အခန်း (၉၃-၉၄)
Vol. 10 Ch. 93-94
အပိုင်း (၉၃)
သို့သော် ချန်ကျစ်သည် တစ်ရက်လုံး ဘေးမှရပ်ကြည့်လိုက်ရသည်ကိုပင် ကျေနပ်နေပြီး စိတ်ဝင်စားစရာ ကောင်းသလို ပျော်ဖို့လည်း ကောင်းလှသည်။
ညဘက်ရောက်မှ ရှန်ကျိ ခေါက်ဆွဲဆိုင်သည် စားသောက်မည့် ဧည့်သည်များကို ဧည့်ခံရန် ပြင်ဆင်လိုက်ပြီး မဲနှိုက်သည့် စားပွဲများကို သိမ်းလိုက်သည်။ ထပ်မံမဲနှိုက်ချင်သော ဧည့်သည်များသည် နောက်တစ်နေ့ ဆိုင်ဖွင့်ချိန်ကိုသာ စောင့်ရတော့မည် ဖြစ်သဖြင့် စိတ်ပျက်လက်ပျက် ဖြစ်သွားကြတော့သည်။
လူအများစုသည် ပြန်မသွားကြသေးပေ။ ငါးလက်မှတ်များ ဝယ်ပြီးသား ဖြစ်သဖြင့် ချက်ချင်းထုတ်ယူကာ ငါးကင်တစ်ပွဲ စားသွားကြရန် ဆုံးဖြတ်လိုက်ကြသည်။
ချန်ကျစ်သည်လည်း တစ်ပွဲ ထုတ်ယူလိုက်သည်။ စိတ်လှုပ်ရှားစွာ ထိုင်စောင့်နေစဉ် အသားမည်းမည်း လူကြီးကို ထပ်တွေ့လိုက်ရသည်။ ထိုလူကြီးသည် ဇနီးနှင့် သားသမီးများကို ခေါ်ဆောင်လာပြီး ဒီနေ့မှ မဲပေါက်ထားသော လှပသည့် မြေအိုးခွက်ကြီးကို ကိုင်ဆောင်လျက် ပျော်ရွှင်စွာ ရောက်ရှိလာလေသည်။ သူက ရှန်ညန်ဇီအား သာမန်မြေအိုးဖြင့် မချက်ပေးဘဲ သူ့ကြာရွက်ပုံ မြေအိုးခွက်ဖြင့် သီးသန့် ချက်ပေးရန် တောင်းဆိုလိုက်သည်။ ထို့နောက် ဆိုင်အလယ်ရှိ စားပွဲတွင် ရင်ကော့ကာ ဝင်ထိုင်လိုက်လေသည်။
ခဏအကြာတွင် ချန်ကျစ်၏ ငါးကင် ရောက်ရှိလာသလို ထိုလူကြီး၏ ငါးကင်လည်း ရောက်ရှိလာသည်။
ထိုလူကြီးသည် ပိုပြီး ကျေနပ်ဂုဏ်ယူနေသည်။ ဆိုင်တစ်ဆိုင်လုံးတွင် သူ့ငါးကင်ထည့်သော မြေအိုးခွက်က အထူးခြားဆုံး ဖြစ်နေသည် မဟုတ်ပါလား။
သူ မှာစားသည်မှာ ချန်ကျစ် စားသည့် ဟင်းလျာနှင့် အတူတူပင်။ အရသာအသစ်ဖြစ်သော ကြာစွယ်ချဉ်စပ်ငါးကင် ဖြစ်သည်။ ဟင်းရည်က ရွှေရောင်သန်းနေပြီး ငရုတ်သီးစိမ်းလေးများ မျောပါနေသည်။ ငါးအောက်တွင် ကြာစွယ်နုလေးများ ခံထားပြီး ကြာရွက်ပုံ မြေအိုးခွက်ထဲတွင် ထည့်ထားလိုက်ရာ ပတ်ဝန်းကျင်နှင့် လိုက်ဖက်ညီကာ အနံ့၊ အရသာ၊ အဆင်းတို့ ပြည့်စုံသွားတော့သည်။
တစ်ရက်လုံး မဲနှိုက်သော်လည်း ထိုမြေအိုးခွက် မပေါက်သော သူများသည် ထိုဝိုင်းသို့ ဝိုင်းအုံလာကြ၏။ တစ်ချို့က ကံကောင်းလိုက်တာဟု ချီးကျူးကြသည်။ တစ်ချို့က ကြာရွက်ပုံစံ တူလိုက်တာဟု ချီးကျူးကြသည်။ တစ်ချို့က ပန်းချီလက်ရာ ကောင်းကြောင်း ချီးကျူးကြသည်။ အတိုချုပ်ပြောရလျှင် ကိုယ်မရလိုက်သော ပစ္စည်းတစ်ခုသည် မူလက သိပ်မမက်မောခဲ့လျှင်တောင် သူများလက်ထဲ ရောက်သွားသည်ကို မြင်လိုက်ရမှ အကောင်းဆုံး ပစ္စည်းတစ်ခု ဖြစ်သွားတတ်သည်။
မြေအိုးဆိုသည်မှာ ကြွေထည်လောက် တန်ဖိုးမရှိဘဲ သာမန်လူတန်းစားသုံး ပစ္စည်းဖြစ်သော်လည်း ရှန်ညန်ဇီသည် မဲနှိုက်မှ ရနိုင်သော "ရှားပါးပစ္စည်း" အဖြစ် တန်ဖိုးမြှင့်တင်လိုက်သဖြင့် ဘယ်သူကမှ မြေအိုး၏ မူလတန်ဖိုးကို ထည့်မတွက်ကြတော့ပေ။ "ရဖို့ခက်တယ်" ဆိုသည့် အချက်တစ်ခုတည်းဖြင့်ပင် တန်ဖိုးကြီးပစ္စည်း ဖြစ်သွားတော့သည်။
ချန်ကျစ်သည် ကုန်သည်ဖြစ်သဖြင့် ဤနည်းဗျူဟာကို အလွယ်တကူ သဘောပေါက်သော်လည်း ရှန်ညန်ဇီ၏ စိတ်ကူးစိတ်သန်းသည် လူများကို ဆွဲဆောင်နိုင်ကြောင်း ဝန်ခံရပေမည်။ သူသည် သူ့ငါးကင်ကို ငုံ့ကြည့်လိုက်၏။ ငရုတ်ဆီများ ပေါလောပေါ်နေပြီး ငါး၏ လတ်ဆတ်သော အနံ့နှင့် ပြင်းရှသော အချဉ်အစပ်အနံ့တို့ ရောနှောထွက်ပေါ်နေသဖြင့် သွားရည်ယိုစေလေသည်။
သူ ငါးတစ်ဖဲ့ ဖဲ့စားကြည့်လိုက်ရာ ငါးအသားသည် နူးညံ့ပြီး ကြေမွမသွားဘဲ အိစက်နေသည်။ အရိုးနှင့် အသား လွတ်သွားသော နေရာများတွင် ပန်းရောင်သန်းနေသော သွေးကြောလေးများကို မြင်တွေ့ရသဖြင့် ငါးအရှင် လတ်လတ်ဆတ်ဆတ်ကို ချက်ထားကြောင်း သိသာလေသည်။
ချန်ကျစ်က ခေါင်းညိတ်လိုက်ပြီး ဟင်းရည်တစ်ဇွန်း သောက်ကြည့်လိုက်၏။ အချဉ်နှင့် အစပ်အရသာသည် လျှာပေါ်တွင် ပေါက်ကွဲသွားသကဲ့သို့ ခံစားလိုက်ရကာ စပ်သော်လည်း အာခေါင်မခြောက်ဘဲ ချဉ်ပုံကလည်း အနေတော် ဖြစ်သဖြင့် စားချင်စိတ် ပွင့်သွားတော့သည်။
ငါးအသားက လတ်ဆတ်သည်။ ဟင်းရည်က ပျစ်နှစ်နေသည်။ အထူးသဖြင့် အောက်ခံထည့်ထားသော ကြာစွယ်သည် မျှစ်ကဲ့သို့ ကြွပ်ရွနေပြီး အချဉ်ရည် စိမ့်ဝင်နေသဖြင့် ဝါးလိုက်လျှင် 'ဂျွတ်' ခနဲ မြည်ကာ ဟင်းရည်များ ထွက်ကျလာသည်။ ပေါင်းထားသော ဆန်လုံးညို ထမင်းပူပူလေးပေါ်တွင် ဟင်းရည်တစ်ဇွန်း ဆမ်းစားလိုက်လျှင် အရသာ ရှိလှသည်။
ငါးတစ်ပွဲ စားပြီးသွားချိန်တွင် ချန်ကျစ် တစ်ကိုယ်လုံး ပူနွေးလာပြီး နေလို့ကောင်းသွားသည်။
သူသည် ချွေးသုတ်ရင်း ကျေနပ်စွာ သက်ပြင်းချလိုက်၏။ လူအများအပြား ရှန်ကျိဆိုင်တွင် ငါးလာစုကြသည့် အကြောင်းရင်းကို သူ နားလည်သွားပြီ။ ရှန်ညန်ဇီသည် ဖောက်သည်ဆွဲသည့် နည်းလမ်းပေါင်းစုံ သုံးထားသော်လည်း လူများက လိုလိုလားလား ငါးလာစုကြသည်မှာ သူမ၏ လက်ရာကောင်းမွန်သောကြောင့်ပင်။
ဒီလောက် စားကောင်းသော ငါးကင်ကို ပိုက်ဆံကြိုပေးပြီး စုထားခြင်းသည် နစ်နာစရာ မရှိပေ။ ထို့အပြင် စုထားလျှင် မဲနှိုက်ခွင့်ရသလို ပုံမှန်စျေးထက်လည်း သက်သာသဖြင့် မစုလျှင်သာ နစ်နာပေလိမ့်မည်။
ချန်ကျစ်သည် စားရင်း တွက်ချက်နေမိသည်။ ရှန်ကျိ ငါးကင်တွင် အရသာ ၃ မျိုး ရှိသည်။ သူ မနက်ဖြန်၊ သဘက်ခါ ထပ်လာစားဦးမည်။ သူက ၃ ပွဲ စုထားသည် ဆိုတော့ အရသာ ၃ မျိုးလုံး မြည်းစမ်းခွင့် ရတော့မည်။
မဟုတ်လျှင် သူ စားရတာ အားရမည် မဟုတ်ပေ။
'နေပါဦး... ဒါ ရှန်ညန်ဇီက ငါး ၃ ပွဲမှ မဲတစ်ကြိမ် နှိုက်ခွင့်ပေးရတဲ့ အကြောင်းရင်းများလား... တကယ်ကို ပါးနပ်တာပဲ'
နောက်ပိုင်းတွင် ချန်ကျစ်သည် သူ့အရက်လက်မှတ်ကိုပါ ထုတ်သုံးလိုက်လေသည်။ မူလက သူသည် ငါးကင်စားရင်း အရက်တစ်အိုးလောက်သာ အေးအေးဆေးဆေး သောက်မည်ဟု စိတ်ကူးထားသော်လည်း ရှန်ညန်ဇီက လက်မှတ်ပေါ်ရှိ စာကို ထောက်ပြပြီး ၃ အိုး ပြည့်မှ သုံးလို့ရမည်ဟု ပြောလေသည်။
သူ အစပိုင်းတွင် စိတ်တိုသွားပြီး ရှန်ညန်ဇီ ကောက်ကျစ်လွန်းသည်ဟု ထင်ခဲ့သော်လည်း သူမက ပြောလိုက်ပြန်သည်။ "အရက် မကုန်ရင် စုထားလို့ ရပါတယ်၊ တွက်ကြည့်ရင် တစ်အိုးကို ၃ ဝမ်လောက် သက်သာပါတယ်၊ အရက်က ရှင့်အရက်ပဲလေ၊ ကြိုဝယ်ထားရုံပဲဟာ၊ မကောင်းဘူးလား"
ထို့ကြောင့် သူ လက်ခံလိုက်ပြန်ပြီး ၄၅ ဝမ် ပေးလိုက်ရပြန်သည်။ ဒီနေ့ တစ်အိုးသောက်ပြီး ကျန်သည့် နှစ်အိုးကို စုထားလိုက်သည်။
သူက ငါးစားရင်း တွေးနေမိ၏။ 'ငါ့မှာ ငါး ၂ ပွဲ ကျန်သေးတယ်... အရက် ၂ အိုးနဲ့ဆို ကွက်တိပဲ'
နောက်ဆုံးတွင် ချန်ကျစ်သည် အရက်မူးလာပြီး သတိမထားမိလိုက်တော့ပေ။ သူသည် ဝါရင့် ကုန်သည်တစ်ယောက် ဖြစ်သော်လည်း "ကြိုတင်ငွေပေးချေမှု" ဟူသော ကျိုးကြောင်းဆီလျော်သယောင် ရှိသည့် ထောင်ချောက်ထဲသို့ "ဗွမ်း" ခနဲ ခုန်ဆင်းမိသွားပြီ ဖြစ်တော့သည်။
သူသည် ငါးတစ်ပွဲ ကုန်အောင်စား၊ အရက်တစ်အိုး ကုန်အောင်သောက်ပြီးနောက် ယိုင်တိယိုင်တိုင် ခြေလှမ်းများဖြင့် လေတက်ရင်း ဆိုင်ပြင်ထွက်လာခဲ့သည်။
ကုလားအုတ်ကို ချည်ထားဆဲပင်။ သူက မူးကြောင်ကြောင် မျက်လုံးများဖြင့် သူ့ကုလားအုတ်ကို စိုက်ကြည့်ရင်း လက်ချိုးရေတွက်ကာ အကြာကြီး စဉ်းစားနေမိသည်။
"ဟေ့... ငါ့မှာ ကုလားအုတ် ၃ ကောင် ဘယ်တုန်းက ရှိသွားတာလဲ... မဟုတ်ဘူး... ဒီကုလားအုတ်က ခေါင်း ၃ လုံး ဖြစ်နေပါလား"
သခင်ဖြစ်သူ ထားခဲ့သဖြင့် တစ်နေ့ကုန် အစာမစားရဘဲ စိတ်တိုနေသော ကုလားအုတ်သည် ခွာများဖြင့် မြေကြီးကို ယက်နေ၏။ မူးရူးနေသော သခင်ဖြစ်သူက သူ့ပေါ်တက်စီးရန် ကြိုးစားနေသည်ကို မြင်လိုက်ရသောအခါ ကုလားအုတ်၏ ခေါင်းမာသော စိတ်ဓာတ် ပေါက်ကွဲသွားပြီး ခေါင်းလှည့်ကာ တံတွေးဖြင့် ထွေးပစ်လိုက်တော့သည်။
"တိရစ္ဆာန်ကောင်... မင်းက ပုန်ကန်ချင်တာလား" ချန်ကျစ် ဒေါသတကြီး ဆဲဆိုလိုက်သည်။
ချန်ကျစ်ကို ပြန်ဖြေလိုက်သည်မှာ ကုလားအုတ်၏ နံစော်နေသော တံတွေးများသာ ဖြစ်လေတော့၏။
....
ညဉ့်နက်သွားပြီ။ ရှန်မြောင်သည်လည်း နောက်ဆုံးဧည့်သည်ကို ပြန်လွှတ်လိုက်ပြီ ဖြစ်သည်။
သူမသည် ပထမဆုံးအကြိမ်အဖြစ် ခါးနာသည်အထိ အလုပ်လုပ်လိုက်ရသည်။ တံခါးပိတ်ရင်း စဉ်းစားနေမိသည်။ 'ဒီအစီအစဉ်က တော်တော် အောင်မြင်တယ်လို့ ပြောလို့ရမလား'
မူလက သူမ ထင်ထားသည်မှာ ဘယ်သူမှ ငါးလာစုမည် မဟုတ်ဟု ထင်ထားခဲ့သည်။ ယုံကြည်မှု တည်ဆောက်ရမည် မဟုတ်ပါလား။ သူမ ပိုက်ဆံလိမ်ပြေးသွားရင် ဘယ်လိုလုပ်မလဲ။ ဒီသံသယကို ဖြေဖျောက်ဖို့အတွက် သူမ ခိုင်မာသော အရည်အချင်းကို ပြသရမည်။
သူမ ဆိုင်မပိတ်ပါဘူး ဆိုတာကို လူတွေ ယုံအောင် လုပ်ဖို့အတွက် ငါးချက်တာ ကောင်းမကောင်း ဆိုသည်မှာ အဓိက သော့ချက် ဖြစ်သည်။
လက်ရာကောင်းရင် စီးပွားရေး ကောင်းမယ်။ လူတွေ ကြိုက်ရင် လာစုကြမှာပဲ။
ထို့ကြောင့် ဤအစီအစဉ်ကို ဒီအချိန်မှာ လုပ်မှ ရမည်။ ဆိုင်စဖွင့်တုန်းက လုပ်လို့မရသလို ဟင်းပွဲအသစ် စတင်မိတ်ဆက်ချိန်မှာ လုပ်လို့မရပေ။ တခြားဆိုင်များက ငါးကင် လိုက်ရောင်းခြင်းသည် သူမအတွက် တစ်ဖက်တစ်လမ်းမှ ကြော်ငြာပေးသလို ဖြစ်သွားသည်။ လူတိုင်းက သွားစားပြီးရင် "ဟိုဆိုင်မှာလည်း ရှန်ကျိလို ငါးကင် ရတယ်ဟေ့"၊ "ဟိုဆိုင်က ငါးကင်နဲ့ ရှန်ကျိ ငါးကင် ဘာကွာလဲ" စသည်ဖြင့် နှိုင်းယှဉ် ပြောဆိုကြမည်။
သူမက ပထမဆုံး စတင်တီထွင်သူ ဖြစ်သဖြင့် သူမ လက်ရာကို စားဖူးသူတိုင်း မေ့နိုင်မည် မဟုတ်ပေ။ "အသစ်" ပေါ်လာလို့ စမ်းစားကြည့်လျှင်တောင် သူမ ဆိုသည့် "အဟောင်း" နှင့် နှိုင်းယှဉ်ကြဦးမည်။ ဒီအချိန်မှာ အစီအစဉ် လုပ်လိုက်တော့ ငါးက ရေကို ရလိုက်သလို ဖြစ်သွားတော့သည်။
ရှန်မြောင် ဆိုင်ပိတ်ပြီးနောက် အနောက်ဘက် ခြံဝင်းထဲသို့ ဝင်ကြည့်လိုက်ရာ ယိုယွီသည် မြေအိုးဆေးရင်း ငိုက်နေသည်ကို တွေ့လိုက်ရသည်။ အဒေါ်ကုလည်း ခါးထုရင်း ပြန်သွားလေပြီ။ ရှန်းအာနှင့် ချန်ချွမ်းတို့သည် မျက်နှာပင် မသစ်ရသေးဘဲ အိမ်ရှေ့ကွပ်ပျစ်ပေါ်တွင် အိပ်ပျော်နေကြသည်။
ရာသီဥတု ပူနေလို့သာ တော်သေးသည်။ မဟုတ်လျှင် အအေးမိသွားနိုင်သည်။
ရှန်မြောင်သည် စောင်ယူကာ ခြုံပေးလိုက်သည်။ ဒီနေ့ ဆိုင်ပိတ်တာ တော်တော်နောက်ကျသွားသည်။ တော်သေးသည်မှာ ရှန်မြောင် ကြိုတွက်ထားပြီးသား ဖြစ်သဖြင့် အဒေါ်နျန်ကို ကြိုပြောထားကာ ယိုယွီကို အချိန်ပိုဆင်းခိုင်းပြီး ဒီမှာပဲ အိပ်ခိုင်းလိုက်သည်။
သူမက ယိုယွီကို သွားအိပ်ခိုင်းလိုက်သည်။ ကျန်သည့် မြေအိုးများကို မနက်ဖြန်မနက်မှ ဆေးတော့မည်။
လေထင်နှင့် ကျွေးဖုန်းတို့သည်လည်း ခြံတံခါးဝတွင် အိပ်ပျော်နေကြသည်။ ကျွေးဖုန်းက ဟောက်သံတညံညံဖြင့် အိပ်ပျော်နေပြီး အသံအနိမ့်အမြင့် စုံလင်နေသဖြင့် လေထင်မှာ နားရွက်ကို လက်သည်းဖြင့် ပိတ်ကာ မျက်မှောင်ကြုတ် အိပ်နေရသည်။
ရှန်မြောင်သည် ခြံဝင်းထဲမှ မီးအိမ်ကို ငြှိမ်းလိုက်ပြီး ဖယောင်းတိုင် ကိုင်ကာ ဒီနေ့ရသော ပိုက်ဆံများကို မြေအောက်ခန်းထဲသို့ နှစ်ခေါက် သယ်ယူလိုက်ရသည်။ ပြီးနောက် မြေအောက်ခန်းထဲတွင် ကျေနပ်စွာ စာရင်းထိုင်တွက်နေလိုက်သည်။
ဒီနေ့ သူမ စုဆောင်းမိသော အသင်းဝင် ဦးရေ ၁၀၀ ခန့် ရှိသည်။ ထိုအထဲတွင် သုံးပုံတစ်ပုံခန့်သည် စမ်းသပ်ကြည့်သူများ ဖြစ်ပြီး ၃ ပွဲခန့်သာ စုကြသည်။ မဲမပေါက်လျှင်လည်း ထပ်မစုကြတော့ပေ။ ထိုလူများသည် ချွေတာတတ်သူများ ဖြစ်သည်။
နောက်ထပ် သုံးပုံတစ်ပုံမှာ ငွေကြေးပြေလည်သူများ ဖြစ်ပြီး ၁၀ ပွဲ၊ ၂၀ ပွဲခန့် စုကြသည်။ မဲပေါက်ပေါက် မပေါက်ပေါက် ကျေနပ်ကြပြီး အလွန်အကျွံ မစုကြပေ။
ကျန်သည့် လူနည်းစုမှာမူ ငွေကို ရေလိုသုံးသော သူဌေးများ ဖြစ်သည်။ မဲနှိုက်ရုံသာမက အစုံရအောင် ယူချင်ကြသူများ ဖြစ်သည်။ ရှန်မြောင် မှတ်မိသလောက် အများဆုံး စုသွားသူမှာ ဝဝတုတ်တုတ် အရာရှိကြီး တစ်ဦးဖြစ်ပြီး အပွဲ ၈၀ အထိ စုသွားသည်။ ခရမ်းရောင် ဝတ်ရုံဝတ် ရေသူမလေး ရုပ်သေးရုပ် ပေါက်သွားမှ ကျေနပ်ပြီး ရပ်တန့်သွားသည်။
ကြေးပြားများကို ရေတွက်ရင်း ရှန်မြောင် လက်ညောင်းလာသော်လည်း မကုန်နိုင်သေးပေ။ ငွေစများလည်း ပါဝင်သဖြင့် ချိန်ခွင်ဖြင့် ချိန်ကြည့်မှသာ ပမာဏအတိအကျ သိရပေလိမ့်မည်။
သို့သော် ဒါ အမြတ်မဟုတ်သေးပေ။ လူတော်တော်များများက နောက်ပိုင်း ငါးလာစားလျှင် ပိုက်ဆံပေးစရာ မလိုတော့ပေ။ စာရင်း ပြန်စစ်ရဦးမည်။ ငါးဘယ်နှပွဲ ကျန်သေးလဲ ဆိုတာကို တွက်ချက်ပြီးမှ ကုန်ကျစရိတ် နုတ်ကာ အသားတင်အမြတ်ကို သိရမည်။
ရှန်မြောင် ပိုက်ဆံသိမ်းပြီးနောက် ပင်ပန်းသော်လည်း ပျော်ရွှင်စွာ အိပ်ရာဝင်ခဲ့သည်။
သူမ၏ မဲနှိုက်ပွဲတော်သည် မနက်ဖြန် တစ်ရက်ကျန်သေးသည်။ အားမွေးထားမှ ဖြစ်မည်။ ဒီနေ့မှ လူတွေက ကံစမ်းမဲ ဖောက်တတ်လာကြပြီ ဆိုတော့ မနက်ဖြန် လူပိုများဖို့ပဲ ရှိသည်။
သူမက ကြေညာချက် ကပ်ထားပြီးပြီ။ သဘက်ခါ နေ့ဝက် ဆိုင်ပိတ်မည် ဖြစ်ကြောင်း ကြေညာထားသဖြင့် နောက်ဆုံးရက်တွင် လူများ အလုအယက် လာရောက်ကြပေလိမ့်မည်။
သူမ ရှဲ့မိသားစု စားသောက်ပွဲ သွားရဦးမည်။ ရင်းနှီးမြှုပ်နှံမှု ရရှိရန် ပြောဆိုရမည့် စကားများကို စိတ်ထဲတွင် အကြိမ်ကြိမ် လေ့ကျင့်ထားပြီး ဖြစ်သည်။ ယဉ်ကျေးသိမ်မွေ့မှု ရှိရန်၊ အကြောင်းပြချက် ခိုင်လုံရန်နှင့် ဆွဲဆောင်မှု ရှိရန် ပြင်ဆင်ထားသည်။
ရှန်ကျိ ဆိုင်ရှေ့တွင် တစ်နေကုန် လက်မှိုင်ချ ရပ်ကြည့်နေခဲ့သော သူဌေးခန်းသည် ယခုအချိန်တွင် ရင်ကွဲမတတ် ခံစားနေရပြီး သူ့ဆိုင်သို့ ပြန်ရောက်နေပြီ ဖြစ်၏။ ကောင်တာနောက်တွင် ထိုင်ကာ နဖူးကို လက်ထောက်လျက် သက်ပြင်း တချချ ဖြစ်နေသည်။
သူ့ရင်ထဲတွင်လည်း ဆစ်ခနဲ နာကျင်နေရသည်။
ဆိုင်ထဲမှ ပါးနပ်သော စားပွဲထိုးလေး တစ်ယောက်က ကပ်လာပြီး တိုးတိုးတိတ်တိတ် အကြံပေးလေသည်။ "သူဌေး... ဘာလို့ သက်ပြင်းချနေတာလဲ... အဲဒီ ရှန်ညန်ဇီက ဒီလိုလှည့်ကွက် သုံးတယ်ဆိုရင် ကျွန်တော်တို့လည်း လိုက်သုံးလို့ ရတာပဲ... ကျွန်တော်တို့လည်း မနက်ဖြန်ကစပြီး ဘာလဲ... အထူးဧည့်သည်ကတ် ဆိုတာ လုပ်ပြီး လူတွေကို ငါးလာစုခိုင်းရင် မရဘူးလား"
သူဌေးခန်းက သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီး သူ့အနားကပ်လာသော ကျောက်ပေါက်မာ မျက်နှာကို လက်ညှိုးဖြင့် ထိုးကာ တွန်းထုတ်လိုက်သည်။ အားမပါသော အသံဖြင့် ပြောလိုက်လေသည်။
"ငါ မင်းကို မေးမယ်... မင်းသာ ရှန်ကျိဆိုင်မှာ ငါးတွေ အများကြီး စုထားပြီးပြီ ဆိုရင် တခြားဆိုင် သွားစားဦးမလား"
စားပွဲထိုးလေး အဖြေမရှိတော့ပေ။ "အဲဒါတော့..."
"ပြီးတော့ ငါတို့က မနက်ဖြန်ကျရင် အဲဒီလို ထူးထူးဆန်းဆန်း လက်ဆောင်ပစ္စည်းတွေ ဖန်တီးပေးနိုင်မှာမို့လို့လား... မင်းက လွယ်တယ်များ ထင်နေလား... ပါးစပ်လှုပ်ရုံနဲ့ ဖြစ်လာတာမှ မဟုတ်တာ" သူဌေးခန်း ဒေါသထွက်လာသည်။ "ပုံမှန်ဆို ပါးနပ်တယ် ထင်နေတာ... တကယ်တော့ ငတုံးပဲ"
စားပွဲထိုးလေး ငြိမ်သွားသည်။
သူဌေးခန်း စိတ်ရှုပ်စွာဖြင့် ခေါင်းကုတ်လိုက်သည်။
သူ ရှန်ညန်ဇီကို လျှော့တွက်မိသွားသည်။ ဟိုတစ်လောက သူမ ငြိမ်နေသည်မှာ ကြောက်လို့ မဟုတ်ဘဲ သူတို့ကို မျက်လုံးထဲပင် မထည့်လို့ ဖြစ်နေသည်။
သူမက အထူးဧည့်သည်ကတ်၊ ငါးစု မဲနှိုက် အစီအစဉ်များဖြင့် ဧည့်သည်များကို သူမဆိုင်တွင် ချုပ်နှောင်ထားလိုက်သည်။ သူမ ပိုက်ဆံတွေ အများကြီး ရလိုက်ရုံသာမက သူတို့၏ ဖိနှိပ်မှုနှင့် ဝိုင်းပယ်မှုများကိုပါ အလွယ်တကူ ချိုးဖျက်လိုက်လေသည်။
ဒီလို စိတ်ကူးကောင်းမျိုး သူ့ဆိုင်က လူတွေ ဘာလို့ မစဉ်းစားမိကြတာလဲ။
သူဌေးခန်းသည် စိတ်မရှည်စွာဖြင့် စားပွဲထိုးကို မောင်းထုတ်လိုက်ပြီး ဆက်လက် သက်ပြင်းချနေတော့သည်။
........
တာ့ရှန့်ကော် ဘုရားကျောင်း ကျုံးကူ အနောက်လမ်း၊ ရှဲ့အိမ်တော်။
ရှဲ့ရှစ်ယီးညန်သည် သူမ မဲပေါက်လာသော ရုပ်သေးရုပ် နှစ်ရုပ်ကို ကိုင်ကာ "လူကြီးမင်းဝမ် ဇနီးသည်ကို ကွာရှင်းခြင်း" ပြဇာတ်မှ သီချင်းတစ်ပုဒ်ကို ညည်းလျက် အိမ်တော်ရှိ အဝတ်အစား ပြင်ဆင်ချုပ်လုပ်ပေးသော ပန်းထိုးသမများထံ သွားနေလေသည်။ သူမ၏ ရုပ်သေးရုပ်များအတွက် အဝတ်အစား နှစ်စုံ ချုပ်ခိုင်းချင်သောကြောင့် ဖြစ်သည်။
ရှန်ကျိဆိုင်မှ ရုပ်သေးရုပ်လေးများသည် ချစ်စရာကောင်းလှသည်။ ခေါင်းဝိုင်းဝိုင်း၊ ကိုယ်လုံးဝိုင်းဝိုင်း၊ အမြီးဝိုင်းဝိုင်းနှင့် ဖြစ်သည်။ သူမ မဲပေါက်လာသော ရေသူမလေး ရုပ်သေးရုပ်၏ အမြီးသည် လိမ္မော်ရောင် ဖြစ်ပြီး အလွန်ချစ်စရာကောင်းသည်။ သို့သော် ဝတ်ထားသော အဝတ်အစားများက သာမန်ဖြစ်ပြီး အထည်သား မကောင်းလှပေ။ သူမက "ရှန်ယွန်းရှား" ပိုးသားဖြင့် အင်္ကျီချုပ်ပေးချင်သည်။
ရှစ်ယီးညန်သည် အနောက်မြောက်ဘက် ခြံဝင်းရှိ ပန်းထိုးခန်း အဝသို့ ရောက်လာပြီး တံခါးခုံကို ကျော်ကာ ဝင်လိုက်သည်နှင့် သူမ၏ အစ်ကို၉ (ကျိုကော) ရှိနေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။
အိမ်တော်တွင် လက်ရာအမြောက်ဆုံး ပန်းထိုးသမသည် ငွေရောင်ကြာပန်းပုံ အနားကွပ်ထားသော အစိမ်းရောင် ရင်ဖုံးအင်္ကျီရှည် တစ်ထည်ကို စင်မြင့်ပေါ်တွင် ချိတ်ဆွဲပြသနေပြီး အင်္ကျီလက်ကို ကိုင်ကာ ကျိုကောအား ပြသနေလေသည်။
ကျိုကောက ကျောင်းပိတ်ရက်မို့ ပြန်ရောက်နေတာပဲ။ ဘာလို့ ဒီရောက်နေတာလဲ။ ရှစ်ယီးညန် အံ့သြသွားသော်လည်း သူမ၏ အကြည့်များသည် ထိုအင်္ကျီဆီသို့ ရောက်သွားပြီး ပြန်မခွာနိုင် ဖြစ်သွားသည်။
အင်္ကျီက လှလိုက်တာ။ တိမ်တိုက်လို ပိုးသား၊ မြူခိုးလို စကပ် ဆိုတာ ဒါမျိုးကို ပြောတာ ဖြစ်ရမယ်။ "ချူချီး" ကဗျာထဲက "တိမ်ပြာရောင်အင်္ကျီ၊ သက်တံရောင်စကပ်" ဆိုတဲ့ စာသား အသက်ဝင်လာသလိုပဲ။
ဒါပေမဲ့... လှတာတော့ လှပါရဲ့... ဒီအင်္ကျီက ဘယ်သူ့အတွက်လဲ။
ရှစ်ယီးညန် မျက်တောင်ခတ်လိုက်ပြီး ရုတ်တရက် ပျော်ရွှင်သွားသည်။
'ဒါ... အစ်ကိုက ငါ့အတွက် သီးသန့် စီစဉ်ပေးထားတဲ့ အံ့ဩစရာလက်ဆောင်များ လား'
...
အပိုင်း (၉၄) ချစ်ခြင်းမေတ္တာဖွဲ့ အဝတ်တန်ဆာ
ရှဲ့ရှစ်ယီးညန်သည် စူးစမ်းလိုစိတ်ဖြင့် ပန်းထိုးခန်းအတွင်းသို့ ဝင်ရောက်လာလေသည်။
နွေဦးကာလ နေ့ရက်များသည် နွေးထွေးနေပြီး ပန်းထိုးခန်းအတွင်းရှိ ပြတင်းပေါက်များသည် လင်းလက်ကာ စားပွဲခုံများသည် သန့်ရှင်းသပ်ရပ်နေသည်။ ကျူလိုက်ကာများကို အနိမ့်အမြင့် အမျိုးမျိုးဖြင့် လိပ်တင်ထားပြီး ပန်းထိုးစင်များသည် ကန့်လန့်ဖြတ် တည်ရှိနေလေသည်။ ပန်းထိုးသမများသည် ပန်းထိုးစင်ဘေးတွင် ဝိုင်းဖွဲ့ထိုင်ကာ အလုပ်ရှုပ်နေကြပြီး သူတို့၏ ဘေးတွင် အထည်စအများအပြား၊ အစုလိုက် ချည်ထားသော ပန်းထိုးကြိုးများ၊ ကတ်ကြေးနှင့် အပ်ထိုးအုံးများ ပုံနေကာ ခြေရင်းတွင် အစအနများ ထည့်ထားသော ခြင်းတောင်းများ ရှိနေသည်။
အပ်သွားသံ တရှပ်ရှပ်ဖြင့် လူတိုင်း အလုပ်ရှုပ်နေကြသော်လည်း အိမ်တော်မှ သက်ကြီးဝါရင့် ပန်းထိုးဆရာမကြီး တစ်ဦးတည်းသာ ရှဲ့ချီ၏ ခေါ်ယူခြင်းကို ခံထားရပြီး သူတို့နှစ်ဦးသည် အဝတ်ချိတ်တန်းရှေ့တွင် ရပ်ကာ တစ်စုံတစ်ခုကို ဆွေးနွေးတိုင်ပင်နေကြလေသည်။
အခန်းထဲတွင် ရေဆေးကျောက်ပြားများ ခင်းထားပြီး ရှဲ့ရှစ်ယီးညန်သည် တိတ်တဆိတ် လျှောက်လှမ်းလာရာ သူမ၏ အစ်ကိုဖြစ်သူက အင်္ကျီ၏ ခါးနေရာကို လက်ဖြင့် ခန့်မှန်းတိုင်းတာပြရင်း နားရွက်များ ရဲကာ တိုးညှင်းစွာ ပြောလိုက်သည်ကို ကြားလိုက်ရလေသည်။
"ခါးဆိုဒ်ကို ၂ လက်မလောက် ထပ်လျှော့လိုက်ရမယ် ထင်တယ်..."
ရှစ်ယီးညန်သည် သူမကဲ့သို့ပင် လုံးဝိုင်းနေသော ရုပ်သေးရုပ်လေးကို ပိုက်ထားရင်း နောက်ကျမှ သတိထားမိလိုက်သည်။ ဒီအင်္ကျီက ရှည်ပြီး ကျဉ်းမြောင်းနေသည်။ သေချာပေါက် သူမအတွက် မဟုတ်ပေ။ သို့သော် အိမ်ထဲက ညီအစ်မများထဲတွင် သူမက အရပ်အရှည်ဆုံး ဖြစ်နေလေပြီ။ သူမက ၁၁ ယောက်မြောက် ဖြစ်သော်လည်း ရှဲ့မိသားစု၏ မိသားစု ၃ စုပေါင်းလိုက်လျှင် အရွယ်ရောက်ပြီးသော မိန်းကလေး ၈ ယောက်သာ ရှိသည်။
သူမထက် လပိုင်းသာကြီးသော ၁၀ ယောက်မြောက် အစ်မမှလွဲလျှင် ကျန်သည့် အစ်မများအားလုံး အိမ်ထောင်ကျကုန်ပြီ ဖြစ်သည်။
ဒုတိယမိသားစုမှ ၁၂ ယောက်မြောက် ညီမလေးက သူမထက် ၁ နှစ် ငယ်သည်။ တတိယမိသားစုမှ ၁၃ ယောက်မြောက်က ၂ နှစ် ငယ်သည်။ ၁၀ ယောက်မြောက် အစ်မ၏ ကိုယ်လုံးကလည်း သူမထက် ပိုသေးငယ်သည်။ ထို့ကြောင့် ဒီအင်္ကျီက သူတို့အတွက်လည်း မဟုတ်ပြန်ပေ။ ရှစ်ယီးညန်တွင် ယောက်မအရင်းအချာလည်း မရှိသေးပေ။ တခြားမိသားစုမှ အဒေါ်များ၊ အစ်မဝမ်းကွဲများအတွက် ဆိုလျှင်လည်း ပိုပြီး မဖြစ်နိုင်ပေ။ တူတော်မောင် သို့မဟုတ် ယောက်ဖလောင်းက အဒေါ်တွေ၊ မရီးတွေအတွက် ရုတ်တရက်ကြီး အဝတ်အစား လုပ်ပေးစရာ အကြောင်းမှ မရှိတာ။ အဲဒီလိုသာ လုပ်လိုက်ရင် ကျိုကော တစ်ယောက် အမေ့လက်ချက်နဲ့ အချက်ပေါင်း ၄၉ ချက်လောက် အရိုက်ခံရပြီး သေသွားလောက်တယ်။
ရှစ်ယီးညန်သည် တိုင်လုံးနောက်သို့ ဝင်ပုန်းလိုက်ပြီး မျက်လုံးကို မှေးစင်းကာ ခေါင်းတစ်ဝက်ပြူ၍ တိတ်တဆိတ် အကဲခတ်နေလိုက်သည်။
တိုင်လုံးဘေးတွင် အပ်ချည်ထိုးနေသော ပန်းထိုးသမလေး တစ်ယောက်က နားမလည်နိုင်စွာဖြင့် မော့ကြည့်လိုက်သော်လည်း ရှစ်ယီးညန်က လှည့်ကြည့်ပြီး "ရှူး" ဟု တိုးတိုးလေး လုပ်ပြလိုက်သဖြင့် သူမသည် ရယ်ချင်စိတ်ကို အောင့်အီးကာ ခေါင်းငုံ့ပြီး လက်ထဲက အင်္ကျီပုံစံကို ဆက်လက် ပန်းထိုးနေလိုက်ရသည်။
ထိုပန်းထိုးသမလေး၏ စိတ်ထဲတွင် တွေးလိုက်မိသည်။ အိမ်တော်ထဲက သခင်မလေးတွေ အများကြီးထဲမှာ အားလုံးက အေးဆေးတည်ငြိမ်ကြပေမယ့် ရှစ်ယီးညန် သခင်မလေးကတော့ အစားအသောက် မက်မောပြီး အဆော့သန်ဆုံး ဖြစ်သည်။ တခြားသခင်မလေးများက အလွန်ဆုံးမှ နှစ်ဝက်နေမှ အဝတ်အစား တစ်ခါပြင်ကြသော်လည်း ရှစ်ယီးညန်တစ်ယောက်တည်းသာ ဒီရက်ပိုင်းအတွင်း ခါးဆိုဒ် ၂ ခါတောင် ပြင်ပြီးပြီ ဖြစ်သည်။ ကြားရသလောက်ဆို လွန်ခဲ့တဲ့ ၂ ရက်တုန်းက သူမက သခင်လေးနဲ့ ပေါင်းပြီး လူတစ်ယောက်ကို နောက်ဖေးပေါက်ကနေ အစားအသောက်တွေ ခိုးပို့ခိုင်းကာ ညဘက် မအိပ်ဘဲ ဇရပ်ဆောင်ထဲ ပုန်းပြီး ငါးကင်တွေ စားခဲ့ကြသည်တဲ့။ ပြီးတော့ သခင်မကြီး မြေမြှုပ်ထားတာ နှစ်ချီနေပြီဖြစ်သော ချယ်ရီဝိုင်ကိုလည်း ခိုးတူးပြီး သားအဖနှစ်ယောက် စိတ်ကြိုက် သောက်ခဲ့ကြသေးသည်။ နောက်ဆုံးတော့ သခင်မကြီး မိသွားပြီး အဘွားဖြစ်သူက ဒေါသထွက်လွန်းလို့ တောင်ဝှေးနှင့် အချက်ပေါင်းများစွာ ရိုက်တာ ခံလိုက်ရသေးသည်။
အခုလည်း ကျိုကောကို ထပ်ပြီး စနောက်ဖို့ ကြံစည်နေပြန်ပြီ ထင်သည်။
ရှစ်ယီးညန်သည် လူတစ်ယောက်က သူမအကြောင်းကို စိတ်ထဲတွင် အတင်းပြောနေမှန်း မသိပေ။ သူမသည် တိုင်လုံးကို ဖက်ကာ အချိန်အတန်ကြာ ချောင်းကြည့်ပြီးနောက် ရုတ်တရက် ဉာဏ်ပွင့်သွားပြီး မေးစေ့ကို ပွတ်သပ်ကာ ခေါင်းညိတ်လိုက်သည်။
ဒီအင်္ကျီရဲ့ အသားက ပုစဉ်းတောင်ပံ ပိုးသားနဲ့ မတူဘူး။ ပေါ့ပါးတဲ့ ပိုးသားနဲ့လည်း မတူဘူး။ "လျို့ကျူးရှာ ပိုးသား"နဲ့ တူသလိုလို၊ "ဖန်မုရှာ ပိုးသား" နဲ့ တူသလိုလိုပဲ။ အထည်သားက အရမ်းကြီး စျေးမကြီးပေမယ့် ဒီလို စိမ်းမြမြ အရောင်မျိုး ရအောင် ဆေးဆိုးထားတာကတော့ တော်တော် ခက်ခဲလိမ့်မယ်။ အရောင်က လန်းဆန်းနေတာပဲ။ အဲဒီအပေါ်မှာ ငွေရောင်ချည်မျှင် သေးသေးလေးတွေနဲ့ ပန်းခက်ပုံသဏ္ဍာန် ဖော်ပြီး ထိုးထားသေးတယ်။ နေရောင်အောက်မှာ ဆိုရင် ရေလှိုင်းလေးတွေ တလက်လက် ဖြစ်နေသလိုမျိုး လှနေတော့မှာပဲ။ ကြာပန်းတွေ ရေပေါ်မှာ ပေါလောပေါ်နေသလို အေးချမ်းတဲ့ ခံစားချက်မျိုး ပေးစွမ်းနိုင်တယ်။
'ငါ သိပြီ... ချွေးမိသားစုက ဝမ်းကွဲအစ်မကြီးကို ပေးဖို့ ပြင်ဆင်ထားတာများလား... မနက်ဖြန်ကျရင် ချွေးမိသားစုလည်း စားသောက်ပွဲ လာကြမှာလေ... အဒေါ်က ဝမ်းကွဲညီအစ်မတွေကို ခေါ်လာမယ်လို့ ကြားတယ်... ဒီအချိန်လောက်ဆို မြို့စွန်တောင် ရောက်နေလောက်ပြီ'
အမေက ဒီနေ့မနက်စောစောကတည်းက အိမ်တော်ထိန်းကျန့်ကို လှည်းအစီးရေ အများအပြားနှင့်အတူ မြို့ပြင်ထိ သွားကြိုခိုင်းလိုက်ပြီ ဖြစ်သည်။
အမေက ပွင့်ပွင့်လင်းလင်း မပြောသော်လည်း ချွေးသာ့ကျဲအာသာ လာခဲ့ရင် အစ်ကိုနဲ့ ရှေ့ရေစက် ပြန်ဆုံဖို့ ဆိုတာ မဖြစ်နိုင်စရာ မရှိပေ။ ရှစ်ယီးညန်က အကောင်းမြင်စိတ်ဖြင့် တွေးလိုက်၏။ အကယ်၍ သူမ ယောက်မအဖြစ် ဘယ်သူ့ကို အလိုချင်ဆုံးလဲ မေးရင် သူမကတော့ ချွေးသာ့ကျဲအာကိုပဲ ရွေးချယ်မိမှာ ဖြစ်သည်။
ရှစ်ယီးညန်သည် ချွေးအိမ်တော်မှ အစ်မကြီးကို တော်တော်သဘောကျလေသည်။ ငယ်စဉ်က ချန်ကျိုးသို့ သွားရောက်စဉ်က ချွေးသာ့ကျဲအာသည် သူမကို တောင်ပေါ်စံအိမ်သို့ ခေါ်သွားကာ မြင်းစီးသင်ပေးခြင်း၊ ယုန်ပစ်ထွက်ခြင်းများကို ပြုလုပ်ပေးခဲ့ဖူးသည်။ ခြေလေးချောင်းလုံး ဖြူဖွေးနေသော မြင်းပုလေးတစ်ကောင်ကိုလည်း လက်ဆောင်ပေးဖူးသည်။ သို့သော် ပြန့်ကျင်းသို့ ပြန်ရောက်ပြီးနောက် ထိုမြင်းလေးသည် "နှာခေါင်းပုပ်ရောဂါ" စွဲကပ်ကာ သေဆုံးသွားခဲ့ရသည်။ ထိုအချိန်မှစ၍ သူမတွင် ကိုယ်ပိုင်မြင်းလေး မရှိတော့ပေ။
ချွေးသာ့ကျဲအာ နေမကောင်းဖြစ်ပြီး အစ်ကိုဖြစ်သူနှင့် စေ့စပ်ပွဲ ဖျက်လိုက်ရတုန်းက သူမ တော်တော်လေး ဝမ်းနည်းခဲ့ရသည်။ စာတွေ အများကြီး ရေးပြီး အမေ့ကို ပူဆာကာ ဆေးဖက်ဝင်အပင်တွေ ရှာခိုင်းပြီး အိမ်က အစေခံများနှင့်အတူ ချန်ကျိုးကို ပို့ပေးခဲ့ဖူးသည်။ ချွေးသာ့ကျဲအာ လက်ထဲ ရောက်မရောက်တော့ မသိပေ။ ယနေ့ထက်ထိ ချွေးသာ့ကျဲအာဆီက စာပြန်တာ မရဖူးသေးပေ။
သို့သော် ချွေးသာ့ကျဲအာက ရောဂါသည်းထန်နေသဖြင့် စာမရေးနိုင်တာလည်း ဖြစ်နိုင်သည်။ ဒီလောက် အချိန်အကြာကြီး ကုသပြီးပြီဆိုတော့ အခုလောက်ဆို ကျန်းမာရေး ပြန်ကောင်းလာလောက်ပြီ ထင်သည်။ မနက်ဖြန်သာ တွေ့ရရင် ဘယ်လောက်ကောင်းလိုက်မလဲ။
အစ်ကိုက ချွေးသာ့ကျဲအာကို သဘောကျနေသေးလား ဆိုတာတော့ ရှစ်ယီးညန် မသိပေ။ ရှန်ညန်ဇီ ဆိုင်ထဲမှာ ချိတ်ထားတဲ့ ပန်းချီကားတွေ တွေ့တုန်းကလည်း သူမ အံ့သြသွားခဲ့ရသည်။ ဒါပေမဲ့ စာနဲ့ ပန်းချီဆိုတာမျိုးက အစ်ကို စိတ်ကူးပေါက်လို့ ပေးလိုက်တာမျိုးလည်း ဖြစ်နိုင်တာပဲလေ။ ရှန်ညန်ဇီရဲ့ လက်ရာက ဒီလောက်ကောင်းတာ... သူမသာ ဆိုရင်လည်း စာရေးပေးမိမှာပဲ။
အရင်တုန်းက အစ်ကိုက စေ့စပ်ပွဲ မပျက်ခင်တုန်းက ကိစ္စတိုင်းမှာ ချွေးသာ့ကျဲအာကိုပဲ ဦးစားပေးခဲ့တာ။ အကမယ်တွေ သီချင်းဆိုတာ နားထောင်ဖို့ ပွဲကြည့်ဆောင်တွေ၊ စာပေဝိုင်းတွေ ဘယ်တော့မှ မသွားခဲ့ဘူး။ အိမ်က မရိုးဖြောင့်တဲ့ အစေခံမလေးတွေကိုလည်း ဂရုမစိုက်ဘူး။ ဖုန်းချီညန် ကိုတောင် သူ ဂရုမစိုက်ခဲ့ဘူး။
ဒါပေမဲ့လည်း မတတ်နိုင်ဘူးလေ။ အဲဒီတုန်းက ရှဲ့မိသားစုနဲ့ ချွေးမိသားစု ပေါင်းဖက်ဖို့ ဆိုတာက ကျောက်ထက်စာ ရေးထားသလို ခိုင်မာနေပြီးသားပဲ။ ဖုန်းချီညန်ကို ဘယ်လို နှစ်သိမ့်ပေးရမလဲ ဆိုတာ ရှစ်ယီးညန်လည်း မသိပေ။ သူမကိုယ်တိုင်တောင် ဘဝကို ဝါးတားတား ဖြတ်သန်းနေရတာ။ ဒါပေမဲ့... ရှစ်ယီးညန် ရုတ်တရက် သတိရသွားသည်။ ချီညန်က ဘာလို့များ သူမဆီ လာမဆော့တာ ကြာနေပြီလဲ မသိဘူး။ ဘာတွေများ အလုပ်ရှုပ်နေပါလိမ့်။
မနက်ဖြန် သူ လာမှပဲ သေချာ မေးမြန်းကြည့်ရမယ်။
"ဒါဆိုရင် ကျွန်မ ခါးကို နည်းနည်း ထပ်ချုံ့လိုက်ပါ့မယ်... ကျိုကော ခဏစောင့်နော်... ၁၅ မိနစ်လောက်ဆို ပြီးပါပြီ..." ပန်းထိုးဆရာမကြီး၏ အသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ရှစ်ယီးညန်သည် အတွေးလွန်နေရာမှ လန့်ဖျပ်သွားသည်။
သူမသည် တိုင်လုံးနောက်သို့ ခန္ဓာကိုယ်ကို ကျုံ့ကာ ဝင်လိုက်ပြီး ခြေဖျားထောက် လှည့်ကာ ရုပ်သေးရုပ်လေးကို ပိုက်လျက် တိတ်တဆိတ် ပြန်ထွက်သွားတော့သည်။
'ထားလိုက်ပါတော့... နောက်မှပဲ ရုပ်သေးရုပ်လေးအတွက် အဝတ်လာချုပ်ခိုင်းတော့မယ်' ရှစ်ယီးညန်သည် ကျိုကော၏ လျှို့ဝှက်ချက်ကို သိသွားပြီဟု ကိုယ့်ကိုယ်ကိုယ် ထင်မှတ်လိုက်ပြီး ပြန်ထွက်လာစဉ်တွင် အစ်ကိုဖြစ်သူထံမှ ဘာတွေများ ခြိမ်းခြောက် တောင်းယူရမလဲ ဆိုတာကို စဉ်းစားနေလေတော့သည်။
...........
မုန့်စန်းသည် လူလည်း အစီးမခံ၊ ပစ္စည်းလည်း မသယ်ချင်သော အိမ်က "ဘိုးအေ" မြည်းကြီးကို ဆွဲလျက်၊ ဘေးတွင် စာအုပ် နှစ်တောင်း ရွက်ထားသော စာသင်သားအကူလေး ပါလျက် လမ်းမကြီးကို ဖြတ်သန်းကာ ရှဲ့အိမ်တော်သို့ စာအုပ် လာပြန်ပေးလေသည်။
ချန်ကျိုး ရှဲ့မိသားစုသည် နှစ်ပေါင်းရာချီ တည်တံ့လာသော မိသားစုဖြစ်ရာ စာအုပ်စာပေ စုဆောင်းထားရှိမှု များပြားလှပြီး ဖုန်းမိသားစု တစ်ခုတည်းသာ ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။ မုန့်စန်းသည် ရှဲ့အိမ်တော်သို့ စာအုပ်လာငှားလေ့ ရှိပြီး ငှားလျှင်လည်း တစ်တောင်းလိုက် ငှားကာ ဖတ်ပြီးလျှင် သို့မဟုတ် ကူးပြီးလျှင် တစ်ခါတည်း ပြန်လာပေးတတ်သည်။
သို့သော် ဒီနေ့တွင် သူ လိုလိုလားလား လာခဲ့ခြင်း မဟုတ်ပေ။ ရှဲ့ချီက စာလာပို့ပြီး စာအုပ် အမြန်လာပြန်ပေးရန် လာရောက် အကြွေးတောင်းသဖြင့် လာခဲ့ရခြင်း ဖြစ်သည်။
မုန့်စန်းတစ်ယောက် ထူးဆန်းနေလေသည်။ ကျောင်းပိတ်လို့ အိမ်ပြန်ရောက်ကာစ ရှိသေးတယ်၊ အပြင်ထွက် မလည်ပတ်ဘဲနဲ့ ဘာလို့ ရုတ်တရက်ကြီး စာကြိုးစားချင်နေရတာလဲ။ လူကို အသက်ရှင်ခွင့် ပေးဦးမှာလား။ မုန့်စန်းသည် စာမေးပွဲတိုင်းတွင် ရှဲ့ချီ၏ နောက်တွင်သာ ကပ်လိုက်နိုင်သဖြင့် "ထာဝရ ဒုတိယ" ဟူသော ဘွဲ့ကို ရထားပြီး အချို့ ကတ်သီးကတ်သတ် နိုင်သူများက သူ့ကို မုန့်စန်း (မုန် တတိယ) ဟု မခေါ်ဘဲ မုန့်အာ့ (မုန် ဒုတိယ) ဟု ခေါ်ကြလေသည်။
ဒေါသထွက်စရာ ကောင်းလိုက်တာ။
ပြီးတော့ ဒီမြည်းတစ်ကောင်။ သူ့ကို ဒေါသထွက်လွန်းလို့ သေအောင် သတ်နေတာလား မသိဘူး။ အဖေက ဘယ်လိုရွေးပြီး ဝယ်လာလဲ မသိပါဘူး။ မုန်လာထုပ်ဖြူ အရင်းပိုင်းတွေကျတော့ ကြိုက်တယ်။ ဘာမှကျတော့ မလုပ်ချင်ဘူး။ လူစီးလိုက်တာနဲ့ ခြေထောက်ကန်တော့တာပဲ။ ပြီးရင် "အီ... အီ..." နဲ့ သနားစရာကောင်းအောင် အော်တတ်သေးတယ်။
အခုတော့ ရောင်းလို့လည်း မထွက်တော့ ဒီ "ဘိုးအေ" ကို အလကား ထိုင်ကျွေးထားရသည်။
မုန့်စန်းသည် ရှဲ့အိမ်တော်ထဲသို့ ဝင်လိုက်သည်နှင့် သစ်ရိပ်များ၏ အုပ်မိုးခြင်းကို ခံလိုက်ရသည်။ ဖုန်းမိသားစုက ဝါးပင်ကို ကြိုက်သလို ရှဲ့မိသားစုက ထင်းရှူးပင်ကို ကြိုက်သည်။ အိမ်တော်ဝန်းထဲတွင် စိမ်းလန်းသော သစ်ရွက်များက မိုးကောင်းကင်ကို ဖုံးအုပ်ထားသကဲ့သို့ ရှိပြီး သစ်ပင်ကြီးများက စိမ်းစိုနေသည်။ မုန့်စန်းသည် လက်မောင်းဖြင့် ချွေးသုတ်လိုက်ပြီး လေပူတစ်ချက် မှုတ်ထုတ်လိုက်ကာ သက်သောင့်သက်သာ ဖြစ်သွား၏။
"ဘိုးအေ" မြည်းကြီးကို ရှဲ့အိမ်တော်၏ ဘေးတံခါးတွင် ချည်ထားခဲ့သည်။ တံခါးစောင့်က ပဲစေ့တစ်ဆုပ် ကျွေးလိုက်သေးသည်။ မုန့်စန်းက 'အရမ်းအများကြီး မကျွေးနဲ့နော်... မဟုတ်ရင် ဒီကောင်ကြီး လည်ချောင်းနာလာပြီး လူကို မူးမေ့သွားအောင် လုပ်ပစ်လိမ့်မယ်' ဟု သတိပေးချင်သော်လည်း မပြောလိုက်ရပေ။
အကြောင်းမှာ ရှဲ့ချီက တံခါးဝတွင် စောင့်ခိုင်းထားသော ယန့်ရှူးက သူ့ကို အတင်းဆွဲခေါ်သွားသောကြောင့်ပင်။
သူနှင့် စာသင်သားအကူလေးသည် စာအုပ်များကို ထမ်းကာ ရှဲ့ချီ၏ ခြံဝင်းလေးထဲသို့ တန်းသွားလိုက်သည်။ ယန့်ရှူးက လေပွေလှိုင်းတစ်ခုလို ရှေ့ကနေ သုတ်ခြေတင် ဦးဆောင်သွားသည်။ ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ထောင့်တစ်နေရာတွင် စိမ်းစိုမြင့်မားသော ချယ်ရီပင်ကြီး တစ်ပင်ကို တွေ့လိုက်ရသည်။ သစ်ပင်အောက်ရှိ ကျောက်စားပွဲဝိုင်းတွင် ရှဲ့ချီက ရေခဲမုန့် ပြင်ဆင်ထားပြီး စောင့်နေလေသည်။ မုန့်စန်းသည် လည်ချောင်း ကွဲအက်မတတ် ရေငတ်နေပြီဖြစ်ရာ ပြေးသွားပြီး ဖင်ချထိုင်လိုက်သည်။ ကျောက်စားပွဲ၏ အေးမြမှုက အရိုးထဲထိ စိမ့်ဝင်သွားသဖြင့် အပူဓာတ်များ ချက်ချင်း ပျောက်ကွယ်သွားကာ သက်သောင့်သက်သာဖြင့် သက်ပြင်းချလိုက်မိသည်။
"ဘာဖြစ်လို့လဲ... မီးလောင်နေလို့လား... ငါ့ကို ဒီလိုပုံစံ ဖြစ်အောင် မောင်းထုတ်နေတာ... စာအုပ်တွေ လာပို့ပြီလေ... မင်း ကြည့်ဦး... ကျန်ခဲ့တာ ရှိလားလို့... မင်းက ဒီစာအုပ်တွေကို အလျင်စလို လုပ်ပြီး ဘာလုပ်မလို့လဲ... ကျောင်းပိတ်ရက်တောင် စာကြိုးစားချင်သေးတာလား..." မုန့်စန်းသည် လက်ကို ယပ်တောင်လိုခတ်ရင်း အရိုးမရှိသူကဲ့သို့ ကျောက်စားပွဲပေါ် မှောက်ချလိုက်ကာ ပျင်းရိစွာ ပြောလိုက်သည်။
"တကယ်တော့ မင်းကို စာအုပ်လာပို့ခိုင်းတာက ဒုတိယအချက်ပါ..." ရှဲ့ချီက ယန့်ရှူးကို လေးထောင့်စပ်စပ် ခေါက်ထားသော ပိုးထည်အထုပ်ကြီး တစ်ထုပ်ကို ကမ်းပေးခိုင်းလိုက်သည်။ "အကူအညီတောင်းစရာ ရှိလို့ပါ..."
"ဘာကိစ္စလဲ... ဘာလို့ ဒီလောက် လျှို့ဝှက်နေရတာလဲ..." မုန့်စန်းက သမ်းဝေလိုက်ပြီး အားမနာတော့ဘဲ ဘေးနားရှိ တောဆီးသီး ရေခဲမုန့်ပန်းကန်ကို ယူကာ ငုံ့ပြီး တရှူးရှူး သောက်လိုက်တော့သည်။
"ဘာမှ အကြီးကြီး မဟုတ်ပါဘူး... မင်းကို ဒုက္ခပေးရတော့မယ်... ခဏနေရင် ယန်လျိုအရှေ့လမ်းကြားကို တစ်ခေါက်လောက် သွားပေးပါလား... ဒီအဝတ်အစားထုပ်ကို ရှန်ကျိ ခေါက်ဆွဲဆိုင်ကို သွားပို့ပေးပါ... ရှန်ညန်ဇီ လက်ထဲ ထည့်ပေးလိုက်ရင် ရပါပြီ..." ရှဲ့ချီက အထုပ်ကို သူ့ရှေ့သို့ တွန်းပို့ပေးလိုက်သည်။
မုန့်စန်းသည် ပါးစပ်ထဲ အစာသွပ်နေသော လက်ကို ရပ်တန့်လိုက်ပြီး မျက်လုံးကို ပင့်ကြည့်ကာ နှုတ်ခမ်းထောင့်စွန်းများ ကွေးတက်လာပြီး ယုတ်မာသော အပြုံးတစ်ခု ပြုံးလိုက်သည်။ သူက ငွေဇွန်းလေးဖြင့် ရှဲ့ချီကို ထိုးချိန်ကာ ပြောလိုက်သည်။
"မင်းက မုဆိုးမကို မကြိုက်ပါဘူးလို့ ပြောနေသေးတယ်နော်... ကြည့်စမ်း... ငါ မင်းကို လက်ပူးလက်ကြပ်မိတာပဲ..."
ခဏနေတော့ မုန့်စန်း သဘောပေါက်သွားပြီး စဉ်းစားကာ ပြောလိုက်သည်။ "မင်းအိမ်မှာ အစေခံတွေ ရာချီရှိတာ... ဘာလို့ ငါလို ပြင်ပလူကို ခိုင်းရတာလဲ... ဪ... ငါ သိပြီ... မင်းက သူများ ပြန်ပို့လိုက်မှာ ကြောက်လို့မလား..."
ရှဲ့ချီသည် တည်ငြိမ်နေပြီး အစနောက်ခံရသည်ကို ဂရုမစိုက်ဘဲ မျက်နှာထား မပြောင်းလဲပေ။ သူသည် ပွင့်လင်းစွာ လုပ်ကိုင်တတ်သူဖြစ်ပြီး ဖုံးကွယ်ထားလေ့ မရှိပေ။ မုန့်စန်းကို သွားပို့ခိုင်းခြင်းသည် ရှန်ညန်ဇီ၏ ဂုဏ်သိက္ခာအတွက် စဉ်းစားပေးခြင်း ဖြစ်သည်။
ရှဲ့မိသားစုမှ အစေခံများကို လွှတ်လိုက်လျှင် မနက်ဖြန် စားသောက်ပွဲတွင် လူတိုင်း သိကုန်ကြပေလိမ့်မည်။ သူက ရှန်ညန်ဇီကို အတင်းအဖျင်း ပြောခံရမည့် အဖြစ်မျိုး မရောက်စေချင်ပေ။ သူမအတွက် အဝတ်အစား ပြင်ဆင်ပေးခြင်းသည်လည်း ထိုသဘောတရားပင်။ ရှန်ညန်ဇီသည် အဝတ်အစားနှင့် ပတ်သက်ပြီး သိပ်ဇီဇာကြောင်သူ မဟုတ်ပေ။ သူမသည် စိတ်ဓာတ်ကြံ့ခိုင်ပြီး ပြင်ပအရာများကို ဂရုမစိုက်သော်လည်း ရှဲ့ချီကမူ မြို့ကြီးသားများ၏ ဇိမ်ခံဝါကြွားတတ်သော အလေ့အထကို သိသည်။
အထူးသဖြင့် ဒီတစ်ခေါက် ရှဲ့မိသားစု စားသောက်ပွဲသည် ရှဲ့အိမ်တော်တွင် မဟုတ်ဘဲ မြို့ပြင်ရှိ ရှဲ့မိသားစုပိုင် "ချွန်းကျွမ်း" (နွေဦးစံအိမ်) တွင် ပြုလုပ်မည် ဖြစ်သည်။ နွေဦးစံအိမ်သည် လူသူကင်းဝေးပြီး ရေကန်နှင့် တောင်တန်းရှုခင်းများကြောင့် နာမည်ကြီးသည်။ သူက စေတနာနှင့် ရှန်ညန်ဇီကို အပန်းဖြေရန် ဖိတ်ခေါ်လိုက်သော်လည်း သူမ စိတ်မသက်မသာ ဖြစ်သွားမည်ကို မလိုလားပေ။ သို့ဆိုလျှင် သူ့အမှား ဖြစ်သွားပေလိမ့်မည်။
ထို့ကြောင့် သူသည် ရှန်ညန်ဇီ အတွက်သာမက ရှန်းအာ၊ ကျိအာနှင့် ချန်ချွမ်းတို့အတွက်ပါ အဝတ်အစားများ ပြင်ဆင်ပေးလိုက်ခြင်း ဖြစ်သည်။ ဒါဆိုရင် သူမသည် သူတပါး၏ အကြည့်များကို ဂရုစိုက်စရာ မလိုတော့ဘဲ တစ်နေ့တာ လွတ်လပ်စွာ ပျော်ရွှင်နိုင်ပေလိမ့်မည်။
မုန့်စန်းသည် မူလက ရှဲ့ချီကို ကျီစယ်လိုသော အကြည့်ဖြင့် ကြည့်နေသော်လည်း ရှဲ့ချီ၏ မျက်လုံးများက ရှောင်ဖယ်မသွားဘဲ ကြည်လင်ပြတ်သားစွာဖြင့် သူ့ကို ပြန်ကြည့်နေသဖြင့် သူ့မျက်လုံးထဲမှ လှောင်ပြောင်ရိပ်များ တဖြည်းဖြည်း ပျောက်ကွယ်သွားလေသည်။ သူ ခေါင်းလှည့်လိုက်ပြီး ပခုံးများကို လျှော့ချကာ ကျောက်စားပွဲပေါ်သို့ ပက်လက်လှန်ချလိုက်သည်။ လက်နှစ်ဖက်ကို ခေါင်းအုံးကာ ကောင်းကင်မှ တိမ်တိုက်များကို မော့ကြည့်ရင်း သက်ပြင်းချလိုက်သည်။
"ပြီးရောလေ... ငါပဲ မင်းအစား ခြေညောင်းခံလိုက်ပါ့မယ်... ဘယ်သူက မင်းကို မုဆိုးမ သွားကြိုက်ခိုင်းလို့လဲ... ဒါပေမဲ့... ငါ မင်းကို တကယ် အားကျတယ်ကွာ..."
တစ်ယောက်ယောက်ကို သဘောကျရင် ဒီလိုမျိုး မရှောင်မဖယ်၊ မကြောက်မရွံ့နဲ့ အိမ်က ကန့်ကွက်မှာကိုလည်း ဂရုမစိုက်ဘဲ နေနိုင်တာကို အားကျမိတာပဲ။
သူ့မိသားစု အခြေအနေက ရှဲ့ချီလောက် မကောင်းမွန်ပေ။ သူ့စိတ်ရင်းကို ဖွင့်ပြောဖို့တောင် မရဲပေ။ ပါးစပ်ဟလိုက်သည်နှင့် မိဘနှစ်ပါး ရင်ဘတ်စည်တီးပြီး သေသွားမှာကို စိုးရိမ်ရသည်။ မုန့်စန်း ရုတ်တရက် ပြန်ထထိုင်ပြီး တိုးတိုးလေး မေးလိုက်သည်။
"မင်းစိတ်ကို မင်းအမေ သိသွားပြီလား"
ရှဲ့ချီ ခေါင်းခါလိုက်သည်။ သူ မသိပေ။
"ဒါဆို မင်းက ဘယ်လိုလုပ်ပြီး..." ဒီအင်္ကျီကို ဝတ်လိုက်ရင် တခြားလူတွေက နားမလည်ပေမယ့် ရှဲ့သခင်မကြီးလို ပါးနပ်တဲ့ လူတစ်ယောက်က မြင်တာနဲ့ ဘာဖြစ်လဲ ဆိုတာ သိမှာပဲ။ သူ့စိတ်ကို ဘယ်လိုလုပ် နားမလည်ဘဲ နေမှာလဲ။
ရှဲ့ချီသည် စားပွဲပေါ်က ရေခဲမုန့်ပန်းကန်ကို ဘေးနားတွင် သွားရည်ယိုနေသော ယန့်ရှူးအား ကမ်းပေးလိုက်ပြီး ဖြေလိုက်သည်။
"တစ်ယောက်ယောက်ကို သဘောကျတယ် ဆိုတာ ရှက်စရာမှ မဟုတ်တာ... ဘာလို့ ဖုံးကွယ်ထားရမှာလဲ... မင်းကို သွားပို့ခိုင်းတာက အမေ့ရှေ့မှာ ဖုံးကွယ်ချင်လို့ မဟုတ်ဘူး... အမေသိသွားလို့ မေးလာရင်လည်း ငါက အမှန်တိုင်းပဲ ပြောပြမှာပါ... ငါက အကြောင်းမဲ့သက်သက် တစ်မြို့လုံး ဟိုပြောဒီပြော ဖြစ်ပြီး မဆိုင်တဲ့လူတွေရဲ့ ဝေဖန်တာကို မခံစေချင်ရုံပါ... ရှန်ညန်ဇီက မိန်းကလေးကောင်း တစ်ယောက်ပါ... တစ်ယောက်ယောက်က နှစ်သက်သဘောကျတယ် ဆိုတာ ပုံမှန်ပါပဲ... ငါ မဟုတ်ရင်တောင် တခြားတစ်ယောက်ယောက် ရှိလာမှာပါပဲ... ငါ့ကြောင့် သူ့ ထိခိုက်နစ်နာသွားမှာကို မလိုလားရုံပါပဲ..."
အထူးသဖြင့်... ရှန်ညန်ဇီက ဒီအကြောင်းကို ဘာမှ မသိသေးဘူးလေ။
သူ သူမအပေါ် ထားရှိတဲ့ စေတနာက သတိထားမှုပေါင်း သောင်းခြောက်ထောင်နဲ့ ထိုက်တန်ပါတယ်။
မုန့်စန်းသည် ပါးစပ်ပိတ်သွားသော်လည်း သိချင်စိတ် ပြင်းပြနေသဖြင့် အနားတိုးကပ်လာပြီး ခါးမတ်ထိုင်ကာ မေးလိုက်သည်။
"ရှဲ့ကျို... ငါ စကားကို ဒဲ့ပြောမယ်နော်... မင်းစိတ်မဆိုးနဲ့... မင်းအစ်ကိုက ချင်ကျိုးကို သွားတာ ဘယ်နှစ်နှစ်နေမှ ပြန်လာမယ် မသိဘူး... မင်းက မင်းအမေအတွက် တစ်ဦးတည်းသော သားလို ဖြစ်နေပြီ... ရှဲ့မိသားစု သခင်မကြီးက မင်းသဘောထားကို တကယ်ပဲ ဂရုမစိုက်တာလား... ဒါမှမဟုတ် မင်းမှာ သူ့ကို နားချဖို့ စကားလုံးတွေ စဉ်းစားထားပြီးပြီလား..."
မြန်မြန် ပြောပြစမ်းပါ... ငါ့ကိုလည်း သင်ပေးပါဦး။ မုန့်စန်း စိတ်လောနေသည်။
"မရှိပါဘူး..." ရှဲ့ချီက သူ့အတွေးကို မြင်နေရ၏။ "မင်းကို စိတ်ပျက်အောင် လုပ်မိတော့မယ် ထင်တယ်... ငါ့အမေက ဂရုမစိုက်တာပါ... ဟိုတုန်းက ငါ မမွေးခင်ကတည်းက ချွေးမိသားစုနဲ့ စေ့စပ်ထားလို့သာပေါ့... မဟုတ်ရင် အမေရဲ့ စိတ်နေသဘောထားနဲ့ဆို ငါ့အတွက် ချွေးသာ့ကျဲအာကို ဇနီးအဖြစ် ရွေးချယ်ချင်မှ ရွေးချယ်မှာ... မင်းလည်း သိပါတယ်... အခု ငါတို့ အိမ်တော်က မြို့တော်မှာ အနေခက်နေတာ... အာဏာရှိတဲ့သူတွေက ငါတို့နဲ့ သားရေးသမီးရေး မဆက်ဆံရဲကြဘူး... တခြားမျိုးရိုးကြီးတွေကရော ဘာထူးလဲ... ဖုန်းအစ်ကိုကြီးရဲ့ ဇနီးသည်ကို ကြည့်လိုက်... မြို့နယ်စာရေးရဲ့ သမီးလေ... အခု ငါတို့က နေရာတကာ လိုက်ပြီး အသိုင်းအဝိုင်း ဆက်ဖို့ မကြိုးစားရဲတော့ပါဘူး... လက်ကျန်ဘဝကို အေးအေးချမ်းချမ်းပဲ ကုန်ဆုံးချင်ကြတော့တာပါ... ရွှီမိသားစု ဒုက္ခရောက်ခဲ့တယ်... ငါ့အဒေါ် နန်းတွင်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့တယ်... ကော်မိဖုရားခေါင် က ရာထူးချခံရပြီး တာအိုဘုရားကျောင်းမှာ နတ်ရွာစံခဲ့တယ်... ဒီ ၃ နှစ်အတွင်းမှာ ဘယ်အိမ်တော်ကများ နားမလည်ဘဲ နေမှာလဲ... လူတိုင်းက ကိုယ့်အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာ..."
...