← Chapters

အခန်း (၁၈၇-၁၈၈)

Vol. 13 Ch. 187-188

အခန်း (၁၈၇-၁၈၈)

Vol. 13 Ch. 187-188

အခန်း ၁၈၇

- အပိုင်း ၃၅ - ၇၃ပါးမြောက် မိစ္ဆာဘုရင် (၆)

အဖွဲ့ဝင်တွေကတော့ ဘာတွေဖြစ်ပျက်နေမှန်း မသိနိုင်တဲ့ ဇဝေဇဝါ အမူအရာတွေနဲ့ ကျနော့်ကို ကြည့်နေကြတုန်းပဲ ဖြစ်သည်။ ယူဂျွန်ဟော့ကတော့ နံရံကိုမှီပြီး သွေးတွေ အန်နေဆဲပင်။

ကျနော် သူတို့ကို ခဏလောက် ကြည့်လိုက်ပြီးနောက် ခန်းမ၏ နံရံဘက်ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ ချောမွတ်နေတဲ့ ကျောက်နံရံပေါ်မှာ ကျနော့်ရဲ့ ပုံရိပ်က ထင်ဟပ်နေ၏။

နောက်ကျောကနေ မဟူရာ အတောင်ပံတွေ ထွက်ပေါ်နေပြီး ဦးခေါင်းမှာလည်း ဦးချိုလေးတွေ ပေါက်နေသည်။ ကျနော့်၏ အသားအရေပေါ်မှာလည်း မိစ္ဆာစွမ်းအင် အမှတ်အသားတွေက အထူးစွမ်းရည်တစ်ခုလို ခပ်နှိပ်ထားသည်။ ကျနော့် ခန္ဓာကိုယ်က ပုံမှန်ထက် သုံး၊ လေးဆခန့် ပိုကြီးမားနေပြီး တစ်ကိုယ်လုံးမှာရှိသော ကြွက်သားတွေကလည်း သိသိသာသာ ထွားကြိုင်းနေလေသည်။

"ဒါ... ဒါက မဖြစ်နိုင်တာပဲ၊ ဘာလို့ ဒေါ့ဂျာက မိစ္ဆာဘုရင် ဖြစ်သွားရတာလဲ"

"ဒါက ဘာတွေလဲ၊ ကျမတို့ ဘာလုပ်သင့်သလဲ"

ယူဆန်းအာနှင့် လီဂျီဟယ်တို့က အော်ဟစ်လိုက်ကြသည်။

ယောင်ဟီဝန်၊ လီဟန်းဆောင်၊ လီဂီယောင်၊ ရှင်ယူဆောင်း... နောက်ပြီး ချိုယောင်ရန်နှင့် ဂုံဖီဒူအထိ အားလုံးက ထိတ်လန့်တုန်လှုပ်နေသော အမူအရာတွေဖြင့် ကျနော့်ကို ကြည့်နေကြသည်။

ကျနော် သူတို့ကို ကြည့်ရင်း ပြောလိုက်သည်။

"အခုကစပြီး မင်းတို့ ငါ့ကို အမဲလိုက်ရမယ်"

[ '၇၃ပါးမြောက် မိစ္ဆာဘုရင်' ၏ ပထမအဆင့် စတင်ပါပြီ။ ]

[ တိုက်ခိုက်မှုအတွက် သတ်မှတ်ထားသော အချိန်မှာ မိနစ် ၃၀ ဖြစ်သည်။ ]

"အချိန်မရှိဘူး၊ မြန်မြန် စကြတော့"

ကျနော့် ခန္ဓာကိုယ်ထဲတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်တွေ စီးဆင်းနေလေသည်။ ကျနော် ဘာမှ ပြန်မလုပ်ဘဲ ဒီအတိုင်း အတိုက်ခံနေရင်တောင် ပေးထားတဲ့ အချိန်အတွင်းမှာ အဖွဲ့ဝင်တွေက ကျနော့်ကို ထိခိုက်အောင်လုပ်နိုင်ပါ့မလားဟု တွေးမိသည်။

ယောင်ဟီဝန်နှင့် လီဟန်းဆောင်တို့က ကျနော့်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်ပြီး အော်ပြောလိုက်ကြသည်။

"ငါ ဒေါ့ဂျာနဲ့ မတိုက်ချင်ဘူး"

"ကျုပ် ခင်ဗျားရဲ့ အမိန့်ကို မနာခံနိုင်ဘူး"

သူတို့၏ ခံစားချက်ကို ကျနော် နားလည်ပေသည်။ ကျနော်သာ သူတို့နေရာမှာဆိုရင်လည်း တွန့်ဆုတ်နေမိမှာအမှန်ပင်။ ကျနော်က သူတို့ကို ရည်ရွယ်ချက်ရှိရှိ လှောင်ရယ်လိုက်သည်။

"နင်တို့ ဘာလို့ ဒီလောက် စောက်ဖြစ်သည်းနေကြတာလဲ၊ ငါ ဘယ်သူလဲဆိုတာ မေ့သွားကြပြီလား၊ ငါက ကင်ဒေါ့ဂျာပဲ၊ အသတ်ခံရရင်တောင် ငါ မသေဘူး"

ဖြူစင်သော လီဟန်းဆောင်က ကျနော့်စကားကြောင့် စိတ်လှုပ်ရှားသွားသည်။

"...အခုတစ်ခါရော ခင်ဗျား ပြန်ရှင်လာမှာလား"

"အင်း"

"ဒါပေမဲ့ ကျုပ် ကြားတာက..."

"ယူဂျွန်ဟော့က ငါ့ကို ရည်ရွယ်ချက်ရှိရှိ ရန်စဖို့ ကြိုးစားခဲ့တာပါ"

ကျနော် 'လှုံ့ဆော်မှု' စွမ်းရည်ကို အသုံးမပြုခဲ့ပေသော်လည်း လူတွေ၏ မျက်နှာပေါ်မှာတော့ စိတ်ရှုပ်ထွေးနေတဲ့ ခံစားချက်တွေ ပေါ်လာသည်။ ကျနော့်အပေါ် ထားရှိသော သူတို့၏ ယုံကြည်မှုနှင့် ကျနော့်ကို တိုက်ခိုက်ရတော့မည့် ဝန်ထုပ်ဝန်ပိုးတွေက သူတို့စိတ်အတွင်းထဲမှာ အားပြိုင်နေပုံရသည်။

"ငါ့ကို ယုံစမ်းပါ၊ ဒါက အကောင်းဆုံး နည်းလမ်းပဲ"

အဖွဲ့ဝင်တွေက နောက်ဆုံးတော့ ကျနော့်ကို တိုက်ခိုက်ရတော့မည်။ အဘယ်ကြောင့်ဆိုသော် တခြားနည်းလမ်း မရှိတော့လို့ပင်။ သူတို့သာ ကျနော့်ကို မသတ်လျှင် ဒီမှာရှိသောသူ အားလုံး သေကြတော့မည်ဖြစ်သည်။

ဟန်ဆိုယောင်းက ကျနော့်ကို ကြောက်စရာကောင်းသော မျက်လုံးတွေဖြင့် စိုက်ကြည့်နေသည်။ ဟန်ဆိုယောင်း ဘာမှမပြောခင်မှာ ကျနော် ဟန်ဆိုယောင်းဆီကို အချက်ပြလိုက်သည်။

'ဟန်ဆိုယောင်း'

ဟန်ဆိုယောင်းက ကျနော့် နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ပြီး မျက်နှာ ပျက်သွားသည်။

'နင်တစ်ယောက်ပဲ ရှိတယ်၊ နင်ပဲ ဦးဆောင်ရမယ်'

ကျနော်လည်း ဒါကို သိသလို ဟန်ဆိုယောင်းလည်း သိသည်။ အဖွဲ့ဝင်တွေက တခြား ကိုယ်စားလှယ်တွေထက် ပိုသန်မာကြသော်လည်း ဒီလို အခြေအနေမျိုးမှာတော့ ပြတ်ပြတ်သားသား မဆုံးဖြတ်နိုင်ကြပေ။ အခြားတစ်ဖက်မှာတော့ ဟန်ဆိုယောင်းက ဒီမှာရှိသော ဘယ်သူ့ထက်မဆို အခြေအနေကို ပိုမြန်မြန်နဲ့ ပိုလက်တွေ့ကျကျ ဆုံးဖြတ်နိုင်စွမ်းရှိလေသည်။

"...နင်က အမြဲတမ်း ဒီလိုပဲ… ကင်ဒေါ့ဂျာ"

ဟန်ဆိုယောင်းက အံကြိတ်ပြီး ကျနော့်ကို ပြောသည်။

"နင်က ငါ့ကို ခံစားချက်မရှိတဲ့ မိစ္ဆာတစ်ကောင်လို့ ထင်နေတာလား"

ဟန်ဆိုယောင်းက ကျနော့်ကို တစ်ချက်၊ အဖွဲ့ဝင်တွေကို တစ်ချက် ဝေ့ကြည့်လိုက်သည်။ လူတိုင်းရဲ့ မျက်လုံးတွေက ဟန်ဆိုယောင်းဆီမှာပဲ စုပြုံနေကြ၏။ ဟန်ဆိုယောင်း ပြောလိုက်တဲ့ စကားတစ်ခွန်းပေါ်မှာပဲ အရာအားလုံး မူတည်နေသလိုပင်။

ဟန်ဆိုယောင်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက် ပြောလိုက်သည်။

"အားလုံး သတိဝင်ကြစမ်း၊ နင်တို့အားလုံး ငရဲသွားချင်နေကြတာလား"

ကျနော် ပြုံးလိုက်သည်။ ဟုတ်ပေသည်၊ ဟန်ဆိုယောင်း ကောင်းကောင်း လုပ်ဆောင်နေပြီ ဖြစ်သည်။

"ငါတို့ ကင်ဒေါ့ဂျာကို သတ်ရမယ်"

ဒါက ဟန်ဆိုယောင်း ပြောလိုက်သော စကားပင် ဖြစ်သည်။

"မလုပ်ဘူး၊ ကျနော် မလုပ်ချင်ဘူး၊ အကိုကြီး"

ကျနော့်ဆီကို ပြေးလာတဲ့ လီဂီယောင်ကို ဟန်ဆိုယောင်းက ဖမ်းဆွဲထားလိုက်သည်။

"ငတုံးလေး၊ သေချာ နားထောင်စမ်း"

လီဂီယောင်က အသက်ရှူရခက်စွာဖြင့် ရုန်းကန်နေသည်။ ဟန်ဆိုယောင်းက လီဂီယောင်၏ ကော်လံကို ဆွဲကိုင်ရင်း ဟောက်လိုက်သည်။

"ငိုမနေနဲ့၊ နင်က ကင်ဒေါ့ဂျာ့အစား အသေခံချင်လို့လား"

"အာ... အား..."

"ကျန်တဲ့သူတွေလည်း အတူတူပဲ၊ နင်တို့လည်း ကိုယ့်ကိုယ်ကိုယ် အနစ်နာမခံချင်ကြဘူးမလား၊ ဒါကြောင့် ကြောင်သူတော် မလုပ်ကြနဲ့။ အသေခံမယ့်အစား ကျေးဇူးတင်တယ်လို့ ပြောပြီးတော့ လက်နက်တွေကိုပဲ ဝှေ့ယမ်းလိုက်ကြစမ်း"

အရေအတွက် ဒါဇင်ပေါင်းများစွာအထိ တိုးပွားလာသော ဟန်ဆိုယောင်း၏ ကိုယ်ပွားတွေက တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

"ကင်ဒေါ့ဂျာ ပြန်ရှင်လာမလား၊ မရှင်လာဘူးလားဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ နောက်ထပ် မိနစ် ၃၀ အတွင်းမှာ သူ့ကို မသတ်နိုင်ရင် ငါတို့အားလုံး သေရလိမ့်မယ်၊ ငါသိဖို့ လိုတာက အဲဒီအချက်ပဲ"

ဟန်ဆိုယောင်း၏ ကိုယ်ပွားတွေက နီရဲနေသော မျက်လုံးတွေဖြင့် ကျနော့်ဆီကို ပြေးဝင်လာကြသည်။ ကျနော်က ဟန်ဆိုယောင်းကို ကြည့်ပြီး 'ကျေးဇူးတင်ပါတယ်'ဟု နှုတ်ခမ်းလှုပ်ရုံ ပြောလိုက်သည်။

ဟန်ဆိုယောင်းက သွေးထွက်သည်အထိ နှုတ်ခမ်းကို တင်းတင်းကိုက်ထားရင်း ကျနော့်ဆီကို ဓါးမြှောင်ဖြင့် ဝှေ့ယမ်းလိုက်သည်။ မိုးသီးမိုးပေါက်လို ကျရောက်လာသော တိုက်ခိုက်မှုတွေက ကျနော့်ခန္ဓာကိုယ်ကို ကြီးကြီးမားမား ထိခိုက်မှု မပေးနိုင်သေးသော်လည်း ဒါက အစပဲ ရှိပါသေး၏။

ယူဆန်းအာက ကျနော့် ကြည့်နေသည်ကို ပြန်ကြည့်ပြီးနောက် ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။

"ဒေါ့ဂျာ"

ယူဆန်းအာ ဘာကို ဆုံးဖြတ်လိုက်သလဲဆိုတာ သိဖို့ ခက်ခဲလှသည်။ ယူဆန်းအာ၏ မျက်လုံးထဲမှာတော့ အမည်မသိ ခံစားချက်တွေ ပြည့်နှက်နေသည်။ ဟန်ဆိုယောင်း၏ တိုက်ခိုက်မှုကို ခံနေရသော ကျနော်က ယူဆန်းအာကို ခေါင်းငြိမ့်ပြလိုက်သည်။

"ဒေါ့ဂျာက အကြောင်းပြချက်မရှိဘဲ တခြားသူတွေကို နာကျင်အောင် လုပ်မယ့်သူ မဟုတ်ဘူးလို့ ကျမ ထင်ပါတယ်၊ ဒေါ့ဂျာမှာ အစီအစဉ် ရှိတယ်မလား၊ ဒီဇာတ်ဝင်ခန်းကို တမင်တကာ ဖန်တီးခဲ့တာလား"

"အင်း၊ ဟုတ်တယ်"

"တကယ်လား"

ယူဆန်းအာက ငိုနေသည်။

"...ကျမ ဒေါ့ဂျာကို ထပ်ပြီး ယုံကြည်ရဦးမှာလား၊ အရင်တုန်းကလိုမျိုး ထပ်ယုံပေးရမလား..."

ဤသို့ ဖြစ်လာမည်ဆိုသည်ကို ကျနော် သိထားပြီးသားပင်။ ထိုစကားကို ကြားလိုက်ရလို့လည်း ဝမ်းသာမိသည်။ ယူဆန်းအာက မျက်ရည်တွေကို ကြမ်းတမ်းစွာ သုတ်လိုက်သည်။ ယူဆန်းအာက ဓါးမြှောင်ကို မြှောက်ပြီး တိုက်ပွဲထဲမှာ ပါဝင်လာခဲ့သည်။

ဟန်ဆိုယောင်း၏ နှုတ်ခမ်းတွေက တွန့်ကွေးသွားသည်။

"...နင်က တုံ့ဆိုင်းတုံ့ဆိုင်းနဲ့ ငိုယိုပြီး ဘေးမှာ ထိုင်နေမယ်လို့ ငါထင်ထားတာ"

"ကျေးဇူးပြုပြီး တိတ်တိတ်နေပေးပါ"

ဟန်ဆိုယောင်းနှင့် ယူဆန်းအာတို့၏ဓါးမြှောင်တွေက ကျနော့်ပုခုံးနှင့် ကျောပြင်ပေါ်မှာ ဒဏ်ရာအသေးစားလေးတွေ ပေးနိုင်ခဲ့သည်။ သို့သော် သူတို့၏ ခွန်အားကတော့ လိုအပ်နေသေးသည်။ ကျန်ရှိသော အချိန်က ၂၅ မိနစ်ပင်။ သူတို့တွေ အစီအစဉ်အတိုင်း လုပ်ဆောင်ချင်တယ်ဆိုလျှင် အချိန်အလွန် နည်းပါးလွန်းနေပြီဖြစ်သည်။

ကျနော်က လီဟန်းဆောင်ကို ကြည့်လိုက်သည်။

"လီဟန်းဆောင်။ ခင်ဗျားက အဖွဲ့ဝင်တွေကို အသေခံခိုင်းတော့မှာလား"

"..."

"ခင်ဗျား ပြောခဲ့တယ်မလား၊ ကျည်ဆန်ခွံအလွတ်ကို နောက်တစ်ခါ ဘယ်တော့မှ အပျောက်မခံတော့ဘူးလို့"

"ဒေါ... ဒေါ့ဂျာ..."

"ဒါက ကျည်ဆန်ခွံ တစ်ခုတည်း မဟုတ်ဘူးနော်"

လီဟန်းဆောင်၏ မျက်ဝန်းတွေက လေပြင်းတိုက်ခတ်ခံရသော ပင်လယ်ပြင်လို တုန်လှုပ်နေသည်။

[ 'သံမဏိသခင်' နက္ခတ်က အလွန်အမင်း အာရုံစိုက်နေပါသည်။ ]

အချိန်အတော်ကြာပြီးနောက်မှာတော့ လီဟန်းဆောင်က ကောင်းကင်ကို ကြည့်ပြီး အော်ဟစ်လိုက်သည်။ လီဟန်းဆောင်က သံမဏိအသွင်ပြောင်းခြင်းကို အသုံးပြုပြီး ကျနော့်ဆီကို ပြေးဝင်လာသည်။ မာကျောသော ခန္ဓာကိုယ်ဖြင့် တိုက်မိသောကြောင့် ပြင်းထန်တဲ့ တုန်ခါမှုကို ခံစားလိုက်ရသည်။

ကျနော့် အမြင်အာရုံတွေက အနည်းငယ် ဝေဝါးသွား၏။ လီဟန်းဆောင်က မဟာတောင်ဖြိုတွန်းအားကို အသုံးပြုလိုက်သော်လည်း ကျနော့်ကို တိုက်ခိုက်တာထက် ခံစစ်ပြင်ထားတဲ့ ပုံစံမျိုး ပိုပေါက်နေလေသည်။

နောက်ထပ် ကြားလိုက်ရသည်က မှော်စက်သေနတ်တွေ ပစ်ခတ်သံပဲ ဖြစ်သည်။ ကျနော် ထိုအသံကို ကြားတော့ ရယ်မောလိုက်ပြီး အသံလာရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ထို့ကြောင့်မလို့လည်း ကျနော် သူ့ကို မုန်း၍မရခြင်းပင်။ ဂုံဖီဒူက မျက်မှောင်ကို အစွမ်းကုန် ကြုတ်ထားရင်း လက်နက်ခံတပ်သခင်၏ စက်သေနတ်တွေကို အသက်သွင်းနေလေသည်။ တိုက်ခိုက်မှုတွေကို ကျနော်ဒီအတိုင်းတော့ ခံနေမည် မဟုတ်ပေ။

[ ဇာတ်ဝင်ခန်း၏ ဖြစ်နိုင်စွမ်းက သင့်ခန္ဓာကိုယ်ကို လွှမ်းမိုးနေပါသည်။]

ကျနော့် ဆန္ဒနှင့် မဆိုင်ဘဲ ကျနော့်ခန္ဓာကိုယ်က မိစ္ဆာဘုရင်တစ်ယောက်လို လှုပ်ရှားလာလိမ့်မည်။ သို့သော် တိုက်ခိုက်မှုတွေက ပုံသေကားချပ်တွေအတိုင်း ဖြစ်နေမည်ဖြစ်သည့်အတွက် အဖွဲ့ဝင်တွေအနေနဲ့ အလွယ်တကူ ကိုင်တွယ်နိုင်ပါလိမ့်မည်။

"အားလုံး သတိရှိကြစမ်း၊ အခုက ဒုတိယအဆင့် ရောက်ပြီ"

၇၃ပါးမြောက် မိစ္ဆာဘုရင်၏ ဒုတိယအဆင့်က စတင်နေပြီ ဖြစ်သည်။ ထိုအဆင့်ကို ဟန့်တားနိုင်ရန်အတွက် အထူးအကူအညီများ လိုအပ်သည်။

"ချိုယောင်ရန်"

ချိုယောင်ရန်က ကျနော့်ကိုပြန်စိုက်ကြည့်ပြီး ယန္တယားတံခါးပေါက် အစီအရင် စွမ်းအားကို ထုတ်ဖော်လိုက်သည်။

လေဝင်လေထွက်ပေါက်မှတစ်ဆင့် လေထုကို စုပ်ထုတ်လိုက်သကဲ့သို့ ကျနော့်ထံမှ ထွက်ပေါ်နေသော မိစ္ဆာစွမ်းအင်များက ချိုယောင်ရန် ဖန်တီးထားသည့် အပေါက်ထဲသို့ ပျောက်ကွယ်သွားသည်။ မိစ္ဆာဘုရင်၏ စွမ်းအင်များကို ကိုင်တွယ်နေရသဖြင့် ချိုယောင်ရန်၏ မျက်နှာပြင်မှာ လျင်မြန်စွာပင် ဖြူလျော်လာသည်။

နှုတ်ခမ်းမှ သွေးများ စီးကျလာရင်း ချိုယောင်ရန်က ကျနော့်ကို ပြောလိုက်သည်။

"လီဆော့ယောင် ဝမ်းနည်းလိမ့်မယ်"

"အမေ သိပြီးသားပါ"

ကျနော်၏ မိစ္ဆာစွမ်းအင်များ လျော့နည်းလာသည်နှင့်အမျှ အဖွဲ့ဝင်များက ကျနော့်ကို တစ်ဖန် ပြန်လည်တိုက်ခိုက်ကြသည်။ သို့သော် ထိခိုက်မှုက လိုအပ်နေသေးသဖြင့် တိုက်ပွဲတွင် မပါဝင်ရသေးသူများကို ကျနော် သတိထားကြည့်လိုက်သည်။ လီဂျီဟယ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားရင်း နောက်ဆုံးမှ ဓါးကို ဆွဲထုတ်လိုက်သည်။

"ဦးလေးကြီး။ နောက်မှ လက်စားမချေနဲ့နော်"

"မချေပါဘူး"

ကျနော့်စကားကြောင့် လီဂျီဟယ်က အားနည်းစွာ ပြုံးလိုက်သည်။

"...ဘာပဲဖြစ်ဖြစ် ကျမရဲ့ တိုက်ခိုက်မှုတွေက အားနည်းတော့ နာမှာမဟုတ်ပါဘူး၊ ကျမရဲ့ နက္ခတ်က သမိုင်းဝင်အဆင့်ပဲ ရှိတာလေ"

"သစ္စာရှင်စစ်သူကြီးက အဲဒီလောက် မအားနည်းပါဘူး၊ နင် မကြာခင် သိလာပါလိမ့်မယ်"

လီဂျီဟယ်က ဓါးတေးသံကို အသုံးပြုပြီး ကျနော့်၏ အားနည်းချက်ကို ပစ်မှတ်ထားလိုက်သည်။ တိုက်ခိုက်မှုများက တစ်ခုပေါ်တစ်ခု ထပ်ဆင့်လာပြီး ကျနော့်အရေပြားပေါ်တွင် တဆစ်ဆစ်နာကျင်မှုများ စတင်ပေါ်ပေါက်လာသည်။ ဤခြိမ်းခြောက်မှုက လုံလောက်နေပြီ ဖြစ်သဖြင့် ယခုအခါ နောက်ဆုံးအဆုံးသတ်ချက်ကို ပေးစွမ်းနိုင်မည့်သူများ လိုအပ်နေလေပြီ။

"ယောင်ဟီဝန်"

စောင့်ဆိုင်းနေခဲ့သကဲ့သို့ ယောင်ဟီဝန်က ဓါးကို ဖြည်းဖြည်းချင်း ဆွဲထုတ်လိုက်သည်။

"အရင်တုန်းက... နင် ငါ့ကို ဘာမေးခဲ့လဲ မှတ်မိသေးလား"

"ဘာလဲ"

"ငါ့ကို နင့်ရဲ့ အပေါင်းအဖော် ဖြစ်ပေးဖို့ မေးခဲ့တာလေ"

ကျနော် မှတ်မိပေသည်။ ရုပ်ရှင်ရုံ မြေအောက်ခံတပ်တွင် ယောင်ဟီဝန်ကို ကျနော့်၏ ယုံကြည်အားကိုးရသော အပေါင်းအဖော် ဖြစ်ပေးရန် တောင်းဆိုခဲ့သည်။

"အခုတော့ နင်က နင့်ရဲ့ အပေါင်းအဖော်ကို ဒီလိုမျိုး ကိစ္စကို လုပ်ခိုင်းနေပြီပေါ့လေ"

ကျနော် စကားမပြောနိုင်တော့ပေ။

"ဘယ်လိုအပေါင်းအဖော်မျိုးလဲ"

ယောင်ဟီဝန်က ဓါးကို မြှောက်ပြီး ကျနော့်ထံ ပြေးဝင်လာသည်။

"ရှင်သန်ဖို့အတွက် တခြား အပေါင်းအဖော်ကို သတ်ရတဲ့ အပေါင်းအဖော်မျိုးက ဘယ်လိုမျိုးလဲ"

ယောင်ဟီဝန်က မိစ္ဆာသုတ်သင်ခြင်းကို အသက်သွင်းပြီး ကျနော့်ခန္ဓာကိုယ်ကို စတင်တိုက်ခိုက်သည်။ သို့သော် ဓါးက ကြမ်းတမ်းသော အသံကိုသာ မြည်ဟည်းစေသည်။

ကျနော် ယောင်ဟီဝန်ကို ပြောလိုက်၏။

"နင်က ယုံကြည်ရတဲ့ အပေါင်းအဖော်မလို့ ငါ့အသက်ကို နင့်လက်ထဲ အပ်လိုက်တာ"

"..."

"ယောင်ဟီဝန်၊ နင် သေချာလုပ်ရမယ်၊ ငါ နောက်တစ်ခါ ပြန်ရှင်လာမယ်လို့ တွေးပြီးတော့ အားရှိသမျှ ငါ့ကို ထိုးစိုက်လိုက်တော့"

"ကင်ဒေါ့ဂျာ… နင်ကတော့ တကယ်ပါပဲ..."

ယောင်ဟီဝန်က ကျနော့်ထံ ဓါးကို မြှောက်လိုက်သည်။ ငရဲမီးလျှံ တောက်လောင်ခြင်း စွမ်းအားများက ယောင်ဟီဝန်၏ ခန္ဓာကိုယ်ပတ်လည်တွင် ပေါ်ပေါက်လာသည်။

ယောင်ဟီဝန်က စွမ်းအားများကို စုစည်းလိုက်စဉ် မျက်လုံးများမှာ နီရဲနေလေသည်။ ငရဲမီးလျှံ တောက်လောင်ခြင်းတွင် ဖျက်ဆီးခြင်း၏ တရားသူကြီး စွမ်းအားပါ ပေါင်းစပ်သွားသည့်အခါ ယောင်ဟီဝန်၏ တကယ့်စွမ်းအား အစစ်အမှန် ပေါ်ထွက်လာသည်။

ကျနော်က မိစ္ဆာဘုရင် ဖြစ်သွားသဖြင့် ထိုစွမ်းအားအတွက် သင့်တော်သော ပစ်မှတ်တစ်ခု ဖြစ်လာခဲ့သည်။

[ ဇာတ်ကောင် 'ယောင်ဟီဝန်' သည် တရားစီရင်ချိန်ကို အသက်သွင်းလိုက်ပါပြီ။ ]

[ အကြွင်းမဲ့ ကောင်းမြတ်ခြင်းစနစ်၏ နက္ခတ်အများစုက ဤစွမ်းရည်ကို ထုတ်ဖော်ရန် သဘောတူညီကြပါသည်။ ]

[ ဤစွမ်းရည် အသက်ဝင်ခြင်းကို ပြင်းထန်စွာ ကန့်ကွက်နေသည့် နက္ခတ် တစ်ပါးတည်းသာ ရှိပါသည်။ ]

[စွမ်းရည်အသက်ဝင်ခြင်းကို ပယ်ဖျက်လိုက်ပါပြီ။]

ဇဝေဇဝါဖြစ်သွားသော ယောင်ဟီဝန်က ကျနော့်ကို စိုက်ကြည့်နေပြီး ကျနော်ကတော့ လေထုထဲသို့ ငေးကြည့်နေမိသည်။ 'တရားစီရင်ချိန်' အသက်ဝင်ခြင်းကို မည်သူက ကန့်ကွက်ခဲ့သည်မှာ သိသာလှပါသည်။

"မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ"

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် နာကျင်သော အမူအရာဖြင့် မျက်လုံးများကို ဖုံးအုပ်ထားပါသည်။]

"...ယူရီအယ်"

ကျနော့်ခေါ်သံကို တုံ့ပြန်သည့်အနေဖြင့် လေထုထဲတွင် မီးပွားများ လွင့်ပျံလာသည်။

"ကျေးဇူးပြုပြီး 'တရားစီရင်ချိန်' အသက်ဝင်ဖို့ သဘောတူပေးပါ"

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် ခေါင်းကို အပြင်းအထန် ခါယမ်းနေပါသည်။]

"ခင်ဗျားသာ သဘောမတူပေးရင် ခင်ဗျားရဲ့ ကိုယ်စားလှယ် သေရလိမ့်မယ်"

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်က သူသာ ဤသို့သဘောတူပေးလိုက်ပါက သင် သေသွားလိမ့်မည်ဟု ပြောနေပါသည်။]

နက္ခတ်အားလုံးသာ ယူရီအယ်ကဲ့သို့ ဖြစ်နေမည်ဆိုလျှင် မည်မျှကောင်းလိမ့်မည်နည်း။ ယူရီအယ်ကို နာကျင်အောင် လုပ်ရမည်ဖြစ်၍ ကျနော် စိတ်မကောင်းဖြစ်မိသည်။

"ယူရီအယ်….ခင်ဗျား သိပါတယ်၊ ဒါက ဇာတ်လမ်းတစ်ပုဒ်ပဲလေ"

ကျနော်က ဒိုကဲဘီတစ်ကောင်ကဲ့သို့ ပြောလိုက်သည်။

"ဒီအတောအတွင်းမှာ လူတွေအများကြီး သေဆုံးသွားတာကို ခင်ဗျား မြင်ဖူးမှာပါ"

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် စိတ်ပျက်အားငယ်မှုကို ခံစားနေရပါသည်။]

မက်ဆေ့ချ်များကပင် ယူရီအယ်၏ ခံစားချက်ကို ရှင်းလင်းစွာ ဖော်ပြနေလေသည်။ ပွဲတော်တွင် ကျနော် မြင်တွေ့ခဲ့ရသည့် သေးငယ်လှပသော ယူရီအယ်ကို သတိရသွားမိသည်။

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် ငိုကြွေးရင်း ခေါင်းကို အဖန်ဖန် ခါယမ်းနေပါသည်။]

ငိုကြွေးရင်း ခေါင်းခါယမ်းနေသည့် သေးငယ်သော မျက်နှာလေး။ သူသည် 'မိစ္ဆာ' ဟူသော ဘွဲ့အမည်နှင့် လုံးဝမလိုက်ဖက်သည့် နတ်သမီးတစ်ပါးပင် ဖြစ်သည်။

"ခင်ဗျား လုပ်သင့်တာကို လုပ်ပါ၊ ဒါမှသာ ဒီဇာတ်လမ်းက ပြီးပြည့်စုံသွားမှာလေ"

['မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ' နက္ခတ်သည် သင့်ကို ငုံ့ကြည့်နေပါသည်။]

ခဏအကြာတွင် ကျနော် စောင့်မျှော်နေသည့် မက်ဆေ့ချ် ထွက်ပေါ်လာ၏။

[အကြွင်းမဲ့ ကောင်းမြတ်ခြင်းစနစ်၏ နက္ခတ်အားလုံးက 'တရားစီရင်ချိန်' အသက်ဝင်ရန် ထောက်ခံကြပါသည်။]

နောက်ဆုံးတွင် ယောင်ဟီဝန်၏ ခန္ဓာကိုယ်မှ သွေးရောင်လွှမ်းသော အရှိန်အဝါများ ထွက်ပေါ်လာသည်။

"...ချီး။ ငါ ဒီစွမ်းရည်ရဲ့ နာမည်ကို တကယ် မုန်းတာပဲ"

'တရားစီရင်ချိန်' ၏ အရှိန်အဝါသည် 'ငရဲမီးလျှံ တောက်လောင်ခြင်း' စွမ်းအားနှင့် ပေါင်းစပ်သွားကာ ကြီးမားသော မှော်စွမ်းအင်လှိုင်းကို ဖန်တီးလိုက်သည်။ ထိုစွမ်းအားတွင် လောကရှိ မိစ္ဆာအားလုံးကို သုတ်သင်နိုင်စွမ်း ရှိသည်။

အခန်း ၁၈၈

- အပိုင်း ၃၅ - ၇၃ ပါးမြောက် မိစ္ဆာဘုရင် (၇)

အရှိန်အဟုန်ဖြင့် ကျဆင်းလာသော မီးလျှံများ၏ ရိုက်ခတ်မှုကို ကျနော် ခံလိုက်ရပြီး တစ်ကိုယ်လုံးတွင် နာကျင်မှုများ စတင်ပျံ့နှံ့လာခဲ့သည်။

...နာလိုက်တာ။

တကယ်ကို နာကျင်လွန်းလှသည်။ မြင့်မားလှသော အပူရှိန်ကြောင့် ကျနော့်အရေပြားများ ကွဲအက်ကုန်ပြီး မျက်လုံးများမှာလည်း ကျက်သွားတော့မည့်အတိုင်း ခံစားနေရသည်။

ယောင်ဟီဝန်သည် မျက်ရည်မကျအောင် ထိန်းထားရင်း ကျနော့်ကို ဆက်တိုက် တိုက်ခိုက်နေခဲ့သည်။ မိစ္ဆာသုတ်သင်ခြင်း မီးလျှံများက ကျနော့်ဒဏ်ရာများနှင့် အသားများကို လောင်ကျွမ်းစေခဲ့သည်။

Fourth Wallသာ မရှိပါက ကျနော်သည် ဤနာကျင်မှုကြောင့် သတိမေ့သွားလောက်ပြီ ဖြစ်သည်။ သို့သော်ငြားလည်း ကျနော့်ခန္ဓာကိုယ်မှာမူ ပျက်စီးသွားခြင်း မရှိသေးပေ။

ထိတ်လန့်သွားသော ယောင်ဟီဝန်က မေးလိုက်သည်။

"နင့်ခန္ဓာကိုယ်က ဘာကြီးလဲဟ"

"...ထိခိုက်မှုက မလုံလောက်သေးလို့ ဖြစ်မှာပါ"

ကျနော်၏ ခံနိုင်ရည်အား သုံးစွဲမှုနှုန်းမှာ ပိုမိုမြန်ဆန်လာသော်လည်း ကျန်ရှိသော အချိန်အတွင်း ကျနော့်ကို သတ်နိုင်ရန်မှာ မလုံလောက်သေးပေ။ ယောင်ဟီဝန်ပင်လျှင် မလုံလောက်နိုင်တော့မည်ကို ကျနော် မမျှော်လင့်ထားခဲ့မိပေ။

အမှန်အတိုင်းပြောရလျှင် ကျနော် ဘာပြောရမှန်းမသိတော့ချေ။ ကျနော်သည် ဒဏ္ဍာရီလာအဆင့်အဖြစ် အကဲဖြတ်ခံထား ရသောကြောင့်လည်း ဖြစ်နိုင်ပါသည်။

[‘ဝေဒ’ နက်ဗျူလာသည် သင်၏ နာကျင်မှုအပေါ် ဝမ်းမြောက်နေပါသည်။]

[တိုက်ခိုက်ရန် ကျန်ရှိသောအချိန်မှာ ၁၀ မိနစ် ဖြစ်ပါသည်။]

[ ‘ပါပီရပ်စ်’ နက်ဗျူလာမှ နက္ခတ်များက အောင်ပွဲခံ သောက်စားနေကြပါသည်။]

ဤသည်က အစပဲ ရှိသေး၏။ ပြင်းထန်သော တုန်ခါမှုလှိုင်းတစ်ခု ခန်းမအတွင်း ပျံ့နှံ့သွားပြီး ကျနော့်ခန္ဓာကိုယ်က ထပ်မံ ကြီးထွားလာပြန်သည်။

[‘၇၃ ပါးမြောက် မိစ္ဆာဘုရင်’ ၏ တတိယအဆင့် စတင်နေပြီ ဖြစ်သည်။]

[သင်၏ ခန္ဓာကိုယ်မှာ ပိုမို မာကျောလာပါသည်။]

ယခုဆိုလျှင် ကျနော်တို့သည် တတိယအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ကျနော်သည် ထိတ်လန့်ခြင်းမရှိဘဲ အော်ပြောလိုက်သည်။

"အားလုံး သတိရှိကြစမ်း။ လေ့ကျင့်ထားတာကို မှတ်မိကြသေးရဲ့လား"

အဖွဲ့ဝင်များက ခေါင်းငြိမ့်ပြပြီး အစီအစဉ်အတိုင်း နေရာယူမှုကို ကျွမ်းကျင်စွာ ပြောင်းလဲလိုက်ကြသည်။ သို့သော်လည်း ကျနော့်၏ မှော်စွမ်းအင်များ ပေါက်ကွဲထွက်လာမှုကြောင့် ချိုယောင်ရန်၏ ယန္တယားတံခါးပေါက် အစီအရင်မှာ အနည်းငယ် ပျက်ယွင်းသွားသည်ကို မြင်လိုက်ရသည်။

နောက်ဆုံးတွင် ချိုယောင်ရန်သည် သွေးအန်ပြီး လဲကျသွားခဲ့သည်။ ဤအခြေအနေမှာ ခန့်မှန်းထားသည်ထက် ပိုမိုမြန်ဆန်နေခဲ့သည်။ မိစ္ဆာစွမ်းအင်များက ခန်းမတစ်ခုလုံးကို စတင်ဖုံးလွှမ်းလာပြီး အဖွဲ့ဝင်များမှာလည်း စွမ်းရည်ကျဆင်းစေသော အကျိုးသက်ရောက်မှုများကြောင့် အားနည်းလာကြသည်။

ယခုဆိုလျှင် ကျနော် အကူအညီ မတောင်းချင်သော လက်တစ်စုံကို အကူအညီ တောင်းရတော့မည်။

[အမည်မရှိသေးသော နက္ခတ်သည် သူ၏ ကိုယ်စားလှယ်ကို ကြည့်နေပါသည်။]

ရှင်ယူဆောင်းသည် ကျနော့်ထံမှ မက်ဆေ့ချ်ကို လက်ခံရရှိပြီးနောက် တုန်လှုပ်ကာ ခေါင်းခါယမ်းနေခဲ့သည်။ ကျနော့် ကိုယ်စားလှယ် ရှင်ယူဆောင်းသည် ကျနော့် ဆုံးဖြတ်ချက်ကို လွန်ခဲ့သော အချိန်ကတည်းက ခံစားမိခဲ့သည်။

'ဦးလေး... ကျမ မလုပ်နိုင်ဘူး။ တောင်းပန်ပါတယ်...'

ကျနော် ရှင်ယူဆောင်းကို စိုက်ကြည့်လိုက်သည်။

ဒါက နက္ခတ်တစ်ပါးနှင့် ကိုယ်စားလှယ်ကြားက ဆက်ဆံရေးပင် ဖြစ်သည်။ စကားလုံးပေါင်း ရာချီပြောမည့်အစား ကျနော်၏ ဖော်ပြမရနိုင်သော နက်ရှိုင်းသည့် ခံစားချက်များကို အကြည့်ဖြင့်သာ ပေးပို့လိုက်သည်။ ရှင်ယူဆောင်းသည် ကျနော့်ထံမှ ပြင်းထန်သော စိတ်ခံစားချက်များ တစ်ဖက်သတ် စီးဆင်းလာသောအခါ နောက်ဆုံးတွင် ငိုချလိုက်တော့သည်။

'ကျမ နားလည်ပါပြီ'

ထိုကလေးငယ်၏ နှလုံးသားထဲက နာကျင်မှုနှင့် ခါးသီးမှုများမှာ ဟိန်းထွက်လာခဲ့ပြီး နက္ခတ်တစ်ပါးဖြစ်သည့် ကျနော်သည် ထိုအသံကို မည်သူထက်မဆို ပိုမိုကြားနေရသည်။

ရှင်ယူဆောင်းသည် ဂီယောင်၏ လက်ကို ကိုင်ကာ မတ်တပ်ရပ်လိုက်သည်။

"ဂီယောင်... သွားကြစို့။ ငါတို့ လုပ်မှဖြစ်မယ်"

ရှင်ယူဆောင်း၏ မျက်လုံးများမှာ ရွှေဝါရောင် တောက်ပလာခဲ့သည်။ သားရဲသခင်၏ ဝိသေသလက္ခဏာများ စတင်ပေါ်ပေါက်လာသည်။ ခန်းမအတွင်း ကြီးမားသော တုန်ခါမှုကြီး ဖြစ်ပေါ်လာပြီး မကြာမီ စုတ်ပြဲသွားသည့် အသံတစ်ခုကို ကြားလိုက်ရသည်။ ဟင်းလင်းပြင် အက်ကွဲကြောင်းအတွင်းမှ ကြီးမားသော သားရဲကြီး၏ နှုတ်သီး ထွက်ပေါ်လာသည်။

ခိုင်မဲရာ နဂါး။ နောင်တစ်ချိန်တွင် ဖျက်ဆီးခြင်း မျိုးစိတ်တစ်ခု ဖြစ်လာမည့် ကြီးမားသော သားရဲကြီးသည် ခန်းမအတွင်းသို့ ဆင့်ခေါ်ခံရသည်နှင့် ၎င်း၏ ကြီးမားသော အတောင်ပံများကို ခတ်လိုက်သည်။ သို့သော်လည်း ခိုင်မဲရာ နဂါးသည် ကျနော့်ကို မြင်သောအခါ တိုက်ခိုက်မည့်အစား တွန့်ဆုတ်သွားခဲ့သည်။

[ဒုတိယအဆင့် သားရဲမျိုးစိတ် ‘ခိုင်မဲရာ နဂါး’ သည် ၎င်း၏ သခင်၏ အမိန့်ကို ငြင်းဆန်လိုက်ပါသည်။]

[ဒုတိယအဆင့် သားရဲမျိုးစိတ် ‘ခိုင်မဲရာ နဂါး’ သည် ၇၃ ပါးမြောက် မိစ္ဆာဘုရင်ကို ကြောက်လန့်နေပါသည်။]

လီဂီယောင်၏ နှာခေါင်းမှ သွေးများ စီးကျလာခဲ့သည်။ ရှင်ယူဆောင်းသည် ဒုတိယအဆင့် သားရဲတစ်ကောင်ကို တစ်ယောက်တည်းနှင့် မထိန်းချုပ်နိုင်သေးပေ။ ကျနော်သည် လီဂီယောင်ကို ကြည့်ကာ ပြောလိုက်သည်။

"ဂီယောင်၊ ဒါကို ဂိမ်းတစ်ခုလိုပဲ သဘောထားလိုက်"

လီဂီယောင်က ကျနော့်ကို မော့ကြည့်လာသည်။ ကျနော်သည် ထိုကလေး၏ မျက်လုံးများကို စိုက်ကြည့်ရင်း အမှောင်ထုထဲတွင် လျှောက်လှမ်းခဲ့စဉ်က ပြောခဲ့ဖူးသည့် စကားများကို ပြန်လည်အမှတ်ရနေမိသည်။

ထိုစကားမှာ ဂူမိုဘူတာ၏ အမှောင်ထုထဲတွင် အတူတူ လျှောက်လှမ်းခဲ့စဉ်က ပြောဆိုခဲ့သော စကားတစ်ခု ဖြစ်သည်။ ဘာမှမဟုတ်သည့်အလား ကျော်ဖြတ်ခဲ့သော အခိုက်အတန့်များသည် ယခုအခါ အဖိုးတန်သော အမှတ်တရများအဖြစ် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

"ငါ သေသွားရင်တောင် ပြန်လာခဲ့မယ်၊ ကတိပေးတယ်"

ဤဇာတ်လမ်းများသည် ကျနော့်ကို သတ်နိုင်မည့် စွမ်းအားများ ဖြစ်လာခဲ့သည်။

"...အားးးး"

လီဂီယောင်သည် အော်ဟစ်လိုက်ပြီး ယဉ်ပါးစေခြင်း စွမ်းရည်ကို အသုံးပြုလိုက်၏။

[တိုက်ခိုက်ရန် ကျန်ရှိသောအချိန်မှာ ၉ မိနစ် ဖြစ်သည်။]

ခိုင်မဲရာ နဂါးသည် ကလေးနှစ်ယောက်၏ ယဉ်ပါးစေခြင်း စွမ်းရည်ဖြင့် ထိန်းချုပ်ခြင်းကို ခံလိုက်ရပြီး နာကျင်စွာ ဟိန်းဟောက်လာတော့သည်။

ခိုင်မဲရာ နဂါးသည် ပတ်ဝန်းကျင်ရှိ လေထုအားလုံးကို စုပ်ယူလိုက်သည်။ ကျနော့်၏ မှော်စွမ်းအင်များကိုပင် စုပ်ယူလိုက်ပြီးနောက် ကြီးမားသော နှုတ်သီးကို ကျနော့်ထံသို့ ဖြဲဟလိုက်သည်။

မဟူရာ မှော်စွမ်းအင်များပေါ်ထွက်လာ၏။ ကြောက်မက်ဖွယ် ကောင်းသော အစွယ်များကြားတွင် ကြီးမားသော အလင်းလုံးကြီး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုအလင်းလုံးမှာ သားရဲများ၏ အထွတ်အထိပ်ဖြစ်သော နဂါးများသာ အသုံးပြုနိုင်သည့် လက်နက်တစ်ခု ဖြစ်သည်။

ခိုင်မဲရာသည် မှုတ်ထုတ်လိုက်လေတော့သည်။ ကျနော်သည် ထိုစွမ်းအင်၏ ရိုက်ခတ်မှုကို ခံလိုက်ရပြီး ကျနော့်ခန္ဓာကိုယ်မှာ တစ်စစီ ထပ်မံ စုတ်ပြဲသွားခဲ့ရပြန်သည်။ စိတ်ဓာတ်ကိုပင် ပြိုကွဲသွားစေနိုင်သည့် တုန်လှုပ်မှုမျိုး ဖြစ်သည်။

ထိုသို့သော ရိုက်ခတ်မှုကြားတွင်ပင် ကျနော့်ခန္ဓာကိုယ်မှာ ရှင်သန်နေဆဲ ဖြစ်၏။ အဖွဲ့ဝင်များသည် ကျနော့်၏ သနားစဖွယ် ပုံစံကြောင့် တုန်လှုပ်နေကြသော်လည်း သူတို့ ရပ်တန့်မသွားသင့်ပေ။

ကျနော်သည် စုတ်ပြဲနေသော နှုတ်ခမ်းများကို တင်းတင်းစေ့ကာ ပြောလိုက်သည်။

"ဆက်... လုပ်ကြ"

အကယ်၍ ယခုမှ သူတို့မလုပ်လျှင် နောက်ထပ် အခွင့်အရေး ရှိတော့မည် မဟုတ်ပေ။

[နက္ခတ်အချို့က သင်၏ စွန့်လွှတ်အနစ်နာခံမှုကို သတိပြုမိသွားပါသည်။]

[နက္ခတ်အများအပြားက သင်၏ စိတ်ဓာတ်ခိုင်မာမှုအပေါ် အံ့အားသင့်နေကြပါသည်။]

ခိုင်မဲရာ နဂါးသည် မှုတ်ထုတ်ခြင်း စွမ်းရည်ကို အသုံးပြုပြီးနောက် အင်အားကုန်ခမ်းသွားကာ ၎င်း၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် ခိုင်မဲရာ နဂါးသည် ကျနော့်ထံမှ သောင်းကျန်းနေသော မှော်စွမ်းအင် အဆိုးရွားဆုံး အစိတ်အပိုင်းများကို စုပ်ယူသွားပေးခဲ့သော်လည်း အဖွဲ့ဝင်များ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း လျော့နည်းလာခဲ့ပြီ ဖြစ်သည်။

"ချီး။ ငါ့မှာ မှော်စွမ်းအင်တွေ ကုန်သွားပြီ"

[သိမ်းပိုက်ရန် ကျန်ရှိသောအချိန်မှာ ၅ မိနစ် ဖြစ်သည်။]

၇၃ ပါးမြောက် မိစ္ဆာဘုရင်ကို ကိုင်တွယ်ရန် ကျနော့်၏ ပြင်ဆင်မှုများမှာ ဤနေရာတွင်ပင် ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့် အခုကစပြီး... တခြားတစ်ယောက်ကိုသာ လွှဲအပ်ရတော့မည်။

"ကင်ဒေါ့ဂျာ"

ယူဂျွန်ဟော့သည် ကျောက်နံရံပေါ်မှ ထလာပြီး ကျနော့်ကို စိုက်ကြည့်နေသည်။

သူ့ဘေးနားတွင် လီဆောဟွာမှာ အင်အားကုန်ခမ်းနေသည်ကို တွေ့လိုက်ရသည်။ လီဆောဟွာသည် မှော်စွမ်းအင်အားလုံးကို ယူဂျွန်ဟော့အား ကုသပေးရာတွင် အသုံးပြုခဲ့ပုံရသည်။ ယူဂျွန်ဟော့သည် ကျနော့်ကို မိစ္ဆာဘုရင်အဖြစ် သတ်မှတ်လိုက်ရချိန်တွင် သူ၏ မျက်လုံးများထဲ၌ စိတ်ခံစားချက်များစွာ ဖြတ်သန်းသွားသည်ကို ကျနော် မြင်လိုက်ရ၏။

"အဲဒီလို အမူအရာမျိုး မလုပ်စမ်းပါနဲ့၊ ဖြစ်ပျက်သွားတာတွေကို မင်း ပြောင်းလဲလို့ မရဘူးဆိုတာ မင်းကိုယ်တိုင်လည်း သိနေတာပဲ မဟုတ်လား"

ယူဂျွန်ဟော့သည် သွေးစွန်းနေသော နှုတ်ခမ်းများကို သုတ်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

"ဒီနေရာမှာ သေရမှာက ငါပဲ ဖြစ်သင့်တာ"

ကံကောင်းထောက်မစွာဖြင့် ယူဂျွန်ဟော့သည် ယူဂျွန်ဟော့ပင် ဖြစ်သည်။ သူသည် ကျနော့်ကို သတ်ရတော့မည်ဆိုသည့် အချက်ကို လက်ခံလိုက်ပြီ ဖြစ်သည်။

ယူဂျွန်ဟော့သည် ကောင်းကင်ခွဲဓါးဖြင့် ကျနော့်ထံသို့ ပြေးဝင်လာသည်။ ဓါးချက်တိုင်းတွင် ကျနော့်၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုများ လျော့နည်းသွားသည်ကို ခံစားနေရသည်။ သူသည် ဘာမှမပြောသော်လည်း ဓါးချက်တစ်ခုစီက ကျနော့်ကို ခုတ်ပိုင်းလိုက်တိုင်း သူ၏ စိတ်ပျက်အားငယ်မှုများကို ခံစားနေရသည်။

[တိုက်ခိုက်ရန် ကျန်ရှိသောအချိန်မှာ ၄ မိနစ် ဖြစ်သည်။]

ကျနော်တို့အတွက် ထိုစိတ်ပျက်အားငယ်မှုကို ခံစားနေရန် အချိန်ပင် မရရှိခဲ့ပေ။

"အခုပဲ အဆုံးသတ်လိုက်ရအောင် ယူဂျွန်ဟော့၊ 'အဲဒါ' ကို ထုတ်သုံးလိုက်တော့"

"မင်း ဘာကို ဆိုလိုတာလဲ ငါမသိဘူး"

"လာပြီး ဟန်ဆောင်မနေနဲ့၊ မင်း အဲဒါကို ရည်ရွယ်ချက်ရှိရှိ မသုံးတာ ငါသိတယ်"

"...ငါသာ ဒါကို သုံးလိုက်ရင် မင်း ပြန်လည်ရှင်သန်လို့ ရမှာ မဟုတ်တော့ဘူး"

"ဒါကြောင့်လည်း မင်းက အဲဒါကို သုံးရမှာပဲ။ ငါသာ မိစ္ဆာဘုရင်အဖြစ်နဲ့ နောက်တစ်ခါ ထပ်ပြီး ပြန်ရှင်လာရင် အခက်တွေ့ကုန်လိမ့်မယ်"

"..."

"ဇာတ်ဝင်ခန်း ပျက်စီးသွားရင် ဘယ်လိုလုပ်မလဲ။ အတွေးများမနေနဲ့တော့"

ယူဂျွန်ဟော့သည် စကားတစ်ခွန်းမှ မပြောဘဲ ကျနော့်ကို စိုက်ကြည့်နေသည်။

「 မင်းမှာ အကြံရှိလို့လား 」

သူ့မေးခွန်းကို ကျနော်က ရယ်ရုံသာ ရယ်ပြလိုက်သည်။ ယူဂျွန်ဟော့သည် တုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင် ဓါးတစ်လက်ကို ဆွဲထုတ်လိုက်သည်။

တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး။ အာမဲ နို မုလခုမို နို ဆွတ်လုဂိ။ ထိုဓါးမှာ ငြိမ်းချမ်းမြေတွင် ယာမာတာ နို အိုရိုချိထံမှ ရရှိခဲ့သည့် ဓါးဖြစ်သည်။

ယူဂျွန်ဟော့က လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဒီဓါးကို သုံးရမယ့် အချိန်မျိုး ဘယ်တော့မှ ရောက်မလာပါစေနဲ့လို့ ငါ မျှော်လင့်ခဲ့တာ"

"ငါလည်း တူတူပါပဲ။ ဒါပေမဲ့ အခုက အချိန်တန်ပြီလေ"

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ် သည် စိတ်ပျက်အားငယ်မှုကို ခံစားနေရပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ် သည် သက်ပြင်းအရှည်ကြီး ချနေပါသည်။]

[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ် သည် အသက်ရှူအောင့်ထားပါသည်။]

ဇာတ်လမ်းတစ်ခုကြောင့် ရရှိလာသည့် စွမ်းအားသည် နောက်ဆုံးတွင် ဇာတ်လမ်းတစ်ခုကြောင့်ပင် ပြိုလဲသွားရစမြဲပင်။ ကျနော့်၏ ‘အသက်ရှစ်ပါး’ ဝိသေသလက္ခဏာမှာ ယာမာတာ နို အိုရိုချိ၏ စွမ်းအားမှ ဆင်းသက်လာခြင်း ဖြစ်သည်။ ထို့ကြောင့် ဤစွမ်းအားသည် ယာမာတာ နို အိုရိုချိကို သတ်ခဲ့သည့် မရဏလက်နက်အောက်တွင် အားနည်းသွားနိုင်ပေသည်။ ဤဓါးဖြင့် အခုတ်ခံရပါက ကျနော့်တွင် ကျန်ရှိနေသော အသက်အားလုံး ဆုံးရှုံးသွားနိုင်၏။

ယူဂျွန်ဟော့က စကားပြောလာသည်။

"...အမှန်အတိုင်း ပြောရရင် ထိရောက်ပါ့မလား ငါ သိပ်ပြီး မသေချာဘူး။ ‘ဧရာမ ခန္ဓာကိုယ် အသွင်ပြောင်းခြင်း’ ရဲ့ ကြာချိန်ကလည်း ကုန်သွားပြီဆိုတော့ ငါ့ရဲ့ အခု တိုက်ခိုက်နိုင်စွမ်းကို ငါ သိပ်ပြီး ယုံကြည်ချက် မရှိဘူး"

"အဲဒါအတွက် စိတ်မပူပါနဲ့"

ရှင်ယူဆောင်းသည် ကျနော့်ကို ကြည့်ကာ ခေါင်းကို အပြင်းအထန် ခါရမ်းနေသည်ကို မြင်လိုက်ရသည်။

[အမည်မရှိသေးသော နက္ခတ်သည် သူ၏ ကိုယ်စားလှယ်ကို ‘အထူးစွမ်းရည်’ တစ်ခု ပေးအပ်လိုက်သည်။]

တောက်ပသော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ကျနော်၏ အထူးစွမ်းရည်မှာ ရှင်ယူဆောင်း၏ ခန္ဓာကိုယ်ထဲတွင် ကိန်းအောင်းသွားသည်။

[အထူးစွမ်းရည် ‘စွန့်လွှတ်အနစ်နာခံလိုသော ဆန္ဒ အဆင့် ၁’ အသက်ဝင်လာပါပြီ။]

ထိုအထူးစွမ်းရည်ကြောင့် ရှင်ယူဆောင်း၏ ခန္ဓာကိုယ်မှ တောက်ပသော အလင်းရောင်များ ထွက်ပေါ်လာသည်။

[အထူးစွမ်းရည်၏ သခင်သည် အခြားသူများအတွက် သူ၏ အသက်ကို ရင်းနှီးလိုက်ပါသည်။]

[အဖွဲ့ဝင်များ၏ တိုက်ခိုက်နိုင်စွမ်းမှာ သူတို့၏ အသက်ရှင်လိုစိတ်အလိုက် အဆမတန် တိုးမြင့်လာပါသည်။]

အင်အားကုန်ခမ်းနေသော အဖွဲ့ဝင်များ၏ မျက်လုံးများသည် တစ်ဖန် ပြန်လည် အသက်ဝင်လာကြသည်။

စွန့်လွှတ်အနစ်နာခံလိုသော ဆန္ဒဆိုသည်မှာ ကျနော်နှင့် သိပ်မလိုက်ဖက်သည့် အထူးစွမ်းရည်တစ်ခု ဖြစ်သည်။ သို့သော် သေချာသည့် အချက်တစ်ခုက ကျနော် သေရတော့မည်မှာ အတည်ဖြစ်သွားခြင်းပင်။

"အားလုံးအတွက် ကျေးဇူးတင်ပါတယ်"

[တိုက်ခိုက်ရန် ကျန်ရှိသောအချိန်မှာ ၃ မိနစ် ဖြစ်သည်။]

အဖွဲ့ဝင်များသည် ပြေးဝင်လာကြသည်။

လီဟန်းဆောင်၊ ယောင်ဟီဝန်၊ ရှင်ယူဆောင်း၊ လီဂီယောင်၊ ယူဆန်းအာ၊ ဂုံဖီဒူ၊ လီဂျီဟယ်...

သူတို့သည် ငိုကြွေးကြသည်၊ အော်ဟစ်ကြသည် သို့မဟုတ် ပြင်းထန်သော ဒေါသများဖြင့် ပြည့်နှက်နေကြသည်။ လူတိုင်းသည် ကျနော့်ထံသို့ ပြေးလာနေကြသည်။ ကျနော့် အမြင်အာရုံမှာ တဖြည်းဖြည်း ဝေဝါးလာပြီး ဇာတ်ကောင်အားလုံးမှာ ရှုခင်းတစ်ခုကဲ့သို့ ဖြစ်သွားသည်။ သူတို့ကို ကြည့်ကာ ကျနော် ရယ်မောလိုက်မိသည်။

「 ကိုယ်စားလှယ် ကင်ဒေါ့ဂျာသည် သူ အချစ်ဆုံးသောသူ၏ လက်ချက်ဖြင့် သေဆုံးရလိမ့်မည်။ 」

ကျနော် မေ့သွားခဲ့သည်။ ပရောဟိတ်များ၏ ဟောကိန်းအားလုံးကို တိုက်ရိုက် အဓိပ္ပာယ်ကောက်၍ မရနိုင်ပေ။ ဤကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုထဲတွင် လူသားများသည် ဇာတ်လမ်းများသာ ဖြစ်ကြသည်။

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

[ ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

[ ‘ပင်လယ်စစ်နတ်ဘုရား’ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

ကောင်းကင်ယံရှိ ရေတွက်၍မရနိုင်သော နက္ခတ်တို့၏ အကြည့်များက ကျနော့်ထံသို့ စုပြုံကျရောက်လာချိန်တွင် ဇာတ်လမ်းတစ်ပုဒ်သည် ကျနော့်ဆီသို့ ပြေးဝင်လာခဲ့သည်။

"အားးးးး"

မိဘများ၊ သူငယ်ချင်းများနှင့် ချစ်သူများ အားလုံးသည် ဇာတ်လမ်းများသာ ဖြစ်ကြသည်။

[တိုက်ခိုက်ရန် ကျန်ရှိသောအချိန်မှာ ၂ မိနစ် ဖြစ်သည်။]

ထိုဇာတ်လမ်းမှာ ကျနော်သိထားသည့် Ways of Survival မဟုတ်သော်လည်း Ways of Survival ထက်ပင် ပို၍ ထူးကဲဆန်းကြယ်သော ဇာတ်လမ်းတစ်ပုဒ် ဖြစ်နေသည်။

[ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု၏ နက္ခတ်က သင့်ကို ကြည့်နေပါသည်။]

[ကိုရီးယားကျွန်းဆွယ်ပေါ်ရှိ နက္ခတ်အားလုံးက သင့်ကို ကြည့်နေကြပါသည်။]

ထိုဇာတ်လမ်းမှာ ကျနော့်၏ ဇာတ်လမ်းပင် ဖြစ်သည်။ ယူဂျွန်ဟော့၏ ဓါးက ကျနော့်နှလုံးသားကို ထိုးဖောက်သွားချိန်တွင် ကျနော် ရယ်မောလိုက်မိသည်။

[သင့်ကံကြမ္မာသည် လက်တွေ့ဖြစ်လာပါပြီ။]

ကျနော့်ခန္ဓာကိုယ်က ဖြည်းဖြည်းချင်း နစ်ဆင်းသွားပြီး ယူဂျွန်ဟော့က ကျနော့်ကို လှမ်းဖမ်းထားလိုက်သည်။

"ကင်ဒေါ့ဂျာ"

"တကယ့်ကို ကောင်းမွန်တဲ့ ဇာတ်လမ်းတစ်ပုဒ်ပဲ။ ဟုတ်တယ်မလား"

ယူဂျွန်ဟော့သည် မည်သည့်စကားမှမပြောဘဲ ကျနော့်ကို စိုက်ကြည့်နေသည်။ ကျနော်သည်လည်း မည်သည့်စကားလုံးကိုမျှ ရှာမတွေ့တော့ဘဲ ငေးကြည့်နေမိသည်။ ကျနော်သည် ဤအလုပ်ကို လုပ်ရန်သာ အမြဲတစေ ရည်ရွယ်ထားသကဲ့သို့ပင်။

[တိမ်တိုက်စုစည်းခြင်း ကောင်းကင်ဓါး၏ အာနိသင်ကြောင့် ကျန်ရှိနေသော အသက်အပိုများ အားလုံး ပျက်စီးသွားပါပြီ။]

[သင်သည် နောက်တစ်ကြိမ် ပြန်လည်ရှင်သန်နိုင်ခြင်း မရှိတော့ပါ။]

ကျနော်သည် ကောင်းကင်ယံသို့ နောက်ဆုံးအကြိမ် မော့ကြည့်လိုက်သည်။ ညကောင်းကင်ယံ၏ ဗဟိုတွင် နက်ဗျူလာ အစုအဝေးများ ရှိနေသည်။

ဝေဒ၊ အိုလံပတ်စ်၊ ပါပီရပ်စ်...

သူတို့ လုပ်ဆောင်ခဲ့သမျှကို ကျနော် ဘယ်တော့မှ မေ့မည်မဟုတ်ပေ။

ထိုစဉ် ကောင်းကင်ကြီးက မှိတ်တုတ်မှိတ်တုတ် ဖြစ်သွားသည်။

[ ‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် သင် သေဆုံးသွားရန် မလိုလားချေ။]

ကျနော်၏ဆန္ဒကို တုံ့ပြန်သည့်အလား ကြယ်တာရာများက တောက်ပစွာ လင်းလက်လာကြသည်။

[ ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်သည် သင် သေဆုံးသွားရန် မလိုလားချေ။]

[‘လျှို့ဝှက်ကြံစည်သူ’ နက္ခတ်သည် သင် သေဆုံးသွားရန် မလိုလားချေ။]

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင် သေဆုံးသွားရန် မလိုလားချေ။]

ကျနော်သည် ကောင်းကင်ကြီးကို ကြည့်ကာ ရယ်မောလိုက်သည်။ ဤသူများကြောင့်ပင် ကျနော်သည် နက္ခတ်များကို မုန်းတီးမိသော်လည်း ဇာတ်လမ်းကိုမူ မမုန်းတီးနိုင်ခဲ့ပေ။

"နောက်မှ ပြန်တွေ့ကြမယ်။ ယူဂျွန်ဟော့"

မိစ္ဆာဘုရင်၏ စွမ်းအားများ ကွယ်ပျောက်သွားပြီး တစ်ချိန်တည်းမှာပင် ကျနော့်ဆီမှ အင်အားများ ဆုတ်ယုတ်သွားသည်။

[အဓိက ဇာတ်ဝင်ခန်း ပြီးဆုံးပါပြီ။]

[ဆိုးလ်ဒေသကို လွတ်မြောက်စေခဲ့ပါပြီ။]

ကျနော့်နောက်ကွယ်က လေထုထဲတွင် သေးငယ်သော တွင်းနက်တစ်ခု ပေါ်လာသည်။ ကျနော့်ခန္ဓာကိုယ်က ထိုတွင်းနက်ထဲသို့ ဖြည်းဖြည်းချင်း စုပ်ယူခံနေရသည်။ ကျနော့်ခြေထောက်များ၊ ကိုယ်ထည်နှင့် လက်များမှာ အမှုန့်များအဖြစ် ပြောင်းလဲကာ စုပ်ယူခြင်း ခံနေရသည်။

"ကင်ဒေါ့ဂျာ။ ဟင့်အင်း။ ကင်ဒေါ့ဂျာ"

နောက်ဆုံးအချိန်တွင် သူသည် ကျနော့်လည်ပင်းကို တင်းကျပ်စွာ ဆွဲကိုင်ထားခဲ့သည်။ သို့သော် အရာအားလုံးက နောက်ကျသွားခဲ့ပြီ ဖြစ်သည်။

ကျနော့်၏ အမြင်အာရုံမှာ မှောင်အတိကျသွားပြီး ဟင်းလင်းပြင်ဟာလာဟင်းကြီးထဲသို့ စုပ်ယူခံလိုက်ရသည်။ ကျနော့်ကို စောင့်ကြည့်နေသော နက္ခတ်တို့၏ မျက်လုံးများသည်လည်း တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားကြသည်။ ကျနော်သည် ရုပ်သံလိုင်း၏ နယ်ပယ်အတွင်းမှ ထွက်ခွာနေရပြီ ဖြစ်သည်။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင် သေဆုံးသွားရန် မလိုလားချေ။]

ဝေးကွာလှသော ညကောင်းကင်ယံတွင် ကြယ်တစ်ပွင့်က ကျနော့်ကို ကြည့်ကာ အသည်းအသန် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေ၏။

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်သည် သင် သေဆုံးသွားရန် မလိုလားချေ။]

ဟုတ်ပါပြီ… အခု ရပ်တန့်လိုက်လို့ ရပါပြီ။ ယူရီအယ်။

[နက္ခတ် ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’...]

ကျေးဇူးတင်ပါတယ်။

ညကောင်းကင်ယံမှ ကြယ်တာရာများ တစ်ခုပြီးတစ်ခု ငြိမ်းသတ်သွားပြီး ကိုယ်စားလှယ် ကင်ဒေါ့ဂျာ၏ ဇာတ်လမ်းမှာ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

[အကြွင်းမဲ့ ကောင်းမြတ်ခြင်းစနစ်၏ နက္ခတ်များက သင့်အပေါ် သတ်မှတ်ထားသော ‘မိစ္ဆာ’ အမှတ်အသားကို ပြန်လည်ရုပ်သိမ်းလိုက်ပါပြီ။]

[သင့်ခန္ဓာကိုယ်မှာ လုံးဝ ပျက်စီးသွားပါပြီ။]

[သင်သည် ဇာတ်ဝင်ခန်းကို ရှုံးနိမ့်သွားပါပြီ။]

[သင့်ကို ဇာတ်ဝင်ခန်းအတွင်းမှ ထုတ်ပယ်လိုက်ပါပြီ။]

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက သင့်ဘွဲ့အမည်ကို ကြေညာပါလိမ့်မည်။]

ဝေးကွာလှသော အမှောင်ထုထဲတွင် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက ကျနော့်ကို တိုးတိုးလေး ကပ်ပြောနေသည်။

[သင့်ဘွဲ့အမည်မှာ ‘ကယ်တင်ခြင်း၏ မိစ္ဆာဘုရင်’ ဖြစ်သည်။]

All Chapters