော နက္ခတ်က ညင်သာစွာ ပြုံးပြနေပါသည်။]

‘Ways of Survival’ ကမ္ဘာတွင် နက္ခတ်နှင့် ကိုယ်စားလှယ်တို့၏ ဆက်ဆံရေးမှာ များသောအားဖြင့် မိဘနှင့် သားသမီးကဲ့သို့ ဖြစ်လေ့ရှိသည်။ ကျနော်တွင် သားသမီး တစ်ခါမျှ မရှိခဲ့ဖူးသော်လည်း ရှင်ယူဆောင်းကို ကြည့်နေရင်း ထိုသို့သော ခံစားချက်မျိုး ဖြစ်မည်ဟု သိနားလည်နေမိသည်။

ထိုခံစားချက်မှာ သွေးသားထက် ပိုမိုခိုင်မာသော သံယောဇဉ်မျိုး ဖြစ်သည်။ အလွန်တရာ သေးငယ်ပြီး နုနယ်သော်လည်း ဘာလုပ်ပေးရမှန်း မသိလောက်အောင် အဖိုးတန်လွန်းလှသည်…။

မှန်ပေသည်၊ လောကရှိ ဖခင်တိုင်းမှာ ဖခင်ကောင်းများ မဟုတ်ကြသလို နက္ခတ်တိုင်းမှာလည်း စိတ်ထားချင်း မတူညီကြပေ။ ကိုယ်စားလှယ်များမှာ မိမိတို့၏ ထောက်ပံ့သူများ၏ နောက်ကျောမှ ဓါးဖြင့်အထိုးခံရခြင်းမှာလည်း အဆန်းမဟုတ်ပေ။

ဒုတိယအဆင့် ဆင့်ကဲပြောင်းလဲထားသော မျိုးစိတ်ဖြစ်သည့် ‘ခိုင်မဲရာ နဂါး’ က နက်ရှိုင်းသော ဟိန်းသံတစ်ခုကို ထုတ်ဖော်လိုက်သည်။

ထိုနဂါးသည် အမိန့်ကို အပြည့်အဝ နာခံခြင်း မရှိသေးသော်လည်း အဖွဲ့ထဲသို့ ဝင်ရောက်လာကတည်းက အဖွဲ့၏ အင်အားမှာ သိသိသာသာ ထိုးတက်သွားခဲ့သည်။ လက်ရှိတွင် ဒုတိယအဆင့် မျိုးစိတ်သာ ဖြစ်သော်လည်း ပထမအဆင့် သို့မဟုတ် အဆင့်ကျော်လွန်ခြင်းသို့ ရောက်ရှိသွားပါက ထိုနဂါးမှာ နက္ခတ်များပင် ကြောက်လန့်ရသည့် သားရဲကြီး တစ်ကောင် ဖြစ်လာပေလိမ့်မည်။

လီဂျီဟယ်သည် ခိုင်မဲရာ နဂါးကို ကြည့်ပြီး မနာလိုစွာဖြင့် သက်ပြင်းချလိုက်သည်။

“ချီး။ ကျမလည်း ထောက်ပံ့သူကောင်းကောင်း ရွေးခဲ့သင့်တာ။ သစ္စာရှင်စစ်သူကြီးက အတော်ဆုံးပဲလို့ ကျမ ထင်ထားခဲ့တာမှားတာပဲ…”

မည်သို့ပင်ဆိုစေကာမူ ထိုစကားမှာ ကြိုးကြိုးစားစား မလုပ်ဆောင်သူများဆီမှ အညည်းအညူ အများဆုံးစကားမျိုး ဖြစ်၏။

သစ္စာရှင်စစ်သူကြီးမှာ မည်မျှအထိ ထူးကဲကောင်းမွန်သည်ကို မသိသော ထိုငတိမအား… ကျနော် ပြန်ရောက်လာသည့်အခါ သင်ခန်းစာတစ်ခု ပေးရပေဦးမည်။

ကျနော်သည် ဇာတ်ကောင်အားလုံးကို လှည့်ပတ်ကြည့်ရှုပြီးနောက် အတွေးများကို စုစည်းကာ သက်ပြင်း သဲ့သဲ့ချလိုက်သည်။

‘ဒီလောက်ဆိုရင်တော့ နောက်ဇာတ်ဝင်ခန်းအတွက် အဆင်ပြေလောက်ပါပြီ’

လီဂျီဟယ်နှင့် ဂုံဖီဒူတို့၏ ကြီးထွားမှုမှာ အနည်းငယ် စိတ်ပျက်စရာ ကောင်းသော်လည်း အခြေအနေမှာ မဆိုးလှပေ။ ယူဆန်းအာကိုပင် ကျနော်မြင်နေရသည်။ ကျနော်တို့ ဆိုးလ်ဒေသမှ လွတ်မြောက်သွားသည်နှင့် နောက်ဆက်တွဲ ဇာတ်ဝင်ခန်းများကို ဖြတ်သန်းရန်မှာ အတော်လေး လွယ်ကူသွားပေလိမ့်မည်။

“ဆရာ။ ထောက်ပံ့သူ မလိုတဲ့ အစွမ်းထက်တဲ့ စွမ်းရည်တွေ ရှိလား။ ကျမကို သင်ပေးပါဦး”

“နင်အတွက်တော့ အခု မဖြစ်နိုင်သေးဘူး”

ယူဂျွန်ဟော့သည် နောက်ပြန်ဆုတ်ခြင်းကြောင့် ဖြစ်ပေါ်သော စိတ်ဓာတ်ကျမှုကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ပြီဖြစ်သည်။ သူတို့သာ ယူဂျွန်ဟော့၏ လမ်းစဉ်အတိုင်း ဆက်လက်လိုက်ပါသွားမည်ဆိုလျှင် ဇာတ်ကောင်များ၏ ရှင်သန်မှုအတွက် ကျနော် စိုးရိမ်နေစရာ မလိုတော့ပေ။

သို့သော် ပြဿနာမှာ ကျနော်ဘက်၌ ရှိနေခြင်းဖြစ်သည်။

[ကြီးမားသော ကံကြမ္မာတစ်ခုက သင်၏ သေဆုံးမှုကို မျှော်လင့်နေပါသည်။]

ကျနော်သည် ပျောက်ကွယ်သွားခြင်း မရှိသေးသော ကံကြမ္မာ မက်ဆေ့ချ်ကို ကြည့်လိုက်သည်။ ကျနော်၏ မိခင်ကြောင့် သေဆုံးမှုကို ကြုံတွေ့ခဲ့ရပြီးနောက် ထိုကံကြမ္မာ ပြည့်စုံသွားလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း ထင်သည့်အတိုင်း ဖြစ်မလာခဲ့ပေ။

ကျနော့်ကို မည်သူက သတ်မည်နည်း ဆိုသည်မှာ အဓိက ပြဿနာ မဟုတ်ပေ။ အရေးကြီးသည့် အချက်မှာ ဤကံကြမ္မာကို ‘ပြန်လည်ရှင်သန်ခြင်း’ ဖြင့် ရှောင်လွှဲ၍ မရနိုင်ခြင်းပင် ဖြစ်သည်။

‘နက်ဗျူလာက မအေဘေးတွေကတော့ တကယ်ပဲ…’

အဆုံးတွင် ဤသို့ ဖြစ်လာရခြင်းမှာ ကျနော်သည် ဇာတ်ဝင်ခန်းများကို အလွန်အကျွံ ပြောင်းလဲပစ်ခဲ့သောကြောင့် ဖြစ်သည်။ ထို့အပြင် နက္ခတ်တစ်ပါး ဖြစ်လာပြီးနောက်တွင်လည်း အာရုံစိုက်မှုများကို အလွန်အမင်း ရရှိခဲ့သည်။

ဤသို့ဆိုလျှင် ကျနော်အနေဖြင့် ပြန်လည်ရှင်သန်ခြင်းဖြင့် အချိန်ဆွဲထားသော်လည်း ပြဿနာက အစဉ်အမြဲ ရှိနေပေလိမ့်မည်။

‘ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်စေရဘူး’

အိပ်မက်များကို စားသုံးသူကို ကြည့်ရုံနှင့်ပင် သိနိုင်သည်။ ပြင်ပနတ်ဘုရားတစ်ပါး ဆင်းသက်လာခဲ့ပြီး အဖွဲ့တစ်ခုလုံး ပျက်စီးလုနီးပါး ဖြစ်ခဲ့ရသည်။

ကျနော့်တွင် ပြန်လည်ရှင်သန်နိုင်စွမ်း ရှိသဖြင့် ကိစ္စမရှိသော်လည်း အဖွဲ့ဝင်များမှာမူ ထိုသို့မဟုတ်ပေ။ အဖွဲ့ဝင် မည်သူတစ်ဦးတစ်ယောက်မျှ သေဆုံး၍မဖြစ်ပေ။ အထူးသဖြင့် ယူဂျွန်ဟော့သာ သေဆုံးသွားခဲ့လျှင် အရာအားလုံးမှာ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

မူလကတည်းက ကျနော်သာ မရှိခဲ့လျှင် ဤကိစ္စများမှာ ဖြစ်လာစရာ အကြောင်းမရှိဟု ပြော၍ရ၏။

[‘ဝေဒ’ နက်ဗျူလာက သင်၏ ပြန်လည်ရှင်သန်မှုကို စောင့်ဆိုင်းနေပါသည်။]

[‘ပါပီရပ်စ်’ နက်ဗျူလာက သင်၏ ပြန်လည်ရှင်သန်မှုကို စောင့်ဆိုင်းနေပါသည်။]

[‘အိုလံပတ်စ်’ နက်ဗျူလာက သင်၏ ပြန်လည်ရှင်သန်မှုကို စောင့်ဆိုင်းနေပါသည်။]

နက်ဗျူလာများမှာ အခွင့်အရေးကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ ကျနော်သည် သူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့မိသော်လည်း သူတို့ကို တုံ့ပြန်ရန်မှာ အလွန်အမင်း အားနည်းလွန်းနေသေးသည်။ ကျနော်၏ အဖွဲ့ဝင်များကို မည်သို့ကာကွယ်ပြီး နက်ဗျူလာများကို မည်သို့ခါချရမည်နည်း…။

‘တကယ်တော့ ဒါက တစ်ခုတည်းသော နည်းလမ်းပဲ’

ထိုစဉ် စနစ်မက်ဆေ့ချ်တစ်ခု ပေါ်ထွက်လာသည်။

[ပြန်လည်ရှင်သန်ခြင်းအတွက် လိုအပ်ချက်အားလုံး ပြည့်စုံသွားပါပြီ။]

[‘အသက်ရှစ်ပါး’ ဝိသေသ လက္ခဏာ အသက်ဝင်ပါပြီ။]

ယခုက ပြန်သွားရမည့် အချိန်ပင် ဖြစ်သည်။

[သင်၏ ကိုယ်ခန္ဓာသည် ပြန်လည်ရှင်သန်လာပါလိမ့်မည်။]

………………………………………………………………………………………….

အသက်ရှူသံ ပြင်းပြင်းတစ်ချက် ထွက်ပေါ်လာသည်။

ပြန်လည်ရှင်သန်ခြင်းတွင် အသားအကျရဆုံး အခက်ခဲဆုံးအချိန်မှာ ပထမဆုံးအကြိမ် ပြန်လည်အသက်ရှူလိုက်ရသည့် အခိုက်အတန့်ပင် ဖြစ်သည်။ ကျနော် နိုးလာသော်လည်း ပတ်ဝန်းကျင်တစ်ခုလုံးမှာ အမှောင်ထု ဖုံးလွှမ်းနေသည်။ အဖွဲ့ဝင်များက ကျနော်ကို ခေါင်းတလားထဲ ထည့်ထားခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။

သေချာပေါက် ပြန်ရှင်လာမည့်သူကို အဘယ်ကြောင့် ခေါင်းတလားထဲ ထည့်ထားကြသည်ကို မတွေးတတ်တော့ပေ။ သူတို့ ကျနော်ကို လှောင်ပြောင်နေကြခြင်းလော။

[‘အသက်ရှစ်ပါး’ အထူးအခွင့်အရေး အသက်ဝင်ပါပြီ။]

[မြွေ၏ တတိယမြောက်ခေါင်းကို ယဇ်ပူဇော်လိုက်ပါပြီ။]

[ထိုခေါင်း၏ စွမ်းအားမှာ ‘တိုက်ခိုက်လိုစိတ်’ ဖြစ်သည်။]

ကျနော်သည် အထူးအခွင့်အရေး အကျိုးသက်ရောက်မှုကို နောက်တစ်ကြိမ် ထပ်မံရရှိလိုက်ပြန်သည်။ အသက်ရှစ်ပါး၏ အကျိုးကျေးဇူးမှာ အခြား အဆင့်မြင့် အထူးအခွင့်အရေးများလောက် ထိရောက်မှု မရှိသော်လည်း ဘာမှမရှိသည်ထက်စာလျှင် ပိုကောင်းပေသည်။

သေဆုံးသွားစဉ်က ဆုံးရှုံးခဲ့သော ခြေထောက်များမှာလည်း မူလအခြေအနေအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။ ယခုလုပ်ရန် ကျန်သည်မှာ ခေါင်းတလားအဖုံးကို ကန်ထုတ်ရန်သာ ရှိတော့သည်။

“အိုး... ကောလဟာလက အမှန်ပဲဟေ့”

“သူ တကယ်ကြီး ပြန်ရှင်လာတာပဲ”

ကျနော် ခေါင်းတလားအဖုံးကို တွန်းထုတ်လိုက်သည်နှင့် စုရုံးရောက်ရှိနေသော လူများက ဝိုင်းဝန်းအားပေးကြသည်။ ကိုယ်စားလှယ် အမျိုးမျိုးက ကျနော်ကို ဝိုင်းကြည့်နေကြသဖြင့် ကျနော် ပြန်လည်ရှင်သန်လာသည့် သတင်းမှာ ပြန့်နှံ့သွားပုံရသည်။

[သင်၏ ပြန်လည်ရှင်သန်မှုကြောင့် ကိုယ်စားလှယ်များအကြား သင်၏ ကျော်ကြားမှု မြင့်တက်လာပါပြီ။]

[သင်၏ အဆင့်အတန်းမှာ အနည်းငယ် မြင့်တက်လာပါသည်။]

နောက်ဆုံးတွင် ယောင်ဟီဝန်က ကျနော်ကို ကြိုဆိုရန် ‘ငရဲမီးလျှံ တောက်လောင်ခြင်း’ စွမ်းရည်ကို အသုံးပြုလိုက်သည်။ ယောင်ဟီဝန်သည် ထိုစွမ်းရည်ကို ‘အေဒင်’ နက်ဗျူလာမှ နက္ခတ်များ ဒေါသထွက်သွားစေမည့် ပုံစံမျိုးဖြင့် အသုံးပြုခဲ့ခြင်း ဖြစ်သည်။

“ပြန်လည်ရှင်သန်လာတာ ဂုဏ်ယူပါတယ်”

“...နောက်တစ်ခါကျရင် ငါ့ကို ခေါင်းတလားထဲ ထည့်မထားပါနဲ့တော့”

“ခဏစောင့်ဦး၊ တခြားလူတွေကို သွားခေါ်လိုက်ဦးမယ်”

ယောင်ဟီဝန် ထွက်သွားပြီးနောက် နက္ခတ်များ၏ သွယ်ဝိုက်သော မက်ဆေ့ချ်များ ကျနော်၏ နားထဲသို့ တိုးဝင်လာခဲ့သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင်၏ ပြန်လည်ရှင်သန်မှုအတွက် ဝမ်းမြောက်နေပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင်၏ ပြန်လာမှုအတွက် ဂုဏ်ပြုနေပါသည်။]

[‘ဂိုလျော၏ ပထမဆုံးသော ဓါး’ နက္ခတ်က သင်၏ သတ္တိကို ချီးကျူးနေပါသည်။]

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က တတွတ်တွတ်ညည်းရင်း လက်ကို အိတ်ကပ်ထဲ ထည့်ထားပါသည်။]

[နက္ခတ်များစွာက သင်၏ စွမ်းဆောင်ချက်များကို အလွန်အမင်း ချီးကျူးနေကြပါသည်။]

[ဒင်္ဂါး ၉၀,၀၀၀ ကို ထောက်ပံ့လိုက်ပါပြီ။]

ဒင်္ဂါး ၉၀,၀၀၀ တောင်...

ထိုသို့ထောက်ပံ့ကြခြင်းမှာ ပြီးခဲ့သည့်နေ့က ကျနော်ကို မကူညီနိုင်ခဲ့ခြင်းကြောင့် ဖြစ်နိုင်ပေသည်။ အနည်းငယ် စိတ်ပျက်စရာ ကောင်းသော်လည်း ကျနော် နားလည်ပေသည်။ အမှန်တကယ်တော့ သူတို့က ကျနော်ကို အခြား နက်ဗျူလာများနှင့် ရင်ဆိုင်ရန် ကူညီပေးခဲ့လျှင် ပို၍ စိတ်ပျက်စရာကောင်းနေခဲ့လိမ့်မည်ဖြစ်၏။

[သင်၏ စွမ်းဆောင်ချက်အပေါ် အကဲဖြတ်မှု ပြီးဆုံးသွားပါပြီ။]

[သင်သည် ‘ဒဏ္ဍာရီလာအဆင့်’ နီးပါးရှိသော ဇာတ်လမ်းကို ရရှိခဲ့ပါသည်။]

[‘ပြင်ပနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့သူ’ ဇာတ်လမ်းကို ရရှိလိုက်ပါပြီ။]

.

.

.

[ထိုဇာတ်လမ်း၏ အောင်မြင်မှုကြောင့် အချို့သော ပြင်ပနတ်ဘုရားများက သင့်အပေါ် ရန်လိုမှု ပြသနေကြပါသည်။]

[ထိုဇာတ်လမ်း၏ အောင်မြင်မှုကြောင့် အချို့သော ပြင်ပနတ်ဘုရားများက သင့်အပေါ် စိတ်ဝင်တစား ရှိနေကြပါသည်။]

[ဇာတ်လမ်း၏ အောင်မြင်မှုကြောင့် အချို့သော ရှေးဟောင်းနတ်ဘုရားကြီးများက သင့်ကို စောင့်ကြည့်နေကြပါသည်။]

[သင်၏ ဘွဲ့အမည်ကို မကြာမီ ကြေညာပါမည်။]

ဒဏ္ဍာရီလာအဆင့်နီးပါးရှိသော ဇာတ်လမ်းတစ်ပုဒ်...

ဒဏ္ဍာရီလာအဆင့် ဇာတ်လမ်းကို မရရှိခဲ့ခြင်းက အနည်းငယ် စိတ်ပျက်စရာ ကောင်းသော်လည်း ယခုအခြေအနေက ကျေနပ်စရာ ကောင်းလှပေသည်။

အကယ်၍ ကျနော်သာ ရှေးဟောင်းနတ်ဘုရားကြီးတစ်ပါးနှင့် တိုက်ခိုက်ခဲ့လျှင် ဒဏ္ဍာရီလာအဆင့်ကို ရရှိနိုင်မည် ဖြစ်သည်။ သို့သော်လည်း ရှေးဟောင်းနတ်ဘုရားကြီးတစ်ပါးနှင့် အမှန်တကယ်သာ ရင်ဆိုင်ခဲ့ရပါက စကားတစ်ခွန်းပင် မပြောနိုင်ခင် ကျနော် ပျောက်ကွယ်သွားနိုင်သည်။

[အကဲဖြတ်နေစဉ်အတွင်း ဇာတ်လမ်းအသစ်တစ်ပုဒ်ကို သင် ရရှိခဲ့ပါသည်။]

[ရှိနှင့်ပြီးသား ဇာတ်လမ်းများထက် ကျော်လွန်သော ဇာတ်လမ်းတစ်ပုဒ်ကို ရရှိခြင်းကြောင့် သင်၏ အဆင့်အတန်းကို ပြန်လည်အကဲဖြတ်ပါမည်။]

[အဆင့်အတန်းကို နောက်လာမည့် ဇာတ်ဝင်ခန်းများတွင် ထုတ်ပြန်ပါမည်။]

[သင်၏ ပဉ္စမမြောက် ဇာတ်လမ်းမှာ လုပ်ဆောင်ဆဲ ဖြစ်ပါသည်။]

သမိုင်းဝင်အဆင့်မှ စတင်ရလျှင် ကောင်းမည်ဖြစ်သော်လည်း ယခုနှုန်းအတိုင်းဆိုလျှင် မဟာအဆင့်များအကြားတွင်ပင် ထိုက်သင့်သော အဆင့်တစ်ခုသို့ ရောက်ရှိနိုင်လောက်သည်။

နောက်လာမည့် ဇာတ်ဝင်ခန်းများတွင် ကြေညာလိမ့်မည်ဆိုတော့ အချိန်ကိုက်ပင် ဖြစ်သည်။

ကြာရှည်စွာ စောင့်မျှော်ခဲ့ရသော ဒသမမြောက် အဓိကဇာတ်ဝင်ခန်း၊ ၇၃ ပါးမြောက် မိစ္ဆာဘုရင်။ ဤဇာတ်ဝင်ခန်းမှာ ဆိုးလ်ဒေသအတွင်း လုပ်ဆောင်ရမည့် နောက်ဆုံးဇာတ်ဝင်ခန်းဖြစ်ပြီး ပါဝင်သူအရေအတွက်ကိုလည်း အလွန်အမင်း ကန့်သတ်ထားပေသည်။

မဟူရာရဲတိုက်၏ အဆင့်သတ်မှတ်ချက်တွင် ပထမနှင့် ဒုတိယရရှိသူများသာ ဤဇာတ်ဝင်ခန်းကို စိန်ခေါ်ခွင့်ရှိသည်။ သေချာပေါက်ပင် သူတို့ တစ်ယောက်တည်း စိန်ခေါ်ရမည်မဟုတ်ဘဲ အဆင့်သတ်မှတ်ချက်ဝင်သူ လေးယောက်နှင့် အဖွဲ့ဖွဲ့နိုင်ပေသည်။

[သင်၏ လက်ရှိ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်မှာ ဒုတိယ ဖြစ်သည်။]

ကျနော်နှင့်အတူ လူလေးယောက် ခေါ်သွားနိုင်သည်။ သို့သော်လည်း သူတို့ချည်းသက်သက်ဖြင့် နောက်ထပ်အထပ်တွင် ပေါ်လာမည့် ရန်သူကို ရင်ဆိုင်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သည်။

တစ်နည်းအားဖြင့်ဆိုရသော် မဟူရာရဲတိုက် ဇာတ်ဝင်ခန်းကို အောင်မြင်ရန်အတွက် ပထမအဆင့်ရရှိသူ၏ အကူအညီကို ကျနော် ရယူရမည်သာ။

သို့ဆိုလျှင် ပထမအဆင့်က မည်သူနည်း။

“ကင်ဒေါ့ဂျာ”

ကျနော် ထိုသို့တွေးလိုက်သည်နှင့် နောက်ဘက်မှ အသံတစ်သံကို ကြားလိုက်ရသည်။ ကျနော် ပြုံးလိုက်မိသည်။

...သေချာပေါက် သူက ပထမပဲ။

“ယူဂျွန်ဟော့ မင်းက အခု ပထမအဆင့် ရောက်နေတာလား”

“မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်ကို ပြောတာလား”

ယူဂျွန်ဟော့က ခေါင်းညိတ်ပြီး ချက်ချင်းပင် ပြန်ဖြေသည်။

“ငါက ပထမပဲ။ ဆိုးလ်အဆင့်သတ်မှတ်ချက်တုန်းကနဲ့ အခြေအနေ မတူဘူး”

ဒီကောင်ကတော့ အရင်တုန်းက ပထမမရခဲ့တာကို စိတ်ခုနေတုန်းပင်။

ဘာပဲဖြစ်ဖြစ် သူက သဘောထားသေးသိမ်တဲ့ကောင်ပဲလေ။

ကျနော် စိတ်ထဲကနေ တတွတ်တွတ်ညည်းရင်း စကားပြောလိုက်သည်။

“ငါ မင်းရဲ့အကူအညီ လိုတယ်။ နောက်လာမယ့် ဇာတ်ဝင်ခန်းကို လူတွေခေါ်သွားလို့ရတာ မင်းသိတယ်မလား။ ငါတို့နှစ်ယောက်သာ သူတို့ကို ခေါ်သွားမယ်ဆိုရင်...”

အဝေးကနေ ပြေးလာနေကြသော အဖွဲ့ဝင်များကို ကျနော် မြင်နေရသည်။

အထူးသဖြင့် ရှင်ယူဆောင်းနှင့် လီဂီယောင်တို့မှာ ရှေ့ဆုံးမှာရှိနေရန် အချင်းချင်း လုပြေးနေကြသည်။ ပထမရလျှင်လည်း ဆုပေးမည်မဟုတ်ပါဘဲ အဘယ်ကြောင့် ထိုသို့လုပ်နေကြသည်ကို ကျနော် မသိတော့ပေ။

ကျနော် ခဏကြာအောင် စကားပြောနေသော်လည်း ယူဂျွန်ဟော့က ဘာမှ ပြန်မပြောပေ။ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားမိ၍ ကြည့်လိုက်ရာ ယူဂျွန်ဟော့က ကျနော်ကို တည်ကြည်သော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

“ကင်ဒေါ့ဂျာ မင်းရဲ့ ရည်ရွယ်ချက်က ဘာလဲ”

“ရည်ရွယ်ချက်ဟုတ်လား။ ငါ့ရဲ့ ရည်ရွယ်ချက်က ဘာဖြစ်ရမှာလဲ”

“ဇာတ်ဝင်ခန်းအားလုံးရဲ့ အဆုံးသတ်ကို ရောက်ဖို့က မင်းရဲ့ နောက်ဆုံးပန်းတိုင်လား”

ကျနော် ခဏတာ ဝေခွဲမရဖြစ်သွားပြီးမှ ပြန်ဖြေလိုက်သည်။

“အင်း… အဲဒီလိုပဲ ထင်တာပဲ”

“ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဲဒီပန်းတိုင်ကို လက်မလျှော့ဘူးလို့ မင်း ကတိပေးနိုင်မလား”

...ဒီကောင် ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီလိုတွေ မေးနေရတာလဲ။

ကျနော် နောက်ပြောင်လိုက်ချင်သော်လည်း ယူဂျွန်ဟော့ကို ကြည့်ရင်း စိုးရိမ်စိတ်ကို မဖျောက်နိုင်ခဲ့ပေ။

“သေချာပေါက် လက်မလျှော့ပါဘူး။ ဒါနဲ့ မင်းက ဘာလို့ မေးနေတာလဲ”

“ဘာမှမဟုတ်ပါဘူး”

ယူဂျွန်ဟော့က ကျနော်ထံမှ အကြည့်လွှဲကာ အဖွဲ့ဝင်များဘက်သို့ လှည့်ကြည့်လိုက်သည်။ သူ၏ ဘယ်ဘက်မျက်ခုံးမှာ လှုပ်ခတ်နေသည်။ မျက်ခုံးက ခူကောင်လေးတစ်ကောင်လို တွန့်လိမ်နေသည်ကို မြင်လိုက်ရသဖြင့် ကျနော်၏ ရင်ထဲတွင် တစ်ခုခုကို ခံစားလိုက်ရသည်။

“ဟေ့… မင်း...”

ကျနော်သည် 'Ways of Survival' ၏ အဆုံးသတ်အထိ ဖတ်ဖူးခဲ့သဖြင့် ထိုအကြောင်းကို သိနေခြင်း ဖြစ်သည်။ ယူဂျွန်ဟော့သည် အလွန်အမင်း အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုခုကို ချလိုက်သည့် အခါမှသာ သူ၏ ဘယ်ဘက်မျက်ခုံးမှာ လှုပ်ခတ်တတ်သည်။ ဤလူစားမျိုးက အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပြီဆိုလျှင် သေဆုံးရန် သို့မဟုတ် နောက်ပြန်ဆုတ်ရန် ဖြစ်နိုင်ခြေ အလွန်မြင့်မားသွားတတ်သည်။

ကျနော်သည် ထိုလူမိုက်အား ‘အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်’ ကို အသုံးပြု၍ အကဲခတ်လိုသော်လည်း အဖွဲ့ဝင်များမှာ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကျနော် စကားမပြောနိုင်ခင်မှာပင် ယူဂျွန်ဟော့က ဦးအောင် စတင်ပြောလိုက်သည်။

“ဒသမမြောက် ဇာတ်ဝင်ခန်းမှာ ပါဝင်မယ့်သူတွေကို ငါ ကြေညာမယ်”

All Chapters