← Chapters

ဘယ်သူက ငါတို့ ဝမ်တောက်ကျောင်းတော်ရဲ့ စွမ်းအားကို မြင်ချင်နေတာလဲ

Vol. 13 Ch. 127

ဘယ်သူက ငါတို့ ဝမ်တောက်ကျောင်းတော်ရဲ့ စွမ်းအားကို မြင်ချင်နေတာလဲ

Vol. 13 Ch. 127

“ ချစ်ဇနီး... ယွီလင်း “

ဝမ်ပေါင်လဲ့က လူအုပ်ထဲမှ ဆွဲဆောင်မှုရှိသည့် မိန်းမလှလေးကို စိုက်ကြည့်နေသည်။ ထိုမိန်းမလှ‌လေးသည် ကျက်သရေရှိသည့် တော်ဝင်ဝတ်စုံကို ဝတ်ဆင်ထား၏။ သူမကို မြင်လိုက်ရသည့်အခိုက်မှာပင် သူ၏ နှုတ်မှ စကားလုံးများ အလိုလို ထွက်ကျလာသည်။

သူ ချစ်ဇနီး ဟု ခေါ်လိုက်သည့် အခိုက်အတန့်တွင် တစ်နေရာလုံး တိတ်ဆိတ်သွားတော့သည်။

စကားပြောရန် ပြင်နေသော နန်ကုန်းယွီနှင့် နောက်လိုက်နှစ်ယောက်မှာ နေရာမှာတင် အေးခဲသွားကြ၏။ ရှုံးခွေ့နှင့် ကျန်းဟန်တို့က နန်ကုန်းယွီ၏ ခေါင်းထိပ်ကို မော့ကြည့်လိုက်မိကြသည်။ အကြောင်းရင်း တစ်ခုကြောင့် ဤအချိန်တွင် သူမ၏ ခေါင်းပေါ်က ကျောက်စိမ်းဆံထိုးမှာ အတော်လေး မျက်စိဖမ်းစားဖွယ် လှပနေသည်။

ဝမ်ယွီလင်းသည် မကြားရသည်မှာ ကြာပြီဖြစ်သော ထိုအသံကို ကြားလိုက်ရသောအခါ သူမ၏ မျက်နှာသည် အရှက်တရားနှင့် ဒေါသတို့ကြောင့် နီမြန်းသွား၏။

“ ဝမ်ပေါင်လဲ့။ ငါ နင့်ကို ဘယ်နှစ်ခါ ပြောရမလဲ။ ငါက နင့်မိန်းမ မဟုတ်ဘူး။ အဲဒါက ငါတို့ ဘိုးဘေးတွေ စီစဉ်ခဲ့တဲ့ လက်ထပ်ပွဲသက်သက်ပဲ။ နင် ငါ့နာမည်ကိုတောင် တပ်ခေါ်ခွင့်မရှိဘူး “

“ နင့်နေရာ နင်မှတ်ထားစမ်း။ နင်က ဝမ်မိသားစုက မွေးစားထားတဲ့သူ၊ မွေးစားသား တစ်ယောက်ထက် မပိုဘူး “

“ ငါ... “ ဝမ်ပေါင်လဲ့ ရှင်းပြချင်သော်လည်း နောက်ဆုံးတွင် တိတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်သည်။ သူတို့၏ ဆက်ဆံရေးက အမြဲတမ်း ဤကဲ့သို့ပင် ဖြစ်သည်။

ထို့အပြင် ဝမ်ပေါင်လဲ့သည် ဤနှစ်များတစ်လျှောက်လုံး အခြားသူတစ်ဦး၏ အမိုးအောက်တွင် နေထိုင်ခဲ့ရသည်။ ဝမ်ယွီလင်း၏ ရှေ့တွင် သူသည် သိမ်ငယ်သလို ခံစားရ၏။

“ နင် ဘာတွေလုပ်နေတာလဲ။ ခွဲနေရတဲ့ နှစ်အနည်းငယ် အတွင်းမှာ ခိုးပါ ခိုးတတ်နေပြီပေါ့လေ “

ဝမ်ပေါင်လဲ့၏ အညံ့ခံသော ပုံစံကို မြင်သောအခါ ဝမ်ယွီလင်းသည် ရုတ်တရက် အနိုင်ပိုင်းလိုက်ရသလို ခံစားလိုက်ရ၏။

ဝမ်ပေါင်လဲ့ အလျင်အမြန် ရှင်းပြလိုက်သည်။ “ ငါ ဘာမှမခိုးဘူး။ ဒီ ကျားနတ်ဆိုးက ငါတို့ သတ်လိုက်တာ “

“ ဟမ့် “

ဝမ်ယွီလင်းက သရော်လိုက်သည်။ “ ဝမ်ပေါင်လဲ့... နင် ပိုပြီး အတင့်ရဲလာတာပဲ။ ခိုးရုံတင် မကဘူး။ ပြန်ပါ ခံပြောရဲနေပြီပေါ့။ နင့်ရဲ့ သုံးစားမရတဲ့ စွမ်းရည်နဲ့ ဒီကျားနတ်ဆိုးကို သတ်နိုင်တယ်လို့ ပြောရဲတယ်ပေါ့လေ “

အဖွဲ့များကြားတွင် သူမ၏နေရာက နိမ့်ကျပါသည်။ ယခု ကြွားရန် အခွင့်အရေး ရလာပြီဖြစ်ရာ သဘာဝကျကျပင် ၎င်းကို လက်လွတ်မည်မဟုတ်‌ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့က သူမ၏ ခြေနင်းကျောက်တုံးဖြစ်လာရမည်။

သူမ၏ စကားကို ကြားသောအခါ အဖော်များသည် ဝမ်ပေါင်လဲ့ကို အထင်အမြင်သေးသော အကြည့်များဖြင့် စတင် ကြည့်လာကြသည်။

မြင့်မြတ်သည့်ဟန်ဖြင့် မာနကြီးပြီး ချောမောသည့် လူငယ်လေးသည် ဝမ်ပေါင်လဲ့ကို အထက်စီးမှ ငုံ့ကြည့်လိုက်သည်။

“ ညီငယ်လေး... ငါက လော့ဟယ်မျိုးနွယ်က စီမာရွေ့ ပဲ။ ယွီလင်းနဲ့ မင်းရဲ့ ရင်းနှီးမှုကြောင့် ဒီကနေ မြန်မြန် ထွက်သွားဖို့ အကြံပေးမယ်။ ဒီနေရာက မင်းလို လူမျိုးနဲ့ မသက်ဆိုင်ဘူး “

သူ ပြောပြီးသည်နှင့် သူတို့၏ မျက်နှာချင်းဆိုင် သစ်တောထဲမှ မောက်မာသည့် အသံတစ်သံထွက်ပေါ်လာ၏။

“ မောက်မာလိုက်တဲ့ လော့ဟယ်မျိုးနွယ်ပါလား။ မသိတဲ့သူ ဆိုရင် ထိုက်ရွှီ တောင်တန်းက နင်တို့လို သူတော်စင်တစ်ပိုင်း မျိုးနွယ်စုလေး ပိုင်တယ်လို့တောင် ထင်သွားဦးမယ် “

ထိုအသံကို ကြားသောအခါ လူတိုင်း၏ အမူအရာမှာ ပြောင်းလဲသွားသည်။ စီမာရွေ့၏ မျက်နှာက ပျက်ယွင်းသွားရသည်။ လူမမြင်ရသေးသော်လည်း ထွက်လာသည့်အသံသည် သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ခြင်းပေ။

သူ အေးစက်စွာ ပြောလိုက်သည်။ “ တော်တော် မာနကြီးပါလား မိတ်ဆွေ။ ခင်ဗျားမှာ သတ္တိရှိရင် ထွက်လာခဲ့စမ်းပါ။ ကြွက်တစ်ကောင်လို အရိပ်ထဲမှာ ပုန်းနေပြီးတော့ သတ္တိကြောင်မနေပါနဲ့ “

“ နင်က ငါတို့ရဲ့ အင်အားကို မြင်ချင်နေတယ်ပေါ့ “

နန်ကုန်းယွီ၊ ကျန်းဟန် နှင့် ရှုံးခွေ့ တို့သည် ဝမ်ပေါင်လဲ့၏ ဘေးတွင် ပေါ်လာကြသည်။ သူတို့ဆီမှ စစ်မှန်ကံကြမ္မာအဆင့် ဖိအားများ ထွက်ပေါ်လာသည်။

နန်ကုန်းယွီသည် မြင့်မြတ်အနွယ်ဝင်တို့၏ အရှိန်အဝါများ ထုတ်လွှတ်နေပြီး လှုပ်ရှားမှုတိုင်းတွင် အမိန့်ပေးရန် မွေးဖွားလာသည့်သူတစ်ယောက်အလား။

ကျန်းဟန်နှင့် ရှုံးခွေ့တို့သည် သာမန်နောက်ခံမှ ဆင်းသက်လာကြသော်လည်း ဝမ်တောက်ကျောင်းတော်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သည်။ သို့ဖြစ်၍ မြင့်မြတ်နယ်မြေမှ မဟုတ်သော တပည့်များနှင့် ရင်ဆိုင်ရချိန်တွင် သာလွန်ပေသည်။

စီမာရွေ့သည် သူ့ရှေ့ ကသုံးယောက်ကို မျက်မှောင်ကုတ်ပြီး ကြည့်လိုက်သည်။ သူသည် သူ၏ အဖွဲ့ထဲတွင် အစွမ်းအထက်ဆုံး ဖြစ်ပြီး စစ်မှန်ကံကြမ္မာအဆင့်သို့ ယခုမှ ရောက်ရှိထားခြင်း ဖြစ်သည်။

သို့သော် ယခုအခါ စစ်မှန်ကံကြမ္မာအဆင့် ပညာရှင် သုံးယောက် တစ်ပြိုင်နက် ပေါ်လာသည်။ အကယ်၍ တိုက်ပွဲ ဖြစ်ပွားခဲ့ပါက သူတို့ဘက်က အရေးမသာပေ။

သူ့အနားက အဖွဲ့သားများသည် ထိုသုံးဦးထံမှ ဖိအားကို ခံစားမိပြီး ဝမ်ယွီလင်းနှင့် ခပ်ခွာခွာ နေလိုက်ကြသည်။

သူ အံကြိတ်လိုက်သည်။ “ ဒါက ဝမ်မိသားစုရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စလေ။ ခင်ဗျားတို့ ဝင်စွက်ဖက်မလို့လား “

“ ဟက် “

နန်ကုန်းယွီ ရယ်မောလိုက်သည်။ “ ဝမ်မိသားစု။ အဲတော့ ဘာဖြစ်လဲ။ သူတို့က ဝမ်တောက်ကျောင်းတော်ရဲ့ တပည့်တစ်ယောက်ကို စော်ကားချင်တိုင်း စော်ကားလို့ ရတယ် ထင်နေတာလား။ ဒါမှမဟုတ် နင်တို့ လော့ဟယ် မျိုးနွယ်ကရော ဝင်စွက်ဖက်ဖို့ စီစဉ်နေတာလား “

“ တကယ်လို့ အဲဒီလိုသာ ဆိုရင် ငါက ငါ့ဓားနဲ့ မိတ်ဆက်ပေးဖို့ အဆင်ပြေတယ်နော် “

စကားပြောနေရင်း နန်ကုန်းယွီသည် သူမ၏ တန်ဖိုးကြီး ဓားကို ဓားအိမ်ထဲမှ တစ်လက်မခန့် ဆွဲထုတ်လိုက်သည်။ သူမ၏ လှပသော မျက်လုံးများထဲတွင် အေးစက်သော အရောင်တစ်ချက် တောက်ပသွားသည်။

နန်းတော်ထဲတွင် ကြီးပြင်းလာသူပီပီ ထိုအမျိုးသမီးနှင့် ဝမ်ပေါင်လဲ့တို့၏ အပြန်အလှန် ပြောဆိုမှုများမှတစ်ဆင့် ဝမ်ပေါင်လဲ့နှင့် တစ်ဖက်မိန်းကလေးကြား ဆက်ဆံရေးမှာ အဆင်မပြေကြောင်း ချက်ချင်း နားလည်သွားသည်။ ထိုအမျိုးသမီးက သူ့အပေါ် မည်သည့် ခံစားချက်မျှ မရှိကြောင်း ရှင်းလင်းနေသည်။

အကယ်၍ သူမက မျက်နှာသာရရန် ယခု မလုပ်လျှင် ဘယ်အချိန် လုပ်ရတော့မည်နည်း။

“ ဝမ်တောက်ကျောင်းတော် “

“ နန်ကုန်းယွီ “

စီမာရွေ့၏ အဖွဲ့ထဲမှ အလန့်တကြား အော်ဟစ်သံများ ထွက်ပေါ်လာသည်။ ဝမ်ပေါင်လဲ့နှင့် သူ၏ အဖော်များကို ကြည့်သော အကြည့်များတွင် ကြောက်ရွံ့လေးစားမှုများ ပြည့်နှက်သွားသည်။ သူတို့ထဲမှ အများစုမှာ လော့ဟယ် မျိုးနွယ်စု၏ လက်အောက်ခံများသာ ဖြစ်ကြသည်။ ဝမ်တောက်ကျောင်းတော်ကဲ့သို့ ဧရာမ အင်အားစုကြီးကို ရန်စရန် မည်သို့ တတ်နိုင်မည်နည်း။

“ မင်း... မင်းက မဟာယွီ မင်းဆက်က ပါရမီရှင် မလား “

စီမာရွေ့သည် နန်ကုန်းယွီကို ထိတ်လန့်တကြား ကြည့်ကာ ခြေလှမ်းတစ်ဝက်ခန့် နောက်ဆုတ်သွားမိသည်။

“ အခု သိသွားပြီဆိုတော့ ထွက်သွားတော့။ မဟုတ်မှလွဲရော အခုထိ ငါတို့ရဲ့ သားကောင်ကို လုဖို့ စဉ်းစားနေသေးတာလား “ နန်ကုန်းယွီ အေးစက်စွာ ပြောလိုက်သည်။

“ ငါတို့ သွားမယ်။ အခုချက်ချင်း သွားကြမယ် “

စီမာရွေ့သည် တစ်စက္ကန့်လေးမျှတောင် ထပ်မနေရဲတော့ဘဲ ချက်ချင်း ထွက်သွားသည်။

ဝမ်ယွီလင်းမှာ ထိုမြင်ကွင်းကြောင့် လုံးဝ မှင်တက်သွားသည်။ အကယ်၍ အမျိုးသမီး အဖော်တစ်ယောက်က သူမကို ဆွဲမခေါ်သွားခဲ့လျှင် ပြေးရန်ပင် မေ့နေလိမ့်ပေမည်။

အချိန်အတန်ကြာမှသာ စီမာရွေ့၏ အဖွဲ့သည် ပြေး နေတာ ရပ်လိုက်ပြီး အမောတကော အသက်ရှူနေကြသည်။

ဟူး... ဟူး...

လူတိုင်းက ဝမ်ယွီလင်းကို လှည့်ကြည့်လိုက်ကြသည်။ထိုအကြည့်များတွင် စပ်စုလိုစိတ်၊ဒေါသနှင့် မကျေနပ်မှုများ ပါဝင်သည်။

ထိုအကြည့်များအောက်တွင် ဝမ်ယွီလင်း အလွန် နေရခက်သွားသည်။ ထိုအခိုက် သူမ၏ စိတ်ပျက်မှုနှင့် နာကြည်းမှုများ တစ်ပြိုင်နက် ပေါက်ကွဲထွက်လာသည်။

“ ဘာလို့ အားလုံးက ငါ့ကို အဲဒီလို လိုက်ကြည့်နေကြတာလဲ။ ဝမ်ပေါင်လဲ့က ဝမ်မိသားစုက အစေခံ တစ်ယောက် သက်သက်ပဲ။ တကယ်လို့ ငါတို့သာ သူ့ကို မကျွေးထားရင် သူ သေသွားတာ ကြာလောက်ပြီ။ ငါတို့ မိသားစုရဲ့ ဘိုးဘေးက ဘာဖြစ်လို့ သူ့လို လူမျိုးနဲ့ လက်ထပ်ဖို့ စီစဉ်ခဲ့တာလဲ မသိဘူး။ ပြောစမ်းပါ နင်တို့ကရော အိမ်က အစေခံ တစ်ယောက်ကို လက်ထပ်ဖို့ ဆန္ဒရှိမှာမို့လို့လား “

ထိုစကားများကြောင့် လူတိုင်း တိတ်ဆိတ်သွားကြသည်။ သူတို့ကိုယ်သူတို့ ရိုးသားစွာ မေးလိုက်ကြသည်။ အဖြေကတော့ လက်မထပ်နိုင်ဘူးဟူ၍ပင်။ သူတို့က ကိုယ့်အိမ်ကို မှီခို‌ပြီး ရှင်သန်နေရသော ကပ်ပါးကောင်တစ်ကောင်ကို လက်မထပ်နိုင်ပေ။

မကြာမီ တစ်ယောက်ယောက်က တီးတိုးရေရွတ်လိုက်သည်။ “ ဒါပေမဲ့လည်း အဲဒီ ဝမ်ပေါင်လဲ့က ဝမ်တောက်ကျောင်းတော်ကို တကယ် ဝင်ခွင့်ရသွားတာဆိုတော့ တော်တော် ကံကောင်းတာပဲ “

ဝမ်ယွီလင်း၏ ဘေးတွင် ရပ်နေသော စီမာယန်က သရော်လိုက်သည်။ “ ငါတော့ သူ နန်ကုန်းယွီကို ဖားယားပြီး ဝင်ခွင့်ရထားတယ်ပဲ ထင်တယ်။ မဟုတ်ရင် ဝမ်မိသားစုမှာ သူ့ရဲ့ အဆင့်အတန်းနဲ့ ဝမ်တောက်ကျောင်းတော်ရဲ့ ဝင်ခွင့် စမ်းသပ်မှုကို ဘယ်လိုလုပ် အောင်မြင်နိုင်မှာလဲ “

လူအုပ်ကြီးက ချက်ချင်းပင် အထင်အမြင်သေးသွားကြသည်။ မနာလိုလည်း ဖြစ်သွားကြ၏။ ဘာပဲဖြစ်ဖြစ် ဝမ်တောက်ကျောင်းတော်သည် သူတို့အမြင်တွင် မြင့်မြတ်နယ်မြေတစ်ခု ဖြစ်သည်။

၎င်းကို ကြားသောအခါ စီမာရွေ့သည်လည်း အနည်းငယ် ဒေါသပြေသွားသည်။ “ မဝမ်းနည်းပါနဲ့ သခင်မလေးဝမ်။ သူက မိန်းမထဘီနားခိုစားနေတဲ့ကောင်။ မင်းရဲ့ ပါရမီနဲ့ဆိုရင် ဝမ်ပေါင်လဲ့လို အလွယ်လိုက်တဲ့ကောင်က တစ်သက်လုံး ယှဉ်နိုင်မှာ မဟုတ်ဘူး “

ဤ နှစ်သိမ့်စကားများကို ကြားသောအခါ ဝမ်ယွီလင်း အံကြိတ်ကာ တီးတိုးရေရွတ်လိုက်သည်။ “ ကျွန်မ အဆင့်တက်ပြီးလို့ အိမ်ပြန်ရင် ဒီစေ့စပ်ပွဲကို ဖျက်သိမ်းပေးဖို့ ဘိုးဘေးဆီမှာ တောင်းပန်ရမယ် “

အခြားတစ်ဖက်တွင် ဝမ်ပေါင်လဲ့သည် ဖြစ်ပျက်ခဲ့သမျှအတွက် စိတ်မကောင်း ဖြစ်နေဆဲပင်။ သူက အရည်အချင်း မရှိသောကြောင့် ယွီလင်းက သူ့ကို မနှစ်သက်ခြင်း ဖြစ်မည်ဟု တစ်ချိန်က ထင်ခဲ့ဖူးသည်။

သို့သော် ယခု ဝမ်တောက်ကျောင်းတော်၏ အဓိကတပည့် တစ်ယောက် ဖြစ်နေသည့်တိုင်အောင် သူမက သူ့ကို အထင်အမြင်သေးနေဆဲလား။

ကျားနက်အသားကို ချက်ပြုတ်စားသောက်ပြီးစီးသွားသောအခါ အဖွဲ့သည် စခန်းသို့ ပြန်လာခဲ့ကြသည်။

ဝမ်ပေါင်လဲ့ စခန်းထဲသို့ ခြေချလိုက်သည်နှင့် အရက်သောက်ပြီး ပြန်လာသော ချူဖုန်းနှင့် ဆုံသွားသည်။

“ တပည့်က ဆရာ့ကို ဂါရဝပြုပါတယ် “

ချူဖုန်း ဝမ်ပေါင်လဲ့ကို ကြည့်လိုက်သည်။ သူ့တပည့်‌လေး မျက်နှာပျက်နေသည်ကို မြင်သောအခါ သူက မေးလိုက်သည် “ ဖက်တီးလေး... ဘာဖြစ်လို့လဲ။ တစ်ခေါက်လောက် အပြင်ထွက်သွားပြီး ပြန်လာတာ အသုဘအိမ်က ပြန်လာတဲ့ ရုပ်နဲ့။ မင်းနဲ့ မင်းရဲ့သခင်မလေး နန်ကုန်းတို့ ရန်ဖြစ်လာကြတာလား “

၎င်းကို ကြားသောအခါ ရှောင်ချန်းနှင့် အခြားသူများ အားလုံး ဝမ်ပေါင်လဲ့ကို စပ်စုစွာ ကြည့်လိုက်ကြသည်။

ဝမ်ပေါင်လဲ့ ခေါင်းယမ်းလိုက်သည်။ “ မဟုတ်ပါဘူး... ကျွန်တော့်ရဲ့ဇနီးနဲ့ တွေ့လာလို့ပါ “

“ အို “

ချူဖုန်းသည် အနည်းငယ်မူးနေသည့်အတွက် စပ်စုချင်သွားကာ တက်ကြွစွာ မေးသည်။ “ ဆက်ပြောလေ... အဖြစ်အပျက် အပြည့်အစုံကို ငါတို့ကို ပြောပြချည် “

ဝမ်ပေါင်လဲ့က သူ၏ဆရာနှင့် စီနီယာများကို ဘာကိုမှ မဖုံးကွယ်ခဲ့ပေ။ ယနေ့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို သူ ပြောပြလိုက်သည်။

အားလုံးကို နားထောင်ပြီးနောက် ချူဖုန်း ပြုံးလိုက်ပြီး ဝမ်ပေါင်လဲ့၏ ပခုံးကို ပုတ်လိုက်သည်။ “ ဖက်တီးလေး... ဒါက ကောင်းတဲ့အရာပဲ။ မင်း အပြင်ထွက်တဲ့ အကြိမ်တိုင်း ကံပိုကောင်းလာတယ် “

ကံပိုကောင်းတယ်ဟူသော စကားကို ကြားလိုက်ရသည့် အခါ ဝမ်ပေါင်လဲ့၏ အမူအရာက ကြောင်အသွားတော့သည်။

ရှောင်ချန်းနှင့် အခြားသူများသည်လည်း သိချင်သွား၏။ ချောင်ရို့ချန်သည် အလွန်အမင်း မသက်မသာ ဖြစ်နေသည့်ဟန်ဖြင့် ကိုယ့်ကို ကျုံ့ထားလိုက်မိသည်။

“ ဆရာ... ကျေးဇူးပြုပြီး အဲဒါကို ရှင်းပြပေးပါ။ ဆရာက ကံကောင်းမှု လို့ ပြောလိုက်တာနဲ့ ကျွန်တော့် တစ်ကိုယ်လုံး ယားလာတယ်။ ကျန်တဲ့အပိုင်းကို မကြားရမချင်း အရေပြားပေါ်မှာ ပုရွက်ဆိတ် တစ်သောင်းလောက် တွားသွားနေသလိုပဲ “

All Chapters