ကိတ်
Vol. 6 Ch. 56
အိုင်ဗီ သံသယဝင်နေမိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အတိတ်ဘဝတွင် အိန်ဂျလီနာသည် ဒေမီယန်နှင့် လုံးဝ လက်မထပ်ခဲ့သောကြောင့်ပင်။
သူတို့သည် စေ့စပ်ရုံသာ စေ့စပ်ခဲ့ကြခြင်းဖြစ်သည်။ ထို စေ့စပ်ပွဲ ပြောရုံသာ ဖြစ်ကာ ကမ္ဘာပျက်ကပ်ကြီး ဖြစ်ပွားပြီး တစ်နှစ်အကြာ၊ အိန်ဂျလီနာ၏ မိသားစုတွင် ရိက္ခာများ ပြတ်လပ်လုနီးပါးဖြစ်ချိန်မှသာ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ယခုဘဝတွင်မူ အရာအားလုံးက မြန်ဆန်လွန်းနေသည်။ မမြင်ရသော လက်တစ်စုံက အဖြစ်အပျက်များကို လမ်းကြောင်းတစ်ခုသို့ အတင်းအကျပ် တွန်းပို့နေသကဲ့သို့ပင်။
တကယ်လို့ အိန်ဂျလီနာသာ ဘဝသစ် ပြန်စခွင့်ရထားသူ ဖြစ်နေပါက အိုင်ဗီအတွက် အလွန်အန္တရာယ်ကြီးလှသည်။ ထို့ကြောင့် အိန်ဂျလီနာ ဘဝသစ်ရထားသည်မှာ သေချာသည်နှင့်တစ်ပြိုင်နက် သူမကို သတ်ပစ်ရန် အိုင်ဗီ စီစဉ်ထားသည်။
ထိုသို့တွေးကာ အိုင်ဗီသည် ချက်ချင်းပင် အကောင်အထည်ဖော်ရန် တံခါးကို ဖွင့်လိုက်သည်။
သူမသည် အခန်းထဲမှ အေးအေးလူလူ ထွက်လာပြီး သူမ၏ အခန်းရှေ့မှ ဖြတ်သွားရန် ပြင်နေသော ဒေမီယန်နှင့် အိန်ဂျလီနာတို့ကို ကြားဖြတ်တားဆီးလိုက်သည်။
ဒေမီယန်သည် အတားခံလိုက်ရသောအခါ စိတ်တိုသွားပြီး အိုင်ဗီကို မြင်လိုက်ရချိန်တွင်မူ သူ၏ဒေါသမှာ အထွတ်အထိပ်သို့ ရောက်သွားတော့သည်။
သူက အေးစက်သောအသံဖြင့် "အိုင်ဗီ... ဖယ်စမ်း" ဟု အမိန့်ပေးလိုက်သည်။
အိုင်ဗီသည် အိန်ဂျလီနာကို စူးစိုက်ကြည့်နေမိသည်။ အိန်ဂျလီနာ၏ မျက်နှာပေးမှာ ဝေခွဲမရဖြစ်မှုမှ ဒေါသ ကနေ တစ်ဆင့် ဖြူဖျော့သွားသည့် အသွင်သို့ ပြောင်းလဲသွားသည်။ ထိုအခါမှသာ အိုင်ဗီ သိလိုက်ရသည်မှာ... အိန်ဂျလီနာသည် ဘဝသစ်ရထားသူ မဟုတ်နိုင်ပေ။
အိန်ဂျလီနာက ဘာကြောင့် မျက်နှာဖြူဖျော့သွားရတာလဲ။ သူမသာ အတိတ်ကို သိပါက အိုင်ဗီကို မြင်သည်နှင့် လောဘဇောတိုက်သော မျက်နှာပေးမျိုး ပြရမည် မဟုတ်လား။
အတိတ်ဘဝအကြောင်းကို သိသူတိုင်းသည် အိုင်ဗီကို အရင်ဆုံး ဖမ်းဆီးရန် ကြိုးစားကြမည်သာ ဖြစ်သည်။
အကြောင်းရင်းတစ်ခုတည်းကြောင့်ပင်... ၎င်းမှာ အိုင်ဗီ၏ ဒုတိယမြောက် စွမ်းအားဖြစ်သော "ဘေးကင်းဇုန်ကို ဖန်တီးနိုင်ခြင်း" ကြောင့်ပင် ဖြစ်သည်။ ထိုဇုန်အတွင်းသို့ ဇမ်ဘီများ လုံးဝ ဝင်ရောက်၍ မရနိုင်ချေ။
အဆင့်မြင့်ဇမ်ဘီများပင် ရှောင်ရှားရသော ဇုန်ဖြစ်ပြီး လူသားတစ်ဦးအနေဖြင့် အနည်းငယ်မျှ စိုးရိမ်မှုမရှိ အိပ်စက်နိုင်သော နေရာမျိုး ဖြစ်သည်။
အဆင့်မြင့်လာသည်နှင့်အမျှ ထိုဇုန်ကို ချဲ့ထွင်နိုင်ပြီး နောက်ဆုံးတွင် ကိုယ်ပိုင်အခြေစိုက်စခန်းတစ်ခု တည်ဆောက်နိုင်ကာ ကမ္ဘာမပျက်မီကကဲ့သို့သော ပတ်ဝန်းကျင်မျိုးကိုပင် ဖန်တီးနိုင်ပေလိမ့်မည်။
အလွန်အမင်း ပူပြင်းခြင်း သို့မဟုတ် အေးခဲခြင်းတို့မှပင် ကာကွယ်ပေးနိုင်သည်။ တစ်ခုတည်းသော အားနည်းချက်မှာ... ၎င်းဇုန်သည် လူသားများရဲ့ အန္တရာယ်မှ အိုင်ဗီကို မကာကွယ်ပေးနိုင်ခြင်းပင်။
ထို့ကြောင့်ပင် သူမ၏ အတိတ်ဘဝမှာ ဆိုးရွားလွန်းခဲ့ရခြင်း ဖြစ်သည်။
တကယ်လို့ အိန်ဂျလီနာသာ ဘဝသစ်ရထားပါက ဘာကြောင့် စိတ်မလှုပ်ရှားပဲ သွေးပျက်နေရတာလဲ။ တစ်ခုခုတော့ မှားနေပြီ...။
အိုင်ဗီ အဖြေရှာမရမီမှာပင် အိန်ဂျလီနာက တိုးတိုးလေး ရေရွတ်လိုက်သည်ကို ကြားလိုက်ရသည်။
"ဒါပေမဲ့ ဘာလို့လဲ... သူမက... ဒါနဲ့ မထိုက်တန်ဘူးလေ... စနစ်ရဲ့ ချို့ယွင်းချက် ဖြစ်နေတာလား"
ဘာ။
စနစ်ရဲ့ ချို့ယွင်းချက် ဟုတ်လား။
အိုင်ဗီ၏ မျက်ဝန်းတို့မှာ ကျဉ်းမြောင်းသွားပြီး ထိတ်လန့်ဖွယ်ရာ အတွေးတစ်ခု ခေါင်းထဲသို့ ရောက်လာသည်။ သို့သော် အိန်ဂျလီနာကို တစ်ခုခု မေးမြန်းရန် ပြင်စဉ်မှာပင် ဒေမီယန်၏ သည်းခံနိုင်စွမ်းမှာ ကုန်ဆုံးသွားပြီး အိုင်ဗီကို အားပြင်းစွာ တွန်းဖယ်လိုက်တော့သည်။
ထိုတွန်းအားမှာ အလွန်ပြင်းထန်သဖြင့် အိုင်ဗီမှာ နောက်သို့ ယိုင်သွားပြီး နံရံနှင့် ဗုန်းခနဲ ဆောင့်မိသွားသည်။
သို့သော် နာကျင်စွာ ညည်းတွားသံမှာ အိုင်ဗီ၏ လည်ချောင်းဝမှ ထွက်မလာခဲ့ချေ။ အတိတ်ဘဝက လူမဆန်သော နှိပ်စက်မှုများကို ကြုံတွေ့ခဲ့ရဖူးသဖြင့် အိုင်ဗီသည် ဒ္နာကျင်မှုအပေါ် ခံနိုင်ရည်အချို့ ရှိနေခဲ့ပြီ ဖြစ်သည်။
သို့သော်လည်း...
"နင်က ခွန်အားကြီးစွမ်းအား ကို ရထားတာလား" အိုင်ဗီက သူမ၏ လက်ညှိုးဖြင့် လက်မကို ပွတ်သပ်ရင်း မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။
ဒေမီယန်က ဂုဏ်ယူဝင့်ကြွားစွာ ခေါင်းညိတ်ပြပြီး
"ဟုတ်တယ်။ ဒါကြောင့် အခုကစပြီး နင်သာ ငါ့မိသားစုဝင်တွေကို လက်ဖျားနဲ့တောင် ထိဖို့ ကြိုးစားရင် ငါ နင့်ကို ကောင်းကောင်းကြီး ပညာပေးပစ်မယ်"
အိုင်ဗီက မျက်လုံးအသာလှန်လိုက်သော်လည်း သူမ၏ စိတ်ထဲတွင်မူ ဂယက်ထ နေသည်။
အရာအားလုံးက ပြောင်းလဲကုန်ပြီ။ ထိုအချိန်တွင် အိုင်ဗီသည် သူမအနေဖြင့် မှန်ကန်တဲ့အချိန်ကာလ ထဲမှာ ရောက်နေတာ ရောဟုတ်ရဲ့လား ဟုပင် သံသယဝင်လာမိသည်။
ဒေမီယန်သည် ယခင်ဘဝက "အရှိန်နှုန်းမြင့်စွမ်းအား" ကို ရခဲ့ခြင်းဖြစ်ရာ ဘာကြောင့် ယခုဘဝမှာ ခွန်အားကြီးစွမ်းအားသို့ ပြောင်းလဲသွားရတာလဲ
အိုင်ဗီ၏ စိတ်ထဲတွင် မေးခွန်းပေါင်းများစွာ ပေါ်လာပြီး သူမသည် ၎င်းတို့ကို အသေအချာ စဉ်းစားနေမိသည်။
သူမ၏ အနာဂတ်အစီအစဉ်များမှာ လက်ရှိအခြေအနေအပေါ်တွင် မူတည်နေသည် မဟုတ်လား။
သူမ ငေးမှိုင်နေသည်ကို မြင်သောအခါ ဒေမီယန်က ကျေနပ်အားရစွာ ပြုံးလိုက်သည်။
'အိုင်ဗီ ကြောက်သွားပြီပေါ့လေ ကောင်းတယ် အိန်ဂျလီနာရဲ့ မိသားစုဝင်တွေ ပြန်သွားတာနဲ့ ငါ သူမကိုပါ အပြတ်ရှင်းပစ်မယ်'
ဒေမီယန်နှင့် အိန်ဂျလီနာတို့ ထွက်ခွာသွားကြသော်လည်း အိန်ဂျလီနာက အိုင်ဗီကို ကြည့်သွားသော အကြည့်မှာ လုံးဝ ပြောင်းလဲသွားသည်ကို ဒေမီယန် မမြင်လိုက်ချေ။
သူမ၏ မျက်ဝန်းထဲက အမြဲရှိနေတတ်သော မထီမဲ့မြင်ပြုမှုများ ပျောက်ကွယ်သွားပြီး အံ့အားသင့်ထိတ်လန့်မှုများကညအစားထိုးဝင်ရောက်သွားခြင်းဖြစ်သည်။
အိုင်ဗီသည် သူမ၏ အခန်းထဲသို့ ပြန်ဝင်ကာ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအချို့ လုပ်ဆောင်နေသည်။ အစားအသောက်နှင့် ခိုလှုံရာအပြင် အရေးကြီးဆုံးအရာမှာ ခွန်အားပင် ဖြစ်သည်။
ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ပြီးနောက် အိုင်ဗီသည် သူမ၏ စွမ်းအင်သိုလှောင်ရုံအတွင်း၌ ရေအမြန်ချိုးလိုက်ပြီး ကင်မရာမှတ်တမ်းများကို စစ်ဆေးလေသည်။
မှတ်တမ်းအများစုမှာ သာမန်ကိစ္စများသာ ဖြစ်သည်။
အချို့မှတ်တမ်းများတွင် အိုင်စလာက အိုင်ဗီကို ဆဲဆိုနေခြင်းများရှိပြီး အချို့တွင်မူ အိုင်ဗီ ပြန်လာလျှင် မည်သို့ အပြစ်ပေးမည်ကို မိသားစုလိုက် တိုင်ပင်နေကြခြင်းများ ဖြစ်သည်။
ဗီဒီယိုကို အမြန်နှုန်းဖြင့် ကျော်ကြည့်နေစဉ်မှာပင် အိုင်ဗီ၏ မျက်ဝန်းတို့မှာ တောက်ပသွားပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခုဖြင့် ခုတင်ပေါ်မှ ထရပ်လိုက်သည်။
"တွေ့ပြီ"
အိုင်ဗီသည် ဆက်လက်ကြည့်ရှုလေလေ ပိုမိုအံ့သြလေလေဖြစ်သည်။
"ငါ ဘာလို့ ရိက္ခာတွေ ရှာမတွေ့တာလဲလို့။ ရာဗင်ခရော့ဖ်တို့မှာ ဒီလို သိုလှောင်ခန်းမျိုး ရှိနေတာကိုး..." သူမ၏ အသံမှာ တိုးညင်းသော်လည်း လှောင်ပြောင်ရယ်မောလိုသည့် အရိပ်အယောင်များ ပါဝင်နေသည်။
ကင်မရာကို သိုလှောင်ရုံထဲသို့ ပြန်ထည့်လိုက်ပြီး အိုင်ဗီသည် သူမ၏ နောက်ထပ်ခြေလှမ်းကို စတင်စီစဉ်တော့သည်။
ပထမဆုံးအနေဖြင့် သူမသည် ရာဗင်ခရော့ဖ် မိသားစုကို အရင်ရှင်းမည်။ သူမ သူတို့ကို နှိပ်စက်ချင် သေးသည်။ သူတို့ကို ချက်ချင်း သတ်ပစ်လိုက်ခြင်းက သူမ ခံစားခဲ့ရသည်များနှင့် ယှဉ်လျှင် တရားမျှတမှု မရှိဟု သူမ ခံစားရသောကြောင့် ဖြစ်သည်။
သို့သော်... ပိုပိုများလာသော အပြောင်းအလဲများ ကြောင့် အိုင်ဗီသည် သူမ၏ ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားလိုက်သည်။ သူတို့အားလုံးကို သတ်ပစ်လိုက်ခြင်းကသာ အကောင်းဆုံး ဖြစ်ပေလိမ့်မည်။
မွန်းလွဲပိုင်းအထိ အိန်ဂျလီနာ၏ မိဘများ ရှိနေခဲ့ကြသည်။ သူတို့သည် နေ့လယ်စာကိုပါ ထိုနေရာတွင်ပင် စားသောက်ကြသည်။
အဲ့ဒီချိန်အတွင်း အိန်ဂျလီနာ၏ မိခင်က မေးလိုက်သည်။
"အိုင်ဗီ ဘယ်မှာလဲ။ ကျွန်မ သူမကို တွေ့ချင်လို့။ ပြီးတော့ သူမက ဘာလို့ ရှင်တို့ကို အိမ်အလုပ်တွေ ကူမလုပ်ပေးတာလဲ"
ဆာဖီနာက ခါးသီးသော အပြုံးဖြင့် ရယ်မောလိုက်ကာ
"သူကတော့... ဘယ်လိုပြောရမလဲရှင်။ အခု အသက်အရွယ်အရ ပုန်ကန်ချင်တဲ့အရွယ် ရောက်နေတာလေ။ ကျွန်မတို့ ပြောတာကို လုံးဝ နားမထောင်ဘူး။ ဘာအလုပ်မှလည်း ကူမလုပ်ပေးဘူး။ ပြီးခဲ့တဲ့ တစ်ပတ်လုံးလည်း ဘယ်တွေ လျှောက်သွားနေမှန်း ဘုရားပဲ သိလိမ့်မယ်။
မနေ့ကမှ ပြန်ရောက်လာတာ၊ အခန်းထဲကနေ လုံးဝ ထွက်မလာဘူး။ ရှင်တို့ ရောက်နေတဲ့အကြောင်း သွားပြောခဲ့ပေမဲ့လဲ... သိတဲ့အတိုင်း ဒီကလေးက..."
အိန်ဂျလီနာ၏ မိခင်ဖြစ်သူ "ကိတ်" သည် ဆာဖီနာ၏ စကားများကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။
"သူမက ဘယ်ကို သွားတာလဲ။ ပြီးတော့ ဘာလို့ ကျွန်မတို့ဆီက ခွင့်မတောင်းတာလဲ။ ဒီကလေးကတော့ တော်တော့်ကို လွန်လာပြီပဲ။
ဘာ... ပုန်ကန်ချင်တဲ့အရွယ် ဟုတ်လား။ ကျွန်မတို့ခေတ်တုန်းက အဲဒါမျိုးတွေ မရှိခဲ့ဘူး။ အခုခေတ် ကလေးတွေက တော်တော်လေးကို နုရွလွန်းနေကြတာ။ သူမကို ခေါ်ခဲ့စမ်းပါ၊ ကျွန်မ သူမကို ဆုံးမလိုက်မယ်"
သူမ၏ အခန်းထဲတွင် ထိုင်နေသော အိုင်ဗီသည် ထိုစကားအားလုံးကို ကြားနေရပြီး ရင်ထဲတွင် ရွံရှာမိတော့သည်။
ကိတ်သည် အိုင်ဗီကို ကျွန်တစ်ယောက်ကဲ့သို့သာ သဘောထားသူ ဖြစ်သည်။ သူမသည် သူမ၏ သားနှင့် အိုင်ဗီကို လက်ထပ်ပေးချင်သော်လည်း အိုင်ဗီ၏ ဆင်းရဲသော နောက်ခံကြောင့် အမြဲတမ်း နှိမ် လေ့ရှိသည်။
အိန်ဂျလီနာ၏ မိသားစုဝင် အားလုံးက အိုင်ဗီကို ချွေးမလောင်းအဖြစ် သဘောထားကြခြင်းမှာ ဒင်းတို့မိသားစု၏ အမွေဆက်ခံမည့် သားဖြစ်သူက အိုင်ဗီနှင့်သာ မညားပါက ဘယ်သူ့ကိုမှ လက်ထပ်မည်မဟုတ်ဟု ပြတ်ပြတ်သားသား ပြောဆိုထားသောကြောင့် ဖြစ်သည်။
ကိတ်သည် စိတ်တိုင်းမကျသော်လည်း သူမ၏ သားကို အလွန်အလိုလိုက်သူ ဖြစ်သည်။
ဒါ့ကြောင့်ပဲ သူတို့က အိုင်ဗီ့ကို ချွေးမတစ်ယောက်အဖြစ် သတ်မှတ်ထားသော်လည်း သူမကို သူတို့စကား နားထောင်ပြီး ကျွန်တစ်ယောက်လို ပြုမူနေထိုင်ရန် မျှော်လင့်ထားကြသူများ ဖြစ်သည်။
အတိတ်ဘဝက ကိတ်ကြောင့် အိုင်ဗီမှာ အကြိမ်ပေါင်းများစွာ အသက်ရှူပင် ကျပ်ခဲ့ရဖူးလေသည်။