ပြင်းထန်သောတိုက်ပွဲ
Vol. 9 Ch. 820
ပိုင်ရှောင်ချန်းမှာ ကြောက်လန့်တုန်ရီနေတော့သည်။ လဲ့ရှန်သည် မယုံကြည်နိုင်ဖွယ်ကောင်းအောင် ပေးဆပ်ခဲ့ရသော်လည်း အတိတ်ကထက် ပို၍အစွမ်းထက်နေကြောင်း သိသာသည်။ သို့သော် စောစောက တိုက်ပွဲတွင် သူအသတ်ခံရသည် ဖြစ်စေ၊ မခံရသည် ဖြစ်စေ သေချာတာတစ်ခုတော့ရှိသည်။ ရှေးယခင်က တိုက်ပွဲမှာကတည်းက သူ သေဆုံးသွားခဲ့လေပြီ။
" သေပြီးသား လူတွေက ထပ်သေနိုင်လား "
သူက အထိတ်တလန့် တွေးရင်း လဲ့ရှန်အလောင်းကို လှမ်းကြည့်လိုက်သည်။ သို့သော် သခင်မလေးဟုန်ချိန်နှင့် ကုန်းစွန်းဝမ်အာတို့ ယခင်ကထက်ပို၍ ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြစဥ် လဲ့ရှန်ကား တုတ်တုတ်မှ မလှုပ်ပေ။
ထိုအချိန်တွင် သခင်မလေးဟုန်ချိန်သည် အထင်ကြီးစရာကောင်းသော ပြိုင်ဘက်ကို တိုက်ခိုက်နေရကြောင်း သဘောပေါက်သွားပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်များ အဆင်မပြတ်ဖော်ကာ လေထုကို တစစီ ခုတ်ပိုင်းပစ်နိုင်ဟန်တူသော အနီရောင်အလင်းတန်းများ ထုတ်လွှတ်လိုက်သည်။
သူမ၏ပတ်လည်တွင် လည်ပတ်နေသည့် သူမ၏ အနီရောင်ကြာပန်းကြီးသည် ရံဖန်ရံခါ ပန်းပွင့်ဖတ်များ တစ်ဟုန်ထိုး ပစ်လွှတ်နေ၏။ သို့ဖြစ်၍ သူမသည် မည်သည့်အရာကိုမဆို သုတ်သင်ပစ်နိုင်သော နတ်စွမ်းအားများဖြင့် အဆက်မပြတ် ဝန်းရံခြင်း ခံထားရသည့်အလား ဖြစ်နေတော့သည်။
သို့ရာတွင် ထိုသည်က ဒုတိယမျှသာဖြစ်သည်။ အရေးအကြီးဆုံးက ယင်ယန်ဝိညာဥ်အဆင့်ကျင့်ကြံသူများအပေါ်သို့ တောင်တစ်လုံးပမာ ဖိနှိပ်နင်းခြေပစ်နိုင်သည့် ဖိအားများ ထုတ်လွှတ်နေသော သူမ၏ ပင်ကိုယ် နတ်အဆင့်ကျင့်ကြံခြင်းအခြေခံဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်း ထိုဖိအားကို ခုခံနိုင်ရန်မှာ ခက်ခဲမည် ဖြစ်ပေသည်။ ၄င်းကို ရင်ဆိုင်ရသည့် ရန်သူအများစုမှာ ပြန်လည်မတိုက်ခိုက်နိုင်ဘဲ ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်ခံရလိမ့်မည်။
သို့သော် ကုန်းစွန်းဝမ်အာသည်ကား သာမန်ပြိုင်ဘက်တစ်ယောက် မဟုတ်ချေ။ သူမ လက်ရှိ အသုံးပြုနေသည့် မှော်အတတ်မှာ ထူးခြားဆန်းကြယ်၏။ သူမက လေထဲသို့ အနက်ရောက်အလင်းစက်ကွင်းများ ထုတ်လွှတ်နေပြီး တစ်ခုချင်းစီသည် ဖျက်စီးခြင်းစွမ်းအားများဖြင့် ပြည့်နှက်နေလျက် သခင်မလေးဟုန်ချိန်၏ သက်စောင့်အားများကို စုပ်ယူသွားလေသည်။
အံ့သြတုန်လှုပ်အကောင်းဆုံးထဲက တစ်ခုသည်ကား ကုန်းစွန်းဝမ်အာ၏ အမြန်နှုန်းပင်။ သူမက လက်ဖျားခါရလောက်အောင် လျင်မြန်စွာ ရွေ့လျားနေသည့်အတွက် သူမ၏နောက်တွင် အရိပ်များသာ ထင်ကျန်ရစ်ခဲ့လေသည်။ တိုက်ပွဲက ဆက်လက် ဖြစ်ပွားနေသည်နှင့်အမျှ သခင်မလေးဟုန်ချိန်၏ ပတ်ပတ်လည်တွင် အနက်ရောင်အလင်းစက်ကွင်းများ ပိုမိုများပြားစွာ ဖြစ်တည်လာတော့သည်။
ထစ်ခြုန်းမြည်ဟည်းသံများ မရပ်မနား ပဲ့တင်ထပ်နေ၏။ သိသာထင်ရှားစွာပင် ကုန်းစွန်းဝမ်အာ၏ ကျင့်ကြံခြင်းအခြေခံက နတ်အဆင့် မဖြစ်သေးသည့်တိုင် သခင်မလေးဟုန်ချိန်ကို တိုက်ခိုက်နေစဥ် သူမကိုကြည့်ရသည်မှာ အနည်းငယ်မျှ ဖိအားဒဏ်မခံစားရသည့်ပုံပေါ်ေနသည်။ ပို၍ ထူးဆန်းသည်မှာ ကုန်းစွန်းဝမ်အာ၏ ပုံရိပ်များနောက်ရှိ ဝိုးတဝါးမြင်ရသော ဓမ္မရုပ်တုဖြစ်သည်။ ဓမ္မရုပ်တုသည် ရင်သပ်ရှုမောဖွယ်လှပချောမောသော အနက်ရောင်ဝတ်ရုံ မိန်းမပျိုတစ်ဦးဖြစ်ပြီး သူမ၏ မျက်လုံးများထဲတွင် မာနကြီးကာ အထင်အမြင်သေးသော အရိပ်အယောင်များ ထင်ဟပ်နေသည်။
အမှန်တကယ်ဆိုရလျှင် တိုက်ပွဲက ပိုင်ရှောင်ချန်းနှင့် နီးကပ်လာနေပြီး သူတို့ အသုံးပြုနေသည့် မှော်အတတ်များကြောင့် ပတ်ဝန်းကျင်မှာ အလွန်အန္တရာယ်များနေသည်။ တုန်ခါလှိုင်းများ အဆက်မပြတ် ထွက်လာနေသည့်အတွက် သူနှင့်အခြားတပ်သားများမှာ အနားပင် မကပ်နိုင်ကြပေ။
ပိုင်ရှောင်ချန်းက တပ်သားအများစုထက် ခံနိုင်ရည်ရှိလေသည်။ တပ်သားတချို့မှာ ဆွဲငင်အား တမျိုး၏ သက်ရောက်ခြင်းခံလိုက်ရသဖြင့် သက်စောင့်အားများ စုပ်ယူခံလိုက်ရပြီး ဆံပင်များ စွတ်စွတ်ဖြူသွားလေသည်။
အနီးနားရှိ လူများပင် ဒုက္ခရောက်နေသည်ကို ထောက်ချင့်လျှင် သခင်မလေးဟုန်ချိန်က မည်မျှ အခြေအနေဆိုးနေသည်ကို ဖော်ပြရန် အနည်းအကျဉ်းသာ လိုလိမ့်မည်။ သူမ၏မျက်နှာလေးမှာ ရှုံ့မဲ့နေသည့်တိုင် စကားပြောရန်ပင် အချိန်မရှိပေ။ သူမ၏စိတ်အာရုံက တိုက်ပွဲအပေါ်မှာ စူးစိုက်နေရလေသည်။
သူမ တိုက်ခိုက်နေသည့် အနှီပိုင်ရှောင်ချန်းဆိုသူမှာ ခန့်မှန်းထားသည်ထက် များစွာ ရင်ဆိုင်ရခက်သည်။ ယခင်က သူမ တိုက်ခိုက်ခဲ့ဖူးသည့်လူနှင့် လုံးဝမတူလုနီးပါး ဖြစ်နေသည်။ ရုပ်ရည်သွင်ပြင်အရ ပိုင်ရှောင်ချန်းနှင့် တူသော်လည်း သူ့အငွေ့အသက်မှာ တခြားတစ်ယောက်နှင့် တူနေသည်။
သူနှင့်ပတ်သက်ပြီး သူမ မှတ်မိထားသည့်အရာများနှင့် လွန်စွာကွဲလွဲနေတော့သည်။
သူမ၏ နတ်ဘုရားစွမ်းရည်များမှာ သူ့ကို အနည်းငယ်မျှ ထိခိုက်အောင် မလုပ်နိုင်သည်သာမက သူမထံ ပို့လွှတ်နေသည့် အနက်ရောင်အလင်းစက်ကွင်းများကြောင့် သူမ၏စိတ်ဓာတ်မှာ ပျက်ပြားလာတော့သည်။
" သူ ယင်ယန်ဝိညာဥ်အဆင့်မှာ မဟုတ်တာ သေချာတယ် "
သူမက ထိတ်လန့်တုန်လှုပ်စွာ တွေးလိုက်သည်။ ကုန်းစွန်းဝမ်အာ၏ မျက်နှာထက်တွင် ထူးဆန်းသော အပြုံးတစ်စ အမြဲတစ်စေရှိနေပြီး သူမ၏မျက်လုံးများမှာ ထူးဆန်းသော အလင်းများဖြင့် တောက်ပနေတော့သည်။ သခင်မလေး ဟုန်ချိန်က မည်မျှအရသာရှိကြောင်းနှင့် သူမကို စားရမည်မှာ မည်မျှ အံ့ဩဖွယ်ကောင်းမည်ဖြစ်ကြောင်း တွေးနေသည့်အလား နှုတ်ခမ်းကိုသပ်နေလေသည်။
ပိုင်ရှောင်ချန်းမှာ သူမြင်နေရသော အရာကြောင့် တုန်လှုပ်သွားပြီး တတ်နိုင်သမျှ မြန်မြန် နောက်ဆုတ်လာသည်။ မိန်းမပျိုနှစ်ယောက် တိုက်ခိုက်နေသည်ကို သူစောင့်ကြည့်နေစဥ် စောစောက ဓမ္မရုပ်ထုမှာ ယခုအခါ မည်သည့်နေရာတွင်မှ မမြင်ရတော့ကြောင်း သတိထားမိလိုက်သည်။ အမှန်တွင် သူ ထင်ယောင်ထင်မှားဖြစ်နေသည်လားဆိုသည်ကို သိချင်လာတော့သည်။ သို့သော် သခင်မလေးဟုန်ချိန်သည် အချိန်အတော်ကြာ တိုက်ခိုက်နေနိုင်မည်မဟုတ်ကြောင်း သူသတိထားမိလိုက်သည်။ သူ ရင်တဒိန်းဒိန်းခုန်လာပြီး သူမအား ထွက်ပြေးရန် မည်သို့ နားချရမည်ကို တွေးလာတော့သည်။
သို့သော် ထိုအချိန်တွင် သခင်မလေးဟုန်ချိန်၏ ရင်အစုံမှာ နိမ့်ချည် မြင့်ချည်ဖြစ်လာပြီး သူမ၏ မျက်လုံးများမှာ ဒေါသမီးများ တောက်လောင်နေတော့သည်။ ရုတ်တရက် သူမထံမှ နတ်အဆင့်အခိုးအငွေ့များ အရှိန်အဟုန်ပြင်းစွာ ထွက်ပေါ်လာကာ သူမပတ်လည်ရှိ သက်ရှိသက်မဲ့အရာများအားလုံးနှင့် စုပေါင်းသွားသည့်အတွက် သူမအသွင်က ကောင်းကင်နှင့်မြေကြီး၏ အရှင်သခင် ဖြစ်လာသည့်အလား။
" ပိုင်ရှောင်ချန်း၊ နင် အစအနမကျန်အောင်ကို သေစေရမယ် "
သူမက ဆုံးဖြတ်ချက်အခိုင်အမာ ချမှတ်ထားသည့်လေသံဖြင့် အော်ဟစ်ပြောဆိုလိုက်သည်။ ထို့နောက် သူမက မန္တန်လက်ကွက်တစ်ကွက် ဖော်လိုက်ရာ သူမ၏လက်ခလယ်မှ သွေးစက်တစ်စက်ပျံထွက်လာသဖြင့် သူမ၏မျက်နှာ ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။
သွေးစက်သည် အဖိုးတန်ရတနာတစ်ပါးအလား တောက်ပလင်းလက်နေပြီး ပတ်ဝန်းကျင်ရှိ အလင်းများအားလုံး မှေးမှိန်သွားတော့သည်။ ၄င်းက သာမန် သွေးစက်မဟုတ်သည်မှာ ထင်ရှားသည်။ အမှန်တွင် ထိုသည်က သခင်မလေးဟုတ်ချိန်၏ မှော်ပညာရပ်တမျိုးဖြစ်ပြီး ထိုမှော်သွေးစက်မှာ သူမ၏အသက်ဓာတ်နှင့် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ပေါင်းစပ်ထားခြင်းဖြစ်သည်။
၄င်းက ဝိညာဥ်သွေးတော့ မဟုတ်ပေ။ သို့သော် မှော်သွေးစက်တွင် မိုးကောင်းကင်နှင့် မြေကြီး၏ မဟာတာအိုနှင့် စပ်လျဥ်းနေသော သခင်မလေးဟုန်ချိန်၏ ဉာဏ်အလင်းဓာတ်များ ပါဝင်သည်။ ၄င်း အပြင်ထွက်လာသည်နှင့် တစ်ပြိုင်နက် သွေးနီရောင် လှံကြီးတစ်ခုအသွင် ပြောင်းလဲသွား၏။
တစ်ချက်မျှ အကဲခတ် ကြည့်ရုံနှင့် ၄င်းသည် လဲ့ရှန်ကို ရှင်းထုတ်ရန် စောစောက သူမ အသုံးပြုလိုက်သည့် လှံကြီးထက် များစွာ ပို၍ အံသြတုန်လှုပ်ဖွယ်ကောင်းမှန်း သိသာသည်။ ၄င်းက ကုန်းစွန်းဝမ်အာ၏ အမူအရာကိုပင် ပြောင်းလဲသွားစေသည့်အတွက် ပိုင်ရှောင်ချန်းရင်ထဲတွင် မျှော်လင့်ချက်အနည်းငယ် ပေါက်ဖွားလာတော့သည်။ တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သခင်မလေးဟုန်ချိန်က လှံကို မြှောက်လိုက်ပြီး ကုန်းစွန်းဝမ်အာထံ ပစ်လွှတ်လိုက်သည်။
လှံကြီးသည် လေထုကို ထိုးခွင်းကာ တဝီဝီမြည်ဟည်းလျက် ကုန်းစွန်းဝမ်အာ၏ ရှေ့တည့်တည့်တွင် ရုတ်ခြည်းပေါ်လာတော့သည်။ သို့သော် ကုန်းစွန်းဝမ်အာက လှစ်ခနဲ ဘေးသို့ ရှောင်တိမ်းလိုက်သောကြောင့် လှံကြီးမှာ သူမနောက်ရှိ မြေပြင်ကိုသာ ထိုးစိုက်သွား၏။
ပိုင်ရှောင်ချန်းမှာ အသက်ရှူမှားသွား၏။ ထိုလှံကြီးကို မြင်နေသည်နှင့်ပင် သူ၏စိတ်ထဲတွင် အန္တရာယ်အငွေ့အသက်များ ပြည့်နှက်နေခဲ့ရပြီး ၄င်းက ပစ်မှတ်အား မထိနိုင်သည်ကို မယုံနိုင်လောက်အောင် ဖြစ်သွားသည်။
ကုန်းစွန်းဝမ်အာက လှံကြီးကို ရှောင်တိမ်းလိုက်ချိန် သခင်မလေးဟုန်ချိန်၏မျက်လုံးများထဲတွင် အနီရောင်အလင်းများ တောက်ပလျက် လေထဲတွင် ရပ်နေစဥ် သူမ၏လက်ခလယ်ထိပ်ဖျားမှ နောက်ထပ်သွေးတစ်စက် ထွက်ပေါ်လာတော့သည်။
၄င်းသည်ကား... ဒုတိယမြောက် မှော်သွေးစက်။
၄င်းက ချက်ချင်းပင် ဒုတိယမြောက်လှံကြီးအသွင်ပြောင်းလဲသွားပြီး ရှေ့သို့ ပြေးဝင်သွား၏။ ထို့နောက် သူ၏ လက်သူကြွယ်၊ လက်သန်းနှင့် လက်မများမှ သွေးများ ထွက်လာသည်။ အဆုံးသတ်တွင် လှံငါးချောင်းထပ်မံထွက်ပေါ်လာပြီး ကုန်းစွန်းဝမ်အာက ၎င်းတို့အားလုံးကို ရှောင်တိမ်းနိုင်လိုက်ပါသော်လည်း ၎င်းတို့က စက်ဝိုင်းခြမ်းအသွင် မြေပြင်ကို ထိုးစိုက်သွား၏။
၎င်းတို့က အတားအဆီးတစ်ခုနှင့် တူနေသောကြောင့် ကုန်းစွန်းဝမ်အာ မျက်နှာပျက်သွား၏။ သူမက ထွက်ပြေးရန် ပြင်လိုက်စဥ်မှာပင် ခြောက်ချောင်းမြောက်လှံကြီးပေါ်လာသည်။ ထို့နောက် ခုနစ်ချောင်းမြောက်....။ ပို၍ များပြားသော မှော်သွေးစက်လှံကြီးများ ပျံထွက်လာကာ ကုန်းစွန်းဝမ်အာ၏ ပတ်လည်တွင် စက်ဝိုင်းအပြည့်ဖြစ်သွားသည့်တိုင်အောင် မြေကြီးထဲ ထိုးစိုက်သွားတော့သည်။
ထိုအချိန်တွင် သခင်မလေးဟုန်ချိန်မှာ အသက်ပြင်းပြင်းရှူနေရပြီး သူမ၏ မျက်နှာမှာ အရောင်အဆင်းကင်းမဲ့နေတော့သည်။ ထိုကဲ့သို့ မှော်သွေးစက်များ သုံးကာ တိုက်ခိုက်ရခြင်းသည် အလွန်ပင်ပန်းနွမ်းနယ်စေပြီး ရေရှည်တိုက်ခိုက်ရလျှင် သူမအတွက် အဆင်မပြေပေ။
သို့သော် ရလဒ်များကား အံ့ဩတုန်လှုပ်ဖွယ်ကောင်းလှ၏။ ကုန်းစွန်းဝမ်အာမှာ ဒုက္ခရောက်နေပြီဖြစ်ပြီး သူမက ထွက်ပြေးချင်ပါသော်လည်း လှံတစ်ချောင်းအနားသွားလိုက်သည်နှင့် တစ်ပြိုင်နက် သူမပျောက်ကွယ်တော့မည့်အလား သူမ၏ပတ်လည်တွင် အနက်ရောင်မြူခိုးများ မြင့်တက်လာသည်ဖြစ်လေရာ မတတ်သာဘဲ နောက်ဆုတ်လိုက်ရသည်။
ဝိုင်းထားကြသော သရဲကြီးတပ်သားများမှာ စိတ်အားတက်ကြွသွားကြပြီး အကူအညီပေးရန် ရှေ့တို့ တက်လိုက်ကြသည်။ ပိုင်ရှောင်ချန်းက သူတို့ကြားထဲ ရှိနေ၏။
သို့သော် ထိုအချိန်တွင် ကုန်းစွန်းဝမ်အာက သခင်မလေးဟုန်ချိန်ကို လှမ်းကြည့်လိုက်ပြီး အသံစူးစူးအော်လိုက်ရာ ရှိသမျှလူတိုင်း၏ စိတ်ထဲ ထိုးဖောက်ဝင်ရောက်သွားပြီး နာကျင်မှုများ ခံစားလိုက်ရလေသည်။
လှံဆယ်ချောင်းမှာမူ ရုတ်တရက် အက်ကွဲကာ အစိတ်စိတ်အမြွှာမြွှာကွဲလာလေသည်။
သခင်မလေးဟုန်ချိန်မှာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည့်တိုင် တုန်လှုပ်သွားဟန်မတူပေ။ သူမ၏မျက်လုံးလေးများမှာ ဖီးနစ်ငှက်အလား သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေရင်း သူမက လက်နှစ်ဖက်ဖြင့်မန္တန်လက်ကွက်တစ်ခု ဖော်လိုက်ပြီးနောက် သူမ၏ လက်ချောင်းများကို လှံများထံ ဝှေ့ယမ်းလိုက်သည်။
" ကွဲကြေ ပျက်စီးစေ "
သူမက ပြောလိုက်သည်။ လှံဆယ်ချောင်းထံမှ စူးရှတောက်ပသော အနီရောင်အလင်းများ ထွက်ပေါ်လာကာ ၎င်းတို့က မြေကြီးထဲမှ ရုန်းထွက်၍ ကုန်းစွန်းဝမ်အာထံ ပြေးဝင်သွားကြသည်။ သူမက မည်သို့မျှ မလုပ်နိုင်ခင်မှာပင် လှံများက သူမကို ထိုးစိုက်သွားကြပြီး နောက်တစ်ကြိမ်တိုက်ခိုက်ရန်အတွက် နောက်ဆုတ်ကာ ပြန်လည်ဝိုင်းရံလိုက်သည်။
ပိုင်ရှောင်ချန်း၏ ရှုထောင့်မှကြည့်လျှင် မရေမတွက်နိုင်သော အနီရောင်အလင်းတန်းများသည် ကုန်းစွန်းဝမ်အာကို သွေးရောင်လွှမ်းပိုက်ကွန်ကြီးတစ်ခုအလား ရစ်ပတ်ထားသည်။ မကြာမီ သူမကား ခန္ဓာကိုယ်သာမက ဝိညာဥ်ပါ ဇီဝိန်ချုပ်ခံရတော့မည်မှာ သိသာထင်ရှားလှသည်။
တချိန်တည်းမှာပင် ကုန်းစွန်းဝမ်အာ၏ အော်သံများက တိုက်ပွဲကွင်းပြင်ကို ဖြတ်၍ ပဲ့တင်ထပ်လာ၏။
၄င်းမှာ ပိုင်ရှောင်ချန်းအတွက် ကြောက်လန့်တုန်လှုပ်ဖွယ် မြင်ကွင်းတစ်ခု ဖြစ်ပြီး သခင်မလေးဟုန်ချိန် မည်မျှအစွမ်းထက်ကြောင်း မျက်ဝါးထင်ထင်မြင်လိုက်ရကာ ရုတ်ချည်း မှင်သက်သွားတော့သည်။ သိသာစွာပင် သူမသည် အနှီတိုက်ပွဲကို အနိုင်ရတော့မည် ဖြစ်ပြီး သူမနှင့် ရှိသမျှလူတိုင်းမှာ စိတ်သက်သာရာရကာ သက်ပြင်းချလိုက်တော့သည်။
သို့ရာတွင် တချို့အကြောင်းအရာများအတွက် ပိုင်ရှောင်ချန်းမှာ ရက်စက်လွန်းသည်ဟု ခံစားနေရသည်။
" ဘာပဲပြောပြော ကုန်းစွန်းဝမ်အာက ငါ့ကို ထိခိုက်အောင် တစ်ခါမှ မလုပ်ခဲ့ဖူးဘူးလေ "