အခန်း (၁၆၄၅-၁၆၄၇)
Vol. 110 Ch. 1645-1647
အခန်း (၁၆၄၅) ယွင်ဟွေ့ကို အနိုင်ယူခြင်း
"ဟားဟားဟား... ဒါက ယုံကြည်မှုလွန်ကဲနေတာ မဟုတ်ဘူးကွ။ ခရမ်းရောင်မိုးကြိုးပြည်နယ်ဆိုတာ တောကန္တရလို ဒေသမျိုးလေ။ မင်းတို့ဆီမှာ အမတေအဆင့်လောက်ကိုတောင် ပညာရှင်လို့ ခေါ်နေကြတာ မဟုတ်လား။ ရယ်စရာကောင်းလိုက်တာ" ယွင်ဟွေ့သည် ချူးယွင်ဖန်းကို လုံးလုံးလျားလျား ဂရုမစိုက်ဟန်ဖြင့် ရယ်မောလိုက်သည်။
"ဒါပေမယ့် ကြည့်ရတာတော့ မင်းက အရှုံးပေးဖို့ မပြင်ဆင်ထားပုံပဲ”
"ဟုတ်တယ်။ ကျုပ်က ဘာလို့ အရှုံးပေးရမှာလဲ။ ခင်ဗျားကသာ အရှုံးပေးသင့်တဲ့သူပဲ" ချူးယွင်ဖန်းက တဲ့တိုးပင် ပြန်ပြောလိုက်သည်။
"မင်းက ကောင်းကင်လမ်းကို မလျှောက်ဘဲ ငရဲပြည်ကို အတင်းတိုးဝင်ချင်နေတာပဲ။ ကြီးမြတ်တဲ့တရှကို မင်းတို့ ခရမ်းရောင်မိုးကြိုးပြည်နယ်လိုပဲလို့ တကယ်ထင်နေတာလား။ မင်းက ရေတွင်းထဲက ဖားတစ်ကောင်ပဲ"
ယွင်ဟွေ့၏ အမူအရာသည် ချက်ချင်းအေးစက်သွားသော်လည်း သူ၏မျက်ဝန်းများထဲတွင် လှောင်ပြောင်ရိပ်များရှိနေသည်။ သူသည် ချူးယွင်ဖန်းကို ကစားစရာတစ်ခုကဲ့သို့ သဘောထားနေသည်။
"ယွင်ဟွေ့နဲ့ တွေ့ပြီဆိုတော့ ချူးယွင်ဖန်းတော့ ပြဿနာအကြီးအကျယ်တက်ပြီထင်တယ်”
"ဟုတ်တယ်။ ယွင်ဟွေ့က ချမ်းသာခြင်းပြည်နယ်က ယွမ်မိသားစုရဲ့ လက်ရှိခေါင်းဆောင်ပဲ။ သူ့အသက်အရွယ်နဲ့ မိသားစုခေါင်းဆောင် ဖြစ်လာတယ်ဆိုတာ အကုန်လုံး သူ့ရဲ့ကိုယ်ပိုင်ခွန်အားကြောင့်ပဲ။ ချူးယွင်ဖန်း အရင်က ရှောင်းပိုဖူကို အနိုင်ယူခဲ့တာကို သွားထည့်မတွက်နဲ့။ ရှောင်းပိုဖူသာ ယွင်ဟွေ့နဲ့ တွေ့ခဲ့ရင် တစ်ကွက်တည်းနဲ့ ရှုံးသွားမှာ"
"ယွင်ဟွေ့က ရွေးချယ်ခံရတဲ့ မျိုးစေ့တပည့် အနည်းငယ်ထဲ မပါသေးပေမယ့် သူ့ရဲ့ကျင့်စဉ်က တော်တော်လေးမြင့်တယ်။ သူက မျိုးစေ့တပည့်နေရာအတွက် ယှဉ်ပြိုင်ဖို့ သေချာပေါက် အရည်အချင်းရှိတယ်"
ထိုအချိန်တွင် အပြင်ဘက်၌ ထိုလူငယ်နှစ်ယောက်ကြောင့် ဆူညံပွက်လောရိုက်နေကြသည်
"ချူးယွင်ဖန်းက ခရမ်းရောင်မိုးကြိုးပြည်နယ်ကဖြစ်နေလိမ့်မယ်လို့ ကျုပ် မထင်ထားဘူး။ တိမ်တဲ့ ရေအိုင်ထဲကနေ နဂါးအစစ်တစ်ကောင် ထွက်ပေါ်လာတာပဲ"
"ဒါပေမယ့် သူ ဒီအဆင့်အထိ ရောက်လာဖို့က လွယ်ကူခဲ့မှာ မဟုတ်ဘူး”
မည်သူမျှ ချူးယွင်ဖန်းဘက်မှ အားမပေးခဲ့ကြချေ။ လူတိုင်း၏အမြင်တွင် ယွင်ဟွေ့၏ အနိုင်ရရှိမှုသည် ကျောက်စာထွင်းထားသကဲ့သို့ သေချာနေသည်။ အတွင်းစည်းတပည့် ဖြစ်နှင့်ပြီးသား ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်များပင် ကိုယ်ပိုင်အစီအစဉ်များရှိနေကြသည်။ ယခုအချိန်တွင် ၎င်းတို့သည် မြင့်မြတ်လှသည်ဟု ဆိုနိုင်သော်လည်း ထိုလူသစ်များ ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ ဝင်ရောက်လာသည်နှင့် ၎င်းတို့အားလုံး တန်းတူဖြစ်သွားကြပေလိမ့်မည်။ ထိုအချိန်တွင် ၎င်းတို့သည် ပြိုင်ဘက်များဖြစ်လာမည်ဖြစ်သဖြင့် လူအများသည် ယွင်ဟွေ့ကို မည်သို့ရင်ဆိုင်ရမည်ကို စဉ်းစားနေကြသည်။
ဖန်းယွီတစ်ယောက်သာလျှင် ၎င်းတို့ကို လျစ်လျူရှုထားသည်။ သူ၏ကျင့်ကြံမှုသည် အခြားသူများထက် များစွာသာလွန်နေသဖြင့် ထိုသူများက သူ့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်ချေ။ သူသည် ချူးယွင်ဖန်းကို စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မြင်မိသောကြောင့် ကြည့်နေခြင်းဖြစ်သည်။ တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ယွင်ဟွေ့သည် ချူးယွင်ဖန်းအပေါ် စိတ်ရှည်မှုများ ကုန်ဆုံးသွားဟန်ဖြင့် အော်ဟစ်လိုက်သည်။
"ဒီနေ့ မင်း ဒီမှာတင် အဆုံးသတ်ပြီ”
ယွင်ဟွေ့က စကားပြောနေစဉ် ကောင်းကင်သို့ ကြည့်လိုက်သည်။ သူသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်များကို ကြည့်နေခြင်းဖြစ်သည်။ အနာဂတ်တွင် ၎င်းတို့အားလုံးသည် တပည့်များဖြစ်လာကာ ပြိုင်ဘက်များလည်း ဖြစ်လာကြပေလိမ့်မည်။ သူသည် ထိုလူများထံ သူ၏ခွန်အားများကို ပြသချင်နေသည်။ ခွန်အားမရှိသူများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းတွင် မည်သည့်အဆင့်အတန်းမျှ ရှိမည်မဟုတ်ပေ။ ယခုအခါ ယွင်ဟွေ့သည် သူ၏ခွန်အားကို ပြသရန် ပြင်ဆင်လိုက်သည်။
ထိုအခိုက်တွင် ယွင်ဟွေ့သည် အရှေ့သို့ ခြေတစ်လှမ်းတိုးပြီးနောက် ကြွေးကြော်ကာ လက်သီးဖြင့် ထိုးနှက်လိုက်သည်။
"ဖရိုဖရဲ နတ်တိမ်တိုက်များ"
လက်သီးဖြင့် ထိုးနှက်လိုက်သည်နှင့် ကမ္ဘာပေါ်ရှိ တိမ်တိုက်များ စုစည်းသွားကာ တိမ်ပင်လယ်ကြီးတစ်ခုဖြစ်ပေါ်လာသည်။ ထိုတိမ်ပင်လယ်၏ အလယ်ဗဟိုတွင် ယွင်ဟွေ့သည် အစစ်အမှန် အုပ်ချုပ်သူအဖြစ် တည်ရှိနေသည်။ ထိုတိမ်တိုက်ဖြူများသည် အားနည်းသည်ဟု ထင်မှတ်ရသော်လည်း ၎င်းအတွင်း၌ ကြောက်မက်ဖွယ် စွမ်းအင်များ ဖုံးကွယ်နေကြောင်း လူတိုင်း မြင်တွေ့နိုင်သည်။ တိမ်တိုက်ဖြူတိုင်းသည် အရာအားလုံးကို ခြေမှုန်းနိုင်သည့် ထိတ်လန့်ဖွယ် လက်သီးစွမ်းအင်များ ဖြစ်ကြသည်။
ဤသည်မှာ ချမ်းသာခြင်းပြည်နယ်ရှိ ယွမ်မိသားစု၏ အဆင့်မြင့်ဆုံး သိုင်းပညာဖြစ်သည်။ ခဏအတွင်း စင်မြင့်တစ်ခုလုံး သူ၏ထိန်းချုပ်မှုအောက်သို့ ရောက်ရှိသွားကာ တိမ်တိုက်များသည် ချူးယွင်ဖန်းကို ဝန်းရံလိုက်သည်။ ချက်ချင်းဆိုသလိုပင် ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာ၍ ယွင်ဟွေ့သည် လက်သီးစွမ်းအင်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်သည်။
ယွင်ဟွေ့သည် ရှောင်းပိုဖူထက် အနည်းဆုံး နှစ်ဆခန့် ပို၍သန်မာသည်။ သူသည် နှောင်းပိုင်း ဒြပ်မဲ့အဆင့်၏ အထွတ်အထိပ်သို့ အမှန်တကယ် ရောက်ရှိနေကာ အမြင့်ဆုံးအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုအပ်ပေသည်။ ထို့ကြောင့်လည်း မျိုးစေ့တပည့်နေရာအတွက် ယှဉ်ပြိုင်မည်ဟု ရဲရဲဝံ့ဝံ့ ကြေညာရဲခြင်းဖြစ်သည်။ သူ၏ လက်ရှိကျင့်ကြံမှုအရ ထိုသို့လုပ်ဆောင်ရန် အခွင့်အလမ်းရှိနေသည်။
"ချူးယွင်ဖန်းတော့ သွားပြီ။ အဲဒီတိမ်တိုက်တွေကို သူ ခုခံနိုင်မဟုတ်ဘူး။ အကောင်းဆုံးနည်းလမ်းကတော့ ရှောင်တိမ်းဖို့ပဲ"
ချူးယွင်ဖန်း ရှုံးနိမ့်သွားပြီဟု လူတိုင်းထင်နေချိန်တွင် ခရမ်းရောင်မိုးကြိုးများ ပါဝင်သော ဓားအလင်းတန်းတစ်ခုသည် ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာကာ တိမ်တိုက်ဖြူများကို ချက်ချင်းပင် ဆွဲဖြဲပစ်လိုက်ကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ခဏအတွင်း ထိုဓားအလင်းရောင်သည် အရာအားလုံးကို ဖျက်ဆီးပြီးနောက် ယွင်ဟွေ့ကို ခုတ်ပိုင်းလိုက်သည်။
"မဖြစ်နိုင်ဘူး"
ချူးယွင်ဖန်းသည် မိမိ၏ မရေတွက်နိုင်သော တိမ်တိုက်များကြားတွင် ပိတ်မိနေပါလျက် တန်ပြန်တိုက်ခိုက်နိုင်လိမ့်မည်ဟု ယွင်ဟွေ့ လုံးလုံးလျားလျား မထင်မှတ်ထားပေ။ ထိုဓားအလင်းတန်းကြောင့် သူ၏ကျောရိုးတစ်လျှောက် ချမ်းစိမ့်သွားကာ အန္တရာယ်ကြီးနှင့် တွေ့ကြုံနေရသကဲ့သို့ ခံစားလိုက်ရသည်။ သူသည် မိမိကိုယ်ကို ကာကွယ်ရန် လက်နှစ်ဖက်ကို အမြန်မြှောက်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် ဓားအလင်းရောင်များ အရှိန်အဟုန်ဖြင့် ကျရောက်လာသည်။
ဘန်း
ယွင်ဟွေ့သည် ချက်ချင်းပင် နာကျင်စွာ အော်ဟစ်ကာ အနောက်သို့ လွင့်ထွက်သွားသည်။ သူ၏လက်မောင်းများ သွေးသံတရဲရဲဖြစ်နေကာ ဓားချက်ကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားသည်။ မကြာမီတွင် ယွင်ဟွေ့၏ လက်များသာမကဘဲ သူ၏ရင်ဘတ်ပင် ဓားအလင်းရောင်ကြောင့် ပွင့်ထွက်သွားကြောင်း လူတိုင်း မြင်တွေ့လိုက်ရသည်။ ယွင်ဟွေ့သည် နာကျင်စွာ အော်ဟစ်ပြီးနောက် နေရာလွတ်ထဲမှ ကုသဆေးတစ်လုံးကို အမြန်ထုတ်ယူလိုက်သည်။ မိမိကိုယ်ကို ပြန်လည်ကုသရန် ကြိုးစားသော်လည်း ချူးယွင်ဖန်းသည် အခွင့်အရေး မပေးခဲ့ပေ။ ချူးယွင်ဖန်းသည် သူ၏အနောက်သို့ ချက်ချင်းရောက်ရှိလာကာ ကန်ထုတ်လိုက်သည်။
ထိုကန်ချက်သည် လျှပ်စီးကဲ့သို့ လျင်မြန်လှကာ ယွင်ဟွေ့၏ကျောကုန်းကို တည့်တည့်ထိမှန်သွားသည်။ ယွင်ဟွေ့သည် အော်ဟစ်လျက် စင်မြင့်အပြင်ဘက်သို့ လွင့်ထွက်သွားပြီးနောက် လုံးလုံးလျားလျား မလှုပ်ရှားနိုင်တော့ချေ။ သူ၏ ခန္ဓာကိုယ်ရှိ အရိုးအားလုံး ချူးယွင်ဖန်း၏ တိုက်ခိုက်မှုကြောင့် ပြင်းထန်စွာ ပျက်စီးသွားသည်။
"တော်တော်သန်မာတာပဲ"
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ စမ်းသပ်ပွဲသို့ လာရောက်ကြသည့် ပါရမီရှင်တပည့်များသာမကဘဲ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်များပင် ဆွံ့အသွားကြသည်။ အစမှအဆုံးအထိ ချူးယွင်ဖန်းသည် သိုင်းကွက်နှစ်ကွက်သာ အသုံးပြုခဲ့သည်။ သိုင်းတစ်ကွက်သည် ယွင်ဟွေ့ကို ပြင်းထန်စွာ ဒဏ်ရာရသွားစေ၍ ကျန်သိုင်းတစ်ကွက်သည် ယွင်ဟွေ့ကို တိုက်ခိုက်နိုင်စွမ်း ကင်းမဲ့သွားစေသည်။
"ဒီလောက်ခွန်အားနဲ့ဆိုရင် သူ မျိုးစေ့တပည့်နေရာ ရဖို့ ဖြစ်နိုင်ခြေရှိတယ်" တစ်စုံတစ်ယောက်က တုန်လှုပ်စွာ ပြောလိုက်သည်။
"မှန်တယ်။ မျိုးစေ့တပည့်တွေထဲမှာတောင် ဒီလိုလုပ်နိုင်တဲ့သူ အများကြီးမရှိဘူး"
"သူက ဘယ်လိုခန္ဓာကိုယ်မျိုးကို ပိုင်ဆိုင်ထားတာလဲ။ မွန်းစတားတစ်ကောင်လိုပဲ"
လူတိုင်း အံ့အားသင့်နေကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်များသည် နောက်ဆုံးတွင် ချူးယွင်ဖန်းကို အလေးအနက်ထားလာသဖြင့် ၎င်းတို့အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်လိုက်ကြသည်။ သူသည် လျစ်လျူရှုထားသင့်သည့် လူငယ်တစ်ယောက် မဟုတ်တော့ပေ။
"သူ ဘယ်လိုကျင့်ကြံခဲ့တာများလဲ။ ခရမ်းရောင်မိုးကြိုးပြည်နယ်လို နေရာမျိုးမှာ ဒီအဆင့်အထိ ကျင့်ကြံဖို့ဆိုတာ မဖြစ်နိုင်သလောက်ပဲ"
"ပါရမီရှိလိုများလား။ ဒါပေမယ့် သူ သိုင်းကွက်တွေ အများကြီး မထုတ်သုံးရသေးတော့ သူ့မှာ ထူးခြားတဲ့ ခန္ဓာကိုယ်ရှိမရှိဆိုတာ ဆုံးဖြတ်ဖို့ ခက်သား"
"ဒါပေမယ့် ထူးခြားတဲ့ ခန္ဓာကိုယ်အကြောင်း ပြောရမယ်ဆိုရင် ဒီတစ်ခေါက် စမ်းသပ်မှုထဲမှာ တပည့်တစ်ယောက်ရှိနေတယ် မဟုတ်လား။ ချူးယွင်ဖန်းသာ ကြားထဲမှာ မရှုံးဘူးဆိုရင် သူတို့နှစ်ယောက် တွေ့ကြလိမ့်မယ်"
အခန်း (၁၆၄၆) ချူးယွင်ဖန်းက အနိုင်ကျင့်ရလွယ်သော ပစ်မှတ်တစ်ခုလား
ချူးယွင်ဖန်းသည် နောက်ထပ်ပြိုင်ဘက်တစ်ဦးကို အလွယ်တကူပင် အနိုင်ယူလိုက်ပြန်သည်။ အကယ်၍ သူသာ ကြိုတင်ရွေးချယ်ထားသော မျိုးစေ့တပည့်တစ်ဦးဖြစ်နေပါက ဤသည်မှာ ကြီးကျယ်သော ကိစ္စမဟုတ်ပေ။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ မျိုးစေ့တပည့်ဖြစ်လာနိုင်သူတစ်ဦးသည် အသက်တူရွယ်တူများကို အပြတ်အသတ် ချေမှုန်းနိုင်သည့် ခွန်အားရှိပေသည်။ သို့သော်လည်း ချူးယွင်ဖန်းသည် ကြိုတင်သတ်မှတ်ထားသော ကိုယ်စားလှယ်လောင်း မဟုတ်သည့်အပြင် ရွှေအမတေပြီးပြည့်စုံအဆင့်တွင်သာရှိသေးသည်။
ဤကဲ့သို့သော အဖြစ်မျိုးသည် တစ်ခါမျှ မဖြစ်ပေါ်ခဲ့ဖူးပေ။ ရွှေအမတေပြီးပြည့်စုံအဆင့် ကျင်ကြံသူတစ်ဦးက နှောင်းပိုင်းဒြပ်မဲ့အဆင့် ကျင်ကြံသူတစ်ဦးကို အနိုင်ယူနိုင်ခြင်းသည် လောက၏အမြင်များကို လုံးလုံးလျားလျား ပြောင်းပြန်လှန်ပစ်လိုက်ခြင်းဖြစ်သည်။ အထူးသဖြင့် ရွှေအမတေပြီးပြည့်စုံအဆင့်နှင့် ဒြပ်မဲ့အဆင့်ကြားရှိ ကွာဟချက်ကို ကျော်ဖြတ်နိုင်သူမရှိဘူးဟု ငယ်စဉ်ကတည်းက သင်ကြားလာရသူများအတွက် ပို၍ပင် အံ့အားသင့်ဖွယ်ဖြစ်နေသည်။
"သူ ရွှေအမတေပြီးပြည့်စုံအဆင့်ပဲရှိသေးတာတောင် အဲဒီလောက်အစွမ်းထက်နေရင် တကယ်လို့ ဒြပ်မဲ့အဆင့်ထဲကို လှမ်းနိုင်ခဲ့ရင် ဘယ်လောက်တောင် အစွမ်းထက်လိုက်မလဲ"
"ဒြပ်မဲ့အဆင့်ကို ဝင်ဖို့ဆိုတာ အဲဒီလောက် မလွယ်ကူဘူး။ ကြယ်ကြွေကောင်းကင်ဂိုဏ်းက အတွင်းစည်းတပည့်တွေကို ကျင့်ကြံခြင်းအဆင့်အလိုက် ဘာလို့ခေါ်တာလဲသိလား၊ ရွှေအမတေပြီးပြည့်စုံအဆင့်အများစုက ဒြပ်မဲ့အဆင့်ကို ဘယ်တော့မှ မရောက်နိုင်လို့ပဲ"
"မှန်တယ်။ ရွှေအမတေပြီးပြည့်စုံအဆင့် တိုးတက်မှုတွေ အများကြီးရှိခဲ့ပေမယ့် ဒြပ်မဲ့အဆင့်ကို မကျော်ဖြတ်နိုင်ခဲ့တဲ့ ပါရမီရှင်တွေ ဘယ်လောက်တောင် ရှိနေလဲဆိုတာ ဘယ်သူသိမှာလဲ"
လူအုပ်ကြီးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြသော်လည်း ချူးယွင်ဖန်းကို အထင်သေး၍ သူ၏ ခွန်အားကို အသိအမှတ်မပြုလိုသူများစွာ ရှိနေဆဲဖြစ်သည်။
"ခရမ်းရောင်မိုးကြိုးပြည်နယ်ကို အရင်က ခရမ်းရောင်မိုးကြိုးဓားဂိုဏ်းက အုပ်ချုပ်ခဲ့တာလို့ ကျုပ် ကြားဖူးတယ်။ သူတို့က အရင်တုန်းက ဂိုဏ်းကြီးတစ်ခုဆိုတော့ သူတို့ဆီမှာ အမွေအနှစ်အချို့ရှိနေတာက ပုံမှန်ပါပဲ။ သူ ခရမ်းရောင်မိုးကြိုးပြည်နယ်မှာ အခုလို အဆင့်အထိ ကျင့်ကြံနိုင်တာက အဲဒီဂိုဏ်းရဲ့ အမွေအနှစ်တွေနဲ့ အများကြီး သက်ဆိုင်လိမ့်မယ်လို့ ကျုပ် ထင်တယ်"
လူတိုင်း အပြင်းအထန် ဆွေးနွေးနေကြစဉ် ချူးယွင်ဖန်းနှင့် ယွင်ဟွေ့တို့သည် စင်မြင့်အတွင်းမှ အပြင်သို့ ပို့ဆောင်ခံလိုက်ရသည်။ ယွင်ဟွေ့ကို အနိုင်ယူလိုက်ခြင်းသည် အလွန်သာမန်ကျသော ကိစ္စတစ်ခုဖြစ်ဟန်ဖြင့် ချူးယွင်ဖန်း၏ မျက်နှာအမူအရာသည် တည်ငြိမ်နေသည်။ ယွင်ဟွေ့ကို အနိုင်ယူပြီးနောက် ချူးယွင်ဖန်းသည် နောက်ထပ် အကြိမ်အနည်းငယ် ယှဉ်ပြိုင်လိုက်ရပြန်သည်။ သူ၏ တိုက်ပွဲများသည် လူအများ၏ အာရုံစိုက်မှုအောက်သို့ ရောက်ရှိနေသည်။
ချူးယွင်ဖန်းက ၎င်းတို့ကို စိတ်မပျက်စေခဲ့ပေ။ သူသည် အလယ်အလတ်အဆင့်မှ နှောင်းပိုင်းဒြပ်မဲ့အဆင့်ရှိ ပြိုင်ဘက်အားလုံးကို တစ်ချက်တည်းဖြင့် အနိုင်ယူပြခဲ့သည်။ ချူးယွင်ဖန်း ထုတ်ဖော်ပြသခဲ့သော ခရမ်းရောင်မိုးကြိုးဓားခုနစ်စဥ်သည် စွဲမက်ဖွယ်ကောင်းကြောင်း လူတိုင်း ခံစားမိကြသော်လည်း သူ၏ အစစ်အမှန်ခွန်အား သို့မဟုတ် အခြားမည်သည့် နည်းပညာကိုမျှ နားမလည်ခဲ့ကြချေ။ ပြိုင်ဘက်တစ်ဦးတစ်ယောက်မျှ သူ့ကို အလေးအနက်ထား တိုက်ခိုက်စေရန် မစွမ်းဆေင်စေခဲ့သဖြင့် လူအများ စိတ်ပျက်ခဲ့ရသည်။
မကြာမီ နောက်ဆုံးအဆင့်သို့ ရောက်ရှိလာခဲ့သည်။ ဤနောက်ဆုံးအဆင့်ကို ကျော်ဖြတ်နိုင်သူများသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ မျိုးစေ့တပည့်များဖြစ်လာကြမည်မှာ သေချာသည်။ ဤအချိန်တွင် လူတိုင်းအပြင် ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့သူများ၏ မျက်နှာအမူအရာများပင် တည်ကြည်လေးနက်လာသည်။ ပြိုင်ကွင်းအတွင်း၌ လူပေါင်း ၂၀ မျှသာ ကျန်ရှိတော့သည်။ ဤလူအယောက် ၂၀ ထဲမှ တစ်ဦးချင်းစီတိုင်းတွင် တုနှိုင်းမဲ့သော အရှင်သခင်တစ်ဦး၏ အငွေ့အသက်များ ကိန်းအောင်းနေကြသည်။ ၎င်းတို့သည် အလွန်အမင်း အစွမ်းထက်ကြ၍ ၎င်းတို့နှင့် သက်တူရွယ်တူများကြားတွင် ပြိုင်ဘက်ရှာဖွေရန် ခက်ခဲပေသည်။ ချူးယွင်ဖန်းမှလွဲ၍ ကျန်ရှိသူအားလုံး အထွတ်အထိပ် ဒြပ်မဲ့အဆင့် ကျင့်ကြံသူများဖြစ်ကြသည်။
အကြိမ်ရေ အနည်းငယ် တိုက်ခိုက်ပြီးနောက် ခွန်အားမလုံလောက်သူများ ဖယ်ရှားခံလိုက်ရသည်။ ၎င်းတို့အနေဖြင့် ဤအဆင့်သို့ ရောက်ရှိလာရန် မဖြစ်နိုင်ပေ။ ဤအထွတ်အထိပ် ဒြပ်မဲ့အဆင့်များထဲတွင် ချူးယွင်ဖန်း အထူးခြားဆုံးပုဂ္ဂိုလ်ဖြစ်သည်။ အကြောင်းမှာ သူသည် အထွတ်အထိပ် ဒြပ်မဲ့အဆင့် ကျင့်ကြံသူမဟုတ်ရုံသာမကဘဲ အထွတ်အထိပ် ရွှေအမတေပြီးပြည့်စုံအဆင့် ကျင့်ကြံသူပင် မဟုတ်သောကြောင့်ဖြစ်သည်။ ဤဖြစ်စဥ်သည် လူအများ၏ အာရုံစိုက်မှုကို ရရှိစေခဲ့သည်။ လူအများအပြားသည် သူ၏ တိုက်ပွဲကို ကြည့်ရှုရန် ရွေးချယ်လိုက်ကြသည်။
ဤလူအယောက် ၂၀ စီတန်းရပ်နေကြချိန်တွင် လူတိုင်း၏ နတ်အာရုံများ ပျံ့နှံ့ထွက်ပေါ်လာကြောင်း ခံစားလိုက်ရသည်။ ဤလူအယောက် ၂၀ သည် တစ်ဦးကိုတစ်ဦး အကဲခတ်နေကြသည်။ ၎င်းတို့၏ နောက်ထပ်ပြိုင်ဘက် မည်သူဖြစ်လာမည်ကို မသိရှိကြသောကြောင့် မည်သူမဆို ၎င်းတို့၏ ပြိုင်ဘက်ဖြစ်လာနိုင်သည်။ ချူးယွင်ဖန်း၏ နတ်အာရုံသည်လည်း ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။ ဤလူများအနက် တစ်ဦးသည် ချူးယွင်ဖန်း၏ အာရုံခံစားမှုတွင် လျင်မြန်စွာ ပေါ်ပေါက်လာသည်။ ထိုလူသည် အစိမ်းရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထား၍ ခန့်ညားသောမျက်နှာနှင့် ထက်မြက်သော မျက်ခုံးများရှိကာ ရဲရင့်သောအသွင်အပြင်ရှိပေသည်။
ထိုလူသည် တိတ်ဆိတ်စွာ ရပ်နေရုံမျှဖြင့် ခန့်မှန်းရခက်သောသူဖြစ်ကြောင်း ချူးယွင်ဖန်း ခံစားလိုက်ရသည်။ သူသည် ထိုနေရာတွင် လူသားတစ်ဦးကဲ့သို့ ရပ်နေခြင်းမဟုတ်ဘဲ မုန်တိုင်းတစ်ခုကဲ့သို့ ရပ်တန့်နေဟန်ရှိသည်။ မှန်သည်၊ ထိုသူသည် ချူးယွင်ဖန်းကို မုန်တိုင်းတစ်ခုကဲ့သို့ ခံစားရစေသည်။ ထိုလူသည်သာ ချူးယွင်ဖန်း၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သော တစ်ဦးတည်းသောသူဖြစ်သည်။ ချူးယွင်ဖန်းက အခြားလူများကို အကဲခတ်နေစဉ် အခြားလူများသည်လည်း ချူးယွင်ဖန်းကို ပြန်လည်အကဲခတ်နေကြသည်။ ရွှေအမတေပြီးပြည့်စုံအဆင့် ကျင့်ကြံသူသည် နောက်ဆုံးအဆင့်သို့ တက်လှမ်းနိုင်ခြင်းအပေါ် လူတိုင်း အလွန်အံ့အားသင့်နေကြသည်။ ၎င်းတို့၏ အမြင်အရ ချူးယွင်ဖန်း၏ ကံတရား အလွန်ကောင်းလွန်းခြင်းဖြစ်သည်။ သူ ဤအဆင့်အထိ ရောက်ရှိလာခြင်းသည် အားကောင်းသော ပြိုင်ဘက်များနှင့် ယခင်က မတွေ့ဆုံခဲ့ရခြင်းဖြစ်ရမည်ဟု ၎င်းတို့ ယူဆနေကြသည်။
'ကျုပ်သာ သူနဲ့ တွေ့ခဲ့ရင် ကောင်းမှာပဲ' လူအများအပြားတွင် ဤအတွေးမျိုး ရှိနေကြသည်။ ချူးယွင်ဖန်းကို ကိုင်တွယ်ရ ခက်ခဲသူဟု ၎င်းတို့ မထင်မှတ်ကြပေ။ ၎င်းတို့၏ အမြင်အရ သူ၏လက်ထဲတွင် ရှုံးနိမ့်သွားသူများသည် အားနည်းသူများသာဖြစ်ကြ၍ ၎င်းတို့ကမူ ထိုလူများနှင့် မတူညီကြပေ။ ဤနေရာသို့ ရောက်ရှိလာသူတိုင်းသည် အားကောင်းသန်မာသော ပြိုင်ဘက်များဖြစ်ကြသည်။ ၎င်းတို့အနက် ချူးယွင်ဖန်းသည် အားအနည်းဆုံးနှင့် အနိုင်ကျင့်ရန် အလွယ်ကူဆုံးဟု ထင်မှတ်ရသည်။
"ဆက်လက်ပြီး ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် စတင်ပါတော့မယ်။ အနိုင်ရတဲ့သူက ကြယ်ကြွေကောင်းကင်ဂိုဏ်းရဲ့ အတွင်းစည်းတပည့်တွေထဲက မျိုးစေ့တပည့်ဖြစ်လာလိမ့်မယ်" အကဲဖြတ်သူက ကြေညာလိုက်သည်။
သူသည် စကားပြောနေစဉ် လူငယ်နှစ်ဦးကို လှည့်ကြည့်လိုက်သည်။ တစ်ဦးသည် ချူးယွင်ဖန်းပင် အာရုံစိုက်မိနေသော အစိမ်းရောင်ဝတ်ရုံနှင့် လူငယ်ဖြစ်၍ နောက်တစ်ဦးသည် ရွှေအမတေပြီးပြည့်စုံအဆင့်ဖြင့် ဤနေရာအထိ ရောက်ရှိလာသော ချူးယွင်ဖန်းဖြစ်သည်။ အကဲဖြတ်သူသည် အစိမ်းရောင်ဝတ်ရုံနှင့် လူငယ် ဤအဆင့်သို့ ရောက်ရှိလာခြင်းကို အံ့အားသင့်ခြင်းမရှိပေ။ သူ၏ ခွန်အားအရ ထိုလူငယ်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်းက အနီးကပ် အာရုံစိုက်ထားသော စာရင်းထဲတွင် ပါဝင်သူဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် သူကို ငယ်စဉ်ကတည်းကပင် အကြိမ်ပေါင်းများစွာ တိတ်တဆိတ် ကူညီပေးခဲ့ဖူးသည်။
ဤသည်မှာ ကြီးမားသော ဂိုဏ်းအသီးသီး၏ ထုံးစံ အပြုအမူဖြစ်သည်။ တပည့်များကို ခေါ်ယူရန် စံသတ်မှတ်ချက်များရှိသော်လည်း အလားအလာရှိသော တပည့်များကို မွေးဖွားလာကတည်းက စတင်အာရုံစိုက်လေ့ရှိကြသည်။ တပည့်တစ်ဦးကို အဖွဲ့အစည်းအများအပြားက လုယူခြင်းသည် အလွန်သာမန်ကျသော ကိစ္စတစ်ခုဖြစ်သည်။ ဤအစိမ်းရောင်ဝတ်ရုံနှင့် လူငယ်သည် အကောင်းဆုံး မျိုးဆက်သစ်များအနက် တစ်ဦးအပါအဝင်ဖြစ်သည်။ အကဲဖြတ်သူအနေဖြင့် ပြိုင်ပွဲကို ကြီးကြပ်ရန် မလာရောက်မီကပင် ဤလူငယ်ကို အထူးဂရုပြုရန် အကြီးအကဲအချို့ထံမှ ညွှန်ကြားချက်များရရှိခဲ့သည်။
အကဲဖြတ်သူကို အမှန်တကယ် အံ့အားသင့်စေသူသည် ချူးယွင်ဖန်းဖြစ်သည်။ သူ၏ အမြင်အရ ချူးယွင်ဖန်းသည် အတွင်းစည်းတပည့် ရွေးချယ်ပွဲတွင် ပါဝင်နိုင်ခြင်းသည် အံ့အားသင့်ဖွယ်ကောင်းနေပြီဖြစ်သည်။ ချူးယွင်ဖန်းသည် မျှော်လင့်မထားသော ပါရမီရှင်တစ်ဦးဖြစ်နေသော်လည်း ယခုမူ သူသည် ထိုထက်မက ပိုမိုစွမ်းဆောင်နိုင်ခဲ့သည်။
"စလိုက်ကြစို့"
လူလတ်ပိုင်းအရွယ် အမျိုးသားသည် အခြား မည်သည့်စကားမျှ မပြောတော့ဘဲ လူတိုင်း အရှေ့တွင် ပေါ်တယ်တစ်ခုကို ဖွင့်ပေးလိုက်သည်။ နောက်ဆုံးတွင် မျိုးစေ့တပည့်များအတွက် နောက်ဆုံးရွေးချယ်ပွဲ စတင်ခဲ့လေသည်။ ချူးယွင်ဖန်းသည် အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိဘဲ အထဲသို့ ဝင်သွားခဲ့သည်။ ထိုအခါ သန်မာထွားကျိုင်းသော လူငယ်တစ်ဦးသည်လည်း ပေါ်ထွက်လာသည်။ ထိုလူငယ်သည် ချူးယွင်ဖန်းကို မြင်သောအခါ သူ၏မျက်နှာတွင် ဝမ်းသာရိပ်အချို့ ပေါ်ပေါက်လာသည်။ သူသည် ယခင်ကတည်းက ချူးယွင်ဖန်းကို အာရုံစိုက်နေခဲ့၍ ချူးယွင်ဖန်းနှင့် ဆုံတွေ့ရန် မျှော်လင့်နေခဲ့သည်။ ကောင်းကင်ဘုံသည် သူ၏ဆန္ဒကို ဖြည့်ဆည်းပေးကာ ချူးယွင်ဖန်းနှင့် အမှန်တကယ် ဆုံတွေ့ခွင့်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
အခန်း (၁၆၄၇) မျိုးစေ့တပည့် ဖြစ်လာခြင်း
"ကျုပ်တော့ ကံကောင်းတာပဲ" ထွားကျိုင်းသော ခန္ဓာကိုယ်နှင့် လူငယ်သည် လှောင်ပြောင်သော အပြုံးဖြင့် ပြောလိုက်သည်။
"မျိုးစေ့တပည့်နေရာက ကျုပ်အတွက်ပဲ"
"အခုကတည်းက ယုံကြည်မှုတွေ လွန်ကဲနေဖို့ စောလွန်းသေးတယ် မဟုတ်ဘူးလား" ချူးယွင်ဖန်းက ခပ်အေးအေး ပြန်ပြောလိုက်သည်။
"စောတယ်တဲ့လား" ရွှယ်လီဝေ့က လှောင်ရယ်လိုက်သည်။
“ဒီတစ်ကြိမ် ကျုပ်က မျိုးစေ့တပည့်ဖြစ်ဖို့ စိတ်ပိုင်းဖြတ်ထားတာ။ ကျင့်စဥ်တူတဲ့လူတွေကိုတောင် ကျုပ်က ဂရုမစိုက်တာ မဟုတ်ဘူး၊ မင်းလိုကောင်မျိုးဆိုရင် စကားထဲ ထည့်ပြောနေစရာတောင် မလိုဘူး"
အပြင်ဘက်ရှိ လူများ ရုတ်ရုတ်သဲသဲဖြစ်လာကြသည်။ ချူးယွင်ဖန်းကဲ့သို့ ရွှေအမတေပြီးပြည့်စုံအဆင့် ကျင့်ကြံသူတစ်ဦး ပါဝင်နေမှုကြောင့် လူအများ၏ အကြည့်ထက်ဝက်ကျော်သည် ဤတိုက်ပွဲဆီသို့ ရောက်ရှိနေကြသည်။ ချူးယွင်ဖန်းသည် မည်မျှအထိ ခရီးပေါက်နိုင်မည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ တပည့်များအတွက်မူ ဤဖြစ်စဥ်သည် ပို၍ပင် စိတ်လှုပ်ရှားဖွယ်ကောင်းနေသည်။ ၎င်းတို့သည် ပါရမီရှင်များစွာကို မြင်တွေ့ဖူးသူများဖြစ်ကြသည်။ အတွေ့အကြုံနုနယ်သူ သို့မဟုတ် အလယ်အလတ် ဒြပ်မဲ့အဆင့် ကျင့်ကြံသူတစ်ဦး မျိုးစေ့တပည့်ဖြစ်လာခြင်းသည် အထူးအဆန်း မဟုတ်ဘဲ အလွန်သာမန်ကျသည်ဟုပင် ဆိုနိုင်သည်။ သို့သော်လည်း မည်သို့ပင်ဆိုစေကာမူ ထိုသူများအားလုံးသည် ဒြပ်မဲ့အဆင့်တွင်ရှိကြသူများဖြစ်သည်။
ချူးယွင်ဖန်းကမူ ထိုသူများနှင့် မတူညီပေ။ သူသည် ရွှေအမတေပြီးပြည့်စုံအဆင့် ကျင့်ကြံသူတစ်ဦးသာဖြစ်သည်။ အကယ်၍ သူသာ မျိုးစေ့တပည့်ဖြစ်လာခဲ့ပါက တစ်ခါမျှ မရှိခဲ့ဖူးသော အံ့ဖွယ်ဖြစ်ရပ်တစ်ခု ဖန်တီးလိုက်သကဲ့သို့ ဖြစ်သွားပေလိမ့်မည်။ ၎င်းသည် နောက်တစ်ကြိမ် မြင်တွေ့ရန် မလွယ်ကူသည့် အံ့ဖွယ်ဖြစ်ရပ်ဖြစ်သည်။
"ချူးယွင်ဖန်းတော့ ပြဿနာအကြီးအကျယ်တက်ပြီ။ သူ ထိပ်တန်းဆယ်ယောက်အဆင့်မှာတင် ရပ်တန့်သွားတော့မှာပဲ"
"ဟုတ်တယ်။ ရွှယ်လီဝေ့က သာမန်လူ မဟုတ်ဘူး။ ကျုပ် သူ့အကြောင်း ကြားဖူးတယ်။ ရွှယ်မိသားစုက ကျုပ်တို့ဂိုဏ်းနဲ့ သိပ်မနီးစပ်ပေမယ့် ရွှယ်လီဝေ့ကတော့ မတူဘူး။ သူ ငယ်ငယ်တုန်းက ဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက် ကယ်တင်တာကို ခံရဖူးလို့ ကြယ်ကြွေကောင်းကင်ဂိုဏ်းကို ဝင်ဖို့ အရမ်းစိတ်အားထက်သန်နေတာ"
"ဟုတ်တယ်။ သူက အဲဒီအကြီးအကဲရဲ့ တပည့်အဖြစ် ရွေးချယ်ခံရဖို့ နီးစပ်ပြီးသား။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကို ဝင်ဖို့ အရည်အချင်း ပြည့်မီခဲ့ပေမယ့် ကမ္ဘာကြီးကို အံ့အားသင့်စေဖို့ သူ ဒီအခွင့်အရေးကို စောင့်နေခဲ့တာ။ ဘာပဲဖြစ်ဖြစ် သာမန်တပည့်နဲ့ မျိုးစေ့တပည့်ဆိုတာ ကွာခြားချက်က ကြီးမားတာကိုး"
လူတိုင်း အားတက်သရော ဆွေးနွေးနေကြသည်။ ၎င်းတို့သည် ဤလူများနှင့် လူစိမ်းများ မဟုတ်ကြချေ။ ပို၍ တိတိကျကျ ပြောရလျှင် ၎င်းတို့ မသိကျွမ်းသည့် တစ်ဦးတည်းသောလူသည် ချူးယွင်ဖန်းဖြစ်သည်။ ကျန်လူများသည် ကြီးမြတ်သော ရှားတိုင်းပြည်တွင် ငယ်စဉ်ကတည်းက ကြီးပြင်းလာသူများဖြစ်ကြသည်။ အထူးသဖြင့် ဤပါရမီရှင်များသည် ပြိုင်ဘက်များဖြစ်ကြသောကြောင့် တစ်ဦးအကြောင်းတစ်ဦး သတင်းအချက်အလက်များ စုဆောင်းထားခဲ့ကြသည်။
ချူးယွင်ဖန်းတစ်ဦးတည်းသာလျှင် ခရမ်းရောင်မိုးကြိုးပြည်နယ်မှ ရောက်လာသောကြောင့် ၎င်းတို့၏ သတင်းအချက်အလက် ကွန်ရက်ပြင်ပတွင် ရောက်ရှိနေသည်။ မည်သူမျှ ခရမ်းရောင်မိုးကြိုးပြည်နယ်မှ ရောက်ရှိလာသော ချူးယွင်ဖန်းကို အလေးအနက်မထားဘဲ သာမန်ကာလျှံကာသာ သတ်မှတ်ခဲ့ကြသည်။ သို့သော်လည်း သူသည် ဤစမ်းသပ်ပွဲ၏ အကြီးမားဆုံး အနက်ရောင်မြင်းတစ်ကောင်ဖြစ်လာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားမည်နည်း။ ချူးယွင်ဖန်းသည် ကံကောင်းခြင်းကြောင့်သာဖြစ်မည်ဟု အချို့က ထင်မှတ်ခဲ့ကြသော်လည်း ယခုအချိန်တွင် မည်သူမျှ ထိုသို့ မတွေးဝံ့ကြပေ။ မည်သူမျှ ကံတရားတစ်ခုတည်းဖြင့် ဤအဆင့်သို့ ရောက်လာနိုင်မည် မဟုတ်ပေ။ ချူးယွင်ဖန်းသည် ဤအဆင်သို့ ရောက်ရှိလာနိုင်သောကြောင့် မည်သူက အားနည်း၍ မည်သူက သန်မာသည်ကို အလွယ်တကူ မြင်တွေ့နိုင်သည်။
သို့သော်လည်း ချူးယွင်ဖန်းသည် နောက်ဆုံးအဆင့်အထိ တက်လှမ်းနိုင်မည်ဟု မည်သူမျှ မတွေးထင်ကြပေ။ အကြောင်းမှာ ရွှယ်လီဝေ့သည် ချူးယွင်ဖန်း ရင်ဆိုင်ခဲ့ရသမျှ ပြိုင်ဘက်များတွင် အင်အားအကြီးဆုံးဖြစ်သောကြောင့်ဖြစ်သည်။ ဤအဆင့်သို့ ရောက်လာသူတိုင်းသည် အလွန်သန်မာကြရာ ရွှယ်လီဝေ့သည် ဂိုဏ်းရှိ အကြီးအကဲတစ်ဦး၏ တပည့်ဖြစ်လာမည့်သူဖြစ်သည်။ အချိုလူများကမူ ရွှယ်လီဝေ့နှင့် ချူးယွင်ဖန်းတို့ကို တမင်တကာ ယှဉ်ပြိုင်ခိုင်းခြင်းဖြစ်သလောဟု သံသယဝင်နေကြသည်။ ချူးယွင်ဖန်းက ဤလူများထဲတွင် အားအနည်းဆုံးနှင့် အနိုင်ကျင့်ရန် အလွယ်ကူဆုံးဟု ထင်မြင်ရသောကြောင့်ဖြစ်ပေသည်။
"မစောလွန်းပါဘူး။ မင်း ဒီကနေ ရှေ့ဆက်နိုင်မှာ မဟုတ်တော့ဘူး" ရွှယ်လီဝေ့က အော်ဟစ်ရယ်မောလိုက်သည်။
"ဒီအဆင့်အထိ ရောက်လာတာကိုက မင်း ကံကောင်းလို့ပဲ၊ ဒါပေမယ် မင်းရဲ့ ကံတရားက ဒီမှာတင် ကုန်ဆုံးသွားပြီ။ မင်းကို သိုင်းကွက်တစ်ကွက်တည်းနဲ့ အပြတ်ရှင်းပစ်မယ်။ ဒီထက်ပိုပြီး အချိန်ဖြုန်းနေစရာ မလိုဘူး"
ရွှယ်လီဝေ့က ထိုသို့လှောင်ပြောင်ပြီးနောက် တိုက်ခိုက်လိုက်သည်။ သူ၏ ပုံရိပ်သည် မျက်စိတစ်မှိတ်အတွင်း ချူးယွင်ဖန်း အရှေ့သို့ ရောက်ရှိလာကာ ဓားဖြင့် ပေါ့လျော့စွာ ခုတ်ချလာသည်။ ဤဓားအလင်းတန်းသည် ပေတစ်ရာခန့်သာ ရှည်လျားသော်လည်း အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ ၎င်းသည် တောင်ထိပ်တစ်ခုကိုပင် ပြတ်တောက်သွားစေနိုင်လောက်သည့် အရှိန်အဝါမျိုးဖြစ်သည်။ ၎င်းသည် နတ်စွမ်းအင်ကို အမြင့်ဆုံးအဆင့်အထိ ချုပ်ကိုင်ခြင်းမှ ထွက်ပေါ်လာသည့် ဖြစ်စဥ်ဖြစ်သည်။ ၎င်းသည် သာမန်လူများ လုပ်ဆောင်နိုင်သည့်အရာ မဟုတ်ပေ။
"သိုင်းကွက်တစ်ကွက်တည်းနဲ့ အပြတ်ရှင်းမယ် ဟုတ်လား။ ခင်ဗျားကတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှု လွန်ကဲနေပြီ" ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။ သူသည် လက်ကို နဂါးလက်သည်းသဏ္ဌာန် ပြုလုပ်၍ ဓားအလင်းတန်းကို ဖမ်းဆုပ်လိုက်သည်။
ဘန်း
ဓားအလင်းတန်းသည် ချူးယွင်ဖန်း၏ လက်ထဲတွင် ကြေမွသွားကာ အလင်းစများအဖြစ် လွင့်စင်သွားလေသည်။ ပြီးနောက် ချူးယွင်ဖန်းသည် သူ၏ လက်သည်းဖြင့် ရွှယ်လီဝေ့ကို လှမ်းဖမ်းလိုက်သည်။ ရွှယ်လီဝေ့သည် မိမိ၏ တိုက်ခိုက်မှုသည် ဤမျှလွယ်ကူစွာ ဖျက်ဆီးခံရလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူ၏ ခန္ဓာကိုယ်တွင် နတ်စွမ်းအင်များ ချက်ချင်း ထွက်ပေါ်လာ၍ ချပ်ဝတ်တန်ဆာတစ်ခုသဖွယ် ကာကွယ်လိုက်သော်လည်း ၎င်းသည် ချူးယွင်ဖန်း၏ လက်အောက်တွင် ချက်ချင်းပင် ပျက်စီးသွားသည်။
ဘန်း
ရွှယ်လီဝေ့သည် လက်သည်းဖြင့် တိုက်ရိုက် ထိမှန်သွားသည်။ သူသည် စစ်မှန်သော နတ်နဂါးတစ်ကောင်၏ ရိုက်ခတ်မှုဖြင့် လွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ရွှယ်လီဝေ့သည် သွေးတစ်ပွက် အန်ထုတ်လိုက်သည်။ သူ၏ ရင်ဘတ်သည် ချူးယွင်ဖန်း၏ လက်သည်းချက်ကြောင့် သွေးထွက်သံယိုဖြစ်လာသည်။ ချူးယွင်ဖန်း၏ လက်သည်းသည် ကြောက်မက်ဖွယ်ကောင်းသော ရှေးဟောင်းသားရဲကြီးတစ်ကောင်၏ လက်သည်းနှင့်ပင် ဆင်တူပေသည်။
"အား…”
ရွှယ်လီဝေ့က ဒေါသတကြီး အော်ဟစ်ကာ ပြန်ထရန် ကြိုးစားသော်လည်း ချူးယွင်ဖန်း၏ ပုံရိပ်သည် သူ့ အပေါ်သို့ ရောက်ရှိလာသည်။ ထိုအခါ ချူးယွင်ဖန်းသည် ရွှယ်လီဝေ့ကို နင်းချလိုက်သည်။ ကောင်းကင်ယံမှ ငရဲပြည်၏ ရေလှိုင်းများ ကျဆင်းလာကာ ရွှယ်လီဝေ့၏ ခန္ဓာကိုယ်ပေါ်သို့ ကြောက်မက်ဖွယ် အရှိန်အဝါဖြင့် ကျရောက်လာသည်။
ဘုံး
ရွှယ်လီဝေ့သည် စင်မြင့်ကြမ်းပြင်ထဲသို့ နင်းခြေခံလိုက်ရကာ ပတ်ဝန်းကျင်ရှိ ကြမ်းပြင်များသည်လည်း အက်ကွဲပျက်စီးသွားသည်။ ရွှယ်လီဝေ့သည် အပြတ်သတ် ရှုံးနိမ့်သွားလေသည်။ လူတိုင်း မှင်သက်ကာ တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
"ဒါက... မြန်လိုက်တာ။ ရွှယ်လီဝေ့ ဒီလောက် မြန်မြန်ဆန်ဆန် ရှုံးသွားတာလား"
"ရွှယ်လီဝေ့ ရှုံးသွားပြီ။ တကယ့်ကို မယုံနိုင်စရာပဲ"
"ယုံတောင် မယုံနိုင်ဘူး။ ရွှယ်လီဝေ့က သူ့ ရန်သူတွေကို သိုင်းကွက်တစ်ကွက်တည်းနဲ့ အနိုင်ယူခဲ့တာကို ကျုပ် မြင်ခဲ့တာ။ ဘယ်သူမှ သူ့ကို သိုင်းသုံးကွက်ထက် ပိုမခံနိုင်ကြဘူး။ ဒါပေမယ့် အခုတော့ သူ ချူးယွင်ဖန်းကို ရှုံးသွားပြီ"
"တကယ့်ကို ထိပ်တန်းတွေထဲက ထိပ်တန်းအဆင့် ကျင့်ကြံသူတွေပါလား။ သူတို့တွေ တော်တော် သန်မာကြတာပဲ"
စမ်းသပ်ပွဲသို့ လာကြသော ပါရမီရှင်အားလုံး တုန်လှုပ်သွားကြသည်။ ၎င်းတို့သာဆိုလျှင် ရွှယ်လီဝေ့၏ ပြိုင်ဘက်ဖြစ်နိုင်မည် မဟုတ်ပေ။ သို့သော် ၎င်းတို့၏ စိတ်ထဲတွင် အင်မတန် အစွမ်းထက်လှသည်ဟု ယူဆထားသော ရွှယ်လီဝေ့သည် ချူးယွင်ဖန်း အရှေ့တွင် တစ်ခဏချင်းပင် ရှုံးနိမ့်သွားခဲ့သည်။ ရွှယ်လီဝေ့သည် ချူးယွင်ဖန်း၏ ပြိုင်ဘက် မဟုတ်ကြောင်း လူတိုင်း မြင်နိုင်ကြသည်။ သူသည် ချူးယွင်ဖန်း၏ စစ်မှန်သော ခွန်အားကိုပင် ထုတ်သုံးရန် မစွမ်းဆောင်နိုင်ခဲ့ပေ။
"ချူးယွင်ဖန်းက ဘယ်လောက်တောင် အစွမ်းထက်တာလဲ။ သူက တော်တော်ကြောက်စရာကောင်းတာပဲ"
"ဟုတ်တယ်။ ကျုပ်သာ ကိုယ်တိုင် မမြင်ခဲ့ရင် ယုံမှာ မဟုတ်ဘူး"
"အဲဒီအကြီးအကဲရဲ့ အကြံအစည်တော့ ပျက်သွားပြီ ထင်တယ်"
လူတိုင်း၏ မျက်လုံးများသည် ချူးယွင်ဖန်းကို အကဲခတ်ချင်နေကြဟန်ဖြင့် တောက်ပစွာ စိုက်ကြည့်နေကြသည်။