← Chapters

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အခန်း (၉၁-၉၂)

Vol. 10 Ch. 91-92

အပိုင်း (၉၁)

ရှန်မြောင်သည် ခန့်ညားထည်ဝါသော ခွေးနက်ကြီးကို ဆွဲလျက် လမ်းလျှောက်လာရင်း တွေးတောနေလေသည်။

'ငါးကင်ပုံစံ ပိုက်ဆံအိတ်လေးလား... နွေရာသီရောက်တော့မှာဆိုတော့ ယပ်တောင်အသေးလေး လုပ်ရမလား၊ ဒါမှမဟုတ်... မီရှောင်ညန်ဇီကို မေးကြည့်ရင် ကောင်းမလား၊ ကြိုးတပ်လို့ရတဲ့ ငါးကင်ပုံစံ သစ်သားတံဆိပ်တုံးလေးတွေ၊ သော့ချိတ်လေးတွေဆိုရင်ရော... အရင်းအနှီးများမလား မသိဘူး'

'ဒါမှမဟုတ်... အသင်းဝင် ကံစမ်းမဲအစီအစဉ် လုပ်လိုက်ရင်ရော... ၇ ကြိမ် စားပြီးတိုင်း မဲတစ်ကြိမ် နှိုက်ခွင့်ပေးမယ်'

ရှန်မြောင်သည် မျက်လုံးကို မှေးစင်းလိုက်ပြီး ခေတ်သစ်က ခေါက်ဆွဲခြောက်ထုပ်ထဲတွင် ထည့်ပေးတတ်သော ရေသူရဲကောင်းကတ်ပြားများ စုဆောင်းသည့် နည်းလမ်းနှင့် ကံစမ်းမဲဖောက်သည့် နည်းလမ်းတို့ကို ပေါင်းစပ်ရန် ပြင်ဆင်လိုက်သည်။

'နည်းနည်းတော့ စိတ်ဝင်စားစရာ ကောင်းသား'

သူမသည် တစ်ယောက်တည်း ရယ်မောလိုက်မိပြီး ထိုအပြုံးက အနည်းငယ် ကောက်ကျစ်သည့်ပုံ ပေါက်နေလေသည်။

သူမ ငယ်စဉ်ကလည်း ကတ်ပြားများ စုဆောင်းရသည်ကို စွဲလမ်းခဲ့ဖူးသည် မဟုတ်ပါလား။ ရေ သူရဲကောင်း ၁၀၈ ပါး ပုံကို စုဆောင်းရန်အတွက် သူမသည် အဘိုးကို ပူဆာပြီး ခေါက်ဆွဲခြောက်ဖာလိုက် ဝယ်ခိုင်းဖူးလေသည်။ ထိုအရာသည် အစောဆုံး ကံစမ်းမဲသဘောတရား ဖြစ်ပေလိမ့်မည်။

ထို့အပြင် သူမသည် ဤပွဲတော်ကာလ လှုပ်ရှားမှုကို အခွင့်ကောင်းယူပြီး "ရှန်ကျိ" အမှတ်တံဆိပ်ကို တစ်ရှိန်ထိုး နာမည်ကြီးအောင် လုပ်ဆောင်နိုင်ပေလိမ့်မည်။

'စျေးကွက်လုမလား၊ ဆိုင်သွားပြီး စားပွဲခုံမှောက်မလား၊ ဟင့်အင်း... မဖြစ်ဘူး၊ ထိပ်တိုက်တွေ့ရမယ့် အချိန် မရောက်သေးဘူး'

စိန်ခေါ်မှုများနှင့် အကျပ်အတည်းများက မျက်စိရှေ့ရောက်နေသော်လည်း ရှန်မြောင်၏ စိတ်အခြေအနေက ကောင်းမွန်နေပြီး တက်ကြွနေလေသည်။

သူမသည် ကျွန်စျေးကို ဖြတ်သန်းသွားလာရင်း ဂိတ်တံခါးဝမှနေ၍ ခေါင်းပြူကြည့်လိုက်သည်။ ပြန့်ကျင်းမြို့၏ လူအရောင်းအဝယ် စျေးကွက်သည် အလွန်ကြီးမားပြီး ချင်ကျိုးတွင် စစ်ပွဲဖြစ်ပွားနေသောကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးလာရသူများက မိမိကိုယ်ကို ရောင်းချခြင်း သို့မဟုတ် ရောင်းချခံရသော ကျွန်အရေအတွက်သည် ယခင်ကထက် ပိုများပြားလာလေသည်။ ရှန်မြောင်သည် အဝေးက လှမ်းကြည့်လိုက်လျှင်ပင် အတွင်း၌ လူအုပ်ကြီး မည်းမှောင်နေသည်ကို တွေ့နေရသည်။

အကယ်၍ ဘေးချင်းကပ်ဆိုင်ကိုသာ ဝယ်ယူနိုင်ခဲ့လျှင် သူမလည်း အလုပ်သမား နှစ်ယောက် သုံးယောက်လောက် ဝယ်ပြီး ခိုင်းစေရပေလိမ့်မည်။ မီးဖိုချောင်သည် အရေးကြီးသော နေရာဖြစ်ရာ သူမအနေဖြင့် လက်ထောက်စားဖိုမှူး လိုအပ်သည်။ ဤမျှ အရေးကြီးသော ရာထူးအတွက် သစ္စာဖောက်မသွားမည့် ခိုင်မာသော ဆက်ဆံရေးမျိုး လိုအပ်ပေသည်။

အရင်တုန်းက လူမဝယ်ဖြစ်ခဲ့သည်မှာ သူမတစ်ယောက်တည်း နိုင်နင်းသည်ဟု ထင်ခဲ့သောကြောင့် ဖြစ်ပြီး မကြုံဖူးသေးသော သခင်နှင့်ကျွန် ဆက်ဆံရေးမျိုးကို မစမ်းသပ်ချင်သေးသောကြောင့်ပင်။ ဟုတ်ပါသည်။ အဓိကအကြောင်းရင်းက ပိုက်ဆံမရှိခြင်းပင်။ ထိုစဉ်က လူတစ်ယောက်ဝယ်လျှင် စျေးကြီးပေးရလေသည်။

ယခုမူ... ရှန်မြောင်သည် ခြေလှမ်းတုံ့ကာ ပွဲစားနှင့် ဝယ်သူတို့ ပြောစကားကို နားစွင့်ကြည့်လိုက်ရာ လူပျိုလူလွတ် ခွန်အားဗလ ကောင်းမွန်သော အမျိုးသားတစ်ယောက်ကို ၁၀ လျန် အထိ စျေးကျသွားကြောင်း သိလိုက်ရသည်။ အမျိုးသမီးဆိုလျှင် ပို၍ပင် စျေးသက်သာပေလိမ့်မည်။

ဒီရက်ပိုင်း ငါးကင်ဆိုင်များ မိုးအကုန် မှိုပေါက်သလို ပေါ်လာခြင်းကလည်း ရှန်မြောင်ကို ဆုံးဖြတ်ချက်ချရန် တွန်းအားပေးနေသကဲ့သို့ ရှိသ၏။ သူမ အချိန်ဆွဲနေ၍ မဖြစ်တော့ပေ။ သူမ၏ ဆိုင်ကို မဖြစ်မနေ ချဲ့ထွင်ရတော့မည်။ သို့မဟုတ်လျှင် ဆိုင်ထဲတွင် ထိုင်စရာနေရာမရှိ၊ ပါဆယ်ထုတ်ပေးမှုကလည်း မနိုင်နင်းဖြစ်ကာ ဧည့်သည်များကို အလဟဿ လက်လွတ်ဆုံးရှုံးရပေလိမ့်မည်။ ထိုအချိန်ကျမှ လှုပ်ရှားမှုများနှင့် ပုံစံအသစ်များ ဘယ်လောက်လုပ်လုပ် အရာထင်တော့မည် မဟုတ်ပေ။

ထို့အပြင် ငါးကင်စတင်ရောင်းချပြီးနောက် မြို့ပြင်မှ ဧည့်သည်များပါ နာမည်ကြားပြီး လာရောက်အားပေးကြသည်။ ဤသည်မှာ မကြာသေးခင်ကမှ ဖြစ်ပေါ်လာသော အပြောင်းအလဲဖြစ်ပြီး သူမ၏ ဆိုင်သည် နာမည်ရစပြုလာကာ အရှိန်အဟုန် ကောင်းနေကြောင်း ပြသနေသည်။ အကယ်၍ သူမသည် ဆိုင်နာမည်ကြီးနေချိန်တွင် ရုတ်တရက် နေရာပြောင်းရွှေ့လိုက်ပါက ကိုယ့်လက်မောင်း ကိုယ်ပြန်ချိုးသကဲ့သို့ ဖြစ်ပြီး ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်စေလိမ့်မည်။

ရှန်မြောင်သည် မနေ့က ဟင်းသီးဟင်းရွက် သိုလှောင်ခန်းထဲတွင် ထိုင်လျက် သူမ၏ ပိုင်ဆိုင်မှုများကို ရေတွက်ကြည့်ခဲ့၏။ ဖုန်းမိသားစုဆီမှ ရသော ရွှေ ၁၂ လျန်သည် ၂၄၀ ကွမ်း နှင့် ညီမျှသည်။ အရင်က စျေးရောင်းခြင်း၊ ဟင်းချက်နည်းရောင်းခြင်း၊ ခေါက်ဆွဲရောင်းခြင်းတို့မှ စုမိဆောင်းမိငွေ ငွေတုံး ၁၂၀ လျန် ရှိသည်။ ထို့အပြင် ဒီရက်ပိုင်း ငါးကင်ရောင်းခြင်းနှင့် တခြားအသေးအဖွဲ ရောင်းရငွေ ၈၀ ကွမ်းကျော် ရှိသည်။

ဆိုင်လည်ပတ်ရန် လိုအပ်သော ငွေရင်းကို ဖယ်လိုက်လျှင် သူမ သုံးစွဲနိုင်သော စုဆောင်းငွေသည် ၅၀၀ ကွမ်း ပင် မပြည့်ပေ။

၁၅၀၀ ကွမ်း ဆိုသော ပမာဏကို စျေးဆစ်လျှင် အနည်းငယ် လျော့ကောင်း လျော့နိုင်သော်လည်း သူမ ဝယ်ယူချင်ပါက လိုအပ်ငွေ ပမာဏက များပြားလွန်းနေသည်။ သည်လောက်များပြားသော ငွေကြေးပမာဏကို ရှင်းကော်ဘုရားကျောင်းမှ ဝဖိုင့်ဖိုင့်ဘုန်းကြီးများပင် ချေးချင်မှ ချေးပေးပေလိမ့်မည်။

ယခု တစ်ခုတည်းသော နည်းလမ်းနှင့် တစ်ခုတည်းသော မျှော်လင့်ချက်မှာ... ရှန်မြောင်သည် ဆိုင်ဖွင့်ပွဲနေ့က ယန့်ရှူး လာပေးသွားသော ရှဲ့မိသားစု၏ ဖိတ်စာကို ရုတ်တရက် သတိရလိုက်သည်။

နောက်ထပ် ရက်အနည်းငယ်ကြာလျှင် ၆ လပိုင်း ၁၅ ရက်နေ့ ရောက်တော့မည်။ ရှဲ့မိသားစု အချိန်အကြာကြီး ပြင်ဆင်ထားသော စားသောက်ပွဲကြီးကို ချိန်းထားသည့်အတိုင်း ကျင်းပတော့မည်။

ရှန်မြောင်သည် မူလက ရှဲ့မိသားစု၏ စားသောက်ပွဲသို့ သွားသင့် မသွားသင့် တွေးတောနေခဲ့သည်။ ရှဲ့မိသားစုနှင့် ဆက်ဆံသော အိမ်တော်များသည် ချမ်းသာကြွယ်ဝခြင်း သို့မဟုတ် ဂုဏ်ဒြပ်ကြီးမားခြင်း ရှိကြပြီး မင်းမှုထမ်း မျိုးရိုးကြီးများက အများစု ဖြစ်ပေလိမ့်မည်။ အသိုင်းအဝိုင်း မတူလျှင် အတင်းဝင်ရော၍ မရဆိုသည့်အတိုင်း သူမအနေဖြင့် ထိုကြားထဲတွင် ပါဝင်ပတ်သက်နေပါက ဝင်ဆံ့မည်မဟုတ်ဘဲ သိုးကြားထဲက ကုလားအုတ်လို ဖြစ်နေပေလိမ့်မည်။

အဓိက အကြောင်းရင်းမှာ တစ်နေ့လုံး အချိန်ဖြုန်းလိုက်ရမည် ဖြစ်ရာ အိမ်ပြန်ပြီး ဆိုင်ဖွင့်ကာ ပိုက်ဆံရှာသည်က ပိုကောင်းသည်ဟု တွေးမိသောကြောင့်ပင်။

သို့သော် ယခုတွင် သူမသည် အနည်းငယ် ရှက်ရွံ့စွာဖြင့် စိတ်ပြောင်းသွားတော့သည်။ အကြောင်းမှာ သူမ ရင်းနှီးမြှုပ်နှံမှု သွားရှာချင်သောကြောင့်ပင်။

ထိုနေ့တွင် အခွင့်အရေးရှာပြီး ရှဲ့တာ့ညန်ဇီ၏ ဘေးနားရှိ ရှီမားမားကို စကားပါးလိုက်ရမည်။ ပထမအချက် အနေဖြင့် ခေါက်ဆွဲစက်ရုံ၏ အခြေအနေ မည်သို့ရှိသည်ကို မေးမြန်းမည်။ ပြီးလျှင် ခေါက်ဆွဲစက်ရုံ၏ အမြတ်ငွေ ၃၀ ရာခိုင်နှုန်းကို ကြိုထုတ်ပေးနိုင်မလားဟု ညှိနှိုင်းကြည့်မည်။ စက်ရုံက တည်ဆောက်ဆဲ ကာလဖြစ်ပြီး နောက်ပိုင်းတွင် အမြတ်ဘယ်လောက်ရမည်ကို မသိသေးသော်လည်း သူမသည် ရှဲ့မိသားစုနှင့် သဘောတူညီချက် ရယူထားနိုင်လေသည်။ နောက်ပိုင်း နှစ်အတော်ကြာသည်အထိ အမြတ်ငွေကို မယူတော့ဘဲ ထိုငွေများအားလုံးကို ကြိုထုတ်ထားသော အကြွေးဆပ်ရာတွင် အသုံးပြုမည်ဟု ကတိပြုနိုင်သည်။

သူမသည် အသင့်စားခေါက်ဆွဲ ပြုလုပ်နည်းကို ပေးထားပြီးဖြစ်သလို ကြက်ပေါင်းရည်၊ ပဲငံပြာရည်ချက် နှင့် မုန်ညင်းချဉ် ဟူသော အရသာ ၃ မျိုး၏ လျှို့ဝှက်ချက်ကိုလည်း ပေးအပ်ထားပြီး ဖြစ်သည်။ ရှဲ့တာ့ညန်ဇီက လူလွှတ်ပြီး ယိုကျိုးသို့ ပို့လိုက်ပြီ ဖြစ်ကြောင်း၊ ရှီးမိသားစု မွေးမြူထားသော သစ္စာရှိ စားဖိုမှူးများကို သင်ယူခိုင်းထားကြောင်း ပြောထားရာ လုပ်ပြီး မပြီးတော့ မသိသေးပေ။

စဉ်းစားရင်းနှင့် မီမိသားစု သစ်ပန်းပုဆိုင်သို့ ရောက်လာခဲ့သည်။ ရှန်မြောင်သည် အတွင်းသို့ ဝင်လိုက်ရာ ကြမ်းပြင်အပြည့် ပြန့်ကျဲနေသော သစ်သားစများနှင့် သစ်တုံးများကို ကျော်ဖြတ်ပြီး ဝင်္ကပါထဲ စွန့်စားသွားလာရသကဲ့သို့ ဖြစ်နေတော့သည်။ သူမသည် အလုပ်သင်အချို့ကို မေးမြန်းပြီးနောက် နောက်ဆုံးတွင် ကြီးမားသော ပန်းပုထွင်းထားသည့် သစ်မာဗီရိုကြီး တစ်လုံး၏ အောက်တွင် ပက်လက်လှန်ကာ ပန်းပုထွင်းနေသော မီရှောင်ညန်ဇီကို ရှာတွေ့သွားလေသည်။

ရှန်မြောင်က ငုံ့ထိုင်လိုက်ပြီး ပြုံးလျက် ခေါ်လိုက်သည်။ "ရှောင်မီ"

မီရှောင်ညန်ဇီသည် အာရုံစိုက် ထွင်းထုနေပြီး ခဏကြာမှ လှည့်ကြည့်လာသည်။ ရှန်မြောင်ကို ကြောင်တောင်တောင် ကြည့်နေပြီးမှ အံ့သြဝမ်းသာစွာဖြင့် ထရယ်လေသည်။

"ရှန်ညန်ဇီ... ရှင် ဘယ်လိုလုပ် ရောက်လာတာလဲ"

ဒီကာလအတွင်း သူမတို့နှစ်ယောက် မတွေ့ဖြစ်သည်မှာ ကြာပြီဖြစ်သည်။ အကြောင်းရင်းတစ်ခုမှာ မီရှောင်ညန်ဇီသည် ဖခင်ဖြစ်သူ၏ အမွေကို စတင်လက်ခံကာ ပရိဘောဂကြီးများကို လက်တွေ့ထွင်းထုနေရသဖြင့် တံတားထိပ်တွင် စျေးမခင်းဖြစ်တော့ဘဲ သူမ၏ ပထမဆုံး လက်ရာကြီးကို အာရုံစိုက် ဖန်တီးနေသောကြောင့် ဖြစ်သည်။

ရှန်မြောင်မှာလည်း ဆိုင်ကိစ္စများနှင့် အလုပ်များနေသဖြင့် နေ့စဉ် အချိုရည်လာပို့သော မေစန်းညန်နှင့် စကားပြောရင်း မီရှောင်ညန်ဇီ၏ အကြောင်းကို မေးမြန်းရုံမှလွဲ၍ လူချင်းသွားတွေ့ရန် အချိန်မရခဲ့ပေ။

အကယ်၍ ဒီနေ့ "ငါးကင် အမှတ်တရပစ္စည်းများ" လာမမှာဖြစ်လျှင် သူမတို့နှစ်ယောက် ဘယ်တော့မှ တွေ့ဖြစ်မည် မသိပေ။

သို့သော် ရှန်မြောင် ခံစားမိသည်မှာ မီရှောင်ညန်ဇီနှင့် မတွေ့ရသည်မှာ ကြာပြီဖြစ်သော်လည်း တွေ့လိုက်သည်နှင့် ရင်းနှီးမှုကို ခံစားရလေသည်။

ယခုခေတ်တွင် ကိုယ်ဝါသနာပါသော အလုပ်ကို ဒီလောက်အထိ ကြိုးစားလုပ်ကိုင်သော မိန်းကလေးမှာ ရှားပါးလွန်းလှသည်။ သူမက ကံကောင်းသည်ဟု ဆိုရမည်။ မီရှောင်ညန်ဇီလည်း ထိုနည်းလည်းကောင်းပင်။ တိုက်တိုက်ဆိုင်ဆိုင် သူမအဖေတွင် သားယောကျ်ားလေး မရှိခြင်း၊ တိုက်တိုက်ဆိုင်ဆိုင် သူမတွင် ပါရမီအထုံ ပါလာခြင်းတို့ကြောင့် သူမအဖေသည် လက်မှုပညာကို သူမအား လက်ဆင့်ကမ်းခဲ့ရသည်။ ထို့ကြောင့်သာ သူမသည် ယောကျ်ားလေးများကဲ့သို့ သစ်ပန်းပုဆိုင်ထဲတွင် ဝင်ထွက်သွားလာခွင့် ရနေခြင်းဖြစ်သည်။ သို့မဟုတ်လျှင် ဤနေရာမျိုးတွင် မိန်းကလေး အရိပ်အရောင်ပင် ရှိမည် မဟုတ်ပေ။

ရှောင်မီကို မြင်လိုက်ရသည်မှာ မှောင်မိုက်သော နေရာ၌ ကြိုးစားလင်းလက်နေသော မီးအိမ်ငယ်လေး တစ်လုံးကို တွေ့လိုက်ရသကဲ့သို့ ဖြစ်သွားပြီး ကြည့်ရသူကို ကြည်နူးစေလေသည်။

ရှန်မြောင်သည် ရှောင်မီနှင့် တိုင်ပင်ကာ အရုပ်ဆက်ကစားနည်းနှင့် ကံစမ်းမဲကတ်ပြားများ၏ ပုံစံကို သေချာမှာကြားလိုက်သည်။ အတုပြုလုပ်၍ မရအောင် လျှို့ဝှက်သင်္ကေတများ ထည့်သွင်းရန်လည်း မှာကြားခဲ့သည်။ စရံငွေပေးချေပြီး ပစ္စည်းရမည့်ရက်ကို မေးမြန်းပြီးနောက် သူမသည် ဖြည်းဖြည်းချင်း လမ်းလျှောက်ပြန်လာခဲ့သည်။

လမ်းတစ်ဝက်အရောက်တွင် လေထင်သည် သစ်ပင်တစ်ပင်အောက်၌ ရှူးပေါက်ရန် ရပ်လိုက်ရာ ရှန်မြောင်လည်း ဘေးနားတွင် ရပ်စောင့်ရင်း ခေါင်းထဲ၌ ရှုပ်ထွေးနေသော ကိစ္စများကို ဆက်လက်စဉ်းစားနေမိသည်။

ပထမအချက်မှာ မကြာမီ ကျင်းပမည့် ပွဲတော်လှုပ်ရှားမှု အသေးစိတ်အချက်အလက်များကို စဉ်းစားခြင်း ဖြစ်သည်။ အိမ်ပြန်ရောက်လျှင် အစီအစဉ်စာရွက် ရေးလိုက်မှ အဆင်ပြေပေလိမ့်မည်။ ဒုတိယအချက်မှာ ရှဲ့တာ့ညန်ဇီကို ငွေအမြောက်အမြား ထုတ်ပေးလာအောင် မည်သို့ စည်းရုံးရမည်နည်း ဆိုသည့် အချက်ဖြစ်သည်။ ရှန်မြောင်သည် အပြင်းအထန် ပြန်လည်စဉ်းစားနေမိသည်။ သူမ အရင်ဘဝတုန်းက ရင်းနှီးမြှုပ်နှံသူများနှင့် ရှယ်ယာရှင်များကို မည်သို့ စည်းရုံးခဲ့သနည်း။

အဘိုးက သူမကို ပြောဖူးသည်။ တစ်ပါးသူထံမှ အကူအညီလိုချင်လျှင် တစ်ဖက်လူ၏ စိုးရိမ်ပူပန်မှု ရှုထောင့်မှနေ၍ စဉ်းစားပေးရမည်။

အကယ်၍ စကားစလိုက်သည်နှင့် ငွေ ၁၀၀၀ ကွမ်း ချေးပါဟု ပြောလိုက်လျှင် ရှင်းကော်ဘုရားကျောင်းက ဘုန်းကြီးများပင် လန့်ပြီး အမွှေးတိုင်အိုး မှောက်ကျသွားပေလိမ့်မည်။ ထိုငွေပမာဏသည် သာမန်ပြည်သူများ တစ်သက်လုံး ရှာလျှင်ပင် ရမည့်ငွေ မဟုတ်ရာ ပြန်ဆပ်ဖို့ဆိုသည်မှာ ဝေလာဝေးပင်။ ဒါဆိုရင် စကားပြောပုံစံ ပြောင်းလိုက်ရင်ရော...

'တကယ်လို့ ရှဲ့တာ့ညန်ဇီက အဲဒီဆိုင်ခန်းကို စိတ်လိုလက်ရ ဝယ်လိုက်ပြီး ငါ့ကို ပြန်ငှားမယ်ဆိုရင်ရော... ဒါဆိုရင် ပိုက်ဆံချေးတာ မဟုတ်တော့ဘူးလေ၊ ရှဲ့တာ့ညန်ဇီ အနေနဲ့လည်း ခေါက်ဆွဲစက်ရုံ မလည်ပတ်နိုင်မှာတို့၊ အမြတ်ငွေ မရမှာတို့ ပူစရာ မလိုတော့ဘူး'

ဆိုင်ခန်းက မြေပြင်တွင် အမှန်တကယ် ရှိနေသည်။ ယခု ပြန့်ကျင်းမြို့၏ အိမ်ခြံမြေစျေးနှုန်းများ တက်နေပုံအရ ဝယ်ထားလိုက်လျှင် ရှုံးဖို့မရှိပေ။ ပြန်ရောင်းဖို့ ခက်ခဲကောင်း ခက်ခဲနိုင်သော်လည်း ငှားရမ်းဖို့ကမူ မခက်ခဲပေ။ ကျင်းလျန်တံတား ဝန်းကျင်သည် နေရာကောင်းဖြစ်ရာ သူမကို မငှားလျှင်တောင် တခြားသူကို ငှား၍ ရနိုင်သည်။ ဆိုင်ခန်း အရောင်းအဝယ် ကောင်းမကောင်း ဆိုသည်မှာ သူမ၏ လက်ရာအပေါ်တွင် မူတည်သည်။ သူမ၏ လက်ရာကို ရှဲ့တာ့ညန်ဇီ သိပြီးဖြစ်ရာ ထိုကိစ္စအတွက် ပူစရာ မလိုပေ။

သို့သော် သူတို့ မဝယ်ချင်လျှင်လည်း ရသည်။ ရှဲ့မိသားစုအနေဖြင့် ဤကဲ့သို့ သာမန်ဆိုင်ခန်းအသေးလေး တစ်ခုကို လိုအပ်ချင်မှ လိုအပ်မည်။

ထို့ကြောင့် ဤအချက်သည် အဓိကသော့ချက် ဖြစ်သည်။ သူမ မလိုအပ်သော ဆိုင်ခန်းတစ်ခုကို ဝယ်ယူလာအောင် သူမ၏ နတ်သား ရင်းနှီးမြှုပ်နှံသူ ကို မည်သို့ စည်းရုံးရပါမည်နည်း။

ရှန်မြောင်သည် စိတ်ကူးထဲတွင် ဇာတ်တိုက်လေ့ကျင့်ခန်း လုပ်နေလေ၏။ လေထင်သည် ကိစ္စပြီးသွားပြီ ဖြစ်ရာ ထူးထူးဆန်းဆန်း မော့ကြည့်လိုက်သည်။ ကြိုးကိုကိုင်ကာ မလှုပ်မယှက် ရပ်နေသော သခင်ဖြစ်သူကို ကြည့်ပြီး ခပ်တိုးတိုး နှစ်ချက်လောက် ဟောင်လိုက်သည်။ မျက်လုံးများထဲတွင် 'ရှူးပေါက်ပြီးပြီလေ၊ ဘာလို့ မသွားသေးတာလဲ' ဟူသော အဓိပ္ပာယ်များ ပြည့်နှက်နေ၏။

သို့သော် ရှန်မြောင်က အတွေးလွန်နေဆဲ။

လေထင်သည် ခဏလောက် တွေဝေသွားပြီးနောက် ခြေထောက်ပြန်မြှောက်ကာ မျက်နှာပါ ရှုံ့မဲ့သည်အထိ အားစိုက်ပြီး နှစ်စက်လောက် ထပ်ညှစ်ထုတ်ပြလိုက်သည်။ ပြီးနောက် လှည့်ကြည့်လိုက်သော်လည်း ရှန်မြောင်က မလှုပ်မယှက် ရှိနေဆဲ ဖြစ်သည်။ ထို့ကြောင့် ဝမ်းနည်းပက်လက်ဖြင့် ကျယ်လောင်စွာ ဟောင်လိုက်တော့သည်။

'ဒီတစ်ခါတော့ တကယ်ကုန်ပြီ ဗြဲ... ထပ်ညှစ်လို့ မရတော့ဘူး... ဝုတ် ဝုတ် ဝုတ်'

"အာ... ပြီးပြီလား၊ သွားစို့ သွားစို့"

ရှန်မြောင် နောက်ဆုံးတော့ ကြားသွားပြီး အိပ်မက်မှ လန့်နိုးလာသူကဲ့သို့ ခွေးကိုဆွဲကာ ပြန်ပြေးတော့သည်။

မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားပြန်သည်။ ရှန်မြောင်သည် လှုပ်ရှားမှု မပြုလုပ်ဘဲ ငြိမ်နေလိုက်သည်။ တခြား ခေါက်ဆွဲဆိုင်များ ဘာလုပ်လုပ် သူမက စျေးမလျှော့သလို တခြားအရာများကိုလည်း မလုပ်ဆောင်ပေ။ နေ့စဉ် ရောင်းရသလောက်သာ ရောင်းလိုက်သည်။ သူမ မှာယူထားသော ပွဲတော် အထူးထုတ် မြေအိုးခွက်များ၊ ရုပ်ဆက်များနှင့် ကံစမ်းမဲကတ်ပြားများ ဆိုင်သို့ ရောက်လာသည့် အချိန်အထိပင်။

သည်အချိန်သည် ရှဲ့မိသားစု စားသောက်ပွဲ မတိုင်မီ နှစ်ရက်အလိုဖြစ်ရာ ရှန်မြောင်သည် ပစ္စည်းများကို သေချာစီစဉ်ထားလိုက်သည်။ ပွဲတော်အစီအစဉ်ကို ကောင်းမွန်စွာ ကျင်းပပြီးပါက ရင်းနှီးမြှုပ်နှံမှု ရှာဖွေခြင်းကို အာရုံစိုက်နိုင်တော့မည်ဟု သူမ တွေးလိုက်သည်။

ထို့ကြောင့် နောက်တစ်နေ့တွင် သူမသည် စကားပြောသွက်လက်သော အားလပ်နေသည့် လူနှစ်သုံးယောက်ကို ငှားရမ်းလိုက်ပြီး ဆိုင်ရှေ့နှင့် လမ်းမပေါ်တွင် အသံချဲ့စက်သဖွယ် အော်ဟစ် ကြော်ငြာခိုင်းလိုက်တော့သည်။

...........

ကျင်းလျန်တံတား တစ်ဖက်ကမ်းရှိ "ခန်းကျိ" ခေါက်ဆွဲဆိုင်သည် ဆိုင်ခန်း ၃ ခန်း တွဲဖွင့်ထားပြီး ဝေ့မိသားစု မုန့်ဆိုင်ကဲ့သို့ နှစ်ထပ်တိုက် ဖြစ်သည်။ ဆိုင်ထဲတွင် ရိုးရိုးခုံများသာမက သီးသန့်အခန်းများပါ ရှိပြီး ကျင်းလျန်တံတား တစ်ဝိုက်တွင် ခေါက်ဆွဲအဓိကရောင်းသော အကြီးဆုံး စားသောက်ဆိုင် ဖြစ်သည်။ မူလက ဧည့်သည်များဖြင့် ပြည့်နှက်ကာ စီးပွားရေး ကောင်းမွန်သော ဆိုင်တစ်ဆိုင်ပင်။

"ရှန်ကျိ" ဟူသော ဆိုင် ရုတ်တရက် ပေါ်ထွက်မလာခင် အချိန်ထိပင်။ ၁၀ လှမ်းလောက် လမ်းလျှောက်လိုက်လျှင် တစ်ပတ်ပြည့်သွားသော ထိုဆိုင်ခန်းကျဉ်းလေးသည် သူ့ကို ပြန်လည်ခုခံနိုင်စွမ်း မရှိအောင် ရိုက်နှက်လိုက်လေသည်။ ထို ရှန်ကျိ ဆိုင်သည် ဒီနေ့ ဒါရောင်းလိုက်၊ နောက်နေ့ ဟိုဟာရောင်းလိုက်နှင့် စိတ်ကူးပေါက်သလို ရောင်းနေသော်လည်း ပုံစံအမျိုးမျိုး ဆန်းသစ်နေလေသည်။ သူဌေးခန်းသည် ဉာဏ်မမီအောင် ဖြစ်နေရ၏။ အသင့်စားခေါက်ဆွဲ အကြောင်း ကောင်းကောင်း နားမလည်သေးခင်မှာပင် ဒီရက်ပိုင်း ငါးကင်ဆိုတာ ထပ်ထွက်လာပြန်ပြီ။

ခန်းကျိ ခေါက်ဆွဲဆိုင်၏ စီးပွားရေး ကျဆင်းသွားသည်သာမက တစ်ချို့လူများသည် ငါးကင်ကို ဆွဲလာပြီး သူ့ဆိုင်ထဲတွင် လာထိုင်စားကြသည်။ သူ့ဆိုင်က ဟင်းပွဲ ၂ ပွဲနှင့် ခေါက်ဆွဲတစ်ပန်းကန်လောက် မှာပြီး တခြားဆိုင်က အစားအစာကို သူ့ဆိုင်ထဲတွင် ထိုင်ကာ မြိန်ရေရှက်ရေ စားသောက်နေကြသည်။

သူဌေးခန်းသည် မကျေနပ်မှုကို မြိုသိပ်ကာ မျက်နှာချိုသွေးပြီး အကြောင်းရင်းကို မေးမြန်းကြည့်ရာ ရှန်ကျိဆိုင်တွင် ထိုင်စရာနေရာ မရှိတော့သော်လည်း စားချင်လွန်းသဖြင့် သည်လိုလုပ်ရကြောင်း ပြောကြသည်။

ဒါက သူ့ပါးကို ရိုက်လိုက်တာနှင့် တူတူပင်။

သူဌေးခန်းသည် သည်းမခံနိုင်တော့သဖြင့် သူ့ဆိုင်မှ စားပွဲထိုးနှင့် စားဖိုမှူးများကို ရှန်ကျိဆိုင်သို့ လွှတ်ကာ ငါးကင် ခိုးဝယ်စားခိုင်းသည်။ ပါဆယ်လည်း အကြိမ်ကြိမ် ဝယ်ခိုင်းပြီး ဆိုင်မီးဖိုချောင်ထဲတွင် ငါးကနေစပြီး အောက်ခံ ဟင်းသီးဟင်းရွက်များ၊ အမွှေးအကြိုင်များကို တစ်ခုချင်းစီ ခွဲခြမ်းစိတ်ဖြာ လေ့လာခိုင်းသည်။

ငါးခွံကြော်သည့် မုန့်နှစ်နှင့် ပဲငပိအနှစ် အရသာတို့၏ အချိုးအစားမှလွဲ၍ ကျန်သည့်အရာများကို သေချာမသိရသော်လည်း ၄-၅ ရက် ကြာပြီးနောက် ခန်းကျိဆိုင်မှ စားဖိုမှူးများသည် ချက်ပြုတ်ပုံ၊ အမယ်များနှင့် တွဲဖက်ဟင်းလျာများကို အကြမ်းဖျင်း သိရှိသွားကြသည်။

'ဟွန်း... လုပ်ရတာလည်း သိပ်မခက်ပါဘူး'

သူဌေးခန်းသည် တွေဝေမနေတော့ဘဲ သူ့ဆိုင်တွင်လည်း ငါးကင်ဟင်းလျာသစ်ကို တင်လိုက်တော့သည်။ ဟင်းရည်ထဲတွင် ဆိတ်သားနုပ်နုပ်စဉ်းနှင့် ဆိတ်ရိုးပြုတ်ရည်ကို ထည့်လိုက်သဖြင့် အမယ်ပိုစုံသွားပြီး စျေးနှုန်းကိုလည်း ရှန်ကျိထက် သက်သာအောင် တမင်ရောင်းချလိုက်သည်။

သူဌေးခန်းသည် ရှန်ကျိဆိုင်မှ ငါးကို ကိုယ်တိုင် မြည်းစမ်းဖူးရာ ရှန်ညန်ဇီ၏ လက်ရာ မဆိုးကြောင်း ဝန်ခံရပေမည်။ သူက တူကို ချလိုက်ပြီးနောက် ကျောချမ်းစရာ ကောင်းသော အန္တရာယ် အငွေ့အသက်ကို ခံစားလိုက်ရသည်။ အကယ်၍ သူမကို ဒီအတိုင်း လွှတ်ထားလိုက်ပါက သူတို့လို တခြားခေါက်ဆွဲဆိုင်များသည် သူမ စားကြွင်းစားကျန် ဟင်းရည်ကိုသာ သောက်ရမည့်အဖြစ် ရောက်သွားပေလိမ့်မည်။

ထို့ကြောင့် သူဌေးခန်းသည် သူ စမ်းသပ်တွေ့ရှိထားသော ရှန်ကျိဆိုင်နှင့် ၅-၆ ပုံ တူသည့် ငါးကင်ချက်နည်းကို တခြား မိတ်ဆွေ ဆိုင်ရှင်များအား ပြောပြလိုက်ပြီး အားလုံး ဝိုင်းရောင်းကြရန်၊ သူမကို ဝိုင်းဝန်း ဖယ်ကြဉ်ကြရန် စည်းရုံးလိုက်သည်။

အစပိုင်းတွင် ရှန်ကျိ၏ အရှိန်အဝါကို ဖိနှိပ်ရန်သာ ရည်ရွယ်သော်လည်း မထင်မှတ်ဘဲ ခန်းကျိဆိုင်သည် ငါးကင်ရောင်းပြီးနောက် ငွေအတော်အတန် ရလိုက်လေသည်။ သူဌေးခန်းသည် လက်ချိုးရေတွက် တွက်ချက်ကြည့်လိုက်သည်။ သူ့ချက်နည်းက အမြတ်နည်းသော်လည်း အရောင်းသွက်သဖြင့် အမြတ်များများရကာ ဒီရက်ပိုင်းအတွင်း ဝင်ငွေ မဆိုးလှပေ။

ထို့အပြင် ထို ရှန်ညန်ဇီသည် ကြောက်သွားသလား၊ ဘာလုပ်ရမှန်း မသိတော့တာလား မပြောတတ်။ စီးပွားရေး ပါသွားသည်ကို မြင်နေရသော်လည်း ဘာသံမှ ထွက်မလာဘဲ ငြိမ်သက်နေလေသည်။

သူ့ဆိုင်ထဲတွင် ဧည့်သည်များ ပြန်လည်ပြည့်နှက် စည်ကားနေသည်ကို ကြည့်ပြီး သူဌေးခန်း အလွန်ကျေနပ်နေကာ ဒီရက်ပိုင်း အိပ်ပျော်စားဝင် ရှိနေလေသည်။

ဒီနေ့မနက် ရာသီဥတု ကောင်းမွန်သည်ကို မြင်လိုက်ရသဖြင့် သူသည် သီချင်းတညည်းညည်းဖြင့် တံတားကိုဖြတ်ကာ လမ်းလျှောက်လာခဲ့၏။ ရှန်ကျိ ခေါက်ဆွဲဆိုင်၏ အခြေအနေကို တိတ်တဆိတ် သွားကြည့်ချင်စိတ် ပေါ်လာသည်။ ထို ရှန်ညန်ဇီ စိတ်ဓာတ်ကျပြီး ပူပန်နေမည့် ပုံစံကို ကြည့်ကာ အရသာခံချင်သေးသည်။

သူ့စိတ်ထဲတွင် လှောင်ပြောင်လိုက်မိသည်။ သူ့ဆိုင်က အကြီးကြီး၊ အချိန်ကြာကြာ တောင့်ခံနိုင်တယ်။ ရှန်ကျိကတော့ လောကအကြောင်း နားမလည်သေးတဲ့ ကောင်မလေးတစ်ယောက်တည်း ရှိတာ၊ အခုလောက်ဆို အိပ်တောင် ပျော်မှာမဟုတ်ဘူး။

သူသည် တောက်ပြောင်နေသော ကြေးနီရောင် ပိုးသားဝတ်စုံသစ်ကို ဝတ်ဆင်ထားပြီး ယုံကြည်မှုအပြည့်ဖြင့် ရင်ကော့ကာ ကျင်းလျန်တံတားကို ဖြတ်ကျော်လာခဲ့သည်။ ယန်လျိုအရှေ့လမ်းကြားသို့ ဝင်ခါနီး လမ်းထိပ်အရောက်တွင် လူအုပ်ကြီး ကြိတ်ကြိတ်တိုး စည်ကားနေသည်ကို မြင်လိုက်ရသည်။

သူဌေးခန်းတစ်ယောက် မျက်လုံးပြူးသွားတော့သည်။

လူအုပ်ထဲသို့ အတင်းတိုးဝင်လိုက်ရာ လူအုပ်ထဲမှ တစ်စုံတစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်နေသည်ကို ကြားလိုက်ရလေသည်။

"ရှန်ကျိရဲ့ ဟင်းလျာသစ်... ကြာစွယ်ချဉ်စပ်ငါးကင် ထွက်ပါပြီ... ချဉ်ချဉ်စပ်စပ်နဲ့ စားပြီးရင်း စားချင်ဖြစ်စေမယ့် အရသာပါ"

"ဒီနေ့ အသင်းဝင်ကြေး ပေးစရာမလိုဘဲ ရှန်ကျိရဲ့ အထူးဧည့်သည် အသင်းဝင်အဖြစ် လျှောက်ထားနိုင်ပါပြီ... အသင်းဝင် ဖြစ်သွားတာနဲ့ လက်ဆောင်တွေ ရမယ့်အပြင် အထူးအခွင့်အရေးတွေပါ ရရှိဦးမှာပါ... ဒီလို အခွင့်အရေးမျိုးက ရခဲတယ်နော်... လာပါ လာပါ... ဖြတ်သွားဖြတ်လာ လုပ်နေမယ့်အစား ဝင်ရောက် လေ့လာကြည့်လိုက်ပါဦး"

...

အပိုင်း (၉၂) ကံစမ်းမဲအစီအစဉ်

ချန်ကျစ်သည် နယ်လှည့်ကုန်သည် တစ်ယောက် ဖြစ်လေသည်။ သူသည် မြောက်ပိုင်းသားမွေးကုန်များကို ပို့ဆောင်ပြီးစီးခဲ့ပြီဖြစ်ရာ ပေါ့ပါးသော စိတ်ဖြင့် ကုလားအုတ်ကို ဆွဲလျက် ပြန့်မြစ်တစ်လျှောက် လှေများ အသွားအလာ များပြားသော နေရာကို ဖြတ်သန်းကာ ကျင်းလျန်တံတားပေါ်သို့ လျှောက်လှမ်းလာခဲ့သည်။ နေရောင်ခြည် အောက်တွင် သူသည် ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်ရှုလိုက်၏။ ပြန့်ကျင်းမြို့ အနှံ့အပြားသည် စည်ကားသိုက်မြိုက်နေပြီး လွန်ခဲ့သော နှစ်ဝက်လောက်က သူ ရောက်ခဲ့စဉ်ထက် ပိုမိုစည်ကားလာသည်ဟု ခံစားမိလေသည်။

ဒီတစ်ခေါက် သယ်လာသော သားမွေးများက အရည်အသွေး ကောင်းမွန်သဖြင့် ငွေစက္ကူ တစ်ထပ်ကြီး ရလိုက်သည်။ စိတ်လက်ပေါ့ပါး ပျော်ရွှင်နေသဖြင့် ဆိုင်တစ်ဆိုင်ရှာပြီး အသားနှင့် အရက်ကို ဝယ်စားရန် စဉ်းစားလိုက်၏။

သူသည် တောင်ပိုင်းနှင့် မြောက်ပိုင်း ကုန်ကူးသန်း သွားလာနေသူဖြစ်ပြီး တစ်ခါသွားလျှင် နှစ်ဝက်ခန့် ကြာမြင့်တတ်သည်။ ပြန့်ကျင်းမြို့၏ အထင်ကရ နေရာတော်တော်များများကို သူ စိမ်းနေပြီဖြစ်သည်။ စဉ်းစားရင်း စဉ်းစားရင်းနှင့် ဒီအနီးအနားတွင် ခန်းကျိ အမည်ရှိသော စားသောက်ဆိုင် တစ်ဆိုင်ရှိကြောင်း သတိရသွားသည်။ မနှစ်က ဆောင်းတွင်းတုန်းက သူ ထိုဆိုင်တွင် ဆိတ်သားတစ်ခါ စားဖူးပြီး အရသာ မဆိုးလှပေ။

သို့သော် ခန်းကျိဆိုင်သည် ကျင်းလျန်တံတား၏ ဘယ်ဘက်ခြမ်းတွင် ရှိသည်ကို သူ မမှတ်မိတော့ပေ။ တံတားပေါ်တွင် ရပ်လျက် ဟိုဟိုဒီဒီ ကြည့်ရှုလိုက်ရာ မြစ်ကမ်းပါးတစ်ဖက်ရှိ ဆိုင်ခန်းငယ်လေး ရှေ့တွင် လူများ ကြိတ်ကြိတ်တိုး စည်ကားနေပြီး ဆူညံသံများ ထွက်ပေါ်နေသည်ကို တွေ့လိုက်ရပြီး ထိုနေရာသို့ ဦးတည်သွားနေကြသူများလည်း ရှိလေသည်။

သူ့စိတ်ဝင်စားမှုသည် နိုးကြားသွားပြီး ကုလားအုတ်ကို ဆွဲကာ ထိုနေရာသို့ ချက်ချင်း ဦးတည်သွားလိုက်တော့သည်။

ချန်ကျစ်သည် တစ်သက်လုံး အပျော်အပါး မက်သူဖြစ်သည်။ သူ့မျက်နှာပေါ်တွင်လည်း အမာရွတ်တစ်ရွတ် ရှိလေသည်။ တစ်ခါတုန်းက လင်မယားနှစ်ယောက် ရန်ဖြစ်နေသည်ကို အသည်းအသန် သွားကြည့်ရင်း ဘာဖြစ်ကြတာလဲ ဆိုတာကို သိချင်လွန်းသဖြင့် တိုးရင်းတိုးရင်းနှင့် လင်မယားနှစ်ယောက်ကြား ခေါင်းဝင်မိသွားကာ ရန်ပွဲထဲ ပါသွားတော့သည်။ သူ့ယောကျ်ားနှင့် အသေအလဲ ချနေသော ဇနီးသည်က သူ့မျက်နှာကို ကုတ်လိုက်သဖြင့် သွေးထွက်သံယို ဖြစ်ခဲ့ရပြီး ယနေ့ထက်ထိ အမာရွတ် ကျန်နေခဲ့ခြင်း ဖြစ်သည်။

သို့သော် သူ့အကျင့်က မပျောက်သည့်အပြင် ဒီနှစ်ပိုင်းအတွင်း ပိုဆိုးလာခဲ့သည်။

ယခုအခါတွင် ပျော်စရာ မြင်ကွင်းတစ်ခုခု ရှိသည်ဆိုလျှင် သူသည် ဘာဖြစ်ဖြစ် ဂရုမစိုက်တော့ဘဲ မဖြစ်မနေ သွားကြည့်ရမှ ကျေနပ်လေသည်။ လွဲချော်သွားခဲ့လျှင် ရက်အနည်းငယ်လောက် နောင်တရနေတတ်ပြီး ဘာဖြစ်ခဲ့တာလဲ ဆိုတာကို သိချင်လွန်း၍ ခေါင်းကုတ် ဖင်ကုတ် ဖြစ်နေတတ်သည်။

သူသည် ကုလားအုတ်ကို ဆွဲကာ ကပျာကယာ သွားကြည့်လိုက်ရာ ခေါက်ဆွဲဆိုင်လေး တစ်ဆိုင် ဖြစ်နေ၏။ ဆိုင်မျက်နှာစာက မကျယ်ဝန်းသော်လည်း ကြမ်းခင်းအုတ်များ ခင်းထားသဖြင့် တခြားဆိုင်များထက် ပိုမိုသန့်ရှင်းသပ်ရပ်နေသည်။ ထို့ထက်ပိုပြီး ထူးခြားမှု မရှိပေ။

အတွင်းဘက်တွင် စားပွဲ ၅-၆ လုံးသာ ရှိသော်လည်း လူအများအပြား ရှိနေသည်။ အထူးသဖြင့် ဆိုင်ရှေ့တွင် လူများ ပြည့်ကျပ်နေပြီး ဆိုင်ထဲနှင့် ဆိုင်အပြင်တွင် သူကဲ့သို့ စပ်စုချင်သော လမ်းသွားလမ်းလာများနှင့် အိမ်နီးနားချင်းများ ရှိနေသည်။ လှည်းစီးလာသူ အချို့ပင် လှည်းကို အဝေးတွင် ရပ်ထားခဲ့ပြီး ကပျာကယာ လှမ်းလာနေကြသည်။

ချန်ကျစ်တစ်ယောက် နားမလည်နိုင် ဖြစ်နေတော့သည်။ ရှေ့ကို တိုးသွားလိုက်ရာ ဆိုင်ရှေ့တွင် စားပွဲရှည် နှစ်လုံး ချထားပြီး လူများ ဝိုင်းအုံနေသည်ကို တွေ့လိုက်ရသည်။ စားပွဲတစ်ဖက်တစ်ချက်တွင် သန်မာသော လူကြီးနှစ်ယောက် စောင့်ကြပ်နေပြီး စာဖတ်တတ်သော ကလေးတစ်ယောက်က ဘေးမှ ကူညီပေးနေသည်။

စားပွဲပေါ်တွင် အနီရောင် အဝတ် ခင်းထားပြီး မဲပုံးကြီး နှစ်ပုံး တင်ထားကာ အတွင်း၌ အနီရောင် ထိပ်စီးတပ်ထားသော ဝါးမဲလိပ်များ အများအပြား ထည့်ထားသည်။

မိန်းကလေးများနှင့် လူငယ်လေး အများအပြားသည် စားပွဲရှေ့တွင် ဝိုင်းအုံနေပြီး မျှော်လင့်ချက် ပြည့်ဝသော မျက်လုံးများဖြင့် မဲပုံးကို ကိုင်လှုပ်နေကြသည်။ ခဏအကြာတွင် စာရွက်ကပ်ထားသော ဝါးမဲလိပ်လေး တစ်ခု ပြုတ်ကျလာရာ ကောက်ယူလိုက်ပြီး ဘေးသို့ ကပ်ကာ ဂရုတစိုက် ဖွင့်ကြည့်ကြလေသည်။

ရှေ့မှလူများက စိတ်လှုပ်ရှားစွာ မဲလိပ်ဖွင့်နေချိန်တွင် နောက်မှလူများက အလုအယက် တိုးဝှေ့ကာ မဲပုံးကို ကိုင်လှုပ်ကြပြန်သည်။

ချန်ကျစ်တစ်ယောက် ကြောင်တောင်တောင် ဖြစ်သွားတော့သည်။ 'ဒီခေါက်ဆွဲဆိုင်က ဗေဒင်ပါ ဟောပေးတာလား'

သူ မေးမြန်းရန် ပြင်လိုက်စဉ် ဘေးနားရှိ အသားမည်းမည်း လူကြီးတစ်ယောက်က နတ်ဝင်သည်သကဲ့သို့ လက်သီးလက်မောင်းတန်းကာ အော်ဟစ်လိုက်လေသည်။

"ပေါက်ပြီ... ပေါက်ပြီကွ... ကိုအာ... ဘာစာရေးထားလဲ ဖတ်ပြစမ်း... ဘာ... 'ကြာတောမှာ ငါးကစား၊ ပန်းပွင့်ကြွေ ငှက်ကလေးတွေ ပျံသန်း' တဲ့လား... တကယ် ပေါက်သွားပြီဟေ့... ငါ လိုချင်နေတဲ့ ကြာရွက်ပုံ မြေအိုးခွက်... ငါ နောက်ဆုံးတော့ ပေါက်သွားပြီ"

ပြောရင်းဆိုရင်း မဲလိပ်ကို ကိုင်ကာ အတွင်းသို့ ပြေးဝင်သွားလေသည်။

သူ့နောက်မှ မဲနှိုက်နေသော မိန်းကလေး အချို့က ဒေါသတကြီး ခြေဆောင့်ကာ ပြောလိုက်ကြသည်။ "ငါကတော့ 'ဘဝမှာ ပျော်ရွှင်ချိန်ရှိတုန်း ပျော်လိုက်ပါ၊ ရွှေခွက်ထဲ လရောင်ဖြည့်မနေနဲ့' ဆိုတဲ့ စာပဲ ကျတယ်... တကယ်ပါပဲ... ငါ့မှာ အရက်လျှော့စျေး လက်မှတ် ၃ စောင် ရှိနေပြီ"

"ငါရောပဲ... ငါ့မှာ 'ဝါးရုံတော မိုးရွာသံ၊ ထင်းရှူးပင်လေတိုးသံ စောင်းသံစဉ်လိုပဲ၊ လက်ဖက်ရည်ငွေ့ဝေ၊ စာဖတ်သံညံ' ဆိုတဲ့ လက်မှတ် ၂ စောင် ရှိတယ်... ထူးဆန်းတယ်... ငါက လက်ဖက်ရည် မကြိုက်ပါဘူးဆိုမှ လက်ဖက်ရည်လက်မှတ်ပဲ လာကျနေတယ်... ရှစ်ယီးညန်... နင်ရော... နင် ဘာပေါက်လဲ"

ရှစ်ယီးညန် ဟု ခေါ်သော မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးက ဂုဏ်ယူဝင့်ကြွားစွာ ပြုံးရယ်လိုက်ပြီး ပြောလိုက်သည်။ "ငါကတော့ 'လောကမှာ သစ်ပင်ပန်းမန်တွေ စိမ်းစိုနေသလို ရိုးရှင်းတဲ့ အစားအစာကလည်း ပျော်ရွှင်မှု ပေးနိုင်တယ်' တဲ့... သက်သတ်လွတ်ဟင်းတစ်ပွဲ လက်ဆောင်တဲ့... ဒါလည်း မဆိုးပါဘူး... ငါက ရှန်ညန်ဇီရဲ့ ဟင်းဆို အကုန်ကြိုက်တာပဲ"

ကျန်သည့် နှစ်ယောက်က သက်ပြင်းချလိုက်ပြီး ဘေးနားရှိ အခြားမိန်းကလေး တစ်စုကို မေးငေါ့ပြကာ အားကျစွာ ပြောလိုက်သည်။ "... ဒါပေမဲ့ ငါက သူ့ခါးမှာ ချိတ်ထားတဲ့ ရေသူမလေး ရုပ်သေးရုပ်ကို လိုချင်တာ... ဘယ်လိုမှ မပေါက်နိုင်ဘူး"

"ငါက ငါးပုံစံ သစ်သားသော့ချိတ် လိုချင်တာ... မပေါက်ဘူး"

ချန်ကျစ်သည် ထိုမိန်းကလေး ကြည့်နေသော နေရာသို့ လိုက်ကြည့်လိုက်ရာ မိန်းကလေး အချို့၏ ခါးတွင် ချိတ်ဆွဲထားသော ပိုက်ဆံအိတ်လေးများ၌ လုံးဝိုင်းကာ ချစ်စရာကောင်းသော ရေသူမလေး ရုပ်သေးရုပ်များ တွဲလောင်းကျနေသည်ကို တွေ့လိုက်ရသည်။ မျက်နှာဝိုင်းဝိုင်း၊ မျက်လုံးဝိုင်းဝိုင်း၊ အပြုံးချိုချိုနှင့် အပေါ်ပိုင်းက လူပုံစံ၊ အောက်ပိုင်းက ငါးမြီး ကော့နေသော ပုံစံဖြစ်ပြီး လက်ရာမြောက်လှသည်။

ထိုအရာအပြင် အချို့လူများသည် ခါးတွင် သော့အတွဲလိုက် ချိတ်ဆွဲထားပြီး သော့တွဲဘေးတွင် ကြိုးဖြင့် သီထားသော ငါးပုံစံ သစ်သားပြားဝိုင်းလေးများ ပါရှိသည်။ ထိုအရာပေါ်တွင် အနီရောင် ငါးကြင်းပုံကို ထွင်းထုထားပြီး "ကံကောင်းခြင်းများ ရောက်ရှိပါစေ" ဟူသော စာသားလည်း ပါရှိလေသည်။

ထိုမိန်းကလေး အချို့က ခဏမျှ တွေဝေပြီးနောက် တိုင်ပင်လိုက်ကြသည်။ "ဒါဆို ငါတို့ ငါးကင် ထပ်စုလိုက်ကြမလား... ပြီးရင် မဲထပ်နှိုက်မယ်လေ... ဒီနေ့ ငါ မရ ရအောင် ယူမယ်"

"ဟုတ်တယ်... ငါလည်း ထပ်စုမယ်... ရှန်ကျိရဲ့ ငါးကင်က အရသာ အရှိဆုံးပဲ... ဘယ်အချိန်လာစားစား ရတာပဲဟာ... ပွဲတော်ရက် ကျော်သွားရင် မဲနှိုက်လို့ မရတော့ဘူး... ပြီးတော့ အထူးဧည့်သည် ကတ်က အခု ၁၀ ရာခိုင်နှုန်း လျှော့စျေး ပေးထားတာ... နောက်ဆို ၅ ရာခိုင်နှုန်းပဲ လျှော့တော့မှာ... အခု များများစုထားတာ ပိုတန်တယ်"

"သွားမယ်... ခဏနေရင် သူများတွေ မဲနှိုက်သွားလို့ ကုန်သွားလိမ့်မယ်... နောက်ထပ် ၂ ကွမ်းလောက် သွားသွင်းလိုက်ဦးမယ်"

ချန်ကျစ်သည် နားစွင့်နေရင်း စိတ်လှုပ်ရှားလာသည်။ အကြိမ်ကြိမ် တွေဝေပြီးနောက် ကုလားအုတ်ကို တိုင်တွင် ချည်ထားခဲ့ပြီး စားပွဲဘေးရှိ လူကြီးကို ကြည့်ပေးထားရန် မှာကြားကာ အတွင်းသို့ ဝင်သွားလိုက်သည်။

ဆိုင်ထဲရှိ လူအများစုသည် မဲလက်မှတ် လဲလှယ်ရန် တန်းစီနေကြခြင်း ဖြစ်သည်။ ချန်ကျစ်သည် နောက်ဆုံးတွင် ဝင်တန်းစီလိုက်ပြီး ရှေ့မှလူများကို မေးမြန်းကြည့်ရာမှ အကြောင်းစုံကို သိလိုက်ရသည်။

ရှန်ကျိ ခေါက်ဆွဲဆိုင်သည် ကြာပန်းပွဲတော် အထိမ်းအမှတ် အနေဖြင့် အရောင်းမြှင့်တင်ရေး ပြုလုပ်နေခြင်း ဖြစ်သည်။ အကြမ်းဖျင်းအားဖြင့် ရှန်ကျိသည် "အထူးဧည့်သည် ကတ်" များ ပြုလုပ်ထားပြီး ရှန်ကျိဆိုင်တွင် ပဲလှော်တစ်ပန်းကန် စားဖူးလျှင်ပင် အခမဲ့ အသင်းဝင်နိုင်သည်။

ဆိုင်ပိုင်ရှင် ရှန်ညန်ဇီသည် အသင်းဝင်သူ၏ နာမည်၊ နေရပ်လိပ်စာနှင့် မွေးနေ့များကို စာရင်းမှတ်တမ်း တင်ထားမည်။ ဒီနှစ်ရက်အတွင်း အထူးဧည့်သည်ကတ် ကိုင်ဆောင်လာသူများအားလုံး ၁၀ ရာခိုင်နှုန်း လျှော့စျေး ရရှိမည်။ သို့သော် ဒီနေ့နှင့် မနက်ဖြန် နှစ်ရက်သာ ခံစားခွင့်ရှိသည်။

ပွဲတော်ရက် နှစ်ရက်အတွင်း လူတစ်ဦးလျှင် ၂၆၀ ဝမ် ဖိုး စားသုံးတိုင်း မဲတစ်ကြိမ် နှိုက်ခွင့်ရမည်။ မဲတိုင်းတွင် လက်ဆောင်ပါရှိသည်။ ဟင်းတစ်ပွဲ လက်ဆောင်၊ အရက်နှင့် လက်ဖက်ရည် လျှော့စျေး လက်မှတ်၊ ယပ်တောင်၊ သစ်ပန်းပု၊ ရုပ်သေးရုပ် နှင့် မြေအိုးခွက် စသည်ဖြင့် အမျိုးမျိုး ပါရှိသည်။

ချန်ကျစ်သည် ခြေဖျားထောက် ကြည့်လိုက်ရာ စောစောက အသားမည်းမည်း လူကြီးသည် ဆုလက်ဆောင် ထုတ်ယူလာသည်ကို တွေ့လိုက်ရ၏။ သူသည် ကြာရိုးကို လက်ကိုင်လုပ်ထားပြီး ကြာရွက်ပုံ အဖုံးပါသော ပန်းချီဆွဲ မြေအိုးခွက်ကို ကိုင်ကာ လူအုပ်ကြားမှ တိုးထွက်လာပြီး ပျော်ရွှင်စွာ ပြန်ထွက်သွားလေသည်။

ထိုမြေအိုးခွက်သည် မြေသားဖြင့် လုပ်ထားသော်လည်း ထူးခြားသော ပုံစံရှိပြီး ရှေးဟောင်းအငွေ့အသက် ပါရှိသဖြင့် ဆွဲဆောင်မှု ရှိလှသည်။

ချန်ကျစ်သည် လူအုပ်နှင့်အတူ ကောင်တာရှေ့သို့ ရောက်လာရာ ကောင်တာနောက်တွင် ချောမောလှပသော မိန်းကလေး တစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမက ပြုံးရွှင်စွာဖြင့် မေးလိုက်သည်။

"သခင်လေး... ကြိုဆိုပါတယ်... ငါးလာစုတာလား... မဲလာနှိုက်တာလားရှင်"

ချန်ကျစ်က စိတ်ဝင်တစား မေးလိုက်သည်။ "ငါးလာစုတယ် ဆိုတာ ဘာလဲဗျ"

"ကျွန်မတို့ဆိုင်က ငါးကင်တစ်ပွဲကို ၉၈ ဝမ် ကျပါတယ်... ရှင်က အထူးဧည့်သည် အသင်းဝင် ဆိုရင် ၃ ပွဲ တစ်ခါတည်း ဝယ်ရုံနဲ့ မဲတစ်ကြိမ် နှိုက်ခွင့်ရမှာပါ... ကျွန်မတို့ဆိုင်က အထူးဧည့်သည် တွေအတွက် အထူးဝန်ဆောင်မှု ပေးပါတယ်... ရှင်က ငါးအများကြီး ဝယ်ထားပေမယ့် တစ်ယောက်တည်း မကုန်ဘူး... ဒါမှမဟုတ် တစ်ခါတည်း အကုန်မစားနိုင်ဘူး ဆိုရင် ဆိုင်မှာ ခဏထားခဲ့လို့ ရပါတယ်... ကျွန်မ မှတ်ထားပေးပါ့မယ်... နောက်မှ စားချင်တဲ့အချိန်ကျမှ လာစားလို့ ရပါတယ်ရှင်"

ဪ... ဒီလိုမျိုး ငါးစုလို့ ရတာကိုး။ ချန်ကျစ် သဘောပေါက်သွားပြီး မျက်စိရှေ့မှ လှပသော မိန်းကလေးကို အထင်ကြီးစွာ ကြည့်လိုက်မိသည်။ မွေးရာပါ စီးပွားရေးသမားပဲ။ ငါးရောင်းတဲ့ နည်းလမ်းက တော်တော်ကောင်းတာပဲ။

ပုံမှန်ဆိုလျှင် ဆိုင်လာစားသော သူများသည် တစ်နပ်စား တစ်နပ်ဝယ် ကြသည်။ ဒီမိန်းကလေးကတော့ မဲနှိုက်သည့် နည်းလမ်းကို အသုံးပြုပြီး လူများကို ကြိုတင်ဝယ်ယူအောင် ဆွဲဆောင်နေသည်။ လူအများစုသည် မဲနှိုက်ချင်သဖြင့် ငါးများကို ကြိုတင်ဝယ်ယူ စုဆောင်းထားကြသည်။ စိတ်ပါလာပြီး ၁၀ ပွဲကျော်လောက် စုထားသူများပင် ရှိနေသည်။ ဘယ်တော့မှ ကုန်အောင် စားကြမလဲ မသိပေ။

ချန်ကျစ် ထိုသို့ တွေးမိလိုက်ရုံ ရှိသေးသည်။ မိန်းကလေးက သူ့အတွေးကို ရိပ်မိသည့်အလား ပြုံးလျက် ထပ်ပြောလိုက်လေသည်။

"ရှင် ကျွန်မတို့ဆိုင်မှာ စုထားတဲ့ ငါးတွေကို ရှင်တစ်ယောက်တည်း စားရမယ်လို့ မဆိုလိုပါဘူး... ရှင် ငါးစုထားရင် ကျွန်မက ငါးလက်မှတ် ထုတ်ပေးလိုက်မယ်... ရှင်က သူငယ်ချင်းတွေ၊ မိသားစုတွေကို လက်ဆောင်ပေးချင်ရင် ပေးလိုက်လို့ ရပါတယ်... သူတို့ ငါးလက်မှတ် ကိုင်လာပြီး လာစားရင် ကျွန်မတို့ လက်ခံပါတယ်... ပြီးတော့ လက်မှတ်သက်တမ်းက တစ်နှစ်တောင် ခံတာပါ... ဆိုင်ပိတ်ရက်ကလွဲရင် ရှင်ကြိုက်တဲ့အချိန် လာစားလို့ ရပါတယ်"

ဒီစကားကြောင့် လူအများစု၏ စိုးရိမ်မှုများ ပျောက်ကွယ်သွားလေသည်။ တစ်နှစ်တိတိ အချိန်ရသည်ပဲ။ ဖြည်းဖြည်းချင်း စားမည်။ သို့မဟုတ် သူများကို လက်ဆောင်ပေးမည်။ ပြန်ရောင်းချင်လည်း ရောင်းလို့ရတာပဲ။ ဒါဆိုရင် များများစုထားလည်း ဘာဖြစ်လဲ။

ချန်ကျစ်က တွေးလိုက်မိ၏။ သူက ဒီဆိုင်ကို ပထမဆုံး လာဖူးခြင်း ဖြစ်သည်။ စားကောင်း မကောင်းလည်း မသိ။ ရုတ်တရက်ကြီး ငါးအများကြီး စုလိုက်ပြီးမှ ပြန့်ကျင်းမြို့က ပြန်ထွက်သွားရမည့် အချိန်အထိ မစားဖြစ်လျှင် ရှုံးပြီ မဟုတ်ပါလား။

'ထားလိုက်ပါတော့... ပြန်တာပဲ ကောင်းပါတယ်' သူ တွေးပြီး လှည့်ထွက်ရန် ပြင်လိုက်စဉ် မိန်းကလေးက သက်ပြင်းချလိုက်သည်ကို ကြားလိုက်ရသည်။

"ဒါပေမဲ့ ကျွန်မတို့ဆိုင်က ဒီလို ငါးစု မဲနှိုက် အစီအစဉ်ကို ဒီနှစ်ရက်ပဲ လုပ်တာပါ... ရှင် မြင်တဲ့အတိုင်းပဲ... ကျွန်မဆိုင်က သေးသေးလေးပါ... ဒီပွဲတော်ကို အတင်းလုပ်နေရတာ... တကယ်တော့ ရှုံးပါတယ်... ဖောက်သည်တွေ အမြဲလာအားပေးကြတဲ့ ကျေးဇူးကို ဆပ်ချင်လို့သာ မလုပ်မဖြစ် လုပ်ရတာပါ... ဒါပေမဲ့ လက်ဆောင်ပစ္စည်းတွေက တကယ်ကောင်းပါတယ်... ဒီမြေအိုးခွက်တွေ၊ ယပ်တောင်တွေ၊ သစ်ပန်းပုတွေကို ကြည့်ပါဦး... လက်ရာ ဘယ်လောက်မြောက်လဲ... တခြားနေရာမှာ ဝယ်လို့ မရပါဘူး... ကျွန်မ သီးသန့်မှာထားတာပါ... ဒါကြောင့် နောက်ပိုင်း ရှင် လာပြီး ငါးစုချင်ရင်တောင် ဒီလို ပစ္စည်းကောင်းတွေ မဲနှိုက်ခွင့် ရမှာ မဟုတ်တော့ပါဘူး... ကျွန်မက ငါးပိုရောင်းရချင်လို့ ပြောတာ မဟုတ်ပါဘူး... ဒီလို ပျော်စရာကောင်းတဲ့ အခွင့်အရေးမျိုးကို ရှင် လက်လွတ်သွားမှာ စိုးလို့ပါ"

ချန်ကျစ်၏ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားတော့သည်။ သူ သည်းမခံနိုင်ဆုံး အရာမှာ အပျော်အပါး ပွဲလမ်းသဘင်ကို လက်လွတ်ဆုံးရှုံးရခြင်း ဖြစ်သည်။ ထို့ကြောင့် ခဏစဉ်းစားပြီးနောက် အံကြိတ်ကာ ပိုက်ဆံထုတ်လိုက်လေသည်။

"၃ ပွဲ... စုမယ်... ငါးကင်နော်"

"ဟုတ်ကဲ့... ရှင့်နာမည် ဘယ်လိုခေါ်လဲ... ဘယ်မှာ နေတာလဲ... ဘယ်လမှာ မွေးတာလဲ... ရှင့်မွေးလ ရောက်ရင် ဆိုင်ကို လာခဲ့နော်... ဆိုင်က အသက်ရှည်ခေါက်ဆွဲ တစ်ပွဲ လက်ဆောင်တိုက်မှာမို့လို့"

ချန်ကျစ်သည် အသေးစိတ် ဖြေကြားပေးလိုက်သည်။ မိန်းကလေးက ထူးဆန်းသော စာအုပ်တစ်အုပ် ထုတ်လိုက်သည်။ ထိုစာအုပ်တွင် အကွက်များ ပါရှိသည်။ သူမသည် "ချန်ကျစ်" ဟူသော နာမည်ကို "အထူးဧည့်သည် နာမည်" အကွက်တွင် ဖြည့်လိုက်သည်။ "အသင်းဝင်ရက်စွဲ" နေရာတွင် "ပေါင်ယွမ် ၃ နှစ်၊ ၆ လပိုင်း ၁၄ ရက်" ဟု ရေးလိုက်သည်။ "နေရပ်လိပ်စာ" နေရာတွင် သူ တည်းခိုနေသော တည်းခိုခန်း နာမည်ကို ရေးလိုက်သည်။ "မွေးလ" နေရာတွင် "၉ လပိုင်း ၁၈ ရက်" ဟု ရေးလိုက်သည်။ နောက်ဆုံးတွင် "စုဆောင်းထားသော ငါးအရေအတွက်" နေရာတွင် "၃" ဟု ရေးလိုက်လေသည်။

စာရင်းသွင်းပြီးနောက် မိန်းကလေးက သစ်သားပျော့ဖတ်ဖြင့် ပြုလုပ်ထားသော စက္ကူကတ်ပြား ၃ ခုကို ဆွဲဖြဲလိုက်ပြီး ထိပ်ပိုင်းကို ကော်သုတ်လိုက်သည်။ ငါးလက်မှတ်ပေါ်ရှိ စာလုံးများပေါ်တွင် "ရှန်ကျိ ခေါက်ဆွဲဆိုင်" တံဆိပ်တုံးကို ဒုန်းခနဲ ထုလိုက်သည်။ ကျောဘက်တွင်လည်း တစ်ချက်ထုသည်။ စက္ကူကတ်ပြား ၃ ခု၏ ဘေးဘက်တွင်လည်း တစ်ဝက်စီ ပါဝင်သော တံဆိပ်တုံးကို ထုလိုက်သေးသည်။ ငါးလက်မှတ်ပေါ်တွင် ဆိုင်နာမည်နှင့် အရေအတွက်အပြင် နားမလည်နိုင်သော သင်္ကေတများလည်း ပါရှိသည်။ တီကောင်များကဲ့သို့ ဟိုတစ်စ ဒီတစ်စ ပါရှိနေခြင်းမှာ အတုမပြုလုပ်နိုင်ရန် ဖန်တီးထားခြင်း ဖြစ်ပုံရသည်။

"သခင်လေး ချန်... ဒီငါးလက်မှတ်ကို ယူပြီး အပေါက်ဝမှာ မဲသွားနှိုက်လို့ ရပါပြီ" မိန်းကလေးက ပြုံးလျက် လက်အုပ်ချီကာ နောက်တစ်ယောက် တက်လာရန် အချက်ပြလိုက်သည်။

ချန်ကျစ် ပြန်မပြောရသေးခင်မှာပင် သူ့နောက်မှ သမီးဖြစ်သူကို ပခုံးပေါ်တင်ထားသော သန်မာသည့် အမျိုးသားတစ်ဦးက စိတ်မရှည်စွာဖြင့် သူ့ကို တွန်းဖယ်လိုက်ပြီး ကောင်တာပေါ်သို့ ငွေ ၃ ကွမ်း တိတိ ပစ်တင်လိုက်သည်။

"အပွဲ ၃၀ စုမယ်"

ချန်ကျစ် လန့်သွား၏။ ၃၀ တောင်လား။ များလှချည်လား။

ဆိုင်ပိုင်ရှင် ရှန်ညန်ဇီကပင် ဝင်ရောက်ဖျောင်းဖျနေသည်။ "သခင်ကြီး... စားနိုင်သလောက်ပဲ စုပါ... ဒီလောက်ကြီး မစုပါနဲ့... ဝင်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးပါ... တော်ရုံပဲ စုပါ... ကျွန်မကို ယုံကြည်တာ သိပါတယ်... ဒါပေမဲ့ ချင့်ချိန်ပြီး သုံးစွဲစေချင်ပါတယ်"

သို့သော် သူမ ဖျောင်းဖျလေ ထိုလူက ပိုပြီး စုချင်လေ ဖြစ်နေပြီး ပြတ်သားစွာ ပြောလိုက်လေသည်။

"ဒီလောက်ပဲ စုမယ်... ရေသူမလေး ရုပ်သေးရုပ် မပေါက်မချင်း စုမှာ"

ပြောပြီးနောက် ရှိုက်ငိုနေသော သမီးဖြစ်သူကို ပုတ်ကာ နှစ်သိမ့်လိုက်သည်။ "မငိုနဲ့တော့နော်... အဖေ့မှာ ပိုက်ဆံရှိတယ်... အခု ထပ်နှိုက်ပေးမယ်... သမီးလိုချင်တဲ့ ရေသူမလေး ရုပ် မရ ရအောင် ယူပေးမယ်... မငိုနဲ့တော့နော်"

ရှန်ညန်ဇီလည်း သက်ပြင်းချကာ လက်ခံလိုက်ရတော့သည်။ စာရင်းသွင်းပြီးနောက် အကြွေပြန်အမ်းကာ ငါးလက်မှတ် ၃၀ ရေတွက်ပေးလိုက်သည်။ ရှေ့နောက်ဘေးဘီ တံဆိပ်တုံးများ ထုပြီးနောက် ပြုံးရွှင်စွာဖြင့် ငါးလက်မှတ်များကို ကမ်းပေးလိုက်သည်။ "သေချာ ကိုင်သွားနော်"

ထိုလူက သမီးဖြစ်သူကို ထမ်းလျက် မဲနှိုက်ရန် ချက်ချင်း ထွက်သွားတော့သည်။

ချန်ကျစ်လည်း မဲသွားနှိုက်သည်။ သို့သော် သူက တစ်ကြိမ်သာ နှိုက်ခွင့်ရပြီး ကံမကောင်းသဖြင့် အရက်လျှော့စျေး လက်မှတ်သာ ပေါက်လေသည်။

သို့သော် သူ ထွက်မသွားသေးပေ။ ကုလားအုတ်ကို ဆွဲကာ တခြားလူများ မဲနှိုက်နေသည်ကို စိတ်ဝင်တစား ရပ်ကြည့်နေလိုက်သည်။ သူကဲ့သို့ပင် ကိုယ်တိုင် မဲထပ်မနှိုက်ဘဲ သူများ နှိုက်တာကို ကြည့်ချင်သူ များစွာရှိနေသည်။ ထို့ကြောင့် စားပွဲဝိုင်းဘေးတွင် လူအမြဲ စည်ကားနေပြီး ဘာဖြစ်မှန်းမသိသော သူများကလည်း စပ်စုရန် ရောက်လာကြကာ မေးမြန်းပြီးနောက် ငါးဝင်စုကြပြန်သည်။

အချို့လူများက ချန်ကျစ်ကဲ့သို့ ချင့်ချိန်တတ်ကြပြီး ၃ ပွဲစုကာ မဲတစ်ကြိမ်နှိုက်ပြီးသည်နှင့် ရပ်လိုက်ကြသည်။ အချို့လူများကမူ ခေါင်းမာပြီး မိမိ ကံဆိုးသည်ကို လက်မခံလိုကြဘဲ ၄-၅ ကြိမ်မှ ၁၀ ကြိမ်အထက် မဲနှိုက်ကြသူများလည်း ရှိသည်။

တစ်စုံတစ်ယောက်က "လျှို့ဝှက်" ဆုကြီး ပေါက်သွားလျှင် (ခရမ်းရောင် ဝတ်ရုံဝတ်ကာ ရွှေတုံးကို ပိုက်ထားသော ရုပ်သေးရုပ် ဖြစ်ပြီး အခု ၁၀ ဂဏန်းလောက်မှ တစ်ခု ပါသည်ဟု ဆိုသည်) ဘေးမှ ကြည့်ရှုသူများက ကိုယ်တိုင်ပေါက်သကဲ့သို့ ဝိုင်းဝန်း အော်ဟစ် ဂုဏ်ပြုပေးကြသည်။ မဲမပေါက်ဘဲ လက်မှတ်များသာ ရသဖြင့် ဒေါသထွက်ကာ လက်မှတ်များကို မြေကြီးပေါ် ပစ်ပေါက်သူများ ရှိလျှင်လည်း ဘေးလူများက ဝိုင်းဝန်း ညည်းတွားပေးကြသည်။

ချန်ကျစ်သည် ထိုနေရာတွင် တစ်နေ့ကုန် ရပ်ကြည့်နေမိလေသည်။ တခြားလူများ မဲနှိုက်နေသည်ကို ကြည့်ပြီး အားကျကာ ငါး ၃ ပွဲ ထပ်စုချင်စိတ် ပေါ်လာသော်လည်း သည်းခံလိုက်ရသည်။ သူသည် နယ်လှည့်ကုန်သည် ဖြစ်သဖြင့် ခရီးလမ်း ကြမ်းတမ်းပြီး ငွေတစ်ပြား ရဖို့ မလွယ်ကူကြောင်း သိနေသည်။ အိမ်တွင် စောင့်မျှော်နေသော သားမယားများ ရှိသေးသည်။ ထို့ကြောင့် တွေးတောချင့်ချိန်ပြီးနောက် ထပ်မံဖြုန်းတီးခြင်းမပြုဖို့ရန် ဆုံးဖြတ်ချက် ချလိုက်လေတော့သည်။

...

All Chapters