← Chapters

အခန်း (၁၈၃-၁၈၄)

Vol. 13 Ch. 183-184

အခန်း (၁၈၃-၁၈၄)

Vol. 13 Ch. 183-184

အခန်း ၁၈၃

- အပိုင်း ၃၅ - ၇၃ပါးမြောက် မိစ္ဆာဘုရင် (၂)

ယူဂျွန်ဟော့၏ တစ်ဖက်သတ် အကြောင်းကြားချက်အပေါ် တုံ့ပြန်မှုများမှာ ပြင်းထန်လွန်းလှသည်။

ယူဂျွန်ဟော့က အကြောင်းကြားချက်ကို ပြောကြားပြီး ပျောက်ကွယ်သွားပြီးနောက် ယောင်ဟီဝန်က ပထမဆုံး စတင်အော်ဟစ်လေတော့သည်။

“ဘာလို့ နင်ကပဲ နင့်သဘောအတိုင်း ဆုံးဖြတ်နေရတာလဲ။ သုံးရက်အတွင်း ထွက်ခွာမယ်၊ အဲ့ဒီအချိန်အထိ အဆင့်တွေတိုးအောင်လုပ်ထားကြဆိုပြီး ပြောပြီး ထွက်သွားရင် ငါတို့ကပဲ ငြိမ်ခံပြီး နားထောင်နေရမှာလား”

“ငါ့ကို ပြောတုန်းကလည်း အဲ့ဒီအတိုင်း ပြောသွားတာပဲ”

“...ဒေါ့ဂျာကရော အဲ့ဒီအတိုင်း ဖြစ်စေချင်တာလား”

“ဟင့်အင်း”

ယောင်ဟီဝန်မှာ ဒေါသအရှိန် မပြယ်သေးပေ။

ကျနော်ပြောလိုက်သည်။

“ဒါပေမဲ့လည်း ယူဂျွန်ဟော့ ပြောတဲ့အတိုင်း လုပ်တာက ရှင်သန်ဖို့ အခွင့်အလမ်း ပိုများတယ်”

“နင်က ဘယ်သူ့ဘက်ကလဲ။ ဒေါ့ဂျာ”

“အဲ့ဒါကတော့...”

အဝေးက ယူဂျွန်ဟော့ကို တစ်ချက်ကြည့်လိုက်ပြီး ပုခုံးတွန့်ကာ ကျနော် ပြုံးပြလိုက်၏။

“ဘာပဲဖြစ်ဖြစ် အားလုံးကို ပြန်တွေ့ရတာ ဝမ်းသာပါတယ်။ ဒါနဲ့ဆို သုံးကြိမ်မြောက် ရှင်သန်ခြင်းပဲ”

ယူဂျွန်ဟော့၏ စကားကြောင့် တင်းမာနေခဲ့ကြသော လူများမှာ ကျနော့်ကို အားနာသလို ပြုံးလိုက်ကြသည်။ လီဂီယောင်နှင့် ရှင်ယူဆောင်းတို့မှာ ကျနော်၏ ခြေထောက်များကို ဖက်တွယ်ထားကြပြီး လီဟန်းဆောင်ကမူ အနည်းငယ် ညှိုးငယ်သော မျက်နှာပေးဖြင့် ခေါင်းညိတ်ပြသည်။

“ပြန်ပြီးအသက်ရှင်လာတဲ့အတွက် ဂုဏ်ယူပါတယ်။ အကြိမ်အနည်းငယ် ရှိပြီဆိုတော့ ကျုပ်လည်း ကျင့်သားရနေပါပြီ”

“ခင်ဗျားက ကျင့်သားရနေပြီဆိုတော့ ကျနော် စိတ်မကောင်းဖြစ်ရတာပေါ့။ အရင်ဆုံး အခြေအနေတွေကို ပြန်စီစဉ်ရအောင်”

ယူဂျွန်ဟော့က တစ်ဖက်သတ် ပြောချင်ရာ ပြောသွားခဲ့သော စကားများမှာ ဤသို့ဖြစ်သည် -

– အဖွဲ့နှစ်ဖွဲ့ ခွဲမယ်။ ငါ့အဖွဲ့နဲ့ ကင်ဒေါ့ဂျာအဖွဲ့။ တစ်ဖွဲ့ကို လေးယောက်စီ ခွဲမယ်။

– ငါ့အဖွဲ့မှာ လီဟန်းဆောင်၊ ဂုံဖီဒူ၊ လီဂျီဟယ်နဲ့ လီဆောဟွာတို့ ပါဝင်မယ်။ သူတို့ လေးယောက်ပဲ။

– ကင်ဒေါ့ဂျာအဖွဲ့မှာ ယောင်ဟီဝန်၊ ရှင်ယူဆောင်း၊ လီဂီယောင်နဲ့ ယူဆန်းအာတို့ ပါဝင်မယ်။ အဲ့ဒါက နောက်ထပ် လေးယောက်။

အဆုံးသတ်တွင် ယူဂျွန်ဟော့၏ အဖွဲ့ဖွဲ့စည်းပေးသွားပုံမှာ ကျနော်၏နဂိုရှိမြဲအဖွဲ့အတိုင်းသာ ဖြစ်သည်။ ကျနော်နှင့်အတူ ဇာတ်ဝင်ခန်းများကို အတူဖြတ်ကျော်ခဲ့သော အပေါင်းအဖော်များက ဒသမမြောက် ဇာတ်ဝင်ခန်းကို စိန်ခေါ်ရမည်ဟု ဆိုလိုခြင်းပင်။ ယူဂျွန်ဟော့က ကျနော်ကို ထောက်ထားညှာတာပေးခြင်း ဖြစ်နိုင်သလို သူကိုယ်တိုင်အတွက် ပိုအဆင်ပြေစေရန်လည်း ဖြစ်နိုင်သည်။ ယူဂျွန်ဟော့၏ စရိုက်အရ ဆိုလျှင် နောက်ဆုံးအချက်က ပို၍ ဖြစ်နိုင်ချေရှိသည်။

အဖွဲ့ဝင်အားလုံးမှာ လူစာရင်းအပေါ် ကြီးကြီးမားမား ကန့်ကွက်မှု မရှိကြသော်လည်း လီဟန်းဆောင်ကမူ အနည်းငယ် စိတ်မကောင်းဖြစ်နေသည်။

“ကျုပ်က ဒေါ့ဂျာ့အဖွဲ့ထဲမှာပဲ နေချင်တာ...”

“အားလုံးက အတူတူသွားကြမှာပဲဆိုတော့ အဖွဲ့က သိပ်အရေးမကြီးပါဘူး”

“...ဟုတ်ကဲ့ပါ”

လီဟန်းဆောင်၏ ပုခုံးကို ပုတ်ပေးလိုက်ပြီး ကျန်ရှိသည့် အဖွဲ့ဝင်များဘက်သို့ ကျနော် လှည့်ကြည့်လိုက်သည်။ ကျနော်၏ မျက်လုံးထဲသို့ ပထမဆုံး ဝင်လာသူမှာ ယူဆန်းအာ ဖြစ်သည်။ ကိစ္စအတော်များများ ဖြစ်ပျက်ခဲ့သဖြင့် ယူဆန်းအာနှင့် မျက်လုံးချင်းဆုံရသည်မှာ ထူးဆန်းသလို ခံစားနေရသည်။

ခဏအကြာတွင် ယောင်ဟီဝန်က ကျနော့်ကို လက်ဖြင့် တို့လိုက်သည်။

“ဘာလဲ။ ယူဆန်းအာကို တရုတ်ဝတ်စုံနဲ့ ခြေအိတ်ရှည်တွေ ဝတ်စေချင်နေတာလား”

“...အခုထိ အဲ့ဒီအကြောင်း ပြောနေတုန်းလား”

“အဲ့ဒါက တော်တော်လေး အံ့ဩစရာကောင်းခဲ့တာပဲလေ။ ငါတို့က အဲ့ဒါကို ‘ကင်ဒေါ့ဂျာရဲ့ ခြေအိတ်ရှည် ဖြစ်ရပ်မှန်’ လို့တောင် နာမည်ပေးထားတာ။ ဒါနဲ့ စကားမစပ်၊ ငါကတော့ သေရင်တောင် အဲ့ဒါမျိုး ဝတ်မှာမဟုတ်ဘူးနော်”

“ငါလည်း နင့်ကို မဝတ်စေချင်ပါဘူး”

ထိုစဉ် လီဂျီဟယ်က လက်ထောင်လိုက်သည်။

“ကျမကတော့ စွမ်းဆောင်ရည်ကောင်းမယ်ဆိုရင် ဝတ်ဖို့ အသင့်ပဲ။ SSS-အဆင့်လောက်ဆိုရင်ပေါ့”

“လျှောက်ပြောမနေနဲ့တော့”

“စွမ်းဆောင်ရည်ကောင်းမယ်ဆိုရင်တော့ ကျုပ်လည်း ဝတ်နိုင်ပါတယ်”

“လီဟန်းဆောင်ခင်ဗျားကပါ ဘာလို့ဝတ်ချင်ရတာလဲ”

“စစ်သားဆိုတာ ကိရိယာတန်ဆာပလာကို ရွေးနေလို့မဖြစ်ဘူးလေဗျာ”

လီဟန်းဆောင်၏ စစ်သားစိတ်ဓာတ်ကို လွဲမှားသောနေရာတွင် အသုံးပြုနေကြောင်း ပြောရန် ပြင်လိုက်စဉ် ယူရီအယ်ထံမှ မက်ဆေ့ချ်တစ်ခု ရောက်လာသည်။

[ခြေအိတ်ရှည်ကို ဖန်တီးခဲ့သော နက္ခတ်က ယောက်ျားလေးတစ်ယောက်ပါဟု ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က ပြောကြားလိုက်သည်။]

လာနောက်နေတာလား။ ချီး။ ဘာလဲဟ။ နောက်ထပ် နက္ခတ်တစ်ပါးကလည်း ဝင်ပြောနေပြန်ပြီ။

[‘အမှောင်ဆုံးသော နွေဦး၏ ဘုရင်မ’ နက္ခတ်က ပြုံးလျက်၊ သူ့ကို တစ်ခေါက်လောက် ဖိတ်ကြားလိုက်မယ်ဟု ပြောပါသည်။]

စဉ်းစားကြည့်မှ ဤအခြေအနေအားလုံးသည် ပါစီဖုန်းကြောင့် ဖြစ်လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ ကျနော် ငရဲပြည်ကို ပြန်သွားဖြစ်ခဲ့လျှင် ပါစီဖုန်းကို သေချာပေါက် ပြန်ပြောရပေမည်။

“ဒါနဲ့... အားလုံးရဲ့ အဆင့်တွေက ဘယ်လောက်လဲ။ သိကြတဲ့အတိုင်း ရှေ့ဆက်ဖို့ဆိုရင် ထိပ်သီး ၁၀ ယောက်စာရင်းထဲမှာ ပါရမှာနော်”

အဖွဲ့ဝင်များက တစ်ယောက်ပြီးတစ်ယောက် ပြန်ဖြေကြသည်။ ပထမဆုံးမှာ ယောင်ဟီဝန် ဖြစ်သည်။

“ငါက အဆင့် ၄။ အဖွား လီဘုတ်ဆွန်းဆီကနေ အဆင့်ကို ရခဲ့တာ”

“အကိုကြီး၊ ရှင်ယူဆောင်းနဲ့ ကျနော်ကတော့ အဆင့် ၈ နဲ့ ၉။ ဟဲဟဲ၊ ကျနော်က ရှင်ယူဆောင်းထက် အဆင့်ပိုမြင့်တယ်”

“ကျမကတော့ အဆင့် ၅ ပါ။ ဂုံဖီဒူကတော့ သူ့အဆင့်ကို မြှင့်ဖို့အတွက် ထွက်သွားပြီ။ ဟန်ဆိုယောင်းလည်း ရှိသေးတယ်နော်”

ကျနော် ဟန်ဆိုယောင်းအကြောင်းကို မေ့နေခဲ့သည်။ ယူဆန်းအာက ကျနော်၏ အတွေးကို ဖတ်မိသကဲ့သို့ မေးလိုက်သည်။

“ဟန်ဆိုယောင်းက စာရင်းထဲမှာ မပါဘူးနော်။ သူ့ကို ထားခဲ့မလို့လား”

“ဟင့်အင်း၊ ခေါ်သွားမှာပါ။ ဟန်ဆိုယောင်းက အတော်လေး အသုံးဝင်တယ်လေ”

“...ဪ….. ဟုတ်လား”

ဟန်ဆိုယောင်းအကြောင်း ကြားလိုက်ရသည်နှင့် ယူဆန်းအာက အားမပါသော အပြုံးဖြင့် ပြုံးလိုက်သည်။

အခြားအဖွဲ့ဝင်များမှာ ဟန်ဆိုယောင်းသည် ပထမဆုံးသော ပရောဟိတ်ဖြစ်ကြောင်း မသိကြသေးပေ။ ယူဆန်းအာသည် လိမ်ညာရသည်ကို မနှစ်သက်သဖြင့် ဟန်ဆိုယောင်းအကြောင်း ပါလာတိုင်း စိတ်အနှောင့်အယှက် ဖြစ်နေတတ်သည်။ ဤအကြောင်းကို မည်သည့်အချိန်တွင် ဖွင့်ပြောရမည်ကို ကျနော် မသိသေးပေ။

ဘေးနားမှ နားထောင်နေသော ယောင်ဟီဝန်က ဝင်ပြောလိုက်သည်။

“စုစုပေါင်း ၁၀ ယောက်ပဲ တက်လို့ရတာလေ။ နင်က ဟန်ဆိုယောင်းကို ဘယ်လို ခေါ်သွားမှာလဲ”

“မူအရဆိုရင်တော့ ၁၀ ယောက်ပဲ သွားလို့ရတာပါ။ ဒါပေမဲ့ ဝှက်ထားတာတစ်ခု ရှိတယ်။ မဟူရာရဲတိုက်မှာ ရနိုင်တဲ့ ပစ္စည်းတွေထဲမှာ ‘ခြောက်ယောက်တွဲကတ်’ ဆိုတာ ရှိတယ်။ အဲ့ဒါကို သုံးရင် အဖွဲ့ဝင်မဟုတ်တဲ့သူတွေလည်း နောက်ဇာတ်ဝင်ခန်းမှာ ပါဝင်နိုင်လိမ့်မယ်”

“...ဒါက ဝှက်ထားတဲ့ပစ္စည်းတစ်ခုပေါ့လေ။ ငါတို့ကို ပြောပြချင်တာ တခြားရှိသေးလား။ နောက်ဇာတ်ဝင်ခန်းက ဘာအကြောင်းလဲဆိုတာ ငါတို့ သိထားဖို့ လိုမယ်ထင်တယ်။ နင်နဲ့ ယူဂျွန်ဟော့နဲ့က အမြဲတမ်း တိုးတိုးတိုးတိုးနဲ့ တိုင်ပင်နေကြတာပဲ”

“တိုးတိုးတိုင်ပင်တယ်ဟုတ်လား။ အဲ့ဒီအသုံးအနှုန်းက နည်းနည်းတော့ အဆင်မပြေဘူးနော်”

[‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’ နက္ခတ်က နှာရည်ယိုနေပါသည်။]

ယောင်ဟီဝန်က ကျနော်ကို ကြည့်ကာ ပြုံးလိုက်သည်။

“ဒါဆိုရင် ပြောပြလေ။ ကင်ဒေါ့ဂျာ၊ နင်က ယူဂျွန်ဟော့နဲ့ မတူဘူးဆိုတာ ငါ့ကို သက်သေပြစမ်းပါ”

ကျနော် ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်သောအခါ အဖွဲ့ဝင်များမှာ အဖွားဖြစ်သူ ပြောပြမည့် ပုံပြင်ကို စောင့်စားနေကြသော မြေးများကဲ့သို့ ကျနော်ကို စိုက်ကြည့်နေကြသည်။

အကယ်၍ ကျနော်သာ ရုပ်သံထုတ်လွှင့်သူတစ်ဦး ဖြစ်ခဲ့လျှင် ‘ဟိုးရှေးရှေးတုန်းက နေထိုင်ခဲ့တဲ့ အစွမ်းထက်သူတစ်ယောက်’ အကြောင်းကို ဆီလျော်အောင် လုပ်ကြံပြောပြမိပေမည်။ သို့သော် ကျနော်သည် စာရေးဆရာ ကင် မဟုတ်ဘဲ ကင်ဒေါ့ဂျာ သက်သက်သာ ဖြစ်သည်။

“မိစ္ဆာဘုရင်လို့ ခေါ်တဲ့ ဖြစ်တည်မှုအကြောင်း နင်တို့ ကြားဖူးကြလား”

“မိစ္ဆာဘုရင်ဟုတ်လား”

မျှော်လင့်မထားသော စကားလုံးကြောင့် အဖွဲ့ဝင်များမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

“ဘာတုန်း... မိစ္ဆာတွေရဲ့ ဘုရင်လား။ အဲ့ဒီလိုမျိုး ရှိလို့လား”

“ကျနော် သိတယ်၊ anime တွေထဲမှာ ခဏခဏ ပါတယ်လေ”

လီဂီယောင်၏ စကားကို ကင်ဒေါ့ဂျာ ခေါင်းငြိမ့်ပြလိုက်သည်။

“အကြမ်းဖျင်းတော့ ဆင်တူပါတယ်”

Ways of Survival ထဲက နောက်ခံအကြောင်းအရာတွေနဲ့တော့ နည်းနည်းကွာသော်လည်း အဓိကအချက်ကိုတော့ ရှင်းပြထားသည်။

“ဒသမမြောက် ဇာတ်ဝင်ခန်းက ငါတို့တွေ မိစ္ဆာဘုရင်နဲ့ တိုက်ရမယ့် အခန်းပဲ”

လီဟန်းဆောင်က ခေါင်းငြိမ့်လိုက်သည်။

“ဒိုကဲဘီတွေ၊ ပြန်လာသူတွေ၊ လက်တံတွေပါတဲ့ သားရဲတွေကို ကြုံပြီးပြီဆိုတော့ သေချာပေါက် မိစ္ဆာဘုရင် ထွက်လာရမယ့် အချိန်ရောက်ပြီပေါ့လေ”

နားထောင်နေသော လီဂျီဟယ်က မေးလာသည်။

“မိစ္ဆာဘုရင်ဆိုတာ အရမ်းကြီး သန်မာမနေဘူးလား။ မိစ္ဆာအမတ်တောင်မှ အဲ့လောက် အစွမ်းထက်နေတာ... မိစ္ဆာဘုရင်ဆိုရင် သူနဲ့ယှဉ်ရင် ဘယ်လောက်တောင် သန်မာလိုက်မလဲ”

ကင်ဒေါ့ဂျာ ခေတ္တမျှ စဉ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

“နက္ခတ်အဆင့်လောက် ရှိလိမ့်မယ်”

Ways of Survival ထဲမှာ မိစ္ဆာဘုရင်တွေနဲ့ ပတ်သက်ပြီး အဆိုတစ်ခု ရှိခဲ့သည်။ သူတို့သည် အထက်ဘုံသို့ မတက်လှမ်းရသေးသည့် နက္ခတ်များသာ ဖြစ်၏။ ဒဲ့ပြောရလျှင် မိစ္ဆာဘုရင်ဆိုသည်မှာ ဤကမ္ဘာနှင့် ကပ်ငြိနေသော နက္ခတ်များပင် ဖြစ်သည်။

လီဂျီဟယ် မျက်နှာဖြူလျော်သွားသည်။

“ဒါဆို အဲ့ဒါကို ကျမတို့က ဘယ်လိုသတ်မှာလဲ။ ဒါမှမဟုတ် ရှင်နဲ့ ဆရာပဲ သတ်မှာလား”

“မဟုတ်ဘူး၊ ဒီတစ်ခါတော့ ငါတို့အားလုံး ဝိုင်းသတ်ကြရမှာ”

“...ငါတို့ လုပ်နိုင်ပါ့မလား”

“အားလုံးသာ စုပေါင်းတိုက်ခိုက်ကြမယ်ဆိုရင် လုပ်နိုင်ပါတယ်။ ယူဂျွန်ဟော့နဲ့ ငါဟာ မျိုးစိတ်ပြင်ပသတ္တဝါကို အနိုင်ရခဲ့တာက ကံသက်သက်ပဲ။ အဲ့ဒီလိုမျိုးက နှစ်ခါ ပြန်မဖြစ်နိုင်ဘူး”

“ဒါပေမဲ့လည်း...”

“မစိုးရိမ်ပါနဲ့။ မိစ္ဆာဘုရင်တစ်ပါးက နက္ခတ်တစ်ပါးလောက် သန်မာတာ မှန်ပေမဲ့ အပေါ်ထပ်မှာ ရှိနေတဲ့တစ်ယောက်ကတော့ အဲ့လောက်ထိ မသန်မာပါဘူး”

“ပြီးတော့ရော”

ကျနော် ခေတ္တတွေဝေသွားသည်။ အချက်အလက်အားလုံးကို တစ်ပြိုင်နက်တည်း အကုန်မပြောပြချင်သေးပေ။ ဤအချက်အလက်များမှာ မိစ္ဆာဘုရင်များအကြောင်းသာမက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ နက္ခတ်များအကြောင်းလည်း ပါဝင်နေသောကြောင့် ဖြစ်သည်။

ကျနော် စဉ်းစားလိုက်ပြီးမှ အဖွဲ့လိုက် စကားပြောခန်းမှတစ်ဆင့် ပြောပြရန် ဆုံးဖြတ်လိုက်သည်။

[ငါ ပြောပြမယ်]

ထိုစဉ် ကျနော်၏ စိုးရိမ်မှုကို သိနေသည့်အလား လေထုထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

[ဟေ့…အားလုံးပဲ၊ မတွေ့ရတာ ကြာပြီနော်။ ငါ မင်းတို့ကို စကားမပြောနိုင်ခဲ့ပဲဖြစ်နေတုန်းက မင်းတို့နဲ့စကားပြောချင်လွန်းလို့ သေမတတ်ပဲ။ ဟားဟား၊ ဇာတ်ဝင်ခန်းအတွက် အဆင်သင့်ဖြစ်ကြပြီလား]

အသံပိုင်ရှင်မှာ ဘီဟွန်းပင် ဖြစ်သည်။

…………………………………………………………………………………………

မူလ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် ၇၂ ဦးကိုသာ 'မိစ္ဆာဘုရင်' များအဖြစ် အသိအမှတ်ပြုထားသည်။ သူတို့တွင် နက္ခတ်များကဲ့သို့ ဘွဲ့အမည်များ ရှိကြပြီး မိစ္ဆာနယ်မြေရှိ မတူညီသော နိုင်ငံများကို အုပ်ချုပ်ကြသည်။ မိစ္ဆာဘုရင်သည် နက်ဗျူလာတစ်ခုနှင့် မယှဉ်နိုင်သော်လည်း 'အင်အားစု' များကို ဦးဆောင်သည့်သူများ အဆင့်တော့ ရှိနေဆဲပင်။ သူတို့ထံတွင် နက္ခတ်တစ်ပါး၏ ဂုဏ်ကျက်သရေကို တွယ်ကပ်နေပြီး သူတို့သည် ဒိုကဲဘီများပင် စွန့်ခွာသွားသော မြေပေါ်တွင် ကျန်ရစ်ခဲ့သည့် နက္ခတ်များကို လှောင်ရယ်ကြ၏။

ထိုအကြောင်းကြောင့်ပင် ဖြစ်မည်။ နက္ခတ်များသည် မျိုးစိတ်ပြင်ပသတ္တဝါများကို မုန်းတီးသကဲ့သို့ မိစ္ဆာဘုရင်များကိုလည်း မုန်းတီးကြသည်။ ဤမဟူရာရဲတိုက် ဇာတ်ဝင်ခန်းမှာ ထိုကဲ့သို့သော နက္ခတ်များ၏ လိုလားချက်ကို ထည့်သွင်းစဉ်းစားကာ ဖန်တီးထားခြင်း ဖြစ်သည်။

သူတို့သည် ကိုယ်စားလှယ်များ တိုက်ခိုက်ပြီး မိစ္ဆာဘုရင်ကို သတ်ဖြတ်သည်ကို ကြည့်ရှုကြသည်။ အကျဉ်းချုပ်ပြောရလျှင် ဤဇာတ်ဝင်ခန်းသည် နက္ခတ်များအတွက် စိတ်ကျေနပ်မှု ရရှိစေရန် ဖန်တီးထားသည့် ဇာတ်ဝင်ခန်းတစ်ခု ဖြစ်ပေသည်။

"အား... တောင်းပန်ပါတယ်။ ငါ မသွားတော့ဘူး"

သုံးရက်ကြာပြီးနောက် မဟူရာရဲတိုက်၏ အစွန်အဖျားတွင် ပုန်းနေသော ဟန်ဆိုယောင်းကို ကျနော် ရှာတွေ့ခဲ့သည်။ ဒိုကဲဘီအိတ်ထဲမှ ချည်နှောင်သော ကြိုးမျှင်နှင့် အသက်ရှာဖွေခြင်း ပစ္စည်းများကို မဝယ်ခဲ့လျှင် ဟန်ဆိုယောင်းကို ရှာတွေ့နိုင်မည် မဟုတ်ပေ။

ဟန်ဆိုယောင်းက အော်ပြောလိုက်သည်။

"ငါ မတိုက်ဘူး။ ဒီမှာပဲ စောင့်နေပြီး နင်တို့တွေ ဇာတ်ဝင်ခန်း ပြီးအောင်လုပ်လို့ ရတဲ့အခါမှပဲ ထွက်လာတော့မယ်"

"နင် သွားရမယ်"

"ငါက မိစ္ဆာဘုရင်နဲ့ မတိုက်ချင်ဘူး"

"၇၃ ပါးမြောက် မိစ္ဆာဘုရင်က ပျော့တီးပျော့ဖတ်လေးပါ။ နင်လည်း အဲ့ဒါကို သိပြီးသား မဟုတ်ဘူးလား"

အစောပိုင်းက ပြောခဲ့သလိုပင် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် ၇၂ ဦးကိုသာ မိစ္ဆာဘုရင်အဖြစ် အသိအမှတ်ပြုထားသည်။ သို့သော် ဤဇာတ်ဝင်ခန်း၏ အမည်မှာ ၇၃ ပါးမြောက် မိစ္ဆာဘုရင် ဖြစ်သည်။ တစ်နည်းအားဖြင့်ဆိုရသော် အပေါ်ထပ်တွင် ရှိနေသောကောင်မှာ 'တရားဝင် ဘုရင်' မဟုတ်ပေ။

"သူက မိစ္ဆာဘုရင် ဖြစ်နေတုန်းပဲ ဆိုပေမဲ့ ငါတို့ အခုအချိန်ထိ တွေ့ခဲ့တဲ့ ဒဏ္ဍာရီလာအဆင့် နက္ခတ်တွေလောက်တော့ မသန်မာဘူး။ တိုက်ရတာ တန်ပါတယ်"

"ခက်ခဲမှုအဆင့်က ပြောင်းသွားနိုင်တာပဲ။ အရင်ကလည်း တစ်ခါနှစ်ခါထက်မက ပြောင်းခဲ့ဖူးတာ မဟုတ်ဘူးလား"

"ဒိုကဲဘီတွေက အဓိကဇာတ်ဝင်ခန်းရဲ့ ခက်ခဲမှုအဆင့်ကို မပြောင်းလဲနိုင်ဘူး။ အဲ့ဒါက ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုရဲ့ လုပ်ပိုင်ခွင့်ပဲ"

"ဒိုကဲဘီတွေက အန္တရာယ်ရှိတယ်လို့ နင်မထင်ဘူးလား။ လွန်ခဲ့တဲ့ သုံးရက်က ဘာဖြစ်ခဲ့လဲဆိုတာ နင် မေ့သွားပြီလား"

ဟန်ဆိုယောင်း ဤသို့ တွေးတောခြင်းမှာ မဆန်းပေ။ ဟန်ဆိုယောင်းမှာ မူရင်းဝတ္ထု၏ ဖြစ်စဉ်ကို သိနေသူ ဖြစ်သည်။

"ငါတို့ ဒီဇာတ်ဝင်ခန်းတွေကို ဆက်သွားနေမယ်ဆိုရင် တစ်ဖွဲ့လုံး မကြာခင် သုတ်သင်ခံရလိမ့်မယ်။ နက်ဗျူလာတွေက နင့်ကို ပစ်မှတ်ထားနေမှန်း နင် သိသားပဲလေ"

"...ငါ သိပါတယ်။ ဒါကြောင့်လည်း ငါ ကောင်းကောင်း ပြင်ဆင်ထားတာပေါ့"

"ပြင်ဆင်ထားတယ်ဟုတ်လား။ မဟုတ်သေးပါဘူး။ နင် ဘယ်လို ပြင်ဆင်ထားတာလဲ။ နောက်ထပ် ဇာတ်ဝင်ခန်းမှာ ဘာဖြစ်မလဲဆိုတာ နင် သိလို့လား"

သူတို့ စခန်းသို့ ရောက်ရှိလာပြီး ကင်ဒေါ့ဂျာ ဘာမှမပြောဘဲ အဖွဲ့ဝင်များကို လက်ညှိုးထိုးပြလိုက်သည်။ သူတို့သည် အစီအစဉ်တကျ လေ့ကျင့်နေကြသည်။ သူတို့သည် စိတ်ကူးထဲတွင် ရန်သူရှိသည်ဟု မှတ်ယူကာ အစီအစဉ်များ ပြောင်းလဲခြင်းနှင့်အတူ စွမ်းရည်များကို ချိတ်ဆက် အသုံးပြုရန် လေ့ကျင့်နေကြခြင်း ဖြစ်၏။

"လီဂီယောင်နဲ့ ရှင်ယူဆောင်း၊ နောက်ဆုတ်လိုက်။ ယူဆန်းအာ ရှေ့ကိုသွားပြီး အဲ့ဒါကို ရင်ဆိုင်လိုက်ပါ"

"နားလည်ပြီ"

တည်ငြိမ်ပြီး စနစ်တကျရှိလှသော တိုက်ခိုက်မှုများသည် အတိတ်ကနှင့် နှိုင်းယှဉ်၍မရနိုင်တော့ပေ။ အဖွဲ့ဝင်များ၏ တိုက်ခိုက်မှုစွမ်းအားများမှာ တစ်ခုနှင့်တစ်ခု ထပ်တူကျနေပြီး ရန်သူ၏ တိုက်ခိုက်မှုဧရိယာအပေါ် မူတည်ကာ တိုက်စစ်ဆင်နေကြသည်။ ထိုမြင်ကွင်းကို သေချာကြည့်နေသော ဟန်ဆိုယောင်းက ပြောလိုက်သည်။

"ဒါက... မိစ္ဆာဘုရင်ရဲ့ တိုက်ကွက်ပုံစံတွေကို ခွဲခြမ်းစိတ်ဖြာထားတာလား"

ကင်ဒေါ့ဂျာက ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ်"

"ဘယ်လောက်အထိလဲ"

"အားလုံးနီးပါးပဲ"

၎င်းမှာ မဖြစ်နိုင်သောအရာ မဟုတ်ပေ။

ကျနော့်ထံတွင် Ways of Survival ရှိနေသလို ၇၃ ပါးမြောက် မိစ္ဆာဘုရင်နှင့် ရင်ဆိုင်ခဲ့ဖူးသော ယူဂျွန်ဟော့ စုဆောင်းထားသည့် အချက်အလက်များလည်း ရှိနေသည်။ ထို့အပြင် ယူဂျွန်ဟော့သည် ဒုတိယမြောက် နောက်ပြန်ဆုတ်ခြင်းတွင် ၇၃ ပါးမြောက် မိစ္ဆာဘုရင်နှင့် တိုက်ခိုက်ခဲ့ဖူးသည်။ လက်တွေ့အတွေ့အကြုံနှင့် စာတွေ့ဗဟုသုတများ ပေါင်းစပ်လိုက်သောအခါ နောက်ထပ်ဇာတ်ဝင်ခန်းကို အောင်မြင်ရန်မှာ မဖြစ်နိုင်ဟု မပြောနိုင်တော့ပေ။

ဟန်ဆိုယောင်းက ဝမ်းနည်းရိပ်သန်းသော အမူအရာဖြင့် သက်ပြင်းချလိုက်သည်။

"...နင်ကတော့ တကယ့်ကို အရူးပဲ"

အခန်း ၁၈၄

- အပိုင်း ၃၅ - ၇၃ ပါးမြောက် မိစ္ဆာဘုရင် (၃)

"နောက်ထပ်ဇာတ်ဝင်ခန်းကလည်း ခက်ခဲဦးမှာပဲလို့ နင်မထင်ဘူးလား"

ဟန်ဆိုယောင်းက ကျနော့်ကို မေးလိုက်သည်။

"..."

၇၃ ပါးမြောက် မိစ္ဆာဘုရင်သည် သန်မာသော်လည်း ကျနော်တို့သာ သေချာပြင်ဆင်ထားမည်ဆိုလျှင် ပြဿနာရှိမည်မဟုတ်ပေ။ ဤဇာတ်ဝင်ခန်းသည် ယခုအချိန်အထိ ကျနော်ဖြတ်သန်းခဲ့သမျှထဲတွင် အလွယ်ကူဆုံးပင် ဖြစ်နေနိုင်၏။

မကြာမီမှာပင် လေ့ကျင့်နေသူများမှာ ကျနော့်အနားသို့ စုရုံးလာကြသည်။

"မင်းတို့ရဲ့ အဆင့်သတ်မှတ်ချက်တွေ မြှင့်တင်လို့ ပြီးကြပြီလား"

ကျနော့်မေးခွန်းကို ယောင်ဟီဝန်က ပြန်ဖြေလိုက်သည်။

"ငါတို့အားလုံး ထိပ်တန်း ၁၀ ယောက်စာရင်းထဲ ရောက်နေပြီ။ တကယ်တော့ လီဂျီဟယ်နဲ့ ဂုံဖီဒူတို့နှစ်‌ယောက်ဟာ အဆင့်တက်ဖို့ နည်းနည်းလိုနေခဲ့တာဆိုပေမဲ့ ဒီမနက်မှာပဲ အလိုအလျောက် အဆင့်တက်သွားကြတယ်ဟ"

"အလိုအလျောက် ဟုတ်လား"

ထိုသို့ အဆင့်တက်ရခြင်း အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ ထိုအကြောင်းအရင်းမှာ ထိပ်တန်းအဆင့်ရှိသူတစ်ဦး အသတ်ခံလိုက်ရခြင်းပင် ဖြစ်သည်။

ဟန်ဆိုယောင်းမှာ စိတ်ထဲစနိုးစနောင့်ဖြစ်သွားသော အမူအရာ ဖြစ်သွားသည်။

"ထိပ်တန်း ၁၀ ယောက်ထဲက တစ်ယောက်က ရုတ်တရက် သေသွားတာလား။ တစ်ခုခုတော့ ထူးဆန်းနေပြီ... ဟေ့… ငါ တကယ် မလိုက်ချင်ဘူးဟာ"

"မင်း ရောက်လာပြီပဲ။ ကင်ဒေါ့ဂျာ…. အဲဒီမိန်းမကိုလည်း ခေါ်သွားမှာလား"

ယူဂျွန်ဟော့ ရုတ်တရက် ပေါ်လာသောကြောင့် ဟန်ဆိုယောင်းမှာ ကျနော့်နောက်သို့ ဝင်ပုန်းလိုက်သည်။ ဟန်ဆိုယောင်းသည် ယူဂျွန်ဟော့ကို ကြောက်နေတုန်းပင်။ ကျနော် ခေါင်းညိတ်ပြလိုက်ရာ ယူဂျွန်ဟော့က ဟန်ဆိုယောင်းကို စိုက်ကြည့်ပြီး ခြောက်ယောက်ကတ်ကို ထုတ်ယူလိုက်သည်။

[ကိုယ်စားလှယ် ‘ယူဂျွန်ဟော့’ က ခြောက်ယောက်ကတ်ကို အသုံးပြုလိုက်ပါသည်။]

[ကိုယ်စားလှယ် ‘ဟန်ဆိုယောင်း’ သည် ဇာတ်ဝင်ခန်း၏ အထူးပါဝင်သူ ဖြစ်လာပါသည်။]

[ကိုယ်စားလှယ် ‘ဟန်ဆိုယောင်း’ သည် ကိုယ်စားလှယ် ယူဂျွန်ဟော့၏ အဖွဲ့ထဲသို့ ဝင်ရောက်သွားပါသည်။]

တက်လာသော မက်ဆေ့ချ်များကြောင့် ဟန်ဆိုယောင်းမှာ အံ့အားသင့်သွားသည်။

"ဒါ... ဒါက ဘာလဲ။ ဟေ့… ငါက ဘာလို့ သူနဲ့ တစ်ဖွဲ့ထဲ ဖြစ်သွားတာလဲ"

"ကဲ…. ထွက်ခွာဖို့ ပြင်ကြရအောင်"

ကျနော့်စကားကြောင့် အဖွဲ့ဝင်များမှာ သက်ဆိုင်ရာအဖွဲ့များအလိုက် နေရာယူလိုက်ကြသည်။

ပထမဆုံး စုဖွဲ့မိသည်မှာ ယူဂျွန်ဟော့၏ အဖွဲ့ဖြစ်သည်။ ထိုအဖွဲ့တွင် လီဟန်းဆောင်၊ လီဆောဟွာ၊ လီဂျီဟယ်နှင့် ဂုံဖီဒူတို့ ပါဝင်ကြသည်။ ထို့အပြင် ညည်းညူနေသော ဟန်ဆိုယောင်းလည်း ပါဝင်နေ၏။

ဝတ္ထုထဲမှ ဇာတ်ကောင်ဟောင်းများနှင့် ဇာတ်ကောင်အသစ်များ၏ ထူးခြားသော ပေါင်းစပ်မှုကို မြင်ရသည်မှာ ကျနော့်အတွက်တော့ အံ့ဩစရာ ခံစားချက်တစ်ခုပင်။ ထိုခံစားချက်မှာ Ways of Survival ကို ဖတ်ရှုသူတစ်ဦးတည်းသာ ခံစားနိုင်သည့် အခွင့်ထူးဖြစ်၏။

ကျနော့်အဖွဲ့ကလည်း နောက်ကလိုက်လာသည်။ ကျနော့်အဖွဲ့တွင် ယောင်ဟီဝန်၊ ယူဆန်းအာ၊ ရှင်ယူဆောင်းနှင့် လီဂီယောင်တို့ ပါသည်။ ယူဂျွန်ဟော့အဖွဲ့၏ စစ်တပ်စည်းကမ်းနှင့် ယှဉ်လျှင် ကျနော့်အဖွဲ့မှာ ပို၍ လွတ်လပ်သော အငွေ့အသက် ရှိ၏။

ကျနော်က အဖွဲ့ဝင်များကို တစ်ဦးချင်း လိုက်ကြည့်မိသည်။

"...နင် ဘာလို့ ငါတို့ကို အဲဒီလို လိုက်ကြည့်နေတာလဲ"

"ဒီတိုင်း... ခံစားချက်အသစ် ဖြစ်နေလို့ပါ..."

ယောင်ဟီဝန်၏ ဆူပူမှုကို ကျနော်က ပြုံး၍သာ တုံ့ပြန်လိုက်သည်။ ဤနေရာအထိ ကျနော့်နောက်ကို ကောင်းကောင်း လိုက်ပါလာပေးကြသူများကို ကြည့်ရင်း စိတ်မကောင်းဖြစ်ကာ ဝမ်းနည်းမိသည်။ Fourth Wall နှင့် စကားပြောပြီးကတည်းက ကျနော့်နှလုံးသားမှာ ပို၍ ကြီးထွားလာသလို ခံစားရသည်။

ဤဇာတ်ဝင်ခန်းအတွက် ပို၍ ပြင်ဆင်ထားသောကြောင့်လည်း ဖြစ်နိုင်လေသည်။ ယခုတော့ ကျနော် သူတို့ကို ဆုံးရှုံးရမှာ ကြောက်နေမိချေပြီ။

"ငါတို့လည်း ခြောက်ယောက်အဖွဲ့ ဖြစ်သင့်တာ မဟုတ်ဘူးလား"

အဖွဲ့ဝင်များက ကျနော့်အကြည့်နောက်သို့ လိုက်ကြည့်လိုက်ကြသည်။ ခြေလှမ်းအနည်းငယ်အကွာတွင် အရုပ်တန်းတစ်ခု ရှိနေလေသည်။

"ဟိုမှာ ရပ်မနေနဲ့။ ဒီကို လာခဲ့"

ကျနော်တို့တွင် ခြောက်ယောက်ကတ် နှစ်ခု ရှိသည်။ ဟန်ဆိုယောင်းက ယူဂျွန်ဟော့အဖွဲ့ထဲ သွားသောကြောင့် ကျနော့်အဖွဲ့တွင်လည်း ဆဋ္ဌမမြောက်လူ လိုအပ်လေသည်။

"...ဘုရင်မ ဆော့ယောင်ကလည်း နင်နဲ့ လိုက်ချင်နေတာပါ"

"ခင်ဗျားကမှ ကျနော်နဲ့ လိုက်ခဲ့ရင် ကျနော်တို့အတွက် ပိုပြီး အထောက်အကူ ဖြစ်လိမ့်မယ်"

ယောင်ဝူချိ၏ ကိုယ်စားလှယ် ချိုယောင်ရန်က ကျနော့်ကို စိတ်ရှုပ်ထွေးသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ချိုယောင်ရန်ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းပေးရန် ကျနော်က အမေ့ကို တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ယောင်ဝူချိ၏ အထူးစွမ်းရည်မှာ အရေးပေါ် အခြေအနေများတွင် အတော်လေး အသုံးဝင်လေသည်။

"ဘုရင်မ ဆော့ယောင်နဲ့ စကားပြောပြီးပြီလား"

ကျနော် ပြန်ဖြေလိုက်သည်။

"နည်းနည်းတော့ပြောပြီးပါပြီ"

Fourth Wall ဆီမှ လွတ်မြောက်လာခဲ့သည့် နောက်ဆက်တွဲဆိုးကျိုးများကြောင့် ကျနော့်အမေဖြစ်သူ လီဆော့ယောင်မှာ နောက်ထပ်ဇာတ်ဝင်ခန်းတွင် ပါဝင်နိုင်မည့် အခြေအနေ၌ မရှိခဲ့ပေ။ Fourth Wall ကျေးဇူးကြောင့် ကျနော်သည် ကျနော့်အမေဖြစ်သူ လီဆော့ယောင်နှင့် ပတ်သက်ပြီး အကြောင်းအရာအမျိုးမျိုးကို သိရှိခဲ့ရသည်။ ထိုအကြောင်းအရာများတွင် အမေ ဖုံးကွယ်ထားခဲ့သည့် အတိတ်အကြောင်းများသာမက ဇာတ်ဝင်ခန်းထဲတွင် ပါဝင်ပြီးနောက် ကြုံတွေ့ခဲ့ရသည်များလည်း ပါဝင်သည်။

ဇာတ်လမ်းတစ်ခုလုံးကို သိရှိထားသည့် ကျနော်နှင့်မတူဘဲ အမေကတော့ အသည်းအသန် ရုန်းကန်ခဲ့ရခြင်း ဖြစ်၏။ အမေသည် ကျနော် ဘေးကင်းစေရန်အတွက် နက္ခတ်များထံ မတန်တဆစျေးနှုန်းများကို အကြိမ်ကြိမ် ပေးဆောင်ခဲ့ရသည်၊ ပြန်လည်ဝင်စားသူ နာဗားနား၏ မှတ်ဉာဏ်များကို ခိုးယူရန် ရည်ရွယ်ချက်ရှိရှိ အဖမ်းခံခဲ့သည်၊ ထို့အပြင် နက်ဗျူလာများနှင့်ပင် စာချုပ်ချုပ်ဆိုခဲ့သည်။

ဤအကြောင်းအားလုံးကို သိရှိထားသော်လည်း အမေ့နှင့် စကားပြောရန် စကားလုံး ရှာမတွေ့ခဲ့ပေ။ အချိန်မတန်သေး၍လည်း ဖြစ်နိုင်သည်။

ဇာတ်ဝင်ခန်းများကို ဘေးကင်းစွာ အဆုံးသတ်နိုင်ခဲ့မှသာ ကျနော်တို့ အမှန်တကယ် စကားပြောနိုင်ကြနိုင်လောက်မည်ဖြစ်သည်။ အမေကလည်း ယခုတစ်ကြိမ်တွင် ဘာမှ သိပ်မပြောသည့်အတွက် ထိုအချက်ကို သဘောပေါက်ထားပုံရသည်။ အမေသည် ကျနော့်ကို အကြာကြီး စိုက်ကြည့်နေပြီးမှ ပြောလိုက်သည်။

– အမေ သားရဲ့ ရွေးချယ်မှုကို ယုံကြည်တယ်

အဘယ်ကြောင့်မှန်းမသိသော်လည်း ဤစကားကို ကြားလိုက်ရသည့်အခါ ကျနော့်တွင် ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာသည်။ Fourth Wall မှတစ်ဆင့် အမေ့ကို ကျနော်ဖတ်ရှုနိုင်ခဲ့သလိုပဲ အမေကလည်း ကျနော့်ဆီက တစ်ခုခုကို မြင်ခဲ့၍ ဖြစ်နိုင်ပေသည်။

"သွားကြမယ်"

ကျနော်တို့ စတင်လှုပ်ရှားလိုက်ကြသည်။ ပစ်မှတ်မှာ အသူတစ်ရာလွင်ပြင်၏ အလယ်ဗဟိုတွင် ရှိသည့် ယဇ်ပလ္လင်ပင် ဖြစ်သည်။ မဟူရာရဲတိုက်၏ ပထမထပ်ကဲ့သို့ပင် ထိုယဇ်ပလ္လင်ကို အသုံးပြု၍ နောက်တစ်ထပ်သို့ ကူးပြောင်းနိုင်မည် ဖြစ်သည်။

ပျင်းရိဖွယ်ကောင်းစွာ လမ်းစလျှောက်ကြစဉ် ယောင်ဟီဝန်က စကားစလိုက်သည်။

"နက်ဗျူလာတွေ အရမ်းငြိမ်နေတာဟာ ငါ့ကို စိတ်ထဲတစ်ခုခု ဖြစ်စေတယ်"

အမှန်တကယ်ပင် လွန်ခဲ့သော နှစ်ရက်ကတည်းက နက်ဗျူလာများ၏ မက်ဆေ့ချ်များကို ကျနော် မကြားရတော့ပေ။ နက်ဗျူလာများသည် တစ်ခုခုကို ဖုံးကွယ်ထားခြင်းလော သို့မဟုတ် ဖြစ်နိုင်စွမ်းကို အလွန်အကျွံ အသုံးပြုထားမိ၍လော ဆိုသည်ကို ကျနော် မသိချေေ ယူဆန်းအာကို တစ်ချက်ကြည့်လိုက်ပြီး ကျနော် မေးလိုက်သည်။

"အိုလံပတ်စ်နဲ့ အဆက်အသွယ် ရသေးလား"

"...လွန်ခဲ့တဲ့ သုံးရက်ကတည်းက အဆက်အသွယ် ပြတ်နေတာ"

နောက်ဆုံးကြားခဲ့ရသည့်အတိုင်း အိုလံပတ်စ်မှ နက္ခတ်များမှာ လက်ရှိအချိန်တွင် အုပ်စုကွဲနေကြသည်။ ယူဆန်းအာကို ချဉ်းကပ်လာသူများမှာ ဒီယွန်နီဆပ်နှင့် ပါစီဖုန်းတို့ကဲ့သို့သော အိုလံပတ်စ်မှ အပြင်လူများသာ ဖြစ်ကြ၏။ ဖြစ်နိုင်သည်မှာ လွန်ခဲ့သော သုံးရက်ခန့်က အိုလံပတ်စ်၏ အတွင်းပိုင်းတွင် အားပြိုင်မှုတစ်ခု ရှိခဲ့ပုံပင်။

ကျနော့်အမူအရာမှာ စိတ်မအေးသလို ဖြစ်နေသောကြောင့် ယူဆန်းအာက စိုးရိမ်တကြီးဖြင့် မေးလာသည်။

"ဒေါ့ဂျာ၊ အဆင်ပြေရဲ့လား"

"ကျနော် အဆင်ပြေပါတယ်။ ယူဆန်းအာရော အဆင်ပြေရဲ့လား"

"...ကျမ အဆင်ပြေအောင် ကြိုးစားနေပါတယ်"

ကျနော်က ယူဆန်းအာကို တစ်ချက်ကြည့်လိုက်သည်။ ယူဆန်းအာမှာ အလွန်ပင် စိတ်ထားကောင်းသူ ဖြစ်သောကြောင့် ကြည့်နေရင်းနှင့်ပင် အားနာစိတ် ဖြစ်မိ၏။ ယူဆန်းအာသည် ကျနော့်ကံကြမ္မာကို ဦးစွာသိရှိခဲ့သူ ဖြစ်ပြီး ကျနော့်ကို ကယ်တင်ရန်အတွက် ဟိုဟိုဒီဒီ လိုက်လံလုပ်ဆောင်ပေးခဲ့သည်ဟု ကြားသိခဲ့ရသည်။

ယူဆန်းအာအတွက်မူ ထိုသို့လုပ်ပေးခြင်းမှာ မထူးဆန်းသည့် ကိစ္စပင်။ ယူဆန်းအာသည် တစ်ခုခုမှားယွင်းနေလျှင် ရှေ့ဆုံးကနေ ထွက်ပေါ်လာတတ်သူ ဖြစ်သည်။ ပထမဆုံးဇာတ်ဝင်ခန်းတွင်လည်း အဖွားအိုကို ကယ်တင်ရန်အတွက် ဦးစွာ ထရပ်ခဲ့သည်။ ကျနော့်နေရာမှာ အခြားတစ်ဦးဦးဖြစ်နေလျှင်လည်း ယူဆန်းအာမှာ ဤအတိုင်းပင် လုပ်ဆောင်မှာ သေချာသည်။

"ကျမတို့ အနိုင်ရနိုင်ပါ့မလား။ အခုထိတော့ ကျမတို့တွေ ခက်ခက်ခဲခဲ ကျော်ဖြတ်လာနိုင်ခဲ့တာမှန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့..."

"စိတ်မပူပါနဲ့"

ယူဆန်းအာ စိတ်အေးစေရန် ကျနော်ကြိုးစားလိုက်သည်။

"ကျနော် သေမှာမဟုတ်ဘူး။ ယူဆန်းအာ သိတာပဲလေ"

ယူဆန်းအာသည် ကျနော့်ကံကြမ္မာကို ဦးစွာမြင်တွေ့ခဲ့သူ ဖြစ်သောကြောင့် ထိုကံကြမ္မာမှာ ပျောက်ကွယ်မသွားသေးသည်ကို သိနေမှာ သေချာ၏။

ယူဆန်းအာကို စိတ်အေးစေရန် အခြားဘာပြောရဦးမည်လဲဟု စဉ်းစားနေစဉ် ယူဂျွန်ဟော့၏ အသံကို ကြားလိုက်ရသည်။

"ငါတို့ ရောက်ပြီ"

ရှေးဟောင်း ပါသီနွန်ကျောင်းတော်ကြီးနှင့် ဆင်တူသည့် ဧရာမအဆောက်အအုံကြီးတစ်ခု ရှိနေလေသည်။ အဖွဲ့ဝင်များမှာ သိသိသာသာ တောင့်တင်းသွားကြပြီး တစ်ဦးချင်း ကျနော်ခေါ်လိုက်သည်။

"လီဂီယောင်။ ရှင်ယူဆောင်း။ စောစောက လေ့ကျင့်ထားတဲ့အတိုင်း လုပ်ကြ။ ငါ အချက်မပေးမချင်း ခိုင်မဲရာ နဂါးကို မခေါ်နဲ့ဦး။ နားလည်လား"

ဤကလေးများ၏ အခန်းကဏ္ဍသည် မိစ္ဆာဘုရင်ကို မတိုက်ခိုက်မီတွင် အရေးကြီးဆုံးသော အရာဖြစ်သည်။ ကလေးများ ယဉ်ပါးအောင် မွေးမြူထားသည့် ခိုင်မဲရာ နဂါးမှာ ယခုတိုက်ခိုက်မှုတွင် အဓိကသော့ချက်နေရာမှ ပါဝင်လာမည် ဖြစ်သည်။

"ယူဆန်းအာ…. ယောင်ဟီဝန် ဒဏ်ရာမရအောင် ကာကွယ်ပေးထားပါ၊ ဒီတစ်ခါမှာတော့ အဓိက တိုက်စစ်ဆင်မယ့်သူက ယောင်ဟီဝန် ဖြစ်လိမ့်မယ်၊ ဘယ်လိုတိုက်ရမလဲဆိုတာ မှတ်မိတယ်မလား"

"မှတ်မိပါတယ်"

ယူဂျွန်ဟော့က ပြင်ဆင်မှုများ ပြီးဆုံးသည့်အခါ ကျနော့်ဘက်သို့ လှည့်ကြည့်လာသဖြင့် ကျနော်က အဖွဲ့ဝင်များကို ယူဂျွန်ဟော့ရှိရာသို့ ခေါ်ဆောင်သွားလိုက်သည်။ များမကြာမီ ခါးလောက်အမြင့်ရှိသော ယဇ်ပလ္လင်တစ်ခု ပေါ်လာသည်။ ယူဂျွန်ဟော့နှင့် ကျနော်က ယဇ်ပလ္လင်ပေါ်ရှိ လက်ဝါးရာများပေါ်သို့ တစ်ပြိုင်နက်တည်း လက်တင်လိုက်ကြသည်။

[ဇာတ်ဝင်ခန်း စိန်ခေါ်သူများကို အတည်ပြုပြီးပါပြီ။]

[ဇာတ်ဝင်ခန်း စိန်ခေါ်သူ - မဟူရာရဲတိုက်၏ နံပါတ် (၁)၊ ယူဂျွန်ဟော့။]

[ဇာတ်ဝင်ခန်း စိန်ခေါ်သူ - မဟူရာရဲတိုက်၏ နံပါတ် (၂)၊ ကင်ဒေါ့ဂျာ။]

[ဝင်ရောက်ခွင့်ပြုထားသော စုစုပေါင်း လူဦးရေ - ၁၂ ဦး။]

[ဇာတ်ဝင်ခန်းထဲသို့ ဝင်ရောက်ရန် သေချာပါပြီလား။]

ကျနော်တို့အားလုံး တစ်ပြိုင်နက်တည်း ခေါင်းငြိမ့်ပြလိုက်ကြသည်။ စူးရှတောက်ပသော အလင်းတန်းများ ပေါ်ထွက်လာပြီး ကျနော်တို့၏ ခန္ဓာကိုယ်များသည် နောက်တစ်ထပ်သို့ ကူးပြောင်းသွားကြသည်။ ကျနော်တို့ ရောက်ရှိသွားသည့်နေရာမှာ ကျဉ်းမြောင်းသော လမ်းသွယ်လေးတစ်ခု ဖြစ်၏။

[သင်သည် အဓိကဇာတ်ဝင်ခန်း နယ်မြေအသစ်သို့ ဝင်ရောက်ခဲ့ပါပြီ။]

[အဓိကဇာတ်ဝင်ခန်း #၁၀ - '၇၃ ပါးမြောက် မိစ္ဆာဘုရင်' စတင်ပါပြီ။]

မျှော်လင့်ထားသည့်အတိုင်းပင် မူရင်းဝတ္ထုပါ အဖြစ်အပျက်များနှင့် တစ်ထပ်တည်းကျနေ၏။ ဤလမ်းသွယ်အတိုင်း လိုက်သွားလျှင် ၇၃ ပါးမြောက် မိစ္ဆာဘုရင် စောင့်ကြိုနေသည့် ခန်းမကြီးသို့ ရောက်ရှိသွားမည် ဖြစ်သည်။

"တပ်ဖြန့်ထားကြတော့"

ကျနော်တို့သည် လမ်းသွယ်အတိုင်း ဂရုတစိုက် ရွေ့လျားခဲ့ကြသည်။ မိစ္ဆာဘုရင်အား ပထမဆုံး အလစ်အငိုက် တိုက်ခိုက်ရာ၌ မည်မျှ ထိခိုက်အောင် လုပ်နိုင်သလဲဆိုသည့်အပေါ်မူတည်၍ ခက်ခဲမှု အဆင့်က ပြောင်းလဲသွားမည် ဖြစ်၏။ အနီးကပ်ဆုံးအထိ ချဉ်းကပ်နိုင်ပြီး ပြင်းထန်သော ထိခိုက်မှု ပေးနိုင်ခဲ့လျှင် ကျနော်တို့ လေ့ကျင့်ထားသည့် စစ်ဗျူဟာအားလုံးကို အသုံးမပြုဘဲနှင့်ပင် အဆုံးသတ်နိုင်ပေမည်။

သို့သော် လမ်းသွယ်အတိုင်း လျှောက်လာစဉ် စိုးရိမ်စိတ်တစ်ခုက ကျနော့်စိတ်ထဲ စိမ့်ဝင်လာသည်။

…ဘာလို့ ဒီလောက်တောင် တိတ်ဆိတ်နေရတာလဲ။ ဒီအချိန်ဆို မိစ္ဆာဘုရင်ရဲ့ အရှိန်အဝါကို ခံစားနေရပြီ မဟုတ်ဘူးလား။

ထိုစဉ် စနစ်၏ မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။

[ဇာတ်ဝင်ခန်းအတွင်း အမှားအယွင်းတစ်ခု ဖြစ်ပွားနေပါသည်။]

"အကိုကြီး၊ ဒါက..."

အံ့အားသင့်သွားသည့် လီဂီယောင်က အမှတ်မထင် စကားပြောလိုက်သဖြင့် ကျနော်က လီဂီယောင်၏ နှုတ်ခမ်းပေါ်သို့ လက်ညှိုးတင်၍ တားလိုက်သည်။ အဖွဲ့ဝင်များကလည်း အသံကို နှိမ့်လိုက်ကြသည်။

"ဒေါ့ဂျာ၊ ဒါက ဇာတ်လမ်းနဲ့ ကွဲလွဲနေတယ်..."

"ဒီ... ဒီမှာ လူသေတွေ ရှိနေတယ်..."

ရှေ့ဆုံးမှ စူးစမ်းလေ့လာနေသည့် လီဟန်းဆောင်က ပြောလိုက်ခြင်း ဖြစ်သည်။ ကျနော်တို့ တတ်နိုင်သမျှ အသံတိတ် ရွေ့လျားသွားပြီး လီဟန်းဆောင်အနားတွင် စုလိုက်ကြသည်။

အံ့ဩစရာကောင်းသည်မှာ ထိုနေရာတွင် သေဆုံးသွားသည်မှာ မကြာသေးသည့်ပုံစံရှိသော အလောင်းများ ရှိနေခြင်းပင်။ ယူဂျွန်ဟော့က အလောင်းများကို တို့ကြည့်လိုက်သည့်အခါ ပြင်းထန်သော လျှပ်စစ်မီးပွားများ ပွင့်ထွက်လာသည်။

"ဒါက ဖြစ်နိုင်စွမ်း မုန်တိုင်းပဲ"

၎င်းတို့ ဘာလုပ်ခဲ့သလဲဆိုသည်ကို ကျနော် မသိသော်လည်း သေဆုံးပြီးနောက်မှာတောင် လျှပ်စစ်မီးပွားများ ကျန်ရှိနေသေးသည်ဆိုလျှင် ၎င်းတို့၏ ထောက်ပံ့သူများမှာ ကြီးမားသော လုပ်ဆောင်ချက်တစ်ခုခုကို လုပ်ခဲ့မှာ သေချာ၏။ ကိုယ်စားလှယ်များမှာ စွမ်းအားအမြောက်အမြား အသုံးပြုခဲ့ပုံရပြီး ကိုယ်စားလှယ်တို့၏ နောက်ကွယ်မှ ထောက်ပံ့သူများမှာလည်း ပြင်းထန်သော ရိုက်ခတ်မှုကို ခံခဲ့ရမှာ သေချာပေသည်။

ဘယ်သူကများ ဒါမျိုးလုပ်ခဲ့တာလဲ။

ထိုစဉ် ယူဂျွန်ဟော့က စကားစလာသည်။

"ဝေဒ နဲ့ ပါပီရပ်စ်ရဲ့ ကိုယ်စားလှယ်တွေပဲ"

"ဘာ"

"ငါ မဟူရာရဲတိုက်ထဲ လျှောက်သွားနေတုန်း သူတို့နဲ့ တွေ့ခဲ့တယ်၊ သူတို့က ငါနဲ့ အဆက်အသွယ် လုပ်ခဲ့ကြသေးတာ"

"...အဲဒီလူတွေက ဒီကို ဘယ်လိုရောက်လာတာလဲ။ နက်ဗျူလာတစ်ခုရဲ့ ကိုယ်စားလှယ်ဆိုရင် အဆင့်သတ်မှတ်ချက် လုံလောက်မှာ မှန်ပေမဲ့ ဇာတ်ဝင်ခန်းမှာ ပါဝင်ခွင့်တော့ ရှိမှာမဟုတ်ဘူးလေ"

"နောက်ထပ် လူခြောက်ယောက်ကတ် တစ်ခု ရှိနေခဲ့ပုံပဲ"

မေးခွန်းတစ်ခုကတော့ ရှင်းသွားခဲ့ချေပြီ။ လီဂျီဟယ်နှင့် ဂုံဖီဒူတို့၏ အဆင့်သတ်မှတ်ချက်များ ရုတ်တရက် မြင့်တက်လာခြင်းမှာ ဤနေရာတွင် သတ်ဖြတ်ခံလိုက်ရသည့် အဆင့်မြင့်သူများကြောင့်ပင် ဖြစ်သည်။

ကျနော့်စိတ်ထဲ နိမိတ်မကောင်းသည့် ခံစားချက်တစ်ခု ရလာသည်။ နက်ဗျူလာများ ငြိမ်သက်နေခြင်းမှာ ၎င်းတို့၏ ဖြစ်နိုင်စွမ်းအားလုံးကို ဤနေရာတွင် အသုံးပြုလိုက်၍လား။ ဤသို့ဆိုလျှင်...

ကျနော်တို့ တစ်ဦးကိုတစ်ဦး အလိုအလျောက် ကြည့်လိုက်မိကြပြီး ယူဂျွန်ဟော့က စစ်ဗျူဟာကိုပင် မေ့လျော့ကာ ခန်းမကြီးဆီသို့ စတင်ပြေးထွက်သွားသည်။ ကျနော် ထင်သည့်အတိုင်းသာဆိုလျှင် ယခုက စစ်ဗျူဟာတွေအတွက် စိုးရိမ်နေရမည့် အချိန်မဟုတ်တော့ပေ။

ခန်းမကြီးထဲသို့ ရောက်သွားသည့် ခဏမှာပင် တုန်လှုပ်ဖွယ်ရာ မြင်ကွင်းတစ်ခုကို ကျနော်တို့ မျက်ဝါးထင်ထင် တွေ့လိုက်ရသည်။

[နက္ခတ်တွေ။ ခင်ဗျားတို့ ဘာတွေလျှောက်လုပ်နေကြတာလဲ]

ခန်းမအလယ်ရှိ လေထုထဲတွင် ဒါဇင်နှင့်ချီသော ဒိုကဲဘီများ ဝဲပျံနေကြသည်။

[ခင်ဗျားတို့က ဒီလို ထင်ရာဆိုင်းတဲ့ လုပ်ရပ်တွေ လျှောက်လုပ်နေရင် ခက်ကုန်မှာပေါ့။ ခင်ဗျားတို့က ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုကို အထင်သေးနေတာလား။ ဒီနေရာမှာ Deus X Machina ကို သုံးရတယ်လို့ကွာ]

ထိုစကားလုံးများသည် ကျနော်တို့ကို ရည်ရွယ်ပြီး ပြောခြင်း မဟုတ်သော်လည်း ကျနော်တို့ ကြားစေရန် ရည်ရွယ်ထားသည်မှာ သိသာလှ၏။ ဘီဟွန်းက ကျနော့်အကြည့်နှင့် ဆုံသွားသောအခါ အနေရခက်သွားသည့် ပုံပေါ်နေလေသည်။

ဒီမအေဘေး။ ဘာတွေလဲကွာ...

[ခင်ဗျားတို့ရဲ့ ကိုယ်စားလှယ်တွေကို စိုးရိမ်တာတော့ သိပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ ဒီလိုဝင်စွက်ဖက်ရုံနဲ့ ဇာတ်ဝင်ခန်းက ပြီးသွားမှာမဟုတ်ဘူး၊ မင်းတို့ထဲက တချို့ဆိုရင် ကိုယ့်ကိုယ်ကိုယ် ပျက်စီးလုနီးပါး ဖြစ်သွားတဲ့အထိ ထိခိုက်မှုတွေ ရနေပြီလေ၊ ဘာလို့ ဒီလိုတွေ လုပ်ခဲ့ရတာလဲ၊ ဖြစ်နိုင်စွမ်းကိုပဲ ကြည့်လိုက်ပါဦး၊ အဆင့်နိမ့် နက္ခတ်တွေ အားလုံး ပြိုလဲသွားကြပြီ]

ဒိုကဲဘီ ခေါင်းဆောင်၏ မျက်နှာတွင် ထူးဆန်းသော အပြုံးတစ်ခု ရှိနေသည်။ သူက ဤကိစ္စမျိုး ဖြစ်လာမည်ကို အစကတည်းက သိနေသည့်အလား ပြုံးနေခြင်းပင်။

ခဏလေး၊ အဲဒီကောင် အခု ဘာပြောလိုက်တာလဲ။

"ကင်ဒေါ့ဂျာ"

ယူဂျွန်ဟော့ ညွှန်ပြနေသည့် ဘက်ကို ကျနော် ကြည့်လိုက်သည်။ ခန်းမ၏ အလယ်ဗဟို။ မူလက ၇၃ ပါးမြောက် မိစ္ဆာဘုရင် ရှိနေရမည့်နေရာတွင် ကျိုးပဲ့နေသော ပလ္လင်တစ်ခု ရှိနေသည်။ ထို့အပြင် ကျနော်တို့ တွေ့ရမည့် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာဘုရင်မှာမူ...

[၇၃ ပါးမြောက် မိစ္ဆာဘုရင် သေဆုံးသွားပါပြီ။]

သူသည် ရင်ဘတ်တစ်ခုလုံး စုတ်ပြတ်သတ်ကာ မြေပြင်ပေါ်တွင် အသက်မဲ့စွာ လဲလျောင်းနေ၏။

"ဘာ... ဘာလဲဟ။ သူ သေနေပြီလား"

ဟန်ဆိုယောင်း၏ စကားအပြီးတွင် ကျန်သောအဖွဲ့ဝင်များကလည်း အသံထွက်လာကြသည်။

"မိစ္ဆာဘုရင်က အစကတည်းက သေနေတာလား"

"ဒါဆို ဇာတ်ဝင်ခန်းက ဘာဆက်ဖြစ်မှာလဲ"

"...ပြီးသွားပြီလို့များ ဆိုလိုတာလား"

ကျနော့် ခေါင်းထဲတွင် အတွေးများ ရှုပ်ထွေးနေသဖြင့် ဘေးလူတွေ၏ အသံကိုပင် မကြားနိုင်တော့ပေ။ အရည်အချင်းမပြည့်မီသော ကိုယ်စားလှယ်များက ဇာတ်ဝင်ခန်းကို စိန်ခေါ်ခဲ့ကြပြီး ဖြစ်နိုင်စွမ်း မုန်တိုင်းကို ခံယူကာ နက်ဗျူလာများ၏ အကူအညီဖြင့် မိစ္ဆာဘုရင်ကို သတ်ပစ်ခဲ့ကြသည်။

အစပိုင်းတွင်မူ ဇာတ်ဝင်ခန်းက ပြေလည်သွားသည့်ပုံပင်။ သို့သော် ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှု၏ အဓိကဇာတ်ဝင်ခန်းများမှာ ထိုမျှ မရိုးရှင်းပေ။

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက ဤဇာတ်ဝင်ခန်း၏ မျှခြေကို ပြုပြင်လိုက်ပါပြီ။]

လွန်ကဲသော အစွမ်းထက် တည်ရှိမှုများ ဝင်ရောက်စွက်ဖက်ခဲ့သည့် ဇာတ်ဝင်ခန်းများကို ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက အတင်းအကျပ် ပြန်လည်ပြုပြင်တတ်သည်။

ကျနော့် ခေါင်းထဲတွင် အတိတ်က မြင်ဖူးသလို ခံစားချက်မျိုး ပြင်းထန်စွာ ရလာသည်။

၇၃ ပါးမြောက် မိစ္ဆာဘုရင် ဇာတ်ဝင်ခန်း မဟုတ်သော်လည်း Ways of Survival ထဲတွင်လည်း အလားတူ ကိစ္စမျိုး ဖြစ်ပျက်ခဲ့ဖူးသည်။ နက္ခတ်များ၏ ဆူပူသောင်းကျန်းမှုကြောင့် ဇာတ်ဝင်ခန်းမှာ ပျက်စီးလုနီးပါး ဖြစ်ခဲ့ရပြီး ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက အဓိကဇာတ်ဝင်ခန်းကို ပြန်လည် ထိန်းညှိပေးခဲ့သည်။

ဒါဆို ဘာဆက်ဖြစ်လာမလဲ။

[ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက ပျက်စီးသွားသော ဖြစ်နိုင်စွမ်းကို ပြန်လည်ပြုပြင်လိုက်ပါပြီ။]

သေဆုံးနေသော မိစ္ဆာဘုရင်ကို ကျနော်ကြည့်လိုက်သည်။

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် ဇာတ်လမ်းများ၏ သဘာဝအတိုင်း စီးဆင်းမှုကို နှစ်သက်ပြီး သေဆုံးသွားသော တည်ရှိမှုများကို ပြန်လည်အသက်သွင်းပေးမည် မဟုတ်ပေ။ အချိန်ကို နောက်ပြန်ဆုတ်ခြင်း သို့မဟုတ် ပြန်လည်ရှင်သန်စေခြင်းများမှာ ဇာတ်ဝင်ခန်း၏ ဖြစ်နိုင်စွမ်းကို ပို၍ပင် ထိခိုက်ပျက်စီးစေမည် ဖြစ်သည်။

[အဓိကဇာတ်ဝင်ခန်း အကြောင်းအရာများကို ထပ်တိုး လုပ်လိုက်ပါပြီ။]

၇၃ ပါးမြောက် မိစ္ဆာဘုရင်မှာ သေဆုံးသွားပြီ ဖြစ်သည်။ သို့သော် ၇၃ ပါးမြောက် မိစ္ဆာဘုရင် တစ်ပါးမှာမူ ရှိနေရန် လိုအပ်နေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဇာတ်ဝင်ခန်း ရှေ့ဆက်နိုင်ရန်အတွက် ကျနော်တို့က သူ့ကို သတ်ဖြတ်ရမည် ဖြစ်သောကြောင့်ပင်။

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုသည် မူလကတည်းက ဤကဲ့သို့သော ရှေ့နောက်မညီမှုများကို ဖြေရှင်းရန် သတ်မှတ်ထားခြင်း ဖြစ်သည်။ မိစ္ဆာဘုရင် သေဆုံးသွားသော နေရာတွင် တောက်ပနေသော အဖိုးတန် ကျောက်စိမ်းတစ်ခု ရှိနေ၏။

ကျနော်က အလိုအလျောက်ပင် ရေရွတ်လိုက်မိသည်။

"ဟေ့။ ဒါက..."

ထိုအခါမှ ကျနော့် ပတ်ဝန်းကျင်တွင် မည်သည့် အငွေ့အသက်ကိုမျှ ခံစား၍မရတော့သည်ကို သတိထားမိလိုက်သည်။ ကျောရိုးတစ်လျှောက် စိမ့်တက်လာသော ကြောက်မက်ဖွယ် ခံစားချက်တစ်ခု ရှိနေလေသည်။

အချိန်တွေက အလွန်နှေးကွေးစွာ စီးဆင်းနေသလို ခံစားလိုက်ရ၏။ ကျနော် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ယူဂျွန်ဟော့ကို မတွေ့ရတော့ပေ။

"ယူဂျွန်ဟော့"

ကျနော် စတင်လှုပ်ရှားလိုက်ချိန်တွင် ယူဂျွန်ဟော့က ကျောက်စိမ်းတုံးရှိရာသို့ ရောက်ရှိနေပြီဖြစ်သည်။ ကျနော့်ကို လှမ်းကြည့်လိုက်သော သူ၏ မျက်နှာအမူအရာမှာ တစ်ခါမှ မမြင်ဖူးခဲ့သော အမူအရာမျိုးပင်။ Ways of Survival ထဲတွင် တစ်ခါမျှ မရှိခဲ့ဖူးသော မျက်လုံးမျိုးဖြင့် ယူဂျွန်ဟော့က ကျနော့်ကို စိုက်ကြည့်နေသည်။

"ကင်ဒေါ့ဂျာ၊ မင်းရဲ့ ကတိကို တည်အောင်လုပ်ပါ"

ထို့နောက်တွင် စနစ်၏ မက်ဆေ့ချ်များ တက်လာခဲ့သည်။

[၇၃ ပါးမြောက် မိစ္ဆာဘုရင် ဖြစ်လာမည့် အလောင်းအလျာကို တွေ့ရှိပါပြီ။]

[၇၃ ပါးမြောက် မိစ္ဆာဘုရင် အသစ်ကို ရွေးချယ်လိုက်ပါပြီ။]

All Chapters