အခန်း (၈၇-၈၈)
Vol. 9 Ch. 87-88
အပိုင်း (၈၇)
ရှဲ့ချီက မလှုပ်မယှက်နှင့် ခေါင်းခါလိုက်သည်။
"နေပါစေ၊ အခု လူတွေများနေတယ်၊ အပြင်မှာလည်း စောင့်နေတဲ့သူတွေ အများကြီးပဲ၊ တို့တွေက နောက်မှ ရောက်လာပြီး နေရာလုရင် တခြားလူတွေ မကျေမနပ် ဖြစ်လိမ့်မယ်၊ နင့်စေတနာကို ကျေးဇူးတင်ပါတယ်၊ တို့တွေလည်း နံပါတ်ပြား ယူပြီးပြီဆိုတော့ အေးအေးဆေးဆေး စောင့်လိုက်ပါမယ်၊ နင့်မကြီး အခက်တွေ့အောင် မလုပ်ချင်ပါဘူး”
ရှန်းအာက စဉ်းစားပြီးနောက် လက်ခံလိုက်သည်။ ထို့နောက် ရှဲ့ချီကို တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆိုရင်လည်း သမီး သွားကူလိုက်ဦးမယ်၊ ရှဲ့အစ်ကို ဒီမှာ ထိုင်စောင့်နေနော်၊ ဆိုင်ရှေ့မှာ မကြီးက နေကြာစေ့ ၁၀ ကျင်းလောက် ဝယ်ထားတယ်၊ စောင့်နေတဲ့သူတွေ သောက်ဖို့ ရေနွေးကြမ်းလည်း အိုးကြီးတစ်လုံး တည်ထားတယ်၊ ပျင်းနေရင် အဲဒါလေးတွေ စားသောက်နေပေါ့”
ရှဲ့ချီက ပြုံးလိုက်သည်။ "ကျေးဇူးပါပဲ၊ သွားလုပ်စရာ ရှိတာ သွားလုပ်ပါ၊ ငါ့ကို ဧည့်ခံနေစရာ မလိုပါဘူး”
ရှန်းအာသည် ထိုအခါမှ တင်ပါးလှုပ်ကာ ဟင်းမှာရန် ထွက်သွားတော့သည်။
ဟိုဘက်တွင် နဉ်ယီက ဝါးနံပါတ်ပြားလေး ယူလာပြီး တံခါးစောင့်ကို မေးကြည့်လိုက်ရာ နောက်ထပ် ၄-၅ ဝိုင်းလောက် စောင့်ရဦးမည် ဖြစ်ပြီး နာရီဝက်နီးပါး ကြာနိုင်ကြောင်း သိလိုက်ရသည်။ သို့သော် ပတ်ဝန်းကျင် တစ်ခုလုံး ငါးကင်နံ့များ သင်းပျံ့နေသဖြင့် နဉ်ယီ ပြန်မသွားချင်တော့ပေ။ ဆရာကြီးဖုန်းသည် ဆရာဂုဏ်အင်္ဂါဖြင့် ဟိတ်ဟန်ထုတ်နေသော်လည်း နှာခေါင်း တရှုံ့ရှုံ့ လုပ်နေပြီး ပြန်မသွားသဖြင့် ရှန်အန်းလည်း ပြုံးလျက် တံခါးဘေးရှိ ခုံပုလေးတွင် ဝင်ထိုင်လိုက်သည်။
ရှဲ့ချီ စဉ်းစားပြီး ပြန်ထွက်လာသော်လည်း ဝင်မထိုင်ပေ။ သူ့ရင်ခွင်ထဲမှ ကြောင်ကို နဉ်ယီထံ ထိုးပေးလိုက်ပြီး ရှန်အန်းအိတ်ကပ်ထဲမှ စာရေးကိရိယာ အစုံအလင်ကို ကျွမ်းကျင်စွာ နှိုက်ယူလိုက်ကာ လက်ကို ပင့်တင်ရင်း ပြောလိုက်သည်။
"ဒီတိုင်း ထိုင်စောင့်နေရတာ ပျင်းစရာကြီး၊ ရှန်းအာက ငယ်သေးတော့ လူလိမ်ခံရမှာ စိုးရိမ်တယ်၊ ငါ ရှန်ညန်ဇီကို ပိုက်ဆံကူသိမ်းပေးလိုက်ဦးမယ်”
ရှန်အန်းသည် စိတ်ကူးပေါက်လျှင် ချရေးတတ်သော အကျင့်ရှိသဖြင့် စာရေးကိရိယာ အမြဲဆောင်ထားတတ်ရာ ယခု ရှဲ့ချီ ယူသွားသဖြင့် နှမြောတသ ဖြစ်သွားသည်။
"ဒါ ရွှယ်ထောင်စက္ကူတွေကွ!"
သို့သော် ရှဲ့ချီကတော့ ဆိုင်ထဲ ဝင်သွားပြီဖြစ်ပြီး စကားတစ်ခွန်းသာ ချန်ထားခဲ့သည်။ "နောက်မှ ချိုးဟောင်ကို နှစ်ပေလောက် ဝယ်ပြီး ပြန်လျော်ခိုင်းလိုက်မယ်!"
ရှန်မြောင်သည် အပြင်ဘက်တွင် ဘာဖြစ်နေမှန်း လုံးဝ မသိဘဲ ငါးကင်ရာတွင်သာ အာရုံစိုက်နေသည်။
နေ့ခင်းက လူငှားပြီး မြို့ပတ် ကြော်ငြာခိုင်းထားသဖြင့် ဤမျှ အလုပ်ရှုပ်မည်ကို သူမ ကြိုတင် တွက်ဆထားပြီး ဖြစ်သည်။ ကျိအာကို လိုက်ပို့ပြီးနောက် သူမ သိသမျှ လူအကုန် အကူအညီတောင်းထားသည်။ အဒေါ်ရုံနှင့် အဒေါ်ကုကို တစ်ယောက် ဝမ် ၁၀၀ စီ အတင်းထိုးပေးပြီး ငှားထားသည်။ သို့မဟုတ်လျှင် သူတို့က ယူမည် မဟုတ်ပေ။
ဆိုင်ရှေ့တွင် ဧည့်ကြိုလုပ်နေသူများမှာလည်း နေ့ခင်းက ကြော်ငြာပေးသော လူလေလူလွင့် နှစ်ယောက်ပင် ဖြစ်သည်။ သူတို့ အလုပ်လုပ်တာ သေချာသဖြင့် ရှန်မြောင်က တစ်ယောက် ဝမ် ၅၀ စီ ပေးပြီး ညဘက် ဆက်ကူခိုင်းထားခြင်း ဖြစ်သည်။
ထို့နောက် အိမ်နီးနားချင်းများထံမှ စားပွဲ၊ ကုလားထိုင်များ ငှားရမ်းခြင်း၊ နေကြာစေ့ ဝယ်ထားခြင်း၊ ရေနွေးကြမ်း ကျိုထားခြင်း၊ စားပွဲခုံများတွင် ကော်ဖြင့် နံပါတ်စဉ်များ ကပ်ထားခြင်း စသည်တို့ကို ပြုလုပ်ခဲ့သည်။ ရှန်မြောင်သည် ခေတ်သစ်က ဆိုင်ဖွင့်ဖူးသော အတွေ့အကြုံဖြင့် အကောင်းဆုံး ပြင်ဆင်ထားခဲ့သည်။
သူမ တွက်ဆထားသည့်အတိုင်းပင် မိုးချုပ်သည်နှင့် ဧည့်သည်များ တရုန်းရုန်း ရောက်လာကြသည်။
ထို့ကြောင့် နေဝင်ချိန်ကတည်းက ယခုထိ မနားတမ်း အလုပ်ရှုပ်နေတော့သည်။ နှစ်နာရီခန့် ကြာသောအခါ နေ့ခင်းက ပြင်ဆင်ထားသော ငါးများ ကုန်သွားပြီး ၁၀ ကောင်ခန့်သာ ကျန်တော့သည်ကို တွေ့လိုက်ရသဖြင့် ရှန်းအာကို ငါးဆိုင်သို့ လွှတ်ကာ ငါးထပ်မှာပြီး အမြန်သွက်သွက် သတ်ခိုင်းရသည်။ ရောက်လာသည်နှင့် ချက်ချင်းနယ်ပြီး ဆက်ကင်ရသဖြင့် ပြတ်လပ်မှု မရှိခဲ့ပေ။
ခဏအကြာတွင် သူမ ငါးကင်တစ်ပွဲ ပြီးသွားပြန်သည်။ ဆီပူလောင်းထည့်ပြီးနောက် ကောင်တာပေါ် တင်လိုက်ပြီး အဒေါ်ကုကို လှမ်းခေါ်ရန် ပြင်လိုက်စဉ် ကောင်တာပေါ်တွင် ရွှေမှုန်ကပ်ထားသော မက်မွန်ရောင် စာရွက်ပိုင်းလေးများ ရောက်နေသည်ကို တွေ့လိုက်ရသည်။
ကောက်ယူကြည့်လိုက်ရာ သူမ ရင်းနှီးသော လက်ရေးလှလှလေးဖြင့် ရေးထားသည်ကို တွေ့လိုက်ရသည်။
"ဝိုင်းနံပါတ် ၇၊ ဟွားကျောင်း အကြွပ်ကြော် ငါးကင်၊ အစပ်၊ နံနံပင် မထည့်၊ ပိုင်ယဲ့အရက် နှစ်အိုး”
"ဝိုင်းနံပါတ် ၁၀၊ ပဲငံပြာရည် ငါးကင်၊ ထန်းပင် နှစ်ပွဲ၊ ဂျုံအရက် တစ်အိုး”
"ဝိုင်းနံပါတ် ၁၄၊ ဟွားကျောင်း အကြွပ်ကြော် ငါးကင်၊ ထန်းပင် တစ်ပွဲ၊ ဂျင်းနဲ့ပဲငါးပိ များများထည့်၊ ဂျုံအရက် သုံးအိုး”
ရှန်မြောင် တစ်ချက် ကြောင်သွားပြီး မော့ကြည့်လိုက်ရာ လူအုပ်ကြားထဲတွင် အရပ်ရှည်ရှည် လူရိပ်တစ်ခုကို တွေ့လိုက်ရသည်။ သူသည် ကျောင်းဝတ်စုံ ဖားဖားကြီးကို ဝတ်ထားသော်လည်း လက်ထဲတွင် စာရွက်နှင့် စုတ်တံကို ကိုင်ကာ သူမဆိုင်မှ စားပွဲထိုးလေးအဖြစ် ပြောင်းလဲထားသည်။ ရှန်းအာနောက်မှ လိုက်ကာ ဧည့်သည်မှာသော ဟင်းပွဲများကို လိုက်မှတ်ရင်း ပြုံးရွှင်စွာဖြင့် လက်ဖြန့်တောင်းနေလေသည်။
"ငါးကင်က ၉၈ ဝမ်၊ ထန်းပင်က ၂ ဝမ်၊ ဂျုံအရက်က ၁၈ ဝမ်၊ စုစုပေါင်း ၁၁၈ ဝမ် ကျပါတယ်၊ ကျေးဇူးပြုပြီး ပိုက်ဆံ အရင်ရှင်းပေးပါခင်ဗျာ”
ပိုက်ဆံရသည်နှင့် ရှန်းအာ လွယ်ထားသော အိတ်ထဲသို့ ထည့်ပေးလိုက်ပြီး နောက်တစ်ဝိုင်းသို့ ကူးသွားပြန်သည်။ ရှဲ့ချီ ကူညီပေးနေသဖြင့် ရှန်းအာသည် ပိုပြီး တက်ကြွနေကာ ရှေ့မှ တောက်လျှောက် သွားနေလေသည်။ အားကိုးစရာ ရှိနေသဖြင့် ဂျီးများသော ဧည့်သည်များကိုလည်း မကြောက်တော့ပေ။
ရှန်မြောင်လည်း မျက်လွှာချလိုက်ပြီး ကောင်တာပေါ်မှ စာရွက်များကို တစ်ရွက်ချင်း ကောက်ယူကာ ခါးစည်းကြားတွင် ထိုးထည့်လိုက်သည်။ ထိုနွေးထွေးမှုလေးကို ရင်ထဲတွင် သိမ်းဆည်းထားလိုက်သလိုပင်။ ထို့နောက် လှည့်ပြီး အလုပ်ဆက်လုပ်လိုက်လေသည်။
အတော်ကြာ အလုပ်ရှုပ်ပြီးနောက် ရှန်မြောင်က အပြင်ဘက်မှ စောင့်နေသူ ဦးရေကို ရေတွက်ခိုင်းလိုက်သည်။ မီးဖိုချောင်ထဲတွင် ငါးသိပ်မကျန်တော့သဖြင့် ထပ်လက်ခံ၍ မရတော့ပေ။
ကံကောင်းသည်မှာ မိုးချုပ်နေပြီ ဖြစ်၍ ဆိုင်ထဲတွင် လူပြည့်နေသော်လည်း အပြင်တွင် စောင့်နေသူ နည်းသွားပြီ ဖြစ်သည်။ အဒေါ်ကုက အပြင်ထွက်ပြီး တံခါးစောင့်ကို စကားပြောင်းပြောခိုင်းလိုက်သည်။ ထပ်လာမေးသူ ရှိလျှင် မနက်ဖြန် စောစောလာပါ၊ စောင့်မနေပါနဲ့တော့ ဟု ပြောခိုင်းလိုက်သည်။
နောက်ဆုံးဝိုင်း ပြီးသွားသောအခါ ရှန်မြောင် သက်ပြင်းချနိုင်ပြီး ခါးစည်းကို ချွတ်လိုက်လေသည်။
သူမသည် ကျိုကောကို ကျေးဇူးတင်စကား ပြောချင်သော်လည်း ဆိုင်အတွင်းအပြင်တွင် စားသောက်နေကြသော နောက်ဆုံးဧည့်သည်များကိုသာ တွေ့ရပြီး သူ့ကို မတွေ့ရတော့ပေ။
ရှန်းအာကမူ သိနေသည်။ အပြေးလေး လာပြီး ရှန်မြောင်ကို ခါးကုန်းခိုင်းကာ လက်ဖောင်းဖောင်းလေးဖြင့် ပါးစပ်ကိုအုပ်ပြီး နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်လေသည်။
"ရှဲ့အစ်ကိုနဲ့ သူ့သူငယ်ချင်းတွေ ငါးကင်စားပြီး ပြန်သွားကြပြီ၊ သူက ပြောတယ်..."
"ငါးကင်က အရသာရှိတယ်၊ ငါးကြော်လည်း ကောင်းတယ်တဲ့၊ ရှန်ချီလင် အရမ်းကြိုက်တယ်တဲ့”
ရှန်းအာက ခေါင်းစောင်းပြီး နားမလည်စွာ မေးလိုက်သည်။ "ရှန်ချီလင်က ဘယ်သူလဲ”
ရှန်မြောင် မျက်နှာ ရုတ်တရက် ရဲတက်သွားပြီး ထစ်အစွာ ပြန်ဖြေလိုက်သည်။ "ငါ... ငါလည်း မသိဘူး”
ရှန်းအာက လူကောင်သာ ငယ်သော်လည်း လူလည်လေး ဖြစ်သဖြင့် မျက်မှောင်ကြုတ်ကာ စူးစမ်းလိုက်သည်။ "မကြီး မျက်နှာ ဘာလို့ ရဲနေတာလဲ”
"မီးရောင်ဟပ်လို့ပါ!"
ရှန်မြောင်သည် မီးဖိုချောင်ထဲတွင် သိမ်းဆည်းစရာရှိသည်ဟု အကြောင်းပြကာ ထွက်ပြေးသွားတော့သည်။
....
ထို့နောက် ရက်အနည်းငယ် ဆက်တိုက် ငါးကင် ရောင်းအားကောင်းနေသဖြင့် ရှန်မြောင်သည် မနက်ဘက် နေဖင်ထိုးမှ အိပ်ရာထတော့သည်။ မနက်ဈေး ဆိတ်သားဟင်းရည်နှင့် ဖက်ထုပ်ကို မရောင်းနိုင်တော့ဘဲ နေ့လယ်ကျမှ အေးအေးဆေးဆေး ဆိုင်ဖွင့်ကာ ငါးနယ်ခြင်း၊ အမယ်ပြင်ဆင်ခြင်း ပြုလုပ်တော့သည်။
ဟင်းသီးဟင်းရွက် လှီးရင်း နောက်ပိုင်း ဆိုင်လည်ပတ်ပုံကို စဉ်းစားနေမိသည်။
လက်ရှိအခြေအနေအရ မနက်ဈေးနှင့် ညဈေးကို နှစ်ခုလုံး နိုင်အောင် မလုပ်နိုင်တော့ပေ။ ဆိုင်မချဲ့၊ လူမခေါ်လျှင် တစ်ခုကို စွန့်လွှတ်ရမည်။ သူမ ငါးကင်ရောင်းသည်မှာ ၃ ရက်သာ ရှိသေးသော်လည်း အရင်းနှုတ်ပြီး အမြတ် ၃၀ကွမ်း ကျော်ရရှိခဲ့သည်။ ငါးကင်ရောင်းရရုံသာမက ငါးကင်တစ်ပွဲနှင့်အတူ အရက်နှင့် အခြားဟင်းပွဲလေးများပါ တွဲဖက်ရောင်းရသဖြင့် ဆိုင်၏ ဝင်ငွေ အများကြီး တိုးတက်လာခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ဤပမာဏသည် ဖြည်းဖြည်းချင်း ကျဆင်းသွားလိမ့်မည်။ ဟင်းပွဲသစ် ဖြစ်သဖြင့် အစပိုင်းတွင် လူအများဆုံး ဖြစ်နေခြင်းသာ။ နောက်ပိုင်းတွင် ပုံမှန် အနေအထားတစ်ခုသို့ ရောက်သွားလိမ့်မည်။ သို့သော် ထိုပမာဏသည်လည်း လုံလောက်သည်ဟု ဆိုရမည်။
ဧည့်သည် အရေအတွက် ငြိမ်သွားလျှင် ဒီရက်ပိုင်းလောက် အလုပ်ရှုပ်တော့မည် မဟုတ်သော်လည်း ရှန်ကျိဆိုင်၏ နာမည်သည် ငါးကင်ကြောင့် ကျော်ကြားသွားပြီဖြစ်ရာ လူတိုင်း သတိရနေမည့် "အထင်ကရ ဟင်းပွဲ" တစ်ပွဲ ရှိသွားပြီ ဖြစ်သည်။ ထို့ကြောင့် ရေရှည်ကြည့်လျှင် ညဈေးတန်း အချိန်တွင် လူနည်းသွားမည် မဟုတ်ပေ။ သူမ၊ ယိုယွီနှင့် ရှန်းအာ သုံးယောက်တည်းဖြင့် မနိုင်နိုင်ပေ။
ရှန်းအာက ငယ်သေးသဖြင့် ပန်းကန်သိမ်း၊ စားပွဲသုတ်၊ တံမြက်စည်းလှည်း လောက်သာ ကူညီနိုင်ပြီး ကျန်တာ သိပ်မလုပ်နိုင်ပေ။
ယိုယွီသည် မီးဖိုချောင် လက်ထောက် ဖြစ်ပြီး သူမ၏ အခြေအနေက ထူးခြားသဖြင့် အလုပ်ရှုပ်လာလျှင် သူမ လုပ်စရာများ မနည်းလှပေ။ မီးမွှေးရုံနှင့်ပင် သူမ မအားနိုင်အောင် ဖြစ်နေသဖြင့် ရှေ့ထွက်ရန် အချိန်မရှိပေ။
အထူးသဖြင့် ငါးကင်သည် မီးဖိုနှင့် ဖြစ်သဖြင့် ပူပြီး လေးလံရာ ရှန်းအာ မသယ်နိုင်ပေ။ ရှန်မြောင် တွက်ချက်ကြည့်လိုက်ရာ လူနှစ်ယောက် လိုအပ်သည်။ တစ်ယောက်က ဟင်းပွဲချ၊ အော်ဒါမှတ်ရန်နှင့် နောက်တစ်ယောက်က ငွေရှင်း၊ စာရင်းကိုင်ရန် ဖြစ်သည်။ အရင်က ဤတာဝန်ကို ကျိအာ ယူထားပြီး သူက စာရင်းတွက်ရာတွင် တော်သည်။
သို့သော် ညဈေးတန်း အချိန်ကလွဲလျှင် မနက်ဈေးကို စွန့်လွှတ်လိုက်ပါက နေ့ခင်းဘက်တွင် ဧည့်သည် နည်းပါးသဖြင့် လူအများကြီး မလိုပေ။
ရှန်မြောင် စဉ်းစားပြီးနောက် အဒေါ်ကုနှင့် သွားတိုင်ပင်ရန် ဆုံးဖြတ်လိုက်သည်။ မနေ့က အဒေါ်ကု လာကူညီပေးရာတွင် အလုပ်တွင်ကျယ်သည်ကို တွေ့ရသည်။ ကုမိသားစု အရက်ဆိုင်သည် သူမဆိုင်နှင့် ပြောင်းပြန် ဖြစ်သည်။ နေ့ခင်းဘက်တွင် အလုပ်ရှုပ်ပြီး ညဘက်တွင် အရက်လာဝယ်သူ သိပ်မရှိပေ။
ဆိုင်ကို ကုထူစူး ကြည့်နေသဖြင့် အဒေါ်ကုသည် အိမ်အလုပ် လုပ်သည်မှလွဲ၍ ကျန်အချိန်များတွင် အားနေတတ်သည်။
အဒေါ်ကုကို ရေရှည် လာကူခိုင်းသည့်ကိစ္စသည် အဆင်ပြေသွားလေသည်။ သူမက အားနာပါးနာပင် ပြောလိုက်သေးသည်။
"သာ့ကျဲအာ မလာရင်တောင် အဒေါ်က လာပြောမလို့ပါပဲ”
မနေ့က ရှန်မြောင်ကို ၃ နာရီလောက် ကူပေးရုံနှင့် ဝမ် ၁၀၀ ရလိုက်သည်။ ဆိပ်ကမ်းတွင် ကုန်ထမ်းသမားများ တစ်နေ့လုံး လုပ်မှ ဒီလောက်ရကြခြင်း ဖြစ်သည်။ အဒေါ်ကု စိတ်ဝင်စားသွားသည်။ အိမ်တွင် အားနေမည့်အစား သာ့ကျဲအာကို လာကူပြီး ဧည့်ခံပေးလိုက်လျှင် အလုပ်လည်း မပင်ပန်း၊ ပိုက်ဆံလည်း ရ၊ အိမ်နှင့်လည်း နီးသည်။
ဤသို့ အပိုဝင်ငွေ ရှိလျှင် ဒုတိယသားအတွက် မင်္ဂလာဆောင်စရိတ် စုရတာ ပိုလွယ်ကူသွားမည် မဟုတ်ပါလား။
နှစ်ယောက်သား သဘောတူလိုက်ကြသည်။
ငွေကိုင်အတွက်မူ စိတ်ချရသူ ဖြစ်ရန် လိုအပ်သဖြင့် သေချာ စဉ်းစားရပေမည်။
ရှန်မြောင် ကုမိသားစုအိမ်မှ ပြန်လာပြီးနောက် ချန်ချွမ်းနှင့် ရှန်းအာကို တုံ့ဆိုင်းစွာ ကြည့်လိုက်မိသည်။ ကျိအာ မရှိသည့်နောက် ရှန်းအာသည် ဒီရက်ပိုင်း သူမကို ကူညီလုပ်ကိုင်ပေးရင်း ရုတ်တရက် အများကြီး ရင့်ကျက်သွားသလို ခံစားရသည်။
အိမ်ဝင်းထဲတွင် ချန်ချွမ်းသည် ဘီးတပ်ကုလားထိုင်ပေါ် ထိုင်နေပြီး ရှန်းအာသည် ခုံပုလေးယူကာ သူ့ဘေးတွင် ကပ်ထိုင်နေ၏။ နှစ်ယောက်သား သစ်ကိုင်းခြောက်ဖြင့် မြေကြီးပေါ်တွင် စာရေးနေကြသည်။ ခွေးနှစ်ကောင်က သူတို့ခြေရင်းတွင် ဝပ်နေပြီး အမြီးတနှံ့နှံ့ လုပ်နေကြသည်။
ဒီကလေးနှစ်ယောက် ဒီရက်ပိုင်း ဘာဖြစ်မှန်းမသိ၊ စာကို အလွန် ကြိုးစား သင်ယူနေကြသည်။ ကျိအာ အရင်က စာရေးကျင့်ထားသော စာရွက်ဟောင်းများကို ယူပြီး ထိုအပေါ်မှ စာလုံးများအတိုင်း လိုက်ရေးနေကြသည်။ မသိသော စာလုံးရှိလျှင် ရှန်မြောင်ကို လာမေးကြသည်။ ဘယ်လိုဖတ်လဲ၊ ဘာအဓိပ္ပာယ်လဲ မေးပြီးနောက် ကိုယ့်ဘာသာ ဆက်ကျင့်ကြသည်။
ကလေးများ၏ မှတ်ဉာဏ် ကောင်းသဖြင့် သင်ယူတာ မြန်ဆန်သည်။ သူတို့ဘာသာ သင်ရင်း တစ်ရက်လျှင် စာလုံး ၁၀ လုံးခန့် တတ်မြောက်နေကြသည်။
ရှန်မြောင်သည် အစပိုင်းတွင် ရှန်းအာကို သူမနားခေါ်ထားပြီး သူမ၏ ဟင်းချက်ပညာများကို သင်ပေးရန် စိတ်ကူးခဲ့သော်လည်း ရှန်းအာက ကျိအာနှင့်အတူ စာကြိုးစားသင်ယူနေသည်ကို တွေ့သောအခါ ထိုစိတ်ကူးကို ဖျက်လိုက်တော့သည်။
ရှန်းအာ၏ ဘဝကို သူမ မဆုံးဖြတ်ပေးသင့်ဟု တွေးမိသည်။ ရှန်းအာ ငယ်သေးသော်လည်း စာသင်ချင်စိတ် ရှိနေပြီဖြစ်ရာ သူမ လုပ်ချင်သည့်အရာအပေါ် ဝေဝါးသော မျှော်လင့်ချက် ရှိနေပြီဟု ယူဆရသည်။
ရှန်မြောင်သည် ထိုမျှော်လင့်ချက်ကို လေးစားရန် ဆုံးဖြတ်လိုက်ပြီး ယနေ့သည် အခွင့်ကောင်း ဖြစ်နေလေသည်။
ထို့ကြောင့် သူမသည် ဝင်းတံခါးကို တစ်ဝက်ပိတ်လိုက်ပြီး ရှန်းအာနှင့် ချန်ချွမ်းတို့ နောက်သို့ လျှောက်သွားကာ သူတို့ စာတစ်လုံး ရေးပြီးသည်အထိ စောင့်ပြီးမှ တိုးတိုးလေး မေးလိုက်လေသည်။
"ရှန်းအာ၊ ရှောင်ချွမ်း၊ မကြီး နင်တို့ကို မေးစရာ ရှိတယ်”
ရှန်မြောင်သည် ဘေးမှ ခုံပုလေးတစ်လုံး ဆွဲယူပြီး ဝင်ထိုင်လိုက်ရာ သူတို့နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
"ရှန်းအာ၊ နင် ကြီးလာရင် ဘာလုပ်မယ်လို့ စဉ်းစားဖူးလား” ရှန်မြောင်က ဒူးပေါ် လက်တင်ရင်း ရှန်းအာကို အရင်ကြည့်ကာ မေးလိုက်သည်။ "မကြီးဆီမှာ ဟင်းချက်နည်း သင်မလား။ ဒါမှမဟုတ် စာသင်မလား။ တခြားဟာ လုပ်မလား”
ရှန်းအာက သံသယဖြစ်သလို၊ အားငယ်သလို ပြောလိုက်သည်။
"သမီးကရော စာသင်လို့ ရလို့လား။ အဒေါ်လီက ပြောတယ်၊ ယောက်ျားလေးတွေပဲ စာသင်ရတာတဲ့၊ ယောက်ျားလေးတွေ စာတတ်မှ အရာရှိဖြစ်မယ်၊ စာရင်းကိုင်ဖြစ်မယ်၊ စာရေးဖြစ်မယ်တဲ့။ သမီးက ကြီးလာရင် ယောကျ်ားယူရမှာပဲတဲ့၊ စာတတ်လည်း ဘာမှ သုံးစားမရဘူးတဲ့”
ထိုစကားကြောင့် ရှန်မြောင် မျက်မှောင်ကြုတ်သွားသည်။ သူမ လီကိုအာနှင့် သွားကစားစဉ် လီအဒေါ်က ပါးစပ်ဖွာပြီး ပြောလိုက်ခြင်း ဖြစ်ပေမည်။
ရှန်မြောင်က ခဏ စဉ်းစားလိုက်ပြီး စိတ်ထဲမှ မကျေနပ်မှုကို ထုတ်မပြဘဲ လမ်းကြောင်းမှန်သို့ ဆွဲခေါ်လိုက်သည်။
"ဒါဆို နင့်သဘောကရော ဘယ်လိုလဲ။ မိန်းကလေးတွေ စာသင်တာ အသုံးဝင်လား”
ရှန်းအာ ခေါင်းငုံ့စဉ်းစားနေပြီး အတော်ကြာမှ မော့ကြည့်လာသည်။ ပုံမှန် ဆော့ကစားတတ်သော သူမသည် ရုတ်တရက် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်သည်။ "သမီး ထင်တာတော့ အဒေါ်လီ ပြောတာ မှားတယ်။ စာသင်တာနဲ့ ယောကျ်ားယူတာနဲ့ ဘာမှ မဆိုင်ပါဘူး”
"မှန်တယ်၊ စာသင်တာနဲ့ ယောကျ်ားယူတာ ဘာမှ မဆိုင်ဘူး”
ရှန်မြောင် ကျေနပ်သွားပြီး ခေါင်းညိတ်ကာ သူမခေါင်းကို ပွတ်ပေးလိုက်သည်။ "မိန်းကလေး ဖြစ်ရတာ အိမ်ထောင်ပြုဖို့၊ ခင်ပွန်းသည်၊ သားသမီးတွေအတွက်ပဲ အသက်ရှင်ရတာ မဟုတ်ဘူး။ အဖေနဲ့အမေက နင့်ကို မွေးလာတာ တစ်ယောက်ယောက်ရဲ့ မိန်းမ၊ တစ်ယောက်ယောက်ရဲ့ အမေ ဖြစ်လာစေဖို့သက်သက် မွေးထားတာ မဟုတ်ဘူး။ မိန်းကလေးတစ်ယောက်အနေနဲ့ တစ်ဘဝလုံး ဂုဏ်အယူရဆုံးအရာက ယောကျ်ားကောင်း ရတာ မဟုတ်ဘူး၊ ကိုယ်ပိုင် ရည်မှန်းချက် ရှိတာ၊ ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ဖန်တီးနိုင်ခွင့် ရှိတာပဲ။ ဘယ်မိန်းကလေးမှ အိမ်ထောင်ပြုဖို့ သက်သက် မွေးလာတာ မဟုတ်ဘူး။ ရှန်းအာ၊ နင် အခု နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ စိတ်ထဲမှာ မှတ်ထားပါ။ လူတိုင်းမှာ ဒီတစ်ဘဝပဲ ရှိတယ်၊ အချိန်ဆိုတာ လူတိုင်းအတွက် တရားမျှတတယ်၊ ဒါကြောင့် ဒီဘဝကို ဘယ်လို ဖြတ်သန်းမလဲ ဆိုတာ ကိုယ့်ဘာသာ သေချာ စဉ်းစားရမယ်”
သူမသည် ရှန်းအာ၏ မျက်လုံးများကို စိုက်ကြည့်ပြီး ပြတ်သားစွာ ပြောလိုက်သည်။ "အိမ်ထောင်ပြုချင်ရင် ပြု၊ မပြုချင်ရင် တစ်ယောက်တည်းနေ၊ မကြီးက နင့်ကို စာသင်စေချင်တယ်၊ ပညာတစ်ခုခု တတ်စေချင်တယ်၊ အဲဒါက နောင်တစ်ချိန် အိမ်ကောင်းရာကောင်းနဲ့ ညားဖို့ မဟုတ်ဘူး၊ နောင်တစ်ချိန် ဘယ်လိုနေထိုင်မလဲ ဆိုတာကို ကိုယ်ပိုင် ရွေးချယ်နိုင်တဲ့ သတ္တိနဲ့ အရည်အချင်း ရှိစေဖို့ပဲ”
ရှန်းအာက နားမလည်တလည်ဖြင့် ခေါင်းညိတ်လိုက်ပြီး ချန်ချွမ်းက တိတ်ဆိတ်စွာ တွေးတောနေသည်။
ကြည့်ရတာ ကလေးနှစ်ယောက်လုံး သေချာ စဉ်းစားချင်ပုံရသဖြင့် ရှန်မြောင် ဆက်မမေးတော့ဘဲ သူတို့ကို အချိန်ပေးလိုက်သည်။
ဤခေတ်သည် ခေတ်သစ်လို မဟုတ်ဘဲ အခြေခံပညာရေး မရှိသဖြင့် ကလေးများသည် ငယ်ငယ်ရွယ်ရွယ်နှင့် လမ်းကြောင်းရွေးချယ်ရပြီး ဘဝကို လျှောက်လှမ်းရစမြဲ ဖြစ်သည်။
ကနဦး ရွေးချယ်မှုသည် တစ်ဘဝလုံးစာ အမှတ်အသား ဖြစ်လာမည်ဖြစ်ရာ အလွန် အရေးကြီးသည်။ ယခုတော့ သူတို့ကို စဉ်းစားခွင့် ပေးထားလိုက်သည်။ ငယ်ရွယ်သော ကလေးများသည် အမှန်တကယ်တွင် အကောင်းအဆိုး၊ အကြိုက်၊ မကြိုက်ကို သိတတ်ကြသည်။ သူတို့ စိတ်ကူးက ရိုးရှင်းပြီး လူကြီးများလို ထုတ်မပြောတတ်ကြရုံသာ။
ရှန်မြောင်သည် အိမ်နောက်ဖေး ဥယျာဉ်ထဲမှ ကြက်သွန်မြိတ်များကို ရိတ်လိုက်ပြီး နေ့လယ်စာအတွက် ကြက်သွန်မြိတ်အစာသွပ်မုန့် လုပ်ကျွေးရန် စိတ်ကူးလိုက်သည်။
သူမသည် ဟင်းချက်ခြင်းတွင် အလျင်အမြန် စိတ်ရောက်သွားသော်လည်း အိမ်နောက်ဖေးတံခါးဝတွင် လူတစ်ယောက် လာရပ်နေသည်ကို သတိမထားမိပေ။
ဖုန်းချီညန်သည် ရက်အတော်ကြာ တုံ့ဆိုင်းနေပြီးမှ အစေခံမလေး တစ်ယောက်ကို ခေါ်ပြီး ရှန်ကျိဆိုင်သို့ ထန်းပင်ခေါက်ဆွဲ လာစားရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
သူမသည် ကျိုကောက ဤရှန်ညန်ဇီအပေါ် ဘာကြောင့် အလေးပေး ဆက်ဆံသနည်း ဆိုသည်ကို သိချင်လှသည်။ သူမက ချောလို့လား။ လက်ရာကောင်းလို့လား။ သို့သော် မည်သို့ပင် စဉ်းစားပါစေ၊ ကျိုကောသည် မိန်းကလေးတစ်ယောက်အပေါ် ဤအကြောင်းပြချက်များကြောင့် ထူးခြားစွာ ဆက်ဆံလိမ့်မည်ဟု သူမ မထင်ပေ။
ထို့ကြောင့် သူမ သတ္တိမွေးပြီး လာရောက်စုံစမ်းခြင်း ဖြစ်သည်။
သို့သော် ယနေ့ ဆိုင်ထဲရောက်သောအခါ လူမတွေ့သဖြင့် နောက်ဖေးပေါက်သို့ စမ်းတဝါးဝါး လျှောက်လာခဲ့သည်။ တံခါးက စေ့ထားရုံသာ ရှိသဖြင့် သူမ တံခါးခေါက်ပြီး လူရှိလား မေးရန် ပြင်လိုက်သည်။
မထင်မှတ်ဘဲ လက်မမြှောက်ရသေးခင် တံခါးကြားမှ ရှန်ညန်ဇီ၏ ညီမဖြစ်သူကို ဆုံးမစကား ပြောနေသည်ကို ကြားလိုက်ရသဖြင့် မျက်ရည်များ ကျလာတော့သည်။
အမေက သူမအတွက် စေ့စပ်ဖို့ စီစဉ်နေပြီ၊ သို့သော် ရှဲ့မိသားစုနှင့် မဟုတ်ပေ။
သူမသည် နောင်တစ်ချိန် လက်ထပ်ရမည့် မမြင်ဖူးသော ခင်ပွန်းသည်နှင့် ကျိုကောကို လက်မထပ်ရမည့်အရေး ကြားထဲတွင် ဗျာများနေစဉ် ဤစကားကို ကြားလိုက်ရသဖြင့် ပါးရိုက်ခံလိုက်ရသလို အသိဝင်လာသည်။ ချောက်ကမ်းပါးထိပ်တွင် လမ်းတစ်ခု ပေါ်လာသလို ခံစားလိုက်ရသည်။
သူမ သိလိုက်ပါပြီ။
ကျိုကော ဘာကြောင့် ရှန်ညန်ဇီကို အလေးပေး ဆက်ဆံသလဲ ဆိုတာကို...။
...
အပိုင်း (၈၈) ကျုချိုက်ဖက်ထုပ်ကြီး (တရုတ်ကြက်သွန်မြိတ်)
ရှန်မြောင်သည် ကျုချိုက်ဖက်ထုပ်ကို အချိန်ကုန်လူပင်ပန်း အသက်သာဆုံးနည်းလမ်းဖြင့် ပြုလုပ်လိုက်သည်။ ရေနွေးဖျောရန်မလို၊ တဆေးထည့်ရန်မလိုဘဲ အပြင်ခွံက ကြွပ်ရွမွှေးကြိုင်နေသော်လည်း အတွင်းသားမှာ နူးညံ့နေဆဲ ဖြစ်သည်။ သူမသည် ဂျုံမှုန့်အိတ်ထဲမှ ဂျုံမှုန့် ဘူးခွံနှစ်ခွက်ခန့်ကို ယူလိုက်ပြီး ဆားအနည်းငယ်ထည့်ကာ တူဖြင့် မွှေလိုက်သည်။ ထို့နောက် ဂျုံမှုန့်ပမာဏထက် နည်းသော ရေအေးကို လောင်းထည့်ပြီး ဂျုံမှုန့်များ ဖတ်လိပ်ကလေးများ ဖြစ်လာသည်အထိ မွှေကာ နယ်လိုက်တော့သည်။ ဤသို့ နယ်ထားသော ဂျုံသားသည် မန်ထိုပြုလုပ်သည့် ဂျုံသားထက် ပို၍ နူးညံ့လေသည်။ ထို့နောက် ဝါးပေါင်းချောင်ဖြင့် အုပ်ကာ ၁၅ မိနစ်ခန့် နှပ်ထားလိုက်သည်။
အစာသွပ်ရန် ပြုလုပ်သည်မှာလည်း လွယ်ကူလှသည်။ ရေဆေးသန့်စင်ထားသော ကျုချိုက်များကို ရေခြောက်အောင်သုတ်ပြီး ဓားဖြင့် လျင်မြန်စွာ နုတ်နုတ်စဉ်းလိုက်သည်။ ထို့နောက် ကြော်ပြီး အအေးခံထားသော ကြက်ဥအကျက်များနှင့် ရေနွေးဖျောပြီး နုတ်နုတ်စဉ်းထားသော "ငွေမျှင်တန်းအလင်းဆန်ခေါက်ဆွဲ (ပဲကြာဇံ)" ကို ထည့်လိုက်သည်။ ၎င်းသည် စုန့်ခေတ်၏ ဖန်ခေါက်ဆွဲဖြစ်ပြီး ဝက်သားနှင့်ချက်သော ဖန်ခေါက်ဆွဲအမျိုးအစားပင် ဖြစ်သည်။ စုန့်ခေတ်လူများသည် သာမန်အစားအစာတိုင်းအတွက် နာမည်လှလှလေးများ ပေးလေ့ရှိကြသည်။
တူဖြင့် သမအောင် မွှေပြီးနောက် ဆား၊ နှမ်းဆီတို့ကို ထည့်လိုက်သည်။ ထို့နောက် အရသာပိုရှိစေရန် ပဲငံပြာရည်အနည်းငယ်နှင့် ကြက်သားမှုန့်၊ ခရုဆီတို့အစား ပုစွန်ချဉ်ကို အစားထိုး ထည့်လိုက်သည်။ နောက်ဆုံးတွင် နာနတ်ပွင့်၊ ငရုတ်ကောင်း၊ ဂျင်းခြောက်၊ သစ်ကြံပိုးခေါက်၊ ဆား၊ စမုန်စပါး စသည့် ဟင်းခတ်အမွှေးအကြိုင်များဖြင့် ကိုယ်တိုင်စပ်ထားသော "နန်တယ်အမွှေးအကြိုင်" ကို ဖြူးလိုက်သည်။ သူမသည် ဤပစ္စည်းကို အများအပြား ပြုလုပ်ထားပြီး ငါးကင်အနှစ်ထဲတွင်လည်း အမွှေးအကြိုင်အဖြစ် ထည့်သုံးနိုင်လေသည်။
သည်အချိန်တွင် ဂျုံသားသည်လည်း နှပ်ထား၍ ရပြီဖြစ်သည်။ ဂျုံသားကို အရှည်လိုက် လှိမ့်လိုက်ပြီး အတုံးလေးများ ပိုင်းလိုက်သည်။ ဂျုံမှုန့်အခြောက်များကို ဖြူးကာ လုံးဝန်းချောမွတ်အောင် လုပ်ပြီးနောက် ပါးလွှာသော ဂျုံပြားဖြစ်အောင် ဒလိမ့်တုံးဖြင့် လှိမ့်လိုက်သည်။ ထို့နောက် စိမ်းမြနေသော ကြက်သွန်မြိတ်အစာသွပ်များကို အလယ်တွင် ထည့်လိုက်ပြီး အနားသတ်များကို ဆွဲကာ လခြမ်းပုံသဏ္ဌာန် ခေါက်လိုက်သည်။ ဘေးနှစ်ဖက်ကို ရေဖြင့်တို့ကာ ပိတ်လိုက်ပြီးနောက် အပူပေးထားသော ဒယ်အိုးပြားပေါ်တွင် ဆီသုတ်ကာ မီးအေးအေးဖြင့် ခဏကြာအောင် ကပ်ကြော်လိုက်သည်။ နှစ်ဖက်လုံး ရွှေညိုရောင်သန်းလာပြီး ကြက်သွန်မြိတ်နံ့ မွှေးလာပါက စားသုံး၍ ရပြီဖြစ်သည်။
ရှန်မြောင်သည် ပြုလုပ်ပြီးသည်နှင့် တစ်ခုကို အရင်ယူကာ မီးဖိုဘေးတွင်ရပ်ရင်း မှုတ်ကာ မြည်းစမ်းကြည့်လိုက်သည်။
ကိုက်လိုက်သည်နှင့် အပြင်ခွံသည် ကြွပ်ရွနေပြီး သွားဖြင့်ထိလိုက်သည်နှင့် ကြေမွသွားသည်။ ကိုက်လိုက်သည်နှင့် အတွင်းမှ အစာသွပ်များ ပေါ်လာပြီး ကြက်သွန်မြိတ်အစိမ်းရောင်သည် အရည်ရွှမ်းနေသည်။ သို့သော် ရေထွက်ပြီး ပျော့ဖတ်နေခြင်းမျိုး မဟုတ်ပေ။ ကြက်ဥကြော်သည် ပွယောင်းနူးညံ့နေပြီး ဖန်ခေါက်ဆွဲသည်လည်း အရသာကို စုပ်ယူထားသဖြင့် စား၍ ကောင်းလှသည်။ ကြက်သွန်မြိတ်နှင့် ကြက်ဥသည် ပြီးပြည့်စုံသော လိုက်ဖက်မှုဖြစ်ကာ မွှေးကြိုင်မှုအပေါ် ထပ်ဆင့်မွှေးကြိုင်သွားစေကြောင်း ရှန်မြောင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
ရှန်မြောင်သည် အပြင်သို့ ယူသွားပြီး ရှန်းအာနှင့် ချန်ချွမ်းတို့အတွက် ခြင်းတောင်းငယ်တစ်လုံးဖြင့် ထည့်ပေးလိုက်သည်။
"စားကြတော့၊ ပူသေးတယ်နော်”
ရှန်းအာကတော့ ပူသည် မပူသည်ကို ဂရုမစိုက်ဘဲ တစ်ကိုက် ကိုက်လိုက်တော့သည်။ ပြောရလျှင် သူမသည် ပုံမှန်အားဖြင့် ကျုချိုက်ကို သိပ်မကြိုက်ပေ။ ကျုချိုက်ကြော်၏ အနံ့ကို မနှစ်သက်ခြင်း ဖြစ်သည်။
သို့သော် သည်တစ်ခုကတော့ မတူပေ။ အနံ့ရရုံဖြင့် သွားရည်ယိုစေသည်။ အပြင်ခွံက ကြွပ်ရွနေပြီး အတွင်းတွင် အစာသွပ်များ အပြည့်ပါဝင်သည်။ ပါးလွှာသော အပြင်ခွံကို ကိုက်လိုက်လျှင် ကြွပ်ခနဲ မြည်သွားသည်။ အစာသွပ်သည် ကျုချိုက်နံ့ သင်းနေသော်လည်း စူးရှသော အနံ့မျိုး မဟုတ်ပေ။ စားလိုက်လျှင် ကြွပ်ရွလတ်ဆတ်ပြီး အဆီမများဘဲ အတွင်းတွင် ကြက်ဥနှင့် ဆန်ခေါက်ဆွဲများ ပါဝင်လေသည်။ သူမသည် ပူသည်ကို ဂရုမစိုက်ဘဲ သုံးခုဆက်တိုက် စားလိုက်သည်။ ခေါင်းလှည့်ကြည့်လိုက်ရာ ချန်ချွမ်းသည်လည်း အားကျမခံ တိတ်တဆိတ်ဖြင့် နှစ်ခု စားပြီးသွားပြီ ဖြစ်သည်။
သူတို့နှစ်ယောက် ခြံဝင်းထဲတွင် အားပါးတရ စားသောက်နေသည်ကို လမ်းကြုံသွားသော လျိုတို့ဟွားက မြင်သွားလေသည်။ သို့ဖြစ်၍ အိမ်မှ တို့ဟူးပျော့ နှစ်ပန်းကန် ယူလာပြီး လဲလှယ်စားသောက်ကြသည်။ ရှန်းအာသည် ချန်ချွမ်းကို တွန်းကာ နောက်ဖေးတံခါးပေါက်သို့ ထွက်လာခဲ့သည်။ မုန်လာဥနီ ခေါင်းလေးများကဲ့သို့ ကလေးသုံးယောက်သည် ရှန်မိသားစု၏ နောက်ဖေးတံခါးပေါက်ရှိ မြေပြင်တွင် ယှဉ်လျက်ထိုင်ကာ နူးညံ့သော တို့ဟူးပျော့တစ်လုတ်၊ ကျုချိုက်ဖက်ထုပ်တစ်လုတ်ဖြင့် မြိန်ရေရှက်ရေ စားသောက်နေကြသဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။
လီကိုအာသည် ပုဂ္ဂလိကစာသင်ဝိုင်းမှ ပြန်ရောက်လာချိန်နှင့် တိုက်ဆိုင်နေသည်။ သူငယ်ချင်းများ လမ်းကြားထဲတွင် ဇိမ်ကျကျ ထိုင်စားနေသည်ကို မြင်လိုက်ရသဖြင့် အိမ်သို့ အပြေးပြန်ကာ လွယ်အိတ်ကို ပစ်ချလိုက်သည်။ ထို့နောက် အဒေါ်လီက ဗီရိုခေါင်မိုးပေါ်တွင် ဝှက်ထားသော သကြားလုံးအိုးထဲမှ သကြားလုံး လက်တစ်ဆုပ်စာ ယူလိုက်ပြီး အင်္ကျီဖြင့် ထုပ်ကာ ရှန်းအာ၊ လျိုတို့ဟွားတို့နှင့် လဲလှယ်စားသောက်ရန် ပြေးလာခဲ့တော့သည်။
ရှန်းအာသည် သကြားလုံးကို ယူလိုက်ပြီး ချန်ချွမ်းကို တစ်ဝက်ခွဲပေးလိုက်သည်။ ထို့နောက် ခြင်းတောင်းထဲမှ ကျုချိုက်ဖက်ထုပ် တစ်ခုကို ယူကာ လီကိုအာကို ပေးလိုက်သည်။
"နင့်ဖို့၊ ဒါ ငါ့မကြီးလုပ်ထားတဲ့ လမင်းမုန့်လေ၊ မွှေးတယ်မလား”
ရှန်မြောင်က သူမလုပ်ထားသည့် ဤမုန့်ကို ကျုချိုက်ဖက်ထုပ်ဟု အထူးတလည် နာမည်မပေးခဲ့ပေ။ ထို့ကြောင့် ရှန်းအာက ကိုယ်တိုင် နာမည်ပေးလိုက်ခြင်း ဖြစ်သည်။ ရွှေဝါရောင်သန်းအောင် ကြော်ထားသော လခြမ်းပုံစံနှင့် တူသည် မဟုတ်ပါလား။ ထို့ကြောင့် လမင်းမုန့်ဟု ခေါ်လိုက်ခြင်း ဖြစ်သည်။
လျိုတို့ဟွားသည်လည်း အိမ်သို့ ပြေးပြန်ပြီး တို့ဟူးပျော့ တစ်ပန်းကန် အပြည့်ခပ်လာခဲ့သည်။ လမ်းလျှောက်လာစဉ် တို့ဟူးပျော့များက ပန်းကန်ထဲတွင် ယိမ်းနွဲ့လို့နေသည်။ သူမသည် လီကိုအာထံ ဂရုတစိုက် ယူလာပေးလိုက်သည်။
"ရော့၊ နင့်ဆီက သကြားလုံး သုံးခုနဲ့ လဲမယ်”
ထို့ကြောင့် ကလေးလေးယောက်သည် ယှဉ်လျက်ထိုင်ကာ ခြေထောက်များကို ပျော်ရွှင်စွာ လှုပ်ရမ်းနေကြသည်။ (ချန်ချွမ်းမှာ ခြေထောက်တစ်ဖက်တည်းသာ လှုပ်ရမ်းနိုင်ရှာသည်)။ လမ်းကြားလေအေးအေးကို ခံယူရင်း ကြက်သွန်မြိတ်အရသာ "လမင်းမုန့်" ကို စားလိုက်၊ ချောမွတ်သော တို့ဟူးပျော့ကို သောက်လိုက်၊ ချိုမြသော သကြားလုံးကို ငုံလိုက်ဖြင့် နတ်စည်းစိမ်နှင့်ပင် မလဲနိုင်သော နေ့ရက်ကောင်းလေး ဖြစ်နေလေသည်။
ရှန်းအာသည် ပဉ္စမမြောက် ကျုချိုက်ဖက်ထုပ်ကို စားပြီးနောက် လေတက်လိုက်သည်။ ထို့နောက် လျိုတို့ဟွားက သူမ၏ အစ်ကိုနှင့် ယောက်မတို့ မြို့ပြင်တွင် တို့ဟူးဆိုင်ထပ်ဖွင့်မည့်အကြောင်း ကြွားဝါပြောဆိုသည်ကို ခေါင်းလေးစောင်းကာ နားထောင်နေလိုက်သည်။
"ငါ့အမေ ပြောတယ်၊ နောက်ဆိုရင် ယန်လျိုအရှေ့လမ်းကြားက ဒီဆိုင်အဟောင်းကို ငါ့ကို ပေးမှာတဲ့၊ ငါကြီးလာရင် တို့ဟူးလုပ်တာ သင်မယ်၊ ပြီးရင် အိမ်မက်ထဲက ယောကျ်ားတစ်ယောက် ရှာယူမယ်၊ သူများအိမ်သွားပြီး ဒုက္ခမခံဘူး”
ကျွေးဖုန်းသည် အနံ့ရသဖြင့် ခြံဝင်းထဲမှ ထွက်လာသည်။ ချန်ချွမ်းက မြင်လိုက်သဖြင့် လက်ထဲမှ ကြက်သွန်မြိတ်မုန့်၏ အပြင်ခွံအနည်းငယ်ကို ဖဲ့ကာ ခွေးပါးစပ်ထဲ ထည့်ပေးလိုက်သည်။ ကျွေးဖုန်းသည် သူ့ဘီးတပ်ကုလားထိုင်ဘေးတွင် ဝပ်ကာ လိမ္မာစွာ စားနေပြီး စားပြီးသည်နှင့် လက်သည်းများကို လျက်နေလေသည်။
"ငါ နောက်နှစ်ဆိုရင် တို့ဟူးလုပ်တာ စသင်ရတော့မယ်" လျိုတို့ဟွားက ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။
ရှန်းအာ ကြားလိုက်ရသောအခါ အမှန်ပင် အားကျသွားမိသည်။ "နင် တို့ဟူးတောင် လုပ်ရတော့မှာလား”
ဒီနေ့ မကြီးက သူမကို ဘာလုပ်ချင်သလဲဟု မေးလာရာ သူမမှာ ဖြေစရာမရှိဘဲ ဆွံ့အသွားခဲ့ရသည်။
လျိုတို့ဟွားက ထူးဆန်းသလို ခေါင်းစောင်းကြည့်လိုက်ပြီး မေးလိုက်သည်။ "အင်းလေ၊ တို့ဟူးမလုပ်ရင် ငါက ဘာလုပ်ရမှာလဲ၊ နင်ကရော နင့်မကြီးဆီကနေ ဂျုံခေါက်ဆွဲလုပ်တာ မသင်ဘူးလား"
ဤခေတ်ကာလတွင် သားသမီးအများစုသည် မိဘ၏ အလုပ်အကိုင်ကို ဆက်ခံကြရစမြဲ ဖြစ်သည်။ မိဘလုပ်သော အလုပ်ကို သားသမီးက ဆက်လုပ်ကြသည်။ အိမ်တွင် စာသင်မည့် ကလေးရှိပြီး နောင်တစ်ချိန် စာမေးပွဲအောင်မြင်သွားလျှင်တော့ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားနိုင်ပေလိမ့်မည်။
"ငါ့မကြီးက ငါဘာလုပ်လုပ် ရတယ်တဲ့၊ ဂျုံခေါက်ဆွဲလုပ်တာ မသင်လည်း ရတယ်တဲ့။ စာဖတ်ပြီး စာရေးတာ သင်ရင်လည်း ရတယ်တဲ့၊ သူက ငါ့သဘောအတိုင်းပဲ"
ရှန်းအာက လက်ကျန် တို့ဟူးပျော့ကို သောက်လိုက်ရင်း ကိုယ့်ဘာသာ အမေးအဖြေ လုပ်နေတော့သည်။ "ငါက စားရတာပဲ ကြိုက်တာ၊ စားစရာလုပ်ရတာကို သိပ်မကြိုက်သလိုပဲ၊ တို့ဟူးလုပ်တာလည်း မကြိုက်ဘူး၊ အရက်ချက်တာ မကြိုက်ဘူး၊ ဆီကြိတ်တာ မကြိုက်ဘူး၊ မီးသွေးရောင်း ထင်းရောင်းတာ မကြိုက်ဘူး၊ ပန်းကန်ဖာတာလည်း မကြိုက်ဘူး။ ဟူး... ဘာမှ မကြိုက်ရင် ဘယ်လိုလုပ်မလဲဟင်”
လီကိုအာက ကျုချိုက်ဖက်ထုပ်ကို စားရင်း ဖြတ်ပြောလိုက်လေသည်။ "နင်က ကစားရတာ ကြိုက်တယ်လေ၊ ပြီးတော့ ခေါင်းရိတ်ပေးရတာ ကြိုက်တယ်"
ရှန်းအာက သူ့ကို မျက်စောင်းထိုးလိုက်ပြီး သူမ၏ပါးစပ်လေးက ညှာတာခြင်းကင်းစွာ ပြောလိုက်လေသည်။ "နင်ကရော မကစားဘူးလား၊ အဒေါ်လီက နင့်အတွက် ဆရာကြီးတစ်ယောက် ရှာပေးထားတယ်မလား၊ နင် မနေ့က ကျောင်းမတက်ချင်ဘူးဆိုပြီး ငိုနေတာ ငါကြားတယ်နော်"
"ငိုတောင် ငိုတယ်ဟုတ်လား၊ နင် ဒီလောက် အကောင်ကြီးနေပြီကို ကျောင်းမတက်ချင်လို့ ငိုနေသေးတာလား၊ ရေအေးသောက်ပြီး ရှက်လိုက်ဦး" လျိုတို့ဟွားကပါ ဝင်ပြီး လှောင်ပြောင်လိုက်သည်။
လီကိုအာ မျက်နှာရဲသွားပြီး ရှန်းအာကို ဆက်မပြောရန် တားလိုက်ရသည်။
ဆက်မပြောပါနှင့်ဆိုလျှင် ဆက်မပြောတော့ပေ။ ရှန်းအာ၏ ခေါင်းသေးသေးလေးထဲတွင် ကြီးမားသော ပြဿနာများဖြင့် ပြည့်နှက်နေသည်။ သူမသည် မေးစေ့ကို ထောက်ကာ သက်ပြင်းချလိုက်ပြီး ချန်ချွမ်းဘက် လှည့်မေးလိုက်သည်။
"ချန်ချွမ်း နင်ကရော” သို့သော် မေးပြီးသည်နှင့် သူမဘာသာ အဖြေပြန်ပေးလိုက်သည်။ "ငါ သိတယ်၊ နင် အိမ်ပြန်ချင်တာမလား၊ နင့်ကို မေးနေတာ အလကားပဲ”
ချန်ချွမ်းသည် အစမှအဆုံး စကားတစ်ခွန်းမှ မပြောပေ။ တို့ဟူးပျော့ကို ကုန်အောင်သောက်ပြီး ပန်းကန်ကို ကိုင်လျက် မျက်နှာချင်းဆိုင် ကုမိသားစု ခြံစည်းရိုးပေါ်တွင် အမွှေးအမျှင် ရှင်းနေသော စာကလေးဝတုတ်ကို ငေးကြည့်နေသည်။ သူ့ပုံစံက ရှန်းအာကဲ့သို့ စိတ်ညစ်နေပုံ မရဘဲ စိတ်ထဲတွင် ဆုံးဖြတ်ချက် တစ်ခုခု ချပြီးသားပုံ ပေါ်နေသည်။
ကုထူစူးသည် အရက်အိုးကြီးအချို့ကို တွန်းကာ နောက်ဖေးတံခါးမှ ထွက်လာစဉ် ကလေးလေးယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။ မျက်နှာပေါ်တွင် ကြက်သွန်မြိတ်ဖက်များ ကပ်လျက်နှင့် ဘဝအရေးကို အလေးအနက် ဆွေးနွေးနေကြသည်မှာ ရယ်ချင်စရာ ကောင်းနေသည်။ သူ ခေါင်းခါလိုက်ပြီး ခြံစည်းရိုးပေါ်မှ စာကလေးဝတုတ်ကို ခြောက်လှန့်လိုက်သည်။ ထို့နောက် လည်ပင်းတွင် ဆွဲထားသော ပုဝါဖြင့် ချွေးသုတ်ပြီး ကုန်ပို့ရန် တွန်းလှည်းဖြင့် ထွက်လာခဲ့သည်။
သူ၏အရက်များကို ဝေ့ယောင်မုန့်တိုက်သို့ ပို့ရမည်ဖြစ်သည်။ ထိုဆိုင်တွင် မုန့်ဆရာအသစ် ငှားထားပြီး အရက်အစာသွပ် မုန့်များ ထုတ်လုပ်ရာ ရောင်းအားကောင်းနေသည်။ ယခင်က အရောင်းထိုင်းနေသော အကျပ်အတည်းကို ကျော်လွှားသွားနိုင်ပြီ ဖြစ်သည်။ ကုမိသားစုထံမှလည်း အချိုအရသာ စိမ်းစားဥအရက်များ အများအပြား မှာယူထားရာ လုပ်ငန်းချဲ့ထွင်တော့မည့်ပုံ ပေါ်နေသည်။ သူ အရက်လှည်းတွန်းပြီး ဖြတ်လျှောက်သွားချိန်တွင် ရှန်မိသားစု၏ ဂျုံခေါက်ဆွဲဆိုင်ရှေ့သို့ ရောက်လာခဲ့သည်။
သူက မသိစိတ်ဖြင့် လှည့်ကြည့်လိုက်ရာ ရှန်ကျိဆိုင်ထဲတွင် ဤအချိန်ကြီး၌ အဝတ်အစား တောက်ပြောင်နေသော မိန်းမပျိုလေးတစ်ယောက် ဂျုံခေါက်ဆွဲ စားနေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။ ပို၍ ထူးဆန်းသည်မှာ ထိုမိန်းကလေးသည် စားရင်းနှင့် မျက်ရည်များကျကာ ငိုနေခြင်း ဖြစ်သည်။ မေးစေ့များပင် စိုရွဲနေလေပြီ။
ကုထူစူးလည်း ဆက်မနေတော့ဘဲ တစ်ချက်သာ ကြည့်ပြီး သံသယများဖြင့် ထွက်ခွာသွားလိုက်သည်။
ရှန်သာ့ကျဲအာလုပ်သော ဂျုံခေါက်ဆွဲက စား၍ ကောင်းသည်မှာ မှန်သော်လည်း... ဒီမိန်းကလေးက... ဗိုက်အရမ်းဆာနေလို့များလား။ စားရင်းနဲ့ ငိုရလောက်တဲ့အထိ ကောင်းနေတာလား။
ရှန်မြောင်သည် ဆိုင်ထဲတွင် လူတစ်ယောက် ငိုနေသည်ကို သတိမထားမိလိုက်ပေ။ ဆိုင်ရှိ တစ်ဦးတည်းသော ဧည့်သည်အတွက် ဂျုံခေါက်ဆွဲ လုပ်ပေးပြီးနောက် ဖြည်းဖြည်းသုံးဆောင်ပါဟု ပြောကာ နောက်ဖေးခြံဝင်းထဲသို့ ဝင်လာခဲ့သည်။ ခါးထောက်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။ အချိန်လုပြီး သန့်ရှင်းရေး လုပ်မည်။
ကောင်းကင်က ပြာလွင်ပြီး နေသာသော ဤကဲ့သို့ နေ့မျိုးကို ရှန်မြောင် လက်လွတ်မခံနိုင်ပေ။ သူမသည် အားလပ်ချိန်ကို အသုံးချကာ အိမ်ရှိ စောင်နှင့် အိပ်ရာခင်းများကို လျှော်ဖွပ်လိုက်သည်။ အဝတ်လှန်းကြိုးတန်းကာ ခြံဝင်းထဲတွင် လှန်းလိုက်သည်။ ထို့နောက် မီးဖိုချောင်ရှိ ရေဆင်းမြောင်းကို ဖောက်သည်။ ကြက်အိမ်၊ ခွေးအိမ်နှင့် ခြံဝင်းထဲရှိ ကျောက်ပြားခင်းလမ်းများကိုပါ ရေဆေးချလိုက်သည်။
ယခုအခါ သူမသည် မနက်ဈေးရောင်းရန် စောစောထစရာ မလိုတော့သဖြင့် ယိုယွီလည်း အလုပ်ဆင်းချိန် နောက်ကျလေသည်။ အဒေါ်နျန် လိုက်ပို့ပေးချိန်တွင် ရှန်မြောင်သည် ဆံပင်ကို ပေါင်းတင်ကာ လက်ကိုပင့်တင်ပြီး ရေတစ်စည်ပိုင်း ကုန်သည်အထိ သန့်ရှင်းရေး လုပ်နေသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ယိုယွီသည် ပါးစပ်နားရောက်နေသော ကျုချိုက်ဖက်ထုပ်ကိုပင် မစားတော့ဘဲ ထမ်းပိုးကို ယူကာ ရေသွားခပ်ပေးတော့သည်။
ဒီကလေးက ရေခပ်ရတာကို စွဲလမ်းနေပုံ ရသည်။
ရှန်မြောင်သည် ခြံဝင်းတစ်ခုလုံးကို သန့်ရှင်းရေး လုပ်ပြီးသွားပြီ ဖြစ်သည်။ ရှန်းအာက ချန်ချွမ်းကို တွန်းပြီး ပြန်လာသည်ကို မြင်လိုက်ရသောအခါ ပြောမနေတော့ဘဲ ရှန်းအာကို ဖမ်းကာ ရေချိုးပေးလိုက်တော့သည်။ ရှန်းအာ ခေါင်းမလျှော်သည်မှာ ၅ ရက် ၆ ရက်ခန့် ရှိနေပြီ။ ရှန်မြောင်က သူမ၏ ဆံပင်ကျစ်ဆံမြီးကို ဖြည်လိုက်ပြီး ယခင်က လုပ်ထားသော ဆပ်ပြာဖြင့် လျှော်ပေးလိုက်သည်။
ရှန်းအာသည် မိုးမရွာ လေမတိုက်လျှင် မကြောက်သော်လည်း ခေါင်းလျှော်ရမည် ဆိုလျှင်တော့ ကြောက်တတ်သည်။
ယခုတော့ အော်ဟစ်အော်ဟစ်ဖြင့် ရှန်မြောင် အဖမ်းခံလိုက်ရပြီဖြစ်ရာ မတတ်နိုင်တော့ပေ။ သူမသည် ဆောင့်ကြောင့်ထိုင်ကာ ခေါင်းကို ငုံ့ထားပြီး မျက်လုံးနှင့် နှာခေါင်းကို လက်ကိုင်ပုဝါဖြင့် တုန်တုန်ယင်ယင် အုပ်ထားလိုက်ရသည်။
"ခေါင်းလျှော်တာ ဘာကြောက်စရာ ရှိလို့လဲ၊ ခေါင်းနည်းနည်းငုံ့ထား၊ ရေလောင်းတော့မယ်နော်"
ရှန်မြောင်က နေပူရှိန်ကြောင့် နွေးနေသော ရေကို ဘူးခွံဖြင့် ခပ်ကာ ခေါင်းပေါ် လောင်းချလိုက်တော့သည်။
ရှန်းအာ အော်လိုက်ပြီး အသက်အောင့်ကာ မျက်လုံးမှိတ်ထားလိုက်သည်။ ပုဝါဖြင့် မျက်နှာကို အတင်းဖိအုပ်ထားလိုက်သည်။ ပြီးခဲ့သည့်တစ်ခေါက်က မကြီး လျှော်ပေးတုန်းက နှာခေါင်းထဲ ရေဝင်ပြီး သီးခဲ့ဖူးသည် မဟုတ်ပါလား။
ရှန်မြောင်က ဆပ်ပြာယူလိုက်ပြီး လက်ထဲတွင် အမြှုပ်ထအောင် ပွတ်ကာ သူမခေါင်းပေါ်တင်ပြီး ပွတ်လိုက်ရာ အမြှုပ်များ ပွလာတော့သည်။ ဘေးမှ ချန်ချွမ်း၏ ခေါင်းပေါ်တွင် ဆံပင်အနည်းငယ် ရှည်လာသည်ကို မြင်လိုက်ရသဖြင့် ကလေးတစ်ယောက်ကို လျှော်ပေးမည့်အတူတူ နှစ်ယောက်လုံး လျှော်ပေးလိုက်တော့မည်ဟု တွေးကာ သူ့ကိုပါ ဆွဲခေါ်လိုက်သည်။
ချန်ချွမ်း၏ ခြေထောက်ကို ရေမထိစေရန် ဆီစိမ်စက္ကူဖြင့် အုပ်ပေးထားလိုက်သည်။ သူ့ခြေထောက်ဒဏ်ရာမှာ ပြန်ကောင်းလာပြီဖြစ်သဖြင့် သမားတော်အိုကြီးက နေ့တိုင်းလာစရာ မလိုတော့ကြောင်းနှင့် ဆေးသောက်စရာ မလိုတော့ကြောင်း မှာကြားထားသည်။ ယခုတော့ သေချာ ဂရုစိုက်ပြီး ကျောက်ပတ်တီး ဖြေမည့်ရက်ကို စောင့်ရုံသာ ရှိတော့သည်။
တစ်နာရီခန့် ကြာပြီးနောက် အဒေါ်ကု စောစီးစွာ ရောက်လာပြီး ကူညီပေးလေသည်။ ခြံဝင်းတံခါးကို ဖွင့်ဝင်လိုက်သည်နှင့် လန့်သွားတော့သည်။ ရှန်းအာ၊ ချန်ချွမ်းနှင့် လေထင်၊ ကျွေးဖုန်းတို့ပါ မကျန် လူနှစ်ယောက် ခွေးနှစ်ကောင် စိုရွဲနေပြီး နေပူလှုံနေကြသည်။ ခြံဝင်းထဲတွင် စောင်များ လွင့်ပျံနေပြီး လူရော ခွေးပါ နေပူရှိန်ကြောင့် ကြောင်တောင်တောင် ဖြစ်နေကြလေသည်။
ကြက်ကို ရေချိုးပေး၍ မရသောကြောင့်သာ လွတ်သွားခြင်း ဖြစ်ပေလိမ့်မည်။
အဒေါ်ကုတစ်ယောက် ခေါင်းခါလိုက်မိ၏။
ခဏကြာတော့ အနောက်ဘက်တွင် အသံကြားလိုက်ရသဖြင့် အဒေါ်ကု လှည့်ကြည့်လိုက်ရာ ယိုယွီက တက်ကြွစွာဖြင့် ရေခေါက်တုံ့ခေါက်ပြန် သယ်နေသည်ကို တွေ့လိုက်ရသည်။
အဒေါ်ကု: "..."
ရှန်မိသားစုဝင်တွေက ကြောက်စရာကောင်းလောက်အောင် ဝီရိယကောင်းကြသည်။
မီးဖိုချောင်ထဲ ဝင်သွားလိုက်ရာ စားပွဲရှည်ပေါ်တွင် ငါးကင်အတွက် သုံးမည့် ရောင်စုံမြေအိုးများ ပြည့်နှက်နေသည်။ သာ့ကျဲအာက မနက်ခင်းတစ်ခုလုံး လျှော်ဖွပ်ဆေးကြောပြီး အလုပ်များနေသော်လည်း အမယ်ဖြည့်ဟင်းများကို လှီးဖြတ်ပြီးနေပြီ ဖြစ်သည်။ သူမသည် အမျိုးအစား ခွဲခြားထားပြီး မြေအိုးများထဲသို့ အမယ်ဖြည့်ဟင်းများ ကြိုတင် ထည့်နေလေသည်။
"အဒေါ်ကု၊ ဘာလို့ ဒီလောက် စောကြီး ရောက်လာတာလဲ" ရှန်မြောင်က လက်သွက်စွာဖြင့် သခွားသီးမျှင်များကို ခွဲဝေထည့်ရင်း မေးလိုက်သည်။
အဒေါ်ကုက ဆွဲဖြဲထားပြီးသော မုန်ညင်းဖြူများကို ယူလိုက်ပြီး တစ်ရွက်ချင်း ကူထည့်ပေးရင်း ပြောလိုက်သည်။ "အိမ်မှာ အားနေတာနဲ့ စောစောလာကူတာ ပိုကောင်းပါတယ်၊ ညည်းတို့ဆီက လုပ်အားခ ယူထားပြီးမှ အချိန်ကွက်တိမှ အလုပ်လုပ်တာ သိပ်မကောင်းပါဘူး”
ရှန်မြောင်က ချိုသာစွာ ပြုံးလိုက်ပြီး ပြောလိုက်လေသည်။ "အဒေါ်ကုက ကျွန်မအပေါ် အကောင်းဆုံးပဲ"
အဒေါ်ကု ပြုံးလိုက်ပြီး သူမကို ပြန်ပြောလိုက်သည်။ "ညည်းကလည်း နေ့လယ်ခင်းကြီးကို ကောင်းကောင်း မနားဘူး”
"ကျွန်မ ဒီရက်ပိုင်း မနက်ဘက် အိပ်ရာထ နောက်ကျတော့ အိပ်ရေးဝနေပြီလေ၊ ဘယ်လိုလုပ် စောစော အိပ်ပျော်မှာလဲ၊ ပြီးတော့ အိမ်ကို သန့်ရှင်းရေးလုပ်လိုက်ရတော့ မပင်ပန်းတဲ့အပြင် ကျေနပ်နေသေးတာ"
ရှန်မြောင်သည် အရင်ဘဝကတည်းက စိတ်ဖိစီးမှု လျှော့ချရန် အိမ်သန့်ရှင်းရေး လုပ်တတ်သည့် ထူးဆန်းသူ ဖြစ်လေသည်။ အိမ်ကို သပ်ရပ်သန့်ရှင်းအောင် ထားလိုက်ရလျှင် စိတ်ထဲတွင် ကျေနပ်သွားတတ်သည်။
ထို့နောက် စိတ်ဖိစီးမှုများလည်း ပျောက်သွားတတ်သည်။
အဒေါ်ကု သူမကို နားချမရသဖြင့် ဟင်းသီးဟင်းရွက်များကိုသာ အတူတူ ကူပြင်ဆင်ပေးလိုက်သည်။ တစ်ဝက်လောက် ပြီးချိန်တွင် နေပူစာလှုံရင်း ခေါင်းမှ ရေငွေ့များ ထွက်နေသော ရှန်းအာက ခေါင်းပြူပြီး ပြောလိုက်သည်။
"မကြီး၊ အဘိုးယန် စားပွဲနဲ့ ထိုင်ခုံတွေ လာပို့တယ်"
ထို့ကြောင့် ရှန်မြောင်သည် လက်စသတ်ကာ မှာထားသော စားပွဲနှင့် ထိုင်ခုံများကို သွားရောက် စစ်ဆေးလိုက်သည်။ ငါးကင်စတင်ရောင်းချချိန်မှစ၍ ဆိုင်ရှိ စားပွဲနှင့် ထိုင်ခုံများ မလောက်ငှ ဖြစ်ခဲ့ရသည်။ ဆိုင်ထဲတွင် လူမဆံ့သဖြင့် သူမသည် တံခါးဝနှင့် နောက်ဖေးခြံဝင်းထဲတွင်ပါ ခင်းကျင်းခဲ့ရသည်။ အပိုထွက်လာသည်များကို အဒေါ်ကုနှင့် အခြားအိမ်နီးချင်းများထံမှ ငှားရမ်းခဲ့ရသည်။ နောက်ပိုင်းတွင် ဤသို့ ဆက်လုပ်၍ မဖြစ်မှန်း သိလာသဖြင့် ယန်လောင်ဟန့်ထံတွင် အသစ်ထပ်မှာလိုက်ခြင်း ဖြစ်သည်။
ယန်လောင်ဟန့်သည် တပည့်များကို ခေါ်ကာ အချိန်ပိုဆင်းပြီး လုပ်ပေးခဲ့ရသည်။ ရှန်မြောင်က အရေးတကြီး လိုနေမှန်း သိသဖြင့် ဒီနေ့ပြီးသည်နှင့် ချက်ချင်း လာပို့ပေးခြင်းပင်။
ရှန်ညန်ဇီသည် ဈေးဆစ်တတ်သော်လည်း သူ့အတွက် ဖောက်သည်ကြီး ဖြစ်ပေသည်။ ရှန်ညန်ဇီအတွက် တွန်းလှည်းလုပ်ပေးခြင်း၊ အိမ်ဆောက်ပေးခြင်း၊ ပရိဘောဂများ လုပ်ပေးခြင်းတို့ ဆောင်ရွက်ပြီးနောက်ပိုင်း ယန်လောင်ဟန့်၏ လက်သမားဆိုင်သည်လည်း ပြန်လည် ဦးမော့လာခဲ့သည်။ ရှန်ညန်ဇီတွင် အကြံဉာဏ်များပြီး ပြုလုပ်ထားသော ပစ္စည်းများက ဆန်းသစ်ကာ အသုံးဝင်သဖြင့် လိုက်လံတုပပြီး မှာယူသူများ များပြားလာသောကြောင့် ဖြစ်လေတော့သည်။
...