အိန်ဂျလီနာ
Vol. 6 Ch. 55
အိုင်ဗီသည် အိပ်ခန်းဆီသို့ ဦးစွာပြေးဝင်သွားရာ သူမ၏ ဖိနပ်သံမှာ ကြွေပြားများပေါ်တွင် တဖျပ်ဖျပ် မြည်သွားသည်။ သူမ အခန်းထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် စားပွဲခုံနှင့် ကြမ်းပြင်ပေါ်တွင် နောက်ထပ် ဂျုံထုပ်များမှာ တဖြည်းဖြည်း ထင်ရှားစွာပေါ်လာတော့သည်။
သူမ၏ မျက်ဝန်းတို့မှာ အရောင်တောက်သွားပြန်သည်။
၁၈၀ ဂရမ်ရှိသော တက်ဖ်ဂျုံမှုန့် လား။ ယူမယ်။။
၂၆၀ ဂရမ်ရှိသော ပြောင်းဖူးဂျုံ လား။ ယူမယ်။။
၂၀၀ ဂရမ်ရှိသော ကွီနိုအာဂျုံ လား။ ယူမယ်။။
၁၅၀ ဂရမ်ရှိသော ငှက်ပျောသီးစိမ်းမှုန့် လား။ ယူမယ်။။
၁၂၀ ဂရမ်ရှိသော သစ်အေရာမှုန့်လား။ ယူမယ်။။
၁၇၀ ဂရမ်ရှိသော အာရူးရုမြစ်မှုန့်လား။ ယူမယ်။။
၁၉၀ ဂရမ်ရှိသော ကျွဲကောသီးမှုန့် လား။ ယူမယ်။။
၂၁၀ ဂရမ်ရှိသော နေကြာစေ့မှုန့်လား။ ယူမယ်။။
"သိမ်းမယ်... နောက်မှပွားမယ်" ဟု သူမသည် ဆုတောင်းစာတစ်ခုကဲ့သို့ ထပ်ခါတလဲလဲ ရေရွတ်နေမိသည်။
သူမ ရပ်မနေခဲ့ချေ။ အိုင်ဗီသည် စာကြည့်စားပွဲအောက်သို့ ငုံ့ဝင်ကာ ခုံခြေထောက်နောက်တွင် ကွယ်နေသော ၂၀၀ ဂရမ်ရှိသော ပဲမှုန့်ကိုပါ ဆွဲယူလိုက်သေးသည်။
"အချိန်မကုန်ပါစေနဲ့... အချိန်မကုန်ပါစေနဲ့" ဟု သူမ တိုးတိုးလေး ရေရွတ်နေသည်။
ခုတင်အနီးတွင်လည်း နောက်ထပ်ရိက္ခာများ ကျရောက်လာပြန်သည်။
၂၇၀ ဂရမ်ရှိသော ပဲနီလေးမှုန့်၊ ၁၀၀ ဂရမ်ရှိသော ဝက်သစ်ချစေ့မှုန့်၊ ၂၃၀ ဂရမ်ရှိသော ဟေဇယ်စေ့မှုန့် ၊ ၃၁၀ ဂရမ်ရှိသော ပဲပုပ်မှုန့် ၊ ၂၉၀ ဂရမ်ရှိသော ကန်စွန်းဥမှုန့် ၊ ၂၀၀ ဂရမ်ရှိသော ဂျုံသန္ဓေမှုန့်၊ ၂၄၀ ဂရမ်ရှိသော ဖရုံစေ့မှုန့် နှင့် ၂၅၀ ဂရမ်ရှိသော ပဲနက်မှုန့် တို့ကို တစ်ခုပြီးတစ်ခု ကောက်ယူလိုက်ရာ ထိုအထုပ်များမှာ သူမ၏ အဆင့်မြှင့်ထားသော သိုလှောင်ရုံအတွင်း တဖျပ်ဖျပ် ပျောက်ကွယ်သွားတော့သည်။
ရုတ်တရက် ရိက္ခာအားလုံးမှာ လင်းထိန်သွားပြီး ကျန်ရှိနေသော အထုပ်များမှာ လေထဲတွင် အရည်ပျော်ကာ တစ်ခါမှမရှိခဲ့ဖူးသကဲ့သို့ ပျောက်ကွယ်သွားသည်ကို အိုင်ဗီမှာ မတတ်သာဘဲ ကြည့်နေရတော့သည်။
အိုင်ဗီသည် သက်ပြင်းတစ်ချက်ကို အားရပါးရ ချလိုက်သည်။ ယခုရရှိထားသော ပမာဏမှာ သူမကို အချိန်အတော်ကြာ ရှင်သန်စေရန် လုံလောက်လိမ့်မည်ဟု သူမ ခန့်မှန်းလိုက်သည်။
အထူးသဖြင့် ထိုရိက္ခာများကို သူမ ပွားလိုက်မည်ဆိုလျှင်ပေါ့...။
အိုင်ဗီ ထိုင်ချလိုက်စဉ် ဘေးသို့ လှည့်ကြည့်လိုက်ရာ ပက်ထရစ်မှာ သူမကို အံ့အားသင့်သော မျက်နှာပေးဖြင့် စူးစိုက်ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် မှင်တက်သွားသည်။
အိုင်ဗီ မျက်လုံးများကို မှိတ်လိုက်ကာ "တုံးလိုက်တဲ့ အိုင်ဗီ" ဟု ကိုယ့်ကိုယ်ကိုယ် တိုးတိုးလေး ရေရွတ်လိုက်သည်။
ထို့နောက် သူမ မတ်တတ်ရပ်ကာ အိမ်ရှေ့တံခါးမကြီးကို ဖွင့်လိုက်ပြီး သူမ၏ သိုလှောင်ရုံအတွင်းမှ ဓားတစ်ချောင်းကို ထုတ်လိုက်သည်။
ဘယ်သူမှ ဝင်မလာနိုင်ဘူးဟု သူမ ယုံကြည်ထားသော်လည်း သူမ လုပ်ရန် ပြင်ဆင်နေစဉ်မှာပင် ဇမ်ဘီများမှာ အထဲသို့ အလုအယက် ပြေးဝင်လာကြတော့သည်။ အိုင်ဗီသည် ခဏတာ ကြောင်သွားပြီး ဓားကို ပြန်သိမ်းကာ အဝေးက ဆိုဖာပေါ်တွင် အေးအေးဆေးဆေး ထိုင်နေလိုက်သည်။
ယခုအချိန်အထိ ဇမ်ဘီများစွာသည် အဆောက်အဦးအတွင်းသို့ ကျူးကျော်ဝင်ရောက်နေကြပြီဖြစ်သော်လည်း အိုင်ဗီ၏ တည်ရှိ နေမှုကြောင့် တစ်ကောင်မှ သူမရှိရာသို့ ပြေးမလာခဲ့ကြချေ။
သို့သော် ယခုမူ...။
အိုင်ဗီသည် သူမ၏ စွမ်းအင်ဟင်းလင်ပြင်အတွင်းသို့ ဝင်ရောက်ကာ တိုက်ခန်းစင်္ကြံလမ်းသို့ ရောက်နေပြီး ပြန်ထွက်သွားတော့မည့် ဇမ်ဘီများသည် ခဏတာရပ်သွားပြီးမှ အခန်းထဲသို့ ဝင်လာကြတော့သည်။
လူသားအသားစိမ်းကို မြင်လိုက်ရသောအခါ ဇမ်ဘီများသည် စိတ်လှုပ်ရှားသွားကြပြီး ပက်ထရစ်ကို အားရပါးရ ဝါးမြိုကြတော့သည်။
ထိုမြင်ကွင်းကို မြင်သော မည်သူမဆို မူးလဲသွားလောက်အောင်ပင် သွေးပျက်ဖွယ်ရာ ကောင်းလှသည်။
အိုင်ဗီ အပြင်သို့ ပြန်ထွက်လာချိန်တွင်မူ ပက်ထရစ်မှာ အသားစိုင်နှင့် သွေးစက်များသာ ကြွင်းကျန်တော့သည်။ ထူးဆန်းသည်မှာ ဇမ်ဘီများသည် ပက်ထရစ်ကို အကုန် မစားပစ်ဘဲ သူ၏ ဝမ်းဗိုက်နှင့် ပေါင်သားများကိုသာ အဓိကထား၍ စားသွားကြသည်။
ပက်ထရစ်မှာ ဇမ်ဘီအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကမ္ဘာပျက်ကပ်အတွင်း အချို့သော စွမ်းအားရှင်များမှာ ဇမ်ဘီများကို ထိန်းချုပ်နိုင်သည်ကို အိုင်ဗီ သတိရကာ ပြုံးလိုက်မိသည်။
တကယ်လို့ ပက်ထရစ်သာ ထိုအုပ်စုရဲ့လက်ထဲသို့ ရောက်သွားလျှင် သူသည် စမ်းသပ်ခံကိရိယာတစ်ခုအဖြစ်ပင် အသုံးချခံရပေလိမ့်မည်။
ဘယ်လိုလူမှ ဇမ်ဘီများကို နားမလည်နိုင်ကြပါ။
ဆယ်စုနှစ်တစ်ခု ကြာသွားသည့်တိုင် ဇမ်ဘီများနှင့် ဆက်သွယ်နိုင်မည့် နည်းလမ်းကို ရှာမတွေ့ခဲ့ကြပေ။
သို့သော်လည်း... စွန့်စားမှု မလုပ်လိုသဖြင့် အိုင်ဗီက ပက်ထရစ်၏ လည်ပင်းကို လှီးဖြတ်လိုက်ရာ သူ၏ ဦးခေါင်းမှာ အခြားတစ်ဖက်သို့ လိမ့်ထွက်သွားတော့သည်။ သူမ၏ လျှို့ဝှက်ချက်ကို ဘယ်သူမှ မသိရှိတော့သည့်အတွက် အိုင်ဗီ စိတ်အေးသွားရသည်။
သူမသည် မြေအောက်ခန်းအတွင်းရှိ ရိက္ခာအားလုံးကို သိမ်းဆည်းပြီးပြီဖြစ်၍ ထိုနေရာတွင် ဆက်မနေတော့ဘဲ ထွက်ခွာခဲ့တော့သည်။
ရာဗင်ခရော့ဖ် မိသားစု၏ အိမ်ရှေ့တွင် ရပ်ကာ အိုင်ဗီ လူခေါ်ဘဲလ်ကို နှပ်လိုက်သည်။
ဇမ်ဘီများသည် ထိုအထပ်တွင် လှည့်လည်သွားလာနေကြသော်လည်း အိုင်ဗီကို တစ်ချက်မျှပင် လှည့်မကြည့်ကြချေ။
သူမ ရှိမနေသည့်အတိုင်း ပုံမှန်သွားလာနေကြ သည်။
မကြာမီမှာပင် အိုင်စလာက တံခါးလာဖွင့်ပေးပြီး ဘယ်သူလဲဟု ချောင်းကြည့်ရန် ကြိုးစားသော်လည်း အိုင်ဗီက တံခါးကို အားပြင်းပြင်း ကန်လိုက်သဖြင့် အိုင်စလာမှာ နောက်သို့ လွင့်ထွက်သွားတော့သည်။
လျင်မြန်သော လှုပ်ရှားမှုဖြင့် သူမ တိုက်ခန်းအတွင်းသို့ ဝင်ကာ တံခါးကို ပြန်ပိတ်လိုက်သည်။
အိုင်စလာက အိုင်ဗီကို ကြောက်ရွံ့မှုနှင့် ဒေါသတို့ ရောထွေးကာ စိုက်ကြည့်နေပြီး
"ဘာလုပ်တာလဲ အိုင်ဗီ။ နင့်မှာ ယဉ်ကျေးမှုဆိုတာ မရှိဘူးလား။ နင့်ညီမအရင်းအပေါ်မှာ ဒီလိုပဲ ဆက်ဆံ နေတော့မှာလား” ဟု အော်ဟစ်တော့သည်။
အိုင်ဗီက တံခါးကို မှီလျက် သဘောတကျ ရယ်မောလိုက်ကာ
"ငါသာ သေချာမသိရင် နင်က ဆာဖီနာများလားလို့ မှားသွားနိုင်တယ်... တကယ်တော့ သွေးက ရေထက် ပျစ်တယ်ဆိုတာ ဟုတ်တာပဲ... နင် ကြည့်ရတာ ဆာဖီနာနဲ့ ဘယ်လောက်တူသလဲဆိုတာ ကြည့်စမ်းဦပါဦး”
အိုင်စလာသည် သွားကြိတ်လျက် ပြန်လည်ရန်တွေ့ရန် ပြင်သော်လည်း သူမကိုယ်သူမ အန္တရာယ်ရှိသော အခြေအနေတွင် ရောက်နေသည်ကို သိသဖြင့် ပါးစပ်ကို ပြန်ပိတ်ကာ သူမ၏ အခန်းထဲသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။
အကြိမ်ပေါင်း ထောင်ချီ၍ လေ့ကျင့်ထားသည့်အလား အိုင်စလာသည် တံခါးကို ဝုန်းခနဲ ပိတ်လိုက်သည်။
အိုင်ဗီကတော့ အလောတကြီး မရှိချေ။ သူမသည် ပန်းအိုးဆီသို့ လျှောက်သွားကာ ဝှက်ထားသော ကင်မရာအသေးလေးကို ထုတ်ယူလိုက်သည်။
တက္ကသိုလ်တက်စဉ်က အိုင်ဗီ၏ သူငယ်ချင်းများက ရာဗင်ခရော့ဖ် မိသားစု၏ မကောင်းမှုများကို မှတ်တမ်းတင်ကာ ရဲတိုင်နိုင်ရန်အတွက် ထိုကင်မရာကို ပေးခဲ့ဖူးခြင်းဖြစ်သည်။
သို့သော် အတိတ်ဘဝက အိုင်ဗီသည် ၎င်းကို တစ်ခါမှ မသုံးခဲ့ပေ။
ယခုမူ အသုံးတည့်လာခဲ့ပြီ ဖြစ်သည်။
ကင်မရာမှာ လက်ဝါးခန့်သာ ရှိသဖြင့် အိုင်ဗီသည် ယခင်က လူမြင်ကွင်းတွင် မတပ်ဆင်ရဲခဲ့ပေ။
ယခုတစ်ကြိမ်တွင်မူ ရာဗင်ခရော့ဖ် မိသားစုမှာ အိုင်ဗီ၏ အပြောင်းအလဲကြောင့် ထိတ်လန့်နေကြသဖြင့် သူတို့၏ ပတ်ဝန်းကျင်ကို အလေးမထားနိုင်ကြတော့ပါ။
အိုင်ဗီသည် သူမ၏ အခန်းထဲဝင်ကာ မှတ်တမ်းကို စစ်ဆေးရန် ကြိုးစားသော်လည်း ကင်မရာမှာ ဘက်ထရီကုန်နေသည်ကို တွေ့လိုက်ရသည်။
သူမ အသက်ကို ပြင်းပြင်းရှူကာ အားသွင်းကြိုးတပ်လိုက်ပြီး ခုတင်ပေါ်တွင် လှဲနေလိုက်သည်။ အိပ်စက်ခြင်းက သူမကို အနိုင်ယူသွားပြီး နောက်တစ်နေ့ကျမှသာ နိုးလာတော့သည်။
ရာဗင်ခရော့ဖ် မိသားစုသည် အသံကို တိုးနိုင်သမျှ တိုးထားကြသော်လည်း စွမ်းအားရှင်အဖြစ် နိုးထလာပြီးနောက် အိုင်ဗီ၏ အာရုံခံစားမှုများမှာ သိသိသာသာ အကဲဆက်လာခဲ့ပြီ ဖြစ်သည်။
"အို... ခမည်းခမက်တို့။ ကျွန်မတို့အိမ်ကို ကြွလာတာ ဂုဏ်ယူလိုက်တာရှင်။ ခမည်းခမက်တို့ရဲ့ သမီးလေးကို ကျွန်မတို့ သားနဲ့ လက်ထပ်ပေးဖို့ သဘောတူတာကို ဘယ်လောက် ကျေးဇူးတင်တယ်ဆိုတာ ပြောပြလို့တောင် မရပါဘူး" ဟု ဆာဖီနာ၏ တမင်လုပ်ယူထားသော ချိုသာသည့်အသံမှာ အိုင်ဗီ၏ နားထဲတွင် ကန့်လန့်ကြီး ဖြစ်နေတော့သည်။
လူတစ်ယောက်သည် ဘယ်လိုကြောင့် ဒီလောက်ထိ ဟန်ဆောင်ကောင်းနိုင်ရတာလဲ။
"ရပါတယ်ဗျာ။ ကျွန်တော်တို့ သမီး အိန်ဂျလီနာကပဲ ဒေမီယန်နဲ့ လက်ထပ်ချင်တယ်လို့ အတင်းပူဆာနေလို့ပါ" ဟု အသက် အနည်းငယ်ကြီးသော အမျိုးသားအသံတစ်သံက ဧည့်ခန်းအတွင်းမှ ထွက်ပေါ်လာရာ အိုင်ဗီ၏ မျက်ဝန်းတို့မှာ အေးစက်သွားတော့သည်။
"မြှောက်မပြောပါနဲ့ ခမည်းခမက်ရယ်။ ဒေမီယန်... အိန်ဂျလီနာကို အချိန်ခဏသွားပေးလိုက်ဦးလေ။ လူကြီးချင်း စကားပြောနေတုန်း သမီးလေးကို လိုက်ပြပေးလိုက်ဦး" ဟု ဆာဖီနာက အရိပ်အယောင်ပြလိုက်သည်။
‘ဪ... အိန်ဂျလီနာပါ ရောက်နေတာလား' ဟု အိုင်ဗီ ရင်ထဲက တွေးလိုက်မိသည်။ 'အိန်ဂျလီနာလည်း ငါ့လိုပဲ ဘဝသစ် ပြန်စခွင့်ရထားတဲ့သူလား ဆိုတာကို စမ်းကြည့်ဖို့ အချိန်ကောင်းပဲ မဟုတ်လား'