အခန်း (၁၆၀-၁၆၂)
Vol. 11 Ch. 160-162
အခန်း-(၁၆၀)
ကျိူးလီဇီသည် ကျင်းရွှီယန်းကိုကြည့်လိုက်တော့ သူရဲ့လေးနက်မှုကို သတိပြုမိလိုက်တယ်။ သူက အခြေစိုက်စခန်းမဆောက်ချင်တော့ဘူးဆိုရင် သူမက အတင်းအကြပ် လုပ်ခိုင်းမှာမဟုတ်ဘူး။ သူမက ပြုံးပြီးပြန်ပြောလိုက်တယ် "အစ်ကိုယန်း မလုပ်ချင်ရင် ကျွန်မတို့မလုပ်ဘူး"
"ကောင်းပြီ" ကျင်းရွှီယန်းက ခေါင်းညိတ်သည်။
အတိုချုံးပြောဆိုပြီးနောက်တော့ ကျိူးလီဇီက ရိက္ခာများကို စတင်စုဆောင်းခဲ့သည်။ ဂိုဒေါင်တွင် သိမ်းဆည်းထားသော ဘီစကွတ်များနှင့် ကိုယ်တိုင်အပူပေးသည့် အစားအစာများသာမက တာရှည်ခံသော အစားအသောက်များပါ အမျိုးမျိုးရှိနေသည်။
အဓိက စားသောက်ကုန်များဖြစ်သည့် အသား၊ ပင်လယ်စာနှင့် ငါးဟင်းလျာများအပြင် အရံဟင်းလျာများ၊ အချိုပွဲများ၊ အဆာပြေများ၊ အချိုမှုန့် ရောစပ်ထားသော ငံပြာရည်နှင့် ဟင်းခတ်အမွှေးအကြိုင်များ ပါဝင်သည်။
ကျိူးလီဇီသည် စစ်ဘက်ဆိုင်ရာ ရိက္ခာအမျိုးမျိုးကို ကြည့်ရင်း ထိုဂိုဒေါင်များရဲ့ အရွယ်အစားက အခြားသော စက်ရုံများက ဂိုဒေါင်များထက် အဆများစွာ ပိုကြီးရသည့် အကြောင်းရင်းကို နောက်ဆုံးတော့ နားလည်သွားခဲ့ပြီ။
စစ်တပ်စားနပ်ရိက္ခာအားလုံးကို သူမရဲ့ အာကာသ နေရာလွတ်ထဲတွင် စုဆောင်းရန်အတွက် နှစ်နာရီနီးပါးအချိန်ယူခဲ့ရသည်။ မကြာခင်မှာပဲ ကျန်းယွမ် နှင့် ကျန်တဲ့သူတွေ ပြန်လာကြပြီး အသက်ရှင်ကျန်ရစ်သူတစ်စုလဲ ပါလာခဲ့သည်။
ကျိူးလီဇီသည် အဖွဲ့ဝင်အသစ်ငါးဦးသာ ပြန်လာတာကို သတိပြုမိလိုက်သောအခါတွင်တော့ ကျန်နှစ်ဦးမှာ ထွက်ပြေးသွားတာ သို့မဟုတ် သေဆုံးသွားပြီးဖြစ်ကြောင်းကို သူမသိလိုက်တယ်။ သူတို့နှင့်အတူ နတ်ဆိုးအဖွဲ့သားများစွာရှိနေတာကြောင့် သေသွားဖို့ရန်ကမဖြစ်နိုင်ပေ။ ထို့ကြောင့် တစ်ခုတည်းသော အကြောင်းအရင်းမှာ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်။
အသက်ရှင်ကျန်ရစ်သူး လူနှစ်ဆယ်အောက်သာ အဖွဲ့ဝင်တွေနှင့်အတူ ပြန်လာကြပါတယ်။ ထုံးစံအတိုင်းပဲ ရှောင်ချီက သူတို့ကို နှစ်ပတ်စာရိက္ခာအလုံအလောက်ပေးပြီး ကျန်းနင်မြို့ကို သွားခိုင်းလိုက်တယ်။
ပြတ်သားသော ဦးတည်ချက်ဖြင့် အသက်ရှင်ကျန်ရစ်သူများဟာလည်း နောက်ဆုံးတော့ တစ်ခုခုကိုဆက်လက်လုပ်ဆောင်ရန် မျှော်လင့်ချက်အချို့ရှိလာခဲ့သည်။ ရိက္ခာများနှင့် ဓားမြှောင်များကို လက်ခံရရှိပြီးနောက် အတူတကွ ထွက်ခွာသွားကြတယ်။
ကျင်းရွှီယန်းက သူ့အဖွဲ့ဆီ လျှောက်သွားပြီးမေးလိုက်သည် "အဘိုးကြီးချင် နောက်ထပ် အသက်ရှင်ကျန်ရစ်သူတွေကို ရှာတွေ့ပြီလား"
ချင်လူဇီက ခေါင်းညိတ်ပြီးပြန်ဖြေတယ် "ပင်မအဆောက်အဦးမှာရပ်ပြီး ထွက်ခွာဖို့ ငြင်းဆန်တဲ့ စွမ်းရည်ရှိတဲ့ အသုံးပြုသူတစ်စု ရှိတယ်။ သူတို့ရဲ့ အခြေအနေကို ကျွန်တော်တို့ စစ်ဆေးပြီးပါပြီ၊ အနည်းဆုံးတော့ ခြောက်လလောက်ကြာအောင် လုံလောက်တဲ့ ရိက္ခာတွေ ရှိတယ်"
သူတို့မှာ ရိက္ခာအလုံအလောက်ရှိတယ်ကိုကြားတော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ငါတို့ လင်အန်း တက္ကသိုလ်ကို ပြန်သွားမယ်" လို့ပြောလိုက်တယ်။
သူ့စကားကိုကြားတော့ အားလုံးက အံ့သြသွားကြတယ်။ ကျန်းယွမ်က သူ့ကိုကြည့်ကာမေးလာသည် "ကပ္ပတိန်၊ ဘာလို့ပြန်သွားချင်တာလဲ"
ကျင်းရွှီယန်းက သူ့အဖွဲ့ကို ကြည့်လိုက်ပြီး "ဒီဧရိယာမှာက အသက်ရှင်ကျန်ရစ်သူတွေ အများကြီးကျန်ပါသေးတယ်။ ဒီနေရာနှင့် လင်အန်းတက္ကသိုလ်ကြားက အကွာအဝေးက အရမ်းနီးလွန်းတယ်။ ဖုတ်ကောင်တွေကို မရှင်းပစ်ရင် ဖုတ်ကောင်တွေရဲ့ အန္တရာယ်က အမြဲတမ်း ပုန်းကွယ်နေလိမ့်မယ်"
"ဖုတ်ကောင်တွေနဲ့ယှဉ်ရင် အသက်ရှင်ကျန်ရစ်သူ အရေအတွက်က နည်းနေတယ်ဆိုတာကို ငါတို့အားလုံးသိပါတယ်။ ဒီလျှို့ဝှက်အန္တရာယ်ကို မဖယ်ရှားဘူးဆိုရင် တစ်နေ့ကျ အဆင့်မြင့်ဖုတ်ကောင်တစ်ကောင် ပေါ်လာပြီး ဖုတ်ကောင်အလုံးအရင်းကို ဖြစ်ပေါ်လာစေရင် ဘယ်လိုလုပ်မလဲ"
"ဒါဆို အသက်ရှင်ကျန်ရစ်သူတွေ ရှင်သန်ဖို့ အခွင့်အလမ်းမရှိနိုင်တော့ဘူး။ သူတို့သာ ကူးစက်ခံရပြီး ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲသွားရင် ဒီမြို့က ဖုတ်ကောင်အရေအတွက် တိုးလာမှာဖြစ်ပြီး၊ အခြေအနေကလည်း ထိန်းချုပ်မှုကနေ လွှတ်ထွက်သွားနိုင်တယ်။ အဲဒီအချိန်ကြရင်တော့ ဖုတ်ကောင်အရေအတွက်ကို ထိန်းချုပ်ဖို့နှင့် အသက်ရှင်ကျန်ရစ်သူတွေကို ကယ်တင်ဖို့က အချိန်နှောင်းသွားလိမ့်မယ်"
"ငါတို့က စစ်တပ်မှ အနားယူပြီးပြီဆိုပေမဲ့လဲ ၊ ငါတို့ရဲ့ အဓိကခံယူချက်က ရှိနေသင့်သေးတယ်။ ငါတို့ရဲ့ အဆင့်ကို မြှင့်တင်ဖို့နှင့် အကြည်ရောင်အမြုတေတွေရရှိဖို့အတွက် ဒီအခွင့်အရေးကို အသုံးချနိုင်တယ်။ အကြောင်းအရင်း ဘယ်လောက်ပဲရှိပါစေ၊ အားလုံးကငါတို့အတွက် အကျိုးရှိတာကြီးပဲ"
သူ့အကြောင်းပြချက်ကို ကြားပြီးနောက်တော့ နတ်ဆိုး အဖွဲ့သားများဟာ သူတို့အသင်းခေါင်းဆောင်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်တယ်ဟု ထင်မြင်လိုက်ကြသည်။ ထို့ကြောင့် အဖွဲ့ဝင်အသစ်များမှလွဲ၍ မည်သူကမျှ ကန့်ကွက်ခြင်း မရှိခဲ့ပါ။
ပိုပြီး တည်ငြိမ်တဲ့ ဘဝကို ဖြတ်သန်းနိုင်မယ်လို့ သူတို့တွေးထားခဲ့တယ်။ ထင်မှတ်ထားသလိုမဟုတ်ပဲ ၊ အဖွဲ့ထဲဝင်ပြီးနောက်တော့ ဖုတ်ကောင်များကို တိုက်ထုတ်ခိုင်းခြင်းကြောင့် ဒဏ်ရာရပြီး သေဆုံးနိုင်ခြေက ပိုများလာသည်။
အဖွဲ့ဝင်အသစ်များက ခဏတုံ့ဆိုင်းသွားပြီးမှ တစ်ယောက်ကပြောလာတယ် "ကပ္ပတိန်ကျင်း၊ကျွန်တော်က မင်းတို့အဖွဲ့နှင့် အံဝင်ခွင်ကျ မဖြစ်နိုင်ဘူးလို့ ထင်တယ်။ အစားစာနည်းနည်းလောက်ပေးနိုင်မလား၊ အသက်ရှင်ကျန်ရစ်သူစခန်းကို သွားချင်တယ်"
သူဒီလိုပြောပြီးတာနဲ့ တခြားလူကလည်း “ကျွန်တော်လည်း အသက်ရှင်ကျန်ရစ်သူ စခန်းကို သွားချင်တယ်” လို့ ဝင်ပြောလာသည်။
ထိုစကားကိုကြားသောအခါ ကျင်းရွှီယန်း ခေါင်းညိတ်ပြပြီး "မင်းတို့ လွတ်လွတ်လပ်လပ် ထွက်သွားပါ။ ရှောင်ချီ သူတို့ကို ရိက္ခာ ပေးလိုက်"လို့ ပြောလိုက်တယ်။
"ဟုတ် ကပ္ပတိန်" ရှောင်ချီက ခေါင်းညိတ်ပြပြီး သူ့လက်ကိုဝှေ့ယမ်းကာ ရိက္ခာထုပ်တွေအား သူတို့ရှေ့မှာ ပေါ်လာစေလိူက်သည်။
သုတေသီနှစ်ဦးတွင် ကျောပိုးအိတ်များပါရှိသောကြောင့် ရိက္ခာများကို အညီအမျှခွဲဝေလိုက်ကြသည်။ မထွက်ခွားသွားခင်မှာ သူတို့ထဲက တစ်ယောက်ကပြောလာတယ် "ရဲဘော်တို့ကျွန်တော့်အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်"
အခြားတစ်ယောက်ကလည်း သူတို့ကို ကျေးဇူးတင်စကားဆိုကာ ထိုလူနှင့်အတူ ထွက်သွားခဲ့သည်။ သူတို့ထွက်သွားပြီးနောက်တော့ ကျင်းရွှီယန်းက ကျန်တဲ့သုံးယောက်ကိုကြည့်ကာ "မင်းတို့ သုံးယောက်လုံးကရော ဆုံးဖြတ်ပြီးပြီလား ၊ မင်းတို့အခုထွက်သွားလို့ရသေးတယ်" လို့မေးလိုက်တယ်။
"ကပ္ပတိန်၊ ကျွန်တော် ဒီအသင်းမှာဆက်နေချင်ပါတယ်" လို့ ချန်ကျိရိက မဆိုင်းမတွ ပြောတယ်။
"ငါရောပဲ" ကျောင်းလီရှင်းကလဲ တင်းမာစွာပြောသည်။
ကျင်းရွှီယန်းက လူငယ်လေးကိုကြည့်ပြီး မေးလိုက်တယ်"မင်းကော ဘယ်လိုလဲ"
လူငယ်လေးက သူ့လက်သီးတွေကို တင်းတင်းဆုပ်ထားကာ ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေတယ် "ကပ္ပတိန်၊ ကျွန်တော်လည်း ဆက်နေချင်တယ်၊ သန်မာချင်တယ်"
သူ့ရဲ့ဆုံးဖြတ်ချက်ကိုမြင်တော့ ကျင်းရွှီယန်းက ခေါင်းညိတ်ပြီး "ကောင်းပြီ၊ ဒီနေ့ကစပြီး မင်းတို့ကငါ့အဖွဲ့ထဲကို တရားဝင် ဝင်နိုင်သွားပြီ။ ငါ့အဖွဲ့မှာဆက်နေဖို့အတွက်တော့ ငါက သစ္စာရှိမှုကိုပဲ လိုချင်တယ်။ တစ်နေ့မှာသာ မင်းတို့ကအဖွဲ့ကို သစ္စာဖောက်ခဲ့ရင် မင်းတို့ကို ငါ့လက်နဲ့ သတ်မယ်"လို့ သတိ ပေးလိုက်တယ်။
သူ့ရဲ့စကားတွေနှင့် အေးစက်စက် မျက်လုံးတွေကြောင့် သူတို့သုံးယောက်ဟာ တုန်တုန်ယင်ယင်ဖြစ်သွားကြပြီး ကျောရိုးတွေတစ်လျှောက်တွင် အအေးဓာတ်တွေ စိမ့်တက်လာသလို ခံစားလိုက်ရသည်
"နားလည်ပါပြီ"
နောက်အခိုက်အတန့်တွင်တော့ ကျင်းရွှီယန်းရဲ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာသည်။ သူက လူငယ်လေးကို လက်ညှိုးထိုးပြပြီး “မင်းရဲ့နာမည်နှင့်အသက်ကို ငါတို့ကို မပြောပြဖူးဘူးမလား” လို့ မေးလိုက်တယ်။
"ကပ္ပတိန်၊ ကျွန်တော်နာမည်က ယူဖူယွင် ပါ။ ဒီနှစ်မှာ အသက် 22 နှစ်ပါ"
သူ့နာမည်ကိုကြားသောအခါ အဖွဲ့ဝင်များက ခေါင်းညိတ်ကာတုံ့ပြန်ကြပြီး ၎င်းက သူ့အတွက် အလွန်သင့်လျော်သည်ဟု ထင်မြင်ကြတယ်။
စက်ရုံခရိုင်တွင် ရိက္ခာများ စုဆောင်းသိမ်းဆည်းလို့ပြီးချိန်တွင် နေဝင်ရန် နာရီအတော်ကြာလိုနေသေးသဖြင့် သူတို့ရဲ့ သံချပ်ကာယာဉ်များဖြင့် စက်ရုံမှထွက်ခွာလာကာ လင်အန်း တက္ကသိုလ်သို့ မောင်းနှင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် လင်အန်းတက္ကသိုလ်ရှိ ခေါင်မိုးတစ်ပေါ်၌ ဖုတ်ကောင်အမျိုးသမီးတစ်ဦးကရပ်နေသည်။ သူမရဲ့အဝတ်အစားမှာ စုတ်ပြဲနေပြီး အနက်ရောင်သွေးများဖြင့် ဖုံးလွှမ်းနေတယ်။ တိုက်ခတ်နေသောလေကြောင့် သူမရဲ့ဆံပင်တွေက ပုပ်နေတဲ့ခေါင်းပေါ်ကနေ ပြုတ်ကျလာတယ်။
လေထဲတွင် လွင့်ပျံနေသော ဆံပင်များကို မြင်လိုက်သောအခါတွင်တော့ သူမရဲ့မီးခိုးရောင်တောက်နေသော မျက်လုံးများက တစ်စက္ကန့်မျှ မှိတ်တုတ်မှိတ်တုတ်ဖြစ်သွားတယ်။ ခေါင်းကိုမော့ ပါးစပ်ကိုဖွင့်လို့ ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။
"ရားးး"
ဟိန်းဟောက်သံကိုကြားလိုက်သည့်အခိုက်တွင်တော့ ပတ်ဝန်းကျင်ရှိဖုတ်ကောင်များက တောင့်တင်းသွားပြီး မ ဦးခေါင်းကို သူမရှိရာအရပ်ဆီဦးတည်လိုက်ကြသည်။
ဖုတ်ကောင်အမျိုးသမီးကတော့ မလှုပ်ရှားဘဲ ခေါင်းငုံ့ကာသာ လက်များကိုကြည့်နေသည်။ သိပ်မကြာခင်မှာပဲ အဝေးကနေ နောက်ထပ်အသံတစ်ခု ထပ်ထွက်လာတယ်။
အခန်း-(၁၆၁)
"ရားးး"
ဟောက်သံများ နီးကပ်လာတော့ ဖုတ်ကောင်အမျိုးသမီးက ခေါင်းကိုလှည့်ကာ သူမရဲ့ကွဲနေသော နှုတ်ခမ်းထောင့်ကို ပင့်လိုက်သည်။ အဝေးဆီမှ မှုန်ဝါးသော ရုပ်ပုံသဏ္ဍာန်တွေပေါ်လာတာကို မြင်လိုက်ရသည့်အခိုက်တွင်တော့ သူမရဲ့ တောင့်တင်းသော ဒူးများကိုကွေးပြီး လေထဲသို့ ခုန်ဆင်းလိုက်သည်။
"ဘုန်းး"
လက်သီးချင်း ထိပ်တိုက်တွေ့မှုက ပတ်ဝန်းကျင်က လေတွေကို လှိုင်းထန်သွားစေပြီး ဖုန်မှုန့်တွေနှင့် အပျက်အစီးတွေကို ပျံ့နှံ့သွားစေတယ်။
ဖုတ်ကောင်နှစ်ကောင်က တစ်ပြေးတည်းရှိသော်လည်း လက်နှစ်ဖက်မှာ ကြီးမားတဲ့ကြွက်သားရှိသော ဖုတ်ကောင်က ကြမ်းကြမ်းတမ်းတမ်းခွန်အားရှိပြီး တိုက်ပွဲတွင် အနိုင်ရခဲ့သည်။
"ဘုန်းးး အက်"
ဖုတ်ကောင်အမျိုးသမီးဟာ လွှင့်ထွက်သွားပြီးမြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ သူမရဲ့တောင့်တင်းနေသော ခန္ဓာကိုယ်အောက်တွင် ကြီးမားသော အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။ သူမရဲ့ ညာလက်မောင်းကတော့ အစောနက ထိုးချက်ကြောင့် ကွဲအက်သွားသည်။
ဖုတ်ကောင်အမျိူးသားက သူ့ဆီပြေးလာတာကိုမြင်တော့ သူမက ခြေလက်များကိုအသုံးပြုလို့ ဘေးသို့လှိမ့်ကာ လေထဲသို့ ခုန်တက်သွားသည်။
"ဘုန်းး"
ပစ်မှတ်က ရှောင်ထွက်သွားသောကြောင့် ဖုတ်ကောင်အမျိူးသားရဲ့ လက်သီးချက်က မြေပြင်ပေါ်သို့သာ ကျရောက်သွားသည်။ သူ့လက်သီးက မြေကြီးထဲကို ကျွံပြီးနစ်ဝင်သွားတယ်။
အခွင့်အရေးကိုမြင်တော့ ဖုတ်ကောင်အမျိုးသမီးရဲ့မျက်နှာပေါ်မှာ အပြုံးကကျယ်ပြန့်လာတယ်။ သူမရဲ့ ကွဲအက်သွားသော လက်မောင်းကတော့ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်သည်။
" ဘုန်းးး "
သူမက ဖုတ်ကောင်အမျိူးသားရဲ့ ဦးခေါင်းအနောက်ဘက်မှရိုက်ကာ မြေကြီးထဲတွင်မြှုပ်ထားစေလိုက်သည်။ ဖုတ်ကောင်အမျိုးသမီးက သူမခြေထောက်တွေနှင့် အောက်က ဖုတ်ကောင်အမျိူးသားကို နှင်းထားလိုက်ပြီး သူမရဲ့ ချွန်ထက်တဲ့လက်သည်းတွေနှင့် လည်ပင်းကိုထိုးချလိုက်တယ်။
"ဂါးးးး"
ဖုတ်ကောင်အမျိူးက ဒေါသတကြီးနဲ့ဟိန်းဟောက်ကာ လွတ်မြောက်ရန် ရုန်းကန်ခဲ့သည်။ ဒါပေမယ့် ဖုတ်ကောင်အမျိုးသမီးလက်မှ လွတ်အောင်မလုပ်နိုင်ခင်မှာပဲ သူ့ရဲ့လည်ပင်းကို လက်သည်းနှင့်ထပ်မံထိုးဖောက်ခံလိုက်ရပြန်တယ်။
"အက်"
ဤတစ်ကြိမ်တွင် ဖုတ်ကောင်အမျိူးသမီးရဲ့ချွန်ထက်သောလက်သည်းက နောက်ဆုံးတွင် ဖုတ်ကောင်အမျိူးသားရဲ့လည်ပင်းကို ချိုးနိုင်ခဲ့သည်။ အရိုးကွဲအက်သံများက သူမနားထဲတွင် ပဲ့တင်ထပ်လာသည်။
နောက်အခိုက်အတန့်တွင်တော့ ဖုတ်ကောင်အမျိုးသမီးရဲ့ မျက်လုံးများက လင်းလက်တောက်ပလာပြီး ဖုတ်ကောင်အမျိူးသားရဲ့ဦးခေါင်းကို နှစ်ခြမ်းခွဲထုတ်လိုက်လေသည်။
အနက်ရောင်သွေးများနှင့် ပုပ်ပွနေသောအရာများက သူမရဲ့ အ၀တ်စားနှင့် ခန္ဓာကိုယ်ပေါ်သို့ လွင့်စင်လာသော်လည်း သူမ ဂရုစိုက်သမျှမှာ ဦးနှောက်အပုပ်ကိုသာဖြစ်သည်။ သူမက ဦးနှောက်အစိတ်အပိုင်းများကိုထိုးယူကာ ချက်ပြုတ်ထားသော အရသာရှိသည့်အစားအစာများအလား အာသီသပြင်းပြင်းဖြင့် ဝါးစားလိုက်သည်။
" ခရစ် ခရစ်"
အမြုတေကိုရှာတွေ့သည်နှင့် တပြိုင်နက်တည်း ပုပ်နေသောခေါင်းကိုလွှင့်ပစ်ကာ အမြုတေကိုမျိုချလိုက်သည်။ နောက်တော့ မီးခိုးရောင်ဖြစ်နေတဲ့ သူမရဲ့မျက်လုံးတွေက မည်းနက်သွားပြီး ဟိန်းဟောက်သံထွက်လာတယ်။
"ဂရားးးးး"
စွမ်းအင်လှိုင်းများက သူမရဲ့ပတ်ဝန်းကျင်ရှိ ဖုတ်ကောင်များဆီသို့ လှိုင်းလုံးများလို ပျံ့နှံ့သွားသည်။ အောက်ခြေအဆင့် ဖုတ်ကောင်များက ခေါင်းငုံ့ကာ ချက်ချင်း ဒူးထောက်လိုက်ပြီး သူတို့ရဲ့ခန္ဓာကိုယ်များကတော့ ကြောက်ရွံ့မှုကြောင့်တုန်ယင်နေကြသည်။
ဖုတ်ကောင်အမျိုးသမီးက ခေါင်းမော့ပြီး နောက်တစ်ကြိမ်ဟိန်းဟောက်လိုက်ပြန်သည် "ရားးးးး"
ဒီတစ်ခါမှာတော့ မှိုင်းညို့ညို့မျက်လုံးတွေထဲမှာ တဖြည်းဖြည်းနဲ့ အလင်းရောင်ပြန်ပေါ်လာတယ်။ သူမရဲ့ ခန္ဓာကိုယ်ရှိ စွမ်းအင်များငြိမ်သက်သွားပြီးနောက်တော့ သူမရဲ့ ဘယ်ဘက်သို့လှမ်းကြည့်ကာ ကြေကွဲသော အသံဖြင့် အော်ဟစ်လိုက်သည်။ "ဂစ်.....ဂရါးးးး"
"ဂါးးးး"
နောက်ထပ်ဟောက်သံတစ်ခုကို ထုတ်ပြီးတဲ့နောက်တော့ သူမနှင့်အနီးဆုံးဖုတ်ကောင်ကို ဖမ်းကိုင်လိုက်ပြီး ခေါင်းကိုခွဲလိုက်သည်။ ပုပ်သိုးနေသော ဦးနှောက်စတွေကိုစားလိုက်ပြီးတာနဲ့ သူမရဲ့ အနက်ရောင်မျက်လုံးများထဲမှ အလင်းရောင်က ပို၍တောက်ပလာသည်။
အနောက်မိုးကုပ်စက်ဝိုင်း၌ နေဝင်ချိန်တွင် ကျင်းရွှီယန်း နှင့် သူ့အဖွဲ့ဟာ ဓာတ်ဆီဆိုင်တစ်ခုကို တွေ့ရှိခဲ့ကြတယ်။ ရေဒီယိုကို အသုံးပြု၍ "ငါတို့ ဒီမှာပဲ တစ်ညလုံးနေမယ်" လို့ သူ့အဖွဲ့အား အမိန့်ပေးလ်ုက်သည်။
"နားလည်ပြီ" ဆိုတဲ့ ရှန်းကျင်းဇီရဲ့အသံက ရေဒီယိုမှ ထွက်ပေါ်လာသည်။
သူ့ရဲ့ခေါင်းထဲရှိ စိတ်မြေပုံကို စစ်ဆေးနေတဲ့ ချင်လူဇီဟာ ဓာတ်ဆီဆိုင်ထဲသို့ ဝင်လာစဉ်မှာ "ကပ္ပတိန် ၊ မီတာ ၁၀၀ အချင်းဝက်အတွင်းမှာ ဖုတ်ကောင်တွေ မရှိဘူး" ဟု မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
ထိုစကားကိုကြားသောအခါမှာတော့ လူတိုင်းရဲ့အမူအရာကလေးနက်သွားသည်။ ဖုတ်ကောင်များ ကင်းစင်နေတာက ကောင်းသော နိမိတ်မဟုတ်ပါဘူး။ မကြာသေးမီက သူတို့ကြားခဲ့ရတဲ့ အဝေးကဟောက်သံတွေကို တွေးမိတော့ ကျို့ဟွာကျဲက ပြောလိုက်တယ်"ကပ္ပတိန်၊ ဖုတ်ကောင်အလုံးအရင်းရှိမယ်"
ကျင်းရွှီယန်းက ခေါင်းခါလိုက်ပြီး ငြင်းဆိုလိုက်တယ် " ဖြစ်နိုင်ချေရှိတာက အဆင့်မြင့် ဖုတ်ကောင်တစ်ကောင် ပေါ်လာတာပဲ"
ထိုစကားကိုကြားလိုက်တာနှင့် လူတိုင်းက အံ့အားသင့်သွားကြတယ်။ ကျိူးလီဇီမှလွဲ၍ အသင်းတွင် မည်သူကမျှ အဆင့် မကျော်ဖြတ်ရသေးပေ။ အကယ်၍ သူတို့သာ မြင့်မားသောအဆင့်ရှိတဲ့ဖုတ်ကောင်များနှင့် ကြုံတွေ့ရပါက အသေအပျောက်အန္တရာယ် မြင့်မားမည်ဖြစ်သည်။
သူတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို သတိပြုမိတဲ့ ကျိူးလီဇီက "စိတ်မပူပါနဲ့။ အဆင့်မြင့်ဖုတ်ကောင်တွေ ပေါ်လာရင်တောင် သူတို့က တွေးခေါ်လို့ မရနိုင်သေးဘူး။ သူတို့ရဲ့ တိုက်ခိုက်မှုအများစုက ဗီဇအပေါ်အခြေခံပြီး ဖြစ်လာလိမ့်မယ်။ အတူတူ လက်တွဲလုပ်ရင် သတ်နိုင်ဖို့ အခွင့်အလမ်းက ပိုရှိမှာပါ"လို့ နှစ်သိမ့်လိုက်တယ်။
သူမရဲ့စကားကိုကြားတော့ အဖွဲ့သားတွေက ခေါင်းညိတ်ပြပေမယ့် သူတို့ရဲ့မျက်လုံးထဲမှာတော့ စိုးရိမ်မှုတွေက ရစ်သီနေဆဲပဲ။ ဓာတ်ဆီဆိုင်ထဲကို ရောက်တာနဲ့ ဆီဖြည့်ပြီး ဂိုဒေါင်ကို စစ်ဆေးတယ်။ ရှောင်ချီ နှင့် ဖုန်းယွင်တို့က ရိက္ခာများကို သိမ်းရန် သွားခဲ့ကြပြီး ကျန်တဲ့သူတွေကတော့ ညစာပြင်ဆင်ရန် သွားကြသည်။
သူတို့ရဲ့ရိက္ခာများကို အသက်ရှင်ကျန်ရစ်သူများဆီ မျှဝေပြီးနောက်တော့ မီနီဈေးမှ ကုန်ပစ္စည်းများကို သိုလှောင်ရန် နေရာပိုရခဲ့သည်။ ဂိုဒေါင်ကတော့ ဆီငါးဘူးကိုသာ သိုလှောင်နိုင်ခဲ့သည်။
ကျိူးလီဇီက ကျန်သည့်ဆီနှင့် ရိက္ခာများယူရန်အတွက် ဂိုဒေါင်ကမပြန်မီတွင် အခြားသူများ မီနီဈေးသို့ မရောက်သွားမချင်း စောင့်ဆိုင်းခဲ့သည်။ သူမသည် LPG ခရီးဆောင်ဆလင်ဒါ ၅၀၀ ကျော်ကိုပင် ရှာတွေ့ခဲ့သည်။အများစုက အလွတ်ဖြစ်ပြီးအနည်းငယ်သာ အပြည့်ရှိသည်။
မီနီဈေးဆီသို့ ပြန်လျှောက်လာရင်း ဓာတ်ဆီဆိုင်တိုင်းတွင် လောင်စာသိုလှောင်ရန် မြေအောက်ကန်များ ရှိသင့်တာကို သတိရမိသွားတယ်။ ဤဆိုင်ရဲ့ အရွယ်အစားကို တွက်ချက်ကြည့်လျှင်တော့ ထိုကန်များစွာ ရှိနေသင့်သည်။
ရရှိနိုင်သော လောင်စာအမျိုးအစားများကို စစ်ဆေးရန်အတွက် ဆီပန့်ဆီကိုသွားခဲ့သည်။ ဓာတ်ဆီပန့် ၄ လုံး၊ ဒီဇယ်ပန့် ၃ လုံးနှင့် သဘာဝဓာတ်ငွေ့ရည် ပန့်၂လုံးတို့ ပါဝင်သည်။ ဒါတွေကိုအခြေခံပြီးကြည့်ရရင်တော့ မြေအောက်ရေကန်ကိုးခုထက်မနည်းရှိနိုင်သည်။
ထိုမြေအောက်ကန်များကိုသာ သိမ်းဆည်းနိုင်ခဲ့ပါက ဆီမည်မျှစုဆောင်းနိုင်မည်ဟု တွေးလိုက်ရုံဖြင့် သူမကို စိတ်လှုပ်ရှားစေခဲ့သည်။ ဒါပေမယ့် ဒီလို ကြီးမားတဲ့ အရာကြီးကို စုဆောင်းဖို့ကို အရင်က တစ်ခါမှမကြိုးစားဖူးတဲ့အတွက် အလုပ်ဖြစ်ပါ့မလားဆိုတာတော့ သူမမသေချာပါဘူး။
“မနက်ဖြန် မသွားခင် စမ်းကြည့်ရမယ်” လို့ သူမက တီးတိုး ရေရွတ်လိုက်တယ်။
ဒါကို သူမစိတ်ထဲတွင်မှတ်သားထားပြီး မီနီဈေးသို့ လမ်းလျှောက်သွားကာ သူ့အဖွဲ့နှင့်အတူ ညစာစားလိုက်ပြီးနောက်တော့ အနားယူခဲ့သည်။
ညနက်လာတော့ လနီက ယခင်ကညများထက် ပိုမိုတောက်ပလာခဲ့သည်။ အဝေးဆီမှ ဖုတ်ကောင်များရဲ့ ဟိန်းဟောက်သံတွေကိုလဲ ရံဖန်ရံခါ ကြားနေရသည်။
ညအချိန်ရဲ့တိတ်ဆိတ်ခြင်းကို အဖွဲ့သားများကကျင့်သားရနေကြပြီဖြစ်ပြီး စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်ခြင်း မရှိတော့ပါ။ ညဘက်ကို အလှည့်ကျအစောင့်လုပ်ရင်း အချင်းချင်း စကားစမြည်ပြောကာ အချိန်ကုန်သွားကြသည်။
ထိုအချိန်တွင်တော့ ယူဖူယွင်က အိပ်မပျော်နိုင်ဖြစ်နေတယ်။ တိုးညှင်းသောအသံကိုကြားသောအခါမှာတော့ ထထိုင်လို့ ဝင်ပေါက်ဆီသို့ မျှော်ကြည့်လိုက်သည်။ အဲဒီမှာ အဖွဲ့ဝင်နှစ်ယောက် စကားစမြည်ပြောနေတာကိုမြင်တော့ သူက ထပြီး သူတို့ဆီ လျှောက်သွားလိုက်တယ်။
အခန်း-(၁၆၂)
ဖုန်းယွင်နှင့် ချင်လူဇီတို့က စကားစဲသွားပြီး အသံကြားရာဖက်ကို လှည့်ကြည့်လိုက်သည်။
ယူဖူယွင်ကိုတွေ့တော့ ဖုန်းယွင်က မေးလိုက်တယ် "အိပ်မရဘူးလား"
ယူဖူယွင်က ခေါင်းညိတ်ပြပြီး သူတို့ဘေးမှာ ဝင်ထိုင်လိုက်တယ်။ သူက ခေါင်းကို မော့ပြီး လနီကို ကြည့်ကာမေးလိုက်တယ် "အစ်ကိုတို့ ၊ ဒီငရဲကမ္ဘာကြီးက တစ်နေ့ကြရင်ပိုကောင်းလာမယ်လို့ ထင်လား"
ချင်လူဇီက သူ့ဓားမြှောင်နဲ့ ကစားနေရင်း "သံသယဖြစ်မိတယ်" လို့ ပေါ့ပေါ့ပါးပါး ပြန်ဖြေတယ်။
ဒါကိုကြားတော့ ယူဖူယွင်က သက်ပြင်းတစ်ချက်ချလိုက်ပြီး တွေးဆဆပြောလိုက်သည် "ကျွန်တော်မိသားစုတွေကတော့ ရှင်သန်နိုင်ပါ့မလားလို့ တွေး နေမိတယ်"
သူတို့ရဲ့မိသားစုတွေကရော ဖုတ်ကောင်တွေဖြစ်သွားပြီလား ၊ ဖုတ်ကောင်တွေသတ်တာခံရတာလား ဒါမှမဟုတ် ရှင်သန်နိုင်ပါ့မလားဆိုတာကိုလည်း ဘယ်သူမှမသိတာကြောင့် ဒီတစ်ကြိမ်မှာတော့ သူ့ကို ဘယ်သူကမှအဖြေပြန်မပေးခဲ့ပါဘူး။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက်မှ ယူဖူယွင်က ချင်လူဇီကို မေးလိုက်တယ် "အစ်ကိုချင် ဘာကြောင့် စစ်တပ်ထဲက နှုတ်ထွက်ဖို့ ဆုံးဖြတ်ခဲ့တာလဲ၊ စစ်သားလုပ်ရတာ အဆင်မပြေဘူးလား"
ချင်လူဇီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ယူဖူယွင် အစိုးရက အရင်အတိုင်းပဲလို့ မင်းထင်နေသေးတာလား" လို့ ပြန်မေးလိုက်တယ်။
"အစ်ကိုချင်၊ အစိုးရက အရင်နဲ့ မတူတော့ဘူးလို့ မင်းပြောချင်တာလား" လို့ ဖုန်းယွင်က အံ့သြတကြီးနဲ့မေးလိုက်သည်။
ချင်လူဇီက တခစ်ခစ်ရယ်လိုက်ပြီး "လူတွေက ဖုတ်ကောင်တွေအဖြစ် ပြောင်းလဲလာတဲ့အခါမှာ ခေါင်းဆောင်တွေအပါအဝင် ဘယ်သူကမှ ပြောင်းလဲသွားမယ် မပြောင်းလဲဘူးဆိုတာကို မဆုံးဖြတ်နိုင်ဘူး" လို့ ပြောလိုက်တယ်။
"ခေါင်းဆောင်တွေသာ ဖုတ်ကောင်တွေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အခု အမြင့်ဆုံးရာထူးမှာ ဘယ်သူထိုင်နေတာလဲ၊ သူကရော တိုင်းပြည်ကို အုပ်ချုပ်ဖို့ ထိုက်တန်လား ၊ လုပ်နိုင်ပါ့မလား"
"အခုအချိန်မှာက ဆက်သွယ်ရေးတွေပြတ်တောက်သွားတဲ့အတွက် သတင်းအချက်အလက်တွေကို ရှာမတွေ့သေးဘူး။ ဂြိုလ်တုဖုန်းပဲသုံးလို့ရတယ်၊ ဒါပေမယ့် အဲဒီဂြိုလ်တုဖုန်းကရော အဲမှယဘယ်နှစ်လုံး ရှိမှာလဲ"
"ဒါဆို ဒါက မင်းရဲ့အကြောင်းပြချက်လား" ယူဖူယွင်က ထပ်မေးသည်။
ချင်လူဇီက သူ့လက်ထဲက ဓားမြှောင်ကို ကြည့်နေရင်းပြန်ဖြေတယ် "တကယ်တော့ မဟုတ်ဘူး။ ကမ္ဘာကြီးက ဒီငရဲထဲကို ရောက်သွားတော့ ငါ့ နဲ့ ငါ့ညီအကိုတွေလည်း ရုတ်တရက်ကြီးကို ချက်ချင်းကြုံလိုက်ရတာပဲ။ ဒီဖုတ်ကောင်တွေက ဘယ်ကနေပေါ်လာမှန်းကိုမသိလိုက်ရဘဲ ကိုယ့်သူငယ်ချင်းတွေထဲကတစ်ချို့ပါ ဖုတ်ကောင်တွေဖြစ်သွားကြတယ်"
"သူတို့က ငါတို့ရှေ့မှာပဲ ငါတို့ညီအစ်ကိုတွေကို သတ်ပစ်ပြီးစားတယ်။ တစ်ချိန်က ငါတို့ရဲ့ညီအစ်ကိုတွေဖြစ်ခဲ့တာဆိုတော့ သတ်ပစ်ဖို့တွန့်ဆုတ်နေတာကြောင့် အခြေအနေက ပိုဆိုးလာတယ်။ ငါတို့ရဲ့ကပ္ပတိန်က သူတို့ကို မသတ်လိုက်မချင်း အခြေအနေကို မထိန်းနိုင်ခဲ့ဘူး။ အခြေအနေကို ထိန်းလိုက်နိုင်တော့ ငါတို့အဖွဲ့သား တစ်ဝက်ကျော်လောက်က ဆုံးရှုံးသွားပြီ"
ခေါင်းကိုမော့ကာ မှုန်ဝါးနေသော ညကောင်းကင်ကို မော့ကြည့်ပြီး ဆက်ပြောတယ် "မကြာခင်မှာပဲ မြို့တော်မှာရှိဗိုလ်မှူးက ချမ်းသာတဲ့မိသားစုရဲ့ သခင်ငယ်လေးကို သွားခေါ်ဖို့ အမိန့်ပေးခဲ့တယ်။ လူ ၅၂ ယောက်ပဲကျန်တဲ့အထိ မစ်ရှင်အတွင်းမှာ ညီအစ်ကိုတွေကို ဆုံးရှုံးခဲ့ရတယ်။
သူတို့နှစ်ယောက်ဘက်ကိုလှည့်ပြီး မေးလိုက်တယ် “ညီအစ်ကိုတွေကို မင်းရဲ့လက်နှင့်သတ်လိုက်ရတာက ဘယ်လိုခံစားရလဲဆိုတာကိုမင်းတို့သိလား”
ဖုန်းယွင် နှင့် ယူဖူယွင် တို့ဟာ သူ့စကားကို နားထောင်ရင်း တိတ်ဆိတ်သွားကြသည်။
ချင်လူဇီက ခါးသီးစွာရယ်မောရင်းဆက်ပြောတယ် "သူတို့ရဲ့နောက်ဆုံးစကားက သူတို့ရဲ့ မိသားစုတွေကို ရှာဖွေပြီး ကာကွယ်ပေးဖို့ တောင်းဆိုတာပဲ။ သူတို့က ဘီလူးတွေ မဖြစ်သွားခင်မှာပဲ သူတို့ကို သတ်ပစ်ဖို့ တောင်းဆိုခဲ့တယ်။ အဖွဲ့ကို လွတ်မြောက်သွားစေဖို့အတွက် နည်းလမ်းပေးဖို့ သူတို့ဘာသာသူတို့ စတေးသွားကြတယ်။ ဒါကြောင့် သူတို့ရဲ့ နောက်ဆုံးသောအသနားခံမှုကို ငါတို့က ဘယ်လိုလုပ်ပြီး လျစ်လျူရှုနိုင်မှာလဲ"
ယူဖူယွင်က ခေါင်းငုံ့ပြီး "အစ်ကိုချင် တောင်းပန်ပါတယ်" လို့ ပြောလိုက်တယ်။
"စစ်သားအနေနဲ့ မစ်ရှင်အတွင်းမှာ အသက်ဆုံးရှုံးရတာက မဆန်းပါဘူး။ အဲဒါအတွက် ငါတို့ ပြင်ဆင်ထားပြီးသားပါ" လို့ ချင်လူဇီက ပြန်ပြောလိုက်တယ်။
"အစ်ကိုချင်၊ မင်းရဲ့စွမ်းရည်တွေက ဘယ်လိုမျိူးနိုးထလာခဲ့တာလဲ" လို့ ဖုန်းယွင်က ခေါင်းစဥ်ပြောင်းကာမေးသည်။
ချင်လူဇီက ခဏလောက် စဉ်းစားပြီးမှ ပြန်ဖြေလိုက်တယ် "စွမ်းရည်ကို နိုးထတဲ့ ပထမဆုံး သူကတော့ ငါတို့ရဲ့ ကပ္ပတိန်ပဲ"
"အဖျားကြောင့် သူသေသွားမယ်လို့ ငါတို့ထင်ခဲ့ကြတယ်။ ကံကောင်းလို့ပဲ သူနိုးလာပြီး အဖျားသက်သာသွားတယ်။ နောက်တော့ အဖွဲ့ဝင်တွေ ထပ်ဖျားလာပြီး မကြာခင်မှာ သူတို့ရဲ့ စွမ်းရည်တွေလည်း နိုးထလာခဲ့တယ်။"
"မင်းကရော" လို့ ယူဖူယွင်က မေးသည်။
ချင်လူဇီက ပြုံးပြီးပြောလိုက်တယ် "ငါလား ၊ ငါက ငရဲတံခါးကနေ ပြန်လာခဲ့တယ်"
"ဖုတ်ကောင်တွေကြောင့် ဒဏ်ရာအပြင်းအထန်ရခဲ့တယ်။ အဲဒီတုန်းက ငါတို့ထဲက ရှစ်ယောက်က ဒဏ်ရာရသွားပြီး တစ်ချို့က သေကုန်ကြပြီ။ ငါတို့က ဖုတ်ကောင်တွေဖြစ်လာ တော့မယ်လို့ ထင်တဲ့အတွက် သေတဲ့အထိ တိုက်ခိုက်ဖို့ကို ခွင့်တောင်းခဲ့တယ်"
"ငါတို့ရဲ့မျှော်လင့်ချက်တွေ ဆုံးရှုံးသွားတဲ့အချိန်မှာပဲ ကပ္ပတိန်ကပြောလာတယ် ၊ ငါတို့ရဲ့ စွမ်းရည်တွေကို နိုးထဖို့ အခွင့်အရေးရနိုင်တယ်တဲ့၊ ဖုတ်ကောင်တွေကြောင့်ရတဲ့ ဒဏ်ရာကြောင့် ငါတို့ဟာ သူတို့ထဲက တစ်ယောက်ဖြစ်လာမယ်လို့ မဆိုလိုဘူးတဲ့လေ "
"လူရှစ်ယောက်ထဲက ခုနစ်ယောက်ကတော့ ဗီဇပြောင်းလဲတဲ့လက္ခဏာတွေမပြဘဲ အဖျားကြီးလာတယ်၊ စွမ်းရည်နိုးထလာနိုင်စွမ်းရှိတဲ့ လက္ခဏာတွေပြနေတယ်"
ဖုန်းယွင်က သူ့ကိုကြည့်ကာ "နောက်တစ်ယောက်ကကော ဘယ်လိုလဲ"လို့ မေးလိုက်သည်။
ဒါကိုကြားတော့ ချင်လူဇီက သူ့ အင်္ကျီလက်တွေကို လှန်ပြီး လက်မောင်းကို ပြလိုက်တယ်။
သူ့လက်မောင်းက အသားတွေဟာ အကိုက်ခံထားရသလိုဖြစ်နေပြီး ခပ်နက်နက် အမာရွတ်တွေရှိနေတယ်။ အမာရွတ်တစ်ဝိုက်တွင်တော့ ဖုတ်ကောင်တွေရဲ့ခန္ဓာကိုယ်ကလို အပြာရောင်မျဉ်းကြောင်းများနှင့်ဆင်တူသော အရာများကို မြင်တွေ့နိုင်သည်။
ဒါကိုမြင်တော့ သူတို့ရဲ့မျက်လုံးတွေက ပြူးကျယ်သွားပြီး မယုံနိုင်စွာဖြင့် သူ့မျက်နှာကို ပြန်ကြည့်လာကြတယ်။
ချင်လူဇီက သူတို့ရဲ့အကြည့်တွေကို တွေ့လိုက်ရတော့
"နောက်ဆုံးတစ်ယောက်က ဖုတ်ကောင်ဖြစ်သွားပြီးပြီ" ဟု တည်ငြိမ်စွာပြောလိုက်သည်။
ယူဖူယွင်က သူ့ကိုကြည့်ကာ "အစ်ကိုချင်၊ မင်း-"
"အဲဒီတုန်းကတို ရေခဲကန်ထဲ ပစ်ချခံလိုက်ရသလိုပဲ အေးခဲသွားတယ်။ သတိတွေလွင့်နေပေမယ့် ပတ်ဝန်းကျင်က လူတွေ ပြောနေတာကို ကြားနေရတုန်းပဲ။ သေတော့မယ်ဆိုတာ သေချာပေမယ့် ထိန်းထားဖို့ပြောနေတဲ့ ကပ္ပတိန်ရဲ့အသံကို ကြားလိုက်ရတယ်" ဟု ချင်လူဇီက သူ့အတွေ့အကြုံများကို ပြန်ပြောင်းပြောပြသည်။
"သူဘာလုပ်ခဲ့လဲတော့ ငါမသိပေမယ့် နောက်အခိုက်အတန့်မှာပဲ ငါရဲ့သွေးကြောတွေထဲကို နွေးထွေးတဲ့ စွမ်းအင်တွေ ဝင်လာသလို ခံစားလိုက်ရပြီး ငါ့ရဲ့ နောက်ဆုံးသတိလစ်မှုကို ထိန်းထားနိုင်တဲ့ ခွန်အားတွေ ပေးခဲ့တယ်။ အချိန်အတော်ကြာမှ ငါနိုးလာပြီး ငါရဲ့ စွမ်းရည်ကလည်း နိုးထလာခဲ့တယ်" ဟု သူက ထပ်လောင်း ပြောပြခဲ့တယ်။
သူ့ရဲပပုံပြင်ကိုကြားတော့ ယူဖူယွင်က အံ့သြတုန်လှုပ်သွားပြီးနောက်မှ စိတ်သက်သာရာရသွားသည်။ ဒါပေမယ့် ဖုန်းယွင် ကတော့ သူ့အတွေ့အကြုံတွေကို တွေးနေခဲ့တယ်။
ချင်လူဇီရဲ့ အတွေ့အကြုံနှင့် စွမ်းရည်နိုးထလာချိန်က သူ့ကိုယ်ပိုင်အတွေ့အကြုံတို့နဲ့ တူညီသည်။ သူ့လက်ကိုမကာ အမာရွတ်ကို စိုက်ကြည့်လိုက်သည်။ အချိန်အတော်ကြာပြီးနောက်မှ သူက ခေါင်းကိုလှည့်ကာ ကျိူးလီဇီရှိရာ ဦးတည်ရာဆီသို့ လှမ်းကြည့်လိုက်သည်။
'ငါ့ကို သေခြင်းကနေ ပြန်ဆွဲထုတ်ဖို့ အဲဒီတုန်းက သူမက ဘာပေးခဲ့တာလဲ' လို့ သူ့စိတ်ထဲမှာတွေးနေတယ်။
စကားစမြည်ပြောပြီးနောက်တော့ လူတ်ိုင်းက သူတို့ရဲ့ကိုယ်ပိုင်အတွေးတွေကြားမှာ နစ်မြှပ်သွားကြသည်။ ညရဲ့ဒုတိယတစ်ဝက်ကို ရောက်သောအခါမှာတော့ ကုန်းပိုင် နှင့် လီစီခိုင် တို့က ကျန်တဲ့ညတစ်ဝက်အတွက် အစားထိုး စောင့်ဆိုင်းခဲ့ကြသည်။