← Chapters

အခန်း (၁၈၉-၁၉၀)

Vol. 13 Ch. 189-190

အခန်း (၁၈၉-၁၉၀)

Vol. 13 Ch. 189-190

အခန်း ၁၈၉

- အပိုင်း ၃၆ - ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်း (၁)

ဤနေ့တွင် ဆိုးလ်ဒေသအတွင်းရှိ လူတိုင်းသည် တောက်ပသော အလင်းတန်းများအောက်တွင် နစ်မြုပ်နေကြသည်။

[တစ်စုံတစ်ယောက်က ဒသမမြောက် အဓိက ဇာတ်ဝင်ခန်းကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ပါပြီ။]

[ဂုဏ်ယူပါသည်။ သင်သည် ဒသမမြောက် ဇာတ်ဝင်ခန်းကို အောင်မြင်ခဲ့ပါပြီ။]

မိစ္ဆာလူသားများ၏ ရန်မှလွတ်ရန် ဆိုးလ်ဒေသ၏ အစွန်အဖျားတွင် ပုန်းအောင်းနေရသူများနှင့် မဟူရာရဲတိုက်၏ ပထမထပ်နှင့် ဒုတိယထပ်တို့တွင် မနည်းရုန်းကန် ရှင်သန်ခဲ့ရသူများ။

ဇာတ်ဝင်ခန်း၏ ခြိမ်းခြောက်မှုကြားမှ တစ်နည်းနည်းဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ကြသော ကိုယ်စားလှယ် အားလုံးသည် တူညီသော မက်ဆေ့ချ်ကို ရရှိခဲ့ကြသည်။

[သင်သည် ‘ဆိုးလ်ဒေသကို လွတ်မြောက်စေသူ’ အောင်မြင်မှုကို ရရှိခဲ့ပါပြီ။]

လူတို့သည် အစပိုင်းတွင် လွတ်မြောက်စေသူဆိုသည့် စကားလုံးကို နားမလည်ခဲ့ကြသော်လည်း သူတို့တွေ မသိလိုက်ခင်မှာပဲ ခန္ဓာကိုယ်က အရင်ဆုံး ခံစားလိုက်မိသည်။ သူတို့၏ ခြေလက်များမှာ တောင့်တင်းသွားပြီး မျက်စိသူငယ်အိမ်များ ပြူးကျယ်လာကာ နှုတ်ခမ်းများမှာလည်း တုန်ရီနေကြသည်။

[သင်သည် ဆိုးလ်ဒေသမှ ထွက်ခွာနိုင်ပါပြီ။]

နှစ်ရှည်လများ တောင့်တခဲ့သော သူတို့၏ ဆန္ဒမှာ နောက်ဆုံးတွင် လက်တွေ့ဖြစ်လာခဲ့ပြီ ဖြစ်သည်။ မဟူရာရဲတိုက်၏ ပထမထပ်နှင့် ဒုတိယထပ်ရှိ လူများကို မြို့ထဲသို့ ပြန်လည် ခေါ်ထုတ်လာခဲ့သည်။

ထို့နောက် လူတိုင်းသည် တူညီသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရ၏။

မဟူရာရဲတိုက်ကြီးသည် ကျယ်လောင်သော အသံကြီးနှင့်အတူ ပြိုကျပျက်စီးသွားခဲ့သည်။ ဆိုးလ်တစ်မြို့လုံးကို ခြောက်လှန့်နေ ခဲ့သော ကြောက်မက်ဖွယ် အိပ်မက်ဆိုးကြီးမှာ သဲအိမ်လေးတစ်ခုကဲ့သို့ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။ ပျက်စီးသွားသော အပိုင်းအစများမှာ မကြာမီမှာပင် ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားသည်။ ထိုမြင်ကွင်းကို ကြည့်ရင်း လူတို့မှာ မည်သို့သော ခံစားချက်မျိုးမှန်း မသိဘဲ စိတ်လှုပ်ရှားနေကြသည်။

"အရာအားလုံး ပြီးဆုံးသွားပြီ" ဟု တစ်စုံတစ်ယောက်က ပြောလိုက်သည်။

"ငါ အပြင်ကို ထွက်လို့ရပြီ... ငါ အခု အသက်ရှင်နိုင်ပြီ..."

"ငရဲကြီး ပြီးဆုံးသွားပြီ"

အချို့သော သူများကမူ ၎င်းကို ကြေကွဲဖွယ် ဖြစ်ရပ်ဆိုး၏ အဆုံးသတ်ဟု ခံစားမိကြသည်။

လျော်ကြေးများမှာ ကောင်းကင်ယံမှ ကျလာသည်။ လူတို့၏ မျက်နှာတွင် ကြည်နူးဝမ်းမြောက်မှုများဖြင့် ပြည့်နှက်နေသည်။ အခြားသော ကြေကွဲစရာများ ထပ်မံ စတင်လာနိုင်သော်လည်း လက်ရှိတွင်မူ သူတို့သည် လွတ်မြောက်ခြင်း၏ ခံစားချက်ကို အပြည့်အဝ ခံစားနေကြသည်။ သို့သော် လူတိုင်းကတော့ ထိုသို့ ခံစားနေကြခြင်း မဟုတ်ပေ။

"...ဦးလေးကြီးဒေါ့ဂျာ ဘာဖြစ်သွားတာလဲ"

ကင်ဒေါ့ဂျာ၏ အဖွဲ့သည် မဟူရာရဲတိုက်မှ လွတ်မြောက်လာခဲ့သည်။ ယောင်ဟီဝန်၊ လီဟန်းဆောင်၊ လီဂျီဟယ်၊ ဂုံဖီဒူ၊ လီဂီယောင်၊ ရှင်ယူဆောင်း၊ ဟန်ဆိုယောင်း... သူတို့အားလုံး တစ်နေရာတည်းတွင် စုမိနေကြသည်။ သူတို့သည် ကင်ဒေါ့ဂျာကြောင့် အသက်ရှင်နေရသူများ သို့မဟုတ် ကင်ဒေါ့ဂျာအပေါ် အကြွေးတင်နေသူများ ဖြစ်ကြသည်။

"ပြောပြကြပါ။ ဘာဖြစ်သွားတာလဲ သိကြလား။ ကျေးဇူးပြုပြီး တစ်ခုခု ပြောကြပါဦး။ ဆရာ… ဦးလေးကြီးဒေါ့ဂျာ ဘယ်လိုဖြစ်သွားပြီလဲ"

အခြေအနေကို ရှင်းပြနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာရန် အဖွဲ့ဝင်များမှာ သူတို့၏ အာရုံကိုသာ အားကိုးနေရသည်။ သို့သော် အဖြေပေးနိုင်မည့် တစ်ဦးတည်းသော သူမှာ နှုတ်ဆိတ်နေသည်။ ယူဂျွန်ဟော့သည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြိုကျသွားသော မဟူရာရဲတိုက်ကြီးကို စိုက်ကြည့်နေသည်။

မဟူရာရဲတိုက်ကြီး ပြိုကျသွားခြင်းမှာ ပျောက်ကွယ်သွားသော သမိုင်းတစ်ခုကဲ့သို့ပင်။ ကင်ဒေါ့ဂျာမှာ ထိုအထဲတွင် ရှိနေခဲ့သည်။ သူ ထိုနေရာတွင် သေဆုံးသွားခဲ့ပြီ။

ယူဂျွန်ဟော့သည် ထိုအမှန်တရားကို ထပ်ခါတလဲလဲ အတည်ပြုရင်း ငေးကြည့်နေမိသည်။

ကင်ဒေါ့ဂျာ သေဆုံးသွားပြီ။ ဤကဲ့သို့သော အရာမျိုး မည်သို့ ဖြစ်နိုင်မည်နည်း။ ယူဂျွန်ဟော့သည် တစ်ခုခုကို မသိရှိရခြင်းနှင့် ပတ်သက်၍ အသားမကျသေးပေ။

"ယူဂျွန်ဟော့။ ကျေးဇူးပြုပြီး တစ်ခုခု ပြောပြပါဦး။ တောင်းဆိုပါတယ်"

မိမိကို လှုပ်ခါနေသော လီဟန်းဆောင်ကို ယူဂျွန်ဟော့ ငေးငိုင်စွာ ကြည့်လိုက်သည်။ ပထမအကြိမ် နောက်ပြန်ဆုတ်ခြင်းနှင့် ဒုတိယအကြိမ် နောက်ပြန်ဆုတ်ခြင်း... သူသည် လီဟန်းဆောင်ကို ဤကဲ့သို့သော မျက်နှာထားမျိုးနှင့် တစ်ခါမျှ မတွေ့ဖူးခဲ့ပေ။

တကယ်တမ်း တန်ဖိုးထားရသူတစ်ဦးကို ဆုံးရှုံးလိုက်ရချိန်တွင် အဖွဲ့ဝင်များ ပြုလုပ်တတ်သော မျက်နှာအမူအရာများကို ယူဂျွန်ဟော့မှာ မှတ်မိခဲလှသည်။ အကြောင်းမှာ ဤကဲ့သို့သော အမူအရာများကို သူကိုယ်တိုင်သာ အမြဲတမ်း ပြုလုပ်နေရသောကြောင့် ဖြစ်သည်။ သူသည် ဖြစ်ရပ်ဆိုးနှင့် စိတ်ပျက်အားငယ်မှုများ၏ အဆုံးသတ်အထိ အမြဲတမ်း တစ်ဦးတည်း ရှင်သန်ကျန်ရစ်ခဲ့သူ ဖြစ်သည်။

သို့သော်လည်း ဤတစ်ကြိမ်ဘဝမှာမူ ယခင်နှင့် ကွဲပြားခြားနားခဲ့သည်။ ယူဂျွန်ဟော့၏ ဘေးနားတွင် လူအများအပြား ရှိနေသေးသကဲ့သို့ သူသည် ထိုသူများနှင့်အတူ တစ်စုံတစ်ယောက်၏ သေဆုံးမှုကို အတူတကွ ခံစားနေရခြင်း ဖြစ်သည်။

“ယူဂျွန်ဟော့”

“ဆရာ”

လူတိုင်းက သူ့ကို စိုက်ကြည့်နေကြသည်။ အချိန်မနှောင်းသေးကြောင်း သူ့ထံမှ ကြားသိလိုနေကြသော်လည်း ယူဂျွန်ဟော့မှာ မည်သည့်အဖြေမျှ မပေးနိုင်ခဲ့ပေ။

“ငါလည်း မသိဘူး”

ယူဂျွန်ဟော့သည် သူတို့၏ နောက်ဆုံးကျန်ရစ်သော မျှော်လင့်ချက်ကို ဖျက်ဆီးပစ်လိုက်သည်။ ဝမ်းနည်းဖွယ်ကောင်းသည်မှာ ဤသည်မှာ ယူဂျွန်ဟော့အတွက် ကျန်ရှိနေသော အခန်းကဏ္ဍပင် ဖြစ်သည်။

“ကင်ဒေါ့ဂျာ ဘာဖြစ်သွားတာလဲဆိုတာ ငါမသိဘူး”

အမှန်စစ်စစ်တွင် သူသည် ထိုသူများကို ဒီထက်ပိုပြောပြနိုင်၏။ ဇာတ်ဝင်ခန်းမှ ထုတ်ပယ်ခံရခြင်းနှင့် ပတ်သက်၍ သူသိရှိထားသော အချက်အလက်များကို ဝေမျှပေးနိုင်ခဲ့သကဲ့သို့ သူဆုပ်ကိုင်ထားသော အားနည်းသည့် မျှော်လင့်ချက်ကိုလည်းလွှတ်ချပစ်၍ရသည်။

သို့ရာတွင် ယူဂျွန်ဟော့သည် ထိုသို့မပြုလုပ်ခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ထိုအကြောင်းကို ပြောဆိုခြင်းမှာ ‘ကင်ဒေါ့ဂျာ သေဆုံးသွားပြီ။ ကင်ဒေါ့ဂျာအတွက် မင်းတို့တွေ ဘာမှ မလုပ်ပေးနိုင်တော့ဘူး’ ဟု အဖွဲ့ဝင်များကို ပြောလိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း သူသိရှိနေသောကြောင့် ဖြစ်သည်။

အချို့သူများသည် နှုတ်ဆိတ်နေခြင်းဖြင့် ပိုမိုလေးနက်စွာ ဖော်ပြတတ်ကြသည်။ အနည်းငယ်သော သူများက ယူဂျွန်ဟော့၏ တိတ်ဆိတ်မှုကို လက်ခံခဲ့ကြသော်လည်း အချို့ကမူ ငြင်းဆန်ခဲ့ကြသည်။ သို့သော်လည်း လူတိုင်းက ထိုတိတ်ဆိတ်မှု၏ အဓိပ္ပာယ်ကို နားလည်ခဲ့ကြသည်။

“အကိုကြီးဒေါ့ဂျာက သူ မသေဘူးဆိုတာပြောခဲ့တယ်လေ။ သူ ပြန်ရှင်လာလိမ့်မယ်။ ဒါဆို ဘာလို့လဲ... ဘာလို့လဲလို့”

“ယူဂျွန်ဟော့။ ကျေးဇူးပြုပြီး ဒေါ့ဂျာ့ကို ဘယ်လိုကယ်ရမလဲဆိုတာ ပြောပြပါဦး”

လီဂီယောင်နှင့် လီဟန်းဆောင်တို့၏ ငိုကြွေးသံများကို ယူဂျွန်ဟော့က ခေါင်းခါရုံသာ ပြုလုပ်လိုက်သည်။ ကင်ဒေါ့ဂျာကို ကယ်တင်နိုင်မည့် နည်းလမ်းသာ ရှိခဲ့ပါက သူသည် အရင်ဆုံး လုပ်ဆောင်ခဲ့ပြီးသား ဖြစ်ပေလိမ့်မည်။ သူလုပ်ဆောင်နိုင်သည်မှာ ဘာမျှမရှိတော့ပေ။ သူတစ်ဦးတည်းတင်မကဘဲ လူတိုင်းလည်း ထိုနည်းတူပင် ဖြစ်သည်။

[‘ရွှေခေါင်းကွင်း၏အကျဉ်သား’ နက္ခတ်သည် ကြီးမားသော ဟာတာတာဖြစ်မှုကို ခံစားနေရပါသည်။]

[‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’ နက္ခတ်သည် လှဲလျောင်းနေပါသည်။]

[‘ဆောအဲအီဖီ’နက္ခတ်သည် သူ၏ ကလောင်တံကို ချိုးပစ်လိုက်ပါသည်။]

(ယခုမှစ၍ ယခင်က ဆီအေအီအီပီ ဟု ဘာသာပြန်ခဲ့သည်ကို ဆောအဲအီဖီဟု ပြောင်းသုံးပါမည်။)

[‘ဝိုင်နှင့် ကာမဂုဏ်ခံစားမှုတို့၏ နတ်ဘုရား’ နက္ခတ်သည် အသူတစ်ရာတွင်းနက်ကြီးကို စိုက်ကြည့်နေပါသည်။]

.

.

[ကိုရီးယားကျွန်းဆွယ်ရှိ နက္ခတ်များသည် နက္ခတ်တစ်ပါး၏ သေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးနေကြပါသည်။]

[ကိုရီးယားကျွန်းဆွယ်ရှိ နက္ခတ်များသည် တစ်စုံတစ်ယောက်၏ နာမည်ကို မှတ်မိနေကြပါသည်။]

ယူဂျွန်ဟော့သည် နက္ခတ်တစ်ပါးအကြောင်းကို ဤမျှများပြားသော နက္ခတ်များက ဝိုင်းဝန်းပြောဆိုနေကြသည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ မာနထောင်လွှားလှသော နက္ခတ်များသည် စိတ်ပျက်ခြင်း သို့မဟုတ် ပျော်ရွှင်ခြင်းမဟုတ်သည့် အခြားသော ခံစားချက်များကို ဖော်ပြနေကြခြင်း ဖြစ်သည်။

၎င်းတို့သည် ခံစားချက်အသစ်များကို သတိပြုမိလာကြသည်။ ညကောင်းကင်ယံသည် ယခင် နောက်ပြန်ဆုတ်ခဲ့သော ဘဝများကထက် ပိုမိုအရောင်အသွေး စုံလင်စွာ တောက်ပနေခဲ့သည်။

ဝမ်းနည်းမှု၊ ကြီးမားသော စိတ်ပျက်အားငယ်မှု၊ ကြေကွဲမှု... များပြားလှသော နက္ခတ်များဖြင့် ဖွဲ့စည်းထားသည့် ညကောင်းကင်ယံသည် ဝမ်းနည်းဖွယ်ကောင်းလောက်အောင် တောက်ပနေခဲ့သည်။

ကင်ဒေါ့ဂျာသည် ထိုသူတို့အတွက်လည်း မျှော်လင့်ချက်တစ်ခု ဖြစ်နေခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ မတူညီသော ဇာတ်လမ်းတစ်ခုကို ပြသရန် မျှော်လင့်ချက်၊ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း ထူးခြားသော ပြောင်းလဲမှုတစ်ခုကို ဖန်တီးပေးနိုင်မည့်အရာ စသည်တို့ ဖြစ်နိုင်ပေသည်။

‘ဘာနည်းလမ်းမှ မရှိတော့ဘူး’

ကောင်းကင်တွင် တောက်ပနေသော ကြယ်ကို ကြည့်ရင်း နောက်ပြန်ဆုတ်သူယူဂျွန်ဟော့သည် အတွေးတစ်ခု ဝင်လာခဲ့သည်။

‘ငါ အခု နောက်ပြန်ဆုတ်လိုက်ရင်...’

မိမိ၏ ဘဝကို ပြန်လည်စတင်နိုင်သော စွမ်းရည်မှာ အချိန်မရွေး နှိပ်နိုင်သည့် နျူကလီးယား ဒုံးကျည်ခလုတ်တစ်ခုကဲ့သို့ ဖြစ်သည်။ ယူဂျွန်ဟော့သည် သေဆုံးပြီးနောက် အချိန်နောက်ပြန်သွားနိုင်ပြီး အနာဂတ်အကြောင်း သိရှိထားသော အချက်အလက်များဖြင့် ပိုမိုကောင်းမွန်သော ရွေးချယ်မှုများကို ပြုလုပ်နိုင်လေသည်။

အကယ်၍ သူသာ ယခုပြန်သွားခဲ့ပါက ကင်ဒေါ့ဂျာ ပြန်လည်ရှင်သန်လာနိုင်ပေသည်။ သို့သော်လည်း...

— ယူဂျွန်ဟော့၊ သတိထားစမ်း။ မင်း အဲဒါကို အကြိမ်အနည်းငယ်လောက် ထပ်လုပ်လိုက်ရုံနဲ့ အရာအားလုံး တိုးတက်လာမယ်လို့ မထင်နဲ့။

ယူဂျွန်ဟော့ နောက်ပြန်သွားသော်လည်း ကင်ဒေါ့ဂျာ မရှိတော့လျှင် မည်သို့ဖြစ်မည်နည်း။ သို့မဟုတ် ကင်ဒေါ့ဂျာက ဤကဲ့သို့ ထပ်မံလုပ်ဆောင်ခြင်း မပြုတော့လျှင်ရော။

ယူဂျွန်ဟော့သည် ပထမဦးဆုံးအကြိမ်အဖြစ် တစ်စုံတစ်ခုကို ကြောက်လန့်မိသွားခဲ့သည်။

ဤဘဝ၏ ကင်ဒေါ့ဂျာသည် ဤတစ်ကြိမ်တွင်သာ ပေါ်ပေါက်လာနိုင်ခြင်း ဖြစ်ပေလိမ့်မည်။ ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းမှ ရှင်ယူဆောင်းသည် ကင်ဒေါ့ဂျာနှင့် ပတ်သက်၍ တစ်ခါမျှ ပြောဆိုခဲ့ဖူးခြင်း မရှိသကဲ့သို့ သူ၏ ယခင်ဘဝများတွင်လည်း ကင်ဒေါ့ဂျာနှင့် တစ်ခါမျှ မဆုံတွေ့ခဲ့ဖူးပေ။ သူသည် အတိတ်သို့ ပြန်သွားခဲ့လျှင်ပင် ဤဘဝမှ ကင်ဒေါ့ဂျာသည် ပြန်လည်ရောက်ရှိလာလိမ့်မည် မဟုတ်ပေ။

— ဒါကြောင့် ဒီအလှည့်ကို ကောင်းမွန်စွာ ရှင်သန်ပါ

အမြဲတမ်း ပြုလုပ်နိုင်ခဲ့သည့် ရွေးချယ်မှုသည် ယခုအခါတွင်မူ ပြန်ပြင်၍မရနိုင်တော့ပေ။ သူသည် သူ၏ တတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ကင်ဒေါ့ဂျာနှင့် ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်မှာ အပေါင်းအဖော်များ ဖြစ်လာခဲ့ကြသည်။ ထို့နောက် သူသည် ကင်ဒေါ့ဂျာကို ဆုံးရှုံးခဲ့ရပြန်သည်။

— ဒီအလှည့်ကို စွန့်လွှတ်လိုက်ရင် ပိုမိုကောင်းမွန်လာလိမ့်မယ်ဆိုပြီး စိတ်ကူးမယဉ်နဲ့။ ဒီအလှည့်က မင်းအနေနဲ့ ဒီကမ္ဘာရဲ့ အဆုံးသတ်ကို ‘လူသား’ တစ်ယောက်အဖြစ် မြင်တွေ့ရမည့် အလှည့်လည်း ဖြစ်နိုင်တယ်

ယူဂျွန်ဟော့သည် နေရာမှ ထလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူ့စိတ်ထဲတွင် ဤစကားလုံးများသာ ပဲ့တင်ထပ်နေတော့သည်။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်းရှိ အရာအားလုံးသည် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သကဲ့သို့ပင် ကင်ဒေါ့ဂျာ၏ စကားလုံးများသည်လည်း မိမိကိုယ်တိုင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာကြောင်း ယူဂျွန်ဟော့ အသိအမှတ်မပြုဘဲ မနေနိုင်ခဲ့ပေ။

[ဟဲဟဲ… ဘာလို့ မလှုပ်မယှက် ဖြစ်နေကြတာလဲ။ စနစ်မက်ဆေ့ချ် မရကြဘူးလား]

စီံမံခန့်ခွဲရေးဌာနမှ စေလွှတ်လိုက်သော ဒိုကဲဘီသည် လေထဲမှနေ၍ ၎င်းတို့အား ငုံ့ကြည့်နေသည်။

[အာဟား… သိပြီ။ အားလုံးက ‘သူ’ သေဆုံးခဲ့မှုအတွက် ဝမ်းနည်းနေကြတာကိုး]

အဖွဲ့ဝင်များသည် ဒိုကဲဘီ၏ လှောင်ပြောင်သော လေသံကို မခံမရပ်နိုင် ဖြစ်ခဲ့ကြသော်လည်း လူတိုင်းမှာ တုံ့ပြန်ပုံချင်း မတူညီကြပေ။ ယောင်ဟီဝန်သည် မိမိကိုယ်ကိုယ် အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းသိမ်းရင်း မေးမြန်းလိုက်သည်။

“...ဒေါ့ဂျာဘာဖြစ်သွားပြီလဲ”

[သူက ဇာတ်ဝင်ခန်းကနေ ထုတ်ပယ်ခံလိုက်ရပြီ]

“အဲဒါ ဘာကို ဆိုလိုတာလဲဆိုတာ ကျမ မေးလို့ရမလား။ သူ သေသွားတာလား၊ ရှင်သန်နေသေးတာလား”

[အဲဒါတော့ ငါလည်း မသိဘူး။ ဒါပေမဲ့ ဇာတ်ဝင်ခန်းကနေ နှင်ထုတ်ခံရပြီးနောက်မှာ ကိုယ်စားလှယ်ဖြစ်ဖြစ် နက္ခတ်ဖြစ်ဖြစ် ရှင်သန်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ငါ သိတာ ဒါအကုန်ပဲ]

နက္ခတ်တစ်ပါးပင်လျှင် ရှင်သန်နိုင်ခြင်း မရှိပေ။ အဖွဲ့ဝင်များသည် ထိုစကားကြောင့် တောင့်တင်းသွားကြပြီး သူတို့၏ မျက်နှာအမူအရာများသည် ယခင်ကထက် ပိုမိုအေးစက်သွားခဲ့သည်။ လီဂျီဟယ်က ပြန်လည် တုံ့ပြန်ပြောဆိုသည်။

“နည်းလမ်း မရှိတော့ဘူးလား။ ကယ်တင်နိုင်မယ့် နည်းလမ်းတစ်ခုခုပေါ့”

[နင်တို့ လုပ်နိုင်တာ ဘာမှ မရှိဘူး။ အမှန်အတိုင်း ပြောရရင် နင်တို့မှာ ဒီလို စိတ်ဓာတ်မျိုး ရှိနေသေးတာကိုက အံ့သြဖို့ကောင်းနေပြီ။ ငါ နင်တို့ကို အကြံတစ်ခု ပေးမယ်။ မလိုအပ်တာတွေ လျှောက်မတွေးဘဲ နင်တို့ ရှေ့က ဇာတ်ဝင်ခန်းကိုပဲ အာရုံစိုက်ကြ။ နင်တို့တွေ ဆိုးလ်ဒေသရဲ့အမိုးခုံးကနေ မလွတ်မြောက်သေးဘူးနော်]

ဒိုကဲဘီသည် လှောင်ပြောင်ရယ်မောရင်း လက်ဖြစ်တီးလိုက်သည်။ ထို့နောက် လေထဲမှ မက်ဆေ့ချ်များ ထပ်မံ ထွက်ပေါ်လာခဲ့သည်။

[လွတ်မြောက်ခြင်း ဇာတ်ဝင်ခန်းကို ထုတ်ပေးလိုက်ပါပြီ။]

[ဆိုးလ်ဒေသကို မကြာမီ ပိတ်ပါတော့မည်။ သင်သည် ဆိုးလ်ဒေသမှ လွတ်မြောက်ရန် အချိန်တစ်ဝက်ခန့်သာ ကျန်ရှိပါတော့သည်။]

[လွတ်မြောက်ရာ လမ်းကြောင်းကို အလိုအလျောက် ပေးပို့ထားပါသည်။]

[သတ်မှတ်ထားသော အချိန်အတွင်း ဆိုးလ်ဒေသ၏အမိုးခုံးအတွင်းမှ မလွတ်မြောက်ပါက သင် သေဆုံးပါလိမ့်မည်။]

“ချီးပဲ...”

အဖွဲ့ဝင်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း သူတို့၏ မျက်နှာများပေါ်တွင် မည်သည့်အဖြေမှ မရှိခဲ့ပေ။ မည်သို့ပင်ဖြစ်စေ သူတို့ ရွေးချယ်နိုင်သည်မှာ ဘာမျှ မရှိခဲ့ပေ။

“...သွားကြစို့”

သူတို့သည် သတ်မှတ်ထားသော လမ်းကြောင်းအတိုင်း စတင် လှုပ်ရှားခဲ့ကြသည်။ သူတို့သည် ဆိုးလ်မြို့၏ အစွန်အဖျားသို့ ဦးတည်၍ အဆက်မပြတ် ပြေးလွှားခြင်း၊ ရေကူးခြင်းနှင့် လက်ရန်းများကို ကျော်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြသည်။ နောက်ဆုံးတွင် လမ်းကြောင်းညွှန်ပြချက်များ ပြီးဆုံးသွားပြီး လူအုပ်ကြီးတစ်ခုနှင့် ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

“ဒီလူတွေက...”

ဆိုးလ်ဒေသအတွင်း ကျန်ရှိနေသော ကိုယ်စားလှယ်များ အားလုံးမှာ ထိုနေရာတွင် စုဝေးနေကြခြင်း ဖြစ်သည်။ လူဦးရေ ၁,၀၀၀ ခန့် ရှိပေလိမ့်မည်။

အချို့သော မျက်နှာများသည် ရင်းနှီးနေခဲ့သည်။ မင်ဂျီဝန်သည် သူတို့ဘက်သို့ လက်ဝှေ့ယမ်းပြနေသကဲ့သို့ တစ်ကိုယ်တည်း နေတတ်သော ဟန်ဒုံဂွန်လည်း ရှိနေခဲ့သည်။ သူတို့အားလုံးမှာ ကင်ဒေါ့ဂျာ၏ ကယ်တင်ခြင်းကို ခံခဲ့ရသူများ ဖြစ်ကြသည်။

ယူဂျွန်ဟော့နှင့် အဖွဲ့ဝင်များသည် မိမိတို့ သိကျွမ်းသော လူများကို ခေါင်းညိတ်ပြလိုက်ကြသည်။

“...ဒီနေရာပဲ”

အဖွဲ့ဝင်များသည် တစ်ပြိုင်နက်တည်း ရပ်တန့်သွားကြပြီး အမိုးခုံး၏ အတွင်းဘက် နံရံကို မော်ကြည့်လိုက်ကြသည်။ ထိုနံရံမှာ သူတို့အား ယခုအချိန်အထိ ပိတ်လှောင်ထားခဲ့သော ဧရာမ သံလှောင်အိမ်ကြီး ဖြစ်သည်။ ယခုအခါတွင်မူ ဤအကျဉ်းထောင်မှ လွတ်မြောက်ရန် အခွင့်အရေး ရရှိခဲ့ပြီ ဖြစ်သည်။ လူတိုင်းမှာ စိတ်လှုပ်ရှားနေကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ အပြင်ဘက်သို့ ခြေလှမ်းမလှမ်းခဲ့ကြပေ။

သူတို့အားလုံးသည် ကျယ်ပြန့်စွာ ပွင့်ဟနေသော လှောင်အိမ်တံခါးမှ လွယ်လင့်တကူ ပျံသန်းမထွက်နိုင်သည့် ငှက်ကလေးများကဲ့သို့ ဖြစ်နေခဲ့ကြသည်။

ထိုအစား လူအုပ်ကြီးသည် တစ်စုံတစ်ခုကို ရှာဖွေနေသည့်အလား ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုနေကြသည်။ တစ်ဦးပြီးတစ်ဦး၏ အကြည့်များမှာ စုစည်းလာခဲ့ကြပြီး မကြာမီမှာပင် လူအားလုံး၏ အကြည့်များသည် လူတစ်ယောက်ထံ၌ ကျရောက်သွားခဲ့သည်။

ဟန်ဆိုယောင်းက ပထမဆုံး စတင်ပြောဆိုလိုက်သည်။

“ယူဂျွန်ဟော့”

ယူဂျွန်ဟော့သည် ဟန်ဆိုယောင်းဘက်သို့ မျက်နှာမူလိုက်သည်။ ဟန်ဆိုယောင်းမှာ မည်သည့်စကားမျှ မပြောသော်လည်း ယူဂျွန်ဟော့မှာ ဟန်ဆိုယောင်း၏ မျက်လုံးများအတွင်းရှိ အဓိပ္ပာယ်ကို ဖတ်ရှုနိုင်ခဲ့သည်။

‘ကင်ဒေါ့ဂျာပေးခဲ့တဲ့ အခွင့်အရေးကို အလဟဿ မဖြစ်စေနဲ့’

ယူဂျွန်ဟော့သည် မျက်တောင်ကို ဖြည်းညှင်းစွာ ခတ်လိုက်ပြီး ရှေ့သို့ ခြေလှမ်းလှမ်းလိုက်သည်။ များပြားလှသော လူအုပ်ကြီးမှာ သူ့ကို စောင့်ကြိုနေကြသည်။

သူတို့သည် နောက်ဆုံးတွင် လွတ်လပ်ခွင့်ရရှိမည့် အခိုက်အတန့်ကို ဆင်နွှဲရန် အသင့်ဖြစ်နေကြလေပြီ။ ယူဂျွန်ဟော့သည် မိမိထံသို့ အာရုံစိုက်နေသော လူအုပ်ကြီးကို ကြည့်ရင်း စိတ်ရှုပ်ထွေးနေခဲ့သည်။ ယူဂျွန်ဟော့မှာ ယခင်ဘဝများစွာ၌ ဤကဲ့သို့သော အခြေအနေမျိုးကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသည်။ သူသည် တစ်ခါတစ်ရံတွင် စကားပြောကောင်းသူတစ်ဦး ဖြစ်ခဲ့သကဲ့သို့ တစ်ခါတစ်ရံတွင်လည်း ဆွဲဆောင်မှုရှိသော ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ လူအုပ်ကြီးအား ပြောကြားရမည့် စကားလုံးများကို ရှာဖွေရန်မှာ သူ့အတွက် ခက်ခဲသောအရာ မဟုတ်ပေ။

သို့သော် အဘယ်ကြောင့်နည်း။ ယခုတစ်ကြိမ်တွင်မူ သူသည် ထိုကဲ့သို့သော စကားမျိုးကို မပြောလိုတော့ပေ။ ထိုအစား သူက “...ငါ ဒီဘဝကို လက်မလျှော့ဘူး” ဟု ဆိုလိုက်သည်။

ဤနေရာရှိ လူများထဲမှ သူ၏စကားကို နားလည်နိုင်မည့်သူ ရှိလောက်မည်မဟုတ်ပေ။ ထိုသို့သော အမှန်တရားမှ ပေါက်ဖွားလာသည့် ပြင်းထန်သော အထီးကျန်မှုများကြားမှပင် ယူဂျွန်ဟော့က ကြေညာလိုက်သည်။

“ဒါကြောင့် မင်းတို့လည်း လက်မလျှော့ကြနဲ့”

သူ၏ စကားသည် နားထောင်သူပရိသတ်ထံသို့ ရောက်ရှိသွားခြင်း ရှိမရှိကိုမူ သူ မသိရှိခဲ့ပေ။ ယူဂျွန်ဟော့သည် လူအုပ်ကြီးထံမှ မျက်နှာလွှဲလိုက်ပြီး အမိုးခုံး၏ အတွင်းဘက်နံရံဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။ ထို့နောက်...

ဝုန်း

တစ်ချက်။

ဝုန်း

ထို့နောက် နှစ်ချက်။

သူ၏ ဒေါသတကြီး ထိုးနှက်လိုက်သော လက်သီးများမှာ နံရံသို့ ထိမှန်သွားခဲ့သည်။ ယူဂျွန်ဟော့၏ လက်သီးနှင့် ထိတွေ့နေသော နေရာကို ဗဟိုပြု၍ အမိုးခုံး၏ အတွင်းဘက်နံရံတစ်လျှောက် ကြီးမားသော အက်ကြောင်းများမှာ ပြန့်နှံ့သွားခဲ့သည်။

ထိုနံရံကြီးမှာ ဇာတ်ဝင်ခန်း စတင်ပြီးကတည်းက ကျော်ဖြတ်၍ မရနိုင်ခဲ့သော နံရံကြီး ဖြစ်သည်။ ထိုနံရံမှာ အနည်းငယ် ပြိုကျသွားခဲ့ပြီး လူတစ်ယောက်စာ တိုးဝင်နိုင်သည့် အပေါက်ကြီး ဖြစ်သွားခဲ့သည်။ နံရံ၏အလွန်တွင် အမြဲတမ်း တည်ရှိနေခဲ့ပြီး လက်လှမ်းမမီခဲ့သော ရှုခင်းတစ်ခုကို မြင်နေရသည်။

ယူဂျွန်ဟော့သည် ထိုရှုခင်းအတွင်းသို့ ပထမဆုံးသော ခြေလှမ်းကို လှမ်းလိုက်သည်။

“သွားကြစို့”

သူသည် ကင်ဒေါ့ဂျာ မရှိတော့သည့် ဇာတ်ဝင်ခန်းဆီသို့ လှမ်းတက်သွားခဲ့လေတော့သည်။

…………………………………………………………………………………………..

「 မှောင်မိုက်နေသော ဟင်းလင်းပြင်အတွင်း တစ်ဦးတည်းရှိနေသော ကင်ဒေါ့ဂျာသည် နောက်ဆုံးတွင် နိုးထလာခဲ့သည်။ 」

အခန်း ၁၉၀

- အပိုင်း ၃၆ - ဇာတ်လမ်း၏ မိုးကုတ်စက်ဝိုင်း (၂)

“...အင်း”

「 ခန္ဓာကိုယ်၏ အရိုးများမှာ ကြေမွနေသည့်အလား ခံစားရပြီး အသားအရေမှာလည်း သေဆုံးသွားသော သားရဲတစ်ကောင်၏ အရေခွံကဲ့သို့ တောင့်တင်းနေခဲ့သည်။ 」

ကျနော်သည် ဖြည်းညှင်းစွာ နိုးထလာရင်း Fourth Wall ၏ စကားများကို နားထောင်နေမိသည်။ Fourth Wall ၏ နားငြီးဖွယ်ကောင်းသော အသံမှာ ယခုအချိန်တွင်မူ ကြိုဆိုရမည့်အရာ ဖြစ်နေခဲ့သည်။

「 ‘ငါ အသက်ရှင်နေသေးတာပဲ’ဟု ကင်ဒေါ့ဂျာက တွေးလိုက်သည်။」

Fourth Wall ၏ အသံကို ကြားရသဖြင့် အစီအစဉ်မှာ အောင်မြင်ပုံရသည်။ အမှန်အတိုင်းပြောရလျှင် အောင်မြင်သည်ဟုတော့ အပြည့်အဝ မခေါ်ဆိုနိုင်ပေ။

ထိုသို့ဖြစ်ရခြင်းမှာ သဘာဝကျလှသည်။ နက္ခတ်များက ကျနော့်ကို ပေးခဲ့သော ‘ကံကြမ္မာ’ မှာ ‘ကိုယ်စားလှယ် ကင်ဒေါ့ဂျာ’ ၏ သေဆုံးခြင်း ဖြစ်သည်။ ထို့ကြောင့် ‘နက္ခတ်’ ကင်ဒေါ့ဂျာ အနေဖြင့် သေဆုံးမည်မဟုတ်သည်မှာ ဓမ္မတာပင် ဖြစ်သည်။

အကယ်၍ ကျနော်သာ ဤမျှလွယ်ကူစွာ ပျောက်ကွယ်သွားမည် ဆိုပါက ဇာတ်လမ်းများကို တည်ဆောက်ပြီး နက္ခတ်တစ်ပါး ဖြစ်လာခဲ့မည်မဟုတ်ပေ။ ပြဿနာမှာ ကျနော်သည် ခန္ဓာကိုယ်ကို ဆုံးရှုံးခဲ့ပြီး ‘နက္ခတ်’ တစ်ပါးအနေဖြင့်သာ ရှင်သန်ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်...

“...ငါ ဘယ်ရောက်နေတာလဲ”

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ပျက်စီးနေသော အဆောက်အအုံများနှင့် လမ်းမများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤမြင်ကွင်းမှာ ရင်းနှီးပြီးသား မြင်ကွင်းတစ်ခုပင် ဖြစ်သည်။

“ဒါက...”

ပြောလိုက်ပြီး မကြာမီမှာပင် ကျနော် ရောက်ရှိနေသည့် အခြေအနေကို သဘောပေါက်သွားခဲ့သည်။ ကျနော်သည် ကောင်းကင်ယံသို့ မော်ကြည့်လိုက်သည်။ ညကောင်းကင်ယံမှာ ယခင်က ရေတွက်၍မရနိုင်သော နက္ခတ်များ၏ အလင်းရောင်များဖြင့် အမြဲတမ်း ပြည့်နှက်နေခဲ့သည်။ ယခုမူ ထိုနေရာ၌ ဘာမျှ မရှိတော့ပေ။

မိမိကိုယ်ကိုယ် ပြန်လည်ပြောဆိုနေသော လေးနက်သည့် စကားလုံးများကြောင့် ကျနော် အံ့အားသင့်သွားခဲ့သည်။ ကျနော်သည် ညကောင်းကင်ယံကို ကြည့်ရင်း ရယ်မောလိုက်သည်။

“ဟားဟား...”

ပုံမှန်ဆိုလျှင် နက္ခတ်များထံမှ များပြားလှသော သွယ်ဝိုက်မက်ဆေ့ချ်များ ပေါ်လာရမည် ဖြစ်သည်။

ဥပမာအားဖြင့် ကျနော် တစ်ယောက်တည်း စကားပြောသည်ကို နှစ်သက်သော ‘ကောင်းကင်တစ်မျှ မဟာပညာရှိ’ သို့မဟုတ် ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’အစရှိသဖြင့် ပေါ်လာသင့်သည်။... ထို့အပြင် ကျနော့်ကို တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် သဘောကျနေသည့် ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ လည်း ရှိ၏။ ပုံမှန်ဆိုလျှင် တစ်စုံတစ်ဦး၏ အကြောင်းပြန်ခြင်းက ပုံမှန်ဖြစ်သော်လည်း ကျနော် တစ်ယောက်တည်း ပြောဆိုမှုကို မည်သူမျှ အကြောင်းမပြန်ခဲ့ကြပေ။

မိမိ၏ ဦးခေါင်းကို ပွတ်သပ်နေမည့် ‘တရားမျှတမှု၏ ထိပ်ပြောင်စစ်သူကြီး’ လည်း မရှိသကဲ့သို့ ပျင်းရိပါက မိမိ၏ မျက်လုံးအကာကို ပစ်ပေါက်မည့် ‘မျက်စိတစ်ဖက်တည်းရှိသော မေတ္တေယျ’ သို့မဟုတ် အရှက်မရှိသည့် ‘ပိုးဖဲကတ္တီပါဆောင်မှ အိပ်မောကျနေသော အမျိုးသမီး’ တို့လည်း မရှိတော့ပေ။

နက္ခတ်များ၏ မက်ဆေ့ချ်များမှာ ပျောက်ကွယ်သွားခဲ့ပြီး ရယ်စရာကောင်းလောက်အောင် ပြင်းထန်သော အထီးကျန်မှုတစ်ခုသာ ကျန်ရစ်ခဲ့သည်။

「 ကင်ဒေါ့ဂျာက ငါ တကယ်ကို တစ်ယောက်တည်း ဖြစ်သွားပြီဟု တွေးလိုက်သည်။ 」

[သင်သည် လက်ရှိတွင် ဇာတ်ဝင်ခန်းမှ ထုတ်ပယ်ခံထားရပါသည်။]

ပတ်ဝန်းကျင်ကို ဖြည်းညှင်းစွာ ကျနော်ဝေ့ဝဲကြည့်ရှုလိုက်သည်။ ဇာတ်ဝင်ခန်းမှ ထုတ်ပယ်ခံရသော သက်ရှိသတ္တဝါများသည် အနီးဆုံးရှိ ‘ဇာတ်ဝင်ခန်းပြင်ပ’ နယ်မြေသို့ ရောက်ရှိသွားမည် ဖြစ်သည်။

[သင်သည် လက်ရှိတွင် ဇာတ်ဝင်ခန်းပြင်ပရှိ နယ်မြေတစ်ခု၌ ရောက်ရှိနေပါသည်။]

ကျနော် လက်ရှိ ရပ်နေသော ဇာတ်ဝင်ခန်းပြင်ပ နယ်မြေမှာ ကျနော့်အတွက် အလွန်ရင်းနှီးသော နေရာတစ်ခု ဖြစ်သည်။

「 ဆိုးလ် 」

ဤနေရာမှာ ဆိုးလ်၏ ဂွမ်ဟွာမွန်း ရင်ပြင် ဖြစ်သည်။ ဤနေရာသည် ဘုရင်များ၏ စစ်ပွဲ ဖြစ်ပွားခဲ့သောနေရာဖြစ်ပြီး ကျနော်က အကြွင်းမဲ့ ပလ္လင်ကို ဖျက်ဆီးခဲ့သော နေရာ ဖြစ်သည်။

ဆိုးလ်မြို့သည် ဇာတ်ဝင်ခန်းပြင်ပ နယ်မြေတစ်ခု ဖြစ်သွားခဲ့သည့် အချက်မှာ...

ငါ့အဖွဲ့ဝင်တွေ...

တော်သေးသည်မှာ ကျနော့်အဖွဲ့သားတွေသည် ထိခိုက်ဒဏ်ရာမရဘဲ လွတ်မြောက်သွားခဲ့ကြသည်။

ယခင်က ဆိုးလ်ဒေသ၏အမိုးခုံး တည်ရှိခဲ့သော နေရာကို ကျနော် ကြည့်လိုက်ပြီး စိတ်ထဲ၌ လှုပ်ရှားသွားခဲ့သည်။ တစ်ချိန်က တောက်ပသော အမြှေးပါးတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့သော နေရာမှာ ယခုအခါတွင်မူ ထူထဲသော အကာအရံတစ်ခုဖြင့် ဖုံးအုပ်ထားခဲ့ပြီ ဖြစ်သည်။

ယခုအခါ ‘ဆိုးလ်’ ဇာတ်ဝင်ခန်းမှာ လုံးဝ ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ အဖွဲ့ဝင်များသည် ကျနော် မပါဝင်ဘဲ ဇာတ်ဝင်ခန်းသစ်များဆီသို့ ကူးပြောင်းသွားကြပြီး ဇာတ်လမ်းသစ်များကို တည်ဆောက်နေကြပြီ ဖြစ်သည်။ ထိုနေရာမှနေ၍ သူတို့သည် ဆက်လက် ရှင်သန်သွားကြလိမ့်မည်။

...ဖြစ်နိုင်သည်မှာ ဤသို့ပင် ဖြစ်လာခဲ့ခြင်းပင်။

「 ကင်ဒေါ့ဂျာသည် ဝမ်းသာမိသော်လည်း တစ်ဖက်တွင်လည်း အတိုင်းအတာတစ်ခုအထိ အထီးကျန်မှုကို ခံစားနေရသည်။ 」

ကျနော်သည် အဖွဲ့ဝင်များအကြောင်းကို ခေတ္တမျှ ကျနော် စဉ်းစားလိုက်ပြီးနောက် ဖြည်းညှင်းစွာ နောက်သို့ လှည့်ကြည့်လိုက်သည်။

「 အထီးကျန်နေသော ကင်ဒေါ့ဂျာ၌ လုပ်စရာ တစ်ခုရှိနေခဲ့သည်။ ထိုအကြောင်းပြချက်ကြောင့်ပင် သူသည် ဆိုးရွားလှသော သေဆုံးခြင်းကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ 」

……………………………………………………………………

「 ဆိုးလ်၏ လမ်းမများပေါ်တွင် လမ်းလျှောက်နေစဉ် ကင်ဒေါ့ဂျာသည် သူ၏ အမှတ်တရများထဲ၌ နစ်မြောနေခဲ့သည်။ သူသွားလေရာနေရာတိုင်းတွင် သူ၏ အဖွဲ့ဝင်များနှင့်အတူ ဇာတ်ဝင်ခန်းများကို ဆင်နွှဲခဲ့သည့် နေရာများကို မြင်တွေ့နေရသည်။ ကင်ဒေါ့ဂျာသည် သူကိုယ်တိုင် Ways of Survival ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်ကြောင်း တစ်ဖန် ပြန်လည် သတိပြုမိသွားခဲ့သည်။ သူသည် ဤဇာတ်လမ်းထဲတွင် အမှန်တကယ် ရှင်သန်နေထိုင်နေခြင်းပင် ဖြစ်သည်။ 」

“တကယ်ကို စိတ်လှုပ်ရှားဖို့ ကောင်းပေမဲ့ တော်သင့်ပြီ မဟုတ်ဘူးလား။ ဘယ်လောက်အထိ တိုးတိုးတိတ်တိတ် ရေရွတ်နေဦးမှာလဲ”

「 ကင်ဒေါ့ဂျာသည် သနားစရာကောင်းသော Fourth Wall ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေခဲ့သည်။ 」

အစပိုင်းတွင်မူ ဘေးနား၌ စကားပြောပေးမည့် တစ်စုံတစ်ယောက် ရှိနေခြင်းက ကောင်းသည်ဟု ခံစားခဲ့ရသော်လည်း ကျနော် လုပ်သမျှ အရာအားလုံးကို ရှင်းပြနေခြင်းအပေါ်တွင်မူ ကျနော် မပျော်ရွှင်နိုင်ပေ။

「 အချိန်မည်မျှ ကုန်ဆုံးသွားခဲ့ပြီနည်း။ ကင်ဒေါ့ဂျာက မေးချင်နေသော်လည်း မည်သူမျှ အဖြေမပေးနိုင်ခဲ့ပေ။ 」

“လီး...အချိန်ဘယ်လောက်ကုန်သွားပြီလဲဆိုတာကို မင်း ငါ့ကို ပြန်ဖြေလို့ရတယ်လေကွာ”

ကျနော်သည် သူ့ကို ဆူပူလိုက်ပြီးနောက် ကျနော့် အခြေအနေကို စစ်ဆေးရန် ဆုံးဖြတ်လိုက်သည်။

[သင်၏ ဇာတ်လမ်း အတော်များများမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။]

[သင်၏ လက်ရှိ ကိုယ်ခန္ဓာမှာ လုံးဝ ပြိုလဲသွားခဲ့ပြီ ဖြစ်သည်။]

ကျနော်သည် နက္ခတ်တစ်ပါးအနေဖြင့် ရှိနေခြင်းကြောင့် ရှင်သန်နေခြင်း ဖြစ်သော်လည်း ကျနော့်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာမူ လုံးဝ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ တစ်နည်းအားဖြင့် ပြောရလျှင် ကျနော့် လက်ရှိ တည်ရှိမှုမှာ 'အသွေးအသား' မဟုတ်ဘဲ မပြည့်စုံသော ဇာတ်လမ်းများ စုစည်းနေခြင်းမျှသာ ဖြစ်သည်။

[သင်၏ လက်ရှိ ကိုယ်ခန္ဓာမှာ အလွန် အန္တရာယ်ရှိသော အခြေအနေတွင် ရှိနေပါသည်။]

[သင်၏ ကိုယ်ခန္ဓာကို ထိန်းသိမ်းရန် နည်းလမ်းများကို ရှာမတွေ့နိုင်ပါ။]

တစ်စုံတစ်ယောက်က ကျနော့်ကို လာထိလိုက်ရုံဖြင့် လုံးဝ ပြိုလဲသွားနိုင်သည့် ယိုင်နဲ့နဲ့ အခြေအနေပင် ဖြစ်သည်။ ဤသည်မှာ အသက်ရှင်နေခြင်း မဟုတ်ပေ။

ကျနော် တတ်နိုင်သမျှ အရာအားလုံးကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

[ဤနယ်မြေတွင် အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်ကို အသုံးမပြုနိုင်ပါ။]

...မျှော်လင့်ထားသည့်အတိုင်း အလုပ်မဖြစ်ပေ။

[သင်၏ ကိုယ်စားလှယ်နှင့် ဆက်သွယ်၍ မရနိုင်ပါ။]

ဤအရာမှာလည်း အလုပ်မဖြစ်ပေ။ ကျနော် မျှော်လင့်ထားပြီးသား ဖြစ်သော်လည်း အမှန်တကယ် အလုပ်မဖြစ်သည့်အခါတွင်မူ ထူးဆန်းစွာ ခံစားလိုက်ရသည်။ မည်သည့် ဆက်သွယ်မှုမျှ မပြုလုပ်နိုင်သော နယ်မြေတစ်ခု၌ တစ်ယောက်တည်း နေထိုင်နေရသကဲ့သို့ ခံစားချက်မျိုး ဖြစ်၏။

အမှန်တကယ်တော့ ကျနော့် လက်ရှိအခြေအနေမှာ ထိုထက်ပင် ပို၍ ဆိုးရွားလှသည်။

[သင်သည် ချန်နယ်စနစ်ကို အသုံးမပြုနိုင်ပါ။]

ကျနော်သည် ဇာတ်ဝင်ခန်းမှ ထုတ်ပယ်ခံထားရသူ ဖြစ်သဖြင့် ချန်နယ်ကို အသုံးပြု၍ မရနိုင်တော့သလို ဘီဟွန်းနှင့် ချုပ်ဆိုထားသော စာချုပ်မှာလည်း ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ နက္ခတ်များ ကင်းမဲ့နေသော ကောင်းကင်ယံကို စိုက်ကြည့်ရင်း ဟာလာဟင်းလင်းဖြစ်နေသော လွတ်လပ်မှုကို ကျနော် ခံစားလိုက်ရသည်။

...ယခုတော့ ကျနော် တကယ်ကို တစ်ယောက်တည်း ဖြစ်သွားခဲ့ပေပြီ။ ဤအမှန်တရားကို ကျနော် သဘောပေါက်လိုက်သည်နှင့် တစ်ပြိုင်နက် ချမ်းစိမ့်စိမ့် ခံစားချက်က စတင် စီးဝင်လာခဲ့သည်။

「 ဘယ်သူကမှ ငါ့ကို မမြင်နိုင်သလို ငါကလည်း ဘယ်သူ့ကိုမှ မမြင်နိုင်တော့ဘူး 」

မဟုတ်သေး၊ ကျနော် လုံးဝ တစ်ယောက်တည်း ဖြစ်နေသည်တော့ မဟုတ်ပေ။

「 ထိုသို့ ဖြစ်နေသည့်ကြားမှပင် ကင်ဒေါ့ဂျာသည် ရုတ်တရက် သတိပြုမိသွားခဲ့သည်။ တစ်စုံတစ်ယောက်၏ မျက်လုံးများမှတစ်ဆင့် သူ၏ တည်ရှိမှုကို ခံစားလိုက်ရ၏။ 」

“ငါက အဲဒီလို ဒဿန ဆန်ဆန်တွေ တွေးနေတာ မဟုတ်ဘူး။ ငတုံးရဲ့။ ပြီးတော့ မင်းက ဘယ်လောက်အထိ အခုလိုမျိုးကြီး ဆက်ပြောနေဦးမှာလဲ”

「 တုံးအလှသော ကင်ဒေါ့ဂျာသည် မသိရှာပေ။ ကြီးမြတ်လှသော Fourth Wall က ဤမျှ ခက်ခဲသော အလုပ်ကို အဘယ်ကြောင့် လုပ်ဆောင်နေရသည်ကို မသိခြင်းပင်ဖြစ်သည်။ 」

...ဘာလဲဟ။

“ငါနားလည်အောင် မင်းက ဘာလို့ ရှင်းမပြနိုင်ရတာလဲ။ မင်းက ဘာကောင်လဲ။ မင်းက စွမ်းရည်တစ်ခု မဟုတ်ဘူးလား”

「 တုံးအသော ကင်ဒေါ့ဂျာသည် လေထဲတွင် စကားပြောနေပါသည်။ 」

တကယ့်ကို ကောက်ကျစ်သည့်အကောင်ပင်။

「 တုံးအသော ကင်ဒေါ့ဂျာ... 」

“မင်း ရပ်လို့ မရဘူးလား။ ငါ့ကို စွမ်းရည် ပိတ်ပစ်စေချင်တာလား”

ထိုအချိန်တွင် လေထဲ၌ အသံတစ်ခု ကြားလိုက်ရသည်။

「 Fourth Wall က 'အဲဒါ ဆို ရင် ငါ ရပ် ပေး ရ မလား' ဟု မေး လိုက် သည်။ 」

ကျနော် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။ ဤကောင်လေးက ယခုအခါတွင် သူ၏ စိတ်ဆန္ဒကို ပို၍ ရှင်းလင်းစွာ ဖော်ပြနိုင်လာပြီလား။ စဉ်းစားကြည့်မည်ဆိုလျှင် လွန်ခဲ့သည့် အကြိမ်က...

“အေး၊ ရပ်လိုက်တော့။ ငါ အခုလောလောဆယ် အနှောင့်အယှက် မခံချင်ဘူး”

[သီးသန့်စွမ်းရည် 'Fourth Wall' သည် တိတ်ဆိတ်သွားပါသည်။]

နောက်တစ်စက္ကန့်အကြာတွင် ကျနော်သည် ကျနော့်၏ ရွေးချယ်မှုအတွက် နောင်တရမိသွားသည်။ ကျနော့်ပတ်ဝန်းကျင်ရှိ လေထုမှာ အေးခဲသွားသလို ခံစားလိုက်ရ၏။ ထိုအအေးဓာတ်မှာ အရိုးထဲအထိ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။ အဆုတ်ထဲရှိ လေများမှာလည်း ပိတ်ဆို့သွားသလို ခံစားလိုက်ရ၏။

"အဟွတ်..."

ထိုအချိန်တွင်မှ တစ်စုံတစ်ခုကို သတိရလိုက်မိသည်။ ယင်းမှာ ဝေဒနှင့် အိုလံပတ်စ်တို့က ကျနော့်ကို ဇာတ်ဝင်ခန်းနယ်မြေ၏ အပြင်ဘက်သို့ အဘယ်ကြောင့် ပို့ဆောင်ခဲ့သနည်းဆိုသည့် အချက်ပင် ဖြစ်သည်။

ဤအခြေအနေကို သူတို့ ကြိုတင်စီစဉ်ထားခြင်း ဖြစ်သည်။ ‘ကိုယ်စားလှယ် ကင်ဒေါ့ဂျာ’ ကို သတ်ဖြတ်ပြီး ‘နက္ခတ် ကင်ဒေါ့ဂျာ’ကို ရှင်းထုတ်ရန် ကြံစည်မှုပင် ဖြစ်၏။

"အ... ဂူးးး..."

ကျနော် အော်ဟစ်ရန် ကြိုးစားသော်လည်း မည်သည့်အသံမျှ ထွက်မလာပေ။ အသက်ရှူနေသော်လည်း အသက်မရှူရသကဲ့သို့ ခံစားနေရသည်။ တစ်စုံတစ်ယောက်က ကျနော့်အဆုတ်ကို ညှစ်ထားသကဲ့သို့ အသက်ရှူလမ်းကြောင်းမှာ ပိတ်ဆို့နေသည်။ ခေါင်းထဲတွင် ဗလာဖြစ်သွားပြီး ကျနော့်၏အတွေးများမှာ တစ်ခုပြီးတစ်ခု ပျောက်ကွယ်သွားခဲ့သည်။

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုဆိုသည်မှာ ဇာတ်လမ်းများ၏ ကမ္ဘာပင် ဖြစ်သည်။ ကိုယ်စားလှယ်ဖြစ်စေ၊ နက္ခတ်ဖြစ်စေ မည်သူမျှ ချွင်းချက်မရှိချေ။ သက်ရှိတိုင်းမှာ 'ဇာတ်လမ်း' တစ်ခုမှတစ်ဆင့် တည်ရှိနေကြခြင်း ဖြစ်သည်။

[သင်၏ ဇာတ်လမ်းများ ပျက်စီးမှုနှုန်း မြန်ဆန်လာနေပြီ ဖြစ်သည်။]

[သင်၏ တည်ရှိမှုမှာ စတင် ပျောက်ကွယ်နေပြီ ဖြစ်သည်။]

'ဇာတ်လမ်း' များ မရှိသည့်နေရာတွင် မည်သည့်အရာမျှ မတည်ရှိနိုင်ပေ။ ကျနော်ပင်လျှင် ထိုသို့ပင် ဖြစ်သည်။

'ချီး။ ငါ့ကို ကယ်ကြပါဦး'

ကျနော် ပျောက်ကွယ်သွားမည်ကို ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။ Fourth Wall က အဘယ်ကြောင့် ထိုမျှလောက် စကားများနေရသနည်းဆိုသည်ကို ကျနော် နောက်ဆုံးတွင် သဘောပေါက်သွားခဲ့သည်။ သူသည် ကျနော့်ကို ကယ်တင်ရန်အတွက် စဉ်ဆက်မပြတ် ပြောဆိုနေခြင်း ဖြစ်သည်။ ဇာတ်လမ်းများ မရှိသောနေရာတွင် ကျနော့်ကို ဆက်လက် ရှင်သန်နေစေရန်...

ကျနော့်ကို 'ဇာတ်လမ်း' များ ဆက်တိုက် ပြောပြနေခဲ့ခြင်းပင် ဖြစ်သည်။

[သီးသန့်စွမ်းရည် 'Fourth Wall' အသက်ဝင်လာပါပြီ။]

「 Fourth Wall က "ချီး...ထုတ်...ကောင်" ဟု ပြော လိုက် ၏။ 」

ကျနော် အသက်ကို ပြန်ရှူနိုင်သွားခဲ့သည်။

"ဟူး... ဟူး..."

ဇာတ်ဝင်ခန်းမှ ထုတ်ပယ်ခံရခြင်းမှာ ဆိုးရွားလှသည်ဟု သိထားသော်လည်း ဤမျှအထိ ဖြစ်လိမ့်မည်ဟု ကျနော် မမျှော်လင့်ထားခဲ့ပေ။

အမှန်တကယ်က ချောက်ဂျွန်ဂယောင်းပင်လျှင် နက်ဗျူလာတစ်ခု၏ အကူအညီမပါဘဲ ဇာတ်ဝင်ခန်းအပြင်ဘက်၌ မရှင်သန်နိုင်ခဲ့ပေ... ကျနော်သည် အခြေအနေကို ပေါ့ပေါ့လေး တွေးမိသွားခဲ့ခြင်း ဖြစ်သည်။

ဇာတ်လမ်းအချို့ကို စတေးလိုက်မည်ဆိုပါက ပထမဆုံးပစ်မှတ် နယ်မြေသို့ တစ်နည်းနည်းဖြင့် ရောက်ရှိနိုင်မည်ဟု ကျနော် ထင်ခဲ့မိသည်။

အကယ်၍ Fourth Wall သာ မရှိခဲ့လျှင် ကျနော် ရှင်သန်နိုင်ရန် ခဲယဉ်းပေလိမ့်မည်။

「 ကင်ဒေါ့ဂျာက Fourth Wall ကို နောက်တစ်ခါ ဘယ်တော့မှ ပိတ်မပစ်တော့ဘူးဟု တွေးလိုက်သည်။ 」

စိတ်ပျက်လက်ပျက် ဖြစ်နေသော ကျနော်သည် ထိုစကားလုံးများကို မငြင်းဆန်နိုင်ခဲ့ပေ။

"...ဒါနဲ့ မင်း ဘယ်လောက်အထိ တောင့်ခံပေးထားနိုင်မှာလဲ"

「 Fourth Wall က "သိပ်... မ... ကြာ... ဘူး" ဟု ပြော လိုက် သည် 」

Fourth Wall စကားပြောလိုက်သည်နှင့် ပြင်းထန်သော လျှပ်စစ်မီးပွားများ ပေါ်ထွက်လာခဲ့သည်။ အမှန်စင်စစ် နက်ဗျူလာတစ်ခု၏ ဖြစ်နိုင်စွမ်း လိုအပ်သော ကိစ္စရပ်ကို Fourth Wall တစ်ခုတည်းက တောင့်ခံထားနိုင်ခြင်းမှာပင် ထူးဆန်းနေပြီ ဖြစ်သည်။

ကျနော့်မှာ အချိန်အများကြီး မရှိတော့ပေ။ အချိန်မီ အလုပ်မပြီးမြောက်နိုင်ခဲ့ပါက ကျနော် ဤနေရာတွင်ပင် သေဆုံးရပေလိမ့်မည်။

ထိုအချိန်တွင် တစ်နေရာရာမှ အသံတစ်ခု ကြားလိုက်ရသည်။ ထိုအသံမှာ ဖုန်စုပ်စက်တစ်ခု၏ အသံနှင့် ဆင်တူနေပြီး...

「 ကင်ဒေါ့ဂျာသည် ဤအရာမှာ ဘာလဲဆိုသည်ကိုသိရှိလေသည်။ 」

“အေး၊ ငါသိတယ်။ ဇာတ်ဝင်ခန်း သန့်ရှင်းရေးသမားတွေပဲ”

သန့်ရှင်းရေးသမားတစ်ဦး ပေါ်လာခြင်းမှာ ဇာတ်ဝင်ခန်းနယ်မြေ၏ ‘အကြီးစား သန့်ရှင်းရေး’ စတင်နေပြီဟု အဓိပ္ပာယ်ရသည်။

「 ကင်ဒေါ့ဂျာက တွေးလိုက်သည်- သန့်ရှင်းရေး စတင်နေပြီ ဖြစ်သဖြင့် မိုးကုတ်စက်ဝိုင်း၏ မဟာမိစ္ဆာသည် မကြာမီ ကိုယ်ထင်ပြလာတော့မည်။ ဇာတ်ဝင်ခန်း၏ အပျက်အစီးများကြားတွင် လှည့်လည်သွားလာနေသော ဟိုင်အီးနားခွေးအများသည် အရသာရှိလှသော ဤအပျက်အစီးများကို လက်လွတ်ခံလိမ့်မည် မဟုတ်ပေ။ 」

ပေါ်လာသည့် စားများကို ဖတ်ရသည်မှာ အံ့ဩစရာပင်။ သို့သော် သူတို့နှင့် မတွေ့ဆုံမီ ကျနော် တစ်စုံတစ်ခုကို အရင်ရှာဖွေရမည် ဖြစ်သည်။

「 ကင်ဒေါ့ဂျာသည် သူ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်သည်။ 」

ကျနော်သည် ယိုင်တိုင်တိုင်ဖြင့် စတင်ကာ တဖြည်းဖြည်း အရှိန်မြှင့်လိုက်၏။ တိမ်တိုက်ငယ်လေးများနှင့် တူသော အရာများသည် လမ်းမများပေါ်တွင် လှည့်လည်သွားလာနေကြသည်။ ၎င်းတို့မှာ ဇာတ်ဝင်ခန်း သန့်ရှင်းရေးသမားများ ဖြစ်ကြသည်။

၎င်းတို့မှာ သတိထားရမည့် အကောင်များ ဖြစ်သော်လည်း ကျနော်သည် ဂရုမစိုက်ဘဲ ပြေးလွှားနေခဲ့သည်။ မည်သို့ပင်ဆိုစေ သန့်ရှင်းရေးသမားများသည် အဆင့်နိမ့်သတ္တဝါများဖြစ်ပြီး ၎င်းတို့၏ အာရုံခံနိုင်စွမ်းမှာ ကျဉ်းမြောင်းလှသည်။ ကျနော်သာ သေသေချာချာ ရှောင်တိမ်းသွားမည်ဆိုပါက မည်သူမျှ သတိမပြုမိဘဲ ပစ်မှတ်နေရာသို့ ရောက်ရှိရန် မခဲယဉ်းပေ။

ကျနော်သည် ဂွမ်ဟွာမွန်း၏ တောင်ဘက်သို့ ဦးတည်လိုက်သည်။ လွေဂျိလို ၃-ဂါ၊ ချွန်မူရို၊ ဒုံးဂု၊ ယာဆူး၊ ဂူမိုဘူတာ...

ဆယ်လ်မွန်ငါးတစ်ကောင်ကဲ့သို့ ကျနော်သည် ယခင်က ရောက်ရှိခဲ့ဖူးသော နေရာများကို ဖြတ်ကျော်လာခဲ့သည်။ နောက်ဆုံးတွင် အုဆူးဘူတာသို့ ရောက်ရှိသွား၏။

ထိုနေရာ၌ ကျိုးပဲ့နေသော ဒေါင်းဟိုတံတားကို ကျနော် ရင်ဆိုင်လိုက်ရသည်။ ပျက်စီးနေသော တံတားကို ကြည့်ရင်း အတိတ်မှ မှတ်ဉာဏ်များမှာ ကျနော့်ခေါင်းထဲသို့ ဖြတ်ပြေးသွားခဲ့သည်။ ဤနေရာမှာ ယူဂျွန်ဟော့က ကျနော့်ကို အီသီယိုဆော၏ ပါးစပ်ထဲသို့ ပစ်ချခဲ့သော နေရာပင် ဖြစ်သည်။

သူ အခုအချိန်မှာ အဆင်ပြေရဲ့လားတော့ ကျနော် မသိပေ။

အေးပါလေ။ သူ့မှာ သူ့ကို ကူညီပေးမယ့် ဟန်ဆိုယောင်း ရှိနေတာပဲ။

ကျနော်သည် ကျိုးပဲ့နေသော တံတားကို ပေါ့ပါးစွာဖြင့် ခုန်ကူးလိုက်သည်။ အတိတ်ကာလကမူ ဤတံတားကို Deus X Machina ကို အသုံးပြုမှသာ ဖြတ်ကျော်နိုင်ခဲ့ခြင်း ဖြစ်၏။ ယခုမူ တစ်ချက်တည်း ခုန်လိုက်ရုံဖြင့် လုံလောက်နေပြီ ဖြစ်သည်။

ဤအခိုက်အတန့်မှာ ဇာတ်ဝင်ခန်း စတင်ချိန်မှစ၍ မည်မျှအထိ ပြောင်းလဲသွားခဲ့သည်ကို ပြသနေသည့် အခိုက်အတန့်ပင် ဖြစ်၏။

သို့သော် ကျနော့်မှာ သွားရမည့်လမ်း ဝေးနေသေး၏။ ကျနော် ဖြတ်ကျော်ရမည့် အရာများသည် ကျိုးပဲ့နေသော ဤတံတားထက် အဆမတန် ဝေးကွာသော နေရာတွင် ကျနော့်ကို စောင့်ကြိုနေကြသည်။

နောက်ဆုံးတွင် တစ်ဝက်တစ်ပျက် ပျက်စီးနေသော မြေအောက်ရထားတွဲတစ်ခုဆီသို့ ကျနော်ရောက်ရှိသွားခဲ့သည်။ ဤနေရာမှာ ဇာတ်ဝင်ခန်းအားလုံး၏ အစပြုရာပင် ဖြစ်၏။ ကျနော်သည် မြေအောက်ရထား၏ ပုံစံကို ကြည့်လိုက်ပြီးနောက် အတွင်းသို့ ဝင်ကာ အပျက်အစီးများကြားတွင် ရှာဖွေလိုက်သည်။

ကျနော် မည်မျှကြာအောင် ရှာဖွေနေမိသနည်း။ နောက်ဆုံးတွင် ကျနော် ရှာဖွေနေသော အရာကို တွေ့ရှိသွားခဲ့သည်။ ယင်းမှာ အဖြူရောင် တောက်ပနေသော ပစ္စည်းသေတ္တာတစ်လုံးပင် ဖြစ်၏။ ပစ္စည်းသေတ္တာပေါ်တွင် မက်ဆေ့ချ်တိုလေး တစ်စောင် ရှိနေသည်။

[–ကင်ဒေါ့ဂျာ၊ မင်းကို ငါယုံကြည်လို့ရမလား။ မင်းတောင်းဆိုထားတဲ့အတိုင်း ထားခဲ့ပေးတယ်။ ငါ့ရုပ်သံလိုင်းရဲ့ ကိုယ်စားလှယ်တစ်ယောက် ဖြစ်ပေးခဲ့လို့ ကျေးဇူးပဲ]

ဤမက်ဆေ့ချ်ကို မည်သူရေးခဲ့သည်မှာ အလွန်ပင် သိသာလွန်းလှသည်။

[–ကျေးဇူးပြုပြီး၊ အသက်ရှင်နေပေးပါ]

သေချာတာပေါ့။ ငါ သေမှာ မဟုတ်ပါဘူးကွာ။

ပစ္စည်းသေတ္တာကို ကျနော်ဖွင့်လိုက်၏။ သေတ္တာထဲတွင် ဒင်္ဂါး ၃၀၀,၀၀၀ နှင့် ဝယ်ယူရန် ကျနော်တောင်းဆိုထားသော ပစ္စည်းများ ပါရှိသည်။

[ဝိသေသ လက္ခဏာသစ်တစ်ခုကို ရရှိခဲ့ပါသည်။]

[ပစ္စည်း 'ဒိုကဲဘီဥ' ကို ရရှိခဲ့ပါသည်။]

['မကျိုးပဲ့နိုင်သောယုံကြည်မှု' ပစ္စည်းကို ရရှိခဲ့ပါသည်။]

...

ကျနော်သည် ပစ္စည်းအားလုံးကို သိမ်းဆည်းကာ မြေအောက်ရထားထဲမှ ထွက်လာခဲ့သည်။ ထိုသူသည် အချိန်ကိုက်ပင် လာနေပြီ ဖြစ်၏။ ကျနော်သည် တံတားပေါ်တွင် ထိုင်ကာ စောင့်ဆိုင်းနေလိုက်သည်။

မကြာခင်မှာပဲ ထိုသူ ရောက်လာတော့မည်။

ကျနော် ထိုသို့ တွေးနေစဉ်မှာပင် ဇာတ်လမ်း အဆုံးသတ်ရာ မိုးကုတ်စက်ဝိုင်းမှ လူတစ်ယောက် ပေါ်လာခဲ့သည်။ သူသည် ပါးတစ်ဖက်တွင် အကျိတ်ကြီးတစ်ခု ပါရှိသော အဘိုးအိုတစ်ဦး ဖြစ်၏။ သူသည် ကျနော် ဤနေရာတွင် ရှိနေသည်ကို သိထားသည့်အလား ထူးဆန်းသော အမူအရာဖြင့် ကျနော့်ဘက်သို့ လမ်းလျှောက်လာခဲ့သည်။

“မင်းက ကယ်တင်ခြင်း၏ မိစ္ဆာဘုရင် လား”

ကျနော်သည် သူ့ကို ခေတ္တမျှ ကြည့်လိုက်ပြီးနောက် အမိုးခုံး၏ အပြင်ဘက်မှ လင်းလက်နေသော မိုးသောက်ယံ အလင်းတန်းဆီသို့ အကြည့်လွှဲလိုက်သည်။

ထိုအလင်းတန်း၏ ဟိုဘက်အခြမ်းတွင် ကျနော့်ကို စောင့်ကြိုနေမည့် နက်ဗျူလာများအကြောင်းကို ကျနော် တွေးတောမိလိုက်သည်။ သူတို့ကတော့ ကျနော့်ကို သေသွားပြီဟု ထင်နေကြလောက်ပြီ။

အိုလံပတ်စ်၊ ဝေဒ၊ ပါပီရပ်စ်...

သူတို့ တစ်ယောက်ချင်းစီကို ကျနော် မှတ်မိနေသည်။ ကိုယ်စားလှယ်များ၏ ဇာတ်လမ်းများကို ကြည့်ကာ လှောင်ပြောင်ရယ်မောရင်း နောက်ဆုံးတွင် ၎င်းတို့ကိုယ်တိုင် ပျော်ရွှင်မှု ရှာဖွေခဲ့ကြသည့် နက္ခတ်များ အားလုံးကိုပေါ့။

မင်းတို့အားလုံး ခဏလောက်တော့ ထမင်းဝဝစားထားကြ။

「 အဲ့ဒီကောင်းကင်ဘုံကနေ မင်းတို့အားလုံးကို ငါ ဆွဲချပစ်မယ် 」

All Chapters