အခန်း (၁၀၅-၁၀၆)
Vol. 11 Ch. 105-106
အခန်း။ ၁၀၅
စုန်ယန်သည် ထိုရွှေရောင်အလင်းတန်းကလေးကို ကြည့်ရင်း တွေးတောကာ မေးမြန်းလိုက်သည်။
"မင်းပြောချင်တာက... ဒီအကောင်ကလည်း ဝိညာဉ်အဆင့်မှာ ထိန်းချုပ်ခံထားရတာပေါ့ ချနဝမ်ဝိညာဉ်လိုမျိုးလား"
မြေခွေးအဘွားအိုက ပြန်ဖြေလိုက်သည်။
"တကယ်လို့ အဲဒီလိုသာဆိုရင် ချန်ဝမ်ကျား အနှစ်သာရသွေးက ဒီလောက်အထိ တန်ဖိုးကြီးနေမှာ မဟုတ်ပါဘူး။ အမှန်တော့ ကျွန်မသိသမျှ လောကကြီးထဲမှာ ချန်ဝမ်ကျား အနှစ်သာရသွေးဆိုတာ သက်ရှိအားလုံးထဲမှာ တစ်ခုတည်းသော တည်ရှိမှုမျိုးပါ။ အခုဆိုရင် သခင်ကြီးတစ်ယောက်တည်းဆီမှာပဲ ရှိတော့တာ။ ဒီလူမျက်နှာနဲ့ ဧရာမပိုးကောင်လို သတ္တဝါမျိုးကတော့ နတ်ဘုရားအာရုံ တားမြစ်ချက်တစ်ခုခုအောက်မှာ ရှိနေပုံပဲ။ အဲဒါကို ထိလိုက်တာနဲ့ ပေါက်ကွဲသွားတာမျိုးပေါ့... ဒါမှမဟုတ် ကျွန်မမသိတဲ့ တခြားအတတ်ပညာတစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလျှို့ဝှက်နယ်မြေ ကျင့်ကြံသူတွေ၊ ဒါမှမဟုတ် အခုအခေါ်အရဆိုရင် လျှို့ဝှက်နယ်မြေ ပိုးကျင့်ကြံသူတွေရဲ့ မြစ်ဖျားခံရာနဲ့ ရည်ရွယ်ချက်ကတော့ အတော်လေးကို နက်နဲလွန်းတယ်"
စုန်ယန်သည် ရွှေရောင်အလင်းတန်းကလေးကို မျက်မှောင်ကြုတ်ကာ စိုက်ကြည့်နေမိသည်။ သူသည် သတိကြီးစွာဖြင့် လက်လှမ်း၍ ထိတွေ့ရန် ကြိုးစားလိုက်သော်လည်း သူ၏လက်မှာ အလင်းတန်းကို ဖောက်ထွက်သွားခဲ့သည်။ လက်ညှိုးဖြင့် ထပ်မံစမ်းသပ်ကြည့်ရာ သူ၏လက်ထိပ်တွင် အနက်ရောင်ပုံရိပ်များ ပျံ့နှံ့သွားပြီး အသာအယာ ထိလိုက်သည့်အခါ...
ဖြူးးးးး….
ရွှေရောင်အလင်းတန်းမှာ ဖမ်းဆီးခြင်းမခံရဘဲ ထူးဆန်းစွာပင် လွင့်ထွက်သွားတော့သည်။ ၎င်းသည် စုန်ယန်လက်ပေါ်ရှိ အနက်ရောင်ပုံရိပ်များကို ရွံရှာစက်ဆုပ်စွာ ရှောင်ဖယ်သွားသကဲ့သို့ပင်။
"ဒါက ဝိညာဉ်အဆင့်မှာ ရှိနေတဲ့ အရာတစ်ခုပဲ"
စုန်ယန်က စူးစမ်းလိုစိတ်ဖြင့် တွေးတောလိုက်မိသည်။
သူသည် လက်ကို ချက်ချင်းမြှောက်ကာ ရွှေရောင်အလင်းတန်းဆီသို့ လက်ငါးချောင်းဖြင့် လှမ်းဖမ်းလိုက်သည်။ သူ၏လက်ဖဝါးတွင် အနက်ရောင်ပုံရိပ်များ ယှက်နွှယ်ပျံ့နှံ့နေ၏။ သူ ဆုပ်ကိုင်လိုက်သည့်အခါတွင်မူ ရွှေရောင်အလင်းတန်းမှာ လက်ငါးချောင်းဖြင့် ပြုလုပ်ထားသော လှောင်အိမ်ထဲသို့ ကျရောက်သွားသကဲ့သို့ ရှေ့တိုးနောက်ငင်ဖြင့် တိုက်မိနေသော်လည်း လွတ်မြောက်နိုင်ခြင်း မရှိတော့ချေ။
သို့သော်လည်း စုန်ယန်အနေဖြင့် ၎င်းကို အပိုင်သိမ်းဆည်းရန် ကြိုးစားရာတွင်မူ အလွန်ပင် ခက်ခဲသည်။
သူသည် ထိုရွှေရောင်အလင်းတန်းကို သူ၏ ချန်ဝမ်ကျား အနက်ရောင်ပုံရိပ်များကြားတွင် ဝှက်ထားရန် ကြိုးစားကြည့်သော်လည်း ၎င်းမှာ ချို့ယွင်းနေသော မီးသီးတစ်လုံးကဲ့သို့ တဖျတ်ဖျတ် လင်းလက်နေပြီး ဖုံးကွယ်၍ မရနိုင်ဘဲ ဖြစ်နေသည်။
သိုလှောင်အိတ်ထဲသို့ ထည့်ရန် ကြိုးစားကြည့်ပြန်သော်လည်း ထိုအရာမှာ အလွန်ပင် ချောကျိလွန်းလှသဖြင့် အတွင်းသို့ လုံးဝ ထည့်သွင်း၍ မရပေ။
ထိုရွှေရောင်အလင်းတန်းမှာ လေလွင့်ဝိညာဉ်နှင့်လည်းမတူသလို မိစ္ဆာအငွေ့အသက်လည်း မဟုတ်ဘဲ ဝိညာဉ်အစအနလည်း မဟုတ်ပြန်ရာ ၎င်းကို မည်သို့ကိုင်တွယ်ရမည်ကို စုန်ယန် လုံးဝ ဝေခွဲမရဖြစ်နေတော့သည်။
ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည့်အခါ ဝိညာဉ်ပိုးကောင်များသည် ထိန်းချုပ်သူမဲ့သွားသော်လည်း အရေအတွက် အလွန်များပြားလှသဖြင့် မီးစာထဲတိုးသည့် ပိုးဖလံများပမာ သူ့ထံသို့ တရစပ် တိုးဝင်လာကြသည်။ ထို့ကြောင့် သူသည် ထူးကဲချီဒိုင်းကို အချိန်ပြည့် ဖြန့်ကျက်ထားရသည်။
စုန်ယန်သည် သူ၏သိုလှောင်အိတ်ထဲမှ ထူးကဲကျောက်ပွင့်တစ်ပွင့်ကို ထုတ်ယူကာ စွမ်းအင်များကို စုပ်ယူလိုက်သည်။ ဤသည်မှာ မတော်တဆမှုများ မဖြစ်ပေါ်စေရန်နှင့် သူ၏စွမ်းအင်ပမာဏ ဘေးကင်းလုံခြုံသည့် အဆင့်အောက်သို့ ကျမသွားစေရန် ကြိုတင်
ပြင်ဆင်ခြင်းပင်။
ချီ... ချီ... ချီ...
ဝိညာဉ်ပိုးကောင်များသည် သူ့ထံသို့ မနားတမ်း ပျံသန်းလာကြပြီး လောင်ကျွမ်းသွားလိုက်၊ ပြန်လည်စုစည်းလာလိုက်ဖြင့် တိုက်ခိုက်မှုကို ဆက်တိုက် ဖော်ဆောင်နေကြသည်။
စုန်ယန်သည် အတွေးတစ်ခုရသွားပြီး သူ၏စွမ်းအင်ဒိုင်းတွင် အပေါက်ငယ်လေးတစ်ခု ဖွင့်ပေးလိုက်ကာ ဝိညာဉ်ပိုးကောင်အချို့ကို သူ၏ခန္ဓာကိုယ်အား တိုက်ခိုက်ခွင့်ပေးလိုက်သည်။ ထိုသို့ထိခိုက်မိသည့်အခါ သူ၏ဝိညာဉ်မှာ အနည်းငယ်မျှ ထိတွေ့မှုကို ခံစားလိုက်ရပြီး ပိုးကောင်များမှာ ချက်ချင်းပင် ကြေမွသွားတော့၏။ သို့သော် ၎င်းတို့သည် ဤမှောင်မိုက်သော ညဉ့်ဦးယံအတွင်းမှာပင် လျင်မြန်စွာ ပြန်လည်စုစည်းသွားကြပြန်သည်။
ဤမြင်ကွင်းကို ကြည့်ရင်း စုန်ယန်မှာ အံ့အားသင့်ကာ ဆွံ့အသွားရတော့၏။ ထိုပိုးကောင်များသည် သူတို့၏ခန္ဓာကိုယ်ကို ဖျက်ဆီးရန် ခက်ခဲရုံတင်မကဘဲ သူတို့၏ဝိညာဉ်များမှာလည်း ဖျက်ဆီး၍မရနိုင်လောက်အောင်ပင် မာကျောလှသည်။
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်မိရာ ဤနေရာမှာ ကြာကြာနေသင့်သော နေရာမဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။ သူ၏စိတ်ထဲတွင် ထိုပိုးကျင့်ကြံသူ ပြောသွားခဲ့သော သွေးကန်အကြောင်းက နေရာယူထား၏။
သူ ဝန်ခံရမည်မှာ ဤညဖယောင်းတိုင် ဝိညာဉ်ပိုးများ၏ အနှစ်သာရသွေးကို သူ အလွန်ပင် လိုချင်တပ်မက်နေမိခြင်းပင်။ ၎င်းကို သူ၏ နောက်ထပ် ဗဟိုနန်းဆောင်နေရာတွင် ထားရှိရန်ပင် စဉ်းစားနေမိသည်။ ဤအရာမှာ ညဘက်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး ဝိညာဉ်နှင့်
လည်း သက်ဆိုင်နေသဖြင့် ချန်ဝမ်ကျားသွေးနှင့်ဆိုလျှင် အလွန်ပင် လိုက်ဖက်ညီလှသော အတွဲအဖက် ဖြစ်ပေလိမ့်မည်။
သို့သော်လည်း သူသည် ထိုရွှေရောင်အလင်းတန်းကို ကြည့်ကာ စိတ်ညစ်သွားရသည်။ ၎င်းကို အမြဲတမ်း တဖျတ်ဖျတ် လင်းနေအောင် ကိုယ်ပေါ်မှာ ဆင်မြန်းထား၍လည်း မဖြစ်နိုင်ပေ။
ထိုစဉ်မှာပင် ညဖယောင်းတိုင် ဝိညာဉ်ပိုးအုပ်ကြီးမှာ ဘေးသို့အလိုလို ဖယ်ပေးလိုက်ကြပြီး သွယ်လျနွဲ့နှောင်းသော အရိပ်တစ်ခုမှာ ပိုးကောင်များကြားမှ ထွက်ပေါ်လာသည်။
ထိုသူသည် စုန်ယန်အနားသို့ လျှောက်လှမ်းလာပြီး အသာအယာ ဂါရဝပြုကာ "အစ်ကိုစုန့်" ဟု ခေါ်လိုက်၏။
စုန်ယန်က ဟွာလင်းလုံကို လှည့်ကြည့်ရင်း "အစ်ကိုစုန့် ဟုတ်လား" ဟု ပြန်မေးလိုက်သည်။
ဟွာလင်းလုံက လေးနက်စွာပင် ပြန်ဖြေလိုက်သည်။
"အစ်ကိုစုန့် ဘေးကင်းကင်းရှိနေတာမို့ ကျွန်မ အစ်ကိုတော်နဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်ပါတယ်"
"အရောင်းအဝယ်"
စုန်ယန်က သူမကို ထူးဆန်းသော အကြည့်ဖြင့် ကြည့်လိုက်သော်လည်း "ဘယ်လို အရောင်းအဝယ်မျိုးလဲ" ဟု မေးမြန်းလိုက်ဆဲပင်။
ဟွာလုံလင်က တည်ငြိမ်စွာပင် "အစ်ကိုတော်ဆန့်ထားတဲ့ အဲဒီအရာကို ကျွန်မကိုပေးမယ်ဆိုရင် ဒီလျှို့ဝှက်နယ်မြေရဲ့ ဖယောင်းတိုင်နယ်မြေထဲမှာ ကျွန်မရသမျှ သတင်းအချက်အလက်တွေအားလုံးကို မျှဝေပေးမှာဖြစ်သလို အစ်ကိုတော်အတွက် အကြီးမားဆုံးသော အကျိုးအမြတ်တွေရအောင်လည်း ကူညီပေးပါ့မယ်။ အကယ်၍ ဒါက မထိုက်တန်သေးဘူးလို့ အစ်ကိုတော် ခံစားရရင်လည်း ထပ်ပြီး ညှိနှိုင်းလို့ရပါတယ်"
စုန်ယန်က စူးစမ်းလိုစိတ်ဖြင့် "ဒါက ဘာကြီးလဲ" ဟု မေးလိုက်သည်။
ဟွာလင်းလုံသည် ရွှေရောင်အလင်းတန်းကို စိုက်ကြည့်ရင်း "ဒါက ဘာလဲဆိုတာ သူမက ထုတ်မပြောသွားပါဘူး။ ဒါပေမဲ့ ကျွန်မ သူမနဲ့ အချိန်အတော်ကြာ ထိတွေ့ခဲ့ရတာဆိုတော့ ဒါ ဘာဖြစ်
နိုင်မလဲဆိုတာကို အနည်းအကျဉ်း ခန့်မှန်းလို့ရပါတယ်" ဟု ပြောကာ ခဏမျှ ရပ်ပြီးမှ "စိတ်ကူးအကြံတစ်ခုပါပဲ" ဟု ဆက်ပြောလိုက်သည်။
"စိတ်ကူးအကြံတစ်ခု ဟုတ်လား"
စုန်ယန်မှာ မှင်တက်သွားရသည်။
ဟွာလင်းလုံက "ဒါပေမဲ့ ဒီစိတ်ကူးအကြံဆိုတာက တစ်စုံတစ်ဦးရဲ့ ဆန္ဒအာရုံတွေ ကိန်းအောင်းနေတဲ့ အရာတစ်ခုပဲ။ ပြီးတော့ ဒီလျှို့ဝှက်နယ်မြေနဲ့လည်း တစ်သားတည်း ဆက်နွှယ်နေတယ်။ အကယ်၍ ကျွန်မသာ ဒီစိတ်ကူးအကြံကို ရရှိခဲ့မယ်ဆိုရင်... သတင်းအချက်အလက်တွေ အများကြီးကို သိလာရလိမ့်မယ်။ အဲဒီအချိန်ကျရင် အဲဒီသတင်းတွေအားလုံးကို အစ်ကိုတော့်ကို ပြောပြမှာဖြစ်သလို ကျွန်မရလာတဲ့ စွမ်းအားတွေနဲ့လည်း အစ်ကိုတော် ဒီနယ်မြေထဲမှာ အကျိုးအမြတ်တွေရအောင် ကူညီပေးမှာပါ"
စုန်ယန်က "မင်းက... ငါက..." ဟု စကားစစဉ်မှာပင်...
ဟွာလင်းလုံက ပြုံးလိုက်ပြီး "အကယ်၍ အစ်ကိုတော်က ကျွန်မနဲ့အတူ အိုမင်းရင့်ရော်တဲ့အထိ အတူတူနေမယ်။ ငှက်နှစ်ကောင်လို အတူတူ ပျံသန်းမယ်လို့ ပြောမယ်ဆိုရင်လည်း ကျွန်မ အစ်ကိုတော့်နောက်ကို လိုက်ခဲ့ပါ့မယ်။ မြင်းဖြူတစ်စီးပေါ်မှာ အတူစီးပြီး သိုင်းလောကအနှံ့ လှည့်လည်ရင်း အစ်ကိုတော့်စကားကိုပဲ နားထောင်မယ့် ဇနီးကောင်းတစ်ယောက်အနေနဲ့ သားသမီးတွေမွေးပြီး အတူတူ နေထိုင်သွားမှာပါ" ဟု ပြောလိုက်သည်။
စုန်ယန်က သက်ပြင်းတစ်ချက်ချရင်း ပြောလိုက်သည်။
"ငါ့ဆီမှာ ဒုက္ခတွေက အရမ်းများလွန်းတယ်။ ငါ့နောက်ကို လိုက်လာတာက မင်းအတွက် ကောင်းတဲ့အရာ ဖြစ်ချင်မှဖြစ်မှာပါ။ အရင်တုန်းကလည်း ငါမနည်းလွတ်အောင် ပြေးခဲ့ရပြီး ငါ့ဘေးနားကလူတွေကို အလျင်စလိုပဲ နေရာချပေးခဲ့ရတယ်။ အခုဆို သူတို့ အသက်ရှင်နေသေးလား ဘာတွေဖြစ်နေပြီလဲဆိုတာတောင် ငါမသိရဘူး။ အခုဆိုရင်... ငါ့ဆီမှာ ပိုပြီးကြီးမားတဲ့ ဒုက္ခတွေတောင် ရှိလာနိုင်တယ်"
ဟွာလင်းလုံသည် အံ့ဩသွားပုံမရပေ။ သူမသည် လက်ကလေးနှစ်ဖက်ကို ယှက်ကာ မျက်နှာကိုအသာအယာမော့ပြီး အနက်ရောင်လှိုင်းလုံးကြီးများ ဝါးမြိုထားသည့် တောင်ထိပ်များကို ကြည့်ကာ တိုးညှင်းစွာ ပြောလိုက်သည်။
"ကျွန်မအဖေ ဆုံးပါးသွားတုန်းက ကျွန်မ လမ်းပျောက်ခဲ့ရဖူးတယ်။ ဝိညာဉ်စိမ်းဝတ်ရုံမျှော်စင် ရဲ့ ရန်သူအင်အားစုတွေ၊ နောက်ဆုံး ဖခင်ရဲ့ လက်အောက်ငယ်သားတွေကတောင် ကျွန်မကို သူတို့စိတ်ကြိုက် ကစားစရာတစ်ခုလို လုပ်ပစ်နိုင်ခဲ့ကြတာ...
ကျွန်မ အမှောင်ထဲမှာ တစ်ယောက်တည်း အကြာကြီး ငိုခဲ့ရတယ်။ အိပ်မပျော်နိုင်တဲ့ ညပေါင်းများစွာမှာ ပုလွေတစ်ပုဒ်တည်းကိုပဲ ထပ်ခါတလဲလဲ မှုတ်နေခဲ့မိတယ်။ အဲဒီနောက်မှာတော့ ကိုယ့်ကိုယ်ကိုယ် ရက်စက်တတ်ဖို့ သင်ယူခဲ့ရတယ်။
အဲဒီနောက်မှာတော့ နည်းလမ်းပေါင်းစုံကို သုံးခဲ့ရတယ်။ လက်တွေ သွေးစွန်းခဲ့ရတယ်။ နောက်ဆုံးမှာ အဖေ့ရဲ့ အင်အားစုတွေကို ထိန်းချုပ်နိုင်ခဲ့ပေမဲ့ အခြေအနေတွေက တိုးတက်မလာခဲ့ဘူး။ ကျွန်မက ဝိညာဉ်စိမ်းဝတ်ရုံမျှော်စင်ရဲ့ သခင်မဖြစ်လာရတယ်။ နတ်ဘုရားတိမ်တိုက်မြို့တော်ကို စုစည်းဖို့အတွက် တိုက်ပွဲဝင်ရတယ်။
သိုင်းလောကဆိုတာ ရေဆန်ကို အမြဲကူးနေရသလိုပဲ။ အကယ်၍ အားစိုက်ပြီး ရှေ့မတက်နိုင်ဘူးဆိုရင်... ရေဝဲကြီးထဲကို ကျဆင်းသွားပြီး ထာဝရ ပျောက်ကွယ်သွားရုံပဲ ရှိတာလေ"
"ဒါပေမဲ့ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို ရောက်ဖို့ဆိုတာက မသေချာဘူး။ ဝါးတစ်ပင်ဂိုဏ်းနဲ့ တိုက်ပွဲဖြစ်တုန်းက ကျွန်မတို့ဆီမှာ သစ္စာဖောက်တစ်ယောက်ရှိခဲ့တယ်။ ကျွန်မ သေရတော့မယ်လို့ ထင်ခဲ့ပေမဲ့ အဲဒီအချိန်မှာ လူတစ်ယောက် ရုတ်တရက် ပေါ်လာပြီး အရာအားလုံးကို ကျွန်မအတွက် ဖြေရှင်းပေးခဲ့တယ်။
ကျွန်မကတော့ ကြောက်တတ်တဲ့ အကျင့်အတိုင်း သူ့ကို ထိန်းချုပ်ဖို့ ဆေးတွေသုံးခဲ့ပေမဲ့ သူက ကျွန်မကို တမ်းတမူးယစ်ဆေးတွေ ပြန်ကျွေးခဲ့တယ်။ ဒါပေမဲ့ အဲဒီလူက ထူးဆန်းတယ်... သူ ကျွန်မကို အခွင့်ကောင်းမယူခဲ့ဘူး။ ဘာတစ်ခုမှလည်း အတင်းအကျပ် မခိုင်းခဲ့ဘူး။ အဲဒီအစား ကျွန်မဖြစ်ချင်တာတွေကို ကူညီပေးခဲ့တယ်။ ကျွန်မရဲ့ မငြိမ်မသက်ဖြစ်ပြီး ကြောက်လန့်နေတဲ့ နှလုံးသားက သူ့ကြောင့်ပဲ ငြိမ်းချမ်းမှု ရခဲ့ရတာ"
သူမသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး မျက်လုံးကိုမှိတ်ကာ ချိုသာစွာ ပြုံးလိုက်သည်။ လှပသော အတိတ်ကာလများကို ပြန်လည်အမှတ်ရနေပုံပင်။
"နတ်ဘုရားတိမ်တိုက်မြို့တော်ကို စုစည်းနိုင်ခဲ့တဲ့နေ့၊ ရှူးဘုရင် ကိုယ်တိုင် လာရောက်ဂုဏ်ပြုတဲ့နေ့မှာပဲ ကျွန်မရဲ့ ကိုယ်ခန္ဓာကို သူ့ဆီ ပုံအပ်ခဲ့တယ်။ သူက... ကျွန်မရဲ့ ခင်ပွန်းပါပဲ။
အဲဒီနောက်မှာတော့ သူ ထွက်သွားခဲ့တယ်။ သူ ပြန်လာမှာမဟုတ်ဘူးဆိုတာ ကျွန်မ သိပါတယ်။ သူက ကျင့်ကြံသူတစ်ယောက် သူလျှောက်တဲ့လမ်းနဲ့ သာမန်လူတစ်ယောက်ရဲ့လမ်းက ဘယ်တော့မှ ထပ်တူကျမှာ မဟုတ်ဘူးလေ။
နောက်ပိုင်းမှာ ကျွန်မ မြွေအလောင်းဈေးကို သွားခဲ့တယ်။ မိစ္ဆာရွှံ့နွံလျှို့ဝှက်နယ်မြေထဲကို ဝင်ရဲခဲ့တယ်။ အဲဒီမှာ သူတို့ခေါ်တဲ့ ထူးကဲအမြစ်ကို ရခဲ့သလို... ဒီပိုးကျင့်ကြံသူနဲ့လည်း ဆုံခဲ့တယ်။ အဲ့လိုနဲ့ သူမက ကျွန်မရဲ့ ဆရာဖြစ်လာခဲ့တာ။
ဆရာမက ကျွန်မရဲ့ ထူးကဲအမြစ်က သူမမြင်ဖူးသမျှထဲမှာ အကောင်းဆုံးပဲလို့ ပြောတယ်။ ကျွန်မက ကြီးမြတ်တဲ့ ပိုးကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်တဲ့။ ကျွန်မရဲ့ ထူးကဲအမြစ်မှာ ပြဿနာတစ်ခုရှိနေတယ်ဆိုတာ သိပေမဲ့ ကျွန်မ မကြောက်ခဲ့ဘူး။ အဲဒီအစား ကျွန်မ သိပ်ပျော်ခဲ့မိတယ်"
ဟွာလင်းလုံသည် မျက်လုံးများကို ဖြည်းဖြည်းချင်းဖွင့်ကာ စုန်ယန်ကို လေးနက်စွာ စိုက်ကြည့်
လိုက်ပြီး "အဖေလည်း မရှိတော့ဘူး။ ခင်ပွန်းလည်း ထွက်သွားပြီ... အခုဆို ကျွန်မကလည်း ကျင့်ကြံသူတစ်ယောက်ရဲ့ လမ်းပေါ်မှာ ရှိနေပါပြီ။
လောကီဒုက္ခတွေကြားမှာ အတူတူရှိနေမယ့်အစား သိုင်းလောကရဲ့ တစ်ဖက်တစ်ချက်စီမှာ တစ်ဦးကိုတစ်ဦး မေ့ဖျောက်ထားလိုက်တာက ပိုကောင်းပါလိမ့်မယ်။
အစ်ကိုစုန့်... ပထမဆုံးအကြိမ် ဆုံတွေ့ရတာ ဝမ်းသာပါတယ်။ ကျွန်မကတော့... သခင်မလေးလင်းပါပဲ"
စုန်ယန်သည် ပုပ်သိုးဆွေးမြည့်နေသော လူမျက်နှာနှင့် ပိုးကောင်အလောင်းကို တစ်ချက်
ကြည့်လိုက်ပြီး မေးလိုက်သည်။
"မင်း တကယ်ပဲ ဆုံးဖြတ်ပြီးပြီလား"
ဟွာလုံလင်က အသာအယာပြုံးကာ "ဒီလမ်းက ပစ်လိုက်တဲ့ မြှားတစ်စင်းလိုပါပဲ။ နောက်ပြန်လှည့်လို့ မရတော့ဘူး။ အသက်ရှင်ခြင်းနဲ့ သေဆုံးခြင်းက ကံကြမ္မာအတိုင်းပါပဲ။ အကယ်၍ ကျွန်မ အစွမ်းကုန် ကြိုးစားပြီးမှ သေရမယ်ဆိုရင်တောင်... ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး" ဟု ပြောလိုက်သည်။
အခန်း။ ၁၀၆
အတန်ကြာပြီးနောက် ဖယောင်းတိုင်နယ်မြေ၊ လျှို့ဝှက်နယ်မြေအတွင်း။
ဟွာလင်းလုံသည် တင်ပျဉ်ခွေထိုင်နေပြီး ပိုးစုန်းကြူးကလေးသဖွယ် သေးငယ်သော ရွှေရောင်အလင်းတန်းလေးမှာ သူမ၏ ဝမ်းဗိုက်အတွင်းသို့ ကျရောက်သွားသည်။ ထိုအလင်းမှာ အလွန်တောက်ပလှသဖြင့် ဟွာလင်းလုံ၏ ခန္ဓာကိုယ်မှာ လူသားအရေပြားဖြင့် ပြုလုပ်ထားသော မီးအိမ်တစ်ခုအလား လင်းထိန်နေတော့၏။
ထိုအလင်းသည် အထက်သို့ တရွေ့ရွေ့ တက်လာပြီး နှလုံးသားတည်ရှိရာ အရပ်ဆီသို့ ပျံ့နှံ့သွားသည်။ သို့သော် တစ်လက်မခန့်သာ တက်လှမ်းရသေးမီမှာပင် ရွှေရောင်အလင်းတန်းမှာ လုံးဝ ပျောက်ကွယ်သွားတော့သည်။ အနည်းဆုံးတော့ အပြင်ဘက်မှ ကြည့်နေသော စုန်ယန်အတွက်မူ ၎င်းကို မြင်တွေ့ရခြင်း မရှိတော့ချေ။
ဤသည်မှာ ပိုးကျင့်ကြံသူချန်ထားရစ်ခဲ့သော ထူးဆန်းသည့် အမွေအနှစ်ကို ဟွာလင်းလုံက အောင်မြင်စွာ စုပ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပြသနေသည်။
ထိုအခိုက်အတန့်မှာပင် စုန်ယန်သည် အံ့ဩဖွယ်ရာ တစ်ခုကို သတိပြုမိလိုက်သည်။ သူ့ကို မရပ်မနား တိုက်ခိုက်နေကြသော ညဖယောင်းတိုင် ဝိညာဉ်ပိုးများမှာ ရုတ်တရက်ပင် ရပ်တန့်သွားကြ၏။ ကောင်းကင်ယံအထက်တွင် ရေလှိုင်းကြီးများအလား စုရုံးနေသော ပိုးကောင်အုပ်ကြီးမှာလည်း ဖြည်းညှင်းစွာ ပြန်လည် ဆုတ်ခွာသွားကြသည်။ ဟွာလင်းလုံသည် ဤနေရာအပေါ်တွင် ကြီးမားသော ထိန်းချုပ်မှုစွမ်းအား ရရှိသွားပြီဖြစ်ကြောင်း ထင်ရှားလှသည်။
ပိုးကောင်လှိုင်းများ ဆုတ်ခွာသွားသည့်အခါ လရောင်မှာ ကောင်းကင်ယံမှ ဖြာကျလာပြီး သူတို့နှစ်ဦးရှိရာသို့ ဖုံးလွှမ်းသွားတော့သည်။
စုန်ယန်သည် ဟွာလင်းလုံကို တစ်ချက်လှမ်းကြည့်လိုက်ရာ သူမမှာ မျက်လုံးများကို မှိတ်ထားဆဲဖြစ်ပြီး စုပ်ယူရရှိထားသည်များကို ပြန်လည်ထိန်းညှိနေပုံပင်။
ထို့ကြောင့် သူသည်လည်း ထူးကဲကျောက်ပွင့်ကို ဆုပ်ကိုင်ကာ အနီးနားရှိ တောင်ကုန်းတစ်ခုပေါ်သို့ ခုန်တက်လိုက်ပြီး တင်ပျဉ်ခွေထိုင်ကာ သူ၏ကုန်ခမ်းသွားသော ထူးကဲချီများကို အလျင်အမြန်ပင် ပြန်လည်ဖြည့်တင်းနေလိုက်တော့သည်။
...
...
"ထွက်ပေါက်... ထွက်ပေါက်..."
"ဒါက... အမြင်မှားတာလား"
အဝေးတစ်နေရာတွင်မူ သေလုမျောပါးဖြစ်နေသော တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးနှင့် သွေးမရှိတော့သလို ဖြူဖျော့နေသော သိုင်းသမားနှစ်ဦးမှာ ရွှံ့ဗွက်တောထဲတွင် မှောက်ရက်လဲနေကြသည်။ သူတို့ပတ်ဝန်းကျင်ရှိ ရွှံ့နွံများထဲတွင် ပျက်စီးနေသော ထူးကဲလက်နက်အပိုင်းအစများစွာ ပြန့်ကျဲနေ၏။ သူတို့၏ရှေ့တွင်မူ ကြည်လင်သော လှိုင်းတွန့်ကလေးများသဖွယ် အရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။
ထိုလှိုင်းတွန့်များ၏ အပြင်ဘက်တွင်မူ လွင်ပြင်ကျယ်ကြီးတစ်ခု ရှိနေသည်။ ထိုလွင်ပြင်မှာ ချောင်လီခရိုင်၏ ပြင်ပအရပ်ဖြစ်ကြောင်း သူတို့ မှတ်မိလိုက်ကြသည်။
"ထွက်ပေါက်..."
တစ်ကိုယ်တော်ကျင့်ကြံသူမှာ အသက်ကို လုရှူရင်း လက်ကိုမြှောက်ကာ ရွှံ့နွံများထဲသို့ လက်ချောင်းများ နစ်ဝင်သည်အထိ အားပြု၍ သူ၏လေးလံလှသော ခန္ဓာကိုယ်ကို ရှေ့သို့ တရွေ့ရွေ့ ဆွဲခေါ်သွားသည်။
သူတို့သည် ပိုးကောင်လှိုင်းများ၏ ဘေးအစွန်းတိုက်ခိုက်မှုကိုသာ ခံခဲ့ရသော်လည်း ဂူတစ်ခုအတွင်း ပုန်းအောင်းခဲ့သော်လည်း သူတို့၏ ဝှက်ဖဲအားလုံးကို ထုတ်သုံးခဲ့သော်လည်း ယခုအခါတွင် သုံးဦးသာ အသက်ရှင်ကျန်ရစ်တော့သည်။ ကျန်ရှိနေသောသူများမှာမူ မျက်နှာများ ဖြူရော်တင်းမာလျက် မြေပြင်ပေါ်တွင် ထူးဆန်းစွာ လဲလျောင်းနေကြ၏။ သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်စုံတစ်ရာမျှ မရှိချေ။
ထိုကျင့်ကြံသူမှာ သူတို့ ဘယ်လိုသေသွားကြသလဲဆိုတာကိုပင် မသိလိုက်ရပေ။ ယခုအခါ ထွက်ပေါက်ကို မြင်လိုက်ရသဖြင့် ၎င်းမှာ အမြင်မှားခြင်း ဖြစ်နိုင်သော်လည်း သူ သေချာပေါက် ကြိုးစားကြည့်ရမည်ဖြစ်သည်။
သို့သော် သူ ထွက်ပေါက်သို့ ရောက်ခါနီးအချိန်မှာပင် သူ၏ကျောပြင်တွင် အေးစက်စက် အာရုံတစ်ခုကို ခံစားလိုက်ရပြီးနောက် စူးရှသော နာကျင်မှုက နောက်ဆက်တွဲ ပါလာတော့သည်။ သူ ခေါင်းကို လှည့်ကြည့်လိုက်သည့်အခါတွင်မူ သူ့ကို ရက်စက်စွာ စိုက်ကြည့်နေသော မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။
သူ၏အကြည့်နှင့် ဆုံသွားသောအခါ ထိုမျက်နှာပိုင်ရှင်သည် အလွန်အမင်း ထိတ်လန့်နေပုံရသည်။ သို့သော် ထိုထိတ်လန့်မှုမှာ မကြာမီမှာပင် ရူးသွပ်သော ဒေါသအဖြစ်သို့ ပြောင်းလဲသွားတော့၏။
"သေစမ်း... သေစမ်း... သေလိုက်စမ်း"
အစောင့်အရှောက်တူသည် ပျက်စီးသွားသော ထူးကဲလက်နက် ဓားအပိုင်းအစများကို ဆုပ်ကိုင်ကာ အော်ဟစ်ငိုယိုရင်း ထိုတစ်ကိုယ်တော်ကျင့်ကြံသူ၏ ခန္ဓာကိုယ်ထဲသို့ မရပ်မနား ထိုးနှက်တော့သည်။ သာမန်အချိန်မျိုးတွင်မူ အစောင့်အရှောက်တူသည် ဤကျင့်ကြံသူကို ယှဉ်နိုင်စွမ်းမရှိသော်လည်း ယခုအခါတွင်မူ တစ်ချက်ချင်းစီ ထိုးနှက်ခံရတိုင်း ကျင့်ကြံသူမှာ တဖြည်းဖြည်း အသိစိတ်လွတ်လာတော့သည်။
အစောင့်အရှောက်တူသည် ထိုသူ၏ ကျောရိုးနှင့် ဦးခေါင်းခွံများပါ ပွင့်ထွက်သွားသည်အထိ အတင်းအဓမ္မ ထိုးနှက်ပြီးမှ ဓားကိုပစ်ချကာ အသက်ကို ပြင်းပြင်းရှူလိုက်တော့သည်။ သူသည် တံတွေးကို ခက်ခဲစွာ မျိုချရင်း မျက်နှာပေါ်ရှိ ရွှံ့များ၊ မျက်ရည်များနှင့် နှပ်များကို ဝတ်ရုံစဖြင့် သုတ်လိုက်၏။ ထို့နောက် မြေပြင်ပေါ်ရှိ ဆေးပုလင်းတစ်လုံးကို အမြန်ကောက်ယူကာ ထွက်ပေါက်ဆီသို့ ဦးတည်ပြေးတော့သည်။
အကယ်၍ ဤတစ်ကိုယ်တော်ကျင့်ကြံသူများသာ မရှိခဲ့လျှင် သူ၏ ညီအစ်ကိုများ သေဆုံးရမည်မဟုတ်ပေ။
အထူးသဖြင့် ညီအစ်ကိုလီ…
ညီအစ်ကိုလီ... မင်း တကယ်ပဲ သနားစရာကောင်းအောင် သေဆုံးသွားရရှာတယ်။ အစ်ကိုကြီးတူ... အစ်ကိုကြီးတူက မင်းကို အသက်တစ်ချောင်း အကြွေးတင်သွားပြီကွာ။
အစောင့်အရှောက်တူသည် လဲကျမတတ် လမ်းလျှောက်ရင်း ထွက်ပေါက်တံခါးဆီသို့ ရောက်သည့်အခါ လှိုင်းတွန့်စက်ဝန်းထဲသို့ အားကုန်ခုန်ဝင်လိုက်ရာ မြက်ခင်းပြင်တစ်ခုပေါ်သို့ ကျရောက်သွားတော့သည်။ ထိုနေရာမှာ ရွှံ့နွံများရှိနေဆဲ ဖြစ်သော်လည်း ထူးဆန်းသော လျှို့ဝှက်နယ်မြေနှင့်မူ လုံးဝ ကွာခြားလှသည်။
အစောင့်အရှောက်တူသည် ခက်ခဲစွာပင် ပက်လက်လှန်လိုက်ပြီး ကောင်းကင်ယံကို ကြည့်နေမိသည်။ သို့သော် အတော်ကြာ စောင့်ကြည့်နေသော်လည်း ကျန်ရှိနေသော ညီအစ်ကိုများ ထွက်ပေါ်မလာတော့ချေ။ သူ နောက်တစ်ကြိမ် လှည့်ကြည့်လိုက်သည့်အခါတွင်မူ လျှို့ဝှက်နယ်မြေ၏ တံခါးမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
အစောင့်အရှောက်တူသည် လက်ထဲမှ ဆေးပုလင်းကို တင်းတင်းဆုပ်ကိုင်ကာ အချိန်အတော်ကြာ တိတ်ဆိတ်နေမိသည်။ အတူတူ သောက်စားပျော်ပါးခဲ့ကြသည့် နေ့ရက်များကို ပြန်လည်အမှတ်ရမိသည့်အခါ သူ၏ ပါးပြင်ပေါ်သို့ မျက်ရည်များ ထိန်းမနိုင်ဘဲ စီးကျလာတော့သည်။
...
...
နံနက်ခင်း၏ အလင်းရောင်မှာ ဖယောင်းတိုင်နယ်မြေ၏ အေးစက်မှုကို မောင်းထုတ်လိုက်ပြီး ဝိညာဉ်ပိုးကောင်များမှာလည်း အရိပ်များထဲသို့ ပြန်လည်ဝင်ရောက်သွားကြပြီ ဖြစ်သည်။ လတ်ဆတ်သော နံနက်ခင်းလေပြေမှာ ချိုင့်ဝှမ်းအတွင်း တိုက်ခတ်လာပြီး တောအုပ်တစ်ခုလုံးကို လန်းဆန်းသွားစေသည်။
စုန်ယန်သည် ဟွာလင်းလုံကို ငုံ့ကြည့်လိုက်သည်။ သူမသည် နိုးထလာခြင်း မရှိသေးဘဲ သူမခေါ်သည့် စိတ်ကူးအကြံဆိုသော ရွှေရောင်အလင်းကို ဆက်လက်ထိန်းညှိနေဆဲပင်။ သူသည် မျက်မှောင်ကို အနည်းငယ်ကြုတ်လိုက်သော်လည်း သူ၏ ကုန်ခမ်းသွားသော စွမ်းအင်များ ပြန်လည်ပြည့်ဝသွားသည်ကို ခံစားမိသည့်အတွက် မတ်တပ်ရပ်လိုက်ကာ စိတ်ထဲမှ မေးမြန်းလိုက်သည်။
"ဒီလို အခြေအနေမျိုး မင်း မြင်ဖူးလား"
မြေခွေးအဘွားအိုက ပြန်ဖြေလိုက်သည်။
"ကျွန်မလည်း မမြင်ဖူးပါဘူး ဒါပေမဲ့ စိတ်ကူးအကြံအကြောင်း ပြောမယ်ဆိုရင်တော့ ဒါကခရမ်းရောင်နန်းဆောင်အဆင့်က ပုဂ္ဂိုလ်ကြီးတွေနဲ့ပဲ သက်ဆိုင်လိမ့်မယ် ထင်တယ်"
"ခရမ်းရောင်နန်းဆောင်..."
"ထူးကဲချီတွေက ခန္ဓာကိုယ်အတွင်း လည်ပတ်စီးဆင်းပြီး လူသားတစ်ယောက်ရဲ့ အကန့်အသတ်ကို ရောက်အောင် အသွေးအသားတွေကို ပြောင်းလဲပေးတယ်။ အဲဒီနောက်မှာ ဒန်တျန်ကို တည်ဆောက်တယ်။ ဒါကို ထူးကဲချီသန့်စင်ခြင်းလို့ ခေါ်ပါတယ်။
အပြင်ပန်းပစ္စည်းတွေရဲ့ စွမ်းအားကို အသုံးပြုပြီး နှလုံးသားဆီမှာ သွေးတွေကို စုစည်းစေတယ်။ သက်ရှိရဲ့ အဆင့်အတန်းကို မြှင့်တင်ပေးတယ်။ ဒါက ကြက်သွေးရောင်နန်းဆောင်ပါ။
ခရမ်းရောင်နန်းဆောင်ကတော့ ကြက်သွေးရောင်နန်းဆောင်အဆင့်ထက် ပိုမိုမြင့်မားတဲ့ အဆင့်ပါ။ မြင့်မားတဲ့ သက်ရှိအဆင့်အတန်းကို ရရှိသွားတဲ့အခါ ဝိညာဉ်ရေးရာ မြင့်တင်မှုတွေကို ပြုလုပ်နိုင်ပြီး ခန္ဓာကိုယ်သစ်ဆိုတဲ့ မြေဆီလွှာပေါ်မှာ နတ်ဘုရားဝိညာဉ်မျိုးစေ့ တစ်ခုကို ပွင့်လန်းစေတာမျိုးပဲ။
ဒါပေမဲ့... အကယ်၍ သက်ရှိရဲ့ အခြေခံအဆင့်က နည်းနည်းလေးတောင် အားနည်းနေမယ်ဆိုရင် ခရမ်းရောင်နန်းဆောင်အဆင့်ကို ဘယ်တော့မှ တက်လှမ်းနိုင်မှာ မဟုတ်ဘူး။ နန်ဝူဓားဂိုဏ်းနဲ့ ရုပ်သေးဂိုဏ်းထဲက ကျင့်ကြံသူ အတော်များများက ကြက်သွေးရောင်နန်းဆောင်ဆေးလုံး ဖော်စပ်တဲ့ နည်းစနစ်တွေကြောင့် ထူးကဲချီသန့်စင်ခြင်းအဆင့်ရှိတဲ့ မိစ္ဆာသွေးတွေကိုပဲ စုပ်ယူပြီး တည်ငြိမ်မှုကို ရှာဖွေနေကြရတာ…"
"ဒါကြောင့် နန်းဆောင်ကိုးခုစလုံး ပြည့်စုံသွားရင်တောင် ဒါက အတုအယောင် နန်းဆောင်ကိုးခုပဲ ဖြစ်လိမ့်မယ်... ဘာလို့လဲဆိုတော့ ကြက်သွေးရောင်နန်းဆောင်အဆင့်က သူတို့ တက်လှမ်းနိုင်တဲ့ အမြင့်ဆုံး အကန့်အသတ် ဖြစ်နေလို့ပဲ"
စုန်ယန်သည် ဟွာလင်းလုံကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် မေးမြန်းလိုက်သည်။
"တခြားတစ်ယောက်ရဲ့ စိတ်ကူးအကြံကို စုပ်ယူလိုက်တာ အထူးသဖြင့် ခရမ်းရောင်နန်းဆောင်အဆင့် ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ စိတ်ကူးဖြစ်နိုင်တာမျိုးဆိုရင်... သူမက သူမကိုယ်တိုင် ဖြစ်နေပါဦးမလား"
မြေခွေးအဘွားအိုက ပြန်ဖြေလိုက်သည်။
"ကျွန်မအထင်တော့ ဒါက လူတစ်ယောက်က ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုကို ကြုံတွေ့ရပြီး သူ့ရဲ့ပင်ကိုယ်စရိုက်က ပိုပြီးလိုက်လျောညီထွေ ဖြစ်သွားတာမျိုးနဲ့ ဆင်တူပါလိမ့်မယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်ခဲ့ရင်တောင် ဒါက ခေတ္တခဏပါပဲ။ အနာဂတ်မှာ သူမရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ အတွေးအခေါ်တွေ ပိုပြီးသန်မာလာရင် ဒါတွေက ထပ်ပြီး ပြောင်းလဲသွားဦးမှာပါ။ သူမက သူမကိုယ်တိုင် မဟုတ်တော့ဘူးလို့ ဘယ်လိုပြောလို့ ရပါ့မလဲ"
စုန်ယန်သည် ဤအချက်ကို နက်နက်ရှိုင်းရှိုင်း နားလည်ထားသည်။ လူသားတို့၏ အတွေးဟူသည်မှာ တစ်ခဏအတွင်း ပြောင်းလဲနိုင်သည်။ အတွေးတစ်ခု၌ မိတ်ဆွေဖြစ်နေသော်လည်း နောက်အတွေးတစ်ခုတွင် ရန်သူ ဖြစ်သွားနိုင်သည်။ ဆရာရှီက သူ့ကို အဖိုးတန်သော သင်ခန်းစာတစ်ခု ပေးခဲ့ခြင်းပင်။
သူသည် လူသားတို့၏ ပင်ကိုယ်ဗီဇအပေါ်တွင် မည်သည့်အခါမျှ လောင်းကြေးထပ်မည်မဟုတ်ပေ။
ယခုအချိန်တွင် သူသည် ဟွာလင်းလုံကို ရန်ပြုမည်မဟုတ်သည်မှာ သေချာသော်လည်း သူမကို အကြွင်းမဲ့ ယုံကြည်ရန်မှာမူ ခက်ခဲလှသည်။
ဟွာလင်းလုံကိုယ်တိုင်လည်း အစောပိုင်းက ပြောခဲ့ဖူးသည်။
ပထမဆုံးအကြိမ် ဆုံတွေ့ရတာပါ ကျွန်မကတော့ သခင်မလေးလင်းပါလို့ သူမပြောတာပဲလေ။
ထို့ကြောင့် စုန်ယန်သည် သခင်မလေးလင်းကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်ပြီးနောက် စကားတစ်ခွန်းမျှ မဆိုဘဲ လျှို့ဝှက်နယ်မြေ၏ နက်ရှိုင်းရာအရပ်ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားတော့သည်။ သူ၏ ရည်ရွယ်ချက်မှာ သွေးကန်ကို ကိုယ်တိုင်ရှာဖွေပြီး အနှစ်သာရသွေးကို ရယူကာ ဤနေရာမှ အမြန်ဆုံး ထွက်ခွါသွားရန်ပင်။
ဤသို့ ရှာဖွေခြင်းမှာ တစ်နေ့လုံး ကြာမြင့်ခဲ့သော်လည်း ဤလျှို့ဝှက်နယ်မြေမှာ ထူးဆန်းစွာပင် ကျယ်ပြောလွန်းလှသည်။ အကယ်၍ သွေးကန်သည် မြေအောက်တစ်နေရာရာတွင် ဖုံးကွယ်နေပါက စုန်ယန်အနေဖြင့် ရှာတွေ့ရန်မှာ လုံးဝ မလွယ်ကူပေ။
နေဝင်ရီတရောအချိန် ရောက်လာသည့်အခါ စုန်ယန်မှာ ဝေခွဲမရ ဖြစ်လာတော့သည်။ သူသည် ဤလျှို့ဝှက်နယ်မြေထဲတွင် ဆက်နေသင့်သလား သို့မဟုတ် ခေတ္တ ပြန်ထွက်သွားသင့်သလား။
ထိုစဉ်မှာပင် သူ၏နောက်ကွယ်မှ ထင်ထင်ရှားရှား လှုပ်ရှားသံများကို ကြားလိုက်ရသဖြင့် ခေါင်းကိုအသာအယာ လှည့်ကြည့်လိုက်ရာ ဝိညာဉ်မျက်နှာဖုံးစွပ်ထားသော ထူးကဲဝတ်ရုံနှင့် လူရိပ်တစ်ခုမှာ လေထဲတွင် ဝဲပျံလျက် အနားသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။ ထိုဝိညာဉ်မျက်နှာဖုံးနောက်ကွယ်မှ မျက်လုံးများက အနည်းငယ် တောင့်တင်းပြီး အသက်မဲ့နေပုံပင်။
"အစ်ကိုစုန့်... ကျွန်မ ပေးထားတဲ့ ကတိအတိုင်း တည်ပါ့မယ်။ ကျေးဇူးပြုပြီး ကျွန်မနောက်ကို လိုက်ခဲ့ပါ"
သခင်မလေးလင်း၏ အမူအရာမှာ ပြောင်းလဲသွားသလို သူမ၏ အသံမှာလည်း ပိုမိုအေးစက်သွားခဲ့ပြီဖြစ်သည်။ စုန်ယန်၏ မျက်နှာမှာ အနည်းငယ် တင်းမာသွားပြီး သူ၏ အရိပ်ရုပ်သေးဆယ်ခုကို တိတ်တဆိတ် အဆင်သင့် ပြင်ထားလိုက်သည်။
ယခုအခါ သူသည် ကြက်သွေးရောင်နန်းဆောင် အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း နန်းဆောင်ကိုးခုအနက် သွေးတစ်မျိုးတည်းကိုသာ ရယူထားနိုင်သေးသည်။ ချန်ဝမ်ကျားသွေးမှာ ဝိညာဉ်လောက၌ အမြင့်မြတ်ဆုံး ဖြစ်သော်လည်း အခြားနေရာများတွင်မူ သာမန်မျှသာ ဖြစ်ပြီး ၎င်းက ပေးစွမ်းနိုင်သော စွမ်းရည်များမှာ ပြင်းထန်သော ဝိညာဉ်
ကာကွယ်ရေးစွမ်းအားနှင့် ချန်ဝမ်ဝိညာဉ်များကို ထိန်းချုပ်နိုင်စွမ်းသာ ဖြစ်သည်။ ၎င်းမှာ စုန်
ယန်၏ မှော်စနစ်ကို မြှင့်တင်ရန်အတွက်မူ လောလောဆယ်တွင် အထောက်အကူ နည်းပါးနေသေးသည်။
ထို့ကြောင့် စုန်ယန်၏ အပြင်းထန်ဆုံး တိုက်ခိုက်မှုမှာ ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာဖြစ်နေဆဲပင်။ သို့သော် မြေခွေးအဘွားအို၏ အရိပ်ရုပ်သေးကို ပေါင်းစပ်လိုက်သည့်အခါ ပုံသဏ္ဌာန်တစ်ရာ မိစ္ဆာခန္ဓာမှ ထွက်ပေါ်လာသော စွမ်းအားမှာလည်း သိသိသာသာ မြင့်တက်လာခဲ့ပြီ ဖြစ်သည်။
ဤသို့ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် စုန်ယန်သည် သခင်မလေးလင်း၏ နောက်သို့ လိုက်ပါသွားတော့သည်။ သူတို့နှစ်ဦးမှာ မှောင်ရီပျိုးစပြုနေသော တောင်တန်းများကြားတွင် အရှိန်အဟုန်ဖြင့် ဖြတ်သန်းနေကြ၏။ တောင်ရိပ်များမှာ ဧရာမ သတ္တဝါကြီးများအလား ထင်မှတ်ရပြီး မည်းမှောင်သော တိမ်တိုက်များက လမင်းကို ဖုံးလွှမ်းထားသည်။
အမှောင်ထုအတွင်းမှာပင် ပတ်ဝန်းကျင်အရပ်ရပ်မှ စတင်၍ တွန့်လိမ်လှုပ်ရှားလာကြပြီ ဖြစ်သည်။
သခင်မလေးလင်းက "အစ်ကိုစုန့်... ကျွန်မမှာ နောက်ထပ် မှတ်ဉာဏ်တွေ အများကြီး ရလာခဲ့တယ်။ အဲဒါတွေက ရှုပ်ထွေးနေတုန်းပဲ ဆိုပေမဲ့ အစ်ကိုတော့်အတွက် အသုံးဝင်မယ့် အချက်အလက်အချို့ကိုတော့ ကျွန်မ စုစည်းထားပြီးပါပြီ" ဟု ပြောလိုက်သည်။
စုန်ယန်က "ကျေးဇူးပြုပြီး ပြောပြပါဦး" ဟု ပြန်လည်ပြောကြားလိုက်သည်။
သခင်မလေးလင်းက "အစ်ကိုစုန့်အနေနဲ့ ဒီလျှို့ဝှက်နယ်မြေတွေရဲ့ အရင်းအမြစ်ကို ဇဝေဇဝါဖြစ်နေလိမ့်မယ်လို့ ကျွန်မ ထင်တယ်။
ကျွန်မရရှိထားတဲ့ မှတ်ဉာဏ်တွေအရဆိုရင် ဒီလျှို့ဝှက်နယ်မြေတွေကို ရှေးဟောင်းကျင့်ကြံသူတွေက အမည်မသိရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်ခဲ့ကြတာပါ။ နောက်ပိုင်းမှာတော့ ကျင့်ကြံသူတွေထဲက ခရမ်းရောင်နန်းဆောင် အဆင့် အင်အားကြီးပုဂ္ဂိုလ်တွေက ဒီနယ်မြေတွေကို အသုံးပြုပြီး မိစ္ဆာသားရဲတွေနဲ့ မိစ္ဆာပိုးကောင်တွေကို မွေးမြူခဲ့ကြတယ်။
ခရမ်းရောင်နန်းဆောင်အဆင့်ဆိုတာ ကြက်သွေးရောင်နန်းဆောင်အဆင့်ထက် ပိုမြင့်တဲ့အဆင့်ပါ။ အဲဒီပုဂ္ဂိုလ်ကြီးတွေက လျှို့ဝှက်နယ်မြေရဲ့ ပတ်ဝန်းကျင်ကို ပြုပြင်ပြောင်းလဲပြီး သူတို့ရဲ့ နတ်ဘုရားဝိညာဉ်တွေကို လျှို့ဝှက်မန္တန်တွေနဲ့ မိစ္ဆာသားရဲတွေ၊ ပိုးကောင်တွေထဲကို ထည့်သွင်းခဲ့ကြတယ်။ ဒါမှသာ နှစ်ပေါင်းထောင်ချီ ကြာမြင့်သွားရင်တောင် ဒီလျှို့ဝှက်နယ်မြေထဲက သတ္တဝါတွေက သူတို့ရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေမှာပဲ။
ဒါ့အပြင် သူတို့က ဒီလျှို့ဝှက်နယ်မြေတွေက ဝိညာဉ်အာရုံ အပေါ် အလွန်အမင်း တုံ့ပြန်မှုအားကောင်းတာကို တွေ့ရှိသွားပြီးနောက်မှာတော့ လျှို့ဝှက်နယ်မြေတစ်ခုလုံးကို လက်နက်တစ်ခုအဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။ သူတို့ရဲ့ စိတ်ကူးတစ်ခုတည်းနဲ့တင် လျှို့ဝှက်နယ်မြေကို အလိုရှိသလို ဖွင့်နိုင်ပိတ်နိုင်သလို ကိုယ်နဲ့မကွာ သယ်ဆောင်သွားလို့လည်း ရလာခဲ့တယ်။
တိုက်ပွဲတွေဖြစ်တဲ့အခါ သူတို့က လျှို့ဝှက်နယ်မြေကို ဖွင့်ပြီး မိစ္ဆာပိုးတွေ၊ သားရဲတွေကို လွှတ်ထုတ်ပြီးတော့ ရန်သူကို သတ်ဖြတ်နိုင်သလို၊ ရန်သူကို လျှို့ဝှက်နယ်မြေထဲ ရောက်သွားအောင်လည်း လှည့်စားနိုင်ကြတယ်။ အတိုချုပ်ပြောရရင်... လျှို့ဝှက်နယ်မြေဆိုတာ ခရမ်းရောင်နန်းဆောင်အဆင့် ကျင့်ကြံသူတွေအတွက် အရမ်းစွမ်းအားကြီးတဲ့ တိုက်စစ်နဲ့ ခံစစ်လက်နက်တစ်ခုပါပဲ"
"ကျွန်မ စုပ်ယူလိုက်တဲ့ ရွှေရောင်စိတ်ကူးအကြံဆိုတာကတော့ အဲဒီ ပိုးကျင့်ကြံသူ ခရမ်းရောင်နန်းဆောင်ပုဂ္ဂိုလ်ကြီး ချန်ထားရစ်ခဲ့တဲ့ အကြံအစည်တစ်ခုပါပဲ။
ကျွန်မက မိစ္ဆာရွှံ့နွံလျှို့ဝှက်နယ်မြေရဲ့ ထူးကဲအမြစ်ကနေ ဒီစိတ်ကူးကို ရယူခဲ့ပြီး ကျင့်ကြံခြင်းရဲ့ အခြေခံအဖြစ် အသုံးပြုခဲ့တာမို့လို့ ပုလဲအဘွားအိုချန်ထားတဲ့ အမွေအနှစ်တွေကို စုပ်ယူနိုင်ခဲ့တာပါ။ ဒီဖယောင်းတိုင်နယ်မြေကိုလည်း အရင်က အဲဒီပုဂ္ဂိုလ်ကြီးကပဲ ထိန်းချုပ်ခဲ့တာ။
ပုလဲအဘွားအိုက ကျွန်မကို ဒီနေရာကို ခေါ်လာရတာက ဒီလျှို့ဝှက်နယ်မြေ ပေါ်ထွက်လာတာကို သူမ သတိထားမိသွားလို့ပဲ။ သူမက ဒီနယ်မြေကို သိမ်းပိုက်ချင်နေတာဖြစ်သလို လမ်းကြုံအနေနဲ့ မိစ္ဆာပိုးတွေ အစာစားဖို့အတွက် ကျင့်ကြံသူအချို့ကိုလည်း ခေါ်လာခဲ့တာပါ။ ဒါပေမဲ့ အစ်ကိုတော် ဒီနေရာမှာ ရှိနေလိမ့်မယ်လို့တော့ သူမ တကယ့်ကို ထင်မထားခဲ့ဘူး"
စုန်ယန်သည် ဤသတင်းအချက်အလက်များကို ခေါင်းထဲ၌ စီစစ်နေမိသည်။ ပွင့်ပွင့်လင်းလင်း ပြောရလျှင် သူသည်လည်း ဤကဲ့သို့သော လျှို့ဝှက်နယ်မြေတစ်ခုကို ပိုင်ဆိုင်လိုသည့် စိတ်ကူးများ ပေါ်လာခဲ့သည်။ သို့သော် တခြားသူ၏ စိတ်ကူးအကြံကို စုပ်ယူပြီးမှ ထိန်းချုပ်ရမည်ဆိုပါက သူ့အတွက်မူ မဖြစ်နိုင်သော အရာပင်။
"သခင်မလေးလင်း... သူမက ကျွန်တော့်ကို တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော် ခေါ်သွားပြီး ဘာလုပ်ဖို့ ကြံရွယ်ထားလဲဆိုတာ မင်း သိလား"
သခင်မလေးလင်းက "ဒီစိတ်ကူးအကြံထဲမှာတော့ အဲဒီသတင်း မပါပါဘူး။ ဒါပေမဲ့ သူမနဲ့ အကြာကြီး အတူနေခဲ့ရတာဆိုတော့ ကျွန်မ အနည်းအကျဉ်းတော့ သိပါတယ်။ အစ်ကိုတော်က မြေခွေးအဘွားအိုဆီကနေ တစ်ခုခုကို ယူထားတယ်ဆိုတာ အခုဆို ကျင့်ကြံသူလောက တစ်ခုလုံးနီးပါး သိနေကြပြီ... ပုလဲအဘွားအိုက ကျွန်မကို အသုံးချပြီး အစ်ကိုတော့်ကို လိုက်ရှာခိုင်းနေတာလည်း အဲဒီအတွက် တစ်စိတ်တစ်ပိုင်း ပါပါတယ်။ ဒါပေမဲ့ တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်ကို ဘာလို့ခေါ်သွားချင်တာလဲ ဆိုတာကိုတော့ ကျွန်မ တကယ် မသိပါဘူး" ဟု ပြောလိုက်သည်။
သခင်မလေးလင်းသည် ဝိညာဉ်မျက်နှာဖုံး စွပ်ထားသဖြင့် သူမ၏ အမူအရာကို မမြင်ရသော်လည်း သူမမှာ အသည်းအသန် ပြန်လည်စဉ်းစားနေပုံပင်။ အတော်ကြာမှ သူမက ရုတ်တရက် ပြောလိုက်သည်။
"တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်... ပင်းဖုန်းတောင်တန်းက ခေါင်းနှစ်လုံးပါ ဗီလနပိုးကောင်မျိုးနွယ်စု... ပုလဲအဘွားအိုက အဲဒီမျိုးနွယ်စုနဲ့ ဆက်သွယ်မှုရှိပုံပဲ"
ခေါင်းနှစ်လုံးပါ ဗီလန်ပိုးကောင်လား။
စုန်ယန်သည် မြေခွေးအဘွားအိုကို သူ၏စိတ်ထဲမှ တိုက်ရိုက်မေးမြန်းလိုက်သည်။
"ဒါက ဘာမျိုးနွယ်လဲ"
မြေခွေးအဘွားအိုမှာ ခဏမျှ တိတ်ဆိတ်သွားသည်။ သူမ မည်မျှအထိ ထိတ်လန့်သွားသည်ကို စုန်ယန် ခံစားမိလိုက်၏။
အတော်ကြာမှ မြေခွေးအဘွားအိုက တုန်ရီနေသော အသံဖြင့် ပြောလိုက်သည်။
"သခင်ကြီး... အခြေအနေတွေက တကယ်ကို ဆိုးဝါးသွားပြီ... ဒါပေမဲ့ ဘာလို့ ဒီလိုဖြစ်နေရတာလဲ တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်မှာ ကျွန်မ မသိသေးတဲ့ ကိစ္စတွေအများကြီး ဖြစ်ပျက်နေတာ သေချာတယ်။
ခေါင်းနှစ်လုံးပါ ဗီလန်ပိုးကောင်ရဲ့ နာမည်အပြည့်အစုံက လူသားကိုစားတဲ့ ခေါင်းနှစ်လုံးပါ ဂုဏ်ယူပိုးကောင်တဲ့။ အဲဒီ ဂုဏ်ယူပိုးကောင်ဆိုတာ မိစ္ဆာပျားတွေအားလုံးရဲ့ နောက်ဆုံးပန်းတိုင်ပဲ။ ခေါင်းနှစ်လုံးပါတဲ့ အမျိုးအစားကတော့ သူတို့ထဲကမှ ထိပ်တန်းလူကုံထံတွေပေါ့။ သူတို့မျိုးနွယ်ထဲကို ဗီလန်သွေးဘယ်လို ရောက်သွားသလဲဆိုတာကတော့ အရမ်းကို နက်နဲလွန်းတယ်။ ကျွန်မတောင် ဘာမှန်းမသိဘူး...
ဒီမျိုးနွယ်စုက တောင်နှင့်ပင်လယ် မိစ္ဆာနိုင်ငံတော်ရဲ့ ထိပ်ဆုံးအဆင့်မှာ ရှိနေတဲ့ မျိုးနွယ်စုတစ်ခုပဲ။ ကျွန်မတို့လို အမြီးများတဲ့ မြေခွေးမျိုးနွယ်နဲ့ဆိုရင် အဆင့်ချင်း အများကြီးကွာသလို ဘာပတ်သက်မှုမှလည်း မရှိခဲ့ဘူး။ သူတို့က ဘာလို့ ကျွန်မတို့ကိစ္စတွေထဲ ဝင်ပါနေရတာလဲ..."