ထိုက်ရွှီ လျှို့ဝှက်နယ်မြေ
Vol. 13 Ch. 124
“ ဆရာ... ဒီတပည့်မှာ မသင့်တော်တဲ့ တောင်းဆိုမှုလေးတစ်ခု ရှိပါတယ် “
စိတ်ကို တည်ငြိမ်အောင် ထားပြီးနောက် ယဲ့ပေရွှမ် လက်သီးဆုပ်ကာ ချူဖုန်းကို အရိုအသေပေးလိုက်သည်။
ချူဖုန်း ပြုံးလိုက်သည်။ “ ပြောလေ “
“ နောက်တစ်လနေရင် လေ့ကျင့်ဖို့အတွက် တောင်ပေါ်ကနေ ဆင်းချင်ပါတယ်။ ဝမ်တောက်ကျောင်းတော်က စိတ်ဝိညာဉ်စွမ်းအင်တွေ ကြွယ်ဝပေမဲ့ တပည့်ရောင်းရင်းတွေ အရမ်းများနေတော့ ဟုန်မန်ဖန်ဆင်းခြင်းကျမ်းကို ကျင့်ကြံဖို့အတွက် သိပ်အဆင်မပြေလို့ပါ “
ယဲ့ပေရွှမ် အပေါ်ယံတွင် လေးစားစွာ ပြောနေသော်လည်း အတွင်းစိတ်ထဲတွင် တွေးနေလေသည်။ ‘ ပိုများတဲ့ အခွင့်အရေးတွေကို ရှာဖို့ ငါ တောင်ပေါ်က ဆင်းမှကိုဖြစ်မယ်။ ဒါမှ ငါ ပြန်လည်မွေးဖွားလာတဲ့ အခွင့်အရေးကို အပြည့်အဝ အသုံးချနိုင်ပြီး သုံးနှစ်အတွင်းမှာ ဟုန်မန်ဖန်ဆင်းခြင်းကျမ်းကို အခြေခံအဆင့်ထိ ရောက်အောင် ကျင့်ကြံနိုင်မှာ ‘
“ ခွင့်ပြုတယ် “
ချူဖုန်းက ဤကဲ့သို့ တစ်ယောက်တည်း လေ့ကျင့်တတ်သူမျိုးကို သဘောကျသည်။ အလကားရမဲ့ ကျင့်ကြံခြင်းသက်တမ်းတွေကို ဘယ်သူက သဘောမကျဘဲ နေမှာလဲ။
အနားတွင် ရပ်နေသော ရွှီချိုက်ချန် ရှေ့သို့ ခြေလှမ်းတစ်ဝက်ခန့် တိုးလာသည်။ “ ဆရာ... ကျွန်တော့်မှာလည်း မေးစရာ တစ်ခု ရှိပါတယ် “
“ မေးလေ “ ချူဖုန်း တောက်ပစွာ ပြုံးရင်း ပြန်ဖြေသည်
ရွှီချိုက်ချန်က ပြောလိုက်သည်။ “ ဆရာ... ဆရာပေးထားတဲ့ ဟောက်ရန်ဖြောင့်မတ်ခြင်းကျမ်းရဲ့ အကြောင်းအရာတွေကို ကျွန်တော် နားလည်ပါပြီ။ ဒါပေမဲ့ စာပေချီကို ဘယ်လို စုစည်းရမလဲ ဆိုတာကိုတော့ နားမလည်သေးလို့ပါ “
လူတိုင်း၏ မျက်လုံးများက ရွှီချိုက်ချန်၏ လက်ထဲက ကျမ်းဆီသို့ ရောက်သွားကြသည်။
ကျမ်းတွင် ဤသို့ ရေးသားထားသည်။ “ မိုးမြေမှာ သဏ္ဍာန်အမျိုးမျိုးရှိတဲ့ သူတော်ကောင်းစွမ်းအင်တွေ စီးဆင်းနေတယ်။ ကောင်းကင်ယံမှာဆို နေ၊လ ကြယ်တာရာတို့အသွင်ယူပြီး မြေပြင်မှာ မြစ်ချောင်းအင်းအိုင် တောင်တန်းတို့အသွင် ယူတယ်။ လူသားတွေရဲ့ အတွင်းမှာတော့ စိတ်နှလုံးက ကျယ်ပြန့်ရင် မိုးမြေတစ်ခွင် လွတ်လပ်စွာ ပျံသန်းနိုင်တယ် “
ချူဖုန်းက ရယ်မောလိုက်သည်။ “ စာများများ ဖတ်၊ စာများများ ရေး။ စာပေချီက သဘာဝအတိုင်း ရောက်လာလိမ့်မယ်။ တကယ်တော့ မင်းဆီမှာ ရှိနေပြီးသားပဲလေ။ ကွန်ဖြူးရှပ်လမ်းစဉ်မှာ ကျောင်းတော်သားအငယ်လေးတွေ တောင် အမှောင်ထဲမှာ မြင်နိုင်စွမ်း ရှိတယ်။ ရင့်ကျက်နေတဲ့ကျောင်းတော်သား တစ်ယောက်ဆိုရင် စကားလုံးတွေကနေတစ်ဆင့် ဥပဒေသတွေ ချမှတ်နိုင်တယ် “
“ မင်းက ကွန်ဖြူးရှပ် လမ်းစဉ်ကို မလေ့လာရသေးတော့ စာရွက်ပေါ်ကနေ ဥပဒေသတွေ မချနိုင်သေးပေမဲ့ ညဘက် မြင်နိုင်စွမ်းကတော့ ပြဿနာ ရှိမှာ မဟုတ်ဘူး “
“ ပြီးတော့ မင်းဆီမှာသာ စာပေချီ မရှိဘူးဆိုရင် ဒီနေ့အထိ အသက်ရှင်နေနိုင်ဦးမယ်လို့ ထင်လား “
ရွှီချိုက်ချန်၏ မျက်လုံးများ တောက်ပသွားသည်။ အမှန်တကယ်တော့ လွန်ခဲ့သည့် နှစ်များအတွင်း ညဘက်၌ အန္တရာယ်များနှင့် အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ရပြီး ထိုအချိန်များတွင် မီးအိမ် မပါခဲ့ချေ။ သို့တိုင်အောင် သူက လမ်းကို ရှင်းလင်းစွာ မြင်နိုင်ပြီး အန္တရာယ်ကင်းစွာ လွတ်မြောက်လာခဲ့သည်။ သို့ဖြစ်၍ သူ့တွင် စာပေချီက ရှိနေနှင့်ပြီးသား ဖြစ်ရမည်။
သူ လေးစားစွာ ဦးညွှတ်လိုက်သည်။ “ လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာ။ ကျွန်တော် အခု ဘယ်လို ကျင့်ကြံရမယ်ဆိုတာကို နားလည်သွားပါပြီ “
ချူဖုန်း ခေါင်းညိတ်လိုက်သည်။ “ ဒီနေ့ သင်ခန်းစာတွေအတွက် လုံလောက်ပြီ။ နောက်နောင် နားမလည်တာ ရှိရင် အချိန်မရွေး လာမေးလို့ ရတယ် “
“ ဟုတ်ကဲ့ပါ ဆရာ “
လူတိုင်း ပြန်ဖြေလိုက်ကြပြီး နောက်တစ်ကြိမ် ဦးညွှတ်လိုက်ကြသည်။
တပည့်သစ် နှစ်ယောက် ရောက်ရှိလာခြင်းက သောင်းပြောင်းပညာရပ်ဌာနကို သွေးသစ်လောင်းပေးလိုက်သည့်အလားပင်။
သို့သော် ချူဖုန်း၏ နေ့စဉ် လုပ်ရိုးလုပ်စဉ်များက သိပ်ပြီး မပြောင်းလဲသွားပေ။ သူ၏ တပည့်များ တစ်နေ့တခြား ပိုမို သန်မာလာသည်ကို ကြည့်နေရခြင်းက သူ၏ စိတ်ဓာတ်ကို ပို၍ တက်ကြွလာစေသည်။
မျက်စိတစ်မှိတ်အတွင်း နှစ်ဝက်ခန့် ကုန်လွန်သွားခဲ့သည်။
ထိုက်ရွှီ လျှို့ဝှက်နယ်မြေ ပွင့်လာမည့် အချိန်က နီးကပ်လာသည်နှင့်အမျှ ဝမ်တောက်ကျောင်းတော်သည် ပုံမှန်မဟုတ်ဘဲ အလုပ်ရှုပ်လာခဲ့သည်။
သောင်းပြောင်းပညာရပ်ဌာနတွင် ယဲ့ပေရွှမ်သည် လေ့ကျင့်ရန် တောင်အောက်သို့ ဆင်းသွားသည်။ သူ့အကြောင်းကို နောက်ဆုံး သိလိုက်ရခြင်းမှာ စနစ်ထံမှ ဖြစ်သည်။ ယဲ့ပေရွှမ်သည် အဆင့်ငယ်တစ်ဆင့် တက်သွားခဲ့ပြီး ချူဖုန်းသည် ဆယ်နှစ်စာ ကျင့်ကြံမှုကို ဆုလာဘ်အဖြစ် ရရှိကြောင်း အသိပေးချက် တက်လာ၍ပင်။
အခြား တပည့်များသည်လည်း တိုးတက်လာကြပြီး ချူဖုန်း၏ ကိုယ်ပိုင် ကျင့်ကြံမှုသည်လည်း နှစ်ခုနစ်ရာ အထိ မြင့်တက်လာခဲ့သည်။
ထိုနေ့ နေ့ခင်းပိုင်းတွင် ကြိုးကြာဖြူ တစ်ကောင် ချူဖုန်း၏ ခြံဝင်းထဲသို့ ဆင်းသက်လာသည်။
၎င်းက နှုတ်သီးကို ဖွင့်ကာ ပြောလိုက်သည်။ “ ဌာနမှူးချူ... ကျောင်းအုပ်ကြီးက နောက်ထပ် ခုနစ်ရက်ကြာ နေ့လည်ဘက် မဟာခန်းမကြီးထဲမှာ အစည်းအဝေး တစ်ခု ကျင်းပပါလိမ့်မယ်။ သေချာပေါက် တက်ရောက်ပေးပါ “
“ သတင်းပို့ပေးတဲ့အတွက် ကျေးဇူးပါပဲ။ ငါ အချိန်မီ ရောက်အောင် လာခဲ့မယ် “
ထို့နောက် ချူဖုန်းသည် သူ၏ သိုလှောင်အိတ်ထဲမှ စစ်မှန်ကံကြမ္မာအဆင့် အသား တစ်တုံးကို ထုတ်ယူကာ ကမ်းပေးလိုက်သည်။
အသားကို မြင်သောအခါ ကြိုးကြာငှက်၏ မျက်လုံးများ တောက်ပသွားသည်။ ၎င်းက လက်ဆောင်တစ်ခု ပေးရန် သွယ်ဝိုက်ပြီး သဲလွန်စ ပြဖို့ ရည်ရွယ်ထားခဲ့သော်လည်း ချူဖုန်းက အလွန် ပါးနပ်သဖြင့် မတောင်းဘဲ ရလိုက်သည်။
၎င်းက အသားကို တစ်လုတ်တည်း မျိုချလိုက်ပြီး သူ၏ ဗိုက်ကို ပုတ်ကာ ပြောလိုက်သည်။ “ ဌာနမှူးချူ... ခင်ဗျားက တော်တော် အကင်းပါးတာပဲ “
ထိုသို့ပြောပြီးနောက် ကြိုးကြာငှက်သည် တောင်ပံများကို ခတ်ကာ ကောင်းကင်ယံသို့ ပျံသန်းသွားတော့သည်။
ကြိုးကြာငှက် ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ချူဖုန်း တီးတိုးရေရွတ်လိုက်သည်။ “ ကျောင်းအုပ်ကြီးက ဘယ်လို အရေးကြီးတဲ့ ကိစ္စမျိုးကို ဆွေးနွေးချင်နေတာလဲ မသိဘူး “
“ ကျွန်မ ထင်တာ မမှားဘူးဆိုရင် ထိုက်ရွှီ လျှို့ဝှက်နယ်မြေနဲ့ ပတ်သက်တာ ဖြစ်လောက်တယ် “
အကြီးအကဲပင်း၏ နူးညံ့သော အသံက သူ၏ ဘေးမှ ထွက်ပေါ်လာသည်။
ချူဖုန်းက မေးလိုက်သည်။ “ ထိုက်ရွှီ လျှို့ဝှက်နယ်မြေလား... “
အကြီးအကဲပင်း ဖြည်းညှင်းစွာ ရှင်းပြလာသည်။ “ ဟုတ်တယ်။ ထိုက်ရွှီ လျှို့ဝှက်နယ်မြေက နှစ်တစ်ရာကို တစ်ကြိမ် ပွင့်တယ်။ ပွင့်လာတဲ့ အကြိမ်တိုင်း မြင့်မြတ်နယ်မြေတွေက ပါရမီရှင်တွေ အပြင်းအထန် ပြိုင်ဆိုင်ကြတယ်။ သေးငယ်တဲ့ အင်အားစုတွေက ပါရမီရှင်တွေနဲ့ တစ်ကိုယ်တော်ကျင့်ကြံသူတွေကြားမှာလည်း မကြာခဏဆိုသလို ထူးချွန်တဲ့သူတွေ ပေါ်လာတတ်တယ်။ အဲလိုလူတွေက မြင့်မြတ်နယ်မြေတွေရဲ့ အသိအမှတ်ပြုမှုကိုရပြီး နောက်ဆုံးမှာ မြင့်မြတ်နယ်မြေတွေဆီ ဝင်ခွင့် ရသွားတတ်ကြတယ် “
ချူဖုန်းက မေးလိုက်သည်။ “ ဒါဆိုရင် ထိုက်ရွှီ လျှို့ဝှက်နယ်မြေက ရတနာတွေနဲ့ ပြည့်နေတာပေါ့ “
အကြီးအကဲပင်း ခေါင်းယမ်းလိုက်သည်။ “ စိတ်ဝိညာဉ် ကုန်ကြမ်းပစ္စည်းတွေနဲ့ နတ်ဘုရား လက်နက်တွေတင် မကဘူး။ သူတော်စင် အမွေအနှစ်တွေ စစ်မှန်နတ်ဘုရား အမွေအနှစ်တွေတောင် ရှိသေးတယ်။ ကျွန်မတို့ ဝမ်တောက်ကျောင်းတော်က တပည့်တစ်ယောက်ဆိုရင် တစ်ချိန်တုန်းက ထိုက်ရွှီ လျှို့ဝှက်နယ်မြေထဲကနေ စစ်မှန်နတ်ဘုရား အမွေအနှစ် တစ်ခုကို ရခဲ့ဖူးတယ် “
“ အဓိက မြင့်မြတ်နယ်မြေတွေအတွက်တော့ အမွေအနှစ်တွေက ပစ္စည်းတွေထက် အများကြီး ပိုပြီး တန်ဖိုးရှိတယ်။ လျှို့ဝှက်နယ်မြေထဲကနေ သူတော်စင်အဆင့် အမွေအနှစ် တစ်ခုခုကို ရလာတဲ့ ဘယ်တပည့်ကိုမဆို ကျောင်းတော်က ရက်ရက်ရောရော ဆုချီးမြှင့်တတ်တယ် “
ချူဖုန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။ “ ထိုက်ရွှီ လျှို့ဝှက်နယ်မြေက အဲဒီလောက်တောင် ထူးခြားနေရင် ဘာလို့ မြင့်မြတ်နယ်မြေတွေက မသိမ်းပိုက်ထားကြတာလဲ “
အကြီးအကဲပင်းက ပြန်ဖြေသည်။ “ သူတို့ မလုပ်ချင်လို့ မဟုတ်ဘူး။ မလုပ်နိုင်တာ။ ထိုက်ရွှီ လျှို့ဝှက်နယ်မြေ စပြီး ပေါ်လာတုန်းက သူတော်စင် တချို့က ဝင်ပြီး ထိန်းချုပ်ဖို့ ကြိုးစားခဲ့ဖူးတယ်။ ဒါပေမဲ့ အထဲဝင်လိုက်တာနဲ့ နယ်မြေထဲက စည်းမျဉ်း ဥပဒေတွေကြောင့် အတင်းအကျပ် နှင်ထုတ်ခံခဲ့ရတယ် “
“ အကြိမ်ပေါင်းများစွာ စမ်းသပ်ပြီးတော့ အသက် တစ်ရာအောက် စိတ်ဝိညာဉ်ပြည့်အင့်ခြင်းအဆင့် အောက်မှာရှိတဲ့ ကျင့်ကြံသူတွေပဲ ဝင်ရောက်နိုင်တယ်ဆိုတာ မြင့်မြတ်နယ်မြေတွေက သိသွားကြတယ် “
“ ကောင်းကင်ဇာစ်မြစ်အဆင့် ကျင့်ကြံသူတွေကတော့ ထိုက်ရွှီ လျှို့ဝှက်နယ်မြေကို လုံးဝ မထိန်းချုပ်နိုင်ဘူးလေ။ အဲဒါကြောင့် မြင့်မြတ်နယ်မြေတွေက ပူးပေါင်းဖို့ သဘောတူလိုက်ကြတယ်။ ပါရမီရှင်တွေကို ပျိုးထောင်ပေးဖို့ ရည်ရွယ်ချက်နဲ့ လျှို့ဝှက်နယ်မြေပွင့်လာတိုင်း တစ်ကိုယ်တော်ကျင့်ကြံသူ တစ်ရာကိုလည်း ဝင်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ကြတယ် “
“ အချိန်တွေ ကြာလာတာနဲ့အမျှ ထိုက်ရွှီ လျှို့ဝှက်နယ်မြေက မြင့်မြတ်နယ်မြေတွေက လူငယ်ပါရမီရှင်တွေအတွက် ပထမဆုံး စစ်မှန်တဲ့ တိုက်ပွဲမြေပြင် တစ်ခု ဖြစ်လာခဲ့တာပဲ “
ဤအရာများကို ကြားပြီးနောက် ချူဖုန်း ရယ်မောပြီး တီးတိုးရေရွတ်လိုက်သည်။ “ ဒီ ထိုက်ရွှီ လျှို့ဝှက်နယ်မြေက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။ ချန်းအာနဲ့ အခြားသူတွေက ဒီတစ်ကြိမ် ဘယ်လို ရတနာမျိုးတွေ ရလာမလဲ မသိဘူး “
…
ခုနစ်ရက် ကြာပြီးနောက် ချူဖုန်းသည် မဟာခန်းမကြီး အတွင်းသို့ ရောက်ရှိလာသည်။ သူ ဤနေရာသို့ နောက်ဆုံးအကြိမ် ရောက်ခဲ့သည်မှာ သောင်းပြောင်းပညာရပ်ဌာန၏ ဌာနမှူးအဖြစ် ခန့်အပ်ခံရစဉ်ကပင်။
မျက်စိတစ်မှိတ်အတွင်း နှစ်များစွာ ကုန်လွန်သွားခဲ့ပါပြီ။
‘ အချိန်တွေ ကုန်တာ မြန်လိုက်တာကွာ ‘
“ ရှောင်ဖုန်း “
အနောက်ကနေ ရင်းနှီးနေသော အသံတစ်သံက လှမ်းခေါ်လိုက်သည်။ ချူဖုန်း လှည့်ကြည့်လိုက်သည့်အခါ ဆေးဘုရင်ရွှမ်ဟော့ အပြုံးတစ်ခုဖြင့် ချဉ်းကပ်လာသည်ကို တွေ့လိုက်၏။
“ စီနီယာရွှမ်ဟော့... ဂါရဝပြုပါတယ် “
“ နေ... နေ... အဲဒါတွေ လုပ်မနေနဲ့ ကောင်လေး “ ဆေးဘုရင်သည် ရယ်မောလိုက်၏။
ထို့နောက် သူတို့နှစ်ဦး ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုနေကြသည်။ မကြာမီ ဌာနအသီးသီးမှ ဌာနမှူးများနှင့် အကြီးအကဲကြီးများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
လူစုံသွားသောအခါ ခန်းမထဲတွင် အသံတစ်ခု ထွက်ပေါ်လာသည်။
“ ကျောင်းအုပ်ကြီး ရောက်လာပါပြီ “
ချက်ချင်းပင် စကားပြောသံများ ရပ်တန့်သွားပြီး လူတိုင်းက အသံလာရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
ကျောင်းအုပ်ကြီးက ကြီးကြပ်ရေးမှူး အချို့ ဝန်းရံလျက် ဝင်ရောက်လာပြီး မဟာခန်းမကြီး၏ စင်မြင့်ပေါ်သို့ လျှောက်သွားလိုက်သည်။
“ ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ် “
“ နေ... နေ... အဲဒါတွေ လုပ်မနေကြနဲ့တော့ “
ကျောင်းအုပ်ကြီး ရိုးရှင်းသော စကားအနည်းငယ်ဖြင့် ပြန်လည် တုံ့ပြန်လိုက်ပြီးနောက် ပြောလိုက်သည်။ “ ငါ မင်းတို့ကို ဘာလို့ ဒီကို ခေါ်လိုက်လဲဆိုတာ သိကြမယ်လို့ ထင်တယ်။ ဒီနေ့ ထိုက်ရွှီ လျှို့ဝှက်နယ်မြေ ခရီးစဉ်မှာ ပါဝင်မဲ့သူတွေရဲ့ နာမည်စာရင်းကို ဆုံးဖြတ်ကြမယ်။ ပြီးတော့ အဖွဲ့ကို ဦးဆောင်မဲ့သူတွေကိုပါ ခန့်အပ်သွားမယ် “