အခန်း (၁၆၃-၁၆၅)
Vol. 11 Ch. 163-165
အခန်း-(၁၆၃)
နောက်နေ့မနက်စောစော နေမထွက်ခင်မှာပဲ နတ်ဆိုးအဖွဲ့သားတွေ နိုးနေပြီး ရေချိုးပြီးတာနဲ့ မနက်စာ ချက်ပြုတ်နေကြပါပြီ။
ဒီနေ့က ဖုတ်ကောင်တွေရဲ့တွင်းကို သွားမယ်ဆိုကတည်းက ပင်ပန်းတဲ့နေ့ဖြစ်မယ်ဆိုတာကို လူတိုင်းသိကြတယ်။ ဒါကြောင့် ဒီနေ့အတွက် မနက်စာကို ထမင်းချက်ကျွေးသည်။ ထမင်းတစ်အိုး၊ ဟင်းရွက်ဟင်းရည်အိုး၊ ကြက်ဥမွှေကြော်၊ ဝက်အူချောင်းကင်နှင့် ဘေကွန်တို့လုပ်ကြတယ်။
ဟင်းပွဲက ရိုးရိုးရှင်းရှင်းဆိုပေမယ့် ဘယ်အချိန်သေမယ်မှန်း မသိတာမို့ လူတိုင်းက အထူးသဖြင့် အဖွဲ့ဝင်အသစ်လေးတွေပါ သူတို့စိတ်ထဲ ကျေနပ်တဲ့အထိစားကြပြီး ကန်ရေတစ်ခွက်နဲ့ ပြီးလိုက်ကြတယ်။
မနက်စာစားပြီးနောက်တော့ ကျင်းရွှီယန်းက သူရဲ့အဖွဲ့ဝင်တွေကို အစီအစဥ်အကျဉ်းချုံး ပြောပြတယ်။ ကျိူးလီဇီက အမြုတေများကို ရေတွက်နေရင်း ဘေးတွင်ထိုင်ကာ နားထောင်နေသည်။
လူတိုင်းက ရှင်းလင်းတင်ပြခြင်းအပေါ်မှာ အာရုံစူးစိုက်နေကြပြီး၊ အာကာသနေရာလွတ်ထဲမှ အမြုတေများကို ထုတ်ယူရန် သူမရဲ့ကျောပိုးအိတ်ကို အကာတစ်ခုအဖြစ် အသုံးပြုနေတာကို မည်သူမျှ သတိမထားမိခဲ့ကြပေ။ သူတို့တွင် ဒြပ်စင်အမျိုးအစား အမြုအတေအများအပြားရှိပြီး အဖွဲ့ဝင်များရဲ့ စွမ်းရည်များကို သူမသိရှိထားပြီးဖြစ်သည်။
လင်အန်းတက္ကသိုလ်ရှိ ဖုတ်ကောင်အရေအတွက်ကို တွေးတောရင်း သူတို့တစ်ယောက်စီတိုင်းအတွက် အမြုတေ ၅၀စီကို ပြင်ဆင်ပေးခဲ့သည်။ ဤပမာဏက နာရီပေါင်း ၂၀ ကျော်ကြာအောင်အထိ မနားမနေ တိုက်ပွဲဝင်ရန်အတွက် လုံလောက်သည်။
ပြီးသွားတဲ့အခါမှာ သူမက ရှောင်ချီဆီသွားလိုက်ပြီး "မောင်လေးရှောင် ရေသန့်ဗူးအလွတ်တွေ ပေးလို့ရမလား"လို့ မေးလိုက်တယ်။
ရှောင်ချီက ခေါင်းညိတ်ပြပြီး မေးတယ် "မရီး၊ ကျွန်တော်မှာ အများကြီးရှိတယ်။ မင်းဘယ်နှစ်ဗူးလောက်လိုလဲ"
သူမတို့အဖွဲ့ထဲမှာ သူမကိုယ်တိုင်အပါအဝင် အဖွဲ့ဝင် ၁၇ ယောက်ရှိသည်။ တစ်ယောက်ကို ၃ ဗူးစီပေးမယ်ဆိုရင် အနည်းဆုံးတော့ ၅၁ဗူး လိုအပ်တယ်။ သူမမှာက ကိုယ်ပိုင်ဗူးရှိတယ်ဆိုတော့ "၄၈ ဗူး ပေးလို့ရမလား" လို့ ပြောလိုက်သည်။
ရှောင်ချီက ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့နေရာလွတ်မှ ဗူးအလွတ်များကို ထုတ်ယူလိုက်သည်။ ဗူးအလွတ်များကို ပြန်သုံးနိုင်စေရန်အတွက် ရေသောက်ပြီးနောက်တွင် ရေဆေးပြီးဗူးအလွတ်များကို ပြန်ပေးရသည်။
ဒီတစ်ခါမှာတော့ သူမက ထောင့်ကို မသွားတော့ဘဲ ပုလင်းအလွတ်တွေကို ရေကန်ထဲက ရေ တိုက်ရိုက်ဖြည့်လိုက်တယ်။ သူမရဲ့ လက်ချောင်းထိပ်များကို ဗူးအဝထက်တွင် တင်ကာ သူမရဲ့နေရာလွတ်မှ ကန်ရေကိုထုတ်ယူလိုက်သည်။
သူမရဲ့လက်ချောင်းထိပ်များမှ ရေများစီးကျလာသဖြင့် ကျင်းရွှီယန်းအပါအဝင် လူတိုင်းက သူမကစွမ်းရည်ကို အသုံးချနေတယ်လို့ ထင်ခဲ့ကြတယ်။ ထိုအချိန်တွင် ဖုန်းယွင် ကသာ သူမကို ဂရုတစိုက်ကြည့်နေတယ်။
ချန်ချန်းဖုန်း နှင့် ကျိူးလီဇီ ပေးသောရေတွေကို မြည်းစမ်းဖူးသည်။ တွင်းထွက်ရေများနှင့် နှိုင်းယှဉ်ပါက ရေအမျိုးအစားစွမ်းရည်-အသုံးပြုသူများမှ ထုတ်လုပ်သောရေက အရသာပိုကောင်းတယ်။
ချန်ချန်းဖုန်းရဲ့ရေက ချိုသောအရသာကို အရိပ်အမြွက်ပြီး တွင်းထွက်ရေထက် ချိုသည်။ ကျိူးလီဇီရဲ့ရေက ချန်ချန်းဖုန်းရဲ့ ရေအရသာထက် ပိုချိုပြီး ပူစီနံ ရနံ့ ရနေသည်။
ဒါပေမယ့် ဖုတ်ကောင်အလုံးအရင်းကို တိုက်ခိုက်တဲ့တိုက်ပွဲမှာ သူတို့ပေးတဲ့ရေက မတူကြဘူး။ ချန်ချန်းဖုန်းရဲ့ ရေချိုမြိန်မှုက ကျိူးလီဇီထက်နည်းပြီး ပူစီနံ ရနံ့မရှိပေ။
ဒါပေမယ့် ကျိူးလီဇီပေးတဲ့ ရေက သောက်လိုက်တိုင်း ပိုလန်းဆန်းလာပြီး နွေးထွေးတဲ့ အားအင်တွေက သူ့ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားသလို ခံစားလိုက်ရတယ်။
မသိသာသော်လည်း ထိုရေကိုသောက်သုံးပြီးနောက်တော့ သူရဲ့စွမ်းရည်နှင့် စိတ်စွမ်းအင်များ ပြန်လည်ကောင်းမွန်လာသည်ဟု သူခံစားရတယ်။ ထိုရေကိုသောက်ပြီးနောက်တော့ သူရဲ့ကြွက်သားများ ပင်ပန်းနွမ်းနယ်မှုနှင့် နာကျင်ခြင်းများကိုပင် လျော့ပါးသွားခဲ့သည်။
သူမကို သူအချိန်အတော်ကြာအောင် စောင့်ကြည့်နေပြီး သူတို့ရဲ့ကပ္ပတိန်က အမြုတေတွေ အများကြီးပေးခဲ့ပေမယ့် သူမနှင့်အတူ မသယ်သွားဘူးဆိုတာကိုလည်း သူ သတိထားမိတယ်။
ပထမကတော့ သူမရဲ့ကားထဲမှာ ဝှက်ထားတယ်လို့ထင်ပြီး စစ်ဆေးဖို့ သွားခဲ့သေးတယ်။ ဒါပေမယ့် သူဘယ်လိုပဲရှာဖွေနေပါစေ အဲဒီအမြုတေတွေရဲ့အရိပ်ကိုတောင် ရှာလို့မတွေ့ဘူး။
ထိုအချိန်မှာပဲ သူ့စိတ်ထဲ၌ အတွေးတစ်ခုပေါ်လာသည်။ ချင်လူဇီ ကဲ့သို့ပင် သူမကလည်း စွမ်းရည်နှစ်မျိုးအသုံးပြုသူဖြစ်နိုင်သည်။ ထို့ကြောင့် သူက ဆက်လက်စောင့်ကြည့်နေခဲ့ပြီး နောက်ဆုံးတွင်တော့ သူမကို ဖမ်းမိလိုက်ပြီ။
သူမရဲ့ကျောပိုးအိတ်က ရှင်းရှင်းလင်းလင်းကြီးကို ပြားချပ်နေကာ အထဲမှာ ပစ္စည်းများစွာမရှိသည့် လက္ခဏာပြနေသည်။ ဒါပေမယ့် သူမက အမြုတေနှင့် တခြားပစ္စည်းတွေ အများကြီးကို ထုတ်ယူနိုင်ခဲ့တယ်။
ထို့ကြောင့် သူမဟာ ရေအမျိုးအစားစွမ်းရည်အပြင် အာကာသနေရာလွတ် အမျိုးအစားစွမ်းရည်ကိုပါ နိုးထနိုင်ခဲ့တာ သေချာသည်။
သူမ ဂိုဒေါင်အထဲသို့ဝင်သွားစဉ်တွင်လဲ သူတို့ရဲ့ကပ္ပတိန်က ဂိုဒေါင်အ၀င်ပေါက်များကို အမြဲစောင့်ကြပ်နေပုံကို ပြန်ပြောင်းသတိရကာ သူ့ရဲ့နှုတ်ခမ်းထောင့်များက မြှင့်တင်သွားသည်။
သူတို့ရဲ့ကပ္ပတိန်က သူမရဲ့နေရာလွတ်အကြောင်းကို သိရှိသောကြောင့်၊ အရန်အစီအစဉ်အဖြစ် သူမရဲ့ဒုတိယစွမ်းရည်ကို ထုတ်မပြရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်သည်။ အဲဒီလိုသာဆိုရင် သူကလည်း သူမရဲ့ဒုတိယစွမ်းရည်ကို မထုတ်ဖော်တော့ဘဲ ဖုံးကွယ်ဖို့အတွက်ပါ သူမကိုကူညီပေးရလိမ့်မယ်။
ထောက်ပံ့ရေးပစ္စည်းများနှင့် အမြုတေများရဲ့ လျှို့ဝှက်ဆန်းကြယ်မှုကို ထုတ်ဖော်နိုင်ပြီးနောက်တော့ သူမရဲ့ ရေ တစ်ခုတည်းကသာ မေးခွန်းကျန်ခဲ့တယ်။ သူမ ရေသန့်ဘူးတွေ ဖြည့်နေတာကိုကြည့်ရင်း ရုတ်တရက် သူ့စိတ်ထဲမှာ ရဲရင့်တဲ့ အတွေးတစ်ခု ပေါ်လာသည်။
အဲဒီအချိန်တုန်းက သူရဲ့အထက်တန်းကျောင်းနေဖက် အတော်များများဟာ စိတ်ကူးယဉ်ဝတ္ထုများနှင့် ရုပ်ရှင်များကို နှစ်သက်ကြသည်။ သူတို့သည် ချန်းခွန်အိတ်များ၊ အပင်များ၊ တိရစ္ဆာန်များနှင့် လူသားများကဲ့သို့သော သက်ရှိသတ္တဝါများကို လက်ခံနိုင်သည့် ဝိညာဉ်ရေးရာ နေရာများအကြောင်း အမြဲပြောကြတယ်။
အဲဒီအရာမျာသာ အမှန်တစ်ကယ်ဖြစ်နိုင်လာပါ့က လူသားမျိုးနွယ်ဟယ စကြဝဠာများကိုဖြတ်၍ သို့မဟုတ် အပြိုင်ကမ္ဘာများသို့ပင် သွားရောက်လည်ပတ်နိုင်မည်ဟု သူအမြဲတွေးခဲ့သည်။
ယခုအခါတွင် လူသားတို့ရဲ့အထူးစွမ်းရည်များ နိုးကြားလာခြင်းနှင့် သူကိုယ်တိုင်ကလည်း အာကာသဆိုင်ရာ အထူးစွမ်းရည်ပိုင်ဆိုင်ထားခြင်းတို့ကို ထည့်သွင်းစဉ်းစားရလျှင် ယခင်က မဖြစ်နိုင်ဟုထင်ရသည့်အရာများသည် ယခုအခါတွင်တော့ မျှော်လင့်ချက်ရှိသော ဖြစ်နိုင်ခြေများအဖြစ် ပြောင်းလဲလာခဲ့ပြီ။
ဖြစ်နိုင်သည်မှာ ကျိူးလီဇီရဲ့အာကာသနေရာက သူရဲ့အာကာသ နေရာလွတ်နှင့် ကွဲပြားနေပြီး သူမမှာတော့ 'စိတ်ဝိညာဉ်စမ်းရေတွင်း' ဟုခေါ်သော အရာတစ်ခု ပိုင်ဆိုင်ထားခြင်း ဖြစ်နိုင်သည်။ အကယ်၍ ထိုကဲ့သို့သော အာကာသကိုသာ အမှန်တကယ် ပိုင်ဆိုင်ထားပါက လူသားမျိုးနွယ်ရဲ့ အနာဂတ်အတွက် မျှော်လင့်ချက်ရှိလာနိုင်သည်မဟုတ်ပါလား"
အစာရေစာ စိုက်ပျိုးခြင်းနှင့် တိရိစ္ဆာန်များ မွေးမြူခြင်းတို့ကြောင့် အစာရှားပါးမှုပြဿနာကို ဖြေရှင်းနိုင်သည်။ ဝိညာဉ်စမ်းရေနှင့်အတူ သူမကသာမန်လူများရဲ့ အခြေအနေများကို တိုးတက်စေပြီး ၎င်းတို့ကို ဖုတ်ကောင်များအဖြစ်သို့ ပြောင်းလဲစေမည့်အန္တရာယ်ကို လျှော့ချပေးနိုင်သည်။
သူမက လူများစွာကို အကျိုးပြုနိုင်တယ်ဆိုရင်တောင် သူမရဲ့ဘဏ္ဍာကို မျှဝေလိုစိတ်ရှိပါ့မလား။
သူက ကျင်းရွှီယန်းရဲ့ ဘေးတိုက်မျက်နှာကို ကြည့်ပြီးဆက်တွေးမိလိုက်တယ် " ကျိူးလီဇီ ပိုင်ဆိုင်ထားသည့် အာကာသ နေရာလွတ်အမျိုးအစားနှင့် ထိုအာကာသနှင့်ပတ်သက်ပြီး သူ့အစီအစဥ်များကိုရော သိနိုင်ပါ့မလား။
သူ့အကြည့်ကို လွှဲလိုက်ပြီး ဒီအတွေးတွေကို စိတ်ထဲပဲ သိမ်းထားလိုက်သည်။
သူ့ရဲ့အသက်ကို ကပ္ပတိန် နှင့် ကျိူးလီဇီတို့က ကယ်တင်ခဲ့ခြင်းကြောင့်၊ အနာဂတ်တွင် သူတို့ရဲ့ဆုံးဖြတ်ချက်က မည်သို့ပင်ရှိစေကာမူ၊ သူတို့ရဲ့သူငယ်ချင်းနှင့် နတ်ဆိုးအဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူရဲ့သစ္စာစောင့်သိမှုက သူတို့နှင့်အတူ ရှိနေမည်ဖြစ်သည်။
စိတ်ရှုပ်ထွေးမှုကို ဖြေရှင်းပြီးတာနဲ့ ဖုန်းယွင်ဟာ ကျိူးလီဇီ ရဲ့နေရာလွတ်က ဝိညာဉ်ရေးရာနေရာဟုတ်မဟုတ်ကိုပင် ဂရုမစိုက်တော့ပေ။ သူမရဲ့လုပ်ရပ်များကို ဖုံးကွယ်ထားရန်သာ လိုအပ်သောကြောင့် သူမရဲ့နေရာလွတ်အကြောင်းကို မည်သူမျှ မသိစေဘဲ သူမနှင့်သူတို့ရဲ့အဖွဲ့ကို အန္တရာယ်မဖြစ်စေရန်ကာကွယ်ရမည်။
အခန်း-(၁၆၄)
ဆွေးနွေးပွဲအပြီးတွင်၊ ကျိူးလီဇီက ကန်ရေနှင့် အမြုတေများကို လူတိုင်းအားခွဲဝေပေးခဲ့တယ်။ အဖွဲ့ဝင်အသစ်များဟာ သူတို့ရဲ့ ကိုယ်ပိုင်အမြုတေ နှင့် အရေးပေါ်ဆေးဝါးများသိမ်းဆည်းရန်အတွက်လည်း သူမကခါးပတ်အိတ်တစ်လုံးစီ ပေးခဲ့သည်။
ပြင်ဆင်မှုများပြီးတဲ့အခါ မီနီဈေးမှ ထွက်ခွာလာကြသည်။ မထွက်ခင်မှာ ကျိူးလီဇီက ကျင်းရွှီယန်းရဲ့ အင်္ကျီကိုဆွဲကိုင်လိုက်ပြီး "အစ်ကိုယန်း၊ မင်း သူတို့နှင့်အတူ အရင်ထွက်သွားလို့ရမလား၊ ကျွန်မ အမြန်ဆုံး လိုက်ခဲ့မယ်" လို့ ပြောလိုက်တယ်။
သူမရဲ့စကားကိုကြားတော့ ကျင်းရွှီယန်းကမျက်မှောင်ကြုတ်ပြီး ချက်ချင်းပဲငြင်းလိုက်တယ်။
ကျိူးလီဇီက မြေအောက်သိုလှောင်ကန်တွေကို ဖယ်ထုတ်ချင်ခဲ့ပြီး ဒါကို လူတိုင်းရှေ့တွင်တော့ သူမ မလုပ်နိုင်ပေ။ ထို့ကြောင့် သူမက သူတို့ထွက်ခွာသွားပြီးနောက်မှ ကန်များကို သိမ်းဆည်းချင်တယ်။ မထင်မှတ်ထားပဲ တစ်စုံတစ်ယောက်ကတော့ တွေးတောင်မတွေးဘဲ သူမကို ငြင်းဆန်လိုက်တယ်။
"ဒါဆို သူတို့ကို အရင်ထွက်သွားခိုင်းပြီး မင်း ကျွန်မအနားမှာနေတာကရော ဘယ်လိုသဘောရလဲ" လို့ သူမက ညှိနှိုင်းလိုက်တယ်။
ကျင်းရွှီယန်းက သူမကို စိုက်ကြည့်ကာ "မင်းဘာလုပ်ချင်နေတာလဲ ဆိုတာအရင်ပြောပါ" လို့ ပြောလိုက်တယ်။
ကျိူးလီဇီက သူ့ကို စူးစူးရဲရဲ စိုက်ကြည့်လိုက်ပေမယ့် သူ ဘယ်လောက် ခေါင်းမာတယ်ဆိုတာကို မြင်လိုက်ရတော့ သူ့ကို ပြောပြဖို့ကလွဲပြီး သူမမှာရွေးချယ်စရာ မရှိတော့ပါဘူး။
"အစ်ကိုယန်း မြေအောက်ကန်တွေကို သိမ်းနိုင်မလားဆိုတာကို ကျွန်မစမ်းကြည့်ချင်တယ်၊ အခုက ကျွန်မရဲ့ နေရာအကြောင်းကို မင်းပဲသိတယ်။ ဒါကြောင့် အဲဒါကို မစမ်းကြည့်ခင် သူတို့ကိုအရင်ထွက်သွားခိုင်းဖို့ လိုတယ်"
သူမရဲ့အကြံအစည်ကိုကြားတော့ ကျင်းရွှီယန်းကမေးတယ် "အာ့ဇီ မြေအောက်ကန်ရဲ့ အရွယ်အစားက ကြီးတယ်။ ကန်ကို နေရာလွတ်မှာ သိမ်းဆည်းပြီးရင် မင်းအဆင်ပြေမှာက သေချာရဲ့လား ၊ မင်းရဲ့အာကာသနေရာလွတ်ကို အလွန်အကျွံသုံးမိလို့ ရှောင်ချီလိုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"
သူ့ရဲ့စိုးရိမ်မှုတွေကို သတိထားမိတော့ ကျိူးလီဇီက လေသံပျော့ပျော့နဲ့ပြောလိုက်တယ် "အဲဒါကြောင့် စမ်းကြည့်ချင်တာပါ။ မြေအောက်ကန်တွေကိုသာရနိုင်ရင် လောင်စာတွေကုန်သွားမှာကို စိုးရိမ်စရာ မလိုတော့ဘူး။ အရေးပေါ် အခြေအနေမှာ အကူအညီဖြစ်မှာပါ "
သူမရဲ့စကားကိုကြားပြီးနောက်တော့ ကျင်းရွှီယန်းကသဘောတူလိုက်တယ် "ကောင်းပြီ၊ ဒါပေမယ့် မလုပ်နိုင် တော့ဘူးဆိုရင်တော့ မင်းချက်ချင်း ရပ်လိုက်သင့်တယ်။ ဒီကိစ္စကြောင့် ကိုယ့်ကိုကိုယ် ထိခိုက်အောင်မလုပ်သင့်ဘူး"
"ကောင်းပြီ"ဟု ကျိူးလီဇီက အဆင်သင့်ပဲ သဘောတူလိုက်သည်။
ကျင်းရွှီယန်းက သူတို့ရဲ့အစီအစဉ်ပြောင်းလဲခြင်းအကြောင်းကို ကျန်းယွမ်အားအကြောင်းမကြားမီတွင် သူမကို တစ်ချက်လောက် ခဏကြည့်လိုက်သေးသည်။ ခဏအကြာမှာတော့ ကျန်အဖွဲ့ဝင်များက ဓာတ်ဆီဆိုင်မှ ထွက်သွားကြပြီး သူတို့နှစ်ဦးသာ ကျန်ခဲ့သည်။
ကျိူးလီဇီက ဓာတ်ဆီဆိုင်တစ်ဝိုက်တွင် လမ်းပတ်လျှောက်နေရင်း မြေအောက်သိုလှောင်ကန်များကို မည်သို့စုဆောင်းရမည်ကို စဉ်းစားနေသည်။ ခဏအကြာတွင်မှ သူမက ဆီပန့်များကိုကြည့်ကာ တိုင်ကီများနှင့် တွဲယူရန် ဆုံးဖြတ်လိုက်သည်။
ပန့်များနှင့် သိုလှောင်ကန်များကို ချိတ်ဆက်ထားသည်။ အကယ်၍ သူမသာ ၎င်းတို့ထဲမှ တစ်ခုကိုပဲ ယူလိုက်ပါက ဆီ သို့မဟုတ် သဘာဝဓာတ်ငွေ့ရည်များ စိမ့်ထွက်လာပြီး ပေါက်ကွဲသွားပါက ဘယ်လိုလုပ်မလဲ။
သဲလွန်စတောင်မရှိဘဲ သူမသေသွားလိမ့်မယ် ၊ အား။
သူမစိတ်ထဲမှာ ဆုံးဖြတ်ပြီးတာနဲ့ လက်ကိုဆီပန့်ပေါ်တင်ကာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူမ အဆင်သင့်ဖြစ်သောအခါကြမှ သူမကရေရွတ်လိုက်တယ် "စုဆောင်း"
" ဘုန်းး"
နောက်အခိုက်အတန့်မှာတော့ ဆီပန့်က ပျောက်သွားပြီး မြေကြီးကတုန်ခါသွားကာ နက်ရှိုင်းသော အပေါက်ကြီးတစ်ခုသာကျန်ခဲ့သည်။
"အာ့ဇီ " မြေပြိုကျတာကို မြင်လိုက်သည်နှင့် ကျင်းရွှီယန်းက သူမဆီသို့ အပြေးသွားတယ်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သူက သူမရဲ့ခါးကို သိုင်းဖက်ထားလိုက်နိုင်ပြီး အပေါက်ထဲသို့ ပြုတ်ကျသွားတာနဲ့ သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။
ရုတ်တရတ်ဖြစ်ပေါ်လာသော အပြောင်းအလဲကြောင့် ကျိူးလီဇီ လန့်သွားသည်။ သူမရဲ့စိတ်က ပြန်လည်တုံ့ပြန်နိုင်သောအခါတွင်တော့ သူမသည် ကျင်းရွှီယန်းရဲ့ ရင်ခွင်ထဲတွင်ရှိနေပြီဖြစ်ပြီး သူကို ပြန်ပွေ့ဖက်ထားရုံမှတပါး ဘာမှမလုပ်နိုင်တော့ပေ။
သူတို့ ဆင်းသက်လာပြီးနောက်တော့ ကျင်းရွှီယန်းက သူမကို စစ်ဆေးရန် ခေါင်းငုံ့ကာမေးသည် "အာ့ဇီ မင်းနေကောင်းရဲ့လား ၊ ဒဏ်ရာရသွားသေးလား"
သူ့ရဲ့အသံမှာ စိုးရိမ်ပူပန်မှုတွေက သိသာထင်ရှားလွန်းတာကြောင့် ကျိူးလီဇီက လျှာဖျားမှပေါ့ပေါ့ပါးပါး စကားလုံးတွေကို ပြန်မျိုချလိုက်တယ်။ သူမ ခေါင်းယမ်းကာပြန်ဖြေ သည် "အစ်ကိုယန်း ကျွန်မအဆင်ပြေပါတယ်"
ကျင်းရွှီယန်း မရှိရင်တောင် သူမရဲ့ လက်ရှိစွမ်းရည်နှင့် ရုပ်ပိုင်းဆိုင်ရာ အခြေအနေအရဆို တွင်းထဲကို ပြုတ်ကျသွားရင်တောင် ဒဏ်ရာမရနိုင်ပါဘူး။
သူမရဲ့ နူးညံ့တဲ့အသံကိုကြားတော့မှ ကျင်းရွှီယန်းက သူမရဲ့ပုခုံးပေါ်မှာ ခေါင်းတင်ပြီး "မင်းကိုယ့်ကို သေအောင် ခြောက် လန့်နေတယ်" လို့ပြောလိုက်တယ်။
သူမ ပြုတ်ကျသွားတာကို မြင်လိုက်ရတာနဲ့ အတိတ်ဘဝက အမှတ်ရစရာတွေ သူ့စိတ်ထဲမှာ ပေါ်လာတယ်။ အဲဒီအချိန်တုန်းက သူမကိုဖမ်းရန် သူပျက်ကွက်ခဲ့ပြီး သူမသည် ဖုတ်ကောင်များရဲ့ တစ်စစီစုတ်ဖြဲကာ စားသောက်ခံရခြင်းကြောင့်အဆုံးသတ်သွားခဲ့ရတယ်။
ထိုခဏ၌ သူခံစားခဲ့ရသော အကြောက်တရားနှင့် စိတ်ပျက်အားငယ်မှုတို့သည် ပြန်လည်မွေးဖွားပြီးနောက်တွင်တောင် ဖယ်ရှား၍မရပေ။ အဲဒါက သူ့အတွက် အဆိုးဆုံးအိပ်မက်ဆိုးတွေအဖြစ် ထာဝစဉ်ရှိနေမှာဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မကြုံချင်တော့ပေ။
သူ့ရဲ့တုန်ရီနေသောလက်များကို သတိပြုမိတော့ အဆောက်အဦးတစ်ခုမှ ခုန်ဆင်းလာပြီးသူမဆီသို့ လက်လှမ်းနေတဲ့ လူတစ်ဦးရဲ့ မှုန်ဝါးဝါးပုံသဏ္ဍာန်က ကျိူးလီဇီရဲ့ စိတ်ထဲတွင် ထင်ဟပ်လာသည်။
ခဏအကြာတွင်မှ ကျင်းရွှီယန်းက ငြိမ်သက်သွားပြီး သူမကိုလွှတ်လိုက်သည်။ သူမကို မလွှတ်ပေးလိုက်ခင်မှာ အရင်ဆုံးတည်ငြိမ်အောင်မတ်တပ်ရပ်နိုင်ရန် အရင်ထိန်းပေးသည်။
သူ့ရဲ့မျက်လုံးများကို ကြည့်လိုက်သောအခါမှ သူမရဲ့မှတ်ဥာဏ်များထဲက မှုန်ဝါးနေသောပုံရိပ်က ပိုမိုကာရှင်းလင်းလာသည်။ အရင်ကဆို သူမရဲ့နာမည်ကိုခေါ်တဲ့ သူ့ရဲ့အသံကိုသာ မှတ်မိတယ်။ ယခုတော့ သူမ ထိုလူကို ရှင်းရှင်းလင်းလင်း ပြန်မှတ်မိနိုင်သွားပြီဖြစ်သည်။
သူ့ရဲ့လက်ကို ဆုပ်ကိုင်ပြီး ကျိူးလီဇီပြောလိုက်တယ်"အစ်ကိုယန်း ကျွန်မနေကောင်းပါတယ်"
ကျင်းရွှီယန်းက သူမကိုကြည့်ကာ ခေါင်းညိတ်ပြသည်။ ဆိုးရွားတဲ့ အဲဒီအမှတ်တရတွေကို ပြန်မမှတ်မိချင်တော့တာကြောင့် ခေါင်းစဉ်ပြောင်းလိုက်တယ်။
"အာ့ဇီ မြေအောက်သိုလှောင်ကန်ကို မင်းရလိုက်ပြီလား" လို့ သူကမေးသည်။
သူမရဲ့နေရာလွတ်ကို စစ်ဆေးကြည့်တော့မှ မြက်ခင်းပြင်ပေါ်တွင် ဆီပန့်ပါသော ကြီးမားတဲ့ တိုင်ကီကြီးကို တွေ့လိုက်ရသည်။ သူမက ခေါင်းညိတ်ပြီးပြန်ဖြေလိုက်တယ် "အစ်ကိုယန်း ကျွန်မ လုံးဝမသက်မသာမဖြစ်ဘူး။ ကျန်တဲ့ကန်တွေကိုလဲ ကျွန်မရနိုင်တယ်"
သူမ နေကောင်းနေသောကြောင့် ကျင်းရွှီယန်းကလည်း ကန့်ကွက်ခြင်းမရှိပေ။ သူမကို တွင်းထဲကသယ်ထုတ်ပြီးတဲ့အခါ ကျင်းရွှီယန်းက သူမအနားမှာပဲ ရပ်နေလိုက်တယ်။ ကျိူးလီဇီက ကျန်တဲ့ဆီပန့်များနှင့် မြေအောက်သို လှောင်ကန်များကို စုဆောင်းနေစဉ်တွင် သူတို့နှစ်ဦးက အဝေးမှာပဲရပ်နေခဲ့သည်။
ပြီးသည်နှင့် သူမက နေရာလွှတ်ရှိ မြက်ခင်းပြင်ရဲ့ ထောင့်တစ်နေရာသို့ ကန်များနှင့် ပန့်များကို ရွှေ့လိုက်သည်။ ထို့နောက် သူမရဲ့ကားကို နေရာလွှတ်မှ ထုတ်ယူလိုက်သည်။
"သူတို့ ကိုယ်တို့ကို စောင့်နေလောက်တယ်။ သွားကြစို့" လို့ ကျင်းရွှီယန်းက ကားအင်ဂျင်စက်ကို စဖွင့်ရင်းပြောသည်။
သူတို့ ဓာတ်ဆီဆိုင်မှ ထွက်လာသောအခါတွင် အဆောက်အအုံအလွတ်များနှင့် အပေါက်ကြီးတွေသာ ကျန်ခဲ့တော့သည်။
တစ်ချိန်တည်းမှာပဲ နတ်ဆိုးအဖွဲ့သားများကလည်း သူတို့ကို လမ်းဘေးတွင် စောင့်နေကြသည်။ သူတို့ရဲ့ လက်ရှိတည်နေရာက လင်အန်းတက္ကသိုလ်မှ ရှစ်ကီလိုမီတာအကွာတွင်ရှိပြီး သူတို့သည် အဝေးမှ ဖုတ်ကောင်များရဲ့ဟောက်သံများကိုပင် ကြားနိုင်နေပြီဖြစ်သည်။
အခန်-(၁၆၅)
မိနစ်နှစ်ဆယ်အကြာ မောင်းနှင်ပြီးနောက်မှ ကျင်းရွှီယန်းက ကျိူးလီဇီရဲ့ကားကိုရပ်လိုက်ပြီး "အာ့ဇီ လမ်းလျှောက်ရအောင်" လို့ပြောလိုက်တယ်။
သူ့စကားကိုကြားတော့ ကျိူးလီဇီကခေါင်းညိတ်သည်။ ကားထဲက သူတို့ဆင်းပြီးတဲ့နောက်တော့ ကားကို သူမရဲ့နေရာလွတ်မှာ သိမ်းဆည်းလိုက်ပြီး လင်အန်းတက္ကသိုလ်ဆီ လမ်းလျှောက်သွားသည်။ နောက်ထပ် မိနစ်နှစ်ဆယ်လောက် လမ်းလျှောက်ပြီးတဲ့အခါမှ သူတို့ရဲ့ အဖွဲ့သားတွေကို တွေ့လိုက်ရတယ်။
သူတို့နှစ်ယောက်ကို သတိထားမိတော့
လူတိုင်းကိုကြည့်လိုက်ပြီး ကျန်းယွမ်ကပြောလိုက်တယ်"ကပ္ပတိန် ရောက်လာပြီ။ အားလုံး ကားပေါ်တက်ကြ"
သူတို့ရဲ့ကပ္ပတိန်က ဘာတွေလုပ်ခဲ့လဲဆိုတာ ဘယ်သူမှ မသိပေမယ့် ဘယ်သူကမှ မေးခွန်းမထုတ်ဘဲ ကျန်းယွမ်ရဲ့ အမိန့်ကို လိုက်နာခဲ့တယ်။ အဖွဲ့ဝင်အသစ်များကသာ သူတို့ကို စူးစူးစိုက်စိုက်ကြည့်နေကြသည်။
သံချပ်ကာကားများဆီသို့ ရောက်သွားသောအခါတွင်တော့
ကျင်းရွှီယန်းက ခရီးသည်ထိုင်ခုံတွင် ထိုင်လိုက်ပြီး ကျိူးလီဇီ ကတော့ အနောက်ထိုင်ခုံပေါ်သို့ တက်သွားလိုက်တယ်။
လင်အန်းတက္ကသိုလ်နှင့် နီးကပ်လာတော့ ဖုတ်ကောင်တို့ရဲ့ ဟိန်းဟောက်သံများက ပိုမိုကျယ်လောင်လာကာ ပိုလို့လည်းရှင်းလင်းလာသည်။ "ကပ္ပတိန်၊ ကျွန်တော်တို့ ဖုတ်ကောင်တွေရဲ့တွင်းထဲကို ဝင်နေပါပြီ" လို့ ဆယ့်ငါးမိနစ်အကြာတွင် ချင်လူဇီက ပြောလာသည်။
ဒါကိုကြားတော့ ကျင်းရွှီယန်းက အမိန့်ပေးလိုက်တယ်"ကားရပ်လိုက်၊ ငါတို့ ခြေလျင်သွားကြမယ်"
ရှန်းကျင်းဇီက သူ့အမိန့်အတိုင်း လမ်းဘေးမှာ ကားတွေကိုမရပ်ခင် သူတို့နောက်က ကားတွေကို အရင်ဆုံးအကြောင်းကြားခဲ့တယ်။ကားထဲကနေ အားလုံး ထွက်လာကြပြီးမှ သံချပ်ကာယာဥ်တွေကို သူ့နေရာနဲ့သူ သိမ်းထားလိုက်ကြတယ်။
ထိုအချိန်တွင် လူတိုင်းက သူတို့ရဲ့ လက်နက်များကို ထုတ်ကာ စစ်ဆေးနေပြီဖြစ်သည်။ ဒါကိုမြင်တော့ အဖွဲ့ဝင်အသစ်တွေကလည်း သူတို့ရဲ့ လက်နက်တွေကို စပြီးစစ်ဆေးတယ်။
"မင်းတို့သုံးယောက်က ကုတ်အဖြူကို ချွတ်လိုက်သင့်တယ်လို့ ကျွန်မထင်တယ်၊ မင်းတို့တိုက်ခိုက်တဲ့အခါမှာ လှုပ်ရှားမှု တွေကို အနှောင့်အယှက်ဖြစ်စေလိမ့်မယ်။ နောက်ပြီး ကုတ်တွေကိုလည်း လျှော်ဖို့လိုတယ်။
စကားသံကိုကြားတော့ သူတို့လှည့်ကြည့်လိုက်တာ ကျိူးလီဇီ က သူတို့ရဲ့ကုတ်အင်္ကျီတွေကို ကြည့်နေတာတွေ့လိုက်ရတယ်။ သူတို့ရဲ့ အဖြူရောင်ကုတ်များက မသန့်ရှင်းတော့ဘဲ၊ အနက်ရောင်သွေးများဖြင့် ဖုံးလွှမ်းနေပြီး ပုပ်နေသောအသားကဲ့သို့ အနံ့များထွက်နေသည်။
သူတို့သုံးယောက်ကတော့ သူတို့ရဲ့ကုတ်အဖြူကို လွှင့်ပစ်ဖို့ မလိုလားဘဲ တုံ့ဆိုင်းသွားကြတယ်။
ဒါကိုမြင်တော့ ကျိူးလီဇီက ပြောလိုက်တယ် "ဒါတွေကို မင်းတို့အတွက် ကျွန်မသိမ်းထားပေးရင်ရော။ ဖုတ်ကောင်တွေကိုသတ်လို့ပြီးရင် ပြန်ပေးမယ်"
ဒါကိုကြားတော့ ယူဖူယွင်က ခဏလောက်စဉ်းစားပြီး သူ့ကုတ်အင်္ကျီကို ချွတ်လိုက်တယ်။ သူ့မလက်ကို အပ်လိုက်ပြီး “ညီမလေး၊ မင်းကို ဒုက္ခပေးမိလို့ တောင်းပန်ပါတယ်”လို့ လည်းပြောလိုက်တယ်။
"ကိစ္စမရှိပါဘူး" လို့ ကျိူးလီဇီက ပြုံးပြီးပြန်ဖြေသည်။
ထို့နောက် သူမက ချန်ကျိရိ နှင့် ကျောင်းလီရှင်းတို့ကိုကြည့်ကာ " အစ်မကျောင်း နှင့် ခဲအိုကကော ဘယ်လိုလဲ"လို့ မေးလိုက်တယ်။
သူတို့ဟာ ဖုတ်ကောင်များကို တိုက်ခိုက်ဖူးပြီးဖြစ်တာကြောင့် သူမပြောသောစကားက အမှန်ဖြစ်ကြောင်းကို သိသည်။ ဒါနဲ့ပဲ သူတို့က အင်္ကျီကိုချွတ်ပြီး သူ့မဆီအပ်လိုက်သည်။
ကျိူးလီဇီက ပြုံးပြီးပြောတယ် "အစ်မကျောင်း အဝတ်တွေကို ပြန်မပေးခင် လျှော်ပေးမယ်နော်။ အနံ့ မရှိစေရဘူးလို့ ကတိပေးတယ်"
ဒီလိုပြောပြီးနောက် သူမက ကားရှိရာဆီ လျှောက်သွားလိုက်ပြီး အင်္ကျီတွေကို သူမရဲ့နေရာလွတ်ထဲ မထည့်ခင်မှာ လူမြင်ကွင်းကို ပိတ်ဆို့ဖို့အတွက် ကားကိုအသုံးပြုခဲ့သည်။ သိမ်းဆည်းပြီးတာနဲ့ ချက်ချင်း သူမရဲ့နေရာလွတ်ကို စစ်ကြည့်တော့ အင်္ကျီပေါ်ရှိ အနက်ရောင်သွေးများနှင့် ပုပ်နေသော အရာများဟာ မြူမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် ပျောက်ကွယ်သွားသည်ကို တွေ့လိုက်ရတယ်။
သူမရဲ့စိတ်စွမ်းအင်ကိုသုံးပြီး ရေအိုးတစ်လုံးကို ရေဖြည့်လို့ အဝတ်လျှော်ဆပ်ပြာထည့်ကာ အင်္ကျီတွေကို စိမ်လိုက်တယ်။ ဖုတ်ကောင်တွေကို သတ်ပြီးတဲ့အခါမှ သူမက ဒါတွေကို ရေဆေးပြီး ကျင်းရွှီယန်းကို အခြောက်ခံခိုင်းလိုက်မယ်။
နတ်ဆိုးအဖွဲ့ဟာ ဆယ်မိနစ်အကြာတွင် ချင်လူဇီရဲ့ ဦးဆောင်မှုအောက်မှလိုက်လို့ စတင်ထွက်ခွာသွားခဲ့သည်။ သူတို့ လျှောက်လှမ်းသွားလိုက်တိုင်းမှာ ဖုတ်ကောင်တွင်းက ပိုနီးကပ်လာသည်။
"ရားးးး"
တက္ကသိုလ်နှင့် မီတာငါးဆယ်အကွာတွင် ဖုတ်ကောင်အော်သံကို စကာကြားလိုက်ရသည်။ နောက်အခိုက်အတန့်တွင် အဖွဲ့ဝင်အသစ်များဟာ တောင့်တင်းသွားပြီး မျက်နှာများက ဖြူဖျော့သွားကြတယ်။ သူတို့ရဲ့မျက်လုံးများမှာ
တည်ငြိမ်မှုမှုမရှိတော့ဘဲ ထိတ်လန့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။
သူတို့ရဲ့အခြေအနေကိုမြင်လိုက်ရတော့ ကျိူးလီဇီက သူတို့ဆီကို အမြန်ပြေးသွားပြီး သူတို့ရဲ့ဦးနှောက်ထဲကို စွမ်းအင်တွေပို့ပေးကာ သူတို့ရဲ့စိတ်ကို ကာကွယ်ပေးလိုက်ပါတယ်။
မိနစ်အနည်းငယ်အကြာတွင် သူတို့ဟာသတိပြန်ဝင်လာပြီး သူတို့ရဲ့အဝတ်အစားတွေက ချွေးအေးတွေနှင့်စိုရွှဲနေကာ နှုတ်ခမ်းထောင့်စွန်းကနေလည်း သွေးတွေ စီးကျနေတာကို သိလိုက်ရတယ်။
ကျင်းရွှီယန်းက ခေါင်းကိုမော့ကာ တက္ကသိုလ်ရှိ အမြင့်ဆုံး အဆောက်အအုံဆီသို့ လှမ်းကြည့်လိုက်သည်။ ခေါင်မိုးပေါ်၌ မတ်တပ်ရပ်နေသော ခြေတံရှည်ရှည်နှင့် သေးငယ်သောပုံရိပ်ကို မြင်လိုက်ရတယ်။ သူ့အကြည့်တွေကို ခိုင်မာနေပြီး"ဒါက အဆင့်လေး ဖုတ်ကောင်ပဲ"သူက ပြောလိုက်တယ်။
သူ့စကားကိုကြားတော့ အားလုံးကအံ့သြသွားကြတယ်။ ပြန်တုံ့ပြန်ခြင်းမပြုနိုင်မီတွင်ပဲ နောက်ထပ်ဟ်ိန်းဟောက်သံတစ်ခုကြားလိုက်တာကြောင့် ကြည့်လိုက်တော့ ထိုဖုတ်ကောင်က ခေါင်မိုးပေါ်မှ ခုန်ဆင်းလာတာကို တွေ့လိုက်ရသည်။
ဒါကိုမြင်တော့ ကျင်းရွှီယန်းက အမိန့်ပေးလိုက်သည် "အဆင့်လေးဖုတ်ကောင်ကို ငါဂရုစိုက်လိုက်မယ်။ ကျန်တဲ့သူတွေ အဆင့်နိမ့်ဖုတ်ကောင်တွေကိုသတ်ပစ်"
"ဟုတ်ကဲ့ ကပ္ပတိန်"
ညွှန်ကြားမှုပြီးတာနဲ့ ဒူးကိုကွေးကာ ရှေ့သို့ ခုန်တက်လိုက်သည်။ တစ်ချက်ခုန်ရုံဖြင့် အရှေ့ဆီ မီတာနှစ်ဆယ်ကျော် သူရောက်နိုင်နေပြီဖြစ်သည်။
ဒါကိုမြင်တော့ ကျိူးလီဇီက သူ့နောက်ကို အမြန်လိုက်သွားခဲ့တယ်။ အဆင့် ၁ သာရှိသေးသော်လည်း၊ သူမက အမီလိုက်နိုင်ကာ သူရဲ့အရှိန်နှင့် လိုက်လျောညီထွေရှိသည်။ ရုတ်တရက် သူမရဲ့အရှေ့ဆီက လေပြင်းတိုက်တာကို ခံစားလိုက်ရသဖြင့် ဘေးနားကို အလိုလိုရှောင်လိုက်သည်။
"ဘုန်းးးး"
လေးလံသော အရာဝတ္ထုတစ်ခုခု မြေပြင်ပေါ်ကျသွားပြီး ဖုန်မှုန့်များနှင့် အပျက်အစီးများဟာ လေထုထဲပျံတက်ကုန်တယ်။ ကျိူးလီဇီ နှင့် ကျင်းရွှီယန်းတို့နှစ်ယောက်စလုံးက ရပ်တန့်လိုက်ပြီးကာ လက်ထဲမှာလက်နက်တွေကိုင်ထားရင်နဲ့ အနောက်သို့အတူလှည့်ကြည့်လိုက်ကြတယ်။
"အိုးးး...ခါ့…အိ…ရားးး"
လေထဲက အမှုန်တွေဖုန်တွေ မပျောက်သွားခင်မှာပဲ ထူးဆန်းတဲ့ဟောက်သံက အလယ်ဗဟိုကနေ ပဲ့တင်ထပ်လာတယ်။ သူမကို ရည်ရွယ်ပြီးလာသည့် လူသတ်ရန်ရည်ရွယ်ချက် လှိုင်းလုံးကြီးကို ခံစားမိတာကြောင့် ကျိူးလီဇီက သူမရဲ့ ဓားမြှောင်ကို မြှောက်လိုက်သည်။
" ကလန် အက် "
စက္ကန့်ပိုင်းလေးအတွင်းမှာပင် ချွန်ထက်သောလက်သည်းများနှင့်သူမရဲ့ဓားမြှောင်တို့ တိုက်မိရာမှ ကျယ်လောင်သောအသံထွက်လာသည်။ တိုက်ခိုက်မှုရဲ့တွန်းအားက သူမရဲ့ လက်မောင်းတွေကို ထုံကျဉ်သွားစေပြီး မီတာများစွာ နောက်သို့ တွန်းထုတ်လိုက်သည်။ သူမရဲ့ခြေဖဝါးအောက်က မြေပြင်မှာလည်း အက်ကွဲရာ လိုင်းနှစ်ကြောင်းက ထင်းနေတယ်။
သူမရဲ့လည်ချောင်းထဲမှာ ဆန်တက်လာတဲ့ သွေးရဲ့သတ္တုအရသာကို ခံစားလိုက်ရပြီး ဒါကို အတင်းပြန်မျိုချလိုက်တယ်။ သူမရဲ့အကြည့်တွေကို မြှင့်လိုက်တော့ မျက်လုံးများထဲတွင် အံ့သြမှုတစ်ခု ပေါ်လာသည်။ ကြောက်ရွံ့မှုနှင့် စိတ်ပျက်အားငယ်မှုများ ဖြစ်လာရမည့်အစား သူမရဲ့နှလုံးသားထဲတွင် စိတ်လှုပ်ရှားမှုများ တိုးတက်လာသည်။
နှုတ်ခမ်းကိုဟလိုက်ပြီး "မိုဘင်းရှန် ငါတို့ပြန်တွေ့ကြပြီ။ နင်လုံးဝမသေသေးလို့ ငါဝမ်းသာတယ်။ မဟုတ်ရင် နင်ရဲ့ခွေးအသက်ကို ငါ့လက်နဲ့ ဘယ်လိုလုပ်ပြီးသတ်နိုင်တော့မှာလဲ"
သူမရဲ့စကားဆုံးတာနဲ့ သူမရဲ့လက်ဖဝါးကိုဖြန့်ကာ ဖုတ်ကောင်အမျိုးသမီးရဲ့ရင်ဘတ်ကို တိုက်ခိုက်လိုက်သည်။
" ခရစ် ခရစ်က် "
ရေဓါးတစ်ချောင်းက သူမရဲ့လက်ဖဝါးဆီမှ ဖုတ်ကောင်အမျိူးသမီးရင်ဘတ်ထံသို့ ပျံတက်သွားပြီး အပေါက်တစ်ခုကို ဖန်တီးလိုက်သည်။
ဖုတ်ကောင်ရဲ့ အနက်ရောင်မျက်လုံးတွေနှင့် မျက်နှာချင်းဆိုင်ကြည့်လိုက်စဉ်မှာ ထိုမည်းနက်နက် မျက်လုံးများထဲတွင် အမျက်ဒေါသနှင့် အမုန်းစိတ်များ လျှပ်တစ်ပြက်ထွက်ပေါ်နေတာကို မြင်လိုက်ရတယ်။ ဤအခြေအနေကို တွေ့မြင်လိုက်ရသော ကျိူးလီဇီက ခဏလောက်ထိတ်လန့်သွားခဲ့သည်"
"ဂါးးးး"
ဖုတ်ကောင်အမျိုးသမီးက ပါးစပ်ကိုဖွင့်ကာ သူမရဲ့လည်ပင်းကိုက်လိုက်တယ်။
ဒါကိုမြင်လိုက်တဲ့အခါမှာ ကျင်းရွှီယန်းရဲ့ မျက်လုံးတွေကပြူးကျယ်သွားပြီး "အာ့ဇီ" လို့ အလောတကြီး အော်ဟစ်လိုက်သည်။
" ဘုန်းးး"