← Chapters

အခန်း (၁၈၅-၁၈၆)

Vol. 13 Ch. 185-186

အခန်း (၁၈၅-၁၈၆)

Vol. 13 Ch. 185-186

အခန်း ၁၈၅

- အပိုင်း ၃၅ - ၇၃ ပါးမြောက် မိစ္ဆာဘုရင် (၄)

“ဟေ့… မင်း ဘာတွေလျှောက်ပြောနေတာလဲ”

ယူဂျွန်ဟော့ဆီသို့ အပြေးသွားရင်း ကျနော်အော်ဟစ်လိုက်သည်။ ယူဂျွန်ဟော့က ကျောက်စိမ်းတုံးကို ကိုင်ထားစဉ် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ ထွက်ပေါ်လာခဲ့သည်။

[ရွေးချယ်ခံရသူသည် မိစ္ဆာဘုရင်အဖြစ်သို့ ဆင့်ကဲပြောင်းလဲနေပါသည်။]

ကျောက်စိမ်းတုံး၏ ရွေးချယ်မှုကို ခံရသူသည် ၇၃ ပါးမြောက် မိစ္ဆာဘုရင် ဖြစ်လာလိမ့်မည်။

— ‘ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် အဲဒီပန်းတိုင်ကို လက်မလျှော့ဘူးလို့ ကတိပေးနိုင်လား’

လွန်ခဲ့သော ရက်အနည်းငယ်က ယူဂျွန်ဟော့သည် ကျနော့်ပန်းတိုင်နှင့် ပတ်သက်ပြီး အဓိပ္ပာယ်ပါသော မေးခွန်းတစ်ခုကို မေးမြန်းခဲ့ဖူးသည်။ ကျနော့်ပန်းတိုင်က ဇာတ်ဝင်ခန်းတွေရဲ့ အဆုံးသတ်ကို ရောက်ဖို့လား ဆိုတာပင်။

မဟုတ်မှလွဲရော...။ မဖြစ်နိုင်တာ။

ကျနော် စိတ်ရူးပေါက်မတတ် ဒေါသထွက်ကာ အော်ဟစ်လိုက်မိသည်။

“ယူဂျွန်ဟော့၊ ဒီခွေးမသားကတော့ကွာ”

ထိုစဉ် လေထဲတွင် သံမဏိကြိုးမျှင်များ လှုပ်ရှားသွားသော အသံကို ကြားလိုက်ရသည်။ ယူဂျွန်ဟော့ဆီသို့ ကြိုးမျှင်ပေါင်းများစွာ ကျဆင်းလာပြီး ၎င်းတို့ထဲမှ တစ်ခုက ယူဂျွန်ဟော့လက်ထဲရှိ ကျောက်စိမ်းတုံးကို ရုတ်တရက် ဆွဲယူသွားခဲ့သည်။

[မိစ္ဆာဘုရင် ဆက်ခံမှု အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါပြီ။]

ယူဂျွန်ဟော့၏ မျက်နှာတွင် မိန်းမောတွေဝေသွားသော အမူအရာတစ်ခု ပေါ်လာသည်။

“ဒေါ့ဂျာ”

ကျနော် နောက်လှည့်ကြည့်လိုက်သောအခါ ယူဆန်းအာ၏ လက်ထဲမှ ချည်မျှင်ပေါင်းများစွာ ဖြာထွက်နေသည်ကို တွေ့လိုက်ရသည်။ အားလုံး တောင့်တောင့်ကြီး ဖြစ်နေကြစဉ်တွင် ယူဆန်းအာ တစ်ယောက်သာ သတိကပ်နေခဲ့ခြင်းပင်။ ယူဆန်းအာက မိစ္ဆာဘုရင်၏ ကျောက်စိမ်းတုံးကို ‘ချည်နှောင်သော ကြိုးမျှင်’ ဖြင့် ချည်နှောင်ကာ သူ့ဘက်သို့ ဆွဲယူလိုက်သည်။ ယူဂျွန်ဟော့ထံမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထွက်ပေါ်လာသည်။

“ဝင်မရှုပ်နဲ့”

ပြင်းထန်သော မှော်စွမ်းအင်လှိုင်းများက ယူဆန်းအာကို လွှမ်းခြုံတော့မည့်ဆဲဆဲတွင် ကျနော်က ‘စာမှတ်’ နှင့် ‘လေ၏လမ်းစဉ်’ ကို အသက်သွင်းကာ ထိုမှော်စွမ်းအင်ကို ပိတ်ဆို့လိုက်သည်။ ‘လေ၏လမ်းစဉ်’ ကို အမြင့်ဆုံးအဆင့်အထိ အသုံးပြုထားသော်လည်း ထိုစွမ်းအင်ကို တားဆီးရန်မှာ မလွယ်ကူလှပေ။

ကျနော်ရင်ဆိုင်နေရသည့်အရာမှာ ‘အဆင့်ကျော်လွန်ခြင်း’ သို့ ရောက်ရှိသွားသော ယူဂျွန်ဟော့၏ စွမ်းအားပင် ဖြစ်သည်။ ကျနော်က အံကြိတ်ရင်း အော်ပြောလိုက်သည်။

“ယူဆန်းအာ။ အဲဒီကျောက်တုံးကို သေချာကိုင်ထားပါ။ ဘယ်တော့မှ မသုံးလိုက်နဲ့”

“ဟုတ်ကဲ့”

ကျနော့်အဖွဲ့ဝင်များသည် ဘာတွေဖြစ်နေမှန်း မသိဘဲ ဝေခွဲမရ ဖြစ်နေကြသည်။

ဟန်ဆိုယောင်းက ကိုယ်ပွားပေါင်းများစွာကို ဖန်တီးလိုက်ပြီး အော်ဟစ်လိုက်သည်။

“ဒီလို ဖြစ်လာမယ်ဆိုတာ ငါ သိသားပဲ။ ကင်ဒေါ့ဂျာ၊ ငါ နင့်ကို ပြောသားပဲ။ ယူဂျွန်ဟော့က အဆုံးထိ ကိုယ့်အတွက်ပဲ ကြည့်တဲ့လူစားမျိုးပါဆို”

ကျနော် အခြေအနေကို သေချာ နားမလည်နိုင်သေးခင်မှာပင် ဟန်ဆိုယောင်းက ဆက်တိုက် အော်ပြောနေသည်။

“ကင်ဒေါ့ဂျာ၊ ငါတို့ သူ့ကို တားရမယ်။ ဒီကောင်က မိစ္ဆာဘုရင် ဖြစ်လာပြီးတော့ ငါတို့အားလုံးကို သတ်၊ ပြီးရင် ဇာတ်ဝင်ခန်းကို တစ်ယောက်ထဲ အောင်မြင်အောင် လုပ်တော့မှာ”

ဟန်ဆိုယောင်း၏ ကိုယ်ပွားသည် ယူဂျွန်ဟော့ကို တားဆီးလိုက်သော်လည်း ချက်ချင်းဆိုသလို ပေါက်ကွဲသွားခဲ့သည်။ ဟန်ဆိုယောင်း၏ မူလခန္ဓာကိုယ်မှာလည်း စင်္ကြံနံရံနှင့် ကပ်လျက် ပိတ်မိသွား၏။

အခြား အဖွဲ့ဝင်များက ကျနော့်ရှေ့သို့ ပြေးထွက်လာကြသည်။

“ဆရာ။ ဘာဖြစ်လို့လဲဟင်။ အား...”

“ယူဂျွန်ဟော့”

လီဂျီဟယ်နှင့် ယောင်ဟီဝန်တို့လည်း ထိုနည်းတူပင်။ သူတို့သည် ယူဂျွန်ဟော့၏ တိုက်ခိုက်မှုကို မခံနိုင်ဘဲ လဲကျသွားကြသည်။

ယခုအချိန်တွင် ယူဂျွန်ဟော့သည် သူ၏ ရည်ရွယ်ချက်ကို အနှောင့်အယှက်ပေးသူ မှန်သမျှကို နှိမ်နင်းရန် ဆုံးဖြတ်ထားပုံရသည်။

ကျနော်က အဖွဲ့ဝင်များကို ကျော်ဖြတ်ကာ လျှောက်သွားရင်း ပြောလိုက်သည်။

“ခင်ဗျားတို့ သူ့ကို ရင်ဆိုင်လို့ မရဘူး”

ယူဂျွန်ဟော့က ကျနော့်ကို စူးစူးဝါးဝါး စိုက်ကြည့်လိုက်သည်။

“ဖယ်စမ်း။ ကင်ဒေါ့ဂျာ။ ငါက မိစ္ဆာဘုရင် ဖြစ်လာမှာ”

“ဘာပေါက်ကရစကားတွေပြောနေတာလဲ။ ရုတ်တရက်ကြီး မင်းက ဘာထဖြစ်တာလဲ”

“မင်းလည်း သိနေတာပဲ မဟုတ်လား။ ဒီဇာတ်ဝင်ခန်းကို အောင်မြင်အောင် လုပ်ဖို့ လမ်းစက တစ်ခုထဲပဲ ရှိတာလေ”

လေထဲတွင် ဝဲပျံနေသော ဇာတ်ဝင်ခန်းဇယားကို ကျနော်တစ်ချက် လှမ်းကြည့်လိုက်မိသည်။

[အဓိကဇာတ်ဝင်ခန်း #၁၀ - ၇၃ ပါးမြောက် မိစ္ဆာဘုရင်]

အမျိုးအစား

အဓိက

ခက်ခဲမှု

SS+

အောင်မြင်ရန် သတ်မှတ်ချက်

သင်သည် နည်းလမ်းနှစ်ခုအနက်မှ တစ်ခုကို ရွေးချယ်နိုင်သည်။ ပလ္လင်ကို သိမ်းပိုက်၍ ၇၃ ပါးမြောက် မိစ္ဆာဘုရင် ဖြစ်လာရန် သို့မဟုတ် အသစ်မွေးဖွားလာသော ၇၃ ပါးမြောက် မိစ္ဆာဘုရင်ကို သတ်ဖြတ်ရန် ဖြစ်သည်။ ဤနည်းလမ်းနှစ်ခုအနက် တစ်ခုကို ရွေးချယ်ခြင်းဖြင့်သာ ဇာတ်ဝင်ခန်းကို အောင်မြင်နိုင်မည်ဖြစ်ပြီး ရှေ့ဆက်ရန် အခြားနည်းလမ်း မရှိချေ။

အချိန်ကန့်သတ်ချက်

မိနစ်၃၀

ဆုလာဘ်

ဒင်္ဂါး ၂၀၀,၀၀၀ ဒင်္ဂါး၊ ???

ကျရှုံးမှု

သေဆုံးခြင်းနှင့် ဇာတ်ဝင်ခန်းမှ နှင်ထုတ်ခံရခြင်း။

ဤဇာတ်ဝင်ခန်းသည် 'စတေးခြင်း' ဇာတ်ဝင်ခန်းနှင့် ဆင်တူနေသည်။ လူတိုင်းအတွက် လူတစ်ယောက်က သေပေးရခြင်း သို့မဟုတ် လူတစ်ယောက်က အသက်ရှင်ပြီး ကျန်လူအားလုံး သေရခြင်း အခြေအနေမျိုးပင်။

ကျနော် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး မေးလိုက်သည်။

"မင်းက ကိုယ့်ကိုယ်ကိုယ် စတေးတော့မလို့လား"

"ငါ့ကို သတ်ပြီး နောက်ထပ် ဇာတ်ဝင်ခန်းကို သွားလိုက်"

"ဘာလို့ ရုတ်တရက်ကြီး ဒီလိုတွေ လုပ်နေရတာလဲ"

"ဒါက လုပ်သင့်လုပ်ထိုက်တဲ့ အမှန်ကန်ဆုံးအရာမလို့ပဲ"

အမှန်ကန်ဆုံး အဖြေဖြစ်သည်ဟု ယူဂျွန်ဟော့က လုံးဝကို ယုံကြည်နေတာ ဖြစ်၏။ ယူဂျွန်ဟော့က ဆက်ပြောသည်။

"ငါက နာကျင်မှုတွေနဲ့ ယဉ်ပါးနေပြီသား။ အဲဒီလိုပဲ သေခြင်းတရားနဲ့လည်း ရင်းနှီးပြီးသားပါ။ ဒါကို မင်းလည်း သိနေတာပဲ မဟုတ်လား"

သူ့အကြောင်း ကျနော် အကုန်သိနေသည်ဟု သူက အသေအချာ ယူဆထားပုံရသည်။ သို့သော် ယူဂျွန်ဟော့ မှားသွားချေပြီ။ ကျနော် ယူဂျွန်ဟော့ကို မသိချေ။ ကျနော်သိသော ယူဂျွန်ဟော့သည် ဤကဲ့သို့ ဘယ်တော့မှ လုပ်မည့်သူ မဟုတ်ပေ။

နားချဖို့ အခွင့်အရေးရှိသေးသည်ဟု ထင်ရသောကြောင့် အမြဲတမ်း လက်လျှော့ချင်နေသည့် မအေဘေးကို စိတ်အေးအေးထားနိုင်သည်အထိ နားချနိုင်အောင် ကျနော် ကြိုးစားလိုက်သည်။

"မင်း ပြောတာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ မင်း ကိုယ့်ကိုယ်ကိုယ် စတေးစရာ မလိုဘူး။ မင်းက 'နောက်ပြန်ဆုတ်ခြင်း'ကို လုပ်နိုင်တဲ့သူ ဆိုပေမဲ့ အသက်တွေ အများကြီး ရှိနေတာ မဟုတ်ဘူးလေ။ ငါ့မှာက 'ရှင်သန်ခြင်း' စွမ်းရည် ရှိတယ်။ အဲဒါကြောင့် မိစ္ဆာဘုရင် ဖြစ်ဖို့ မင်းက မသင့်တော်ဘူး"

"ရှင်သန်ခြင်း။ အဲဒါက ကောင်းတဲ့ စွမ်းရည်တစ်ခုပါ။ ဒါပေမဲ့ အဲဒါက ဒီဇာတ်ဝင်ခန်းမှာ အလုပ်ဖြစ်မယ်လို့ မင်း ထင်နေတာလား။ ဇာတ်ဝင်ခန်း ကျရှုံးမှုကို မြင်ပြီးတာတောင် ရှင်သန်ခြင်း စွမ်းရည်က မင်းကို ကယ်နိုင်မယ်လို့ အသေအချာ ပြောနိုင်လား"

ကျနော် ခဏတာ မေ့သွားခဲ့သည်။ အမှန်ပင် ယူဂျွန်ဟော့ ပြောတာ မှန်၏။ ဤဇာတ်ဝင်ခန်းသည် 'သေဆုံးခြင်း' တစ်ခုတည်းနှင့် အဆုံးသတ်သွားမည် မဟုတ်ပေ။

ဒီကောင်က... ဒါတွေအားလုံးကို တွက်ချက်ပြီးမှ လှုပ်ရှားခဲ့တာလား။

"ဖယ်စမ်း။ ကင်ဒေါ့ဂျာ"

သူ၏ 'ကောင်းကင်ခွဲဓါး' က ကျနော့်ဆီသို့ ဦးတည်လာချိန်တွင် ကျနော့်၏ 'မကျိုးပဲ့နိုင်သောယုံကြည်မှု'ဓါးက တုန်ခါသွားခဲ့သည်။ ဤကဲ့သို့ ခေါင်းမာစွာ ရင်ဆိုင်နေရသော အခြေအနေတွင် ကျနော် အသည်းအသန် စဉ်းစားလိုက်မိသည်။

ဒီမအေဘေးကို ဘယ်လို နားချရမလဲ။

အစွမ်းကုန် ညှစ်ထုတ်ပြီးစဉ်းစားသည့်တိုင်အောင် နည်းလမ်းတစ်ခုမှ ထွက်မလာခဲ့ချေ။ ဒီအတိုင်းသာ ဆက်သွားလျှင် ဤမအေဘေးက မိစ္ဆာဘုရင် ဖြစ်သွားပြီး အသုံးမကျတဲ့ နောက်ပြန်ဆုတ်တဲ့ လမ်းကြောင်းကို ရွေးသွားပေတော့မည်။

[သီးသန့်စွမ်းရည် 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' ဒုတိယအဆင့် အသက်ဝင်လာပါပြီ။]

သူ၏ အတွေးများကို ရေမြှုပ်တစ်ခုလို ကျနော်စုပ်ယူလိုက်သည်။

「 ဒီဇာတ်ဝင်ခန်းမှာ ကျရှုံးသွားရင် အကျိုးဆက်က ဇာတ်ဝင်ခန်းကနေ ထုတ်ပယ်ခံရခြင်းပဲ 」

「 ဇာတ်ဝင်ခန်းကနေ ထုတ်ပယ်ခံရပြီးတော့ အသက်ရှင်နိုင်သူ မရှိဘူး။ အဲဒီတော့ ကင်ဒေါ့ဂျာရဲ့ ရှင်သန်ခြင်း စွမ်းရည်က သုံးစားလို့ ရမှာမဟုတ်ဘူး 」

「ဒါဟာ သူ့ရဲ့ ကံကြမ္မာက ညွှန်ပြနေတဲ့ သေဆုံးခြင်းပဲ ဖြစ်မယ်ထင်တယ် 」

「 တကယ်လို့ ကင်ဒေါ့ဂျာသာ မိစ္ဆာဘုရင် ဖြစ်လာရင် သူ ဒီမှာတင် သေသွားလိမ့်မယ် 」

ရေတံခွန်လို စီးဆင်းလာသော အတွေးများကို လက်ခံရရှိနေစဉ် ကျနော့်နှလုံးသားတစ်ခုလုံး လေးလံသွားသည်။

「 အဲဒါကြောင့် ဒီမှာ စတေးရမယ့်သူက ငါပဲ ဖြစ်ရမယ် 」

ဒီမအေဘေးက တကယ့်ကို ကိုယ့်ကိုယ်ကိုယ် စတေးတော့မှာပဲ။

မာနကြီးပြီး အထီးကျန်ဆန်လှသော ယူဂျွန်ဟော့။ ယခု သူ၏ လုပ်ရပ်သည် ကိုယ့်အတွက် မဟုတ်ဘဲ သူတစ်ပါးအတွက် ဖြစ်နေလေသည်။

ရုတ်တရက် ဘာမှန်းမသိသော ခံစားချက်တွေ ကျနော့်ရင်ထဲမှာ တိုးဝှေ့လာသည်။

"ဒါဆို မင်းကရော။ မင်း ဒီမှာ သေသွားရင် မင်းရဲ့ စောက်ပန်းတိုင်က ဘာဖြစ်သွားမှာလဲ"

" ငါ့အတွက် မင်းက ငါ့ပန်းတိုင်ကိုရောက်အောင် ဆက်ပြီး လုပ်ပေးမှာပါ"

"ဘာ"

ယူဂျွန်ဟော့က ကျနော့်နောက်က အပေါင်းအဖော်တွေကို ကြည့်လိုက်သည်။

"ကမ္ဘာကြီးကို ကယ်တင်နိုင်မယ့်သူက... ငါ မဟုတ်ဘဲ မင်း ဖြစ်နေနိုင်တယ်လေ"

လီဟန်းဆောင်၊ လီဂျီဟယ်၊ ရှင်ယူဆောင်း၊ လီဆောဟွာ...။

ယူဂျွန်ဟော့သည် လူတစ်ဦးချင်းစီကို ကြည့်နေစဉ် သူ၏မျက်လုံးထဲတွင် နက်ရှိုင်းသော နောင်တရိပ်များ ယှက်သန်းနေသည်။ သူ ဘာတွေးနေသည်ကို ကျနော် သိနေသလိုပင်။

「 ဒီနေရာအထိ ရောက်လာနိုင်တဲ့သူ ဒီလောက်အများကြီး တစ်ခါမှ မရှိခဲ့ဖူးဘူး။ နောက်နောင်မှာလည်း ဒါမျိုး ထပ်ဖြစ်လာမှာ မဟုတ်တော့ဘူး 」

ဒါဟာ ဘဝပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီး ၄၁ ကြိမ်မြောက် နောက်ပြန်ဆုတ်ခြင်းဆီကနေ ကြိုတင်သတင်းအချက်အလက်တွေ ရရှိထားတဲ့ ယူဂျွန်ဟော့၏ အတွေးဖြစ်သည်။

ဤတစ်ကြိမ် နောက်ပြန်ဆုတ်ခြင်းကဲ့သို့ ဖြစ်ရပ်မျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ ထိုအချက်က ယူဂျွန်ဟော့ကို တုန်လှုပ်စေခဲ့သည်။ ကျနော် ဦးနှောက်ကို အမြန်ဆုံး အလုပ်ပေးလိုက်သည်။

သူ့ကို ဘယ်လို နားချရမလဲ...။

"ဖယ်စမ်း။ အချိန် သိပ်မကျန်တော့ဘူး"

သူသည် ဧရာမ ခန္ဓာကိုယ် အသွင်ပြောင်းခြင်းကို အသုံးပြုလိုက်ရာ ခန္ဓာကိုယ်မှာ သိသိသာသာ ကြီးထွားလာခဲ့သည်။ သူသည် သုံးရက်အတွင်း ပိုမိုသန်မာခဲ့ပြီး သူထုတ်လွှတ်နေသော စွမ်းအင်ကြောင့် အဖွဲ့ဝင်များမှာလည်း ကြောက်လန့်တုန်လှုပ်နေကြလေသည်။ ယူဆန်းအာမှာ ထိတ်လန့်သွား၏။ ယူဂျွန်ဟော့က ယူဆန်းအာဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာသည်။

နောက်ဆုံးတွင် ကျနော် 'ယုံကြည်မှု'ဓါး ကို အသက်သွင်းလိုက်သည်။

"တော်လိုက်။ ရပ်လိုက်စမ်း။ ခွေးမသား"

ဖြူဖွေးသော အီသာဓါးမြှောင်သည် ယူဂျွန်ဟော့၏ 'ကောင်းကင်ခွဲဓါး' နှင့် ထိတွေ့သွားသည်။ ကျနော့်ဘက်ကသာ ထိခိုက်ဒဏ်ရာရရှိသွားခဲ့လေသည်။ ဤမအေဘေးကို ယှဉ်နိုင်ဖို့ အနည်းဆုံးတော့ 'လျှပ်စစ်ဓာတ် အားဖြည့်ခြင်း' ကို သုံးရမည်ဖြစ်သည်။

...သူ့ကို နောက်ပြန်ဆုတ်တဲ့ လမ်းကြောင်းပေါ် အရောက်မခံနိုင်ဘူး။

ကျနော် 'စာမှတ်' ကို အသက်သွင်းတော့မည့် အချိန်တွင် ယူဂျွန်ဟော့က မေးလာသည်။

"ငါ ပြန်သွားပြီးရင် ဒီကမ္ဘာကြီး ဘာဖြစ်သွားမလဲဆိုတာ မင်း စိတ်ပူနေတာလား"

"ဘာ"

"မင်း ကြောက်နေတာ ဖြစ်ရမယ်။ ငါ ပျောက်ကွယ်သွားတဲ့ အခိုက်အတန့်မှာ ဒီကမ္ဘာကြီးလည်း ပျောက်ကွယ်သွားလိမ့်မယ်။ အဲဒါ ဟုတ်တယ် မဟုတ်လား"

ကျနော် အလွန်အံ့အားသင့်သွားပြီး စကားလုံးများ ပျောက်ရှသွားခဲ့သည်။ သူ ဒါကို ဘယ်လို သိနေတာလဲ။ 'အနှိုင်းမဲ့စာဖတ်သူ၏ရှုထောင့်' ကို ပိုင်ဆိုင်ထားသူမှာ ကျနော် မဟုတ်ဘဲ သူ ဖြစ်နေမလားဟုပင် ကျနော် သံသယဝင်လာမိသည်။

ထို့နောက် ထိုအတွေးကိုပင် ကျနော် မေ့သွားရပြန်သည်။

"စိတ်ပူစရာ မရှိပါဘူး။ ငါ့ရဲ့ ထောက်ပံ့သူကို ငါ မေးပြီးသားပါ"

…ဘာ။

"ငါ နောက်ပြန်ဆုတ်သွားရင်လည်း ဒီကမ္ဘာကြီးက ပျောက်ကွယ်သွားမှာ မဟုတ်ဘူး။ ငါ သေသွားရင်လည်း ဒီကမ္ဘာကြီးက ပျက်စီးသွားတာ ဒါမှမဟုတ် ပရမ်းပတာ ဖြစ်သွားတာမျိုး မရှိဘူး"

ယူဂျွန်ဟော့သည် ယူဆန်းအာကို အလွယ်တကူပင် နှိမ်နင်းလိုက်ပြီး ကျောက်စိမ်းဆီသို့ လက်လှမ်းလိုက်သည်။ ကျောက်စိမ်းက သူ့ကို အလိုရှိနေသကဲ့သို့ပင် မိစ္ဆာစွမ်းအင်များသည် ကျောက်စိမ်းဆီမှ ထွက်ပေါ်လာပြီး ယူဂျွန်ဟော့၏ လက်ချောင်းများတွင် ရစ်ပတ်သွားသည်။

"ဆက်ပြီး အသက်ရှင်နေပါ ကင်ဒေါ့ဂျာ"

ယူဂျွန်ဟော့သည် သူစိမ်းတစ်ယောက်ကဲ့သို့ မျက်နှာပေးဖြင့် ကျနော့်ကို ကြည့်လိုက်သည်။

"အခုကစပြီး မင်းက ဒီကမ္ဘာကြီးကို ကယ်တင်ရမယ်"

……………………………………………………………………………………………

မဟူရာရဲတိုက်၏ ဒုတိယထပ်တွင် မိုးကြိုးများ ပစ်ချနေသည်။ ထိုမိုးကြိုးသံများသည် မဟူရာရဲတိုက်ကြီး ပြိုလဲတော့မည်ကို နိမိတ်ပြနေသကဲ့သို့ပင် အလွန်ခြောက်ခြားဖွယ် ကောင်းလှသည်။

လီဆော့ယောင်သည် လေလွင့်သူများနှင့်အတူ ခရီးဆက်နေရင်း ကောင်းကင်ယံကို ငေးကြည့်နေမိသည်။ လီဆော့ယောင်၏ သားဖြစ်သူမှာ ထိုကောင်းကင်ယံ၏ တစ်ဖက်ခြမ်းတွင် ရှိနေပေလိမ့်မည်။

"ဟီးဟီး... ဒီရက်ပိုင်း ကြည့်ရတာ တော်တော်လေး စိတ်ပူနေပုံပဲနော်"

စကားပြောလာသူမှာ လီဘုတ်ဆွန်း ဖြစ်သည်။ လီဘုတ်ဆွန်းသည် သူ၏ မဟူရာရဲတိုက် အဆင့်သတ်မှတ်ချက်ကို ယောင်ဟီဝန်ထံ လွှဲပြောင်းပေးခဲ့ပြီး ဤနေရာ၌သာ နေထိုင်ရန် ရွေးချယ်ခဲ့သူဖြစ်သည်။ လီဆော့ယောင်က လီဘုတ်ဆွန်းကို ခေတ္တမျှ ကြည့်လိုက်ပြီးမှ ပြန်ဖြေသည်။

"ကျမက မိခင်တစ်ယောက်အဖြစ် နေသားမကျသေးလို့ ထင်ပါရဲ့"

"လူတိုင်းက အဲဒါကို နေသားကျသွားတတ်လို့လား။ တစ်သက်လုံး နေသားကျမှာ မဟုတ်ပါဘူး။ ငါလည်း အတူတူပါပဲ..."

"ဘာလဲ... မွေးချင်း ခြောက်ယောက်ကို ပြုစုပျိုးထောင်ခဲ့တဲ့ ဇာတ်လမ်းကို ပြန်ပြောဦးမလို့လား"

"ဟီးဟီး... သိနေတာလား"

လီဘုတ်ဆွန်းက တခစ်ခစ် ရယ်မောလိုက်သည်။ လီဘုတ်ဆွန်း ပြုစုပျိုးထောင်ခဲ့သော မွေးချင်း ခြောက်ယောက်အကြောင်းကို မသိသည့် လေလွင့်သူဟူ၍ မရှိပေ။

လီဘုတ်ဆွန်းက လီဆော့ယောင်၏ ပုခုံးကို ပုတ်ပေးရင်း ရင်းနှီးဖော်ရွေသော လေသံဖြင့် ပြောလိုက်သည်။

"သူ သေချာပေါက် အသက်ရှင်လျက် ပြန်လာမှာပါ။ သိပ်ပြီး စိတ်မပူပါနဲ့"

"အဲဒီလို ဖြစ်ရင်တော့ ကောင်းတာပေါ့... ဒါပေမဲ့ ကံကြမ္မာကတော့ တခြားစီ ဖြစ်နေတယ်"

"ကံကြမ္မာကို ကျော်လွှားလို့ မရဘူးလို့များ ထင်နေတာလား။ ငါတုန်းကဆိုရင်..."

နောက်ဆုံးတွင် လီဘုတ်ဆွန်းသည် အခက်အခဲပေါင်းစုံကြားမှ သူ၏ မွေးချင်း ခြောက်ယောက်ကို မည်သို့ ပြုစုခဲ့ရပုံကို ပြန်လည်ပြောပြနေပြန်သည်။ လီဆော့ယောင်က ခါးသီးစွာ ပြုံးလိုက်မိသည်။ အကယ်၍ ကံကြမ္မာကိုသာ အလွယ်တကူ ကျော်လွှားနိုင်ခဲ့မည်ဆိုလျှင် မည်သူမျှ ဒုက္ခရောက်ကြမည် မဟုတ်ပေ။

「 နောက်ထပ် ဇာတ်ဝင်ခန်းကို ဆက်မသွားဘူးဆိုရင် ကိုယ်စားလှယ် ကင်ဒေါ့ဂျာ အသက်ရှင်နိုင်မယ် 」

လီဆော့ယောင်သည် သူ၏ သက်တမ်း အနှစ် ၂၀ ကို စတေးပြီး 'ကံကြမ္မာ' ဆီမှ ဤစာကြောင်းကို ဖတ်ခဲ့ရခြင်း ဖြစ်သည်။

ကင်ဒေါ့ဂျာသည် နောက်ထပ် ဇာတ်ဝင်ခန်းသို့ မသွားရောက်ခဲ့လျှင် အသက်ရှင်နိုင်ပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ကင်ဒေါ့ဂျာသည် နောက်ထပ် ဇာတ်ဝင်ခန်းသို့ သွားရောက်သည့် အခိုက်အတန့်တွင် သေချာပေါက် သေဆုံးရမည်ဖြစ်သည်။

'....ဒေါ့ဂျာ'

သို့သော်လည်း လီဆော့ယောင်သည် သားဖြစ်သူသေဆုံးတော့မည်ဟု နိမိတ်လက္ခဏာအားလုံးက ညွှန်ပြနေသော်လည်း လက်မလျှော့ခဲ့ပေ။ သူ လက်မလွှတ်နိုင်ခဲ့ချေ။

အမှုန်အမွှားများ ကြွေကျသံနှင့်အတူ လီဆော့ယောင်က သူ၏ လက်ချောင်းထိပ်လေးများကို ငုံ့ကြည့်လိုက်သည်။ သူ၏ ပြန်လည်ကောင်းမွန်ခြင်းမှာ နှေးကွေးပြီး မပြည့်စုံသေးသောကြောင့် ခန္ဓာကိုယ်မှာ ပျက်စီးယိုယွင်းနေဆဲ ဖြစ်သည်။ ဤသည်မှာ Fourth Wall ထဲသို့ ဝင်ရောက်ခဲ့သည့် နောက်ဆက်တွဲ ဆိုးကျိုးများကြောင့်ပင်။

လီဆော့ယောင်သည် Fourth Wall ၏ ဝါးမျိုခြင်းကို ခံခဲ့ရသည့် အချိန်ကို ပြန်လည်အမှတ်ရမိသည်။ သူ၏ တည်ရှိမှုတစ်ခုလုံးကို စာလုံးအစိတ်အပိုင်းလေးများအဖြစ် ခွဲခြားခံလိုက်ရသကဲ့သို့ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံပင်။

သူသည် ထိုအချိန်က သေဆုံးသွားခဲ့ခြင်းလည်း ဖြစ်နိုင်သည်။ ပျက်စီးသွားသော ဇာတ်လမ်းတစ်ခုကဲ့သို့ သူသည် တံတိုင်းထဲသို့ စုပ်ယူခံလိုက်ရပြီး မည်သည့်လူသားမျှ မကြုံဖူးသေးသည့် အရာတစ်ခုကို ကြုံတွေ့ခဲ့ရသည်။ သားဖြစ်သူထဲတွင် ထိုကဲ့သို့သော 'တံတိုင်း' ရှိနေသည်ကို သိလိုက်ရသဖြင့် သူ ထိတ်လန့်သွားခဲ့ရသည်။ ထို့အပြင် ထိုတံတိုင်းထဲတွင် တစ်စုံတစ်ယောက် နေထိုင်နေသည်ဟူသော အချက်ကလည်း သူ့ကို တုန်လှုပ်စေခဲ့သည်။

'...အဲဒါက ဘာကြီးလဲ'

ထိုနေရာတွင် လီဆော့ယောင်သည် တံတိုင်းထဲက တည်ရှိမှုနှင့် ရင်ဆိုင်ခဲ့ရသည်။ လီဆော့ယောင်၏ တည်ရှိမှုမှာ ကြေမွသွားပြီးမှ ပြန်လည်တည်ဆောက်ခံခဲ့ရသဖြင့် တိကျသော မှတ်ဉာဏ်များစွာ ကျန်ရစ်ခြင်း မရှိတော့ပေ။

တံတိုင်းအတွင်းပိုင်း၏ တိကျသော ဖွဲ့စည်းပုံကို သူ မမှတ်မိတော့။ သို့သော်လည်း သူ မှတ်မိနေသော အရာတစ်ခု ရှိသည်။ ထိုအရာမှာ မေးခွန်းတစ်ခု၏ အဖြေပင် ဖြစ်သည်။

「 ကျမသား အသက်ရှင်ဖို့အတွက် ဘယ်လိုနည်းလမ်းရှိလဲ။ အဲဒီ အောက်တန်းကျတဲ့ ကံကြမ္မာကို သူ ဘယ်လို ဖယ်ရှားနိုင်မလဲ 」

လီဆော့ယောင်သည် သူ၏ တည်ရှိမှု ပျောက်ကွယ်တော့မည့် အချိန်၌ပင် ဤမေးခွန်းကို မေးမြန်းခဲ့သည်။ တံတိုင်းထဲက တည်ရှိမှုသည် ပျော်ရွှင်နေသည့်အလား ရယ်မောလိုက်သည်။

「 ကံကြမ္မာကနေ လွတ်မြောက်နိုင်မယ့် နည်းလမ်းက တစ်ခုထဲပဲ ရှိတယ် 」

ဤအခြေအနေတစ်ခုလုံးမှာ ဟာသတစ်ခုကဲ့သို့ ပြုံးကြည့်နေသည့် ထူးဆန်းသော အပြုံးမျိုး ထိုတည်ရှိမှုတွင် ရှိနေလေသည်။

「 ကင်ဒေါ့ဂျာက ဘယ်လိုလုပ်ရမလဲဆိုတာ သိပြီးသားပါ 」

အခန်း ၁၈၆

- အပိုင်း ၃၅ - ၇၃ ပါးမြောက် မိစ္ဆာဘုရင် (၅)

“ရပ်လိုက်စမ်း။ ရပ်လိုက်တော့။ ခွေးမသား”

ထိုအချိန်တွင် ကြယ်တာရာ စီမံခန့်ခွဲရေးဌာန၏ ဆိုးလ်ဌာနခွဲရှိ ဟိုလိုဂရမ် မျက်နှာပြင်ပေါ်၌ အဓိကဇာတ်ဝင်ခန်းကို ပြသနေလေသည်။ မျက်နှာပြင်ထက်မှ မှော်စွမ်းအင် မုန်တိုင်းကို ကြည့်ရင်း ဒိုကဲဘီအချို့က သက်ပြင်းချနေကြလေသည်။

ဒိုကဲဘီတို့သည် ဗီဇအရ သိရှိနေကြသည်။ ယခုအချိန်မှစ၍ ထွက်ပေါ်လာတော့မည့် မြင်ကွင်းသည် ဆိုးလ်ဒေသ ဇာတ်ဝင်ခန်း စတင်ကတည်းက အကောင်းဆုံးသော ဇာတ်လမ်း ဖြစ်လာပေလိမ့်မည်။

ထိုမြင်ကွင်းကို ကြည့်နေသူများထဲတွင် ဘီဟွန်းလည်း တစ်ဦးအပါအဝင် ဖြစ်သည်။

-ယူဂျွန်ဟော့။ ချီးထုတ်... ■■ မအေဘေးကောင်...။ ငါတောင်းဆိုတာပါကွာ

-အားလုံးပဲ သူ့ကို တားကြစမ်း။ ယူဂျွန်ဟော့ကို ပိတ်ဆို့ထားကြပါဟ

စစ်ထုတ်မှုများကြောင့် ဒိုကဲဘီအချို့က မကျေမနပ် ဖြစ်နေကြသည်။ သို့သော် ဘီဟွန်းကတော့ ထိုသူတို့နှင့် မတူပေ။ စစ်ထုတ်မှုများ ရောနှောနေသော်လည်း ဘီဟွန်းမှာ ယခုအခါ စစ်ထုတ်မှုကြားက စကားလုံးများကို အတိုင်းအတာတစ်ခုအထိ နားလည်နိုင်စွမ်း ရှိနေပြီ ဖြစ်သည်။

အချို့သော စကားလုံးများသည် အပြည့်အစုံ ရေးသားမထားသော်လည်း ဖတ်ရှု၍ ရနေလေသည်။ ရုပ်သံလိုင်းကို အစဉ်တစိုက် စောင့်ကြည့်နေခဲ့ကြသည့် နက္ခတ်များအတွက်လည်း ထိုနည်းတူပင် ဖြစ်ပေလိမ့်မည်။

မဟုတ်လျှင် အောက်ပါ မက်ဆေ့ချ်များ ထွက်ပေါ်လာစရာ အကြောင်းမရှိပေ။

[ ‘မိစ္ဆာကဲ့သို့ မီးလျှံတရားစီရင်သူ’နက္ခတ်သည် ဝမ်းနည်းဖွယ် အခြေအနေကြောင့် စိတ်ပျက်အားငယ်နေပါသည်။ ]

[ ‘ရွှေခေါင်းကွင်း၏အကျဉ်သား’နက္ခတ်သည် ၎င်း၏ ဆံပင်များကို အစုလိုက်အပြုံလိုက် ဆွဲနှုတ်နေပါသည်။ ]

[ ‘မဟူရာမီးလျှံ အသူတစ်ရာနဂါး’နက္ခတ်သည် စိတ်အနှောင့်အယှက်ဖြစ်နေသော ပုံစံဖြင့် ကြည့်ရှုနေပါသည်။ ]

[ ‘လျှို့ဝှက်ကြံစည်သူ’နက္ခတ်သည် အခြေအနေကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပါသည်။ ]

.

.

[ နက္ခတ်အချို့သည် နက်ဗျူလာ၏ ရက်စက်ကြမ်းကြုတ်မှုများအပေါ် နာကျည်းနေကြပါသည်။ ]

[ နက္ခတ်အမြောက်အမြားမှာ ခန့်မှန်းရခက်သော ဖြစ်စဉ်ပြောင်းလဲမှုများထဲသို့ လုံးလုံးလျားလျား စီးမျောနေကြပါသည်။ ]

ဘီဟွန်းသည် မျက်နှာပြင်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။

မိစ္ဆာဘုရင် ဖြစ်လိုသော ယူဂျွန်ဟော့နှင့် သူ့ကို တားဆီးလိုသော ကင်ဒေါ့ဂျာ...။

ဤမြင်ကွင်းကို ကြည့်ရင်း ဘီဟွန်းသည် အတွေ့အကြုံမရှိသေးသော ဒိုကဲဘီပေါက်စ ဘဝတုန်းက နေ့ရက်များကို ပြန်လည်အမှတ်ရလာသည်။

ထိုစဉ်က ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် အစီအစဉ်မျိုးစုံကို သူ လုပ်ဆောင်ခဲ့ဖူးသည်။ ဇာတ်လမ်းတိုင်းမှာ ချစ်မြတ်နိုးဖွယ် ကောင်းလှပြီး နောက်ထပ် ဘာဖြစ်လာမလဲဆိုသည့် သိချင်စိတ်ကို ဘီဟွန်း မအောင့်အီးနိုင်ခဲ့ပေ။

မိမိ၏ ရုပ်သံလိုင်းမှ ကိုယ်စားလှယ်များအပေါ် စိတ်ဝင်တစား စီးမျောခဲ့ရသည့် ထိုနေ့ရက်များ၏ ခံစားချက်မှာ စင်ကြယ်လွန်းပြီး မေ့ပျောက်၍ မရနိုင်သော အရာပင်...။

ဘီဟွန်းသည် မိမိအတွင်းစိတ်ထဲတွင် လှုပ်ရှားလာသော ခံစားချက်များကို လျစ်လျူရှုရန် အားခဲထားလိုက်သည်။

'ဒါက ဇာတ်လမ်းတစ်ပုဒ်ပါပဲလေ'

မည်မျှပင် ဝမ်းနည်းကြေကွဲစရာ ကောင်းပါစေ၊ ဇာတ်လမ်းဆိုသည်မှာ ဇာတ်လမ်းသာ ဖြစ်သည်။ ကင်ဒေါ့ဂျာနှင့် ယူဂျွန်ဟော့တို့၏ ဇာတ်လမ်းသည်လည်း ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုတွင် မရေမတွက်နိုင်အောင် ထပ်တလဲလဲ ဖြစ်ပျက်နေသည့် ဇာတ်လမ်းများထဲမှ တစ်ခုသာလျှင် ဖြစ်၏။

ဇာတ်လမ်းအများစုကို သူ မြင်တွေ့ဖူးပြီးသားဖြစ်သလို စိတ်လှုပ်ရှားမှုဆိုသည်ကိုလည်း မေ့လျော့နေခဲ့သည်မှာ ကြာပြီဖြစ်သည်။ ချဲ့ကားပြောဆိုခြင်းနှင့် စိတ်လှုပ်ရှားဖွယ်ရာ ဖန်တီးမှုများကိုသာ သူ ကောင်းကောင်းသိသည်။

သို့ဆိုလျှင် အဘယ်ကြောင့်နည်း။ ဘီဟွန်းသည် သူ့ရင်ခွင်ထဲရှိ ဥကို အသည်းအသန် ပွေ့ပိုက်ထားမိသည်။

'ချီးပဲ။ ကင်ဒေါ့ဂျာ။ တစ်ခုခုလုပ်စမ်းပါဟ။ အရင်တုန်းကလိုပဲ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့ လူတိုင်းကို လှည့်စားလိုက်စမ်းပါ'

ကင်ဒေါ့ဂျာသည် အမြဲတမ်းလုပ်ဆောင်နေကျအတိုင်း နည်းလမ်းသစ်တစ်ခုကို ရှာတွေ့လိမ့်မည်ဟု ဒိုကဲဘီက မျှော်လင့်နေမိသည်။

"ဒါက တကယ်ကို ဝမ်းနည်းစရာကောင်းတာပဲ။ ဟုတ်တယ်မလား"

ဆိုးလ်ဌာနခွဲ၏ အကြီးအကဲ ဘာရမ်က ဘီဟွန်းအနားတွင် လာရပ်သည်။

ဘီဟွန်းက သူ့ကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

"…ဒါက နက္ခတ်တစ်ပိုင်းတစ်စတစ်ခုအတွက်တော့ တကယ်ကို ဝမ်းနည်းစရာကောင်းတဲ့ အခြေအနေပါပဲ"

ယခုကဲ့သို့ ဝင်ရောက်စွက်ဖက်မှုကြောင့် နက်ဗျူလာများမှာလည်း အကြီးအကျယ် ထိခိုက်ခံစားရလိမ့်မည်။ ယခုကဲ့သို့ အတိုင်းအတာဖြင့် Deus Ex Machina ကို အသုံးပြုခြင်းသည် အဆင့်နိမ့်နက္ခတ်များကို စတေးရုံနှင့်တင် ပြီးဆုံးသွားမည်မဟုတ်ပေ။

နက်ဗျူလာမှတစ်ဆင့် နက္ခတ်တစ်ပါးစီတိုင်းသည် ဖြစ်နိုင်စွမ်းကို ခွဲဝေယူထားကြရာ ယခုဖြစ်ရပ်က ဖြစ်နိုင်စွမ်းအပေါ် ကြီးမားသော ဆုံးရှုံးမှုကို ဖြစ်ပေါ်စေခဲ့သည်။ အကယ်၍ ဤအခြေအနေမျိုးတွင် နက်ဗျူလာအချင်းချင်း စစ်ပွဲဖြစ်ပွားခဲ့မည်ဆိုပါက ကင်ဒေါ့ဂျာကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုမှာ အဆုံးအဖြတ်ပေးမည့် ဒဏ်ချက်တစ်ခု ဖြစ်လာပေမည်။

ခေတ္တမျှအကြာတွင် ဘာရမ်က ပြန်ပြောသည်။

"ကင်ဒေါ့ဂျာ သေသွားမယ်ဆိုရင်တော့ ဒါက ထိုက်တန်တယ်လို့ ငါထင်တယ်။ ငါပြောခဲ့သလိုပဲ သူတို့တွေက 'အရာအားလုံးရဲ့ အဆုံးသတ်' နဲ့ ပတ်သက်တဲ့ ကိစ္စတွေမှာ အရမ်းကို ထိခိုက်လွယ်ကြတယ်။ ကင်ဒေါ့ဂျာမှာ အဲဒီလို ဖြစ်နိုင်ခြေ အများကြီးရှိတယ်လို့ သူတို့က ယူဆနေကြတာ"

"…ဒါဆိုရင်တော့ စိတ်မကောင်းစရာပဲ"

"ဟင်။ ဘာလို့လဲ"

"ကင်ဒေါ့ဂျာ သေမှာမဟုတ်လို့လေ"

အဘယ်ကြောင့် ယခုကဲ့သို့ ကြွေးကြော်နေမိသည်ကို ကိုယ့်ကိုယ်ကိုယ် နားမလည်သော်လည်း ဘီဟွန်းက ဆက်ပြောလိုက်သည်။

"ယူဂျွန်ဟော့က မိစ္ဆာဘုရင် ဖြစ်လာရင် ကင်ဒေါ့ဂျာကို သတ်မှာမဟုတ်ဘူး"

ဘီဟွန်းသည် မျက်နှာပြင်ဆီသို့ ပြန်လည်ကြည့်ရှုလိုက်သည်။

နက်ဗျူလာများ၏ အစီအစဉ်မှာ ယူဂျွန်ဟော့ကို မိစ္ဆာဘုရင် ဖြစ်စေခြင်းဖြင့် ကင်ဒေါ့ဂျာကို သတ်ရန် ဖြစ်နိုင်သော်လည်း၊ ထိုအစီအစဉ်မှာ ယူဂျွန်ဟော့၏ စရိုက်ကို အပြည့်အဝ နားမလည်ကြသည့် နက်ဗျူလာများ၏ မာနထောင်လွှားမှုသာ ဖြစ်ပေလိမ့်မည်။

- ဝင်မရှုပ်ကြနဲ့

ဘီဟွန်းသည် မျက်နှာပြင်မှတစ်ဆင့် ယူဂျွန်ဟော့ကို ကြည့်ရင်း ရင်ထဲမှ ဝေဒနာကို မျိုသိပ်ထားလိုက်သည်။

အဆုံးတွင် ယူဂျွန်ဟော့မှာ ဤနေရာ၌ သေဆုံးသွားနိုင်သော်လည်း ကင်ဒေါ့ဂျာမှာမူ အသက်ရှင်ကျန်ရစ်ပေလိမ့်မည်။ ထိုသို့ဖြင့် ကင်ဒေါ့ဂျာသည် နက္ခတ်များ သတ်မှတ်ထားသည့် ကံကြမ္မာမှ တစ်ဖန်ပြန်၍ လွတ်မြောက်သွားဦးမည်ဖြစ်သည်။

အကယ်၍ သူသာ ဆက်တိုက် အသက်ရှင်ကျန်ရစ်နေဦးမည်ဆိုလျှင် တစ်နေ့နေ့မှာတော့...။

ဘာရမ်က ရယ်မောလိုက်သည်။

"မင်းက 'ကံကြမ္မာ' ဆိုတာကို အခုထိ နားမလည်သေးဘူးပဲ"

"…ဟမ်"

"နက်ဗျူလာတွေက ဒါကို ကြိုမသိဘူးလို့ မင်းထင်နေတာလား။ သူတို့တွေက ကင်ဒေါ့ဂျာရဲ့ အနာဂတ်ကို မဖတ်နိုင်ရင်တောင် သူ့ရဲ့ စရိုက်ကို ခွဲခြမ်းစိတ်ဖြာမထားဘူးလို့ မင်းယုံကြည်နေတာလား။ ဒါဆိုရင်တော့ မင်းက ကံကြမ္မာကို လျှော့တွက်နေတာပဲ"

"ဘာဖြစ်တယ်..."

မျက်နှာပြင်ထက်မှ လင်းလက်တောက်ပလာသော အလင်းတန်းကြောင့် ဘီဟွန်း၏ စကားမှာ ပြတ်တောက်သွားရသည်။

[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက အမည်မရှိသေးသော နက္ခတ်၏ အခြေအနေကို ကြေညာနေပါသည်။ ]

ခန့်ညားထည်ဝါလှသော အလင်းရောင်သည် ဟိုလိုဂရမ် မျက်နှာပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားရာ ဘာရမ်ကဲ့သို့ အဆင့်မြင့်ဒိုကဲဘီများပင်လျှင် အံ့အားသင့်သွားကြရသည်။

"ကြည့်စမ်း။ ကံကြမ္မာက အကောင်အထည် ပေါ်လာတော့မယ်"

……………………………………………………………………………………………

"ဒေါ့ဂျာ။ ဘာလုပ်နေတာလဲ။ သတိထားဦး"

မိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေသည့် ယူဂျွန်ဟော့ကို ကြည့်ရင်း ကျနော် ငိုင်တိုင်တိုင် ဖြစ်နေမိသည်။

-ငါ ပြန်သွားပြီးရင် ဒီကမ္ဘာကြီး ဘာဖြစ်မလဲဆိုတာ မင်း စိုးရိမ်နေတာလား

-မင်း ကြောက်နေတာ ဖြစ်ရမယ်။ ငါ ပျောက်ကွယ်သွားတာနဲ့ ဒီကမ္ဘာကြီးက ပျောက်ကွယ်သွားလိမ့်မယ်လို့မင်းက ထင်နေတာမလား

ကျနော့်စိတ်များ ရှုပ်ထွေးနောက်ကျိလာပြီး ကျနော့်မျက်လုံးထဲသို့ ပိုးကောင်ပေါင်း ထောင်ချီဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။

"အားးးးး"

အဖွဲ့ဝင်များ၏ အော်ဟစ်သံများ ထွက်ပေါ်လာသည်။

ပတ်ဝန်းကျင်တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားသွားသည်။

-ငါ နောက်ပြန်ဆုတ်သွားရင်လည်း ဒီကမ္ဘာကြီးက ပျောက်ကွယ်မသွားဘူး။ ငါ သေသွားရင်တောင် ဒီကမ္ဘာက ပျက်စီးသွားမှာ မဟုတ်သလို ကမောက်ကမလည်း ဖြစ်မသွားဘူး

ယူဂျွန်ဟော့ ပြောလိုက်သည့် စကားလုံးများက ကျနော့်ခေါင်းထဲတွင် နေရာယူထားသည်။

'ယူဂျွန်ဟော့ နောက်ပြန်ဆုတ်သွားရင်တောင် ဒီကမ္ဘာကြီးက ပျောက်ကွယ်မသွားဘူးတဲ့'

ငါနားမလည်တော့ဘူး။ Ways of Survival ထဲမှာဆိုရင် ဘာကိုမှ တုံ့ပြန်ခြင်းမရှိခဲ့တဲ့ ယူဂျွန်ဟော့ရဲ့ ထောက်ပံ့သူက... အခုမှ ယူဂျွန်ဟော့ကို တကယ်ကြီး ပြန်ဖြေခဲ့တာလား။

ဘာလို့လဲ။ ဘာဖြစ်လို့ ဒီလိုအခြေအနေမျိုးမှပြန်ဖြေရတာလဲ။

"ဒေါ့ဂျာ"

မသိတော့ဘူးကွာ။

[ သီးသန့်စွမ်းရည် 'စာမှတ်' အသက်ဝင်လာပါပြီ။ ]

[ ပဉ္စမမြောက် စာမှတ် 'ကိုင်ရီယော့စ် ရော့ဒ်ဂရိမ်' ကို ရွေးချယ်လိုက်ပါပြီ။ ]

[ သီးသန့်စွမ်းရည် 'သေးငယ်စေခြင်း အဆင့် ၃' အသက်ဝင်လာပါပြီ။]

[ သီးသန့်စွမ်းရည် 'လျှပ်စစ်ဓာတ် အားဖြည့်ခြင်း အဆင့် ၁၁ (+၁)' အသက်ဝင်လာပါပြီ။ ]

ကျနော့်ခန္ဓာကိုယ်မှာ တစ်ခဏအတွင်း သေးငယ်သွားပြီး ဖြူပြာရောင် အလင်းတန်းတစ်ခုအဖြစ် ယူဂျွန်ဟော့ထံသို့ ဦးတည်သွားသည်။

"ကင်ဒေါ့ဂျာ"

ယူဂျွန်ဟော့က ဟိန်းဟောက်လိုက်သည်။

ဖြူပြာရောင် စွမ်းအင်များက ယူဂျွန်ဟော့၏ ဓါးသွားနှင့် ထိမှန်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်သံကြီး ထွက်ပေါ်လာသည်။

လျှပ်စစ်ဓာတ် အားဖြည့်ခြင်းနှင့် အသန့်စင်ဆုံးဓါးစွမ်းအင် ပေါင်းစပ်မှုသည် ဧရာမခန္ဓာကိုယ်အသွင်ပြောင်းခြင်းနှင့် ကောင်းကင်ခွဲစွမ်းအားတို့နှင့် ထိပ်တိုက်တွေ့ဆုံသွားခြင်း ဖြစ်သည်။

အီသာမုန်တိုင်းများ ပေါက်ကွဲထွက်လာသည်ကို ကြည့်ရင်း ကျနော့်စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။

အကယ်၍ ယူဂျွန်ဟော့ပြောတာသာ မှန်ခဲ့လျှင် သူ နောက်ပြန်ဆုတ်သွားမှာကို ကျနော် စိုးရိမ်နေစရာ မလိုတော့ချေ။ သူ ပြန်သွားခဲ့လျှင်တောင် ဤကမ္ဘာကြီး ကျန်ရှိနေဦးမည်ကို ကျနော် အာမခံနိုင်ပြီး ဤနေရာမှာပဲ ဆက်လက်ရှင်သန်နေနိုင်မည်ဖြစ်သည်။

"ကင်ဒေါ့ဂျာ၊ သေချာစဉ်းစားစမ်း။ အခွင့်အရေးဆိုတာ ခဏခဏလာမှာ မဟုတ်ဘူးနော်"

ပြင်းထန်လှသော စွမ်းအားများ ထိပ်တိုက်တွေ့မှုကြောင့် ကျနော့်ခန္ဓာကိုယ်ရှိ ကြွက်သားများမှာ တုန်ခါနေသည်။ ယူဂျွန်ဟော့သည်လည်း သူ၏ စွမ်းအားအားလုံးကို ပုံအောအသုံးပြုနေ၏။

ကျနော့်လက်ထဲမှ ဓါးသွား၏ အထိအတွေ့ကို ခံစားရင်း ကျနော် သဘောပေါက်လိုက်သည်။ Fourth Wall ကြောင့် ကျနော့်နာကျင်မှုများကို လျှော့ချပေးထားသော်လည်း ယူဂျွန်ဟော့ကမူ မည်သည့် အကာအကွယ်မှမရှိဘဲ နာကျင်မှုအားလုံးကို တိုက်ရိုက်ခံစားနေရပေလိမ့်မည်။

"မဟုတ်ဘူး။ အဲဒါက ခက်လိမ့်မယ်"

သူ နောက်ပြန်ဆုတ်နိုင်တာနဲ့တင် အားလုံး အဆင်ပြေသွားမှာလား။ ဒီဇာတ်ဝင်ခန်းကို အဆုံးသတ်ဖို့ သူက ကိုယ့်ကိုယ်ကိုယ် အနစ်နာခံတော့မှာလား။

ကျနော် သူ့ကို ပြောလိုက်သည်။

"ငါ အလိုရှိတဲ့ အဆုံးသတ်မှာ ဒီလို ဇာတ်အိမ်မျိုး မပါဘူး"

"မင်း အခုထိ နားမလည်သေးဘူးလား။ ငါက မိစ္ဆာဘုရင် ဖြစ်ရမှာကွ"

"ငါပဲ မိစ္ဆာဘုရင် လုပ်မယ်"

"လျှောက်မပြောနဲ့။ မင်းသာ အဲဒီလိုလုပ်ရင် သေချာပေါက် သေလိမ့်မယ်။ ဇာတ်ဝင်ခန်းထဲကနေ ထုတ်ပယ်ခံရပြီးရင် ရှင်သန်ခြင်းဆိုတာ အလကားပဲ"

ယူဂျွန်ဟော့သည် ကျနော့်စကားများကို နားမလည်ခဲ့ခြင်း ဖြစ်ပေလိမ့်မည်။ ကျနော်တို့ကြားတွင် ဖြည့်ဆည်း၍မရနိုင်သော ကြီးမားသည့် တံတိုင်းတစ်ခု ရှိနေခဲ့၏။

သို့သော်လည်း ဤတံတိုင်းကြောင့်သာလျှင် ကျနော်သည် ဤလူကို ထပ်ခါတလဲလဲ မြင်တွေ့နိုင်ခဲ့ခြင်းဖြစ်သည်။ ယူဂျွန်ဟော့၏ နောင်တများ၊ သူ၏ စိတ်ပျက်အားငယ်မှုများနှင့် သူ၏ အိပ်မက်များ၊ ဘယ်သောအခါမှ အရှုံးမပေးခဲ့သော မကျိုးပဲ့နိုင်သော ဇွဲလုံ့လတို့ကိုပင် မြင်တွေ့ခဲ့ခြင်းဖြစ်သည်။

ကျနော်သည် ထိုအရာအားလုံးကို ဖတ်ရှုရင်း ကြီးပြင်းလာခဲ့ရသည်။

"စဉ်းစားကြည့်စမ်း။ အဓိကဇာတ်ကောင် မရှိတဲ့ ဇာတ်လမ်းကို ဘယ်သူက ကြည့်မှာလဲ"

ကျနော့်ခေါင်းထဲတွင် မှတ်ဉာဏ်များစွာ ရှိနေခဲ့သည်။ ကျနော်သည် ကျနော့်ဘဝ၏ အနိဋ္ဌာရုံအားလုံးကို ဇာတ်လမ်းတစ်ပုဒ်တည်းဖြင့် ကျော်လွှားခဲ့သည်။ ထိုဇာတ်လမ်းမှာ မည်သို့သော အခြေအနေမျိုးမှာမဆို ဘယ်သောအခါမှ အရှုံးမပေးခဲ့သူတစ်ဦး၏ ဇာတ်လမ်းပင် ဖြစ်သည်။ ထိုဇာတ်လမ်းက ကျနော့်ကို ဖန်တီးပေးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့်သာ ကျနော်သည် ဤနေရာသို့ရောက်အောင် ရှင်သန်နိုင်ခဲ့ခြင်း ဖြစ်၏။

"ငါ အကြွေးပြန်ဆပ်မယ်"

"...အကြွေးဟုတ်လား။ ဘာကို ဆိုလိုတာလဲ"

"မင်းက ငါ့ကို တစ်ခါ ကယ်ခဲ့ဖူးတယ်။ အခု ငါက မင်းကို ပြန်ကယ်တော့မယ်"

" ဘာပေါက်ကရစကားတွေလာပြောနေတာလဲ..."

သိမ်းဆည်းထားသမျှ နည်းစနစ်အားလုံးကို အသုံးပြုနေရင်း ယူဂျွန်ဟော့၏ အသံကို ကျနော်နားထောင်နေမိသည်။ ထိုသို့ လုပ်ဆောင်နေခြင်းမှာ ခဏတာမျှဆိုသော်ငြား ကျနော်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုကို ကုန်ခမ်းစေမည့် နည်းစနစ်တစ်ခု ဖြစ်နေလေသည်။ ကျနော် ကိုယ်တိုင်တိုက်ရိုက် စမ်းသပ်ကြည့်သည်မှာ ပထမဆုံးအကြိမ် ဖြစ်သော်လည်း သီအိုရီအရမူ ဖြစ်နိုင်ခြေ ရှိ၏။

"သေးငယ်စေခြင်းကို ပိတ်လိုက်စမ်း"

တစ်ချိန်တည်းမှာပင် လျှပ်စစ်ဓာတ် အားဖြည့်ခြင်း၏ တောက်ပမှုများ ဖုံးလွှမ်းနေသော ကျနော့်ခန္ဓာကိုယ်မှာ မူလအရွယ်အစားသို့ ပြန်လည်ပြောင်းလဲလာတော့သည်။

[ သင်၏ လက်ရှိ ခန္ဓာကိုယ် ဖွဲ့စည်းပုံမှာ ဇာတ်ကောင်၏ ဖွဲ့စည်းပုံနှင့် ကွဲပြားနေပါသည်။ ]

[ လက်ရှိတွင် သင်၏ ခန္ဓာကိုယ် ဖွဲ့စည်းမှုဖြင့် လျှပ်စစ်ဓာတ် အားဖြည့်ခြင်းကို အသုံးမပြုနိုင်ပါ။ ]

[ ပြင်းထန်သော စွမ်းရည် အပြစ်ပေးမှုက သင်၏ ခန္ဓာကိုယ်ကို တိုက်စားပါလိမ့်မည်။ ]

လျှပ်စစ်ဓာတ် အားဖြည့်ခြင်းမှာ 'လူသေးသေးလေးများ' သာ အသုံးပြုနိုင်သော နည်းစနစ်တစ်ခု ဖြစ်သည်။ သို့သော်လည်း လျှပ်စစ်ဓာတ် အားဖြည့်ခြင်းကို အသုံးပြုနေစဉ်မှာပင် သေးငယ်စေခြင်းကို ရုပ်သိမ်းလိုက်မည်ဆိုပါက မူလခန္ဓာကိုယ်ဖြင့်ပင် လျှပ်စစ်ဓာတ် အားဖြည့်ခြင်း၏ စွမ်းအားကို အသုံးပြုနိုင်မည် ဖြစ်သည်။ ကျနော့်ခန္ဓာကိုယ်မှာ သေလုမြောပါး အခြေအနေသို့ ရောက်ရှိသွားသော်လည်း သေးငယ်စေခြင်းကို ပိတ်လိုက်သည်နှင့် လျှပ်စစ်ဓာတ် အားဖြည့်ခြင်း၏ စွမ်းအားမှာ ပိုမိုပြင်းထန်လာခဲ့သည်။

"ကင်ဒေါ့ဂျာ…"

လျှပ်စစ်ဓာတ် အားဖြည့်ခြင်း၏ စွမ်းအားများ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပြည့်နှက်သွားချိန်၌ ယူဂျွန်ဟော့၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားခဲ့သည်။ တောက်ပနေသော ဖြူပြာရောင် အီသာများမှာ ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားပြီး ယူဂျွန်ဟော့မှာ သွေးများအန်ရင်း နံရံဆီသို့ လွင့်စင်သွားခဲ့သည်။

ခြေလှမ်းအနည်းငယ်အကွာတွင် ယူဂျွန်ဟော့ လွှတ်ချလိုက်သော ကျောက်စိမ်းတုံးကို လီဂီယောင် ကောက်ယူနေသည်ကို ကျနော် မြင်လိုက်ရသည်။

"ဂီယောင်…. အဲဒါ ငါ့ကို ပေး"

လီဂီယောင်သည် ဝေခွဲမရစွာဖြင့် နောက်သို့ ဆုတ်သွားခဲ့သည်။

"ကျနော် မပေးချင်ဘူး။ ကျနော် အားလုံး ကြားပြီးပြီ။ အကိုကြီးသာ ဒါကို ရသွားရင်..."

လီဂီယောင် တွန့်ဆုတ်နေစဉ်မှာပင် ဟန်ဆိုယောင်းက သူ့ကို အော်ပြောလိုက်သည်။

"ငတုံး။ ကင်ဒေါ့ဂျာနဲ့ ဝေးဝေးမှာ နေဟ"

နောက်ကျသွားခဲ့ပြီ။ ကျနော်သည် ချက်ချင်းပင် အကွာအဝေးကို ကျဉ်းမြောင်းလိုက်ပြီး လီဂီယောင်၏ လက်ထဲမှ ကျောက်စိမ်းတုံးကို လုယူလိုက်သည်။

"စိတ်မကောင်းပါဘူး ဂီယောင်"

တစ်ချိန်တည်းမှာပင် လျှပ်စစ်ဓာတ် အားဖြည့်ခြင်းမှ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး ကျနော့်ပတ်ဝန်းကျင်ရှိ လူအားလုံး လွင့်စင်သွားခဲ့၏။

[ သီးသန့်စွမ်းရည် 'စာမှတ်' ကို အတင်းအကျပ် ရပ်တန့်လိုက်ပါသည်။]

ကျနော့်ခန္ဓာကိုယ်မှာ အင်အားအလွန်အကျွံ သုံးစွဲမိသွားသောကြောင့် သွေးများ ပန်းထွက်လာခဲ့သည်။ ကျနော်သည် အသိစိတ်များ ဝေဝါးနေသည့်ကြားမှ ကျောက်စိမ်းတုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားမိသည်။ ထို့နောက် ကျောက်စိမ်းတုံးမှ မိစ္ဆာစွမ်းအင်များ ထွက်ပေါ်လာပြီး ကျနော့်တစ်ကိုယ်လုံးကို ရစ်ပတ်သွားတော့သည်။

[ ဝေဒ နက်ဗျူလာမှ နက္ခတ်များက ကျေနပ်စွာ ပြုံးနေကြပါသည်။ ]

မှန်ပေသည်။ ဤအခြေအနေမှာ သူတို့ အလိုရှိနေသည့်အခြေအနေပင် ဖြစ်သည်။

[ သင်သည် ၇၃ပါးမြောက် မိစ္ဆာဘုရင် ဖြစ်လာရန် အရည်အချင်း ပြည့်မီသွားပါပြီ။ ]

[ အဖိုးတန် ကျောက်စိမ်းတုံးမှာ သင်၏ အလားအလာကြောင့် အံ့အားသင့်နေပါသည်။ ]

[ အဓိကဇာတ်ဝင်ခန်းအသစ်တစ်ခုကို ရရှိလိုက်ပါပြီ။ ]

"ဒေါ့ဂျာ"

အဖွဲ့ဝင်တွေရဲ့ အသံကို စနစ်ရဲ့ မက်ဆေ့ချ်တွေက ဖုံးလွှမ်းသွားတာကြောင့် ခပ်သဲ့သဲ့သာ ကြားလိုက်ရသည်။

[ သင်သည် မိစ္ဆာဘုရင်၏ လမ်းစဉ်ကို ရွေးချယ်ပါက မဟူရာရဲတိုက်၏ တတိယအဆင့်တွင် ရှိသော တည်ရှိမှုအားလုံးကို ဖျက်ဆီးရမည်။ ]

[ သင်သည် ဇာတ်ဝင်ခန်းကို ကျရှုံးပါက ဤဇာတ်ဝင်ခန်းမှ ထာဝရ ထုတ်ပယ်ခြင်း ခံရမည်။ ]

ဇာတ်ဝင်ခန်းမှ ထုတ်ပယ်ခံရခြင်းဆိုသည်မှာ 'သေဆုံးခြင်း' နှင့် အဓိပ္ပာယ်ချင်း မတူပေ။ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုမှ ထိန်းချုပ်ထားသော စီးဆင်းမှုထဲမှ ထာဝရ ကန်ထုတ်ခံရခြင်းသာ ဖြစ်သည်။

ဒိုကဲဘီများနှင့် နက္ခတ်များ၏ မျက်စိအောက်မှ လွတ်ကင်းသော ထိုဗလာနယ်ထဲတွင် ကျနော် သေဆုံးသွားမည်ဖြစ်သည်။

ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုအတွင်း ထိုဗလာနယ်ကို ကြံ့ကြံ့ခံနိုင်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။ မည်သည့် နက္ခတ်မှ ဇာတ်ဝင်ခန်း မရှိဘဲ မတည်ရှိနိုင်ဟု ပြော၍ရ၏။

ယခုတော့ ကျနော် သေချာပေါက် သိသွားပြီဖြစ်သည်။ ဤအခြေအနေမှာ ချီးထုတ်နက်ဗျူလာများ မျှော်လင့်နေသည့် အခြေအနေပင် ဖြစ်သည်။ ချီးထုတ်ကံကြမ္မာက ဘာကို ရည်ညွှန်းနေသည်ကိုလည်း ကျနော် ကောင်းကောင်း သိလေသည်။

"ငါက မိစ္ဆာဘုရင်ပဲ"

[ အဖိုးတန် ကျောက်စိမ်းတုံးက ၇၃ပါးမြောက် မိစ္ဆာဘုရင် ဖြစ်လာရန် ကိုယ်စားလှယ် အသစ်တစ်ဦးကို ရွေးချယ်လိုက်ပြီ ဖြစ်ပါသည်။ ]

[ ၇၃ပါးမြောက် မိစ္ဆာဘုရင် အသစ်ကို ရွေးကောက်လိုက်ပြီ ဖြစ်ပါသည်။ ]

အင်အားကြီးမားသော မိစ္ဆာစွမ်းအင်များ ကျနော့်တစ်ကိုယ်လုံးသို့ စီးဝင်လာသည်။

[ သင်သည် ဇာတ်လမ်းအသစ်တစ်ခုကို ရရှိလိုက်ပြီ ဖြစ်သည်။ ]

[ သင်သည် 'မိစ္ဆာဘုရင်' ၏ စွမ်းအားကို ဆက်ခံရရှိပြီ ဖြစ်သည်။ ]

ဒဏ်ရာရနေသော ကျနော့်ခန္ဓာကိုယ်သည် ကြီးမားသော မိစ္ဆာစွမ်းအင်များကို လက်ခံရရှိလိုက်ပြီးနောက် ချက်ချင်းဆိုသလို ခွန်အားများ ပြန်လည်ပြည့်ဖြိုးလာသည်။ မဟုတ်သေး။ ပြန်လည်ကောင်းမွန်လာရုံတင် မကပေ။ ကျနော် တစ်ခါမှ မခံစားဖူးသည့် ကြီးမားသော စွမ်းအင်တစ်ခုကိုပါ ခံစားမိနေခြင်း ဖြစ်၏။ ကျနော်သည် လုံးဝ ကွဲပြားခြားနားသော အရာတစ်ခုအဖြစ် ပြန်လည် မွေးဖွားလာခဲ့ပြီ ဖြစ်သည်။

[ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက သင်၏ အဆင့်အတန်းကို ကြေညာပါမည်။ ]

[ သင်၏ အဆင့်အတန်းမှာ ဒဏ္ဍာရီလာအဆင့် ဖြစ်ပါသည်။ ]

.

.

[ သင်၏ 'အထူးစွမ်းရည်' ပွင့်သွားပြီ ဖြစ်သည်။ ]

[ ပြင်းထန်သော မိစ္ဆာစွမ်းအင်က သင်၏ နက္ခတ်ကို ညစ်ညမ်းစေနေပါသည်။ ]

[ သင်သည် အကျင့်ပျက် နက္ခတ်တစ်ပါး ဖြစ်လာပြီ ဖြစ်သည်။ ]

အကျင့်ပျက် နက္ခတ်ဆိုသည်မှာ ကြယ်တာရာ ရုပ်သံထုတ်လွှင့်မှုက မိစ္ဆာဘုရင်များကို ခေါ်ဝေါ်သော အမည်ဖြစ်သည်။

[ များစွာသော နက္ခတ်များသည် သင်၏ ရွေးချယ်မှုကြောင့် များစွာ တုန်လှုပ်ခြောက်ခြားနေကြပါသည်။ ]

[ အကြွင်းမဲ့ ကောင်းမြတ်သော စနစ်မှ နက္ခတ်များသည် သင့်အပေါ် ပြင်းထန်သော ရန်လိုမှုကို ပြသနေကြပါသည်။ ]

မှောင်မည်းနေသော မိစ္ဆာစွမ်းအင်များ တဖြည်းဖြည်း လွင့်ပါးသွားပြီးနောက် စိတ်ပျက်အားငယ်နေသော အမူအရာများဖြင့် ကျနော့်ကို ကြည့်နေကြသည့် အဖွဲ့ဝင်များကို မြင်လိုက်ရသည်။ ဒူးထောက်နေကြသော သူများမှာလည်း မယုံကြည်နိုင်လောက်အောင် တုန်လှုပ်နေကြသည်။ အဝေးတစ်နေရာမှ ယူဂျွန်ဟော့၏ စိတ်ပျက်အားငယ်နေသော မျက်နှာကိုလည်း မြင်တွေ့နေရသည်။

[ အဓိကဇာတ်ဝင်ခန်း #၁၀ ― '၇၃ပါးမြောက် မိစ္ဆာဘုရင်' စတင်ပါပြီ။]

သူတို့ကို ကြည့်ရင်း ခံ့ညားထည်ဝါစွာဖြင့် ကျနော်ပြောလိုက်သည်။

"အားလုံး သတိဝင်ကြစမ်း"

ပြီးခဲ့သည့် သုံးရက်တာအတွင်း လုပ်ဆောင်ခဲ့သမျှ အားလုံးမှာ ဤအခိုက်အတန့်အတွက် ဖြစ်သည်။

"မိစ္ဆာဘုရင်တစ်ပါးကို ဘယ်လို ရင်ဆိုင်ရမလဲဆိုတာ မှတ်ထားကြ"

နက်ဗျူလာများမှာ သူတို့ စီစဉ်ထားသည့်အတိုင်း ဖြစ်လာပြီဟု ထင်နေကြပေလိမ့်မည်။ နောက်ဆုံးတော့ ကံကြမ္မာ သတ်မှတ်ထားသည့်အတိုင်း ကင်ဒေါ့ဂျာသည် ဤနေရာမှာပင် သေဆုံးရတော့မည်ဟု ထင်နေကြမည်ဖြစ်သည်။

သို့သော်လည်း သူတို့ ဘယ်တော့မှ သိနိုင်မည် မဟုတ်ပေ။ သူတို့က ဤနေရာတွင် ကံကြမ္မာ၏ ဇာတ်ဝင်ခန်းကို ချထားပေးသကဲ့သို့... ကျနော်ကလည်း ချီးထုတ်ကံကြမ္မာမှ လွတ်မြောက်ရန် သုံးရက်တိုင်တိုင် ပြင်ဆင်နေခဲ့ခြင်း ဖြစ်၏။

ကျိုးပဲ့နေသော မျက်နှာကျက်ကြားမှ ခပ်သဲ့သဲ့ နေရောင်ခြည်များ တိုးဝင်လာသည်။ တောက်ပနေပုံရသော ထိုနေရောင်ခြည်ကို ကြည့်ရင်း ကျနော် ရယ်မောလိုက်သည်။

"ကဲ…. နောက်ဆုံး ဇာတ်ဝင်ခန်းကို စလိုက်ကြရအောင်"

ယနေ့သည် 'ကိုယ်စားလှယ် ကင်ဒေါ့ဂျာ' သေဆုံးမည့် နေ့ဖြစ်သည်။

All Chapters