← Chapters

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အခန်း (၉၅-၉၆)

Vol. 10 Ch. 95-96

အပိုင်း (၉၅)

မုန်စန်းသည် ထိုစကားများကြားပြီးနောက် ရင်ထဲတွင် ကြေကွဲဝမ်းနည်းကာ အေးစက်သွားလေသည်။ ဤမျှသာမကသေးပေ။ လက်ရှိ ဘုရင်မင်းမြတ်သည် သားသမီး မထွန်းကားခြင်းကို အကြောင်းပြလျက် မြင့်မြတ်သော မျိုးရိုးကြီးမှ ဆင်းသက်လာသည့် ကော်မိဖုရားခေါင်ကို ရာထူးမှ ဖယ်ရှားလိုက်ပြီး နန်းတွင်း ကချေသည် အဖွဲ့မှ ကျန်းရှီ အမည်ရှိသော အမျိုးသမီးကို မိဖုရားခေါင် အသစ်အဖြစ် တင်မြှောက်ကာ နန်းတွင်းရေးရာများနှင့် မိဖုရားများကို အုပ်ချုပ်စေလိုက်သည်။

ဒီအခြေအနေကြီးက ရှေးရိုးစွဲ မျိုးရိုးကြီးများကို ဘယ်လောက်တောင် ကြောက်ရွံ့တုန်လှုပ်စေလိုက်မလဲ။

"ပြီးတော့ ငါ့အမေက တခြားအိမ်က သခင်မကြီးတွေနဲ့လည်း မတူဘူးလေ"

"ဘယ်လို မတူတာလဲ" မုန်စန်းသည် အတွေးပြန်ဝင်လာပြီး သိချင်စိတ်ဖြင့် မေးလိုက်၏။ သူသည် နှစ်သစ်ကူးကာလတွင် မိဘများနှင့်အတူ ရှဲ့သခင်မကြီးကို နှစ်ခါ သုံးခါလောက်သာ ဂါရဝပြုခွင့် ရခဲ့ဖူးသည်။ ပုံမှန်အချိန်တွင် တွေ့ခွင့်မရပေ။ သူ့အမြင်တွင် ရှဲ့သခင်မကြီးသည် သဘောကောင်းကာ ရယ်မောတတ်ပြီး တည်ငြိမ်ရင့်ကျက်သူ တစ်ယောက်ဟုသာ မြင်သည်။ ထွေထွေထူးထူး ကွဲပြားသည်ဟု မထင်မိပေ။

"ဘယ်လို ပြောရမလဲ... အစစအရာရာ မတူဘူးကွ... ဥပမာ ပြောရရင်... ငါ့အစ်ကို စစ်ထွက်တုန်းကပေါ့... သေလမ်းရှင်လမ်း မကွဲပြားတဲ့ ခရီးကို ထွက်သွားတော့ ငါ့အဖေက ငိုလိုက်တာ မျက်ရည်တွေ နှပ်တွေနဲ့ ရွှဲစိုလို့... သူက သူ့အင်္ကျီလက်နဲ့ မသုတ်ရက်လို့ ငါ့အင်္ကျီလက်ကို ဆွဲပြီး နာရီဝက်လောက် အော်ငိုနေတာ... ဒါပေမဲ့ ငါ့အမေကတော့ မျက်ရည်တစ်စက်မှ မကျဘူး... သူမ မင်္ဂလာဆောင်တုန်းက ပါလာတဲ့ လှံတံရှည်ကို အစ်ကို့လက်ထဲ ထည့်ပေးပြီး ကဗျာတစ်ပုဒ်ပဲ ရွတ်ပြတယ်... တခြားဘာမှ မပြောဘူး... မင်း ခန့်မှန်းကြည့်... ဘာကဗျာ ဖြစ်မလဲ"

"ဘာလဲ... 'မိခင်မေတ္တာ တနင့်တပိုး၊ သားအတွက် အဝတ်ချုပ်ပေး' ဆိုတာမျိုးလား"

"မှားတယ်... 'ရွှေရောင်သံချပ်ကာကို ဖောက်ထွင်းပြီး တိုက်ပွဲပေါင်းရာချီ ဆင်နွှဲမယ်၊ လော့လန်မြို့ကို မသိမ်းပိုက်နိုင်မချင်း ပြန်မလာဘူး' ဆိုတဲ့ ကဗျာကွ... အမေက အစ်ကို့ကို ဘာသံယောဇဉ်မှ တွယ်မနေနဲ့၊ ရှေ့ဆက်ပြီး တိုက်ခိုက်ဖို့ပဲ မှာလိုက်တာ..."

ရှဲ့ချီ အနည်းငယ် ပြုံးလိုက်သည်။ "အဲဒီလို စကားမျိုးကို အမေက ငါ့ကိုလည်း ပြောဖူးတယ်... ငါ စာမေးပွဲ ခဏခဏ ကျတုန်းကပေါ့... အမေ ပြောတာက စာမေးပွဲ ဖြေတယ် ဆိုတာ သူ့အတွက် ဖြေတာ မဟုတ်ဘူးတဲ့... ရှဲ့မိသားစု အတွက် ဖြေတာလည်း မဟုတ်ဘူးတဲ့... ချန်ကျိုး ရှဲ့မိသားစု ဆိုတာ နှစ်ပေါင်း ရာချီနေပြီ... ဘယ်လို စည်းစိမ်ချမ်းသာ ဂုဏ်ပကာသနမျိုး မဆို ကြုံဖူးပြီးပြီ... ဒါကြောင့် မိသားစု ဂုဏ်တက်ဖို့အတွက် စာဖတ်စရာ မလိုဘူးတဲ့... ကိုယ်လုပ်ချင်တာ လုပ်၊ ကိုယ့်လမ်း ကိုယ်လျှောက်တဲ့... အမေ မျှော်လင့်တာက ငါ့ကို 'စုတုန်းဖော်' လိုမျိုး ဖြစ်စေချင်တာ... စာဖတ်ပြီး အသိဉာဏ် ပွင့်လင်းစေချင်တယ်၊ စိတ်ဓာတ်ခိုင်မာ စေချင်တယ်၊ တစ်သက်လုံး လွတ်လပ်ပေါ့ပါးစွာ နေစေချင်တယ်..."

မုန်စန်းသည် ကြားလိုက်ရတော့ စိတ်လှုပ်ရှားကာ အားကျသွားပြီး ရှဲ့ချီ၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ကာ အသံများပင် တုန်ရီနေတော့သည်။

"ရှဲ့ကျို... မင်းအမေက သားထပ်လိုချင်သေးလား... လိုချင်မှာပါနော်... မင်းရဲ့ စန်းကော မရှိတုန်း... ငါ့လို လိမ္မာရေးခြားရှိတဲ့ မွေးစားသား တစ်ယောက်လောက် မွေးစားပြီး အနားမှာ ပြုစုခိုင်းရင် မကောင်းဘူးလား..."

ရှဲ့ချီသည် သူ့လက်ကို တိတ်တဆိတ် ပြန်ရုန်းလိုက်ပြီး မုန်စန်း၏ မျက်နှာကို တွန်းထုတ်ကာ ပြောလိုက်သည်။

"ပေါက်ကရတွေ ပြောမနေနဲ့တော့... သွားစရာရှိတာ မြန်မြန်သွား... မိုးချုပ်တော့မယ်"

မုန်စန်းသည် အတွန်းခံလိုက်ရပြီး မတ်တပ်ရပ်လိုက်သည်။ ရှဲ့ချီက "ငါ့အစား သေချာ ပို့ပေးနော်" ဟု ထပ်မံ မှာကြားလိုက်သည်။

မုန်စန်းသည် အထုပ်ကို ပိုက်ပြီး ခြေလှမ်းတိုင်း လှည့်ကြည့်ကာ မေးနေသေးသည်။ "တကယ် မွေးစားသား မလိုချင်ဘူးလားဟင်"

'ငါ အရင်ဘဝက ဘာအပြစ်တွေ လုပ်ခဲ့လို့ ဒီလို သူငယ်ချင်းမျိုးနဲ့ လာတွေ့နေရတာလဲ' ရှဲ့ချီ အံကြိတ်ကာ ပြောလိုက်သည်။ "... မြန်မြန် သွားစမ်းပါ... ငါ့အစ်ကိုက ခရီးထွက်သွားတာ... ပြန်လာဦးမှာ... မင်း ငါနဲ့ ငါ့အမေကို အခွင့်အရေး လာမယူနဲ့"

..........

ရှန်မြောင်သည် သူမကြောင့် ရှဲ့မိသားစုတွင် ပေါက်ကရ ညီအစ်ကို တစ်ယောက် တိုးလာလုနီးပါး ဖြစ်သွားကြောင်း မသိလိုက်ပေ။

ဒီနေ့ သူမသည် ငါးစု မဲနှိုက်ပွဲတော်ကို တစ်နေ့လုံး ကျင်းပခဲ့ပြီး ယခုတွင် လက်ဆောင်ပစ္စည်းများ အားလုံး ကုန်သွားပြီ ဖြစ်သဖြင့် အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့သည်။

အစပိုင်းတွင်တော့ သူမ စိုးရိမ်ခဲ့သည်။ ၂၆၀ ဝမ် ဖိုး ဝယ်မှ မဲတစ်ကြိမ် နှိုက်ရမည် ဆိုသည်မှာ စျေးမပေါပေ။ အကယ်၍ ဘယ်သူမှ လာမဝယ်ကြလျှင် ငွေ ၁၀၀၀-၂၀၀၀ လောက် အရင်းနှီးပြီး ဝယ်ထားသော လက်ဆောင်ပစ္စည်းများကို နောက်ပိုင်း ဘယ်လို ရှင်းထုတ်ရမလဲ ဆိုတာ စဉ်းစားရပေမည်။ သို့သော် မထင်မှတ်ဘဲ ပထမနေ့ ကတည်းက လာရောက်ဝယ်ယူသူ များပြားခဲ့သည်။ သူမသည် စုန့်ခေတ် လူများ၏ ကြွယ်ဝချမ်းသာမှုကို မျက်မြင်ကိုယ်တွေ့ သိရှိလိုက်ရ၏။

ယခု ကြည့်ရသလောက် မြို့တွင်းမှ လူများသည် ငွေစုမိဆောင်းမိ ရှိကြကာ ဝယ်ယူနိုင်စွမ်း မြင့်မားကြသည်။

ရှန်မြောင်နှင့် အဒေါ်ကုသည် မဲနှိုက်သည့် စားပွဲများကို အတွင်းသို့ သယ်ယူလိုက်ကြသည်။ ထို့နောက် အဒေါ်ကု အိမ်ပြန်သွားလေသည်။ အနောက်ဘက် ခြံဝင်းထဲတွင် ရှန်းအာသည် လေထင်နှင့် သဲအိတ်ပစ်တမ်း ကစားနေသည်။ သူမက သဲအိတ်ကို မြင့်မြင့် ပစ်လိုက်လျှင် လေထင်က ခုန်ဖမ်းလေသည်။ လေထင်သည် ဝလာသဖြင့် လည်ပင်းတွင် အဆီများ စုနေပြီဖြစ်ရာ ဒီလို လှုပ်ရှားခိုင်းလိုက်သည်မှာ ကောင်းမွန်သော လေ့ကျင့်ခန်း ဖြစ်လေသည်။

ကျွေးဖုန်းကမူ ချန်ချွမ်း၏ ဘီးတပ်ကုလားထိုင်ဘေးတွင် ဝပ်နေပြီး ဘီးများကို ကိုက်ကာ သွားသွေးနေလေသည်။ ချန်ချွမ်း၏ ဘီးတပ်ကုလားထိုင်တွင် ကိုက်ရာများ ပြည့်နေပြီ ဖြစ်သည်။ ဒီနှစ်ရက် ရှန်မြောင် အလုပ်ရှုပ်နေသဖြင့် ဂရုမစိုက်နိုင်ရာ အကောင်ပေါက်လေးက အတော်ဆိုးသွမ်းနေလေပြီ။ နေရာတကာ လျှောက်ပြေး၊ လျှောက်ဝင်နေသဖြင့် အမွှေးများ ညစ်ပတ်နေသည်။ ပြီးခဲ့သည့် ရက်ပိုင်းက မီးဖိုထဲ ခေါင်းဝင်လျှိုသဖြင့် မျက်နှာတစ်ခုလုံး မည်းနက်နေကာ ကြည့်ရဆိုးနေပြီး ရှန်မြောင်မှာ မြင်တိုင်း ရေချိုးပေးချင်စိတ် တဖွားဖွား ပေါ်နေတော့သည်။

ကြက်သုံးကောင်လည်း ဝဖြိုးနေကြသည်။ ကြက်မ နှစ်ကောင်က နေ့တိုင်း ဥ ၂ လုံး ဥပေးသည်။ ကြက်ဖဖြူလေးကလည်း အမောက်များ နီရဲလာပြီး အမြီးများ ရှည်ထွက်လာကာ ပိုပြီး ခန့်ညားလာသည်။ သို့သော် သူက တွန်ဖို့ မစဉ်းစားဘဲ အခွင့်အရေးရသည်နှင့် ကြက်ဝါမကြီး အပေါ် ခုန်တက်ရန် ကြိုးစားတတ်သည်။ သို့သော် ကြက်ဝါမကြီးက ပြန်ဆိတ်သဖြင့် ပြန်ဆင်းပြေးရလေသည်။

ယိုယွီသည် ရေစည်ပြည့်အောင် ဖြည့်ပြီးပြီ ဖြစ်ကာ ရေထမ်းပိုးကို ပိုက်ကာ ရေစည်ဘေးတွင် ရပ်လျက် ကျေနပ်စွာ ကြည့်နေသည်။

ကျိအာကတော့ ကျောင်းက ပြန်လာပြီး အိမ်ခန်းထဲတွင် အိမ်စာလုပ်နေသည်။ ကျောင်းပိတ်ရက် တစ်ရက်ပဲ ရသော်လည်း ဆရာက "မုန့်ဇီ ကျမ်း" နှစ်ပုဒ် ကူးရေးခိုင်းလိုက်သဖြင့် မနားရသကဲ့သို့ ဖြစ်နေသည်။

ညစျေးဖွင့်ရန် အချိန်လိုသေးသဖြင့် ယခု ပွဲတော်အစီအစဉ် ပြီးဆုံးသွားချိန်တွင် ဆိုင်ထဲ၌ လူရှင်းနေ၏။ ရှန်မြောင်သည် ကလေးများကို ခေါ်ပြီး မီးအိမ်သွားဝယ်ရန် စီစဉ်လိုက်သည်။

နောက်ထပ် ရက်အနည်းငယ်ကြာလျှင် ကြာပန်းပွဲတော် ရောက်ပြီဖြစ်ရာ လမ်းမပေါ်တွင် ကြာပန်းမီးအိမ်များ ရောင်းချနေကြသည်။ မနေ့က လျိုတို့ဟွားက ကြိုးဆွဲပြီး ဘီးတပ်ထားသော ကြာပန်းပလ္လင် ယုန်မီးအိမ်လေး တစ်ခု ဝယ်လာရာ ရှန်းအာမှာ သွားရည်ကျခဲ့ရသည်။ ဝိုင်းကြည့်ရုံမကဘဲ ခဏလောက် ငှားဆွဲပါရစေဟု တောင်းပန်သော်လည်း လျိုတို့ဟွားက တန်ဖိုးထားလွန်းသဖြင့် မငှားဘဲ တို့ဟူးဆိုင်သို့ ဆွဲပြေးသွားခဲ့သည်။

မီးအိမ်ဝယ်ထွက်မည် ဆိုသည်နှင့် ရှန်းအာသည် စပရိန်ကန်သကဲ့သို့ ခုန်ပေါက်ကာ "ရေး..." ဟု အော်ဟစ်လိုက်သည်။ ရှန်မြောင်သည် ချန်ချွမ်းကို တွန်းလိုက်ကာ ကျိအာကို ခေါ်လိုက်သည်။ ရှန်းအာက ယိုယွီကို လှမ်းတွဲလိုက်ပြီး တစ်ဖွဲ့လုံး သိုက်သိုက်ဝန်းဝန်းဖြင့် အိမ်မှ ထွက်ခွာလာကြသည်။

ထိုစဉ် ဆိုင်ရှေ့သို့ ရင်းနှီးသလိုလို ရှိသော်လည်း နာမည်မမှတ်မိသော လူငယ်ကျောင်းသား တစ်ယောက် ရောက်လာသည်။ သူက သူခိုးလို ဘယ်ကြည့်ညာကြည့် လုပ်ပြီး လူရှင်းသည့် အခိုက်အတန့်တွင် အထုပ်ကြီး တစ်ထုပ်ကို ရှန်မြောင်လက်ထဲ ထိုးထည့်လိုက်သည်။

"ရှဲ့ကျို ပေးလိုက်တာ" ဟု တိုးတိုးလေး ပြောပြီး ထွက်သွားလေသည်။

သူသည် အဆက်မပြတ် လေလည်နေသော မြည်းတစ်ကောင်ကို ဆွဲလျက် အနောက်တွင် စာသင်သားအကူလေး ပါလျက် ကပျာကယာ ထွက်ခွာသွားလေသည်။

ရှန်မြောင်က မေးမြန်းချင်သဖြင့် ဆိုင်ဝအထိ လိုက်သွားသော်လည်း ထိုလူက မြည်းကို ဆွဲကာ ခြေကုန်သုတ် ထွက်သွားပြီ ဖြစ်သည်။ သွားရင်းနှင့် နှာခေါင်းပိတ်ကာ မြည်းကို ဆဲဆိုနေသေးသည်။ "ဘာလို့ ပဲတွေ အဲလောက် စားထားရတာလဲ" ဟု အပြစ်တင်နေသည်။

ရှန်မြောင်သည် အထုပ်ကို ပိုက်ပြီး အိမ်နောက်ဖေးသို့ ပြန်ဝင်လာခဲ့၏။ ဖွင့်ကြည့်လိုက်ရာ အဝတ်အစား ၄ စုံ ဖြစ်နေသည်။ လူကြီး တစ်စုံ၊ ကလေး ၃ စုံ ဖြစ်ပြီး သူမအိမ်ရှိ လူ ၄ ယောက်လုံးအတွက် ဖြစ်နေသည်။

သူမအတွက် ငွေရောင်ကြာပန်းပုံ ထိုးထားသော အစိမ်းရောင် ရင်ဖုံးအင်္ကျီရှည်နှင့် အပြာနုရောင် စကပ်ရှည် ဖြစ်သည်။ ရှန်းအာအတွက် ပန်းရောင်ရင်ဖုံး အင်္ကျီတိုနှင့် စကပ် ဖြစ်သည်။ ကျန်သည့် နှစ်စုံမှာ ယောကျ်ားလေး ဝတ်စုံများ ဖြစ်ပြီး ဝါးပင်နှင့် ထင်းရှူးပင်ပုံ ထိုးထားသော အစိမ်းနုရောင် ဝတ်စုံများ ဖြစ်သည်။

အထည်သားများက သာမန်မဟုတ်ဘဲ အကောင်းစားများ ဖြစ်နေသည်။

စာတစ်စောင်မှ ပါမလာသော်လည်း စိတ်ခံစားမှု သိမ်မွေ့သော ရှန်မြောင်သည် ကြည့်လိုက်သည်နှင့် နားလည်လိုက်သည်။

ဒါ ကျိုကောရဲ့ စေတနာပဲ ဖြစ်ရမယ်။

သူမသည် မီးအိမ်အောက်တွင် ထိုင်ကာ အဝတ်အစားများကို ကိုင်ကြည့်ရင်း တွေဝေသွားမိ၏။ သူမသည် ကျိုကောနှင့် ရင်းနှီးသည်ဟု ဆိုနိုင်ပြီး သူ့အကျင့်စရိုက်ကိုလည်း နားလည်ထားသည်။ ရှန်မြောင်ကလည်း တုံးအသူ မဟုတ်ချေ။ အရင်တုန်းက ကျိုကောက သိပ်မသိသာအောင် ပြုမူခဲ့သဖြင့် သူမ မသိချင်ယောင် ဆောင်နေခဲ့သည်။ သို့သော် ယခု အဝတ်အစား တစ်ထုပ်ကြီး ပို့ပေးလိုက်ခြင်းသည် သူ့စေတနာများကို အစုလိုက်အပြုံလိုက် ဖော်ပြလိုက်သကဲ့သို့ ဖြစ်နေသည်။

သူက ယန့်ရှူးကို မလွှတ်။ ချိုးဟောင်ကို မလွှတ်။ ကျိုးတာ့၊ အိမ်တော်ထိန်းကျန့် စသည့် အိမ်တော်က အစေခံများကို မလွှတ်ဘဲ မဆိုင်သော ပြင်ပလူကို အကူအညီတောင်းပြီး လာပို့ခိုင်းခြင်းသည် သူမ အတင်းပြောခံရမည်ကို စိုးရိမ်သောကြောင့် ဖြစ်ပေလိမ့်မည်။

တစ်ချို့လူများက ချစ်ခွင့်ပန်လျှင် တဲ့တိုးဆန်ပြီး ရိုင်းပျတတ်သည်။ ဒီနေ့တွေ့ မနက်ဖြန် ယူချင်ကြသည်။ တစ်ချို့လူများကျတော့ ထိန်းသိမ်းပြီး တိတ်ဆိတ်စွာ ဖော်ပြတတ်သည်။ တစ်ဖက်လူ စိတ်အနှောင့်အယှက် ဖြစ်မှာကို စိုးရိမ်တတ်သည်။

ရှန်မြောင်သည် ကျောက်တုံး ကျောက်ဆောင် မဟုတ်သဖြင့် စိတ်လှုပ်ရှားမိသည်မှာ အမှန်ပင်။

အထူးသဖြင့် ကျိုကောလို လူမျိုးက ရုပ်ရည်ချောမောသည်။ မျိုးရိုးဂုဏ်သိန် ရှိသည်။ စိတ်သဘောထား နူးညံ့သိမ်မွေ့သည်။ အကယ်၍ သူမသည် ဒီခေတ်က မိန်းကလေး စစ်စစ် ဖြစ်ခဲ့လျှင် သူ၏ ဒီလောက် ဂရုစိုက်ကြင်နာမှုကို ခံရပါက ယခုလို စိတ်ရှုပ်ထွေးပြီး တွေဝေနေမည် မဟုတ်ဘဲ ပျော်ရွှင်မိပေလိမ့်မည်။

သို့သော် သူမသည် အခုအချိန်တွင် အချစ်ရေး၊ အိမ်ထောင်ရေးများကို မစဉ်းစားချင်သေးပေ။ သူမ လုပ်ချင်တာတွေ အများကြီး ရှိသေးသည်။

သူမသည် ခေါင်းလှည့်ပြီး ရှန်မိသားစု ခြံဝင်းလေးကို ကြည့်လိုက်၏။ မီးအိမ်ရောင်အောက်တွင် နွေးထွေးနေသည်။ အရှေ့ဘက် နေရောင်ရသော နံရံခြေရင်းတွင် နွယ်ပင်များ တက်နေပြီ။ ရေကန်ငယ်လေးထဲတွင် မိုးရေများ တင်နေပြီး ဖားအချို့က ဝင်ရောက် နေထိုင်နေကြသည်။ ညရောက်သည်နှင့် "တအွမ်... အွမ်..." ဟု အဆက်မပြတ် အော်မြည်နေကြသည်။ သို့သော် သူတို့ ကျေးဇူးကြောင့် ခြံဝင်းထဲတွင် ခြင်၊ ယင် မရှိသလောက် ရှင်းလင်းနေသည်။

ဒါ သူမ ကိုယ်တိုင် ရှာဖွေထားသော အိမ်လေး ဖြစ်သည်။

ရှန်းအာသည် ခုန်ဆွခုန်ဆွဖြင့် တံခါးတွန်းဝင်လာပြီး မေးလေသည်။ "မီးအိမ် ဘယ်တော့ သွားဝယ်မှာလဲ"

သူမသည် ညလေညှင်းနှင့်အတူ ဝင်ရောက်လာကာ လေတိုက်ထားသဖြင့် သူမ၏ ဆံပင် နှစ်ဖက်စလုံး ဖွာလန်ကြဲနေကာ "သစ်အယ်သီး စုတ်ဖွား" နှစ်လုံး ဖြစ်နေသည်။ ရှန်မြောင် ရယ်မောလိုက်မိပြီး အထုပ်ကို ပြန်ချည်ကာ ထရပ်လိုက်သည်။

"အခု သွားမယ်"

တစ်ချို့ကိစ္စတွေကို တစ်ယောက်တည်း စိတ်ညစ်မနေသင့်ဘူး။ တစ်ချို့စကားတွေကို သေချာထိုင်ပြီး ရှင်းပြသင့်တယ်။ ရှန်မြောင် သိပ်မကြာခင်မှာပဲ စိတ်ရှင်းသွားသည်။ ဘာပဲဖြစ်ဖြစ် သူမက အိမ်ထောင်ကျဖူးတဲ့ လမ်းဘေးစျေးသည်ပဲဟာ။ ပါးစပ်ပါတာပဲ။ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်း ပြောလိုက်ရုံပဲပေါ့။

မိသားစုသည် ပျော်ရွှင်စွာဖြင့် လမ်းလျှောက်ထွက်လာကြ၏။

လမ်းမပေါ်တွင် အမှန်တကယ် စည်ကားနေသည်။ ရှန်မြောင်သည် လမ်းလျှောက်ရင်း စားကြရန် ဝေ့မိသားစု မုန့်ဆိုင်တွင် ဇီးယိုထိုး နှစ်ဘူး ဝင်ဝယ်လိုက်သည်။ ဝေ့ဆိုင်ရှင်သည် သူမကို မြင်သောအခါ အနည်းငယ် ကြောင်သွားသော်လည်း ဘာပြဿနာမှ မဖြစ်ဖူးသကဲ့သို့ ရင်းရင်းနှီးနှီး နှုတ်ဆက်လေသည်။ သူမ စီးပွားရေး ကောင်းကြောင်း၊ လက်ရာကောင်းကြောင်း ချီးကျူးလေသည်။ စီးပွားရေးသမား ပီသပါပေသည်။ အကျိုးစီးပွားချင်း မတိုက်မိတော့သည်နှင့် ချက်ချင်း သဘောထား ပြောင်းလဲသွားသည်။

ရှန်မြောင်သည် ဇီးယိုထိုးကို မြည်းစမ်းကြည့်လိုက်သည်။ ဝေ့မိသားစု မုန့်ဆိုင်သည် သက်တမ်းကြာရှည် ဖွင့်လှစ်ထားသည်မှာ အလကား မဟုတ်ပေ။ လက်ရာမဆိုးပေ။ ပျော့အိစေးပိုင်နေပြီး အရမ်းမချဉ်၊ အရမ်းမချိုဘဲ အနေတော် ဖြစ်သည်။ ခေတ်သစ်က "ဇီးယို" အရသာနှင့် ဆင်တူသည်။

မဆိုးဘူး။ နောက်ဆို မကြာခဏ ဝယ်စားရမယ်။

မီးအိမ်သည်နှင့် တွေ့သောအခါ သူမသည် ရှန်းအာအတွက် လျိုတို့ဟွား ဝယ်သကဲ့သို့ ကြာပန်းပလ္လင် ယုန်မီးအိမ် ဝယ်ပေးလိုက်ရုံသာမက လည်ပတ်နိုင်သော ကြာပန်းမီးအိမ် တစ်ခုပါ ထပ်ဝယ်ပေးလိုက်သဖြင့် ရှန်းအာတစ်ယောက် ပါးစပ်စိမရအောင် ပျော်ရွှင်သွားသည်။

ယိုယွီကမူ ကြာခွက်ပုံစံ မီးအိမ်ကို ရွေးချယ်လိုက်သည်။ လက်ကိုင်တံ ရှည်ရှည်ပါသဖြင့် ယုန်နားရွက်ကဲ့သို့ ကိုင်ထားနိုင်ပြီး ချစ်စရာကောင်းသည်။ ကျိအာက ရှစ်မြှောင့်ပုံ စက္ကူမီးအိမ်ကို သဘောကျသည်။ မီးအိမ်ပေါ်တွင် ကဗျာများ ရေးသားထားသဖြင့် လှပပြီး ကျက်သရေ ရှိသည်။

ချန်ချွမ်း တစ်ယောက်တည်းသာ မီးအိမ်များကို ကြည့်ပြီး ဝမ်းနည်းနေလေသည်။

ရှန်မြောင် သတိထားမိသဖြင့် ငုံ့ကာ မေးလိုက်သည်။ "တစ်ခုလောက် လိုချင်လား"

ချန်ချွမ်းက လူကြီးလို ဟန်ဆောင်ကာ ခေါင်းခါလိုက်သည်။ "မလိုပါဘူး... မဆော့ချင်ပါဘူး"

သူသည် မီးအိမ်ပွဲတော်ရက်တွင် လူကုန်ကူး ခံလိုက်ရခြင်း ဖြစ်ရာ စိတ်မကောင်း ဖြစ်နေခြင်း ဖြစ်ပေလိမ့်မည်။ ရှန်မြောင် အတင်းမတိုက်တွန်းတော့ဘဲ သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်သည်။ သူမ ကိုယ်တိုင်အတွက် ပန်းပွားလေးများပါသော ပန်းလုံးမီးအိမ်လေး တစ်ခု ဝယ်လိုက်ပြီး အိမ်ပြန်လာကြလေသည်။

နောက်တစ်နေ့တွင် ရှန်မြောင်သည် အထုပ်ကို ဖြေလိုက်၊ ပြန်ချည်လိုက် ၃ ခေါက်လောက် လုပ်ပြီးမှ နောက်ဆုံးတွင် အဝတ်အစားသစ်ကို ထုတ်ဝတ်လိုက်သည်။ ကျိအာနှင့် ရှန်းအာကိုလည်း ဝတ်ပေးလိုက်သည်။ ချန်ချွမ်းကမူ ဘယ်လိုမှ မလိုက်ချင်သဖြင့် အဒေါ်ကုကို အပ်ထားခဲ့ရသည်။

မောင်နှမ သုံးယောက် ပြင်ဆင်ပြီးသည်နှင့် ရှန်မြောင်သည် ညက မအိပ်ဘဲ ရေးဆွဲထားသော "ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ" စာရွက်များကို ယူဆောင်ကာ ရှဲ့မိသားစု လွှတ်လိုက်သော မြင်းလှည်းပေါ်သို့ တက်လိုက်ကြလေသည်။ မြူခိုးများ ဝေနေသော မနက်ခင်းတွင် မြို့ပြင်ရှိ ရှဲ့မိသားစု စံအိမ်သို့ ထွက်ခွာလာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် ပြန့်ကျင်းမြို့နှင့် မိုင် ၆၀ ခန့် ဝေးသော လမ်းမကြီးဘေးရှိ ဧည့်ရိပ်သာ အိုအိုလေး တစ်ခုရှေ့တွင် ဖုန်ူထူနေသော လှည်း ၃ စီး ရပ်တန့်လိုက်လေသည်။

ရုပ်ရည်ချောမောသော လူငယ်စာသင်သား တစ်ဦးသည် လှည်းပေါ်မှ အရင်ခုန်ဆင်းလိုက်ပြီး လှည်းလိုက်ကာကို လှန်ကာ ဇနီးသည်ကို ဂရုတစိုက် တွဲခေါ်လိုက်သည်။ အစေခံအချို့က ဆိုင်ရှင်ထံ သွားရောက်ကာ အထူးခန်း ၂ ခန်းနှင့် ရိုးရိုးခန်း ၁ ခန်း ငှားရမ်းလိုက်ကြသည်။

ထို့နောက် နောက်ဆုံးလှည်းပေါ်ရှိ ပစ္စည်းများကို သွားရောက် ဖြုတ်ချကြသည်။

အလယ်က အနည်းငယ် သေးငယ်ပြီး ဟောင်းနွမ်းနေသော လှည်းပေါ်မှ ဝဝတုတ်တုတ် အဘွားကြီးတစ်ဦး ဆင်းလာလေသည်။ ထိုအဘွားကြီးတွင် မျက်လုံးပြူးပြူးများ ရှိပြီး ဘာကြည့်ကြည့် အမြင်မတော်သည့် ပုံစံရှိသည်။ သားဖြစ်သူက ချွေးမကို တွဲခေါ်နေသည်ကို မြင်လိုက်ရသောအခါ မျက်လုံးလှန်ကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်သို့ တံတွေး "ထွီ" ခနဲ ထွေးလိုက်သည်။

"နင့် ကျန့်မိသားစုရဲ့ အရှိန်အဝါနဲ့ ငွေကြေးကို အားကိုးပြီး ငါ့သား ရှေ့ရေးကောင်းအောင် လုပ်ပေးနိုင်လို့သာပေါ့... မဟုတ်ရင် ဟို ရှန် မိန်းမ လိုပဲ ငါ့နားမှာ တစ်ချိန်လုံး မတ်တပ်ရပ်ပြီး ပြုစုခိုင်းပစ်လိုက်မယ်"

...

အပိုင်း (၉၆) အောင်မြင်သော ရင်းနှီးမြှုပ်နှံမှု

ဟွမ်ချောင် ပုန်ကန်မှု မတိုင်ခင်က အထက်တန်းလွှာ မျိုးရိုးကြီးများသည် "ခြံမြေစီးပွားရေး"ကို ဦးဆောင်ခဲ့ကြသည်။ သူတို့သည် စစ်ပွဲများအတွင်း ဒေဝါလီခံရသော လယ်သမားများ၏ လယ်မြေများကို ဝယ်ယူသိမ်းပိုက်ပြီး တောင်တန်းများနှင့် ရေကန်များကိုပါ ပိုင်ဆိုင်သည့် ခြံဝင်းကြီးများကို တည်ထောင်ခဲ့ကြသည်။ ထိုခြံဝင်းများသည် မိုင်ပေါင်း ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ရှည်လျားကျယ်ဝန်းကြသည်။ ဥပမာအားဖြင့် အရှေ့ကျင်းမင်းဆက်တွင် ရှဲ့မိသားစုသည် "ခွိုက်ကျီ"နှင့် "ဝူရှင်း"ဒေသများတွင် တည်ဆောက်ခဲ့သော ခြံဝင်းကြီးများ ဖြစ်သည်။ တောင်နှင့် ရေကို မှီခိုတည်ဆောက်ထားရုံသာမက ခြံဝင်းထဲတွင် လယ်မြေများ၊ မြေအိုးဖိုများ၊ ရက်ကန်းရုံများနှင့် အရက်ချက်စက်ရုံများ ပါဝင်ပြီး ကျွန်ပေါင်း ထောင်ချီကာ အစေခံများ၊ လယ်ငှားများစွာ နေထိုင်ကြသဖြင့် မြို့ငယ်လေး တစ်မြို့စာမျှ ပြည့်စုံလေသည်။

ဟွမ်ချောင်ပုန်ကန်မှု အပြီးတွင် ခြံမြေစီးပွားရေး ပြိုကွဲသွားခဲ့သည်။ အထက်တန်းလွှာ မျိုးရိုးကြီးများသည် အရာရှိရွေးချယ်ခြင်း၊ မြေယာနှင့် ကြွယ်ဝချမ်းသာမှုများကို လက်ဝါးကြီးအုပ်နိုင်စွမ်း မရှိတော့ပေ။ စုန့်မင်းဆက်တွင် နေထိုင်သော သာမန်ပြည်သူများသည် အရှိန်အဟုန်ဖြင့် တိုးတက်လာသော "ကူးသန်းရောင်းဝယ်ရေး" စီးပွားရေးကို အမှီပြုကာ ပဒေသရာဇ်ခေတ်တွင် အချမ်းသာဆုံး မင်းဆက်တစ်ခုကို ဖန်တီးနိုင်ခဲ့ကြသည်။

ရှန်မြောင်သည် ရှန်းအာနှင့် ကျိအာကို တွဲလျက် လှည်းပေါ်မှ ဆင်းလာပြီး ပြန့်ကျင်းမြို့စွန်ရှိ ရှဲ့မိသားစု စံအိမ်ခြံဝင်းထဲသို့ ဝင်ရောက်လာချိန်တွင် သမိုင်းကြောင်းကို ဘေးမှရပ်ကြည့်သူ တစ်ယောက်အနေဖြင့် ထိုကဲ့သို့ အတွေးများ ပေါ်လာမိသည်။

'သူတို့ရဲ့ ရှေးဘိုးဘေးတွေဖြစ်တဲ့ ဝေကျင်းခေတ်က အခြေအနေနဲ့ ယှဉ်လိုက်ရင် ဒီခြံဝင်းကြီးက... လယ်ကွင်းတွေနဲ့ ပိုးစာခင်းတွေပေါ်မှာ ဆောက်ထားတဲ့ ခြံဝင်းကျယ်ကျယ် စံအိမ်ကြီး တစ်လုံးလောက်ပဲ ရှိတော့တာပေါ့'

သို့သော်လည်း အပြာရောင် အုပ်ကြွပ်မိုးများနှင့် ကော့ညွတ်နေသော ခေါင်မိုးစွန်းများသည် တောင်နှင့်ရေကြားတွင် တည်ရှိနေပြီး ခြံဝင်းထဲမှ စင်္ကြံလမ်းအတိုင်း အပြင်ဘက်ကို လှမ်းကြည့်လိုက်လျှင် စိမ်းလန်းစိုပြေသော လယ်ကွင်းများက အဆုံးမရှိ ကျယ်ပြောနေသည်။ ရေကန်ဘေးတွင် မိုးမခပင်များက ရေပြင်ကို ပွတ်တိုက်လုမတတ် တွဲလောင်းကျနေသည်။ မလှမ်းမကမ်းတွင် ၄-၅ ထပ်မြင့်သော မျှော်စင်တစ်ခု ရှိကာ အပေါ်မှ ကြည့်လိုက်လျှင် တောင်တန်းများနှင့် လယ်ကွင်းများကို စီးမိုးမြင်တွေ့ရနိုင်မည်ဖြစ်ရာ အလွန်လှပပေလိမ့်မည်။

သူတို့ကို လမ်းပြပေးသော တံခါးစောင့်မှာ အသိမိတ်ဆွေ ယန်ချီ ဖြစ်နေသည်။ သူသည် ရှန်မြောင်ကို မြင်သောအခါ ဝမ်းသာအားရ လက်နှစ်ဖက်ကိုပွတ်ကာ ပြုံးပြလေသည်။

"ကျွန်တော်နဲ့ ရှန်ညန်ဇီက ရေစက်ပါပဲဗျာ... ဒီနေ့ ဧည့်သည်တွေ ဒီလောက်များတာတောင် ရှန်ညန်ဇီနဲ့ လာဆုံရသေးတယ်"

သူသည် လမ်းတစ်လျှောက် ရှန်မြောင်နှင့် စကားစမြည် ပြောလာခဲ့သည်။ လမ်းတစ်ဝက်အရောက်တွင် ကျိအာသည် အခြားတံခါးစောင့် တစ်ဦးနှင့်အတူ ယောကျ်ားလေးများ စုဝေးရာသို့ လမ်းခွဲသွားလိုက်ရပြီး ယန်ချီက ပြောပြလေသည်။ "ကျိုကောရဲ့ ကျောင်းနေဖက် သူငယ်ချင်းတွေ အကုန်လုံး အဲဒီမှာ ရှိပါတယ်... ရှန်ညန်ဇီ စိတ်မပူပါနဲ့"

ရှန်မြောင်နှင့် ရှန်းအာတို့လည်း အထဲသို့ ဆက်လျှောက်လာလိုက်ကြသည်။ တံခါးနှစ်ဆင့် ကျော်ဖြတ်ပြီးနောက် မျက်စိရှေ့တွင် မြင်ကွင်းကျယ်ကြီး ပေါ်လာ၏။ ရှဲ့မိသားစု၏ စံအိမ်သည် ထူးခြားစွာ တည်ဆောက်ထားပြီး အနောက်ဘက်ဥယျာဉ်သည် တောင်တန်းများနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ တံခါးကို ဖြတ်ကျော်လိုက်သည်နှင့် ကျယ်ပြောနက်ရှိုင်းသည့် ဥယျာဉ်ကို တွေ့ရမည်ဟု ထင်ထားသော်လည်း "ရေပြင်ညီတွင် ဆောင်းဦးရေ ပြာလဲ့လဲ့၊ လှေငယ်လေးများ ကူးခတ်နေ" ဟူသော မြင်ကွင်းကို တွေ့လိုက်ရသည်။ အမျိုးသမီး ဧည့်သည်များသည် ၂ ယောက်တစ်တွဲ ၃ ယောက်တစ်တွဲဖြင့် ရေပေါ်တွင် လှေစီးကာ ပျော်ပါးနေကြသည်။

စောစောက လှည်းပေါ်မှ ဆင်းကာစတွင် သူမသည် ခြံဝင်းကြီးကို ကြည့်ပြီး ခြံဝင်းကျယ်ကျယ် စံအိမ်ကြီးလောက်ပါပဲ ဟု တွေးမိခဲ့သည်။ ယခုမူ ရှန်မြောင်မှာ ရှက်သွားမိသည်။ သူမ အမြင်ကျဉ်းသွားသည်ပဲ။ ကြည့်ရသလောက် ဒီတောင်တစ်လုံးလုံးနှင့် အောက်ဘက်က ဂျုံခင်းအများစုသည် ရှဲ့မိသားစုပိုင်များ ဖြစ်ပုံရသည်။

'ကြည့်ရတာ ခြံမြေစီးပွားရေးရဲ့ အခြေခံအုတ်မြစ်က သိပ်မပျက်စီးသေးဘူးပဲ' ရှန်မြောင်က ရှက်ရွံ့စွာ တွေးလိုက်မိသည်။ သို့သော်လည်း လက်တွေ့သမိုင်းတွင် အထက်တန်းလွှာ မျိုးရိုးကြီးများ၏ နိဂုံးသည် "ကျင်းခန်း အရေးအခင်း"တွင်မှ အဆုံးသတ်သွားခြင်း ဖြစ်သည်။

ယခု စုန့်မင်းဆက်၏ သမိုင်းသံသရာသည် အကွေ့အကောက်များသော တောင်ပေါ်လမ်းသို့ ရောက်ရှိနေပြီဖြစ်ရာ ရှန်မြောင်၏ မှတ်ဉာဏ်ထဲက သမိုင်းနှင့် ကိုက်ညီမှု မရှိတော့ပေ။ ကွဲပြားခြားနားမှု အနည်းငယ် ရှိနေခြင်းမှာ ပုံမှန်ပင်။

ကန်ဘေးရှိ ကျူပင်တောထဲတွင် လူမပြည့်သေးသော ဝါးမိုးလှေငယ် အချို့ ဆိုက်ကပ်ထား၏။ ယန်ချီ၏ လမ်းညွှန်မှုဖြင့် ရှန်မြောင်သည် ရှန်းအာကို ဆွဲကာ လူအနည်းဆုံး လှေတစ်စင်းပေါ်သို့ တက်လိုက်သည်။ ခေါင်းမော့ကြည့်လိုက်မှ အတွင်း၌ မိန်းကလေး ၃ ယောက် ထိုင်နေသည်ကို တွေ့လိုက်ရသည်။

ထိုအထဲမှ နှစ်ယောက်ကို ရင်းနှီးနေ၏။

ဘဲဥပုံ မျက်နှာနှင့် တစ်ယောက်၊ မျက်နှာဝိုင်းဝိုင်းနှင့် တစ်ယောက်။ ဆိုင်မှာ တွေ့ဖူးသလိုလို။ ရှန်မြောင်သည် နာမည် မမှတ်မိသော်လည်း သူတို့သည် သူမဆိုင်မှ ဖောက်သည်များ ဖြစ်ကြောင်း သေချာသည်။ မျက်နှာဝိုင်းဝိုင်းလေး၏ လက်ထဲတွင် သူမ မှာယူထုတ်လုပ်ထားသော "ငါးပုံစံ ရေသူမလေး ဝါဂွမ်းရုပ်" ကို ကိုင်ထားသည်။ ထိုရုပ်သေးရုပ်လေးကို စုန့်ခေတ် ဝတ်စုံလေးပင် လဲပေးထားသေးသည်။ လက်မောင်းနှင့် လည်ပင်းတဝိုက်တွင် ပုလဲစေ့လေးများ တပ်ဆင်ထားရာ လက်ရာမြောက်လှသည်။

မျက်နှာဝိုင်းဝိုင်းလေးသည် သူမ ဝင်လာသည်ကို မြင်သောအခါ အလွန်အံ့သြသွားပုံရသည်။ ဘာကြောင့်လဲ မသိ။ ဘဲဥပုံ မျက်နှာလေးကမူ သူမကို မြင်သောအခါ မျက်နှာလေး ရဲခနဲဖြစ်သွားပြီး နှုတ်ဆက်လေသည်။ "ရှန်ညန်ဇီ... တိုက်ဆိုင်လိုက်တာ... လာထိုင်ပါဦး"

ရှန်မြောင်လည်း ဝင်ထိုင်လိုက်သည်။ ရှန်းအာသည် သူမ၏ ခြေထောက်ဘေးတွင် ကပ်ထိုင်ပြီး သူမ၏ စကပ်စကို ကိုင်ထားသည်။ ပုံမှန်ဆိုလျှင် လမ်းကြားထဲတွင် ဗိုလ်ကျနေသော ရှန်းအာသည် အပြင်ရောက်သည်နှင့် လိမ္မာပြီး တစ်ခွန်းမှ မပြောတော့ပေ။

လှေပေါ်တွင် ကျဉ်းကျပ်မနေပေ။ ဝါးမိုးကို ခပ်မြင့်မြင့် မိုးထားသည်။ လူ ၅ ယောက်ကြားတွင် စားပွဲပုလေး တစ်လုံး ချထားပြီး စားပွဲပေါ်က သစ်သားဗန်းထဲတွင် သူမ စားဖိုမှူးဖန်းကို သင်ပေးခဲ့သော ကြက်ဥအနှစ်မုန့်နှင့် ကိတ်ခြောက်များ ထည့်ထားသည်ကို တွေ့လိုက်ရသည်။

ဘဲဥပုံ မျက်နှာနှင့် မိန်းကလေးက ဖော်ရွေစွာဖြင့် လက်ကိုင်ပုဝါ ခံကာ မုန့်နှစ်ခု ယူပြီး ရှန်းအာကို ပေးလေသည်။ "ညီမလေးက ရှန်ညန်ဇီရဲ့ ညီမလား... ဒါဆို ရှန်အာ့ညန်ဇီ လို့ ခေါ်ရမလား"

ရှန်းအာသည် ရှန်မြောင်ကို မော့ကြည့်လိုက်ပြီး ရှန်မြောင်က ခေါင်းညိတ်ပြမှ လှမ်းယူလိုက်သည်။ ထို့နောက် ဘဲဥပုံမျက်နှာနှင့် မိန်းကလေးကို ပြန်လှည့်ကြည့်ကာ ချိုသာစွာ ပြုံးပြလိုက်သည်။ "ကျေးဇူးတင်ပါတယ် အစ်မ... သမီးနာမည်က ရှန်းအာ ပါ"

"လိမ္မာလိုက်တာ... ငါ့ညီမထက်တောင် ပိုလိမ္မာသေးတယ်" ဘဲဥပုံမျက်နှာလေးက ပြုံးရယ်လိုက်သည်။

ထိုအချိန်ကျမှ မျက်နှာဝိုင်းဝိုင်းလေးသည် သတိဝင်လာပြီး ရှန်မြောင်ကို နှုတ်ဆက်လေသည်။ သူတို့ အပြန်အလှန် မိတ်ဆက်ကြမှ ဤနှစ်ယောက်သည် သူမနှင့် ရင်းနှီးပြီးသား လူများ ဖြစ်နေကြောင်း ရှန်မြောင် သိလိုက်ရသည်။ ဘဲဥပုံမျက်နှာပိုင်ရှင်မှာ ဖုန်းမိသားစုမှ ၇ ယောက်မြောက် သမီး ဖုန်းချီညန် ဖြစ်ပြီး မျက်နှာဝိုင်းဝိုင်းလေးမှာ ကျိုကော၏ ညီမရင်း ရှဲ့ရှစ်ယီးညန် ဖြစ်နေသည်။

ရှဲ့ရှစ်ယီးညန်သည် ထောင့်တစ်နေရာတွင် ရေပြင်ကို ငေးကြည့်နေသော မိန်းကလေးကို လက်ညှိုးထိုးပြပြီး ရှန်မြောင်ကို မိတ်ဆက်ပေးလိုက်၏။ "ဒါကတော့ ကျွန်မ အဒေါ်ဘက်က ဝမ်းကွဲအစ်မကြီး ချွေးမိသားစုကပါ... ရှန်ညန်ဇီ သူ့ကို ချွေးဝမ်ညန်လို့ ခေါ်လို့ ရပါတယ်"

ရှန်မြောင် လှမ်းကြည့်လိုက်သော်လည်း ချွေးဝမ်ညန်သည် ကြားပုံမရဘဲ ရေပြင်ကိုသာ ငေးမောနေဆဲ။

သူမသည် အရိုးပေါ်အရေတင် ပိန်လှီနေပြီး မျက်နှာက စက္ကူဖြူထက်ပင် ပိုဖြူနေသည်။ ဝတ်ထားသော အဝတ်အစားများပင် ဖားဖားလျားလျား ဖြစ်နေကာ ရောဂါကြီးကြီးမားမား ဖြစ်ပြီးကာစ လူမမာတစ်ယောက်နှင့် တူနေသည်။ သူမ၏ ရုပ်ရည်သည် ရှဲ့တာ့ညန်ဇီနှင့် အတော်ဆင်တူပြီး ရဲရင့်သော အသွင်အပြင် ရှိသော်လည်း နေမကောင်းဖြစ်နေသဖြင့် ထိုရဲရင့်မှုများ ကြေမွပျက်စီးနေသကဲ့သို့ ဖြစ်နေကာ မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့နေသော အရိပ်အယောင်များ လွှမ်းခြုံနေသည်။

သူမက ဂရုမစိုက်သဖြင့် ရှန်မြောင်လည်း စကားမပြောတော့ပေ။ လှေပေါ်တက်ကာစက သူမသည် ရှဲ့တာ့ညန်ဇီနှင့် တူသဖြင့် ရှဲ့မိသားစုဝင် ထင်ခဲ့သော်လည်း ဝမ်းကွဲ ဖြစ်နေလေသည်။

ရှစ်ယီးညန်က ဝင်ရောက် ဖြေရှင်းပေးသည်။ "ကျွန်မ အစ်မက ကျန်းမာရေး သိပ်မကောင်းလို့ပါ... ရှန်ညန်ဇီ စိတ်မရှိပါနဲ့နော်"

ရှန်မြောင်က ရပါတယ် ဟု ပြန်ပြောလိုက်သည်။

ရှဲ့ရှစ်ယီးညန်သည် ရှန်ညန်ဇီ ဝတ်ဆင်ထားသော အစိမ်းရောင် အင်္ကျီရှည်ကို ကြည့်လိုက်၊ ချွေးဝမ်ညန်ကို ကြည့်လိုက်နှင့် စိတ်ထဲတွင် ဗျာများနေရတော့သည်။ ဒီကိစ္စကို သူမတစ်ယောက်တည်း သိနေပြီး ရင်ထဲတွင် လှိုင်းထန်နေသော်လည်း ဘယ်သူ့ကိုမှ ဖွင့်ပြောပြလို့ မရပေ။

ရှန်မြောင်သည် ရှဲ့ရှစ်ယီးညန် ဘာတွေးနေမှန်း မသိပေ။ လေပြေလေညှင်း တိုက်ခတ်လာသဖြင့် သူမ စိတ်လက်ပေါ့ပါး သွားသည်။

အထူးသဖြင့် ဖုန်းချီညန်က သူမနှင့် စကားပြောရတာ နှစ်သက်ပုံရသဖြင့် ရှန်မြောင်တစ်ယောက် အံ့သြသွားရသည်။ သူမကဲ့သို့ သာမန်စျေးသည် တစ်ယောက်သည် ဤကဲ့သို့ နေရာမျိုးသို့ ရောက်လာပြီး အထက်တန်းလွှာ မိန်းကလေးများနှင့် စကားပြောလျှင် အဆင်ပြေပါ့မလားဟု တွေးပူခဲ့သော်လည်း ဖုန်းချီညန်က သူမ၏ ခေါက်ဆွဲဟင်းရည် ကောင်းကြောင်း စတင်ချီးကျူးလေသည်။ ပြီးနောက် သူမအဖေ ဆရာကြီးဖုန်းက သူမ၏ ငါးကင်ကို စားပြီး စွဲလမ်းသွားကြောင်း၊ နေ့တိုင်း အစေခံလွှတ်ပြီး ဝယ်ခိုင်းကြောင်း ပြောပြလေသည်။ နောက်ပိုင်းတွင်...

"ရှန်ညန်ဇီက လွန်ခဲ့တဲ့ နှစ်ရက်တုန်းက ပွဲတော် အစီအစဉ် လုပ်ခဲ့တယ်မလား... အဖေက ဖုန်းလျို့ကို လွှတ်ပြီး ငါးအပွဲ ၈၀ တောင် စုခိုင်းလိုက်သေးတယ်... မဲတွေ အများကြီး နှိုက်ပြီး ရုပ်သေးရုပ်တွေ အများကြီး ပေါက်လာလို့ အိမ်ပြန်ရောက်တော့ သမီးတွေကို ဝေပေးနေတာ"

ရှန်မြောင်တစ်ယောက် မျက်တောင်ခတ်လိုက်မိတော့သည်။ တရားခံ ပေါ်ပြီ။ ဟိုရက်တုန်းက တွေ့ခဲ့တဲ့ "ငွေမင်းသား" က ဖုန်းမိသားစု သခင်လေးရဲ့ အစေခံ ဖြစ်နေတာကိုး။ သူမက ထိုလူ၏ ငွေသုံးပုံသုံးနည်းကို ရင်းနှီးနေသည်ဟု ထင်ခဲ့သည်မှာ အလကား မဟုတ်ပေ။ ဖုန်းမိသားစု လက်ချက်ပဲ။

ဒါဆိုရင်တော့ မထူးဆန်းတော့ပါဘူး။

လှေပေါ်တွင် လေညှင်းခံရင်း မုန့်စား၊ လက်ဖက်ရည်သောက်ရင်း အဝေးမှ ဂီတသံ သဲ့သဲ့ကို ကြားနေရသည်။ ငှက်ကလေးများ ရေပြင်ကို တောင်ပံဖြင့် ရိုက်ခတ်သွားသကဲ့သို့ လေထဲတွင် လွင့်ပျံလာသော ဂီတသံက စိတ်ကို ကြည်နူးစေသည်။

ရှန်းအာကတော့ ခေါင်းငုံ့ပြီး ကြက်ဥအနှစ်မုန့်ကို စားနေလေသည်။ ရှန်မြောင် အလုပ်ရှုပ်သွားပြီးနောက်ပိုင်း မုန့်မလုပ်ကျွေးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ ဒီနေ့ ဒီနေရာရောက်မှ ပြန်စားရပြီး အစ်မလုပ်ကျွေးသည့် အရသာနှင့် တူနေသဖြင့် မျက်လုံးများ အရောင်တောက်ကာ ရတနာသိုက် တွေ့သကဲ့သို့ ဖြစ်နေပြီး ပါးစပ်ဘေးတွင် မုန့်မှုန့်များ ပေကျံနေသည်။

ရှဲ့ရှစ်ယီးညန်သည် တွေးရင်း တွေးရင်းနှင့် ရှန်းအာ၏ ကျေနပ်အားရစွာ စားသောက်နေပုံကို မြင်လိုက်ရသဖြင့် မနေနိုင်တော့ဘဲ လှမ်းယူစားလိုက်မိသည်။ ဒီနေ့ စားဖိုမှူးဖန်း လုပ်ထားသော ကြက်ဥအနှစ်မုန့်တွင် အရသာ ၃-၄ မျိုး ပါဝင်သည်။ ပဲနီအနစ်၊ ကြာစေ့၊ လက်ဖက်စိမ်းနှင့် ဝက်သားမွခြောက် ပိန်းဥ တို့ ဖြစ်သည်။ ကြာစေ့အနှစ်ကို ခြံဝင်းထဲမှ အလတ်ဆတ်ဆုံး ကြာစေ့များကို ခူးပြီး အူတိုင်ထုတ်၊ ပေါင်း၊ ကြိတ်ကာ သကြားနှင့် ဆီရောပြီး ကျိုထားသဖြင့် စားလိုက်လျှင် ညက်ညောပြီး ကြာစေ့နံ့ သင်းနေသည်။

ဒီနည်းလမ်းများကို ရှန်ညန်ဇီ သင်ပေးထားတာ ဟု သိရသည်။

ရှဲ့ရှစ်ယီးညန်ကတော့ ပဲနီအနစ် အရသာကို အကြိုက်ဆုံး ဖြစ်သည်။ ပဲနီအနစ်၏ ချိုအိသော အရသာက ကြက်ဥအနှစ်၏ ငန်သော အရသာနှင့် ပေါင်းစပ်သွားပြီး ပဲနီနံ့ သင်းပျံ့နေသဖြင့် ဘယ်လောက်စားစား မအီပေ။

စားရင်းစားရင်းနှင့် ရှစ်ယီးညန်သည် မိမိကိုယ်ကို မေ့လျော့သွားပြီး ရှန်းအာဘေးသို့ သွားထိုင်လိုက်လေသည်။ နှစ်ယောက်သား စားလိုက် ပြောလိုက် လုပ်နေကြသည်။ "ဒါလေး စားကောင်းတယ်... ရှန်းအာ ဒါလေး စားကြည့်... စားဖိုမှူးဖန်းက နှင်းဆီပန်းပွင့်တွေကို ထောင်းပြီး ထည့်ထားတာ... ဒါကြောင့် ကိတ်မုန့်ခြောက်ပေါ်မှာ အနီရောင် အစက်အပြောက်လေးတွေ ပါနေတာ... မွှေးလည်းမွှေး၊ ချိုလည်းချို၊ ကြွပ်လည်းကြွပ်ပြီး လှလည်းလှတယ်"

လှေကမ်းကပ်သည့် အချိန်တွင် သူတို့နှစ်ယောက် လှေပေါ်ရှိ မုန့်များကို ကုန်အောင် စားလိုက်ကြပြီ ဖြစ်သည်။

လှေပေါ်မှ ဆင်းပြီးနောက် သူတို့ကို ခန်းမကျယ်ကြီး တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ခန်းမထဲတွင် စားပွဲခုံများ နေရာချထားပြီး ဖြစ်သည်။ ရှန်မြောင်နှင့် ရှန်းအာကို ဖုန်းချီညန်နှင့် ရှစ်ယီးညန်တို့က ဆွဲခေါ်သွားပြီး အတူတူ ထိုင်လိုက်ကြသည်။ ချွေးမိသားစု ဝမ်းကွဲအစ်မကြီးကမူ ဝင်မလာဘဲ အစေခံမလေး တစ်ယောက် လာခေါ်သဖြင့် ရှစ်ယီးညန်ကို တိုးတိုးတိတ်တိတ် ပြောပြီး ထွက်ခွာသွားလေသည်။

ထိုအချိန်မှ ရှန်မြောင် သတိထားမိလိုက်သည်။ ခန်းမထဲတွင် ထိုင်နေသူ အားလုံးသည် လူငယ်ပိုင်းများသာ ဖြစ်ပြီး လူကြီးများ မပါဝင်ပေ။ ရှစ်ယီးညန်ကို မေးကြည့်မှ သိရသည်မှာ ရှဲ့တာ့ညန်ဇီနှင့် အခြား အိမ်တော်သခင်မကြီးများသည် တခြားနေရာတွင် ရှိနေကြပြီး အမျိုးသား ဧည့်သည်များကိုလည်း သီးသန့် နေရာချထားသည်ဟု သိရသည်။

ရှန်မြောင် သဘောပေါက်လိုက်သည်။ လူကြီး တစ်ဝိုင်း၊ ကလေး တစ်ဝိုင်း ခွဲထားခြင်း ဖြစ်သည်။

သူမက "ကလေး" ဝိုင်းထဲ ရောက်နေခြင်းပင်။

'ဒါဆို ဒီနေ့ ရှဲ့တာ့ညန်ဇီကို တွေ့ရတော့မှာ မဟုတ်ဘူးလား' ရှန်မြောင်သည် သူမ လွယ်ထားသော အိတ်ကလေးကို စမ်းကြည့်လိုက်သည်။ အထဲတွင် "ပြန့်ကျင်းမြို့၏ လျှာဖျားမှ အရသာ" ဟူသော ခေါင်းစဉ်တပ်ထားသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာ ပါရှိသည်။

သူမသည် ဆိုင်၏ တည်နေရာ၊ စျေးကွက်သုံးသပ်ချက်၊ ဟင်းပွဲထူးခြားချက်၊ စွန့်စားရနိုင်ခြေ၊ လိုအပ်သော ရင်းနှီးမြှုပ်နှံမှု ပမာဏ၊ မျှော်မှန်း အကျိုးအမြတ်စသည်တို့ကို စာမျက်နှာ ၁၀ မျက်နှာခန့် ရေးဆွဲထားလေသည်။

ဝင်ငွေ ခန့်မှန်းချက် Bar Chartတောင် ဆွဲထားသေးသည်။

ရှန်မြောင်သည် စိတ်နဲ့ကိုယ် မကပ်ဘဲ ထမင်းစားလိုက်သည်။ ရှန်းအာကမူ ပျော်ရွှင်စွာ စားသောက်နေပြီး ပါးစပ်အပြည့် ဝါးရင်း ရှန်မြောင်ကို ဟင်းထည့်ပေးကာ တိုးတိုးလေး ပြောနေလေသည်။ "အစ်မ... မြန်မြန်စား... အမဲသားဟင်းတဲ့"

စားသောက်ပြီးနောက် ရှန်မြောင်နှင့် ရှန်းအာကို စိတ်လှုပ်ရှားနေသော ရှစ်ယီးညန်က ဆွဲခေါ်သွားပြီး ပြဇာတ် နှစ်ပုဒ် ကြည့်ခိုင်းလေသည်။ ရှန်းအာက နားမလည်သဖြင့် မုန့်ထိုင်စားနေပြီး ရှစ်ယီးညန်က ဘေးနားတွင် မျက်ရည်ကျလုမတတ် ခံစားနေသည်ကို မျက်လုံးပြူးကာ ကြည့်နေရင်း ဘာလို့များ လက်ကိုင်ပုဝါ စိုရွှဲသွားအောင် ငိုနေရတာလဲ ဟု နားမလည်နိုင် ဖြစ်နေသည်။

ရှန်မြောင်ကမူ မင်းသားနှင့် မင်းသမီးတို့၏ အလွမ်းအဆွေး ဇာတ်လမ်းကို စိတ်မဝင်စားနိုင်ဘဲ လမ်းတစ်ဝက်တွင် သောင်တင်နေသော ရင်းနှီးမြှုပ်နှံမှု ကိစ္စအတွက် စိတ်ပူနေသည်။

'ဒီနေ့ အလကား လာလိုက်ရတာများလား' သူမ တွေးနေစဉ်မှာပင် ရှီမားမားသည် နတ်သမီးတစ်ပါးကဲ့သို့ သူမရှေ့ ရောက်လာပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"သခင်မကြီးက ပြဇာတ်ကနေချိန်မှာ အားနေလို့ ရှန်ညန်ဇီနဲ့ တွေ့ပြီး ကိစ္စတိုင်ပင်စရာ ရှိတယ်တဲ့"

ရှန်မြောင်လည်း ဝမ်းသာသွားတော့၏။ သူမမှာလည်း တိုင်ပင်စရာ ရှိနေသည် မဟုတ်ပါလား။

ထို့ကြောင့် ရှစ်ယီးညန် ပြဇာတ်ကြည့်တာကို စိတ်ဝင်တစား ထိုင်ကြည့်နေသည့် ရှန်းအာကို ကြည့်ထားပေးရန် ဖုန်းချီညန်ကို အကူအညီတောင်းလိုက်ရသည်။ ရှန်မြောင်သည် အခွင့်ကောင်းယူကာ ထွက်ခွာလာပြီး ရှီမားမားနောက်သို့ လိုက်ကာ ပြဇာတ်စင်မြင့်အောက် ဆင်း၊ လှေစီးပြီး ကန်ကိုဖြတ်ကာ အခြား အဆောင်တစ်ခုသို့ သွားရောက်ခဲ့သည်။

ရှီးသခင်မသည်လည်း ပြဇာတ်နားထောင်ရတာ မကြိုက်ပေ။ မနက်ခင်းက အလုပ်ရှုပ်ထားသဖြင့် ပြဇာတ်ကနေချိန်တွင် အဝတ်အစားလဲရန် အကြောင်းပြကာ အခန်းပြန်ပြီး နားနေခြင်း ဖြစ်သည်။ နားသည် ဆိုသော်လည်း တကယ်မနားရပေ။ သူမ ထွက်လာသည်နှင့် တာဝန်ခံများနှင့် အစေခံများက ပွဲစီစဉ်မှု အခြေအနေများကို အလုအယက် လာရောက် တင်ပြကြသဖြင့် အလုပ်ကိစ္စများ ပြီးသွားပြီး ထိုင်လိုက်နိုင်သည့်အချိန်တွင် နာရီဝက်ခန့် ကုန်လွန်သွားခဲ့သည်။

ထိုအချိန်တွင် နောက်ထပ် လူတစ်ယောက် ရောက်လာပြန်သည်။ ရှီမားမားက လိုက်ကာကို မတင်ပေးလိုက်ရာ တစ္ဆေတစ်ကောင်ကဲ့သို့ ပုံရိပ်တစ်ခု ဝင်ရောက်လာပြီး ရှေ့ကို နှစ်လှမ်းလောက် လှမ်းကာ ရှီးသခင်မ၏ ခြေရင်းတွင် ဒူးထောက်ချလိုက်ပြီး ရှိုက်ကြီးတငင် ပြောလိုက်လေသည်။

"ဝမ်ညန် မိုက်မဲမိပါတယ်... ယီးမူ... ဝမ်ညန် အသက်ကို ကယ်ပါဦး"

ရှီးသခင်မမှာ အံ့သြသွားပြီး လှမ်းထူရန် ပြင်လိုက်သော်လည်း လေတိုက်လျှင် လဲတော့မည့် ချွေးဝမ်ညန်က ဒူးထောက်လျက် မထချင်ပေ။ သူမသည် မီးငြိမ်းလုဆဲဆဲ ဖြစ်နေသော မျက်လုံးများဖြင့် မော့ကြည့်ကာ ပြောလိုက်သည်။

"ယီးမူ... ကျွန်မ မျက်နှာမရှိတော့မှန်း သိပါတယ်... ဒါပေမဲ့ ကျွန်မ တကယ် လမ်းပျောက်နေပြီ... ဒီနေ့ ပြီးသွားရင် အဖေနဲ့အမေက ကျွန်မကို 'လုံထိုင်' တာအိုဘုရားကျောင်းကို ပို့ပြီး ဘယ်တော့မှ အပြင်ထွက်ခွင့် မပေးတော့ဘူးတဲ့"

ရှီးသခင်မက မျက်မှောင်ကြုတ်လိုက်၏။ လုံထိုင် ဘုရားကျောင်း ဆိုတာ သီလရှင်ကျောင်း ဖြစ်သော်လည်း "ယုံရှင်းကျွင်း"နယ်မြေတွင် ရှိပြီး ပြန့်ကျင်းမြို့နှင့် မိုင်ပေါင်း ရာချီ ဝေးကွာသည်။ အရိုးပဲ ကျန်တော့တဲ့ သမီးကို ဘာကိစ္စ အဲဒီကို ပို့ရမှာလဲ။

ချွေးဝမ်ညန်သည် ရှီးသခင်မ၏ မျက်နှာတွင် သံသယများ ဖြစ်ပေါ်နေသည်ကို မြင်လိုက်ရသောအခါ ပိုမို ဝမ်းနည်းကြေကွဲသွားပြီး ရယ်ရမလို ငိုရမလို ပြောလိုက်သည်။

"ကျို‌ကော က ယီးမူကို ဘာမှ မပြောပြထားဘူးပဲ... သူက တကယ့် လူကြီးလူကောင်းပါ... ကျွန်မကသာ မျက်ကန်းခဲ့တာ..."

ထို့နောက် သူမသည် အတိတ်က ကျူးလွန်ခဲ့သော အမှားများကို အကုန်ဖွင့်ချလိုက်လေသည်။ သူမသည် အိမ်တွင် မောင်လေးကို စောင်းသင်ပေးသော ဂီတဆရာတစ်ဦးနှင့် ချစ်ကြိုက်မိခဲ့သည်။ သူ့ကို ယုံကြည်ပြီး အရာအားလုံး စွန့်လွှတ်ကာ ခိုးရာလိုက်ပြေးခဲ့သည်။ သို့သော် ထိုလူက ချွေးမိသားစုဆီမှ ငွေညှစ်ပြီး အကြွေးဆပ်ရန်အတွက်သာ သူမကို ခေါ်သွားခြင်း ဖြစ်သည်။ ထိုလူက လောဘကြီးပြီး ငွေစက္ကူတန်ဖိုး ငွေသား တစ်သောင်းနှင့် ညီမျှသော ပမာဏကို တောင်းဆိုခဲ့သည်။ မပေးလျှင် အကုန်ဖွင့်ချမည်ဟု ခြိမ်းခြောက်ခဲ့သည်။

နောက်ပိုင်းတွင် ထိုလူကို ချွေးမိသားစုက ပရိယာယ်သုံးပြီး ထောင်ချောက်ဆင်ကာ သတ်ပစ်လိုက်သည်။

ချန်ကျိုးရှိ ချွေးမိသားစုသည် ဂုဏ်သတင်းကြီးမားရာ လူမိုက်တစ်ယောက်ကို နှိပ်ကွပ်ဖို့ မခဲယဉ်းပေ။ သဘောတူသလို ဟန်ဆောင်ပြီး အိမ်ခေါ်လာကာ ခိုးမှုဖြင့် စွပ်စွဲလိုက်သည်။ ပေါက်စီထဲတွင် မီးသွေးခဲရဲရဲ ထည့်ကျွေးပြီး အာခေါင်ကို လောင်ကျွမ်းစေကာ စကားမပြောနိုင်အောင် လုပ်လိုက်သည်။ ပြီးနောက် ရုံးတော်သို့ ပို့ကာ အာဏာပိုင်များကို ငွေ ၁၀ လျန် ထိုးပြီး ရိုက်နှက်ခိုင်းလိုက်ရာ မကြာခင် သေဆုံးသွားခဲ့သည်။

ဤမျှ မိုက်မဲပြီး လောဘကြီးသော လူတစ်ယောက်ကို သူမက အစတုန်းက မမြင်ခဲ့ဘဲ မွန်းကြပ်နေသော အိမ်မှ ထွက်ပြေးလွတ်မြောက်ချင်စိတ်ဖြင့် ကိုယ့်ကိုယ်ကိုယ် လှည့်စားခဲ့သည်။ သူမသည် ငယ်စဉ်ကတည်းက တခြားညီအစ်မများနှင့် မတူဘဲ မြင်းစီးခြင်း၊ အမဲလိုက်ခြင်းကို ဝါသနာပါခဲ့သည်။ တစ်ခါတစ်ရံ အစေခံများကို ထားခဲ့ပြီး ချွေးမိသားစုပိုင် တောင်ကုန်းများပေါ်သို့ မြင်းဖြင့် တက်ကာ နေထွက်သည်ကို ကြည့်ရှုခဲ့ဖူးသည်။ သို့သော် တောင်ထိပ်မှ ကြည့်လိုက်လျှင် တောင်တန်းများအလွန်တွင် နောက်ထပ် တောင်တန်းများသာ ရှိနေသည်။

တခြားညီအစ်မများက မျိုးရိုးကောင်းပြီး ရုပ်ချောသော ခင်ပွန်းသည်ကို ရှာဖွေကာ အိမ်ထောင်မှု ထိန်းသိမ်းပြီး တစ်သက်လုံး အေးချမ်းစွာ နေထိုင်သွားရန် မျှော်မှန်းကြသည်။ သူမကမူ ငယ်စဉ်ကတည်းက သတ်မှတ်ထားသော၊ ခြံဝင်းကျယ်ကြီး တစ်ခုမှ နောက်ထပ် ခြံဝင်းကျယ်ကြီး တစ်ခုသို့ ပြောင်းရွှေ့ရမည့် လက်ထပ်ပွဲကို ရွံရှာမုန်းတီးခဲ့သည်။

သူမသည် တောင်တန်းများ၏ အလွန်တွင် ဘာများရှိနေမလဲဟု သွားကြည့်ချင်ခဲ့သည်။

ဂီတဆရာက သူမကို ပြောဖူးသည်။ ကျန်းနန်ဒေသက ရေမြေ တောတောင်တွေ လှပပုံ၊ လင်နန်ဒေသက ရှုခင်းတွေ ထူးခြားပုံ၊ ကွမ်ကျုံးဒေသမှာ သူရဲကောင်းတွေ ပေါများပုံ၊ အနောက်မြောက်ဒေသက ကျယ်ပြောလှပုံ... တိုင်းပြည်ကြီးက သာယာလှပလွန်းတယ်တဲ့။ သူမ တကယ် ယုံကြည်ခဲ့သည်။ သူနှင့်အတူ ခရီးသွားပြီး ဘယ်တော့မှ မခွဲမခွာ နေရမည်ဟု ထင်ခဲ့သည်။

တကယ်တမ်းကျတော့ သူမက အိပ်မက်တွေ ပိုက်ပြီး လိုက်ပြေးခဲ့သော်လည်း သူကတော့ သူမကို ပြန်ဖမ်းချုပ်ပြီး ချွေးမိသားစုဆီ ငွေညှစ်ဖို့ လုပ်ခဲ့သည်။

ချိုသာသော စကားများ အားလုံးသည် လိမ်ညာမှုများသာ။

သူမသည် ဘုရားကျောင်းဆောင်ထဲတွင် အပိတ်ခံထားရပြီး ဗိုက်ကြီး တစ်ရက်ထက်တစ်ရက် ကြီးလာမှ အမှားကြီး မှားခဲ့မှန်း သိလိုက်ရသည်။ ထွက်ပြေးချင်သော်လည်း ထွက်မပြေးနိုင်ခဲ့။ ကျိုကောသာ မကယ်ခဲ့လျှင် အဖေ ရိုက်သတ်တာ ခံရပြီးလောက်ပြီ။

အဖေက စိတ်ကြီးပြီး မျက်လုံးထဲ အမှိုက်အဝင်မခံသူ ဖြစ်ရာ သူမကို မြင်သည်နှင့် ရွံရှာပြီး အဝေးပို့ပစ်ချင်နေလေသည်။ အမေက ဒူးထောက်ပြီး တောင်းပန်လို့သာ ကလေးပျက်ကျပြီးခါစ မီးနေသည်ဘဝကို အိမ်မှာ ခဏနေခွင့်ရခြင်းပင်။ လမ်းလျှောက်နိုင်သည်နှင့် သီလရှင်ကျောင်း ပို့ပြီး တစ်သက်လုံး ထားတော့မှာ ဖြစ်သည်။

အဲဒါက ဖြည်းဖြည်းချင်း သေအောင် သတ်တာနဲ့ ဘာကွာလို့လဲ။

ချွေးဝမ်ညန်သည် ရှီးသခင်မကို ဦးခိုက်ပြီး မျက်ရည်များဖြင့် ပြောလိုက်သည်။ “ယီးမူ... ကျွန်မ သိပါတယ်... ကျွန်မက အရှက်မရှိတဲ့ မိန်းမပါ... ဒါပေမဲ့... ကျွဣ်မ အသက်ရှင်ချင်သေးတယ်..."

ရှီးသခင်မ အချိန်အကြာကြီး နှုတ်ဆိတ်နေလေသည်။ ရှီမားမားကို အချက်ပြပြီး ချွေးဝမ်ညန်ကို ထူခိုင်းလိုက်သည်။ အကြာကြီး စဉ်းစားပြီးမှ လေးနက်သော အသံဖြင့် ပြောလိုက်သည်။

"ဝမ်ညန်... ညည်းက ငါ့လက်ပေါ်မှာ ကြီးလာတာပါ... ငယ်ငယ်ကတည်းက ထက်မြက်ပါတယ်... ဒါကြောင့်လည်း ငါက ညည်းကို ကျိုကောနဲ့ စေ့စပ်ပေးခဲ့တာပေါ့... ညည်းက စာတွေ ဒီလောက်ဖတ်ပြီး လောကအကြောင်းတွေ ဒီလောက်သိပါရက်နဲ့ ဘာလို့များ သူများစကားကို ဒီလောက် လွယ်လွယ် ယုံရတာလဲ... အခုတော့ ကြီးမားတဲ့ အပြစ်ကြီး ကျူးလွန်မိပြီ မဟုတ်လား"

ချွေးဝမ်ညန်တစ်ယောက် ခေါင်းငိုက်စိုက် ကျသွားတော့သည်။

...

All Chapters