အခန်း (၈၁-၈၂)
Vol. 9 Ch. 81-82
အပိုင်း (၈၁)
စားဖိုမှူးဖန်း လည်း ရွှေ ၁၂ ကျပ်သား ရခဲ့သဖြင့် အလွန်အံ့သြကာ လက်ခံလိုက်သည်။ ဒီနေ့ စားသောက်ပွဲက ရှန်မြောင် တစ်ယောက်တည်း ဒိုင်ခံချက်ပြုတ်သွားခြင်း ဖြစ်ပြီး သူက မီးဖိုချောင်အကူအလုပ်လောက်သာ ကူညီခဲ့ရသည် မဟုတ်ပါလား။ သူသာ ရှဲ့မိသားစု၏ စားဖိုမှူး မဟုတ်လျှင် ဖုန်းမိသားစုက ဒီလောက် ရက်ရောမည် မဟုတ်ပေ။ ဒါက ရှန်ညန်ဇီ ရဲ့ ကျေးဇူးကြောင့်ပင်။
ရှန်မြောင် ကတော့ စိတ်ထဲ မကျေမနပ်ဖြစ်ခြင်း မရှိပေ။ သူတို့က စားဖိုမှူးဖန်း ကို ငှားတာလေ။ ရှဲ့တာ့ညန်ဇီက ပိုပြီး ပြီးပြည့်စုံအောင်ဆိုပြီး သူမကို ခေါ်တာ။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူမကလည်း ရှဲ့မိသားစု ကျေးဇူးကြောင့် ဒီငွေရခဲ့တာပဲလေ။
ထို့ကြောင့် သူမu ပြုံးရွှင်စွာဖြင့် စားဖိုမှူးဖန်းကို နှုတ်ဆက်ပြီး လူချင်းခွဲလိုက်ကြသည်။ ရှဲ့မိသားစုက အလုပ်လုပ်တာ အလွန်စေ့စပ်သေချာသည်။ သူမ ဖုန်းမိသားစုအိမ် တံခါးပေါက်မှ ထွက်လိုက်သည်နှင့် ကျိုးအာ့က စောင့်နေပြီးသားပင်။
ကျိုးအာ့၏ လှည်းပေါ်တက်ပြီး ပျော်ရွှင်စွာဖြင့် အိမ်ပြန်ခဲ့လေသည်။ သူမ ဒီပိုက်ဆံတွေကို မြန်မြန် သွားဝှက်ထားရမယ်။ ဒါက ပိုက်ဆံအများကြီးပဲ။ ပြန့်ကျင်းမြို့က ဘဏ်တွေက ပုဂ္ဂလိကပိုင်တွေ ဖြစ်ပြီး ခေတ်သစ်ဘဏ်တွေလောက် စိတ်မချရဘူး။ ဒါကြောင့် သူမ မြေအောက်ခန်းထဲမှာပဲ မြှုပ်ထားရမယ်။
အိမ်ရှေ့ရောက်သောအခါ သူမ ပျော်ရွှင်စွာ တံခါးတွန်းဖွင့်လိုက်ရာ ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်နေသည်။ အထဲရောက်မှ တွေ့လိုက်ရသည်မှာ ကလေးများနှင့် အဒေါ်ကု တို့ အိမ်မှုကိစ္စများကို လုပ်ပြီးသွားကြပြီ ဖြစ်သည်။
ရေအိုးထဲတွင် ရေပြည့်နေပြီ။ ထင်းခွဲပြီးသွားပြီ။ ဒါ ကျိအာ လက်ရာပဲ ဖြစ်ရမယ်။
ဆိုင်ဖွင့်တုန်းက ဝယ်ထားတဲ့ ထင်းရှူးပင် ၂ ပင်လည်း ရေလောင်းပြီးသွားပြီ၊ ကိုင်းညှပ်ပြီးပြီ။ ရှန်းအာ ခူးလာတဲ့ တောပန်းလေးတွေတောင် ရေထည့်ပြီး ပြတင်းပေါက်နားမှာ တင်ထားလိုက်သေးတယ်။ ဒါကတော့ ချန်ချွမ်း လက်ရာပဲ နေမှာ။ ဒီရက်ပိုင်း သူက ပန်းအိုးနားမှာပဲ တိတ်တိတ်လေး ထိုင်နေတတ်တာလေ။
လေထင် နဲ့ ကျွေးဖုန်း ရဲ့ အမွေးတွေက စိုစွတ်နေသေးတယ်။ သေချာပေါက် ရေချိုးပေးထားတာပဲ။ ဒါကတော့ ရှန်းအာ လက်ရာပဲ ဖြစ်ရမယ်။ ဘာလို့လဲဆိုတော့ ခွေးနှစ်ကောင်စလုံး ကျစ်ဆံမြီး ကျစ်ခံထားရလို့လေ။
ကြက်ဥတွေလည်း ကောက်ပြီးပြီ။ ကြက်ချေးတွေကို ခြစ်ထုတ်ပြီး မြေသြဇာလုပ်ဖို့ ဟင်းခင်းထဲ ပို့ပြီးပြီ။ ရှန်မြောင် စိုက်ထားတဲ့ ကြက်သွန်မြိတ်တွေ ရိတ်သိမ်းပြီးပြီဖြစ်ရာ အခု အပင်သစ်လေးတွေ ထွက်နေပြီ။ ဝါးလုံးတိုင်လေးတွေ တစ်လျှောက် သခွားသီး၊ သခွားမွှေး၊ ခရမ်းသီး နဲ့ ပဲသီးပင်တွေ နွယ်တက်နေပြီ။ အဝါရောင်သန်းနေတဲ့ သခွားမွှေးအိုတွေကို ခူးပြီး ရေဆေးကာ နေလှန်းထားလိုက်သေးတယ်။ ဒီလောက် သေချာတာကတော့ အဒေါ်ကု ပဲ ဖြစ်မှာ။
သူမသည် အရင်ဆုံး မြေအောက်ခန်းထဲဆင်းပြီး ပိုက်ဆံသိမ်းလိုက်သည်။ ပြီးမှ အိမ်ရှေ့ခန်းဘက် လျှောက်သွားလိုက်၏။ ခေါင်းပြူကြည့်လိုက်ရာ ရှန်းအာက အိပ်ရာပေါ်တွင် ခြေပစ်လက်ပစ် အိပ်ပျော်နေပြီး ဗိုက်ကလေးပေါ်တွင် စောင်ပါးလေး လွှမ်းထားသည်။ အဒေါ်ကု က သူမဘေးတွင် ယပ်တောင်ခတ်ရင်း အိပ်ပျော်နေလေသည်။
ရှန်မြောင် ခြေသံမကြားအောင် ဝင်သွားပြီး ယပ်တောင်ကို ဘေးဖယ်ကာ အဒေါ်ကု ကိုပါ စောင်လွှမ်းပေးလိုက်သည်။ ပြီးလျှင် ကျိအာ အခန်းဘက် သွားကြည့်လိုက်သည်။ ကျိအာနှင့် ချန်ချွမ်းက တစ်ခန်းတည်း အတူနေကြသည်။ ရာသီဥတု ပူလာသဖြင့် နှစ်ယောက်သား အတူအိပ်လျှင် ပူမှာစိုးသဖြင့် ရှန်မြောင် က ချန်ချွမ်း ကို ကြမ်းခင်းအိပ်ရာ ပြင်ပေးထားသည်။ သို့သော်လည်း ယန်တူရှန်း အတူစားပြီးကတည်းက ကျိအာက ချန်ချွမ်း ကို ကုတင်ပေါ် ခေါ်တင်အိပ်တတ်သည်။ ထို့အပြင် အတွင်းဘက်တွင် ပေးအိပ်သည်။ နှစ်ယောက်သား ခေါင်းချင်းဆိုင် အိပ်နေကြပြီး နဖူးပေါ်တွင် ချွေးသီးလေးများ တွဲခိုနေလေသည်။
သူမက တွေးရင်း တံခါးဝသို့ ရောက်ရုံရှိသေး။ ချန်ချွမ်း က မျက်လုံးဖွင့်ကြည့်လာ၏။
သူသည် အလိုအလျောက် အတွင်းဘက်သို့ တိုးဝင်သွားပြီး ကြောင်တစ်ကောင်လို ကျောကုန်းကို ကွေးလိုက်ကာ တံခါးဝကို ကြည့်လိုက်သည်။ တံခါးဝတွင် ရပ်နေသူမှာ ရှန်မြောင် ဖြစ်ကြောင်း သေချာသွားမှ မျက်လုံးထဲက ကြောက်ရွံ့မှုများ ပျောက်ကွယ်သွားတော့သည်။
ချန်ချွမ်း သက်ပြင်းချလိုက်သည်ကို မြင်မှ ရှန်မြောင် လည်း သက်ပြင်းချမိတော့သည်။
ပြီးတော့ စိတ်မကောင်း ဖြစ်မိပြန်သည်။ သူက ရှန်းအာ နဲ့ ရွယ်တူလောက်ပဲ ရှိသေးတာ။ ဒီလောက်ငယ်တဲ့ ကလေးက ဘယ်လို ဒုက္ခမျိုးတွေ ကြုံခဲ့ရလို့ ဒီလိုပုံစံ ဖြစ်သွားရတာလဲ။
ထို့နောက် သူမ စဉ်းစားလိုက်ပြီး ချန်ချွမ်း ကို အပြင်ထွက်ခဲ့ရန် လက်ပြလိုက်သည်။
ချန်ချွမ်း သည် အိပ်ပျော်နေသည့် ကျိအာ ကို ခြေသံမကြားအောင် ကျော်ခွပြီး ဖိနပ်စီးကာ သူမရှေ့သို့ ရောက်လာသည်ကို ကြည့်ရင်း သူမ ရင်ထဲ နာကျင်သွားရသည်။ သူမ သူ့လက်ကလေးကို ဆွဲလိုက်ပြီး ပြောလိုက်သည်။ "လာ... မင်းခြေထောက်ကို သွားပြရအောင်"
ချန်ချွမ်း သည် ဘာမှမပြောဘဲ သူမ ဆွဲခေါ်ရာနောက် လိုက်ပါလာလေသည်။ သူက အရမ်းပိန်လွန်းတယ်။ ပါးတွေ ချောင်ကျနေတယ်။ အသားတက်လာဖို့ အချိန်ယူရဦးမယ်။ ရှန်မြောင်က သူ့လက်ကို ကိုင်လိုက်တော့ အရိုးကို ကိုင်ထားရသလိုပဲ ခံစားလိုက်ရသည်။
တော်ဝင်သမားတော်ကျောက် အိမ်ရောက်သောအခါ အရိုးအကြော ကျွမ်းကျင်သည့် သမားတော်အိုကြီးကို ပြသလိုက်သည်။ သမားတော်အိုကြီးက ဘောင်းဘီကို လှန်တင်လိုက်ရာ ချန်ချွမ်း ၏ အရိုးပေါ်အရေတင် ခြေထောက်ပေါ်တွင် ဒဏ်ရာဒဏ်ချက်များ၊ အညိုအမည်းများ စွဲထင်နေသည်ကို တွေ့လိုက်ရသည်။ သမားတော်အိုကြီးက မော့ကြည့်လိုက်ရာ ရှန်မြောင် ကို ကြည့်သည့်အကြည့်များ စူးရှသွားတော့သည်။
ရှန်မြောင် က ကလေး၏ နောက်ကြောင်းရာဇဝင်ကို အမြန်ရှင်းပြလိုက်ရသည်။ မဟုတ်လျှင် ထိုသမားတော်ကြီးက သူမကို တံတွေးနှင့် ထွေးပြီး အချုပ်ထဲ ပို့တော့မည့်ပုံ ပေါက်နေသည်။
"တခြားရောဂါ မရှိဘူး၊ အစာရေစာ ပြတ်လပ်လို့ ဖြစ်တာ၊ ဖြည်းဖြည်းချင်း ပြန်မွေးရင် ရတယ်။ ဒီခြေထောက်ကတော့... ကုရလွယ်တယ်လို့ ပြောလို့ရသလို ခက်တယ်လို့လည်း ပြောလို့ရတယ်၊ ကုလို့တော့ ရတယ်၊ ကုမလား"
ရှန်မြောင် ၏ ရှင်းပြချက်ကို နားထောင်ပြီးမှ သမားတော်ကြီး၏ အကြည့်များ ပုံမှန်ပြန်ဖြစ်သွားပြီး အေးဆေးစွာ မေးလိုက်လေသည်။
သူ့စကားကြောင့် ရှန်မြောင်ရော ချန်ချွမ်းပါ စိတ်သက်သာရာ ရသွားကြသည်။
တော်ပါသေးရဲ့။ ကုလို့ရတယ်ဆိုတော့ အကောင်းဆုံးပေါ့။
ရှန်မြောင် က ခေါင်းငြိမ့်ပြပြီး ပြောလိုက်သည်။ "ကုလို့ရရင် ကုမှာပေါ့ရှင်၊ ကုမယ်... အခု ကုမလို့လား"
"ရတာပေါ့၊ အခု ကုလို့ရတယ်" သမားတော်ကြီးက ကလေးခြေထောက်ကို စမ်းသပ်ကြည့်လိုက်ပြီး လက်တစ်ဖက်က အရိုးလွဲနေသည့်နေရာကို ဖိကာ နှိပ်နယ်ပေးလိုက်သည်။
ရုတ်တရက် သမားတော်ကြီးက ခေါင်းမော့လိုက်ပြီး တံခါးဝကို လက်ညှိုးထိုးပြကာ အံ့သြစွာ မေးလိုက်သည်။
"ဟေး... ဟိုမှာ ဘာကြီးလဲ"
ရှန်မြောင် နှင့် ချန်ချွမ်း တို့ လှည့်ကြည့်လိုက်သည်။ ဘာမှ မရှိပါဘူး။ ထိုစဉ် သမားတော်ကြီးက ချန်ချွမ်း ၏ ခြေထောက်ကို ခုံပေါ်တင်ပြီး အားကုန် ချိုးချလိုက်သည်။ "ဂျွတ်" ဆိုသည့် အသံကို ကြားလိုက်ရလေသည်။
ချန်ချွမ်း သည် နာကျင်လွန်းသဖြင့် အော်ဟစ်လိုက်ပြီး တစ်ကိုယ်လုံး တုန်ခါသွားကာ ခြေထောက်က ပျော့ခွေကျသွားတော့သည်။
ရှန်မြောင် မျက်လုံးပြူးသွားပြီး နာကျင်လွန်း၍ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်ကာ ချွေးသီးချွေးပေါက်ကျနေသည့် ချန်ချွမ်း ကို အမြန်ပွေ့ဖက်လိုက်ရသည်။
သမားတော်ကြီးကတော့ အေးဆေးပင်။ ကျိုးသွားသည့် ခြေထောက်ကို ပြန်ဆွဲဆန့်ပြီး အရိုးနေရာ ပြန်တည့်ပေးလိုက်ရာ ချန်ချွမ်း မှာ နာကျင်လွန်း၍ ထပ်အော်ပြန်သည်။ သမားတော်ကြီးက ဂရုမစိုက်ဘဲ ဆေးအုံပေးလိုက်ပြီး အကူအလုပ်သမားကို ဆေးလုံးယူခိုင်းကာ ကလေးပါးစပ်ထဲ အတင်းထည့်ပြီး မျိုချခိုင်းလိုက်သည်။
ပြီးမှ သန့်ရှင်းသော ပိတ်စဖြင့် ပတ်တီးစည်းပေးပြီး အကူအလုပ်သမားကို ကျပ်စည်းရန် ဝါးခြမ်းပြား သွားယူခိုင်းလိုက်သည်။
"ရေရှည်နာကျင်တာထက် တစ်ခါတည်း နာကျင်လိုက်တာ ပိုကောင်းတယ်၊ ကုမယ်ဆိုမှတော့ အနာခံရမှာပဲ၊ ဒါက တစ်သက်လုံးနဲ့ဆိုင်တဲ့ ကိစ္စလေ၊ မင်းတို့ကို ကြိုပြောရင် ငိုယိုကြောက်လန့်နေကြမှာ၊ အခုလို လုပ်လိုက်တာ ပိုမြန်တယ်၊ ဒီဆေးလုံးက အကိုက်အခဲပျောက်ဆေးပဲ၊ မနက်တစ်ကြိမ် ညတစ်ကြိမ် သောက်၊ သွေးပိတ်ပြီး အရိုးဆက်အောင် ဆေးတစ်ခွက် ထပ်ပေးလိုက်မယ်၊ 'တို့ကျီ'ရေ... လာဦး၊ လောပန်၊ ဆေးခါး၊ ရူတာပန်း (တရုတ်ဆေးမြစ်)၊ လက်ချား ၂ ကျူးစီ၊ နဂါးသွေး၊ ကုစွေပု၊ တရုတ်စောင်းလျားသီး ၃ ကျူးစီ၊ မြေအောင်းပိုးကောင် ၃၀ ကောင်... အဲဒါတွေ ဆေးခန်းက သွားထုတ်ပေးလိုက်"
ရှန်မြောင် ဘက် လှည့်ပြီး မှာလိုက်သေးသည်။ "ဒီဆေးကို မနက်ည ကျိုတိုက်၊ ရေ ၃ခွက် ၁ ခွက် ကျန်အောင် တည်၊ ၅ ရက်လောက် တိုက်ကြည့်၊ အစားအသောက် ဆင်ခြင်ရမယ်၊ နေ့တိုင်း ကြက်ဥတစ်လုံး ကျွေး၊ အစပ်တွေ အကြော်တွေ မကျွေးနဲ့၊ ဒီရက်ပိုင်း နည်းနည်းရောင်လိမ့်မယ်၊ နေ့တိုင်း အားရင် ကလေးကို ကုန်းပိုးပြီး လာပြ၊ အရိုးဆက်နှေးမှာစိုးလို့ စောင့်ကြည့်ရမယ်၊ ပြီးတော့ လမ်းလုံးဝ မလျှောက်ခိုင်းနဲ့၊ ခြေထောက်ကို မထိခိုက်မိစေနဲ့၊ ၃ လ လောက် သေချာနားလိုက်ရင် ကောင်းသွားလိမ့်မယ်၊ အဲကျမှ ကျပ်ပြန်လာဖြုတ်"
ချန်ချွမ်းက သူမရင်ခွင်ထဲတွင် တုန်နေဆဲပင်။ အံကို တင်းတင်းကြိတ်ထားသော်လည်း တုန်ခါနေသဖြင့် အသံထွက်နေသည်။ လည်ချောင်းထဲမှလည်း ညည်းညူသံ ထွက်နေသည်။ တော်တော်နာနေရှာမှာပဲ။ ရှန်မြောင် သူ့ကို ပွေ့ဖက်ထားပြီး သမားတော်ကြီး ပတ်တီးစည်းနေသည်ကို ကြောင်ငေးကြည့်နေမိသည်။ သူမ လက်များလည်း တုန်ရီနေ၏။
သမားတော်ကြီးက ကလေးကောင်းဖို့ လုပ်ပေးမှန်း သိသော်လည်း သူမ စိတ်မပြင်ဆင်ထားရသေးပေ။ ပြီးတော့ ဒါက အရမ်းကြမ်းတမ်းလွန်းတယ်။ မေ့ဆေးလေးဘာလေး မတိုက်ဘူးလား။ လန့်လည်းလန့်တယ်၊ သနားလည်းသနားတယ်။
တကယ့်ကို ဆင်းရဲဒုက္ခ ရောက်လွန်းလိုက်တာ။ ဒီလောက်ငယ်ငယ်လေးနဲ့ ခြေထောက် ၂ ခါ ကျိုးရတယ်လို့။
သူမ အတွေးလွန်နေစဉ် ချန်ချွမ်း ၏ တုန်ရီနေသော လက်ကလေးက သူမ ပါးပြင်ကို လာထိမှ သူမ ပါးပေါ်တွင် မျက်ရည်များ စီးကျနေမှန်း သတိထားမိလိုက်သည်။
"မကြီး... ကျွန်တော် မနာပါဘူး"
သူ အသက်ရှူရင်း ပြောလိုက်လေသည်။
"မငိုပါနဲ့"
.........
နောက်ပိုင်း အိမ်ပြန်လမ်းတွင် ချန်ချွမ်း ကို ကုန်းပိုးရင်း ရှန်မြောင် မကြာခဏ မေးမိသည်။
"နာသေးလား"
ချန်ချွမ်း အသံဝင်နေသော်လည်း မနာကြောင်းသာ ပြန်ဖြေသည်။
ရှန်မြောင် က သူ့ကို ပေါ့ပါးစွာ ကုန်းပိုးထားရင်း မှာတမ်းခြွေလိုက်သည်။
"နာရင် ပြောနော်၊ မကြီး သမားတော်ကြီးဆီက အကိုက်အခဲပျောက်ဆေး ထပ်တောင်းပေးမယ်"
ပြောရင်းနှင့် သူမ ညည်းတွားမိပြန်သည်။
"ဘယ်လိုလုပ် အဲလို လုပ်ရက်တာလဲ၊ ချိုးချင်တိုင်း ချိုးပစ်လိုက်တာပဲ၊ ငါ့မှာ လန့်သွားတာပဲ"
ခေတ်သစ်မှာဆို ခွဲစိတ်မှု သဘောတူညီချက် လက်မှတ်ထိုးရမယ်၊ မေ့ဆေးပေးရမယ်။
ဒီခေတ် ဆေးကုသပုံက ကြမ်းတမ်းလိုက်တာ၊ လက်နဲ့ ဒီတိုင်း ချိုးချလိုက်တာပဲ။
ဒါပေမဲ့ သမားတော်ကြီးက ယုံကြည်မှုရှိပုံပေါက်နေတော့ ပြဿနာ မရှိလောက်ပါဘူး။ တော်ဝင်သမားတော်ကျောက် အိမ်က သမားတော်ပဲလေ။ သူ့အသက်အရွယ်နဲ့ဆိုရင် သူ ချိုးခဲ့ဖူးတဲ့ ခြေထောက်တွေက ရှန်မြောင် စားဖူးတဲ့ ထမင်းထက်တောင် များဦးမယ်။
သူမ ကိုယ့်ဘာသာ နှစ်သိမ့်နေမိသည်။ တကယ်တော့ ချန်ချွမ်း ကို နှစ်သိမ့်ပေးနေခြင်း ဖြစ်သည်။
ချန်ချွမ်းက ဘာမှပြန်မပြောပေ။ ခဏကြာသောအခါ ရှန်မြောင်၏ ပခုံးပေါ်တွင် ခေါင်းလေး မှီချလိုက်သည်။ ဘာမှမပြောသော်လည်း ဒီလို မှီခိုလာပုံက ရှန်မြောင် ၏ စိတ်နှလုံးကို နူးညံ့သွားစေလေသည်။ သူမ ဆုံးဖြတ်ချက်တစ်ခု ချလိုက်၏။ မနက်ဖြန် အားရင် ရှေ့နေတစ်ယောက်ယောက်ဆီ သွားပြီး ချန်ချွမ်းကို အိမ်ထောင်စုစာရင်းသွင်းဖို့ မေးကြည့်ရမယ်။ အဆင်ပြေပါစေလို့ ဆုတောင်းရမယ်။
သူမ ဆေးထုပ်ကို ကိုင်ထားရင်း ချန်ချွမ်းကို ပင့်တင်လိုက်သည်။ သူမ ညှပ်ပေးထားသဖြင့် ရှုပ်ပွနေသည့် သူ့ဆံပင်လေးကို ပါးနှင့် အသာအယာ ထိကပ်လိုက်လေသည်။
"သွားစို့... မကြီး အသားဝယ်ကျွေးမယ်၊ ကြက်ဥဟင်းရည်နဲ့ နံရိုးပေါင်း လုပ်ကျွေးမယ်၊ အားရှိအောင် စားပြီး မြန်မြန် ပြန်ကောင်းအောင် လုပ်ရမယ်"
.......
နောက်တစ်နေ့ မနက်စောစောတွင် ရှန်မြောင် ဆိုင်မဖွင့်ပေ။ ဖုန်းမိသားစု စားသောက်ပွဲ ပြီးခါစမို့ တစ်ရက်လောက် နားဖို့ စဉ်းစားထားသည်။ ပထမအချက်က ချန်ချွမ်း ၏ အိမ်ထောင်စုစာရင်း ကိစ္စ သွားလုပ်ရန်၊ ဒုတိယအချက်က ငါးကြီးကြီး ၂-၃ ကောင်လောက် ဝယ်ပြီး ယန်လောင်ဟန့် ဆီ သွားကာ သစ်သားဘီးတပ်ကုလားထိုင် တစ်လုံး ဝယ်ရန်၊ အရင်တုန်းက ပရိဘောဂ သွားဝယ်တုန်းက တွေ့ဖူးသလိုလိုပဲ၊ တတိယအချက်က မြေအိုးဖိုနှင့် မြေအိုးကင်ပန်းကန် ပြုလုပ်ရန် အိုးလုပ်ငန်းသို့ သွားရန် ဖြစ်သည်။
ဟုတ်ပါသည်။ ပူအိုက်သည့် နွေရာသီ ရောက်တော့မည်ဖြစ်ရာ ဆိုင်တွင် ဟင်းပွဲကြီးတစ်ပွဲ တင်ရန် စီစဉ်ထားသည်။ ဒီနေ့ စမ်းချက်ကြည့်ရင်း အဒေါ်ကု မိသားစုကို ဖိတ်ကျွေးကာ မနေ့က ကူညီပေးခဲ့သည့်အတွက် ကျေးဇူးတင်စကား ပြောရမည်။
ထို့ကြောင့် ညီမလေး၊ မောင်လေး၊ ခွေး နှင့် ကြက်များကို ဂရုစိုက်ရန် ကျိအာ ကို မှာကြားခဲ့ပြီး ရှန်မြောင်သည် အဝတ်အစားလဲ၊ လွယ်အိတ်လွယ်ကာ ထွက်ခွာလာခဲ့တော့သည်။
သူမသည် တာ့ရှန့်ကော်ဘုရားကျောင်း နောက်ပေါက်သို့ ရောက်သောအခါ တုန့် အမည်ရှိ ရှေ့နေအိုကြီးတစ်ဦး ဘုရားကျောင်းထဲတွင် နေထိုင်ကြောင်း သိလိုက်ရသည်။ သူက ဆင်းရဲလို့ ဘုရားကျောင်းမှာ နေတာ မဟုတ်ဘူး။ နေ့တိုင်း လူတွေက ရှန့်ကော်ဘုရားကျောင်း မှာ လာပြီး ငွေချေးကြတော့ သူက ကြားပွဲစား ဒါမှမဟုတ် စာချုပ်ချုပ်ပေးသူအဖြစ် အဲဒီမှာ ထိုင်ပြီး စကားပြော၊ စာရေးပေးရုံနဲ့ ပိုက်ဆံအများကြီး ရလို့ နေတာ။
ရှန်မြောင် အိမ်ဆောက်စဉ်က ယန်လောင်ဟန့် နှင့် စာချုပ်ချုပ်ဖို့ သူ့ကို ငှားခဲ့ဖူးလို့ လူမဆိုးမှန်း သိထားသည်။ ထို့ကြောင့် ဒီတစ်ခါလည်း သူ့ဆီလာပြီး "ဥပဒေရေးရာ ဆွေးနွေး" ရခြင်း ဖြစ်သည်။ တချို့ရှေ့နေများက ယုတ်မာတတ်သည်။ စာမတတ်သူများကို အနိုင်ကျင့်ပြီး ချေးငွေပမာဏကို တမင် မှားရေးတတ်သည်။ လက်မှတ်ထိုးပြီးမှ အကြွေးတွေ ပိပြီး ဘဝပျက်သွားသူတွေ အများကြီး ရှိသည်။
ရှေ့နေတုန့် ကတော့ သည်လို မလုပ်ချေ။ ပြန့်ကျင်းမြို့မှာ နာမည်ကောင်း ရှိပြီး လူအများက သူ့ကို ရိုးသားသူဟု ချီးကျူးကြသည်။
ရှေ့နေတုန့်သည် မနက်စောစော သွားတိုက်လို့တောင် မပြီးသေးခင် အလုပ်လာအပ်လိမ့်မည်ဟု ထင်မထားခဲ့ပေ။
ရှန်မြောင် ပြောပြသည်ကို နားထောင်ပြီးနောက် သူက ဟားတိုက်ရယ်မောလိုက်လေသည်။
"မင်းနဲ့ မင်းရဲ့အိမ်နီးချင်းတွေက ဥပဒေအကြောင်း နကန်းတစ်လုံးမှ မသိပါလား၊ ကန်းနေတဲ့ ပိုးကောင်တွေကျနေတာပဲ"
ထို့နောက် တည်ငြိမ်စွာ ဆက်ပြောသည်။ "မင်း သိလား၊ 'စုန့်ရာဇသတ်ကြီး' မှာ အတိအလင်း ပြဋ္ဌာန်းထားတာ ရှိတယ်။ အသက် ၁၀ နှစ်အောက် ကလေးကို ပြန်ပေးဆွဲ ရောင်းစားရင် ကြိုးပေးသတ်စေ တဲ့။ ပြန်ပေးဆွဲထားမှန်းသိလျက်နဲ့ ဝယ်ရင် မိုင် ၃၀၀၀ အဝေးကို နယ်နှင်ဒဏ်ပေးပြီး တစ်သက်လုံး အလုပ်ကြမ်း လုပ်စေရမယ် တဲ့။ ပြန်ပေးဆွဲခံရတဲ့ ကလေးကို လက်ခံထားတဲ့ လူပွဲစားဆိုရင် ထောင်ဒဏ် ၃ နှစ် အနည်းဆုံး ကျခံရမယ် တဲ့။ ဒါက ရာဇဝတ်မှုကြီးကွ။ မင်းတို့က မတိုင်ရဲဘူးတဲ့လား။ ကလေးရဲ့ ကျွန်စာချုပ်က သူများလက်ထဲ ရှိနေလို့ တိုင်လိုက်ရင် လူပွဲစားလက်ထဲ ပြန်ပို့ခံရမှာ စိုးရိမ်နေတာလား။ အပိုတွေ တွေးမနေပါနဲ့။ ဒီကလေး ဘာလို့ ထွက်ပြေးလွတ်မြောက်လာလဲ သိလား။ ဟိုလူတွေက လိပ်ပြာမလုံလို့ ပြန်မရှာရဲကြလို့လေ။ ခိုင်းဖုန်းစီရင်စု အုပ်ချုပ်ရေးမှူး နေရာမှာ ဝက်တစ်ကောင် တင်ထားရင်တောင် လူကုန်ကူးသူတွေကို ဒီလို မျက်နှာသာပေးမှာ မဟုတ်ဘူး။ မင်း အဲဒီနေ့ကတည်းက သွားတိုင်သင့်တာ"
ရှန်မြောင်တစ်ယောက် အံ့သြသွားရသည်။ ရှေးခေတ် အစိုးရနဲ့ ဥပဒေအပေါ် သူမ အမြင်စောင်းခဲ့မိပြီ။ လူကုန်ကူးတာ တရားဝင်တဲ့ခေတ်မို့ ပြန်ပေးဆွဲတာကိုလည်း မျက်ကွယ်ပြုထားမယ် ထင်နေတာ။ တကယ်တမ်းကျတော့ ရာဇဝတ်မှုကြီး ဖြစ်နေတာပဲ။
ဒါပေမဲ့ သာမန်ပြည်သူတွေက ရုံးဂါတ်ရောက်မှာ ကြောက်ကြသလို စာလည်း မတတ်ကြတော့ ကိုယ့်အိမ်ရှေ့ကိုယ် လှည်းကျင်းကြရင်း ဥပဒေအကြောင်း နားမလည်ကြတာ ဆန်းတော့ မဆန်းပါဘူး။
"ကျွန်မ မှားသွားပါတယ်" ရှန်မြောင်က ဝန်ခံလိုက်သည်။
"မွေးစားဖို့ကိစ္စကတော့ သိပ်မလွယ်ဘူး" ရှေ့နေတုန့် က အသေးစိတ် ရှင်းပြလေသည်။ "မင်း အရင်ဆုံး အမှုဖွင့်လိုက်၊ အစိုးရက မှတ်တမ်းတင်ပြီးရင် ကလေးကို မိဘမဲ့ဂေဟာ ပို့လိုက်လိမ့်မယ်။ မင်းက မိဘမဲ့ဂေဟာ သွားပြီး မွေးစားဖို့ လျှောက်လွှာတင်ရမယ်။ မိဘမဲ့ဂေဟာကလည်း ကျပ်တည်းနေတာဆိုတော့ ဆန်ကုန်သက်သာအောင် ကလေးမွေးစားမယ့်သူကို ကြိုဆိုမှာပါပဲ။ အထဲက စာရေးလေးကို ငွေနည်းနည်း ထိုးပေးလိုက်ရင် အဲဒီနေ့ချင်း ပြီးပြီး ကလေးကို ခေါ်ပြန်လာလို့ ရလောက်တယ်။ ဒါပေမဲ့ ကလေးမှာ မိဘရှိတယ်ဆိုတော့ မင်း သူ့ကို ကျွေးမွေးစောင့်ရှောက်တာက အလကား ဖြစ်သွားလိမ့်မယ်။ အစိုးရက သူ့မိသားစုကို ရှာတွေ့ရင် မင်း ပိုင်ဆိုင်ခွင့်မရှိဘူး၊ ပြန်ပေးရမယ်ဆိုတာ သိထားနော်"
ရှန်မြောင် က ပြုံးပြီး ပြောလိုက်သည်။
"ကျွန်မလည်း အဲဒါကို လိုချင်တာပါ၊ တစ်နေ့နေ့ သူ အိမ်ပြန်နိုင်ရင် ကျွန်မ ဝမ်းသာမိမှာပါ"
ရှေ့နေတုန့် က ယပ်တောင်ခတ်ရင်း ရယ်မောလိုက်သည်။
"အခုတော့ ပြောရလွယ်တာပေါ့၊ နောက်ပိုင်း သံယောဇဉ်တွယ်သွားရင် ဖြတ်နိုင်ပါ့မလား ကြည့်ရသေးတာပေါ့"
အတော်အတန် နားလည်သွားပြီဖြစ်၍ ရှန်မြောင် အတည်ပြုရန် မေးလိုက်သည်။
"ဒါဆို ကျွန်မ အခု အမှုသွားဖွင့်မယ်၊ ပြီးရင် မိဘမဲ့ဂေဟာ သွားပြီး မွေးစားခွင့် လျှောက်မယ်၊ ဒါဆို ရပြီမလား"
ရှေ့နေတုန့် တစ်ခုခုကို သတိရသွားပြီး သူမကို အကဲခတ်လိုက်သည်။
"နေဦး၊ တစ်ခု ရှိသေးတယ်၊ စုန့်ဥပဒေမှာ ကလေးမွေးစားသူနဲ့ ပတ်သက်ပြီး ကန့်သတ်ချက် ရှိတယ်၊ အမျိုးသားဆိုရင် အသက် ၄၀ ကျော်ရမယ်၊ အမျိုးသမီးဆိုရင် ပိုင်ဆိုင်မှု ရှိရမယ်၊ ပြီးတော့ ရောဂါရှိပြီး သားသမီး မထွန်းကားသူ ဖြစ်ရမယ်၊ မင်းက..."
ဒီအချက်ကို သူမ ကြားဖူးသည်။
ရှန်မြောင် ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်၍ ကွာရှင်းစာချုပ်ကို ထုတ်ပြလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ကျွန်မမှာ ပိုင်ဆိုင်မှု ရှိပါတယ်၊ ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လေ။ ကျွန်မမှာ ရောဂါလည်း ရှိပါတယ်။ ဒီမှာကြည့်... ကွာရှင်းစာချုပ်မှာ ကျင်းလင်မြို့ အရာရှိရဲ့ တံဆိပ်တုံး ပါတယ်နော်၊ အထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားတယ်၊ ကျွန်မက သားသမီး မရလို့ ကွာရှင်းခံရတာပါလို့။ ဒါ ရောဂါရှိပြီး သားသမီး မထွန်းကားတာ မဟုတ်ဘူးလား။ ကွက်တိပဲလေ"
ရှေ့နေတုန့် "..."
မင်းက ဘာလို့ ဂုဏ်ယူနေတဲ့ ပုံစံ ပေါက်နေရတာလဲ။
...
အပိုင်း (၈၂) ငါးကင်ကြွပ်ကြွပ်မွှေးမွှေး
"ရှန်ညန်ဇီက စာတတ်ပေတတ်ဖြစ်ပြီး ကိုယ်ပိုင်အိမ်ထောင်စုနဲ့ အပြင်ထွက်စီးပွားရှာတဲ့ အမျိုးသမီးတစ်ယောက်ဆိုတော့ အားလပ်ချိန်မှာ ဥပဒေစာအုပ်တွေ များများဖတ်သင့်တယ်၊ ဒါမှ မတရားမှုတစ်ခုခု ကြုံလာရရင် စိတ်ထဲမှာ အားရှိနေမှာ၊ ကျွန်တော် ဒီလိုပြောတာကို ရှန်ညန်ဇီအနေနဲ့ လူကြီးစကား လာပြောတယ်လို့ သဘောမထားပါနဲ့"
ရှေ့နေတုန့်သည် ရှန်မြောင်ထံမှ ငွေ ၁ ကွမ်းကို လက်ခံရရှိထားပြီးဖြစ်ရာ ပျော်ရွှင်စွာဖြင့် မျက်နှာသစ် မုတ်ဆိတ်သင်ထားလေသည်။ သူသည် နက်ပြာရောင် ပိတ်သားဝတ်စုံရှည်ကို လဲလှယ်ဝတ်ဆင်ပြီး ရှန်မြောင်နှင့်အတူ အမှုဖွင့်ရန် ရုံးတော်သို့ လိုက်ပါလာခဲ့သည်။ သူတို့နှစ်ဦး လမ်းလျှောက်လာခဲ့ကြပြီး ခိုင်းဖုန်းစီရင်စုရုံးတော်အနီးရှိ လမ်းမတော်သို့ ရောက်လာသည်နှင့်အမျှ စျေးတန်းသည် ပိုမို ကြပ်တည်းလာတော့သည်။ သူတို့နှစ်ဦးမှာ စကားပြောရင်း လမ်းဘေးစျေးသည်အမျိုးမျိုးကြားမှ ကိုယ်ကိုစောင်းကာ ဖြတ်လျှောက်လာခဲ့ရသည်။
ရှေ့နေတုန့်က ဝတ်ရုံစွန်းကို မကာ ဖရဲသီးရောင်းသည့် ထမ်းပိုးသည်တစ်ယောက်ကို ခြေဖျားထောက်ပြီး ရှောင်ရှားလိုက်ရင်း ဆက်ပြောလိုက်သည်။
"လူကြီးလူကောင်းဆိုတာ စာပေကျမ်းဂန်နှံ့စပ်ပြီး ကျင့်ဝတ်နဲ့ ထိန်းသိမ်းကြတယ်ဆိုပေမယ့် ဒီစျေးထဲမှာ ရှန်ညန်ဇီနဲ့ ဆက်ဆံနေရတဲ့သူတွေထဲမှာ လူကြီးလူကောင်း ဘယ်နှယောက်ရှိလို့လဲ၊ ဒီနေ့ကိစ္စကိုပဲ ကြည့်လေ၊ တကယ်လို့ ရှန်ညန်ဇီသာ ဥပဒေအကြောင်းနားလည်ပြီး ပြစ်မှုဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို သိထားရင် အခုချိန်ထိ ကြန့်ကြာနေမှာ မဟုတ်ဘူး၊ လူကုန်ကူးတဲ့သူကိုတောင် ဖမ်းမိလောက်ပြီ"
အမှန်ပင်။ လွန်ခဲ့သည့်ရက်အနည်းငယ်ကသာ အမှုဖွင့်တိုင်ကြားခဲ့လျှင် ယခုရက်ပိုင်း မြို့စောင့်တပ်များ ကင်းလှည့်တင်းကြပ်နေသဖြင့် ကံကောင်းပါက အမှန်တကယ် ဖမ်းမိနိုင်ပေလိမ့်မည်။ ထိုသို့ဆိုလျှင် ချန်ချွမ်း၏နေရပ်ကို ရှာတွေ့နိုင်ပေလိမ့်မည်။ ရှန်မြောင်သည် ဤစကားကို နှလုံးသွင်းလိုက်ပြီး ခေါင်းညိတ်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်ရှင်၊ ဆရာ့ရဲ့ ဆုံးမစကားကို နာယူပါ့မယ်၊ နောက်ကျရင် အခွင့်အရေးရှာပြီး စာအုပ်နည်းနည်းလောက် ဝယ်ကာ သေချာလေ့လာပါ့မယ်"
ရှေ့နေတုန့်က မုတ်ဆိတ်မွေးကို သပ်ကာ ရယ်မောလိုက်ပြီး "ရှန်ညန်ဇီ စိတ်ဝင်စားရင် တခြားနေရာမှာ ဝယ်စရာမလိုပါဘူး၊ ကျွန်တော့်ဆီမှာ ရှိပါတယ်၊ ကျွန်တော်ကိုယ်တိုင် လက်ရေးနဲ့ ကူးရေးထားပြီး မှတ်ချက်တွေလည်း ရေးထားသေးတယ်၊ နဲ့ ဆိုတဲ့ ဒီစာအုပ်နှစ်အုပ်ကို ဖတ်ရင် လုံလောက်ပါပြီ၊ ဒီလိုလုပ်ကြတာပေါ့၊ ကျွန်တော်နဲ့ ရှန်ညန်ဇီကလည်း ရင်းနှီးနေပြီပဲ၊ ညန်ဇီဆီကနေ ငွေအများကြီးယူဖို့လည်း ရှက်မိပါတယ်၊ ရှန်ညန်ဇီလို စာကြိုးစားတဲ့ အမျိုးသမီးကို တွေ့ရတာ ဝမ်းသာလွန်းလို့ အရှုံးခံပြီး ရောင်းပေးပါ့မယ်၊ ၂ ကွမ်းတည်းပါ၊ ဒီလက်ရေးမူနှစ်အုပ်ကို ညန်ဇီဆီ ရောင်းပေးလိုက်မယ်လေ"
ရှန်မြောင် ...
'ဪ ဒီလိုကိုး'
'ပြီးတော့... ဒီစကားပြောပုံက ဘာလို့ နည်းနည်း ရင်းနှီးနေပါလိမ့်၊ ဒါက အရင်တုန်းက ယန်လောင်ဟန့်ကို ငါ ပြောခဲ့တဲ့ စကားတွေ မဟုတ်ဘူးလား၊ ရှေ့နေတုန့်က ဘယ်လိုလုပ်ပြီး အတုခိုးသွားတာလဲ၊ သူ စာချုပ်စာတမ်းထိုင်ရေးနေတုန်းက တကယ်တော့ ငါနဲ့ ယန်လောင်ဟန့် စျေးဆစ်နေတာကို နားစွင့်နေခဲ့တာလား'
ရုံးတော်သို့ ရောက်ရှိသောအခါ ရှေ့နေတုန့်ကို အတူခေါ်လာမိသည်မှာ မှန်ကန်ကြောင်း ရှန်မြောင် သိလိုက်ရသည်။ သူမကဲ့သို့ သာမန်ပြည်သူတစ်ယောက်အနေဖြင့် အမှုဖွင့်တိုင်ကြားရာတွင် တိုင်ကြားစာတင်ရန် ဗုံတီးစရာမလိုဘဲ ရှေ့နေတုန့် ရေးသားထားသော အမှုဖွင့်စာကို တင်ပြလိုက်ရုံဖြင့် အရာရှိများ ခေါ်ယူစစ်ဆေးမှုကို စောင့်ဆိုင်းနိုင်ပေသည်။
ထို့ကြောင့် ရှန်မြောင်သည် ရုံးတော်တံခါးဝရှိ ခြင်္သေ့ရုပ်တုဘေးတွင် ရပ်ကာ ရှေ့နေတုန့်က တံခါးစောင့်စာရေးများ၊ မြို့စောင့်တပ်သားများ၊ ဖမ်းဆီးရေးအရာရှိများနှင့် ရယ်မောပြောဆိုနေသည်ကို စိတ်ဝင်တစား ကြည့်ရှုနေလိုက်သည်။ ခဏကြာလျှင် ဘယ်နေ့ အရက်သွားသောက်မည်၊ ခဏကြာလျှင် ဘယ်နေ့ ရေမွှေးဆိုင်သွားပြီး "ဆားပေါင်းချွတ်" မည်၊ ခဏကြာလျှင် တောင်ဘက်မှ ဆေးရွက်ကြီးကောင်းကောင်းရထားသဖြင့် လူလွှတ်ပြီး ယူခိုင်းကာ သူတို့ကို မြည်းစမ်းစေမည် စသည်ဖြင့် ပြောဆိုနေလေသည်။
တကယ့်ကို လူမှုရေးနားလည်သူပင်။
'ပြီးတော့...' ရှန်မြောင်သည် အတိတ်ဘဝမြင်ကွင်းများနှင့် ထပ်တူကျနေသလို ခံစားလိုက်ရသည်။ ဤခေတ်မှ ရှေ့နေများသည် ခေတ်သစ်မှ လုပ်ငန်းအများစုနှင့် တစ်ပုံစံတည်း တူညီနေသည်ဟု ခံစားမိသည်။ ပုံမှန်အချိန် အကူအညီမလိုလျှင်တောင် နေ့တိုင်း "အမွှေးတိုင်ထွန်း" ရသလို ဧည့်သည်များ၊ အထက်လူကြီးများနှင့် "ရုံးတော်မှလူများ" ကို ဆက်ဆံရေးကောင်းမွန်အောင် ပေါင်းသင်းထားရပေသည်။
ရှေးယခင်ကတည်းက ဤအတိုင်းပင် ဖြစ်ခဲ့သည်ပဲ။
၁၅ မိနစ်ခန့် ကြာပြီးနောက် အထဲက ခေါ်သံကြားရမှ ရှန်မြောင်နှင့် ရှေ့နေတုန့်တို့သည် ရုံးခန်းမဘေးရှိ အဆောင်တစ်ခုထဲသို့ ဝင်ရောက်ခဲ့ကြသည်။ သူတို့ကဲ့သို့ သာမန်ပြည်သူများ၏ အမှုမှာ အရေးကြီးအမှု မဟုတ်သဖြင့် ခိုင်းဖုန်းမြို့ဝန်မင်းနှင့် တွေ့ဆုံခွင့် မရှိပေ။ ရုံးအမှုထမ်းနောက်သို့ လိုက်ပါဝင်ရောက်သွားရာ အလင်းရောင် မှိန်ဖျော့သွားပြီး အထဲတွင် မှင်နံ့နံစော်နေသည်ကို ရလိုက်သည်။
စာရေးအရာရှိအများအပြားသည် တောင်လိုပုံနေသော အမှုတွဲများကို ကိုင်တွယ်ဖြေရှင်းနေကြသည်။ တချို့က ကူးယူရေးသားနေကြပြီး တချို့က စစ်ဆေးမေးမြန်းနေကြသည်။ အလုပ်ရှုပ်လွန်းသဖြင့် မျက်လုံးများတွင် အရောင်မရှိတော့ဘဲ ရှေးခေတ်ရုံးဝန်ထမ်းများ၏ သေလူအလား ဖြစ်နေသော အငွေ့အသက်များ ထွက်ပေါ်နေသည်။ လူအများစု၏ လက်ဘေးတွင် မစားရသေးသော အသားပေါက်စီ တစ်ဝက်ခန့် ရှိနေပြီး အေးစက်ကာ အဆီခဲများပင် ဖြစ်နေပြီဖြစ်သည်။
ရှေ့နေတုန့်က လာရင်းကိစ္စကို ပြောပြလိုက်ရာ ဆံပင်စုတ်ဖွားနှင့် ထိပ်ပြောင်နေသော စုတ်တံတစ်ချောင်းကို ထိုးစိုက်ထားသည့် စာရေးတစ်ယောက်က ခေါင်းမမော့ဘဲ စာအုပ်အလွတ်တစ်အုပ်ကို ယူကာ ရှေ့နေတုန့်ကို ရှန်မြောင်အစား ချန်ချွမ်း၏ ရုပ်ရည်၊ လေယူလေသိမ်း၊ ဝတ်စားဆင်ယင်မှု စသည့် သဲလွန်စများကို ရေးခိုင်းလိုက်သည်။ ထို့နောက် ရှန်မြောင်၏ နေရပ်လိပ်စာနှင့် နာမည်ကို ချန်ထားစေပြီး မှတ်တမ်းတင်လိုက်သည်။ သူက စိတ်မရှည်စွာဖြင့် လက်ကာပြလိုက်ပြီး
"ရပြီ၊ နောက်ကျလို့ သဲလွန်စရရင် လာအကြောင်းကြားမယ်"
ထို့နောက် ထိုစာရေးက မျက်ခွံများ တွဲကျလျက် နောက်လှည့်ကာ "လွှဲပြောင်း" ဟု ရေးထားသော စာအုပ်တစ်အုပ်ကို ယူလိုက်သည်။ ရှုပ်ပွနေသော စာရွက်စာတမ်းပုံအောက်မှ တံဆိပ်တုံးတစ်ခုကို မွှေနှောက်ရှာဖွေပြီး ပါးစပ်နားတေ့ကာ လေတစ်ချက်မှုတ်ပြီးနောက် ရှန်မြောင်အတွက် တံဆိပ်တုံး နှိပ်ပေးလိုက်သည်။ ကလေးကို မိဘမဲ့စောင့်ရှောက်ရေးဂေဟာသို့ ခေါ်သွားရန် ပြောလိုက်လေသည်။
ပြန်ထွက်လာပြီးနောက် ရှန်မြောင်က ချန်ချွမ်းကို ပြန်ခေါ်ရန် စဉ်းစားလိုက်သော်လည်း ရှေ့နေတုန့်က အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး
"ခုနက ပြောတာတွေက ပုံမှန်လုပ်ထုံးလုပ်နည်းတွေပါ၊ တကယ်လို့ ငွေသုံးချင်ရင်တော့ တန်းပြီး သွားလုပ်လို့ရပါတယ်"
ရှန်မြောင်သည် မျက်တောင်ခတ်လိုက်ပြီး ယနေ့ သူမ ယူလာသော ငွေစများကို ချိန်ဆကြည့်လိုက်သည်။ နောက်ဆုံးတွင် ရှေ့နေတုန့်နှင့်အတူ မိဘမဲ့စောင့်ရှောက်ရေးဂေဟာသို့ တန်းသွားရန် ရွေးချယ်လိုက်တော့သည်။
ထုံးစံအတိုင်း ဖြည့်စွက်ရေးသားရပြန်သည်။ ရှေ့နေတုန့်က စာတစ်မျက်နှာ အရင်ရေးလိုက်ပြီးနောက် ရှန်မြောင်ကို ယူလာသော ကွာရှင်းစာချုပ်နှင့် ငွေများကို ထုတ်ခိုင်းလိုက်သည်။ ၃ ကွမ်းခန့် ယူလိုက်ပြီး သူက အပြင်ထွက်ကာ ဆေးရွက်ကြီးအကောင်းစားတစ်အိတ်နှင့် အရက်ကောင်း ၂ အိုး ဝယ်လာခဲ့သည်။ ဝင်သွားပြီး ၁၅ မိနစ်ပင် မကြာလိုက်ဘဲ မှင်မခြောက်သေးသည့် တံဆိပ်တုံးကြီး နှိပ်ထားသော အိမ်ထောင်စုစာရင်းဝင်ခွင့်လက်မှတ်ကို ယူပြီး ပြန်ထွက်လာခဲ့လေသည်။
ရှန်မြောင်မှာ မျက်လုံးဖွင့် နားစွင့်ရလေပြီ။ အိမ်ထောင်စု စာရင်းဝင်ခွင့်လက်မှတ်ကို ကိုင်ပြီး မယုံကြည်နိုင်စွာဖြင့်
"ပြီးသွားပြီလား"
ရှေ့နေတုန့်က ကွာရှင်းစာချုပ်ကို ပြုံးပြီး ပြန်ပေးကာ "ပြီးသွားပြီပေါ့၊ ပြန်ကြစို့၊ နောက်ဆိုရင် ဒီကလေးက သူ့မိသားစုကို ရှာမတွေ့ခဲ့ရင် တစ်သက်လုံး ရှန်မိသားစုဝင် ဖြစ်သွားပြီ၊ ဒီလိုလုပ်ရတာ နည်းနည်း ပေါ့တန်တယ်လို့ ထင်နေလား၊ တကယ်တော့ ဘာမှ မထူးဆန်းပါဘူး၊ ရှန်ညန်ဇီ နောက်ကျလို့ ဥပဒေစာအုပ်တွေ ဖတ်ကြည့်ရင် သိလာပါလိမ့်မယ်၊ စာအုပ်ထဲက ဥပဒေတွေက သေနေတယ်၊ လူတွေက ရှင်သန်နေတာ၊ စည်းကမ်းချက်တွေအတိုင်းပဲ တစ်သဝေမတိမ်း လုပ်နေရင် ဒီလောကကြီးမှာ ကိစ္စတော်တော်များများ ဖြစ်မြောက်မှာ မဟုတ်ဘူး၊ ဥပဒေအထက်မှာ လူမှုဆက်ဆံရေး ဆိုတာ ရှိသေးတယ်၊ လူမှုဆက်ဆံရေးကိုပဲ ကြည့်ပြီး ဥပဒေကို မကြည့်ရင်လည်း တိုင်းပြည် ဆူပူသောင်းကျန်းကုန်မှာပေါ့၊ ဒါကြောင့် ဒီလောကကြီးမှာ ရှေ့နေဆိုတဲ့ အလုပ်အကိုင် ရှိလာရတာပဲ"
သူက မေးစေ့ကို အနည်းငယ် မော့လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရင်ကော့လိုက်သည်။ "ဥပဒေက မျက်နှာလိုက်မှု မရှိပေမယ့် ကျွန်တော်တို့လို ရှေ့နေတွေကတော့ တင်းကျပ်တဲ့ ဥပဒေကြားမှာ အခြေအနေကို ချိန်ဆပြီး လူမှုရေးနဲ့ ဥပဒေ မျှတအောင် လုပ်ဆောင်ပေးရတယ်၊ ဒါက ရှေ့နေတွေရဲ့ တည်ရှိမှု တန်ဖိုးပဲ"
မူလက အလုပ်လုပ်ရာတွင် စကားတတ်ပြီး အပေါက်အလမ်းရှာတတ်သော ရှေ့နေတုန့်သည် ဤမျှ စိတ်ကူးယဉ်ဆန်သူ ဖြစ်နေပါသလား။ ရှန်မြောင်က သူ့ကို လက်မထောင်ပြလိုက်ပြီး အကဲခတ်သည့်အနေဖြင့် မေးလိုက်သည်။
"ရှေ့နေတုန့်က တကယ့်ကို စိတ်သဘောထား ကြီးမြတ်သူပါပဲ၊ ဒါဆို... ဒီနေ့ စာရေးပေးတဲ့အတွက် အခကြေးငွေကိုလည်း လွတ်ငြိမ်းခွင့် ပေးလို့ ရမလားဟင်"
ဤခေတ်တွင် ရှေ့နေငှားရသည်မှာ အလွန်စျေးကြီးလေသည်။ ရှေ့နေတုန့်ကို အဖော်လိုက်ခိုင်းရုံဖြင့် ၁ ကွမ်း ပေးရပြီး သူက စာရွက်စာတမ်း ၂ ခု ကူဖြည့်ပေးသဖြင့် တစ်ခုကို ဝမ် ၁၀၀ စီ ထပ်ယူလေသည်။
"မရဘူး" ရှေ့နေတုန့်သည် ဖမ်းဆုပ်မရသော စိတ်ကူးယဉ်အိပ်မက်များထဲမှ ချက်ချင်း အသိပြန်ဝင်လာပြီး မျက်လုံးပြူးကာ ပြောလိုက်သည်။ "တစ်ပြားမှ လျှော့မပေးနိုင်ဘူး"
.........
ယနေ့အတွက် အရေးကြီးဆုံးကိစ္စ ပြီးမြောက်သွားခဲ့ပြီ။ ငွေကုန်ကြေးကျ များသော်လည်း ရှန်မြောင်၏စိတ်ထဲတွင် ကျောက်တုံးကြီးတစ်ခု လျှောကျသွားသလို ဖြစ်သွားပြီး ပေါ့ပေါ့ပါးပါးဖြင့် တခြားပစ္စည်းများ သွားဝယ်လိုက်တော့သည်။ လမ်းမတော်အတိုင်း ယုံခန်းဖန်ဘက်သို့ လျှောက်လာခဲ့ရာ ကျင်းလျန်တံတားအနီးသို့ ရောက်သောအခါ ရင်းနှီးနေသော ငါးဆိုင်တွင် ငါးကြင်း ၃ ကောင် မှာလိုက်သည်။ ငါးဆိုင်ပိုင်ရှင် ကြေးခွံချွတ်နေသည်ကို စောင့်ဆိုင်းနေစဉ် ရှန်မြောင်သည် ရင်းနှီးနေသော ကြောင်ကျားကြီးကို အံ့ဩဖွယ် တွေ့လိုက်ရသည်။ ထိုကြောင်ကြီးသည် ကြောင်ဝါလေးတစ်ကောင်ကိုလည်း ခေါ်ဆောင်လာခဲ့လေသည်။
ကြောင် ၂ ကောင်သည် ငါးဆိုင်ဘေးတွင် ထိုင်နေကြသည်။ ကြောင်ကျားကြီးက လက်သည်းကို လျှာဖြင့် လျက်နေပြီး ကြောင်ဝါလေးကတော့ ရှေ့လက်ဖြင့် အမြီးကို ဖမ်းနင်းကာ ပျင်းရိစွာ သမ်းဝေနေလေသည်။
ရှန်မြောင်က အခွင့်ကောင်းယူကာ ထိုင်ချပြီး ပွတ်သပ်ပေးလိုက်သည်။ ဤကြောင်ကျားကြီးက သူမကို မှတ်မိနေသေးသည်။ သူမ ပွတ်သပ်ပေးလိုက်ရာ မျက်လုံးမှေးစင်းသွားပြီး လည်ချောင်းထဲမှ တဂွီဂွီမြည်သံများ ထွက်ပေါ်လာသည်။ ထို့နောက် ရောဂါဟောင်း ပြန်ပေါ်လာပြီး ကြောင်ဖင်ကို ကော့ကာ အသံကျုံ့၍ အော်မြည်ရင်း ရှန်မြောင်ကို ဖင်ပုတ်ပေးရန် အတင်းအကျပ် တောင်းဆိုတော့သည်။
ရှန်မြောင် ... ရှန်မြောင်လည်း လိုက်လျောလိုက်ပြီး ကြောင်ဖင်ကို တဘုတ်ဘုတ် မြည်အောင် ပုတ်ပေးလိုက်တော့သည်။
ငါးရလာသောအခါ ရှန်မြောင်က မြက်ကြိုးကို ဆွဲကိုင်လျက် သွေးများကို ခါထုတ်လိုက်ပြီး ကြောင် ၂ ကောင်ကို လက်ပြနှုတ်ဆက်လိုက်သည်။ ထို့နောက် အိုးခွက်ဆိုင်သို့ သွားကာ လိုအပ်သော မြေမီးဖိုနှင့် မြေပန်းကန်ပြားကြီးများကို မှာယူလိုက်သည်။ အရွယ်အစားနှင့် အရေအတွက်ကို ပြောဆိုပြီး နမူနာလာပို့မည့်ရက်ကို ချိန်းဆိုကာ ယန်လောင်ဟန့်၏အိမ်သို့ ဆက်သွားလိုက်လေသည်။
သူ့အိမ်သို့ ရောက်သောအခါ ရောင်းမထွက်ဘဲ ပုံနေသော ပစ္စည်းများထဲတွင် တကယ်ပင် အမ်းလ်သစ်သားဘီးတပ်ကုလားထိုင်တစ်လုံး ရှိနေလေသည်။ ဖုန်များ အထပ်လိုက် တက်နေပြီး ဆွဲထုတ်လိုက်ရာ ဖုန်များဖြင့် မွန်းကြပ်သွားတော့သည်။ သို့သော် ပြောင်စင်အောင် သုတ်သင်လိုက်ပြီး ဘီးဝင်ရိုးကို ဆီထည့်လိုက်ရာ အသစ်အတိုင်း ပြန်ဖြစ်သွားသည်။
ဟောင်းနွမ်းပြီး ရောင်းမထွက်သော ပစ္စည်းဖြစ်နေသဖြင့် ရှန်မြောင်က အားမနာဘဲ ဓားကြီးဖြင့် ခုတ်သလို စျေးဆစ်လိုက်တော့သည်။
"ဝမ် ၈၀ က အရမ်းများလွန်းတယ်၊ ကျွန်မရဲ့ လက်တွန်းလှည်းတောင်မှ ဝမ် ၂၀၀ ပဲ ပေးရတာ၊ ပြောရရင် ဦးလေး ဒီအတိုင်းထားထားလည်း ပိုးထိုးပြီး ပျက်စီးသွားမှာပဲ၊ ကျွန်မကို လျှော့စျေးနဲ့ ရောင်းလိုက်တာကမှ ဝင်ငွေနည်းနည်း ရဦးမယ် မဟုတ်လား၊ တိုက်တိုက်ဆိုင်ဆိုင်သာ မဟုတ်ရင် ကျွန်မလည်း ဒီပစ္စည်းကို ဝယ်မှာ မဟုတ်ဘူး၊ ဦးလေးသာ မရောင်းရင် နောက်တစ်ခါ ဘယ်အချိန်မှ ရောင်းထွက်မယ်ဆိုတာ မသိနိုင်ဘူးနော်၊ ဟုတ်တယ်မလား၊ ပြီးတော့ ဒီဘီးရဲ့အပြင်ဘက်မှာ သစ်သားတုံးအထူ ၂ တုံး ထပ်ရိုက်ပေးပါ၊ ဒါမှ ရပ်ချင်တဲ့အခါ သစ်သားတုံးက ဘီးကို ထိန်းထားပြီး ဘရိတ်ဖမ်းလို့ ရမှာ"
နောက်ဆုံးတွင် ဝမ် ၄၀ ဖြင့် စျေးတည့်သွားသည်။
ယန်လောင်ဟန့်သည် သစ်သားတုံး ရိုက်ပေးပြီးနောက် နဖူးမှ ချွေးများကို သုတ်ကာ ပြောလိုက်သည်။
"ရှန်ညန်ဇီကတော့ စျေးဆစ် တော်တုန်းပါပဲ"
သူသည် ရှန်ညန်ဇီ၏ ယခင်က စျေးဆစ်နည်းလမ်းများကို ကောင်းကောင်း လေ့လာမှတ်သားထားပြီး လက်တွေ့ပြန်သုံးကြည့်သော်လည်း ရှန်ညန်ဇီ ရောက်လာတိုင်း အကြောင်းပြချက်အသစ်များ ပါလာသဖြင့် ဝေခွဲမရဖြစ်ကာ မူးနောက်သွားရပြန်သည်။
မူလက ဤကုလားထိုင်သည် လွန်ခဲ့သည့်နှစ်အနည်းငယ်က သူများ လာမှာထားခြင်း ဖြစ်သည်။ သို့သော် လုပ်ပြီးသွားခါမှ မလိုချင်တော့ပေ။ ထိုစဉ်က စရံငွေအနည်းငယ်သာ ရလိုက်သဖြင့် အကြီးအကျယ် ရှုံးသွားခဲ့သည်။ ကံကောင်းထောက်မစွာ ယနေ့တော့ ရောင်းထွက်သွားခဲ့ပြီ။ စျေးပေါသော်လည်း သစ်သားဖိုးတော့ ပြန်ရသေးသည်ဟု ယန်လောင်ဟန့်က ရှန်မြောင်၏ စကားအတိုင်း သူ့ကိုယ်သူ ပြန်နှစ်သိမ့်လိုက်လေသည်။
ရှန်မြောင်သည် ပျော်ရွှင်စွာဖြင့် ဘီးတပ်ကုလားထိုင်ကို တွန်းကာ ငါးများကို ဆွဲလျက် အိမ်ပြန်လာခဲ့တော့သည်။ ကျိအာက ရှန်းအာကို စာလုံးအလွယ်တချို့ သင်ပေးနေပြီး ချန်ချွမ်းက ဘေးမှ နားထောင်နေသည်။ သူ့မျက်နှာသည် ဖြူဖျော့နေဆဲဖြစ်ပြီး ရံဖန်ရံခါ မျက်မှောင်ကျုံ့သွားသည်ကို ကြည့်ခြင်းအားဖြင့် ခြေထောက် နာကျင်နေပုံရသည်။ ရှန်မြောင်က ကုလားထိုင်ကို တွန်းသွားပြီး သူ့ကို ခေါင်းပွတ်ပေးလိုက်သည်။
"လာ စမ်းကြည့်"
ချန်ချွမ်းနှင့် ရှန်းအာတို့ တပြိုင်နက် မော့ကြည့်လိုက်ကြသည်။ ချန်ချွမ်းက သိပ်မထူးခြားသော်လည်း မျက်လုံးထဲတွင် စူးစမ်းချင်စိတ်များ ရှိနေသည်။ ရှန်းအာကမူ စုတ်တံကို ပစ်ချကာ အံ့ဩဝမ်းသာစွာဖြင့် အော်ပြောလိုက်သည်။
"ကောင်းလိုက်တာ၊ ဒါက ထိုင်လျက်နဲ့ ပြေးလို့ရတဲ့ ကုလားထိုင်ပဲ"
သူမက ကုလားထိုင်ကို ၂ ပတ်ခန့် ပတ်ကြည့်လိုက်ပြီး ကုလားထိုင်ကို မစောင့်နိုင်တော့ဘဲ ပုတ်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ချန်ချွမ်း မြန်မြန် လာထိုင်၊ ငါ နင့်ကို တွန်းပေးမယ်"
ရှန်မြောင်က အခန်းထဲမှ စောင်တစ်ထည် ယူလာပြီး လေးထောင့်ခေါက်ကာ ကုလားထိုင်ပေါ် ခင်းပေးလိုက်သည်။ ထို့နောက် ချန်ချွမ်းကို ပွေ့တင်ပေးလိုက်သည်။ ရှန်းအာသည် ချက်ချင်းပင် မြင်းရထားမောင်းသူအဖြစ် ပြောင်းလဲသွားပြီး ပါးစပ်မှ "ကျား ကျား" ဟု အော်ဟစ်ကာ ခြေကုန်သုတ်ပြီး ချန်ချွမ်းကို တွန်းလျက် ခြံဝင်းထဲတွင် ပတ်ပြေးတော့သည်။ လေတိုက်သဖြင့် သူတို့နှစ်ဦး၏ ဆံပင်များ လွင့်ပျံနေပြီး ကြက်ခြံထဲမှ လေထင်သည်လည်း ထွက်လာကာ ဘီးတပ်ကုလားထိုင်နောက်မှ ဝုတ်ဝုတ် ဟု ဟောင်ရင်း လိုက်ပြေးလေသည်။
"ဖြည်းဖြည်းလုပ်ပါ"
ရှန်မြောင်က အသံကုန်ဟစ်ရယ်နေသော ရှန်းအာကို လှမ်းအော်လိုက်ရသည်။
ရှန်းအာကလည်း အာမခံလိုက်ပြီး အရှိန်လျှော့လိုက်၏။
ချန်ချွမ်းခမျာ လက်နှစ်ဖက်ဖြင့် လက်ရန်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရပြီး ကြောက်လည်းကြောက် စိတ်လည်းလှုပ်ရှားနေသည်။ သူ့မျက်နှာပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် အပြုံးရိပ်တစ်ခု ပေါ်လာသည်ကို သူကိုယ်တိုင် သတိမထားမိပေ။ ရှန်းအာက ထပ်မံပြေးလွှားလိုက်သောအခါ လေက မျက်နှာချင်းဆိုင် တိုက်ခတ်လာပြီး ဒဏ်ရာဗရပွနှင့် ခန္ဓာကိုယ်ငယ်လေးကို ထွင်းဖောက်တိုက်ခတ်သွားသလို အလွန် အေးမြလန်းဆန်းသွားစေသည်။
ရှန်မြောင်က အချိန်အကြာကြီး ကြည့်နေပြီးနောက် ကျိအာကို လှမ်းကြည့်လိုက်၏။ သူမ စကားမပြောရသေးခင် ကျိအာက နားလည်စွာဖြင့် စာရွက်စာတမ်းများကို သိမ်းဆည်းလိုက်ပြီး "မကြီး လုပ်စရာရှိတာ သွားလုပ်ပါ၊ ကျွန်တော် သူတို့နှစ်ယောက် ဆော့တာကို ကြည့်ထားလိုက်မယ်၊ ဘာမှ မဖြစ်စေရဘူး"
ရှန်မြောင်လည်း ပြုံးလိုက်မိ၏။ တော်သေးသည်က ဤအိမ်တွင် အားကိုးရသူတစ်ယောက် ရှိနေသေးသည်။
ရှန်မြောင်သည် ညစာစားပွဲကြီးအတွက် ပြင်ဆင်ရန် မီးဖိုချောင်ထဲသို့ ဝင်လာခဲ့ပြီး မီးဖိုကို အရင်မီးမွှေးပြီးမှ ငါးကို ကိုင်လိုက်သည်။
ငါးကို ဝယ်လာကတည်းက အကြေးခွံထိုးပြီး ဗိုက်ခွဲလာခဲ့သည်။ ထို့ကြောင့် ငါးကျောဘက်မှ ခွဲထားပြီး ငါးခေါင်းကို ထက်ခြမ်းခွဲကာ ကလီစာများ ထုတ်ထားသည်။ တခြားကလီစာများကို သူမ မလိုချင်သဖြင့် ကြောင်ကျားနှင့် သူ့တပည့်ကြောင်လေးကို ကျွေးလိုက်ပြီး ငါးစီဖောင်းကိုသာ ချန်ထားခဲ့သည်။
ရှန်မြောင်က ယူလာပြီးနောက် ငါးသွားများကို ဖယ်ရှားလိုက်သည်။ ဘူးသီးခြောက်ဖြင့် ငါးဗိုက်ထဲက အမြှေးမည်းများနှင့် အရိုးကပ်သွေးများကို တိုက်ချွတ်လိုက်သည်။ ဤအစိတ်အပိုင်းများကို ဖယ်ရှားလိုက်မှသာ ငါးညှီနံ့ အများစုကို ပျောက်ကွယ်သွားစေနိုင်သည်။
ထို့နောက် စင်ကြယ်အောင် ဆေးကြောပြီး ငါးကိုယ်ပေါ်တွင် ဓားရာတိမ်တိမ်လေးများ မွှန်းလိုက်သည်။ သူမက ငါးကို မွှန်းသည့်အခါ အထူးသတိထားပြီး ငါးကျောရိုးနှင့် ငါးမြီးကို မထိခိုက်အောင် ဂရုစိုက်သည်။ သို့မဟုတ်ပါက နောက်ပိုင်း အပူပေးသည့်အခါ ငါးက ကွဲအက်သွားပြီး ပုံပျက်သွားတတ်သည်။ မွှန်းပြီးသည်နှင့် ငါးဆူးတောင်များကို ညှပ်ထုတ်လိုက်သည်။ ကြည့်ကောင်းစေရန် ငါးမြီးကိုလည်း အနည်းငယ် တိလိုက်သည်။
အားလုံးပြီးစီးပါက ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူ၊ ဆားနှင့် အရက်ဝါ အများအပြားဖြင့် နှံ့စပ်အောင် သုတ်လိမ်းပြီး ခဏကြာ နှပ်ထားလိုက်သည်။
ထိုအချိန်အတွင်း မုန်ညင်းဖြူ၊ သခွား၊ ဆလပ်ရွက်၊ တရုတ်နံနံ၊ ပဲပြား၊ ကြက်ဥကြော်နှင့် ပဲပင်ပေါက်တို့ကို လှီးဖြတ်ပြင်ဆင်ထားသည်။ ငရုတ်ကောင်း၊ ဇီယာ၊ ပဲငပိ၊ ပဲငံပြာရည်၊ ဟင်းခတ်အမွှေးအကြိုင် စသည်တို့ကိုလည်း အဆင်သင့် ပြင်ဆင်ထားလိုက်သည်။
ဟင်းသီးဟင်းရွက်များ ပြင်ဆင်ပြီးသွားသောအခါ ရှန်မြောင်က လက်သုတ်ပြီး အဒေါ်ကုအိမ်ဘက်သို့ သွားရန် ပြင်လိုက်သည်။
သူမသည် မနက်စောစော အပြင်ထွက်ချိန်ကတည်းက အဒေါ်ကုကို ပြောထားပြီးဖြစ်သည်။ အဒေါ်ကုက မလာပါဘူးဟု တငြင်းငြင်း လုပ်နေသော်လည်း ယခု မိုးချုပ်ခါနီးပြီဖြစ်ရာ သူမက ထပ်မံ ဖိတ်ခေါ်ရန် သွားလိုက်ခြင်းဖြစ်သည်။
ခြံဝင်းထဲသို့ ရောက်လာချိန်တွင် ကျိအာ၊ ရှန်းအာနှင့် ချန်ချွမ်းတို့ မရှိကြတော့ပေ။ သူမ လမ်းကြားထဲသို့ ထွက်ကြည့်လိုက်မှ သူတို့ကို တွေ့လိုက်ရသည်။ ကျိအာက ချန်ချွမ်းကို ကုန်းပိုးပြီး လမ်းဘေးတွင် ဖြည်းဖြည်းချင်း ချပေးနေသည်။ ရှန်းအာကမူ ဘယ်နေရာက ရှာတွေ့မှန်းမသိသော အဝတ်စနှင့် လျှော်ကြိုးများကို ယူကာ အဝတ်စကို လေထင်၏ ရင်ဘတ်တွင် ပတ်ပြီး လျှော်ကြိုးဖြင့် ဘီးတပ်ကုလားထိုင်နှင့် ချည်နှောင်ကာ ရင်အုပ်သိုင်းကြိုးအဖြစ် ဖန်တီးပြီး လေထင်ကို ဆွဲခိုင်းကာ ဆော့ကစားနေလေတော့သည်။
...