အခန်း (၉၇-၉၈)
Vol. 10 Ch. 97-98
အပိုင်း (၉၇)
သူမမှာ ပြုစားခံခဲ့ရလို့ အခု ရက်တိုင်းရက်တိုင်း နောင်တရနေခဲ့တာ... ဒါပေမဲ့ နောင်တရလို့ ဘာထူးမှာလဲ...
ရှီးရှီက သက်ပြင်းချလိုက်ကာ "ညည်းအမေ လွှတ်လိုက်လို့ လာခဲ့တာမလား... ညည်းအဖေက အစတုန်းက ငါ့ကိုဆို အကြောက်ဆုံး... သူ အစောပိုင်းနှစ်တွေတုန်းက ယိုကျိုးကို လာပြီး ညည်းအမေကို တောင်းရမ်းတုန်းကလေ... ငါ သူ့ကို တုတ်နဲ့ ရိုက်လွှတ်ခဲ့ဖူးတယ်"
ရှီးရှီနှင့် ချွေးဝမ်ညန်၏ မိခင်သည် အမေတူအဖေတူ ညီအစ်မရင်းများ ဖြစ်ကြသည်။ ညီအစ်မနှစ်ယောက် စရိုက် မတူကြပေ။ ချွေးတာ့ညန်ဇီသည် နူးညံ့သိမ်မွေ့ပြီး အေးဆေးတည်ငြိမ်သည်။ ထိုစဉ်က ချစ်ရသော အစ်မဖြစ်သူ အိမ်ထောင်ပြုတော့မည် ဆိုတာ သိလိုက်ရသောအခါ ရှီးရှီသည် လက်မခံနိုင်ခဲ့ပေ။ ချွေးမိသားစုဝင်တွေ လာတိုင်း တုတ်နဲ့ လိုက်ရိုက်ပြီး ညဘက်တွင် အစ်မဖြစ်သူကို တင်းကျပ်စွာ ဖက်အိပ်ကာ ထွက်သွားခွင့် မပေးခဲ့ပေ။
သူမ အရင်က ချွေးဝမ်ညန်ကို ချစ်ခင်ခဲ့သည်မှာ အစ်မဖြစ်သူနှင့် တူသောကြောင့်ပင်။
ဒါပေမဲ့ ဒီကလေး ဒီလောက် အသည်းနုလိမ့်မယ်လို့ ထင်မထားခဲ့ဘူး။
"ဟုတ်ကဲ့... အမေက... တံခါးအပြင်မှာပါ" ချွေးဝမ်ညန်က ခေါင်းညိတ်လိုက်သည်။ အမေက သူမကို ချစ်သော်လည်း အဖေ့ကို မနိုင်ပေ။ ဒါကြောင့် သူမမှာ ဖျားနာနေသည့် ကြားက ပြန့်ကျင်းကို လာခဲ့ရခြင်း ဖြစ်သည်။ ရှဲ့မိသားစုက ဖိတ်ကြားလိုက်လို့သာ လာခွင့်ရတာ ဖြစ်သည်။ မဟုတ်ရင် လုံထိုင် ဘုရားကျောင်းကို အပို့ခံရတော့မည် ဖြစ်ပြီး အဖေ့မျက်စိအောက်က လွတ်မြောက်ဖို့ အခွင့်အရေး ရတော့မည် မဟုတ်ပေ။
ရှီမားမားသည် မျက်ရည်များ ရွှဲနစ်နေသော ချွေးတာ့ညန်ဇီကို အခန်းထဲ ခေါ်သွင်းလာလေသည်။ ရှီးရှီသည် အစ်မဖြစ်သူ၏ ရုပ်ရည် အိုစာသွားသည်ကို မြင်လိုက်ရသောအခါ ရင်ထဲ နာကျင်သွားရ၏။ သူမသည် ထရပ်ကာ အစ်မဖြစ်သူ၏ လက်ကို ဆွဲပြီး ထိုင်ခိုင်းလိုက်ကာ မျက်ရည်သုတ်ပေးလေသည်။
"အစ်မကြီး မငိုပါနဲ့တော့... အစ်မကြီး စိတ်ထားကို ကျွန်မ သိပါတယ်... ဒီကိစ္စအတွက် အစ်မကြီးနဲ့ ဝမ်ညန်ကို အပြစ်မတင်ပါဘူး... အရင်တုန်းက ကျိုကော ကံဆိုးပြီး ဒုက္ခတွေ ကြုံတုန်းကလည်း အစ်မကြီးတို့ မိသားစုက မငြိုငြင်ခဲ့ဘူးလေ... ဝမ်ညန် ကိစ္စကိုလည်း ကျွန်မ သိပါတယ်... တကယ်လို့ အစ်ကိုကြီးက ဝမ်ညန်ကို အဝေးပို့ချင်နေတယ် ဆိုရင် ယိုကျိုးက အဘိုးအိမ်ကို ပို့လိုက်ရင် မကောင်းဘူးလား" ရှီးရှီက ရှီမားမားကို အချက်ပြပြီး ချွေးဝမ်ညန်ကို ခုံပုလေးပေါ်တွင် ထိုင်ခိုင်းလိုက်လေသည်။
ချွေးတာ့ညန်ဇီလည်း ဒီအချက်ကို စဉ်းစားခဲ့ဖူးသည်။ သို့သော်လည်း... သူမက သက်ပြင်းချလိုက်သည်။ "ငါလည်း တွေးမိသား... ဒါပေမဲ့ အိမ်ကလူကြီးက သတင်းပေါက်ကြားသွားမှာ စိုးရိမ်နေတာ... တကယ်လို့များ ဦးလေးတွေ တူတွေ သိသွားရင် ချွေးမိသားစု ပိုပြီး မျက်နှာပျက်ရဦးမယ်တဲ့... ဒါကြောင့် ဆွေမျိုးသားချင်း မရှိတဲ့ နေရာကို ပို့ပစ်ချင်နေတာ... ချွေးမိသားစုက တခြားမိန်းကလေးတွေရဲ့ သိက္ခာကို ထိခိုက်မှာ စိုးလို့တဲ့"
ချွေးဝမ်ညန်သည် ခုံပေါ်တွင် ထိုင်နေရင်း စက္ကူပါးလေး တစ်ရွက်ကဲ့သို့ တုန်ရီသွားလေသည်။
ရှီးရှီက ခဏစဉ်းစားပြီးနောက် ပြောလိုက်၏။ "ဒါဆို ကျွန်မမှာ နေရာတစ်ခု ရှိတယ်"
သူမသည် ချွေးဝမ်ညန်ကို ကြည့်ကာ မေးလိုက်သည်။ "ဝမ်ညန်က ၆ နှစ်ကျွန်မလောက်ကတည်းက အိမ်မှုကိစ္စတွေ စီမံခန့်ခွဲတာကို စသင်နေပြီ မဟုတ်လား"
ချွေးတာ့ညန်ဇီက ခေါင်းညိတ်လိုက်ပြီး မျက်ရည်များ ထပ်ကျလာပြန်သည်။ "ဝမ်ညန်က စောင်း၊ စစ်တုရင်၊ စာ၊ ပန်းချီ ကနေ မြင်းစီး၊ မြှားပစ် အကုန်တော်တာ... စာရင်းကိုင်တာနဲ့ စီမံခန့်ခွဲတာကိုလည်း ငါ့နောက်လိုက်ပြီး နေ့တိုင်း လေ့ကျင့်လာတာ... ဟို... သောက်ကျိုးနည်း ကောင်နဲ့သာ မတွေ့ခဲ့ရင် သူက ဘာလုပ်လုပ် တော်နေမှာ... အရင်တုန်းက သူ့အဖေတောင် သူ့ကို ကျွန်မတွေထဲမှာ အထက်မြက်ဆုံးလို့ ချီးကျူးခဲ့သေးတာ..."
"ကျွန်မ လူတစ်ယောက်နဲ့ စပ်တူ စက်ရုံတစ်ရုံ ထောင်ထားတယ်... ယိုကျိုးမှာ... စိတ်ချရတဲ့ တာဝန်ခံ ရှာမရ ဖြစ်နေတာ... စက်ရုံက ယိုကျိုး၊ လုခရိုင်မှာ ရှိတယ်... အိမ်နဲ့ဆို ၂ ခရိုင်လောက် ခြားတယ်... ဟိုတစ်လောက အစ်ကိုကြီး စာရေးလိုက်တာ စဆောက်နေပြီတဲ့... အခုလောက်ဆို ပြီးလောက်ပြီ ထင်တယ်... ဝမ်ညန်သာ သွားမယ်ဆိုရင် အဘိုးအိမ်မှာ နေစရာ မလိုဘူး... စက်ရုံမှာပဲ နေလိုက်ရင် ရပြီ" ရှီးရှီက ရှီမားမားကို ကြည့်လိုက်သည်။ ရှီမားမားသည် သဘောပေါက်ဟန်ဖြင့် ခေါင်းညိတ်ပြီး အခန်းပြင် ထွက်သွားလေသည်။
ချွေးဝမ်ညန်သည် ရုတ်တရက် ခေါင်းမော့လာခဲ့၏။
ရှီးရှီက သူမ၏ အစီအစဉ်ကို ချွေးတာ့ညန်ဇီအား သေချာရှင်းပြလိုက်သည်။ စက်ရုံကို "အခွံ" သက်သက် အလုပ်တစ်ခုအနေဖြင့် ထောင်ထားမည် ဖြစ်ပြီး ထိုအလုပ်ကို ဦးစီးမည့်သူသည် သစ္စာရှိရမည်၊ စာရင်းကိုင် ကျွမ်းကျင်ရမည်၊ အခွန်ဥပဒေနှင့် ပြစ်မှုဆိုင်ရာ ဥပဒေများကို နားလည်ရမည်။ သို့မဟုတ်လျှင် အစီအစဉ်အားလုံး သဲထဲရေသွန် ဖြစ်သွားနိုင်သည်။ သူမသည် ဒီရက်ပိုင်းအတွင်း လူရှာနေခြင်း ဖြစ်သည်။ မူလက ကျွန်များထဲမှ ရှာရန် စိတ်ကူးထားသော်လည်း ယခု ဝမ်ညန်ကို ခိုင်းလိုက်သည်က ပိုကောင်းပေလိမ့်မည်။
ဒီတစ်ခါ ခေါက်ဆွဲစက်ရုံ ကိစ္စကို သူမ အလေးထားသည်။ ရှဲ့မိသားစု၏ စုဆောင်းထားသော ပိုင်ဆိုင်မှုများကို ဒီနည်းလမ်းဖြင့် ကာကွယ်နိုင်မလားဟု စမ်းသပ်ချင်သည်။ အကယ်၍ ထိရောက်မှု ရှိခဲ့လျှင် ရှဲ့မိသားစုပိုင် အခြားလုပ်ငန်းများကိုလည်း တဖြည်းဖြည်း လွှဲပြောင်းရယူသွားမည် ဖြစ်သည်။
"သီလရှင်ကျောင်းမှာ စိတ်ဆင်းရဲပြီး တစ်သက်လုံး ကုန်ဆုံးသွားမယ့်အစား လက်ကျန်ဘဝကို အလုပ်ကြိုးစားပြီး ကုန်ဆုံးလိုက်တာ ပိုမကောင်းဘူးလား" ရှီးရှီသည် စိတ်လှုပ်ရှားလွန်းသဖြင့် မျက်နှာရဲနေသော ချွေးဝမ်ညန်ကို ကြည့်ပြီး ပြောလိုက်၏။ "ဒါပေမဲ့ ညည်း ကူးမူကို ကတိပေးရမယ်... အမြဲတမ်း သတိရှိရမယ်... စက်ရုံရဲ့ အကျိုးစီးပွားကို အမြဲ ဦးစားပေးရမယ်... သူများ မြှောက်ပင့်တိုင်း ပါသွားတာမျိုး မဖြစ်ရဘူး"
"ကူးမူ စိတ်ချပါ" ချွေးဝမ်ညန် အံကြိတ်ကာ ပြောလိုက်သည်။ "ကျွန်မ ကျန်တဲ့ ဘဝတစ်လျှောက်လုံး ယောကျ်ားတွေကို အမုန်းဆုံးပဲ"
သူမသည် လူယုတ်မာ တစ်ယောက်အတွက် အရူးအမူး ဖြစ်ခဲ့ဖူးသည်ကို ပြန်တွေးမိတိုင်း ရွံရှာမိလေသည်။
ချွေးဝမ်ညန် ပြန်လည်ဒူးထောက်လိုက်ပြီး ခေါင်းကို ကြမ်းပြင်နှင့် ဆောင့်ကာ ဦးခိုက်လိုက်သည်။ "ကျွန်မ သွားပါ့မယ်... ကူးမူ... အမေ... ကျွန်မ တစ်သက်လုံး သူများအပေါ် မှီခိုပြီး နေရမယ်လို့ ထင်ခဲ့တာ အရမ်းမိုက်မဲခဲ့ပါတယ်... အခုတော့ ကျွန်မ နာကျင်ခဲ့ရပြီ... အသက်တောင် ပျောက်လုနီးပါး ဖြစ်ခဲ့ရပြီ... နောင်တရပါပြီ... လူဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်... တောင်ကို မှီရင် တောင်ပြိုမယ်... နံရံကို မှီရင် နံရံလဲမယ်... ယောကျ်ားကို အားကိုးရင် သေလမ်းပဲ ရှိတယ်... ကျွန်မ ဘဝသစ် ပြန်စချင်တယ်... ကျေးဇူးပြုပြီး ခွင့်ပေးပါ"
ချွေးတာ့ညန်ဇီလည်း ဆုံးဖြတ်ချက် ချလိုက်ပြီး ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။ "ကောင်းပါတယ်လေ... ဝမ်ညန်က ဒီအခြေအနေနဲ့ဆို နောက်ထပ် အိမ်ထောင်ပြုဖို့လည်း မဖြစ်နိုင်တော့ဘူး... သီလရှင်ကျောင်းမှာ နေရတာကလည်း ထောင်ကျသလိုပဲ ပင်ပန်းဆင်းရဲတယ်... သူက အပြင်လောကကို သွားကြည့်ချင်နေတာ ကြာပြီပဲ... ဆန္ဒပြည့်သွားတာပေါ့"
ဒါပေမဲ့ ပေးဆပ်လိုက်ရတဲ့ တန်ဖိုးက ကြီးမားလွန်းပါတယ်။
သူက ၁၇ နှစ်ပဲ ရှိပါသေးတယ်။ ဘဝက လမ်းဆုံးရောက်နေပြီ။
ဒါ မိခင်ဖြစ်သူရဲ့ အမှားပါ။ သမီးဖြစ်သူရဲ့ ခံစားချက်ကို ဂရုမစိုက်မိခဲ့ဘူး။ ပြီးတော့ အိမ်ကလူကြီးရဲ့ သဘောထားကိုလည်း မလွန်ဆန်နိုင်ခဲ့ဘူး။ ချွေးတာ့ညန်ဇီသည် မျက်ရည်များ ဖြိုင်ဖြိုင်ကျလာပြန်ပြီး ရှီးရှီ နှစ်သိမ့်ပေးမှ သက်သာသွားသည်။
ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရ၏။ ရှီးရှီက "ကျွန်မနဲ့ စပ်တူလုပ်မယ့်သူ ရောက်လာပြီ" ဟု ပြောပြီး ချွေးတာ့ညန်ဇီနှင့် ချွေးဝမ်ညန်ကို အနောက်ဘက်သို့ ဝင်ရောက်ကာ မျက်နှာသစ်၊ အဝတ်အစားလဲရန် ညွှန်ကြားလိုက်သည်။
သူတို့ ပန်းချီကားချပ် အနောက်သို့ ဝင်သွားပြီး အတွင်းခန်းသို့ ရောက်မှ ရှီးရှီက အသံပြုလိုက်သည်။ "ဝင်ခဲ့ပါ"
ရှီမားမားက ရှန်မြောင်ကို ခေါ်ဆောင်လာပြီး ရှီးရှီက ပြုံးလျက် နှုတ်ဆက်လေသည်။ "ကျွန်မ ရုတ်တရက် ခေါ်လိုက်တော့ ရှန်ညန်ဇီ ပြဇာတ်ကြည့်တာ အနှောင့်အယှက် ဖြစ်သွားပြီ" သူမ၏ အကြည့်များသည် ရှန်မြောင်၏ ဝတ်စုံပေါ်တွင် ခဏမျှ ရပ်တန့်သွားသော်လည်း ဘာမှ မပြောဘဲ ဆက်လက်ပြုံးနေလေသည်။
ရှန်မြောင်က အားနာစွာ ပြုံးလိုက်ကာ "ရပါတယ်ရှင်... ကျွန်မက ပြဇာတ်လည်း သိပ်နားမလည်ပါဘူး"
ရှီးရှီသည် ရှန်မြောင်ကို ထိုင်ခိုင်းပြီး လက်ဖက်ရည် တည်ခင်းဧည့်ခံကာ လိုရင်းကို ပြောလိုက်သည်။ သူမ၏ တူမကို ယိုကျိုးသို့ လွှတ်ပြီး စက်ရုံကို ဦးစီးခိုင်းမည့် အကြောင်း ပြောပြသည်။ သို့သော် ချွေးဝမ်ညန် ဘာကြောင့် နေမကောင်းဖြစ်ရသည် ဆိုတာကိုတော့ ထည့်မပြောပေ။ သူမသည် စာရင်းကိုင်နှင့် စီမံခန့်ခွဲမှု ကျွမ်းကျင်ကြောင်း၊ သို့သော် ကျန်းမာရေး မကောင်းသဖြင့် အိမ်ထောင်ပြုရန် ခက်ခဲကြောင်း၊ ထို့ကြောင့် လမ်းကြောင်းသစ် ရှာပေးခြင်း ဖြစ်ကြောင်း၊ သူမသည် ရှီးမိသားစုနှင့် သွေးသားတော်စပ်သဖြင့် ကျွန်များထက် ပိုမိုစိတ်ချရကြောင်း၊ သူမ ရောက်သွားလျှင် စာတတ်ပေတတ် ကျွန် ၁၀ ယောက်၊ အယောက် ၂၀ လောက် ထပ်လွှတ်ပေးပြီး ကူညီခိုင်းမည် ဖြစ်ကြောင်း၊ သူမ၏ ဂုဏ်ဒြပ်က ရှိနေသဖြင့် ကျွန်များကို ထိန်းချုပ်နိုင်မည် ဖြစ်ကြောင်း စသည်ဖြင့် ရှင်းပြလေသည်။
ရှန်မြောင်လည်း စဉ်းစားကြည့်လိုက်တော့ ကောင်းမွန်သော အစီအစဉ် ဖြစ်နေသည်။ ရှေးခေတ်တွင် ဆွေမျိုးသားချင်းများကို အသုံးပြုခြင်းသည် စိတ်အချရဆုံးပင်။ ဆွေမျိုးအသိုင်းအဝိုင်းက ဝိုင်းဝန်းကူညီမှ အလုပ်ဖြစ်မည်။ ရှီးရှီ၏ ရွေးချယ်မှုကို သူမ မအံ့သြပေ။ သို့သော် ခေတ်နှင့် မလိုက်အောင် အမြော်အမြင် ရှိပြီး အမျိုးသားတစ်ယောက်ကို မလွှတ်ဘဲ အမျိုးသမီး တစ်ယောက်ကို ရွေးချယ်လိုက်ခြင်း အတွက်တော့ အံ့သြမိသည်။
ဒါပေမဲ့...
"ချွေးသခင်မလေးကို ကျွန်မ ဒီနေ့ တွေ့ခဲ့ပါတယ်" ရှန်မြောင်သည် ချွေးဝမ်ညန်၏ ဖြူဖပ်ဖြူရော် ပုံစံကို သတိရပြီး စိတ်ပူသွားသည်။ "ယိုကျိုးက ရာသီဥတု ကြမ်းတမ်းတယ်... သူမ ခံနိုင်ပါ့မလား"
ရှီးရှီက ပြုံးလိုက်ကာ "သူက စိတ်ရောဂါကြောင့် လူမမာ ဖြစ်နေတာပါ... အခု မျှော်လင့်ချက် ရသွားပြီဆိုတော့ ခဏနေ ပြန်ကောင်းသွားမှာပါ"
တဖက်လူက ဝါးတားတား ပြောနေသဖြင့် ကိုယ်ရေးကိုယ်တာ ကိစ္စဖြစ်ကြောင်း ရိပ်မိပြီး ရှန်မြောင် ဆက်မမေးတော့ပေ။ ရှဲ့မိသားစု သခင်မ၏ စိတ်ဓာတ်ကို သူမ ယုံကြည်သည်။ ထို့ကြောင့် ခေါင်းညိတ်လိုက်သည်။ "ဒါဆိုရင်တော့ ဒီကိစ္စကို သာ့ညန်ဇီ သဘောအတိုင်း စီစဉ်လိုက်ပါ"
ရှီးရှီက သူမလက်ကို ပုတ်ကာ ပြောလိုက်သည်။ "ရှန်ညန်ဇီ စိတ်ချပါ... ခေါက်ဆွဲစက်ရုံက ယိုကျိုး တပ်သားတွေရဲ့ စားနပ်ရိက္ခာအတွက် အရေးကြီးပါတယ်... ကျွန်မ ပေါ့ပေါ့ဆဆ မလုပ်ပါဘူး" ရှီးမိသားစုသည် ယိုကျိုးတွင် မျိုးဆက် ၂ ဆက်၊ ၃ ဆက်ခန့် အခြေချခဲ့ပြီး ယိုကျိုးတပ်သည် "ရှီးမိသားစု တပ်မတော်" ဟု ခေါ်ဆိုနိုင်လောက်အောင် ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သည်။ တပ်သားတစ်ယောက်ချင်းစီကို ကိုယ့်ညီအစ်ကို မောင်နှမလို သဘောထားပြီး ထိခိုက်နစ်နာမှာကို မလိုလားကြပေ။
သူမ၏ ရည်ရွယ်ချက်မှာ သူတို့ နေထိုင်စားသောက်မှု အဆင်ပြေစေရန် ဖြစ်ပြီး အမြတ်ရဖို့ သက်သက် မဟုတ်ပေ။
ရှန်မြောင်က ပြတ်သားစွာ ယုံကြည်ပေးသဖြင့် ရှီးရှီလည်း ဝမ်းသာသွားသည်။ သူမ၏ အကြည့်များသည် ရှန်မြောင်၏ လည်ပင်းနားရှိ ကြာပန်းပုံ ပန်းထိုးထားသော နေရာသို့ ရောက်သွားပြီး ပြုံးလျက် ပြောလိုက်သည်။
"ရှန်ညန်ဇီ ဝတ်ထားတဲ့ အင်္ကျီက ဒီနေ့ အရမ်း လိုက်ဖက်တာပဲ"
ရှန်မြောင်မှာ မျက်နှာ ရဲခနဲ ဖြစ်သွားတော့သည်။ သို့သော် ရင်ထဲတွင် လှုပ်ရှားသွားသော ခံစားချက်များကို ရက်စက်စွာ ဖိနှိပ်လိုက်၏။ လက်ရှိ သူမ၏ စိတ်ထဲတွင် အချစ်ရေးထက် စီးပွားရေးက ပိုအရေးကြီးသည်။ သူမသည် အိတ်ထဲတွင် ထည့်ထားသည်မှာ ကြာပြီဖြစ်သော လက်ရေးမူ စီမံကိန်းစာရွက်များကို ထုတ်လိုက်ပြီး နှုတ်ခမ်းကို သပ်လိုက်သည်။
"တကယ်တော့... ဒီနေ့ ကျွန်မလည်း သာ့ညန်ဇီနဲ့ တိုင်ပင်စရာ ကိစ္စတစ်ခု ရှိပါတယ်"
"ဟော... ဘာကိစ္စလဲ" ရှီးရှီ စိတ်ဝင်တစားဖြင့် လှမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်ရာ ချက်ချင်းပင် စိတ်ဝင်စားသွားသည်။ သူမ ဒီလို စာရင်းစာအုပ်မျိုး တစ်ခါမှ မမြင်ဖူးပေ။ ပထမစာမျက်နှာတွင် ဆိုင်ခန်းငယ်လေး၏ လိပ်စာ၊ တည်နေရာ၊ ပတ်ဝန်းကျင် အဆောက်အဦးများ၊ လမ်းများ၊ လူနေထူထပ်ပုံနှင့် နေထိုင်သူများ၏ ဝင်ငွေအခြေအနေများကို အသေးစိတ် ရေးသားထားသည်။
ထို့နောက် ဆိုင်ခန်းနှင့် ပတ်ဝန်းကျင် ဆိုင်ခန်းများ၏ စျေးနှုန်းများကို နှိုင်းယှဉ်ပြထားသည်။ သူမသည် တိုင်ပုံစံ ကားချပ်များ ဆွဲပြထားသဖြင့် စာမဖတ်ဘဲ ကြည့်လိုက်ရုံဖြင့် ဒီဆိုင်ခန်းသည် တခြားဆိုင်ခန်းများထက် ၂၀-၃၀ ရာခိုင်နှုန်းခန့် စျေးသက်သာကြောင်း ရှင်းလင်းစွာ သိမြင်နိုင်သည်။
"ရှဲ့သာ့ညန်ဇီ... ကျွန်မရဲ့ အဆိုပြုချက်က နည်းနည်းတော့ ရဲတင်းရာ ကျပါလိမ့်မယ်... ဒါပေမဲ့ ကျွန်မ စကားဆုံးအောင် ပြောပါရစေ" ရှန်မြောင်သည် ရှီးရှီ၏ မျက်နှာထားကို အကဲခတ်ရင်း သူမ၏ ရည်ရွယ်ချက်ကို သေချာရှင်းပြလိုက်တော့သည်။ သူမ ဆိုင်ကို ချဲ့ချင်ရသည့်အကြောင်းအရင်း၊ လက်ရှိ စုဆောင်းငွေ ပမာဏ၊ လိုအပ်နေသည့်ပမာဏကို ရှင်းပြသည်။ ထို့နောက် ရင်းနှီးမြှုပ်နှံမှု ပုံစံ ၃ မျိုးကို တင်ပြလိုက်သည်။
၁။ ခေါက်ဆွဲစက်ရုံမှ ရမည့် အမြတ်ငွေကို ကြိုထုတ်ပေးရန်။ နှစ်စဉ် ပြန်လည်ခုနှိမ်သွားမည်။
၂။ ရှယ်ယာထည့်ဝင်သည့် ပုံစံဖြင့် ရင်းနှီးမြှုပ်နှံရန်။ ရှဲ့သာ့ညန်ဇီ ထည့်ဝင်မည့် ငွေ ၁၀၀၀ ကွမ်းသည် သူမ၏ ဆိုင်တွင် ရင်းနှီးမြှုပ်နှံမှု ဖြစ်ပြီး အမြတ်ငွေ၏ ၂၀ ရာခိုင်နှုန်းကို ရရှိမည်။ သူမသည် ပုံမှန် စာရင်းရှင်းတမ်း တင်ပြမည်ဖြစ်ပြီး ငွေ ၁၀၀၀ ကွမ်း အရှုံးမပေါ်စေရကြောင်း အာမခံသည်။
၃။ ရှဲ့သာ့ညန်ဇီက ဆိုင်ခန်းကို ဝယ်ယူပြီး သူမကို ပြန်ငှားရန်။ ဤနည်းအားဖြင့် ရှဲ့မိသားစုသည် စီးပွားရေး အရှုံးပေါ်မည့် အန္တရာယ်ကို ရှောင်ရှားနိုင်ပြီး ပုံမှန် အိမ်ငှားခ ရရှိမည်။ သူမ ဆိုင်ပိတ်သွားလျှင်လည်း တခြားသူကို ငှားရမ်းနိုင်သည်။
ရှန်မြောင်သည် ပြောပြီးနောက် သူမ၏ စီမံကိန်းစာအုပ်ကို နောက်ဆုံးစာမျက်နှာသို့ လှန်ပြလိုက်သည်။ သူမသည် ဘဏ္ဍာရေး စီမံကိန်းကို ရေးဆွဲထားပြီး ရေတို၊ ရေလတ် ကာလများတွင် ရင်းနှီးမြှုပ်နှံမှု ပုံစံ ၃ မျိုးစလုံးအတွက် ရရှိနိုင်မည့် အကျိုးအမြတ်များကို တွက်ချက်ပြထားသည်။
ရှီးရှီမှာ အံ့သြသွားကာ စာအုပ်ပေါ်မှ အကြည့်ခွာပြီး ရှန်မြောင်ကို ကြည့်လိုက်လေသည်။ သူမသည် အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း စကားပြောရာတွင် အစီအစဉ်တကျ ရှိပြီး၊ ကျိုးကြောင်းဆီလျော်ကာ၊ ခိုင်လုံသော အချက်အလက်များဖြင့် ပြောဆိုသွားသည်ကို တွေ့လိုက်ရသည်။
"ရှဲ့သာ့ညန်ဇီ... ဒီစာအုပ်ကို ဒီမှာ ထားခဲ့ပါ့မယ်... သာ့ညန်ဇီ သေချာ စဉ်းစားပေးပါ... သာ့ညန်ဇီ ဘယ်လိုပဲ အဖြေပေးပေး... သာ့ညန်ဇီဟာ ကျွန်မ လေးစားရတဲ့ ပုဂ္ဂိုလ်၊ ကျွန်မရဲ့ ကျေးဇူးရှင် ဆိုတာ ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ပါဘူး" ရှန်မြောင် ပြုံးလျက် ပြောလိုက်သည်။
ရှီးရှီက သူမကို ကြည့်ပြီး ပြုံးလိုက်သည်။ "ကျွန်မက အလုပ်လုပ်ရင် တိုတိုတုတ်တုတ်ပဲ လုပ်တတ်တယ်... ဒုတိယ နည်းလမ်းကို ရွေးလိုက်မယ်"
ရှန်မြောင်မှာ မျက်တောင်ခတ်မိတော့သည်။ တကယ်တော့ သူမ ထင်ထားသည်မှာ ရှီးရှီ ငြင်းမည်၊ သို့မဟုတ် ပထမ နှင့် တတိယ နည်းလမ်းကို ရွေးမည်ဟု ထင်ထားသည်။ မထင်မှတ်ဘဲ ရှီးရှီသည် ငွေထုတ်ပေးပြီး သူမ၏ ဆိုင်လေးနှင့် ရှယ်ယာပါဝင်ရန် ဆုံးဖြတ်လိုက်သည်။ ဒုတိယ နည်းလမ်းသည် ရှန်မြောင်အတွက် အကျိုးအရှိဆုံး ဖြစ်ပြီး ရှဲ့မိသားစုအတွက် အကျိုးအနည်းဆုံး ဖြစ်သည်။ အန္တရာယ် မျှဝေခံစားရမည် ဖြစ်သော်လည်း ဆိုင်ပိုင်ရှင်က ရှန်မြောင် ဖြစ်နေဆဲပင်။
ပြောပြီးသည်နှင့် ရှီးရှီသည် ရှန်မြောင်၏ စာအုပ်ကို သိမ်းယူလိုက်ပြီး ချီးကျူးလိုက်လေသည်။ "ဒီစာအုပ်ကို ကျွန်မ လက်ခံလိုက်ပါမယ်... ရှန်ညန်ဇီရဲ့ အကြိုက်ဆုံး အရည်အချင်းကတော့ ထက်မြက်တဲ့ ဉာဏ်ရည်နဲ့ စေ့စပ်သေချာတဲ့ စီမံခန့်ခွဲမှုပါပဲ... ရှန်ညန်ဇီက ငွေကြေးသုံးစွဲမှုကို ကောင်းကောင်း နားလည်ပြီး တစ်ပြားတစ်ချပ်မှ အလွဲအချော် မရှိစေဘူး... မိသားစု စားဝတ်နေရေးအတွက် အသေးစား လုပ်ငန်းတွေ လုပ်တာကစပြီး ပိုင်ဆိုင်မှုတွေ ဝယ်ယူတာအထိ အရာရာကို ဂရုတစိုက် စီမံပြီး ရေရှည်အတွက် စဉ်းစားတတ်တယ်... ဒါမှ တကယ့် အိမ်ထောင်ရှင်မကောင်း ပီသတာ"
နောက်ဆုံး ပြောလိုက်တဲ့ "အိမ်ထောင်ရှင်မကောင်း"ဆိုတဲ့ စကားလုံးက အဓိပ္ပာယ် ပါနေသလိုပဲ။
သို့သော် ရှန်မြောင်သည် ပျော်လွန်းသဖြင့် တခြားအရာများကို ဂရုမစိုက်နိုင်တော့ပေ။ သူမ ထရပ်ပြီး ကျေးဇူးတင်စကား ပြောကာ ဒူးညွှတ် အရိုအသေ ပြုလိုက်တော့သည်။
"သာ့ညန်ဇီဆီမှာ ဒီလို အမြတ်နည်းနည်းလေးတွေ မလိုဘူးဆိုတာ သိပါတယ်... ကျွန်မရဲ့ တောင်းဆိုမှုကို ဒီလောက် လွယ်လွယ်ကူကူ လက်ခံပေးတာက လူငယ်တွေကို ကူညီချင်တဲ့ စိတ်ကြောင့်ဆိုတာ နားလည်ပါတယ်... ဘယ်လို ကျေးဇူးတင်ရမလဲ မသိတော့ပါဘူး... ဒီကျေးဇူးကို ရင်ထဲမှာ အမြဲ မှတ်ထားပါ့မယ်... နောက်ပိုင်း သာ့ညန်ဇီ ခိုင်းစေစရာ ရှိရင် ဘယ်တော့မှ ငြင်းဆန်မှာ မဟုတ်ပါဘူး"
ရှီးရှီက ဘာမှ ဆက်မပြောတော့ပေ။ မိုးကောင်းကင်ကို ကြည့်လိုက်ပြီး မတ်တပ်ရပ်ကာ သူမကို တံခါးဝအထိ လိုက်ပို့ပေးလေသည်။
"ရှန်ညန်ဇီက ရှဲ့မိသားစုကို ဧည့်သည်အဖြစ် လာတာပဲ... ကျွန်မက အိမ်ရှင်အနေနဲ့ ဒီလို အချိန်ဖြုန်းနေလို့ မဖြစ်ဘူးလေ... သွားပါ... ခဏနေ ပြဇာတ်ပြီးရင် လျှောက်လည်ပါဦး... နွေဦးစံအိမ်က ကျယ်ဝန်းပေမယ့် ရေကန်ရှုခင်းကတော့ ကြည့်လို့အကောင်းဆုံးပဲ... ပြန့်ကျင်းမြို့ထဲမှာ ဒီလို ရေပြင်မျိုး ရှာမရဘူး... ရှန်ညန်ဇီ လက်လွတ်မခံနဲ့နော်"
ရှီမားမားသည် ယဉ်ကျေးစွာဖြင့် ရေကန်ဘေး စင်္ကြံလမ်းအထိ လိုက်ပို့ပေးသည်။ ရှန်မြောင်က သူမကို နောက်တစ်ကြိမ် ကျေးဇူးတင်စကား ပြောလိုက်၏။
ပြဇာတ်စင်မြင့်က ရေကန်၏တဖက်ကမ်းတွင် ရှိသဖြင့် လှေစီးပြီး ပြန်သွားရမည်။ တော်သေးသည်မှာ ကန်ဘေးတွင် ရှဲ့မိသားစု အစေခံများ လှေလှော်ရန် အသင့်စောင့်နေကြသည်။ သူမ အနီးဆုံး လှေတစ်စင်းကို ရွေးလိုက်သည်။
ပူးပေါင်းဆောင်ရွက်မှု အောင်မြင်သွားသဖြင့် ပျော်ရွှင်လွန်းကာ စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ သူမသည် ကုန်းပေါ်မှ လှေပေါ်သို့ ခုန်ဆင်းလိုက်မိသည်။ လှေကလေးသည် သူမ၏ လှုပ်ရှားမှုကြောင့် ဘယ်ယိမ်းညာယိမ်း ဖြစ်သွားရာ သူမ ရယ်မောရင်း လှေဘောင်ကို ကိုင်ကာ ဟန်ချက်ထိန်းလိုက်ရ၏။ ပြီးမှ ခေါင်းမော့ကြည့်လိုက်သည်။
လှေပေါ်တွင် လူတစ်ယောက် ရှိနေသည်။ အရက်သောက်ထားပုံ ရသည်။ လှေထဲတွင် မက်မွန်သီးဝိုင် အနံ့သင်းသင်းလေး မွှေးနေသည်။
ထိုလူက ခေါင်းစောင်းကြည့်လိုက်သည်။ နက်မှောင်တောက်ပသော မျက်လုံးများသည် အရက်ကြောင့် စိုစွတ်နေပြီး ပုံမှန်ထက် ပိုမိုနူးညံ့နေသည်။ လေတစ်ချက် ဝေ့လာသဖြင့် ကျူပင်များ ယိမ်းနွဲ့သွားပြီး သူတို့နှစ်ဦးကို ဖြတ်သန်းသွားသည်။
ရှဲ့ချီတစ်ယောက် အရက်ကြောင့် ထိုင်းမှိုင်းနေသော ဦးနှောက် ချက်ချင်း ကြည်လင်သွားတော့သည်။
သူသည် သူ့ရှေ့တွင် ရပ်နေသော အစိမ်းရောင် ဝတ်စုံနှင့် မိန်းကလေးကို ကြည့်လိုက်၏။ သူမသည် သူ ဘာလို့ ဒီရောက်နေတာလဲ ဟု အံ့သြနေပုံ ရပြီး မျက်ခုံးတန်းလေးများ ပင့်တက်သွားသည်။ ဒီလို ကြောင်တောင်တောင် ဖြစ်နေသော ပုံစံလေးက သူ့ကို မျက်လုံးများ ပိတ်သည်အထိ ပြုံးမိစေသည်။
ဟိုးယခင်ကတည်းက သူ ထင်မြင်ခဲ့သည်မှာ ရှန်ညန်ဇီသည် လေထဲတွင် ယိမ်းနွဲ့နေသော ကြာပန်းတစ်ပွင့်နှင့် တူသည်ဟု ထင်ခဲ့သည်။ ယခု... သူမ ဒီဝတ်စုံကို ဝတ်လိုက်တော့ သူ့ စိတ်ကူးထားသည့်အတိုင်း လှပနေသည်။ ကြည့်လိုက်သည်နှင့် ဒီအချိန်လေး ရပ်တန့်သွားစေချင်စိတ် ပေါက်သွား၏။ လောကကြီး၏ အလှတရား အားလုံး သူမဆီမှာ စုဝေးနေသလိုပင်။
"ကျိုကော... ဘာလို့ ဒီမှာ လာပုန်းနေတာလဲ" ရှန်မြောင်မှာ စိတ်ပျက်သွားတော့သည်။ ကမ်းပေါ်က အစေခံတွေကလည်း မပြောကြဘူး။ ပြောရင် သူမ ဒီလို ငရုတ်သီးထောင်းတဲ့ ကျည်ပွေ့လို ဗွမ်းခနဲ ခုန်ဆင်းလိုက်မှာ မဟုတ်ဘူးလေ။ လှေတောင် ယိုင်သွားသေးတယ်။
ရှက်စရာကြီး။ တော်တော် ရှက်စရာကောင်းတာပဲ။
"အရက်နည်းနည်း များသွားလို့... ဒီမှာ လာပြီး အမူးဖြေနေတာ" ရှဲ့ချီ၏ မျက်လုံးများထဲတွင် အပြုံးမပျက်ဘဲ သူမကို စိုက်ကြည့်နေဆဲ။
ရှန်မြောင်မှာ သူ့အကြည့်ကြောင့် ပိုရှက်လာတော့သည်။ ပါးပြင်များ ပူနွေးလာသဖြင့် လက်ခုံဖြင့် ပွတ်သပ်လိုက်ပြီး စကပ်စကို ဆွဲဆန့်ကာ အနေခက်စွာ မေးလိုက်တော့သည်။ "ကျိုကော... ဘာရယ်နေတာလဲ... ကျွန်မ မျက်နှာမှာ ပေနေလို့လား"
ရှဲ့ချီက ခေါင်းခါလိုက်ပြီး မျက်နှာလွှဲလိုက်သည်။ လေပြည်လေညှင်းများ တိုက်ခတ်လာပြီး သူတို့နှစ်ဦး၏ အဝတ်အစားများနှင့် ဆံပင်များကို လွင့်ပျံစေသည်။
သူ ရှန်ညန်ဇီကို မြင်လိုက်ရတိုင်း ရင်ထဲမှာ ပျော်ရွှင်မှုတွေ ပြည့်လျှံနေသလို ခံစားရတယ်။
အကြောင်းပြချက် မရှိပါဘူး။ လေပြေလေညှင်း တစ်ချက်က သူနဲ့ သူမရဲ့ အဝတ်အစားတွေကို အတူတူ ဖြတ်သန်းတိုက်ခတ်သွားရင်တောင်မှ...
သူ ပျော်ရွှင်ရပါတယ်။
**
မူလက ကျိုကောကို တွေ့လျှင် "ဘာလို့ ရုတ်တရက် အဝတ်အစားတွေ ပို့ပေးတာလဲ" ဟု မေးမည် စိတ်ကူးထားသော်ငြား နောက်ဆုံးတော့ ရှဲ့မိသားစု အိမ်တော်က ပြန်ထွက်လာသည်အထိ ရှန်မြောင်မှာ ဘာမှ မမေးဖြစ်လိုက်ဘဲ ခေါင်းရှုပ်ပြီး ပြန်လာခဲ့ရသည်။
သူမနှင့် သူ၊ နှစ်ယောက်သား အရူးနှစ်ယောက်လို ဘာစကားမှ မပြောဘဲ လှေပေါ်တွင် အတူတူ ထိုင်ပြီး လေညှင်းခံလိုက်၊ ရေပြင်ကို ငေးလိုက် လုပ်နေခဲ့ကြသည်။
နောက်ပိုင်း ပြန်စဉ်းစားမိတော့ ရှန်မြောင် ကိုယ့်အပြုအမူ ကိုယ် မယုံနိုင်အောင် ဖြစ်ရတော့သည်။ သူမက ဘာကိစ္စ ကျိုကောရှေ့ရောက်မှ ပါးစပ်ပိတ်ထားတဲ့ ဘူးသီးခြောက်လို ဖြစ်သွားရတာလဲ။ ဘာလို့ ဘာမှ ပြောချင်စိတ် မရှိတော့တာလဲ။
ရှန်းအာကတော့ ပျော်လိုက်တာ လွန်ရော။ သူမ ပြောပုံအရ ဆိုရင် ရှဲ့မိသားစု ဥယျာဉ်က စားစရာလည်း ကောင်း၊ ကြည့်လို့လည်း ကောင်း၊ ဆော့လို့လည်း ကောင်းသတဲ့။ ရှန်မြောင် လေညှင်းခံပြီး ငေးနေတုန်း ရှန်းအာက ပြဇာတ်ကြည့်ပြီးသွားလို့ ယန့်ရှူးနဲ့ တွေ့ပြီး စကားတွေ ဖောင်ဖွဲ့နေခဲ့ကြတာ။ ယန့်ရှူးက "စားဖော်စားဖက်" ပီပီ ရှန်းအာကို ဇီးသီးယိုထုပ် လက်ဆောင်ပေးလိုက်သေးတယ်။ အရင်တစ်ခါ ရှဲ့သာ့ညန်ဇီနဲ့ နယ်ဆင်းတုန်းက တောဇီးသီးတွေ ခူးလာတာ ပြန်ရောက်တော့ မကုန်လို့ ယိုထိုးလိုက်တာတဲ့။
ရှန်မြောင်တစ်ယောက် စဉ်းစားရင်း စဉ်းစားနေမိတော့သည်။ ကျိုကော ဘာတွေ တွေးနေလဲ။ သူမရော ဘာတွေ တွေးနေတာလဲ။ ဘာမှ ရေရေရာရာ အဖြေမထွက်ခင်မှာပင် အိမ်တော်ထိန်းကျန့် ရောက်လာပြီး ရင်းနှီးမြှုပ်နှံငွေတွေနှင့် စာချုပ် လာပို့ပေးလေသည်။ သည်လိုနှင့် သူမသည် သမီးရည်းစား စိတ်ကူးယဉ်မှုများကို ခေါင်းထဲက ထုတ်ပစ်လိုက်ပြီး စဉ်းစားနေသည်များကို ရပ်ထားလိုက်တော့သည်။
ဆိုင်ချဲ့မယ်။ သူမ ဆိုင်ချဲ့ဖို့ စလုပ်ရတော့မယ်။
...
အပိုင်း (၉၈) ရှောင်လုံရှားမာလာဟင်း
"ကလောက်... ကလောက်..."
ချန်ချွမ်းသည် လက်ဖြင့် လက်တွန်းလှည်းကို တွန်းရင်း ခြေထောက်ပေါ်တွင် ကြက်ဥထည့်ထားသည့် ဇကာလေးကို တင်ကာ အိမ်ရှေ့ ဆင်ဝင်အောက်ရှိ မြေမီးဖိုရှေ့သို့ ဖြည်းညင်းစွာ ရောက်လာပြီး ရပ်တန့်လိုက်လေသည်။
အချိန်ကား စောလွန်းသေးသဖြင့် အမိုးစွန်းအောက်တွင် ခိုတစ်ကောင်က လည်ပင်းကို ရှုံ့ကာ အိပ်စက်နေဆဲ ဖြစ်၏။ အနောက်ဘက်မှ ကြည်လင်သော အလင်းရောင်သည် ပြတင်းပေါက်မှတဆင့် ဝင်ရောက်လာသည်။ ရာသီဥတု မပူသေးဘဲ မနက်ခင်း၏ သီးသန့်ဖြစ်သော အပြာဖျော့ နေရောင်ခြည်သည် ခြံဝင်းထဲတွင် တဖြည်းဖြည်း ပြည့်လွှမ်းလာလေသည်။
မြေမီးဖိုဘေးတွင် ကြမ်းတမ်းသော မြေအိုးပန်းကန်လုံးကြီး တစ်လုံးနှင့် တူတစ်စုံ ရှိနေပြီးသား ဖြစ်သည်။ သူသည် ဒီနေ့ ကောက်ယူလာသော ကြက်ဥ ၄ လုံးကို တစ်လုံးချင်းစီ ဖြည်းညင်းစွာ ခေါက်ပြီး ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။ တူဖြင့် ကြက်ဥအနှစ်နှင့် အကာ သမသွားအောင် မွှေလိုက်ပြီးနောက် လက်တွန်းလှည်းကို တွန်းကာ ရေနွေးနွေး တစ်မုတ်ကို ခပ်ယူပြီး ကြက်ဥရည်ထဲသို့ ဖြည်းဖြည်းချင်း လောင်းထည့်လိုက်လေသည်။ ထို့နောက် တူဖြင့် ခဏလောက် ထပ်မွှေပြီး ဆားနုလေး အနည်းငယ် ဖြူးကာ ဝက်ဆီ အနည်းငယ် ထည့်ပြီး ပေါင်းအိုးထဲမှ လျှော်ဖွပ်ထားသော ပိတ်ပါးစဖြင့် အုပ်လိုက်သည်။
မီးဖိုကို မီးမွှေးပြီး အိုးထဲမှ ရေဆူလာသည်ကို စောင့်ကာ ရေဆူလာမှသာ ပန်းကန်လုံးကို ဂရုတစိုက် ထည့်ပြီး ရေနွေးငွေ့ဖြင့် ပေါင်းလိုက်သည်။
ရှန်မြောင်က သူ့ကို သင်ပေးဖူးသည်မှာ ၇ မိနစ်ခန့် ပေါင်းလိုက်လျှင် နူးညံ့သော ကြက်ဥပေါင်းကို ရရှိနိုင်သည် ဟူ၍ပင်။ ထိုအချိန်ကျမှ ကြက်သွန်မြိတ်လေး ဖြူး၊ ပဲငံပြာရည် တစ်ဇွန်းလောက် ဆမ်းလိုက်လျှင် စားရသည်မှာ ချောမွတ်နူးညံ့ပြီး ကျောက်စိမ်းဆီကဲ့သို့ ဖြစ်နေပေလိမ့်မည်။
သူသည် လက်တွန်းလှည်းကို တွန်းကာ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားပြီး မန်ထိုအကြီးအချို့ကို ယူကာ ပေါင်းအိုးထဲသို့ ထည့်ပြီး တစ်ခါတည်း နွှေးလိုက်လေသည်။
အိမ်သားအားလုံးအတွက် မနက်စာကို ပြင်ဆင်ပြီးမှသာ သူသည် ခေါက်တုံ့ခေါက်ပြန် အကြိမ်ကြိမ် သွားလာရင်း လက်တွန်းလှည်းကို တွန်းကာ မျက်နှာသစ်ရန် သွားလိုက်၏။ အိမ်၏ အရှေ့ဘက် ပြတင်းပေါက်ဘောင်ပေါ်တွင် နာမည်ရေးထားသော ဝါးကျည်တောက် ၄ ခု တန်းစီနေပြီး ခွက်ထဲတွင် သစ်သားလက်ကိုင်ဖြင့် လုပ်ထားသော သွားပွတ်တံများ ရှိကာ ထောင့်တွင် သွားတိုက်ဆေးမှုန့် တစ်အိုးလည်း ရှိလေသည်။
သူ့ဝါးကျည်တောက်ပေါ်တွင် "ချွမ်း" ဟု ရေးထားပြီး ရှန်းကျဲအာ့ ဝါးကျည်တောက်တွင် "ရှန်း" ဟု ရေးထားသည်။ ကျန်နှစ်ခုမှာ သေချာပေါက် "ကျိ" နှင့် "မြောင်" ပင် ဖြစ်လေသည်။ ချန်ချွမ်းသည် စာလုံးရေ ဒါဇင်နှင့်ချီ၍ မှတ်မိနေပြီဖြစ်ပြီး ထိုအထဲတွင် အရင်ဆုံး မှတ်မိသည်မှာ "ရှန်" နှင့် အိမ်သားများ၏ နာမည်များပင်။
ဒီနာမည်များကိုသာ ကြည့်မည်ဆိုလျှင် သူသည် ဒီအိမ်က ကလေးအစစ်နှင့် တူနေလေသည်။ သူ၊ ရှန်းအာနှင့် ကျိအာတို့အားလုံးသည် မြစ်ချောင်းအင်းအိုင်များနှင့် ပတ်သက်သော နာမည်များ ဖြစ်ကြသည်။
ချန်ချွမ်းသည် "ဂလု... ဂလု..." မြည်အောင် ပလုပ်ကျင်းရင်း သွားတိုက်နေသည်။ သူသည် ရှန်မြောင် ပြောပြဖူးသော ဒေါင်လိုက် တုန်ခါပြီး တိုက်သည့်နည်းလမ်းကို ကြိုးစားပြီး သင်ယူနေသော်လည်း အနှစ်သာရကို သဘောမပေါက်သေးဘဲ တိုက်လိုက်တိုင်း တစ်လှမ်းလှမ်းလျှင် သုံးခါလောက် တုန်ရီနေသော အဘွားအိုကဲ့သို့ တကိုယ်လုံး လှုပ်ခါနေတော့သည်။
သူ မျက်နှာသစ်ပြီးသွားချိန်တွင် ရှန်းအာသည် ဆံပင်များ ဖွာလန်ကြဲလျက် သမ်းဝေကာ ထွက်လာ၏။ ထို့နောက် ရှန်မြောင်နှင့် ကျိအာတို့လည်း ထလာကြပြီး မောင်နှမသုံးယောက်လုံး အိပ်မှုန်စုံမွှားဖြင့် ဆံပင်များ ရှုပ်ပွကာ မျက်ခွံများ လေးလံလျက် တန်းစီပြီး သွားတိုက်ကြလေသည်။
ရှန်မြောင်သည် ရှဲ့မိသားစုမှ အလည်ပြန်လာပြီးကတည်းက စိတ်ဒုက္ခကြီးတစ်ခုကို လျှော့ချလိုက်နိုင်သကဲ့သို့ နေ့တိုင်း အိပ်ပျော်စားဝင် ရှိနေပြီး သည်ရက်ပိုင်းတွင် မနက် ၉ နာရီလောက်မှ ထလေ့ရှိသည်။ ရှန်းအာသည်လည်း မန်ထိုပေါက်စီ ရောင်းရသည့် အချိန်မှလွဲ၍ ကျန်အချိန်များတွင် စောစောထလေ့ မရှိပေ။ ကျိအာမှာလည်း ကျောင်းတွင် မနက် ၅ နာရီလောက်ကတည်းက စာသင်ခန်းသို့ သွားပြီး မနက်စာ စာဖတ်ရသဖြင့် အိမ်တွင် ရှားရှားပါးပါး အိပ်ရာထ နောက်ကျခွင့် ရခြင်း ဖြစ်သည်။
စာဖတ်ပြီး နာရီဝက်လောက်ကြာမှ မနက်စာ စားရလေသည်။
ထို့ကြောင့် သည်နှစ်ရက်တွင် ချန်ချွမ်းသည် အိမ်အတွက် မနက်စာ ပြင်ဆင်ပေးရန် တာဝန်ယူလိုက်သည်။ သူသည် လူပွဲစားနှင့်အတူ တောင်ပိုင်း မြောက်ပိုင်း သွားလာခဲ့ရသဖြင့် စောစောထတတ်သည့် အကျင့်ရှိနေပြီး ပင်ပန်းသည်ဟု မခံစားရပေ။
ရှန်မြောင်သည် ရှန်းအာကို ဆံပင်ဖြီးပေးပြီး သူမကိုယ်တိုင်လည်း ဆံပင်ထုံးဖွဲ့ပြီးနောက် ပေါင်းအိုးအဖုံးကို လာဖွင့်ကြည့်လိုက်သည်။ ထို့နောက် တူဖြင့် ကြက်ဥပေါင်းပေါ်တွင် အုပ်ထားသော ပိတ်ပါးစကို ဖယ်လိုက်ရာ အတွင်းမှ ကြက်ဥပေါင်းသည် နူးညံ့ညက်ညောသော အဝါဖျော့ရောင်လေး အဖြစ် ခဲနေပြီး မျက်နှာပြင်ပေါ်တွင် လေခိုပေါက် တစ်ခုမှ မရှိဘဲ အလွန် အောင်မြင်နေသည်ကို တွေ့လိုက်ရသည်။
သူမ အံ့အားသင့် ဝမ်းသာသွားပြီး ခေါင်းလှည့်ကာ ချန်ချွမ်းကို သေချာလေး ချီးကျူးလိုက်လေသည်။ "ရှောင်ချွမ်းက တော်လိုက်တာ၊ စားဖိုမှူးလုပ်ဖို့ ပါရမီပါတယ် ထင်တယ်၊ မကြီးက ပါးစပ်နဲ့ တစ်ခါပဲ သင်ပေးရသေးတယ်၊ ဒီလောက် ကောင်းကောင်း လုပ်တတ်နေပြီ"
ဒီကိစ္စကို သူမ ပိုပြောခြင်း မဟုတ်ပေ။ ကြက်ဥပေါင်းလုပ်သည်မှာ ရိုးရှင်းသည်ဟု ထင်ရသော်လည်း လှပအောင်ပေါင်းရန်မှာ အလွန် ဂရုစိုက်ရလေသည်။ လူတော်တော်များများ ပေါင်းလိုက်လျှင် ကြက်ဥက ရင့်သွားပြီး ပျားအုံကဲ့သို့ အပေါက်များ ဖြစ်နေတတ်ကာ တစ်ချို့က ကြက်ဥအကာကို သမအောင် မမွှေမိသဖြင့် ပေါင်းလိုက်လျှင် အဝါတစ်ကွက် အဖြူတစ်ကွက်နှင့် စားမကောင်း ဖြစ်တတ်လေသည်။
ချန်ချွမ်းသည် ချီးကျူးခံလိုက်ရသဖြင့် နှုတ်ခမ်းထောင့်လေး ကွေးတက်သွားပြီး ရှက်သွေးဖြာသော အပြုံးလေးတစ်ခု ပေါ်လာသည်။
ရှန်မြောင်သည် ကြက်ဥပေါင်းကို ထုတ်ယူကာ တစ်ယောက်ကို အတုံးကြီးကြီး တစ်တုံးစီ ခွဲဝေပေးလိုက်ပြီး ချဉ်ဖတ်အိုးထဲမှ မျှစ်ချဉ်ဖတ်အချို့ ခပ်ယူကာ မန်ထိုအဖြူကြီးများနှင့် တွဲဖက်လိုက်သည်။ ထို့နောက် မက်မွန်သီးတချို့ကို ဆေးကြောလိုက်ကာ မနက်စာ တစ်နပ် ဖြစ်သွားတော့သည်။
နွေရာသီ ပူအိုက်လာသဖြင့် ရှန်မိသားစုသည်လည်း ပိုမိုရိုးရှင်းစွာ စားသောက်ကြလေသည်။
၆ လပိုင်း ရောက်လာသောအခါ ပြန့်ကျင်းမြို့စွန်ရှိ မက်မွန်ခြံ အသီးသီးမှ မက်မွန်သီးများ မှည့်ဝင်းလာပြီး လမ်းပေါ်တွင် မက်မွန်သီး ရောင်းချသူများ များပြားလာသည်။ ရှန်မြောင်သည် မေစန်းညန်နှင့် တိုင်ပင်ကာ အခွင့်အရေးကို အမိအရယူပြီး မက်မွန်သီး ပေါများ၍ ဈေးပေါချိန်တွင် "မက်မွန်သီး ရေခဲလက်ဖက်ရည်" ရောင်းချရန် အကြံပေးလိုက်လေသည်။
မက်မွန်သီးကို ရေဆေး၊ အခွံနွှာ အစေ့ထုတ်ပြီး အတုံးသေးလေးများ တုံးကာ အိုးထဲသို့ ထည့်ရသည်။ ထို့နောက် မက်မွန်သီး မြုပ်ရုံ ရေနှင့် သကြားခဲ အနည်းငယ်ထည့်ကာ မီးအေးအေးဖြင့် မက်မွန်သီးများ ပျော့ပြဲပြီး သကြားခဲများ အရည်ပျော်သွားသည်အထိ ပြုတ်ရသည်။ ထိုအချိန်တွင် မက်မွန်သီး၏ မွှေးပျံ့ချိုမြသော အရသာသည် ရေထဲသို့ အပြည့်အဝ စိမ့်ဝင်သွားပြီး ပျစ်ချွဲလာကာ မက်မွန်သီးယို ဖြစ်သွားလေသည်။
တခြားမြေအိုးတစ်လုံးကို ယူကာ လက်ဖက်ခြောက် အကျိုးအပဲ့များကို ထည့်ပြီး ရေနွေးဆူဆူဖြင့် ခတ်လိုက်ရာ မွှေးပျံ့သော လက်ဖက်ရည်ရနံ့ ရရှိလာပြီးနောက် ရေစစ်ဖြင့် လက်ဖက်ခြောက်များကို စစ်ထုတ်လိုက်သည်။ ပြုတ်ထားသော မက်မွန်သီးယိုကို လက်ဖက်ရည်ရည်ထဲသို့ လောင်းထည့်ပြီး သမအောင် မွှေလိုက်ရသည်။
နောက်ဆုံးတွင် မြေအိုးဖြင့် ပိတ်ကာ ရေတွင်းထဲတွင် ခဏလောက် စိမ်ထားလိုက်လျှင် အေးမြသော မက်မွန်သီး ရေခဲလက်ဖက်ရည် ရရှိပြီ ဖြစ်လေသည်။
ဤသို့ဆိုလျှင် လက်ဖက်ရည်ထဲတွင် အသီးရနံ့နှင့် ချိုမြသော အရသာပါဝင်ပြီး ရေအေးစိမ်ထားသဖြင့် သောက်လိုက်လျှင် ပိုမို အေးမြလန်းဆန်းစေကာ မက်မွန်သီး အသားများကိုလည်း စားရပေလိမ့်မည်။ ပူပြင်းသော နေရောင်အောက်တွင် တစ်ခွက်လောက် သောက်လိုက်လျှင် ရင်ထဲသို့ ရေခဲများ ဝင်ရောက်သွားသကဲ့သို့ အလွန် လန်းဆန်းသွားစေသည်။
မေစန်းညန်သည် သူမ၏စကားကို နားထောင်ပြီး သည်ရက်ပိုင်းတွင် အမှန်တကယ်ပင် ရောင်းကောင်းနေလေသည်။ သူမသည် ရှန်မြောင် အကြံပေးသည်ကို ကျေးဇူးတင်သဖြင့် ယခုရက်ပိုင်းတွင် သူမ၏ဆိုင်အတွက် "မက်မွန်သီး ရေခဲအချိုရည်" ကို ဈေးတစ်ဝက်ဖြင့် ပေးရုံသာမက ကျေးဇူးတင်သည့် အနေဖြင့် မက်မွန်သီးလတ်လတ်ဆတ်ဆတ် အများအပြားကိုလည်း လာပို့ပေးလေသည်။ ထို့ကြောင့် ယခုရက်ပိုင်း အိမ်တွင် ဗီတာမင် ဖြည့်စွက်စာ အားလုံးသည် အစိမ်းရောင်သမ်းသော အိစက်စက် မက်မွန်သီးများ ဖြစ်နေတော့သည်။
မက်မွန်သီးများ အပုပ်မြန်သဖြင့် ရှန်မြောင်သည် ဆားရည်၊ ဇီးသီးနှင့် ချိုနွယ်မြစ်တို့ဖြင့် မက်မွန်သီးပေါင်း တစ်ဇလုံကို စိမ်ထားလိုက်သည်။ မက်မွန်သီးကို ဤသို့ စိမ်စားလျှင်လည်း အလွန် စားကောင်းလေသည်။ အေးမြပြီး စားလိုက်လျှင် ကြွပ်ရွကာ ချိုချဉ်အရသာ ရှိသည်။
ရှန်းအာသည် မက်မွန်သီးပေါင်းကို သွားရေစာအဖြစ် စားပြီး အိမ်ထဲဝင်လျှင် တစ်လုံးယူစားလိုက်၊ အိမ်ပြင်ထွက်လျှင် တစ်လုံးယူစားလိုက်နှင့် အလုပ်ရှုပ်နေတတ်သည်။ ဆင်ဝင်အောက်တွင် ဖျာတစ်ချပ်ခင်းပြီး ထိုနေရာတွင် လှဲလျောင်းကာ ခြေထောက်လေး လှုပ်ယမ်းလျက် တစ်ခါတစ်ရံ တိုက်ခတ်လာသော နွေလေညင်းနှင့်အတူ ကြွပ်ခနဲ ကြွပ်ခနဲ မြည်အောင် ဝါးစားနေလေသည်။
သို့သော်ငြား ဒီလို စားနေရင်းကပင် မီးဖိုချောင်ထဲတွင် တောင်းတစ်ဝက်လောက် ကျန်နေသေးသည်။ ရှန်မြောင်သည် ပုပ်သိုးပြီး လွှင့်ပစ်ရမည်စိုးသဖြင့် ဒီနေ့ အားလုံးကို မက်မွန်သီးခြောက် လုပ်ပစ်ရန် ပြင်ဆင်လိုက်၏။ မက်မွန်သီးခြောက် လုပ်ရသည်မှာ လွယ်ကူသည်။ မက်မွန်သီးကို အထူအပါး ညီညာအောင် ပါးပါးလှီးပြီး သကြားရည် ကျိုကာ မက်မွန်သီးစိတ်များပေါ်တွင် ရွှေညိုရောင် သကြားရည် သုတ်လိမ်းပြီး မီးဖိုထဲထည့်ကာ ခြောက်သွေ့အောင် ကင်လိုက်လျှင် စားလို့ ရပြီဖြစ်သည်။
ရှန်မြောင်သည် ခဏလေးနှင့် အိုးအများကြီး ပြုလုပ်ပြီးစီး သွားခဲ့သည်။ ထိုအချိန်တွင် သူမ အိုးထဲထည့်နေစဉ် ကူသာ့လန်သည် ပခုံးပေါ်တွင် ပိုက်ကွန်ထမ်းကာ အမြွှာနှစ်ယောက်ကို ဆွဲလျက် ရောက်လာပြီး ရှန်မိသားစု ကလေးများကို မြို့ပြင် ရေတိမ်သောင်ပြင်သို့ သွားပြီး ရှောင်လုံရှား ဖမ်းချင်သလားဟု မေးလေသည်။
"မနေ့က မိုးရွာထားတော့ မိုးရွာပြီးရင် ရှောင်လုံရှားတွေက အစာရှာထွက်လေ့ရှိတယ်၊ ညဘက်ထက်တောင် ဖမ်းရလွယ်သေးတယ်၊ ဒီနေ့တော့ သေချာပေါက် အများကြီး ရမှာပဲ" ကူသာ့လန်က ယုံကြည်မှု အပြည့်ဖြင့် ပြောလေသည်။
ပြန့်ကျင်းတွင် ပြန့်မြစ် ဖြတ်သန်းစီးဆင်းသဖြင့် ယခုအချိန်တွင် ပြန့်မြစ်သည် မြစ်လက်တက်များ ကြွယ်ဝနေသည်။ မြစ်ကျိုးအင်းများရှိ နုန်းမြေများ ပို့ချသော ရေတိမ်သောင်ပြင်များတွင် ရေက တိမ်ပြီး နေရောင်ခြည်သည် ရေအောက်ခြေထိ ထိုးဖောက်နိုင်သဖြင့် ရေမှော်ပင်များ ထူထပ်ကာ ပုစွန်မျိုးစိတ်များလည်း ပေါများလေသည်။ ပြန့်ကျင်းမြို့ပြင်တွင် ပုစွန်မွေးမြူရန်အတွက် တူးဖော်ထားသော မြစ်ကမ်းပါးငယ်များပင် ရှိလေသည်။
ပြန့်ကျင်းမြစ်ထဲတွင် အတွေ့ရများသည်မှာ မြစ်ပုစွန်ဆိတ်၊ ပုစွန်စိမ်းနှင့် ကျောက်ပုစွန်ငယ်လေးများနှင့် တူသော ရှောင်လုံရှားတို့ ဖြစ်သည်။ ရှောင်လုံရှားသည်လည်း အညိုရောင် သို့မဟုတ် အနီရင့်ရောင်ရှိပြီး ခေါင်းကြီး ကိုယ်သေးကာ လက်မကြီး နှစ်ခုလည်း ပါရှိသည်။ ရှန်မြောင်သည် အရင်က ရှန်းအာ အကောင်တချို့ ဖမ်းလာသည်ကို မြင်ဖူးသဖြင့် ထိုအချိန်က ကျောက်ပုစွန်ငယ်လေးများပါ ရှေးခေတ်ကို ကူးပြောင်းလာသည်ဟု ထင်မှတ်ခဲ့ဖူးသည်။ နောက်မှသာ ရှောင်လုံရှားသည် အလွန် အတွေ့ရများသော ဒေသရင်း မျိုးစိတ်ဖြစ်ကြောင်း သိခဲ့ရသည်။
ကျိအာကတော့ နှမြောစရာကောင်းစွာပင် မလိုက်နိုင်တော့ပေ။ သူ၏ ခဏတာ ကျောင်းပိတ်ရက်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီဖြစ်ရာ ခဏနေလျှင် ကျောင်းပြန်တက်ရတော့မည်။
ရှန်းအာမှာ ပါးစပ်ထဲတွင် မန်ထိုအပြည့်နှင့် ဖြစ်သော်လည်း လက်ကို မြှောက်ကာ လိုက်မယ် လိုက်မယ် ဟု အော်နေလေပြီ။ ချန်ချွမ်းကတော့ စကားမပြောပေ။ သူက ခေါင်းလှည့်ပြီး ရှန်မြောင်ကို ကြည့်လိုက်သည်တွင် ရှန်မြောင်ကလည်း သူ့ကို သွားစေချင်သဖြင့် နူးညံ့စွာ ပြောလေသည်။
"မင်းလည်း သွားကစားချေ၊ ရေစပ်မှာ ထိုင်ကြည့်နေရင်တောင် ရတာပဲ၊ အိမ်ထဲမှာပဲ အောင်းမနေနဲ့"
ထို့အပြင် ရှန်မြောင်သည် ခဏနေလျှင် အိမ်ခြံမြေအကျိုးဆောင်နှင့် ဘေးဆိုင်ခန်းကိစ္စ ဆွေးနွေးရန် ချိန်းထားသဖြင့် အိမ်တွင် ရှိမည် မဟုတ်ပေ။
ထို့ကြောင့် သူမသည် ကလေးနှစ်ယောက်ကို ကူသာ့လန်ထံသို့ စိတ်အားထက်သန်စွာ အပ်နှံလိုက်သည်။ ကူသာ့လန်က အားပေါင်ကို ပခုံးပေါ်တင်၊ အားတိကို ရင်ခွင်ထဲပိုက်ကာ ရှန်းအာက စိတ်လှုပ်ရှားစွာ ချန်ချွမ်းကို တွန်းလျက် နွေရာသီ၏ ပူပြင်းသော နေရောင်ခြည်အောက်သို့ အုပ်စုဖွဲ့ ပြေးထွက်သွားကြသည်ကို သူမက ပြုံးရွှင်စွာ ကြည့်နေလိုက်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် ချန်ချွမ်းကို သမားတော်အိုကြီးထံ ခေါ်သွားပြီး ဆေးထည့်ကာ ပြန်လည်စစ်ဆေးခဲ့သည်။ သမားတော်အိုကြီးက မရောင်ရမ်းတော့သလို သိပ်လည်း မနာတော့သော ခြေထောက်ကို စမ်းသပ်ပြီး အနည်းငယ် ကွေးဆန့် လှုပ်ရှားခိုင်းကာ အခြေခံအားဖြင့် ပြန်ကောင်းနေပြီဟု ကျေနပ်စွာ ခေါင်းညိတ် ပြောကြားခဲ့သည်။
ဆေးလည်း ထပ်မပေးတော့ပေ။ ကျပ်စည်းထားသည်ကို ဖြုတ်၍ မရသေးသော်လည်း ရေပတ်တိုက် ရေချိုး၍ ရပြီဖြစ်သည်။ ရေထိလျှင်လည်း ကိစ္စမရှိပေ။
သို့သော် အားစိုက်၍ မရသေးသဖြင့် လက်တွန်းလှည်းပေါ်တွင် ထိုင်နေရဆဲ ဖြစ်သည်။
သူ့ခြေထောက်နှင့် ပုစွန်ဖမ်းဖို့ကတော့ မဖြစ်နိုင်သော်လည်း အပြင်ထွက်ပြီး လေညင်းခံသည်ကတော့ ကောင်းမွန်လေသည်။ ဒီကလေးက စကားနည်းပြီး အပြင်ထွက်ရသည်ကို မကြိုက်ဘဲ ခရုတစ်ကောင်လို ရှန်မြောင်၏ ခြံဝင်းငယ်လေးထဲတွင်သာ ကျုံ့နေတတ်သည်။ သို့မှသာ လုံခြုံမှုရှိသည်ဟု ခံစားရပုံပင်။
သို့သော် သူ ဖြည်းဖြည်းချင်း အပြင်ထွက်လာပြီး နေရောင်ခြည် ခံယူကာ လှုပ်လှုပ်ရှားရှား ရှိစေရန် သူမကတော့ မျှော်လင့်မိသည်။ ကယ်လ်ဆီယမ် ဖြည့်တင်းသည်ဟု သဘောထားရမည်။
ကလေးနှစ်ယောက် ထွက်သွားကြပြီးနောက် ရှန်မြောင်သည် သိမ်းဆည်းစရာရှိသည်များကို သိမ်းဆည်းပြီး အဝတ်အစား လဲကာ လွယ်အိတ်ကို လွယ်ပြီး ကျိအာနှင့်အတူ အပြင်ထွက်လာခဲ့လေသည်။
သူမသည် ကျိအာကို ခရီးဝေးပြေးသည့် လှည်းပေါ် ရောက်သည်အထိ လိုက်ပို့ပြီး ပိုက်ဆံတစ်တွဲကို သူ့အတွင်းအင်္ကျီထဲတွင် ချုပ်ထားသော အိတ်ကပ်ထဲသို့ ထည့်ပေးကာ မှာကြားလိုက်သည်။
"ပိုက်ဆံမလောက်တာဖြစ်ဖြစ်၊ တစ်ခုခုလိုတာဖြစ်ဖြစ်ရှိရင် အိမ်ကို လူလွှတ်ပြီး လာပြောနော်၊ မကြီး လာပို့ပေးမယ်"
ရှန်ကျိသည် စာအုပ်သေတ္တာကို လွယ်ထားပြီး ခေါင်းညိတ်ကာ ရှန်မြောင်ကိုလည်း အပြန်လမ်းတွင် ဖြည်းဖြည်းပြန်ရန်၊ နေပူမခံရန်နှင့် သစ်ပင်ရိပ်အောက်မှ လျှောက်ရန် တိုးတိုးလေး မှာကြားလေသည်။
မကြီးဖြစ်သူ လှည့်ထွက်ပြီး မြင်းငှားစခန်းမှ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူသည် ကြိမ်ကြိုးသိုင်းကြိုးကို လက်ဖြင့် ဆွဲကိုင်ကာ စာအုပ်သေတ္တာကို အပေါ်သို့ ကြိုးစား ပင့်တင်လိုက်သည်။
စာအုပ်သေတ္တာက လေးလံသော်လည်း အတွင်းထဲတွင် စာအုပ်များ အပြည့်ထည့်ထားခြင်း မဟုတ်ဘဲ ခုနလေးတင် ကင်ထားသော မက်မွန်သီးခြောက် ၂ အိုး ထည့်ထားခြင်း ဖြစ်သည်။ ထိုအိုးထဲတွင် ကပ်စေးနည်းသော ရှန်းအာ ထိုးထည့်လိုက်သည့် မက်မွန်သီးပေါင်း ၂ တုံးလည်း ပါသေးသည်။ ဟုတ်ပါသည်။ ၂ တုံးတည်းသာ ဖြစ်လေသည်။
မကြီးကသာ သူ့ကို ချစ်တာဖြစ်သည်။ နောက်ပြီး မကြီးက သူ့ကို ခေါက်ဆွဲခြောက် ၁၀ ထုပ်၊ ဝက်အူချောင်း ၂ ချောင်း၊ ပုရစ်ပေါင်မုန့် တစ်ဘူး၊ ဘဲဥငန် ၁၀ လုံး၊ ဂျုံမှုန့် တစ်အိတ်တစ်ဝက်နှင့် ဒလိမ့်တုံး တစ်ချောင်းပါ ထည့်ပေးလိုက်သေးသည်။
ထိုဒလိမ့်တုံးက ရှည်လွန်းသဖြင့် စာအုပ်သေတ္တာအပြင်သို့ တစ်ဖက်စွန်း ထွက်နေလေ၏။
ကျောင်းက အစားအသောက် အလွန်ဆိုးရွားသည်ဟု ကြားကတည်းက ရှန်မြောင်သည် သိမ်းဆည်းရလွယ်ကူပြီး စားလို့ရသည့် အစားအစာ အများအပြားကို ပြင်ဆင်ပေးခဲ့သည်။ ဒယ်အိုး၊ မီးဖိုနှင့် ပေါင်းအိုးတို့ကိုပါ ပေးလိုက်ပြီး ကျောင်းမီးဖိုချောင်သို့ ဆန်သွားမအပ်ဘဲ အဆောင်မှာတင် ကိုယ်တိုင်ချက်စားစေချင်ခဲ့သည်။
ရှန်မြောင် အရင်က တက္ကသိုလ်တက်တုန်းက ထိုကဲ့သို့ပင်။ အဆောင်ထဲတွင် ထမင်းပေါင်းအိုး၊ လျှပ်စစ်ဒယ်အိုးတို့ကို ဝှက်ထားပြီး အဆောင်မှူး အဒေါ်ကြီးများနှင့် ဉာဏ်ပြိုင်ခဲ့ရဖူးသည်။
ရှန်ကျိသည် ထိုအကြံပြုချက်ကို လေးလေးနက်နက် စဉ်းစားပြီးနောက် သူ့ချက်ပြုတ်လက်ရာနှင့် ဆိုလျှင် မလွယ်ကူလောက်ဟု တွေးမိကာ ဂျုံနယ်ပြီး မန်ထိုလုပ်နည်းလောက်သာ အရင် စမ်းကြည့်တော့မည်ဟု ဆုံးဖြတ်လိုက်သည်။ ထို့အပြင် ကျောင်းတွင် အသုံးပြုနိုင်သည့် မီးဖို ရှိပြီးသားဖြစ်၍ ယူသွားစရာ မလိုတော့ပေ။ သို့မဟုတ်လျှင် သူ ကျောင်းအပ်သည့်အခါ ဘယ်ဘက်လက်တွင် မီးဖို၊ ညာဘက်လက်တွင် ဒယ်အိုးနှင့် စစ်ဘေးရှောင်လာသကဲ့သို့ ဖြစ်နေပြီး လူအများ ကြည့်စရာ ဖြစ်နေပေလိမ့်မည်။
သို့သော် မီးဖိုနှင့် ဒယ်အိုးကို ငြင်းပယ်ခဲ့သော်လည်း ပစ္စည်းအပြည့်ပါသော သေတ္တာကို ကျောပိုးထားရဆဲပင်။ လှည်းပေါ်တက်သည့်အခါ စာအုပ်သေတ္တာ အလေးချိန်ကြောင့် နောက်သို့ လဲကျလုနီးပါး ဖြစ်သွားရာ ကံကောင်းထောက်မစွာဖြင့် သူ့နောက်မှ လူကောင်ကြီးကြီး တစ်ယောက်ကလည်း လန့်ဖျပ်သွားပြီး သူ့ကို အလျင်အမြန် လှမ်းထိန်းပေးလိုက်လေသည်။
ခရီးဝေးပြေးသည့် လှည်းသည် ယိမ်းထိုးလျက် မြို့တွင်းမှ ထွက်ခွာလာ၏။ ရှန်ကျိသည် လှည်းပြတင်းပေါက်တွင် မှီပြီး ပြန်လှည့်ကြည့်လိုက်ရာ မကြီးဖြစ်သူ၏ သေးသွယ်သော ပုံရိပ်လေးသည် သစ်ပင်ရိပ်အောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဒီနေ့ လေမတိုက်ဘဲ သစ်ပင်ကြီးများက စိမ်းစိုငြိမ်သက်နေပြီး သစ်ရွက်များအကြားမှ အလင်းနှင့် အရိပ်တို့သည် အစ်မကြီးဖြစ်သူ၏ ကိုယ်ပေါ်သို့ ကျရောက်နေကာ ငွေရောင်အကြေးခွံများသယောင်။
အိမ်နှင့်ဝေးရာသို့ ခရီးထွက်ခြင်း မဟုတ်ဘဲ မြို့ပြင်ထွက်ပြီး စာသွားသင်ခြင်းသာ ဖြစ်သော်လည်း ရှန်ကျိသည် မကြီးဖြစ်သူ၏ ကျောပြင်ကို ကြည့်ရင်း အလွမ်းပြေစေမည့် ကဗျာစာသားများကို သတိရမိနေတော့သည်။
၁၀ ရက်တောင် စာဖတ်ရဦးမည်။ ရှန်ကျိ လက်ချောင်းလေးများကို ချိုးရေတွက်ကြည့်လိုက်ရာ နောက်တစ်ခေါက် အိမ်ပြန်လာချိန်သည် ကြာပန်းပွဲတော် နောက်ဆုံးရက်နှင့် တိုက်ဆိုင်နေသည်ကို တွေ့လိုက်ရသဖြင့် သက်ပြင်းချလိုက်မိသည်။ အိမ်ပြန်ပြီး မကြီးနှင့်အတူ ပွဲတော်ဆင်နွှဲဖို့ အချိန်မီနိုင်သေးသည်မို့ ကိစ္စကောင်းတစ်ခုပင် ဖြစ်လေသည်။
ထို့ကြောင့် စိတ်အေးသွားရပြန်သည်။
..........
ရှန်မြောင်သည် အိမ်ခြံမြေအကျိုးဆောင်နှင့် ချိန်းဆိုထားသော နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားသည်။
ထိုနေရာသည် ကျိုးတံတားဘေးရှိ လက်ဖက်ရည်ဆိုင်ငယ်လေး ဖြစ်သည်။ တစ်ဖက်လူက ရက်ရက်ရောရောပင် ဒုတိယထပ် ရေနံဘေးရှိ သီးသန့်အခန်းကို ငှားရမ်းထားသည်။ ထိုအကျိုးဆောင်သည် ဝေဂါဦးထုပ် ဆောင်းထားပြီး လည်ဝိုင်းလက်ကျပ် ဝတ်ရုံရှည် ဝတ်ဆင်ထားသော ဝေဂါလူမျိုးဖြစ်ကာ ပိန်ပါးပြီး တက်ကြွပုံရသည်။ မျိုးရိုးနာမည်မှာ ယောက်လော်ကယ် ဖြစ်လေသည်။
သူ့မျက်လုံးအိမ် ဖျော့ဖျော့များထဲတွင် ထက်မကြက်သော အရောင် တောက်ပနေပြီး ရှန်မြောင် ဝင်လာသည်ကို မြင်သောအခါ နွေးထွေးစွာ ကြိုဆိုလိုက်ပြီး လက်ဖက်ရည်ဖျော်သူကို လက်ဖက်ရည် ချပေးရန် တရစပ် မှာကြားလေသည်။
ပြန့်ကျင်းမြို့တွင် တိုင်းတစ်ပါးသား မများလှပေ။ အနောက်ဘက်ဒေသများနှင့် လမ်းပန်းဆက်သွယ်ရေး မဖြောင့်ဖြူးသလို တိဘက်နှင့်လည်း ဆက်ဆံရေး သိပ်မကောင်းလှဘဲ ယခု စုန့်ခေတ်တွင် အဓိကအားဖြင့် "ရေကြောင်းပိုးလမ်းမကြီး" ကိုသာ အသုံးပြုကြသည်။
သို့သော် ဝေဂါလူမျိုးများသည် ထိုအထဲတွင် ရှားရှားပါးပါး အဆက်အဆံရှိသော တိုင်းတစ်ပါးသား လူမျိုးစုများ ဖြစ်ကြသည်။ သူတို့သည် မွန်ဂိုလီးယားမြောက်ပိုင်း၏ အီလီမြစ်ဝှမ်း ဒေသအနီးတွင် နေထိုင်ကြပြီး စီးပွားရေး လုပ်ကိုင်ရာတွင် အလွန် ကျွမ်းကျင်ကြသည်။ ကုလားအုတ်များကို စီးကာ ကန္တာရကို ဖြတ်ကျော်ပြီး အနောက်တိုင်း၏ ရတနာများ၊ တူရိယာများ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ သိုးမွေးကော်ဇော စသည့် ကုန်ပစ္စည်းများကို သယ်ဆောင်လျက် ကုလားအုတ်ခေါင်းလောင်းသံ တညံညံဖြင့် ပြန့်ကျင်းသို့ လာရောက်ကာ ရွှေငွေများနှင့် လဲလှယ်ကြလေသည်။
သို့သော် ဤယောက်လော်ကယ်သည် ပြန့်ကျင်းသို့ ရောက်ပြီးနောက် ပြန်မသွားတော့ဘဲ ဟန်လူမျိုး အမျိုးသမီးကို ဇနီးအဖြစ် ပေါင်းသင်းကာ ပြန့်ကျင်းတွင် အခြေချ နေထိုင်ပြီး တဖြည်းဖြည်းနှင့် ပြန့်ကျင်းမြို့၏ နာမည်ကြီး "ရွှေတံဆိပ်ဆုရှင် အိမ်ခြံမြေအကျိုးဆောင်" ဖြစ်လာခဲ့သည်။ သူ့ဘဝဖြတ်သန်းမှုသည် အလွန် စိတ်ဓာတ်တက်ကြွဖွယ်ရာ ကောင်းလှသည်။
သူ့ဘေးတွင် မျက်နှာညှိုးငယ်နေသော အဘိုးအိုတစ်ဦး ထိုင်နေပြီး ထိုသူမှာ ဘေးဆိုင်ခန်း၏ ပိုင်ရှင်ပင်။ ကြားရသလောက်ဆိုလျှင် သူသည် မိဘစကား နားမထောင်သော အသုံးမကျသည့် သားတစ်ယောက် မွေးထားပြီး ထိုသားက နေ့တိုင်း လောင်းကစားဝိုင်းတွင် အချိန်ဖြုန်းကာ အကြွေးများစွာ တင်ရုံသာမက ထွက်ပြေးသွားခဲ့သည်ဟု ဆိုသည်။ ယခုတော့ အသက်ကြီးမှ ဖခင်ဖြစ်သူကို ဒုက္ခပေးပြီး နေစရာအိမ်ကိုပါ ရောင်းချကာ ကြွေးဆပ်ခိုင်းရသည့် အဖြစ်သို့ ရောက်ရှိသွားစေသည်။
ရှန်မြောင် လာရခြင်းမှာ ဈေးထပ်ဆစ်ရန် ဖြစ်သော်လည်း သည်လို သနားစရာကောင်းပြီး ဝမ်းနည်းပူဆွေးနေသော အဘိုးအို၏ မျက်နှာကို မြင်လိုက်ရသောအခါ ဈေးဆစ်ရန် ခက်ခဲသွားတော့သည်။
နောက်တော့ သူမ ပြန်စဉ်းစားကြည့်လိုက်၏။ သူမကရော ဘယ်လောက်များ သာနေလို့လဲ။ သူမသည်လည်း ရှဲ့မိသားစုကို ငွေအမြောက်အမြား ပေးဆပ်ရဦးမည် ဖြစ်ပြီး ဆိုင်ခန်း ရပြီးလျှင်လည်း ပြင်ဆင်မွမ်းမံရဦးမည်။ သူမ ကိုယ်တိုင်လည်း စုဆောင်းထားသမျှ ကုန်သွားပြီဖြစ်ရာ ဈေးမဆစ်လျှင် ပြန့်ကျင်းသို့ ရောက်ပြီးနောက် ရှာဖွေထားသမျှ ငွေအားလုံး ပုံအောလိုက်ရပေလိမ့်မည်။
ထို့ကြောင့် အံကြိတ်ပြီး ဆွေးနွေးသင့်သည်ကို ဆွေးနွေးရတော့သည်။
ယောက်လော်ကယ်သည် အဘိုးအိုဘက်မှ ပိုပါနေသည်မှာ သေချာသည်။ အိမ်ဈေးကြီးလေ သူရမည့် ကော်မရှင်ခက ပိုများလေ မဟုတ်ပါလား။ ထို့ကြောင့် သူတို့နှစ်ယောက်သည် ရှန်မြောင်ကို ပြဇာတ်ကပြသကဲ့သို့ အဘိုးအို၏ ဘဝ မည်မျှ သနားစရာကောင်းကြောင်း၊ လွန်ခဲ့သော ရက်အနည်းငယ်က မြစ်ထဲခုန်ချလုနီးပါး ဖြစ်ခဲ့ကြောင်း၊ အိမ်တွင် မည်မျှ ဆင်းရဲဒုက္ခ ရောက်နေကြောင်း၊ အဘွားကြီးမှာ ဒေါသထွက်လွန်းသဖြင့် အိပ်ရာထဲ လဲနေကြောင်း၊ မြေးနှင့် ချွေးမပါ ရှိသေးကြောင်း၊ တစ်မိသားစုလုံး နေစရာမရှိ ဖြစ်တော့မည့်အကြောင်း ပြောပြနေကြသည်။
ရှန်မြောင်သည် တောက်လျှောက် တိတ်ဆိတ်စွာ နားထောင်နေပြီး ယောက်လော်ကယ်နှင့် အဘိုးအိုတို့ တစ်ယောက်တစ်ပေါက် ပြောပြီးသွားမှသာ ပြုံးလိုက်လေသည်။
"ဘဝအခြေအနေ ဆိုးရွားတာချင်း ယှဉ်မယ်ဆိုရင် ကျွန်မက ဆိုင်ရှင်ကြီးထက်တောင် ပိုဆိုးဦးမယ် ထင်တယ်၊ ကျွန်မမှာ မိဘနှစ်ပါးလုံး မရှိတော့ဘူး၊ ယောက္ခမအိမ်ကလည်း စွန့်ပစ်တာ ခံထားရတယ်၊ မောင်နှမ သုံးယောက်ကိုလည်း ရှာဖွေကျွေးမွေးနေရတာ၊ သေချာစဉ်းစားကြည့်ရင် ကျွန်မက ပိုခက်ခဲတာ မဟုတ်ဘူးလား၊ လူ့ဘဝမှာ ဘယ်သူက မခက်ခဲလို့လဲ၊ ဆိုင်ရှင်ကြီးရဲ့ အခက်အခဲကို ကျွန်မ ကိုယ်ချင်းစာပါတယ်၊ ဒါပေမဲ့ ကိုယ်ချင်းစာတာက ကိုယ်ချင်းစာတာပဲလေ၊ ဒီဆိုင်ကိစ္စကိုတော့ တရားမျှတတဲ့ ဈေးအတိုင်းပဲ ဆွေးနွေးရအောင်ပါ"
...