ဒီဘဝမှာတော့ ငါ လောကကြီးရဲ့ ထိပ်ဆုံးမှာ ရပ်တည်မယ်
Vol. 13 Ch. 123
“ မင်း ဆရာ့ဆီသွားပြီး ကျင့်စဉ် တောင်းတဲ့အခါ သူ ဘယ်လောက်တောင် စွမ်းအားကြီးလဲ ဆိုတာကို နားလည်သွားလိမ့်မယ် “
ချောင်ရို့ချန် ပြုံးရွှင်စွာ ပြောလိုက်သည်။
သူ့ဘေးရှိ အခြားသူများကလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။
၎င်းကို ကြားပြီးနောက် ယဲ့ပေရွှမ်၏ ရင်ထဲရှိ ညစ်ညူးနေမှုများ ချက်ချင်း ပျောက်ကွယ်သွားသည်။
‘ ဆရာနဲ့ တွေ့ရတာက ငါ ပြန်လည်မွေးဖွားလာပြီးတဲ့နောက်မှာ ရတဲ့ အကြီးမားဆုံး အခွင့်အရေးပဲ။ ပြိုင်ဘက်ကင်း လမ်းစဉ်ကို လျှောက်လှမ်းဖို့ သူ့နောက်ကို လိုက်ရမယ် ‘
သူ မည်သည့်ကျင့်စဉ်မျိုးကို တောင်းရမည်နည်း။ ယခင်ဘဝ၌ သူသည် သူတော်စင် တစ်ပါး ဖြစ်ခဲ့သည်။ ဤဘဝတွင် မဟာသူတော်စင် တစ်ပါးထက်တော့ မနိမ့်ကျသင့်ပေ။
သူ တောင်းသင့်သည့် ကျင့်စဉ်သည် သူတော်စင်အဆင့်မှ စတင်ပြီး နတ်ဘုရားအဆင့်တွင် အဆုံးသတ်ရမည် ဖြစ်သည်။
၎င်းကို တွေရင်း ယဲ့ပေရွှမ်မှာ သူ၏ဆရာ ပေးမည့်နည်းစနစ်ကို စိတ်ကူးယဉ်ကာ မျှော်လင့်နေတော့၏။
မျက်စိတစ်မှိတ်အတွင်းမှာ သုံးရက် ကုန်သွားသည်။ ထိုနေ့ မနက်စောစောတွင် ယဲ့ပေရွှမ် ထလာပြီး သူ၏ကျင့်စဉ်ကို တောင်းဆိုရန် ပင်မခြံဝင်းသို့ သွားရန် ပြင်ဆင်လိုက်သည်။
သူ အပြင်သို့ ထွက်လိုက်သည်အခါ ချောင်ရို့ချန်နှင့် ဆုံပြန်သည်။ “ ဒုတိယ စီနီယာအစ်ကို... မင်္ဂလာနံနက်ခင်းပါ “
“ မင်္ဂလာပါ ပဉ္စမ ဂျူနီယာညီလေး “
တက်ကြွနေသော ယဲ့ပေရွှမ်ကို မြင်သောအခါ ချောင်ရို့ချန် ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “ ဂျူနီယာညီလေး... ကျင့်ကြံခြင်း နည်းစနစ်အတွက် ဆရာ့ဆီ သွားမလို့လား “
ယဲ့ပေရွှမ် ခေါင်းအသာ ညိတ်လိုက်သည်။ “ ဟုတ်ပါတယ် “
ချောင်ရို့ချန် ရယ်မောလိုက်သည်။ “ ဒါဆိုရင် ငါတို့နဲ့အတူ တောင်အနောက်ဘက်ကို ခဏလောက် လိုက်ခဲ့ပါလား။ ဆရာက မထသေးဘူး။ သူက အစောဆုံးတောင် နေမြင့်မှ ထတတ်တာ “
ယဲ့ပေရွှမ်သည် မယုံကြည်နိုင်ဖြစ်သွားသည့်အလား မေးလိုက်သည်။ “ စကားပုံ တစ်ခု ရှိတယ်လေ။ တစ်နေ့တာရဲ့ အစက မနက်ခင်း ဆိုပြီး။ ဆရာက ဘာလို့ နေမြင့်တဲ့အထိ အိပ်နေရတာလဲ “
ချောင်ရို့ချန် ပခုံးတွန့်လိုက်သည်။ “ ဆရာက ပြောတယ်။ မနက်စောစောနဲ့ ညနက်ပိုင်းတွေက ပြဿနာတက်ဖို့ အလွယ်ကူဆုံး အချိန်တွေတဲ့။ နေ့လယ်ပိုင်းမှာ စာသင်တာက အလုံခြုံဆုံးပဲတဲ့ “
ယဲ့ပေရွှမ် “ ... “
မွန်းတည့်ချိန်တွင် လူစုသည် ပင်မခြံဝင်းသို့ ရောက်ရှိသွားကြသည်။
နေ့လယ်စာ စားပြီးနောက် ချူဖုန်းက ပထမဆုံး စကားစလိုက်သည်။ “ မင်းတို့ နှစ်ယောက်... ဘယ်လို နည်းစနစ်မျိုးကို သင်ယူချင်လဲ ဆိုတာ ဆုံးဖြတ်ပြီးပြီလား “
ယဲ့ပေရွှမ် မတ်တပ်ရပ်ကာ လေးစားစွာ ပြန်ဖြေလိုက်သည်။ “ ဆရာ... ကျွန်တော်က ခိုင်မာတဲ့ အခြေခံကို တည်ဆောက်နိုင်ပြီး ရှေ့ဆက်လေ ပိုသန်မာလာလေ ဖြစ်မဲ့ နည်းစနစ်မျိုးကို ကျင့်ကြံချင်ပါတယ် “
“ ငါ နားလည်ပြီ။ သုံးရက်နေရင် မင်းကို အဲဒီနည်းစနစ် ပေးမယ် “ ချူဖုန်းက ပြန်ဖြေလိုက်ပြီး သူ၏ အကြည့်များကို ရွှီချိုက်ချန်ထံသို့ ပြောင်းလိုက်သည်။
ရွှီချိုက်ချန် မတ်တပ်ရပ်ပြီး မေးလိုက်သည်။ “ ဆရာ... ကျွန်တော့်လို ကျောင်းတော်သား တွေနဲ့ သင့်တော်မဲ့ နည်းစနစ်မျိုး ရှိလား “
“ တခြားသူတွေဆီမှာ မရှိရင်တောင် မင်းရဲ့ဆရာဆီမှာတော့ ရှိတယ်။ သုံးရက်မြောက်နေ့ နေ့လယ်ခင်းကျရင် ပေးမယ် “ ချူဖုန်းက ပြုံးလျက် ပြောလိုက်သည်။
ကျန်သည့်သူများမှာ မအံ့သြသွားကြပေ။ ဘာပဲဖြစ်ဖြစ် သူတို့လည်း ဒီလိုမျိုး ကြုံခဲ့ရသည် မဟုတ်ပါလား။
သို့သော် အကြီးအကဲပင်းသည် ချူဖုန်း ရွှီချိုက်ချန်အတွက် မည်သည့်နည်းစနစ်မျိုးကို ဖန်တီးပေးမည်လဲ ဆိုသည်ကို သိချင်နေသည်။ သောင်းပြောင်းပညာရပ်ဌာနသည် တစ်ချိန်က ကွန်ဖြူးရှပ်သူတော်စင်တစ်ပါးကို မွေးထုတ်ပေးခဲ့ဖူးသော်လည်း ထိုသူတော်စင်သည် အစပိုင်းတွင် သာမန် နည်းစနစ်များကိုသာ ကျင့်ကြံခဲ့ပြီး နီဗားနားအဆင့်သို့ ရောက်ရှိပြီးမှသာ ကွန်ဖြူးရှပ်လမ်းစဉ်ကို နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။
တပည့်နှစ်ယောက်ကို အတိုချုပ် ညွှန်ကြားချက်များ ပေးပြီးနောက် ချူဖုန်းသည် ကျောင်းတော်၏ စာကြည့်တိုက်ဆီသို့ ထွက်လာသည်။ သူ၏ စိတ်ထဲတွင် နည်းစနစ်များစွာ သိုလှောင်ထားသော်လည်း ၎င်းတို့ကို ဤကမ္ဘာ၏ စည်းမျဉ်းများနှင့် ကိုက်ညီအောင် ညှိယူရန် လိုအပ်နေသေးသည်။
ဖက်တီးလေး၏ ကျင့်စဉ်ကို ဖန်တီးသည့်အခါတုန်းကလည်း ထိုအခြေခံဥပဒေသများကို ရှာဖွေ၍ သုံးခဲ့ပါ၏။ သို့ဖြစ်၍ အရာအားလုံးက ချောမွေ့နေသည်။
တစ်ညလုံး စာဖတ်ပြီး သုံးည ဆက်တိုက် အနားမယူဘဲ အလုပ်လုပ်ပြီးနောက် ချူဖုန်းသည် သူတို့နှစ်ယောက်လုံးအတွက် လိုက်ဖက်ညီသည့် နည်းစနစ်များကို နောက်ဆုံးတွင် အပြီးသတ်နိုင်ခဲ့သည်။
ရွှီချိုက်ချန်အတွက် နည်းစနစ်ကို အပြီးသတ်ပြီးနောက် ချူဖုန်း သက်ပြင်းရှည်ကြီး ချကာ အကြောဆန့်လိုက်၏။ ထိုစဉ် အကြီးအကဲပင်းက သူ့ကို သရဲသဘက်တစ်ကောင်အလား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရ၏။
“ အကြီးအကဲပင်း... ခင်ဗျား မအိပ်သေးဘူးလား “
“ မ... မအိပ်သေးပါဘူး။ ဌာနမှူးချူက နည်းစနစ် ဖန်တီးရင်း လုံးဝ အာရုံစိုက်နေတာကို တွေ့လို့ ကျွန်မ မနှောင့်ယှက်ချင်ဘူး။ ပြီးတဲ့အထိ ဒီကနေပဲ စောင့်နေလိုက်တာပါ... “
ယခုမှသာ အကြီးအကဲပင်းသည် မဟာဆရာသခင်တစ်ပါး၏အဓိပ္ပာယ်ကို နားလည်သွားတော့သည်။ သခင်လေးချူ၏ ကျင့်စဉ်များကို ဖန်တီးနိုင်စွမ်းက ရိုးရှင်းစွာဖော်ပြရလျှင် ကြောက်မက်ဖွယ် ကောင်းလှသည်။ စာကြည့်တိုက်ထဲတွင် တစ်ညတည်းနှင့် မတူညီသည့် လူနှစ်ဦးအတွက် သင့်တော်မည့် နည်းစနစ်များကို ဖန်တီးပေးနိုင်ခဲ့သည်။
“ ဒီရေက အရမ်း အေးနေပြီ။ နောက်ထပ် ရေတစ်ဇလုံလောက် ယူလာခဲ့ပေးပါ “
ချူဖုန်းက ရေဇလုံကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ နားလည်ပါပြီ “
အကြီးအကဲပင်းက ရေဇလုံကို အသာအယာ ယူသွားပြီး မကြာမီမှာပင် ရေနွေးငွေ့များ ထွက်နေသော ရေနွေးတစ်ဇလုံကို ကိုင်လျက် ပြန်ထွက်လာသည်။
ချူဖုန်းသည် အငွေ့တထောင်းထောင်း ထနေသော ရေနွေးဇလုံထဲတွင် သူ၏ ခြေထောက်များကို စိမ်လိုက်ပြီး ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ မှီချလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ကျေနပ်သော အမူအရာတစ်ခု ပေါ်လာပြီး တီးတိုးရေရွတ်လိုက်သည်။ “ တကယ် ကောင်းတာပဲ... တစ်ယောက်ယောက်ကများ ပခုံးလေး နှိပ်ပေးမယ်ဆိုရင် ပိုကောင်းမှာ “
ထိုစကားလုံးများ ထွက်လာသည့် အခိုက်အတန့်မှာပင် သူ၏ အနောက်မှ အေးမြသော လေညင်း တစ်ချက်ကို ခံစားလိုက်ရသည်။ လက်တစ်စုံက သူ၏ ပခုံးပေါ်သို့ ညင်သာစွာ ဖိချလာသည်။
“ ဒီလိုမျိုးလား။ ကျွန်မ အရင်က ဘယ်သူ့ကိုမှ နှိပ်မပေးဖူးဘူး “ အကြီးအကဲပင်းက ညင်သာစွာ ပြောလိုက်သည်။
ချူဖုန်း “ အင်း... အဲဒီလိုမျိုးပဲ။ နည်းနည်းလောက် ပိုပြင်းပြင်းလေး... အောက်နည်းနည်းဆင်း... ဘယ်ဘက်ကို နည်းနည်းတိုး။ ဟုတ်ပြီ... အဲဒီနေရာပဲ... “
နောက်တစ်နေ့ သူတို့၏ ကျင့်ကြံမှုများ ပြီးဆုံးသွားပြီးနောက် ရှောင်ချန်းနှင့် အခြားသူများသည် ပထမ ခြံဝင်းတွင် စောစောစီးစီး စုဝေးလာကြသည်။
ရှောင်ချန်း၊ ချောင်ရို့ချန်၊ ချင်းချင်းနှင့် ဖက်တီးလေးတို့မှာ သူတို့ဆရာက မျက်စိဖွင့် နားပွင့် ဖြစ်စေမည့် စိတ်ဝင်စားစရာကောင်းသော ကျင့်ကြံခြင်း နည်းစနစ် တစ်ခုခုကို ထုတ်ပြလာမည်ဟု မျှော်လင့်ကာ စိတ်အားထက်သန်နေကြသည်။
ထိုအချိန်တွင် ယဲ့ပေရွှမ်နှင့် ရွှီချိုက်ချန်တို့မှာမူ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်မှု နှစ်ခုစလုံးကို ခံစားနေကြရသည်။ သူတို့ဆရာ၏ စစ်မှန်သော အမွေအနှစ်ကို လက်ခံရတော့မည် ဖြစ်သောကြောင့် စိတ်လှုပ်ရှားနေကြပြီး ဆရာ ပေးအပ်လိုက်သော အရာကို နားလည်သဘောပေါက်ရန် ခက်ခဲနေမည်ကို စိုးရိမ်နေကြသည်။
ကျွီ...
ချူဖုန်း တံခါးကို တွန်းဖွင့်ပြီး အပြင်သို့ ထွက်လာသည်။ လူတိုင်း စုဝေးနေကြသည်ကို မြင်သောအခါ သူ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားသည်။ “ တော်တော် စိတ်လောနေကြတာပဲ “
ချောင်ရို့ချန်က ရယ်မောလိုက်သည်။ “ ဟီးဟီး... ဆရာ၊ ကျွန်တော်တို့က အံ့ဩစရာကောင်းတဲ့ အရာတစ်ခုခုကို မြင်ချင်ရုံလေးပါ “
“ မင်းလိုစပ်စုမပုတွေကတော့ လူအုပ်ထဲ အမြဲတမ်း ထိပ်ဆုံးပဲ “
ချူဖုန်းက နောက်ပြောင်လိုက်ပြီး သူ၏ သိုလှောင်အိတ်ထဲမှ ကျမ်းလိပ် နှစ်ခုကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။ သူ၏လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်သည်။ ၎င်းတို့က ယဲ့ပေရွှမ်နှင့် ရွှီချိုက်ချန်တို့ထံသို့ လွင့်မျောသွားကြသည်။
“ နည်းစနစ်အတွက် ကျေးဇူးတင်ပါတယ် ဆရာ “
သူတို့နှစ်ယောက်အတူတူ ဦးညွှတ်လိုက်ကြသည်။
ချူဖုန်းက ပြောလိုက်သည်။ “ အရင်ဆုံး ကြည့်လိုက်။ နားမလည်တာ ရှိရင် ငါ့ကို မေး “
“ ဟုတ်ကဲ့ပါ ဆရာ “
တုန်ယင်နေသော လက်များဖြင့် ယဲ့ပေရွှမ် သူ၏ ကျမ်းကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ ပထမဆုံး စာကြောင်းကို သိသာထင်ရှားသော စာလုံးများဖြင့် ရေးသားထားသည်။
‘ ကမ္ဘာဦးအစပိုင်း ဖရိုဖရဲ စတင်ဖြစ်ပေါ်ချိန်တွင် ကောင်းကင်နှင့် မြေကြီး မဖြစ်ပေါ်သေး။ နေနှင့်လ မရှိ၊ ကြယ်များ မရှိ၊ သက်ရှိသတ္တဝါများ မရှိ၊ အစ မရှိ၊ ပြီးတော့ အဆုံးသတ်လည်း မရှိ... ‘
အစတွင် သူ မျက်မှောင်ကြုတ်သွားသော်လည်း ဆက်ဖတ်နေခဲ့သည်။
မကြာမီ သူ၏ အမူအရာမှာ နားမလည်နိုင်မှုမှ တုန်လှုပ်သွားမှုဆီသို့ ပြောင်းလဲသွားတော့သည်။
ဟုန်မန်ဖန်ဆင်းခြင်းကျမ်း။
အခြားသော နည်းစနစ်များနှင့် မတူဘဲ ဤနည်းစနစ်မှာ ပါရမီ၊ နားလည်နိုင်စွမ်း သို့မဟုတ် စိတ်ဝိညာဉ် အမြစ်များ မလိုအပ်ပေ။
သို့သော် ၎င်းကား ကျင့်ကြံရန် လွယ်ကူသည်ဟု မဆိုလိုပေ။
ဟုန်မန်ဟူသော ဝေါဟာရသည် ဖရိုဖရဲ မကွဲထွက်မီ ကမ္ဘာလောက၏ အခြေအနေကို ရည်ညွှန်းသည်။ တည်ရှိမှုကို အဓိပ္ပာယ်ဖွင့်ဆို၍ မရသေးသော အချိန်ဖြစ်သည်။ ဟုန်မန်ဖန်ဆင်းခြင်းကျမ်း ကို ကျင့်ကြံရန်အတွက် ခန္ဓာကိုယ်အတွင်း၌ ဟုန်မန်ချီ တစ်မျှင်ကို သန့်စင်ရမည် ဖြစ်သည်။
ထိုသို့ ပြုလုပ်ရန်အတွက် စိတ်ဝိညာဉ်စွမ်းအင်ကို အကြိမ်ကြိမ် သန့်စင်ပြီး ဖိသိပ်ရမည် ဖြစ်သည်။ အဆုံးအစမဲ့အကြိမ်ပေါင်းများစွာ သန့်စင်ပြီးမှသာ ဟုန်မန်ချီ တစ်မျှင် မွေးဖွားလာနိုင်မည် ဖြစ်သည်။
“ ဟူး... “
ယဲ့ပေရွှမ် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ “ ဆရာ့ရဲ့ နည်းစနစ်က တကယ်ကို ထူးကဲလွန်းတယ်။စိတ်ခွန်အား ကြီးကြီးမားမား မရှိဘဲနဲ့ ဒီနည်းစနစ်ကို ကျင့်ကြံနိုင်မှာ မဟုတ်ဘူး “
ချူဖုန်း ပြုံးလိုက်သည်။ “ စိတ်ခွန်အား တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဒီနည်းစနစ်ကို မင်းအတွက် သီးသန့် ဖန်တီးပေးထားတာ “
“ အရေးကြီးဆုံးက မင်းရဲ့ နတ်ဘုရား ဝိညာဉ်က သာမန် ကျင့်ကြံသူတွေထက် ပိုသန်မာနေလို့ပဲ။ စိတ်ဝိညာဉ်စွမ်းအင်၊ သဘာဝ ဖြစ်စဉ်တွေနဲ့ တာအိုအပေါ် မင်းရဲ့ အာရုံခံနိုင်စွမ်းက တာအိုတည်ဆောက်ခြင်းအဆင့်မှာ ရှိတဲ့ သူတွေထက် အများကြီး သာလွန်တယ် “
“ တချို့လူတွေက သူတို့ရဲ့ တစ်ဘဝလုံး ဟုန်မန်ချီ တစ်မျှင်လေးကိုတောင် မဖန်တီးနိုင်ကြပေမဲ့ မင်းကတော့ သုံးနှစ်အတွင်း အောင်မြင်နိုင်မယ်လို့ ယုံကြည်တယ်။ ဒါပေမဲ့ မှတ်ထားရမယ်။ အဲဒီချီ တစ်မျှင်ကို မဖန်တီးနိုင်သေးခင်မှာ စစ်မှန်ကံကြမ္မာအဆင့်ကို မတက်နဲ့။ တကယ်လို့ အဆင့်တက်လိုက်ရင် မင်းရဲ့ အရင်က ကြိုးစားအားထုတ်မှုတွေ အားလုံး အလဟဿ ဖြစ်သွားလိမ့်မယ် “
“ ဆရာ့ရဲ့ သင်ပြမှုကို ကျွန်တော် မှတ်ထားပါ့မယ် “
ယဲ့ပေရွှမ် ဦးညွှတ်လိုက်သည်။
သူ၏ ရင်ထဲတွင် ကျိန်ဆိုလိုက်သည်။
‘ ဒီဘဝမှာ ဟုန်မန်ဖန်ဆင်းခြင်းကျမ်း နဲ့အတူ ‘
‘ ငါ ယဲ့ပေရွှမ်... ဒီလောကကြီးရဲ့ အမြင့်ဆုံးနေရာအထိ တက်လှမ်းပြမယ် ‘