ချိုက်ချန်၏ ဇာတ်လမ်း
Vol. 13 Ch. 121
“ အကြောင်းအရင်းလား... ရှင်းရှင်းလေးပါ။ မင်းရဲ့နာမည်က ယဲ့ပေရွှမ် ဖြစ်နေလို့ပဲ “
ချူဖုန်း ပြုံးပြီး ပြောလိုက်သည်။ “ မဟာသူတော်စင် ပေရွှမ်ဆိုတဲ့ ဘွဲ့ဂုဏ်ပုဒ်က နားထောင်လို့ကောင်းတယ်မလား။ အဲဒီအပြင် တကယ်အရေးကြီးတာက မင်း ရှောင်ချန်းတို့ရဲ့ ဖိအားပေးတာကို ခံရတဲ့အချိန်မှာတောင် တည်တည်ငြိမ်ငြိမ် ရှိနေတာပဲ။ ဒီလို တည်ငြိမ်မှုမျိုးက သာမန်လူ တစ်ယောက် ပိုင်ဆိုင်တဲ့ အရာမျိုး မဟုတ်ဘူး “
ဤစကားကို ကြားလိုက်သည်နှင့် ယဲ့ပေရွှမ်၏ ရင်တွင် ပြင်းစွာ တုန်လှုပ်သွားတော့သည်။ သူ့ရှေ့က လူမှာ သာမန် သေမျိုးလူသားတစ်ယောက်ဖြစ်ပါ၏။ သို့သော် အဘယ်ကြောင့် သူ၏ မဟာသူတော်စင်တစ်ပါး ဖြစ်လာနိုင်သည့် ပါရမီကို ထွင်းဖောက်မြင်နေရသနည်း။
ချောင်ရို့ချန် ပြုံးပြီး မေးလိုက်သည်။ “ ဆရာ... ဒီဂျူနီယာလေးဆီမှာ မဟာသူတော်စင်တစ်ပါးရဲ့ပါရမီမျိုး ရှိတယ်လို့ ပြောချင်တာလား “
ချူဖုန်း ချောင်ရို့ချန်၏ ပခုံးကို ပုတ်လိုက်သည်။ “ တာ့ချန်... ဒီကိစ္စက လက်လွတ်စဖွယ် ပြောရမှာမျိုးမဟုတ်ဘူး။ မင်းရဲ့ ဂျူနီယာညီလေးက ကြောက်စရာကောင်းတဲ့ တည်ရှိမှု တစ်ခုခုရဲ့ အာရုံကို ဆွဲဆောင်သွားနိုင်တယ် “
ယဲ့ပေရွှမ် ချူဖုန်းကို စိုက်ကြည့်နေမိသည်။ ဤလူက သူ ပြန်လည်မွေးဖွားလာသည့် အကြောင်းနှင့် သူတော်စင်ကပ်ဘေးကို ဖြတ်သန်းခဲ့ရသည့်အကြောင်းကိုပင် သိနေပြီလား။
မည်သို့ပင်ဖြစ်စေ ဤဘဝက ယခင်ဘဝနှင့် လုံးဝ ကွဲပြားခြားနားသည်။ ဤလူ့ထံတွင် တပည့်ခံလိုက်ရသည်က ကောင်းပါလိမ့်မည်။
“ တပည့် ယဲ့ပေရွှမ်က ဆရာ့ကို ဂါရဝပြုပါတယ် “
ထိုသို့ပြောပြီးနောက် သူသည် ဒူးထောက်ကာ ချူဖုန်းကို ဦးညွှတ်လိုက်သည်။
[လက်ခံသူကို တပည့်တစ်ယောက် လက်ခံလိုက်သည့်အတွက် ဂုဏ်ပြုပါတယ်။ ဆုလာဘ်အဖြစ် ဆယ်နှစ်စာ ကျင့်ကြံမှုကို ပေးအပ်ပါတယ်]
ချူဖုန်းသည် စိတ်ထဲမှ စနစ်၏ သတိပေးသံကို ကြားလိုက်ရပြီးနောက် ယဲ့ပေရွှမ်ကို ထူပေးရန် ရှေ့သို့ လှမ်းသွားသည်။
“ ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ပဉ္စမမြောက် တပည့် ဖြစ်သွားပြီ “
“ ကျေးဇူးတင်ပါတယ် ဆရာ “
ယဲ့ပေရွှမ်သည် အိပ်မက်မက်နေသကဲ့သို့ ခံစားလိုက်ရပြီး ဖြည်းညှင်းစွာ မတ်တပ်ရပ်လိုက်သည်။ ယခင်ဘဝက ကြုံတွေ့ခဲ့ရသမျှ အရာအားလုံးသည် လှည်းထဲတွင် အိပ်ပျော်နေတုန်း မက်ခဲ့သော အိပ်မက်တစ်ခု သက်သက်သာ ဖြစ်မည်ဟု သူ သံသယဝင်သွားမိသည်။
မည်သို့ပင်ဖြစ်စေ သူသည် ယခင်ဘဝကထက် ပိုမို သန်မာလာရမည် ဖြစ်သည်။ သို့မှသာ သူ၏ မိသားစုကို ကာကွယ်နိုင်မည် ဖြစ်သည်။
ချူဖုန်းက ပြောလိုက်သည်။ “ ချန်းအာ... မင်းတို့သုံးယောက် ဂျူနီယာညီလေးကို မိတ်ဆက်လိုက်ကြ “
“ ဟုတ်ကဲ့ပါ “
သုံးယောက်သား တညီတညွတ်တည်း ပြန်ဖြေလိုက်ကြပြီး သူတို့၏ အမည်များကို စတင်မိတ်ဆက်လိုက်ကြသည်။
“ ငါ့နာမည်က ရှောင်ချန်း၊ ဆရာ့ရဲ့ ပထမဆုံး တပည့်ပဲ “
“ ငါက ချောင်ရို့ချန်၊ မင်းရဲ့ ဒုတိယ စီနီယာအစ်ကို “
“ ချင်းချင်းပါ၊ နင့်ရဲ့ တတိယ စီနီယာအစ်မပေါ့ “
ထိုစကားများကို ကြားပြီးနောက် ယဲ့ပေရွှမ် ပို၍ပင် နားမလည်နိုင် ဖြစ်သွားသည်။ ရှောင်ချန်း ဆိုသောအမည်မှာ သူ ယခင်ဘဝက ကြားဖူးပါ၏။ တစ်ချိန်က ဓားပညာဌာန၏ ပါရမီရှင် တစ်ဦးဖြစ်သော်လည်း အမျိုးသမီးတစ်ဦးကြောင့် အနာဂတ် ပျက်စီးသွားခဲ့ကာ နောက်ဆုံးတွင် အရိပ်အယောင်ပင် မကျန်ဘဲ ပျောက်ကွယ်သွားသည်။
တတိယ စီနီယာအစ်မဆိုသူက ဝမ်တောက်မြို့၏ မွှေးရနံ့စင်မြင့်မှ နာမည်ကြီး အပျော်မယ်တစ်ဦးဖြစ်သည်။ သူမကလည်း နောက်ပိုင်းတွင် လူစိမ်းတစ်စု၏ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရသည်။
ယဲ့ပေရွှမ် ကြောင်အနေဆဲမှာပင် ချူဖုန်း ထပ်ပြောလာသည်။ “ မင်းမှာ စတုတ္ထ စီနီယာအစ်ကို တစ်ယောက်လည်း ရှိသေးတယ်။ ဒါပေမဲ့ သူက မိတ်ဆွေဟောင်း တစ်ယောက်ကို သွားရှာနေလို့။ ပြန်လာရင် မင်းနဲ့ မိတ်ဆက်ပေးမယ် “
“ နားလည်ပါပြီ “
ယဲ့ပေရွှမ်သည် သူ၏ သံသယများကို ဘေးဖယ်ထားလိုက်သည်။ အချိန်ရှိပါသေး၏။ အမှန်တရားကို ဖော်ထုတ်ရန်အတွက် လောနေစရာမလိုပေ။ အခွင့်အရေးများစွာ ရှိပေသည်။
ချူဖုန်းသည် ချောင်ရို့ချန်ဘက်သို့ လှည့်ကာ ပြောလိုက်သည်။ “ တာ့ချန်... ကျောင်းဝင်ခွင့် လုပ်ထုံးလုပ်နည်းတွေ အပြီးသတ်ဖို့ ဂျူနီယာညီလေးကို မှတ်တမ်းတင်ခန်းမဆီ ခေါ်သွားလိုက် “
ချောင်ရို့ချန်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်သည်။ “ ဆရာ... ကျွန်တော်တို့ ခဏလောက် ထပ်စောင့်ရင်ရော။ တကယ်လို့ အလားအလာရှိတဲ့ ဂျူနီယာညီလေး၊ ညီမလေးတွေ ဝင်လာတာနဲ့ လွဲသွားရင် နှမြောစရာကြီး ဖြစ်နေမှာ “
“ မင်းပြောတာလည်း အဓိပ္ပာယ် ရှိတာပဲ။ ဒါဆို ဆက်စောင့်ကြမယ်။ ဘယ်သူ လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့ကွ “
ထိုသို့ပြောပြီးနောက် ချူဖုန်း သူ ဖတ်လက်စ ဝတ္ထုစာအုပ်ကို ကောက်ကိုင်ကာ ဆက်ဖတ်နေလိုက်သည်။
ထိုအချိန်တွင် ချောင်ရို့ချန်သည် ယဲ့ပေရွှမ်နှင့် စကားစမြည် ပြောလိုက်၏။ အကြီးဆုံး စီနီယာအစ်ကိုနှင့် တတိယ စီနီယာအစ်မတို့မှာ စကားများသည့် အမျိုးအစားများ မဟုတ်ကြပေ။
ဝမ်တောက်ကျောင်းတော်၏ ဝင်ခွင့် စမ်းသပ်မှုကို ဤတစ်ကြိမ်တွင် သုံးရက်ကြာ ကျင်းပခဲ့သည်။
ပထမနေ့တွင် သောင်းပြောင်းပညာရပ်ဌာနက ယဲ့ပေရွှမ်ကိုသာ တပည့်အဖြစ် လက်ခံခဲ့သည်။
ဒုတိယနေ့တွင် မည်သူမျှ စမ်းသပ်မှုကို မအောင်မြင်ခဲ့ကြပေ။ ဟန် မျိုးရိုးရှိသော တပည့်တစ်ယောက်က ပထမအဆင့်ကို အောင်မြင်ခဲ့သော်လည်း ထွက်ပြေးရာတွင် မကျွမ်းကျင်သောကြောင့် ပယ်ချခံခဲ့ရသည်။
ဤကဲ့သို့ ဝင်ခွင့်စမ်းသပ်မှုများက ဘဝနှစ်ခု ရှင်သန်ခဲ့ဖူးသော ယဲ့ပေရွှမ်ကိုပင် လုံးဝ စိတ်ရှုပ်ထွေးသွားစေသည်။
‘ ဆရာက တပည့်လက်ခံတာ ထူးထူးဆန်းဆန်း နည်းလမ်းတွေ သုံးနေရတယ်လို့။ သူက နှိမ့်နှိမ့်ချချ နေတတ်တဲ့ အကျော်အမောဆရာသခင်တစ်ပါးများလား ‘
တတိယနေ့ ညနေခင်းတွင် ချူဖုန်းသည် တပည့်များနှင့်အတူ ပစ္စည်းသိမ်းကာ သောင်းပြောင်းပညာရပ်ဌာနသို့ ပြန်ရန် ပြင်ဆင်နေချိန် အားနည်းပုံရသော ကျောင်းတော်သားတစ်ယောက် သူတို့ဆီသို့ ယိမ်းယိုင်စွာ လျှောက်လာသည်ကို ရုတ်တရက် မြင်တွေ့လိုက်ရသည်။
ထိုအမျိုးသားက ကျောင်းတော်သားဦးထုပ်ကိုဆောင်း၊ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ကျောတွင် သေတ္တာတစ်လုံး လွယ်ထားသည်။ သူ၏ သိမ်မွေ့သော မျက်နှာသွင်ပြင်မှတစ်ဆင့် ပညာတတ်တစ်ဦး၏ အရှိန်အဝါများ ဖြာထွက်နေသည်။
ဒုတ်...
ကျောင်းတော်သားက သူတို့ကို မြင်သည်နှင့် မြေပြင်ပေါ်သို့ ချက်ချင်း ဒူးထောက်ချလိုက်သည်။ “ အင်မော်တယ်ကြီး... ကျွန်တော့်ကို တပည့်အဖြစ် လက်ခံပေးပါ “
၎င်းကို ကြားသောအခါ ချူဖုန်းသည် လက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး ကျောင်းတော်သားကို ညင်သာစွာ ထူမပေးလိုက်သည်။ “ မင်း ဒီထိ ရောက်လာပြီး ငါနဲ့ လာတွေ့နိုင်တာက ငါတို့မှာ ရေစက် ရှိတယ် ဆိုတဲ့ သဘောပဲ။ မင်း မေးခွန်း နှစ်ခုကို ဖြေဖို့ပဲ လိုတယ် “
ကျောင်းတော်သား၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် တောက်ပသွားသည်။ “ ကျေးဇူးပြုပြီး မေးပါ အင်မော်တယ်ကြီး “
ချူဖုန်းမေးလိုက်သည်။ “ မင်းနာမည်က ဘယ်လိုခေါ်လဲ “
ကျောင်းတော်သားက လက်သီးကို ဆုပ်ကာ ပြန်ဖြေလိုက်သည်။ “ ကျွန်တော့် မျိုးရိုးနာမည်က ရွှီ၊ ငယ်နာမည်က ဝမ်ပါ။ လောကသိ နာမည်ကတော့ ချိုက်ချန် ပါ “
ထိုနာမည်ကို ကြားသောအခါ ချူဖုန်း အသက် ပြင်းပြင်းရှူကာ တီးတိုးရေရွတ်လိုက်သည်။ “ ရွှီချိုက်ချန်နာမည်ကောင်းပဲ။ ထူးခြားတယ်။ စွမ်းအားကြီးတယ်။ ငါ မင်းကို တပည့်အဖြစ် လက်ခံမယ် “
ရွှီချိုက်ချန်က ဝမ်းသာသွားပြီး နောက်တစ်ကြိမ် ဒူးထောက်လိုက်၍ ချူဖုန်းကို သုံးကြိမ်တိုင်တိုင် ဦးညွှတ်လိုက်သည်။ “ တပည့်က ဆရာ့ကို ဂါရဝပြုပါတယ် “
[လက်ခံသူကို တပည့်တစ်ယောက် လက်ခံလိုက်တဲ့အတွက် ဂုဏ်ပြုပါတယ်။ ငါးနှစ်စာ ကျင့်ကြံမှုကို ပေးအပ်ပါတယ်]
ချူဖုန်းသည် ရွှီချိုက်ချန်ကို ထူပေးကာ မေးလိုက်သည်။ “ ကောင်းပြီ။ ငါ့ကို ပြောပါဦး။ တာအိုကို ရှာဖို့ ဝမ်တောက်ကျောင်းတော်ကို ဘာလို့ ရွေးလိုက်တာလဲ။ ပြီးတော့ ဒီကို လာတဲ့ လမ်းမှာ ဘယ်လို ထူးဆန်းတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံခဲ့ရလဲ “
ရှောင်ချန်းတို့လည်း ရွှီချိုက်ချန်ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်ကြသည်။ မည်သို့ပင်ဆိုစေ သာမန် သေမျိုးတစ်ယောက်အနေဖြင့် ဝမ်တောက်ကျောင်းတော်သို့ ရောက်လာရန် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်သန်းခဲ့ရပေလိမ့်မည်။
ဂျူနီယာညီလေးရွှီ ဤနေရာသို့ အန္တရာယ်ကင်းစွာ ရောက်လာနိုင်ခဲ့ခြင်းက အတော်လေး ကံကောင်းလှပေသည်။ ကျင့်ကြံသူ အများစုပင် ဂျူနီယာညီလေး၏ ကံကြမ္မာကို မမှီလောက်ပေ။
ရွှီချိုက်ချန် တုံ့ဆိုင်းစွာ မေးလိုက်သည်။ “ ဆရာ... ကျွန်တော် အရင်ဆုံး ရေတစ်ခွက်လောက် သောက်လို့ ရမလား “
“ ဟားဟား... “
ချူဖုန်း အားပါးတရ ရယ်မောလိုက်သည်။ “ မေ့နေတာ ကြည့်စမ်း။ ဘာပဲဖြစ်ဖြစ် ဒီနေရာက စကားပြောလို့ ကောင်းတဲ့ နေရာမဟုတ်ဘူး။ မင်းကို သောင်းပြောင်းပညာရပ်ဌာနဆီ ခေါ်သွားပေးမယ် “
ရွှီချိုက်ချန် မတုံ့ပြန်နိုင်ခင်မှာ ချူဖုန်း၏လက် ယမ်းခါသွားသည်ကိုသာ မြင်လိုက်ရပြီးနောက် အရာအားလုံး မှောင်မိုက်သွားတော့သည်။ သူ သတိပြန်လည်လာသောအခါ တိတ်ဆိတ်သော ခြံဝင်းငယ်လေး တစ်ခုထဲသို့ ရောက်နေကြောင်း တွေ့လိုက်ရသည်။
ချင်းချင်း သူ့ကို လက်ဖက်ရည် တစ်ခွက် ငှဲ့ပေးလိုက်သည်။ ရွှီချိုက်ချန်က ၎င်းကို လေးစားစွာ လက်ခံယူပြီး ပြောလိုက်သည်။ “ ကျေးဇူးတင်ပါတယ် စီနီယာ “
“ စီနီယာအစ်မ လို့ပဲ ခေါ်ပါ “ ချင်းချင်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“ ဟုတ်ကဲ့ပါ စီနီယာအစ်မ “
ရွှီချိုက်ချန်သည် လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ကျိုက်တည်း မော့သောက်လိုက်သည်။ သူ့ဗိုက်ထဲသို့ လက်ဖက်ရည်များ ဝင်သွားပြီးနောက် အသက်ပြန်ရှင်လာသည့်အလား လုံးဝ လန်းဆန်းသွားသည်။
ခွက်ကို ချထားပြီး သူ ဖြည်းညှင်းစွာ ပြောပြလိုက်သည်။ “ ဒီဇာတ်လမ်းက ကျွန်တော့်ရဲ့ ပထမဆုံး ဇနီးနဲ့ လက်ထပ်ခဲ့တာကနေ စတင်ခဲ့တာပါ... “
နာရီဝက် ကြာပြီးနောက် ရွှီချိုက်ချန် အရာအားလုံးကို အသေးစိတ် ပြောပြ၍ ပြီးသွားတော့သည်။
သူသည် မူလက ဝူနိုင်ငံ လင်းအန်မြို့မှ သာမန်ကျောင်းတော်သား တစ်ဦးဖြစ်သည်။ သူ၏ မိသားစုသည် အနည်းငယ် ချမ်းသာလေသည်။ တစ်နေ့တွင် ရေကန်ပေါ်၌ လှေစီးနေစဉ် သခင်မလေးပိုင် ဟုခေါ်သော အမျိုးသမီး တစ်ဦးနှင့် ဆုံတွေ့ခဲ့သည်။ သူတို့နှစ်ဦး ချစ်ကြိုက်သွားကြပြီး နောက်ဆုံးတွင် လက်ထပ်ခဲ့ကြသည်။
သို့သော် ကောင်းမွန်သော အချိန်ကာလများက ကြာရှည်မခံခဲ့ပေ။ သူ၏ ဇနီးက သူတို့၏ ပထမဆုံး သားလေးကို မွေးပြီးချိန်မှာပင် ကောင်းကင်ယံမှ ရုတ်တရက် မုန်တိုင်းတစ်ခု ကျဆင်းလာသည်။
ရေနဂါးတစ်ကောင် အောက်သို့ ဆင်းသက်လာပြီး သူ၏ ဇနီးနှင့် ကလေးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ထိုအခါမှသာ သူ၏ ဇနီးသည် နဂါးသွေးမျိုးဆက် ရှိသော နှစ်တစ်ထောင်မြွေဖြူ တစ်ကောင် ဖြစ်ကြောင်း သိလိုက်ရသည်။ ယခုအခါ သူမ၏ သွေးမျိုးဆက်များ နိုးထလာသောကြောင့် နဂါးနန်းတော်သို့ ပြန်လည် ခေါ်ဆောင်ခြင်း ခံလိုက်ရသည်။
ရွှီချိုက်ချန်က ဤအရာကို လက်ခံရန် ငြင်းဆန်ခဲ့သည်။ သူ၏ ဇနီးကို ကယ်တင်ချင်ခဲ့သော်လည်း သာမန် သေမျိုးတစ်ယောက် အနေဖြင့် သူမကို တွေ့ရန် နည်းလမ်းပင် မရှိချေ။
နုနယ်သော စာသင်သားလေးသည် လောကဓံကို ခါးစီးခံ၊ အလှည့်အပြောင်းများစွာ ကြုံတွေ့ပြီးနောက် ဝမ်တောက်ကျောင်းတော်သည် ကမ္ဘာပေါ်တွင် ထိပ်တန်းအဆင့် ကျင့်ကြံခြင်းနယ်မြေတစ်ခု ဖြစ်ကြောင်း သူကဲ့သို့ ကျောင်းတော်သားများ အပါအဝင် မည်သည့် တပည့်မျိုးကိုမဆို လက်ခံကြောင်း သိလိုက်သည်။ ထို့ကြောင့် သူသည် မိသားစု ပိုင်ဆိုင်မှုများကို ရောင်းချကာ တာအိုကို ရှာဖွေရန် ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
သူ၏ ခရီးစဉ် တစ်လျှောက်တွင် လန်ရော့ဘုရားကျောင်း ဟုခေါ်သော နေရာတစ်ခုကို ဖြတ်သန်းခဲ့ပြီး ဒုတိယ ဇနီး ရှောင်ကျိုးနှင့် ဆုံတွေ့ခဲ့သည်။ သူမက တစ္ဆေတစ်ကောင် ဖြစ်ကြောင်း သူ သိသွားခဲ့သော်လည်း သူမနှင့် အတူရှိရန် ဆုံးဖြတ်ခဲ့ပြီး ဝမ်တောက်ကျောင်းတော်သို့ သူမကိုပါ ခေါ်ဆောင်လာရန် စီစဉ်ခဲ့သည်။
သို့သော် ဤကိစ္စကို လန်ရော့ ဘုရားကျောင်း၏ သစ်ပင်မိစ္ဆာဘွားဘွားက သိသွားပြီး ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူတို့ ချစ်သူနှစ်ဦးကို ဓားကျင့်ကြံသူ တစ်ဦးက ကယ်တင်ပေးခဲ့ပြီး လွတ်မြောက်လာနိုင်ခဲ့သည်။
ရွှီချိုက်ချန်၏ ဇာတ်လမ်းကို ကြားပြီးနောက် လူတိုင်း အသက်ပြင်းပြင်း ရှူသွင်းလိုက်မိကြသည်။ သူတို့သည် ယခုအခါ ဂျူနီယာညီလေးကို လေးစားစွာ ကြည့်မိတော့သည်။
“ ဒီလောကကြီးမှာ သူရဲကောင်းတွေ ရှိနေသေးမယ်လို့ မထင်ထားခဲ့ဘူး “
ချူဖုန်းက တီးတိုးရေရွတ်လိုက်ပြီး ပြုံးကာ ရွှီချိုက်ချန်၏ ပခုံးကို ပုတ်လိုက်သည်။ “ ချိုက်ချန်... ငါတို့ သောင်းပြောင်းပညာရပ်ဌာနက မင်းလို လူမျိုးကို လိုအပ်နေတာပဲ “