အနာဂတ်ဟောကိန်း
Vol. 6 Ch. 60
ဖရန့်ခ်သည် သူ၏ရှေ့တွင် ဒူးထောက်နေသော တူဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်နေမိသည်။ ရိုနန်ကို သူပေးအပ်ခဲ့သော ရိုးရှင်းလှသည့် တာဝန်လေးတစ်ခုကိုပင် ရိုနန်က မကျေပွန်နိုင်ခဲ့ခြင်းအပေါ် သူ မယုံကြည်နိုင်ဖြစ်နေရသည်။
အဆိုးဆုံးမှာ စတီဖင်က ရိုနန်၏စကားကို နားပင်မယောင်ခဲ့ခြင်းကြောင့် ဖရန့်ခ်၏ အစီအစဉ်ကို ရန်သူက ကြိုတင်ရိပ်မိသွားနိုင်ခြင်းပင် ဖြစ်သည်။
သူသည် သားဖြစ်သူ ဂျိတ် ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဂျိတ်၏ နက်မှောင်သော မျက်ဝန်းများမှာ ရှေ့သို့ စူးစိုက်ကြည့်နေပြီး နက်ရှိုင်းသော အဓိပ္ပာယ်များ ကိန်းအောင်းနေသယောင် ရှိသည်။
"သား... အခု ငါတို့ ဘာဆက်လုပ်သင့်လဲ။ စတီဖင် သေမှာ သေချာတယ်လို့ မင်းပြောခဲ့တာ မဟုတ်လား။ အဲဒီတော့မှ ငါတို့က ဘလက်ခ်သော်န် မိသားစုကို အပြတ်ရှင်းနိုင်မှာလေ..."
၎င်းမှာ သာမန်မေးခွန်းတစ်ခုဟု ထင်ရသော်လည်း အသေအချာ နားထောင်လျှင်မူ အပြစ်တင်လိုသော အရိပ်အယောင်များ ကွယ်ဝှက်နေလေသည်။
ဂျိတ်သည် ထိုအချက်ကို သိသော်လည်း ဖရန့်ခ်၏ စကားကို မကြားချင်ယောင်ဆောင်ကာ သူတစ်ဦးတည်းသာ ကြားနိုင်သော အသံဖြင့် တိုးတိုးလေး ရေရွတ်လိုက်၏။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ တစ်ခုခုတော့ မှားနေပြီ... ငါ့ရဲ့ ခန့်မှန်းချက်အရဆိုရင်... စတီဖင် သေရမှာလေ။ ငါ့ရဲ့အဆင့်က နိမ့်လွန်းနေလို့ အနာဂတ်ကို အပြည့်အဝ မမြင်ရဘဲ ဖြစ်နိုင်ခြေတွေကိုပဲ မြင်နေရတာလား"
ခဏအကြာတွင် သူသည် အာရုံကို ပြန်လည်စုစည်းကာ တွေးလိုက်မိသည်မှာ
'ဒါမှမဟုတ် စတီဖင်နဲ့ နီးစပ်သူတစ်ယောက်ယောက်ကလည်း အနာဂတ်ဟောကိန်းထုတ်နိုင်တဲ့ စွမ်းအားကို ရထားတာလား'
"ဂျိတ် ငါ မင်းကို မေးနေတယ်လေ" ဖရန့်ခ်က စိတ်မရှည်စွာ ပြောနေသည်။ သူသည် သူ၏ နိုင်ငံရေးပြိုင်ဘက်ကို အမြန်ဆုံး ဖြုတ်ချချင်နေပြီ မဟုတ်ပါလား။
ဂျိတ်က ခေတ္တတုံ့ဆိုင်းသွားပြီးမှ တည်ငြိမ်သောအသံဖြင့် ဆိုလိုက်၏ -
"အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ် အဖေ၊ အလောမကြီးပါနဲ့ဦး"
မိုးရွာပြီးနောက်ပိုင်း စွမ်းအားနိုးထလာချိန်မှစ၍ ဂျိတ်သည် အနာဂတ်အမြင်တစ်ခုကို ရရှိခဲ့သည်။ ၎င်းမှာ ဆာဟာရသဲကန္တာရ၏ အနက်ရှိုင်းဆုံးနေရာမှ ဒေသခံတစ်ဦး ယူဆောင်လာသော မြွေတစ်ကောင်သည် နောက်ဆုံးတွင် ဇမ်ဘီမြွေအဖြစ်သို့ ပြောင်းလဲသွားမည့် မြင်ကွင်းပင်။
ထို့နောက် ရိုနန် လမ်းလျှောက်နေစဉ် ထိုထူးဆန်းသော မြွေကို တွေ့သဖြင့် သွားရောက်စနောက်ရာမှ မြွေမှာ ရုတ်တရက် နိုးလာပြီး ဟောက်သံပေးကာ ရိုနန်ကို လိုက်သဖြင့် ရိုနန်က ကြောက်လန့်တကြား အော်ဟစ်ကာ ဖရန့်ခ်၏ အာရုံကို ဆွဲဆောင်မိသွားလိမ့်မည်။
ဖရန့်ခ်သည် ရိုနန်ကို ကယ်တင်ရန် အပြေးအလွှားသွားသော်လည်း နောက်ဆုံးတွင် ထိုမြွေကိုက်ခံရကာ ထိုနေရာမှာတင် သေဆုံးသွားလိမ့်မည်။
ဂျိတ် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ထိတ်လန့်သွားပြီး အဖေဖြစ်သူအား ပြောပြခဲ့ရာ ဖရန့်ခ်ကလည်း ဂျိတ်၏ ဆိုလိုရင်းကို နားလည်သဖြင့် အကြောင်းပြချက်တစ်ခုပေးကာ ထိုမစ်ရှင်ကို အောင်မြင်စွာ ရှောင်လွှဲနိုင်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ဂျိတ်က ပိုမိုပြောင်မြောက်သော အစီအစဉ်တစ်ခုကို ထပ်မံရေးဆွဲခဲ့သည်။ သူသည် ရိုနန်ကို ထိုမြွေရှိရာသို့ သွားခိုင်းပြီး စတီဖင်ကို ထိုနေရာသို့ လှည့်စားခေါ်ဆောင်ရန် ခိုင်းစေခဲ့သည်။
ဤနည်းဖြင့် ဖရန့်ခ်အစား စတီဖင်က သေဆုံးသွားမည်ဖြစ်ပြီး သူတို့၏ ကံကြမ္မာဆိုးကို အခြားတစ်ဦးထံ လွှဲပြောင်းပေးကာ ကံကြမ္မာကို ပြောင်းလဲနိုင်မည်ဟု သူတို့ ထင်ခဲ့ကြသည်။
သို့သော် မည်သူက ထင်ထားပါမလဲ။ စတီဖင်သည် ရိုနန်၏ အော်ဟစ်သံကို ဂရုမစိုက်ရုံသာမက ရိုနန်ညွှန်ပြသော ဘက်သို့လည်း လုံးဝမသွားခဲ့ချေ။
'သေခြင်းတရားက ရှောင်လွှဲလို့ မရနိုင်တာလား' ဟု ဂျိတ်က ခါးသီးစွာ တွေးနေမိသည်။ သူသည် ဖခင်ဖြစ်သူ သေဆုံးသည်ကို မကြည့်ရက်သဖြင့် စတီဖင်အပေါ် ဤမျှ ရက်စက်သော နည်းလမ်းကို သုံးခဲ့ခြင်း ဖြစ်သည်။
သူသည် နောင်တရနေစဉ်မှာပင် သူ၏ ခန္ဓာကိုယ်အတွင်းမှ အပူရှိန်တစ်ခု တက်လာသည်ကို ခံစားလိုက်ရသည်။ သူ၏ တစ်ကိုယ်လုံး အနည်းငယ် လင်းလက်လာသဖြင့် ရိုနန်နှင့် ဖရန့်ခ်တို့၏ အာရုံကို ဖမ်းစားသွားသည်။
သူတို့ကို တစ်ချက်မျှပင် လှည့်မကြည့်ဘဲ ဂျိတ်သည် မျက်လုံးများကို မှိတ်လိုက်ရာ ပျက်စီးယိုယွင်းနေသော မြင်ကွင်းတစ်ခုကို မြင်လိုက်ရပြန်သည်။ ဇမ်ဘီအုပ်ကြီးသည် စကိုင်းလိုင်း လူနေတိုက်ခန်းများဆီသို့ အလုအယက် ပြေးဝင်လာပြီး သူတို့နေထိုင်ရာ နေရာအပါအဝင် အဆောက်အဦးတစ်ခုလုံးကို ကျူးကျော်ဝင်ရောက်လာကြသည်။
ထို့နောက်တွင် "ဘလက် ဗာချာ" ဟု အမည်ရသော အဖွဲ့အစည်းသစ်တစ်ခု ပေါ်ပေါက်လာလိမ့်မည်။ သူတို့၏ ခေါင်းဆောင်မှာ အလွန်ရက်စက်ကြမ်းကြုတ်သူဖြစ်ပြီး နောက်ဆုံးတွင် နာမည်ကျော်ကြားလာလိမ့်မည်။
သူသည် တဖြည်းဖြည်း ပိုမိုပျက်စီးလာ သော ကမ္ဘာပျက်ကပ်၏ ထိပ်တန်းခေါင်းဆောင်များထဲမှ တစ်ဦး ဖြစ်လာလိမ့်မည်။ သူ၏ အမည်မှာ "ဒဲရစ်ခ်ရိန်း" ဖြစ်သည်။
ဂျိတ်သည် ဒဲရစ်ခ်နှင့် ပတ်သက်သော သေးငယ်သည့် အချက်အလက်များကိုပါ သတိရသွားသည်။ သူ၏ နဖူးတွင် အောက်ဘက်သို့ သွယ်တန်းနေသော အမာရွတ်လေးတစ်ခု ရှိပြီး အသားညိုကာ ထွားကျိုင်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည်။ သူ့ကို အခြားသူများထက် ထူးခြားစေသည်မှာ သူ၏ စွမ်းအားပင်။
၎င်းမှာ စိတ်စွမ်းအင် ဖြစ်သည်။ လူတိုင်း ရရှိရန် ခဲယဉ်းပြီး အစွမ်းထက်လှသော စွမ်းအားမျိုးပင်။ သူသည် ဘုရင်တစ်ပါး ဖြစ်လာမည်ဖြစ်ပြီး သူနှင့် မိတ်ဖက်ပြုသူတိုင်းသည် ကမ္ဘာပျက်ကပ်အတွင်း စိုးမိုးနိုင်လိမ့်မည်။ ထို အသိက ဂျိတ်ကို စိတ်လှုပ်ရှားသွားစေပြီး သူ မျက်လုံးများကို ဖွင့်လိုက်ကာ
"အဖေ ကျွန်တော် အောင်မြင်မဲ့ လမ်းကို တွေ့ပြီ" ဟု အော်လိုက်သည်။
ထိုစကားကို ကြားသောအခါ ဖရန့်ခ်မှာ စိတ်မလှုပ်ရှားနိုင်တော့ချေ။ ပြီးခဲ့သော တစ်ခေါက်ကလည်း ဂျိတ်သည် ထိုစကားကိုပင် ပြောခဲ့ဖူးသည် မဟုတ်လား။ သူ၏သားသည် ယခုတစ်ကြိမ်တွင် နောက်ထပ် မြွေတစ်ကောင်ကို ထပ်လွှတ်ခိုင်းဦးမည်လားဟုပင် သူ တွေးနေမိသည်။
သို့သော် ဂျိတ်၏ စကားက သူ့ကို မှင်တက်သွားစေ၏။
"အဖေ... မကြာခင်မှာ အကျဉ်းထောင်က လွတ်လာတဲ့ ဒဲရစ်ခ် ဆိုတဲ့ လူမိုက်တစ်ယောက်က ကိုယ်ပိုင်အဖွဲ့တစ်ခု ဖွဲ့ပြီး တခြားသူတွေဆီက ရိက္ခာတွေကို လုယူလိမ့်မယ်။ အဲဒီနောက်မှာ သူက ကမ္ဘာပျက်ကပ်ရဲ့ အနိုင်မရနိုင်တဲ့ ခေါင်းဆောင်ကြီး ဖြစ်လာလိမ့်မယ်။ အဖေ ကျွန်တော် ဆိုလိုတာကို နားလည်တယ် မဟုတ်လား"
ဖရန့်ခ်က ခေတ္တတွန့်ဆုတ်သွားပြီး မျက်ဝန်းများ တောက်ပလာကာ
"ငါ သူ့ကို အခုချက်ချင်း သတင်းပို့ပြီး ဖမ်းလိုက်ရမလား။ အဲဒါဆိုရင် သူ သာမန်ပြည်သူတွေကို ဒုက္ခပေးလို့ မရတော့ဘူးပေါ့... ဒါပေမဲ့ ငါကတော့ ဘာဂုဏ်မှ ရမှာမဟုတ်ဘူး"
ဂျိတ်က နဖူးကို လက်ဖြင့် ရိုက်လိုက်မိသည်။ သူ၏ ဖခင်မှာ အစဉ်အမြဲ အကွက်ချစီစဉ်နေသော်လည်း ပြည်သူများ နာကျင်ခံစားရမည်ကိုတော့ မကြည့်ရက်နိုင်သေးချေ။
သို့သော်... ဂျိတ်၏ မျက်နှာမှာ တည်သွားသည်။ သူ မြင်တွေ့ခဲ့ရသော မြင်ကွင်းများအရ တစ်ခုခုကို သူ သိလိုက်ရသည်။ ဤကမ္ဘာပျက်ကပ်သည် ခဏတာ ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။
၎င်းသည် လူသားတို့၏ နေထိုင်မှုပုံစံကို လုံးဝပြောင်းလဲပစ်ကာ နောက်ဆုံးတွင် လက်တွေ့ဘဝ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာပေလိမ့်မည်။
ဤဘေးဒုက္ခကြီးအတွင်းမှ အစပြုခြင်းအသစ်တစ်ခု ပေါ်ထွက်လာလိမ့်မည်။ ထိုအစပြုခြင်းအသစ်တွင် သူတို့ စိုးမိုးလိုပါက အာဏာရှိသူများနှင့် ရင်းနှီးအောင် လုပ်ထားရမည် မဟုတ်ရင်လဲ သူတို့ကိုယ်တိုင်က အစွမ်းထက်သူများ ဖြစ်နေရမည်။
ထိုသို့တွေးကာ သူက လေးနက်သော အသံဖြင့် ဆိုလိုက်သည်။
"အဖေ... အဖေက သူ့ကို ကူညီပေးပြီး သူ့ရဲ့ သူငယ်ချင်း ဖြစ်အောင် လုပ်ရမယ်။ သတင်းပို့ဖို့ မဟုတ်ဘူး"
ဖရန့်ခ်သည် သားဖြစ်သူ၏ စကားကြောင့် မှင်တက်သွားပြီး
"ဂျိတ် မင်း ရူးနေတာလား။ သူက တခြားသူတွေကို ဒုက္ခပေးမယ့်သူလေ။ ငါက အာဏာလိုချင်ပြီး ဘလက်ခ်သော်န် မိသားစုကို အာဏာမဲ့သွားအောင် လုပ်ချင်တာ မှန်ပေမဲ့ ဒါမျိုးတော့ မလုပ်နိုင်..."
"အဖေ" ဂျိတ်က ဖရန့်ခ်ကို ပြတ်ပြတ်သားသား တားလိုက်သည်။ သူသည် ဖရန့်ခ်၏ မျက်လုံးများကို စိုက်ကြည့်ကာ တစ်လုံးချင်း ပြောလိုက်သည်။ "ကမ္ဘာပျက်ကပ်က... ကျွန်တော်တို့အပေါ် သက်ညှာမှာ မဟုတ်ဘူး။ ဒါက အကြာကြီး ကြာဦးမှာ၊ ကျွန်တော်တို့ အထီးကျန်စွာနဲ့ မရှင်သန်နိုင်ဘူး။ အဖေ ဒဲရစ်ခ်ရိန်းရဲ့ နေရာကို အစားထိုးမလား၊ ဒါက အနာဂတ်ကို ပြောင်းလဲပစ်နိုင်လို့ မဖြစ်နိုင်ဘူးဆိုရင်တော့ ဒဲရစ်ခ်ရဲ့ သူငယ်ချင်း ဖြစ်အောင် လုပ်ရမှာပဲ"
ဖရန့်ခ်သည် စိတ်ပျက်လက်ပျက် ဖြစ်နေသော်လည်း သူ၏သား ရရှိထားသော စွမ်းအားက မည်သို့ အလုပ်လုပ်သည်ကို သိရှိသည်။ သူသည် အနာဂတ်ကို လုံးဝ ပြောင်းလဲပစ်၍ မရဘဲ အနည်းငယ်သာ ပြုပြင်နိုင်ခြင်း ဖြစ်သည်။
ဖရန့်ခ်ကို ကယ်တင်ခြင်းဖြင့် သူသည် အနာဂတ်ကို အနည်းငယ် ပြုပြင်ခဲ့ပြီးပြီ ဖြစ်ကာ ၎င်းအတွက် မည်ကဲ့သို့သော နောက်ဆက်တွဲဆိုးကျိုးများ ခံစားရမည်ကို သူတို့ မသိကြသေးချေ။
ထိုအခြေအနေတွင် ဖရန့်ခ်အနေဖြင့် အနာဂတ်တွင် တောက်ပမည့်သူများနှင့် မိတ်ဆွေဖွဲ့ထားခြင်းမှာ သူတို့ ရှင်သန်နိုင်ရေးအတွက် အားသာချက်တစ်ခု ဖြစ်လာပေလိမ့်မည်။
ဂျိတ်၏ စိုးရိမ်ပူပန်မှုကို နားလည်သွားသောအခါ ဖရန့်ခ်က သက်ပြင်းချလိုက်ပြီး
'ငါ့သားက ငါ့အတွက် ကြိုးစားပေးနေတာပဲ၊ ငါ သူ့ကို စိတ်ပျက်အောင် မလုပ်သင့်ဘူး မဟုတ်လား' ဟု တွေးလိုက်မိတော့သည်။