အခန်း (၈၅-၈၆)
Vol. 9 Ch. 85-86
အပိုင်း (၈၅)
ထို့နောက် သူတို့အား နှဲမှုတ်ခိုင်းပြီး လမ်းမအနှံ့ လျှောက်အော်ခိုင်းလေသည်။
"ယန်လျိုအရှေ့လမ်းကြားက ရှန်ကျိထန်းပင်ဆိုင်မှာ ငါးကင်ဟင်းလျာသစ် ထွက်ပါပြီ။ ငါးကင်တစ်အိုးမှာ အမယ်တွေက တစ်ဝက်မို့ ပစ္စည်းအစစ်အမှန်နဲ့ အရသာက ရှယ်ပဲဗျို့”
"သူငယ်ချင်းမိတ်ဆွေတွေပဲဖြစ်ဖြစ်၊ မိသားစုလိုက်ပဲဖြစ်ဖြစ် စုပြီးစားချင်ရင် ရှန်ကျိဆိုင်က ခင်ဗျားတို့ကို ငါးလာစားဖို့ ဖိတ်ခေါ်နေပါတယ်”
"ရှန်ကျိဆိုင်က ငါးကင်သက်တမ်း နှစ် ၂၀ ရှိပါပြီ၊ ဘိုးစဉ်ဘောင်ဆက် လက်ရာနော်၊ ဝယ်စားရင် မရှုံးပါဘူး၊ စားပြီးရင် နောင်တမရစေရပါဘူး”
ရှန်မြောင်ကို သိသည့် လမ်းသွားလမ်းလာအချို့က ကြားလိုက်ရသောအခါ ရယ်ရခက်ငိုရခက်ဖြင့် ပြန်ပြောကြလေသည်။
"ဒါ လျှောက်ပြောနေတာ မဟုတ်ဘူးလား။ ဟို ရှန်ညန်ဇီက အသက်ငယ်ငယ်လေး၊ အသက် ၂၀ တောင် မပြည့်သေးတာ၊ ဘယ်ကလာ နှစ် ၂၀ သက်တမ်း ရှိမှာလဲ။ ဘာလဲ၊ သူက အမေဗိုက်ထဲကတည်းက ငါးကင်တတ်နေတာလား”
လူလေလူလွင့်က ဟီးဟီးရယ်ရင်း ချက်ချင်း တုံ့ပြန်လိုက်လေသည်။
"ဘိုးစဉ်ဘောင်ဆက် လက်ရာလို့ ပြောပြီးပြီပဲ၊ ဒီလက်ရာသက်တမ်းက ဘိုးဘေးတွေလက်ထက်က စတွက်ရမှာပေါ့။ ရှန်ညန်ဇီက ဒီနေ့အထိ ဆက်ခံလာတာ၊ နှစ် ၂၀ ဆိုတာ ဘာဆန်းလို့လဲ။ နှစ်တစ်ရာသက်တမ်းရှိတဲ့ဆိုင်တွေ၊ နှစ်တစ်ရာ ဟင်းရည်အနှစ်တွေဆိုတာ အများကြီးပါဗျာ”
ဤကဲ့သို့ လမ်းလျှောက် ကြော်ငြာဘုတ်ပုံစံ ထူးဆန်းသော ကြော်ငြာနည်းလမ်းသည် အမှန်တကယ်ပင် လူကို ဆွဲဆောင်မှုရှိသည်ဟု ပြောရပေမည်။ နေ့လယ်ရောက်သည်နှင့် ဤငါးကို မည်သို့ကင်သနည်းဟု လာမေးသူများ ရှိနေပြီ ဖြစ်လေသည်။
ရှန်မြောင်က ပြုံးလျက် ပြန်ပြောလိုက်၏။
"ညဈေးတန်းချိန်ကျမှ ရမှာပါ၊ ရှင် နောက်ကျမှ လာခဲ့နော်”
ရှန်မြောင်သည် မနက်မှ နေ့လယ်အထိ လာစားသော ဧည့်သည်များအတွက် ခေါက်ဆွဲလုပ်ပေးခြင်းမှလွဲ၍ ကျန်အချိန်များတွင် ငါးကင်အတွက် အမယ်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ဟင်းရည်အနှစ်များ ပြင်ဆင်ခြင်းနှင့် ငါးနယ်ခြင်းတို့ကိုသာ လုပ်ဆောင်နေလေသည်။
ထိုအချိန်ကျလျှင် ဧည့်သည်ရောက်မှ ချက်ချင်းကင်ပေးမည်ဖြစ်ပြီး ငါးကြော်ပြီးသည်နှင့် မီးဖိုညှိကာ ပွဲခင်းနိုင်မည်ဖြစ်ရာ ပို၍ လျင်မြန်ပေလိမ့်မည်။
သူမ လက်ထဲမှ အလုပ်များ ပြီးသွားသောအခါ ဆိုင်တွင် လူရှင်းသည့် နေ့လယ်ခင်းအချိန် ဖြစ်နေသဖြင့် ကျိအာအား အိပ်ရာလိပ်နှင့် ခရီးဆောင်ပစ္စည်းများကို သိမ်းဆည်းကာ ထွက်ခွာရန် ပြင်ဆင်ခိုင်းလိုက်လေသည်။
ဖိယုံးစာသင်ကျောင်းမှ လွန်ခဲ့သည့် နှစ်ရက်က လူငယ် ဆရာတစ်ဦးကို အထူးတလည် လွှတ်ပြီး "အိမ်တိုင်ရာရောက်" လာတွေ့ခိုင်းခဲ့သည်။ ကလေးများ ကျောင်းစတက်ရမည့် နေ့ရက်ကို အသိပေးရုံသာမက ၁၀ ရက်မှ လဝက်စာ ဆန်ရေစပါး၊ အိပ်ရာလိပ်၊ အဝတ်အစား ဖိနပ်၊ ဇလုံ၊ ကျောင်းသုံးပစ္စည်း စသည်တို့ကို ယူလာရန် ရေးသားထားသော စာရင်းတစ်ခုကိုပါ ပေးခဲ့လေသည်။
ဝယ်စရာပစ္စည်းများက အမှန်တကယ် မနည်းလှပေ။ ကံကောင်းသည်မှာ သူမ ကြိုတင်ဝယ်ယူ စုဆောင်းထားပြီးဖြစ်ရာ ယခု လှည်းပေါ်သို့ တင်လိုက်ရုံဖြင့် သွားနိုင်ပြီ ဖြစ်လေသည်။
ရှန်မြောင်သည် ဆိုင်တံခါးကို ယာယီပိတ်လိုက်ပြီး ရှန်းအာကို ယိုယွီ၊ ချန်ချွမ်းတို့နှင့်အတူ မဆော့ကစားရန်၊ ကိစ္စရှိလျှင် မျက်နှာချင်းဆိုင်အိမ်မှ အဒေါ်ကုကို သွားခေါ်ရန်၊ လျှောက်မပြေးရန်၊ မီးဖိုချောင်ထဲ မဝင်ရန်၊ မီးမွှေးရန်၊ ရေတွင်းနား မသွားရန်၊ လျိုတို့ဟွားနှင့် ရန်မဖြစ်ရန်၊ ကြက်မြီးကိုနှုတ်ပြီး ကြက်တောင်စည်း မလုပ်ရန် မှာကြားလိုက်လေသည်။
ပွစိပွစိ ပြောလွန်းသဖြင့် ရှန်းအာမှာ မျက်လုံးများ ပြူးကြောင်သွားပြီး ခေါင်းကို အုပ်ကာ ပြောလိုက်လေသည်။
"မကြီး မကြီး... တော်ပါတော့၊ ဆက်မရွတ်ပါနဲ့တော့..."
ရှန်မြောင်သည် သူမ၏ နဖူးကို ဖွဖွလေး တောက်လိုက်ပြီး ကျိအာအတွက် အသစ်ကြော်ထားသော ငါးဝါလေးများကို သရေစာအဖြစ် ထည့်ပေးလိုက်ကာ သူ့ကိုခေါ်ပြီး စာသင်ကျောင်းသို့ အလျင်အမြန် သွားလိုက်ကြလေသည်။
ရှန်မြောင်နှင့် ကျိအာတို့ ရောက်သွားသောအချိန်သည် နောက်ကျနေပြီဟု ဆိုရမည်။ မိသားစု အတော်များများသည် ကလေးများကိုခေါ်ပြီး မနက်အစောကြီးကတည်းက ရောက်နေကြခြင်း ဖြစ်သည်။ အိပ်ရာကုတင် ဆေးကြောခြင်း၊ ခြင်ထောင်ချိတ်ခြင်း၊ ရေခပ်ခြင်း၊ ပစ္စည်းနေရာချခြင်း စသည်တို့ လုပ်ရန် ရှိသေးသည် မဟုတ်လား။
တချို့လူများကတော့ စာသင်ကျောင်းဆောင်သည် တန်းလျားရှည်ကြီးဟု ထင်မှတ်နေကြပြီး မိမိတို့ ကလေးအတွက် ကျင်ငယ်အိုးနှင့် ဝေးသောနေရာကို လုယူရန် စောစောထလာကြခြင်း ဖြစ်လေသည်။
သို့သော် ရှန်မြောင်သည် ဟိုတစ်နေ့က လန်ရှင်းစာအုပ်ဆိုင်တွင် ကျိုကောအား မေးမြန်းစုံစမ်းထားပြီး ဖြစ်သည်။ ဖိယုံးစာသင်ကျောင်းသည် အစိုးရကျောင်းတော် ဖြစ်သည့်အလျောက် ကျောင်းဆောင်များသည် အတန်းလိုက် ဆောက်လုပ်ထားသော အဆောင်များဖြစ်ပြီး အသစ်ဆေးသုတ်ထားကာ ကျယ်ဝန်းလေသည်။ လူတိုင်း ကုတင်သေးတစ်လုံးစီ ရရှိမည်ဖြစ်ပြီး ကုတင်ပေါ်တွင် နံပါတ်စဉ်များ ရေးထိုးထားကာ ဝင်ခွင့်ဖြေဆိုစဉ်က အဆင့်အလိုက် နေရာချထားပြီး ဖြစ်လေသည်။
ကျင်ငယ်အိုးကို အခန်းထဲတွင် မထားပေ။ ကျောင်းဆောင်အပြင်ဘက်တွင် သီးသန့် အိမ်သာ ဆောက်ထားပြီး အိမ်သာကိုလည်း အလုပ်သမားများက မကြာခဏ သန့်ရှင်းရေးလုပ်ခြင်း၊ လဲလှယ်ခြင်းများ ပြုလုပ်သဖြင့် သန့်ရှင်းသည်ဟု ဆိုရမည်။
ထို့ကြောင့် ရှန်မြောင်သည် အေးအေးလူလူဖြင့် ကျိအာကို အိမ်တွင် ထမင်းနှစ်နပ် ပိုစားခိုင်းလိုက်ပြီး နေ့တစ်ဝက်ကျော်ကြာမှ လိုက်ပို့ခြင်းဖြစ်သည်။ သူများတွေလို ကပျာကယာ လုပ်မနေပေ။ သူတို့ စာသင်ကျောင်းသို့ ရောက်သောအခါ ဝေချိန် (မွန်းလွဲ ၁ နာရီမှ ၃ နာရီ) ကုန်ဆုံးခါနီး ဖြစ်နေပြီ။ နေပူရှိန် ပြင်းနေသော်လည်း စာသင်ကျောင်းထဲတွင် အေးမြနေပြီး လမ်းတစ်လျှောက် သစ်ပင်ရိပ်များ ရှိနေလေသည်။ သူမကဲ့သို့ပင် ကလေးကျောင်းလာအပ်သော မိသားစုများလည်း ဟိုတစ်စု ဒီတစ်စု ရှိနေကြပြီး စာသင်ကျောင်း၏ ရှုခင်းကို ငေးမောကြည့်ရှုနေကြလေသည်။
ဖိယုံးစာသင်ကျောင်းသည် ကောလာဟလများအတိုင်းပင် ကျယ်ဝန်းလှပြီး ရေကန်၊ ပန်းပင်၊ သစ်ပင်များကြားတွင် အဆောက်အဦးများက တစ်ဝက်တစ်ပျက် ပေါ်နေကာ ခေတ်သစ် တက္ကသိုလ်များ၏ အလှနှင့် ယှဉ်နိုင်ပေသည်။ ရှန်မြောင် ဝင်သွားသောအခါ အတိတ်ကို လွမ်းဆွတ်သလို ခံစားလိုက်ရ၏။
'ငါ့ရဲ့ ကျောင်းသားဘဝတုန်းက... အမ်၊ ငါက အထက်တန်းပြီးမှ အဆောင်နေခဲ့တာပဲ... ဒီလိုတွေးမိတော့' ရှန်မြောင်သည် ခေါင်းစောင်းကာ ကျိအာကို ကြည့်လိုက်ပြီး ဤကလေးအတွက် စိတ်မကောင်း ဖြစ်မိသွားသည်။
'ခေတ်သစ်မှာဆို မူလတန်းကျောင်းသားပဲ ရှိသေးတာ၊ ဒီခေတ်မှာတော့ အိမ်နဲ့ခွဲပြီး ပညာသင်နေရပြီပဲ။'
ရှန်ကျိသည် ယနေ့တွင် အနည်းငယ် တိတ်ဆိတ်နေလေသည်။ မျက်နှာတွင် စိတ်လှုပ်ရှား မျှော်လင့်နေမှုနှင့် မိသားစုကို မခွဲလိုစိတ်တို့ လွန်ဆွဲနေသည့် ပုံစံ ပေါ်နေ၏။
သူသည် ကြိမ်ဖြင့်ရက်ထားသော စာအုပ်သေတ္တာကြီးကို ကျောပိုးထားပြီး လက်ထဲတွင် ကြိမ်ဖျာကို ပိုက်ထားသည်။ ရှန်မြောင်က သူ့အစား လိပ်ထားသော အိပ်ရာလိပ်ကို ဆွဲပေးထားပြီး အခြားတစ်ဖက်တွင် သန့်စင်အောင် ရွေးချယ်ထားသော ဆန်နှင့် ဂျုံမှုန့် တစ်ဝက်ပါသည့် အိတ်ကို ကိုင်ထားလေသည်။
"ကျိအာ၊ ကိစ္စမရှိပါဘူး၊ ၁၀ ရက်နေရင် တစ်ခါ အိမ်ပြန်လို့ရပြီ၊ မကြီးလည်း ရက်နည်းနည်းကြာရင် အားတဲ့အချိန် စားစရာကောင်းတာတွေ လာပို့ပေးဦးမယ်၊ နင် စိတ်ချလက်ချ စာသာသင်ပါ” ရှန်မြောင် စဉ်းစားပြီးနောက် နူးညံ့စွာ နှစ်သိမ့်လိုက်လေသည်။
သို့သော် ကျိအာက ခေါင်းခါလိုက်လေသည်။ "မကြီး၊ ကျွန်တော် အိမ်နဲ့ မခွဲချင်လို့ မဟုတ်ပါဘူး၊ ကျွန်တော်က..." သူက ရှန်မြောင်ဘက် လှည့်ကြည့်လိုက်ပြီး မျက်လုံးထဲတွင် စိုးရိမ်မှုအချို့ ပါနေလေသည်။ "ကျွန်တော် ကျောင်းရောက်နေတဲ့အချိန် အိမ်မှာ အလုပ်တွေ နိုင်ပါ့မလားလို့ စိတ်ပူနေတာ”
ပြောရင်းနှင့် သူသည် လူကြီးတစ်ယောက်လို သက်ပြင်းချကာ ပွစိပွစိ ဆက်ပြောနေတော့သည်။ "ရှန်းအာနဲ့ ချန်ချွမ်းက ငယ်သေးတယ်၊ ချန်ချွမ်းခြေထောက်ကလည်း ဒဏ်ရာရထားသေးတော့ မကြီးကို ဘာမှ ကူပေးနိုင်မှာ မဟုတ်ဘူး။ ယိုယွီက အလုပ်ကြမ်းတွေ ကူလုပ်ပေးနိုင်တယ် ဆိုပေမဲ့ မကြီးက ဆိုင်ကိစ္စလည်း လုပ်ရဦးမယ်၊ သူတို့နှစ်ယောက်ကိုလည်း ပြုစုရဦးမယ်ဆိုတော့ မကြီး အရမ်းပင်ပန်းသွားမှာ ကျွန်တော် စိတ်ပူတယ်”
သူက မျက်နှာလေး ရှုံ့မဲ့နေပြီး ဆက်ပြောလေသည်။
"အထူးသဖြင့် ဒီနေ့ အိမ်မှာ ဟင်းပွဲသစ် တင်ရမယ့်နေ့လေ၊ ဒီလို အရေးကြီးတဲ့အချိန်မှာ ကျွန်တော် မရှိတော့ စိတ်ထဲ မသိုးမသန့် ဖြစ်နေတယ်”
သူက သူမအတွက် စိတ်ပူနေတာကိုး။ ရှန်မြောင်သည် ထိုအခါမှ တကယ် ရယ်မောလိုက်မိပြီး သူ့ခေါင်းပေါ်မှ ဆံထုံးလေးကို ဆွဲလိုက်လေသည်။
"ပြောနေလိုက်တာ အသက် ၇၀၊ ၈၀ အရွယ်ကျနေတာပဲ၊ စိတ်ချပါ၊ ဆိုင်ကိစ္စကို ငါ နိုင်ပါတယ်ဟ။ ရှန်းအာက ဆော့တော့ဆော့ပေမဲ့ လိမ်ပါတယ်၊ နင် သတိမထားမိဘူးလား။ ဆိုင်မှာ အလုပ်ရှုပ်ရင် သူ ဘယ်တော့မှ အနှောင့်အယှက် မပေးဘူး၊ ပန်းကန်ကူသိမ်းတာတို့၊ တံမြက်စည်းလှည်းတာတို့တောင် လုပ်ပေးသေးတယ်။ ဒီနေ့ဆို ချန်ချွမ်းက ဘီးတပ်ကုလားထိုင်ပေါ် ထိုင်ပြီး ငါ့ကို ဟင်းခင်းရေလောင်းတာတို့ ကြက်စာကျွေးတာတို့ ကူပေးသေးတယ်။ သူတို့နှစ်ယောက်က ငယ်ပေမဲ့ နင် အထင်မသေးနဲ့၊ အရမ်းလည်း စိတ်မပူနဲ့။ တကယ်လို့ အလုပ်မနိုင်ဘူးဆိုရင် မကြီးက ယာယီအလုပ်သမား ခေါ်လိုက်မှာပေါ့၊ လမ်းဘေးမှာ အားနေတဲ့သူတွေ အများကြီးပဲ၊ ပိုက်ဆံနည်းနည်းပေးပြီး တစ်ရက်လောက် လာလုပ်ခိုင်းလိုက်ရုံပေါ့၊ နင်က စာကိုသာ ကောင်းကောင်းသင်ပါ၊ လျှောက်တွေးမနေနဲ့”
ရှန်ကျိက မချိသွားဖြဲ ခေါင်းညိတ်လိုက်သော်လည်း လေးလေးနက်နက် မှာကြားလေသည်။ "မကြီး၊ ဒါ ကျွန်တော့် ရင်ထဲက စကားပါ၊ မကြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်စေချင်တယ်၊ ဒီရက်ပိုင်း ဧည့်သည်များရင် ကိုယ့်ဘာသာ သတိထားပြီး အနားယူ၊ ရေများများသောက်၊ ညဘက်လည်း စောစောအိပ်။ တကယ်လို့ အရမ်းပင်ပန်းရင် ဆိုင်ပိတ်ပြီး ကောင်းကောင်း အနားယူလိုက်၊ ပိုက်ဆံတစ်ရက်စာ မရလည်း ကိစ္စမရှိပါဘူး။ ကျွန်တော်က ကျောင်းမှာဆိုတော့ ပိုက်ဆံအများကြီး သုံးစရာမလိုဘူး၊ ဒီနေ့ မကြီး ပေးလိုက်တဲ့ ငွေတစ်ကွမ်းဆိုရင် အကြာကြီး သုံးလို့ရနေပြီ၊ ဒါကြောင့် မကြီး ကျွန်တော့်စကား နားထောင်နော်၊ အားရင် နားလိုက်ပါ”
ရှန်မြောင် ရင်ထဲ နွေးထွေးသွားပြီး လေသံပျော့ပျော့ဖြင့် ကတိပေးလိုက်လေသည်။ "ကောင်းပါပြီ၊ ငါ နင့်စကား နားထောင်ပါ့မယ်။ နားသင့်ရင် နားလိုက်မယ်၊ ဒီလောက်ဆို စိတ်ချပြီမလား။ ဟယ်... ဟို အဆောင်နံရံမှာ 'ကျာ' (ပထမ) ဆိုတဲ့ စာလုံး ရေးထားတယ်၊ အဲဒါ ရှေ့နားမှာ မလား”
ရှန်ကျိလည်း ရှန်မြောင် ညွှန်ပြရာသို့ ခြေဖျားထောက် ကြည့်လိုက်ရာ ငှက်ပျောရွက်ကြီးများက နံရံတစ်ဝက်ကို ဖုံးအုပ်နေသော်လည်း ‘ကျာ’ စာလုံးကို အမှန်တကယ် မြင်လိုက်ရသည်။ သူ့ရင်ထဲ ဒိန်းခနဲ ခုန်သွားပြီး ဟိုတစ်နေ့က စာမေးပွဲအောင်စာရင်း ကြည့်သလိုမျိုး စိတ်လှုပ်ရှားသွားရလေသည်။
ရှေ့တိုးသွားလိုက်ရာ ဟုတ်နေပေသည်။ ဒီနှစ် ဖိယုံးစာသင်ကျောင်းမှ လက်ခံလိုက်သော ပထမတန်း ကျောင်းသားငယ် စုစုပေါင်း ၂၀ ရှိပြီး တစ်ခန်းလျှင် ၅ ယောက် နေရကာ တစ်တန်းတည်းတွင် အုတ်ကြွပ်မိုး အိမ်ကြီး ၄ လုံး ရှိလေသည်။ နောက်ဘက်နံရံအောက်တွင် ငှက်ပျောပင်နှင့် ဝါးပင်များ စိုက်ပျိုးထားပြီး ကျောက်ပြားခင်း လမ်းကြားလေးထဲတွင် မီးခိုးရောင်ဝတ်စုံနှင့် ဦးထုပ်ဆောင်းထားသော အလုပ်သမားအချို့ တံမြက်စည်းလှည်းနေသည်ကို တွေ့ရသဖြင့် ကြည့်ရသည်မှာ မဆိုးလှပေ။
ကျိအာသည် အဆင့် ၆ ရထားသဖြင့် ဒုတိယအခန်းမှ ပထမကုတင်တွင် နေရာကျလေသည်။ ရှန်မြောင်က ဝင်ကြည့်လိုက်ရာ လူတိုင်း ကုတင်သေးတစ်လုံး၊ ဘေးတွင် စားပွဲခုံငယ်တစ်လုံး ရှိပြီး ထောင့်တွင် သေတ္တာစင် နှစ်တန်းရှိကာ သန့်ရှင်းသပ်ရပ်နေလေသည်။
အခန်းထဲတွင် လူ နှစ်ယောက်၊ သုံးယောက်ခန့် ရောက်နှင့်နေပြီ ဖြစ်သည်။ အားလုံးသည် ကျိအာနှင့် ရွယ်တူများဖြစ်ကြပြီး ကိုယ့်ကုတင်ပေါ် ကိုယ်ထိုင်နေကြကာ ရှန်မြောင်က ကျိအာကို ခေါ်ဝင်လာသည်ကို မြင်သောအခါ စူးစမ်းသော မျက်လုံးများဖြင့် ကြည့်နေကြလေသည်။
သူတို့က စောစောရောက်နေကြသဖြင့် ကုတင်ပေါ်မှ ခြင်ထောင်၊ အိပ်ရာခင်းများ အားလုံး ပြင်ဆင်ပြီးနေပြီ ဖြစ်သည်။ ကလေးတစ်ယောက်၏ မိခင်ဆိုလျှင် ရေခပ်လာပြီး အခန်းထဲရှိ စားပွဲ၊ ကုလားထိုင်၊ ဗီရိုနှင့် ပြတင်းပေါက်ဘောင်များကို တက်ကြွစွာ လိုက်သုတ်ပေးနေလေသည်။
အခြား ကလေးတစ်ယောက်ဆိုလျှင် ငယ်ငယ်ရွယ်ရွယ်နှင့် "မျက်မှန်" တပ်ထားလေသည်။ ဤခေတ်တွင် အလွန်ရှားပါးသော အနီးမှုန်လေး ဖြစ်လေသည်။ သူ့အား ဝတ်ရုံရှည်ဝတ်ထားသော ဖခင်ဖြစ်သူက လက်ကိုဆွဲကာ မှာကြားနေလေသည်။
"ညဘက် မအိပ်ခင် ဒီမျက်မှန်ကို ဂွမ်းအိတ်ထဲ သေချာထည့်နော်၊ ခြစ်မိမှာ စိုးရိမ်ရတယ်၊ ပြုတ်မကျစေနဲ့၊ ဒီတစ်လက်က ဈေးပေါတာ မဟုတ်ဘူး၊ သား တန်ဖိုးထားရမယ်။ အဖေ ပြန်တော့မယ်၊ သားက ဒီနေ့ကစပြီး စာကြိုးစားရမယ်၊ အဖေ့မျှော်လင့်ချက်ကို မပျက်စီးစေနဲ့”
ရှန်မြောင်သည်လည်း ကျိအာအတွက် စောင်နှင့် အဝတ်အစားများကို နေရာချပေးပြီး ခြင်ကာရန် ပိတ်ပါးစိမ်း ခြင်ထောင်ကို ချိတ်ပေးလိုက်လေသည်။ ဘာမှ လုပ်စရာ မကျန်တော့သဖြင့် ပြန်ရန် ပြင်လိုက်သည်။ သူမသည် မိသားစုဝင်တစ်ယောက်အနေဖြင့် ဒီအထိသာ လိုက်ပို့ခွင့် ရှိလေသည်။
ရှန်မြောင်သည် စကားအနည်းငယ် မှာကြားလိုက်ပြီး အကယ်၍ ကိစ္စရှိလျှင် အိမ်ကို လူလွှတ်ပြီး စာပို့ရန် သို့မဟုတ် ကျိုကောအား အကူအညီတောင်းရန် ပြောလိုက်လေသည်။
ကျိုကောအကြောင်း ပြောမိမှ သူမက ဆန်အိတ်ထဲရှိ ဆီစိမ်စက္ကူထုပ်ကို လက်ညိုးထိုးပြလိုက်ပြီး "ငါ ငါးဝါကြော် ပိုလုပ်ထားတယ်၊ နင် ခဏနေ ဆရာ့ကို ဂါရဝပြုပြီးရင် အားတဲ့အချိန် ကျိုကောကို သွားပေးလိုက်နော်။ သူကလည်း ပထမအတန်း ကျောင်းသားပဲဆိုတော့ နင်နဲ့ သိပ်ဝေးဝေးမှာ နေမှာ မဟုတ်ဘူး၊ ခဏနေကျ စုံစမ်းကြည့်လိုက်”
ကျိအာက ခေါင်းညိတ်လိုက်သည်။ "မကြီး ပြန်တော့လေ၊ မိုးချုပ်နေဦးမယ်”
ရှန်မြောင်က ခေါင်းညိတ်လိုက်ပြီး လှည့်ပြန်ရန် ပြင်လိုက်သည်။ ခြေလှမ်း နှစ်လှမ်းမပြည့်ခင် နောက်မှ ခြေသံကြားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ ကျိအာက မနေနိုင်ဘဲ လိုက်ထွက်လာပြီး ပြောသည်ကို တွေ့လိုက်ရသည်။
"မကြီး ခဏနေကျ လှည်းနဲ့ ပြန်နော်”
သူက သံယောဇဉ်မပြတ် ဖြစ်နေလေသည်။ "လမ်းမှာ ဂရုစိုက်နော်”
ရှန်မြောင်က သက်ပြင်းအနည်းငယ်ချကာ ပြုံးလျက် လက်ကာပြလိုက်တော့သည်။ "ပြန်ဝင်တော့၊ နင့်အခန်းဖော်တွေနဲ့ မိတ်ဆက်လိုက်ဦး၊ မကြီးကို စိတ်မပူနဲ့၊ ၁၀ ရက်နေလို့ နင် ကျောင်းပိတ်ရင် မကြီး လာကြိုမယ်”
ရှန်ကျိသည် အစ်မဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း ဆုံးရှုံးသွားသလို ခံစားနေရ၏။ သို့သော် သူ စာကို ကြိုးစားသင်မှ အစ်မဖြစ်သူ၏ ကျေးဇူးကို ဆပ်နိုင်မည်ဖြစ်ကြောင်း သိလေသည်။ သူ တိတ်တဆိတ် ပေးထားသော ကတိကိုလည်း မှတ်မိနေသေးသည်။ သူ ကိုယ်တိုင် အစ်မဖြစ်သူအတွက် ရွှေငွေဆိုင်တွင် အကောင်းဆုံး ခေါင်းဆောင်းလက်ဝတ်ရတနာ တစ်စုံ ဝယ်ပေးရမည်။
ထို့ကြောင့် သူသည် အားပြန်တင်းလိုက်ပြီး အဆောင်ထဲသို့ ပြန်ဝင်ကာ အခန်းဖော်များကို တက်ကြွစွာ နှုတ်ဆက်လိုက်ပြီး နာမည်မေးခြင်း၊ စကားစမြည်ပြောခြင်းများ ပြုလုပ်ကာ ဆရာ့ကို သွားရောက်ဂါရဝပြုရန် ချိန်းဆိုလိုက်ကြလေသည်။
သူတို့၏ ဆရာက နာမည်မျိုးရိုး ကျိုး ဖြစ်ပြီး ဆိတ်မုတ်ဆိတ် ထားထားကာ ပိန်ပိန်ပါးပါးနှင့် ကြည့်ရတာ စည်းကမ်းကြီးမည့်ပုံ ပေါက်လေသည်။
သို့သော် မနက်ဖြန်မှ စာသင်မည်ဖြစ်ရာ ဆရာကြီးကျိုးသည် "ကျောင်းသားတို့သည် ရည်မှန်းချက်ကြီးကြီးထားရမည်၊ ကိုယ့်ကိုယ်ကိုယ် ပြုပြင်ပြီး တိုင်းပြည်အကျိုး သယ်ပိုးရန် နှလုံးသွင်းရမည်။ အပျော်အပါးတွင် မမိန်းမောရ၊ ဆင်းရဲဒုက္ခကြောင့် မပျင်းရိရ။ ကျောင်းသားအချင်းချင်း ကူညီဖေးမရမည်၊ လေးစားလိုက်နာရမည်၊ ကိစ္စသေးအဖွဲလေးများနှင့် ငြင်းခုံမနေရ" စသည့် စကားများကိုသာ ပြောကြားပြီး သူတို့ကို ပြန်နားခိုင်းလိုက်လေသည်။
ရှန်ကျိနှင့် အခန်းဖော်များ အဆောင်သို့ ပြန်ရောက်ပြီးနောက် သူ တစ်ယောက်တည်း ထွက်လာပြီး သန့်ရှင်းရေးလုပ်နေသော အလုပ်သမားများကို မေးမြန်းကြည့်ရာ ကျောင်းသားကြီးများ အရှေ့ဘက်အဆောင်တွင် နေကြကြောင်း သိလိုက်ရသဖြင့် ငါးဝါကြော်ကို ယူဆောင်လျက် တစ်လမ်းလုံး စုံစမ်းမေးမြန်းကာ ရှာဖွေသွားလိုက်လေသည်။
ရှဲ့ချီသည် ထိုအချိန်တွင် ကြောင်လေးတစ်ကောင်ကို ပိုက်လျက် ပြတင်းပေါက်အောက်တွင် စာဖတ်နေပြီး ကြောင်လေးကို ပွတ်သပ်ပေးလိုက်၊ စာမျက်နှာကို ဖြည်းဖြည်းချင်း လှန်လိုက် လုပ်နေ၏။
သူ့နောက် ကုတင်ပေါ်တွင် နဉ်ယီက ကွေးကွေးလေး အိပ်နေပြီး တစ်ယောက်တည်း ပွစိပွစိ ရေရွတ်ကာ အပြစ်ပြောနေလေသည်။
"ဒီစားသောက်ဆောင်က စားဖိုမှူးက ခြေထောက်နဲ့ ထမင်းချက်တာလား။ ဟင်းရည်က ရေကျဲကျဲ၊ ဟင်းကလည်း အရသာမရှိ အနံ့မရှိ၊ ထမင်းကလည်း မာတောင်တောင်နဲ့ မျိုချရတာ ကြမ်းတမ်းလိုက်တာ၊ ချက်ထားတဲ့ အသားဟင်းကလည်း ညှီစော်နံနေတာပဲ၊ အပေါ်မှာ ဝက်မွေးတွေတောင် ပါသေးတယ်! ကြည့်လိုက်တာနဲ့ စားချင်စိတ် ပျောက်သွားပြီ၊ စားဖို့ဆို ဝေးရော..."
ရှဲ့ချီက သူပြောသည်ကို လုံးဝ နားမထောင်ဘဲနေရာ သူ့ကို ပြန်တုံ့ပြန်သူမှာ ချီလင်၏ "ညောင် ညောင်" ဟူသော အသံလေးသာ ရှိလေသည်။
နဉ်ယီသည် ဗိုက်ဆာလွန်းသဖြင့် ထလာပြီး ရှဲ့ချီရှေ့သို့ ယိုင်နဲ့နဲ့ သွားကာ ကြောင်ကို လက်ဖြင့် စနောက်ရင်း အငတ်ဘေးကြုံသလို ပြောလိုက်လေသည်။
"ရှဲ့ကျိုရာ၊ ငါ့ကို ဆိတ်နို့မုန့် တစ်ပန်းကန်လောက် ဖျော်တိုက်ပါလား၊ ငါ တကယ်..."
စကားမဆုံးခင် အပြင်မှ "ဒေါက် ဒေါက်" ဟူသော တံခါးခေါက်သံ ရုတ်တရက် ထွက်ပေါ်လာသည်။ နဉ်ယီက မျက်နှာကြီး ရှုံ့မဲ့ကာ ဖြည်းဖြည်းချင်း တံခါးသွားဖွင့်လိုက်လေသည်။
"ဘယ်သူလဲ”
ညနေဆည်းဆာအောက်တွင် ရင်းနှီးနေသော ကလေးတစ်ယောက် ရပ်နေသည်ကို နဉ်ယီ မှတ်မိလိုက်သဖြင့် အံ့ဩဝမ်းသာစွာ ပြောလိုက်လေသည်။
"ဒါ ရှန်ညန်ဇီရဲ့ မောင်လေး မဟုတ်လား။ မင်း ဘယ်လိုလုပ် ရောက်လာတာလဲ”
"ကျွန်တော့်မကြီးက ကျိုကောကို ငါးဝါကြော် လာပို့ခိုင်းလို့ပါ၊ သူ ဒီနေ့မှ ကြော်ထားတာ၊ အရမ်းမွှေးတယ်..."
ရှန်ကျိက လက်ထဲမှ ဆီစိမ်စက္ကူထုပ်ကို ရိုးရိုးသားသား မမြှောက်ပြလိုက်လေသည်။ "ရှန်ညန်ဇီကတော့ တကယ်ကို ရှန်ညန်ဇီပါပဲကွာ၊ တကယ့် ကယ်တင်ရှင်ပဲ!" နဉ်ယီ မျက်လုံးများ အရောင်တောက်သွားပြီး လက်လှမ်းယူလိုက်သည်။ သို့သော် ဘေးဘက်မှ သွယ်လျလှပသော လက်တစ်ဖက် ရုတ်တရက် ထွက်ပေါ်လာပြီး ဆီစိမ်စက္ကူထုပ်ကို မြဲမြံစွာ လုယူသွားလိမ့်မည်ဟု ဘယ်သူ ထင်ထားမည်နည်း။
နဉ်ယီတစ်ယောက် အံကြိတ်လိုက်ပြီး လှည့်ကြည့်လိုက်ရာ စောစောက အပြင်လောကကို စိတ်မဝင်စားဘဲ နေနေသော ရှဲ့ချီ ဖြစ်နေလေသည်။ သူ ဒေါသထွက်သွားသည်။
"မင်း စာထဲ စိတ်ရောက်နေတယ်ဆို၊ ငါ ပါးစပ်ပေါက်ကွဲမတတ် ပြောနေတာကျ မကြားဘဲ ရှန်ညန်ဇီ နာမည်ကြားတာနဲ့ ချက်ချင်း အသက်ပြန်ဝင်လာပါလား”
ကြောင်လေးက ရှဲ့ချီ၏ ပခုံးပေါ်သို့ တွယ်တက်နေပြီး ရှဲ့ချီက နဉ်ယီကို ဂရုမစိုက်ဘဲ ရှန်ကျိကို ပြုံးလျက် ပြောလိုက်လေသည်။
"ဝင်ထိုင်ပါဦး၊ လာရှာရတာ မလွယ်ဘူးမလား။ မင်းရဲ့မကြီးကို ကျေးဇူးတင်ပါတယ်လို့၊ ဘယ်လိုဖြစ်လို့ ဒါ လာပို့တာလဲ”
ရှန်ကျိက သတိလေးနှင့် ဝင်ထိုင်လိုက်လေသည်။ "မကြီးက ဒီရက်ပိုင်း ဟင်းပွဲသစ် စမ်းထွင်နေတာ၊ ငါးကို အရင်ကင်ပြီးမှ ပြုတ်တယ်၊ ဟင်းသီးဟင်းရွက်တွေနဲ့ တွဲစားရတာ အရမ်း စားလို့ကောင်းတယ်။ ငါးဆိုင်ကနေ ငါးအများကြီး မှာထားလို့ ဆိုင်ရှင်က ငါးလေးတွေ အများကြီး လက်ဆောင်ထည့်ပေးလိုက်တာ မကြီးမှာ မကုန်နိုင်လို့ ဆား၊ ဇီယာနဲ့ ကြော်လိုက်ပြီး ကျွန်တော့်ကို ကျောင်းမှာ သရေစာစားဖို့ ထည့်ပေးလိုက်တာ၊ အဲဒါနဲ့ ကျိုကောအတွက်ပါ တစ်ခါတည်း ယူလာခဲ့တာပါ”
ရှန်ညန်ဇီက သူ့ကို သတိရသားပဲ။ ရှဲ့ချီ ကြားလိုက်ရသဖြင့် မျက်လုံးများ ပြုံးရိပ်သမ်းသွားပြီး နဉ်ယီ၏ မကျေမနပ် မျက်လုံးများကို လစ်လျူရှုကာ ဆီစိမ်စက္ကူထုပ်ကို ရင်ခွင်ထဲ ထည့်လိုက်လေသည်။ ကြည့်ရတာ ဘယ်သူ့ကိုမှ ခွဲပေးမည့်ပုံ မပေါ်ပေ။
သို့သော် နဉ်ယီသည် ရှန်ကျိ၏ ပြောပြချက်ကြောင့် စိတ်ဝင်စားသွားပြီး တံတွေးမျိုချကာ မေးလိုက်လေသည်။ "ရှန်ညန်ဇီက ဟင်းပွဲသစ် တင်ထားတယ် ဟုတ်လား။ စားလို့ကောင်းလား”
ရှန်ကျိက ခေါင်းညိတ်ပြလိုက်ပြီး "အရမ်း စားကောင်းတယ်။ ငါးအသားက လတ်ဆတ်နူးညံ့တယ်၊ ဟင်းရည်က အနှစ်များပြီး အရသာရှိတယ်၊ အသင့်စား ထန်းပင်ခေါက်ဆွဲ နှစ်တုံးလောက် ဟင်းရည်ထဲ စိမ်စားလိုက်ရင် အရသာက ပြောမပြတတ်အောင်ပဲ”
နဉ်ယီမှာ နားထောင်ရင်း သည်းမခံနိုင်တော့ပေ။ ဗိုက်ထဲတွင် ဂွီဂွီမြည်နေပြီး ရှန်ကျိ နှုတ်ဆက်ပြန်သွားသည်နှင့် တံခါးပိတ်လိုက်ကာ ရှဲ့ချီနှင့် ရှန့်အန့်တို့ကို တိုးတိုးလေး တိုင်ပင်လိုက်လေသည်။
"ငါတို့သုံးယောက် ဒီနေ့ ငါးကင်သွားစားရအောင်၊ ဘယ်လိုလဲ”
ရှန်အန်းက မေးလိုက်သည်။ "ဘယ်လိုသွားမှာလဲ။ ကျောင်းတံခါး ပိတ်သွားပြီလေ”
နဉ်ယီက မျက်လုံးမှေးစင်းထားလိုက်ကာ "တံတိုင်းကျော်မှာပေါ့ကွ”
ရှဲ့ချီသည် ကြောင်လေး၏ မေးစေ့ကို ပွတ်သပ်ပေးနေပြီး စကားမပြောပေ။ သူသည် အရင်က ကျောင်းပြေးလေ့မရှိသော်လည်း... ရင်ခွင်ထဲမှ ငါးဝါကြော်သည် မွှေးကြိုင်သော အနံ့လေးများ ထွက်နေပြီး သူ့နှလုံးသားကို ငှက်မွှေးဖြင့် လာတို့နေသကဲ့သို့ ယားကျိကျိ ဖြစ်စေလေသည်။
"တခြားဟာ ထားလိုက်၊ ရှန်ညန်ဇီကို သွားအားပေးသင့်တာပေါ့” နဉ်ယီက ကြောင်ပွတ်နေသော ရှဲ့ချီကို တစ်ချက်ကြည့်ပြီး ရည်ရွယ်ချက်ရှိရှိ ပြောလိုက်လေသည်။ "သူများက မင်းကို ငါးကြော်တောင် လာပို့သေးတာ၊ မင်းက သွားကျေးဇူးမတင်ဘူးလား”
ဒါကတော့ ဟုတ်သားပဲ။ ရှဲ့ချီသည် နောက်ဆုံးတွင် ခိုင်လုံသော အကြောင်းပြချက် ရသွားပြီဖြစ်ရာ မတ်တပ်ရပ်ပြီး ချီလင် ကုတ်ထားသော အင်္ကျီရင်ဘတ်ကို ပြင်လိုက်ကာ ခေါင်းညိတ်လိုက်လေသည်။
"မင်းပြောတာ ဟုတ်တယ်၊ သူများက လာပေးရင် ကိုယ်ကလည်း ပြန်ပေးရတာ ယဉ်ကျေးမှုပဲ၊ ငါးကြော်လက်ဆောင်ကို ကျေးဇူးမတုံ့ပြန်ရင် မကောင်းဘူး၊ သွားကြတာပေါ့”
ရှန်အန်းက ရယ်ချင်စိတ်ကို ထိန်းပြီး သူတို့နှစ်ယောက်ကို လက်ညှိုးထိုးကာ ခေါင်းခါလိုက်လေသည်။ "မနက်ဖြန် ဆရာကြီးဖုန်း သိသွားရင် မင်းတို့ ငါ့အစား အပြစ်ခံပေးရမှာနော်။ မင်းတို့နှစ်ယောက်က တစ်ယောက်က စားဖို့၊ တစ်ယောက်က လူကြောင့်၊ ငါတစ်ယောက်တည်းပဲ မင်းတို့အတွက် အသက်စွန့်ပြီး အဖော်လိုက်ပေးရတာ”
"တော်ပါတော့ကွာ၊ မြန်မြန်သွားစို့၊ တော်ကြာ မမီဘဲ နေမယ်”
...
အပိုင်း (၈၆) စည်ကားသော ညဈေးတန်း
နေမင်းကြီးသည် အနောက်ဘက် တောင်တန်းနောက်ကွယ်သို့ သက်ဆင်းသွားပြီး ကောင်းကင်ကြီးက မည်းမှောင်လာခဲ့ပြီ။
ဖိယုံးစာသင်ကျောင်း၏ နောက်ကျောဘက် ဝါးတောထဲတွင် ညပိုင်း ပိုးကောင်အော်သံများ ဆူညံနေပြီး တောင်ပေါ်လေ တိုက်ခတ်လိုက်တိုင်း ဝါးရွက်လှုပ်သံများ တရှဲရှဲ ထွက်ပေါ်နေ၏။
ဆရာကြီးဖုန်းသည် ဝါးတဲထဲတွင် ထိုင်ကာ ခေါင်းခြောက်နေပြီး စိတ်ရှုပ်ထွေးစွာ လက်ရမ်းလိုက်ရာ "ဖြောင်း" ခနဲ ရိုက်လိုက်ရာ ပေါင်ပေါ်တွင် နားနေသော ရဲတင်းလွန်းသည့် ခြင်ကျားတစ်ကောင် ပြားသွားလေသည်။
သူ့လက်ထဲတွင် တစ်ဝက်ခန့် ရေးပြီးသော စာအုပ်ကို မည်သို့ ဆက်ရေးရမည်နည်းဟု စိတ်ညစ်နေပြီး လက်က အမှတ်တမဲ့ဖြင့် ခြင်ကိုက်ခံရသောကြောင့် ဖောင်းကြွလာသည့် နေရာကို ကုတ်နေမိသည်။ ဦးစွာ လက်သည်းဖြင့် "+" ပုံစံ ဖိလိုက်ပြီး ယားယံ၍ ကုတ်ရင်း ကြီးလာသောအခါ လက်သည်းဖြင့် အားကုန် ထပ်ဖိပြီး ကြယ်ပွင့်ပုံစံ ဖြစ်အောင် လုပ်လိုက်ပြန်သည်။
သို့သော် စဉ်းစားလေလေ အကြံမထွက်လေလေ ဖြစ်နေပြီး ဦးနှောက်ထဲတွင် ရှုပ်ထွေးနေကာ ခြေထောက်ကလည်း ယားနေသေးသည်။
သူသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး ကံကြမ္မာကို လက်ခံလိုက်သလို မတ်တပ်ရပ်ကာ နောက်ဖေးဘက်သို့ ထွက်လာပြီး အသင့်စား ထန်းပင်ခေါက်ဆွဲ တစ်ပန်းကန်လောက် ဖျော်စားရန် ပြင်လိုက်သည်။ အတွေးများ ပိတ်ဆို့နေသည့် အချိန်တိုင်း သူသည် ထန်းပင်တစ်ပန်းကန် စားလေ့ရှိပြီး ဝါးတောလေကို ရှူရှိုက်ရင်း စားလိုက်၊ စဉ်းစားလိုက် လုပ်လျှင် အတွေးအမြင်များ ပိုမို ပွင့်လင်းလာလေ့ ရှိသဖြင့် တဖြည်းဖြည်း အကျင့်ဖြစ်လာခဲ့သည်။
ကံဆိုးစွာဖြင့် ယနေ့တွင် သူ အကြာကြီး ရှာဖွေသော်လည်း အစေခံများ လာပို့ထားသော ခြင်းတောင်းထဲတွင် ဗလာဟင်းလင်း ဖြစ်နေသည်။ ကုန်သွားပြီပဲ!
ဆရာကြီးဖုန်းသည် ခြင်းတောင်းထဲမှ ကျန်နေသော မုန့်အစအနများကို ကောက်ယူပြီး ပါးစပ်ထဲ ထည့်ဝါးကြည့်လိုက်သည်။ မုန့်အစအနများက စိုထိုင်းပျော့တွဲနေသဖြင့် သူ့စိတ်ရောကိုယ်ပါ နှစ်သိမ့်မှု မပေးနိုင်ပေ။ ဟိုတစ်လောက အိမ်တွင် ကျင်းပခဲ့သော မွေးနေ့ပွဲကို သတိရသွားပြီး နှုတ်ခမ်းကို သပ်လိုက်မိသည်။
ထိုနေ့က သူသည် အရသာရှိသော ဟင်းကောင်းများကို စားသောက်ခဲ့ပြီး ညဘက် ဝါးတဲသို့ ပြန်ရောက်သောအခါ ဉာဏ်ပွင့်သွားပြီး စာလုံးရေ ထောင်ပေါင်းများစွာကို တစ်ညတည်းနှင့် ရေးနိုင်ခဲ့ရာ ယခု ပြန်စဉ်းစားလျှင်ပင် ကျေနပ်အားရစရာ ကောင်းလှသည်။
ထို့ကြောင့် သူ ကောင်းကင်ကို မော့ကြည့်လိုက်ပြီး စိတ်ထဲ ယိမ်းယိုင်သွားသည်။
လသာပြီး လေပြည်အေး တိုက်နေတဲ့အချိန် ရှန်ကျိထန်းပင်ဆိုင်ကို ညဘက် သွားစုံစမ်းကြည့်ရင် ကောင်းမလား။
စိတ်ကူးပေါ်လာသည်နှင့် ဆရာကြီးဖုန်းသည် ဝါးတဲထဲမှ သတ္တိရှိရှိ ထွက်ခွာလာပြီး လမ်းကြုံတုန်း စင်္ကြံအောက်တွင် ဟောက်ပြီး သွားကြိတ်ကာ အိပ်နေသော အချွေအရံကို ကန်ပြီး နှိုးလိုက်လေသည်။
"ဖုန်းလျို၊ ထ၊ တောင်အောက် ဆင်းမယ်”
ဖုန်းလျိုသည် မျက်လုံးများ မှုန်ဝါးဝါးဖြင့် ထထိုင်ကာ ပါးစပ်ထောင့်မှ တံတွေးကို သုတ်ပြီး ကမန်းကတန်း ထလိုက်ကာ သခင်ဖြစ်သူနောက်သို့ လိုက်ရင်း နားမလည်စွာ မေးလိုက်လေသည်။
"မိုးချုပ်နေပြီ၊ ကျောင်းတံခါးလည်း ပိတ်နေပြီ၊ သခင်လေး ဘယ်သွားမလို့လဲ”
"ထန်းပင် သွားစားမလို့”
ဆရာကြီးဖုန်းသည် ခြေလှမ်းသွက်သွက်ဖြင့် လျှောက်သွားလိုက်သည်။ တောင်အောက်တွင် ဖိယုံးစာသင်ကျောင်း၏ တံတိုင်းနံရံ ရှိသည်။ တောင်ကိုမှီပြီး ဆောက်ထားခြင်း ဖြစ်ရာ တံတိုင်းနံရံ၏ အောက်ခြေသည် မြင့်မားပြီး ကျောက်တုံးများ စီထားသဖြင့် ကျော်တက်ရန် မခက်ခဲလှပေ။
လမင်းသည် ကောင်းကင်ယံတွင် မြင့်မားစွာ တည်ရှိနေပြီး ငွေရောင်အလင်းများ ဖြာကျနေကာ ဟောဟဲဟောဟဲနှင့် တံတိုင်းကျော်နေသော သခင်နှင့်ကျွန် နှစ်ယောက်၏ အရိပ်ကို ထင်ဟပ်နေစေသည်။ ဖုန်းလျိုသည် တံတိုင်းအောက်တွင် ထိုင်ကာ ဆရာကြီးဖုန်းကို အားကုန်ကုန်းပိုးလိုက်သည်။ ဆရာကြီးဖုန်းသည် ဝတ်ရုံစကို ခါးပတ်တွင် ထိုးထည့်လိုက်ပြီး ဖင်ကုန်းကာ တံတိုင်းထိပ်ကို ဖက်တွယ်ပြီး မနည်း တက်လိုက်ရ၏။ အပေါ်ရောက်မှ အောက်သို့ ပြန်ငုံ့ကြည့်လိုက်ရာ ခြေထောက် မခိုင်ချင်တော့သဖြင့် မခုန်ဆင်းရဲ ဖြစ်နေလေသည်။
သူ ချီတုံချတုံ ဖြစ်နေစဉ် မလှမ်းမကမ်းရှိ သစ်ပင်ပန်းမန်များ ဖုံးကွယ်နေသော အခြားတံတိုင်းထိပ်တစ်ခုမှ တရှဲရှဲ အသံများ ကြားလိုက်ရသည်။ ဆရာကြီးဖုန်းက တောကြောင်ဟု ထင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သစ်ကိုင်းကြားမှ ခေါင်းသုံးလုံး ဆက်တိုက် ထွက်ပေါ်လာသည်။
အလွန် ရင်းနှီးနေသော ခေါင်းများ ဖြစ်နေလေသည်။
လရောင်က သူတို့ကို ထိုးပေးနေသဖြင့် လူလေးယောက်သည် တံတိုင်းတစ်ခုခြားပြီး အပြန်အလှန် ကြည့်နေကြကာ နှစ်ဖက်စလုံး အလွန်အံ့ဩသွားသဖြင့် ဘာပြောရမှန်း မသိ ဖြစ်နေကြသည်။
ယနေ့ည ဖိယုံးစာသင်ကျောင်းသည် တိတ်ဆိတ် ငြိမ်သက်နေလေသည်။
နဉ်ယီက ကျောင်းပြေးဖူးသော အတွေ့အကြုံ ရင့်ကျက်သူပီပီ ဦးဆုံး သတိပြန်ဝင်လာပြီး တံတိုင်းကျော်စဉ်က ခေါင်းပေါ်တွင် ငြိနေသော သစ်ရွက်ကို ရှက်ရွံ့စွာ ဖယ်ရှားလိုက်သည်။ ထို့နောက် ခေါင်းငုံ့ပြီး ရှဲ့ချီကို တိုးတိုးလေး ညည်းညူလိုက်သေးသည်။
"ငါ တံတိုင်းကျော်တာ မရေမတွက်နိုင်အောင် ရှိနေပြီ၊ အဖမ်းခံရတာ ဒါ ပထမဆုံးပဲ၊ မင်းကို မခေါ်ခဲ့မိရင် ကောင်းသား၊ မင်းကံဆိုးတာ ငါ မေ့သွားတယ်..."
ရှဲ့ချီကလည်း တိုးတိုးလေး ပြန်ပြောရန် စိတ်ကူး ရှိနေသေးသည်။
"...ရောင့်ရဲလိုက်ပါတော့၊ ပြုတ်ကျပြီး ခြေထောက်မကျိုးတာ ကံကောင်းတယ် မှတ်ပါ”
ရှန်အန်းက နဖူးကို လက်ဖြင့် အုပ်လိုက်သည်။
"မင်းတို့ တော်ကြပါတော့၊ ဆရာကြီးဖုန်း စိုက်ကြည့်နေပြီ”
နဉ်ယီသည် ချက်ချင်း အပြုံးမပျက် မော့ကြည့်လိုက်ပြီး ဂရုတစိုက် မေးလိုက်လေသည်။
"ဆရာကြီး၊ ညဉ့်နက်ကြီး ဘာလို့ ဒီမှာ ရောက်နေရတာလဲ”
ဆရာကြီးဖုန်းက မျက်နှာတည်တည်ဖြင့် ပြန်ပြောလိုက်သည်။
"အဲဒီစကားကို ငါက မေးရမှာ မဟုတ်ဘူးလား”
ပြောပြီးနောက် ရှဲ့ချီဘက် လှည့်ကြည့်ကာ ချစ်ရသော တပည့်ကျော် အပေါင်းအသင်းမှားပြီး ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသဖြင့် လက်ကို တုန်ရီစွာ ညွှန်ပြရင်း မုတ်ဆိတ်မွေးများ ထောင်ထွက်မတတ် ဒေါသထွက်ကာ ပြောလိုက်လေသည်။
"ရှဲ့ချီတောင် မင်းတို့နဲ့ ပေါင်းပြီး မိုက်ရိုင်းကုန်ပြီလား”
ရှဲ့ချီသည် ရှက်ရွံ့စွာဖြင့် မျက်နှာလွှဲလိုက်ပြီး ယနေ့ည သာယာလှပသော လရောင်ကို ခံစားနေသယောင် ဟန်ဆောင်လိုက်လေသည်။
"အမှန်အတိုင်း ပြောစမ်း၊ မင်းတို့သုံးယောက် ဘယ်သွားမလို့လဲ”
ရှန်အန်းက သက်ပြင်းချလိုက်ပြီး မျက်နှာထားက တဖြည်းဖြည်း ဝမ်းနည်းပက်လက် ဖြစ်သွားလေသည်။
သူသည် စာစီစာကုံး ရေးသားရာတွင် ထူးချွန်သူ ဖြစ်သည့်အလျောက် ရှင်းပြရာတွင်လည်း စကားလုံး အသုံးအနှုန်း ကောင်းမွန်လှသည်။ ဦးစွာ ကျောင်းစားသောက်ဆောင်၏ ဆိုးရွားပုံကို စတင် ပြောပြသည်။ ဟင်းလျာများ အရသာမရှိသည့်အပြင် နေ့လယ်စာအတွက် မနက်စာ အကျန်များကိုသာ ကျွေးကြောင်း၊ "ကြည့်လိုက်ရင် စားချင်စိတ် ပျောက်သွားပြီး စားလိုက်ရင် မျိုချရခက်ပါတယ်၊ ကျောင်းက မိုးချုပ်ရင် တံခါးပိတ်လိုက်တော့ ကျောင်းသားတွေ အပြင်ထွက် စားဖို့လည်း အခက်အခဲ ရှိပါတယ်၊ အထူးသဖြင့် စာသင်ရတာ ပင်ပန်းပါတယ်၊ စိတ်ပင်ပန်းရတဲ့အထဲ ဗိုက်ဆာတာကိုပါ သည်းခံနေရတော့ ကျွန်တော်နဲ့ နဉ်ယီ၊ ရှဲ့ချီတို့ သုံးယောက် မတတ်သာတဲ့အဆုံး စွန့်စားပြီး တံတိုင်းကျော်ထွက်ရတာပါ၊ ဗိုက်ပြည့်အောင် စားရဖို့ မျှော်လင့်မိပါတယ်" ဟု ပြောလိုက်ရာ သူ၏ မျက်လုံးများတွင် ဝမ်းနည်းရိပ်များ သမ်းနေပြီး လေသံမှာလည်း ဆွေးမြေ့ဖွယ် ကောင်းနေသဖြင့် ဆရာကြီးဖုန်းမှာ သူတို့သုံးယောက်၏ နောက်ခံမိသားစု ချမ်းသာကြွယ်ဝကြောင်းကိုပင် မေ့လျော့သွားပြီး သနားစိတ် ဝင်သွားရလေသည်။
ထို့နောက် ရှန်အန်းက တည်ငြိမ်သော လေသံဖြင့် ဆက်ပြောလေသည်။ "ကျွန်တော်တို့ ဒီလိုလုပ်တာ မသင့်တော်ဘူးဆိုတာ သိပါတယ်၊ ဒါပေမဲ့ ဗိုက်ဝဖို့အတွက် မတတ်သာလို့ လုပ်ရတာပါ၊ ဆရာကြီး နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ ဖိယုံးစာသင်ကျောင်းက အစိုးရကျောင်းတော်ပါ၊ စားသောက်ဆောင်က ကျောင်းသား ရာပေါင်းများစွာရဲ့ စားသောက်ရေးနဲ့ သက်ဆိုင်နေပါတယ်၊ ဘယ်လိုလုပ် ပေါ့ပေါ့ဆဆ လုပ်နိုင်ပါ့မလဲ။ ကျောင်းသားတွေက ကိုယ်ပိုင် ဆန်စပါး ယူလာကြတာပါ၊ ဒါပေမဲ့ စားသောက်ဆောင်ကို ပို့လိုက်ပြီး ချက်ပြုတ်လိုက်တဲ့အခါ ဆန်ဟောင်းတွေ ဖြစ်သွားတယ်၊ ဂျုံမှုန့်အကောင်းတွေက ဖွဲတွေ ရောကုန်တယ်၊ ဒါ ကိုယ်ကျိုးရှာတာ မဟုတ်ဘူးလား။ ဖိယုံးစာသင်ကျောင်းက အစိုးရကျောင်း ဖြစ်တဲ့အတွက် စားဖိုမှူးတွေ အများကြီး ရှိတယ်၊ ကျောင်းစဖွင့်ကတည်းက အခုထိ လူမလဲဖူးဘူး၊ စားဖိုမှူးတွေ လက်ရာမကောင်းရင်လည်း ပြင်းပြင်းထန်ထန် အပြစ်မပေးဘူး၊ ကောင်းရင်လည်း ဆုမချဘူး ဆိုတာ ကြားဖူးပါတယ်၊ ဒါကြောင့် တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲ အခုလို အခြေအနေ ဖြစ်နေတာပါ၊ ကျွန်တော်တို့လို ကျောင်းသားတွေက အပြောမတတ်တော့ ဆရာကြီးက နောက်ပိုင်း ကျောင်းအုပ်ကြီးကို စာတင်ပြီး စားသောက်ဆောင်က အကျင့်ပျက်ခြစားမှုတွေကို စစ်ဆေးပေးစေချင်ပါတယ်၊ ဒီပြဿနာ ပြေလည်သွားရင် ကျွန်တော်တို့လည်း တံတိုင်းကျော်စရာ မလိုတော့ဘဲ စိတ်ချလက်ချ စာသင်နိုင်မှာပါ”
နဉ်ယီမှာ နားထောင်ရင်း မျက်လုံးများ ပြူးကျယ်သွားသည်။ တကယ်ကို "ကလောင်စွမ်းထက်" ရှန်အန်းပါပေ။ သူတို့ သွားရည်ကျပြီး ကျောင်းပြေးသည့် ကိစ္စက ချက်ချင်းဆိုသလို အကြောင်းပြချက် ခိုင်လုံသွားလေပြီ။
ယခုတော့ နဉ်ယီလည်း စိတ်မလုံတာတွေ ပျောက်သွားပြီး ရင်ကော့လိုက်ကာ ရှဲ့ချီကို တံတောင်ဖြင့် တွတ်လိုက်လေသည်။
ရှဲ့ချီလည်း ချက်ချင်းပင် ရန်သူကို တညီတညွတ်တည်း တော်လှန်မည့် ပုံစံမျိုး ပြောင်းလဲလိုက်ပြီး လေးလေးနက်နက် ပြောလိုက်လေသည်။ "တကယ်ပါပဲ၊ ဆရာကြီးတို့က နေ့တိုင်း သီးသန့်ဆောင်မှာ စားကြတော့ စားသောက်ဆောင်က မသမာမှုတွေကို မသိကြပါဘူး၊ ကျောင်းသားတွေက စာကြိုးစားပြီး အရာရှိဖြစ်ဖို့ လာကြတာပါ၊ အများစုက ဆင်းရဲသားတွေဆိုတော့ လူတွေကို အပြစ်မလုပ်ချင်ကြဘူး၊ ပြဿနာ မတက်ချင်ကြဘူး၊ ဒါကြောင့် ဘယ်သူမှ ခေါင်းမထောင်ရဲကြပါဘူး၊ ဒီနေ့ ဆရာကြီးနဲ့ မတွေ့ရင် ကျွန်တော်တို့ ဘယ်မှာသွားပြီး တိုင်တောရပါ့မလဲ”
ဆင်းရဲသား ကျောင်းသားတွေက ပြဿနာ မရှာရဲ၊ သူဌေးသားတွေကလည်း ပြဿနာ မတက်ချင်တော့ အိမ်က လာပို့တဲ့ ထမင်းဟင်းကိုပဲ စားကြတယ်၊ ဒါကြောင့် ဟိုကောင်တွေ ပိုပြီး အတင့်ရဲလာတာပဲ။
ထို့အပြင် စားသောက်ဆောင် တာဝန်ခံက ကျောင်းအုပ်ချုပ်ရေးမှူး တစ်ယောက်ရဲ့ ယောက်ဖတော်တယ်လို့ ထင်တာပဲ ဟု ရှဲ့ချီ စိတ်ထဲ တွေးနေလိုက်သည်။
ဆရာကြီးဖုန်းသည် ဖြောင့်မတ်သူ ဖြစ်သဖြင့် ဒေါသတကြီး တံတိုင်းကို ရိုက်လိုက်လေသည်။
"ဒီလိုကိစ္စမျိုး ရှိရသလား၊ ငါ မနက်ဖြန် ကျောင်းအုပ်ကြီးနဲ့ သွားတွေ့ပြီး ဒီကိစ္စကို ရှင်းအောင် လုပ်မယ်”
ဖုန်းမိသားစုသည် အာဏာမရှိသော်လည်း စုဆောင်းထားသော ရွှေငွေများမှာ မနည်းလှပေ။ ဖိယုံးစာသင်ကျောင်း၏ ကျောင်းဆောင်အများစုနှင့် စာသင်ခန်းများကို ဖုန်းမိသားစုက လှူဒါန်းထားခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် ဘုရင်က ဆရာကြီးဖုန်းအား "အများအကျိုးဆောင်" ဟူသော စာတန်းကို ရေးသားပေးအပ်ခဲ့ပြီး ဆက်လက် လှူဒါန်းရန် မျှော်လင့်ကြောင်း ပြသခဲ့သည်။
ထို့ကြောင့် ဆရာကြီးဖုန်းသည် ကျောင်းနောက်ကျောဘက် တောင်ပေါ်တွင် ကိုယ်ပိုင် ဝါးတောနှင့် အိမ်တစ်လုံး ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။
အခြားသူများက ကျောင်းအုပ်ချုပ်ရေးမှူး၏ ယောက်ဖကို ကြောက်ကြသော်လည်း ဆရာကြီးဖုန်းကတော့ မကြောက်ပေ။ အပြုံးနောက်ကွယ်တွင် ဓားဝှက်ထားသော ဘုရင်ကို ရင်ဆိုင်ရာတွင် ရှဲ့မိသားစုသည် သားကြီးကို စွန့်လွှတ်ပြီး "မတတ်နိုင်ရင် ရှောင်မယ်" ဟူသော လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။ ဖုန်းမိသားစုကမူ သားဆုံးရှုံးပြီးနောက် "ပိုက်ဆံနဲ့ အသက်ဝယ်မယ်" ဟူသော လမ်းစဉ်ကို ရွေးချယ်ခဲ့သည်။
ဖုန်းမိသားစုသည် လဲ့ကျန်းမြို့စားအိမ်တော်၏ တံခါးကို ပိုက်ဆံဖြင့် ဖွင့်ခဲ့ပြီး မြို့စားမှတစ်ဆင့် မိဖုရားခေါင်ကြီး၏ နန်းတော်တံခါးကို ပိုက်ဆံဖြင့် ဖွင့်ခဲ့သည်။ ထို့နောက် မိဖုရားခေါင်ကြီးမှတစ်ဆင့် ဘုရင့်ဘဏ္ဍာတိုက်ကို ပိုက်ဆံဖြင့် ဖြည့်ဆည်းပေးခဲ့သည်။
ရာထူးတိုးရန် မျှော်လင့်ချက် မရှိသော်လည်း အနည်းဆုံးတော့ အဆင်ပြေနေသေးသည်။
သို့သော် ဤသည်မှာ ရေငတ်တုန်း ရေငန်သောက်သလိုပင်၊ ရွှေတောင်ငွေတောင်လည်း ကုန်သွားမည့်ရက် ရှိလိမ့်မည်။ ထိုအချိန်ရောက်လျှင် ဖုန်းမိသားစု ဘယ်လိုလုပ်ကြမည်နည်း။ ဆရာကြီးဖုန်းက သက်ပြင်းချလိုက်ပြီး ဖြစ်သမျှ အကြောင်း အကောင်းလုပ်ကာ လက်ရှိအချိန်ကိုသာ ပျော်ပျော်နေလိုက်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။
ရှဲ့ချီတို့ သုံးယောက် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ကျောင်းပြေးတာ ဒီလို အကျိုးထူး ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဆရာကြီးဖုန်းသည် ရိုးသားဖြောင့်မတ်သူ ဖြစ်ပြီး လေလုံးထွားတတ်သူ မဟုတ်ပေ။ သူ ပြောပြီးလျှင် တကယ် လုပ်မည့်သူ ဖြစ်သည်။
သို့သော် တံတိုင်းပေါ်ထိုင်ပြီး လေအေးအေး တိုက်ခတ်ခံလိုက်ရသောအခါ ဆရာကြီးဖုန်း၏ လှည့်စားခံလိုက်ရသော ဦးနှောက် ပြန်လည် ကြည်လင်လာသည်။ မဟုတ်သေးပါဘူး၊ ဒီကောင်တွေ ပြဿနာရှာနေကြတာပဲ၊ သူ့ကိုတောင် အသုံးချရဲကြတယ်ပေါ့။ ထမင်းမဝဘူး ဆိုတာတွေက အလကား၊ အိမ်က အစေခံတွေ နေ့တိုင်း လာပို့နေတာ အလှကြည့်ဖို့မှ မဟုတ်တာ။
ဒါပေမဲ့ ဘယ်သူကများ သူ့ကို ဒီတပည့်သုံးယောက်နဲ့ လာဆုံအောင် ဖန်တီးလိုက်တာလဲ။ ကျောင်းက တခြားဆရာများဆိုလျှင် တပည့် ၁၀ ယောက်လောက် ရှိကြသော်လည်း ဆရာကြီးဖုန်းက မာနကြီးပြီး တခြားကျောင်းသားများ ညံ့ဖျင်းကြသည်ဟုဆိုကာ ရှဲ့ချီ၊ ရှန်အန်းနှင့် နဉ်ယီ သုံးယောက်ကိုသာ လက်ခံသင်ကြားပေးသည်။ ကျောင်းအုပ်ကြီးလည်း မတတ်နိုင်ပေ၊ ဖုန်းမိသားစုက ကျောင်းရဲ့ အဓိက အလှူရှင်ကြီး ဖြစ်နေသည်ကိုး။
ဒီခေတ်တွင် ဆရာတစ်ဆူ၊ အဖေတစ်ဆူ သဘောထားကြသဖြင့် ဆရာနှင့်တပည့်သည် သားအဖသဖွယ် ဖြစ်သည်။ သူသည်လည်း ဒီတပည့်ဆိုး သုံးယောက်ကို ခွင့်လွှတ်ရုံသာ ရှိတော့သည်။ ဆရာကြီးဖုန်းက သူတို့ကို မျက်စောင်းထိုးကြည့်ပြီး အေးစက်စက် လေသံဖြင့် မေးလိုက်လေသည်။
"တော်ပြီ၊ နောက်တစ်ခါ မလုပ်နဲ့၊ ဒီတစ်ခါတော့ မင်းတို့ ကျောင်းပြေးတာကို အပြစ်မယူတော့ဘူး၊ ဒါနဲ့ ဘယ်သွားပြီး စားကြမလို့လဲ ပြောစမ်း”
"ဆရာကြီး မသိလို့ပါ၊ ရှန်ကျိထန်းပင်ဆိုင်မှာ ဟင်းပွဲသစ် ထွက်တယ်တဲ့၊ အရမ်း စားလို့ကောင်းတယ် ဆိုလို့ ကျွန်တော်တို့ သွားမြည်းမလို့ပါ” နဉ်ယီက မနေနိုင်တော့ဘဲ ပြောလိုက်သည်။ "ဆရာကြီးက သဘာဝတရားကို ခံစားတတ်သူပဲ၊ ဒီနေ့ တံတိုင်းပေါ်ထိုင်ပြီး လကြည့်နေတာလား။ တကယ်လို့ အားနေရင် ကျွန်တော်တို့နဲ့ အတူ လိုက်ခဲ့ပါလား”
ဆရာကြီးဖုန်းက ချောင်းဟန့်လိုက်ပြီး ပါးပြင်ပေါ်တွင် သွေးရောင်လွှမ်းသွားကာ မုတ်ဆိတ်ကို သပ်ရင်း အလိုက်သင့် လက်ခံလိုက်လေသည်။
ထို့ကြောင့် တံတိုင်းကျော်ပြီး စားသောက်ထွက်သူမှာ ဆရာတပည့် လေးယောက်နှင့် ကြောင်တစ်ကောင် ဖြစ်သွားလေသည်။ ရှဲ့ချီနှင့် သူငယ်ချင်းဆိုး နှစ်ယောက်သည် ဆရာကြီးဖုန်း၏ မြင်းလှည်းထဲတွင် ကြပ်ညပ်နေအောင် လိုက်ပါလာကြသည်။ သူက ချီလင် ပိပြားသွားမည် စိုးသဖြင့် အိပ်ပျော်နေသော ကြောင်ပေါက်စလေးကို ရင်ခွင်ထဲ ထည့်ထားပြီး ကြောင်ခေါင်းလေးသာ ဖော်ထားကာ ရှန်ကျိထန်းပင်ဆိုင်သို့ အလျင်အမြန် ထွက်ခွာလာကြလေသည်။
မြို့တွင်းသို့ ဝင်ရောက်ပြီး ယန်လျိုအရှေ့လမ်းကြားသို့ ရောက်သောအခါမှ ရှန်ကျိဆိုင်၏ ယနေ့ည စီးပွားရေး ကောင်းမွန်ပုံကို သိလိုက်ရ၏။
ဆရာတပည့် လေးယောက် မြင်းလှည်းပေါ်မှ ဆင်းလိုက်ရာ ဆိုင်ရှေ့မရောက်ခင်ကပင် ဆူညံသံများကို ကြားနေရပြီး အလွန် စည်ကားနေလေသည်။
ရှန်ကျိထန်းပင်ဆိုင်၏ အတွင်းရော အပြင်ရော လူပြည့်နေပြီး ဆိုင်ဘေးတွင် ခုံပုလေးများ တန်းစီချထားကာ လူအများအပြား ဝါးနံပါတ်ပြားလေးများကို ကိုင်ပြီး ထိုင်စောင့်နေကြသည်။ ရယ်စရာကောင်းပြီး တောက်ပြောင်သော ဝတ်စုံ ဝတ်ထားသည့် ယာယီငှားရမ်းထားသော ဗလကြီးသည့် အမျိုးသား နှစ်ယောက် ရှိနေသည်။ သူတို့ ကိုယ်ပေါ်တွင် ငါးကင်ဝိုင်းဖွဲ့စားသောက်နေပုံ ပိုစတာများ ကပ်ထားပြီး တစ်ယောက်က နှဲမှုတ်ကာ နောက်တစ်ယောက်က အော်ဟစ်နေလေသည်။
"စားပွဲသေး နံပါတ် ၁၃! စားပွဲသေး နံပါတ် ၁၃ ဘယ်သူလဲ! ခင်ဗျားအလှည့် ရောက်ပါပြီ! ရှန်ကျိဆိုင်က ငါးလာစားဖို့ ခေါ်နေပါတယ်! မြန်မြန်လာပါ! ကျော်သွားရင် နောက်တစ်ဝိုင်း ခေါ်လိုက်တော့မယ်နော်!"
လေးယောက်သား လူအုပ်ကြားထဲ မနည်းတိုးဝင်သွားမှ ဆိုင်ရှေ့တွင် စားပွဲခုံများ ပိုချထားရုံသာမက ရှန်ကျိဆိုင်၏ နောက်ဖေးနှင့် လမ်းကြားထဲတွင်ပါ ယာယီ စားပွဲ ၄-၅ လုံးလောက် ထပ်ချထားသည်ကို တွေ့လိုက်ရသည်။ လူအများအပြား ထိုင်နေကြပြီး ဟင်းလာမည့်အချိန်ကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။
ဘေးအိမ်မှ အဒေါ်ကုသည် လူအုပ်ကြားထဲတွင် မီးဖိုကို ကိုင်ပြီး လျှောက်သွားနေကာ ရှန်ညန်ဇီကို ကူညီပြီး ဟင်းပွဲချပေးနေသည်။ အဒေါ်ရုံလည်း ရောက်နေပြီး ပန်းကန်သိမ်း၊ မီးသွေးထည့် ကူလုပ်ပေးနေသည်။ ရှန်းအာသည် ခါးစည်းလေး စည်းထားပြီး လူကောင်သေးတာကို အခွင့်ကောင်းယူကာ ဆိုင်အတွင်းအပြင် လျှင်မြန်စွာ ပြေးလွှားနေသည်။ သူမသည် စားပွဲဝိုင်းတိုင်း မှာသည့် ဟင်းပွဲများကို မှတ်သားပြီး ကောင်တာသို့ တဒုန်းဒုန်း ပြေးသွားကာ အထဲတွင် အလုပ်ရှုပ်နေသော အစ်မဖြစ်သူကို အော်ပြောလိုက်လေသည်။
"မကြီး၊ ပဲငံပြာရည် ငါးကင်တစ်ပွဲ၊ အကြွပ်ကြော် ငါးကင်နှစ်ပွဲ ထပ်တိုးတယ်! ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ် အကုန်ထည့်၊ အစပ်လျှော့!"
မီးဖိုချောင်ထဲတွင် ရှန်မြောင်သည် တည်ငြိမ်နေဆဲ ဖြစ်သည်။ သူမသည် ဒယ်အိုးသုံးလုံးဖြင့် တပြိုင်နက် ငါးကြော်နေသည်။ ယိုယွီသည် ခုံပုလေးပေါ်ထိုင်ကာ ပန်းကန်ဆေးသည့် ဘူးသီးခြောက်မှ မီးပွင့်မတတ် ကြိုးစားပမ်းစား ဆေးကြောနေသည်။ ချန်ချွမ်းသည် ဘီးတပ်ကုလားထိုင်ပေါ်တွင် ထိုင်နေသော်လည်း အားမနေပေ။ ပေါင်ပေါ်တွင် ခြင်းတောင်းတစ်လုံး တင်ထားပြီး ထင်းခွဲရုံမှ မီးသွေးများကို ဘီးတပ်ကုလားထိုင်ဖြင့် အကြိမ်ကြိမ် သယ်ယူပေးနေသည်။
ထိုအချိန်တွင် အဒေါ်ကုသည် အငွေ့တထောင်းထောင်းထနေသော ငါးကင်တစ်ပွဲကို ကိုင်လျက် ရှဲ့ချီတို့ လေးယောက်ဘေးမှ ဖြတ်သွားပြီး တံခါးဝတွင် ထိုင်နေသော ဧည့်သည်ဝိုင်းသို့ သွားပို့လေသည်။
နဉ်ယီက ခေါင်းပြူကြည့်လိုက်ရာ သွားရည်ကျလုနီးပါးပင် ဖြစ်သွားတော့သည်။
ငါးကင်ထားသည်မှာ ရွှေအိုရောင်သမ်းနေပြီး မီးသွေးဖြင့် ကင်ထားသော အကျွမ်းရာလေးများနှင့် ဆီများ ဝင်းလက်နေသည်။ ငါးပေါ်တွင် ဟွားကျောင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်မြိတ်များ ဖုံးအုပ်ထားပြီး ငါးအောက်တွင် ဟင်းသီးဟင်းရွက်များ ပြည့်နှက်နေသည်။ အစပ်နံ့သည် နှာခေါင်းထဲသို့ တိုးဝင်လာပြီး ထပ်ရှူလိုက်လျှင် ငါး၏ လတ်ဆတ်မှုနှင့် ဟင်းခတ်အမွှေးအကြိုင်များ ပေါင်းစပ်သွားသော အနံ့သည် ဗိုက်ထဲမှ သန်ကောင်များကို ဆွဲဆောင်နေသကဲ့သို့ ဖြစ်နေလေသည်။
ဘေးနားတွင် စားနေသူများလည်း ရှိနေသဖြင့် နဉ်ယီက လည်ပင်းဆန့်ကာ အားကျစွာ ကြည့်လိုက်၏။ ထိုဧည့်သည်က ငါးအသားတစ်ဖတ်ကို ညှပ်လိုက်ရာ ငါးအသားက နူးညံ့လွန်းသဖြင့် တုန်ခါနေလေသည်။ ပါးစပ်ထဲ ထည့်လိုက်သည်နှင့် ထိုလူက ချက်ချင်း အာမေဋိတ်သံ ထွက်လာသည်။
"တကယ် စားကောင်းတာပဲ! ဒီလောက်ကြာကြာ စောင့်ရတာ တန်ပါတယ်ကွာ”
သူက ပါးစပ်သုတ်လိုက်ပြီး မစောင့်နိုင်တော့ဘဲ ရှန်အန်းကို ဆွဲကာ အပြင်ဘက်တွင် နံပါတ်ပြား သွားယူခိုင်းလေသည်။
ရှဲ့ချီတစ်ယောက်တည်းသာ ထိုနေရာတွင် ရပ်နေပြီး လူအုပ်ကြီးကို ကျော်ဖြတ်ကာ အငွေ့တထောင်းထောင်းထနေသော နေရာသို့ လှမ်းမျှော်ကြည့်လိုက်သည်။ ကောင်တာပြတင်းပေါက်မှ လိုက်ကာများကို ဟင်းပွဲချရ လွယ်ကူစေရန် လှန်တင်ထားသဖြင့် ရှန်ညန်ဇီ၏ အလုပ်ရှုပ်နေသော ပုံရိပ်လေးကို ရေငွေ့များကြားမှ ရေးတေးတေး မြင်နေရသည်။
"ဟေး ဦးလေး၊ ပိုက်ဆံ မရှင်းရသေးဘူးလေ!"
ရှန်းအာက ရုတ်တရက် စိုးရိမ်တကြီး အော်လိုက်သည်။ သူမသည် အခွင့်ကောင်းယူပြီး ဆိုင်ထဲမှ ထွက်ပြေးရန် ကြိုးစားနေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနောက်သို့ လိုက်သော်လည်း မမီလိုက်ပေ။ လဲကျလုနီးပါး ဖြစ်သွားသော်လည်း ဘေးမှ အဒေါ်ရုံက ဖမ်းထိန်းလိုက်သဖြင့် တော်သေးသည်။ သူမ ခြေဆောင့်ကာ စိတ်ပူနေသည်။
ရှဲ့ချီတို့အဖွဲ့သည် ဆိုင်ဝတွင် ရပ်နေကြရာ သူ သတိဝင်လာပြီး ချက်ချင်းပင် ထိုထွက်ပြေးမည့်လူကို လက်လှမ်းဆွဲလိုက်လေသည်။
ထိုလူက လှည့်ကြည့်လိုက်ရာ ငယ်ရွယ်ပြီး စာပေသမားပုံစံပေါက်သော လူငယ်လေးတစ်ယောက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် မိုက်ရိုင်းစွာ အော်ငေါက်လိုက်လေသည်။
"လွှတ်စမ်း! ငါ့အဘိုးက ဘယ်သူလဲဆိုတာ သိ..."
"အား... အား... နာတယ်! မှားပါတယ်! ကျွန်တော် မှားသွားပါတယ်!"
ရှဲ့ချီက အနည်းငယ် အားစိုက်လိုက်ရုံဖြင့် သူ့လက်မောင်းကို နောက်ပြန်လိမ်လိုက်လေသည်။ နဉ်ယီကလည်း ခြေထောက်ဖြင့် ဝင်ကန်လိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။
"မင်းအဘိုးက ပိုက်ဆံရှင်းပြီးမှ သွားလို့ မှာလိုက်တယ်။ အလကားစားပြီး ဘာစကား လာများနေတာလဲ!"
ထိုလူသည် နွဲ့နှောင်းပုံရသော စာပေသမားလေးက ဤမျှ ခွန်အားကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဘေးမှလူများကလည်း ဝိုင်းကြည့်နေကြသဖြင့် သူသည် ခေါင်းငိုက်စိုက်ချကာ ပိုက်ဆံထုတ်ပေးလိုက်ပြီး မျက်နှာကို လက်စဖြင့် အုပ်ကာ ထွက်ပြေးသွားတော့သည်။
ရှဲ့ချီသည် ရင်ခွင်ထဲတွင် ကြောင်ကို ပိုက်ထားရင်း လက်ထဲတွင် ပိုက်ဆံကို ကိုင်ကာ လူအုပ်ကြားမှ တိုးထွက်လာပြီး ရှန်းအာကို ပိုက်ဆံပေးလိုက်သည်။ သူမ၏ ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးရင်း ပြုံးလျက် ပြောလိုက်သည်။
"ရော့၊ သေချာသိမ်းထား၊ ဒီရက်ပိုင်း ပိုတော်လာပါလား”
ရှန်းအာက ရင်းနှီးသူ ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် ချက်ချင်း ပြုံးရွှင်သွားသည်။
"ရှဲ့အစ်ကို၊ ဘယ်လိုလုပ် ရောက်လာတာလဲ။ ယန့်ရှူး နေကောင်းရဲ့လား”
"ကောင်းပါတယ်၊ ဟိုတစ်လောက ချိုးဟောင် အဝတ်အစားပြန်ယူတုန်းက ပြောပြတယ်၊ သူက ရှစ်ယီးညန်၊ အဘွားတို့နဲ့ တောက ခြံကိုသွားပြီး ပုစွန်မျှား၊ ငါးဖမ်း ထွက်ကြတယ်တဲ့၊ ဘုရားပွဲလည်း လျှောက်လည်ကြတယ်တဲ့၊ ငါ့ထက်တောင် ပျော်ဖို့ကောင်းနေသေးတယ်။ နောက်တစ်ခေါက် ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ရင် ငါ့အိမ်မှာ ဧည့်ခံပွဲ လုပ်စရာ ရှိတယ်၊ နင်နဲ့ နင့်မကြီး ငါ့အိမ်ကို လာခဲ့ကြ၊ အဲဒီကျရင် သူ့ကို သွားရှာပြီး ကစားလို့ ရပြီ”
ရှဲ့ချီ ပြောရင်းနှင့် မနေနိုင်ဘဲ သူမခေါင်းပေါ်မှ ဆံထုံးဝိုင်းဝိုင်းလေးကို ဆွဲလိုက်မိသေးသည်။
"ရှဲ့အစ်ကို၊ ရှေ့မှာ လူများတယ်၊ နောက်ဖေးဘက် လိုက်ပို့ပေးမယ်၊ လာခဲ့၊ ဒီနေ့ ငါးကင် လာစားတာလား”
ရှန်းအာက ခေါင်းညိတ်ပြပြီး ရှဲ့ချီလက်ကို ဆွဲကာ နောက်ဖေးပေါက်မှ ခေါ်သွားရန် တိုးတိုးလေး ပြောလိုက်လေသည်။
...