အခန်း (၁၆၃၆-၁၆၃၈)
Vol. 110 Ch. 1636-1638
အခန်း (၁၆၃၆) လီရှန်ယွမ်ကို ပြင်းထန်စွာ ဒဏ်ရာရရှိအောင် ပြုလုပ်၍ ထွက်ပြေးလွတ်မြောက်ခြင်း
ချူးယွင်ဖန်းသည် ဤလျှို့ဝှက်ပညာရပ်ကို ဖုံးကွယ်ထားသည်ဟု လူတိုင်း ထင်မှတ်ထားကြသည်။ ဤသည်မှာ မြို့တော်အတွင်း၌ ချူးယွင်ဖန်း လတ်တလော ရရှိခဲ့သည့် ကံကြမ္မာ ကြုံကြိုက်မှုတစ်ခုဖြစ်ကြောင်း မည်သူမျှ မတွေးမိကြချေ။ ၎င်းတို့၏အမြင်တွင် လီရှန်ယွမ်ထံမှ မည်သည့်အရာကိုမျှ လုယူရန် မဖြစ်နိုင်ပေ။ ဓားအလင်းတန်းကြောင့် ဖြစ်ပေါ်လာသော မုန်တိုင်းများ ငြိမ်သက်သွားခြင်းကို လူတိုင်း မျက်လုံးများ ပြူးကျယ်စွာ စောင့်ကြည့်နေကြသည်။ ထိုအခါ လီရှန်ယွမ်သည် တိုက်ခိုက်မှုဖြင့် ထိမှန်သွားကာ သူ၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်လုနီးပါးဖြစ်နေကြောင်း ၎င်းတို့ မြင်တွေ့လိုက်ရသည်။ ထိုမျှ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်ကြောင့် လူတိုင်း တုန်လှုပ်ချောက်ချားသွားကြသည်။
"ဒါ... ဒါ မဖြစ်နိုင်ဘူး။ လီရှန်ယွမ် ဒီလောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရတာ ဒါကပထမဆုံးအကြိမ်ပဲ" တစ်စုံတစ်ယောက်က လီရှန်ယွမ်နှင့်ပတ်သက်သည့် ကြောက်မက်ဖွယ် ဒဏ္ဍာရီတစ်ခုကို ပြန်လည်အမှတ်ရသွားသည်။
"ဟုတ်တယ်။ လီရှန်ယွမ်က အသက်ငယ်ငယ်အရွယ်မှာ ကံကောင်းမှုတစ်ခုနဲ့ တွေ့ပြီးကတည်းက အံ့အားသင့်ဖွယ် ခွန်အားတွေကို ပြသနိုင်ခဲ့တာ။ သူ အသက် ၁၀ နှစ်မှာ သာမန်အရွယ်ရောက်ပြီးသား တပည့်တွေ သူ့ကို ဘယ်သူမှ မယှဉ်နိုင်ကြဘူး"
"မှန်တယ်၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းမှာတောင် သူ့ကို ယှဉ်နိုင်တဲ့သူ မရှိခဲ့ဘူး။ သာမန်ရန်သူမျိုးလောက်ကတော့ သူ့ရှေ့မှာ ခဏလေးတောင် မခုခံနိုင်ကြဘူး"
"ဒီလိုနောက်ကျကျန်ခဲ့တဲ့ ကမ္ဘာမျိုးမှာ သူ ဒီလောက်ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး"
လူတိုင်း ဆွံ့အသွားကြသည်။ ချူးယွင်ဖန်းသည် သမိုင်းသစ်တစ်ခုကို ရေးထိုးလိုက်ခြင်းဖြစ်နိုင်၏။ လီရှန်ယွမ်ကို ပြင်းထန်စွာ ဒဏ်ရာရှိသည်အထိ တိုက်ခိုက်နိုင်ခဲ့သူဟူ၍ မရှိခဲ့ဖူးချေ။ ပြင်ပအင်အားကို အသုံးပြု၍ လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း ဤသည်မှာ မကြုံစဖူး ထူးခြားသည့် ဖြစ်ရပ်ဖြစ်သည်။
"မင်းက သေချင်နေတာပဲ၊ ကျုပ် မင်းကို သတ်ပစ်မယ်"
လီရှန်ယွမ်၏ မျက်လုံးများ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များဖြင့် တောက်ပနေသည်။ သူ၏ ပြိုင်ဘက်ကင်းသော ဒဏ္ဍာရီသည် ချူးယွင်ဖန်းကြောင့် ပျက်စီးသွားလေသည်။ သူ၏ မျက်လုံးထဲတွင် ပုရွက်ဆိတ်တစ်ကောင်ဟု သတ်မှတ်ထားသူတစ်ဦးသည် သူ၏ဂုဏ်သိက္ခာကို ဖျက်ဆီးလိုက်သည်။ ပို၍ ဒေါသထွက်စေသည့် အချက်မှာ ချူးယွင်ဖန်းသည် ဓားအလင်းရောင်မန္တန်၏ ဓားအလင်းတန်းကို အသုံးပြုသွားခြင်းဖြစ်သည်။ သူသည် တိုက်ခိုက်မှုတစ်ခုတည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိကာ ခွန်အားများလည်း ကျဆင်းသွားသည်။
"ဟားဟားဟား။ လီရှန်ယွမ်၊ ခင်ဗျား အခုထိ မြင့်မြတ်တဲ့ပုဂ္ဂိုလ်ကြီးလို ဟန်ဆောင်ချင်သေးတာလား" ချူးယွင်ဖန်းက လှောင်ပြောင်လိုက်သည်။
သူသည် အသက် ပြင်းထန်စွာ ရှူရှိုက်နေရ၏။ ထိုဓားချက်ကို အသက်သွင်းချိန် ပေးဆပ်မှုသည်လည်း မနည်းလှသောကြောင့် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအင်အားလုံး ခမ်းခြောက်သွားခဲ့သည်။ သူ့၌ နတ်စွမ်းအင် အမြောက်အမြားရှိသော်လည်း ယခုကဲ့သို့ ခဏအတွင်း ကုန်ဆုံးသွားခြင်းအရ မန္တန်ကို အသက်သွင်းရန် မည်မျှခက်ခဲကြောင်း ခန့်မှန်းကြည့်နိုင်သည်။ သူသည် မန္တန်၏ စွမ်းအင်ကို ငှားရမ်းခဲ့ခြင်းဖြစ်ရာ၊ ကိုယ်ပိုင်အင်အားဖြင့် ထိုကဲ့သို့သော တိုက်ခိုက်မှု ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းခေါင်းဆောင်သည် ၎င်းကို ဆက်ခံသူအတွက် ချန်ထားရစ်ခဲ့ခြင်းသည် အံ့ဩဖွယ် မဟုတ်ပေ။
လီရှန်ယွမ်သာ အလွန်အဆင့်မြင့်သည့် အတွင်းချပ်ဝတ်တန်ဆာကို ဝတ်ဆင်မထားပါက တိုက်ခိုက်မှုအများစုကို တားဆီးနိုင်မည် မဟုတ်ဘဲ အသက်ဆုံးရှုံးသွားပေလိမ့်မည်။ သူ၏ ကျင့်စဉ်အဆင့်သည် မြင့်မားသော်လည်း ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းခေါင်းဆောင်နှင့် ယှဉ်လျှင် များစွာကွာခြားနေသေးသည်။ ဤတိုက်ခိုက်မှုသည် ဂိုဏ်းခေါင်းဆောင်တစ်ယောက်၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှပေသည်။ ၎င်း၏ စွမ်းအင်အပေါ် သံသယဖြစ်ရန် မလိုပေ။ တစ်ချိန်တည်းမှာပင် ဤမန္တန်အတွင်း စုဆောင်းထားသော ဓားအလင်းတန်းသည် ကုန်ခန်းသွားခဲ့သည်။ ၎င်းသည် အမြဲတမ်းသုံး မန္တန်မဟုတ်ဘဲ သုံးကြိမ်သာ အသုံးပြုနိုင်သည်။
ချူးယွင်ဖန်းသည် ၎င်းကို တစ်ကြိမ် အသုံးပြုပြီးခဲ့ပြီဖြစ်သည့်အတွက် ၎င်း၏စွမ်းအင်များ ပြန်လည်ပြည့်ဝလာချိန်၌သာ ထပ်မံအသုံးပြုနိုင်မည်ဖြစ်သည်။ သုံးကြိမ်သာ သုံးခွင့်ရှိသောကြောင့် ချူးယွင်ဖန်းသည် ၎င်းကို မဆင်မခြင် အသုံးမပြုဝံ့ဘဲ အလွန်အန္တရာယ်များသည့် အချိန်မှသာ အသုံးပြုရန် ဆုံးဖြတ်ထားသည်။
"သွားသေလိုက်" လီရှန်ယွမ်၏ မျက်လုံးများ ဝင်းလက်လာ၍ သူ၏ မျက်နှာအမူအရာသည် အလွန်အကျည်းတန်နေသည်။ သူသည် ချူးယွင်ဖန်းထံ ချက်ချင်းဆိုသလိုပင် ခုန်အုပ်လိုက်သည်။ ထိုအခါ ချူးယွင်ဖန်းသည် အဝေးသို့ အပြင်းအထန် ထွက်ပြေးလေသည်။ လီရှန်ယွမ်က လိုက်လံတိုက်ခိုက်ရန် ပြင်ဆင်နေစဉ် သူ့ရှေ့တွင် ဧရာမ သားရဲကြီးတစ်ကောင် ရုတ်တရက် ပေါ်ပေါက်လာသည်။
"အဲ့ဒါဟုတ်ပဲ။ ဘုရားရေ၊ ဒီမှာ ဟုတ်တစ်ကောင်ရှိနေတာပဲ" တစ်စုံတစ်ယောက်က အံ့ဩတကြီး အော်ဟစ်လိုက်သည်။ ၎င်းတို့သည် ရှေးဟောင်းခေတ်က ကြမ်းကြုတ်သော သားရဲများအနက် ထိပ်ဆုံးတွင် ရှိခဲ့သည့် ထိုသားရဲ၏ ဇာစ်မြစ်ကို တစ်ချက်ကြည့်ရုံဖြင့် မှတ်မိသွားကြသည်။ ဤသတ္တဝါသည် ကမ္ဘာကြီး၏ ကြီးမားသော ပြောင်းလဲမှုများကြောင့် လွန်ခဲ့သော အချိန်အတော်ကြာကတည်းက ပျောက်ကွယ်သွားခဲ့သည်။ ဤနေရာ၌ အသက်ရှင်လျက် တွေ့ရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ချေ။
'ချူးယွင်ဖန်းမှာ ဝှက်ဖဲတွေ ဘယ်လောက်တောင် ရှိနေသေးတာလဲ' လူအများက မယုံကြည်နိုင်စွာ တွေးတောနေကြသည်။
ချူးယွင်ဖန်းသည် လိုက်လံတိုက်ခိုက်ခံရစဉ်အတွင်း နည်းလမ်းများစွာကို အသုံးပြုခဲ့သည်။ တောင်မြစ်ဆေးမီးဖိုဖြင့် လီရှန်ယွမ်၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည့်အပြင် တုန်လှုပ်ဖွယ်ကောင်းသော ဓားချက်နှင့် ဟုတ်သားရဲတစ်ကောင်ပင် ရှိနေခဲ့သည်။ အချိန်တိုအတွင်း ချူးယွင်ဖန်းသည် လူတိုင်း အားကျလာစေမည့် အစွမ်းထက်သည့် လျှို့ဝှက်လက်နက်များကို ထုတ်ပြခဲ့သည်။
"ဟုတ်တစ်ကောင်လား။ သားရဲတစ်ကောင်က မင်းကို ကူညီနိုင်မယ်လို့ ထင်နေတာလား"
လီရှန်ယွမ်သည် အလွန်ဒေါသထွက်နေသည်။ ၎င်းသည် အရွယ်ရောက်ပြီးသား ဟုတ်သားရဲသာဆိုလျှင် လီရှန်ယွမ် လှည့်ပြေးကောင်း ပြေးနိုင်သော်လည်း ဤသားရဲသည် အကောင်ပေါက်အရွယ်သာရှိသေးသည့်အတွက် ကြောက်ရွံ့ရန် မလိုအပ်ပေ။
သူသည် ပြင်းထန်စွာ ဒဏ်ရာရထားသော်လည်း မည်သူမဆို အလွယ်တကူ လာရောက်စော်ကားနိုင်မည့်သူ မဟုတ်ချေ။ သူ၏ ရင်ထဲရှိ ဒေါသစိတ်များ ပျံ့နှံ့လာသည်။ လီရှန်ယွမ်သည် သူ၏ဒဏ်ရာများကို ဖိနှိပ်ပြီးနောက် လှံရှည်ကို မြှောက်၍ ဟုတ်သားရဲကို ထိုးချလိုက်သည်။
ဟုတ်သားရဲ၏ ခန္ဓာကိုယ်သည် အလွန်မာကျောကာ မည်သည့်အရာနှင့်မျှ ဖောက်ထွင်း၍ မရနိုင်ဘူးဟု ဆိုကြသော်လည်း ဤလှံရှည်၏ အရှေ့တွင် စက္ကူတစ်ချပ်ကဲ့သို့ ပါးလွှာနေသည်။ ချက်ချင်းဆိုသလိုပင် ၎င်း၏ခန္ဓာကိုယ်တွင် ကြီးမားသော ဒဏ်ရာကြီးတစ်ခုဖြစ်ပေါ်ကာ သွေးများ ပန်းထွက်လာသည်။
ချူးယွင်ဖန်းသည် အသည်းအသန် ထွက်ပြေးနေကာ ဟုတ်သားရဲသည် လီရှန်ယွမ်၏ တိုက်ခိုက်မှုများကို တာဝန်ယူ တားဆီးနေသည်။ လီရှန်ယွမ်သည် အလွန်ဒေါသထွက်လာသဖြင့် ကြေးညိုရထားလုံးပေါ်သို့ တက်ကာ အနောက်မှ လိုက်သွားလေသည်။ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာများ ပျက်စီးနေ၍ သူ၏အသွင်အပြင်သည် အနည်းငယ် အရှက်ရဖွယ်ဖြစ်နေသော်လည်း သူ၏ စွမ်းအင်ကို သာမန်လူများ မခန့်မှန်းနိုင်ပေ။
တိုက်ခိုက်မှုတိုင်းသည် ဟုတ်သားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားသည်။ ဆေးမီးဖိုသည် တိုက်ခိုက်မှုအများစုကို ခုခံပေးထားသော်လည်း ကျန်စွမ်းအင်များဖြင့်ပင် ဟုတ်သားရဲသည် ဒဏ်ရာများဖြင့် ပြည့်နှက်သွားစေသည်။ သာမန် မွန်းစတားသာဆိုလျှင် ယခုအချိန် သေဆုံးသွားပြီဖြစ်သည်။ ချူးယွင်ဖန်းသည် အလွန် စိတ်မကောင်းဖြစ်နေသည်။ သူသည် ဟုတ်သားရဲအတွက် ကြီးမားသော အစီအစဉ်များရှိထားသော်လည်း ယခုအချိန်တွင် ၎င်းကို ဂရုမစိုက်နိုင်ပေ။ ကျားပါးစပ်မှ အစာလုယူလိုသောကြောင့် ဤသည်မှာ သူ ပေးဆပ်ရမည့် တန်ဖိုးဖြစ်သည်။
ဘန်း
နောက်ထပ် လှံချက်တစ်ခု ထပ်မံကျရောက်လာ၍ ဆေးမီးဖိုကြီး လွင့်ထွက်သွားလေသည်။ တိုက်ခိုက်မှု၏ လက်ကျန်စွမ်းအင်များသည်လည်း ဟုတ်သားရဲအပေါ်သို့ ကျရောက်သွား၏။ နောက်ဆုံးတွင် ဟုတ်သားရဲသည် ဆက်လက်မခုခံနိုင်တော့ဘဲ ကျယ်လောင်စွာ ဟိန်းဟောက်၍ အပိုင်းပိုင်းအစစ ကွဲအက်သွားလေသည်။ ချူးယွင်ဖန်းက ထိုအပိုင်းအစများကို ဖမ်းယူကာ တောင်မြစ်ပန်းချီကားအတွင်းသို့ ခုန်ဝင်သွားသည်။ ထိုအချိန်တွင် ဟင်းလင်းပြင် ပိတ်ဆို့ရန် လီရှန်ယွမ် ပစ်လွှတ်ထားသော မန္တန်၏ စွမ်းအင်သည်လည်း ကုန်ဆုံးသွားခဲ့စ်သည်။ လီရှန်ယွမ်က မန္တန်အသစ်တစ်ခုကို မပစ်လွှတ်နိုင်မီ ချူးယွင်ဖန်းသည် ပန်းချီကားအတွင်းသို့ ဝင်ရောက်သွားကာ ခဏအတွင်း ပျောက်ကွယ်သွားလေသည်။
"ချီးပဲ"
လီရှန်ယွမ်၏ ချောမောခန့်ညားသော မျက်နှာသည် ဒေါသကြောင့် ပုံပျက်ပန်းပျက်ဖြစ်နေကာ မျက်နှာတစ်ခုလုံး ပြာနှမ်းနေသည်။
အခန်း (၁၆၃၇) ဟုတ်အသွင်ပြောင်းလဲခြင်းနှင့် တိုက်ခိုက်ရေးစွမ်းရည် အဆမတန်မြင့်မားလာခြင်း
လီရှန်ယွမ်သည် ချူးယွင်ဖန်းကို ဖမ်းဆီးရန် ပျက်ကွက်ခဲ့သည်ဟူသော သတင်းသည် တစ်ညအတွင်း ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့သည်။ ကြီးမြတ်သောတရှ၏ ကျွမ်းကျင်သူအားလုံး သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ အံ့အားသင့်ကာ ဆွံ့အကုန်ကြသည်။ လီရှန်ယွမ်ကဲ့သို့ ပုဂ္ဂိုလ်မျိုး ရှုံးနိမ့်လိမ့်မည်ဟု ၎င်းတို့တစ်ခါမှ မတွေးမိခဲ့ကြပေ။ သို့သော် ၎င်းတို့အားလုံးသည် ဤအဖြစ်အပျက်ကို ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ကြသည်။ အလွန်ဒေါသထွက်နေသော လီရှန်ယွမ်သည် မိုင်တစ်ထောင်အတွင်းရှိ ဟင်းလင်းပြင်ကို မန္တန်အတားအဆီးများဖြင့် ပိတ်ဆို့ကာ အငမ်းမရ ရှာဖွေခဲ့သော်လည်း ချူးယွင်ဖန်း၏ အရိပ်အယောင်ကိုပင် မတွေ့ရှိခဲ့ပေ။
သို့ရာတွင် ဤသတင်းသည် အခြားသတင်းတစ်ခုဖြင့် လျင်မြန်စွာ အစားထိုးခံလိုက်ရသည်။ မိုးကြိုးခရမ်းဓားနယ်မြေ၏ အကာအကွယ်အတားအဆီး ကျိုးပျက်သွားကာ ကြီးမြတ်သောတရှ၏ မြင်းတပ်များ ဝင်ရောက်လာခဲ့သောကြောင့်ဖြစ်သည်။ ၎င်းတို့သည် တစ်လအတွင်း မိုးကြိုးခရမ်းဓားနယ်မြေတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ကြသည်။ ကြီးမြတ်သောတရှရှိ ကျွမ်းကျင်သူများ၏ ဖျက်ဆီးနိုင်စွမ်းကို မြင်တွေ့ပြီးနောက် မိုးကြိုးခရမ်းဓားနယ်မြေရှိ အင်အားကြီး အဖွဲ့အစည်းအသီးသီးသည် ကြီးမြတ်သောတရှက ၎င်းတို့တွန်းလှန်နိုင်သော အင်အားမျိုးမဟုတ်ကြောင်း နားလည်သွားကြသည်။
ကြီးမြတ်သောတရှသည် မိုးကြိုးခရမ်းဓားနယ်မြေကို ဖျက်ဆီးရန် မဟုတ်ဘဲ အုပ်ချုပ်ရန်သာ ရည်ရွယ်ခြင်းဖြစ်သည်။ စစ်တပ်များဝင်ရောက်လာပြီးနောက် အရာရှိအမြောက်အမြားလည်း ထပ်ချပ်မကွာ လိုက်ပါလာကြသည်။ ကြီးမြတ်သောတရှသည် ဤကဲ့သို့သော ကိစ္စရပ်များတွင် အလွန်ဝါရင့်လှသည်။ အချိန်တိုအတွင်း မိုးကြိုးခရမ်းဓားနယ်မြေကို ၎င်းတို့၏ အုပ်ချုပ်မှုအောက်သို့ သိမ်းသွင်းနိုင်ခဲ့ကြသည်။ ကာလရှည်ကြာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီးနောက် မိုးကြိုးခရမ်းဓားနယ်မြေသည် နောက်ဆုံး၌ တည်ငြိမ်အေးချမ်းသော အခြေအနေသို့ ပြန်လည်ရောက်ရှိသွားကြသည်။
ထိုအချိန်တွင် တောင်မြစ်ပန်းချီကားအတွင်းရှိ ချူးယွင်ဖန်းသည် ဝေဟင်၌ တင်ပျဉ်ခွေထိုင်နေသည်။ သူ၏ ဒဏ်ရာများအားလုံး ပျောက်ကင်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေသည်။ လီရှန်ယွမ်သည် အပြင်ဘက်တွင် ဟင်းလင်းပြင်ကို ပိတ်ဆို့၍ သူ့ကို ရှာဖွေနေကြောင်း သိထားသော်လည်း အပြင်သို့ ထွက်ရန် အလျင်မလိုဘဲ ဒဏ်ရာများကိုသာ ကုသနေခဲ့သည်။ လီရှန်ယွမ်နှင့် တိုက်ပွဲအပြီးနောက် ချူးယွင်ဖန်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။ သို့သော် ထိုကဲ့သို့ ကာလရှည်ကြာ အနားယူပြီးနောက် ဒဏ်ရာများ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ သူသည် ဤစွန့်စားခန်းမှ အကျိုးအမြတ်များစွာရရှိခဲ့သော်လည်း နှမြောစရာကောင်းလှသည်မှာ ဟုတ်သားရဲ၏ပုံတူခန္ဓာကိုယ်သည် လုံးလုံးလျားလျား ပျက်စီးသွားခဲ့သည်။
"ကျန်ရှိနေတာတွေကို သုံးပြီး ဟိုနတ်စွမ်းရည်ကိုပဲ လေ့ကျင့်တော့မယ်"
ချူးယွင်ဖန်းသည် အင်အားကြီးဧကရာဇ် တိုက်ပွဲစာအုပ်ထဲရှိ နတ်စွမ်းရည်တစ်ခုကို သတိရသွားသည်။ ၎င်းစွမ်းရည်ကို ရုပ်သွင်ပုံဖော်ခြင်းဟု ခေါ်ဆို၍ ၎င်းသည် မိမိ၏ မူလရုပ်သွင်ကို ပြောင်းလဲနိုင်စွမ်းရှိသည်။ အထွတ်အထိပ်သို့ လေ့ကျင့်နိုင်ပါက ကောင်းကင်ကို ထောက်မထားသည့် တိုင်လုံးကြီးကဲ့သို့ ပေပေါင်းထောင်ချီ၊ သောင်းချီမြင့်မားသော ခန္ဓာကိုယ်အဖြစ်ပင် ပြောင်းလဲနိုင်ပေလိမ့်မည်။
ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲတွင် ဤစွမ်းရည်ကို သိရှိသူများစွာရှိသော်လည်း ကျင့်ကြံသူအများစုအတွက်မူ ၎င်းသည် ဒဏ္ဍာရီတစ်ခုသာ ဖြစ်သည်။ ပိရမစ်၏ ထိပ်ဆုံး၌ ရပ်တည်နေသော လူနည်းစုသာလျှင် ဤစွမ်းရည်ကို လေ့ကျင့်နိုင်စွမ်းရှိကြသည်။ ထိုအခြေအနေမျိုးတွင် အချို့သောလူများသည် အခြားနည်းလမ်းတစ်ခုကို အသုံးပြုကြသည်။ ချူးယွင်ဖန်းသည် ရဲရင့်ကြမ်းကြုတ်သော သားရဲကြီး၏ သွေးကို မိမိခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ကာ ထိုသားရဲ၏ အသွင်သဏ္ဌာန်ကို ဖန်တီးနိုင်သည်။ ၎င်းသည် စစ်မှန်သော ရုပ်သွင်ပုံဖော်ခြင်းကဲ့သို့ ကြောက်မက်ဖွယ် မကောင်းသော်လည်း သူ၏ ခွန်အားကို များစွာ တိုးမြင့်စေနိုင်သည်။
သာမန် မွန်းစတားများ၏ သွေးမျိုးဆက်သည် အလွန်အားနည်းလွန်းသဖြင့် အသုံးမဝင်ပေ။ ကျော်ကြားသော ရှေးဟောင်းသားရဲများ၏ သွေးမျိုးဆက်သာလျှင် သားရဲအသွင်သဏ္ဌာန်ကို ရရှိစေနိုင်မည်ဖြစ်သည်။ ဟုတ်သားရဲသည် ကမ္ဘာပေါ်တွင် အကြမ်းကြုတ်ဆုံးသော သားရဲများအနက် တစ်ကောင်ဖြစ်သည်။ ယခုအခါ ချူးယွင်ဖန်းသည် ဟုတ်သားရဲ၏ အသွင်သဏ္ဌာန်ကို ကျင့်ကြံတော့မည်ဖြစ်သည်။ ထိုအခါ သူ၏ ခွန်အားသည် များစွာ တိုးတက်လာ၍ နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်မည် ဖြစ်သည်။ မိုးကြိုးခရမ်းဓားနယ်မြေသည် နောင်တွင် ကြီးမြတ်သောတရှ၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလာမည်ဖြစ်ရာ ကျွမ်းကျင်သူများ မည်မျှရောက်ရှိလာမည်ကို မည်သူမျှ မသိနိုင်ပေ။ ချူးယွင်ဖန်းသည် နောက်ထပ် ဝှက်ဖဲအချို့ကို ပြင်ဆင်ထားရမည်ဖြစ်သည်။
ချူးယွင်ဖန်းသည် ယခုပင် အလွန်သန်မာသူဖြစ်သည်။ သာမန် ဒြပ်မဲ့အဆင့် ကျင့်ကြံသူများသည် သူ့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။ အကယ်၍ သူသာ ဤအခြေခံကို အသုံးချကာ ဟုတ်သားရဲ၏အသွင်သဏ္ဌာန်ကို ကျင့်ကြံနိုင်ပါက သူ၏ ခွန်အားများ ထပ်မံ မြင့်တက်လာပေလိမ့်မည်။ သို့သော် ဤကဲ့သို့ ခွန်အားတိုးမြင့်လာမှုတွင် အချိန်ကန့်သတ်ချက်များရှိနေသည်။ သူ၏ လက်ရှိအစွမ်းဖြင့် ဟုတ်အသွင်သဏ္ဌာန်ကို အလွန်ဆုံး သုံးမိနစ်ခန့်သာ ထိန်းထားနိုင်ပေလိမ့်မည်။ မှန်ကန်စွာပြောရမည်ဆိုလျှင် ချူးယွင်ဖန်းသည် ဤသုံးမိနစ်တွင် ကိစ္စရပ်များစွာကို လုပ်ဆောင်နိုင်ပေလိမ့်မည်။ ထို့အပြင် သူ့တွင် ဓားအလင်းရောင်မန္တန်နှင့် ခွန်အားကြီးနတ်မန္တန်စသည်တို့ ရှိနေသေးသည်။ လီရှန်ယွမ်နှင့် နောက်တစ်ကြိမ် ထပ်မံတွေ့ဆုံလျှင်ပင် ရင်ဆိုင်ရဲပေသည်။
ချူးယွင်ဖန်းသည် ထိုသို့ တွေးတောပြီးနောက် ချက်ချင်းပင် လေ့ကျင့်လေသည်။ ဟုတ်သားရဲ၏ ခန္ဓာကိုယ်သည် သူ့အရှေ့တွင် ဖြည်းညင်းစွာ ပေါ်ထွက်လာသည်။ ၎င်းသည် ကြီးမားသော အင်အားတစ်ခုဖြင့် ဖိနှိပ်ခံထားရသကဲ့သို့ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော သွေးမြူများအဖြစ်သို့ ပြောင်းလဲပြီးနောက် ချူးယွင်ဖန်း၏ ခန္ဓာကိုယ်အတွင်းသို့ စိမ့်ဝင်သွားကာ ချွေးပေါက်များ ဆဲလ်များနှင့် ပေါင်းစပ်သွားသည်။
ချူးယွင်ဖန်းသည် စတင်ပြောင်းလဲလိုက်ရာ၊ သူ၏ ခန္ဓာကိုယ်တွင် ထူထပ်သော အမွေးအမှင်များ ပေါက်လာသည်။ ၎င်းသည် သာမန်လူသားတစ်ဦး၏ အမွေးအမှင်မျိုးမဟုတ်ဘဲ သားရဲတစ်ကောင်၏ အမွေးများဖြစ်သည်။ သူသည် ကြယ်တာရာဝါးမျိုခြင်း သိုင်းပညာကို လှည့်ပတ်ကာ ဟုတ်၏ သွေးများကို ဆက်တိုက် သန့်စင်နေသည်။ ကောင်းကင်ယံတွင် ပြည့်နှက်နေသည့် သွေးများကို သန့်စင်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ထည့်သွင်းလိုက်သည်။
အချိန်အတော်ကြာပြီးနောက် သူသည် ကောင်းကင်သို့ မော့၍ ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ရာ ခန္ဓာကိုယ်တစ်ခုလုံး ရုတ်ချည်း ပြောင်းလဲသွားသည်။ သူ၏ ခန္ဓာကိုယ်တွင် အမွေးအမှင်များဖြင့် ဖုံးလွှမ်းနေကာ မျက်လုံးများ နီရဲလာ၍ အစွယ်များ ထွက်လာခဲ့သည်။ ခဏအတွင်း အတိုင်းအဆမဲ့ ကြောက်မက်ဖွယ် သားရဲအရှိန်အဝါသည် တောင်မြစ်ပန်းချီကား တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ချူးယွင်ဖန်းသည် အနှိုင်းမဲ့ ကြမ်းကြုတ်သော သားရဲကြီးအဖြစ်သို့ ပြောင်းလဲသွားလေသည်။ ထိုကြောက်မက်ဖွယ် သားရဲကြီးသည် ကောင်းကင်ယံတွင် ရပ်တန့်ကာ ရှေးဟောင်းကာလ၏ ကြမ်းကြုတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ဤသည်မှာ အစစ်အမှန် ဟုတ်သားရဲတစ်ကောင်ဖြစ်သည်။ ခဏအကြာတွင် ရှည်လျားသော အမွေးအမှင်များ ကွယ်ပျောက်သွားကာ ချူးယွင်ဖန်းသည် သူ၏မူလရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွားသည်။ ချူးယွင်ဖန်းသည် ခန္ဓာတစ်ခုလုံးတွင် ချွေးစေများဖြင့် စိုရွှဲနေသည်ဟု ခံစားလိုက်ရ၏။ သူသည် ဟုတ်သားရဲအဖြစ် ပြောင်းလဲနေစဉ် ဆင်ခြင်တုံတရားကို မထိန်းချုပ်နိုင်တော့ဘဲ အတိုင်းအဆမဲ့ သတ်ဖြတ်လိုစိတ်များအနက် နစ်မြုပ်လုနီးပါးဖြစ်ခဲ့ရသည်။
ဤရှေးဟောင်း သားရဲကြီး၏ သွေးမျိုးဆက်ထဲတွင် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပါရှိနေသည်။ အကယ်၍ စိတ်ဆန္ဒ မခိုင်မာပါက ဤအငွေ့အသက်များ၏ လွှမ်းမိုးမှုကို ခံရနိုင်သည်။ ထိုအခါ ဟုတ်တစ်ကောင်အဖြစ် အမှန်တကယ် ပြောင်းလဲသွားပေလိမ့်မည်။ ကံကောင်းထောက်မစွာဖြင့် အရေးကြီးသော အချိန်၌ နတ်ဝိညာဉ်က ကြည်လင်သော စွမ်းအင်တစ်ခုကို ထုတ်လွှတ်ပေးခဲ့သောကြောင့် ချူးယွင်ဖန်းသည် ဤအခက်အခဲမှ လွတ်မြောက်နိုင်ခဲ့သည်။
'တကယ့်ကို အံ့ဩစရာပဲ။ အသွင်ပြောင်းတဲ့ အချိန်က ခဏလေးဆိုပေမယ့် ငါ့အသိစိတ်ကို ဟုတ်သားရဲက သိမ်းပိုက်လုနီးပါးပဲ။ အဲဒီပုံသဏ္ဌာန်နဲ့သာ ကြာကြာဆက်နေခဲ့ရင် အကျိုးဆက်က တွေးဝံ့စရာတောင် မရှိဘူး။ ဒီပုံသဏ္ဌာန်ကို ငါ အများဆုံး သုံးမိနစ်ပဲ ထိန်းထားနိုင်တယ်'
ဤသည်မှာ သားရဲသွေးမျိုးဆက်၏ ဆိုးကျိုးဖြစ်ပေလိမ့်မည်ဟု ချူးယွင်ဖန်း တွေးလိုက်သည်။ သူ၏ ချွေးပေါက်များမှ ကြမ်းကြုတ်သော အရှိန်အဝါများ ထွက်ပေါ်နေဆဲဖြစ်သည်။
'ဒါပေမယ့် အသွင်ပြောင်းပြီးရင် ငါ့ခွန်အားက ဒြပ်မဲ့လေ့လာသူအဆင့်နဲ့တောင် ယှဉ်နိုင်သွားလိမ့်မယ်' ချူးယွင်ဖန်းက တွေးတောလိုက်သည်။
ရွှေအမတေအဆင့်၏ အထက်တွင် ဒြပ်မဲ့အဆင့်ရှိ၍ ဒြပ်မဲ့အဆင့်ကို ယေဘုယျအားဖြင့် သုံးဆင့်ထပ်မံ ခွဲခြားထားသည်။ ၎င်းတို့သည် ဒြပ်မဲ့အဆင့်၊ ဒြပ်မဲ့လေ့လာသူအဆင့်နှင့် ဒြပ်မဲ့ကျွမ်းကျင်အဆင့်တို့ဖြစ်ကြသည်။ ချူးယွင်ဖန်းသည် ရွှေအမတေပြီးပြည့်စုံအဆင့်တွင်သာဖြစ်သော်လည်း အသွင်ပြောင်းပြီးနောက် ဒြပ်မဲ့လေ့လာသူအဆင့်တစ်ဦးကိုပင် ရင်ဆိုင်ဝံ့ပေသည်။ ဤဟုတ်အသွင်သဏ္ဌာန်၏ စွမ်းအင်ကို ယုံမှားသံသယဖြစ်ရန် မလိုပေ။
"ဒါပေမယ့် မလုံလောက်သေးဘူး။ လီရှန်ယွမ်ကို ရင်ဆိုင်ဖို့အတွက် ငါ့ နောက်ထပ် ဝှက်ဖဲတွေ အများကြီး လိုအပ်သေးတယ်"
အခန်း (၁၆၃၈) တစ်နှစ်ကြာပြီးနောက်
သာမန်လူသားများနှင့် နှိုင်းယှဉ်လျှင် ချူးယွင်ဖန်း၏ ခွန်အားသည် အလွန်ကြီးမားလှသည်။ ချူးယွင်ဖန်းသည် ဟွမ်ဖုန်းနှင့် အခြားလူများကိုပင် အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိသည်။ သို့သော် လီရှန်ယွမ်နှင့် ရင်ဆိုင်ရချိန်တွင် သူ၏ခွန်အားသည် လုံလောက်မှု မရှိသေးပေ။ ချူးယွင်ဖန်းသည် ပို၍သန်မာလာသည်အထိ ဆက်လက်ကြိုးစားရန် လိုအပ်နေသေးသည်။ အပြင်ဘက်သို့ လှမ်းကြည့်လိုက်သောအခါ ကြီးမြတ်သော တရှရှိ စစ်သည်အမြောက်အမြားသည် နယ်မြေတစ်ဝိုက်တွင် ကင်းလှည့်နေကြဆဲဖြစ်သည်။ မိုင်တစ်ထောင်အတွင်း မည်သူတစ်ဦးတစ်ယောက်မျှ ၎င်းတို့မျက်စိအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် အလျင်မလိုသောကြောင့် ဤအခွင့်အရေးကို အသုံးချကာ ဆက်လက်ကျင့်ကြံလိုက်သည်။ သူ့တွင် ဇစ်မြစ်ပေါင်းစည်းမှုဆေးကိုးလုံး ကျန်ရှိနေသေးသောကြောင့် ဆက်လက်ကျင့်ကြံရန် လုံလောက်ပေသည်။ ဤသို့တွေးတောပြီးနောက် ဧကရာဇ်ကျင့်စဉ်ကို လှည့်ပတ်ကာ ဇစ်မြစ်ပေါင်းစည်းမှုဆေးတစ်လုံးကို သောက်သုံးလိုက်သည်။
ဘုံး
ဆေးလုံးကို မျိုချလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်အတွင်း ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ စွမ်းအင်လှိုင်းပေါင်းများစွာ ရိုက်ခတ်သွားသည်။ သူသည် ထိုစွမ်းအင်များကို ချက်ချင်းထိန်းချုပ်ကာ ရွှေအမတေပြီးပြည့်စုံ အလယ်အလတ်အဆင့်၏ အတားအဆီးကို စတင်တိုက်ခိုက်လေသည်။ ချူးယွင်ဖန်းသည် ၎င်းကို အရှိန်အဟုန်ဖြင့် ရူးသွပ်စွာ တိုက်ခိုက်နေသည်။ အချိန်များ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရာ၊ ကျင့်ကြံခြင်းလောကတွင် အချိန်အတိုင်းအတာ သတ်မှတ်ထားခြင်း မရှိပေ။
ချူးယွင်ဖန်း ထိုသို့ကျင့်ကြံနေစဉ် တစ်နှစ်တာ အချိန်ကာလ ကုန်လွန်သွားခဲ့သည်။ ကြီးမြတ်သော တရှသည် မိုးကြိုးခရမ်းဓားနယ်မြေအပေါ် စီမံခန့်ခွဲမှု တင်းကျပ်လိုက်သဖြင့် ငြိမ်းချမ်းရေးများ ပြန်လည်ရရှိလာသည်။ အင်အားကြီး တိုင်းပြည်သုံးခုအားပြိုင်ကာ နတ်ဆိုးများ ချောင်းမြောင်းနေသည့် ကနဦး အခြေအနေနှင့် နှိုင်းယှဉ်လျှင် ယခုအခြေအနေသည် ကမ္ဘာကြီးအတွက် ငြိမ်းချမ်းလှသည်ဟု ဆိုရပေလိမ့်မည်။ အုပ်ချုပ်သူပြောင်းလဲသွား၍ ကြီးမြတ်သော တရှ၏ လက်အောက်ခံများဖြစ်သွားရခြင်းကို သာမန်အရပ်သားများပင် ကျင့်သားရသွားကြသည်။ သာမန်လူများအတွက်မူ ဤအခြေအနေသည် မည်သို့မျှ ကွာခြားမှု မရှိပေ။
ကမ္ဘာနှစ်ခုကြားရှိ အတားအဆီးများ ကျိုးပျက်သွားပြီးနောက် ကြီးမြတ်သော တရှရှိ သိပ်သည်းလှသော ဝိညာဉ်စွမ်းအင်များ စီးဝင်လာခဲ့သည်။ တစ်နှစ်အတွင်း မိုးကြိုးခရမ်းဓားနယ်မြေအတွင်းရှိ လူတိုင်း နှစ်ဆတိုးမြင့်လာသော ဝိညာဉ်စွမ်းအင်၏ အကျိုးကျေးဇူးကို ခံစားလိုက်ရသည်။ သာမန်လူများသည် ကျန်းမာသန်စွမ်းသော ခန္ဓာကိုယ်များ ပိုင်ဆိုင်လာကြ၍ ရောဂါဘယများ ကင်းဝေးလာကြသည်။ ကျင့်ကြံသူများသည်လည်း မူလက ခက်ခဲလှသော အဆင့်ဖြတ်ကျော်မှုများကို အလွယ်တကူ ကျော်ဖြတ်နိုင်ကာ တစ်ဦးပြီးတစ်ဦး အဆင့်ဖြတ်ကျော်သွားကြ၏။
မိုးကြိုးခရမ်းဓားနယ်မြေရှိ လူတိုင်းနီးပါးသည် ဤအကျိုးကျေးဇူးကို ရရှိသွားကြသည်။ မကြာမီတွင် ကြီးမြတ်သော တရှရှိ ကျွမ်းကျင်သူများအားလုံး မိခင်တိုင်းပြည်သို့ ပြန်သွားကြလေသည်။ တစ်နှစ်အကြာ၌ မိုးကြိုးခရမ်းဓားနယ်မြေသည် သမိုင်းတွင် ကျန်ရစ်ခဲ့ကာ ကြီးမြတ်သော တရှ၏ ပြည်နယ်ရာပေါင်းများစွာအနက် တစ်ခုဖြစ်သည့် ခရမ်းရောင်မိုးကြိုးပြည်နယ်ဖြစ်လာခဲ့သည်။ တစ်နှစ်ကျော်တိုင်အောင် ပျောက်ကွယ်နေသည့် ချူးယွင်ဖန်းသည် အချို့သူများအတွက် ခေတ်တစ်ခေတ်၏ သူရဲကောင်းတစ်ဦးဖြစ်နေဆဲဖြစ်သည်။ လီရှန်ယွမ်သည် သူ့ကိုဖမ်းဆီးရန် စစ်တပ်အမြောက်အမြားကို နေ့ညမပြတ် ကင်းလှည့်ရန် စီစဉ်ခဲ့သော်လည်း ချူးယွင်ဖန်းသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားခဲ့သည်။ မည်သည့်သတင်းအစအနမျှ မကြားရဘဲ လေထုထဲသို့ ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်နေသည်။
ထိုသို့သောအခြေအနေတွင် စစ်တပ်ကို ဦးဆောင်နေသော လီရှန်ယွမ်ပင် ချူးယွင်ဖန်းကို ရှာဖွေမှုအား အပြင်ပန်းအရ လက်လျှော့လိုက်ရသည်။ ကြီးမြတ်သောတရှ နန်းတော်မှ အမိန့်တော် ပြန်တမ်းတစ်စောင် ထွက်ပေါ်လာခဲ့သည်။ ဤသည်မှာ လီရှန်ယွမ်သည် မိုးကြိုးခရမ်းဓားနယ်မြေကို သိမ်းပိုက်အောင်မြင်ခဲ့သည့်အတွက် စစ်ဌာနချုပ်သို့ ပြန်လာကာ ဆုလာဘ်များကို လက်ခံရယူရန်ဖြစ်သည်။ သို့သော်လည်း လီရှန်ယွမ်သည် လွန်ခဲ့သော တစ်နှစ်က ချူးယွင်ဖန်းကြောင့် ဒဏ်ရာအပြင်းအထန် ရရှိသွားသည်ဟူသော ကောလာဟလများ ထွက်ပေါ်နေသည်။ သူ၏ဒဏ်ရာများ လုံးလုံးလျားလျား မသက်သာသေးသဖြင့် နန်းတော်သို့ ပြန်သွားပြီးနောက် ကုသမှုခံယူရန် နည်းလမ်းရှာဖွေရမည်ဖြစ်သည်။
မည်သို့ပင်ဆိုစေကာမူ ခေတ်ဟောင်းတစ်ခု ကုန်ဆုံးသွားပြီးနောက် ခေတ်သစ်တစ်ခုသို့ ရောက်ရှိလာပြီဖြစ်ကြောင်း လူတိုင်း သိရှိကြသည်။ ခရမ်းရောင်မိုးကြိုးပြည်နယ်အတွင်း ကြီးမြတ်သော တရှနှင့် ပတ်သက်သည့် ဒဏ္ဍာရီအမျိုးမျိုး ပျံ့နှံ့လာခဲ့သည်။ ကြီးမြတ်သော တရှတွင် အကြွင်းမဲ့ အင်အားရှိနေခြင်းကြောင့်လည်း ဖြစ်နိုင်ဖွယ်ရှိရာ ၎င်းတို့သည် မူလအင်အားစုများကို ဖိနှိပ်ခြင်း မရှိပေ။ ဤဖြစ်စဉ်ကြောင့် အင်အားစုအသီးသီး သက်ပြင်းချကာ ကျေးဇူးတင်စိတ်ပင် အနည်းငယ်ဖြစ်ပေါ်လာသည်။ သို့သော်လည်း ကောင်းကင်ပေါ်ရှိ နဂါးများသည် မြေပြင်ပေါ်ရှိ ပုရွက်ဆိတ်များ၏ ထင်မြင်ချက်ကို ဂရုမစိုက်သောကြောင့်သာ ကြီးမြတ်သော တရှသည် ဤသို့ပြုမူခြင်းဖြစ်ကြောင်း ၎င်းတို့ နားလည်ကြသည်။ အနည်းငယ် ဝမ်းနည်းဖွယ်ကောင်းသော်လည်း ၎င်းတို့အတွက်မူ ဤဖြစ်စဉ်သည် အမှန်တကယ် ကောင်းမွန်သော အရာဖြစ်သည်။
အချို့သော ထက်မြက်သူများသည် ကြီးမြတ်သော တရှသည် ပစ္စည်းများ လုယက်ကာ ထွက်သွားရုံသက်သက် မဟုတ်ဘဲ ရေရှည်အုပ်ချုပ်ရန် ရည်ရွယ်ထားကြောင်း သဘောပေါက်သွားကြသည်။ ကောလာဟလများအရ ခရမ်းရောင်မိုးကြိုးပြည်နယ်သည် ရှေးခေတ်ကတည်းက အလယ်ပိုင်းဒေသနှင့် တစ်ဆက်တည်းဖြစ်ခဲ့သည်ဟု ဆိုကြသည်။ နောက်ပိုင်းတွင် ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းသည် အဆင့်မြင့် ဖွဲ့စည်းပုံများနှင့် အတားအဆီးများ အသုံးပြု၍ တသီးတခြား ခွဲထုတ်ထားခဲ့ခြင်းဖြစ်သည်။ ယခုအခါ ၎င်းတို့အားလုံး ပြန်လည် ပေါင်းစည်းသွားပြီဖြစ်သည်။
ကြီးမြတ်သော တရှရှိ တိမ်ပြည်နယ်၏ ယီမိသားစုရဲတိုက်။
ရဲတိုက်ဟု ခေါ်ဆိုသော်လည်း ၎င်းသည် လူဦးရေ တစ်သိန်းကျော်မျှ အခြေချ နေထိုင်သည့် မြို့ငယ်တစ်ခုသဖွယ်ဖြစ်နေကာ ရဲတိုက်အတွင်းရှိ နေထိုင်သူ ၈၀ ရာခိုင်နှုန်းသည် ယီမိသားစုမှ ဆင်းသက်လာသူများဖြစ်ကြသည်။ သို့သော် ယနေ့တွင်မူ သီးသန့်ကျင့်ကြံနေသော ယီမိသားစု ခေါင်းဆောင်သည် သတင်းတစ်ခုရရှိပြီးနောက် အလျင်အမြန် ထွက်လာခဲ့သည်။ ထိုကဲ့သို့ စိတ်ဓာတ်ခိုင်မာသော လူတစ်ဦးကို အလောတကြီးဖြစ်သွားစေသည့် သတင်းသည် မည်သည့်အရာ ဖြစ်နိုင်သနည်းဟု လူတိုင်း မေးခွန်းထုတ်နေကြသည်။
ဧည့်ခန်းဆောင်အတွင်း၌ ခိုင်မာပြတ်သားပုံရသော အဖိုးအိုတစ်ဦးသည် သူ၏လက်ထဲရှိ ကျောက်စိမ်းပြားကို အနည်းငယ် တုန်ယင်နေသော လက်များဖြင့် ဆုပ်ကိုင်ထားသည်။
"ဒီလောက်နှစ်တွေ အကြာကြီးနေမှ ထျန်းရှင်းဆီက သတင်းရလိမ့်မယ်လို့ ကျုပ် မမျှော်လင့်ထားဘူး"
အဖိုးအိုသည် သူ၏မျက်ဝန်းထောင့်မှ မျက်ရည်များကို သုတ်လိုက်ကာ ဧည့်သည်ခုံတွင် ထိုင်နေသော လူငယ်ကို လှမ်းကြည့်လိုက်သည်။ ထိုလူငယ်သည် အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသည့် ချောမောခန့်ညားသော လူငယ်တစ်ဦးဖြစ်သည်။
"ထျန်းရှင်းရဲ့ အမှာစကားကို ယူလာပေးတဲ့အတွက် မင်းကို ကျေးဇူးအများကြီးတင်ပါတယ်၊ ကျုပ် တကယ် ကျေးဇူးတင်မိပါတယ်" အဖိုးအိုက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
သူသည် ကြီးမြတ်သော တရှအတွက် နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ခဲ့သူဖြစ်ရာ မည်သည့်အခက်အခဲကမျှ သူ့ကို မတုန်လှုပ်စေခဲ့ပေ။ သို့သော် ယနေ့တွင် ဤချောမောခန့်ညားသော လူငယ် ယူဆောင်လာသည့် သတင်းသည် သူ့ကို မျက်ရည်ပင် ကျစေခဲ့သည်။ သူ၏ အငယ်ဆုံးသားဖြစ်သူ ပျောက်ကွယ်သွားခဲ့သည်မှာ နှစ်မည်မျှ ကြာမြင့်ပြီဖြစ်သနည်း။ သူသည် အဆက်အသွယ် အမျိုးမျိုးကို အသုံးပြုခဲ့သော်လည်း သားဖြသ်သူနှင့်ပတ်သက်၍ မည်သည့်သတင်းမျှ မရရှိခဲ့ပေ။ ယနေ့တွင် သူ၏အငယ်ဆုံးသားထံမှ သတင်းစကားကို ရရှိလိမ့်မည်ဟု သူ လုံးလုံးလျားလျား မထင်မှတ်ထားခဲ့ပေ။
"ကိစ္စမရှိပါဘူး။ သမ္မတ... အဟမ်း၊ အကြီးအကဲထျန်းရှင်းက ကျွန်တော့်ကို အများကြီး ကူညီပေးခဲ့တဲ့လူပါ။ ဒါကြောင့် ဒါကကျွန်တော် လုပ်သင့်လုပ်ထိုက်တဲ့ အရာပါ"
ချူးယွင်ဖန်းသည် အဖိုးအိုကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ ချူးယွင်ဖန်း ခွန်းလုံနယ်မြေမှ မထွက်ခွာမီ၌ ပြည်ထောင်စု၏ဥက္ကဋ္ဌကြီးသည် သူ၏မွေးရပ်မြေသို့ ရောက်ရှိခဲ့ပါက သူ၏ဖခင်ထံ စာတစ်စောင် ပို့ပေးရန် တောင်းဆိုခဲ့သည်။
ဥက္ကဋ္ဌကြီး၏ နာမည်အရင်းသည် ယီထျန်းရှင်းဖြစ်သည်။ သူသည် ယီမိသားစု ရဲတိုက်အရှင်သခင်၏ အငယ်ဆုံးသားဖြစ်သည်။ ယီထျန်းရှင်းသည် ငယ်စဉ်က ဟင်းလင်းပြင်အက်ကွဲကြောင်းအတွင်းသို့ မတော်တဆ ပြုတ်ကျသွားကာ ခွန်းလွန်နယ်မြေသို့ ရောက်ရှိလာခဲ့သည်။ သူသည် တိုက်ဆိုင်မှုများကြောင့် ပြည်ထောင်စု၏ ဥက္ကဋ္ဌတစ်ဦး ဖြစ်လာခြင်းဖြစ်သည်။ မှန်သည်၊ ချူးယွင်ဖန်းသည် ပြည်ထောင်စုနှင့်ပတ်သက်သည့် အကြောင်းအရာကို ယခုအချိန်တွင် မည်သူ့ထံကိုမျှ ပြောပြရန် မဖြစ်နိုင်သေးပေ။ ၎င်းသည် အလွန်လျှို့ဝှက်နက်နဲသော ကိစ္စတစ်ခုဖြစ်သောကြောင့် ပေါ့ပေါ့ဆဆ ဖွင့်ဟ၍ မရပေ။ သို့မဟုတ်ပါက ကြီးမြတ်သော တရှ၏ အင်အားနှင့်ဆိုလျှင် ပြည်ထောင်စုသည် ဘေးအန္တရာယ် ကျရောက်သွားနိုင်သည်။ ၎င်းတို့သည် မိုးကြိုးခရမ်းဓားနယ်မြေထက် ပို၍ကောင်းမွန်သော အခြေအနေတွင် တည်ရှိနိုင်လိမ့်မည် မဟုတ်ပေ။
"ဘာပဲဖြစ်ဖြစ်၊ မင်းက ထျန်းရှင်းရဲ့ သတင်းကို ယူလာပေးခဲ့တယ်လေ၊ ကျုပ် အခုတော့ စိတ်အေးလက်အေးနဲ့ သေနိုင်ပါပြီ" လော့ယီက ပြောလာသည်။
သူသည် သားဖြစ်သူနှင့်ပတ်သက်၍ အမှန်တကယ် မေးမြန်းချင်မိသော်လည်း သူ၏သားဖြစ်သူသည် စာထဲတွင် လက်ရှိအချိန်၌ ပြန်လာရန် မဖြစ်နိုင်သေးကြောင်း ရေးသားထားသဖြင့် ယခုအချိန်တွင် လက်လျှော့လိုက်ရသည်။
"မင်းရဲ့ကျေးဇူးကို ဘယ်လိုပြန်ဆပ်ရမလဲတောင် မသိတော့ပါဘူး။ မင်း တစ်ခုခုလိုအပ်တာရှိရင် ကျုပ် တတ်နိုင်တာဖြစ်သရွေ့ အစွမ်းကုန် ကူညီပေးပါ့မယ်"