အခန်း (၁၆၄၈-၁၆၅၀)
Vol. 110 Ch. 1648-1650
အခန်း (၁၆၄၈) ကြယ်ကြွေကောင်းကင်ဂိုဏ်းသို့ဝင်ရောက်ခြင်း
လူတိုင်းသည် ချူးယွင်ဖန်းကို အကဲခတ်လိုကြသည်။ သူ မည်မျှသန်မာသည်ကို မည်သူမျှ မသိကြသော်လည်း ယခုမြင်တွေ့နေရသည့် သူ၏စွမ်းအင်သည် အဆုံးစွန်မဟုတ်သေးကြောင်း အားလုံး ရိပ်မိကြသည်။ ချူးယွင်ဖန်းသည် ယခုထက်မက သန်မာပေသည်။ သို့သော် ရွှယ်လီဝေ့ကဲ့သို့ သန်မာသူတစ်ဦးပင် ချူးယွင်ဖန်း၏ စစ်မှန်သော အစွမ်းကို ထုတ်သုံးလာသည်အထိ ဖိအားမပေးနိုင်ခြင်းက လူအများကို အံ့အားသင့်စေသည်။ ဤဖြစ်စဥ်ကြောင့် ချူးယွင်ဖန်း မည်မျှအထိ အစွမ်းထက်နေသနည်းဟု လူတိုင်း ခန့်မှန်းလာကြသည်။
"သူ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒြပ်မဲ့လေ့လာသူအဆင့်နဲ့တောင် ယှဉ်နိုင်နေပြီလား မသိဘူး"
တစ်စုံတစ်ယောက်က ထိုသို့ ခန့်မှန်းလိုက်သည်။ ချူးယွင်ဖန်းအပေါ် ယုံကြည်မှု အရှိဆုံးသူပင် ဤခန့်မှန်းချက်ကို လက်ခံရန် ခက်ခဲနေသည်။
"သူ အဲဒီအဆင့်ကိုတော့ မရောက်သေးလောက်ပါဘူး" ဖန်းယွီက ပြောလိုက်သည်။
လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ခေါင်းညိတ် ထောက်ခံလိုက်ကြရာ အချို့သည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ ၎င်းတို့သည် ဖန်းယွီ၏ အဆုံးအဖြတ်ကို သဘာဝကျစွာ ယုံကြည်ကြ၏။ အကြောင်းမှာ ၎င်းတို့အနက် ဖန်းယွီတစ်ဦးတည်းသာ ဒြပ်မဲ့လေ့လာသူအဆင့်သို့ ရောက်ရှိထားသောကြောင့်ဖြစ်သည်။
"ဒီလိုဆိုရင်တောင် သူက အတွင်းစည်းတပည့်ဖြစ်လာတဲ့ တစ်ဦးတည်းသော ရွှေအမတေပြီးပြည့်စုံအဆင့်ကျင့်ကြံသူဖြစ်လာလိမ့်မယ်"
လူအများက ရေရွတ်လိုက်ကြသည်။ ချူးယွင်ဖန်းသည် ၎င်းတို့ ခန့်မှန်းထားသည့် အမြင့်သို့ မရောက်ခဲ့လျှင်ပင် ယခုအဆင့်သည် စံချိန်တစ်ခုဖြစ်ပေသည်။ ချူးယွင်ဖန်းသည် တိုက်ပွဲအပြီးနောက် စင်မြင့်ထက်မှ ဆင်းလာခဲ့သည်။ သူ့ပတ်ဝန်းကျင်ရှိ လူများ၏ အကြည့်များ ယခင်နှင့် မတူတော့ကြောင်း သူ ခံစားလိုက်ရသည်။ ၎င်းတို့သည် ချူးယွင်ဖန်းကို ကံကောင်းသည့် မြင်းမည်းတစ်ကောင်ဟု သဘောထားသည့် အထင်အမြင်သေးသော အကြည့်များဖြင့် မကြည့်ကြတော့ချေ။
"ဂုဏ်ယူပါတယ် အစ်ကိုချူး"
ဟွမ်ဖုန်းသည် လူအုပ်ထဲမှ ထွက်လာ၍ ဂုဏ်ပြုစကား ပြောလိုက်သည်။ သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်ဖြစ်နေသော အကြည့်များဖြတ်သန်းသွား၍ သူ၏ ခံစားချက်သည် အတော်လေး ရှုပ်ထွေးနေသည်။ လွန်ခဲ့သည့် တစ်နှစ်ကျော်က ချူးယွင်ဖန်း၏ အစွမ်းထက်သော တိုက်ခိုက်ရေးစွမ်းရည်သည် သူ့အပေါ် နက်ရှိုင်းသော သက်ရောက်မှုများ ထင်ဟပ်စေသော်လည်း ယခုအခါ ပို၍ပင် အံ့အားသင့်နေမိသည်။
ဟွမ်ဖုန်းသည် မိမိကိုယ်ကိုယ် ပါရမီရှင်တစ်ဦးဟု ယူဆထားသော်လည်း မျိုးစေ့တပည့်နေရာအတွက် ယှဉ်ပြိုင်ရန် တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကဲ့သို့သော အဖွဲ့အစည်းကြီးတွင် ပါရမီရှင်ဟူသည် အလွန်အဖိုးမတန်လှပေ။ အပြင်လောကရှိ လူများ၏ အမြင်တွင် ပါရမီရှင်ဟု သတ်မှတ်ရသူများကို ဤနေရာ၌ အလွယ်တကူ တွေ့မြင်နိုင်သည်။ မျိုးစေ့တပည့်ဖြစ်ရန်မဆိုနှင့် အတွင်းစည်းတပည့်ဖြစ်ရန်ပင် အလွန်ခက်ခဲလှသည်။
ဟွမ်ဖုန်းသည် ချူးယွင်ဖန်းကို ဘက်တော်သားအဖြစ် ဆွဲဆောင်ရန် ရွေးချယ်ခဲ့သော အပြုအမူသည် အလွန်မှန်ကန်သည်ဟု တွေးနေမိသည်။ ယန်ဖေးဖုန်သည် ချူးယွင်ဖန်းကို ပြဿနာရှာလိုခဲ့သော်လည်း ချူးယွင်ဖန်း၏ လက်ချက်ဖြင့် သေဆုံးသွားရသည်။ တစ်ချိန်တည်းမှာပင် သူသည် ချူးယွင်ဖန်း၏ နတ်ဘုရားသဖွယ် လုပ်ဆောင်မှုများကို တိတ်တဆိတ် ချီးကျူးနေမိသည်။ ချူးယွင်ဖန်းသည် ခရမ်းရောင်မိုးကြိုးပြည်နယ်တွင် ကြီးမြတ်သောတရှ၏ ကျွမ်းကျင်သူအများအပြားကို သတ်ဖြတ်ခဲ့သည်။ ထိုလူတို့သည် အခြေအမြစ်မရှိသူများ မဟုတ်ကြဘဲ နောက်ကွယ်တွင် ဂိုဏ်းကြီးများနှင့် ကျော်ကြားသော မိသားစုများရှိကြသည်။ ထိုဂိုဏ်းများနှင့် မိသားစုများသည် ဤကိစ္စကို အလွယ်တကူ လွှတ်ပေးကြမည်သလော။ ယခုမူ အခြေအနေများ လုံးလုံးလျားလျား ပြောင်းလဲသွားလေသည်။ ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အတွင်းစည်းတပည့်ဖြစ်လာသဖြင့် ၎င်းတို့တွင် သတ္တိရှိလျှင်ပင် ကလဲ့စားချေရန် မဝံ့ရဲတော့ပေ။ အများဆုံးလျှင် တိတ်တဆိတ် ကြံစည်ရုံသာ ပြုလုပ်ကြပေလိမ့်မည်။
"ခင်ဗျားကိုလည်း ဂုဏ်ယူပါတယ်၊ နောက်ကျရင် ကျုပ်တို့တွေ တစ်ဂိုဏ်းသားတည်းဖြစ်သွားပြီ" ချူးယွင်ဖန်းက အပြုံးဖြင့် ပြောလိုက်သည်။ သူသည် ဟွမ်ဖုန်း၏ အပြုအမူကို မငြင်းပယ်ခဲ့ပေ။
ခဏအကြာတွင် ကျန်ရှိနေသော တိုက်ပွဲများအားလုံး ပြီးဆုံးသွားကာ ဤစမ်းသပ်မှု၏ မျိုးစေ့တပည့်များ ရွေးချယ်ပြီးစီးသွားလေသည်။ ထိုလူများအနက် ချူးယွင်ဖန်း အထူးသတိထားမိနေသည့် အစိမ်းရောင် ဝတ်ရုံနှင့် လူငယ်လည်း ပါဝင်ပေသည်။ ထိုလူငယ်သည် ချူးယွင်ဖန်း၏ အကြည့်ကို သိရှိသွားပုံဖြင့် လှည့်ကြည့်လာသည်။
"အားလုံးပဲ၊ အတွင်းစည်းတပည့် စမ်းသပ်မှုကတော့ အဆုံးသတ်သွားပြီ။ အခု မျိုးစေ့တပည့်တွေရဲ့ အမည်စာရင်းကို ကြေညာမယ်။ ဟွာရှန်းယွမ်၊ ဖန်းကျိယွမ်၊ လျိုသဲ့ချင်း၊ လီယွဲ့၊ နန်ယီတု၊ ချန်ဖေးရှီ၊ ကျန်းယွီ၊ ဖုန်းပေါင်ယွီ၊ လင်းစုနဲ့ ချူးယွင်ဖန်းတို့ပဲ"
အကဲဖြတ်သူ ပေါ်ပေါက်လာပြီးနောက် အမည်စာရင်းများကို ဖတ်ပြလိုက်သည်။ ထိုအမည်များကို မည်သူမျှ မအံ့ဩကြသော်လည်း နောက်ဆုံးအမည်သည် အားလုံးကို အံ့အားသင့်စေသည်။ ရွှေအမတေပြီးပြည့်စုံအဆင့် ကျင့်ကြံသူသည် ယခင်က မရှိခဲ့ဖူးသော တုန်လှုပ်ဖွယ် အောင်မြင်မှုကို ရရှိသွားခြင်းဖြစ်သည်။ အကဲဖြတ်သူပင် ချူးယွင်ဖန်းကို အကြိမ်အနည်းငယ် လှမ်းကြည့်မိသွားသည်။ ထိုအခါ ချူးယွင်ဖန်းသည် သူ သတိထားနေရသည့် အစိမ်းရောင်ဝတ်စုံနှင့် လူငယ်၏ အမည်သည် ဟွာရှန်းယွမ်ဖြစ်ကြောင်း သိရှိသွားသည်။
"ကျန်တဲ့သူတွေကတော့ အတွင်းစည်းတပည့်တွေ ဖြစ်လာလိမ့်မယ်။ မင်းတို့ကို သတ်မှတ်ထားတဲ့ နေရာကို ခေါ်သွားပေးမယ့် အပြင်စည်းတပည့်တွေ ရောက်လာလိမ့်မယ်။ ပြီးရင် ဂိုဏ်းကနေ ပေးလာမယ့် ခံစားခွင့်တွေလည်းရှိတယ်။ အနာဂတ်မှာ မင်းတို့အားလုံး ကြယ်ကြွေကောင်းကင်ဂိုဏ်းနဲ့ ကြီးမြတ်တဲ့တရှအတွက် ကောင်းကောင်း အမှုထမ်းကြလိမ့်မယ်လို့ ကျုပ် မျှော်လင့်ပါတယ်"
အကဲဖြတ်သူသည် စကားပြောပြီးနောက် ချက်ချင်းပင် လှည့်ထွက်သွားသည်။
မကြာမီ ဝတ်စုံဖြူများ ဝတ်ဆင်ထားသည့် ရွှေအမတေပြီးပြည့်စုံအဆင့် ကျင့်ကြံသူအများအပြား ထိုနေရာသို့ ရောက်ရှိလာကြသည်။ ၎င်းတို့သည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အပြင်စည်းတပည့်များဖြစ်ကြ၍ ယခုအခါ အတွင်းစည်းတပည့်သစ်များဆီ ချဉ်းကပ်လာကြသည်။ ချူးယွင်ဖန်း အရှေ့သို့ အရပ်ရှည်၍ ကျော့ရှင်းသော မိန်းကလေးတစ်ဦး ရောက်ရှိလာသည်။ သူမသည် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထား၍ ချူးယွင်ဖန်းကို ဦးညွှတ်ကာ ပြောလိုက်သည်။
"ကျွန်မက စီနီယာ့ကို ဂိုဏ်းထဲ လမ်းပြပေးမယ့် အပြင်စည်းတပည့် လင်းယွဲ့ရှင်းပါ၊ စီနီယာချူး"
ချူးယွင်ဖန်းက ခေါင်းညိတ်ပြလိုက်သည်။ သူသည် လင်းယွဲ့ရှင်းထက် နောက်ကျ၍ ဂိုဏ်းထဲသို့ ဝင်ရောက်ခဲ့သော်လည်း ယခုအခါ အတွင်းစည်းတပည့်ဖြစ်လာသောကြောင့် စီနီယာဟု ခေါ်ဆိုသူဖြစ်သည်။
"ကျေးဇူးပြုပြီး လမ်းပြပေးပါဦး" ချူးယွင်ဖန်းက ပြောလိုက်သည်။
"ကျွန်မနောက်က လိုက်ခဲ့ပေးပါ စီနီယာချူး" လင်းယွဲ့ရှင်းသည် ထိုနေရာမှ ထွက်ခွာကာ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အတွင်းပိုင်းသို့ ဦးတည်ခေါ်ဆောင်သွားလေသည်။ သူမ၏ ပတ်ဝန်းကျင်တစ်ဝိုက်တွင် အလင်းတန်းများ လင်းလက်သွားခဲ့ရာ အခြားလူများသည်လည်း ထိုနည်းလည်းကောင်းတူဖြစ်သည်။
လင်းယွဲ့ရှင်းသည် ခဏရပ်၍ ချူးယွင်ဖန်းကို စောင့်ဆိုင်းရန် ပြင်လိုက်သော်လည်း ချူးယွင်ဖန်းသည် သူမ အနောက်သို့ တိတ်တဆိတ် ရောက်ရှိနေပြီဖြစ်ကြောင်း သတိထားမိသွားသည်။ ချူးယွင်ဖန်း၏ အကြည့်သည် ကြယ်ကြွေကောင်းကင်ဂိုဏ်းတစ်ခုလုံးသို့ ဝေ့ဝိုက်ကြည့်ရှုလိုက်သည်။ ဤအချိန်တွင် အပြင်စည်းတပည့်များ၏ စမ်းသပ်မှုသည်လည်း ပြီးဆုံးသွားလေသည်။ သို့သော် ၎င်းတို့၏ အခွင့်အရေးများသည် အတွင်းစည်းတပည့်များကဲ့သို့ မကောင်းမွန်လှပေ။
လမ်းပြတစ်ဦးစီ ရရှိထားသော အတွင်းစည်းတပည့်များနှင့် မတူဘဲ ၎င်းတို့အားလုံးကို အဖွဲ့လိုက် စုပေါင်း၍ ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာသို့ ခေါ်ဆောင်သွားကြသည်။ လင်းယွဲ့ရှင်းက ချူးယွင်ဖန်းကို လှမ်းကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်ဖြစ်နေသော အကြည့်များ ပေါ်ပေါက်လာသည်။ ရွှေအမတေပြီးပြည့်စုံအဆင့်ဖြင့် မျိုးစေ့တပည့်ဖြစ်လာသူ ချူးယွင်ဖန်းကို စမ်းသပ်ပွဲသို့ လာရောက်ယှဉ်ပြိုင်ကြသည့် ပါရမီရှင်များနှင့် ဂိုဏ်း၏ အတွင်းစည်းတပည့်များက အံ့အားသင့်နေသကဲ့သို့ အပြင်တွင် စောင့်ဆိုင်းနေသော အပြင်စည်းတပည့်များသည်လည်း ရုတ်ရုတ်သဲသဲဖြစ်ခဲ့ရသည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အပြင်စည်းတပည့်များသည်လည်း ရွှေအမတေပြီးပြည့်စုံအဆင့်များ ကျင့်ကြံသူများဖြစ်ကြသည်။ ချူးယွင်ဖန်းက မျိုးစေ့တပည့်ဖြစ်နေချိန် ၎င်းတို့က သာမန် အပြင်စည်းတပည့်များသာဖြစ်နေခြင်းသည် ၎င်းတို့ကို သက်ပြင်းချစေသည်။ ၎င်းတို့အားလုံးသည် လူသားများဖြစ်ကြသော်လည်း အဘယ်ကြောင့် ဤမျှအထိ ကွာခြားနေရသနည်း။
"ဘာကြည့်နေတာလဲ၊ ကျုပ် မျက်နှာမှာ ပန်းပွင့်နေလို့လား" ချူးယွင်ဖန်းက လင်းယွဲ့ရှင်း၏ အကြည့်ကို သတိပြုမိသွားသဖြင့် ပြုံး၍ မေးလိုက်သည်။
"မဟုတ်ပါဘူး၊ မဟုတ်ပါဘူး" လင်းယွဲ့ရှင်းသည် အကြည့်ကို အမြန်ပြန်လွှဲလိုက်သည်။
ကြယ်ကြွေကောင်းကင်ဂိုဏ်း၌ အဆင့်အတန်း ခွဲခြားမှုသည် အလွန်တင်းကျပ်လှသည်။ အပြင်စည်းတပည့်များနှင့် မျိုးစေ့တပည့်များကြားရှိ ကွာခြားချက်သည် အလွန်ကြီးမားလှပေသည်။ ချူးယွင်ဖန်းသည် သူမကို သတ်ဖြတ်လိုက်လျှင်ပင် သူ့အတွက် ပြဿနာဟူ၍ အနည်းငယ်မျှသာဖြစ်လာပေလိမ့်မည်။
အခန်း (၁၆၄၉) များပြားလှသော အကျိုးအမြတ်များ
"စီနီယာချူး၊ ကျွန်မ ဂိုဏ်းနဲ့ပတ်သက်ပြီး အကျဉ်းချုပ် ရှင်းပြပါ့မယ်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းကို အရှေ့၊ အနောက်၊ တောင်၊ မြောက်ဆိုပြီး ဒေသလေးခု ခွဲခြားထားပါတယ်။ မြောက်ပိုင်းဒေသကတော့ ဂိုဏ်းခေါင်းဆောင်၊ အကြီးအကဲချုပ်တွေနဲ့ အကြီးအကဲတွေ နေထိုင်တာတို့ ကျင့်ကြံတာတို့နဲ့ သီးသန့်ကျင့်ကြံတဲ့ နေရာပါ။ ကျွန်မတို့ဂိုဏ်းရဲ့ နာမည်ကျော် အမွေအနှစ်ဂူတွေနဲ့ ကောင်းချီးပေးခံရတဲ့ နယ်မြေတွေ အားလုံးက မြောက်ပိုင်းမှာ ရှိတာပါ" လင်းယွဲ့ရှင်းက ရှင်းပြသည်။
"အရှေ့ပိုင်းဒေသကတော့ တပည့်အရင်းတွေ နေထိုင်တဲ့ နေရာပါ။ ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ အပြင်စည်းတပည့် လေးယောက်က ဝင်းတစ်ခုတည်းမှာ အတူနေရပြီး အတွင်းစည်းတပည့်တွေကတော့ တစ်ယောက်ကို ခြံဝင်းတစ်ခုစီ သီးသန့်ရကြပါတယ်။ တပည့်အရင်းတွေကတော့ ကိုယ်ပိုင်တောင်ကုန်းတစ်ခုစီနဲ့ နေထိုင်နိုင်ပါတယ်။ အရှေ့ပိုင်းမှာ တပည့်အရင်းတွေအပြင် သူတို့ဆီက ခွင့်ပြုချက်ရထားတဲ့ အတွင်းစည်းတပည့်နဲ့ အပြင်စည်းတပည့် တချို့လည်း တောင်တွေပေါ် နေထိုင်ကြပါတယ်"
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ မြောက်ပိုင်းဒေသသည် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ ဗဟိုချက်နှင့် အမြင့်ဆုံး အာဏာရှိ ပုဂ္ဂိုလ်များ၏ အခြေစိုက်နေရာဖြစ်သည်။ အရှေ့ပိုင်းဒေသသည် လက်ရှိ အရှိန်အဝါကြီးမားသော အစစ်အမှန်တပည့်များ၏ နေထိုင်ရာနေရာဖြစ်ပေသည်။ ၎င်းတို့အပြင် ၎င်းတို့၏ အစေအပါးများ၊ ယုံကြည်ရသော အတွင်းစည်းတပည့်များနှင့် အပြင်စည်းတပည့်များလည်း ရှိကြသည်။
ဤစကားများကို နားထောင်ခြင်းဖြင့် အစစ်အမှန်တပည့်များသည် ၎င်းတို့၏ နယ်မြေများကို ကိုယ်ပိုင် အုပ်ချုပ်ရေးနယ်မြေငယ်များကဲ့သို့ စီမံခန့်ခွဲနေကြကြောင်း ချူးယွင်ဖန်း ခန့်မှန်းမိသည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် ဤအချက်ကို ဂရုမစိုက်ဘဲ တမင်တကာပင် ခွင့်ပြုထားခြင်းဖြစ်ပေလိမ့်မည်။ အကြောင်းမှာ ဂိုဏ်း၏ အနာဂတ်အာဏာကို ဆုပ်ကိုင်မည့်သူများသည် ဤအစစ်အမှန်တပည့်များ မဟုတ်လေသလော။
ဂိုဏ်းတစ်ခုလုံးတွင် ဂိုဏ်းခေါင်းဆောင်တစ်ယောက်၊ ဒု-ဂိုဏ်းခေါင်းဆောင် အနည်းငယ်နှင့် အကြီးအကဲများသာရှိကြ၍ ထိုသူများအားလုံးကို ဤအစစ်အမှန်တပည့်များအနက် ရွေးချယ်ခြင်းဖြစ်သည်။ ထို့ကြောင့် ၎င်းတို့ကို ယခုကတည်းက စီမံခန့်ခွဲမှု ပညာရပ်များ လေ့ကျင့်ပေးထားခြင်းဖြစ်သည်။ ချူးယွင်ဖန်းသည် တစ်ချိန်က ကမ္ဘာ့အထွဋ်အထိပ်သို့ ရောက်ခဲ့သူဖြစ်သဖြင့် ဤနည်းလမ်းများနှင့် ရင်းနှီးပြီးသားဖြစ်သည်။ ထို့အပြင် သူ့တွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိနေ၍ ရှေးဟောင်းလူသားများကာလ၌ပင် ဤစနစ်သည် ထုံးတမ်းအစဥ်လာတစ်ခုဖြစ်ခဲ့ကြောင်း သိရှိထားသည်။
ယီယွင်ယောင်တွင်လည်း အရှေ့ပိုင်းဒေသ၌ ကိုယ်ပိုင်နယ်မြေရှိမည်မှာ သေချာသည်။ အစစ်အမှန်တပည့်နှင့် အတွင်းစည်းတပည့်ဆိုသည် အဆင့်အတန်း လုံးလုံးလျားလျား ကွာခြားလှသည်။ အစစ်အမှန်တပည့်များကို ကြယ်ကြွေကောင်းကင်ဂိုဏ်းနှင့် ကြီးမြတ်သောတရှ၏ အုပ်ချုပ်သူ လူတန်းစားအဖြစ် သတ်မှတ်သော်လည်း အတွင်းစည်းတပည့်များသည် သာမန်ဂိုဏ်းသားများသာဖြစ်ကြသည်။
"အနောက်ပိုင်းဒေသကတော့ ကျွန်မတို့ နေထိုင်ရမယ့် နေရာပါ။ အပြင်ဘက်ပိုင်းက အပြင်စည်းတပည့်တွေ နေထိုင်ပြီး အတွင်းပိုင်းကတော့ အတွင်းစည်းတပည့်တွေ နေထိုင်ကြပါတယ်။ အဲဒါတွေအပြင် တောင်ပိုင်းဒေသလည်း ရှိပါသေးတယ်"
ချူးယွင်ဖန်းက ခေါင်းညိတ်လိုက်သည်။ အရာအားလုံးသည် ရှင်းလင်းသွားလေသည်။ ဗဟိုချက်ဒေသ၊ လူနေထိုင်ရာနေရာနှင့် စီးပွားရေးဇုန် စသည်ဖြင့် စနစ်တကျ ခွဲခြားထားခြင်းဖြစ်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် နေရာကျဉ်းသော်လည်း လိုအပ်သော ဖွဲ့စည်းပုံ အစိတ်အပိုင်း အစုံအလင်ရှိသည့် နိုင်ငံငယ်တစ်ခုနှင့် ဆင်တူပေသည်။ လင်းယွဲ့ရှင်း၏ ဦးဆောင်မှုဖြင့် ချူးယွင်ဖန်းသည် အနောက်ပိုင်းဒေသရှိ တောင်ထိပ်တစ်ခုသို့ မကြာမီ ရောက်ရှိလာသည်။ တောင်ခြေရှိ ကျောက်စာတိုင်ပေါ်တွင် "လမင်းကြည့်တောင်ထိပ်" ဟု ရေးထိုးထားသည်။
"စီနီယာချူး၊ အသစ်ရောက်လာတဲ့ စီနီယာတွေ အားလုံးကို လမင်းကြည့်တောင်ထိပ်မှာပဲ နေရာချပေးထားပါတယ်။ စီနီယာလည်း ဒီမှာပဲ နေရမှာပါ" လင်းယွဲ့ရှင်းက ပြောသည်။
ချူးယွင်ဖန်းသည် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှု့လိုက်သည်။ တောင်ထိပ်တစ်ခုဖြစ်သော်လည်း ကြီးမားသော တောင်တန်းကြီးအတွင်း တည်ရှိနေခြင်းဖြစ်သည်။ တောင်တန်းတစ်လျှောက်၌ လှပသော အိမ်ဝင်းငယ်များသည် ကြယ်ပွင့်များအလား ပျံ့နှံ့တည်ရှိနေသည်။ ဤနေရာသည် ရာနှင့်ချီသော အတွင်းစည်းတပည့်များ နေထိုင်ရန် လုံလောက်ပေသည်။ ချူးယွင်ဖန်းနှင့် လင်းယွဲ့ရှင်းတို့သည် အိမ်တစ်လုံးအရှေ့တွင် ဆင်းသက်လိုက်ကြသည်။ ၎င်းသည် ဝင်ပေါက်သုံးဆင့်ပါရှိသည့် တည်ငြိမ်အေးချမ်းသော အိမ်ဝင်းတစ်ခုဖြစ်သည်။ အလွန်အမင်း မကျယ်ဝန်းသော်လည်း နားနေဆောင်များ၊ ကျောက်တောင်အတုများနှင့် စီးဆင်းနေသည့် ရေတံခွန်ငယ်များဖြင့် သီးသန့်ဆန်သော နေရာတစ်ခုဖြစ်သည်။
လင်းယွဲ့ရှင်း၏ မျက်လုံးများတွင် အားကျရိပ်များ ဖြတ်သန်းသွားသည်။ သူမသာ အပြင်လောကတွင် နေမည်ဆိုပါက ဝင်ပေါက် အခု ၃၀ ပါသော အိမ်ကောင်းတစ်ခုကို ရရှိနိုင်သော်လည်း ဤနေရာသည် ကြယ်ကြွေကောင်းကင်ဂိုဏ်းဖြစ်သည်။ ဤနေရာရှိ မြေတစ်လက်မသည် ရွှေတစ်လက်မထက်ပင် တန်ဖိုးကြီးလှသည်။ အိမ်ထဲသို့ ဝင်လိုက်သည်နှင့် ဝိညာဉ်စွမ်းအင်များ ပိုမိုသိပ်သည်းလာကြောင်း ချူးယွင်ဖန်း ခံစားလိုက်ရသည်။ ကြီးမြတ်သောတရှ၏ ဝိညာဉ်စွမ်းအင် ခရမ်းရောင်မိုးကြိုးပြည်နယ်ထက် နှစ်ဆခန့် ပိုမိုသိပ်သည်းပေသည်။ သို့သော် ဤအိမ်ဝင်းအတွင်းရှိ စွမ်းအင်သည် အပြင်ဘက်ထက် ၅၀ ရာခိုင်နှုန်းခန့်မျှ ပို၍ သိပ်သည်းနေသည်။ ပတ်ဝန်းကျင်တွင် ဝိညာဉ်စွမ်းအင် စုစည်းမှု ဖွဲ့စည်းပုံတစ်ခု အလုပ်လုပ်နေကြောင်း သူ သိရှိသွားသည်။
ဤကဲ့သို့သော နေရာမျိုးကို ပြည်ထောင်စုတွင် တည်ဆောက်ပါက တန်ဖိုးဖြတ်နိုင်လိမ့်မည် မဟုတ်ပေ။ လူပေါင်းများစွာသည် ကောင်းကင်အထိ မားမတ်နေသော ဈေးနှုန်းဖြင့် ဝယ်ယူကြပေလိမ့်မည်။ အကြောင်းမှာ ဤကဲ့သို့ နေရာမျိုးတွင် ကျင့်ကြံခြင်းသည် အားစိုက်ထုတ်မှု တစ်ဝက်ဖြင့် ရလဒ်နှစ်ဆမျှ ရနိုင်သောကြောင့်ဖြစ်သည်။
"ဒါက ကျွန်မတို့ ဂိုဏ်းရဲ့ ဝတ်စုံပါ။ ကြယ်ကြွေကောင်းကင်ဝတ်စုံလို့ ခေါ်ပါတယ်။ အဖိုးတန်တဲ့ ပစ္စည်းအမျိုးမျိုးနဲ့ သန့်စင်ဖန်တီးထားတဲ့ ဝတ်စုံပါ။ ဒါကို ဝတ်ထားရင် သာမန်အဆိပ်တွေကို ခံနိုင်ရည်ရှိစေပြီး အကာအကွယ်ပစ္စည်းအဖြစ်လည်း အသုံးဝင်ပါတယ်။ ရွှေအမတေပြီးပြည့်စုံအဆင့် ကျင့်ကြံသူတစ်ယောက်က အစွမ်းကုန် တိုက်ခိုက်ရင်တောင် ဒီဝတ်စုံကို ဖျက်ဆီးဖို့ ခက်ခဲပါလိမ့်မယ်။ ပြီးတော့ ကြယ်ကြွေကောင်းကင်ဝတ်စုံကို ဝတ်ထားရင် ခန္ဓာကိုယ်ထဲက နတ်စွမ်းအင်တွေက အချိန်ပြည့်လည်ပတ်နေမှာမို့လို့ ကျင့်ကြံရင် အနည်းဆုံး ၁၀ ရာခိုင်နှုန်းလောက် တိုးတက်စေပါတယ်" လင်းယွဲ့ရှင်းက နေရာလွတ်အတွင်းမှ ဝတ်စုံတစ်ခုကို ထုတ်ယူ၍ ပြောလိုက်သည်။
ချူးယွင်ဖန်း အနည်းငယ် ဆွံ့အသွားသည်။ သူသည် ထိုဝတ်စုံ၏ အကာအကွယ်ကို သိပ်ဂရုမစိုက်ပေ။ သူ၏ လက်ရှိ ခန္ဓာကိုယ်သည် ရွှေအမတေပြီးပြည့်စုံအဆင့် မဆိုနှင့် ဒြပ်မဲ့အဆင့်ကျင့်ကြံသူပင် ဒဏ်ရာရအောင် ပြုလုပ်ရန် မလွယ်ကူပေ။ သို့သော် ကျင့်ကြံရာ၌ ၁၀ ရာခိုင်နှုန်းကျော် တိုးစေသည့်အချက်သည် အံ့ဩစရာဖြစ်သည်။ ဤပမာဏကို အထင်မသေးသင့်ပေ။ နှစ်ရှည်လများ စုဆောင်းလာပါက အလွန်သိသာသော ကွာခြားမှုများဖြစ်လာပေလိမ့်မည်။ လင်းယွဲ့ရှင်းသည် စကားပြောနေစဉ် သူမကိုယ်တိုင်ပင် အားကျနေမိသည်။ သူမသည်လည်း ကြယ်ကြွေကောင်းကင်ဝတ်စုံကို ဝတ်ဆင်ထားရသော်လည်း အရည်အသွေးပိုင်းအရ ကွာခြားလွန်းလှသည်။
"နောက်ပြီး ကြယ်ကြွေကောင်းကင်ဆေးလို့ ခေါ်တဲ့ ဒီဆေးလည်း ရှိပါသေးတယ်။ ဒီဆေးက ကျွန်မတို့ ဂိုဏ်းရဲ့ အထူးထုတ်ကုန်ပါ။ အပြင်လူတွေ ဘယ်လောက်ပဲ ဝယ်ချင်ဝယ်ချင် ဝယ်လို့မရတဲ့ ဆေးပါ" လင်းယွဲ့ရှင်းက ဆက်ပြောသည်။
"ဆေးဖော်စပ်နည်းက အရမ်းလျှို့ဝှက်နက်နဲလို့ ပုံမှန်ဆို အစစ်အမှန်တပည့်တွေကိုပဲ ပေးလေ့ရှိတာပါ။ အတွင်းစည်းတပည့်တွေကတော့ မျိုးဆက်သစ်တပည့်ဖြစ်လာတဲ့အချိန် ဒါမှမဟုတ် ဂိုဏ်းအတွက် ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ဆောင်တဲ့အခါမှပဲ တစ်လုံးတလေ ရနိုင်တာပါ"
လင်းယွဲ့ရှင်းသည် ဆေးပုလင်းကို ထုတ်ယူ၍ ချူးယွင်ဖန်းထံ လက်ကမ်းလိုက်သည်။ သူမ၏ မျက်လုံးများထဲတွင် အားကျမှုများဖြင့် ဝင်းလက်နေသော်လည်း ဤပစ္စည်းများကို သိမ်းမထားရဲပေ။ သူမသည် အပြင်စည်းတပည့် တစ်ဦးသာဖြစ်သဖြင့် ထိုကဲ့သို့ ပြုမူရဲသည့် သတ္တိမရှိပေ။ ချူးယွင်ဖန်းသည် ပုလင်းအဖုံးကို ဖွင့်လိုက်သည်နှင့် ဆေးရနံ့တစ်ခု သူ့ထံ တိုးဝင်လာခဲ့ရာ ချွေးပေါက်တိုင်း ပွင့်ထွက်သွားသကဲ့သို့ ခံစားလိုက်ရသဖြင့် ခေါင်းညိတ်လိုက်သည်။
"ဆေးလုံးကောင်းတစ်ခုပဲ"
"ဒါတွေအပြင် ဒီစာအုပ်တွေလည်း ပါပါသေးတယ်။ တချို့ကတော့ ဂိုဏ်းရဲ့ သိုင်းပညာအခြေခံတွေကို မှတ်တမ်းတင်ထားတာပါ။ ဒါပေမယ့် စီနီယာတို့မှာ ကိုယ်ပိုင် အခွင့်အရေးတွေ ရှိပြီးသားဆိုတော့ ဒါတွေကို သင်ယူဖို့ မလိုပါဘူး။ ကျန်တာတွေကတော့ ကြီးမြတ်တဲ့တရှရဲ့ အခြေခံဗဟုသုတတွေ၊ နက္ခတ်ဗေဒ၊ ပထဝီဝင်နဲ့ လူမှုဆက်ဆံရေး အကြောင်းအရာတွေပါ"
လင်းယွဲ့ရှင်းသည် သူမ၏ နေရာလွတ်ထဲမှ စာအုပ်အချို့ကိုလည်း ထုတ်ပေးလိုက်သည်။
"ဒါဆိုရင် ဒီလောက်ပါပဲ။ တခြား ခိုင်းစရာမရှိရင် ကျွန်မကို သွားခွင့်ပြုပါဦး၊ စီနီယာ"
"ကောင်းပါပြီ၊ သွားလို့ပါပြီ" ချူးယွင်ဖန်းက လက်ဝှေ့ယမ်း ပြလိုက်သည်။
အခန်း (၁၆၅၀) ဒြပ်မဲ့အဆင့်သို့ ရောက်ရှိခြင်း
ချူးယွင်ဖန်းသည် ကြယ်ကြွေကောင်းကင်ဝတ်စုံကို ဝတ်ဆင်လိုက်သည့်အခါ သူ၏ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအင်များ ပိုမိုချောမွေ့စွာ လည်ပတ်လာကြောင်း ခံစားလိုက်ရသည်။ ဤလုပ်ဆောင်ချက်တစ်ခုတည်းနှင့်ပင် ဤဝတ်စုံသည် အလွန်အထင်ကြီးဖွယ်ကောင်းလှသည်။ အကယ်၍ ခရမ်းမိုးကြိုးပြည်နယ်၌သာဆိုလျှင် ဤကြယ်ကြွေကောင်းကင်ဝတ်စုံကြောင့် လူပေါင်းများစွာ အချင်းချင်းသတ်ဖြတ်ကြပေလိမ့်မည်။ အထူးသဖြင့် ရွှေအမတေအဆင့် ကျင့်ကြံသူများအကြားတွင် ထိုသို့ဖြစ်ပွားပေလိမ့်မည်။ ၎င်းတို့၏ ကျင့်ကြံမှုအဆင့်တွင် တိုးတက်မှုနှုန်း အလွန်နှေးကွေးသည်ဟု ဆိုနိုင်သည်။ ကျင့်ကြံမှုနှုန်းကို မြှင့်တင်ပေးနိုင်သည့် ဤကဲ့သို့သော ရတနာများကို ၎င်းတို့အားလုံး အရူးအမူး တိုက်ခိုက်ကြမည်ဖြစ်သည်။
ဤအချက်ကိုကြည့်ခြင်းအားဖြင့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အခြေခံအုတ်မြစ်သည် အမှန်တကယ် အင်အားကြီးမားကြောင်း သိသာထင်ရှားပေသည်။ ချူးယွင်ဖန်းသည် စာအုပ်များကို လှန်လှောကြည့်ရှုလိုက်သည်။ သူသည် လျှို့ဝှက်ကျမ်းစာများကို တစ်ချက်ကြည့်ရှုပြီးနောက် သင်ယူရန် စိတ်မဝင်စားပေ။ ဤကျင့်စဉ်များသည် ပြင်ပလောက၏ အမြင်တွင် ရှားပါးလှသော်လည်း ချူးယွင်ဖန်း၏ သိုင်းပညာများနှင့် နှိုင်းယှဉ်ပါက ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။
ကံကောင်းထောက်မစွာဖြင့် ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အဆင့်မြင့်ပုဂ္ဂိုလ်များသည် တပည့်အများစုနှင့် အထူးသဖြင့် ပါရမီရှင်များသည် ၎င်းတို့၏ ဆရာများထံမှ ပညာရပ်များ ယူဆောင်လာတတ်ကြသည်ကို ထည့်သွင်းစဉ်းစားပြီးသားဖြစ်သည်။ ၎င်းတို့တစ်ဦးချင်းစီတွင် ကိုယ်ပိုင်ကံကြမ္မာ ကြုံကြိုက်မှုများရှိကြသောကြောင့် ရိုးရှင်းသူများမဟုတ်ကြပေ။ ၎င်းတို့ထံ ဂိုဏ်း၏ အခြေခံကျင့်စဉ်များ အတင်းအကျပ် ကျင့်ကြံခိုင်းခြင်းသည် အကျိုးရှိမည်မဟုတ်သောကြောင့် ဖိအားပေးခြင်း မပြုကြချေ။
ချူးယွင်ဖန်းသည် စာအုပ်များကို အသာအယာ လှန်ကြည့်နေစဉ် စာအုပ်များအတွင်း၌ သိုင်းပညာ လေ့ကျင့်နေသည့် တင်ပျဉ်ခွေထိုင်နေသော လူရုပ်ပုံများ သို့မဟုတ် မတ်တပ်ရပ်နေသော လူရုပ်ပုံများကို တွေ့လိုက်ရသည်။ မည်သည့်စာသားမျှ မှတ်တမ်းတင်ထားခြင်း မရှိသော်လည်း တစ်ချက်ကြည့်ရုံနှင့် သူ၏စိတ်ထဲသို့ အချက်အလက်များစွာ စီးဝင်လာသည်။ ဤလျှို့ဝှက်ကျမ်းစာများသည် မှော်ရတနာများဖြစ်ကြ၍ အလွန်ထူးခြားလှသည်။ စကားလုံးများဖြင့် မှတ်တမ်းတင်ရန် မလိုအပ်ဘဲ စိတ်အာရုံမှတစ်ဆင့် လူတစ်ဦး၏ဦးနှောက်ထဲသို့ တိုက်ရိုက်ကူးပြောင်းပေးခြင်းဖြစ်သည်။ ချူးယွင်ဖန်းပင် အံ့ဩမဆုံးဖြစ်နေမိသည်။
ဤသိုင်းပညာရပ်များသည် ချူးယွင်ဖန်းအတွက် အလွန်လွယ်ကူလွန်းလှသည်။ တစ်ချက်ကြည့်ရုံဖြင့် အရာအားလုံး သူ့ စိတ်ထဲသို့ ရောက်ရှိလာသောကြောင့် မိနစ်ပိုင်းအတွင်း အရာအားလုံးကို သင်ယူတတ်မြောက်သွားသည်။ သူ့ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရားဝိညာဉ်သည် အလင်းရောင်များ အဆက်မပြတ် ထုတ်လွှတ်ပေးနေသည်။ သူသည် ခဏအတွင်း ထိုသိုင်းပညာအားလုံးကို တတ်မြောက်သွားသည်။ အလိုရှိပါက မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို ပြည့်စုံအဆင့်ထိ ကျင့်ကြံနိုင်ပြီဖြစ်သည်။ မကြာမီတွင် ချူးယွင်ဖန်းသည် ထိုလျှို့ဝှက်ကျမ်းစာများကို ပြန်ချထားပြီးနောက် ကြီးမြတ်သော တရှနှင့် ပတ်သက်သည့် နက္ခတ္တဗေဒ၊ ပထဝီဝင်၊ လူမှုရေးရာ၊ ဒဏ္ဍာရီများနှင့် အခြားအကြောင်းအရာများကို မှတ်တမ်းတင်ထားသည့် စာအုပ်ကို လှန်ကြည့်လိုက်သည်။ ထိုစာအုပ်၏ ခေါင်းစဉ်သည် "လောက" ဟူသော စာလုံးနှစ်လုံးသာ ပါဝင်သည်။
ချူးယွင်ဖန်းတွင် ဆေးဧကရာဇ်၏ မှတ်ဉာဏ်များရှိသော်လည်း ၎င်းတို့သည် အလွန်ရှေးကျသော အချိန်က မှတ်ဉာဏ်များဖြစ်သည်။ ထို့ကြောင့် သူသည် လက်ရှိအခြေအနေများကို သိပ်မသိပေ။ ဤစာအုပ်သည် သူ၏ အရေးတကြီး လိုအပ်ချက်များကို ဖြေရှင်းပေးလိုက်သည်။ ကြယ်ကြွေကောင်းကင်ဂိုဏ်း၏ အမွေအနှစ်သည် ကဏ္ဍစုံတွင် ထင်ဟပ်နေ၍ အထူးသဖြင့် ဤစာအုပ်တွင် ပိုမိုပေါ်လွင်သည်။ စာအုပ်သည် သာမန်စာအုပ်တစ်အုပ်နှင့် ထူးမခြားနားသော်လည်း ပါဝင်သည့် အကြောင်းအရာများသည် ကြယ်တာရာများကဲ့သို့ ကျယ်ပြောလှသည်။ ၎င်းတို့ကို အထူးနည်းစနစ်တစ်ခုဖြင့် ချိပ်ပိတ်ထားခြင်းဖြစ်သည်။ ချူးယွင်ဖန်းကဲ့သို့ မြင်သမျှကို မမေ့တတ်သည့် မှတ်ဉာဏ်နှင့် နားလည်နိုင်စွမ်း မြင့်မားသူပင် တစ်အုပ်လုံးကို ဖတ်ရှုရန် တစ်ရက်နှင့် တစ်ည အချိန်ယူပြီးနောက် ကြီးမြတ်သောတရှ၏ အခြေအနေကို ယေဘုယျအားဖြင့် နားလည်သွားခဲ့သည်။
ချူးယွင်ဖန်းသည် စာအုပ်ကို ပြန်ချပြီးနောက် သီးသန့်ကျင့်ကြံရန် ချက်ချင်း ဆုံးဖြတ်လိုက်သည်။ သူ၏လက်ထဲတွင် ဒြပ်မဲ့အဆင့်သို့ တက်လှမ်းရန် လုံလောက်သော ကြယ်ကြွေကောင်းကင်ဆေးလုံး တစ်လုံးရှိသည်။ သူသည် ကျင့်ကြံရန် အတားအဆီးဖွဲ့စည်းပုံတစ်ခု တည်ဆောက်ထားသော်လည်း တောင်မြစ်ပန်းချီကားထဲသို့သာ ဝင်သွားခဲ့သည်။ ဤနေရာ၌သာ အမှန်တကယ် လုံခြုံသည်ဟု ခံစားရသည်။ ချူးယွင်ဖန်းသည် လေထဲတွင် တင်ပျဉ်ခွေထိုင်၍ ကြယ်ကြွေကောင်းကင်ဆေးကို မျိုချလိုက်သည်။ သူ၏ ကိုယ်လက်အင်္ဂါများနှင့် အရိုးများအတွင်းသို့ အင်အားကြီးမားသော စွမ်းအင်တစ်ခု စီးဝင်သွားကြောင်း ခံစားလိုက်ရသည်။ ထို့ထက်ပို၍ ပြင်းထန်သော စွမ်းအင်တစ်ခုသည် သူ၏ဦးနှောက်ထဲသို့ တိုက်ရိုက်တိုးဝင်သွားသည်။ ဤသည်မှာ ဒြပ်မဲ့အဆင့်နှင့် ရွှေအမတေပြီးပြည့်စုံအဆင့်ကြားရှိ အကြီးမားဆုံး ကွာခြားချက်ဖြစ်သည်။
ရွှေအမတေအဆင့်များက ရွှေအမတေကို ကျင့်ကြံကြ၍ ဒြပ်မဲ့အဆင့်သည် သဘာဝနိယာမများကို ကျင့်ကြံကြသည်။ ဒြပ်မဲ့အဆင့်အောက်ရှိ ကျင့်ကြံသူများသည် ပိုမိုများပြားသော နတ်စွမ်းအင်များကို လက်ခံနိုင်ရန် ခန္ဓာကိုယ်ကို သန့်စင်ကြသော်လည်း ဒြပ်မဲ့အဆင့်သို့ ရောက်ရှိသောအခါ ကွဲပြားသွားလေသည်။ လူတစ်ဦးသည် သဘာဝနိယာမများကို စတင်နားလည်လာရသည်။ ဤဖြစ်စဉ်တွင် လူတစ်ဦး၏ဦးနှောက်သည် အဆက်မပြတ် ဖွံ့ဖြိုးလာ၍ ထူးကဲသော စွမ်းရည်များကို ထုတ်လွှတ်ပေးသည်။ ထိုအခါ လူသားများ သာမန်အားဖြင့် မသိမြင်နိုင်သော ဤနိယာမများကို အာရုံခံနိုင်မည်ဖြစ်သည်။
ဦးနှောက်အတွင်း၌ သဘာဝနိယာမတရားဆီ ဦးတည်သော တံခါးချပ်ကို ပိတ်ထားသည့် အပေါက်ငယ်တစ်ခုရှိသည်။ ဤသည်မှာ လူသားတို့အတွက် နောက်ဆုံးသော သော့ချက်ဖြစ်သည်။ ထို့ကြောင့် လူတို့သည် ဤတံခါးပွင့်လာခြင်းကို "ဉာဏ်အလင်းပွင့်ခြင်း" ဟု ခေါ်ဆိုကြသည်။ ချူးယွင်ဖန်း၏ ခန္ဓာကိုယ်ထဲရှိ အပေါက်ငယ်သည် သာမန်လူများထက် ပိုမိုခိုင်မာသည်။ လူတစ်ဦးသည် အင်အားကြီးမားလေ အဆင့်ကျော်ဖြတ်ရန် ပို၍ခက်ခဲလေဖြစ်သည်။ သူသည် ရွှေအမတေပြီးပြည့်စုံအဆင့်ဖြင့် အထွတ်အထိပ် ဒြပ်မဲ့အဆင့် ကျင့်ကြံသူများကို အလွယ်တကူ အနိုင်ယူနိုင်ခဲ့သူဖြစ်၍ မည်သို့မျှ သာမန်လူနှင့် တူညီမည်နည်း။ သူသည် မည်သူမျှ မလျှောက်လှမ်းဖူးသော လမ်းကို လျှောက်လှမ်းနေခြင်းဖြစ်သည်။
ချူးယွင်ဖန်း၏ နတ်စွမ်းအင်များသည် အပေါက်ငယ်ဆီ တစ်လွှာချင်း ထိုးဖောက်နေသည်။ သို့သော် သူသည် အလွန်အမင်း သတိထားနေရသည်။ ရွှေအမတေပြီးပြည့်စုံအဆင့်သို့ တက်လှမ်းစဉ်ကထက် အဆပေါင်းများစွာ ပို၍သတိထားနေရသည်။ အကြောင်းမှာ ရွှေအမတေပြီးပြည့်စုံအဆင့်တွင် ခန္ဓာကိုယ်နှင့် အရိုးများကိုသာ အဓိကထား ကျင့်ကြံခြင်းဖြစ်၍ ဒဏ်ရာရခဲ့လျှင်ပင် အချိန်ယူ၍ ကုသနိုင်သောကြောင့်ဖြစ်သည်။ သို့သော် ဦးနှောက်သည် ကွဲပြားခြားနားသည်။ ချူးယွင်ဖန်း၏ ကျင့်ကြံမှုအဆင့်၌ပင် ဤသည်မှာ တားမြစ်နယ်မြေတစ်ခုဖြစ်သည်။ သူသည် ယခင်က ဦးနှောက်ကို တစ်ခါမျှ မကျင့်ကြံဖူးပေ။ အလွန်အင်အားကြီးမားသော ကျင့်ကြံခြင်းလမ်းစဉ်ရှိသည့် ကြီးမြတ်သောတရှတွင်ဖြစ်စေ၊ အဆင့်မြင့်နည်းပညာရှိသော ပြည်ထောင်စုတွင်ဖြစ်စေ ဦးနှောက်နယ်ပယ်နှင့် ပတ်သက်သည့် သုတေသနသည် အလွန်တိမ်လှသည်။
ကံကောင်းထောက်မစွာဖြင့် ချူးယွင်ဖန်းသည် မိမိဘာသာ စမ်းတဝါးဝါး လုပ်ဆောင်ရန် မလိုအပ်ပေ။ သူသည် ရှေ့လူများ၏ အတွေ့အကြုံကို အခြေခံ၍ ကျင့်ကြံနိုင်သည်။ ဧကရာဇ်ကျင့်စဉ်အတွင်း၌ မှတ်တမ်းများရှိနေသည်။ သူ၏ ကျင့်ကြံမှုများ တိုးတက်လာသည်နှင့်အမျှ မှတ်ဉာဏ်များ အလိုလို ပေါ်ထွက်လာသေယကြောင့် အဆင့်လိုက် ကျင့်ကြံရန်သာ လိုအပ်သည်။ ဤဖြစ်စဉ်အတွင်း ချူးယွင်ဖန်း၏ခန္ဓာကိုယ်တစ်ခုလုံး ချွေးများဖြင့် ရွှဲနစ်နေသည်။ ပြင်းထန်လှသော နာကျင်မှုကြောင့် သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေသည်။ သာမန်ရွှေအမတေပြီးပြည့်စုံအဆင့်များအတွက်မူ ဤအဆင့်သည် သေတွင်းထဲမှ ပွတ်ကာသီကာ ပြန်ထွက်လာခြင်းနှင့် ဆင်တူပေသည်။ ထို့ကြောင့် ကြယ်ကြွေကောင်းကင်ဂိုဏ်းသည် အတွင်းစည်းတပည့်နှင့် အပြင်စည်းတပည့်များကို ဒြပ်မဲ့အဆင့်ဖြင့် ခွဲခြားထားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပါရမီရှိလှသော ရွှေအမတေပြီးပြည့်စုံအဆင့်များပင် ဒြပ်မဲ့အဆင့်သို့ မရောက်ရှိနိုင်သောကြောင့်ဖြစ်သည်။
ဤသည်မှာ အလွန်ကြောက်စရာကောင်းသော အချိုးအဆဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ချူးယွင်ဖန်း၏ စိတ်ထဲရှိ နတ်ဘုရားဝိညာဉ်သည် အလင်းတန်းများ အဆက်မပြတ် ထုတ်လွှတ်ခြင်းဖြင့် သူ၏ တစ်ကိုယ်လုံးကို ထိန်းချုပ်ပေးလိုက်သည်။ အေးမြသော လေလှိုင်းများ ခန္ဓာကိုယ်အနှံ့ စီးဆင်းသွား၍ တုန်ခါနေသော ခန္ဓာကိုယ်သည် ငြိမ်သက်သွားလေသည်။ အကယ်၍ သူသာ လှုပ်ရှားမိသွားပါက သူ၏ ကြိုးစားမှုအားလုံး အချည်းနှီးဖြစ်သွားပေလိမ့်မည်။ ထိတ်လန့်ဖွယ် စွမ်းအင်များ ပေါက်ကွဲထွက်လာပါက ချူးယွင်ဖန်း၏ ဦးနှောက် ပေါက်ကွဲထွက်ကာ သေဆုံးသွားပေလိမ့်မည်။
အချိန်မည်မျှ ကုန်ဆုံးသွားသည်ကို မသိရသော်လည်း ချူးယွင်ဖန်း၏ ခန္ဓာကိုယ်သည် ရေအေးထဲ စိမ်ထားရသကဲ့သို့ ခံစားလိုက်ရသည်။ ချွေးများ မိုးရေကဲ့သို့ တစိမ့်စိမ့် စီးကျနေသည်။ သို့သော် သူ၏ မျက်နှာအမူအရာသည် ပြောင်းလဲခြင်း မရှိပေ။ ဤအခြေအနေသည် အလွန်ထူးဆန်းလှသည်။ သူ၏ ခန္ဓာကိုယ်သည် မခံမရပ်နိုင်သည်အထိ နာကျင်နေသော်လည်း သူ၏ အမူအရာသည် မည်သည့်ဒုက္ခမျှ ခံစားနေရပုံမပေါ်ပေ။ နာမ်နှင့်ရုပ် တကွဲစီဖြစ်နေသည့်အလား ထင်မှတ်ရစေသည်။ ၎င်းသည် အလွန်ထူးဆန်းသော အခြေအနေတစ်ခုဖြစ်သည်။
ရုတ်တရက်ဆိုသလိုပင် ချူးယွင်ဖန်းသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။ သူ၏မျက်လုံးများမှ ရွှေရောင်အလင်းတန်း နှစ်ခု ကောင်းကင်ယံသို့ ထိုးတက်သွားသည်။ အချိန်အတော်ကြာ ဖိနှိပ်ထားသော သူ၏ စွမ်းအင်များ ရုတ်တရက် ပေါက်ကွဲထွက်လာသည်။ ချူးယွင်ဖန်းသည် နောက်ဆုံးတွင် ဒြပ်မဲ့အဆင့်သို့ တက်လှမ်းနိုင်သွားလေသည်။