← Chapters

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အခန်း (၉၉-၁၀၀)

Vol. 10 Ch. 99-100

အပိုင်း (၉၉)

ရှန်မြောင်က ရှဲ့မိသားစုထံ ရင်းနှီးမြှုပ်နှံမှု ရယူရန် ကြိုးစားစဥ်က ဤဆိုင်အကြောင်း စုံစမ်းထားပြီး ဖြစ်သည်။ ဆိုင်ခန်းမှာ မကြီးလှသလို နောက်ဘက်ခြံဝင်းမှာ ပို၍ကျဉ်းမြောင်းကာ ၂ နှစ် ၃ နှစ်ခန့် ပြုပြင်ထိန်းသိမ်းမှုမရှိဘဲ ပစ်ထားသဖြင့် အမိုးကြွပ်ပြားများစွာ ပျက်စီးနေသည်။ ကြားရသလောက်ဆိုလျှင် အတွင်းပိုင်းမှာလည်း အတော်လေး ရှုပ်ပွညစ်ပတ်နေပြီး နှစ်ပေါင်းများစွာ ရှင်းလင်းထားခြင်း မရှိပေ။

ဆပ်ပြာတုံးလုပ်သော ကုန်သည်တစ်ဦး ဒေဝါလီခံပြီး ငှားရမ်းမှု ရပ်စဲလိုက်ပြီးနောက် ဤဆိုင်ခန်းမှာ ငှားမည့်သူ မရှိတော့ပေ။ ကြားရသလောက် ဆိုင်ရှင်အဘိုးကြီး၏ လောဘကြီးမှုကြောင့်ဟု ဆိုသည်။ တစ်နှစ်ဆိုလျှင် ငှားရမ်းခ အတော်များများ တိုးကောက်တတ်သလို ငှားရမ်းသူက မတော်တဆ နံရံ သို့မဟုတ် ကြမ်းခင်းကို အနည်းငယ် ပျက်စီးစေမိလျှင်လည်း လျော်ကြေးငွေ တိုးတောင်းတတ်သည်။ နောက်ပိုင်းတွင် နာမည်ပျက်လာပြီး ဖုန်းရွှေမကောင်းသဖြင့် ငှားရမ်းသူတိုင်း စီးပွားပျက်သည်ဟူသော ကောလာဟလများပင် ထွက်လာခဲ့သည်။

ရှန်မြောင်က ဆိုင်ခန်း၏ နောက်ကြောင်းရာဇဝင်ကို တစ်ခါတည်း ဖွင့်ချလိုက်ရာ ယောက်လော်ကယ်လည်း မတတ်သာဘဲ အဘိုးကြီးကို လှမ်းကြည့်လိုက်ရသည်။ မူလက သူတို့နှစ်ယောက် အရင်ရောက်နေကြပြီး ရှန်မြောင်သည် တစ်ကိုယ်တည်းရပ်တည်နေသော မိန်းမသားတစ်ဦး ဖြစ်သလို ပြန့်ကျင်းသို့ ရောက်သည်မှာလည်း မကြာသေးသဖြင့် ဈေးကွက်အခြေအနေကို မသိလောက်ဘူးဟု ယူဆကာ ဈေးတင်ရန် တိုင်ပင်ထားကြခြင်း ဖြစ်သည်။ သို့သော် သူမက အသင့်ပြင်ဆင်လာပြီး အလိမ်မခံသည်ကို တွေ့လိုက်ရသည်။

"နောက်ပြီး စကားတစ်ခွန်းလောက် ပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ နားထောင်ပြီး စိတ်မဆိုးပါနဲ့၊ ဆိုင်ရှင်ကြီးရဲ့ ဆိုင်အကြောင်း ကျွန်မ စုံစမ်းပြီးပါပြီ၊ အကျိုးဆောင်ဆီမှာ စာရင်းတင်ထားတာ တစ်နှစ်လောက်ရှိနေပြီ၊ ဘယ်သူမှ လာမမေးကြဘူးမလား၊ အမှန်အတိုင်းပြောရရင် ဒီဆိုင်က ကျွန်မဆိုင်ဘေးမှာ ရှိမနေရင် ကျွန်မလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး၊ အခု ဒီမှာထိုင်ပြီး ဈေးဆစ်နေတာကလည်း ဆိုင်နှစ်ဆိုင် ပေါင်းပြီး အဆင်ပြေအောင် လုပ်ချင်လို့ပါ၊ ဆိုင်ရှင်ကြီးက တောက်လျှောက် ဈေးတင်နေမယ်ဆိုရင် ကျွန်မလည်း မတတ်နိုင်တော့ဘူး၊ တခြားနေရာမှာ ဆိုင်ခန်းအကြီးကြီး သွားငှားလိုက်တာကမှ ပိုကောင်းဦးမယ်၊ ဒီတစ်ဆိုင်တည်းကိုပဲ ဖက်တွယ်ထားစရာ မလိုဘူးလေ၊ ဟုတ်တယ်မလား"

ဒီစကားကြောင့် အဘိုးကြီးမှာ စိုးရိမ်ပူပန်သွားသည်။ ရှန်မြောင် ပြောသကဲ့သို့ သူသည် အလျင်အမြန် ရောင်းချင်နေသည်။ ယခု ဈေးကိုင်နေခြင်းမှာလည်း ပိုက်ဆံ ပိုရချင်၍သာ။ နောင်တစ်ချိန် ဇာတိမြေသို့ ပြန်ရောက်လျှင် စုဆောင်းငွေ ပိုရှိနေစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

သို့သော် တစ်ဖက်လူက အလိမ်မခံသဖြင့် လက်လျှော့လိုက်ရတော့သည်။

နောက်ဆုံးတွင် အပြန်အလှန် ငြင်းခုံကြပြီး ရှန်မြောင်က အားကုန်သုံးကာ ဈေးဆစ်လေသည်။ သူမ ရက်စက်လွန်း၍ မဟုတ်ပေ။ ဤဆိုင်ခန်းသည် ခေတ်သစ်မြို့တော်၏ ဒုတိယလမ်းမကြီးပေါ်မှ ယွမ် ၁၅ သန်းတန် အိမ်ဟောင်းတစ်လုံးနှင့် တူနေသည်။ အနည်းငယ် လျှော့နိုင်လျှင်ပင် သက်သာသွားသည့် ပမာဏက မနည်းလှပေ။ ဒီတစ်ခါသည် ချန်ချွမ်းကို မွေးစားသကဲ့သို့ အိမ်တွင် လူတစ်ယောက်စာ ထမင်းတစ်လုပ် ပိုကျွေးရုံကိစ္စ မဟုတ်ပေ။ ငွေ ၁၀၀ ကွမ်းနှင့် ၂၀၀ ကွမ်း ကွာခြားချက် ဖြစ်လေသည်။

အတ္တကြီးသည်ဆိုလျှင်လည်း ကြီးပါစေတော့။ အဘိုးကြီး၏ သားမိုက်က မိသားစုပိုင်ဆိုင်မှုများကို လောင်းကစားလုပ်ပြီး ဖြုန်းတီးပစ်ခြင်းမှာ သူမ တိုက်တွန်း၍ ဖြစ်ရသည် မဟုတ်။

ချမ်းသာလာလျှင် တစ်လောကလုံးကို ကူညီနိုင်သော်လည်း သူမက ဆင်းရဲနေသဖြင့် ကိုယ့်ကိုယ်ကို အရင် လွတ်မြောက်အောင် ရုန်းရပေမည်။

၃ နာရီလောက် ကြာအောင် နှစ်ဖက်စလုံး ကိုယ့်အကျိုးစီးပွားအတွက် အကြောင်းပြချက် အမျိုးမျိုး ပေးကာ ငြင်းခုံကြပြီးနောက် တံတွေးများ ခြောက်ခမ်းကာ လက်ဖက်ရည်ပင် ၃ ကြိမ်လောက် ဖြည့်လိုက်ရသည်။ နောက်ဆုံးတွင် ရှန်မြောင်သည် ၁၅၀၀ ကွမ်း တန်ကြေးရှိသော ဈေးနှုန်းကို ၁၂၅၀ ကွမ်းထိ လျှော့ချနိုင်ခဲ့ပြီး ရက်ပိုင်းအတွင်း အစိုးရရုံးသို့ သွားရောက်ကာ စာချုပ်စာတမ်းများ လွှဲပြောင်းရယူရန် တောင်းဆိုလိုက်သည်။

ကံကောင်းစွာဖြင့် သူမက အလျင်လိုနေသလို ဆိုင်ရှင်အဘိုးကြီးကလည်း သူမထက် ပို၍ အလျင်လိုနေသည်။ သူသည် ပိုက်ဆံ အမြန်ရလိုသဖြင့် အစိုးရရုံးသို့ စောစောသွားပြီး ပိုင်ဆိုင်မှုလွှဲပြောင်းရန် သဘောတူလိုက်လေသည်။

ရှန်မြောင်သည် ရှဲ့မိသားစုထံမှ ၁၀၀၀ ကွမ်း ချေးယူထားပြီး သူမ စုဆောင်းထားသော ၅၀၀ ကွမ်းနှင့် ပေါင်းလိုက်လျှင် ၂၅၀ ကွမ်းလောက် ပိုနေသေးသည်။ အင်း... ဒီဂဏန်းက ကောင်းမွန်သော ဂဏန်းတစ်ခုပင်။

သို့သော် အစိုးရရုံးတွင် စာချုပ်တံဆိပ်တုံးထုရန် အခွန်ဆောင်ရမည် ဖြစ်သလို ယောက်လော်ကယ်ကိုလည်း ကော်မရှင်ခ ပေးရဦးမည်။ နောက်ပြီး နံရံဖြိုခြင်း၊ အမိုးပြင်ခြင်း၊ ကြမ်းခင်းခြင်း၊ စားပွဲကုလားထိုင်များ ဝယ်ယူခြင်းတို့အတွက် ကုန်ကျစရိတ် မနည်းလှပေ။

နောက်ဆုံးတွင် ၂၀၀ ကွမ်း ကျန်ဖို့ပင် မလွယ်ကူပေ။

ဆွေးနွေးပြီးနောက် ယောက်လော်ကယ်က ရှန်မြောင်နှင့် အဘိုးကြီးကို "စာချုပ်မူရင်း" ချုပ်ဆိုစေသည်။ စာချုပ် ၄ စောင် ပြုလုပ်ပြီး အိမ်၏ တည်နေရာအတိအကျ၊ ဧရိယာ၊ ဖွဲ့စည်းပုံ၊ ရောင်းချရသည့် အကြောင်းရင်းနှင့် ဈေးနှုန်း၊ မူလပိုင်ရှင် ဖယ်ရှားပေးမည့်ရက်စွဲ စသည်တို့ကို ကြိုတင်ရေးသားထားသည်။ ရှန်မြောင်က သေချာဖတ်ရှုပြီး ယောက်လော်ကယ်ကလည်း အဘိုးကြီးကို တစ်လုံးချင်းစီ ဖတ်ပြလေသည်။ ထို့နောက် နှစ်ဖက်စလုံးက အာမခံနှင့် သက်သေအဖြစ် ရှေ့နေ ၂ ဦးစီ ရှာဖွေကြသည်။ ရှန်မြောင် ရှာဖွေလိုက်သူမှာ သေချာပေါက် ရှေ့နေတုန့်ပင် ဖြစ်သည်။ ကိုယ်နှင့် ရင်းနှီးသော ရှေ့နေပါမှ လိမ်လည်ခံရခြင်းမှ ကင်းဝေးမည် မဟုတ်ပါလား။

ဟုတ်ပါသည်။ တုန့်ရှေ့နေကို ငှားရမ်းခြင်းအတွက် ပိုက်ဆံကုန်ရဦးမည်။

ကံကောင်းစွာဖြင့် စာချုပ်တွင် လှည့်ကွက်များ မပါဝင်ဘဲ နောက်ဆုံးတွင် နာမည်အသီးသီး လက်မှတ်ရေးထိုးလိုက်ကြသည်။ အဘိုးကြီးက စာမရေးတတ်သဖြင့် ယောက်လော်ကယ်နှင့် သူ့ဘက်မှ ရှေ့နေက ကိုယ်စား ရေးပေးပြီးနောက် လက်ဗွေနှိပ်လေသည်။

မနက်ဖြန် အစိုးရရုံးတွင် တံဆိပ်တုံးထုရန် အချိန်ချိန်းပြီးနောက် ရှန်မြောင်သည် အရိုအသေပြု နှုတ်ဆက်ကာ ထွက်ခွာလာခဲ့သည်။

သူမသည် စာချုပ်ကို တင်းကျပ်စွာ ဆုပ်ကိုင်လျက် လက်ဖက်ရည်ဆိုင်လေးမှ ထွက်လာခဲ့သည်။ မိုးချုပ်နေပြီဖြစ်ပြီး လေအေး တိုက်ခတ်လိုက်မှသာ ကျောပြင်တစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် ချွေးများ စိုရွှဲနေသည်ကို သတိထားမိလိုက်သည်။

သူမ တကယ်ပဲ အိမ်တစ်လုံး ဝယ်နိုင်ခဲ့ပြီ။ အဲ့ဒါက နှစ်ပေါင်းတစ်ထောင်ကျော်က ပြန့်ကျင်းမြို့မှာလေ။ ဒီနေ့ကစပြီး ခေါက်ဆွဲဆိုင်အသေးလေးကနေ "အလတ်စား ခေါက်ဆွဲဆိုင်" ဖြစ်လာတော့မယ်။

တကယ့်ကို မယုံနိုင်စရာပင်။

အိမ်ပြန်ရောက်သောအခါ ယိုယွီနှင့် အဒေါ်ကုတို့ ရောက်နေကြပြီ။ အဒေါ်ကုသည် ငါးကင်အတွက် လိုအပ်သော ဟင်းသီးဟင်းရွက်များကို ပြင်ဆင်ပေးထားပြီး စားပွဲရှည်ပေါ်တွင် မြေအိုးပန်းကန်များ အပြည့်စီထားကာ ညဈေးတန်းမှ စားသုံးသူများကို ကြိုဆိုရန် အသင့်ဖြစ်နေပြီ။

ရှန်မြောင်လည်း အင်္ကျီလက်မောင်းကို ပင့်တင်ကာ ငါးကင်ရန် ပြင်ဆင်လိုက်သည်။ ထိုအချိန်တွင် နောက်ဖေးတံခါးမှ အသံကြားလိုက်ရပြီး မျောက်လွှဲကျော်ကဲ့သို့သော ရှန်းအာသည် အော်ဟစ်ကာ ဝင်ရောက်လာလေသည်။

"မကြီးရေ... သမီးတို့ ၂ ပုံးတောင် ဖမ်းမိတယ်၊ ၂ ပုံး အပြည့်ကြီးနော်"

သူမ အလွန် စိတ်လှုပ်ရှားနေပြီး ရှောင်လုံရှားအပြည့်ပါသော ပုံးကြီးတစ်ပုံးကို မောကြီးပန်းကြီး ဆွဲလာလေသည်။ ပုံးထဲတွင် ပုစွန်များ အသက်ရှင်နေသေးပြီး ရံဖန်ရံခါ အပြင်သို့ ခုန်ထွက်လာတတ်သဖြင့် ရှန်းအာမှာ ကမူးရှူးထိုး လိုက်ဖမ်းနေရသည်။

ရှန်မြောင်က ခါးစည်းဝတ်ထားလျက် ခေါင်းပြူကြည့်လိုက်၏။

ဒီကလေးက ပျော်လွန်းသဖြင့် ချန်ချွမ်းကို တံခါးအပြင်ဘက်တွင် မေ့ထားခဲ့လေသည်။ ချန်ချွမ်း၏ လက်တွန်းလှည်းပေါ်တွင် ပိုက်ကွန်ကြီးတစ်ခု ထောင်ထားပြီး ခေါင်းပေါ်တွင် ကြာရွက်အစိမ်းကြီးတစ်ရွက် ဆောင်းထားကာ ဘီးကို ကိုယ်တိုင် ကြိုးစား လှည့်ပြီး ဝင်လာလေသည်။

ရှန်မြောင်သည် ရှန်းအာကို ကြည့်လိုက်၊ သူ့ကို ကြည့်လိုက်နှင့် နှစ်ယောက်လုံး ရွှံ့ရုပ်များ ဖြစ်နေကြသည်။ လက်တွန်းလှည်း ဘီးများတွင်လည်း ရွှံ့များ ပေကျံနေပြီး သူ့မျက်နှာတွင်လည်း ရွှံ့ရေများ စိုစွတ်နေသော်လည်း ပုံမှန်ဆိုလျှင် တည်ငြိမ်နေတတ်သော မျက်လုံးများမှာမူ တောက်ပနေလေသည်။

ရှေးဟောင်းပစ္စည်း တူးဖော်ပြီးခါစ ပုံစံများ ဖြစ်နေကြပါလား။

"ရှောင်ချွမ်းက ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်သွားရတာလဲ"

ရှန်မြောင်က သူ့ခေါင်းပေါ်မှ ကြာရွက်ဦးထုပ်ကို ချွတ်ပေးရင်း အံ့ဩတကြီး မေးလိုက်သည်။

"မင်းလည်း ရေထဲ ဆင်းလိုက်တာလား၊ မင်းခြေထောက်က ရေနည်းနည်းပါးပါး ထိလို့ရပေမယ့် ရွှံ့ရေထဲတော့ စိမ်လို့ မရဘူးလေ"

ရွှံ့ရေက မသန့်ရှင်းသဖြင့် အချိန်ကြာမြင့်စွာ စိမ်ထားလျှင် ပိုးဝင်မည်ကို စိုးရိမ်ရသည်။

သို့သော် ရှန်မြောင် စမ်းကြည့်လိုက်ရာ သူ့ဘောင်းဘီမှာ ခြောက်သွေ့နေသဖြင့် မျက်နှာတွင် သံသယ အရိပ်အယောင်များ ပေါ်လာသည်။

ချန်ချွမ်းက အလွန် တည်ငြိမ်စွာ ပြောလေသည်။

"ရှောင်လုံရှားတွေက ရွှံ့ထဲတိုးရတာ ကြိုက်တယ်၊ အဲ့မှာ ကျောက်တုံးအပေါက်လေး တစ်ခုရှိနေတော့ ရှန်းအာက ရှောင်လုံရှားတွေ ထွက်ပြေးမှာစိုးလို့ ကျွန်တော့်ကို အပေါက်ဝအထိ တွန်းသွားပြီး ဘီးနဲ့ ပိတ်ခိုင်းထားတာ၊ အဲ့ဒါဆို ရှောင်လုံရှားတွေ မပြေးနိုင်တော့ဘူးလေ"

ရှန်မြောင် အံ့ဩတကြီး လှမ်းကြည့်လိုက်ရာ မျက်နှာသစ်နေသော ရှန်းအာက မလုံမလဲဖြင့် လျှာထုတ်ပြလေသည်။

"မကြီးရယ်... ရေက တိမ်တိမ်လေးပါ၊ သမီး ခြေသလုံးလောက်ပဲ ရှိတာ၊ ဘာမှမဖြစ်ပါဘူး၊ ချန်ချွမ်းကို ရေမနစ်စေရပါဘူး၊ မဟုတ်ရင် သူက ဒီအတိုင်း ထိုင်ကြည့်နေရမှာ ပျင်းစရာကြီးလေ၊ ပြီးတော့ သူ အဲ့မှာ ပိတ်နေရင်း နေပူမှာစိုးလို့ သမီးက ကြာရွက်တောင် ခူးပြီး ဆောင်းပေးထားသေးတယ်"

ပြောရင်း ပြောရင်းနှင့် မလုံမလဲစိတ် ပျောက်သွားပြီး ရင်ကော့ကာ ကိုယ့်ကိုယ်ကို ဂုဏ်ယူနေသည့်ပုံပင်။

ချန်ချွမ်းလည်း လိုက်ပြီး ခေါင်းညိတ်ပြသည်။ မီးအိမ်ရောင်အောက်တွင် သူ့မျက်လုံးများ တောက်ပနေသည်။

"ဘာမှ မဖြစ်ပါဘူး၊ ရေစီးလည်း မသန်ဘူး၊ ကျွန်တော် ပိုက်ကွန်နဲ့ အကောင်နည်းနည်းတောင် ဖမ်းမိသေးတယ်"

သူ ခြေထောက်ဒဏ်ရာ ရပြီးကတည်းက ဤကဲ့သို့ ပျော်ရွှင်ရသော နေ့ရက်မျိုး မရှိသလောက်ပင်။ အရင်က ကိုယ့်အိမ်မှာတုန်းက ဖခင်ဖြစ်သူနှင့်အတူ မြစ်ထဲဆင်းပြီး ငါးဖမ်းလေ့ရှိသည်။ တစ်ခါတစ်ရံ ကြိုးဖြင့် ကိုယ့်ကိုယ်ကို ဖြတ်သွားဖြတ်လာ ငါးဖမ်းလှေများတွင် ချည်နှောင်ထားပြီး လှေနောက်သို့ လိုက်ကာ ရေစီးနှင့်အတူ မျောပါ ကစားလေ့ရှိသည်။

ဒီနေ့ မြစ်ရေ၏ ရင်းနှီးသော ရေညှိနံ့ကို ပြန်ရလိုက်သဖြင့် စိတ်ထဲတွင် အကြောင်းပြချက်မရှိဘဲ ပျော်ရွှင်နေမိသည်။

ရှန်မြောင်မှာ ရယ်ရခက် ငိုရခက် ဖြစ်သွားပြီး ရှန်းအာကို ဟန်ဆောင် ဆူပူလိုက်ကာ ကိုယ့်ကိုယ်ကို သန့်ရှင်းရေးလုပ်ပြီးနောက် ချန်ချွမ်းကို တွန်းကာ ကုမိသားစုအိမ်သို့ သွားပြီး ကုအာ့ကောကို အဝတ်အစား လဲပေးရန်၊ မျက်နှာသစ်ပေးရန်နှင့် ကိုယ်လက်သန့်စင်ပေးရန် အကူအညီတောင်းခိုင်းလိုက်ရသည်။

ရှန်းအာသည် မျက်နှာသစ်၊ အဝတ်အစား သန့်သန့်ရှင်းရှင်း မြန်မြန်လဲပြီးနောက် ချန်ချွမ်းကို တွန်းကာ အမြန် ပြေးထွက်သွားလေသည်။ သူမသည် လက်တွန်းလှည်းကို ပျံသန်းမတတ် တွန်းသွားသဖြင့် ချန်ချွမ်းမှာ ရိုလာကိုစတာ စီးနေရသကဲ့သို့ ဖြစ်နေသော်လည်း သူ့မျက်လုံးထဲတွင် အပြုံးများ ပြည့်နှက်နေသည်။

ရှန်းအာသည် တစ်ခါတုန်းက ရှန်မြောင်မသိအောင် လေထင် (ခွေးနာမည်) ကို ခေါ်ပြီး ချန်ချွမ်း၏ လှည်းကို ဆွဲခိုင်းဖူးသည်။ ကံကောင်းထောက်မစွာဖြင့် လှည်းမှောက်မသွားခဲ့ပေ။ ဒီကလေးက တကယ့်ကို သွေးရဲလွန်းသည်။

သို့သော် ချန်ချွမ်းသည် ဤအပြုအမူများကို နှစ်သက်ပုံရသည်။ သူသည် အခြားသူများထက် ရှန်းအာနှင့် ပိုမို ရင်းနှီးသည်။ အကြောင်းမှာ ရှန်းအာသည် သူ့ကို အိမ်သို့ ခေါ်လာကတည်းက လူစိမ်းလို အထူးဂရုစိုက်ရမည့်သူလို သဘောမထားဘဲ ပုံမှန် ဆက်ဆံသောကြောင့် ဖြစ်ပုံရသည်။

ထိုကဲ့သို့ ပွင့်လင်းလွတ်လပ်သော ဆက်ဆံပုံက သူ့ကို ပိုမို သက်တောင့်သက်သာ ဖြစ်စေသည်။

ရှန်မြောင်က ခေါင်းခါကာ အလုပ်ပြန်လုပ်လိုက်သည်။ ညဉ့်နက်၍ ဆိုင်ပိတ်ခါနီးအချိန်တွင် ခုန်ပေါက်နေသော ရှောင်လုံရှားပုံးကို ကြည့်ရင်း တစ်ကောင် နှစ်ကောင်လောက် ကောက်ယူ စစ်ဆေးကြည့်လိုက်ရာ အရွယ်အစားမှာ ခေတ်သစ်မှ ကျောက်ပုစွန်ငယ်လေးများနှင့် တူညီပြီး ပုံစံလည်း ဆင်တူကြောင်း တွေ့လိုက်ရသည်။

သူမက တံတွေး မျိုချလိုက်မိသည်။ ဒီနေ့ နန်းတော်ထဲတွင် အစည်းအဝေးပွဲကြီး ကျင်းပနေသလား၊ တခြားနေ့ထူးနေ့မြတ် ရှိနေသလား မသိပေ။ နယ်မြေခံတပ်များက လမ်းပိတ်ထားသဖြင့် လာရောက်စားသောက်သူ နည်းပါးလှသည်။

ဒီနေ့ အလုပ်စောစော သိမ်းရလို့ ကိုယ့်ဘာသာ ညလယ်စာ လုပ်စားလိုက်ရမလား။

သူမသည် ရှောင်လုံရှားများကို လောင်းထည့်ပြီး ဆေးကြောလိုက်သည်။ ပုံးအောက်ခြေတွင် ခရုများလည်း ပါလာသဖြင့် အားလုံးကို တပြိုင်တည်း မီးပြင်းပြင်းနှင့် ချက်စားလိုက်မည်။

မာလာ ရှောင်လုံရှားနှင့် ခရုဆီပြန်ဟင်း ချက်ပြီး အဒေါ်ကုထံမှ မုယောစပါးအရက် တစ်အိုးလောက် ဝယ်သောက်လိုက်လျှင် နတ်စည်းစိမ် မဟုတ်ပါလား။ ဤခေတ်တွင် မုယောစပါးအရက်ကို "လီ" ဟု ခေါ်ပြီး အချဉ်ဖောက်ထားသဖြင့် အရောင်နောက်ကာ သောက်လိုက်လျှင် အနည်းငယ် ခါးသက်သက်ရှိပြီး ဂတ်စ်ကုန်နေသော ဘီယာနှင့် တူသည်။ သို့သော် ရေတွင်းထဲတွင် စိမ်ထားပြီးမှ သောက်လျှင် အေးမြပြီး နွေရာသီ ညခင်းများနှင့် အလွန် လိုက်ဖက်သည်။

ရှန်မြောင်သည် စဉ်းစားပြီးသည်နှင့် ချက်ချင်း လက်တွေ့လုပ်ဆောင်တော့သည်။ လက်ကိုင်ရှည် ဘရက်ရှ်ကို ယူကာ ရှောင်လုံရှားများကို စတင် တိုက်ချွတ်ဆေးကြောလေသည်။ ခရုများကို ဆားရည်ထဲတွင် စိမ်ထားပြီး သံချေးတက်နေသော သံဇွန်းတစ်ချောင်းကိုပါ ရေထဲ ထည့်ထားလိုက်သည်။ သို့မှသာ ခရုများ သဲအမြန်ဆုံး အန်ထွက်လာမည် ဖြစ်သည်။

ရှန်းအာနှင့် ချန်ချွမ်းတို့လည်း ရှောင်လုံရှားဆေးကြောရန် ရောက်လာကြ၏။ ယခုအချိန်တွင် နေ့တာရှည်ပြီး ညတာတိုသဖြင့် သူတို့နှစ်ယောက်လည်း စောစော မအိပ်ချင်ကြပေ။ အထူးသဖြင့် နေ့လယ်က အိပ်ထားကြသဖြင့် ကလေးနှစ်ယောက်သည် လင်းယုန်ငှက်ကဲ့သို့ ညဉ့်နက်သည်အထိ မအိပ်ဘဲ တက်ကြွနေတတ်သည်။ အိမ်ထဲမောင်းသွင်းပြီး မီးပိတ် အိပ်ခိုင်းမှသာ အိပ်ကြလေသည်။

ရှောင်လုံရှား ဆေးကြောရသည်ကလည်း ကျွမ်းကျင်မှု လိုအပ်သည်။ ဇလုံထဲမှ အကောင်များက စိတ်ကြီးကြပြီး လက်မကြီးများ ထောင်ကာ ညှပ်ရန် ပြင်နေကြသည်။ ရှန်းအာသည် နှစ်ချက်လောက် အညှပ်ခံလိုက်ရပြီးနောက် ဒေါသထွက်ကာ ရှောင်လုံရှားခေါင်းကို ဇလုံနှုတ်ခမ်းနှင့် ရိုက်ခွဲပြီး မူးမေ့သွားမှ ဆေးကြောတော့သည်။ ဒါလည်း နည်းလမ်းတစ်ခုပင်။

ချန်ချွမ်းသည် ရေနေသတ္တဝါများနှင့် ပတ်သက်လျှင် အလွန် ကျွမ်းကျင်ပုံရသည်။ ရှောင်လုံရှားကို ကိုင်ပြီး လျင်မြန်စွာ တိုက်ချွတ်ဆေးကြောနေသည်။ အညှပ်မခံရရုံသာမက လှုပ်ရှားမှုများလည်း အလွန် ကျွမ်းကျင်လေသည်။

ရှောင်လုံရှားများကို ဆေးကြောပြီးနောက် ရှန်မြောင်သည် ဆားရည်ဖြင့် ခဏစိမ်ထားပြီး ရေထပ်ဆေးလိုက်သည်။

ထို့နောက် ငါးကင်လုပ်တုန်းက ကျန်နေသော အနှစ်များနှင့် ဟင်းခတ်အမွှေးအကြိုင်များ ဖြစ်သည့် ဇီယာ၊ ဂျင်း၊ ကြက်သွန်ဖြူ၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်တို့ကို ပြင်ဆင်လိုက်သည်။ ဒယ်အိုးပူလာလျှင် ဆီထည့်ပြီး အမွှေးအကြိုင်များကို မီးပြင်းပြင်းနှင့် ဆီသတ်လိုက်ရာ ဇီယာနံ့၊ ကြက်သွန်ဖြူနံ့၊ ငရုတ်သီးနံ့များ မွှေးပျံ့လာပြီးနောက် ရှောင်လုံရှားနှင့် ခရုများကို ထည့်လိုက်လေသည်။ ရှောင်လုံရှားများ အနီရောင် ပြောင်းသွားပြီး ခရုသားများ ကျုံ့ဝင်ကာ အရောင်ပြောင်းသွားသည်အထိ မွှေကြော်ပြီး အရက်၊ ပဲငံပြာရည်၊ ဆား၊ သကြားနှင့် ရေအနည်းငယ် ထည့်ကာ အဖုံးအုပ်ပြီး အသားထဲ အရသာဝင်အောင် အလယ်အလတ်မီးဖြင့် တည်ထားလိုက်သည်။

အရည်ခမ်းသွားသောအခါ ကြက်သွန်မြိတ်နှင့် နံနံပင်များ ဖြူးပြီး ပန်းကန်ထဲ ထည့်လိုက်သည်။ မီးပြင်းပြင်းနှင့် ချက်ထားသော မာလာ ရှောင်လုံရှားသည် အနီရောင် တောက်ပနေပြီး ခရုများမှာလည်း အညိုရောင် ပြောင်လက်နေကာ ပြင်းထန်သော မာလာရနံ့ကြောင့် ရှန်းအာမှာ တံတွေးများ စတင် မျိုချနေရပြန်သည်။

ရှန်မြောင်က ပန်းကန်နှစ်ချပ် ခွဲထည့်လိုက်၏။ စားပွဲပေါ် တင်လိုက်သည်နှင့် ရှန်းအာသည် မစောင့်နိုင်တော့ဘဲ တစ်ကောင် လှမ်းယူလိုက်သော်လည်း ပူလွန်းသဖြင့် ရှောင်လုံရှား၏ နှုတ်ခမ်းမွှေးကို ကိုင်ကာ ပါးစပ်ဖြင့် "ဖူး... ဖူး..." မှုတ်နေရသည်။

ပါးစပ်ထဲ မထည့်ရသေးမီ ခြံဝင်းတံခါးကို လာခေါက်သံ ကြားလိုက်ရလေသည်။

ညဉ့်နက်နေပြီ၊ ဘယ်သူပါလိမ့်။

ရှန်မြောင်သည် တူကို ချပြီး အခန်းထဲပြန်ဝင်ကာ ဓားတစ်ချောင်းယူပြီး ခါးကြားထိုးလိုက်သည်။ တံခါးမဖွင့်ဘဲ တံခါးကြားမှ မေးလိုက်သည်။

"ဘယ်သူလဲ"

"ရှန်ညန်ဇီ မင်္ဂလာပါ၊ ကျွန်တော် ချန်ကျစ်ပါ၊ လွန်ခဲ့တဲ့ ရက်နည်းနည်းက ဆိုင်လာပြီး အသင်းဝင်ကဒ် လုပ်သွားတဲ့သူလေ၊ ငါးတောင် ဒီမှာ ထားခဲ့သေးတယ်" ထိုလူက ပြောရင်းနှင့် တံခါးကြားမှ ရင်းနှီးနေသော အထူးဧည့်သည် ကဒ်ကို ထိုးပေးလိုက်သည်။

ရှန်မြောင် ထိုအခါမှ တံခါးကို အနည်းငယ်ဟပြီး ယဉ်ကျေးစွာ ငြင်းပယ်လိုက်သည်။

"ဒီနေ့ ဆိုင်ပိတ်သွားပါပြီ၊ မနက်ဖြန်မှ ပြန်လာခဲ့ပါရှင်"

သို့သော် ချန်ကျိက ကြေးနီပြား ဒါဇင်နှင့်ချီ ထုတ်ပေးလိုက်ပြီး တံတွေး မျိုချလျက် တောင်းပန်လေသည်။

"ရှန်ညန်ဇီ... ခင်ဗျား ချက်နေတဲ့ဟင်းက ဘာဟင်းမို့လို့ ဒီလောက်တောင် မွှေးနေရတာလဲ၊ အနံ့က နံရံကို ကျော်ပြီး အပြင်ဘက်ထိ ရနေတယ်... ကျွန်တော်က စီချွမ်းဒေသကပါ၊ ဒီအနံ့အရသာကို အကြိုက်ဆုံးပဲ၊ ကျွန်တော့်ကို တစ်ပွဲလောက် ရောင်းပေးလို့ ရမလား၊ မနက်ဖြန်ဆိုရင် ကျွန်တော် မြို့က ပြန်ထွက်ရတော့မှာမို့ ခရီးမထွက်ခင် ဒီအရသာလေးကို မြည်းစမ်းသွားချင်လို့ပါဗျာ"

ရှန်မြောင်သည် မျက်လုံးများ ဝင်းလက်သွားပြီး စိတ်ကူးတစ်ခု ရသွားသဖြင့် အိမ်ထဲပြန်ဝင်ကာ သူ့အတွက် တစ်ပွဲ ထည့်ပေးလိုက်ပြီး နောက်ဖေးတံခါးဝရှိ ဆင်ဝင်အောက်တွင် ထိုင်စားခိုင်းလိုက်သည်။

ချန်ကျိသည် တကယ်ပင် ဂျီးမများဘဲ ပန်းကန်လုံးကို ကိုင်လျက် ထိုင်စားလေသည်။

သူက ရှောင်လုံရှားအခွံကို ကိုက်ခွဲလိုက်ရာ အတွင်းမှ အသားများသည် စောင့်ဆိုင်းနေသကဲ့သို့ အပြင်သို့ ကန်ထွက်လာသည်။ ပါးစပ်ထဲ စုပ်ယူလိုက်ရာ ကျစ်လစ်အိစက်သော အသားကို ခံစားလိုက်ရပြီးနောက် ဇီယာ၏ ထုံကျဉ်သော အရသာကို ဦးစွာ ခံစားလိုက်ရသဖြင့် နှုတ်ခမ်းနှင့် လျှာတို့ အနည်းငယ် တုန်ရီသွားသည်။ မကြာမီတွင် ချင်းနှင့် ဆေးဖက်ဝင် အသီးတို့ဖြင့် ပြုလုပ်ထားသော အစပ်အရသာ ထပ်မံ ဝင်ရောက်လာပြီး ပါးစပ်အတွင်း မီးတောက်လောင်နေသကဲ့သို့ ပူလောင်မှုကို ခံစားလိုက်ရသော်လည်း ရှောင်လုံရှားအသား၏ ချိုမြသော အရသာကို ဖုံးလွှမ်းသွားခြင်း မရှိဘဲ စွဲလမ်းနှစ်ခြိုက်ဖွယ်ရာ ဖြစ်နေတော့သည်။

ဒါမှ တကယ့်အရသာပဲ။

သူ့မျက်နှာနှင့် နှုတ်ခမ်းများ နီရဲလာသည်အထိ စားသောက်နေရသော်လည်း ကျေနပ်စွာ ခေါင်းညိတ်နေလေသည်။

သူ့ဇာတိမြေ စီချွမ်းဒေသ အရသာနဲ့ တကယ် တူတာပဲ။

စားလို့ ကောင်းလိုက်တာ။

...

အပိုင်း (၁၀၀) ယန်ကျိုးဘဲကင်

လမ်းကြားငယ်လေးထဲတွင် လရောင်များ ပြည့်လွှမ်းနေသည်။ ချန်ကျစ်သည် စားသောက်ပြီးနောက် ကျေနပ်သွားပြီး သူ့နှုတ်ခမ်းမွှေးများပေါ်တွင် ပုစွန်ဆီများ ပေကျံနေပြီး သူသည် နှင်းခဲများကဲ့သို့ ဖြူဖွေးသော လရောင်အောက်ရှိ ကျောက်စရစ်လမ်းလေးကို ကြည့်ရင်း စိတ်ထဲတွင် ကျေနပ်ပီတိ ဖြစ်နေလေသည်။

ရှန်မြောင်က သူ စားပြီးသည်ကို မြင်သောအခါ အိမ်ထဲဝင်ပြီး ရေနွေးစိမ်ထားသော လက်ကိုင်ပဝါလေး ယူလာပေးကာ မျက်နှာသုတ်ခိုင်းလိုက်သည်။

ချန်ကျစ်သည် မျက်နှာကို သေချာသန့်စင်ပြီးနောက် လက်ကိုင်ပဝါကို ပြန်ပေးကာ အဝတ်အစားများကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ရှန်မြောင်ကို လေးလေးနက်နက် ဦးညွှတ်အရိုအသေပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် ရှန်ညန်ဇီ၊ ဒီည ခရီးမထွက်ခင် ဒီလို ပုစွန်ဟင်းတစ်ခွက် စားလိုက်ရတာ ကျွန်တော့်အတွက် ကံကောင်းခြင်းပါပဲ"

ဇာတိမြေနှင့် ဝေးကွာနေသည်မှာ နှစ်အနည်းငယ် ရှိပြီဖြစ်သည်။ ချန်ကျစ်သည် ပုံမှန်အချိန်များတွင် အိမ်လွမ်းစိတ် သိပ်မဖြစ်မိသော်လည်း ယခုလို တိတ်ဆိတ်ငြိမ်သက်သော ညဉ့်နက်ပိုင်းတွင် စပ်ဖျင်းမွှေးပျံ့သော ညစာတစ်ပွဲ စားလိုက်ရသဖြင့် အိမ်လွမ်းစိတ်များ နိုးထလာတော့သည်။

စီချွမ်းတွင် ကျန်ရစ်ခဲ့သော ဇနီးသည်က ပုစွန်ချက်ရာတွင် အလွန် ကျွမ်းကျင်သည်။ ပုစွန်နှုတ်ခမ်းမွှေးကို ညှပ်၊ အူထုတ်ပြီး အိုးထဲထည့်ကာ ငရုတ်ကောင်းဆီဖြင့် ကြော်သည်။ ထို့နောက် ဂျင်း၊ ကြက်သွန်ဖြူထောင်းတို့နှင့် ရောကာ မီးပြင်းပြင်းဖြင့် ကြော်လိုက်ရာ ပုစွန်ခွံများ နီရဲလာပြီး ကြွပ်ရွကာ ဝါးစားနိုင်သည်အထိ ဖြစ်သွားသည်။ စားလိုက်လျှင် မွှေးပျံ့စပ်ရှား အရသာရှိပြီး အခွံကိုပင် ထွေးထုတ်ချင်စိတ် မရှိတော့ပေ။

ရှန်ညန်ဇီ ချက်သော ပုစွန်က ဇနီးသည် ချက်သည်နှင့် ကွာခြားသော်လည်း အိမ်ရှိ ဇနီးသည်ကို လွမ်းဆွတ်သတိရစေသည်။

နှစ်ပေါင်းများစွာ အပြင်ထွက် စီးပွားရှာနေရသဖြင့် ချန်ကျစ်သည် နှစ်သစ်ကူးချိန်ပင် အိမ်ပြန်မရောက်နိုင်သည်က များသည်။ တစ်နှစ်က သူသည် နှင်းမုန်တိုင်းကြားမှ ရှုလမ်းမကြီးကို ဖြတ်ကျော်ကာ ပြန်လာခဲ့ရာ ရွာအဝင်သစ်ပင်ကြီးအောက်တွင် လက်ကိုပွတ်ပြီး အအေးဒဏ် ခံနေရသော သားအမိကို လှမ်းတွေ့လိုက်ရသည်။ နှစ်သစ်ကူး နီးလာတိုင်း ဇနီးသည်က အားလျှင်အားချင်း ကလေးကို ကျောပိုးပြီး ရွာအဝင်ဝသို့ လာစောင့်နေတတ်ကြောင်း၊ တစ်နေ့ကို အကြိမ်ကြိမ် လာမျှော်တတ်ကြောင်း နောက်မှ သိခဲ့ရသည်။

သူ အပြင်ထွက်ပြီး ဆင်းရဲဒုက္ခ အမျိုးမျိုးခံကာ အလုပ်လုပ်နေရသော်လည်း အိမ်ကိစ္စ အားလုံးကို ဇနီးသည်က တာဝန်ယူထားရသည်။ လယ်လုပ်၊ ကလေးထိန်းနှင့် တခြားသူ အနိုင်ကျင့်မည်ကို စိုးရိမ်ရသဖြင့် သူမလည်း ပင်ပန်းရှာပေလိမ့်မည်။ ကလေးကရော အရပ်ရှည်လာပြီလား မသိပေ။

ငွေလုံလုံလောက်လောက် ရှာပြီးလျှင် သူ ဘယ်မှမသွားတော့ဘဲ စီချွမ်းသို့ ပြန်ကာ မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေထိုင်တော့မည်။ မြောက်မြားစွာသော ခရီးများကို သွားလာပြီး သားချင်းများနှင့် ခွဲခွာရသော ဘဝကို စွန့်လွှတ်တော့မည်ဟု စိတ်ထဲတွင် တိတ်တိတ်လေး ကတိပြုလိုက်တော့သည်။

သူသည် တံတွေးထွေးတတ်သော ကုလားအုတ်ကို ဆွဲကာ ထွက်ခွာသွားလေသည်။ ကုလားအုတ် ကျောပေါ်တွင် ကုန်ပစ္စည်းများ အပြည့်တင်ထားပြီး လူနှင့် ကုလားအုတ်၏ အရိပ်သည် လရောင်အောက်တွင် ရှည်လျားကာ တဖြည်းဖြည်း ဝေးကွာ ပျောက်ကွယ်သွားလေသည်။ မကြာမီတွင် ရှန်မြောင်၏ မျက်လုံးထဲ၌ လမ်းကြားလေးထဲတွင် လရောင်များသာ ကျန်ရစ်တော့သည်။

တစ်ကိုယ်တည်း လျှောက်သွားသော ကုန်သည်ကို အလင်းရောင် မရှိသော နေရာရောက်သည်အထိ လိုက်ကြည့်ပြီးနောက် ရှန်မြောင်သည် အိမ်ထဲဝင်ကာ တံခါးပိတ်လိုက်၏။ ရှန်မိသားစုအိမ်မှ ထွက်ပေါ်နေသော မီးရောင်မှိန်မှိန်လေးသည်လည်း တံခါးနောက်တွင် ပျောက်ကွယ်သွားတော့သည်။

ခဏလေးအတွင်းမှာပင် ရှန်းအာသည် ရှောင်လုံရှားနှစ်ကောင်ကို ရေဆေးပြီး ကျွေးဖုန်းကို ပစ်ကျွေးလိုက်ရာ ကျွေးဖုန်းမှာ စပ်လွန်းသဖြင့် ရေကန်ထဲ ခေါင်းနှစ်ပြီး ရေများကို တဂွတ်ဂွတ် သောက်နေလေသည်။ ဖားမိသားစုမှာ ရုတ်တရက် ခွေးခေါင်းကြီး ဝင်လာသဖြင့် ဒေါသထွက်ကာ ခွေးခေါင်းပေါ်သို့ ခုန်တက်ပြီး အော်မြည်နေကြသည်။

လေထင်က ပိုပြီး စိတ်ချရသည်။ ရှန်းအာ ပစ်ကျွေးသည်ကို နမ်းကြည့်ပြီး ပါးစပ်ဖြင့် မစားဘဲ ရှောင်ဖယ်နေသည်။

ခွေးချင်းအတူတူ ဉာဏ်ရည် ကွာခြားလှသည်။ ကျွေးဖုန်းကို ဝယ်တုန်းက ခေါင်းလုံးလုံးလေးနှင့် ဉာဏ်ကောင်းမည့်ပုံ ပေါက်နေသော်လည်း ယခုကျတော့ ဘာလို့ နည်းနည်းမှ ဉာဏ်မကောင်းရတာပါလိမ့်။

ရှန်မြောင် စဉ်းစားမရပေ။ သူမ အခန်းထဲဝင်ပြီး မုယောစပါးအရက် တစ်ပန်းကန်လုံးလုံး ထည့်လာကာ ထိုင်ပြီး စားသောက်လိုက်သည်။ ရှန်းအာက သူမနှင့်တူပြီး အစပ် သိပ်မကြောက်ပေ။ စားကောင်းလွန်းသဖြင့် သူမရှေ့တွင် ပုစွန်ခွံများ တောင်လိုပုံနေသည်။ သူမ ကိုယ်တိုင် အလုပ်ရှုပ်နေသည့်ကြားမှ ရှန်မြောင်အတွက် ပုစွန်အသား တစ်ပန်းကန်လုံး ခွာပေးထားသေးသည်။ ရှန်မြောင် ထိုင်လိုက်ပြီး ပန်းကန်ထဲတွင် အသားများ ပြည့်နေသည်ကို တွေ့လိုက်ရသောအခါ ပြုံးလိုက်မိသည်။

ချန်ချွမ်းမှာ စပ်လွန်းသဖြင့် မျက်နှာများ နီရဲနေပြီး မက်မွန်သီး ရေခဲလက်ဖက်ရည် တစ်ခွက်ကုန်သွားသော်လည်း လက်မလျှော့ပေ။ အစပ်ကို ကြိုးစားစားရင်း သွားကြားထိုးတံဖြင့် ခရုသားများကို လုံ့လရှိရှိ ကော်ထုတ်နေသည်။ သူနှင့် ရှန်းအာ တိုင်ပင်ထားသလား မသိပေ။ တစ်ယောက်က တစ်မျိုးစီ ခွာနေကြရာ ရှန်မြောင် ပြန်ရောက်လာသောအခါ ကိုယ်တိုင်ခွာစရာ မလိုတော့ပေ။

ဒါပေမဲ့ ရှောင်လုံရှားစားရခြင်း၏ ပျော်ရွှင်မှုက ကိုယ်တိုင်ခွာစားရတာပဲလေ။

သူမသည် ပန်းကန်ထဲမှ အသားများကို သူတို့နှစ်ယောက်အား တစ်ဝက်စီ ခွဲပေးလိုက်ပြီး ကိုယ်တိုင်စားရန် ရှောင်လုံရှားတစ်ကောင်ကို ကောက်ယူလိုက်သည်။ ဦးစွာ ပုစွန်ခေါင်းကို ကိုက်ခွဲလိုက်ရာ အခွံပေါ်ရှိ စပ်ဖျင်းသော အရသာနှင့်အတူ ခေါင်းထဲမှ ပုစွန်ဦးနှောက်၏ အီဆိမ့်သော အရသာကို ခံစားလိုက်ရသည်။ ငါးဥကဲ့သို့ပင် စားကောင်းလှသည်။ ထို့နောက် ပုစွန်ကိုယ်ထည်ကို လက်ဖြင့် ညှစ်လိုက်သောအခါ အခွံနှင့် အသား ကွာသွားသည်။ ပန်းရောင်သမ်းသော ပုစွန်အသားကို ဆွဲထုတ်ပြီး စားလိုက်သည်တွင် ရွှံ့နံ့ လုံးဝမရဘဲ ချိုမြိန်နူးညံ့နေသည်။

သန့်ရှင်းသော ရှောင်လုံရှားသည် ကျောက်ပုစွန်ငယ်လေးများထက်ပင် စားကောင်းပါသေးသည်။

အခွံကလည်း ကျောက်ပုစွန်ငယ်လေးများထက် ပါးသဖြင့် အသားပိုများပြီး စားရသည်မှာ ပိုကျေနပ်စရာ ကောင်းသည်။

ရေခဲစိမ်ထားသော မုယောစပါးအရက်ကို တစ်ငုံ သောက်လိုက်ပြီးနောက် ရှန်မြောင် သက်ပြင်းချလိုက်မိသည်။

ဒီလို စားရတာ တကယ် ဇိမ်ရှိတာပဲ။ ရှန်မြောင် စိတ်ကူးပေါက်သွားသည်။ နေ့တိုင်း ငါးလာပို့သော ဆိုင်ရှင်ကို မေးကြည့်ရမည်။ သူတို့အိမ်တွင် ငါးကန်ရှိသည်ဆိုတော့ ရှောင်လုံရှားများလည်း မွေးထားမလား မသိပေ။ သို့မဟုတ် အခြား ပုစွန်မျိုးများ၊ ခရုများ ရှိမလား။ ပုံမှန် ရနိုင်မည်ဆိုလျှင် နွေရာသီတွင် ဒီလိုဟင်းပွဲလေး ရောင်းရတာ ဘယ်လောက် ကောင်းလိုက်မလဲ။

နွေရာသီ ညဈေးတန်းတွင် ခရုနှင့် ရှောင်လုံရှားဟင်း မပါလျှင် ပြီးပြည့်စုံမည် မဟုတ်ပေ။

ဒုတိယနေ့တွင် ချိန်းထားသည့်အချိန်အတိုင်း ရှန်မြောင်သည် ငွေလဲကောင်တာသို့ သွားပြီး ဝမ်ကြေးပြားများကို ရွှေငွေဖြင့် လဲလှယ်လိုက်သည်။ ထို့နောက် ရုံးတော်သို့ သွားကာ ဆိုင်ရှင်အဘိုးအိုနှင့်အတူ တံဆိပ်တုံးထုခြင်း၊ အိမ်ခွန်ဆောင်ခြင်း၊ ယောက်လော်ကယ်ကို ကော်မရှင်ခပေးခြင်းနှင့် အဘိုးအိုအား အိမ်ဖိုးချေခြင်းတို့ကို ပြုလုပ်လိုက်သည်။ ထို့နောက် စာရေးက အိမ်ဂရန်နှင့် မြေဂရန်ပေါ်တွင် တံဆိပ်တုံး နှိပ်လိုက်သည်ကို ရင်တမမနှင့် ကြည့်နေလိုက်သည်။ တူတစ်ချက် ထုလိုက်သည်နှင့် ဘေးဆိုင်ခန်းသည် သူမပိုင်ဆိုင်မှု ဖြစ်သွားလေပြီ။

အဘိုးအိုသည် သော့ကို နှမြောတသ ပေးအပ်လိုက်ပြီး သက်ပြင်းချကာ ပိုက်ဆံအိတ်ကို လွယ်ပြီး အလျင်အမြန် ထွက်ခွာသွားလေသည်။

ယောက်လော်ကယ်က ပြုံးပြီး လက်သီးဆုပ်ကာ နှုတ်ဆက်လေသည်။

"ဂုဏ်ယူပါတယ် ရှန်ညန်ဇီ၊ အိမ်ကောင်းတစ်လုံး ပိုင်ဆိုင်သွားပြီနော်၊ နောက်နောင် အိမ်ဝယ်ချင်ရင် ကျွန်တော့်ဆီ လာခဲ့ပါဦး၊ ကျွန်တော်လည်း သွားခွင့်ပြုပါဦး"

အားလုံး လူစုခွဲသွားကြပြီး ရှန်မြောင်သည် ဂရန်စာချုပ်များကို ပိုက်ကာ အိမ်ပြန်လမ်းတွင် ခြေလှမ်းများ ပေါ့ပါးသွက်လက်နေသည်။ လမ်းတွင် ယန်လောင်ဟန့်နှင့် လက်သမားဆရာဟယ်တို့ကို ဝင်ခေါ်ပြီး နံရံဖြို၊ အမိုးပြင်ရန် လူခေါ်လာခိုင်းလိုက်သည်။ နေ့ကောင်းရက်သာ ရွေးနေစရာမလိုတော့ပေ။ ဒီနေ့ပဲ စလုပ်လိုက်တော့မည်။

ရှန်မြောင် အိမ်ပြန်ရောက်သောအခါ စာချုပ်များကို သေချာသိမ်းဆည်းပြီး ဘေးအိမ်သို့ သွားကာ သော့ဖွင့်လိုက်သည်။ အတွင်းပိုင်း ဖွဲ့စည်းပုံမှာ ရှန်မိသားစုအိမ်နှင့် ဆင်တူသော်လည်း အနည်းငယ် သေးငယ်သည်။ လူမနေသည်မှာ ကြာပြီဖြစ်၍ လေထုထဲတွင် ဖုန်မှုန့်များ ပြည့်နှက်နေပြီး ခြေလှမ်းတိုင်းတွင် ခြေရာထင်နေကာ တံခါးခုံ ကျော်လိုက်သည်နှင့် ပင့်ကူအိမ်များ ခေါင်းပေါ်သို့ ကျလာလေသည်။

ယန်လောင်ဟန့်တို့အဖွဲ့ ဝင်ရောက် စစ်ဆေးကြသည်။ အမိုးကြွပ်ပြားများမှာ လုံးဝ ပျက်စီးနေသဖြင့် အသစ်လဲရမည်။ နံရံများမှာလည်း မှိုတက်နေသဖြင့် ပြန်သုတ်ရမည်။ တံခါးရွက်များမှာ ပိုဆိုးသည်။ တံခါး ပတ္တာများ ဆွေးမြေ့နေပြီး တွန်းလိုက်လျှင် တကျွီကျွီ မြည်ကာ ပြုတ်ကျလုနီးပါး ဖြစ်နေသည်။

ကျန်တာတော့ အဆင်ပြေသည်။ ညစ်ပတ်နေသော နေရာများကို ရှန်မြောင် ကိုယ်တိုင် ရှင်းလင်းနိုင်ပြီး ဖုန်ထူသော နေရာများကို ရေဆေးလိုက်လျှင် ရသည်။ ရှန်မြောင်သည် ဒူးခေါင်းလောက် မြင့်သော ပေါင်းပင်များကြားတွင် ရပ်ပြီး မော့ကြည့်လိုက်သည်။

ရေညှိများ ကပ်နေသော နံရံ၊ မှိုများ တက်နေသော နေရာ၊ ပေါင်းပင်များ ထူထပ်နေသော ခြံဝင်း၊ ကြည့်လိုက်သည့် နေရာတိုင်းတွင် ပျက်စီးယိုယွင်းနေသည်။

ရှန်မြောင် တစ်ခဏမျှ ကျင်းလင်မြို့မှ ပြန့်ကျင်းမြို့သို့ ပြန်ရောက်သည့် နေ့ကို သတိရသွားသည်။ ကြွပ်ပြားအကျိုးအပဲ့များ ပြည့်နေသော မီးဖိုချောင် ထောင့်တစ်နေရာတွင် အိပ်စရာနေရာမရှိ ဖြစ်နေသော မောင်နှမနှစ်ယောက်ကို ရှာတွေ့ခဲ့သည့် နေ့ကိုပေါ့။

မတူသည်မှာ ဤခြံဝင်းထဲတွင် ဘာမှမရှိတော့ဘဲ သက်တမ်းရင့် ကွေ့ဟွားပင်အိုကြီး တစ်ပင်သာ ကျန်ရှိတော့သည်။ နှစ်ပေါင်း ဘယ်လောက် ကြာပြီလဲ မသိပေ။ အကိုင်းအခက်များမှာ ကြမ်းတမ်းပြီး ကောက်ကွေးနေသည်။ ယခု ကွေ့ဟွားချိန် မဟုတ်သေးသဖြင့် သစ်ရွက်စိမ်းများ ဝေဆာနေပြီး နေရောင်ဘက်သို့ ဦးလှည့်ကာ ရှင်သန်နေသည်။ လူတွေ လာလာ၊ မလာလာ သူကတော့ ဒီနေရာမှာ မားမားမတ်မတ် ရပ်တည်နေပြီး လူသားတို့ ရေလောင်းစရာမလိုဘဲ လွတ်လပ်စွာ ရှင်သန်နေသည့်ပုံပင်။

ရှန်မြောင်သည် ခြေဖျားထောက်ပြီး စိမ်းစိုနေသော အရွက်များကို ကိုင်ကြည့်ကာ ဝမ်းသာအားရ ပြုံးလိုက်သည်။

ခြံဝင်းထဲတွင် ဒီလို သစ်ပင်အိုကြီး ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ကောင်းလိုက်တာ။ မူလက စာရေးဆရာကြီး လုရွှင်လို ခြံထဲတွင် ဇီးပင်နှစ်ပင် စိုက်ရန် စိတ်ကူးခဲ့သော်လည်း ယခုတော့ အတော်ပင် ဖြစ်သွားသည်။ ဆောင်းဦးရာသီ ရောက်လျှင် ခြံဝင်းတစ်ခုလုံး ပန်းများ ဝေဆာပြီး မွှေးပျံ့သော ရနံ့များဖြင့် ဆောင်းဦး၏ အအေးဒဏ်ကို ဖယ်ရှားပေးမည့် ရှုခင်းကို မြင်ယောင်နေမိသည်။

ပြီးတော့ ကွေ့ဟွားကိတ်မုန့်၊ ကွေ့ဟွားသကြားလုံး၊ ကွေ့ဟွားမိုချီ၊ ကွေ့ဟွားဝိုင်၊ ကွေ့ဟွားထမင်းပေါင်း...

ဆောင်းဦးရာသီ အထူးအစားအစာများကို တွေးမိရုံနှင့် သွားရည်များ စီးကျလာတော့သည်။

နောက်ပိုင်းတွင် ပြောစရာမလိုတော့ပေ။ ရှန်မြောင်သည် မြေနတ်မင်းကို ကန်တော့ပြီး ရက်ကောင်းရက်မြတ် ရွေးကာ ရှေ့ဆိုင်ခန်းနှင့် နောက်အိမ်ကိုပါ ရှန်မိသားစုအိမ်နှင့် ကပ်နေသော နံရံများကို ဖြိုချပြီး အိမ်နှစ်လုံးကို တစ်လုံးတည်းအဖြစ် ပေါင်းစပ်လိုက်သည်။

ဘေးအိမ်တွင်လည်း အခန်း ၃ ခန်း ရှိသော်လည်း မျက်နှာမူရာဘက် မတူဘဲ အခန်းတိုင်းက ရှန်မိသားစုအိမ်ထက် သေးငယ်သည်။ ရှန်မြောင်သည် အခန်း ၃ ခန်းထဲမှ အကြီးဆုံးနှင့် နေရောင်အရဆုံး အခန်းကို ရွေးပြီး ချန်ချွမ်းကို ပေးလိုက်သည်။ သူလည်း ကိုယ်ပိုင်အခန်း တစ်ခန်း ရပြီပေါ့။

ဟင်းခင်းကလည်း ၂ ကွက်မှ ၄ ကွက် ဖြစ်သွားသည်။ မြေက ဘာမှမစိုက်တာ ကြာပြီဖြစ်၍ မြေဆီလွှာ ပြန်ကောင်းအောင် မြေဩဇာ အရင်ထည့်ရမည်။ နောက်နှစ်ကျလျှင် သခွားမွှေးနှင့် ကျောက်ဖရုံသီး စိုက်ရန် ရှန်မြောင် စီစဉ်ထားသည်။

မူလက ဖရဲသီး စိုက်ချင်သော်လည်း ဤခေတ် ဖရဲသီးမှာ "ဟန်ကွား" ဟု ခေါ်ပြီး အခွံထူ အသားနည်းကာ အမျှင်များသည်။ ဖရဲသီး အသားက ကြီးသော်လည်း အလယ်ခေါင် နည်းနည်းလေးသာ နီပြီး ကျန်တာအကုန်လုံး အဖြူရောင် အသားထူကြီးများ ဖြစ်သည်။ အရည်ရွှမ်းမှုကလည်း သနားစရာကောင်းလောက်အောင် နည်းပါးပြီး မုန်လာဥ စားရသည်ကမှ ပိုအရည်ရွှမ်းဦးမည်။

ပထမဆုံးအကြိမ် ဝယ်စားတုန်းက ရှန်မြောင် ကိုယ့်ကိုယ်ကို ဖရဲသီး ရွေးမတတ်တော့ဘူးလားဟု သံသယ ဝင်ခဲ့ဖူးသည်။

နောက်ပိုင်း မယုံနိုင်ဘဲ အကြိမ်ကြိမ် ဝယ်စားကြည့်မှ သိလိုက်ရသည်။ အဘွား ဝူမင်ကျူး (တရုတ် ဖရဲသီး သုတေသီ) ၏ ကြိုးပမ်းအားထုတ်မှု မရှိသေးသဖြင့် တာ့စုန့်ခေတ်မှ ဖရဲသီးများသည် သဘာဝအတိုင်း သည်လောက်အထိ စားမကောင်းခြင်း ဖြစ်လေသည်။

ဤခေတ်တွင် နွေရာသီ ပူပြင်းချိန်၌ ရေတွင်းထဲမှ ဆွဲတင်လိုက်သော ရေစိုရွှဲရွှဲ၊ ဓားဖြင့် တို့လိုက်သည်နှင့် "ကွပ်" ခနဲ ကွဲသွားသော၊ အခွံပါးပြီး အသားနီရဲကာ အေးမြလန်းဆန်းစေသော အိပ်မက်ထဲက ဖရဲသီးမျိုး စားရတော့မည် မဟုတ်ပေ။

ဒါကတော့ ရှန်မြောင်အတွက် အလွန် နာကျင်စရာကောင်းသော ကိစ္စတစ်ခုပင်။

ကံကောင်းသည်မှာ သခွားမွှေးကတော့ အတော်လေး ကောင်းမွန်သည်။ အခွံပါးပြီး အသားချိုကာ မွှေးလည်း မွှေးသည်။ ခေတ်သစ်မှ သခွားမွှေးနှင့် တူပြီး အစိမ်းရောင် လှလှလေး ဖြစ်သည်။ အဒေါ်ကု ပြောပြချက်အရ သခွားမွှေးက တစ်ရာသီလျှင် အသီးအများကြီး သီးတတ်သည်ဟု ဆိုသည်။ သူမအိမ်တွင် စိုက်ထားပြီး နွေရာသီ အသီးမှည့်လျှင် နေ့တိုင်း ဗိုက်ကားအောင် စားရသည်ဟု ဆိုသည်။

ရှန်မြောင်က သခွားမွှေး စိုက်ချင်သည်ဟု ကြားသောအခါ အဒေါ်ကုက အိမ်မှ မှည့်နေသော သခွားမွှေး ၄၊ ၅ လုံး ခူးလာပေးပြီး မျိုးစေ့တစ်ထုပ်ပါ ပေးလိုက်သည်။

ရှန်မြောင်သည် ခြင်းတောင်းတစ်လုံး ရှာပြီး ရှန်းအာကို သခွားမွှေးများ ရေတွင်းထဲ စိမ်ခိုင်းလိုက်သည်။ မျိုးစေ့ကိုတော့ နောက်နှစ်မှ စိုက်ရမည်။ "ချင်းမင်ပွဲတော် ဝန်းကျင်တွင် သခွား၊ ပဲ စိုက်ပျိုးကြသည်" ဆိုသကဲ့သို့ ယခု ရာသီဥတုက လွန်သွားပြီ။ သို့သော် သူမက ချက်ပြုတ်ရာတွင်သာ တော်ပြီး စိုက်ပျိုးရေးတွင် သာမန်သာ ဖြစ်သည်။ စိုက်ရင် အသီးရမယ်ဆိုသော မျှော်လင့်ချက်က ကောင်းမွန်သော်လည်း အပင်ရှင် မရှင် ဆိုသည်ကိုတော့ စောင့်ကြည့်ရပေဦးမည်။

အိမ်တွင် နံရံဖြိုနေသဖြင့် ဖုန်မှုန့်များ ထူထပ်ကာ တူထုသံ တဒုန်းဒုန်းနှင့် ဆူညံနေသောကြောင့် ဆိုင်ဖွင့်၍ မရတော့ပေ။ ထို့ကြောင့် လက်တွန်းလှည်းလေးကို အသုံးပြုရပြန်သည်။

ဆိုင်ပိတ်ထားရမလား။ ရှန်မြောင်ကဲ့သို့ တစ်ရက်မှ အငြိမ်မနေနိုင်သူအတွက် ဆိုင်ပိတ်ဖို့ဆိုတာ မဖြစ်နိုင်ပေ။

ပဲနီနံရိုးပေါက်စီနှင့် အသားပေါက်စီများ ပြန်လည် ရောင်းချပြီး ရှန်းအာက အရောင်းဝန်ထမ်း၊ ချန်ချွမ်းက ငွေကိုင်အဖြစ် တက်ကြွစွာ လုပ်ကိုင်နေကြသည်။ ကလေးနှစ်ယောက်က အိမ်ရှေ့တွင် ဆိုင်ထွက်နေစဉ် ရှန်မြောင်က လွယ်အိတ်လွယ်ပြီး လူပွဲစားတန်းဘက်သို့ လမ်းလျှောက် ထွက်လာခဲ့သည်။

ဆိုင်က နှစ်ဆ ကျယ်သွားပြီဖြစ်၍ လူဝင်ဆံ့မှုလည်း နှစ်ဆ တိုးလာမည်။ ထို့ကြောင့် မီးဖိုချောင်လက်ထောက်၊ အောက်ခြေသိမ်း လုပ်သားနှင့် စားပွဲထိုးများ လိုအပ်သည်။

မီးဖိုချောင်လက်ထောက်သည် သူမဘေးတွင် အလုပ်လုပ်ရမည်ဖြစ်ပြီး အသားငါး၊ ဟင်းသီးဟင်းရွက် လှီးဖြတ်ခြင်းနှင့် ရိုးရှင်းသော ခေါက်ဆွဲလုပ်ခြင်းတို့ကို ကူညီရမည်။ မီးဖိုချောင်တစ်ခုတည်းတွင် အတူလုပ်ရမည်ဖြစ်၍ လျှို့ဝှက်ချက် ထား၍မရပေ။ အဒေါ်ကု ပြောသလိုပင် ဤအခြေအနေတွင် ယာယီအလုပ်သမား ငှားရမ်းခြင်းက အဆင်မပြေနိုင်ပေ။ လူဝယ်မှသာ ဖြစ်မည်။

ဒါက ခေတ်ကာလ၏ ထူးခြားချက်ဖြစ်ပြီး ဓလေ့ထုံးစံအတိုင်း လိုက်နာမှသာ ဖြစ်သည်။

တစ်ခါတစ်ရံ စိတ်ထဲတွင် တစ်ခုခုကို ငြင်းဆန်နေမိခြင်းက မရင်းနှီးသော၊ မသိသော အရာများကြောင့် ဖြစ်တတ်သည်။ ရှန်မြောင်သည် လူပွဲစားတန်းတွင် နှစ်ပတ်လောက် လျှောက်ကြည့်ပြီး မေးမြန်းခြင်း၊ ကမ်းလှမ်းခြင်း မပြုလုပ်ဘဲ စိတ်ထဲတွင် အကဲခတ်ပြီးမှ အကြီးဆုံး ပွဲစားရုံးသို့ ဝင်ရောက် မေးမြန်းလိုက်သည်။

ယခု တာ့စုန့်ခေတ်တွင် လူကုန်ကူးမှု စည်းမျဉ်းသည် အခြားမင်းဆက်များနှင့် အတော်လေး ကွာခြားသည်။

ရုံးတော်က ကျွန် အများအပြား ပိုင်ဆိုင်ခြင်းကို တားမြစ်ထားပြီး တစ်ကြိမ်တည်း ဝယ်ယူခွင့်ရှိသော အရေအတွက်ကိုပင် ကန့်သတ်ထားသည်။ ဝယ်ယူရာတွင်လည်း အချိန်ကာလ ကန့်သတ်ချက်ဖြင့် ဝယ်ယူခြင်းနှင့် တစ်သက်တာ ဝယ်ယူခြင်းဟူ၍ နှစ်မျိုးခွဲထားပြီး ဈေးနှုန်းလည်း လုံးဝ ကွာခြားသည်။ သို့သော် နှစ်မျိုးစလုံးအတွက် စာချုပ်ချုပ်ဆိုရန် လိုအပ်ပြီး ပွဲစားကလည်း ကျွန်များသည် တရားဝင် ဖြစ်ကြောင်းနှင့် ပြန်ပေးဆွဲလာခြင်း မဟုတ်ကြောင်း အာမခံရသည်။

တစ်ချိန်တည်းမှာပင် မည်သည့်အခြေအနေမျိုးတွင်မဆို ကျွန်များကို ညှဉ်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း ပြုခွင့်မရှိပေ။ သခင်က ၅ နှစ်အထက် အလုပ်လုပ်သော ကျွန်ကို တမင်သက်သက် သတ်ဖြတ်ပါက မိုင် ၃၀၀၀ အဝေးသို့ ပြည်နှင်ဒဏ် ပေးခံရမည်။ ၅ နှစ်အောက် ကျွန်ကို သတ်ဖြတ်ပါက သာမန်ပြည်သူကို သတ်ဖြတ်မှုဖြင့် သေဒဏ် ပေးခံရမည်။ "အစေခံ၊ ကျွန်များကို သတ်ဖြတ်ခြင်းသည် လူသတ်မှု ဖြစ်ပြီး သတ်ဖြတ်သူကို အသက်ဖြင့် ပြန်လည် ပေးဆပ်စေရမည်" ဟူသော ဥပဒေ ရှိသည်။ သခင်က ဝယ်ယူပြီးနောက် အထူးအခြေအနေများ ရှိပါက ကျွန်သည် စာချုပ်ဖျက်သိမ်းပြီး "အိမ်ပြန်" နိုင်ခွင့် ရှိသည်။

ထို့ကြောင့် ရှန်မြောင် ဝင်သွားပြီး လူဝယ်ချင်ကြောင်း ပြောသောအခါ ပွဲစားက နွေးထွေးသော်လည်း စည်းကမ်းတကျ ဆက်ဆံသည်။ ပွဲစားရုံး ခင်းကျင်းထားပုံမှာလည်း သပ်ရပ်သည်။ ရှန်မြောင်၏ "ကျားမ မရွေး၊ ကျန်းမာသန်စွမ်းသူ၊ တစ်ယောက်က ချက်ပြုတ်တတ်ရမည်၊ တစ်ယောက်က လက်သွက်ခြေသွက် ရှိရမည်၊ နောက်တစ်ယောက်က စကားပြောပြေပြစ်ပြီး မှတ်ဉာဏ်ကောင်းရမည်" ဟူသော လိုအပ်ချက်ကို ကြားသောအခါ ချက်ချင်း လက်ခံလိုက်သည်။ သူမကို လက်ဖက်ရည် တည်ခင်းပြီး ခဏထိုင်စောင့်ရန် ပြောကာ စာရင်းစာအုပ်ကို ငုံ့ကြည့်ပြီး ရှာဖွေရင်း ရှင်းပြသည်။ "ဒီရက်ပိုင်း ချင်ကျိုးဘက်က စစ်ဘေးရှောင်တွေ အရမ်းများလာတယ်၊ ညန်ဇီ ခဏလောက် စောင့်ပါဦး၊ ကျွန်တော် ရိုးသားပြီး ချက်ပြုတ်တတ်တဲ့သူ ရှာပေးပါ့မယ်"

ခဏကြာ ရှာဖွေပြီးနောက် သင့်လျော်မည့်သူ တွေ့သောအခါ ပွဲစားက သူမကို နောက်ဖေးသို့ ခေါ်သွားသည်။ ထိုနေရာတွင် ကျယ်ဝန်းသော ခြံဝင်းတစ်ခု ရှိပြီး ကြိုးဖြင့် တွဲချည်ထားသော ကျွန်များ နေရာအနှံ့ ထိုင်နေကြသည်။ အများစုမှာ မဲညစ်ပိန်လှီပြီး အဝတ်အစား စုတ်ပြတ်နေကြသည်။ ပွဲစားက ရှန်မြောင် မျက်စိနောက်မည်ကို စိုးရိမ်သဖြင့် ရှင်းပြလေသည်။ "ဒါတွေက ချိုင်ကျိုးဘက်က ရောက်လာခါစ စစ်ဘေးရှောင်တွေပါ၊ သေချာ ပြုပြင်ရသေးပါဘူး၊ ကြိုးနဲ့ ချည်ထားရတာကလည်း မတတ်နိုင်လို့ပါ၊ တစ်ချို့ လူလည်တွေက နှစ်ဖက်စားတတ်တယ်၊ မိသားစုက ပိုက်ဆံယူပြီးတာနဲ့ ထွက်ပြေးပြီး ကိုယ့်ကိုယ်ကို ၄၊ ၅ ခါ ပြန်ရောင်းစားတတ်ကြတယ်၊ ကျွန်တော်တို့လို စည်းကမ်းတကျ လုပ်တဲ့ ပွဲစားတွေကို ဒုက္ခပေးတတ်လို့ သေချာချည်ထားရတာပါ၊ မဟုတ်ရင် ကျွန်တော်တို့ ငတ်ကုန်မှာပေါ့ ဟုတ်တယ်မလား"

ရှန်မြောင်က နားလည်ကြောင်း ပြလိုက်သည်။

ပွဲစားက ပြုံးပြီး မေးသည်။ "ဒီရှုပ်ရှုပ်ယှက်ယှက်တွေကို ညန်ဇီကို မပြတော့ပါဘူး၊ ညန်ဇီပုံစံကြည့်ရတာ သဘောကောင်းမယ့်ပုံပါ၊ အရင်သခင်ဆီမှာ လုပ်ဖူးကိုင်ဖူးရှိပြီး စည်းကမ်းနားလည်ကာ ချက်ချင်း အလုပ်လုပ်နိုင်မယ့်သူမျိုး လိုချင်တယ် မဟုတ်လား"

ရှန်မြောင် ခေါင်းညိတ်လိုက်သော်လည်း ထပ်လောင်း ပြောလိုက်သည်။ " နောက်ကြောင်းရှင်းတဲ့သူပဲ လိုချင်တယ်၊ မိသားစု ရှုပ်ထွေးပြီး ပြဿနာ လာရှာတတ်တဲ့သူမျိုး မလိုချင်ဘူး၊ ဒါမှမဟုတ် အရင်သခင်ဆီမှာ ခိုးဝှက်တာ၊ လောင်းကစားတာ၊ မိန်းကလေးတွေကို စော်ကားတာမျိုး လုပ်ပြီး ပြစ်မှုကျူးလွန်လို့ ပြန်ရောင်းခံရတဲ့ ကိုယ်ကျင့်တရား ပျက်ပြားသူမျိုး လုံးဝ မလိုချင်ဘူး"

ပွဲစားက ရင်ဘတ်ကို ပုတ်ပြီး အာမခံသည်။ "ညန်ဇီ စိတ်ချပါ၊ ကိုယ့်ဆိုင်နာမည် ပျက်မယ့်အလုပ် ကျွန်တော် မလုပ်ပါဘူး"

ထို့နောက် ရှန်မြောင်ကို အတွင်းခန်းတစ်ခုသို့ ခေါ်သွားသည်။ ထိုအခန်းထဲတွင် အသက် ၁၅၊ ၁၆ မှ ၃၀ ဝန်းကျင် ကျန်းမာသန်စွမ်းသော အမျိုးသားများ ရှိပြီး ကြည့်ရသည်မှာ သပ်ရပ်သည်။ မျက်နှာဝါပြီး ပိန်လှီနေသူ မရှိပေ။ ဝတ်ဆင်ထားသော အဝတ်အစားများမှာ ကြမ်းတမ်းပြီး ဖာထေးထားသော်လည်း အများစုမှာ သပ်ရပ်သည်။ သို့သော် တစ်ချို့မှာ ဖိနပ်မပါဘဲ ခြေဗလာနှင့် ရပ်နေကြသည်။

သူတို့၏ နောက်ကျော လည်ပင်းကြားတွင် ရောင်းရန်အမှတ်အသား မြက်ခြောက်တံများ ထိုးစိုက်ထားသည်။

"မင်း! ပြီးတော့ မင်း! ထွက်ခဲ့!"

ပွဲစားက အသက် ၃၀ အရွယ် လူလတ်ပိုင်း တစ်ယောက်နှင့် အသက် ၂၀ အရွယ် အရပ်ရှည်ရှည် လူငယ်တစ်ယောက်ကို လက်ညှိုးထိုးပြီး ရှန်မြောင်ရှေ့သို့ ခေါ်လာသည်။ ဦးစွာ သွားဖြဲပြခိုင်းပြီး သွားများကို စစ်ဆေးစေသည်။ ထို့နောက် ခေါင်းငုံ့ခိုင်းပြီး ဆံပင်များ၊ လက်သည်းခြေသည်းများကို ကြည့်ရှုစေပြီးမှ ပြုံးကာ ပြောလေသည်။

"ကြည့်ပါဦး၊ ဒီနှစ်ယောက်လုံး အရိုးအဆစ် သန်မာတယ်၊ ခါးမတ်တယ်၊ သွားလည်း ကောင်းတယ်၊ လက်တွေ ခြေထောက်တွေ ကြည့်ပါဦး၊ လက်ကြီးခြေကြီးနဲ့ အားရှိတယ်ဗျ၊ အခု ပိန်နေတာကို မကြည့်နဲ့၊ အဲ့ဒါ ငတ်ထားလို့၊ ထမင်းဝအောင်ကျွေးရင် အသားပြည့်လာမှာ၊ ဒီမှာကြည့်၊ ဒီအသက်ကြီးတဲ့လူက မူလက စားဖိုမှူးပဲ၊ သူ့သခင်က ပြစ်မှုကျူးလွန်လို့ လင်နန်ကို အပို့ခံရတော့ အိမ်က ကျွန်တွေကို လူစုခွဲလိုက်တာ၊ အဲ့ဒါကြောင့် ဒီရောက်လာတာ၊ ဒီကောင်လေးကတော့ ယန်စန်း နယ်စပ် (အရှေ့မြောက်ပိုင်း တောင်ဘက်စွန်း) က၊ မြစ်တစ်စင်းကျော်လိုက်တာနဲ့ လျောင်နိုင်ငံ ရောက်ပြီ၊ ဆောင်းတွင်းရောက်ရင် လျောင်မြင်းတပ်တွေ လာတိုက်ပြီး ပစ္စည်းလု လူသတ် လုပ်တတ်တယ်၊ သူတို့မိသားစုက အတွင်းဘက်ကို ထွက်ပြေးလာတာ၊ လမ်းမှာ အဖေက ဖျားပြီး ဆုံးသွားတော့ သူ့မိထွေးက မောင်နှမတွေကို ကျွေးမွေးဖို့ သူ့ကို ရောင်းစားလိုက်တာ၊ သူက ဓားကိုင် ကျွမ်းကျင်တယ်၊ အရင်က အိမ်မှာ ခွေးသတ် သိုးသတ် လုပ်ဖူးတယ်၊ ဟေ့ကောင်လေး... မင်း ပြောဖူးတယ်မလား၊ ၁၅ မိနစ်နဲ့ သိုးတစ်ကောင်ကို အရေခွံခွာနိုင်တယ်ဆို"

ထိုအရပ်ရှည်ရှည် လူငယ်က အလျင်အမြန် ခေါင်းညိတ်သည်။ "ဟုတ်ပါတယ်"

ပွဲစားက လူလတ်ပိုင်း အမျိုးသားကို တို့လိုက်ပြန်သည်။ "မင်း ပြောပြလိုက်ဦး၊ မင်းက စားဖိုမှူးဆိုတော့ ဘာတွေ ချက်တတ်လဲ"

...

All Chapters