အခန်း (၁၀၃-၁၀၄)
Vol. 11 Ch. 103-104
အခန်း။ ၁၀၃
အေးစက်တည်ငြိမ်လှသော အမျိုးသမီးကျင့်ကြံသူမှာ ခဏမျှ မှင်တက်သွားရသည်။
စုန်ယန်က လေးနက်တည်ကြည်သော မျက်နှာပေးဖြင့် ခေါင်းညိတ်ပြကာ "ကျွန်တော့်ဆီမှာရှိတဲ့ အမျိုးအစားက မျိုးဗီဇပြောင်းလဲထားတာပါ။ သူ့ရဲ့ အနှစ်သာရသွေးက အဆင့်မြင့်မိစ္ဆာသားရဲအဆင့်ကို ရောက်ရှိနေတာမို့လို့ ကြက်သွေးရောင်နန်းဆောင်ဆေးလုံးကို ဖော်စပ်တဲ့အခါမှာတောင် ကျွန်တော် အတော်လေး အားထုတ်ခဲ့ရတာပါ" ဟု ပြောလိုက်သည်။
လေထုမှာ ရုတ်တရက် တိတ်ဆိတ်သွားပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် ငြိမ်သက်သွားတော့၏။
ထိုအမျိုးသမီးက ရုတ်တရက်ပင် "တော်ပြီ စုန်ယန်... ဆက်ပြောနေလည်း အပိုပဲ။ လက်တွေ့မစမ်းသပ်ဘဲနဲ့ မင်းပြောတာ အမှန်လား အမှားလားဆိုတာ ငါမသိနိုင်ဘူး။ ပြီးတော့ မင်းကလည်း... ငါ့အတွက် အလုပ်အကျွေးပြုဖို့ သေချာပေါက် ငြင်းဆန်မှာပဲ မဟုတ်လား" ဟု ပြောလာသည်။
စုန်ယန်သည် ချက်ချင်း လက်ဦးမှုယူခြင်းမပြုဘဲ စူးစမ်းလိုစိတ်ဖြင့်သာ မေးမြန်းလိုက်သည်။ "စီနီယာက ကျွန်တော့်ကို ဘာလုပ်ပေးစေချင်လို့လဲဆိုတာ သိပါရစေ။ ကျွန်တော်က တခြားသူတွေကို ကူညီရတာ ဝါသနာပါတဲ့သူပါ စီနီယာ့ကိုလည်း ကူညီချင်ရင် ကူညီမိမှာပေါ့"
အမျိုးသမီးက "ငါနဲ့အတူ တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်ကို လိုက်ခဲ့ပေးရမယ်" ဟု ပြောလိုက်သည်။
စုန်ယန်က စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်ပြီး "ဘာသွားလုပ်မှာလဲ" ဟု ထပ်မေးလိုက်၏။
ထိုအမျိုးသမီးမှာ အလွယ်တကူ အရူးလုပ်၍ရမည့်သူ မဟုတ်သည်မှာ ထင်ရှားလှသည်။ သူမသည် သူမ၏ရင်ခွင်ထဲမှ အစိမ်းရောင်ပုလင်းငယ်တစ်ခုကို တိုက်ရိုက်ထုတ်ယူလိုက်ပြီး "စုနယန်... ဒီထဲမှာ ဆေးလုံးတစ်လုံးရှိတယ်။ မင်း အဲဒါကို အရင်သောက်လိုက် ပြီးရင် ငါပြောပြမယ်" ဟု ပြောလိုက်သည်။
စုန်ယန်က ထိုအစိမ်းရောင်ပုလင်းကို လှမ်းကြည့်လိုက်သော်လည်း စကားပင် မပြောရသေးမီ ဟွာလင်းလုံက ကြားဖြတ်၍ ပြောလာတော့သည်။
"စုန်ယန်... ဒါက နတ်ဆေးလုံးတစ်လုံးပဲ။ သာမန်လူတွေ သောက်မယ်ဆိုရင် ထူးကဲအမြစ်
ပေါက်ဖွားလာနိုင်သလို ကျင့်ကြံသူတွေအတွက်ဆိုရင်လည်း ထူးကဲအမြစ်ရဲ့ ပါရမီကို မြှင့်
တင်ပေးနိုင်တယ်။ ဒါက ရှင် အရင်ဘဝက ကုသိုလ်ကံကြောင့် ရရှိလာတဲ့ ကံကောင်းခြင်းပဲ"
ထိုအခါ အမျိုးသမီးကျင့်ကြံသူက ဟွာလင်းလုံကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ ဟွာလင်းလုံမှာ ထိတ်လန့်သွားပြီး ခေါင်းငုံ့ကာ "ဆရာ... ကျွန်မ... ကျွန်မက သူ့ကို အကြံပေးရုံတင်ပါ..." ဟု တိုးတိုးလေး ရေရွတ်ရှာသည်။
စုန်ယန်က ကြားထဲမှ ဖြတ်ပြောလိုက်သည်။
"စီနီယာ ပြောတာ မှန်ပါတယ်"
အမျိုးသမီးက သူ့ကို မော့ကြည့်လိုက်ရာ သူမ၏ တောင့်တင်းနေသော မျက်လုံးအိမ်များမှာ ထူးဆန်းစွာ လှုပ်ရှားသွားသည်။
စုန်ယန်က "ဒါပေမဲ့... အကယ်၍ စီနီယာက သူ့ရဲ့ စွမ်းဆောင်ရည်ကို တစ်ခုခု သက်သေမပြနိုင်ဘူးဆိုရင်တော့ ကျွန်တော် ဒီဆေးလုံးကို မသောက်နိုင်ဘူး" ဟု ပြောလိုက်ရာ လေထုမှာ ချက်ချင်းပင် ရပ်တန့်သွားတော့သည်။
နှစ်ဦးစလုံးမှာ တစ်ဖက်လူ၏ စွမ်းအားကို မသိကြသေးသဖြင့် ဝေ့ဝိုက်နေကြပြီးနောက် နောက်ဆုံးတွင်မူ တစ်ဦးကိုတစ်ဦး အရင်ဆုံး စမ်းသပ်ရန်သာ ရွေးချယ်လိုက်ကြတော့သည်။
ကွေ့ကျိုးပြည်နယ်က မြည်းတစ်ကောင်အကြောင်းပုံပြင်ထဲမှာလိုပါပဲ။ ကြည့်ရှုသူတွေက ကျားရှေ့မှာ ရဲတင်းလွန်းတဲ့ မြည်းရဲ့ မိုက်မဲမှုကိုကြည့်ပြီး သက်ပြင်းချကြလိမ့်မယ်။ မြည်းတစ်ကောင်ရဲ့ ခြောက်လှန့်မှုကို ကြောက်နေတဲ့ ကျားရဲ့ အူကြောင်ကြောင်နိုင်မှုကိုလည်း လှောင်ပြောင်ကြလိမ့်မယ်။ ဒါပေမဲ့ ကျားရဲ့ သတိဝီရိယကို သတိထားမိတဲ့သူ ဘယ်နှစ်ယောက် ရှိမလဲ။ အကယ်၍ ကျားသာ အရင်ဆုံး စမ်းသပ်ခြင်းမပြုခဲ့ရင် ဒီမြည်းက သူစားလို့ရတဲ့ အကောင်မှန်း ဘယ်လိုလုပ် သိနိုင်ပါ့မလဲ။
"ကောင်းပြီလေ"
အေးစက်တည်ငြိမ်လှသော အမျိုးသမီးကျင့်ကြံသူက ထူးဆန်းသော အပြုံးတစ်ခုကို ပြုံးလိုက်သည်။ ထို့နောက် မည်သည့် ထူးကဲလက်နက်ကိုမျှ အသုံးမပြုဘဲ လေထဲသို့ အံ့ဩဖွယ်ရာ ပျံတက်သွားတော့၏။ သူမ၏ လက်အမူအရာများမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ လှုပ်ရှားနေပြီး ကောင်းကင်ယံမှ မှောင်မည်းသော တိမ်တိုက်များနှင့် တောင်တန်းကြီးများ၏ အရိပ်များမှာ "ရှူး... ရှူး..." ဟူသော အသံများနှင့်အတူ စတင်တွန့်လိမ်လာကြသည်။ ထိုအသံမှာ စူးရှပြီး ထူးဆန်းလှရာ အပေါက်ငယ်လေးများကို ကြောက်ရွံ့တတ်သူများအဖို့မူ နားကိုပိတ်ကာ ရူးသွပ်သွားစေနိုင်လောက်အောင်ပင် ပြင်းထန်လှသည်။
...
...
ထိုအချိန်တွင် ချိုင့်ဝှမ်းအတွင်း၌ ပျံလွှားဓားဂိုဏ်းသားများနှင့် ကျန်ရှိနေသော တစ်ကိုယ်တော်ကျင့်ကြံသူ လေးဦးတို့ပါဝင်သည့် အဖွဲ့ကြီးမှာ ရှေ့သို့ ဆက်လက်ချီတက်နေဆဲပင်။
ရုတ်တရက် ဂိုဏ်း၏ ခန်းမသခင်တစ်ဦးက ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
"ဒါ... ဒါက ဘာကြီးလဲဗျ"
"မလန့်ကြနဲ့ ဒါ ညဖယောင်းတိုင်ပိုးတွေပဲ"
အသက်ကြီးကြီး တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦး၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာသည်။ ထိုအသံနှင့်အတူ တောက်ပသော ရွှေရောင်ခေါင်းလောင်းလေးတစ်ခုမှာ လေထဲသို့ လေးငါးပေခန့် မြင့်တက်သွားပြီး ဖြည်းညှင်းစွာ လည်ပတ်နေကာ လက်သည်းခွံခန့်ရှိသော ရွှေရောင်အလင်းတန်းများကို ဘေးပတ်ပတ်လည်သို့ ဖြာထွက်စေသည်။ ထိုအလင်းတန်းများမှာ ဆယ်ပေခန့်အကွာအဝေးအထိ ဖုံးလွှမ်းနိုင်သော အလင်းနယ်မြေလေးတစ်ခုကို ဖန်တီးပေးလိုက်၏။
ကျန်ရှိနေသော ကျင့်ကြံသူ သုံးဦးမှာ ထိုအလင်းအောက်သို့ ချက်ချင်းပင် စုရုံးရောက်ရှိလာကြသည်။ ကျန်ရှိနေသော ပျံလွှားဓားဂိုဏ်းသား တစ်ဒါဇင်ခန့်မှာလည်း အချင်းချင်း ပွတ်သီးပွတ်သပ် တိုးဝှေ့ရင်း ထိုအလင်းစက်ဝန်းထဲသို့ အလုအယက် ပြေးဝင်ကြတော့သည်။ ထိုမြင်ကွင်းမှာ ကြည့်ရသည်မှာ အလွန်ပင် ရယ်စရာကောင်းလှသော်လည်း မည်သူမျှ မရယ်ရဲကြချေ။ လူတိုင်း၏ မျက်လုံးထဲတွင် ကြောက်ရွံ့မှုများသာ ပြည့်နှက်နေပြီး အပြင်ဘက်ရှိ တွန့်လိမ်နေသော အရိပ်မည်းကြီးများကိုသာ စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။
ကျင့်ကြံသူတစ်ဦးက "သခင်မလေးလင်းနဲ့ ကျူးအာတို့ ပြန်မလာကြသေးဘူး။ သူတို့တော့ မလွယ်လောက်တော့ဘူး ထင်တယ်" ဟု ပြောလိုက်သည်။
နောက်တစ်ဦးက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီး "ငါ့အထင်တော့ အဲဒီမိန်းမတွေမှာ တစ်ခုခု ဖုံးကွယ်ထားတာ ရှိလိမ့်မယ်" ဟု ပြန်ပြော၏။
"တော်ကြတော့... အခုချိန်မှာ ငါတို့အားလုံး စည်းစည်းလုံးလုံးနဲ့ ထွက်ပေါက်ကို အရင်ရှာဖို့ပဲ လိုတယ်"
အသက်ကြီးကြီး ကျင့်ကြံသူက ဆက်ပြောသည်မှာ "လောလောဆယ် ငါ့ရဲ့ ထူးကဲလက်နက်ကို အရင်သုံးထားမယ်။ ငါ့စွမ်းအင်ကုန်သွားရင်တော့ မင်းတို့ တစ်လှည့်စီ တာဝန်ယူရမယ်"
သူ့စကားပင် မဆုံးသေးမီမှာပင် အရိပ်မည်းကြီးများမှာ လေထဲသို့ ရုတ်တရက် မြင့်တက်သွားပြီး အနက်ရောင် လှိုင်းလုံးကြီးတစ်ခုသဖွယ် စုစည်းသွားတော့သည်။
"လာပြီ"
အဘိုးအို၏ မျက်နှာမှာ တင်းမာသွားပြီး ခေါင်းလောင်းပုံစံ ထူးကဲလက်နက်ကို ပိုမိုခိုင်မာစွာ ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ နောက်တစ်ခဏ၌ ထိုအနက်ရောင် လှိုင်းလုံးကြီးသည် ရွှေရောင် အလင်းဒိုင်းကို ပြင်းထန်စွာ ဆောင့်ဝင်လိုက်ပြီး အနက်ရောင် မြူခိုးများအဖြစ် တဖွဲဖွဲ ကွဲအက်သွားတော့၏။ သို့သော် ဤသည်မှာ အစပြုရုံမျှသာ ရှိသေးသည်။ ထို့နောက်တွင်မူ အနက်ရောင် လှိုင်းလုံးကြီးများမှာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ဆောင့်ဝင်ကာ တိုက်ခိုက်လာကြသည်။
အစွန်ဘက်တွင် တိုးဝှေ့နေကြသော ဂိုဏ်းသားတစ်ဦးမှာ ခြေလှမ်းမမြဲဘဲ ချော်ထွက်သွားရာ ခြေထောက်တစ်ဖက်မှာ အလင်းစက်ဝန်းအပြင်ဘက်သို့ ရောက်ရှိသွားသည်။ ထိုခြေထောက်ကို အနက်ရောင်လှိုင်းလုံးတစ်ခုက ပွတ်တိုက်သွားရုံမျှဖြင့် ထိုဂိုဏ်းသားမှာ တစ်ကိုယ်လုံးရှိ အာရုံကြောများ ဆွဲနှုတ်ခံရသကဲ့သို့ နာကျင်မှုကို ခံစားလိုက်ရပြီး ချက်ချင်းပင် ဒူးထောက်ကျသွားတော့၏။ သူသည် အသည်းအသန် လက်ကမ်းကာ "ကယ်ကြပါဦး" ဟု အော်ဟစ်ရန် ကြိုးစားသော်လည်း စကားပင်မဆုံးမီ သူ၏ တစ်ကိုယ်လုံးကို အနက်ရောင်အရာဝတ္ထုများက လွှမ်းခြုံသွားခဲ့ပြီဖြစ်သည်။
ထိုအခါမှသာ လူအုပ်ကြီးမှာ ရှင်းရှင်းလင်းလင်း မြင်လိုက်ရတော့သည်။ ၎င်းတို့မှာ အနက်
ရောင်ရှိသော ထူးဆန်းသည့် ပိုးကောင်လေးများပင်။
ထိုဂိုဏ်းသားမှာ ရုတ်တရက်ပင် လှုပ်ရှားမှု ရပ်တန့်သွားသော်လည်း ထူးဆန်းသည်မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာမျှ မရှိခြင်းပင်။ ထိုပိုးကောင်များသည် လူသားတို့ကို စားသောက်ခြင်း မပြုကြဘူးဟု ထင်ရသည်။ ဤမြင်ကွင်းကြောင့် လူတိုင်းမှာ မှင်တက်သွားကြရ၏။
သို့သော် ထိုသို့ ဝေခွဲမရဖြစ်နေသည့် ခဏတာအတွင်းမှာပင် အဘိုးအို၏ ထူးကဲလက်နက်ဖြစ်သော မျှော်စင်ငယ်လေးမှာ ဆက်လက်မတောင့်ခံနိုင်တော့ချေ။ ရွှေရောင်အလင်းဒိုင်းမှာ ချက်ချင်းပင် အက်ကွဲသွားပြီး အပြင်ဘက်မှ အနက်ရောင် ပိုးကောင်တန်းကြီးတစ်ခုမှာ အထဲသို့ လျင်မြန်စွာ တိုးဝင်လာသည်။ ၎င်းသည် ကျင့်ကြံသူတစ်ဦး၏ ဘယ်ဘက်လက်မောင်းကို အသာအယာ ထိတွေ့မိရုံမျှဖြင့် ထိုကျင့်ကြံသူ၏ မျက်သူငယ်အိမ်များမှာ ကျုံ့သွားတော့၏။ ထိုသို့ ထိတွေ့မိရုံမျှဖြင့်ပင် သူ၏ ဘယ်ဘက်လက်မောင်းမှာ အာရုံခံစားမှု လုံးဝကင်းမဲ့သွားပြီး ရှေ့ကဂိုဏ်းသားများကဲ့သို့ပင် ထူးဆန်းသော လက္ခဏာရပ်များ ပြသလာခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် အခြားကျင့်ကြံသူတစ်ဦးက ထီးတစ်လက်ကို အမြန်ထုတ်ယူကာ လေထဲသို့ မြှောက်တင်လိုက်သည်။ ထီးမှထွက်ပေါ်လာသော အလင်းတန်းမှာ ပိုးကောင်များကို တွန်းထုတ်ပေးနိုင်ခဲ့သော်လည်း ၎င်းမှာ လေးငါးစက္ကန့်ခန့်သာ တောက်ပနိုင်ခဲ့ပြီး အနက်ရောင်ပိုးကောင်များ၏ အဆက်မပြတ် တိုက်ခိုက်မှုကြောင့် အက်ကွဲသံများ ထွက်ပေါ်လာကာ ပျက်စီးတော့မည့် အခြေအနေသို့ ရောက်ရှိလာသည်။
လူတိုင်းမှာ ထိတ်လန့်တုန်လှုပ်သွားကြပြီး ချွေးစေးများ ပျံလာကာ ရင်ထဲတွင် အသက်ရှူကျပ်ပြီး မျှော်လင့်ချက်မဲ့သည့် ခံစားချက်ကို ခံစားလိုက်ရသည်။
မျက်စိလျင်သော ကျင့်ကြံသူတစ်ဦးက ရုတ်တရက် အော်ပြောလိုက်သည်။
"ဒီပိုးကောင်တွေက ငါတို့ကို တမင်တကာ တိုက်ခိုက်နေတာမဟုတ်ဘူး။ သူတို့က တစ်နေရာရာကို သွားနေကြတာပဲ။ ငါတို့ လမ်းမကြီးပေါ်ကနေ အမြန်ဖယ်ပေးရမယ် မဟုတ်ရင် ငါတို့အားလုံး သေကြရလိမ့်မယ်"
ထိုစကားအဆုံးတွင် လူတိုင်းမှာ ဘေးဘက်သို့ အလုအယက် ပြေးကြတော့၏။ တစ်ကိုယ်တော်ကျင့်ကြံသူများမှာလည်း သူတို့၏ ထူးကဲလက်နက်များကို အလျင်အမြန် ထုတ်သုံးကြရသည်။ သို့သော် သူတို့မှာ အရင်းအမြစ် နည်းပါးသူများဖြစ်သဖြင့် ထူးကဲလက်နက် အရေအတွက်မှာ ကန့်သတ်ချက်ရှိနေပြီး မည်မျှအထိ တောင့်ခံနိုင်မည်ကို မည်သူမျှ မသိနိုင်ချေ။
တစ်ခါတစ်ရံတွင် ကျင့်ကြံသူအချို့မှာ ပျံလွှားဓားဂိုဏ်းသားတစ်ဦးကို ဖမ်းယူကာ ပိုးကောင်များ၏ အာရုံလွှဲရန်အတွက် အပြင်သို့ ပစ်ထုတ်လိုက်ကြသည်။ ထိုဂိုဏ်းသားများမှာ အနက်ရောင် ပိုးကောင်အုပ်ကြီးထဲသို့ ကျရောက်သွားသည်နှင့် ချက်ချင်းပင် မလှုပ်မယှက် ဖြစ်သွားကြသော်လည်း သူတို့၏ ခန္ဓာကိုယ်တွင်မူ ဒဏ်ရာဒဏ်ချက် တစ်စုံတစ်ရာမျှ မရှိချေ။
...
...
အနက်ရောင် ပိုးကောင်အုပ်ကြီး စတင်လှုပ်ရှားလာသည့်အခါ စုန်ယန်သည် သူ၏ ဝိညာဉ်အပေါ် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။ ဤသည်မှာ သူ၏ ချန်ဝမ်ကျားသွေးကြောင့် ရရှိလာသော ထူးခြားသည့် အာရုံခံစားမှုပင်။
အမှန်စင်စစ် စုန်ယန်အနေဖြင့် ထိုပိုးကောင်များမှာ သူ၏ ဝိညာဉ်ကို တိုက်ခိုက်လာလျှင်ပင် လောလောဆယ်တွင် များစွာထိခိုက်မည်မဟုတ်ကြောင်း ခံစားမိသည်။ အကြောင်းမှာ သူ၏ ဝိညာဉ်နန်းဆောင်အတွင်း၌ သွတ်သွင်းထားသော လက်ပါးစေဝိညာဉ်များစွာ ရှိနေသည့်အပြင် ဝိညာဉ်ဖမ်းစားနိုင်သော အနက်ရောင်အစက်အပြောက်များလည်း ရှိနေသောကြောင့်ပင်။
ညဖယောင်းတိုင် ဝိညာဉ်ပိုးများက သူ့ကို အမှန်တကယ် ဒုက္ခပေးနိုင်ရန်အတွက် အင်တိုက်အားတိုက် တိုက်ပွဲဝင်ရပေလိမ့်မည်။
"သခင်ကြီး... သူမက သခင်ကြီးကို စမ်းသပ်နေတုန်းပဲ"
မြေခွေးအဘွားအိုက ပြောလိုက်သည်။
"အကယ်၍ သခင်ကြီးမှာ ချန်ဝမ်ကျားသွေးသာ ရှိနေမယ်ဆိုရင် ချက်ချင်း သေဆုံးသွားမှာ မဟုတ်ဘူး။ ဒါပေမဲ့ သေသွားခဲ့ရင်တော့ သခင်ကြီးမှာ အဲဒီသွေးမရှိဘူးလို့ သူမက သတ်မှတ်
လိုက်မှာပဲ။ အဲဒီအခါကျရင်တော့ သခင်ကြီးက သူမအတွက် ဘာတန်ဖိုးမှ မရှိတော့တာမို့ သေသွားရင်လည်း ပစ်လိုက်တော့မှာပါပဲ"
စုန်ယန်သည် လေထဲတွင် ဝဲပျံနေသော အေးစက်စက် အမျိုးသမီးကျင့်ကြံသူနှင့် အဝေးတစ်နေရာတွင် ပိုးကောင်များ၏ အန္တရာယ်မှ ကင်းလွတ်စွာ ရပ်နေသော ဟွာလင်းလုံတို့ကို မော့ကြည့်လိုက်သည်။ သူ၏ လက်ချောင်းဆယ်ချောင်းကို လှုပ်ရှားလိုက်သည်နှင့် မိစ္ဆာသားရဲ အရိပ်ရုပ်သေးဆယ်ခုမှာ ချက်ချင်းပင် ချိတ်ဆက်၍ ပေါ်ထွက်လာသည်။ သူတို့အနက် အများစုမှာ အလယ်အလတ်အဆင့်များ ဖြစ်ကြသော်လည်း အဆင့်မြင့်ရုပ်သေးအဖြစ် အမြီးတစ်ချောင်းပါ မြေခွေးမိစ္ဆာ ပါဝင်သည်။
အဆင့်အမြင့်ဆုံးမှာမူ မြေခွေးအဘွားအို၏ မူလခန္ဓာကိုယ်ဖြင့် ပြုလုပ်ထားသော လက်တစ်ဖက်ပြတ် အရိပ်ရုပ်သေးပင်။ စုန်ယန်သည် မြေခွေးအဘွားအို၏ သွေးမျိုးဆက်အနှစ်သာရကို သိမ်းဆည်းထားခဲ့ပြီးနောက် တောတောင်ထဲတွင် ရှိနေစဉ်အတွင်း သူမ၏ အရေပြားကို အသုံးပြု၍ အမြီးသုံးချောင်းပါ အရိပ်ရုပ်သေးအဖြစ် ဖန်တီးခဲ့ခြင်းပင်။ စွမ်းအားအပြည့်အဝ ရရှိစေရန်အတွက် သူသည် အရေပြားကို တတ်နိုင်သမျှ များများအသုံးပြုထားပြီး လက်တစ်ဖက်ပြတ် မူလပုံစံအတိုင်းပင် ထိန်းသိမ်းထားခဲ့သည်။ အခြားသူများအား လှည့်စားရန်အတွက်မူ အမြီးသုံးချောင်းကို အမြီးအတုတစ်ခုအဖြစ် ပေါင်းစည်းထားရာ ကြည့်လိုက်လျှင် သာမန် အမြီးတစ်ချောင်းပါ မိစ္ဆာမြေခွေးတစ်ကောင်အလား ထင်မှတ်ရပေလိမ့်မည်။
ဤအတတ်ပညာမျိုးမှာ အခြားသော အရေပြားအတတ်ပညာရှင်များအတွက် မဖြစ်နိုင်
သော်လည်း စုန်ယန်အတွက်မူ လုံးဝ ဆောင်ရွက်နိုင်သောအရာ ဖြစ်သည်။ ထို့အပြင် ယေဘုယျအားဖြင့် ကြက်သွေးရောင်နန်းဆောင်အဆင့်ရှိသော မိစ္ဆာအရေပြားဖြင့် အရိပ်ရုပ်သေးလုပ်ရန် အထူးပြုပြင်မှုများစွာ လိုအပ်သော်လည်း စုန်ယန်မှာမူ အရေပြားပန်းချီ ဝိညာဉ်ဆန်းအတတ်ရှိနေသဖြင့် ထိုအားနည်းချက်များကို ပုံပျက်ပန်းပျက် ဝိညာဉ်ဖြင့် အစားထိုးနိုင်ခဲ့သည်။
၎င်းသည် အခြားသော မိစ္ဆာသားရဲများကဲ့သို့ မသေမီကထက် ပိုမိုစွမ်းအားကြီးမားခြင်းမျိုး မရှိသော်လည်း အနှစ်သာရသွေး မပါဘဲနှင့်ပင် လက်တစ်ဖက်ပြတ် မြေခွေးအဘွားအို၏ မူလစွမ်းအားကို ဖော်ထုတ်ပေးနိုင်သည်။ ၎င်းမှာ ကြက်သွေးရောင်နန်းဆောင် အလယ်အလတအဆင့်၏ စွမ်းအားမျိုးပင်။ အနှစ်သာရသွေးနှင့် အတတ်ပညာများကို အသုံးမပြုဘဲ ခန္ဓာကိုယ်နှင့် ပါရမီစွမ်းအားသက်သက်ဖြင့်သာ ယှဉ်ပြိုင်မည်ဆိုလျှင် စုန်ယန်သည် ဤရုပ်သေးနှင့် ရင်ဆိုင်ရာ၌ ၅၀-၅၀ အခွင့်အရေးသာရှိပြီး လှည့်စားမှုအတတ်တွင်မူ နှိပ်ကွပ်ခြင်းပင် ခံရနိုင်သည်။
စုန်ယန်သည် တိုက်ကွက်ဖော်ဆောင်ရာတွင် သူ၏ ဝှက်ဖဲများကို ဖုံးကွယ်ထားရုံတင်မကဘဲ ထိုရုပ်သေးဆယ်ခုကြားထဲတွင် နျူကလီးယားဗုံး တစ်လုံးကိုပါ ဝှက်ထားခဲ့သည်။ အရေပြားထိန်းချုပ်ခြင်းအတတ် မှ နှစ်ကြိမ်တိုင်တိုင် မျိုးဗီဇပြောင်းလဲထားသော လက်ချောင်းဆယ်
ချောင်း လှည့်စားမှုအရေပြားအတတ်ကို ထုတ်ဖော်လိုက်သည်နှင့် ပုံပျက်ပန်းပျက် ဝိညာဉ်မှာ ပျံ့လွင့်သွားတော့သည်။ ဝိညာဉ်အငွေ့အသက်များကြားတွင် လှည့်စားမှုများ ချက်ချင်းပေါ်ပေါက်လာပြီး ဝိညာဉ်ရိပ်များစွာ တဖျတ်ဖျတ် လှုပ်ရှားလာကြသည်။
အထက်ကောင်းကင်ယံမှ ပြင်းထန်သော အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာသည်။
"ဒါ... ဒါက ဘာကြီးလဲ"
ဘေးနားတွင်ရှိသော ဟွာလင်းလုံ၏ လှပသော မျက်ဝန်းများမှာ တောက်ပသွားပြီး လက်ခုပ်တီးကာ ချီးကျူးလိုက်သည်။
"ဆရာကြီးအတိုင်းပါပဲလား လျှို့ဝှက်နယ်မြေထဲက ညဖယောင်းတိုင် ဝိညာဉ်ပိုးအားလုံးနီးပါးကို မောင်းထုတ်နိုင်တာပဲ စုန်ယန်... ရှင့်ရဲ့ နည်းလမ်းတွေက မဆိုးဘူးဆိုပေမဲ့ အခုပဲ အရှုံးပေးလိုက်တာ ပိုကောင်းပါလိမ့်မယ်။ ရှင် ဆယ်ဆလောက် ပိုသန်မာလာရင်တောင် အပိုပါပဲ။ ညဖယောင်းတိုင် ဝိညာဉ်ပိုးတွေက ညဘက်မှာဆိုရင် မသေနိုင်တဲ့ သတ္တဝါတွေပဲ။ မကြာခင်မှာ ရှင် ဒီပိုးကောင်တွေကြောင့်ပဲ အင်အားကုန်ခမ်းသွားရလိမ့်မယ်"
အထက်မှ အေးစက်စက် အမျိုးသမီးကျင့်ကြံသူမှာ ခေတ္တမျှ ရပ်တန့်သွားပြီးနောက် ဟွာလင်းလုံကို အေးစက်စွာ တစ်ချက်ကြည့်လိုက်သည်။ သူမသည် အံ့အားသင့်ဟန် ဆောင်မနေတော့ချေ။ ဟွာလင်းလုံလည်း ချက်ချင်းပင် ပါးစပ်ပိတ်ကာ နောက်ထပ် စကားမပြောရဲတော့ပေ။
အခန်း။ ၁၀၄
စကားမပြောနိုင်ဟန် ဆောင်ထားသော အမျိုးသမီးကျင့်ကြံသူသည် ဟွာလင်းလုံ၏ ဖွင့်ဟမှုကြောင့် သူမ၏ လှည့်ကွက်များ ပေါ်သွားသည့်အခါ ဆက်၍ ဟန်ဆောင်မနေတော့ချေ။ သူမသည် ပိုမိုမြင့်မားသော ကောင်းကင်ယံသို့ ပျံတက်သွားပြီးနောက် လက်ကို မြှောက်ကာ ပြင်းထန်စွာ ဖိချလိုက်သည်။ ထိုအခါ စေးပျစ်နက်မှောင်နေသော ပိုးကောင်အုပ်ကြီးသည် ရေတံခွန်တစ်ခုအလား စုန်ယန်ရှိရာသို့ တိုက်ရိုက်ကျဆင်းလာတော့၏။
စုန်ယန်သည် ရှောင်တိမ်းရင်း လက်ချောင်းဆယ်ချောင်းဖြင့် အရိပ်ရုပ်သေးများကို လျင်မြန်စွာ ထိန်းချုပ်လိုက်သည်။ အရိပ်ရုပ်သေးများသည် သူ့ပတ်ပတ်လည်တွင် ချားရဟတ်တစ်ခုကဲ့သို့ လှည့်ပတ်နေကြ၏။ ထူးကဲချီအထောက်အပံ့ဖြင့် ထိုရုပ်သေးများသည် အနက်ရောင် ရေတံခွန်ကြီးနှင့် ထိပ်တိုက်တွေ့ဆုံကာ စီစီ.... ဟူသော အသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ၎င်းမှာ ရေဒိုင်ခွက်တစ်ခု အရှိန်ပြင်းပြင်း လည်ပတ်နေသကဲ့သို့ သို့မဟုတ် နက်ရှိုင်းသော ကန်တစ်ခုထဲသို့ အနက်ရောင် ရေတံခွန်ကြီး တစ်ရှိန်ထိုး ထိုးဆင်းနေသကဲ့သို့ပင်။
စုန်ယန် ပြေးလွှားရာ နောက်သို့ ပိုးကောင်အုပ်ကြီးက တကောက်ကောက် လိုက်ပါနေသည်။ ပိုးကောင်တစ်ကောင်ချင်းစီမှာ အလွန်အမင်း သန်မာခြင်းမရှိသဖြင့် စုန်ယန်၏ ရုပ်သေးဆယ်ခုနှင့် ရိုက်မိသည့်အခါ အပိုင်းပိုင်းကွဲအက်ကာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြသည်။
သို့သော် သေဆုံးသွားသင့်သော ထိုပိုးကောင်များသည် ပေါက်ကွဲသွားပြီးနောက်တွင်ပင် သူတို့၏ အတောင်ပံများကို ပြန်လည်ခတ်ကာ နိုးထလာကြသည်ကို စုန်ယန် သတိပြုမိလိုက်သည်။ သူတို့၏ ပုံသဏ္ဌာန်များမှာ ပုံပျက်ပန်းပျက် ဖြစ်နေသော်လည်း ဆက်လက်တိုက်ခိုက်ရန်အတွက်မူ အဟန့်အတားမရှိပေ။ ပြာအဖြစ် ကြေမွသွားသော ပိုးကောင်များပင်လျှင် ထူးဆန်းသော စွမ်းအားတစ်ခုကြောင့် ပိုးကောင်ပုံသဏ္ဌာန်အဖြစ် ပြန်လည် စုစည်းမိသွားပြီး တိုက်ခိုက်မှုကို မနားတမ်း ဆောင်ရွက်နေကြသည်။
၎င်းမှာ မိစ္ဆာပိုးလောကမှ စွမ်းအားကြီး ဇွန်ဘီ များကဲ့သို့ပင်။ အပိုင်းပိုင်းပြတ်သွားလျှင်ပင်၊ ပေါက်ကွဲသွားလျှင်ပင် ဆက်လက် လှုပ်ရှားနိုင်ကြသည်။ ဤကဲ့သို့သော အင်အားပြုန်းတီးမှု တိုက်ပွဲမျိုးမှာ အလွန်ပင် မတရားလှချေ။ မကြာမီမှာပင် စုန်ယန်ဘက်မှ အမှားတစ်ခု ဖြစ်သွားဟန်ရှိပြီး သွေးဓားသမင်အရိပ်ရုပ်သေးမှာ ထူးကဲချီ မလုံလောက်မှုကြောင့် အနည်းငယ် နောက်ကျကျန်ခဲ့ကာ အနက်ရောင် လှိုင်းလုံးကြီး၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရသည်။
ထိုခဏချင်းမှာပင် စုန်ယန်သည် ထိုရုပ်သေးနှင့် သူ၏ ဆက်သွယ်မှု လုံးဝပြတ်တောက်သွားသည်ကို ခံစားလိုက်ရ၏။ သက်ရှိတစ်ကောင်အလား လှုပ်ရှားနေသော သွေးဓားသမင် ရုပ်သေးမှာ အသက်မဲ့နေသော အရေပြားတစ်စအဖြစ် ပြောင်းလဲသွားပြီး မြေပြင်ပေါ်သို့ လွင့်စဉ်ကျသွားတော့သည်။ သူ မည်မျှပင် ထူးကဲချီများကို ထပ်မံထည့်သွင်းပေးသော်လည်း ၎င်းမှာ လုံးဝ ပြန်လည်လှုပ်ရှားခြင်း မရှိတော့ချေ။
ခဏချင်းမှာပင် ရုပ်သေးရုပ်အတွင်းရှိ ပုံပျက်ပန်းပျက် ဝိညာဉ်မှာ အနက်ရောင်ပိုးကောင်လှိုင်းလုံးကြီး၏ ဝါးမြိုမှုကြောင့် ပျက်စီးသွားတော့သည်။
စုန်ယန်သည် အံ့အားသင့်သွားသော်လည်း စိတ်ကိုအမြန်စုစည်းကာ ကျန်ရှိနေသော ရုပ်သေးကိုးခုကို မနည်းတောင့်ခံထားရသည့်အခြေအနေဖြင့်သာ ထိန်းချုပ်နေရတော့သည်။
ကောင်းကင်ယံအထက်မှနေ၍ စကားနည်းသောအမျိုးသမီးကျင့်ကြံသူက သူ့ကို အေးစက်စွာစိုက်ကြည့်ရင်း ပြောလိုက်သည်။
"မင်းရဲ့အရည်အချင်းက ဒီလောက်ပဲဆိုရင်တော့... ငါနဲ့အတူ တောင်နှင့်ပင်လယ်မိစ္ဆာနိုင်ငံတော်ကို လိုက်ဖို့မလိုတော့ဘူး။ သေပေတော့"
နောက်တစ်ခဏ၌ အနက်ရောင်ပိုးကောင်လှိုင်းလုံးကြီးတစ်ခု ကောင်းကင်ယံမှ ထပ်မံကျဆင်းလာပြန်သည်။
ဝုန်း…
နောက်ထပ်ရုပ်သေးရုပ်တစ်ခု ထပ်မံပေါက်ကွဲသွားပြန်သည်။
စုန်ယန်၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် တောင့်တင်းသွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်မိသည်။
"မင်း... မင်းက ဘာလို့ ဒီလျှို့ဝှက်နယ်မြေထဲက ပိုးကောင်တွေအားလုံးကို ထိန်းချုပ်နိုင်နေရတာလဲ ဘာ... ဘာလို့လဲ"
ထိုအမျိုးသမီးမှာ မည်သည့်ခံစားချက်မျှ ဖော်ပြခြင်းမရှိသော်လည်း သူမ မည်မျှအထိ စိတ်ပျက်သွားသည်ကို လူတိုင်းအာရုံခံမိနိုင်သည်။ သူမသည် ပြန်လည်ဖြေကြားခြင်းမပြုဘဲ မန္တန်ကိုသာ ဆက်လက်ဖော်ဆောင်နေ၏။
လျှို့ဝှက်နယ်မြေအရပ်ရပ်မှ အနက်ရောင် ညဖယောင်းတိုင်ဝိညာဉ်ပိုးများသည် အရပ်မျက်နှာအနှံ့မှ စုရုံးရောက်ရှိလာကြသည်။ ကောင်းကင်ယံမှကြည့်လျှင် ၎င်းတို့မှာ တွန့်လိမ်လှုပ်ရှားနေသော ဧရာမမြွေကြီးများအလား တောင်တန်းများကို ပွတ်တိုက်သွားရင်း ထူးဆန်းသော အကြေးခွံပွတ်တိုက်သံများနှင့်အတူ မရပ်မနား ဆူညံနေကြသည်။
ဟွာလင်းလုံသည် စုန်ယန်တစ်ယောက် သေလုမျောပါး အသည်းအသန်ရုန်းကန်နေရသည်ကို မြင်သောအခါ ဆက်၍မကြည့်ရက်တော့ချေ။ သူမသည် နှုတ်ခမ်းကို တင်းတင်းကိုက်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီး စုန်ယန်အတွက် အသက်ချမ်းသာခွင့်တောင်းရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ထွက်ပေါ်လာသော ဝုန်းဟူသည့် အသံကြီးကြောင့် စကားစမှာ ပြတ်တောက်သွားရသည်။
စုန်ယန်ကို ဝါးမြိုတော့မည့်ဆဲဆဲ အနက်ရောင်ပိုးကောင်လှိုင်းလုံးကြီးမှာ မမျှော်လင့်ဘဲ ပေါက်ကွဲထွက်သွားတော့၏။ ဗဟိုချက်အနီးရှိ အရာအားလုံးမှာ အနက်ရောင်အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီးနောက် လျင်မြန်စွာပင် လောင်ကျွမ်းသွားတော့သည်။
ပူပြင်းလောင်မြိုက်လှပြီး ဖော်ပြရခဲသော စွမ်းအားတစ်ခုသည် အရည်ပျော်နေသည့် ချော်ရည်မီးဖိုကြီးတစ်ခုအလား နီနက်ရောင် တောက်လောင်နေသော ပိုးကောင်အသေကောင်များကြားမှ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။
ဟွာလင်းလုံမှာ ထိုမြင်ကွင်းကို မသဲမကွဲသာ မြင်တွေ့လိုက်ရသော်လည်း ရဲရဲနီနေသော ကြယ်ပျံတစ်လုံး ကောင်းကင်ယံသို့ ပျံတက်သွားသည်ကိုမူ မှတ်မိလိုက်သည်။ ထိုအရာသည် စကားနည်းသောအမျိုးသမီးကျင့်ကြံသူကို အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်ပြီးနောက် အောက်သို့ ဆွဲချသွားတော့၏။ ကျယ်လောင်သော မြည်ဟီးသံများနှင့်အတူ မြေပြင်တုန်ခါသွားပြီး ပိုးကောင်လှိုင်းလုံးကြီးမှာ အရည်များအဖြစ် ပြောင်းလဲကာ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။
ဖုန်မှုန့်များ ချက်ချင်းပင် ထောင်းထောင်းထသွား၏။
ဖုန်များ ငြိမ်သက်သွားသည့်အခါ ဟွာလင်းလုံမှာ အပြေးအလွှား အနားသို့ ကပ်ကြည့်လိုက်ရာ စုန်ယန်က ထိုအမျိုးသမီးကျင့်ကြံသူကို မြေပြင်ပေါ်တွင် လက်တစ်ဖက်ဖြင့် ဖိနှိပ်ထားသည်ကို တွေ့လိုက်ရသည်။
ယခုအခါ ထိုအမျိုးသမီးတွင် အရေပြားလည်း မရှိတော့သလို မျက်နှာလည်း မရှိတော့ချေ။ ထူးဆန်းလှသော လူမျက်နှာပေါက်သည့် ပိုးကောင်ကြီးတစ်ကောင်သာ ကျန်ရှိတော့သည်။ ထိုပိုးကောင်၏ ခြေလက်လေးဖက်မှာ အကောင်းပကတိ ရှိနေသော်လည်း ထူးဆန်းသော ပိုးကောင်ခြေထောက်များအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ခြေဖဝါးအောက်ရှိ စုပ်ခွက်များက လူသားအရေပြားကို ခိုင်မြဲစွာ ကပ်တွယ်နိုင်ရန် အထောက်အကူပြုနေ၏။
လူမျက်နှာနှင့် ပိုးကောင်ကြီးက ဒေါသတကြီးဖြင့် စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။
"မင်း... ငါ့ကို လိမ်ခဲ့တာလား"
ထိုပိုးကောင်ကြီး တစ်ကိုယ်လုံးမှာ တုန်ယင်နေတော့သည်။ ဒေါသကြောင့် တုန်ခါနေခြင်းပင်။ ဟွာလင်းလုံသည် ထိုပိုးကောင်ကြီး ဤမျှအထိ ဒေါသထွက်သည်ကို တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သို့သော်လည်း ပြန်လည်စဉ်းစားကြည့်သည့်အခါမှ သူမ သဘောပေါက်သွားတော့သည်။ အစောပိုင်းက ထိုပိုးကောင်သည် စုန်ယန်ကို လှည့်စားရန်အတွက် အံ့အားသင့်ဟန် ဆောင်ခဲ့သော်လည်း ဟွာလုံလင်က ဖော်ထုတ်လိုက်သဖြင့် ရပ်တန့်သွားခဲ့ရသည်။
ဒါပေမဲ့ အခုလိုဖြစ်သွားမယ်လို့ ဘယ်သူကထင်မှာလဲ။
စုန်ယန်က ထိုနည်းတူ လှည့်ကွက်မျိုးကိုပင် အသုံးပြုကာ မျက်စိတစ်မှိတ်အတွင်းမှာပင် ပြန်လည်လှည့်စားသွားလိမ့်မည်ဟု…
ထိုပိုးကောင်ကြီးသည် သူမကိုယ်သူမ ယုံကြည်မှုလွန်ကဲကာ ပေါ့ဆသွားခဲ့သဖြင့် ထွက်ပြေးရန်ပင် အချိန်မရလိုက်တော့ချေ။
မူလကပင် ၎င်းသည် စုန်ယန်နှင့် တစ်ဦးချင်း ထိပ်တိုက်ရင်ဆိုင်ရန် အဆင့်မမီခဲ့ပေ။ လျှို့ဝှက်နယ်မြေ၏ အားသာချက်ကို အသုံးချ၍သာ စုန်ယန်ကို ယှဉ်ပြိုင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့် စုန်ယန်ကြားရှိ စွမ်းအားကွာဟချက်မှာ အလွန်ပင် ကြီးမားလှသော်လည်း သတိပြုမိချိန်တွင်မူ နောက်ကျသွားခဲ့ပြီ ဖြစ်သည်။
စုန်ယန်၏ ထိတ်လန့်တုန်လှုပ်ဟန်ဆောင်မှုကြောင့် ရန်သူကို အထင်သေးမိသွားသည့် ထိုခဏ၌ပင် သူမ ရှုံးနိမ့်သွားခဲ့ရသည်။ အကယ်၍သာ စောစောစီးစီး သဘောပေါက်ခဲ့ပါက အကွာအဝေးတစ်ခုမှနေ၍ ညဖယောင်းတိုင် ဝိညာဉ်ပိုးများကို အသုံးပြုကာ စုန်ယန်၏ အင်အားကို တဖြည်းဖြည်းချင်း ချွေတာသွားနိုင်မည် ဖြစ်သည်။
စုန်ယန်၏ အသည်းအသန် ရုန်းကန်နေရဟန်နှင့် ထိတ်လန့်တကြား အော်ဟစ်သံများကို ပြန်လည်တွေးတောမိသည့်အခါ ဟွာလင်းလုံ၏ နှုတ်ခမ်းအစုံမှာ မသိမသာ တွန့်ကွေးသွားတော့သည်။ နတ်ဘုရားတိမ်တိုက်မြို့တော်တွင် သူ ပြသခဲ့သည့် သရုပ်ဆောင်ချက်များကိုပါ ပြန်လည်အမှတ်ရမိသောအခါ သူမ၏ နှုတ်ခမ်းမှာ ပို၍ပင် တွန့်သွားရ၏။ မည်သို့ပင်ဆိုစေကာမူ စုန်ယန်သည် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသူဖြစ်ပြီး သူ၏ ပေါက်ကွဲထွက်လာသော စွမ်းအားမှာ သူမ၏ စိတ်ကူးထက်ပင် များစွာကျော်လွန်နေသည်။
...
...
စုန်ယန်သည် ထူးဆန်းလှသော လူမျက်နှာနှင့် ဧရာမပိုးကောင်ကြီးကို စကားတစ်ခွန်းမျှ မဆိုဘဲ ကြည့်နေပြီးနောက် လက်ညှိုးကို မြှောက်ကာ ပြင်းထန်စွာ ထိုးနှက်လိုက်သည်။ သို့သော် သူသည် ချန်ဝမ်ကျား၏ စွမ်းအားကို အသုံးမပြုဘဲ ဝိညာဉ်သတ် ဝိညာဉ်နှိုးအတတ်ကိုသာ အသုံးပြုခဲ့သည်။
ထိုခဏချင်းမှာပင် ဝိညာဉ်ရှာဖွေခြင်းကို စတင်လိုက်၏။
သို့သော် သူသည် ထိုဝိညာဉ်ကို ဝါးမြိုရန် ပြင်လိုက်စဉ်မှာပင် သူထိတွေ့လိုက်သော ဝိညာဉ်မှာ လျင်မြန်စွာ ပေါက်ကွဲသွားပြီး ဘာမျှမကျန်အောင် ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။ ၎င်းနောက်တွင်မူ လူမျက်နှာနှင့် ဧရာမပိုးကောင်ကြီးမှာလည်း လျင်မြန်စွာပင် ပုပ်သိုးကာ ဆွေးမြည့်သွားတော့သည်။
စုန်ယန်သည် ဘေးကင်းသော အကွာအဝေးတစ်ခုသို့ နောက်ဆုတ်လိုက်၏။ ဆွေးမြည့်နေသော ပိုးကောင်ကြီး၏ အလောင်းကြားမှ နှမ်းစေ့ခန့်ရှိသော ထူးဆန်းသည့် ရွှေရောင်အစက်ကလေးတစ်ခုမှာ ဖြည်းညှင်းစွာ ထွက်ပေါ်လာပြီး လေထဲတွင် မလှုပ်မယှက် ဝဲပျံနေသည်။
မြေခွေးအဘွားအို၏ အသံမှာ စုန်ယန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်။
"သခင်ကြီး... တစ်နေ့နေ့မှာ ကျွန်မသာ တစ်စုံတစ်ဦးရဲ့ ပူးကပ်ခြင်းကို ခံရပြီး ဝိညာဉ်ရှာဖွေခြင်း ခံရမယ်ဆိုရင်လည်း ဒီလူလိုပဲ ပျောက်ကွယ်သွားရမှာပါပဲ"