ရပ်လိုက်စမ်း ဝမ်ပေါင်လဲ့။ အဲဒီနတ်ဆိုးကျားက နင် ထိရမဲ့အရာ မဟုတ်ဘူး
Vol. 13 Ch. 126
“ရောက်ပြီဆရာ “
ချူဖုန်းသည် ကုတင်ပေါ်မှ ဆက်ခနဲ ထထိုင်လိုက်သည်။
“ အေး။ လာခဲ့မယ် “
သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် သူသည် သောင်းပြောင်းပညာရပ်ဌာနမှ အဖွဲ့ဝင်များကို ဦးဆောင်ကာ ပျံသန်းရေးယာဉ်ပေါ်မှ ဆင်းလာလိုက်သည်။
သူတို့ ဆင်းသက်လိုက်သည့်အခါ ထည်ဝါသော တောင်တန်းများနှင့် စိမ်းလန်းစိုပြည်သော သစ်တောအုပ်ကြီးကို မြင်လိုက်ရသည်။
ဌာနမှူးဟန်ကျန်းသည် ပျံသန်းရေးယာဉ်ကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ သိမ်းဆည်းပြီး တပည့်များကို တစ်ချက် ကြည့်လိုက်၏။
“ ထိုက်ရွှီ လျှို့ဝှက်နယ်မြေ ပွင့်ဖို့ တစ်လ လိုသေးတယ်။ ဒီ တစ်လအတွင်းမှာ မင်းတို့ နေ့ဘက်ဆိုရင် လွတ်လွတ်လပ်လပ် အပြင်ထွက်လို့ရတယ်။ ဒါပေမဲ့ ညဘက်ဆိုရင်တော့ လူစာရင်းစစ်ဖို့ စခန်းကို ပြန်လာရမယ်။ ပြန်မလာတဲ့ ဘယ်သူ့ကိုမဆို ကျောင်းတော်ရဲ့ စည်းမျဉ်းတွေအတိုင်း အပြစ်ပေးမယ်။ နားလည်လား “
“ နားလည်ပါတယ် “
တပည့် တစ်ရာကျော်က တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
“ စခန်းချလိုက်တော့ “
ဌာနမှူးဟန်ကျန်း၏ အမိန့်အတိုင်း တပည့်များသည် တဲများထိုးကာ စခန်းချကြတော့သည်။
တစ်နာရီပင် မပြည့်မီ ဝမ်တောက်ကျောင်းတော်၏ စခန်းတစ်ခုလုံး အပြည့်အဝ တည်ဆောက်ပြီးစီးသွားတော့သည်။
ဌာန တစ်ခုချင်းစီ၏ တဲများကို ခွဲခြားထားပြီး တစ်ခုနှင့်တစ်ခု ဝင်ရောက် မစွက်ဖက်ပေ။
အရာအားလုံး စနစ်တကျ ရှိနေသည်ကို မြင်သောအခါ ချူဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ မင်းတို့ အပြင်ထွက်မယ်ဆိုရင် အုပ်စုလိုက် သွားကြ။ တစ်ယောက်တည်း မသွားနဲ့။ ကိုယ် ကိုင်တွယ်နိုင်မဲ့ ရန်သူနဲ့ တွေ့ရင် တိုက်။ မနိုင်ဘူးဆိုရင် ပြေး။ ပြီးတော့ တကယ် အစွမ်းထက်တဲ့သူနဲ့ တွေ့ရင် ငါပေးထားတဲ့ ကျောက်စိမ်းပြားကို အသက်သွင်းလိုက် “
“ ဟုတ်ကဲ့ပါ “
တပည့်များ ပြန်ဖြေလိုက်ကြသည်။
ထို့နောက် ချူဖုန်းသည် နောက်ထပ် လုပ်ဆောင်ရမည့် အဆင့်များကို မေးမြန်းရန် ဌာနမှူးဟန်ကျန်း၏ တဲဆီသို့ ထွက်သွားသည်။
ချောင်ရို့ချန်က အခြားသူများကို တစ်ချက် ကြည့်လိုက်သည်။
“ တစ်ယောက်ယောက် ထွက်ချင်သေးလား “
ဝမ်ပေါင်လဲ့ ခေါင်းကုတ်လိုက်သည်။
“ စီနီယာအစ်ကို... ကျွန်တော် သခင်မလေး နန်ကုန်းနဲ့ တွေ့ဖို့ ချိန်းထားပြီးပြီ “
“ မင်း ဒီအချိန်ကို စောင့်နေတာ မလား “ ချောင်ရို့ချန်က နောက်ပြောင်လိုက်သည်။
“ ဟီးဟီး “
ဝမ်ပေါင်လဲ့ ရယ်မောလိုက်သည်။
“ စီနီယာအစ်ကို၊ စီနီယာအစ်မ... ကျွန်တော် အရင် သွားနှင့်မယ် “
“ သွား... သွားတော့ “
ချောင်ရို့ချန် သူ့ကို လက်ဝှေ့ယမ်း ပြလိုက်ပြီး သူ၏ဘေးတွင် ရပ်နေသော နှစ်ယောက်ဘက်သို့ လှည့်လိုက်သည်။
ချင်းချင်းနှင့် ရှောင်ချန်းတို့က တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
“ ငါတို့ အပြင်ထွက်ဖို့ အစီအစဉ် မရှိဘူး “
ဟူး...
ချောင်ရို့ချန် သက်ပြင်းချလိုက်သည်။
“ ဒါဆိုလည်း ဆေးပညာဌာနက ညီအစ်ကိုတွေနဲ့ပဲ သွားရတော့မှာပေါ့ “
…
…
“ သခင်မလေး နန်ကုန်း “
အဝေးမှနေ၍ ဝမ်ပေါင်လဲ့သည် နန်ကုန်းယွီနှင့် သူမ၏ အဖွဲ့ကို လှမ်းမြင်လိုက်သည်။
ရင်းနှီးနေသော အသံကို ကြားသောအခါ နန်ကုန်းယွီ၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် လင်းလက်သွားသည်။
“ သခင်လေးဝမ် ရောက်လာပြီပဲ။ အတူတူ သွားကြတာပေါ့ “
“ ကောင်းပါပြီဗျာ “
ဝမ်ပေါင်လဲ့သည် နန်ကုန်းယွီ၏ အဖွဲ့ထဲသို့ အလျင်အမြန် ဝင်ရောက်သွားသည်။
တော်ဝင် မိသားစုမှ ဆင်းသက်လာသူ တစ်ယောက်ပီပီ နန်ကုန်းယွီသည် ဝမ်တောက်ကျောင်းတော်၌ သာမန် နောက်ခံမှ လာသော ပါရမီရှင် ကျင့်ကြံသူ နှစ်ဦးကို တစ်နှစ်အတွင်းမှာပင် သိမ်းသွင်းနိုင်ခဲ့သည်။ ဓားပညာဌာနမှ ကျန်းဟန် နှင့် ခန္ဓာကိုယ်သန့်စင်ခြင်းဌာနမှ ရှုံးခွေ့ တို့ ဖြစ်သည်။
သူတို့သည် နန်ကုန်းယွီ၏ နောက်မှ တိတ်ဆိတ်စွာ လိုက်ပါလာကြပြီး ဝမ်ပေါင်လဲ့အပေါ် မည်သို့မှ မတုံ့ပြန်ပေ။
သူတို့ နှစ်ဦးစလုံးသည် ကျင့်ကြံမှု အဆင့်အရ ဝမ်ပေါင်လဲ့ထက် ပိုမို သန်မာကြသော်လည်း အဆင့်အတန်းမှာ သောင်းပြောင်းပညာရပ်ဌာနမှ ပါရမီရှင်ထက် များစွာ နိမ့်ကျကြောင်းကို နားလည်ထားကြသည်။
စခန်းမှ ထွက်ခွာလာပြီးနောက် အမဲလိုက်ပစ်မှတ်ကို တွေ့ရန် မျှော်လင့်ချက်လေးဖြင့် အဖွဲ့သည် တောင်တန်းများနှင့် သစ်တောများထံသို့ ဦးတည်သွားကြသည်။
နာရီဝက် ကြာပြီးနောက် သူတို့၏ မှော်ရတနာများပေါ်မှ ခပ်နိမ့်နိမ့်လေး ပျံသန်းနေစဉ် စစ်မှန်ကံကြမ္မာအဆင့်နတ်ဆိုးကျား တစ်ကောင်ကို တွေ့လိုက်ကြသည်။
ကျားနတ်ဆိုးကြီးသည် ဆယ်ပေကျော် မြင့်ပြီး ပေသုံးဆယ်ခန့် ရှည်လျားကာ ၎င်း၏ အဝါရောင် သားမွေးများပေါ်တွင် အနက်ရောင် အစင်းကျားများ ဖုံးလွှမ်းနေ၏။ခြေလှမ်းတိုင်းတွင် လေပြင်းများ ဝေ့ဝဲ တိုက်ခတ်နေပြီး ထိုနေရာတွင် ရပ်နေသည့်ပုံစံက တောင်ငယ်လေးတစ်လုံးအလားပင်။
အဝေးမှနေ၍ပင် ကျားနတ်ဆိုးထံမှ ဖြာထွက်နေသော ဖိအားသည် သူတို့ကို မသက်မသာ ဖြစ်သွားစေသည်။
နန်ကုန်းယွီ တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။
“ စစ်မှန်ကံကြမ္မာ အလယ်အလတ်အဆင့် ကျားနတ်ဆိုးပဲ။ ကျွန်မတို့ လေးယောက် ပူးပေါင်းရင် သတ်နိုင်လောက်တယ် “
ဝမ်ပေါင်လဲ့ ပြုံးလိုက်သည်။
“ အဲဒီကောင်က စားလို့ကောင်းမဲ့ပုံပဲ။ သတ်ပြီးသွားရင် အားလုံးအတွက် စိတ်ဝိညာဉ်ဟင်းလျာ တစ်ခွက် ချက်ကျွေးမယ် “
ထိုစကားကြောင့် အခြားသူများ၏ မျက်လုံးများ တောက်ပသွားသည်။
စိတ်ဝိညာဉ်ဟင်းက ကျားနတ်ဆိုးသား၏ အနှစ်သာရကို ပိုမို ထိရောက်စွာ စုပ်ယူနိုင်ရန် ကူညီပေးသည်။ အမဲလိုက်၍ ရရှိလာသည်ကို သူတို့အချင်းချင်း ခွဲဝေယူခြင်းထက် ဟင်းတစ်ခွက်အဖြစ် စားသောက်ရခြင်းက ပိုကောင်းပေမည်။
နန်ကုန်းယွီက ပြောလိုက်သည်။
“ ကျွန်မတို့ အရပ်လေးမျက်နှာကနေ ဝိုင်းတိုက်မယ်။ သူ့ကို ထွက်ပြေးခွင့် မပေးနဲ့ “
“ နားလည်ပါပြီ “
လေးယောက်သား တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။
အနက်ရောင် ကျားနတ်ဆိုးသည် အန္တရာယ်ခံစားနိုင်စွမ်း မြင့်မားလှသည်။ ဝမ်ပေါင်လဲ့၏ အဖွဲ့က မဝိုင်းရသေးခင်မှာပင် သူတို့ ချဉ်းကပ်လာသည်ကို ၎င်းက အာရုံခံမိနေပြီ ဖြစ်သည်။
ဝေါင်း...
အနက်ရောင် ကျားနတ်ဆိုးက မိုးခြိမ်းသံအလား ကျယ်လောင်စွာ ဟိန်းဟောက်လိုက်ပြီး ၎င်း၏ လွှမ်းမိုးနိုင်သော အရှိန်အဝါကို ထုတ်လွှတ်လိုက်သည်။
လီဒါဇင်ပေါင်းများစွာအကွာ ပတ်ဝန်းကျင်မှ နတ်ဆိုးသားရဲများသည် ထိုဟိန်းဟောက်သံကြောင့် အလွန် ထိတ်လန့်သွားကြပြီး သူတို့၏ ဂူထဲသို့ ပြန်ဝင်သွားကြသည်။
သူတို့ထဲမှ အများစုက ဇဝေဇဝါ ဖြစ်သွားကြသည်။ ‘တောင်ဘုရင်က ဘာဖြစ်နေတာလဲ အစာမဝလို့များလား ‘
“ တိုက် “
သူတို့ ခြုံခိုတိုက်ခိုက်မည့်အကြောင်း ပေါ်သွားသောအခါ နန်ကုန်းယွီက ပြတ်သားစွာ အော်ဟစ်လိုက်သည်။
ဝမ်ပေါင်လဲ့နှင့် အခြားနှစ်ယောက်သည် ချက်ချင်း တိုက်ခိုက်ကြတော့သည်။
မျက်စိတစ်မှိတ်အတွင်း ဓားမနှင့် ဓားအရှိန်အဝါများက အနက်ရောင် ကျားနတ်ဆိုးထံသို့ ကောင်းကင်ယံမှ မိုးရွာချသည့်အလား ကျဆင်းလာသည်။
နတ်ဆိုးကျားက သူ၏ ဧရာမ လက်ဝါးကြီးကို လွှဲယမ်းလိုက်သည်။ လှုပ်ရှားမှုက ရိုးရှင်းပုံ ပေါ်သော်လည်း အနက်ရောင် နတ်ဆိုးလေပြင်းများ ရောယှက် ပါဝင်နေသည်။
ဘုန်း...
နတ်ဆိုးသားရဲများနှင့် ရင်ဆိုင်ရချိန်တွင် အကဲစမ်းနေရန် မလိုအပ်ပေ။ အစွမ်းကုန် တိုက်ခိုက်ရန်သာ လိုအပ်သည်။ အစမှာတည်းက သူတို့ လေးယောက်သည် ကျားနတ်ဆိုးနှင့် အသေအကြေ တိုက်ပွဲဝင်နေကြသည်။
တောင်ထိပ်သည် ပရမ်းပတာဖြစ်လာတော့သည်။ သားရဲတစ်ကောင်နှင့် ကျင့်ကြံသူ လေးယောက်တို့ကြောင့် ဖြစ်ပေါ်လာသော ဆူညံသံက အနီးနားရှိ နတ်ဆိုးသားရဲများနှင့် လူသား ကျင့်ကြံသူများ၏ အာရုံကို ဆွဲဆောင်သွားသည်။
သူတို့ထဲမှသည် ဆူညံသံ ထွက်ပေါ်လာရာဆီသို့ စတင် ပြေးလာကြသည်။
အနက်ရောင် ကျားနတ်ဆိုးသည် ဤတောင်၏ အရှင်သခင် ဖြစ်သော်လည်း ဝမ်တောက်ကျောင်းတော်မှ ပါရမီရှင်များနှင့် ရင်ဆိုင်ရချိန်တွင် လျင်မြန်စွာပင် သူ၏အားသာချက်ကို ဆုံးရှုံးသွားသည်။
ပြင်းထန်သော တိုက်ခိုက်မှုများကို ခံလိုက်ရပြီးနောက် ကျားနတ်ဆိုးက ရုတ်တရက် အမြီးကို လွှဲယမ်းကာ ဝမ်ပေါင်လဲ့၏ အဖွဲ့ကို နောက်ဆုတ်သွားအောင်လုပ်ပြီး လေပြင်းတစ်ချက်အဖြစ် ပြောင်းလဲကာ နက်ရှိုင်းသည့် တောင်တန်းများထဲသို့ ပြေးဝင်သွားတော့သည်။
ဝမ်ပေါင်လဲ့နှင့် အခြားသူများသည် သူတို့၏ သားကောင်ကို အလွတ်ခံရန် ဆန္ဒမရှိကြသဖြင့် ချက်ချင်း လိုက်လံ ဖမ်းဆီးကြသည်။
သူတို့ လိုက်လံ ဖမ်းဆီးရင်း လက်နက်များဖြင့်လည်း ဆက်လက် ခုတ်ပိုင်းနေကြသည်။
နန်ကုန်းယွီသည် သူမ၏ ဝတ်ရုံထဲမှ ဓားအဆောင် တစ်ခုကို ထုတ်ယူလိုက်သည်။ သူမက ၎င်းကို ချေမွလိုက်ရာ ဖြောင်းခနဲ အသံနှင့်အတူ ဓားချီတစ်တန်းက လျှပ်စီးပမာ စောင့်ထွက်သွားပြီး ထွက်ပြေးနေသော ကျားနတ်ဆိုးထံသို့ တည့်မတ်စွာ ပျံသန်းသွားသည်။
ကလန်။
ဓားအလင်းတန်းက ကောင်းကင်ကို ဆုတ်ဖြဲသွားသည်။ စက္ကူကို ဖြတ်တောက်လိုက်သည့်အလား ၎င်းက အနက်ရောင် လေပြင်းကို အားစိုက်စရာမလိုဘဲ ဖြတ်တောက်လိုက်သည်။ အနက်ရောင် ပုံရိပ်တစ်ခု ကောင်းကင်ယံမှ ပြုတ်ကျလာသည်။
ဝမ်ပေါင်လဲ့၏ အဖွဲ့က ကျားနတ်ဆိုး ပြုတ်ကျသွားသော နေရာဆီသို့ ပြေးသွားကြသည်။
သူတို့ လိုက်မီသွားသောအခါ တွင်းကြီးတစ်ခု၏ အလယ်တွင် မလှုပ်မယှက် လဲကျနေသော အနက်ရောင် ကျားနတ်ဆိုးကို တွေ့လိုက်ရသည်။
“ ကျွန်တော် အရင် သွားစစ်လိုက်မယ် “ ရှုံးခွေ့က ပြောလိုက်သည်။
“ မဟုတ်ဘူး၊ ကျွန်တော့်ကို လုပ်ခွင့်ပေး “ ဝမ်ပေါင်လဲ့က ငြင်းပယ်လိုက်သည်။ “ ခင်ဗျားတို့ သုံးယောက်က ပတ်ဝန်းကျင်ကို ထိန်းထား။ ထွက်ပြေးမဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ပြီး ပုန်းဖို့ နေရာ ကောင်းတစ်ခုကို ရှာထားကြ “
ရှုံးခွေ့က နန်ကုန်းယွီကို တစ်ချက် ကြည့်လိုက်သည်။
သူမ ခေါင်းအသာညိတ်လိုက်သည်။
“ ဒါဆိုလည်း ပြီးတာပါပဲ။ သတိထားပါ သခင်လေးဝမ် “
“ စိတ်မပူပါနဲ့။ ကျွန်တော့်ဆီမှာ ဆရာပေးထားတဲ့ ရတနာတစ်ခု ရှိတယ်။ ဒီ ကျားနတ်ဆိုးက ကျွန်တော့်ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး “
ထိုသို့ပြောပြီးနောက် ဝမ်ပေါင်လဲ့သည် ကျားနတ်ဆိုးဆီသို့ လျှောက်သွားလိုက်သည်။
သူ၏ ယုံကြည်မှုရှိသော စကားများကို ကြားသောအခါ အခြားသုံးယောက် တိတ်ဆိတ်သွားကြသည်။
ဝမ်ပေါင်လဲ့က ကျားနတ်ဆိုးထံသို့ ဖြည်းညှင်းစွာ ချဉ်းကပ်သွားပြီး သုံးပေအကွာသို့ ရောက်သောအခါ သူ၏ ဓားမကြီးကို ရုတ်တရက် လွှဲယမ်းလိုက်သည်။
ဓားသွားက လျှပ်စီးကဲ့သို့ တောက်ပသွားသည်။ နောက်ဆုံး ထွက်သက်ကို ရှုရှိုက်နေကာ အသေခံတိုက်ခိုက်ရန် စီစဉ်နေသော ကျားနတ်ဆိုးမှာ ချက်ချင်း ခေါင်းဖြတ်ခံလိုက်ရတော့သည်။
အဝေးမှ ကြည့်နေသော သုံးယောက်၏ အမူအရာများက ပြောင်းလဲသွားကြသည်။ နန်ကုန်းယွီက တခစ်ခစ် ရယ်မောလိုက်သည်။
“ သခင်လေးဝမ်က အရင်ကလို သတိကြီးတုန်းပဲ။ အဲဒီ ကျားနတ်ဆိုးက သူ့ကို ချုံခိုတိုက်ခိုက်ဖို့ အခွင့်အရေးတောင် မရလိုက်ဘူး “
ရှုံးခွေ့ “…”
ကျန်းဟန် “…”
ဝမ်ပေါင်လဲ့က ကျားနတ်ဆိုး၏ အလောင်းဘေးသို့ ခုန်သွားပြီး ၎င်းကို မယူရန် ပြင်လိုက်စဉ်မှာပင် အထင်အမြင်သေးမှု အပြည့်ပါသည့် အသံတစ်သံက အနားက သစ်တောထဲမှ ထွက်လာသည်။
“ ရပ်လိုက်စမ်း။ ဝမ်ပေါင်လဲ့... အဲဒီ ကျားနတ်ဆိုးက နင့်ဟာ မဟုတ်ဘူး “
ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်သွားပြီး အသံလာရာဘက်သို့ အလိုလို လှည့်ကြည့်လိုက်မိလေသည်။
သစ်ပင်များကြားမှ လူငယ်တစ်စု ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။ သို့သော် ဝမ်ပေါင်လဲ့က သူတို့ထဲမှ မိန်းကလေး တစ်ယောက်ကို မြင်လိုက်ရပြီး သူ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားတော့သည်။