အောင်မြင်မှုရမှတ်
Vol. 6 Ch. 58
[တွက်ချက်နေသည်... ၈၀ ဟု ပြသနေပါသည်]
အိန်ဂျလီနာ၏ ရင်ထဲတွင် ဗုန်းခနဲ ဖြစ်သွားတော့သည်။
ဘာကြောင့် ဒီရမှတ်က အမြဲတမ်း တက်နေရတာလဲ။ သာမန်လူတစ်ယောက်ရဲ့ အောင်မြင်မှုနှုန်းက တစ်နေရာမှာ ရပ်သွားသင့်တာ မဟုတ်ဘူးလား။
သူမ ဒီစနစ်ကို စတင်ရရှိချိန်မှာ ဒေမီယန်ရဲ့ အောင်မြင်မှုရမှတ်က ၅၅ ပဲ ရှိသေးတာ။ နောက်တစ်နေ့မှာ ပိုကောင်းတဲ့သူကို ရှာဖို့ အပြင်ထွက်ရင်း သူ့ကို ထပ်တွေ့တော့ ရမှတ်က ၆၅ အထိ ခုန်တက်သွားခဲ့တာ။
ဒါတင်မကသေးဘူး၊ နောက်တစ်ခါ ထပ်တွေ့တဲ့အခါမှာ ၇၅ အထိ တက်လာခဲ့လို့ အိန်ဂျလီနာက ဒီထူးဆန်းမှုကို သတိပြုမိပြီး သူမရဲ့ ပစ်မှတ်အဖြစ် ဒေမီယန်ကိုပဲ အပြတ်အသတ် ရွေးချယ်လိုက်တော့တာပဲ။
အခုဆိုရင် ရမှတ်က ၈၀ အထိ ရောက်နေပြီ။
ဒေမီယန်ရဲ့ မိသားစုဝင်တွေရဲ့ ရမှတ်က နိမ့်နေပြီး တချို့ဆိုရင် အနုတ်ပြနေတာတောင် အိန်ဂျလီနာ ဂရုမစိုက်ဘူး။
သူမ လက်ထပ်မှာက ဒေမီယန်ကိုလေ၊ သူ့မိသားစုကိုမှ မဟုတ်တာ။
'မရဘူး ဒီလက်ထပ်ပွဲကို ဒီနေ့ အပြတ်ဖြတ်ရမယ်’ သူမ စိတ်ထဲက ကြုံးဝါးလိုက်ပြီး သူမရဲ့ မိခင်ကို ကြည့်လိုက်တယ်။ သူမက မျက်လုံးအဝိုင်းသားနဲ့ အချက်ပြလိုက်ပြီး မေမေ လုပ်ဖို့ပြင်နေတာတွေကို ရပ်ဖို့ ပြောနေပေမယ့် သူမအမေကတော့ အချက်ပြမှုကို လုံးဝ နားမလည်ခဲ့ဘူး။
အဲဒီအစား သူမအမေက ရှိုက်ကြီးတငင် ငိုယိုပြီး ဆက်ပြောတော့တယ်။
"အဲဒီ အိုင်ဗီ ဘာလုပ်လိုက်သလဲ သိလား။ ငါ့ကို ပါးရိုက်လိုက်တာ”
ကိတ်က ဒေမီယန်ဘက်ကို လှည့်ပြီး အသံကို မြှင့်လိုက်ကာ
"နင်က အဲ့ဟာမရဲ့ အစ်ကိုလို့ နင့်ကိုယ်နက် ပြောနေပေမယ့် အဲဒီကလေးမကို ယဉ်ကျေးအောင်တောင် မဆုံးမထားဘူးပဲ။ ငါ ဒီလက်ထပ်ပွဲကို သဘောတူဖို့ဆိုရင် အိုင်ဗီကို ငါ့ရှေ့မှာ ဒူးထောက်တောင်းပန်ခိုင်းရမယ်၊ ပြီးတော့ နောက်ထပ် ၁ နှစ်တိတိ ငါ့အိမ်က အလုပ်အားလုံးကို ခိုင်းရမယ်၊ ဒါမှမဟုတ်ရင်လည်း သူမကို ဒီအိမ်ကနေ မောင်းထုတ်လိုက်"
ဒေမီယန်ဟာ အိန်ဂျလီနာသာ မရှိရင် ကိတ်ရဲ့ စကားကို လျစ်လျူရှုမိမှာပါ။ ဒါပေမယ့် ကိတ်ရဲ့ ရန်စတဲ့စကားတွေကြောင့် သူဟာ သူ့ရဲ့ အာဏာကို စိန်ခေါ်ခံလိုက်ရသလို ခံစားလိုက်ရပြီး မတ်တတ်ရပ်လိုက်ကာ
"ကျွန်တော် သွားကြည့်လိုက်ပါ့မယ်။ ဒါပေမယ့်..." သူက စကားကို ရပ်လိုက်ပြီး ကိတ်ကို အဓိပ္ပာယ်ပါပါ စိုက်ကြည့်ကာ "နောက်တစ်ခါကျရင် ဒီလို အောက်တန်းကျတဲ့ နည်းလမ်းမျိုးကို မသုံးပါနဲ့တော့"
သူ့စကားက ဝေဝါးနေပေမယ့် အိန်ဂျလီနာနဲ့ ကိတ်ကတော့ ကောင်းကောင်းကြီး နားလည်လိုက်ကြတယ်။ သူတို့နှစ်ယောက်လုံး အရှက်ရမှုကြောင့် မျက်နှာတွေ နီမြန်းသွားကြတော့တာပဲ။
ဒီစကားဝိုင်းတစ်ခုလုံးကို ကြားနေရတဲ့ အိုင်ဗီကတော့ ခပ်တိုးတိုး ရယ်မောလိုက်တယ်။ ဒေမီယန်က အတိတ်ဘဝတုန်းကလို နုံနုံအအတော့ မဟုတ်တော့ဘူးပဲ။
ဒီဘဝမှာ သူက လက်စွပ်ကို စောစောစီးစီး ရထားတာကြောင့် သူ့ရဲ့ ဉာဏ်ရည် ကလည်း သိသိသာသာ တက်လာပုံရတယ်။
သူမက သူလာမှာကို စောင့်နေလိုက်ပြီး မကြာခင်မှာပဲ သူမရဲ့ အခန်းတံခါးကို လာခေါက်သံ ကြားလိုက်ရတယ်။
'ကိတ်... ရှင်ပဲ ကျွန်မကို ဒီလိုလုပ်ဖို့ အတင်းအကျပ် တွန်းအားပေးခဲ့တာနော်' လို့ အိုင်ဗီ တွေးလိုက်တယ်။ သူမဟာ ကိတ်နဲ့ အိန်ဂျလီနာတို့ မိသားစုအပေါ်မှာ ကြီးမားတဲ့ ရန်ငြိုးရန်စတော့ မရှိပါဘူး။ တကယ်လို့ ဒီမလောက်လေးမလောက်စားတွေက သူမကို လာမနှောင့်ယှက်ရင် သူမဘက်က အရေးယူဖို့ အစီအစဉ်မရှိခဲ့ဘူး။ ဒါပေမယ့် အခုတော့...
အိုင်ဗီက တံခါးဖွင့်ပေးလိုက်ရာ ဒေမီယန်က တည်တင်းနေတဲ့ မျက်နှာနဲ့ အခန်းထဲဝင်လာပြီး တံခါးကို ဂျက်ထိုးပိတ်လိုက်တယ်။
ရာဗင်ခရော့ဖ် မိသားစုဝင်တွေနဲ့ ကိတ်၊ အိန်ဂျလီနာတို့ မိသားစုဟာ အဝေးကနေ စပ်စုပြီး ကြည့်နေကြကာ ဒေမီယန်ရဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာပေးကို တွေ့လိုက်ရတယ်။
သူတို့ရဲ့ စိတ်ထဲမှာ အတွေးတစ်ခုပဲ ရှိတော့တယ်။
'အိုင်ဗီတော့ ဒီတစ်ခါ တကယ် သွားပြီ'
...............
ဒေမီယန်က အိုင်ဗီကို အဆိပ်အတောက်တွေ ပြည့်နေတဲ့ အကြည့်နဲ့ ကြည့်ရင်း -
"နင်ကတော့ တကယ့်ကို ငါတို့စကားကို နားမထောင်တတ်တော့ဘူးပဲ"
"ဆိုတော့ ဘာဖြစ်လဲ" အိုင်ဗီက ဒေမီယန်ကို ပျင်းရိငြီးငွေ့တဲ့ အကြည့်နဲ့ ပြန်ကြည့်လိုက်တယ်။
"ဘာဖြစ်လဲ ဟုတ်လား။ အခုကစပြီး နင်က ဒီအိမ်က အလုပ်တွေရော၊ အဒေါ်ကိတ်တို့ အိမ်က အလုပ်တွေပါ အကုန်လုပ်ရမယ်။ ပြီးတော့... နင် အဒေါ်ကိတ်ရဲ့ သားနဲ့ လက်ထပ်ရမယ်။ လက်ထပ်ပြီးရင်လည်း အဲဒီအိမ်က အစားအသောက်တွေကို ဒီအိမ်ကို ယူလာဖို့ မမေ့နဲ့ဦး။ နောက်ပြီး ငါ့ရဲ့ အဝတ်အစားတွေကလည်း သေသေချာချာ လျှော်မထားဘူး၊ အဲဒါပါ သွားလုပ်လိုက်..."
"ပါးစပ်ပိတ်ထားစမ်း" အိုင်ဗီက မထီမဲ့မြင်ပြုတဲ့ လေသံနဲ့ ပြောလိုက်တာကြောင့် ဒေမီယန် ဒေါသတွေ ပေါက်ကွဲသွားတော့တယ်။
"နင် ငါ့ကို လေသံမာရဲတယ်ပေါ့လေ!"
ထိုသို့ဆိုကာ သူက အိုင်ဗီကို လက်နဲ့ ရွယ်လိုက်ပေမယ့် ဒီတစ်ခါတော့ အိုင်ဗီက အဆင်သင့်ပဲ။ သူမက ဝပ်ချလိုက်ပြီး ဒေမီယန်ရဲ့ ဝမ်းဗိုက်ကို အားရပါးရ ထိုးလိုက်တယ်။
ဒေမီယန်ဟာ နာကျင်မှုကြောင့် ဝမ်းဗိုက်ကို လက်နဲ့အုပ်ပြီး ညည်းတွားသွားရတယ်။
အိုင်ဗီက မရပ်သေးဘူး။ သူမက ဒေမီယန်ရဲ့ မျက်နှာကို ကန်လိုက်ပြီး လဲကျသွားတာကို အသာလေး ရပ်ကြည့်နေလိုက်တယ်။
အဲဒီနောက်မှာတော့ တစ်ဖက်သတ် နှိပ်စက်တဲ့ ပွဲကြီး စတင်ပါတော့တယ်။ အိုင်ဗီဟာ နည်းနည်းလေးမှ သနားညှာတာမှု မရှိခဲ့ဘူး။
သူမဟာ လက်ရှိမှာ ဒေမီယန်လောက် ခွန်အားမကြီးသေးတာ မှန်ပေမယ့် ဆယ်စုနှစ်တစ်ခုစာ ကမ္ဘာပျက်ကပ်ထဲမှာ ရှင်သန်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့် သူမမှာ နည်းပရိယာယ်တွေ ရှိနေပြီး အဲဒါက လက်ရှိ ဒေမီယန်ကို ကိုင်တွယ်ဖို့ လုံလောက်နေပြီလေ။
ဒေမီယန်ဟာ မတ်တတ်တောင် မရပ်နိုင်တော့တဲ့အထိ အရိုက်ခံလိုက်ရသည်။ သူဟာ ကြမ်းပြင်ပေါ်မှာ ခုတင်ပေါ်တွင် လှဲနေသလိုမျိုး ပက်လက်လန်သွားတော့တယ်။
သူ အရှက်ကွဲတာ အိုင်ဗီ သိပေမယ့် သူမကတော့ လွှတ်ပေးဖို့ အစီအစဉ်မရှိခဲ့ဘူး။
................
ရာဗင်ခရော့ဖ် မိသားစုနဲ့ အိန်ဂျလီနာတို့ဟာ အပြင်ကနေ စောင့်ရင်း စောင့်ရင်းနဲ့ အထဲက အော်ဟစ်သံတွေနဲ့ အသနားခံသံတွေကို ကြားလိုက်ရသည်။
ဒါပေမယ့်... အဲဒီအသံက အိုင်ဗီရဲ့ အသံမဟုတ်ဘဲ ဘာလို့ ဒေမီယန်ရဲ့ အသံ ဖြစ်နေရတာလဲ။
"မေမေ... သမီး နားကြားမှားနေတာလား။ ကိုကိုက အိုင်ဗီ့ဆီမှာ ဘယ်လိုလုပ်ပြီး အရိုက်ခံနေရတာလဲ။ တစ်ခုခုတော့ မှားနေပြီ ဟုတ်တယ်မလား" လို့ အိုင်စလာက ဝေခွဲမရတဲ့ မျက်နှာနဲ့ မေးလိုက်သည်။
ဆာဖီနာကတော့ သူမရဲ့ နုံလှတဲ့ သမီးကို ကြည့်ပြီး နှုတ်ဆိတ်နေမိသည်။ ဒေမီယန် "ခွန်အားကြီးစွမ်းအား" ရခဲ့တုန်းက သူမ အနာဂတ်အတွက် မျှော်လင့်ချက်တွေ အပြည့်ရှိခဲ့တာ။
ဒါပေမယ့် အခုတော့...
"ရှင် သွားကြည့်လိုက်ဦး" ဆာဖီနာက မက်ဂနပ်စ်ကို တွန်းလွှတ်ပေမယ့် မက်ဂနပ်စ်ကတော့ မဝံ့မရဲနဲ့ နေရာကနေ တုပ်တုပ်မှမလှုပ်။
"သူ အဆင်ပြေမှာပါ" လို့ သူက မရေမရာ ပြောလိုက်သည်။
ဆာဖီနာကတော့ စကားပင်မပြောနိုင်တော့ပါ
"ရှင်တောင် မယုံကြည်နိုင်ဘူးပဲ သွားကြည့်စမ်းပါ အိုင်ဗီက ငါ့သားကို သတ်ပစ်ရင် ဘယ်လိုလုပ်မလဲ။ အခုတလော ကောင်မက ဝိညာဉ်ပူးနေတဲ့ မိန်းမလို ဖြစ်နေတာ"
မက်ဂနပ်စ်က သွားကြိတ်လိုက်ပြီး စိတ်ကို တင်းကာ တံခါးဝကို သွားပြီး ခေါက်လိုက်တယ်။ မကြာခင်မှာပဲ တံခါးက ဝုန်းခနဲ ပွင့်လာကာ…
အိုင်ဗီရဲ့ မျက်နှာပေါ်က သွေးစက်တွေနဲ့ သူမဆီက ထွက်နေတဲ့ ကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေကြောင့် လူတိုင်းဟာ ကြောက်လန့်တကြား ဖြစ်သွားကြတော့သည်။
သူတို့ဟာ ကြမ်းပြင်ပေါ်မှာ လဲနေသော ဒေမီယန်ကို မြင်လိုက်ရပြီး တံတွေးကို အနိုင်နိုင် မျိုချလိုက်ကြရသည်။
"တစ်ခုခု လိုလို့လား" အိုင်ဗီက ခပ်အေးအေးပဲ မေးလိုက်ပေမယ့် သူမရဲ့ အေးစက်တဲ့ မျက်ဝန်းတွေကတော့ 'လာမနှောင့်ယှက်နဲ့' ဆိုတဲ့ အဓိပ္ပာယ်ကို သေသေချာချာ ပေးနေသည်။
"ဘာမှမဟုတ်ပါဘူး... ဟို... နည်းနည်းလောက် လျှော့ပေးပါဦးလို့..." မက်ဂနပ်စ်က ကြောက်ကြောက်လန့်လန့်နဲ့ ပြောရှာတယ်။
ခေတ္တမျှ အိုင်ဗီတောင် အံ့သြသွားပြီးမှ မက်ဂနပ်စ်ကို အဓိပ္ပာယ်ပါပါ ကြည့်ကာ "သိပြီ" လို့ ပြောပြီး တံခါးကို ပြန်ပိတ်လိုက်တယ်။
မက်ဂနပ်စ်က သူတို့ကို အော်ပြောလိုက်သည်။
"နင်တို့ မကျေနပ်ရင် ကိုယ့်ဘာသာကိုယ် သွားကယ်ကြလေ"
အဲဒီတော့မှ ဘယ်သူမှ မလှုပ်ရဲတော့ပါ။
ဒီတစ်ခါတော့ မက်ဂနပ်စ်ကပဲ စကားမပြောနိုင် ဖြစ်သွားရပြန်သည်။
အိုင်ဗီ လက်စသတ်လိုက်ချိန်မှာတော့ ဒေမီယန်ဟာ သွေးအလိမ်းလိမ်းနဲ့ လူရုပ်ပင်မထွက်တော့။ သူမက သူ့ကို အခန်းပြင်ကို ကန်ထုတ်လိုက်ပြီး သတိပေးလိုက်သည်။
"ဘယ်သူမဆို ငါ့ကို ထပ်ပြီး လာနှောင့်ယှက်တာ ဒါမှမဟုတ် အဓိပ္ပာယ်မရှိတဲ့ တောင်းဆိုချက်တွေ လာလုပ်မယ်ဆိုရင်... နင်တို့လဲ သူ့လိုပဲ အဆုံးသတ်သွားလိမ့်မယ်”