← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 11 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 11 Ch. 163-164

အခန်း ၁၆၃ ။ စိတ်ပျက်စရာ

"မင်ကျယ်ယွီရဲ့ နားဆွဲက အရှင်မင်းကြီး ဆုချထားတာ မဟုတ်လား။"

မိဖုရားခေါင်ကြီးက ရုတ်တရက် မေးလိုက်သည်။

ယဲ့ယွင် စိတ်ကို တည်ငြိမ်အောင်ထားပြီး ထရပ်ကာ ပြန်ဖြေလိုက်၏။

"မှန်ပါတယ် မယ်မယ်။ မနေ့က အရှင်မင်းကြီး လူလွှတ်ပြီး လာပေးတာပါ။ ဒီချန်းချဲ့ သဘောကျလို့ ဒီနေ့ ဝတ်လာတာပါ။"

"ဒီချန်းချဲ့ အမြင်မမှားဘူးဆိုရင် ဒီနားဆွဲက ယခင်မယ်တော်ကြီး မွေးနေ့တုန်းက အရှင်မင်းကြီး ပန်းချီဆွဲပြီး ဂါရဝပြုလို့ သဘောကျပြီး အထူးဆုချခဲ့တဲ့ နားဆွဲပဲ။"

ကျင်းဖေးက ပြုံးလျက် ဝင်ပြောလိုက်သည်။

သူမသည် နင်ချန်နှင့် အစောဆုံး လက်တွဲခဲ့သူဖြစ်၍ အကြောင်းစုံ အသိဆုံးဖြစ်သည်။

သို့သော် သူမ မပြောခဲ့သည့်အချက်မှာ ထိုစဉ်က နင်ချန်သည် မယ်တော်ကြီး၏ ငယ်ရွယ်စဉ်ပုံရိပ်ကို ပန်းချီဆွဲပေးခဲ့ပြီး မယ်တော်ကြီးက ဆုချရာတွင် ဤသို့ ပြောခဲ့ခြင်းဖြစ်သည်။

"ချန်အာရဲ့ ပန်းချီလက်ရာက ထူးချွန်တယ်။ ဒါပေမယ့် အဘွားက အသက်ကြီးပြီမို့လို့ ဒီပန်းချီနဲ့ မတန်တော့ပါဘူး။ နောင်တစ်ချိန် မင်း သဘောကျတဲ့ မိန်းကလေးတွေ့ရင် အဘွားဆုချတဲ့ ဒီနားဆွဲလေးကိုပေးလိုက်ပြီး သူ့ပုံကို သေချာဆွဲပေးလိုက်ပါ။"

ထိုအချိန်တွင် နင်ချန်နှင့် ရှဲ့ရှီ လက်ထပ်ပြီးခါစဖြစ်၍ ရှဲ့ရှီက ထိုနားဆွဲသည် သူမလက်ထဲ ရောက်လာလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း နင်ချန်က သိမ်းထားလိုက်ပြီး မည်သူ့ကိုမျှ မပေးခဲ့ပေ။

ယနေ့ ယဲ့ယွင် ဝတ်ဆင်ထားသည်ကိုတွေ့လိုက်ရသဖြင့် လူတိုင်း မတွေးဘဲ မနေနိုင်ကြပေ။

ကျင်းဖေး၏စကားကို ကြားလိုက်ရသောအခါ ယဲ့ယွင် မျက်မှောင်ကြုတ်လိုက်မိသည်။

ဟဲ့ ငါကို ပေးတုန်းက ဒီနားဆွဲရဲ့သမိုင်းကြောင်းကို အဲ့ဘုရင်စုတ် မပြောပြခဲ့ဘူးလေ။ ဒီနေ့ဝတ်လာမှ ပြဿနာတက်တော့တာပဲ။

"ချန်းချဲ့ ဒီနားဆွဲက အရင်မယ်တော်ကြီးရဲ့ ပစ္စည်းမှန်း မသိခဲ့ပါဘူး။ ဒီလောက် တန်ဖိုးကြီးတဲ့ ပစ္စည်းနဲ့ ဒီချန်းချဲ့ မထိုက်တန်ပါဘူး။ အခုပဲ ချွတ်လိုက်ပါ့မယ်။"

လောလောဆယ်တွင် မိဖုရားခေါင်ကြီးနှင့် ထိပ်တိုက်မတွေ့ချင်သေးပေ။

နင်ချန်က မိဖုရားခေါင်ကြီးကို အလွယ်တကူ ဖြုတ်ချမည် မဟုတ်သလို မိဖုရားခေါင်ကြီး၏နေရာကိုလည်း အလွယ်တကူ လှုပ်ခတ်၍ မရနိုင်ပေ။

"ဟယ်... မင်ကျယ်ယွီကလည်း ဘာတွေလျှောက်ပြောနေတာလဲ။ အရှင်မင်းကြီးက ပေးမှတော့ ရှင်နဲ့ ထိုက်တန်လို့ ပေးတာပေါ့။ ဝတ်သင့်မဝတ်သင့်ဆိုတာ အရှင်မင်းကြီးက ဆုံးဖြတ်တာလေ။ အရှင်မင်းကြီးက ရှင့်ကို ချစ်လို့ပေးတာပဲ၊ အားနာမနေပါနဲ့။"

ဘေးနားတွင် ထိုင်နေသော လင်ရှိုးရုန်က ရုတ်တရက် ပြုံးလျက် ဝင်ပြောလိုက်သည်။

မိဖုရားခေါင်ကြီး မျက်လွှာချလိုက်ပြီး မျက်နှာတွင် အပြုံးရိပ်များ ပေါ်လာသည်။

"ပန်ကုန်းက ပါးစပ်သရမ်းပြီး မေးလိုက်မိတာပါ။ မင်းကို စိတ်လှုပ်ရှားစေမိပြီ။ လင်ရှိုးရုန် ပြောတာ မှန်တယ်။ အရှင်မင်းကြီး ပေးမှတော့ မင်း ဝတ်နိုင်ပါတယ်။"

"ဒါပေမယ့် ပန်ကုန်း တစ်ခုတော့ ပြောချင်တယ်။ အရှင်မင်းကြီးက မင်းကို ချစ်တာ မင်းရဲ့ ကံကောင်းခြင်းပဲ။ ဒါပေမယ့် မင်းလည်း လိမ္မာသင့်တယ်။ နန်းတွင်းဆိုတာ မိုးရွာသလိုပဲ နေရာအနှံ့ ပျံ့နှံ့ရမယ်လေ။ မင်းက အရှင်မင်းကြီးကို တခြားကိုယ်လုပ်တော်တွေဆီ သွားလည်ဖို့ တိုက်တွန်းပေးသင့်တယ်။"

ဒီစကားက ရွံစရာကောင်းလွန်းသဖြင့် ယဲ့ယွင် မျက်နှာထား တင်းမာသွားသည်။

အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောလိုက်၏။

"ဒီချန်းချဲ့က စကားပြောပိုင်ခွင့် မရှိပါဘူး။ အရှင်မင်းကြီးက ဧကရာဇ်မင်းမြတ်လေ၊ ဒီချန်းချဲ့စကားကို ဘယ်နားထောင်ပါ့မလဲ။ တိုက်တွန်းတဲ့ကိစ္စကို မိဖုရားခေါင်ကြီးလုပ်တာက ပိုသင့်တော်ပါလိမ့်မယ်။"

"ဘာစကားပြောပိုင်ခွင့် မရှိတာလဲ။ ငါကြည့်ရတာ မင်ကျယ်ယွီက မလုပ်ချင်လို့နေမှာပါ။ အရှင်မင်းကြီးကို မြှူဆွယ်ပြီး ထိန်းချုပ်ထားတာက အပြစ်ကြီးတယ်နော်။"

ဝမ်သယ့်ဖေးက အေးစက်စွာ ဝင်ပြောလိုက်သည်။

ယဲ့ယွင် လှည့်ကြည့်လိုက်ပြီး အေးစက်စွာ ပြန်ပြောလိုက်သည်။

"သယ့်ဖေးမယ်မယ် စွပ်စွဲတဲ့ ခေါင်းစဉ်ကို ဒီချန်းချဲ့ လက်မခံနိုင်ပါဘူး။ တကယ်လို့ မယ်မယ်က တိုက်တွန်းပေးနိုင်ပြီး အရှင်မင်းကြီးကို နားထောင်အောင် လုပ်နိုင်မယ်ဆိုရင် ဒီချန်းချဲ့က နောက်ကျရင် အရှင်မင်းကြီးနဲ့ တွေ့တဲ့အခါ မယ်မယ့်ရဲ့ သဘောထားကြီးပုံကို ပြောပြပြီး ချူရှို့နန်းဆောင်ကို သွားဖို့ တိုက်တွန်းပေးပါ့မယ်။"

"ယဲ့မျိုးရိုး... နင် မောက်မာလှချည်လား။ ငါ အရှင်မင်းကြီးနဲ့ တွေ့တာ မတွေ့တာ နင် ဝင်ပါစရာလား။"

ဝမ်သယ့်ဖေး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"သယ့်ဖေးမယ်မယ်က ဒီချန်းချဲ့ ဝင်ပါလို့မရဘူး ဆိုတာလည်း သိနေတာပဲ။ ဘာလို့ ဒီချန်းချဲ့ကို မတိုက်တွန်းပေးဘူးလို့ ပြောနေရတာလဲ။ ရှေ့နောက် မညီဘူးလေ။"

ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး လှောင်ပြောင်သရော်လိုက်သည်။

သူမ ပြန်မပြောနိုင်ခင်မှာပင် ထိပ်ဆုံးမှ မိဖုရားခေါင်ကြီးဘက် လှည့်ပြောလိုက်သည်။

"မိဖုရားခေါင်ကြီး မြင်တဲ့အတိုင်းပါပဲ။ ဒီချန်းချဲ့မှာ အရှင်မင်းကြီးကို တိုက်တွန်းနိုင်စွမ်း မရှိပါဘူး။ သယ့်ဖေးမယ်မယ်က ထိပ်ဆုံးကနေ ကန့်ကွက်နေတာလေ။ ဒီလိုကိစ္စမျိုးကို မိဖုရားခေါင်ကြီးပဲ လုပ်နိုင်မှာပါ။"

မိဖုရားခေါင်ကြီး သူမကို စူးစူးရဲရဲကြည့်နေပြီး သူမ၏စိတ်ကို ခန့်မှန်းရခက်နေသည်။

သို့သော် ယခုအချိန်တွင် တစ်ခုသေချာသည်မှာ ယဲ့ယွင်သည် သူမကို မလေးမစား လုပ်လိုစိတ် မရှိခြင်းပင်။

ထို့ကြောင့် လက်ဝှေ့ယမ်းပြလိုက်သည်။

"ကဲ... ထိုင်လိုက်ပါတော့။"

"ဒီနေ့ ပန်ကုန်း ပင်ပန်းနေပြီ။ အားလုံး ပြန်ကြတော့။ ရှူးဖေးနဲ့ ကျင်းဖေး နေခဲ့ဦး။ တိုင်ပင်စရာရှိတယ်။"

ကိုယ်ဝန်ဆောင်ထားရသဖြင့် မိဖုရားခေါင်ကြီး အားအင်ကုန်ခမ်းနေပြီး မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်နေသည်။

အားလုံး ဂါရဝပြုပြီးနောက် ရာထူးအလိုက် ထွက်ခွာသွားကြသည်။

ဝမ်သယ့်ဖေး၏မျက်နှာထားမှာ အဆိုးရွားဆုံးဖြစ်ပြီး ဖုန်းရှီးနန်းဆောင်မှ ထွက်သည်နှင့် လျင်မြန်စွာ ထွက်ခွာသွားလေသည်။

ယဲ့ယွင် ပြန်ချိန်တွင် ဝေါယာဉ်မစီးတော့ပေ။

စောစောက ရှမိန်ရန်နှင့် ဆံထိုးယူရန် ချိန်းထားသဖြင့် အတူတူလမ်းလျှောက်ပြန်ကြသည်။ ကျိုးချိုက်ရန်ကိုလည်း ခေါ်လိုက်သည်။

သုံးယောက်သား ရယ်မောစကားပြောရင်း သဟဇာတဖြစ်နေကြသည်။

ကျောက်ကျယ်ယွီက နောက်မှလိုက်လာပြီး အလယ်တွင်ရှိသော ယဲ့ယွင်ကိုကြည့်ကာ စိတ်မကောင်းဖြစ်နေမိသည်။

တူညီတဲ့ ကျယ်ယွီအဆင့်အတန်းချင်းတူပေမယ့် သူတို့ဝတ်ဆင်ထားတာတွေက ကွာခြားလွန်းလှသည်။

ယခုအခါ မိဖုရားခေါင်ကြီးက သူမကို အရေးမလုပ်တော့သဖြင့် သူမ၏နေ့ရက်များသည် ပို၍ ခက်ခဲလာသည်။ ရှမိန်ရန်၏ခေါင်းပေါ်မှဆံထိုးသည်ပင် သူမပစ္စည်းထက် ပိုကောင်းနေသည်။

ကျိုးချိုက်ရန်က ယဲ့ယွင်ကို အားကိုးလိုက်တော့ ဒီနှစ် အဝတ်အစားသစ် နှစ်စုံတောင် ပိုရလိုက်သေးတယ်။

နှိုင်းယှဉ်ကြည့်လိုက်တော့ သူမက ကျယ်ယွီဖြစ်ရတာ တကယ် ညံ့ဖျင်းလွန်းတယ်။

ဒီနေ့ စုမိန်ရန်ပြောတဲ့စကားကို သတိရသွားတယ်။

စုမိန်ရန်က သူမကို ယန်ဝမ်ရုန်လောက်တောင် မိဖုရားခေါင်ကြီး အလေးမထားဘူး၊ နောက်ကျရင် စွန့်ပစ်ခံရမယ့်သူလို့ လှောင်ပြောင်ခဲ့တယ်။

ဒါပေမယ့် ယန်ဝမ်ရုန်က ဘာလို့ အလေးထားခံရတာလဲ။ ကလေးမွေးပေးနိုင်လို့ မဟုတ်ဘူးလား။

အကယ်၍ ထိုကလေးကို သူမ မွေးစားခွင့်ရခဲ့လျှင် သူမလည်း အခွင့်ကောင်းယူပြီး ကျိုဖင်အဆင့်သို့ တက်လှမ်းနိုင်မည် မဟုတ်လား။

စိတ်ထဲမှ အတွေးများ ပိုမိုပြင်းထန်လာပြီး ကျောက်ကျယ်ယွီ၏ရင်ထဲတွင် မီးတောက်တစ်ခု လောင်ကျွမ်းလာသကဲ့သို့ ခံစားလိုက်ရသည်။

အခြားတစ်ဖက်တွင် ယွီရှို့အဆောင်၌ ကျိုးရှီသည် ယဲ့ယွင်နှင့်အတူ လက်ဖက်ရည်သောက်နေသည်။

ရှမိန်ရန်သည် ဆံထိုးနှစ်ချောင်းယူပြီး ပြန်သွားခဲ့သည်။

ယဲ့ယွင်သည် ကျိုးချိုက်ရန်ကိုလည်း နှစ်ချောင်းရွေးခိုင်းလိုက်ပြီး ကလေးသုံးပစ္စည်းများနှင့်အတူ ဆံထိုးနှစ်ချောင်းကို ဝမ်ရှိုးယွမ်ထံသို့ ပို့ပေးလိုက်သည်။

သူမကို ပထမဆုံး ထောက်ခံခဲ့သူဖြစ်၍ ဤဆက်ဆံရေးကို အမြဲတမ်း ထိန်းသိမ်းထားရမည်။

"အစ်မတော်... ရှမိန်ရန်ရဲ့ သဘောထားက ဘယ်လိုလဲ။"

ကျိုးချိုက်ရန်က သံသယဖြင့် မေးလိုက်သည်။

မူလက ရှမိန်ရန်သည် မယ်တော်ကြီးဘက်ကဖြစ်သော်လည်း ယခုအခါ ယွီရှို့အဆောင်သို့ ရောက်လာခဲ့သည်။

ယဲ့ယွင်သည် နို့မုန့်ပူပူလေးကို ကိုက်စားလိုက်ပြီး မျက်လုံးများမှေးစင်းကာ ဂရုမစိုက်သလို ပြောလိုက်သည်။

"မိတ်ဖွဲ့ချင်ယောင် ဆောင်တာပါ။ သူမက နန်းတွင်းက လူဟောင်းတွေရဲ့ အနိုင်ကျင့်တာကို အကြီးအကျယ် ခံခဲ့ရဖူးတယ်။ ကလေးဆုံးရှုံးလိုက်ရပြီးနောက် စိတ်ဓာတ်မာကျောလာပုံရတယ်။ တစ်ယောက်တည်း ရပ်တည်ဖို့ မလွယ်မှန်းသိပေမယ့် ရာထူးကြီးတဲ့သူတွေဆီမှာ ခေါင်းမငုံ့ချင်တော့ ငါ့ဆီ ရောက်လာတာပေါ့။"

ကျိုးချိုက်ရန် နားထောင်ပြီး ခေါင်းညိတ်လိုက်သည်။

"သဘောပေါက်ပါပြီ။ ဆိုလိုတာက ရှမိန်ရန်က အစ်မတော်နဲ့ မဟာမိတ်ဖွဲ့ချင်တာပေါ့။"

"အဲလိုလည်း မဟုတ်ဘူး။"

ယဲ့ယွင် ခေါင်းယမ်းလိုက်ပြီး လက်ကိုင်ပုဝါဖြင့် နှုတ်ခမ်းသုတ်ကာ လက်ဖက်ရည်တစ်ငုံ သောက်လိုက်သည်။

"ရိုးရိုးလေး မိတ်ဖွဲ့ရုံပါပဲ။ အခု လောလောဆယ်တော့ အဆင်ပြေနေပေမယ့် နောက်ကျရင် ဘယ်လိုလာမလဲ မသိနိုင်ဘူး။"

ရှမိန်ရန်က ဉာဏ်ကောင်းသူဖြစ်သည်။ ယခင်က အနိုင်ကျင့်ခံခဲ့ရသော်လည်း မျက်နှာသာပေးခံရမှု အနည်းငယ်ရှိနေဆဲဖြစ်သည်။ ကလေးဆုံးရှုံးလိုက်ရသော်လည်း ထိခိုက်မှုမရှိခဲ့ပေ။ ဉာဏ်နီဉာဏ်နက်ရှိကြောင်း သိသာသည်။

ယခင်က စိတ်သဘောထား ပျော့ပျောင်းလွန်းခဲ့သော်လည်း ယခုအခါ အတော်လေး ပြောင်းလဲသွားပြီ ဖြစ်သည်။

"ဟူး... ကျွန်မကတော့ ဦးနှောက်မရှိပါဘူး။ အစ်မတော်ခိုင်းတာ လုပ်ပေးဖို့ပဲ တတ်တယ်။ အကြံဉာဏ်တွေ မပေးတတ်ဘူး။ အစ်မတော် ကျွန်မကို မရွံပါနဲ့နော်။"

ကျိုးချိုက်ရန် သက်ပြင်းချလိုက်သည်။

ယဲ့ယွင် ပြုံးလိုက်ပြီး မုန့်တစ်တုံး သူမပါးစပ်ထဲ ထည့်ပေးလိုက်သည်။

"ဉာဏ်နီဉာဏ်နက်ရှိတာက ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ နင့်လို ရိုးသားပြီး ရောင့်ရဲတတ်တာမျိုးက နန်းတွင်းထဲမှာ ဘယ်သူမှ မရှိဘူး။"

ယဲ့ယွင်ကိုယ်တိုင်က ရည်မှန်းချက်ကြီးသူ ဖြစ်သည်။

ကျိုးရှီကို လက်ခံလိုက်ရခြင်းမှာ သူမ၏ ရှင်းလင်းပြတ်သားမှုကို သဘောကျ၍ဖြစ်သည်။

နှစ်ယောက်သား မနက်ခင်းလုံး စကားစမြည်ပြောပြီး နေ့လည်စာ အတူစားကာ ကျိုးချိုက်ရန် ပြန်သွားလေသည်။

နေ့လည်စာ စားပြီးနောက် ယဲ့ယွင် နေ့လည်ပိုင်းတွင် အိပ်စက်လိုက်သည်။

သို့သော် ဤအိပ်စက်ခြင်းက သက်တောင့်သက်သာ မရှိလှပေ။

မနက်က ဂါရဝပြုချိန်တွင် စိတ်ထဲ၌ ဒေါသအကြွင်းအကျန် ရှိနေ၍လားမသိ၊ နမိတ်မကောင်းသော အိပ်မက်တစ်ခု မက်လေတော့သည်။

***

အလှလေးကဧကရာဇ်ရဲ့ကိုယ်လုပ်တော်တဲ့ (IC)-164

အခန်း ၁၆၄ ။ အိပ်မက်

အိပ်မက်ထဲတွင် နင်ချန်က ယွီရှို့အဆောင်သို့ ညစာစားရန် ရောက်လာသည်။ နှစ်ယောက်သား ထမင်းပင် ကောင်းကောင်းမစားရသေးခင် မိဖုရားခေါင်ကြီးက ပြတင်းပေါက်အပြင်ဘက်မှ မရပ်မနား ပြောဆိုနေလေသည်။

"အရှင်မင်းကြီးက ကိုယ်လုပ်တော်တွေကို တန်းတူညီမျှ ဆက်ဆံသင့်တယ်၊ ယဲ့မျိုးရိုးကိုပဲ မျက်နှာသာပေးမနေသင့်ဘူး" ဟု တစ်မျိုး၊ "ယဲ့မျိုးရိုးက အရှင်မင်းကြီးကို မြှူဆွယ်နေတာ၊ နန်းတွင်းနဲ့ မတန်ဘူး၊ ရာထူးချပြီး နန်းတွင်းက မောင်းထုတ်သင့်တယ်" ဟု တစ်ဖုံ ပြောဆိုနေလေသည်။

ရှုပ်ထွေးနေသော အိပ်မက်တစ်ခု မက်ပြီးနောက် ဒေါသတကြီး နိုးလာခဲ့သည်။

တစ်ဝက်က အိပ်ရာထနောက်ကျလို့၊ တစ်ဝက်က အိပ်မက်ကြောင့်ဖြစ်သည်။

လက်ဖက်ရည်နှစ်ခွက် ဆက်တိုက်သောက်သော်လည်း ဒေါသက မပြေပေ။ ထို့ကြောင့် ထရပ်လိုက်သည်။

"ငါ့ကို အဝတ်အစား လဲပေးစမ်း။ ကျိုချန်နန်းဆောင်ကို သွားမယ်။"

"ကျယ်ယွီ... အခု ကျိုချန်နန်းဆောင်မှာ ကျန်းချိုက်ရန် ရှိနေပါတယ်။"

ဟွေယွဲ့က မျက်နှာပျက်လျက် ပြောသည်။

အရှင်မင်းကြီးက ယွီရှို့အဆောင်မှာ သုံးရက်ဆက်တိုက် အိပ်ခဲ့တာဆိုတော့ အခု ကျယ်ယွီက ကျိုချန်နန်းဆောင်ကို လိုက်သွားတာ နည်းနည်းလွန်လွန်းရာ မကျဘူးလား။

သို့သော် ယဲ့ယွင်က နားမထောင်ပေ။ ဒေါသထွက်နေသည်လေ။

မိဖုရားခေါင်ကြီးက ကိုယ်တိုင် မျက်နှာသာမရတာနဲ့ သူမကို စိတ်ပျက်အောင်လုပ်ဖို့ ပြောဆိုနေတယ်။ သူကိုယ်ဝန်ရှိရုံနဲ့ တိုင်းပြည်ဘဏ္ဍာ ဖြစ်သွားပြီ ထင်နေလား။

နန်းတော်ထဲမှာ ယုတ္တိမရှိနိုင်တဲ့သူက သူမတစ်ယောက်တည်းပဲ ဖြစ်ရမယ်။

"အရှင်မင်းကြီးကို တိုက်တွန်းပါ" လို့ ပြောခဲ့တယ်မလား။ အခု သူမက လုံ့လဝီရိယရှိရှိနဲ့ သွားတိုက်တွန်းပေးမလို့လေ။

"စကားမများနဲ့တော့။ ဒီနေ့ ငါ သွားချင်တယ်။"

ယဲ့ယွင် လက်ကာပြလိုက်ပြီး မှန်တင်ခုံရှေ့တွင် ဝင်ထိုင်လိုက်သည်။

ဟွေယွဲ့နှင့် နန်ကျစ်တို့ ဘာဖြစ်နေမှန်း မသိသော်လည်း လိုက်လျောရုံသာ ရှိတော့သည်။

ပြင်ဆင်ပြီးသောအခါ ဟွေယွဲ့က နားဆွဲတပ်ပေးရန် ပြင်လိုက်သော်လည်း ယဲ့ယွင် တားလိုက်သည်။

"ဒီအတိုင်းပဲ ထားလိုက်။"

ကြာပန်းရောင် ဝတ်ရုံခြုံထည်ကို ခြုံပြီး ထွက်လာခဲ့သည်။

လမ်းတစ်လျှောက်တွင် နန်းတွင်းသား အများအပြားနှင့် ဆုံတွေ့သည်။

တစ်ယောက်စကား တစ်ယောက်နားဖြင့် အမွှေးတိုင်တစ်တိုင်စာကြာသောအခါ နေရာအနှံ့အပြားမှ လူများက မင်ကျယ်ယွီ ကျိုချန်နန်းဆောင်သို့ သွားနေကြောင်း သိရှိသွားကြသည်။

လူတိုင်းက ပွဲကောင်းကြည့်ရန် စောင့်ဆိုင်းနေကြသည်။

ဒီနေ့ အရှင်မင်းကြီးက ကျန်းချိုက်ရန်ကို အိပ်ဆောင်ဝင်ခွင့်ပေးဖို့ ညနေကတည်းက ခေါ်ထားတာလေ။ အခုမင်ကျယ်ယွီက ဘာမှဂရုမစိုက်ဘဲ ကျိုချန်နန်းဆောင်ကို သွားနေတာဆိုတော့ အရှက်ကွဲသွားရင် ပျော်စရာကြီးပဲ။

နန်းတွင်းတစ်ခုလုံးက ကျန်းချိုက်ရန်အနေဖြင့် ယဲ့ယွင်ကို အရှက်ခွဲနိုင်ပါစေဟု ဆုတောင်းနေကြသည်။

အခြားတစ်ဖက်တွင် ဟွေ့အန်းသည် နန်းဆောင်အပြင်ဘက်တွင်စောင့်နေရင်း အဝေးမှ ဝေါယာဉ်ငယ်လေးတစ်စင်း လာနေသည်ကို မြင်သောအခါ စိတ်ထဲတွင် ရေရွတ်လိုက်မိသည်။

ဘယ်ကိုယ်လုပ်တော်က လာလုပြန်ပြီလဲ။

ဒီရက်ပိုင်း ဒီလောက် ဗြောင်ကျကျ လာလုတာမျိုး ရှားတယ်။

ဝေါယာဉ်နီးလာသောအခါ ရှေ့မှ လမ်းပြလာသူမှာ ပိုင်ရှုဖြစ်ကြောင်း ဟွေ့အန်း မှတ်မိလိုက်သည်။ ခေါင်းနပန်းကြီးသွားပြီး အမြန်ပြေးထွက်ကာ ကြိုဆိုလိုက်သည်။

"ကျယ်ယွီကို ဂါရဝပြုပါတယ်။"

"ထပါ။ အရှင်မင်းကြီးကို တွေ့ချင်တယ်လို့ သတင်းပို့ပေးပါဦး။"

ယဲ့ယွင်သည် နန်ကျစ်၏တွဲထူမှုဖြင့် ယာဉ်ပေါ်မှ ဆင်းလိုက်သည်။

ဟွေ့အန်း အခက်တွေ့သွားပြီး မျက်နှာပျက်သွားသည်။

သူ့စိတ်ကို ယဲ့ယွင် ရိပ်မိသဖြင့် ပိုင်ရှုကို မျက်ရိပ်ပြလိုက်သည်။

ပိုင်ရှု သဘောပေါက်သွားပြီး အနားကပ်သွားကာ အသံနှိမ့်၍ ပြုံးလျက် ပြောလိုက်သည်။

"အစ်ကိုကြီးကလည်း ဘာတွေ စဉ်းစားနေတာလဲ။ အရှင်မင်းကြီးက ကျယ်ယွီကို တွေ့မတွေ့ဆိုတာ အရှင်မင်းကြီးရဲ့ သဘောထားပါ။ သတင်းပို့မပို့ဆိုတာကတော့ အစ်ကိုကြီးရဲ့ စေတနာပါပဲ။"

"မင်းက အခုနောက်ပိုင်း စကားတတ်လာပါလား။"

ဟွေ့အန်း မျက်လုံးကျဉ်းလိုက်သည်။ ဆုံးဖြတ်ချက်ချလိုက်ပြီပုံရသည်။

ပိုင်ရှုက ဟီးခနဲ ရယ်လိုက်ပြီး တွန့်ဆုတ်မနေဘဲ တစ်ခုခု ထိုးပေးလိုက်သည်။

ဟွေ့အန်းသည် မသိမသာ ယူလိုက်ပြီး လှည့်ထွက်သွားရင်း ခိုးကြည့်လိုက်ရာ ရွှေတုံးလေးတစ်တုံး ဖြစ်နေသည်။

ဒါ အရှင်မင်းကြီးက မင်ကျယ်ယွီကို ဆုချထားတာပဲ။

ဒီအမျိုးသမီးက တကယ် ရက်ရောတာပဲ။ ချက်ချင်း ထုတ်သုံးလိုက်တာပဲဟု တွေးလိုက်မိသည်။

အခန်းထဲသို့ ဝင်သွားသောအခါ နင်ချန်သည် လျှောက်တင်လွှာများကို စစ်ဆေးနေပြီး ကျန်းချိုက်ရန်က ဘေးမှနေ၍ မင်သွေးနေသည်။

ဟွေ့အန်းက ယွမ်ကျိုကို အရင်ပြောပြပြီး ယွမ်ကျိုကမှတဆင့် လျှောက်တင်လိုက်သည်။

"အရှင်မင်းကြီး... အပြင်မှာ မင်ကျယ်ယွီ ရောက်နေပါတယ်။ အရှင်မင်းကြီးကို တွေ့ချင်လို့ပါတဲ့။"

ကျန်းချိုက်ရန်သည် ဟွေ့အန်းဝင်လာကတည်းက စိတ်မသန့်ဖြစ်နေသည်။ ယခု ယွမ်ကျို၏ စကားကို ကြားလိုက်ရသောအခါ လက်ချော်သွားလေသည်။

မင်တောင့်ပြုတ်ကျသွားပြီး မင်အိုးကို ထိမှန်ကာ စာရွက်စာတမ်းများနှင့် ကျန်းချိုက်ရန်၏လက်ပေါ်သို့ မင်ရည်များ စင်သွားသည်။

"အရှင်မင်းကြီး ခွင့်လွှတ်ပါ။ ဒီချန်းချဲ့ မရည်ရွယ်ပါဘူး။"

ကျန်းချိုက်ရန် ချက်ချင်း ဒူးထောက်လိုက်သည်။

နင်ချန် သူမကို တစ်ချက်ကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားသော်လည်း ဘာမှမပြောပေ။

"ရပါတယ်။ လက်သွားဆေးလိုက်ပါ။ အခု ပြုစုစရာ မလိုတော့ဘူး။"

"ဟုတ်ကဲ့။"

ကျန်းချိုက်ရန် နှုတ်ခမ်းကိုကိုက်လိုက်ပြီး ရှက်ရွံ့စွာ ခေါင်းငုံ့လျက် လျန်ယွီ၏ ခေါ်ဆောင်မှုဖြင့် ထွက်ခွာသွားလေသည်။

ယွမ်ကျိုက မျက်လုံးကစားလိုက်ပြီး တိုးတိုးလေး သတိပေးလိုက်သည်။

"အရှင်မင်းကြီး... အပြင်ဘက်မှာ..."

"ဝင်ခွင့်ပေးလိုက်။"

နင်ချန် ပြတ်သားစွာ ပြောလိုက်သည်။

တကယ်တော့ စည်းကမ်းသာမရှိလျှင် သူသည် ယနေ့ ယဲ့ယွင်ဆီ သွားချင်နေခြင်းဖြစ်သည်။ ယဲ့ယွင်က ကျိုချန်နန်းဆောင်အထိ ရောက်လာသည်ကို အံ့သြမိသည်။

သူ့အမြင်တွင် ဒီမိန်းကလေးက အလိုလိုက်ခံရတာကို ကြိုက်သူမဟုတ်ပေ။ အခုကသို့သူမဘက်ကဦးစွားရောက်လာချင်းသည်

သေချာပေါက်သူမဗိုက်လေးထဲ မကောင်းကြံစည်မှု တစ်ခုခုရှိနေလောက်သည်။

ဘာပဲဖြစ်ဖြစ် ဒီနေ့ ကျန်းချိုက်ရန်ကို ခေါ်ထားပြီးပြီဆိုတော့ ယဲ့ယွင်ကိုတွေ့ပြီးရင် ပြန်ခိုင်းလိုက်လို့ ရတာပဲ။

မကြာမီ ယဲ့ယွင် ဝင်ရောက်လာသည်။

နန်ကျစ်နှင့် ပိုင်ရှုကို အပြင်မှာ ထားခဲ့သည်။ အခန်းထဲရောက်တော့ မော့ယွီက ဝတ်ရုံခြုံထည်ကို ကူညီချွတ်ပေးရန် ပြင်လိုက်သော်လည်း ယဲ့ယွင်က ရပ်မပေးဘဲ အမျိုးသားရှိရာသို့ တည့်တည့်လျှောက်သွားသဖြင့် မော့ယွီ နောက်ဆုတ်လိုက်ရသည်။

"အရှင်မင်းကြီး... ဒီချန်းချဲ့ နေ့လည်က အိပ်မက်ဆိုးမက်ပြီး လန့်နိုးလာတာ။"

စည်းကမ်းမကျတကျ ဂါရဝပြုလိုက်ပြီး မြေခွေးမလေးက နဂါးကြီး၏လည်ပင်းကို ဖက်လိုက်သည်။

မိန်းကလေး၏ ကိုယ်သင်းနံ့လေးက နှာခေါင်းဝသို့ တိုးဝင်လာသဖြင့် နင်

ချန်၏ရင်ထဲတွင် စိတ်လှုပ်ရှားသွားသည်။

ဒီမြေခွေးမလေး ဘာလုပ်ချင်နေမှန်း မသိသော်လည်း ခန္ဓာကိုယ်ကတော့ အလိုအလျောက် တုံ့ပြန်လိုက်ပြီး ခါးလေးကို ဖက်ထားလိုက်မိသည်။

"ဘာမက်လို့ ဒီလောက်တောင် လန့်သွားရတာလဲ။"

"အရှင်မင်းကြီးကလည်း... ဒီချန်းချဲ့က မိန်းမငယ်လေးပါနော်။"

မြေခွေးမလေးက နှာခေါင်းရှုံ့လိုက်သည်။

ဒီအသံလေးကြောင့် နင်ချန်၏ရင်ထဲတွင် ယားယံသွားပြီး နှုတ်ခမ်းထောင့် ကွေးတက်သွားသည်။

"ကဲ... ပြောပါဦး၊ ဘာမက်လို့လဲ။"

ယဲ့ယွင် မျက်ခုံးပင့်လိုက်ပြီး အမျိုးသား၏လက်မောင်းကို လက်ချောင်းလေးဖြင့် ကုတ်ခြစ်ကာ အသံနှိမ့်၍ ပြောလိုက်သည်။

"ဒီချန်းချဲ့ အိပ်မက်ထဲမှာ... မျက်နှာထားဆိုးဆိုးဝါးဝါးနဲ့ သီလရှင်တွေ အများကြီး ရောက်လာပြီး ဒီချန်းချဲ့ကို သီလရှင်ဝတ်ခိုင်းနေကြတယ်။ ဒီချန်းချဲ့က မဝတ်ဘူးလို့ ငြင်းလိုက်တော့ သူတို့က ကျားမတွေအဖြစ် ပြောင်းလဲသွားပြီး ဒီချန်းချဲ့ကို စားပစ်ဖို့ လုပ်နေကြတယ်။"

ဒီအိပ်မက်က တကယ် ထူးဆန်းလိုက်တာ။

နင်ချန် နားမလည်ပေ။ ရယ်ချင်သလိုလို၊ ဒီမိန်းကလေး လျှောက်ပြောနေသလိုလိုဖြစ်နေသည်။

သို့သော် ယဲ့ယွင်၏အမူအရာက အတည်ပေါက် ဖြစ်နေသဖြင့် လျှောက်ပြောနေပုံ မရပေ။

"ကဲပါ... ကဲပါ... အိပ်မက်ပဲဟာ။ နန်းတော်ထဲမှာ ကျားတွေ ဘယ်ကရှိမှာလဲ။ သီလရှင်တွေလည်း မရှိပါဘူး။"

နင်ချန်သည် မိန်းကလေး၏ကျောကို ဖြည်းဖြည်းချင်း ပုတ်ပေးကာ နှစ်သိမ့်လိုက်သည်။

ယဲ့ယွင်၏မျက်လုံးထဲတွင် မျက်နှာသာပေးမခံရသူများသည် သီလရှင်များဖြစ်ပြီး၊ နန်းတော်ထဲတွင် ရာထူးမြင့်သူများသည်ကျားမကြီးများဖြစ်ကာ သူ၏အနောက်ဆောင်တွင် ကျားမများပေါများကြောင်း နင်ချန် မသိရှာပေ။

"ပူနေလား။ အခန်းထဲမှာ မီးထွန်းထားတယ်။ မင်းဝတ်ရုံက ထူနေတယ်။"

"အရှင်မင်းကြီး ချွတ်ပေးမလားဟင်။"

ယဲ့ယွင် မျက်လုံးတစ်ဖက် မှိတ်ပြလိုက်သည်။

နင်ချန် သူမကို တစ်ချက်ကြည့်လိုက်သည်။ မျက်ဝန်းများ မှိန်ဖျော့သွားပြီး ဝတ်ရုံကြိုးကို ဖြေပေးလိုက်သည်။

ဘယ်ကိုယ်လုပ်တော်မှ သူ့ကို မခိုင်းရဲကြပေ။ ဒီတစ်ယောက်ကတော့ အတင့်ရဲဆုံးပဲ။

ဒါပေမယ့် တခြားသူကို ပြုစုပေးရတာလည်း ဆန်းသစ်မှုတစ်ခုပါပဲ။

ထို့ကြောင့် လက်ဆေးပြီးကာစ ကျန်းချိုက်ရန် ပြန်ဝင်လာသောအခါ ဤမြင်ကွင်းကို တွေ့လိုက်ရသည်။

အရှင်မင်းကြီးက ခေါင်းငုံ့လျက် မင်ကျယ်ယွီ၏ ဝတ်ရုံကြိုးကို သေသေချာချာ ဖြေပေးနေသည်။

မင်ကျယ်ယွီက အပြုံးနုနုလေးဖြင့် တည်ငြိမ်စွာ ရပ်နေသည်။ နေသားကျနေသည့်ပုံပင်။

ဤမြင်ကွင်းသည် ကျန်းချိုက်ရန်၏မျက်လုံးထဲတွင် စူးရှနာကျင်စေသည်။ လက်ထဲမှ ပုဝါကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

အသက်ပြင်းပြင်း ရှူလိုက်ပြီး တမင်သက်သက် အသံမြှင့်ကာ ပြောလိုက်သည်။

"ဒီချန်းချဲ့ အရှင်မင်းကြီးကို ဂါရဝပြုပါတယ်၊ မင်ကျယ်ယွီကို ဂါရဝပြုပါတယ်။"

***

All Chapters